May 29, 2008

ဘ၀ထဲမှာ.....

"ကြီးကျယ်ခမ်းနားသူတွေ မဟုတ်ခဲ့လည်း လူဆိုတာ လူပါပဲ။ လူဆိုတာက လူသား ဂုဏ်သိက္ခာနဲ့။ မျှော်လင့်ချက်တွေနဲ့။ တမ်းမက်ရတဲ့ ဘ၀တွေ ကိုယ်စီနဲ့။ ရှုင်သန်မှုကို မြဲမြဲ ဖက်တွယ်လိုစိတ်တွေနဲ့ပေါ့။" (ပန်ဒိုရာ)

ပန်ဒိုရာရဲ့ အဲဒီစာလေးနဲ့ အစချီတဲ့ ကိုလှထွန်းအကြောင်းလေးကို ဖတ်အပြီးမှာ ကျမ စိတ်ထဲ မထွေးနိုင် မအန်နိုင် ဆိုတဲ့ ခံစားချက်မျိုးကို ခံစားလိုက်ရပါတယ်။

+++++

ဆိုပါတော့ .. ကျမသာ ကိုလှထွန်းတွေလို သေသွားခဲ့ရင်... ... ...

ကျမမှာလည်း ကိုလှထွန်းလိုပဲ သားနှစ်ယောက် သမီးလေးတယောက် ရှိတာပါ၊ အငယ်ဆုံးလေးဆို လူမမည် လေး..။

ဘ၀ဆိုတာ တကယ်လည်း တပ်မက်စရာ..။ ကိုယ့်နေရာလေးမှာတော့ ကိုယ်လည်း ကိုလှထွန်းလိုပဲ ရှေ့ကနေ သာသနာ့အလံကိုင်ခွင့်ရနိုင်တဲ့အနေအထားလေးနဲ့။ ပျော်စရာမိသားစုကလေးနဲ့။ အလုပ်ပင်ပင်ပန်းပန်း လုပ်ရလည်း စိတ်ချမ်းသာစရာ ကောင်းနေတာပဲ၊ ပြီးရင်တော့လည်း ကိုလှထွန်းတွေလိုပဲ သေရင်တော့ လူမသိသူမသိ ဖြစ်ရမှာပါ..။ ဘာလို့လဲဆိုတော့ ကျမတို့က သူများတိုင်းပြည်မှာ တရားမ၀င် နေထိုင် နေရသူ တွေလေ..။ သေရင်တောင် သေစာရင်းဘယ်လိုဖွင့်ရမယ် မသိ..။

ယောက်ျားခမျာ ကလေး၃ယောက်နဲ့ မျက်စေ့ ကလည်ကလည် ဖြစ်နေမှာ။

ကျမဆို လူမုန်းကလည်းများတော့ ဘယ်သူက တာဝန်ယူပြီး သေစာရင်းကိစ္စ ရှင်းပေးမယ်မသိ။ တော်ကြာ ကိုယ့်သေစာရင်းကိစ္စဖြစ်ကာမှ သူ့တိုင်းပြည်အာဏာပိုင်တွေဆီမှာ တရားမ၀င်မိသားစုလို့ စာရင်းပေါက်သွားပြီး ကိုယ့်နိုင်ငံပြန်ပို့ရင်တော့ မိသားစုခမျာ သူပုန်မိသားစုရယ်လို့ အနည်းဆုံး အင်းစိန်တောရတော့ ရောက်ကြဦး မှာ..။

ကဲ.. ဘာဖြစ်ဖြစ်.. သေသွားတဲ့ ကျမကတော့ အေးပြီ။ ဒီနိုင်ငံမှာတော့ မီးရှို့တာမို့ မေငြိမ်းဆိုတာ အငွေ့တွေ အဖြစ် လွင့်သွားမှာ..။ ဘယ်လောက်ကောင်းလိုက်လဲ..။

ကျမမုန်းလှတဲ့ အစိုးရကို မမြင်ရ မကြားရ မသိရတော့ဘူး။ ဒုက္ခတွေလည်း မသိတော့ဘူး။ နိုင်ငံမဲ့ဆိုတဲ့ ခံစားချက်လည်း မရှိတော့ဘူး။

ကျန်တဲ့ မိသားစုခမျာတော့ အဲဒီဒုက္ခတွေထဲ လက်ပစ်ကူးပြီး ကျန်ခဲ့ကြရမှာ တဘ၀စာလုံးပေါ့၊

++++

ဒါဖြင့် ကျမ ခု သေချင်နေသလား.. ရှင်သန်ချင်လား..။

ကျမ ရှင်သန်ချင်တာပေါ့..။
အနည်းဆုံးကတော့.. ကျမခင်ပွန်းအတွက်.. ကျမ သားတွေ သမီးတွေအတွက်..။ အများဆုံးကတော့... ကျမ တတ်နိုင်တာ လုပ်ပေးချင်တဲ့ ဗမာပြည်သူတွေအတွက်..ဆိုတဲ့ မျှော်လင့်ချက်တွေအတွက်.. ရှင်သန်နေချင်သေး တာပေါ့။

အဲသလိုပဲ ကိုလှထွန်းလည်း အသက်ရှင်နေချင်မှာပါပဲ..။ ဒါကြောင့်ပဲ သူ့နှလုံးကို ဆေးကုဦးမှာလေ။

"ကိုလှထွန်းမှာ ကလေး ၃ ယောက်ရှိတယ်။ သား ၂ ယောက် သမီး ၁ယောက်။ သူက ငယ်ငယ်က အတန်းကျောင်း မနေခဲ့ရဘူး။ ပညာမတတ်လို့ ဆင်းရဲရတယ်လို့ သူက ခံယူတယ်။ ဒါကြောင့် သူ့သားသမီး တွေ လက်ထက်ကျရင် ဆင်းရဲမှာ ကြောက်လွန်းလို့ ပညာတတ်ဖြစ်အောင် ဘ၀ကို မြှင့်ပေးရမယ်လို့ သူက မကြာခဏ ပြောလေ့ရှိတယ်။ သူ့ရဲ့ ဇနီးကလည်း ပညာမတတ်ရှာဘူး။ အမြင်လည်း မကျယ်တော့ သူကပဲ အစစအရာရာ ဦးဆောင်ရတယ်။" (ပန်ဒိုရာ)

သူ့မှာ လုပ်စရာတွေ ရှိသေးတယ်။ သူ့မိသားစုအတွက် အကုသိုလ်လို့ သူသိတဲ့အလုပ်တွေ မျက်စေ့မှိတ် လုပ်ခဲ့ရ ရှာတာ သူ့ကလေးတွေအတွက် စိတ်အေးရပြီဆိုရင်တော့ သူ့ရဲ့ နောင်ရေးအတွက် သူယုံကြည် အားထားရာ တရား ဘာဝနာလေး လုပ်ချင်တာပေါ့။ သူက တကယ်တော့ စိတ်ကောင်း စိတ်မြတ်လေးရှိတဲ့သူလေ..။ တကယ့် အသက်ဘေးလုနေရတဲ့ အချိန်လေးမှာတောင် ကိုယ့်အသက်ထက် သူများကိုတောင် ဦးစားပေးတဲ့သူပါ၊ ဆိုတော့ သူ... အသက်ရှင်နေချင်ဦးမှာ.. သူနိုင်တဲ့ ရပ်ရွာအကျိုးတော့ လုပ်ပေးချင်ဦးမှာ..။ သေချာပါတယ်။ ဒါပေမဲ့.. ကိုလှထွန်းဟာ ... သူချစ်တဲ့ မိသားစုနဲ့ ရပ်ရွာကို .. ရုတ်တရက်ကြီး မျက်ကွယ်ပြုလိုက်ရပြီ။

"နောက်ထပ် လှိုင်းတွေ ဆင့်ကာ ဆင့်ကာ အပုတ်မှာ သူတင်ထားခဲ့တဲ့ လှေထဲကလူတွေ လွင့်စင်မှောက်ကျလို့ အားလုံးနီးပါး သေဆုံးသွားခဲ့ရတယ် ဆိုတာကို သူသိမသွားဘူး။
သူတို့ရွာထဲမှာ အိမ်အများအပြား လုံးဝပျက်စီးပြီး သူ့ပျဉ်ထောင်အိမ်ပေါ်မှာ ခိုလှုံနေကြတဲ့ လူအများစုကတော့ တွယ်ကပ်လို့ လွတ်မြောက်သွားကြတယ် ဆိုတာ သူသိမသွားဘူး။
သူကလွဲလို့ သူချစ်တဲ့ ဇနီးသားသမီးတွေ အားလုံး ရှင်ကျန်ခဲ့တယ် ဆိုတာကိုလည်း သူသိမသွားဘူး။
သူရှာခဲ့တဲ့ ရွှေငွေပိုင်ဆိုင်မှု အားလုံးတော့ ရေထဲမှာ ပျောက်ပျက်ဆုံးရှုံးသွားခဲ့ရတယ်ဆိုတာ သူသိမသွား ဘူး။
မုန်တိုင်းနာဂစ်အောက်မှာ သေဆုံး ပျောက်ဆုံးသွားတဲ့ သိန်းချီနေတဲ့ လူသားတွေရဲ့ ကံကြမ္မာကို သူသိမသွားဘူး။
ဆုံးရှုံးကြေကွဲမှုတွေနဲ့ ရှင်ကျန်ခဲ့တဲ့ သန်းချီနေတဲ့ လူသားတွေရဲ့ ကံကြမ္မာကိုလည်း သူသိမသွားဘူး။
"(ပန်ဒိုရာ)

ကျမကတော့ အဲလို မသိရတာက ပိုကောင်းသေးတယ်လို့ ခံစားနေရပါတယ်။ သူသာ မသေဘဲ ရှိနေခဲ့ရင်...

စကားလုံးနဲ့ မပြောပြနိုင်လောက်အောင် ရက်စက်ဆိုးဝါးတဲ့ အခြေနေမျိုးတွေနဲ့ သူ့ဘ၀တူတွေ သေကြေပျက်စီးကြရတာ.. အစာငတ်ရေငတ်.. အမိုးအကာ အရှက်ကာဖို့ပါ ငတ်နေကြရတာတွေ မြင်ရမယ်။

ဘာအလုပ်မှ ပြန်လုပ်လို့ မရတော့တဲ့ မြေမှာ ရင်းနှီးစရာဘာမှမရှိ.. ဘာဆိုဘာမှမရှိတော့တဲ့ မကူနိုင် မကယ်နိုင်ဘ၀တွေထဲ.. အနာဂတ်ကို မှန်းကြည့်လို့တောင် မမြင်ရတဲ့ အခြေနေတွေထဲမှာ ရင်ကွဲနာ ကျရပေဦးမယ်..။

အဲဒီအပြင် သူ အကုသိုလ်အဖြစ်ခံ.. နှလုံးရောဂါအဖြစ်ခံပြီး ကျောင်းထားပေးခဲ့ရတဲ့ သားသမီးတွေ ဘွဲ့ရလို့မှ တူတူတန်တန် အလုပ်မရဘဲ ပင်ပန်းဆင်းရဲနေရတာကိုပဲ ကြည့်ပြီး စိတ်မချမ်းမသာဖြစ်ရဦးမယ်။

နောက်ဆုံး သူအသက်ကြီးပိုင်းမှာ အလုပ်ကလည်း မလုပ်နိုင်တော့တဲ့အချိန်.. နှလုံးရောဂါ ပိုဆိုး လာတဲ့အခါ ဆေးမကုနိုင်တဲ့အဖြစ်နဲ့ တိုးပြီး ရောဂါဝေဒနာကို စိတ်သောကနဲ့ အတူ ခံစားရလိမ့်ဦးမယ်..။

တကယ်တော့ ဒီအစိုးရလက်ထက်မှာ.. ဒါတွေဟာ ကိုလှထွန်းတွေအတွက် .. ကျမတို့နိုင်ငံက လူတွေ လူတွေ .. မလွဲမသွေ ကြုံရမယ့် အနာဂတ်တွေပါ..။
ဒီအစိုးရရှိနေသရွေ့ .................................

+++++

တကယ်လို့များ ခုနေ သေသွားခဲ့ရင် ကျမကတော့ ကိုလှထွန်းထက် သာမှာ တခုတော့ ရှိပါတယ်။

ကျမက လူရယ်လို့ တူတူတန်တန် မီးသင်္ဂြိုဟ်ခွင့်တော့ ရမှာ သေချာတာပါပဲ။ ယုံကြည်မှုတွေ အရဆိုရင်တော့ သပိတ်သွပ်ခွင့်.. အမျှအတန်းဝေခွင့်.. ဆွမ်းကျွေးအလှူလုပ်ခွင့်.. ကံကောင်းရင် အရိုးပြာလေး အမှတ်တရ သိမ်းဆည်းခွင့်ပါ.. ရနိုင်ပါသေးတယ်။

ကိုလှထွန်းက ကျမထက် ကံကောင်းတာကတော့ ဘာအဖြစ်ဆိုးတွေကိုမှ ထပ်မတွေ့ရခင်.. ရေမွန်းတဲ့ ဒဏ်ကို မခံစားလိုက်ရခင် နှလုံးရပ်ပြီး သေခွင့်ရခဲ့တာပါပဲ..။ ပြီးတော့ ဒီလို အစိုးရမျိုးနဲ့ ထပ်မတွေ့ရတော့တာ...

တကယ်တော့ ကိုလှထွန်းဟာ ဘ၀ဆိုးထဲက လွတ်မြောက်ခွင့် ရသွားခဲ့တာပါ...။

+++++

ဘာပဲဖြစ်ဖြစ် ကျမကတော့ ယုံပါတယ်...
လူ့ဘ၀ထဲနေခွင့်ရခိုက် လူပီသစွာနဲ့ မိသားစုတာဝန်ကျေခဲ့တဲ့၊ ရပ်ရွာပေါ်တာဝန်ကျေခဲ့တဲ့၊ ယုံကြည်ရာ ဘာသာရေးအပေါ် ထိုက်သင့်သလောက် တာဝန်ကျေခဲ့တဲ့၊ ရိုးသားအေးချမ်းခဲ့တဲ့ ကိုလှထွန်းဟာ ကောင်းရာသုဂတိကို ရောက်နေတော့မှာလို့... ကျမ တကယ်ယုံပါတယ်။

မျှဝေခံစားခြင်း(၅)


ရောင်းစားစရာလည်း မရှိ
ပေါင်းစားစရာလည်း မရှိတော့
တောင်းစားရတာပဲကို။

မြို့နဲ့ကွာလှမ်း၊ ရွာလမ်းနံဘေး
ငေးရီလည်ဆန့်၊ လက်ဖြန့်တွန်းထိုး
ဝမ်းအူပိုးကိုက်၊ ပြေးလိုက်ထိုင်လိုက်
တွေးလိုက် မှိုင်လိုက်၊ မှေးလိုက်ယိုင်လိုက်
အေးလိုက်တာလည်း လက်ကုန်အေ။

ဟွန်းသံပေးရင်၊ သွေးပျက်ချင်တယ်
လွန်းပျံပြေးရင်း၊ ဟင်းမပါလည်း
ထမင်းလေးပဲ၊ လွေးလိုက်ချင်ပ
ပေါက်စ အဖွားကို မျှပါကွယ်။

တယောက်မျက်နှာ တယောက်ငေး
တယောက်ရွာ တယောက်မေး
ဟိုကမ်းဘေးက၊ ငါ့မောင်အလောင်း
ဒီလမ်းဘေးက၊ ညည်းမောင်အလောင်းလား
ထားပါလေ …
ကားသံ မကြားဘူးလားဟင်။

ဖျာစုတ်တချပ်
အုတ်ခဲတလုံး၊ လူဖြစ်ရှုံးသလား
ဘ၀သစ်ကို
အနှစ်နှစ် အလလ
ကုတ်ခြစ်ရုန်းကန်ရတော့မှာ။

ရင်ကျိုးအင်းနဲ့၊ မြစ်ဝကျွန်းငဲ့ …။

“စိမ်းလဲ့လဲ့ နှစ်စဉ်
လယ်ကွင်းတွေက
တမျှော်တခေါ် စိုပြေလွင်
ရိတ်သိမ်းချိန် ဆိုပြန်ရင်
ဝင်းမှည့်ရွှေစင်အိလို့ပင်
စပါးအနှံတွေနဲ့
အသီးတွေ သန်မာအောင်မြင်”…။

အဖေ ကျင်လည်ခဲ့တဲ့ လယ်ကွင်းနဲ့
ခုတော့ မမြင်ဝံ့တဲ့ မြင်ကွင်း
ဆွေမျိုးရင်းချာတွေကို
မြှုပ်နှံဖို့ တွင်းမရှိ
သင်္ဂြိုဟ်ဖို့ ထင်းမရှိ
မောင်ပဉ္ဖင်းမှာက
သင်းပိုင်မရှိ၊ ပုတီးမရှိ
အစိမ်းသရဲတွေလည်း ဆင်းမကြည့်
မမြင်ဝံ့ မကြည့်ဝံ့ မကြားဝံ့ပုံများ
ယုံတမ်းစကား ပုံပြင်များ
မဟုတ်ခဲ့ပါ သားရယ်။

အဖေငယ်ငယ်က
တန်းစီတိုးစားရသတဲ့
ငါ့ကျမှပဲ
တန်းစီတောင်းစားရတယ်ကွာ။ ။

မောင်လွမ်းဏီ
၇-၅-၂၀၀၈

ဖြန့်ဝေခြင်း(၁၁)

Wednesday, 28 May 2008

မေးချင်တာလေး တစ်ခု

ကျွန်တော် ရင်ထဲက မေးချင်တာလေး တစ်ခုကို အာဆီယံနဲ့ ကုလသမဂ္ဂဆိုတဲ့ အဖွဲ့ကြီးနှစ်ခုကို မေးချင်ပါတယ်။

မုန်တိုင်းကယ်ဆယ်ရေးအတွက် အသက်လုနေရတဲ့ အချိန်တွေမှာ နအဖက နိုင်ငံရေး အကြောင်းပြပြီး ကယ်ဆယ်ရေးတွေကို လက်မခံခဲ့ပါဘူး။ သူ့ အကြောင်းပြချက်က နိုင်ငံရေးပါ။ အဲဒီ နိုင်ငံရေး အကြောင်းပြချက် ကြောင့် မသေ သင့်ပဲ သေရတဲ့ လူတွေ သေပြီးသွားပါပြီ။ ထပ်သေဖို့လည်း အသင့်စောင့်နေကြပါသေးတယ်။ သေလည်း သေမှာပါပဲ။

ဒီတော့ တကယ်တန်း သေချာ အခြေခံကို ပြန်ကြည့်ရင် နအဖက နိုင်ငံရေး ကစားနေလို့ လူတွေသေရတာဆိုတာ ငြင်းလို့ မရနိုင်ပါဘူး။

မေးချင်တဲ့ မေးခွန်းကတော့

အခုလို အကူ အညီတွေ ပေးတဲ့ နေရာမှာ နအဖကို နိုင်ငံရေး စကားသွားမပြောဘဲ နအဖ စိတ်ကြိုက် စကားလုံးတွေ သုံးပြီး အကူ အညီ ပေးနိုင်အောင် ဘာလို့ ကြိုးစားနေရတာပါလဲ။

တကယ်တန်း သွားကူခွင့်ရတော့ လေယဉ်၊ ရဟတ်ယဉ် အနည်းငယ်နဲ့ ရာဂဏန်း မပြည့်တဲ ကယ်ဆယ်ရေး ဝန်ထမ်းတွေသာ ဖြစ်ပြီး၊ မြန်မာနိုင်က ဒုက္ခရောက်နေတဲ့ လူတွေရဲ့ မပြောပလောက်တဲ့ ပမာဏပဲ ကယ်နိုင်တာပါ။ အဲဒါကို UN၊ ASEAN တို့ရဲ့ မဟာ အောင်မြင်မှုကြီးလို ပြောနေတာကတော့ မြင်ရ၊ ကြားရတဲ့ လူတွေအဖို့ အတော့်ကို မအီမလည် ခံစားရပါတယ်။

UN သဘော တူညီချက်နဲ့ အတင်းဝင်ကူဖို့ဆိုတဲ့ စကားကို မသုံးရတာပါလဲ။ UN , ASEAN တို့ အနေနဲ့ နအဖ အလိုတူ မြန်မာပြည်သူလူထုကို ဖြည်းဖြည်းချင်း သတ်ဖို့ ရည်ရွယ်နေတာလားဆိုတာကို ကျွန်တော် မေးကြည့်ချင်ပါတယ်။

လက်ရှိ မြန်မာပြည်သူလူထု ဘဝက မြန်မြန် အသတ်ခံရတာနဲ့ ဖြည်းဖြည်းချင်း ညှင်းပြီး အသတ်ခံရတာသာ ကွာပါကြောင်း၊ လေးစားဖွယ် လူကြီးမင်းတွေ ဖြစ်တဲ့ UN နဲ့ ASEAN က ပညာတတ်ပုဂ္ဂိုလ်ကြီးတွေ သိနိုင်မယ်လို့ ထင်မိပါတယ်။

မထိရောက်တဲ့ လူတွေကို ကယ်ဖို့ဆိုတဲ့ အကြောင်းပြချက်ကတော့ UN နဲ့ ASEAN လို အဖွဲ့ကြီးရဲ့ အဖြေဖြစ်မယ်ဆိုရင်တော့ ကျွန်တော် မေးတာတွေကို မေ့ထားလိုက်ပါ။

လေးစားစွာဖြင့်
ကိုထိုက်

May 26, 2008

ဖြန့်ဝေခြင်း(၁၀)

UN, Please stay away from Burma

Written on 5:39 PM by mahorgani

26 May 2008


UN and ASEAN deterred all possible means of genuine relief and aid efforts. In the same time, they aborted hopes of million of Burmese people.

let ASEAN be stupid as usual. They are just the breeds of monarch with modern dress.

What's the UN stand for?
Even UNDP staffs from Yangon were suspected to hiding the letters from volunteer groups, which reported the testimonies of real cyclone victims.

Let's get back to recruitment system of UN staffs in Burma. Most of them are cream of society living their life with UN status and hard currency earnings. People who want to work in UN have to pay for lump sum fees to elite local agents, who may have close contacts with UN office or on-job staffs themselves.

So, how can UN staff be able to correct the injustice events?
Then, who dare to expect that UN head office in New York might help out the world from crises. They all , probably may be hypocrites coming from all over the world just to grasp social status and nothing good in their spirits.

Burmese people don't believe either UN or Ban Ki Moon. I, myself don't believe them at all. Now he perform as the greatest cheerleader for fund raising fair for Junta.

So many questions in my mind.
Do they believe that Junta will act on their words to allow all aids in without conditions?
Do they think that they are helping Burmese cyclone victims ?
Do they have confidence enough to be represent world population to do a good deeds?

I burst out .
"UN, go away from Burma "
I cry out.
" Nobody can help Burma without diplomatic words, without meetings, without broken pledge, without self... .. without UN"




ဖြန့်ဝေခြင်း(၉)




May 23, 2008

အထူးသတိပေးချက်


ပုံပေါ် click ပြီး ဖတ်ပါရန်။

ခပ်ပြောင်ပြောင်ပါပဲ..


အဲဒီမှာ ကြည့်ကြပါဦး။ အမှန်ကို ပုံနှိပ်ခြစ်ပြီးသားတဲ့.. (သူတို့လုပ်တော့ မင်နဲ့ မခြစ်ဘဲ ပုံနှိပ်ထားလည်းပဲ ပယ်မဲမဖြစ်)။
အစိုးရတဲ့.. ။ အဲဒီလို ကိုယ့် ဥပဒေကိုယ် ချိုးဖောက်တာမျိုးး ၊ အဲဒီလို ပြောင်ကျကျ အရှက်နည်းနည်း ဘယ်သူ လုပ်ရဲလဲ..။
သမိုင်းဆိုတာကို နားမလည်ရှာတဲ့ ပညာနည်းတွေ.. အရှက်နည်းတွေ ခမျာ.. သမိုင်းဆိုတာကို ကြောက်ရမှန်း ရှက်ရမှန်းမသိ..။ သူတို့အစား ရှက်ပါဘိ။ ပြီးတော့ ကြေငြာပါလိမ့်မယ် .. ရာနှုန်းပြည့်ထောက်ခံမဲရကြောင်းးးး ၀ါးဟားဟားးးး

စကောလောက်မှ ဇောက်မနက်

May 22, 2008

ဖြန့်ဝေခြင်း(၈)

17-May-2008

အိမ်သေတ္တာကြီး.. ရှက်တတ်ပေါင်….

“ဘားမား..ဘားမား..ဆိုင်ကလုန်း.ဘားမားဆိုင်ကလုံး”

ဒီကနေ့ စနေ နေ့ အလုပ်အားရက်မို့ ဈေးထွက်အ၀ယ်မှာ လူတွေ ပျားပန်းခတ် သွားလာ စည်ကားနေတဲ့ စူပါမတ်ကတ်ကြီးထဲ က တစ်နေရာအရောက်မှာ ကြားလိုက်ရတဲ့ အောင်မြင်တဲ့ အသံဝါ၀ါကြီး အော်နေတဲ့
တူညီ ၀တ်စုံဝတ် လူကြီးတွေ ကိုတွေ့ လိုက်ရလို့  အင်မတန်စိတ်ဝင်စား ပြီး သေချာနားစွင့်မိတဲ့အခါ..

“ဘာမားဆိုင်ကလုန်း..ဘားမား..ဘားမား….အဲဒိမှာ ဆိုင်ကလုံးမုန်တိုင်း.ဒါဏ်ခံနေရတဲ့ ဗမာ ပြည်သူ...တစ်သန်းကျော်အတွက်.ခင်ဗျား.တို့  ရဲ့  .ဈေးဝယ်ရာကပိုနေတဲ့ ငွေအကြွေကလေးတစ်ချို့ မျှ ဝေပြီး..ကယ်တင်ပါ..ကျွန်တော်တို့ ..ရှယ်လတာဘောက်(စ)အဖွဲ့  မှဖြစ်ပါတယ်..”

ဆိုတဲ့ ကိုယ့် နိုင်ငံသားတွေအတွက် အလှုငွေ ကောက်ခံပေးနေတဲ့ Shelter Box တူညီဝတ်စုံနဲ့  စေတနာ့ဝန်ထမ်း (volunteer) ပုဂ္ဂိုလ်ကြီး တွေဖြစ်နေတာ အားရဖွယ်တွေ့ လိုက်ရပါတယ်။

ကိုယ်တိုင် ချွေးနည်းစာနဲ့  နိုင်သလောက်ထပ်..ထပ်..လှုချင်နေတာရော...အလှုငွေ ကောက်ခံပေးနေတဲ့ ဒီလိုလူ များရဲ့  ကိုယ့်နိုင်ငံအပေါ် ထားတဲ့စေတနာကို အသိအမှတ်ပြုလေးစားစိတ်နဲ့ ရောကြောင့်…ချက်ချင်း အိတ်ထဲပါတဲ့ငွေစတစ်ချို့ အလှု ခံပုံးထဲသွားထည့်လိုက် တဲ့အခါ..

ကိုယ့်လိုပဲ ဈေးဝယ်လာတဲ့ တခြားလူတွေလဲ တဖွဲဖွဲ မေးကြ၊စမ်းကြ၊ စုတ်တသတ်သတ်ဖြစ်ကြ၊ပြထားတဲ့ ပိုစတာက ဓာတ်ပုံတွေကြည့်ပီး တစ်ချို့ လဲမျက်ရည် လေးတွေ စို့  တက်လာကြနဲ့ နိုင်သလောက် သဒ္ဒါထက်သန်စွာ လှုဒါန်းနေ လှုဒါန်းသွား ကြပါတယ်။ တစ်ချို့  မူလတန်းအရွယ် ကလေးငယ်ကလေးများတောင်သူတို့ မုန့် ဖိုးအကြွေစေ့ လေးများလာထည့် သွားတာတွေ့ လိုက်ရပါတယ်။ သူတို့ စေတနာ လုပ်ရပ် ကို ပြန်လည်ဝေမျှချင်တာကြောင့် အသင့်ပါလာတဲ့ ဖုန်းကင်မရာလေးနဲ့ ဒီမှာ မှတ်တမ်းတင်ဖော်ပြလိုက်ပါတယ်..
Shelter Box အဖွဲ့ ကြီးဟာ ငွေကြေးအကျိုးအမြတ်မပါတဲ့ (non profit) လူသားချင်းစာနာထောက်ထားသော ကူညီမှုတွေ ကို ကမ္ဘာတ၀ှန်း ပေးဖို့ တည်ထောင်ထားပြီး၊ သဘာဝဘေးအန္တရာယ်တွေ၊စစ်ပွဲတွေကြောင့် ဒုက္ခ သည်များကို ကမ္ဘာနဲ့ အ၀ှမ်းကူညီပေးဖို့ ထူထောင်ထားတာဖြစ်ပါတယ်။ စတင်ထူထောင်သူ ကတော့ ဗြိတိန်နိုင်ငံ တော်ဝင် ရေတပ်မတော်မှ ရှာဖွေ ရေးနှင့် ကယ်ဆယ်ရေး ရေငုပ်သမားဟောင်းကြီး Tom Henderson က ၁၉၉၉ ခုနှစ်မှာ ဒီလို ကပ်ဆိုက်ရာ လူသားတွေရဲ့ ဘ၀တွေ၊ အသက်တွေ အတွက် အမှန်တကယ် စနစ်ကျတဲ့ကယ်ဆယ်ရေး လုပ်ငန်းတွေ လို အပ်နေတယ်ဆိုတာ စဉ်းစားမိလို့  စီမံကိန်းချ၊ လိုအပ်တဲ့ ပစ္စည်းများစုဆောင်းကြံစည်ခဲ့လိုက်တာ ၂၀၀၀ခုနှစ် ဧပြီ မှာစဖွင့် နိုင်ခဲ့ပြီး ၂၀၀၁ ခုနှစ်ဇန်န၀ါရီ ကစပြီးအိန္ဒိယ ဒုက္ခ သည်များကိုပထမဆုံးကူညီထောက်ပံ့ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီ Shelter Box အဖွဲ့ ကြီးရဲ့ ကူညီပုံ ထူးခြားချက်ကတော့ ဒုက္ခ သည်တွေရဲ့  အရေးပေါ် လိုအပ်ချက်မှန်သမျှ အခြေခံ ပစ္စည်း တွေကို တစ်ခါတည်း ပုံးကြီးတွေထဲမှာ ထည့်ပေးလိုက်ပီး လတ်တလေကို စားဝတ်နေရေး အဆင်ပြေသွားစေအောင် ကြံဆောင်ထားတာဖြစ်ပါတယ်။

သူလက်ကမ်းပေးတဲ့စာရွက်ငယ်လေးမှာလဲ အဖွဲ့ ကြီး ရဲ့ ဆောင်ပုဒ် ကို အခုလို မှတ်သားရပါတယ်။
To provide humanitarian aid worldwide in the form of shelter, warmth and comfort to people displaced by natural and other disasters " တဲ့...

သဘာဝ ဘေးအန္တရာယ်ခံရတဲ့ ဒုက္ခ သည်များ အတွက် လိုအပ်နေတဲ့ လူသားချင်းစာနာသော ကူညီမှုများကို ပေးရာမှာ နေစရာယာယီအိမ်၊နွေးထွေးသက်တောင့်သက်သာဖြစ်စေမှုများကို ပံ့ပိုးပေးနိုင်ရေး ဆိုတဲ့ ရည်ရွယ်ချက်ကြီးပဲဖြစ်ပါတယ်။ ဒါနဲ့  သူတို့ အလှုပေးနေတဲ့ ဒီ Shelter Box ဆိုတာဘာလဲ ထပ်မေးကြည့်တဲ့အခါမှာတော့..
အဲဒိ သေတ္တာ ကြီးထဲမှာ ဒုက္ခ သည်များအတွက်အင်မတန်ကိုအဆင်ပြေစေမယ့်..

၁။ လူဆယ်ယောက် နေထိုင်နိုင်၊အိပ်နိုင်တဲ့ အလွယ်တကူ ဆောက်နိုင်တဲ့ ရွက်ဖျင်တဲတစ်လုံး၊

၂။ ရာသီဥတု အချမ်းဒါဏ်ကာကွယ်ဖို့ အတွက် အပူပေးစောင် (thermal blanket) ဆယ်ထည်၊
မှတ် ခြင် အင်းဆက် ရန်မှကာကွယ်ရန် ခြင်သတ်ဆေးသုတ်လိမ်းပေးထားတဲ့ ခြင်ထောင်နဲ့  ဂရောင်းရှိတ် ခေါ် မြေပြင်ခင်းအိပ်ရန် အခင်းထည် များ

၃။ အိမ်ဆောက်ရေမြောင်းတူးအိမ်သာတည်သစ်ဝါးခုတ်ဖို့ အတွက် တူ၊လွှ၊ပုဆိန်၊ပေါက်တူး၊ ကြိုးခွေ၊ပလာယာ၊ပေကြိုး စတာတွေတစ်စုံ၊

၎။ သောက် သုံး ရေသန့် စင်ရန်အတွက် ဆေးရည်များ နဲ့ ၊သောက်ရေသန့် ဂါလံ ပုံး နှစ်စုံ

၅။ လူဆယ်ဦးစာ ထမင်း၊ ဟင်း အသင့် ချက်ပြုတ်စားသောက်ဖို့  ကြွေရည်သုတ် ပန်းကန် ပြား၊ ဒယ်အိုး၊ ယောက်မ၊ မတ်ခွက်၊ ဇွန်း ခက်ရင်း နဲ ၊့ ဓာတ်ဆီ၊ ဓာတ်ငွေ့ ၊ ထင်းမီးသွေး ကြိုက်ရာ အဆင်ပြေရာ လောင်စာ အမျိုးမျိုးထည့် သုံးစွဲ နိုင်မယ့် Mulit-fuel မီးဖိုတစ်လုံး၊

စတဲ့အင်မတန်မှ အဆင့်မြင့်လှတဲ့ အခြေခံလူ့ လို အပ်ချက်များကို ချက်ချင်း ဖြေရှင်း ပံ့ပိုးပေးနိုင်တဲ့ ဒုက္ခ သည်များအတွက် လိုတရဘူး ကြီး ၊ အိမ်သေတ္တာကြီး လို့ ဆိုရလောက်မယ့် Shelter Box ကြီး ဖြစ်နေတာတွေ့ ရပါတယ်။ သူကလဲ ကျွန်တော့် ကို စိတ်ရှည်လက်ရှည် ကိုအားတက်သရောရှင်းပြပါတယ်။ Shelter Box ထဲမှာ ပါတဲ့ ပစ္စည်း တွေကို တင်ပေးလိုက်ပါတယ်။ ပုံမှာကြည့်ပါ။

ဆက်ပြီး ဗမာပြည် က မုန်တိုင်းဒုက္ခ သည် အတွက် ဒီမှာ အခုလို ကောက်နေတဲ့အတွက် ဘယ်လောက်ရလို့  ဘယ်လောက်လှုပြီး ပြီလဲ ထပ်စပ်စုကြည့်တဲ့အခါမှာတော့..

ဟုတ်ကဲ့.. Shelter Box အဖွဲ့ ကြီးက ဖြစ်ဖြစ်ချင်းကတည်းက စပြီး ကူညီရေးစီမံကိန်းတွေကို ချက်ချင်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာမှာ မေလ ၆ ရက်နေ့ မှာ သြစတြေးလျနိုင်ငံ မဲလဘုန်း မြို့ မှ Shelter Box အလုံးရေ ၂၂၀ စတင်ပြီး လေယာဉ်နဲ့ ထွက်ခွာ၊ နောက်ထပ် အလုံးရေ ၂၀၀ က ဌာနချုပ် ရှိတဲ့ အင်္ဂလန် Helston, Cornwall မှထွက်ခွာခဲ့ကြောင်း၊ ဒူဘိုင်းမှာ တော့ နည်းနည်းနောက်ကျပါကြောင်း၊

မေလ ၉ ရက်နေ့  အထိ လှုဒါန်းပြီး စာရင်းအရ shelter box တန်ဖိုး အင်္ဂလန် ငွေပေါင်း ပေါင် ၃ သိန်း ဖိုး အထိ မြန်မာအစိုးရမှတဆင့် လှုဒါန်းပေးခဲ့ပြီး ၊ နောက်ထပ် shelter box အလုံးရေ ၁၀၀၀ တိတိ ထပ်မံပေးပို့ လှုဒါန်းဖို့ အချိန်နဲ့ အမျှ စိုင်းပြင်းကြိုးစားခဲ့ကြကြောင်း ...

ဟုတ်ကဲ့.ဒါကြောင့် .အခုနောက်ဆုံး မနေ့ ကမေလ ၁၆ ရက်မှာ တင်ပဲ ဒီ Shelter Box တွေကို ထပ်ပို့ လိုက်တဲ့ နောက်ထပ် လေယာဉ်တစ်စင်းဟာ ရန်ကုန်ဆိုက်ရောက်ပြီးလို့ ရန်ကုန်လေဆိပ်မှာ စစ်တပ်မှအရာရှိကြီးများထံလွှဲပြောင်းပေးအပ်ခဲ့ ပါတယ်။

ဒီ မေလ ၁၆ ရက် နောက်ဆုံးအသုတ်မှာတော့ ဟိုင်းကြီးကျွန်း၊ ငပုတော ကျေးရွာအတွက် ဒီအထက်က ပစ္စည်း အပြည့် အစုံပါတဲ့ Shelter Box သေတ္တာပေါင်း ၅၅၀၊ မြစ်ဝကျွန်းပေါ်က လက်ပွတ္တာ အတွက် အလုံးရေ ၂၅၀၊ ဘ်ုကလေးအတွက် အလုံးရေပေါင်း ၂၅၀ တိတိ ထပ်ပို့ ၊ ဖို့ အတွက် မင်္ဂလာဒုံလေဆိပ်ကို ဆိုက်ရောက်ခဲ့ပီး၊ စစ်တပ်အရာရှိအာဏာပိုင်များထံ လွှဲပြောင်းပေးပြီးကြောင်း။

အခုလှုဒါန်းပြီးသမျှဟာလဲ ဗမာပြည် မြစ်ဝကျွန်းပေါ်ဒေသက မုန်တိုင်းဒုက္ခ သည်အရေအတွက်နဲ့ စာရင် ဘာမှမပြောပလောက်သေးကြောင်း၊လူပေါင်း သိန်းပေါင်း များစွာ အတွက်လို အပ်နေသေးတဲ့အတွက်မိမိတို့ တတ်စွမ်းသမျှ အလှုငွေကောက်ခံ ပြီး shelter box များ ဆက်လက် ပေးပို့ သွားမှာဖြစ်တဲ့အကြောင်း…

"ခင်ဗျား ပံ့ပိုးမှုအတွက် လဲ ကျေးဇူးတင်ရှိပါတယ်။ ခင်ဗျား ရဲ့  ဝေမျှမှုကို ဒုက္ခသည်များဆီ အရောက်ပို့ ပေး မှာဖြစ်ပါတယ်ခင်ဗျား…" တဲ့

သတင်းဓာတ်ပုံများကိုလဲ သူတို့  ၀ဘ်ဆိုဒ်မှာ တင်ထားပေးနေတဲ့အတွက်သွားကြည့်နိုင်ပါ ကြောင်း…
ဆိုလို့ သွားရောက်ကူးယူပြီး ဒီဘလော့ဂ်မှာတင်ပေးလိုက်ပါတယ်။ ကြည့်ပါ။




ဒီ လောက်ကောင်းတဲ့ Shelter Box သေတ္တာ ပုံတွေ ၊ အလှုပေးနေပုံတွေ ကိုကြည့်ပြီး တော့တစ်ကယ်ဖြစ်ပျက်နေတဲ့ဟော ဒီပုံတွေ မြင်လိုက်ရတဲ့အခါအင်မတန်မှ ကို အံ့သြတုန်လှုပ်မိပါတယ်…..



ဒီလို ၊နိုင်ငံတကာ က လှုလိုက်တဲ့ စေတနာတွေ၊ အကူတွေ၊ ဒါတွေက မင်္ဂလာဈေး ထဲရောက်သွားသတဲ့..သတင်းတွေက လဲ ဒီလို ဒီလို ပွစမြဲဆိုတော့…ဟုတ်မှဟုတ် ရဲ့  လား…ဘာလားသေချာ အောင် ထပ်မေးမိတယ်. တစ်ယောက်မကဘူး..နှစ်ယောက်..သုံးယောက်..လေး..ငါး …++++..ရင်နာစရာပဲ...မင်္ဂလာဈေးတင်ဘယ်ကမလဲ.တဲ့...လမ်းမတော်တခွင်..မြို့ ထဲ တစ်လွှား အောက်ဈေးနဲ့ သွင်းကြ ကောက်ကြ ..နိုင်ငံခြားဖြစ် မိုးကာဖျင်.သွပ်..စည်သွပ်ဗူး...ဈေး ပွဲတော်ကြီး ဆိုပဲ ..နိုင်ငံခြား စူပါမတ်ကတ်တွေ အသုံးနဲ့  ဆိုရင်တော့ GIANT SALES ပေါ့၊

နိုင်ငံတကာ ကလှုလိုက်တဲ့လေဘေးကူညီရေး ပစ္စည်း တွေကို မြို့ ထဲမှာရောင်းစားသတဲ့…ဒါ အင်မတန် ရှက်စရာ ကောင်းတယ်..လူမျိုး သိက္ခာ ကျတယ်။ရွှေသမင်ဘယ်ကထွက်လဲ..မေးနေစရာ မလိုတော့ဘူးထင်ပါတယ်..ရေးတဲ့လူတွေလဲရေးကြပြီး ပါပြီ...

တကယ်လို့ မြစ်ဝကျွန်းပေါ်က ဒုက္ခ သည်တွေ များဒီ shelter box တွေလက်ခံရရှိပြီးဖြစ်လို့ အသုံးပြုနေတယ်ဆိုတာကြားခဲ့ရရင်များ ဓာတ်ပုံနဲ့တကွမြင်ချင်ပါတယ်။ ဘယ်နားရောက်ပြီး ဘယ်သူတွေသုံးခွင့်ရမလဲဆိုတာ မေးခွန်းထုတ်စရာပါ..…

လူအားလုံးအတွက် မလောက်ငတာသေချာပေမယ့် လှုပြီး လွှဲပြီးသမျှ ..အလုံးရေ ထောင်ချီတဲ့ အဲဒိ Shelter Box ခေါ်တဲ့ ဒုက္ခ သည်တွေရရမယ့် အိမ်သေတ္တာ ကြီးတွေဘယ်နားများသွား ချာချာလည်နေပါပြီလဲ..
မြန်မာပြည်က သတင်းစာတွေထဲမှာလဲ ဘိုကလေးလက်ပွတ္တာ၊ ငပုတော က ရေဘေးလေဘေး ဒုက္ခ သည်တွေ လက်ထဲအရောက် ဒီဲ့ Shelter Box အလုံးပေါင်း ထော င်ချီ လွှဲအပ်ပေးပြီးကြောင်း လက်ခံရရှိသောဒေသခံဒုက္ခသည်များပျော်ရွှင် ဆိုတဲ့သတင်းမျိုးလဲ လုံးဝ မတွေ့ ရသေးတော့..

ကျွန်တော့်နားထဲမှာ....

“Shelter Box လေးတွေ Shelter Box လေးတွေလှုခြင်းဖြင့် မြန်မာ ပြည်က မုန်တိုင်း ဒုက္ခ သည်တွေရဲ့ အသက်ကယ်ပါ” ဆိုတဲ့ အလှုခံပေးနေတဲ့လူမျိုးခြားကြီးတစ်ယောက်ရဲ့ 

“shelter box… ရှယ်(လ)တာဘောက်(စ)” ဆိုတဲ့အစား…

“ရှက်တတ်ပေါင်..ရှက်တတ်ပေါင်…” လို့ ပဲကြားယောင်နေ တယ်…
မောင်ရင်

Shelter Box အကြောင်းနဲ့  မြန်မာ အစိုးရကတဆင့် လှု ဒါန်းခဲ့တဲ့ သတင်းအပြည့်အစုံ များကို ဒီမှာသွားကြည့် နိုင်ပါတယ်… မြန်မာသတင်းစာများထဲမှာ..shelter box လှုဒါန်းသမျှ အားလုံး ဒုက္ခသည်များဆီတစ်ကယ်လက်ဝယ်ရောက်ခဲ့မယ်ဆို တဲ့သတင်းပါခဲ့ရင်တော့ ဒီပို့ စ် မှာထပ်မံဖြည့်စွက်ပေးသွားပါ့မယ်။
[1] Shelter Box official website(www.shelterbox.org)
[2] Shelter Box donation to Burma: updated news

မျှဝေခံစားခြင်း(၄)

နိုင်ငံတော်စုန်းစုန်းမြုပ်ခြင်း

နှလုံးသားယဲ့ယဲ့နဲ့
အသိုက်ဖွဲ့နေရသူပါ
ငါ့နှလုံးသားဟာ ငါ့နိုင်ငံတော်ပေါ့
အငွေ့ကလေး အဝေးကရှုလို့
မ၀ရေစာ ချစ်နေရတဲ့အထဲ
လက်ယာရစ် လက်ဝဲရစ်
အရည်အဖတ်မှမကျန် စိစိကြေအောင်အမွှေခံရတယ်
အိပ်မက်ဆိုရင်လည်း..
အိပ်မက်ဆိုရင်လည်း..
(အဲဒီနေရာမှာ ဆက်မပြောဖြစ်တော့ဘူး)
ငါ့နိုင်ငံတော်က ကြိုတင်သတိပေးမခံရဘူး
ငါ့နိုင်ငံတော်က မိုင် ၁၅၀ နှုန်းကို အငိုက်မိတယ်
ငါ့နိုင်ငံတော်က အိမ်ခေါင်မိုး သစ်ပင် ဖက်တက်တယ်
ငါ့နိုင်ငံတော်က ပိုးစိုးပက်စက် ပုပ်ပွပေါ်လာတယ်
ငါ့နိုင်ငံတော်က အဆယ်မခံရဘူး သဂြိုလ်မခံရဘူး
ငါ့နိုင်ငံတော်က ဒဏ်ရာဗလပွနဲ့ တောင်းစားတယ်
ငါ့နိုင်ငံတော်က လင်သေ သားသေ မယားသေတယ်
ငါ့နိုင်ငံတော်က မြေမဲ့ယာမဲ့အိုးအိမ်ပျက်တယ်
ငါ့နိုင်ငံတော်က ရေဆာတယ် ထမင်းငတ်တယ်
ငါ့နိုင်ငံတော်က မျက်လုံးဝိုင်းကြီးတွေနဲ့ စောင့်တယ်
ငါ့နိုင်ငံတော်က ဗိုက်ဟောင်းလောင်းတွေကို သေနတ်ဒင်နဲ့ဆောင့်တယ်
ငါ့နိုင်ငံတော်က စားစရာကမ်းပေးတဲ့လက်ကို ပုတ်ချတယ်
ငါ့နိုင်ငံတော်က ရိက္ခာတွေ တနေရာမှာလျှံသွားတယ်
ငါ့နိုင်ငံတော်က မျက်နှာဖုံးတပ် ပြုံးလို့
ငါ့နိုင်ငံတော်က စနက်တံဖြုတ်လိုက်ပြီ
ငါ့နိုင်ငံတော်အကြောင်း ဆက်မပြောတော့ဘူး
ငါ့နှလုံးသားဟာ
ငါ့နှလုံးသားကိုလိုက်လို့ရှာ
ငါ့နိုင်ငံတော်ကို လိုက်လို့ရှာ
အငွေ့ကလေးကို လိုက်လို့ရှာ
အမြင်အာရုံမှာ ဖွဖွလေးထည့်လို့
ရွရွကလေး မှိတ်ချလိုက်တဲ့အခါ
ပူနွေးတဲ့အရည်တွေထဲ စုန်းစုန်းမြုပ်သွားပြန်ပြီ
ဖြတ်လျှောက်မိရင် ရင်ဆို့စေရုံသက်သက်
နိမိတ်မရှိ အနိဌာရုံစကားလုံးတွေနဲ့
ဘာမှသုံးစားမရတဲ့
လွတ်လွတ်ကင်းကင်းမဟုတ်တဲ့
ဂြိုဟ်ဆန်ဆန် ကဗျာတစ်ပုဒ်ပဲ ပုပ်ပွပေါ်လာ
သဘာဝဆိုတာရေ…
ကံတရားဆိုတာရေ…
နိုင်ငံတော်ဆိုတာရေ…
အတိတ်ဘ၀ အကြောင်းမလှလို့ဆိုပဲ
အကုသိုလ်တွေ အကျိုးပေးပဲပေးနိုင်လွန်းလှချည့်ကွယ်
ငါ့နိုင်ငံတော်ဆိုတဲ့ စာလုံးတွေကို ကျေးဇူးပြုပြီး ဆင်ဆာဖြတ်လိုက်ကြပါ။

ပန်ဒိုရာ


May 20, 2008

ရင်ဖွင့်စာ


ကျမ Cbox ထဲက သတင်းပို့ထားတာလေး တင်ပေးချင်လို့ပါ။

19 May 08, 23:15 စစ်မျိုး: တိကျတဲ့ သတင်းပေးပါရစေ။ နိုင်ငံတကာ အကူအညီတွေကို စစ်တပ်ရိက္ခာအတွက် စုဆောင်းဖို့ တပ်ချုပ်ကြီးက အမိန့်ထုတ်ထားပါတယ်။ ဒုက္ခသည်တွေကို ဟန်ပြဝေပါမယ်။ နောက်၃နှစ်လောက် အစာရေစာရှားမှာ မို့လို့ပါတဲ့ခဗျား။

တိုက်တိုက်ဆိုင်ဆိုင် မနေ့ကလည်း ကျမကို မြန်မာပြည်ထဲက စစ်တပ်နဲ့ တော်တော် နီးစပ်တဲ့ တပည့်လေးတယောက်က အဲလိုပဲ လှမ်းပြောပါတယ်။ သူကတော့ ဘန်ကီမွန်းလာလာ.. အာဆီယံလာလာ.. လူမဟုတ်တဲ့ စစ်အုပ်စုကတော့ အရှက်မရှိအကြောက်မရှိ.. လိမ်မှာ ခိုးမှာပါပဲ.. ခုဆို ဒုက္ခသည်တွေကို ပြစားရလို့ ကျိတ်ပြီး သဘောကျနေကြတာတဲ့။ ခုကို ပိုက်ဆံတွေအများကြီး သူတို့ရထားပြီတဲ့။

ကျမတို့ နိုင်ငံရဲ့အခြေအနေ.. ပြည်သူလူထုရဲ့ ကြုံရဦးမယ့် အခြေအနေတွေကတော့ ရင်လေးစရာပါပဲ..။ လှူတဲ့သူတွေက ဆင်းရဲပင်ပန်းခံပြီး လှူကြ။ နိုင်ငံတကာဆိုတဲ့ အလှူတွေကိုတော့ စစ်ဘီလူးတွေက မြိန်မြိန်ကြီးယူကြ။ တချို့ကတော့ ခုချိန်မှာ ဘယ်သူ့ကိုမှ အပြစ်မတင်တော့ပါဘူး..တဲ့၊ အဲဒီစကားကို ကျမ လက်မခံပါဘူး။ ကိုယ်တတ်နိုင်တာကို ကူရင်း အပြစ်ရှိတဲ့သူကိုလည်း အပြစ်ရှိတာပေါ်လွင်အောင်၊ ယုတ်မာတာကို ယုတ်မာတယ်လို့ ပေါ်လွင်အောင်၊ အရှက်သိက္ခာနည်းတာကို နည်းကြောင်းပေါ်လွင်အောင် ပြောနေပြနေရမှာပါပဲ။ အထူးသဖြင့် လူထုကို ဒုက္ခပေးနိုင်တဲ့ အဖွဲ့အစည်းဖြစ်ရင် ပိုလုပ်ပေးရမှာပါပဲ။ နောက်တခုက မြန်မာပြည်မှာက လူထုကိုယ်တိုင် ဆင်းရဲဒုက္ခရောက်နေကြတာ.. တယောက်နဲ့ တယောက် ဘယ်လောက်ကူနိုင်ကြမလဲ..။

အိမ်အလုံးပေါင်းများစွာ ဆောက်ရုံ.. အ၀တ်အထည်တွေပေးရုံ.. အလှူငွေအနည်းအကျဉ်းပေးရုံ.. ကျောင်းတွေ ပြန်တည်ပေးရုံ နဲ့ ပြီးမယ့်ကိစ္စ မဟုတ်ပါဘူး။ တကယ့် လူတန်းစေ့ ဘ၀တွေ ပြန်ဖြစ်အောင်.. လုပ်ငန်းတွေ ပြန်လည်ပတ်နိုင်အောင်တွေ.. စိတ်ဒဏ်ရာတွေကုပေးဖို့တွေ.. ဒါတွေကို အစိုးရကိုယ်တိုင်က ဦးစီးပြီး.. ငွေအမြောက်အများပုံအော စိုက်ထုတ်ပြီး လုပ်ပိုင်ခွင့်တွေသုံးပြီး.. လုပ်မှရမယ့် ကိစ္စတွေပါ..။ ၂၀၀၄တုန်းက ထိုင်းမှာ ဆူနာမီဒဏ်ဟာ ခု မြန်မာမှာ ဖြစ်တာရဲ့ ၁၀ပုံတပုံလောက်ပဲ ထိတာတောင်.. ထိုင်းအစိုးရနဲ့ နိုင်ငံတကာက လူအင်အား ငွေအင်အား ပုံအောသုံးပြီး ပြန်ထူထောင်တာတောင် ခုထိ သေချာ ခေါင်းမထောင်နိုင်သေးပါဘူး။

မုန်တိုင်းအပြီး ၂ပတ်ကျော်ကြာတဲ့အထိ အကူအညီလုံးဝမရသေးတဲ့ ဒုက္ခသည်တွေ ဗမာပြည်ထဲ အစုအလိုက် အပုံလိုက် ရှိနေသေးတဲ့အချိန်မှာပဲ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက “နိုင်ငံတကာ အကူအညီတွေကို ကျနော်တို့ အမြဲတမ်း ကြိုဆိုပါတယ်။ ကျနော်တို့ နှောင့်နှေးကြန့်ကြာမနေခဲ့ပါဘူး”လို့ သတင်းထောက်တွေကို ပြောပါတယ်။ ကျမတို့နိုင်ငံမှာ အစိုးရလုပ်နေတဲ့သူတွေ ခုလို ယုတ်ညံ့ပုံမျိုးနဲ့ ဘယ်တော့ ခေါင်းထောင်မှာလဲ..။ ခုပုံအတိုင်းဆို သူတို့ရဲ့ စစ်တပ်သာ အားကောင်းသထက်ကောင်း အားရှိသထက်ရှိလာပြီး ပြည်သူကတော့ ပိုပိုပြီး အနှိပ်စက်ခံရ.. လူညွန့်တုံးရတာပဲ ရှိမှာပါ..။

ကျမကတော့ ဒီစစ်အစိုးရလက်ထက်မှာ မြန်မာပြည်သူတွေ ဒုက္ခပေါင်းစုံရောက်မှာကလွဲလို့ ကောင်းရာ ကောင်းကြောင်း လမ်း ဘယ်လိုမှ မမြင်ပါ..။ ခုလည်း နိုင်ငံတကာ၊ အာဆီယံဆိုသူတွေက ဟိုလိုလို ဒီလိုလိုနဲ့ လူ့ဗာလတွေကို ဆက်ပြီး အသိအမှတ်ပြုဦးမယ်ဆိုရင်တော့.. ကိုဇာဂနာပြက်ခဲ့တဲ့ ပြက်လုံးတခုလိုပဲ.. အဲဒီ စစ်အုပ်စုပဲ 'နေကောင်းသွားမှာပါ'..။ ကျမကတော့ တွေးနေမိပါတယ်.။ နိုင်ငံတကာဆိုသူတွေက နအဖဟာ လူမဆန်ဘူးလို့ ပြောကြပါတယ်..။ သိလည်းသိကြပါတယ်။ ပြီးတော့ တရားဝင်အစိုးရ မဟုတ်ဘူးလို့လည်း သိကြပါတယ်။ ဒါတောင် ဒုက္ခအကြီးအကျယ်ရောက်နေတဲ့ မြန်မာပြည်သူလူထုကို ကယ်ဖို့အရေး ဒင်းတို့ရဲ့ ခွင့်ပြုမိန့်ကို စောင့်ပြီး ကယ်ဖို့ မလုပ်ဖူးဆိုတာဟာ ပြည်သူလူထုကိုပါ လူလို့ မသတ်မှတ်တာနဲ့ တူတူပါပဲ..။ တကယ်တော့ အချုပ်အခြာအာဏာကို တကယ်ပိုင်တဲ့ ပြည်သူလူထု ဒုက္ခရောက်နေတဲ့အရေးမှာ လူထုမျက်နှာတခုတည်း ကိုသာ ကြည့်ရမယ်လို့ ကျမတော့ ထင်တာပါပဲ..။

ဖြန့်ဝေခြင်း(၆)


May 19, 2008

May 15, 2008

ဘလော့တစ်နှစ်သားအမှတ်တရ

ဘလော့ကလေး စလုပ်တာ ဒီနေ့ တနှစ်ပြည့်ပါတယ်။

စလုပ်တုန်းကတော့ ရသစာပေတွေရေးဖို့ နေရာများများ မရှိတာနဲ့ ကိုယ့်ဘလော့လေးမှာ ရေးမယ်ပေါ့။ တခါတလေမှာ.. အနုအလှကလည်း အင်မတန်ရေးချင်တဲ့သူဆိုတော့ ..။

ဒါပေမဲ့ ဘလော့ကလေး ၄လသားမှာပဲ ရွှေဝါရောင်တော်လှန်ရေးအတွက် ပူဆွေးသောကတွေ.. ငိုကြွေးဒေါသတွေ ရေးခဲ့ရ။ အဲဒီကနေ တောက်လျှောက်... ခုတော့ ..
ကျမမှာ ရှိသမျှ အနုအလှတွေ.. စကားလုံးတွေ.. အဓိပ္ပါယ်တွေအားလုံး ပျောက်ဆုံးသွားရတဲ့ နာဂစ်မုန်တိုင်းဘေးဒုက္ခတွေထဲ.. ကိုယ်တိုင်.. ညစဉ် ခြောက်အိပ်မက်တွေထဲ..။

ခုထိ ၁၀ရက်ကျော်ခဲ့ပြီ။ ကျမ ညတိုင်း ပင်လယ်လှိုင်းတွေ..လေတွေ မိုးတွေကြားထဲ.. ချစ်တဲ့ခင်တဲ့သူတွေကို စိုးရိမ်တကြီး လိုက်ရှာနေရ.. ကိုယ်တိုင် လွတ်အောင်ပြေးနေရတဲ့.. အိပ်မက်တွေ မက်နေရတာ..။ မောလိုက်တာ..။

ဘလော့တစ်နှစ်သားမှာ ပျော်စရာမွေးနေ့လေး ကျင်းပ မပေးနိုင်တော့ပါ..။ ဒါပေမဲ့ ရေးဖြစ်ခဲ့တဲ့ ၀တ္ထုလေးတော့ တင်ပေးလိုက်ပါတယ်။

ကူကယ်ရာ... ဘယ်မှာ ရှာရပါ့

(ဒီနေရာကပုံ)

(၁)

အဲဒီညက လေတွေမိုးတွေတိုက်လို့...၊ ပင်လယ်ဘက်က လှိုင်းတွေ တ၀ုန်းဝုန်းရိုက်နေတာ ကြားနေရတယ်။ ကျမတို့ ရှိနေတာ တောင်ကုန်းထိပ်ပေါ်က တိုက်ကလေးတလုံးမှာ..။ ပုံမှန်အချိန်ဆိုရင်တော့ ပင်လယ်ကို အပေါ်စီးကမြင်ရပြီး သန့်ရှင်းလတ်ဆတ်တဲ့ လေကို တ၀ကြီးထွက်ရှူရင်း စိတ်ကြည်နူးစရာကောင်းလှတဲ့ နေရာလေးဖြစ်မှာပေါ့။ ခုတော့ ကြောက်စရာကောင်းတဲ့ လေသံ လှိုင်းသံတွေတ၀ုန်းဝုန်း။ ဗြုန်းဆို ကျမ သတိရသွားတာက အိမ်ပြင် တောင်ပတ်လမ်းကလေးမှာ ပြေးဆော့နေတတ်တဲ့ ကျမရဲ့ သားငယ်ကလေးကိုပါ။ ၅နှစ်သား သားငယ်လေးက လေတွေမိုးတွေက အန္တရာယ်ကြီးတယ်ရယ်လို့မှ သိပါ့မလား။ သားကလေး ဘယ်ရောက်နေပါလိမ့်ဆိုတဲ့ အပူက ကျမရင်ကို ၀ုန်းကနဲ လာအဆောင့်.. ကျမ အိမ်ပြင်ကို ပြေးထွက်..၊ လေအေးတွေက ဖြန်းကနဲ ဖြန်းကနဲ..။ အဲဒီတုန်းမှာပဲ သားကလေးအော်သံစူးစူးနဲ့ ၀ုန်းဆို ရေထဲကျသွားတဲ့ အသံတသံ။ ကျမ သတိလက်လွတ် ပြေးလိုက်တာ.. အိမ်ဘေး တောင်ပတ်လမ်းကလေးနံဘေးက ပင်လယ် ရေစပ်ဆီ..။

သားရေ.. သားလေးရေ..လို့ တကြော်ကြော်အော်ရင်း ကျမ ရေစပ်တိမ်တိမ်လေးထဲ မျက်ရည်တွေ မိုးရေတွေကြားထဲကပဲ မမြင်မစမ်းနဲ့ လျှောက်စမ်းနေမိတယ်။ သားရေ .. ရေက တိမ်တိမ်လေးပါ သားရဲ့၊ ထရပ် လိုက်စမ်းပါ.. မေမေရှိတယ်..။ မေမေမြင်ရအောင် ထရပ်လိုက်ပါ.. လို့ အသံကုန်အော်ဟစ်နေမိတယ်။ ရေအောက်မှာ သားလေးက ကြားရပါ့မလား။ ကျမရင်ထဲမှာ ကြေမွ ဆို့ကျပ်လာတယ်။ အဲဒီတုန်းမှာပဲ လျှောက်စမ်းနေတဲ့ ကျမလက်က လက်ကလေး တဘက်ကို ဆွဲမိတယ်။ အားနဲ့ စိုက်ဆွဲလိုက်တော့ သားကလေး ပါလာတယ်။ ပျော့ခွေလို့။ ဘုရား.. ဘုရား.. သားလေးရေ.. သားလေးရေ.. ဆိုပြီး သားကို ကျမပခုံးပေါ် မှောက်ချီလိုက်ချိန်မှာပဲ ရုတ်တရက် အသက်ရှူကျပ်လာပြီး ကျမ လန့်နိုး သွားပါတယ်။ ကျမပါးမှာ မျက်ရည်တွေ ရွှဲနစ်ပြီး တကယ်ပဲ အသက်ရှူကျပ်လာလို့ ကျမ လန့်နိုး သွားခဲ့တာပါ။ ထိတ်ထိတ်လန့်လန့်နဲ့ နဘေးကို လက်နဲ့စမ်းတော့ မှောင်ရိပ်ရိပ် အိပ်ခန်းထဲမှာ အပူအပင်ကင်းကင်း အိပ်ပျော်နေတဲ့ သားငယ်လေးကို တွေ့ပါတယ်။ အမလေး.. အိပ်မက်မို့ တော်ပါသေးရဲ့။ ဒါပေမဲ့ ကျမနှလုံးတွေကတော့ နာကျင်ကိုက်ခဲလို့ ကျန်နေခဲ့ပါတယ်။

(၂)

အပြင်မှာတော့ မိုးက သည်းသည်းရွာဆဲ။ ကျမရှိနေတဲ့ နေရာနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ဗမာပြည်မှာတော့ မုန်တိုင်းဒဏ်သင့်ကလေးတွေ ဘယ်လို အိပ်ပျော်နိုင်ကြမလဲ...၊ အမိုးအကာ အ၀တ်အထည် မလုံမလောက်၊ စားစရာမရှိလို့ ၀မ်းက ဟာပြီး၊ တချို့ အမေ မရှိတော့။ တချို့ အဖေ မရှိတော့။ တချို့ မိဘနှစ်ပါးလုံး မရှိတော့။ ဘယ်သူ့ရင်ခွင်မှာ အဲဒီကလေးတွေ အိပ်ကြရှာမလဲ...။ လူကြီးတွေက လောကဓံကို ခံနိုင်ပေမဲ့ ကလေးတွေခမျာ ဘယ်လို ရင်ဆိုင်ကြမလဲ...။ အဲဒီ မုန်တိုင်းသင့်ညမှာ မှောင်မှောင်မည်းမည်းထဲ လေတွေမိုးတွေ ကြားထဲ ပြေးရင်းလွှားရင်း သူတို့လေးတွေရဲ့ အသည်းနှလုံးနုနုလေးထဲ ဘယ်လောက် ကြောက်လန့် တုန်လှုပ်ခဲ့ကြ ရှာမလဲ..။ ပြီးတော့ တက်လာတဲ့ ရေတွေကြား ပြေးရင်းလွှားရင်း မိဘနဲ့ကွဲ၊ မောင်နှမတွေကွဲ။ လူတကာ ပြေးနေလေတော့ ကိုယ်လည်း ပြေးရမှာပဲဆိုတဲ့ စိတ်နဲ့ ပြေးရင်း ရေဘေးနဲ့ သေရမယ့် ဘ၀ကတော့ဖြင့် လွတ်ခဲ့..။ ဒါဟာ ကံဆိုးတာလား.. ကံကောင်းတာလား။ လောလောဆယ်မှာတော့ ကူမယ့် ကယ်မယ့်သူကို မျှော်တလင့်လင့်။ ပြီးတော့ ဒါက အိပ်မက်မဟုတ်။

(၃)

နာဂစ်မုန်တိုင်းသတင်းတွေထဲ ကျမစိတ်အထိခိုက်ရဆုံးက ကလေးတွေနဲ့ အမေတွေအတွက်ပါပဲ။ စစ်အစိုးရရဲ့ ပယောဂကြောင့် ၈၈မျိုးဆက်က ကျောင်းသူ နီလာသိန်းခမျာ ခင်ပွန်းသည် ထောင်ကျရတဲ့အထဲက လသားအရွယ် သမီးလေးကိုပါ ခွဲနေရတာကိုလည်း ကျမစိတ်ထဲ အမြဲ ကိုယ်ချင်းစာ ထိခိုက်နေခဲ့တာ။ မှတ်မှတ်ရရ.. ကျမ သားဦးကိုမွေးပြီး လပိုင်းမှာ အပြင်းဖျားလို့ သားကို သူ့အဖွားနဲ့ သိပ်ရပါတယ်။ ကျမက အိမ်အောက်ထပ်မှာ သားက အိမ်အပေါ်ထပ်မှာ။ အဲဒီတုန်းက သားကို ခွဲသိပ်ရလို့ ကျမ ည အိပ်မပျော်ခဲ့တာကို ပြန်သတိရပြီး နီလာနဲ့ သမီးလေးနေခြည်အတွက် စိတ်ထိခိုက်ရတာပါ။ အဲဒီအတွက် စစ်ခေါင်းဆောင် အာဏာရူး တွေကို ကျမ ကျိန်ဆဲမိတာ မရေတွက်နိုင်တော့။ သူတို့ရဲ့ ပယောဂနဲ့ အမေတွေနဲ့ သားသမီးတွေ.. မိသားစုတွေ.. သေကွဲ ရှင်ကွဲ ခွဲခဲ့ရတာ မရေတွက်နိုင်တော့ပြီ။

ခု မုန်တိုင်းပြဿနာမှာရော...။ ကလေးတွေနဲ့ အမေတွေ... ကလေးတွေနဲ့ မိဘသားချင်းတွေကို ခွဲခဲ့ရပြီ။ တကယ်တော့ ဒါကလည်း ကျမတို့ရဲ့ ဇာတ်လိုက်ကျော်တွေဖြစ်တဲ့ သမ္မတလူကြမ်းများအဖွဲ့ နအဖကြောင့်ပဲ မဟုတ်လား။

(၄)

အင်မတန်ကြီးမားတဲ့ ဆိုင်ကလုန်းမုန်တိုင်းကြီး မြန်မာနိုင်ငံကို ဧရာဝတီတိုင်းဘက်ကနေ ၀င်တော့မယ်ဆိုတာကို မုန်တိုင်းမကျမီ ၄၈နာရီအလိုမှာကတည်းက အိန္ဒိယမိုးလေ၀သဌာနက မြန်မာနိုင်ငံမိုး-ဇလဌာနကို သတင်းပို့ ထားပါတယ်လို့ မုန်တိုင်းအပြီး နောက်နှစ်ရက်မှာပဲ အိန္ဒိယက အသံလွှင့်ဌာနတွေနဲ့ သတင်းစာတွေကို ပြောလိုက်ပါတယ်။ တကယ်တော့ အင်တာနက်ပေါ်က ကျူးပစ်ဖိုရမ်(Cupid Forum)မှာတောင် မုန်တိုင်းမလာမီ ၂ရက်လောက်ကတည်းက မုန်တိုင်းဟာ ကြီးမားပြီး စိုးရိမ်စရာကောင်းတဲ့အကြောင်း သတင်းတွေ တက်နေခဲ့ တာပါ။ ဒီတော့ တကယ်တာဝန်ရှိတဲ့ မိုးလေ၀သဌာနက ဒီသတင်းကို ဘာလို့ ထိမ်ချန်ခဲ့တာလဲ...။ တာဝန်ရှိ အစိုးရအနေနဲ့ ဘာလို့ ကြိုတင်ကာကွယ်တာတွေ မလုပ်ခဲ့တာလဲ...။ ဒါဟာ ခွင့်လွှတ်နိုင်စရာမရှိတဲ့ တာဝန်မဲ့မှု ပါပဲ။

(၅)

တကယ်လို့ အစိုးရကသာ မုန်တိုင်းရောက်နိုင်တဲ့ နေရာတွေက လူတွေကို မုန်တိုင်း လွတ်နိုင်လောက်တဲ့ ကုန်းတွင်းပိုင်းကို ရွှေ့ထားပေးတာတွေလုပ်ခဲ့ရင်..။ အနည်းဆုံး ရွှေ့ပြောင်းဖို့ လိုကြောင်း ကြိုပြီး သတိပေးခဲ့ ရင်တောင်... ခုလောက်တော့ အသေအပျောက် မများနိုင်တာ သေချာပါတယ်။ ပြီးတော့ မုန်တိုင်းကျပြီး နောက်မှာ ဘယ်လိုနေထိုင်ကြမယ်ဆိုတာ ပြင်ဆင်ဖို့၊ ပညာပေးဖို့၊ ဘာတခုမှ တာဝန်မကျေခဲ့။ အဆိုးဆုံး ကတော့ မုန်တိုင်းသင့်ပြည်သူတွေအတွက် အကူအညီတွေကို နည်းပေါင်းစုံသုံးပြီး တားမြစ်နေခဲ့တာပါပဲ။ ခုတော့ လူစိတ်မရှိတဲ့ အစိုးရတရပ်ရဲ့ အာဏာစက်အောက်မှာ ကျမတို့ပြည်သူတွေ အတုံးအရုံး အသခံနေကြရပါပြီ။ အထူးသဖြင့် မိခင်တွေ ကလေးငယ်တွေရဲ့ အသက်တွေ၊ ဘ၀တွေ၊ နှလုံးသားတွေ၊ တတိတိနဲ့ အစတေးခံ နေကြရပါပြီ။ အထူးသဖြင့် သားသမီးအပေါ် ပူပန်သောက ပိုတတ်တဲ့ အမေတွေရဲ့ စိတ်နှလုံးတွေမှာ သေရာပါဒဏ်ရာတွေ ရသွားကြပါပြီ။ ပြီးတော့ အဲဒီဝေဒနာတွေက ဆေးကုလို့ မရပါ။

(၆)

မုန်တိုင်းရဲ့ နောက်ဆက်တွဲမှာ လူနှစ်သန်းလောက်ရဲ့ စိတ်အနာတရတွေ၊ ခြောက်အိပ်မက်တွေ၊ ပြီးတော့ မိဘမဲ့ ကလေးတွေ၊ ဆင်းရဲမွဲတေမှုတွေ၊ ကျန်းမာရေးပညာရေးတွေကို ဘယ်လိုပြန်ထူထောင်ကြမလဲ...။ ပြည်သူလူထု အပေါ် စေတနာမထားတဲ့၊ လူစိတ်ကင်းမဲ့တဲ့ အာဏာရှင်လက်အောက်မှာ ဘယ်လို ပြန်လည် တည်ဆောက်ရေးတွေ လုပ်နိုင်မလဲ...။ ထောင်တံခါးတွေ ပိတ်ဖို့ စာသင်ကျောင်းတံခါးတွေ ပွင့်ဖို့လိုသတဲ့။ ကျမကတော့ ဒီလို စစ်အာဏာရှင်လက်ထဲမှာ စစ်သားစုဆောင်းရေးတပ်တံခါးတွေသာ များများပွင့်ပြီး၊ သူတို့လို ရမ်းကားတဲ့ ဖက်ဆစ်တွေမွေးဖို့ကိုသာ အားထုတ်ကြလိမ့်မယ်လို့ ထင်ပါတယ်။ သူတို့နဲ့ အလိုမတူရင်တော့ ထောင်တံခါး တွေသာ များများ ပွင့်ပါလိမ့်မယ်။ အဲလိုဆိုရင်တော့ ခု မုန်တိုင်းသင့် ဒေသတွေဆီက မိဘမဲ့ကလေးတွေ..၊ အားကိုးရာမဲ့ လူငယ်တွေရဲ့ နောင်ရေးက စိတ်မအေးစရာပါပဲ။ ကျမငယ်ငယ်က ကြည့်ဖူးတဲ့ The Boys from Brazil ဆိုတဲ့ ရုပ်ရှင်ထဲက ဟစ်တလာကိုယ်ပွား (Clone)တွေ အများကြီး လျှို့ဝှက်မွေးထုတ်ပေးတဲ့ စက်ရုံကြီးကို သတိရ နေမိပါတယ်။

(၇)

မေလရဲ့ ဒုတိယတနင်္ဂနွေနေ့ဟာ ကမ္ဘာ့အမေများနေ့ ဖြစ်ပါတယ်။ ဒီနှစ် ၂၀၀၈ခုနှစ် မေလရဲ့ ဒုတိယတနင်္ဂနွေ ၁၁ရက်နေ့မှာတော့ မြန်မာနိုင်ငံရဲ့ မုန်တိုင်းသင့်ဒေသတွေမှာ ငိုကြွေးနေတဲ့ အမေတွေ ရှိနေကြပါတယ်။ တကယ်တမ်းပြောရရင်တော့ မြန်မာနိုင်ငံမှာက စစ်အုပ်စုကြောင့် ငိုကြွေးနေရတဲ့ အမေတွေ အများကြီး ရှိနေတာပါပဲ။

ကျမကတော့ အိပ်မက်ထဲမှာ သားကလေးပျောက်တာကိုတောင် အိပ်မက်မှန်းသိသိနဲ့ အိပ်ယာကအနိုးမှာ နာကျင်ခံစားနေရတာပါ။ ဒါတောင် ကျမမှာက နောက်ထပ်သားတစ်ယောက် သမီးတစ်ယောက် ရှိနေသေးတာ။ ဗမာပြည်ရဲ့ မုန်တိုင်း ဒုက္ခသည် အမေတွေခမျာမှာတော့ ကိုယ့်သားသမီး သေသလားရှင်သလားမှ သေချာ မသိရ။ တချို့ တဦးတည်းသော ရင်သွေးကလေး။ တချို့ သားကလေးတယောက်တည်း... တချို့ သမီးကလေးတယောက် တည်း.. ရှိတာ။ ပြန်များတွေ့ရမလားလို့ မျှော်လင့်တ၀က်၊ သေဆုံးကျန်ရစ်ခဲ့ပြီလားလို့ ပူဆွေး တ၀က်တွေနဲ့ သောက ဗျာပါဒတွေ လောင်မြိုက်။ ကျမဖြင့် တွေးတောင် မတွေးချင်တော့ပါ။

(၈)

တချိန်က ကိုယ့်ဘ၀လေးထဲ အနေဆင်းရဲပေမဲ့ သားနဲ့ သမီးနဲ့ အတူပျော်ခဲ့တဲ့ ရွာ..။ ပင်လယ်ကမ်းခြေမို့ သာတောင့်သာယာ။ သဘာဝနဲ့ နီးစပ်လို့မို့ အစားအေသာက်တော့ မငတ်ခဲ့ပါ။ ဘာပဲဖြစ်ဖြစ် ရောင့်ရဲခြင်းတွေနဲ့ အေးချမ်းချမ်းပျော်ခဲ့ရတဲ့ အရပ်။ ခုတော့ သုဿာန် တစပြင်..။ ကျမတို့ရဲ့ ရိုးသားလှစွာတဲ့ ပြည်သူတွေကတော့ ကံမကောင်းလို့ သဘာဝ ဘေးဒဏ်ခံရလေတယ်တဲ့။ အဲဒီ ဒုက္ခပင်လယ်ဝေနေတဲ့ လူနှစ်သန်းကျော်ကြီးကို ဘယ်သူ လာကူမှာလဲ...။ ၀ိုင်းကူကယ်ရမယ့် နောက်ထပ်လူ သန်းငါးဆယ်ကလည်း ဒုက္ခပင်လယ်ထဲ မြုပ်ချည်ပေါ်ချည်..။

(၉)

မုန်တိုင်းနဲ့အလွတ်ကြီးလို့ဆိုရမယ့် နေရာမှာ ရှိနေခဲ့တဲ့ ကျမကတော့.. မုန်တိုင်းသင့်ဒဏ်နဲ့ မလွတ်နိုင်စွာ ခုထိ ညတိုင်း ခြောက်အိပ်မက်တွေမက်.. မျက်ရည်တွေ တွေတွေကျရင်း.. ကူကယ်ရာကိုပဲ မျှော်နေမိပါတယ်။

မေငြိမ်း
(၁၄၊၅၊၂၀၀၈)

ဖြန့်ဝေခြင်း(၅)

ကူညီကယ်ဆယ်သူများအတွက် ကျန်းမာရေးအကြံပေးချက်

- လက်တွေကို ဆပ်ပြာနဲ့ အနည်းဆုံး စက္ကန့်၃၀လောက်ကြာတဲ့အထိ စင်အောင်ဆေးပါ။

- လက်သည်းတွေကို သေချာညှပ်ပြီး သန့်ရှင်းအောင်ထားရပါမယ်၊

- ရေကို တရက် အနည်းဆုံး ၂လီတာလောက်ကုန်အောင် သောက်ရပါမယ်။ ပိုသောက်နိုင်ရင်ပိုကောင်းပါတယ်။

- ကျန်းမာရေးအတွက် အမြဲတမ်းအင်အားပြည့်နေဖို့လိုတာမို့လို့ အိပ်ရေး၀၀ အိပ်ဖို့ အရေးကြီးပါတယ်။

- သဘာဝဘေးဒဏ်ခံရသူတွေထဲမှာ ဆေးကုသခံနေရတဲ့ ကူးစက်ရောဂါရှိသူ (ဥပမာ- တီဘီရောဂါသည်...) ပါလာသလားသိအောင် စုံစမ်းပြီး သူတို့ ပုံမှန်သောက်နေတဲ့ဆေးဝါးတွေ ဆက်ရနေဖို့ ကြိုးစားပေးရပါမယ်။

- သင့်အရေပြားပေါ်မှာ ထိခိုက် ရှနာ ပွန်းပဲ့ရာတွေ ရှိနေခဲ့ရင် အဲဒီဒဏ်ရာကို ဆပ်ပြာနဲ့ ရေသန့်သန့်နဲ့ ချက်ချင်း ဆေးပစ်ရပါမယ်။

- အဲဒီအပြင် ထိခိုက်ရှနာဒဏ်ရာတွေအပေါ် အရက်ပျံ၊ အိုင်အိုဒင်း၊ ဘီတာဒိုင်းဆေးရည်၊ ခရမ်းရောင်ဆေးရည် တို့လို ထိခိုက်ရှနာတွေကို မြန်မြန်ကျက်စေတဲ့ ဆေးရည်တွေ သုတ်လိမ်း ရပါမယ်။

- အဲဒီနောက် ခြောက်သွေ့အောင်၊ ဖုံမ၀င်အောင် ပတ်တီးစီးတာမျိုး၊ ပလပ်စတာကပ်တာမျိုးနဲ့

ဖုံးအုပ်ထားရပါမယ်။

- အဲလို ဂရုတစိုက် ကုသနေတဲ့ကြားကမှ ပိုဆိုးလာရင်တော့ ဆရာဝန်နဲ့ အမြန်ပြဖို့လိုပါတယ်။

Leptospirosis (တိရစ္ဆာန်ဆီးရည်ကနေ ကူးစက်တတ်တဲ့ ရောဂါ)

- Leptospirosis ဟာ အဖျား ရောဂါတမျိုးဖြစ်ပါတယ်။ တကယ်တမ်း ကမ္ဘာပေါ်မှာ လူမသိသူမသိနဲ့ အဖြစ်များ အကူးစက်များတဲ့ ရောဂါတခု ဖြစ်ပါတယ်။

- အဲဒီအဖျားရှိသူဟာ ခေါင်းကိုက်ပြီး၊ ကိုယ်လက်မအီမသာကိုက်ခဲတတ်ပါတယ်၊ အသားလည်း ၀ါတတ်ပါတယ်။ နောက်ပိုင်းမှာ အဆုပ်ကနေ သွေးထွက်နိုင်ပါတယ်။ ပထမပိုင်းမှာ တုပ်ကွေးဆန်ဆန် ဖျားတာမို့ ရောဂါလို့ မသိကြပါဘူး၊။ ဓါတ်ခွဲခန်းမှာ စစ်ဆေးမှ ရောဂါလို့ သိပါတယ်။

အဖျားပိုး ဘယ်က လာပါသလဲ

- အဖျားပိုးဟာ တိရစ္ဆာန်တွေ(ကြွက်၊ ခွေး၊ ၀က်၊ နွား...)ရဲ့ ကျောက်ကပ်ထဲမှာ ရှင်သန်တာမို့ ဆီး (ကျင်ငယ်ရည်)တွေထဲမှာ ပါလာတတ်ပါတယ်။ အဲဒီ တိရစ္ဆာန်တွေ ဆီးသွားရာကတဆင့် လူတွေရဲ့ အရည်ပြားပေါ်က ခြစ်ရာ ရှရာ ပွန်းပဲ့ရာတွေ.. (မျက်လုံး၊နှာခေါင်းပေါက်၊ပါးစပ်) ကနေ ခန္ဓာကိုယ်ထဲ ၀င်ရောက်နိုင် ပါတယ်။ ဒါကြောင့် ရေကနေတဆင့် အလွယ်တကူ ကူးစက်နိုင်တာမို့လို့ ရေလွှမ်းမိုးတဲ့ နောက်ဆက်တွဲ ပြဿနာထဲမှာ အဲဒီ အဖျားရောဂါလည်း ပါပါတယ်။

- သင်ဟာ ရေကြီးတဲ့ဒေသမှာ ရှိနေခဲ့ပြီး ၂ပတ်လောက်အကြာမှာ အဲဒီအဖျားမျိုး ဖျားချင် လာပြီဆိုရင်တော့ ဆရာဝန် နဲ့ ပြသင့်ပြီဖြစ်ပါတယ်။

- ကိုယ်ခံအားမကောင်းရင် ရောဂါကို အမြန်ခံစားရနိုင်ပါတယ်။ အဲဒီအဖျားကို ဆေးမကုဘဲ ထားလို့ ပြင်းထန်လာရင်တော့ စိုးရိမ်ရပါတယ်။

- ဒါ့ကြောင့် သိသာတဲ့ လက္ခဏာ မပြဘဲ အဖျားတာရှည်နေပြီဆိုရင်တော့ ၄ရက်အတွင်း ဆရာဝန်နဲ့ပြပြီး ဆေးကုသမှု ခံယူနိုင်ရင် အကောင်းဆုံးဖြစ်ပါတယ်။

- အထူးသဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဆိုရင် သန္ဓေသားကိုပါ ထိခိုက်နိုင်တာမို့ ပို ဂရုစိုက်ရပါမယ်။

- အသက်ကြီးသူတွေမှာ ပိုဖြစ်လွယ်ပါတယ်။

မြွေကိုက်ခံရလျှင်

- ကိုက်တဲ့ မြွေအမျိုးအစား သိဖို့ လိုပါတယ်။

- မြွေကိုက်ခံရတဲ့သူကို စိတ်ပူအောင် စိတ်လှုပ်ရှားအောင် မပြောရပါဘူး။

- လူနာကို အတတ်နိုင်ဆုံး မလှုပ်ရှားအောင် ထားရပါမယ်။

- မြွေကိုက်ရာပေါ်မှာ သစ်သားချောင်းအပြား၊ သစ်ကိုင်း.. စတာတွေနဲ့ ပိုးပြီး၊ အရိုးကျိုးတဲ့သူတွေကို ကျပ်စည်းသလို အမြန်စည်းပေးဖို့ လိုပါတယ်။

- ပြီးတာနဲ့ ချက်ချင်း ဆေးရုံရောက်အောင် အမြန်ဆုံး ပို့ပေးနိုင်ရပါမယ်။

- ဆေးရုံပို့နေစဉ်အချိန်အတွင်းမှာ လူနာရဲ့အခြေနေကို စောင့်ကြည့်နေပြီး ဖြစ်လာတဲ့ လက္ခဏာတွေ(ဥပမာ- မျက်စေ့လေးလာတာ.. သွေးထွက်လာတာတွေ)ကို ဆရာဝန်ဆီ ရောက်တဲ့အခါမှာ ပြန်ပြောပြဖို့ လိုပါတယ်။

- သတိပြုဖို့လိုတာကတော့ (အစဉ်အလာလိုဖြစ်နေတဲ့) မြွေကိုက်ရာ အထက်ကနေ ကြိုးနဲ့တင်းတင်း စည်းတာ မျိုး၊ မြွေကိုက်ရာပေါ်ကို ဓါးနဲ့ခွဲပြီး ပါးစပ်နဲ့စုပ်ထုတ်တာမျိုး မလုပ်ရပါဘူး။

ဖြန့်ဝေခြင်း(၄)

ရေသန့်ရအောင် လုပ်နည်း

သောက်ရေသန့်ရဖို့ မလွယ်တဲ့အခါမှာ ရေကို ကိုယ့်ဘာသာ သန့်အောင် လုပ်နိုင်ဖို့လိုပါတယ်။

- ရေသေချာစစ်နိုင်အောင် သန့််ရှင်းတဲ့ အ၀တ်ဟောင်း(ပုဆိုးလို ပိတ်ပါးစ) လိုပါတယ်။ အဲဒီအ၀တ်ဟာ သေချာ လျှော်ဖွတ်ပြီး ခြောက်အောင်လှန်းထားတဲ့ ပိတ်စဖြစ်ရပါမယ်။

- အ၀တ်ဟောင်းက ရေစစ်အား ပိုကောင်းပါတယ်။

- အဲဒီအ၀တ်ဟောင်းမျိုးကို ၄ထပ်ကနေ ၈ထပ်လောက် ခေါက်ထားပြီးမှ ရေကို စစ်ယူရပါမယ်။

- ရေသန့်ဆေး မရနိုင်တော့တဲ့အခါ အဲဒီအဆင့်လောက်မှာ သောက်သုံးနိုင်ပါတယ်။

- ဒါပေမဲ့ ရေသန့်ဆေးခပ်ပြီး သုံးနိုင်ရင်တော့ အကောင်းဆုံးဖြစ်ပါတယ်။

ရေသန့်ဆေးတွေဖြစ်တဲ့ ကလိုရင်း၊ အိုင်အိုဒင်း၊ ရေသန့်ဆေးပြားတွေကိုသုံးရင် အနံ့ရှိပေမဲ့ ကျန်းမာရေးကို မထိခိုက်စေပါဘူး။ ပြီးတော့ ရောဂါပိုးတွေကို သေစေပါတယ်။

ရေသန့်ဆေးသုံးနည်း

- ရေသန့်ဆေးပြား၊ ကလိုရင်း ကို သုံးတဲ့အခါ ဆေးဗူးမှာပါလာတဲ့ ညွှန်ကြားချက်အရ သုံးစွဲပါ။

- အိုင်အိုဒင်းကို သုံးလျှင်တော့ ရေသန့်ဗူးတစ်ဗူးစာကို ၅ စက်၊ ရေတစ်ဂါလံစာကို ၂၅စက်၊ ရေသန့်ဗူးကြီး တစ်ဗူးစာကို အစက်၁၀၀ ထည့်ရပါမယ်။ ဆေးထည့်ပြီး မိနစ်၃၀(နာရီဝက်)ကြာမှ အဲဒီရေကို သောက်သုံးရ ပါမယ်။

- ရေမကြည်ရင် နှစ်ဆ ထည့်ရပါမယ်။

-အိုင်အိုဒင်းရေသန့်ကို ရက်သတ္တသုံးပတ်ထက်ပိုပြီး စွဲမသောက်သင့်ပါ။ ဒါပေမဲ့ ရေသန့်မရနိုင်သေးတဲ့အခါ မှာတော့ အိုင်အိုဒင်းရေကိုသာ ဆက်သောက်နေသင့်ပါတယ်။

ဖြန့်ဝေခြင်း(၃)

ခုချိန်မှာ ဆရာဝန်တွေ လက်လှမ်းမမီသေးတဲ့အခါ တတ်နိုင်သလောက်ကူနိုင်ကယ်နိုင်ဖို့ ဖြန့်ဝေချင်တာပါ။ လက်ဆင့်ကမ်း ဝေပေးပါ။

ဝမ်းလျှောခြင်းအတွက်

ဝမ်းလျှောတာဟာ ရောဂါမဟုတ်ပါဘူး။ ရောဂါ လက္ခဏာတခုသာ ဖြစ်ပါတယ်။ ၀မ်းလျှောစေနိုင်တဲ့ ရောဂါတွေ အများအပြားရှိတဲ့ အထဲက အများစုကို ဆေးမပါဘဲ ကုသနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီရောဂါတွေ ဖြစ်ရင် အဓိက အန္တရာယ်ပေးတာက ခန္ဓာကိုယ်ရေဓာတ်ခန်းခြောက်မှုသာ ဖြစ်တဲ့အတွက်ပါ။ ရေဓာတ် ခန်းခြောက်မှုကို ဆေးမပါဘဲ ကုသနိုင်ပါတယ်။

ဘာရောဂါကြောင့် ၀မ်းလျှောရတာလဲဆိုတာကို သိဖို့ ဆရာဝန်ကို မေးဖို့လိုပေမဲ့ ခန္ဓာကိုယ်ရေဓာတ် ခန်းခြောက်တာကို ကုသဖို့ ဓာတ်ဆားရည်တိုက်တာအတွက်တော့ ဆရာဝန်ကို မေးစရာ မလိုပါဘူး။ ဓာတ်ဆားရည် မတိုက်ရင် (အထူးသဖြင့် ၀မ်းလျှောတဲ့ကလေးတွေ ) အသက်ဆုံးနိုင်ပါတယ်။ ဓာတ်ဆားရည် တိုက်ရင် ရောဂါပျောက်သွားပါမယ်။ ဒါကြောင့် ၀မ်းလျှောပြီဆိုတာနဲ့ ဓာတ်ဆားရည်ကို ချက်ချင်း သောက်ရ ပါမယ်။ ရေဓာတ်ခန်းခြောက်တာ များရင် များသလောက် ဓာတ်ဆားရည်ကိုလည်း များများ သောက်ပေးရ ပါမယ်။

ခန္ဓာကိုယ်ရေဓာတ်ခန်းခြောက်တာကို ကိုယ့်ဖာသာ စမ်းသပ်နိုင်ပါတယ်။ လက်ဖမိုးအရေပြားကို လက်နဲ့ ဆိတ်ပြီး ဆွဲကြည့်ပါ။ အရေပြားက ချက်ချင်း ပြန်မကျသွားဘဲ ထောင်နေရင် ရေဓာတ်ခန်းခြောက်နေပြီလို့  သိပါ။ ရေဓာတ်ခန်းခြောက်နေတဲ့သူဟာ ဆီးသွားရင် နည်းနည်းပဲ သွားပါတယ်။ သွားတဲ့ဆီးကလည်း အ၀ါရင့်ရောင် ဖြစ်နေပါတယ်။ ဆီးသွားတဲ့ ပမာဏက ပုံမှန်ဖြစ်လာပြီး ဆီးအရောင်က အ၀ါဖျော့ဖျော့ ဖြစ်လာရင် ရေဓာတ်ပြန်ရလာပါပြီ။

ရောဂါကူးစက်ပြန့်ပွားမသွားအောင် လူတိုင်း လက်ကို ဆပ်ပြာနဲ့ သေချာဆေးဖို့ လိုပါတယ်။ အထူးသဖြင့် အစာမစားခင်နဲ့ အိမ်သာသုံးအပြီးမှာ ဂရုတစိုက် ဆေးရပါမယ်။ အပြင်ကပြန်လာတဲ့အခါမှာ ရောက်ရောက်ချင်း လက်ကို ဆပ်ပြာနဲ့ ဆေးရပါမယ်။

ဖြစ်နိုင်ရင် လူသုံးများတဲ့ အရာတွေ ပစ္စည်းတွေနဲ့ အလူတွေအကိုင်အတွယ်များတဲ့အရာတွေ (ဥပမာ- အိမ်သာ တံခါးလက်ကိုင်၊ တံခါးဘောင်၊ တယ်လီဖုံး)ကို ဆပ်ပြာနဲ့ မကြာခဏ ဆေးရပါမယ်။

ဓာတ်ဆားရည်

ဓာတ်ဆားထုပ်ကို ၀ယ်ပြီး ဓာတ်ဆားရည်ကို ဖျော်စပ်နိုင်ပါတယ်။ ဓာတ်ဆားထုပ်မရတဲ့အခါ ဆားနဲ့  သကြားကို ရေနဲ့ဖျော်စပ်ပြီး ဓာတ်ဆားရည်လုပ်လို့ ရပါတယ်။ ဓာတ်ဆားရည် ဖျော်စပ်တဲ့အခါ သန့်ရှင်းတဲ့ ရေကို သုံးရပါမယ်။ ရေကျက်အေး ဒါမှမဟုတ် ရေသန့် ဖြစ်ရမယ်။ ရေပမာဏ မှန်ဖို့  အရေးကြီးပါတယ်။ သိပ်မငန် ရပါဘူး။ ဆားနဲ့  သကြားက ရေကို အူကနေတဆင့် ခန္ဓာကိုယ်ထဲ ရောက်အောင် ပို့ ပေးပါလိမ့်မယ်။

ဓာတ်ဆားရည် မဖျော်ခင် လက်တွေကို ဆပ်ပြာနဲ့ သေသေချာချာ ဆေးကြောသန့်ရှင်းရပါမယ်။ ဓာတ်ဆားရည် တိုက်တဲ့သူရော သောက်တဲ့သူရော လက်သန့် ရှင်းအောင် အရင်လုပ် ရပါမယ်။

ဓာတ်ဆားရည်ဖျော် သောက်တဲ့အခါ ဓာတ်ဆားထုပ်က ပိုကောင်းတာမှန်ပေမဲ့ ဓာတ်ဆားထုပ် မရှိရင်လည်း ကိုယ့်ဖာသာ ဆားနဲ့သကြားကို ရေသန့်နဲ့ ဖျော်ပြီး မြန်မြန်သောက်ဖို့ အရေးကြီး ပါတယ်။

ဖျော်နည်း

ရေကျက်အေး တပုလင်း ဒါမှမဟုတ် ရေသန့် တဗူး မှာ ဆားက ဇွန်းတ၀က်၊ သကြားက ၈ဇွန်း ထည့်ရပါမယ်။ ပုလင်းတွေ ဇွန်းတွေ မရှိရင်တော့ သောက်ရေခွက်တခွက်မှာ ဆားကို မန်ကျီးစေ့ တ၀က်လောက်၊ သကြားက လက်တခုပ်စာလောက် ထည့်ပြီး ဖျော်စပ်ပါ။ ဆားမငန်ဖို့ အရေးကြီးပါတယ်။ (မျက်ရည်လောက် မငန်ဖို့ လိုပါတယ်)။

ဓါတ်ဆားရည်တိုက်နည်း

ဝမ်းလျှောနေတဲ့ကလေးတွေကို ဓါတ်ဆားရည်တိုက်နေတဲ့အချိန်မှာ အစာ မဖြတ်ပါနဲ့ ။ မိခင်နို့ တိုက်နေတဲ့ ကလေးတွေကို နို့ ဆက်တိုက်ပါ။

ဝမ်းလျှောနေသူဟာ အန်နေတယ်ဆိုရင် ဆယ်မိနစ်ကြာမှ ဓာတ်ဆားရည် တိုက်ပါ။

ဓါတ်ဆားရည်တိုက်တာဟာ ၀မ်းသွားတာရပ်စေဖို့ မဟုတ်ပါဘူး၊ ဆုံးရှုံးသွားတဲ့ ရေဓါတ်ကို ပြန်ဖြည့်ဖို့သာ ဖြစ်တာမို့လို့ ၀မ်းသွားတာ မရပ်မချင်း ဆက်သောက်နေရမှာဖြစ်ပါတယ်။

ဓာတ်ဆားရည်ကို နာရီအနည်းငယ်အတွင်း သုံးရပါမယ်။ ကြာကြာမထားရဘူး။ ပြန်ကျိုချက်ပြီး သုံးတာမျိုး မလုပ်ရဘူး။ နာရီအတန်ကြာသွားရင် အသစ်ဖျော်ရမယ်။

ဝမ်းရောဂါ

ဝမ်းရောဂါဖြစ်တဲ့အခါ ၀မ်းအမြန်လျှောတတ်ပါတယ်။
ဝမ်းက အဖြူရောင်ရှိတတ်ပြီး အနံ့သိပ်မနံဘူး၊ တခါတလေ ၀မ်းထဲမှာ အဖြူစက်တွေ ပါတတ်ပါတယ်၊ အရည်များများ ပါတဲ့ ၀မ်းမျိုးဖြစ်ပါတယ်။

ဒါကြောင့် ရေဓာတ်ခန်းခြောက်တာလည်း မြန်တာဖြစ်ပါတယ်။ ရေဓာတ်ခန်းခြောက်တာကို မကုသရင် ၀မ်းရောဂါ ပြင်းထန်တဲ့သူတွေရဲ့ တစ်ဝက်လောက်အထိ အသက်ဆုံးသွားတတ်တယ်။ ရေဓာတ်ခန်းခြောက် တာကို ချက်ချင်းတိုက်ပေးရင် ၀မ်းရောဂါဖြစ်သူ တရာမှာ တယောက်တောင် မသေတော့ဘူး။

ဒါကြောင့်မို့ အဲလို အရည်ပါတဲ့ ၀မ်းမျိုး စသွားတာနဲ့တပြိုင်နက် အမြန်ဆုံး ဓါတ်ဆားရည်တိုက်ဖို့ လိုပါတယ်။

ဒါကြောင့် ၀မ်းရောဂါဖြစ်တဲ့ သူအများစုကို ဓာတ်ဆားရည်နဲ့ ရောဂါပျောက်အောင် ကုသပေးနိုင်ပါတယ်။ ဓာတ်ဆားရည်ကို မြန်မြန် တိုက်ကျွေးရပါမယ်။ ၀မ်းရောဂါ ပြင်းထန်ရင် အန်တတ်ပါတယ်။ ဒါကြောင့် ဓာတ်ဆားရည်သောက်ဖို့  ခက်တတ်တယ်။ အန်ပြီးတဲ့နောက်

၁၀ မိနစ်ကြာမှ ဓာတ်ဆားရည်ကို ဇွန်းနဲ့  ဖြည်းဖြည်း တိုက်ပါ။ အန်တာမရပ်ရင်တော့ တခြားဆေးနည်းကို သုံးဖို့ လိုပါတယ်။ အကြောဆေးသွင်းတဲ့နည်းနဲ့ ရေဓာတ်ပြန်ရအောင် လုပ်နေတဲ့အချိန်မှာလည်း ဓာတ်ဆားရည် ကို ဆက်သောက်နေဖို့  လိုပါတယ်။

URGENT !!!


Dear all,


I need all help from our community. I need trucks, waterway transport, warehouse space up to 10,000 tons capacity. I am in charge of logistics operation for all UN and NGO in mobilizing food, and relief supplies to help those affected people from Cyclone Nargis, one and half million people that we are helping now.
If you have any contact of the said pls advise them to come and see me at UN building on the Namuak road, Yangon, or call 09-5007688,

09-8601279
contact Sakhorn or my staff
Nyunt Win Htay

We are not asking for free but we will pay. Please please help..

(ဓါတ်ပုံ-BBC)

May 11, 2008

ဖြန့်ဝေခြင်း

Saturday, May 10, 2008

ကြိမ်မီးအုံးပြည်သူများနှင့် အသိဉာဏ်သေးနုတ်လွန်းသည့် စစ်ခေါင်းဆောင်များ ကြောင့် မြန်မာပြည်သူများ ထပ်မံနစ်နာကြရဦးမည်။

နာဂစ်ဆိုက်ကလုန်းမုန်တိုင်းအပြီးတွင်မှ စစ်အစိုးရ၏ညံ့ဖျင်းချက်နှင့် သဘောထားသေးသိမ်မှု၊ အာဏာရူးမှုတို့ကို လူအများ ပို၍ ထင်ထင်ရှားရှား သိလာကြရသည်။ မုန်တိုင်းတိုက်ခတ် ဖျက်ဆီးခံလိုက်ရပြီးနောက် ဖြစ်ပျက် နေသည့် အခြေ အနေ သတင်းများ ကို မြင်နေကြားနေရသည်မှာ ရင်နှင့်မမျှ၊ တခါတရံ မြန်မာပြည်သူတို့အဖို့ ကြေကွဲခံစားရဖန် များလွန်း၍ နောက်ထပ် ခံစားစရာ ရင်ပြင်၊ ကျစရာ မျက်ရည် ကျန်ပါဦးမည်လားဟုတောင် တွေးမိပါသည်။ ယခုအခြေအနေက ကြိမ်မီးအုံးဟု မြန်မာပြည်သူများ တင်စားပြောဆိုလေ့ရှိသည့် တမြေ့မြေ့ ကြေကွဲစရာ အဖြစ်ဆိုးမျိုးဖြစ်သည်။ မုန်တိုင်းဒဏ်ခံရသည့် ပြည်သူများကို စစ်အစိုးရက ဆက်၍ ဖိထောင်း နေသည်။ ဖြတ် ၄ ဖြတ်မဟုတ်။ ဖြတ် ၅ ဖြတ်ဟု ဆိုရတော့ မည် ထင်သည်။ မြန်မာစစ်အစိုးရက ပြည်သူတို့ကို ရန်သူသဖွယ် သဘောထားကာ ယခု နိုင်ငံတကာက အကူအညီပေးမည် ဆိုသည်ကိုပင် ဖြတ်တောက်နေသည်။

စစ်အစိုးရက ပေးမည့်အကူအညီများ၊ ငွေများသာ သူ့ထံအပ်ပါ။ သူ့တွင် လုပ်ဆောင်နိုင်သော ပညာရှင်၊ အင်အား အရင်း အမြစ် ရှိသည်ဟု ဆိုနေသည်။ နိုင်ငံတကာ အလှူရှင်များက ဆုပ်စူး၊ စားရူးအခြေအနေ။ စစ်အစိုးရက အေးဓါးပြတိုက်နေသည်။ ကပ်ဘေးဒဏ်သင့် ပြည်သူများကို အကြောင်းပြ၍ လှူဖွယ်ပစ္စည်းများကို လက်ဝါးကြီးအုပ် ထိန်းချုပ်ရန်၊ အာဏာ တည်ဆောက် ရန် ကြိုးပမ်းနေသေးသည်။ နိုင်ငံတကာရှိ လူသားချင်းစာနာထောက်ထားသည့် အကူအညီပေးအပ်သည့် အဖွဲ့အစည်းများက ဤသို့ ပေးလိုက်ရိုးထုံးစံ မရှိပါ။ သူတို့တွင် လိုက်နာစောင့်ထိန်းရမည့် စည်းမျဉ်းများ ရှိသလို၊ စစ်အစိုးရကဲ့သို့ မျက်နှာလွှဲ ခဲပစ် လုပ်တတ်သူများ မဟုတ်ကြပါ။ ထိုမျှမက မြန်မာစစ်အစိုးရက မစွမ်းဆောင်နိုင်သည့် ယာဉ်၊ ပစ္စည်း၊ ကရိယာ၊ ကျွမ်းကျင်မှု၊ အရင်းအမြစ်ပေါင်းစုံ နိုင်ငံတကာ မိသားစုများတွင် ရှိနေကြပါသည်။ ဤသို့သော အကူအညီများကို ပစ်ပယ်၍ ငါတကောကော နေသည်မှာ စက်ဆုပ်ဖွယ်ပင် ဖြစ်ပါတော့သည်။

နာဂစ်မုန်တိုင်းပြီးနောက်မှ မြန်မာ့ရုပ်မြင်သံကြား ထုတ်လွှင့်ချက်များကို စူးစိုက် ကြည့်ဖြစ်သည်။ အထူးသဖြင့် မုန်တိုင်းဒဏ် အခြေအနေနှင့် ပတ်သက်၍ သတင်းများ သိလိုသောကြောင့် ဖြစ်သည်။ သတင်းများကြည့်ဖြစ်လေ၊ ဒေါသ ဖြစ်လေဖြစ်နေ ရသည်။ စစ်အစိုးရ သတင်းမီဒီယာများ ထုတ်လွှင့်နေသည်က မိမိသိလိုသည့် အချက်များ တခုမျှ မပါဝင်ပါ။ လွန်ခဲ့သည့် ၂- ရက်ခန့်က အမျိုးသား သဘာဝဘေးကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီ အစည်းအဝေးလုပ်သည်ကို ပြသည်။ ဤ ကော်မီတီ က ဖွဲ့ထားသည်မှာ ၂၀၀၅ ခုနှစ်ကတည်းက ဖြစ်သည်။ ၀န်ကြီးချုပ် ဗိုလ်ချုပ်သိန်းစိန်ကိုယ်တိုင် ဥက္ကဋ္ဌ လုပ်ပြီး၊ ကျန်ဝန်ကြီးများ၊ ရန်ကုန်၊ မန္တလေးမြို့တော်ဝန်များ အပါအ၀င် ကော်မတီဝင်ပေါင်း ၃၀ ခန့်ပါသည်။ စာရွက်ပေါ်တွင် ရပ်ကွက်/ ကျေးရွာများအထိ ကော်မတီ အဆင့်ဆင့် ရှိသည်ဟု ဆိုသည်။ သင်တန်းများလည်း အကြိမ်ကြိမ်၊ အဆင့်ဆင့်တွင် ပေးပြီးဟုဆိုသည်။ လက်တွေ့တွင် မည်မျှထိရောက်သည်ကို ပြည်သူများ အားလုံး အသိပင် ဖြစ်သည်။ လွန်ခဲ့သည့် ၂- ရက်ခန့်က ကျင်းပသည့် အစည်းအဝေးတွင်လည်း မိမိသိလိုသည့် သတင်းအချက်အလက်များကို သူတို့ မဖော်ပြခဲ့ကြ ပါ။ လူမည်မျှ သေဆုံး၊ ဒဏ်ရာရ၊ ပျောက်ဆုံးဟု ထပ်မံ အသစ်ခန့်မှန်းပါသနည်း။ မဖော်ပြခဲ့ပါ။ အိုးအိမ်မဲ့ ပျက်စီးဆုံးရှုံးရသူ များ မည်မျှ ရှိသနည်း။ ဤအချက်ကို လည်း သတင်းတွင် မထုတ်ပြန်ပါ။ ထို့အပြင် ယာယီဒုက္ခသည်စခန်း မည်မျှ ရှိသနည်း။ ထိုစခန်းများတွင် ခိုလှုံနေထိုင်ကြသူ မည်မျှ ရှိသနည်း။ ဤအချက်များကိုလည်း မတွေ့ခဲ့ရပါ။ တွေ့ရသည်က ရုပ်မြင်သံကြား အောက်ခြေတွင် ပြေးနေသည့် ကောလာဟလများကို မယုံကြည်ကြရန်၊ ယခု အစိုးရသတင်းထုတ်လွှင့်ချက်များကို ယုံကြည်ကြရန်ဟူသည့် စာတမ်း ဖြစ်သည်။

ထို့အပြင် မြင်ကြားနေရသည်က ၀န်ကြီးများ တန်းစီထွက်၍ ဟန်ရေးပြနေပုံ ဖြစ်သည်။ ဒုက္ခရောက်သူများကို ဆက်ဆံနေ သည် မှာ လည်း လူသားမဆန်လှပါ။ ဒုက္ခသည်ဆန် ရဖို့အရေး ပြန်ကြားရေးဝန်ကြီးဆိုသူ ကျော်ဆန်းက ဟန်ပါပါ မိန့်ခွန်း ပေးနေ သည်ကို နားထောင်နေကြရသည်။ ကြုံ့ကြုံ့လေးထိုင်ပြီး ကျေးဇူးတော် တင်ကြရသေးသည်။ ဤအရေးကို အမျိုးသားအရေး သဘောထားကူညီရန်နှင့် ကူညီလိုသူများက ဒေသ အသီးသီးရှိ ကြံ့ဖွံ့ရုံးများသို့ လှူဒါန်းကြရန် ဆိုလာသည်။ အလှူခံပုံက သင်းသည်။ ဤအဖွဲ့ကို လူမုန်းနေသ၍ ဤနည်းဖြင့်ဆိုလျှင် အလှူငွေ မည်မျှ ထက်သန်စွာလှူကြမည်ကို တွက်ဆနိုင်ပါသည်။ ၀န်ကြီးချုပ်ဆိုသူ ဗိုလ်ချုပ်သိန်းစိန်ကလည်း အလုပ်မဟုတ်သည်များကို လုပ်သည်။ ရေဘေး၊ လေဘေးသင့် ပြည်သူများကို လှည့်လည် ကြည့်ရှုအားပေးသည်မှာ သင့်သောကိစ္စဖြစ်သည်။ ပုသိမ်ရှိ စစ်ဌာနချုပ်သို့ ကိုယ်တိုင် သွားထိုင်၍ အမျိုးသား သဘာဝဘေးကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီ ကိုယ်စား ကြီးကြပ်နေသည်။ ထားပါတော့။ သို့သော်လည်း ရဟတ် ယာဉ်ပေါ် ပစ္စည်းထမ်းတင်သည့် အထိ လုပ်နေသည်ကို ရုပ်မြင်သံကြားတွင် ပြနေ သည်။ ဤသည်မှာ သူလုပ်ရမည့် အလုပ် မဟုတ်တော့ပါ။ ထို့အပြင် ခေါက်ဆွဲခြောက်၊ ရေဗူးအချို့၊ ငွေကြေးအချို့ ထောက်ပံ့ ပေးရုံဖြင့် ဖူလုံပြီဆိုသော ပြသမှုမျိုး လုပ်နေသည်မှာ ပို၍ မသိသား ဆိုးရွားနိုင်နေပါတော့သည်။ အမှန်တကယ်တွင် ရေရှည် တည်တံ့သည့် ပြန်လည်ထူထောင်ရေး (sustainable recovery) သဘောသဘာဝကိုလည်း မြန်မာစစ်ဗိုလ်ချုပ် များက သိရှိထားဟန် မတူပါ။

ဤအခြေအနေတွင် စစ်အစိုးရက လူသားချင်းစာနာမှု အကူအညီဆိုသော ကိစ္စနှင့်ပတ်သက်၍ နားလည် သဘောပေါက်ခြင်း မရှိပုံ၊ နိုင်ငံတကာ အကူအညီနှင့် ပတ်သက်၍ ပို၍ သဘောပေါက် နားလည်မှု မရှိပုံ ထင်ရှားလာပါတော့သည်။ ပညာရှင်များက ဖော်ပြထားကြရာတွင် သဘာဝကပ်ဘေးဒုက္ခဆိုသည်မှာ လူသားနှင့် သဘာဝပတ်ဝန်းကျင်အကြား ဆက်စပ်နေမှု၊ သဟဇာတဖြစ်မှု ကျိုးပျက်စီးသွားခြင်းဖြစ်သည်။ သို့အတွက် ကြောင့်လည်း ဒေသခံပြည်သူများ ပြန်လည် ထူထောင်ရေးအတွက် ပိုမိုကြီး လေးသည့် ကူညီပံ့ပိုးမှုများ လိုအပ်လာပါသည်။ ဤအခြေအနေကို ယာယီ အရေးပေါ် အကူ အညီဖြင့် ဖြေရှင်းပေးရုံမျှဖြင့် မရ တော့ပါ။ ဒေသဆိုင်ရာရှိ လူထုများ၏ ရှင်သန်ရပ်တည်ရေး စွမ်းအင် (Local coping capacity) များလည်း ကျဆင်းသွားပြီ ဖြစ်ရာ၊ ပို၍ အားစိုက် ပံ့ပိုးရန် လိုနေပါတော့သည်။ ဆိုလိုသည်မှာ သဘာဝကပ်ဘေး များကြောင့် လူများသေဆုံးမှု များလာ သည်။ မိသားစုများ ပြိုကွဲကြရသည်။ အိုးအိမ်၊ ပိုင်ဆိုင်မှုများ ဆုံးရှုံးရသည်။ မြန်မာ ပြည်၏ စပါးကျီဟု ခေါ်ဆိုနေသော ဧရာဝတီတိုင်းတွင် ဆိုပါစို့။ ဤမုန်တိုင်း ပြီးပြီးချင်း လူအများသေဆုံးရပြီ ဖြစ်ရာ လုပ်အားရှင် အများအပြား ဆုံးရှုံးသွားပါသည်။ ထို့အပြင် ပြန်လည်ရှင်သန်ရန်အတွက် လယ်မြေများလည်း ဆားငံရေ၀င် ပျက်စီးရပြန်သည်။ နိုင်ငံတကာ ကျွမ်းကျင်သူများ ခန့်မှန်းချက်အရ နောက်ထပ် စိုက်ရာသီ ၂- ခု၊ ၃- ခုတိုင် ဤလယ်များ ပြန်စိုက်ရ ရဖွယ် မရှိပါ။ ကျွဲ-နွားများ ဆုံးရှုံးရသည်။ ၀မ်းစာစပါး၊ မျိုးစပါး များ ဆုံးရှုံးရသည်။ ထို့အပြင် သဘာဝပတ်ဝန်း ကျင် ပျက်စီးသွားမှုကို မူလအတိုင်း မည်သည့်အချိန်တွင် ပြန်ဖြစ်လာမည်ကို တွက်ဆ၍ပင် မရနိုင်တော့ပါ။ ဤအခြေအနေတွင် ဤလူထုများအတွက် ပြန်လည် ထူထောင်ရေး ဆိုသည် မှာ ကြီးလေးသည့် ကိစ္စ ဖြစ်ပါသည်။ အရင်းအမြစ်၊ ကျွမ်းကျင် မှု များစွာ လိုပါသည်။

ထိုမျှမကပါ။ သဘာဝဘေးဒဏ် ခံလိုက်ရသည့် ဒေသများသည် ချက်ချင်း ဆင်းရဲသွားကြပါသည်။ လက်ငင်းတွင် ပင် လုယက်မှုများ၊ ရုန်းရင်းဆန်ခတ်မှုများ ဖြစ်နိုင်ပါသေးသည်။ ရရှိသည့် အကူအညီများ ထိန်းချုပ်နိုင်ရေး အတွက်လည်း ပဋိပက္ခများ ပိုမို ပြင်းထန်လာတတ်ပါသည်။ ထို့အပြင် ဤပြည်သူများ၏ ၀ယ်နိုင်အား (Purchasing power) လည်း ကျဆင်းသွားသောကြောင့် ဈေးကွက်များလည်း ပျက်စီးရပါသည်။ ထိုမျှမက အခြား အချက်များလည်း လိုက်လာပါ လိမ့်ဦးမည်။ လူများက အလုပ်အကိုင် မရှိတော့သည့် နေရာ၊ အရပ်မှ ပြောင်းရွှေ့မှုများ ပိုမို များပြားလာမည်။ လူကုန်ကူး ရောင်းချမှုများ၊ လူသားချင်း ရောင်းစား၍ အမြတ်ထုတ်မှုများလည်း ဖြစ်ပေါ်လာနိုင်သေးသည်။ ဤအနေအထားမျိုးတွင် နစ်နာဖွယ် အရှိဆုံးသူများမှာ အမျိုးသမီးများနှင့် ကလေးများ ဖြစ်ပါသည်။ အမျိုးသမီးများမှာ အိမ်ထောင်ရပ်တည်ရေး အတွက် အဓိကရုန်းကန်ရသူများ ဖြစ်သောကြောင့် ကပ်ဘေးဒုက္ခနှင့် အမျိုးသမီး အခွင့်အရေးဆိုင်ရာ လေ့လာချက်၊ ဆွေးနွေးချက်များလည်း များစွာ ရှိနေပါသည်။ ဤအနေ အထားမျိုးတွင် အမျိုးသမီးများကို အခွင့်အရေး မြှင့်တင်ပေးရေးနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ မဖြစ်ပေါ်ရလေအောင် စောင့်ရှောက် ကာကွယ် ပေးရမည့် ကိစ္စများလည်း ရှိနေပါ သေးသည်။

ဖြစ်တတ်သည့် အတွေ့အကြုံတခုမှာ လူအများ သဘာဝကပ်ဘေးကြီးများ သင့်ကြရပြီးနောက် စိတ်ကျန်းမာရေး နှင့် ကိုယ် ကျန်းမာရေး ပြဿနာများ ကြုံတွေ့ကြရခြင်းပင် ဖြစ်ပါသည်။ လေ့လာနေသူများအဆိုအရ ဆူနာမီ လှိုင်းကြီး ရိုက်ခတ်ခံရ ပြီးနောက် ၎င်းဒေသများတွင် စိတ်ပိုင်းဆိုင်ရာအရ အနည်းနှင့် အများဆိုသလို အနာတရ၊ စိတ်ဒဏ်ရာရခဲ့ကြပါသည်။ ဤစိတ်ဒဏ်ရာများ၏ မျိုးဆက်အလိုက် ကူးစက်၍ ရေရှည်သက်ရောက်နိုင်ပုံ များကိုပင် လေ့လာဆန်းစစ်နေကြပါသည်။ အဖြေ အတိအကျ မရှိကြသေးပါ။ သို့သော်လည်း သေချာသည် ကတော့ ဤသို့ ကပ်ဘေးဒုက္ခကြီးများ ကြုံခဲ့ရ၊ မိသားစုဝင်များ သေကွဲ၊ ရှင်ကွဲ ကွဲကြရသူများအဖို့ စိတ်ဒဏ်ရာများ ရရှိနိုင်ပြီး၊ နှစ်သိမ့်ဆွေးနွေး အကြံပေးမှုများ (counselling) လိုအပ်လာခြင်း ဖြစ်သည်။ ထို့အပြင် အခြားလူထုကျန်းမာရေး ပြဿနာများ ရှိပါသေးသည်။ စစ်အစိုးရက ဤမျှ စဉ်းစားထားပုံ မပေါ်ပါ။

ဤသို့သော ဘက်စုံအရေးများကို ဆောင်ရွက်ရန် ရန်ပုံငွေ အများအပြားလိုပါသည်။ ၀င်ရောက် ကူညီ ဆောင်ရွက်ပေးမှုနှင့် သင့်လျော်သော ဆုံးဖြတ်ချက်များ ပြုနိုင်ရန် အချက်အလက်များ၊ Dataများ လိုပါသည်။ ထို့နောက်တွင်မှ လက်ငင်းအကူ အညီများနှင့် ရေရှည် အကူအညီများကို တွက်ချက်နိုင်ကြမည် ဖြစ်သည်။ (immediate and long-term effective aid) ဤသို့သောလုပ်ငန်းများ အားလုံးကို အစိုးရကသာ ဦးဆောင်၍ အကုန်လုံး ဆောင်ရွက်နိုင်မည် မဟုတ်သည်မှာ သေချာ ပါသည်။ လိုအပ်နေသည့် အရင်းအမြစ်များ မရှိသလို၊ လူသား အရင်းအမြစ်၊ ကျွမ်းကျင်မှုများလည်း ရှိမနေပါ။

စစ်အစိုးရက အိမ်နီးချင်းနိုင်ငံများမှ လေယာဉ် ၄-၅ စီးမျှနှင့် အကူအညီများ ရောက်လာသည်ကို ဂုဏ်ယူ ဖော်ပြနေသည်။ သူတို့ မိတ်ဆွေကောင်းရထားဟန် ပြုနေသည်။ ထိုပစ္စည်းများကို ထိထိရောက်ရောက် ဖြန့်ပေးမည် ဆိုသော်လည်း၊ မိမိ တွေ့ရ သလောက် ရဟတ်ယာဉ် ၇ စီးခန့်သာ ပျံဝဲ ပစ္စည်း သယ်ပို့နေကြသည်။ ၀န်ကြီးချုပ်ဆိုသူ ဗိုလ်ချုပ်သိန်းစိန် ကိုယ်တိုင်က သူ့အလုပ်မဟုတ်။ ရဟတ်ယာဉ်အပေါ် ပစ္စည်း ထမ်းတင် နေပြန်သည်။ မြန်မာစစ်အစိုးရ အမြင်တိုပုံကို ကြည့်၍ မိမိ ဒေါသ ဖြစ်နေရသည်။

ယခုအချိန်တိုင် မြန်မာနိုင်ငံအတွက် အကူအညီပေးမည်ဟု ကတိပြုထားကြသည်မှာ အမေရိကန်ဒေါ်လာ သန်း ၄၀ မျှသာ ရှိပါသေးသည်။ သို့သော် ဤအကူအညီ အများစုကိုသော်မှ စစ်အစိုးရ ပိတ်ဆို့ဟန့်တား ထားမှုများကြောင့် လက်ခံမရနိုင် ဖြစ်နေကြပါသေးသည်။ ၂၀၀၄ ခုနှစ် ဆူနာမီအပြီးတွင် နိုင်ငံပေါင်း ၁၁-ခု ကပ်ဘေးဒဏ် ခံစားလိုက်ရ၍ လူပေါင်း ၂၂၀, ၀၀၀ ခန့် သေကြေခဲ့ရပါသည်။ သို့သော်လည်း ဆူနာမီဖြစ်ပြီး ၁၂ ရက်အတွင်းမှာပင် နိုင်ငံတကာအကူအညီပေးရေး ညီလာခံကို ခေါ်ယူနိုင်ခဲ့ပြီး၊ နိုင်ငံ ၁၉ ခုက ဒေါ်လာ သန်း ၄ထောင် လှူဒါန်းမည်ဟု ကတိပြုခဲ့ကြပါသည်။ ဆူနာမီကပ်ဘေး ဒဏ်သင့်ခံရသူ လူတဦးချင်းက ပျမ်းမျှအားဖြင့် အကူအညီ ဒေါ်လာ ၅,၀၀၀ မှ ၆,၀၀၀ ကြား ရရှိခဲ့ကြပါသည်။

အခြားနိုင်ငံများတွင်လည်း အကူအညီရရှိရေးအတွက် လုံးပမ်းခဲ့ကြပြီး၊ နိုင်ငံတကာက ရက်ရောထက်သန်စွာ လှူဒါန်းခဲ့ကြပါ သည်။ အီရန်နိုင်ငံတွင် ၂၀၀၃ ခုနှစ်က လှုပ်ခဲ့သည့် ဘမ် ငလျှင်ကြီး (Bam earthquake) တွင် နိုင်ငံတကာက ဒေါ်လာ သန်း ၁,၅၀၀ လှူဒါန်းခဲ့ကြသည်။ (ဤငလျှင်တွင် လူ ၂၆,၀၀၀ သေဆုံးပါသည်။) ၁၉၉၉ ခုနှစ်က ဟွန်ဒူးရပ်စ် နိုင်ငံတွင် မစ်ခ်ျ ဟာရီကိန်း မုန်တိုင်းကြုံခဲ့ရာ နိုင်ငံတကာက ဒေါ်လာ သန်း ၃, ၀၀၀ အကူအညီပေးခဲ့ပါသည်။ (ဤဖြစ်ရပ်တွင် လူ ၁၀,၀၀၀ သေဆုံးပါသည်။) ၁၉၉၈ ခုနှစ် ဘင်္ဂလားဒေ့ရှ် ရေဘေးတွင်လည်း နိုင်ငံတကာက အကူအညီအဖြစ် ဒေါ်လာ သန်း ၉၀၀ ပေးအပ်ခဲ့ပါသည်။ (ဤရေကြီးမှုတွင် လူ ၁,၀၀၀ သေဆုံးပါသည်။) ဤကိစ္စများနှင့် နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံ ရရှိသည့် အကူအညီ ကတိပြုထားငွေ ဒေါ်လာ သန်း ၄၀ ဆိုသည်မှာ နည်းလွန်းလှပါသည်။ (ယခုမုန်တိုင်းဒဏ်တွင် သေဆုံးရသူ အစိုးရ စာရင်းအရ ၂၂,၀၀၀ နှင့် ပြင်ပခန့်မှန်းချက်များအရ ၁၁၀,၀၀၀ သေဆုံးရသည်ဟု ဆိုနေပါသည်။)

ဝန်ကြီးချုပ်ဆိုသူ ဗိုလ်ချုပ်ကြီးသိန်းစိန် ဆောင်ရွက်ရန်မှာ နိုင်ငံတကာ အကူအညီများ ပိုမို များပြားစွာ ရရှိရေးပင် ဖြစ်ပါ သည်။ ရဟတ်ယာဉ်ပေါ် ခေါက်ဆွဲခြောက်ထုတ် ထမ်းတင်နေရန် မဟုတ်ပါ။ မြန်မာပြည်သူများ ကပ်ဘေးဒဏ်သင့်ခံရသည့် အတွက် နိုင်ငံတကာ အကူအညီရရှိရေးအတွက် နိုင်ငံတကာ ညီလာခံတရပ် စည်းရုံးခေါ်ဆိုနိုင်ရန်ပင် ဖြစ်ပါသည်။ ဤ နိုင်ငံတကာ ညီလာခံအောင်မြင်စေရန်လည်း မြန်မာစစ်အစိုးရဖက်က လိုက်လျော အပေးအယူလုပ်ရမှုများလည်း ရှိနိုင် သည်။ အထူးသဖြင့် နိုင်ငံတကာက ပြစ်တင်ဝေဖန်နေသည့် လူ့အခွင့်အရေးချိုးဖောက်မှုကိစ္စများနှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကိစ္စများ ဖြစ်သည်။ မြန်မာပြည်သူများ ကောင်းစားရေးအတွက် မျှတသော တောင်းဆိုမှုများလည်း ဖြစ်သည်။ စစ်အစိုးရ ကိုယ်၌က ဒီမိုကရေစီစနစ်ကို သွားတော့မည်ဟု ပြောဆိုနေချိန်တွင် ဤအချက်က ပြဿနာ မဟုတ်တော့ပါ။

ထို့အပြင် နိုင်ငံတကာက သဒ္ဒါစိတ် ယိုဖိတ်လာစေရေးအတွက် ဆောင်ရွက်ရန် လိုအပ်ပါသည်။ အထူးသဖြင့် နိုင်ငံတကာ သတင်းမီဒီယာများတွင် အချိန်ပြည့် မြင်တွေ့နေရခြင်း (widespread real-time coverage) ဖြင့် အလှူရှင်အများကို ပို၍ တိုက်တွန်းနိုင်လိမ့်မည် ဖြစ်သည်။ ဤသို့ ဖြစ်စေရန်မှာ သတင်းမီဒီယာဌာနများကို လွတ်လပ်စွာ သွားရောက်ထိတွေ့ခွင့် ပေးရန်လည်း လိုအပ်နေပါသည်။

ထို့အပြင် စိုက်ပျိုးရေးလုပ်ငန်းများ ပြန်လည်ထူထောင်ရေးအတွက် ငွေချေးယူရနိုင်သည့် နေရာများလည်း ရှိနေပါသေး သည်။ မကြာသေးမီကပင် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကို အစားအစာဈေးနှုန်းများ ကမ္ဘာတခုလုံး တွင် မြင့်တက်လာမှုကြောင့် အထူးထိခိုက်နစ်နာဖွယ်ရှိနေသည့် အာရှနိုင်ငံများကို ကူညီပေးမည့် အစီအစဉ် ရှိနေပါသည်။ နောက်ပိုင်းတွင် အမေရိကန်ဒေါ်လာ သန်း ၃, ၀၀၀ အထိ တိုးမြှင့်ခဲ့ပါသည်။ အဓိကအားဖြင့် ချေးငွေပုံစံဖြင့် လယ်ယာစိုက်ပျိုး ရေးလုပ်ငန်းများကို တိုးတက်စေရန်၊ ချဲ့ထွင်နိုင်ရန် ကူညီပံ့ပိုးမည် ဖြစ်ပါသည်။ သို့သော်လည်း ဤချေးငွေ ရနိုင်ရေးမှာ မြန်မာ စစ်အစိုးရတွင် ပြဿနာရှိနေပါသေးသည်။ ယခင်မဆပ်ဘဲ ကျန်နေသော ကြွေးဆိုးများပြဿနာပင် ဖြစ်သည်။

ဤမျှသာမကပါ။ မြန်မာ အစိုးရတွင် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် (good governance) ဖြစ်စေရန်နှင့် နိုင်ငံရေးအရ အလိုဆန္ဒ ရှိရန်လည်း လိုအပ်နေပါသေးသည်။ အိမ်နီးချင်း နိုင်ငံများ၏ အကူအညီမျှသာ မဟုတ်ပါ။ ကုလသမဂ္ဂနှင့် အင်အား ကြီးနိုင်ငံများ ၏ နိုင်ငံအရ လိုလားထောက်ပံ့ပေးလိုမှု ဆန္ဒရရှိအောင် ဆွဲဆောင်စည်းရုံးရန်လည်း လိုအပ်နေပါ သေးသည်။ ယခု အမေရိကန်ပြည်ထောင်စုက ကူညီမည်ဆိုသည်ကိုပင် ပိတ်ပင်ငြင်းပယ်မှုများ ပြုနေပြန်သည်။ ၀န်ကြီး ချုပ်လုပ်နေသူ ဗိုလ်ချုပ်သိန်းစိန် ယခုကာလတွင် အခြေပြုရမည့် နေရာက ပုသိမ်မဟုတ်ပါ။ နိုင်ငံတကာနှင့် ကုလသမဂ္ဂစင်မြင့်များတွင်သာ ဖြစ်ရပါမည်။ မြန်မာပြည်သူများ အတွက် အကူအညီရရှိရေး ဆွေးနွေးပွဲ၊ ကွန်ဖရင့် စားပွဲဝိုင်းများ၌သာ ဖြစ်ရပါလိမ့်မည်။ ယခုတော့ ဤသို့ မဟုတ်ပါ။ မြန်မာစစ်အစိုးရ၏ ညံ့ဖျင်းပုံ၊ အမြင်တိုပုံဖြင့် မြန်မာပြည်သူများအဖို့ ခံရဖို့ချည်းသာ ဖြစ်နေပါ တော့သည်။

အောင်သူငြိမ်း

May 10, 2008

မျှဝေခံစားခြင်း(၃)


နှိုးဆော်ချက်(၂)


စွမ်းရည်သတ္တိရှိသော မြန်မာလူငယ်များသို့

ပြည်တွင်းက (အထူးသဖြင့် မုန်တိုင်းဒဏ် မခံရသော မြန်မာပြည် အထက်ပိုင်းမှ) ကျန်းမာ သော လူငယ်များ ကိုယ်ပိုင်ရိက္ခာ (၁၀)ရက်စာခန့် ယူကာ ကိုယ်ပိုင် အစီအစဉ်ဖြင့် (၅) ယောက်တစ်ဖွဲ့ ၊ (၁၀) တစ်ဖွဲ့ စုဝေးပြီး မုန်တိုင်းဖြစ်ပြီးခါစ မှာ ဖြစ်ပေါ်တတ်တဲ့ ရောဂါများကို ကာကွယ်နိုင်တဲ့ ဆေးဝါးများယူဆောင်ကာ အစိုးရ၊ NGO အဖွဲ့ အစည်းတို့ မရောက်နိုင်သော ဒေသများ၊ အကူအညီ လစ်ဟာနေသော ဒေသများသို့ စေတနာထား၍ စွန့်စွန့်စားစား အမြန်ဆုံးသွားရောက် ကူညီသင့်။ ကင်မရာတွေလည်း ယူသွားကြ။ ရေဒီယိုတွေ ယူသွားကြပါ။


အမျိုးသမီးငယ်များ ၊ ကျောင်းပိတ်နေဆဲ ကျောင်းသူများ မိမိတို့၏ ကျေးရွာ ၊ရပ်ကွက် ၊ မြို့နယ် အတွင်း အလှူငွေများ ၊ အ၀တ် အထည်၊ စားစရာများ အပင်ပန်းခံ လိုက်လံအလှူခံကာ
ဘုန်းကြီးကျောင်းများသို့ သွားရောက်လှူဒါန်းကြပါ။

http://www.countrybuilders.blogspot.com/ တွင် ရေးသားထားသော အောက်က အကြံပြုချက်လေး တွေကို လက်ကမ်းစာစောင်အဖြစ် ပြုလုပ်ပြီး ကိုယ်နှင့် မကွာယူသွားကြပါ ၊ ကျွန်တော်တို့ရင်ထဲ မှာ မချိအောင် နာပေမယ့် ပျက်ဆီးဆုံးရှုံးမှုက အရမ်းကိုများလွန်းနေတော့ အကူအညီပေးရတာ အားမရနိုင်ဖြစ်ကြ ရပါတယ်။ သဘာဝဘေးအန္တရာယ် ကျရောက်ပြီးတဲ့အခါမှာ သိသင့်တယ်လို့ထင်တဲ့ အချက်ကလေး
များကို လေ့လာ တင်ပြပေးလိုက်ပါတယ်ခင်ဗျာ။ တတ်အားသရွေ့ ဖြန့်ဝေပေးကြပါ ခင်ဗျား။

နောက်တစ်ခုပန်ကြားလိုတာကတော့ ကျွန်တော်တို့ သဘာဝဘေး အန္တရာယ် ကျရောက်တဲ့အခါမှာ လိုက်နာ ဆောင်ရွက်ရမဲ့ လက်စွဲစာအုပ်ငယ်ကို ရှာဖွေပြီးတော့ ဘေးက Pane မှာ Link လုပ်ပေးထားပါတယ်။ တတ်နိုင်ရင် Chapter တစ်ခုစီလောက် မြန်မာလိုပြန်ပြီး ကျွန်တော်တို့ဆီကို ပို့ပေးကြပါလို့ မေတ္တာရပ်ခံအပ်ပါ တယ်ခင်ဗျာ။ အကျဉ်းချုပ်ကို Print ထုတ်ပြီး အုပ်ရေ ၁၀၀၀၀၊ ၂၀၀၀၀ လောက်ဝေနိုင်ရင်လဲ အကျိုးရှိနိုင်မယ် ယူဆလို့ပါခင်ဗျာ။ သဘာဝဘေးအန္တရာယ် ကျရောက်ပြီးပြီးချင်းမှာ အရေးအကြီးဆုံး လိုအပ်တဲ့ အချက်တွေက တော့ သောက်ရေသန့်၊ ရိက္ခာထောက်ပံ့မှု၊ ဓာတ်အားပြတ်တောက် ခြင်းနဲ့ ကျန်းမာရေး ၀န်ဆောင်မှုလုပ်ငန်း တွေပဲ ဖြစ်ပါတယ်။ ကယ်ဆယ်မှုလုပ်ငန်းတွေကို ဘယ်လို ဆောင်ရွက်ရမယ်၊ အစားအသောက်တွေကို ဘယ်လို ပြင်ဆင်မှု ပြုရမယ်၊ ရေတွင်းရေကန်တွေကို ဘယ်လို ပိုးသတ်ရမလဲ ဆိုတာတွေ၊ တစ်သက်လုံး အမာရွတ်ထင် သွား စေနိုင်တဲ့ ကပ်ဘေးဒဏ်ခံ ပြည်သူတွေ ခံစား လိုက်ရတဲ့ စိတ်ဒဏ်ရာတွေကို ဘယ်လို ကုစားပေးနိုင်မလဲ ဆိုတာတွေကို လေ့လာ အသုံးချနိုင်ကြပါတယ် ခင်ဗျာ။ ကယ်ဆယ်ရေး လုပ်ငန်းလုပ်ဆောင်ရာတွင် သတိပြု သင့်သည့် အချက်များ (မှတ်ချက်။ ကူးယူဖော်ပြခြင်းသာ ဖြစ်ပါသည်။ လိုအပ်သည်ထက် ပိုပြီး ဂရုစိုက်လွန်း သည်ဟု ထင်ပါက ပယ်နိုင်ပါသည်)

*အမှန်တကယ် အကူအညီပေးနိုင်သည့် အကြောင်းရင်းမရှိ
ဲနှင့် သဘာဝ ဘေး အန္တရာယ် ကျရောက်သည့် နေရာအား မသွားပါနှင့်

*အမြဲတမ်းသတိရှိပါ။ လှေစီးလျှင် မီးကြိုးများ ရေထဲထိနေခြင်း ရှိမရှိ...စသည်

*ရေကြီးနေသည့် အဆောက်အဦးများအတွင်းသို့ အန္တရာယ်ရှိသည်ဟုထင်လျှင် လုံးဝမ၀င်ပါနှင့်။

*ရေကြီးရာမှ ဖြစ်ပေါ်လာသော ရေစီးကြောင်းများအတွင်း ကယ်ဆယ်ရန်မလိုအပ်ဘဲနှင့် လုံးဝ မသွားပါနှင့်။

*ထိုရေများအတွင်းတွင် ဘက်တီးရီးယားပိုးမွှား မြောက်မြားစွာပါဝင်ပြီး ထိခိုက်ရာမှ ရရှိသော အပွန်းအပဲ့ ကလေးများအတွင်းသို့ပင် ရောဂါပိုး ၀င်ရောက်နိုင်ပါသည်။

*ရေစီးကြောင်းများ၏ အနက်နှင့် ရေစီး အရှိန်သည် ထင်ရသည်ထက် များစွာပိုပါသည်။ ထိုရေစီးကြောင်းများ အတွင်း ကူးခတ်ရန် လုံးဝမကြိုးစားပါနှင့်။

*တိရိစ္ဆာန်များအား ကယ်တင်လိုပါက လှေငယ်ကလေးများအား လုံးဝအသုံးမပြုပါနှင့်။

*ခြံစည်းရိုးအစရှိသည် နောက်တွင် ပိတ်မိနေပါက ပိတ်နေသည့် အတားအဆီးများကိုသာ ဖယ်ရှားပါ။


အစားအသောက် ပေးလှူလိုသည်ဆိုလျှင် အောက်ပါအချက်များအား စဉ်းစားပါ

ချက်ပြုတ်စရာနှင့် ရေခဲသေတ္တာတွင်း ထည့်သွင်းသိမ်းဆည်းရန် မလိုသော အစားအသောက်များ

*လွယ်လင့်တကူ ပြင်ဆင်နိုင်သော အစားအစာများ

*ကယ်လိုရီနှင့် ပရိုတိန်း များများပါသောအစားအစာများ

*ကလေးများနှင့် သက်ကြီးရွယ်အိုများအတွက် လိုအပ်သောအစားအစာများ

*ဥပမာပေးထားသည့် အစားအစာများမှာ -
စည်သွပ်ဘူးများ ၊ အသား၊ ငါး၊ အသီးအရွက်နှင့် ဖျော်ရည် နို့အစရှိသည်။ ကယ်လိုရီနှင့် စွမ်းအင်များစွာ ပါသော အစားအစာများမှာ Peanut Butter, ဂျယ်လီ၊ မုန့်ကြွတ် နှင့် တောင်တက်သမားများ အသုံးပြုကြသော မုန့်ခြောက်များ၊ လက်ဖက်ရည်၊ ရယ်ဒီမိတ်
ကော်ဖီ၊ ချိုချဉ်၊ ဘီစကွတ်စသော မုန့်များကို စိတ်ဖိစီးမှု လျော့ကျ စေရန်အတွက် စားသုံးနိုင်ပါသည်။ ဗီတာမင်ဆေးပြားများနှင့် ပရိုတိန်းအစား ထိုးဆေးပြားများကိုလည်း ပေးပို့ နိုင်ပါသည်။

ဒါမျိုးအစားအစာတွေ ကိုရှောင်ပါ။

စီးပွားဖြစ်ထုတ်လုပ်ထားသည့် ရေဓာတ်ဖယ်ထားသော အစားအစာများ။ (အစာခြောက် များ) ထိုကဲ့သို့သော အစားအစာများ အားချေဖျက်ရန် ရေဓာတ်များစွာ လိုအပ်ပါသည်။

*ပုလင်းသွပ်ထားသည့် အစားအစာများ။ (လေးလံသည်၊ ၀န်ကျယ်သည်၊ အလွယ်တကူ ကွဲနိုင်သည်)

*အစေ့မှရသည့် အစားအစာများ၊ (ဆန်နှင့်ပဲအစရှိသည်)။ သဘာဝဘေးအန္တရာယ် ကြုံတွေ့နေသူများ အနေနှင့် ထိုကဲ့သို့သော အစားအစာမျိုးကို ပြင်ဆင်မှုပြုရန်မှာ ခက်ခဲလှပါသည်။

အစားအသောက်များအား မည်ကဲ့သို့ သိုလှောင်ထားရမည်နည်း။

*နေအိမ်အတွင်းရှိ အခြောက်သွေ့ဆုံးနှင့် အအေးဆုံးနေရာများတွင် အစားအစာများ ထားပါ။

*အလင်းရောင်မရှိသည့်နေရာတွင် ဖြစ်နိုင်ပါက ထားပါ။

*အစားအစာများအား လုံခြုံစွာ ဖုံးအုပ်ထားပါ။

*ကွတ်ကီးနှင့် ဘီစကစ် အစရှိသည့်မုန့်များကို ပလတ်စတစ်အိပ်များအတွင်း လေလုံအောင်ထုတ်ပြီး နောက်တစ်ထပ် ဘူးတစ်ခုခုအတွင်း ထည့်သွင်းသိမ်းဆည်းပါ။

*ပုရွက်ဆိတ်အစရှိသည့် အင်းဆက်များ လာရောက် စားသုံးနိုင်သည် အစားအစာများအား လေလုံဘူးအတွင်း သို့ သေချာစွာပိတ်သွင်းသိမ်းဆည်းပါ။

*လူတစ်ဦး သောက်သုံးရန်နှင့် အစားအစာအတွက် ပြင်ဆင်ရန် တစ်နေ့လျင် အနည်းဆုံးရေ (၁)ဂါလလိုအပ်ပါသည်။ ကိုယ်ဝန်သယ်များ၊ ကလေးငယ်များ၊ အသက်အရွယ်ကြီးသူများနှင့် လူမမာများ အတွက် လိုအပ်ချက်မှာ ထို့ထက်ပိုပါသည်။ ပလပ်စတစ်ပုလင်းများနှင့် ပုံးများအတွင်းတွင် ရေကို သိုလှောင်ထားပါ။ သဘာဝဘေးဒဏ် ခံနေရသည့် ကာလတစ်လျှောက်လုံးအတွက် အနည်းဆုံး (၃)ရက်စာ ရေရှိနေရန် လိုအပ်ပါ သည်။ ရေသန့်စင်ရန်အတွက် ရေသန့်ဆေးပြားများနှင့် Chlorine bleach အား အနံ့ထည့်မထားပါက အသုံးပြုနိုင်ပါသည်။ ရောစပ်ရမည့် အချိုးအစားမှာ တစ်ဂါလန်လျင် ၁၆စက် သို့မဟုတ် ရေ ၅ ဂါလန်အား Bleach လက်ဖက်ရည်ဇွန်း တစ်ဇွန်း ရောစပ်ပြီး သမစွာ မွှေလျင် ထိုရေအား သောက်သုံးနိုင်ပါသည်။ နိုင်ငံရပ်ခြား တိုင်းပြည်များရှိ ကုန်စုံဆိုင်များတွင် လွယ်ကူစွာဝယ်ယူရရှိနိုင်ပါသည်။ ရေကူးကန်များတွင် အသုံးပြုသည့် ဟိုက်ပိုကလိုရိုက်နှင့် ကလိုရီနိတ်တက် လိုင်းမ် အစရှိသည်တို့ကိုလည်း ရေသန့်စင်ရန်အသုံးပြုနိုင်ပါသည်။

ကျန်းမာရေးနှင့် ကိုယ်လက်သန့်စင်ရေးဆိုင်ရာ သိကောင်းစရာများ

*ကိုယ်လက်သန့်စင်ရန်အတွက် အနည်းဆုံးအောက်ပါပစ္စည်းများလိုအပ်ပါသည်။

*အဖုံးကျပ်ကျပ် ပါသည့် အရွယ်အလတ်စား ပလတ်စတစ်ပုံး

*ပလစ်စတစ်အမှိုက်အိတ်များနှင့် ချည်နှောင်စရာကြိုး (Cable Ties) မှာ (၀န်ခံအားကောင်းရမည်)

*ကလိုရင်း ဆေးရည်

*ဆပ်ပြာ ဆပ်ပြာရည် နှင့် ဆပ်ပြာမှုန့်

*အိမ်သာသုံးစက္ကူ

*အိမ်သာဘယ်လိုဆောက်မလဲ -

*ရေဆိုးလိုင်းများ ပေါက်ကွဲ ပျက်စီးကုန်လျင် အိမ်သာအတွင်းသို့ ပလတ်စတစ်အိတ် ခံကာ အခင်းသွားပါ။

*အိမ်သာအိုးလဲ သုံးမရအောင်ဖြစ်နေပါက အဖုံးပါသည့် ပလတ်စတစ်ပုံးအတွင်းသို့ ပလပ်စတစ်အိတ်ခင်းကာ အခင်းသွားနိုင်ပါသည်။ ထိုင်စရာအတွက် ထိုပလတ်စတစ်ပုံးအပေါ်တွင် ပျဉ်ပြားနှစ်ချပ် ကန့်လန့်တင်ကာ ပြုလုပ်ယူနိုင်ပါသည်။ အခင်းသွားပြီးလျင် ဆပ်ပြာမှုန့်ခတ်ပြီး အဖုံးကို လုံအောင် ပိတ်ထားပါ။ စွန့်ပစ်လိုပါက ကြွက်၊ အစရှိသည်တို့ တူးဖော်ခြင်း မပြုနိုင်ရန် မြေမြုပ်ပစ်ရပါမည်။ ရေတွင်းရေကန် အစရှိသည်တို့နှင့် ဝေးရာတွင် စွန့်ပစ်ရန် သတိပြုပါ။

ကိုယ်လက်သန့်စင်ခြင်းသည် ကျန်းမာရေးအတွက် အလွန်အရေးကြီးသည့်အရာ
ဖြစ်ပါသည်။ သဘာဝဘေးအန္တရာယ်ကြုံတွေ့နေရသူများအတွက် ရေချိုးရန်မှာ မဖြစ်နိုင်သည့်အတွက် ကိုယ်လက် သန့်စင် ရန် နည်းလမ်းများရှာဖွေရန် လိုအပ်ပါသည်။

ကိုယ်လက်သန့်စင်ရန် ပြုလုပ်နိုင်သည် များမှာ

*အရက်ပျံနှင့် ပွတ်သတ် သန့်စင်ခြင်း

*အရက်ပျံပါသည့် လိမ်းဆေး (Lotions) များနှင့် သန့်စင်ခြင်း

*ရေပတ်တိုက်ခြင်း

*Towlettes များအသုံးပြုသန့်စင်ခြင်း

*မျက်နှာလိမ်းသည့် ကရင်များ မုတ်ဆိတ်မွှေးရိတ်သည့် Lotions များနှင့် သန့်စင်ခြင်း

*စပရေးဘူးများအတွင်းသို့ ရေထည့်ကာ ပက်ဖြန်းရေချိုးခြင်းတို့ ဖြစ်သည်။

Our Duty is to hold ourselves responsible to the people. Every word, every act and every policy must conform to the people’s interests, and if mistakes occur, they must be corrected - that is what being responsible to the people’s means.