Feb 17, 2010

ဟိုလိုလို ဒီလိုလို.. လေလွင့်

ဘလော့မှာ အသစ်တင်ပါဦးလို့ ပြောကြတဲ့ သူတွေကို နေ့နေ့ညည အားနာ..။
Scan လုပ်ပြီး ပြန်တင်ရမယ့် ၀တ္ထုတိုတွေလည်း မရှိတော့။ ခက်ပါရဲ့..။
ပြန်ကြည့်တော့ စိတ်နှစ်ကိုယ်နှစ်နဲ့ စာလုံးဝ မရေးဖြစ်ခဲ့တာ.. တနှစ်တောင် ပြည့်ကာနီး…။
စိတ်ထဲ ဗလာနယ်ဖြစ်နေခဲ့တာတော့လည်း မဟုတ်…။
ရေးချင်တာလေးတွေ တွေ့တာမှ အကြိမ်ကြိမ်…။
ဒါပေမဲ့ စုစည်းဆောက်တည် မရတာပါ…။
ပြီးခဲ့တဲ့ တနှစ်မှာ ပန်းချီဆရာမ Louise Bourgeois ရဲ့ ပြပွဲကြည့်ရတုန်းကလည်း Feminism နဲ့ ပတ်သက်ပြီး တွေးမိတာလေးတွေ.. ရေးစရာတွေအစီအရီ….
နောက်တော့ Fall ရာသီမှာ ရောင်စုံ သစ်ပင်တွေထဲ ဘာကြောင့်မှန်းမသိ.. ဗန်ဂိုးကို လွမ်းလွမ်းနဲ့ ပန်းချီတွေပဲ ရေးချင်လာပြန်ရော..။
နောက်တော့ ခရီးတွေ သွားဖြစ်..
သိပ်လှတဲ့ San Francisco…
ချစ်စရာကောင်းတဲ့ Los Angeles …
အေးစက်စက်နိုင်တဲ့ တောမြို့လေး Fort Wayne…
နှင်းတွေ ဖုံးနေတဲ့ Chicago မြို့ကြီး …
တကယ်ဆို ရေးစရာတွေအများကြီးပေါ့…။
ဒါပေမဲ့ မရေးနိုင်ခဲ့..။ တကယ့်ကို ရင်ထဲမှာ ဗလာ.. ဗလာ.. ဗလာ…။
ဒါဖြင့် ကျမက ဘာဖြစ်နေတာလဲ..။
အင်း.. အဲဒါကိုပဲ သိချင်နေခဲ့တာ…။

+++++

“ဘ၀မှာ နေမပျော်ဘူးဆိုရင်.. ဘာကို နေမပျော်တာလဲဆိုတာ သိအောင်ရှာ…”
တကယ်တော့ အဲဒါ ကျမအနီးအနားက စိတ်ဓာတ်ကျနေတဲ့သူတွေကို ကျမ ပြောလေ့ရှိတဲ့ စကားးး။
ခုတော့ ကျမကိုယ်တိုင်..။ ကဲ.. ရှာ စမ်း.. ရှာ စမ်း.. ဆိုတော့…………
တွေ့ပါပြီ… ကျမကို မပျော်စေတဲ့အရာတွေ…
အာဖဂန်စစ်… အီရတ်စစ်… အသေခံဗုံးခွဲ သတင်းတွေ… မြောက်ကိုရီးယားဒုံးကျည်များ.. အီရန်နျူကလီးယား… ကျမတို့ရဲ့ အတ္တရူးစစ်ဗိုကြီးများ…
ဟေတီငလျင်ကလည်း ဗမာပြည်နာဂစ်ကို ပြန်ပြီး နာနာကျင်ကျင် သတိရစေ…
ကိုယ်တိုင် အပေါ်ကိုလည်း မော့မကြည့်နိုင်.. အောက်ခြေကိုလည်း ငုံ့မကြည့်ရဲ.. လက်ထဲမှာလည်း ဗလာ..။
အင်းးး ဘ၀ထဲ ဆိုးလှပါပေါ့…
ဒီကြားထဲ စိတ်အဆင်းရဲရဆုံးနဲ့ တွေးတွေးပြီး ရှက်နေရတာက ဦးအောင်ဆန်းဦး ကိစ္စ..
(ကျမ သူ့ကို သိပ်စက်ဆုပ်မိပေမဲ့ .. ဗိုလ်ချုပ်နဲ့ မေမေကြီး မျက်နှာကို မြင်ယောင်ပြီး ခုထိ ရိုင်းရိုင်းပျပျ မသုံးနှုန်းရက်သေးပါ)။
သူ့ကို စိတ်ပျက်တာနဲ့ ဆက်နွယ်ပြီး နဂိုတည်းက မကြိုက်တဲ့ သူ့ကတော်ကို ပို ခါးသီး..။ သူ့ဆောင်းပါးပါတဲ့ ရွှေအမြုတေကိုတောင် သပိတ်မှောက်တဲ့အနေနဲ့ မဖတ်ချင်တော့။(လောလောဆယ်တော့ တလ ၁၅အုပ်မှာပြီးဖတ်တဲ့ မဂ္ဂဇင်းစာရင်းထဲကနေ ထုတ်လိုက်ပီ)။
ဒီကြားထဲ ခင်မောင်အေး(မန္တလေး)ကလည်း အိမ်အမွေရလိုပြန်သတဲ့..။ ရှက်စရာ ကောင်းလှချည့်..။ စိတ်ပေါက်ပေါက်နဲ့ သူ့ဝတ္ထုကို ရုပ်ရှင်ရိုက်တဲ့ .. ကျမ သိပ်ကြိုက်တဲ့ "သင်္ကြန်မိုး" ကိုတောင် မကြည့်ချင်တော့သလိုဖြစ်..။
ကျမဖြင့် တယောက်တည်း အဲဒီလူကြီးဆိုသူတွေအစား ရှက်… စိတ်တွေတိုနဲ့ ဗျာကို များလို့။

ကိုယ့်အသက်ပြန်ကြည့်တော့ဖြင့် လူ့သက်တမ်းရဲ့ ၃ပုံ၂ပုံထဲ ရောက်နေပြီ..။ စိတ်တွေက ပျံ့လွင့်ချင်တတ်တုန်း…။
အလိုမကျ…..
အဲဒီစကားလုံးကိုတော့ သတိပြုမိသားပါ..။
ဒါဖြင့် ကျမ ဘာကို အလိုမကျသလဲ..။
နှင်းမုန်တိုင်းတွေကြားထဲ အိမ်တွင်းအောင်းနေရတာကိုတော့လည်း အလိုမကျမဖြစ်မိပါ။ စာအုပ်တွေ စိမ်ပြေနပြေဖတ်..
Drama နဲ့ Romance ရုပ်ရှင်တွေ တကားပြီး တကားကြည့်..။
ကျောင်းပိတ်ထားတဲ့ သားသမီးတွေကို စားစရာတွေ တမျိုးပြီးတမျိုး လုပ်ကျွေး..။
ဘ၀ထဲ အရသာရှိရှိနေနိုင်သားပင်..။
မြန်မာပြည်ထဲက မဂ္ဂဇင်းတွေ ဖတ်ရတာလည်း ဒီတလောကို အရသာရှိနေတယ် ထင်မိ။
ဒီလ အသွင်ပြောင်းထွက်တဲ့ ပန်းအလင်္ကာမဂ္ဂဇင်းဆို အဲဒီတအုပ်ထဲမှာကို ဖတ်စရာတွေ တပုံတပင်..။
မောင်သာနိုးနဲ့ မောင်စူးစမ်းရဲ့ ဆောင်းပါးတွေကို အချက်ကျကျ တုံ့ပြန် ဝေဖန်တာတွေ ဖတ်ရတာ တော်တော် ဗဟုသုတရ.. သံဝေဂရ.. ပညာရ.. အရသာရှိ။

ဒီကြားထဲ… ရုပ်ရှင်လေးတကားကြည့်မိတာ The Mirror has two faces ဆိုတာလေး.. ။ ကျမကြိုက်တဲ့ Barbra Streisand ပါလို့မို့ ကြည့်မိတာပါ။ မင်းသားက.. Jeff Bridges ။ သူတို့က Columbia University က Professor တွေ..။ Jeff Bridges က Math Professor, Barbra Streisand က Literature Professor တကိုယ်ရည်နေလာကြပြီး ဆရာဆရာမကြီးတွေ ဖြစ်ကာမှ အရွယ်အတော်ရမှ ချစ်မိကြ... လက်ထပ်ဖြစ် ကြရာ ကနေ အခန့်မသင့်ဖြစ်ရပီးမှ အဆင်ပြေသွားကြတာကို ရိုက်ထားတဲ့ ဇာတ်ပျော်လေးပါပဲ..။ ကျမပြောချင်တာက အဲဒီကားထဲမှာ ကျမငြိသွားတဲ့ တချက်ကလေး။ ပထမပိုင်းမှာ Jeff Bridges က Math ဆရာအနေနဲ့ စာသင်တာမှာ သူက Theory တွေပြော.. Blackboard ဘက် လှည့်ပြီး သူ့ဘာသာသူ ပုစ္ဆာတွေတွက်.. ကျောင်းသားတွေ သူ့နောက်မှာ ဘာဖြစ်နေလဲ မကြည့်.. ဆိုတော့ ကျောင်းသားတွေက သူစာသင်တာကို မကြိုက်ကြဘူး.. စာသင်ချိန်မှာ သမ်းဝေ ပျင်းရိ နေကြတယ် ဆိုတာကို ပြပါတယ်။ Barbra Streisand ကကျတော့ တကယ်အောင်မြင်တဲ့ Literature ဆရာမ။ သူ့ Lecture ချိန်မှာ ကျောင်းသားတွေကို တက်တက်ကြွကြွ စိတ်ပါဝင်စား.. အပြန်အလှန် မေးကြ ဖြေကြ ဆွေးနွေးကြ..။ အတန်းပြည့် အတန်းလျှံ..။ အဲဒီမှာပဲ ကျမရဲ့ စာသင်ချိန်တွေကို သတိရသွားပြီး လွမ်းဆွတ်သွားတာ…။ ပြန်မရနိုင်တော့တဲ့ အချိန်တွေ......

သေချာပြီ.. နောက်ဆုံးတော့ ဒီဘူတာပဲ ဆိုက်ဆိုသလို.. ကျမက မြသီလာကိုပဲ လွမ်းနေတာ.. မြကျွန်းသာရဲ့ နေ့ရက်တွေထဲ မနေရတော့တာကိုပဲ အလိုမကျဖြစ်နေတာကိုးးး…။ ဒီကြားထဲမှာပဲပေါ့၊ တင်မင်းထက်က "ကဗျာမြစ်တို့ ဆုံစည်းဝေးကွာ…" ကို ရေးတော့ သူနဲ့ ကျမက တကယ့် မောင်နှမတတွေလို ကာလတခုကို တူတူဖြတ်ခဲ့ရလေတော့ အဖြစ်အပျက်တွေ မြင်ကွင်းတွေက အတူတူ။ ဆိုတော့ သူရေးသမျှက ကျမအတွက် လွမ်းစရာချည်း…။ သူက လူငယ်ဆိုတော့ အသေးစိတ်ပိုမှတ်မိလေတော့.. တချို့ အချက်အလက်တွေဆို သူရေးတော့မှ ပြန်ပြန်သတိရ…။ အဲဒီအခါ ကျမ ချစ်ရတဲ့သူတွေ.. ကျမ မုန်းရတဲ့ သူတွေ… ကျမ စိတ်ပျက်ရတဲ့ သူတွေကိုလည်း ပြန် ပြန် သတိရ..။ ခုချိန်ကျတော့လည်း အားလုံး အားလုံးက လွမ်းစရာဖြစ်နေတာပါ။ အလွမ်းတွေကိုတော့လည်း စာမရေးချင်…..။ ကျမ ပန်းချီပြန်ရေးချင်နေတာ…။ နှစ်ပေါင်းများစွာ ခွဲချန်ထားခဲ့ဖူးတဲ့ ချစ်သူတယောက်ကို ပြန်တွေ့ဖို့ ကြိုးစားသလို… ကျမ ပန်းချီပြန်ရေးဖို့ပဲ ကြိုးစားနေပါတယ်…။

သေချာပါတယ်… ကျမ တော်တော်နဲ့ စာရေးနိုင်ဦးမှာ မဟုတ်ပါ…။

Feb 13, 2010

သုခအလင်း မွေးဖွားခြင်း



“မွေးဖွားခြင်းနှင့် သေဆုံးခြင်း” စကားအရ “ဖြစ်လျှင်ပျက်မည်” ဖြစ်သော်ငြားလည်း ဖြစ်ခြင်းပျက်ခြင်းတို့သည် ရုပ်ဝတ္ထုတို့နှင့်သာ သက်ဆိုင်သည်။ စိတ်သတ္တိ နှင့်မသက်ဆိုင်ချေ။

ခိုင်မာသော စိတ်ဓာတ်နှင့် ရဲရင့်သော ခံယူချက်တို့ကို မည်သည့်အရာကမှ မဖျက်ဆီးနိုင်ချေ။
ဖြစ်ခြင်းနှင့် ပျက်ခြင်းကြားကာလ . . . ။

မွေးဖွားခြင်းနှင့် သေဆုံးခြင်း ကြားကာလ၌ အများအတွက် အကျိုးပြုမည့်၊ အကျိုးရှိမည့် အရာများကို ဖန်တီးတည်ဆောက်ပေးရမည့် တာဝန်မှာ ကျွန်တော်တို့ လူမှုရေးသမားများ၏ တာဝန်ဖြစ်သည်။

ကျွန်တော်တို့သည် ဘဘဦးသုခ ရည်မှန်းမျှော်လင့် မျိုးဆက်ချပေးခဲ့သော နာရေးကူညီမှုအသင်း (ရန်ကုန်) ကို ဖွဲ့စည်းတည်ထောင်၍ ပြည်သူလူထုတို့ကို ပံ့ပိုးကူညီခဲ့ရာမှ “သုခကုသိုလ်ဖြစ်ဆေးခန်း” ဟူသော အခမဲ့ဆေးဝါးကုသပေးသော ကုသိုလ်ကို ရယူခဲ့ပြီး ဖြစ်ပါသည်။ ယခုတစ်ဖန် . . . “သုခအလင်း” စာကြည့်တိုက်ဟူ၍ မျိုးဆက်သစ်လူငယ်များအတွက် ရည်သန်လျှက် မွေးဖွားခဲ့ပြန်ပါသည်။

“သုခအလင်း” အဓွန့်ရှည်ရေး၊ ရေရှည်ရပ်တည်နိုင်ရေးအတွက် ကျွန်တော်တို့၏ စိတ်ဓာတ်၊ ခံယူချက်တို့ ခိုင်မာရဲရင့်ဖို့ လိုအပ်ပါသည်။
ထို့ကြောင့် ကျွန်တော်တို့သည် ဖခင်ဗိုလ်ချုပ်အောင်ဆန်း၏ ခိုင်မာသော ဆုံးဖြတ်ချက်၊ ရဲရင့်သော ခံယူချက်များ ဖြစ်သော . . .
“ငါ့အား ဖုံးလွှမ်းထားသော လကွယ်သန်းခေါင်ယံ . . . ၊ ယင်းမှောင်မိုက်အတွင်းမှနေ၍ အရှုံမပေးသော ငါ့စိတ်ကို ဖန်ဆင်းပေးသူ နတ်၊ သိကြားကို ငါသည် ကျေးဇူးစကားဆိုပါ၏။ လောကဓံတရား၏ လက်ခုပ်အတွင်းသို့ ဘယ်လိုပင်ကျရောက်စေကာမူ ငါကား မတုန်မလှုပ်၊ မငိုကြွေး။ လောကဓံတရား၏ ရိုက်ပိုက်ခြင်း ဒဏ်ချက်ကြောင့် ငါ၏ ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီနေ၏၊ သို့သော် ညွတ်ကားမညွတ်။ လောဘဒေါသတို့ ကြီးစိုးရာဌာန၏ အခြားမဲ့၌ကား သေခြင်းတရားသည် ကြောက်မက်ဖွယ်ရာ ငံ့လင့်နေ၏။ သို့ပင်မူ ငါ့အားမတုန်လှုပ်သည်ကိုသာ တွေ့ရပေအံ့။ နောင်ကိုလည်း ဘယ်တော့မှ မကြောက်သည်ကို တွေ့ရပေအံ့။”
. . . ဟူသောစကားလုံးများသည် ကျွန်တော်တို့အတွက် ခိုင်မာရဲရင့်သော အားဆေးများပင် ဖြစ်တော့သည်။

ဗိုလ်ချုပ်ရဲ့ အားဆေးများနှင့် ဘဘဦးသုခရဲ့အမွေ (လူမှုရေး၊ ဘာသာရေး) ကိုထပ်မံတိုးပွားမှုပြုခဲ့သော ဤ”သုခအလင်း” စာကြည့်တိုက်ကို ဗိုလ်ချုပ်ရဲ့မွေးနေ့ဖြစ်သော ၁၃.၂.၂၀၁၀ ရက်နေ့တွင် မျိုးဆက်သစ်လူငယ်များအတွက် ရည်သန်လျက် နာရေးကူညီမှုအသင်း (ရန်ကုန်) တည်ရှိရာ နေရာဌာန၌ မွေးဖွားခဲ့ပြီဖြစ်ပါသည်။

ကျွန်တော်တို့သည် မျိုးဆက်သစ်လူငယ်များအတွက် ရည်သန်၍ ဘဘဦးသုခမျိုးစေ့ချပေးသော လူမှုရေးစိတ်ဓာတ်နှင့် ဖြစ်ပေါ်လာမည့်၊ ဖြစ်ပေါ်လတ္တံ့၊ ဖြစ်ပေါ်နေဆဲ အတိုက်အခိုက်၊ အနှောက်အယှက်၊ အဖျက်အဆီး၊ အတားအဆီးမှန်သမျှကို ကျွန်တော်တို့၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ ရဲရဲတော်စကားလုံးများကို လက်ခံကျင့်သုံးကာ ကျွန်တော်တို့၏ ဘဝပန်းတိုင်၊ ပြည်သူတို့၏ ငြိမ်းချမ်းရေးပန်းတိုင်သို့ ရောက်အောင် ဤ”သုခအလင်း”နေရာဌာနမှ မလျော့သောဇွဲနှင့် လက်တွဲမဖြုတ် ချီတက်ကြပါမည်ဟု သန္နိဋ္ဌာန်ချလိုက်ပါသည်။

ဘဘဦးသုခနှင့် ဖခင်ဗိုလ်ချုပ်အောင်ဆန်းတို့ ရောက်ရာမြင့်မြတ်သော ဘုံဌာနအသီးအသီးမှ သာဓု . . သာဓု . . .သာဓု . . ခေါ်ဆိုပါလေတော့ . ..

ကျော်သူ

Location: ရန်ကုန်၊ မြန်မာ