Feb 17, 2011

အမေဆိုတာ....

ဒီရက်ပိုင်း ကရင်ပြည်နယ်ထဲက သမီးလေးတယောက်နဲ့ အဆက်အသွယ်ရပါတယ်..။ သူ့ဆီက ဓာတ်ပုံတွေထဲကနေ ကျမတို့ ရွာနားက (တကယ်တော့ ရာကျော့်ရွာပါ) မြင်ကွင်းတွေမြင်ရတော့ ရွာကို လွမ်းလိုက်တာ။ တုပ်ကွေးရာသီထဲ ကိုယ်လည်း ကွေးချင်ချင်နဲ့ ချောင်းတွေ မတရားဆိုးလို့ ရုံးကနေ ခွင့်ယူထားရတာမို့ အိမ်မှာ တယောက်တည်း ငြိမ်ငြိမ်လေးကွေးရင်း ရွာကိုလွမ်း.. အမေနဲ့အဘကို လွမ်းလိုက်တာ…။ အမေနဲ့အဘ လည်း ကျမတို့ကိုလွမ်းနေမှာ သေချာတယ်။ အဘကကျတော့ သူအားကိုးရတဲ့ တဦးတည်းသော သားကို အဖော်အဖက် အနေနဲ့ လွမ်းနေမှာ..။ အမေကတော့ သူ့နားကပ်ပြီး ပလီပလာ တွေပြော..ရယ်စရာတွေပြောတဲ့ ချွေးမ ကျမကို ပျင်းပျင်းနဲ့ လွမ်းနေမှာ…။ ဒီလိုပဲ တ၀ိုင်းတည်းနေကြတဲ့ အမျိုးတွေကလည်း နွေကျောင်းပိတ်ပြီဆို ရွာမှာ လာနေပြီး မိုးလင်းတာနဲ့ သနပ်ခါးအဖွေးသားနဲ့ အိမ်ရှေ့ ကွပ်ပျစ်လေးမှာ ထိုင်ပြီးတော့ မုန့်မျိုးစုံ စားရင်း စကားဝိုင်းဖွဲ့တဲ့ အမေနဲ့ကျမအနားမှာ ကျမတို့ ပြောသမျှ ၀ိုင်းနားထောင်ရတဲ့အချိန်တွေကို လွမ်းနေမှာ…ဆိုတာကို မျက်ရည်တွေနဲ့အတူ ကျမ သိနေပါတယ်။

+++++

ကျမ ရွာကို ပထမဆုံးသွားလည်တော့ ရန်ကုန်သူ.. အိမ်ထောင်ကွဲ… ကလေးတယောက်အမေ… အသက် ၃၀ ..။ တက္ကသိုလ်ဆရာမ… ကျမက ဆံပင်က ပိုနီတေး.. ထမီက ခပ်တိုတို..။ ရယ်ရင်လည်း တဟားဟားနဲ့… ဆိုတော့ အတူသွားကြတဲ့ အသက်ကြီးကြီး ဆရာမတွေထဲမှာ တော်တော် ကြည့်မရစရာ ဖြစ်နေနိုင်ပါတယ်။ ရွာ့မျက်စေ့ကိုး..။ ပြီးတော့ မွန်လူမျိုးတွေမို့ ခပ်ရိုးရိုး သတ်မှတ် ထားတဲ့ ပုံစံတခုက ရှိပြီးသားလေ..။ ဆရာမဆိုတာ.. ဆံထုံးနဲ့၊ ပါတိတ် ၀မ်းဆက်နဲ့ စလင်းဘက်ကြီး ခန့်ခန့်ညားညားနဲ့ပေါ့။ ခု သူတို့တွေ့နေရတာက တီရှပ်နဲ့၊ ထမီက တိုချင်ချင်။ ပခုံးသိုင်းအိတ်ကလည်း ပုံမကျ ပန်းမကျ..။ ရုပ်ကလည်း စွာတာတာ မာကျောကျော။ တပည့်တွေကသာ ချစ်စိတ်နဲ့ပေမဲ့ လူကြီးတွေကတော့ ဘယ် အမြင် ကြည် ပါ့မလဲ..။ ဒီကြားထဲ သူတို့ရဲ့ ရွှေမင်းသားလေးနဲ့ စိတ်ပူနေကြတာလည်း ရှိနေတာကိုး။ အဲဒီတုန်းက ရာကျော်ကလည်း လူကြီးဆန်ဆန် နေတတ်တယ်ဆိုပေမဲ့ အသက်က ၂၁ နှစ် စွန်းစွန်းသာ ရှိသေးတာ..။

ကျမကလည်း အဲဒီအချိန်တုန်းက တကယ့် ကျားနာမ။ ရန်သူလို့ထင်သမျှကို အနည်းဆုံး မာန်တော့ ဖီလိုက်ချင်သေးတာ..။ လောကကြီး တယ်မတရားဘူးးပေါ့လေ….။ ဒီလိုနဲ့ ရွာကလည်း ကျမကို အကဲခတ်.. ကျမကလည်း ရွာကို အကဲဖြတ်နဲ့….။ အဲဒီထဲမှာတော့ အမေက အဆိုးဆုံးပေါ့။

အမေကလည်း တဦးတည်းသောသမီး..။ အမေ့အသားအရည်ကိုပြောရရင် မုန်လာဥလို ဖွေးဥ နေတာ.. သံလွင်မြစ်ကမ်းဘေးက ရွာသူတယောက်လို့ ပြောရင် ဘုရားစူးပဲ..။ သူ့ ကိုယ်သူလည်း ဂရုစိုက်တော့ ကိုယ်လုံးကိုလည်း အ၀မခံ..။ ခုထိ ဆရာမကြီးက လှတုန်းပဲ ပြောရင်း ပြုံးသွားတာ..။ ဟုတ်တယ်.. အမေက လှတယ်..။ ကျောင်းသွားရင် နှုတ်ခမ်းနီနဲ့ ပန်းနဲ့ ..။ မွှေးကြိုင်လို့ အလှကလည်း မက်သေး။ ကျမများ တရက်လောက် ပစ္စလက္ခတ်နေရင်.. သမီး လာ.. ဒီမှာ သနပ်ခါးလေး လာပွတ်ထားစမ်း.. လို့ သူသွေးထားတဲ့ မန်ကျည်းခေါက်တွေ လိမ်းခိုင်းတော့တာ.. နေမလောင်အောင်တဲ့။ အမေက သူတို့ ခေတ်မှာတော့ သူကြီးဆက်.. လယ်ပိုင်ရှင်ဆက်ဆိုပါတော့။ စာတော်တော့ ခေတ်မီတဲ့ အမေ့မိဘတွေက ကျောင်းပြီးအောင် ထားလို့ အမေက ဘီအေ ဘီအီးဒီကို အင်္ဂလိပ်စာ ဘာသာတွဲနဲ့ ပြီးပြီး ရွာက အထက်တန်းကျောင်းမှာ အထက်တန်းပြ အင်္ဂလိပ်စာဆရာမ လုပ်တာ.. လုပ်သက် ၃၅နှစ်ပြည့် ပင်စင်ယူတဲ့အထိပဲ။ တခုတော့ ပြောစရာရှိတာပေါ့..။ အဲလိုဆိုတော့လည်း အမေက မာန ခေါင်ခိုက်ပေတာပေါ့။

အမေ့ညီမတွေ ဂုဏ်လုပ်ပြီး ပြောပြောပြတာကတော့ အမေ BED တက်နေတုန်း ကျောင်းနား ရုပ်ရှင် လာရိုက်တာ သွားကြည့်တော့ ဒါရိုက်တာ ဗိုလ်ဗကိုက တွေ့ပြီး ရုပ်ရှင်မင်းသမီး လုပ်မလား လို့ မေးတယ် ဆိုပဲ။ အမေက မိဘတွေ သဘောတူမှာ မဟုတ်ဘူး လို့ ပြောခဲ့တာ။ တခါကျတော့ ဗိုလ်ဗကိုက ဘားအံမှာ ရုပ်ရှင်လာရိုက်ရင်း ကြုံတာနဲ့ ရွာအထိ ဆင်း လာပြီးတော့ အမေ့မိဘ တွေကို ရုပ်ရှင်ရိုက်ခွင့် တောင်းပေး တာတဲ့။ ဗိုလ်ဗကိုတို့လည်း ပြန်သွားရော အဖွားက အမေ့ကို လှိမ့်ရိုက်တာ..။ နင်ဆတ်ဆော့တာပေါ့.. ရှုပ်ရှုပ်ယှက်ယှက်တွေ လုပ်တယ်ပေါ့။ အဲဒီအချိန်မှာ အမျိုးတွေက သူ့အကြောင်း သူ့ရှေ့ပြောနေပေမဲ့ အမေကတော့ သူ့အကြောင်း မဟုတ်သလိုဘဲ နားထောင်နေတာပဲ..။

ဟား အမေသာ မင်းသမီးဖြစ်ရင် ချိုပြုံးလောက်တော့ အသာလေးပေါ့လို့ ကျမက ပြောတော့၊ တော်စမ်း.. အပိုတွေ.. အဲလောက်တော့ မဟုတ်သေးဘူးဟေ့လို့ ကျမကို မျက်စောင်းထိုးပြီး ပြန်ပြောတယ်။ အမေ့မျက်နှာမှာ ထူးခြားတာက နှုတ်ခမ်း..။ အမေ့နှုတ်ခမ်းက အစွန်းတွေ အပေါ်ဘက်ကို ကော့နေတော့ ပြုံးနေသလိုပဲ။ မာနကြီးလို့ မျက်လုံးတွေက မာပေမဲ့ နှုတ်ခမ်းတွေက ပြုံးနေတာ..။ ဒီတော့ အမေ စိတ်ပါလက်ပါ ရယ်ရင် သိပ်ချစ်ဖို့ ကောင်းတာ…။ အမေက စိတ်မာလွန်းတော့ အမေ မျက်ရည် ကျတာ ကျမ တခါမှ မမြင်ဖူးပါဘူး။ နောက်တခု အမေ သူများမကောင်းကြောင်းပြောတာ တခါမှ မတွေ့ဖူးသလို သူများက သူ့ရှေ့မှာ လာပြောရင်လည်း ပေးမပြောပါဘူး..။ အဲလို စည်းကမ်းရှိတဲ့ အမေပါ..။

++++++

ကျမ ရွာသွားလည်ပြီဆိုရင် အဲဒီတုန်းက ကျမတို့မှာ သားကြီးနဲ့ သမီးလေးပဲ ရှိပါသေးတယ်။ အမေက ကျမတို့ ရောက်တာနဲ့ ဟေး ငါတို့ရွာ သူပုန်ဝင်စီးပြီ လို့ အော်တတ်တယ်။ ပြီးတော့ အဘကို စက်ဘီး ပြင်ခိုင်းပြီး ဈေးသွားဝယ်တော့တာပဲ။ တခါတလေ ကျဲကျဲ ကို ခေါ်သွားတာပေါ့..။ ပြန်လာရင်တော့ မီးဖိုထဲဝင် တန်းချက်တော့တာ…။ အမေက ဟင်းချက်လည်း သိပ် ကောင်း တယ်။ ဧည့်ခန်းလို ပြောင်လက်နေတဲ့ မီးဖိုမှာ အမေက သူများဝင်ရင် စိတ်တိုင်းကျတာမဟုတ်။ (ကျမကလည်း ငပျင်းဆိုတော့ အတော်ပဲ)။ အမေ့နား စကားတွေသာ ပြောနေလိုက်.. ပြီးရော။

အဲဒီအချိန်ဆို အဘ နဲ့ ရာကျော်က အိမ်က စက်ပစ္စည်းတိုလီမိုလီတွေ ပြင်ဆင်တာ ပြန်တပ်တာတွေလုပ်.. ဆီစက်ကိစ္စ ဖြစ်ဖြစ်.. လယ်ကိစ္စ.. ကိုင်းကိစ္စဖြစ်ဖြစ် အလုပ်ရှုပ်နေတာ ပါပဲ။ အမေတို့အိမ်က သံလွင်မြစ်ကမ်းနံဘေးမှာမို့ အေးတယ်။ မွန်အိမ်တွေရဲ့ ထုံးစံအတိုင်း နှစ်ထပ်အိမ်မြင့် ပြင်ကျယ်ကြီး..။ သစ်သားသက်သက်အိမ်မို့ ပိုနေလို့ကောင်းတာပေါ့။ ၀ရံတာမှာ အမေ့လက်ရာ ပန်းစိုက်အိုးပေါင်းစုံနဲ့။ အမေ မလှချင်က သူများလို ရေတွင်းမှာ ရေမချိုးတာမို့ အိမ်အပေါ်ထပ် ရေချိုးခန်းမှာ သူ စိတ်ကြိုက် ရေချိုးဖို့ အဘခမျာ ရေတင်ရတာကပဲ အလုပ်တခု။ အဲဒီတုန်းက အမေနဲ့အဘ အိမ်ထောင်သက် နှစ်အစိတ်မှာ တခါမှ ရန်မဖြစ်ဖူးဘူးတဲ့။ ဘယ်ဖြစ်မလဲ.. အဘက အေးပြီး အမေ့ကို အလိုလိုက်တာကိုး။ (ရာကျော့်ခမျာ အဖေနဲ့ တူရှာတာ..)

အမေပြောပြတာတခု သတိရသေးတယ်။ အမေနဲ့အဘ ရည်းစားဘ၀။ အမေက ရန်ကုန်မှာ ဘီအီးဒီတက်နေတုန်း.. အဘက ရေဆင်းမှာ စိုက်ပျိုးရေး တက်နေတုန်း..။ အဘက အမေ့ကို လွမ်းလို့ ရေဆင်းတက္ကသိုလ်ကနေ ဆင်းလာတာ.. အမေက အဘကို စိတ်ကောက်နေတာ တခုရှိလို့ ဆင်းမတွေ့ဘူးတဲ့။ နောက်တော့ အဘခမျာ ပြန်သွားပြီး အမေ့ကို စာရေးတယ်တဲ့.. မင်းကို မတွေ့ခဲ့ရပေမဲ့ အဆောင်ပေါ်မှာ မင်း ထမီလေး လှန်းထားတာကို မြင်ခဲ့ရလို့ အမောပြေပါတယ်.. တဲ့။ ပြီးတော့ ကျမကို ရယ်ပြီး ပြောသေးတယ်.. ရာကျော် နဲ့ သူ့အဖေ ဘယ်သူပိုချစ်တတ်သလဲဟေ့..တဲ့။ အနားက အမျိုးတွေက ၀ိုင်းရယ်ရော..။

+++++

အမေက သိပ်ဗိုလ်ကျတာ..။ တဦးတည်းသောသမီး.. ပညာတော်.. ရုပ်ကလေးလှ.. ပြီးတော့ ၀မ်းကွဲတွေထဲ အကြီးဆုံးလို လည်းဖြစ်တော့ အမျိုးတွေထဲက အငယ်မှန်သမျှ အမေ သေဆိုသေ ရှင်ဆိုရှင်..။ (ဒါမဲ့ အဘလည်း သူ့ထက်ကြီးပေမဲ့ တူတူ ပါပဲ.. ဟီးး ကြားရင် ဆိတ်ခံထိမှာ)။ အဘကတော့ နဂိုတည်းက အေးလည်းအေး နူးလည်းနူးညံ့.. နောက်ပြီး စာဖတ်ရင်း ကွမ်းဝါးရင်း တခုခု လုပ်ရင်း ငြိမ်နေတတ်တော့ အမေပဲ ဗိုလ်ပေါ့..။ အမေ့ကို မကြောက်ဘဲ လုပ်ချင်ရာ လုပ်တာဆိုလို့ သူ့သား ရာကျော်ပဲ ရှိမှာ..။ ဒါပေမဲ့ ရာကျော်ကလည်း သိပ်လိမ်မာတာပါ။ အသက် ၁၃နှစ်သားထဲက အဖေနဲ့ ဒိုးတူပေါင်ဖက် အလုပ်လုပ်ကူတာ..။ မြေနဲ့အတူထဲက ဇာတ်လိုက်ပဲဟာ.. 

အမေ့ခမျာ.. သူ့ရဲ့ တယောက်တည်းသားလေးက ကျမကိုယူတော့မယ်ဆိုတော့ ဘယ်လောက်များ ရင်ကွဲရှာမလဲ..။ တကယ်တော့ ဒါတွေကို ကျမ နဂိုကတည်းက တွေးမိ ပါတယ်။ ကျမ တွေးမိတာတွေ တွေးခဲ့တာတွေအများကြီးပေါ့…။ ဒါပေမဲ့ တကယ့် တကယ်များ ဆိုးသွမ်းတဲ့ ကံကြမ္မာက ကျမကို အဲလို ရက်စက် မိုက်မဲအောင် တွန်းပို့ခဲ့ပါတယ်။ ကျမကိုယ်၌ကလည်း ခပ်ညံ့ညံ့ ရှိခဲ့ပါလိမ့်မယ်…။ ကျမနဲ့ရာကျော် လက်ထပ်ပြီး ၂နှစ်မှာ သမီးကိုမွေးပါတယ်။ အဘနဲ့တကွ အမျိုးတွေက အမေ့ကို ကြောက်ပေမဲ့ ကျမနဲ့ ရာကျော့်ကို ချစ်တာမို့ ကျမတို့ ရွာကိုသွားလည်ပါတယ်။ အမေက ခပ်တည်တည်ပဲ.. ကျမတို့ကို မခေါ်ပါဘူး။ ကျမတို့ကလည်း ဘယ်လောက်ဆိုးလဲဆို အမေ့တို့အိမ်ဝိုင်းထဲက အမျိုးအိမ်မှာပဲ အိပ်တာပါပဲ။ ဒါပေမဲ့ သမီး ၆လ.. ရွာကိုအသွားမှာ ကျမ ဖျားတဲ့အခါမှာတော့ အမေက ကျမကို သူ့အိမ်ရွှေ့ခိုင်းပြီး သူကိုယ်တိုင် ပြုစုပါတော့တယ်။ အဲဒီတုန်းက အမေ့မျက်လုံးတွေက စိုလက်လို့။ အဲဒီကတည်းက ကျမဟာ အမေ့သမီးဖြစ်သွားသလား မသေချာပေမဲ့ အမေ ကတော့ ကျမရဲ့ အမေ ဖြစ်သွားခဲ့ပါတယ်။

အမေက ကျမ သားကြီးမောင်ထူးမြတ်ကိုလည်း ချစ်ရရှာပါတယ်။ ရာကျော်က သား မပျင်းအောင် လယ်ထဲခေါ်သွားရင် အမေ စိတ်ပူမဆုံး.. မျှော်မဆုံး..။ တခုခုဖြစ်ရင် ဒုက္ခ သမီးရယ်.. ရွာက ကလေးတွေလိုမဟုတ်ဘူး..။ ဘာမှန်းမသိ ဒီရာကျော်တို့ သားအဖနဲ့တော့ ခက်တယ်လို့ အဘကိုပါ လှမ်းအပြစ်တင်သေးတာ။ မောင်ထူးမြတ်ကို မြစ်ထဲလည်း ပေးမဆင်းချင်.. သစ်ပင်လည်း ပေးမတက်ချင်။ တခုခုဖြစ်မှာစိုးလို့ တဲ့။

အဲဒီနောက်ပိုင်းလည်းကျရော.. ရာကျော်နဲ့အဘလည်း ပို တသားတည်း ကျရတော့တာပေါ့။ ဘာလို့ဆို အမေက ကျမဘက် ကလေ..။ ရာကျော် ညဘက် လဘက်ရည်ဆိုင်ကပြန်တာ နောက်ကျရင် ကျမ ဆူစရာမလိုတော့ဘူး.. အမေပဲ..။ ကျမကို ပြောလိုက်သေးတယ်.. သမီးကလည်း လွှတ် လွှတ် မထားနဲ့..တဲ့။ အဲလို အမေ…။ မော်လမြိုင်တက္ကသိုလ်ထဲက ကျမ အိမ်ခန်းလေးဆီ လာပြီဆိုရင်လည်း ရောက်တာနဲ့ ခဏမဆိုင်းဘဲ အိမ်သိမ်း အိမ်ရှင်း ဟင်းချက်လုပ်တော့တာ..။ ပြန်ရင်တောင် ချက်ပြုတ်ပြီး ကြာကြာခံအောင်တမျိုး.. ရေခဲသေတ္တာထဲထားစားဖို့ စီစဉ်ခဲ့တာတသွယ်.. လုပ်ပေးခဲ့တာ…။ သမီး အမေ့ကို လွမ်းတယ်.. အမေ..။

+++++

ရွာရဲ့ ညတွေကိုတော့ အလွမ်းဆုံးပေါ့။ မိသားစုတွေ အိမ်ဝရံတာမှာ ညနက်တဲ့အထိ ထိုင်.. ဂျင်းလဘက်သုပ် ရေနွေးကြမ်းနဲ့.. စကားတွေ ပြောရတာ မကုန်နိုင် မခမ်းနိုင်..။ အဘက ရေဒီယိုနားထောင်ထားသမျှ ကမ္ဘာ့သတင်းတွေ ဖောက်သည်ချ…။ အမေကတော့ သူကြည့်ထားတဲ့ ကိုရီးယားကား အကြောင်းပေါ့။ တခါတလေ ကျမ ရွာရောက်နေတုန်း ကျောင်းကိစ္စနဲ့ အမေ ဘားအံကို ၂ညအိပ်လောက် တက်သွားရင်တောင် ကျမ မနေတတ် မထိုင်တတ် ဖြစ်ရပါတယ်။

ကျမ အမေ စိတ်ဆင်းရဲအောင်လို့ မရည်ရွယ်ဘဲ စိတ်ဆင်းရဲအောင် လုပ်ခဲ့မိဖူးတယ်.. ။ နောက်ပိုင်း အမေ့သားရဲ့ အိမ်ထောင်ရေးအတွက် အမေ စိတ်ချမ်းသာတယ် ဆိုရင်တောင်မှပဲ.. ကျမ သေချာ ပြန်မပေးဆပ်ရသေးပါဘဲနဲ့.. အမေနဲ့အဘရဲ့ တယောက်တည်းသော သားလေးကို အမေတို့မျက်ကွယ်ရာ အဝေးကြီးကို ခွဲခေါ်ခဲ့ပြန်ပြီ။ ခုဆို အမေတောင် အသက် ၆၇နှစ် ပြည့်တော့မယ်။ ဖြစ်ချင်တော့ အမေနဲ့ကျမက မွေးလ အတူတူ။

+++++

တကယ်တော့ ဒီတလော ကျမ ဘာလို့ အမေ့ကို ပိုလွမ်းနေလဲဆိုတာ ကျမသိပါတယ်။ အမေ့ကို ပြောပြရင် အမေ ဘယ်လို ပြန်ပြောမလဲ သိချင်လိုက်တာ…။ သားကြီး အသက် ၂၀ ပြည့်တော့မယ်လေ အမေ…။ လွန်ခဲ့တဲ့ ၁၃နှစ်က အမေ့ခံစားချက် ဘယ်လိုရှိခဲ့မယ်ဆိုတာကို ခုချိန်မှာမှ ကျမ ပိုသိလာရတာကိုးးးး။ လွမ်းတယ်.. အမေ။

၁၆ ဖေဖော်ဝါရီ ၂၀၁၁။

Feb 3, 2011

မုန်တိုင်းရဲ့ ကျောရိုး နှင့် ၀တ္ထုတိုများ

ဝတ္ထုတိုတချို့ ပြန်ဖတ်ချင်တယ်လို့ သူငယ်ချင်းတယောက်က ပြောလာတာနဲ့ ကျမကို တယောက်လုပ်ပေးထားတဲ့ ဒီ Ebook လေးကို တင်ပေးဖို့ စိတ်ကူးရပါတယ်။ ဒီစာအုပ်လေးကို ဘယ်သူလုပ်ပေးတယ်ဆိုတာ ကျမ မသိပါ။ ကျမဆီကို အီမေလ်နဲ့ ပို့ပေးတာပါ။ ကျမဖြင့် ကျေးဇူးတင်လိုက်တာ။ ဒါပေမဲ့ သူ အဲလို လုပ်ပေးမယ်ဆိုတာ မသိတော့ ကျမ စာတွေကို ပြန်မစစ်လိုက်ရလို့မို့ Blog မှာ တင်တုန်းက စာရိုက်မှားထားတာလေး တချို့တော့ မစင်ဘဲ ပါသွားပါတယ်။ နည်းနည်း ရုပ်မလှတဲ့ အမှားလေးတချို့လည်း ရှိပါတယ်။ ဥပမာ.. ထွက်ပြေးတဲ့အခါ ၀တ္ထုမှာ
ထွက်ပြေးတဲ့အခါ
နာကျင်ခြင်းမြွေတွေက
ခန္ဓာကိုလိမ်ပတ် ညှစ်သတ်တော့
ခပ်လျော့လျော့အသက်က
မျက်လုံးပြူး မျက်ဆံပြူးနဲ့ ရုန်းထ
သူ့ဘ၀ကို ပိုရုပ်ကြွလာစေပြန်တယ်..

ဆိုတဲ့အပိုဒ်မှာ မျက်လုံးပြူး မျက်လုံးပြူးနဲ့လို့ ဖြစ်နေတာမျိုးပါ။ ဒီတော့ တချို့ စာလုံးအကျ အမှားတွေကို ဖာသာပဲ ဖြည့်ဖတ်ကြပါတော့နော်..။


Feb 1, 2011

ရွက်ကျပင်ပေါက်



အိပ်မက်ကနေ နိုးလာတော့ မောနေတုန်း…။
အိပ်မက်လို့ သိမှ တော်ပါသေးရဲ့လို့ စိတ်အေးတယ်။
ဒါပေမဲ့ အိပ်မက်ကို ပြန်တွေးတော့ မျက်ရည်တွေက အလိုလို စီးကျလာတယ်..။
သေရာပါမယ့် အိပ်မက်တွေ ထင်ပါရဲ့…။
အိပ်မက်ထဲမှာ ကျောင်းကားစောင့်နေတာ…။ ကိုယ် ကားနားရောက်ကာနီးမှ ကားက ထွက်သွားရော။ လက်ထဲက ဆွဲခြင်းတဘက်နဲ့ ပြေးလိုက်ပေမဲ့ အရင် အိပ်မက်တွေထဲကလိုပါပဲ..။ မီလုမီခင်နဲ့ မမီ…။ ကျောင်းမှာ စာမေးပွဲခန်းစောင့်ရမှာ.. ဒုက္ခပါပဲပေါ့..။ နာရီက အသွားမြန်.. ကားက မရ..။ ဒီလိုနဲ့ပဲ လန့်နိုးပြန်တာပါပဲ..။

အဲဒီ ဆရာမဘ၀ကို ကျမ ဘယ်တော့မှ မေ့မရနိုင်တော့ဘူးလား…။
ရွှေထီးဆောင်းခဲ့စဉ်ကာလလို့ ပြောရအောင်ကလည်း ဆင်းရဲပင်ပန်းလှတဲ့ အချိန်တွေပါ..။
ဒါပေမဲ့ .. ကျမ ဘယ်လို ဟန်လုပ် ဟန်လုပ်.. ဘယ်လိုပဲ မေ့ဖျောက် မေ့ဖျောက်..
ကျမရင်ထဲ ဟိုးနက်နက်တနေရာမှာတော့ အဲဒီဘ၀ကို စွဲစိတ်က စို့ရိုက်သွင်းထားသလို နစ်ဝင်နေခဲ့တာ ဖြစ်မှာ…။

++++++

(တစ်)

မှတ်မှတ်ရရ ပြန်တွေးတော့ ဟိုးးငယ်ငယ်လေးကတည်းက ကျမကြီးလာရင် ဘာလုပ်မလဲ မေးတဲ့အခါ ကျောင်းဆရာမလို့ လွယ်လွယ်ဖြေခဲ့တာပဲ။ တကယ် ဆရာမ ဖြစ်ချင်စိတ် ပြင်းပျတယ်လို့တော့ သတိမထားမိပါဘူး။ ဒါပေမဲ့ အမေက ကျောင်းဆရာမ။ ကျမက သူများလို ဆရာဝန်မဖြစ်ချင်.. အင်ဂျင်နီယာ မဖြစ်ချင်..။ ဒီတော့ လုပ်စရာ ဆရာမပဲ ရှိတယ်လို့ ထင်တာလေ…။

ငယ်ငယ်လေးကတည်းက သိသိသာသာ လုပ်ဖြစ်တာတော့ ပန်းချီဆွဲတာပဲ..။ နည်းနည်း ထူးချွန်တာက စာစီစာကုံး ရေးတာ…။ နောက် တကယ်တမ်း တက္ကသိုလ်ရောက်တော့လည်း တက္ကသိုလ်မှာ ဆရာမ ဖြစ်ချင်တာက နည်းနည်း.. တက္ကသိုလ်နယ်မြေထဲ အကြာကြီး နေချင်တာက များများနဲ့..။ ဆရာမဖြစ်ခွင့်ရတော့ ဘ၀မှာ ဘာမှမလိုတော့ဘူး ပြီးပြည့်စုံပြီလို့ကို တွေးမိပြီး ပျော်တော့တာ။ ပြောရရင် လွယ်လွယ်နဲ့ ရခဲ့တယ်လို့လည်း ထင်ပါတယ်။ ခုထိတော့ ဘ၀မှာ အကျေနပ်ဆုံးအချိန်တွေပါပဲ…။

+++++

ကိုယ့်စာမူလေး မဂ္ဂဇင်းထဲ စပါတော့ ပျော်သလားဆိုတာ ခု ပြန်စဉ်းစားကြည့်မိတယ်။ ကျေနပ်တာတော့ သေချာတယ်။ ကိုယ့်စာမူပါတဲ့ စာမျက်နှာကိုပဲ တစိမ့်စိမ့်ကြည့်လို့..။ ပေဖူးလွှာမှာ ကဗျာ စပါတော့ ခွဖောင်လို့ ခေါ်တဲ့ မဂ္ဂဇင်းအလယ်မှာ သပ်သပ်ရပ်ရပ်ပါရတာမို့ စိတ်ချမ်းသာခဲ့တာ..။ တခါ ၀တ္ထုတိုကျတော့လည်း သရုပ်ဖော်ပုံက ကိုယ့်သူငယ်ချင်း ၀င်းမော်ဟန် လက်ရာ..။ ကိုယ်ကြိုက်တဲ့ ပန်းချီဆရာဆိုတော့ ပိုသဘောကျတာပေါ့..။ နောက်တော့ အဲဒီ စာပေနယ်ပယ်လေးကို စွဲစွဲ လန်းလန်းနဲ့…..စာပေအပေါင်းအသင်းတွေနဲ့ လေထန်ကုန်း၊ ဒေါ်ရိတ်ကြီး၊ ဘားလမ်း ကိုထွန်းရီဆိုင်၊ ၁၉လမ်း၊ Mr.Guitar တွေမှာ တ၀ဲလည်လည် သွားလာခဲ့တဲ့ နှစ် ၂၀ အချိန်ကာလထဲ ပျော်ခဲ့တာပဲ။ ခုချိန်ထိလည်း.. လွမ်းဆွတ်ဆဲ...။

+++++++

ဆရာမဘ၀ နဲ့ စာရေးဆရာမ ဘ၀ ဘယ်ဟာကို ပိုကြိုက်လဲမေးရင်တော့ အတူတူပဲလို့ ဖြေရမှာထင်ပါတယ်။ ဒါပေမဲ့ ဘယ်ဘ၀ကို ပိုတန်ဖိုးထားလဲဆိုရင်တော့ မှန်တာပြောရရင် စာရေးဆရာမဘ၀ကိုပေါ့..။ တက္ကသိုလ်ဆရာမဖြစ်ခွင့်ကို တော်တော်များများ ရနိုင်ကြပေမဲ့ စာရေးဆရာမဘ၀ကတော့ ရနိုင်ခဲတယ်လို့ ထင်တာကိုးးး။ ဒါပေမဲ့ မြန်မာစာဆရာမ ဘ၀မှာ အောင်အောင်မြင်မြင် ရပ်တည်နိုင်ခဲ့တာအတွက် ဂုဏ်လုပ်မိတာကိုလည်း ၀န်ခံပါတယ်။ ဒါကြောင့်သာ အစိမ်းခွဲ ခွဲထားခဲ့ရတဲ့ အဲဒီဘ၀ကို စိတ်ကျ အိပ်မက်တွေထဲ စွဲစွဲမြဲမြဲ မက်နေခဲ့တာပဲ မဟုတ်လား…။

+++++

တက္ကသိုလ်ဆရာမဘ၀မှာ လှိုင်တက္ကသိုလ်မှာ ၉နှစ်… ဘားအံကောလိပ်မှာ.. ၃နှစ်.. ရန်ကုန်စီးပွားရေးတက္ကသိုလ်မှာ ၁နှစ်.. မော်လမြိုင်တက္ကသိုလ်မှာ ၅နှစ်.. ဒဂုံတက္ကသိုလ်မှာ ၂နှစ်…။ တာဝန်ကျရာ ရောက်လေရာမှာ ကျမ ပျော်ခဲ့တာပဲ နှစ်နှစ်ခြိုက်ခြိုက်…။ လုပ်ဖော်ကိုင်ဖက်တွေထဲမှာ စိတ်တူကိုယ်တူတွေ အမြဲတွေ့ရပြီး ချစ်ခဲ့ခင်ခဲ့ရတာလည်း နေရာတိုင်းမှာ…။ နေရာသစ်တခုရောက်ရင် အဆင်ပြေပါ့မလားလို့ ကျမ တွေးလေ့မရှိဘူး…။ အဆင်ပြေမှာပဲလို့သာ တွေးတတ်တဲ့အထိ ကျမရဲ့ ပျော်တတ်တဲ့ သဘာဝကို ကိုယ့်ဘာသာ စိတ်ချတယ်။ အဲဒီအခါ ဘ၀ထဲ ဒုက္ခရောက်ပေမဲ့ ၀န်းကျင်မှာ သာယာပျော်ရွှင်မှုနဲ့ ဖြေဖျောက်ခဲ့ တာပါပဲ…။
ဒီလိုနဲ့… … …

+++++

(နှစ်)

တက္ကသိုလ်စတက်တော့ ၁၉၈၀..။ ရန်ကုန်တက္ကသိုလ် ကြည့်မြင်တိုင်နယ်မြေ….။ တက္ကသိုလ် ကျောင်းသူဆိုတဲ့ ဘ၀ကို ရင်ခုန်လို့…။ ချစ်တဲ့ သူငယ်ချင်း ဆောင်းသီတာနဲ့ နောက်တယောက်က အယ်မာ…။ ဆံပင်တိုတို.. အသားညိုညို ပိန်ကပ်ကပ်နဲ့… ကျမက တော်တော် အကျည်းတန်တာ…။ ဒါပေမဲ့လည်း တက္ကသိုလ်ကျောင်းသူ ပူပူနွေးနွေး ဆိုတော့ လည်း လှချင် ပချင်တာပေါ့။ မှတ်မိသေးတယ်..။ အဲဒီတုန်းက ကျမက အဖေ ညွှန်ကြားရေးမှူးပေမဲ့ ဆင်းရဲတော့ အမေနဲ့ ကျမ တချို့ထမီတွေဆို သိပ်မခွဲဘဲ တူတူ ၀တ်ရပါတယ်။ ဒီတော့ အမေက ၀၀ကြီးမို့ ၄တောင်ကွင်းဝတ်ရတော့ ကျမက ပိန်ပိန်လေးနဲ့ ၄တောင်ကွင်းကို ရအောင် ၀တ်ရတာမို့ ခါးနေရာကြီးမှာ ဖုလို့..။ ရုပ်မြင်သံကြားစက်တောင် အဖြူအမည်းပဲ ၀ယ်နိုင်ခဲ့သေးတာ မှတ်မိပါတယ်။ ဒါပေမဲ့ ကျမထက် ချမ်းသာတဲ့ သူငယ်ချင်းတွေက ကျမကို ချစ်ကြတာမို့ အဲဒီတက္ကသိုလ်ကျောင်းသူဘ၀ဦးမှာလည်း ပျော်ခဲ့တာပါပဲ..။

+++++

ဆရာမဖြစ်စ….
ကျောင်းသွားတော့မယ်ဆိုရင် ပြဿနာက ဆံထုံးထုံးဖို့…။ ခါးလယ်ကျော်ကျော်ဆံပင်တွေက အုံထူတော့ သိပ်ထုံးရခက်တာ။ ကလစ်တွေ.. ဆံညှပ်တွေလည်း မနိုင်ချင်။ ဒီကြားထဲ ပန်းကလည်း ပန်ချင်သေးတာ။ ဆံထုံးတခါထုံးရင် ချွေးတွေပျံ.. လက်တွေ ညောင်းရော..။ ဆံထုံးနဲ့ ပန်းနဲ့ ဗမာဝတ်စုံနဲ့.. ကြိမ်ဆွဲခြင်းနဲ့…။ အဲဒီလို ကျောင်းသွားရတာကို ကျမ သိပ်ကြိုက်ခဲ့တာ..။ ကျောင်းသား ၂၀၀ ကျော်ရှေ့က စင်မြင့်လေးပေါ်မှာ စာသင်ပေးရမယ့်… အသက် ၂၂နှစ်တောင် မပြည့်သေးတဲ့ ဆရာမပေါက်စလေး ကျမဟာ အတန်းဝင်ရတော့မယ် ဆိုရင် အမြဲ တက်ကြွနေခဲ့တာ။ ကျမ ဆရာမဘ၀ ပထမဆုံးနေ့မှာ ၀င်ရတဲ့အတန်းက လှိုင်တက္ကသိုလ် ၁၉၈၆-၈၇ ပညာသင်နှစ်ရဲ့ ပထမနှစ် ရူပဗေဒ တန်းခွဲ (၁)..။ အဲဒီအတန်းမှာ ကျမသေချာမှတ်မိနေတဲ့ ထင်ထင်ရှားရှား ကျောင်းသူတွေက အဆိုတော် အိအိ.. နောက်ပိုင်း လေယာဉ်မယ်ဖြစ်သွားတဲ့ ၀င့်သရဖီ.. လက်ရေးသိပ်လှပြီး သတ်ပုံမှန်လို့ သတိထားမိရတဲ့ တိုးတင်ညို..။ (ကျန်တဲ့ကလေးတွေ သိပ်မမှတ်မိတော့တာ ခွင့်လွှတ်ပါ)။ ကျမအလုပ်ထွက်ကာနီး နောက်ဆုံးနေ့မှာ ၀င်ခဲ့တဲ့အတန်းကတော့ ဒဂုံတက္ကသိုလ်မှာ ၂၀၀၅-၂၀၀၆ ပညာသင်နှစ် မြန်မာစာ မဟာဝိဇ္ဇာ ပထမနှစ်အတန်းရဲ့ စာပေသဘောတရား စာပေအတတ်ပညာအတန်း နဲ့ အင်္ဂလိပ်စာအဓိက ဂုဏ်ထူးတန်းရဲ့ ၀တ္ထုသဘောတရား ဘာသာ အတန်း။

+++++

ထိုင်းကိုရောက်တော့… မျှော်လင့်ထားခဲ့တာက တောထဲတောင်ထဲက စာသင်ကျောင်းလေး တကျောင်းမှာ စာသင်ဖို့။ ဒါပေမဲ့ အသံလွှင့်ဆောင်းပါးတွေ ရေးရ… ထိုင်းမှာ ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေအတွက် မြန်မာစာနဲ့ ပတ်သက်တာတွေ ကူရ…။ ဘလော့လေးရေးလိုက်.. ခရီးတွေထွက်လိုက်..။ ကိုယ့်နိုင်ငံအတွက် ကိုယ်ကူချင်တာတွေကို နောက်ကြောင်းအေးအေး ကူနိုင်ခဲ့။ အဲဒီဘ၀မှာလည်း ပျော်ခဲ့တာ.. ကိုယ့်အိမ်ကိုယ့်ရာလို………။

ဒီလိုနဲ့ အမေရိကန်ပြည် ရောက်ပြန်တော့လည်း ကျမ သဘောကျတဲ့အလုပ်ခွင်ထဲ လုပ်ခွင့်ရတဲ့ ဘ၀ထဲမှာ ကျမ သိပ်ကို ကျေနပ် ပျော်ပိုက်တာ .. မင်္ဂလာပါ သောတရှင်များရှင်………ဆိုတာလေးကိုတောင် တကယ် လှိုက်လှိုက်လှဲလှဲ ခံစားပြောနေကျ။

+++++++
ပြောချင်တာက ကျမဟာ များများ မျှော်လင့်မထားတတ်သူ..။ ဒါပေမဲ့ ကံကောင်းထောက်မစွာ ကိုယ်မွေ့လျော်တာတွေကိုသာ ခံစားခွင့်ရခဲ့သူဆိုတာပါ။

+++++
(သုံး)

ဘ၀ထဲမှာ ကိုယ်နဲ့ လားလားမှမဆိုင်တဲ့ အနေအထားမျိုးမှာ ရှင်သန် ဖွံ့ဖြိုးနိုင်မှသာ တကယ့် ရဲရင့်မှုလို့ ကျမ ယုံပါတယ်။ အဲဒီယုံကြည်မှုနဲ့ပဲ ဘ၀ကို တလျှောက်လုံး ဖြတ်သန်းခဲ့တာပါ။

+++++
ခုဆို….
ဟိုတယ်ကြီးတခုရဲ့ သပ်ယပ်လှပတဲ့ အရောင်းဆိုင်ခန်းတခန်းမှာ အရောင်းဝန်ထမ်း လုပ်ဖို့ ကျမ အသင့်ပြင်နေပါပြီ။ အသက် ၄၆နှစ်နားနီး အမျိုးသမီးတယောက်အနေနဲ့ လာဝယ် ကြမယ့်သူတွေကို စိတ်လက်သာယာရှိအောင် ဘယ်လို ဆောင်ရွက်ရပါ့..။ သပ်သပ်ရပ်ရပ် တည်တည်ငြိမ်ငြိမ်လေး ၀တ်စား..။ မျက်နှာလေးကို ကြည်ကြည်လင်လင် ပြုံးထား။ ဈေးရောင်းတဲ့အခါ.. ကိုယ့်ဆီက ပစ္စည်း ၀ယ်သူဆီ များများပါသွားအောင် လုပ်ပါ.. စကားများများပြောပါ.. တဲ့။ ခက်ကပြီ.. ကိုယ်ကလည်း စာအကြောင်းပေအကြောင်းကလွဲရင် ဖွယ်ဖွယ်ရာရာ ပြောတတ်တာမဟုတ်…။ ဒီအလုပ်မှာ ညံ့ရင် ဒုက္ခ။ တခါတခါမှာ ညံ့တာတွေကပဲ အလုပ်ဖြစ်နေတာ အပုံ.. ဆိုတာကို မေ့ပစ်။ ကျမ……… တော်မှ ဖြစ်မယ်…။ ကျမ လုပ်နိုင်မှ ဖြစ်မယ်…။ ဒါမှ လှပတဲ့ အလုပ်တခု ဖြစ်မှာ…။ ကျမ အလုပ်လုပ်နေတာဟာ.. အဲဒီ အလုပ် လှလှပပ ပြီးမြောက် အောင်မြင်ဖို့သာ ဖြစ်တယ်..။ ဒါမှပဲ အဲဒီကရတဲ့ လုပ်အားခနဲ့ စားရတဲ့ ထမင်းက ကျမအတွက် အရသာ ပြည့်မှာပါ။ ကြီးကြီးကျယ်ကျယ်.. တွေးရရင်တော့ ကျမ ကိုယ့်ကိုယ်ကို အားပေးနေကျ Julius Caesar ရဲ့ Veni, Vidi, Vici"
ငါ လာတယ်..
ငါ မြင်တယ်..
ငါ အောင်ပွဲခံတယ်… ဆိုတာကိုပဲ ပြန်ပြန် သတိရ။

သေချာတာကတော့ ကျမ နောက်ထပ် စိန်ခေါ်ပွဲတခုကို ရင်ဆိုင်ဖို့ ပြင်ဆင်ရတာပဲ မဟုတ်ပါလား…။

++++++

ကျမ ပျော်မှာပါ….
ရောက်လေရာမှာ စိမ်းရွက်တွေတဝေေ၀နဲ့ လန်းဆန်းရှင်သန်နိုင်တဲ့ ရွက်ကျပင်ပေါက်တွေကို ကျမ ချစ်တယ်လေ။