Sep 17, 2014

ဘီအာရ်

ဘီအာရ်
မင်းကိုချစ်တယ်
ဒါကြောင့် ကိုယ် ရှိတယ်..။
(ခင်အောင်အေး)

ဘာဆန်းသလဲ .. ဒီကဗျာ။ ဒါပေမဲ့ ကျမ ရင်ထဲ ဒိုင်းကနဲဆို.. ‘ဒါကြောင့် ဆိုတာလေးက ၀င်လာ တယ်။ ဒါကြောင့်.. ကြောင့် ဒါက ကဗျာဖြစ်သွားတာပေါ့..။ ဒါကြောင့်.. ကြောင့် လူတစ်ယောက်ကို တွေ့ရတာပေါ့..။ အဲဒီလူ... ဘီအာရ် နဲ့ .. ဒါမှမဟုတ်.. ဘီအာရ်ကြောင့် ရူးသွပ်နေတဲ့သူ..။

ဘီအာရ်
အစောကြီး
အိပ်ရာက နိုးလာခဲ့တယ်
ဟုတ်တယ်
မင့်စိတ်နဲ့ပါပဲ
(ခင်အောင်အေး)

+++++

ဝန်ခံရရင် ဘာစာမှမဖတ်ချင် .. ဘာစာမှမရေးချင်..။ ကဗျာတွေပဲ ဖတ်ချင်နေခဲ့တာ... ဖတ်နေခဲ့တာ.. အတော်ကြာ သွားပြီ။ ဘီအာရ်ကို မနေ့က ရတယ်။ ဒီနေ့တစ်နေ့လုံး အားတဲ့အချိန်တွေမှာ ဖတ်တယ်.. ။
ပြောဖူးပါပကော အကြိမ်ကြိမ်..။ ကျမက အချစ်ကိုပဲ ခံစားချင်တာ.. အချစ်ကိုပဲ ရေးဖွဲ့ချင်တာ.. အချစ်နဲ့ ပတ်သက်သမျှကိုပဲ ဖတ်ချင်တာ..။ နောက်ဆုံး မျက်နှာစာအုပ်က Status တွေမှာတောင် ချစ်သူချင်း.. လင်မယားချင်း ချစ်ကြတဲ့ အချစ်ကို တွေ့ရစေတဲ့ စာတွေ တွေ့ရင်ကို ကြည်နူး ကျေနပ် တတ်တာပါ။
အနည်းဆုံး ဒါမျိုးလေးပေါ့

ဘီအာရ်
ခုပဲ ကြေးနန်းတစ်စောင် ၀င်လာတယ်
မင်းရှေ့မှာ နှင်းဆီပန်းစည်းကြီးတဲ့
ကဲ
ယုံပြီမဟုတ်လား (ခင်အောင်အေး)

+++++

ကျမတို့ ဗမာလူမျိုးအများစုကတော့ အချစ်ဆိုတာကို အသက် အရွယ် နဲ့ ပိုင်းဆုံးဖြတ်တတ်တယ်..။ ပြီးတော့ တချို့ကကျတော့ ချစ်ခြင်းမေတ္တာစိတ် နဲ့ လိင်စိတ် ဆိုတာကို မကွဲပြန်ဘူး..။ ဒီတော့ အချစ်ဆိုတာကို ခံစားရင်ပဲ အကောင်းမမြင်ကြတော့ဘူး..။ အသက်အရွယ်ရတဲ့အထိ အချစ်ကို ခံစားနေသေးရင်ပဲ နှာခေါင်းရှုံ့စရာလို့ မြင်တတ်တဲ့ လူမျိုးလေ..။ အရေးကြီးတာက ချစ်ခြင်းမေတ္တာ.. ဆိုတာကို ဘယ်လောက် ခံစားတတ်သလဲ ဆိုတာပါပဲ။

ဘီအာရ်
မင်း ဟိုဟိုဒီဒီသွားရင်းနဲ့
နှင်းဆီနီနီတစ်ပွင့်တွေ့ရင်
အဲဒါ ကိုယ်ပဲလို့ မှတ်
နှင်းဆီတွေ အများကြီး
တစုတစည်းတည်း တွေ့ရရင်
အဲဒီထဲက တစ်ပွင့်ဟာ
ကိုယ်ပဲလို့ မှတ်
နှင်းဆီတစ်ပွင့်တစ်လေမှ
မင်းမတွေ့ရဘူးဆိုရင်တော့
ကိုယ် ဒီမှာ နေရင်းထိုင်ရင်း
စိတ်ဖောက်ပြန်သွားပြီလို့သာ မှတ်
(ခင်အောင်အေး)

+++++

အချစ်လို့ ကျမတို့ လွယ်လွယ်ပြောနေကြတာက မေတ္တာတရားအခြေခံတဲ့ စွဲငြိတွယ်နှောင်တဲ့ ခံစားမှု ပါ..။ ကျမ မျက်စိအောက်ကနေ အတော်ကြာကြာ ပျောက်ရှနေခဲ့တဲ့ ရူးရူးသွပ်သွပ် အချစ် ကဗျာ ... ဖတ်ရပြီ..။ (ကို) ခင်အောင်အေး က ကဗျာတွေကို တစ်ပုဒ်စီလို စီပေမဲ့ ကျမအတွက်တော့ ကဗျာရှည်ကြီးပါပဲ။ စာအုပ်လေးကလည်း လုပ်တဲ့သူရဲ့ စေတနာနဲ့ ချစ်စရာ သပ်သပ်ရပ်ရပ် ရှိလှပါတယ်။ ဒီနေ့တော့ ကျမက ဘီအာရ်နဲ့ နေ့တွက်ကိုက်ခဲ့ပြီ



+++++

ဘီအာရ်
ချစ်တယ်လို့ ပြောဖို့ရာ
ကိုယ်တစ်ယောက်တည်း ပြောနေရတာ
မလုံလောက်ဘူး
လာ
ကူ
ပြော
လှည့်
(ခင်အောင်အေး)

+++++

အချစ်ဆိုတာကိုက အဲလို ရိုးရိုးလေးနဲ့ လှပါတယ် (လှရပါတယ်)…။

မေငြိမ်း

၉၊၉၊၂၀၁၄။

Dec 24, 2013

အဆိပ်အတောက်ဖြစ်နေနိုင်တဲ့ စာတစ်ပုဒ်




ကျမ ငယ်ငယ်က အဖေ့စာအုပ်စင်မှာ တွေ့သမျှ စာအုပ်တွေ ဆွဲဖတ်ရင်း ပေါ်လီယာနာ တို့ .. ထမီကျွတ်၍ လွှတ်လိုက်မည် တို့၊ မပန်ပါနဲ့ ကြွေချင်တယ်.. တို့၊ နှလုံးသားမြို့ဟောင်း တူးဖော်ချက် နောက်ဆုံး အစီရင်ခံစာ.. တို့ကနေစလို့ ၊ စစ်နဲ့ ငြိမ်းချမ်းရေး.. အရင်းကျမ်း.. အာဒိကပ္ပကျမ်း.. ဘာသာကြီးလေးမျိုးပေါ် အမြင်.. ဗုဒ္ဓ၀ါဒ ပြဿနာများ.. သိဒ္ဓတ္ထ .. ဇိနတ္ထပကာသနီ .. ဗုဒ္ဓဘာသာကောင်းတစ်ယောက်.. လာခြင်းကောင်းသောအရှင်.. ၅၅၀ ဇာတ်တော်များ လို စာအုပ်တွေအထိ အမျိုးစုံ ဖတ်ခဲ့တာမှာ ဟိုစပ်စပ် ဒီစပ်လေးတွေ သိလာပါတယ်။

အထူးသဖြင့်တော့ ဘုရားမရှိခိုးတဲ့.. သူများကို ပိုက်ဆံ ကူညီပြီး အလှူလို့ ကင်ပွန်းမတပ်တဲ့၊ သံဃာတော်တွေကို အလှူလုပ်ပေမဲ့ ရေစက်မချတဲ့.. ၊ နတ်ကိုးကွယ်မှုကို ဆန့်ကျင်တဲ့.. နတ်ကိုးကွယ်မယ့် အစား ကိုယ့်မိန်းမကို ကိုးကွယ်တာတောင် အကျိုး အများကြီး ရှိသေးတယ်လို့ ပြောတတ်တဲ့.. ၊ ကျနော်က မိရိုးဖလာ ဗုဒ္ဓဘာသာဝင် မဟုတ်ဘူး.. ဗုဒ္ဓ၀ါဒီလို့ ပြောတတ်တဲ့..၊ ရွှေတိဂုံဘုရားပေါ်တက်တိုင်း ဗုဒ္ဓဟူးထောင့်မှာ ထိုင်ပြီး ငြိမ်ငြိမ်လေး ထိုင်ပြီး ရွှေတိ၈ုံစေတီတော်ကို ကြည့်နေရတာ တရားထိုင်ရသလိုပဲ စိတ်အငြိမ်းချမ်းဆုံးလို့ ပြောတတ်တဲ့ ၊ ပြီးခဲ့တာကို ချထားခဲ့.. ရှေ့ဆက် လုပ်.. ခရီးဆုံးရောက်အောင် ဇွဲနဲ့သွားဆိုတဲ့ မူကို ကြိုက်လို့ တခါတလေ ဇင် ဗုဒ္ဓ ၀ါဒီတွေက ပိုပြီး အလုပ်ဖြစ်တယ်လို့ ပြောတတ်တဲ့.. အင်မတန် လက်တွေ့ကျကျ နဲ့ ဒီကနေ့ ဆိုတာကို တည့်တည့် ရင်ဆိုင်ပြီး လုပ်စရာရှိတာကို လုပ်သွား တတ်တဲ့၊ နောက်ဆုံးအချိန်ထိ သတင်းစာထဲထည့်ရမယ့် ကိုယ့်နာရေးသတင်း ကို ကိုယ်တိုင်ရေး ထားသွား ခဲ့တဲ့ အဖေနဲ့  ကြီးပြင်းခဲ့တဲ့အပြင် အဖေက ကျမကို သားယောက်ျားလေးလို မွေးမြူခဲ့တာမို့ အဖေ့ အတွေးအခေါ် အယူအဆတွေက ကျမဆီ စိမ့်ဝင်နေခဲ့ပုံရပါ တယ်။ (အမေ့အပြောအရတော့ ကျမက အဖေနဲ့ ရုပ်ရော စိတ်ပါ အတူဆုံးသမီးလို့ ဆိုပါတယ်)

ကျမက ကိုယ့်ကိုကိုယ် ဗုဒ္ဓဘာသာဝင်အဖြစ် သိပ်ကျေနပ်ပါတယ်။ သိဒ္ဓတ္ထမင်းသား နိမိတ်ကြီးလေးပါး မြင်ပြီး တရားရတာ သိပ်တော်တဲ့ မင်းသားပဲ.. ဒီအရွယ်.. ကာမဂုဏ်အာရုံထဲ ဒီလောက်နေလို့ ကောင်းနေတဲ့အချိန် ဒါဟာ သုခ အစစ်မဟုတ်ဘူး ..  မမြဲဘူးလို့ မြင်တာ.. တော်လိုက်တာ.. ။ ပြီးတော့ ဆရာရှာမတွေ့ဘဲ ကိုယ့်ဘာသာ အားထုတ် ရှာဖွေရတာမို့ ၆ နှစ်လောက် လမ်းလွဲသွားရှာသေးတာ..။ ဟုတ်ပြီ .. ဉာဏ်အလင်းပွင့်ပြီလည်းဆိုရော သူသိသမျှကို ဝေငှတော့တာ..၊ ဉာဏ်မီတဲ့သူ ရပေလိမ့်..။ သူ ရှာတွေ့သမျှ ငြိမ်းချမ်းရာငြိမ်းချမ်းကြောင်းထဲ ကျမ ဉာဏ်မီ သမျှက ရလိုက်တာက သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါး၊ ၃၈ဖြာမင်္ဂလာ၊ ၂၄ ပစ္စည်းဖြစ်စဉ်အဆင့်ဆင့် နဲ့ ပဋ္ဌာန်း အကျယ် ၊ ပြီးတော့ ကိုယ့်ခန္ဓာကိုယ်အတွင်း ဖြစ်ပျက်နေသမျှ နဲ့ ဆက်စပ်နေတဲ့ အဘိဓမ္မာ.. ရပြီ။ ဒီလောက်နဲ့ ကို ဒီလို အသိတရားထူးကို ထိုးထွင်းသိမြင် ရှာဖွေတွေ့ရှိခဲ့တဲ့ လက်ဦးဆရာ သဗ္ဗညုတပညာရှင်ကြီးကို ကျမ အမြတ်တနိုးနဲ့ ဘုရားရယ်လို့ ကြည်ညိုပြီ။

အဲဒီအခါ အကြည်ညိုလွန်သူတွေက ဘုရားရယ်လို့ ရုပ်ပွားတွေ ထုလုပ်ပြီး ကြည်ညိုကြတဲ့အခါ ၊ ကျမလည်း အဲလို အမှတ်ထား ကြည်ညိုရတာကို ကြိုက်ပါတယ်။ အဲဒီအခါ စိတ်ကူး ခပ်ယဉ်ယဉ် ကျမက ၊ ဘုရားက အိန္ဒိယနွယ်ဖွားမို့ ဒီလိုလေးနေမှာလို့ တွေးပြီး နှာတံ ချွန်ချွန် နဲ့ ..၊ ပြီးတော့ ရောင့်ရဲတဲ့အကျင့်ကို ကျင့်သူမို့ ဘုရားရှင်ဟာ ခပ်သွယ်သွယ်ဖြစ်မှာလို့ တွေးပြီး.. ပိန်သွယ်သွယ် မျက်နှာကျ လေး ပေါ်ပေါ်နဲ့.. ၊ ဘုရားရှင် ကိုယ်တော်ကြီးက..  ပကာသနဆိုတာ အဆိပ်အတောက်တွေပဲလို့ တရားပြခဲ့သူမို့  ရွှေတွေအိနေအောင် ချမထားတဲ့ (အရောင်လှပြီး သာမန်ထက်ထူးကဲကြောင်းပေါ်ရုံလေး ရွှေရောင်ဝင်းထားတဲ့.. အဲလို ဆင်းတုမျိုး တွေကို အိမ်မှာ စင်မြင့်ထက်တင်ပြီး တရိုတသေ နေရာပေး ကိုးကွယ်ပါတယ်။ ပြီးတော့ ဘုရားရှင် အချိန် ကြာကြာ သီတင်းသုံးလေ့ရှိခဲ့တဲ့ ဇေတ၀န်ကျောင်းတော်မှာတောင် သာယာငြိမ်းချမ်းတဲ့ အငွေ့အသက်ရအောင် ပန်းဥယျာဉ် ရှိတာဆိုတော့ ဘုရားရှင်နံဘေးမှာ ပန်းတွေ ဝေအောင် ကြိုးစား ဖန်တီးပါတယ်။

++++++

ကျမရဲ့ အဖွားတွေက နေ့တိုင်း မနက်တိုင်း ဘုရားရှင်ကို သက်ရှိသံဃာတော်တွေကို ဆွမ်းကပ်သလို စားပွဲဝိုင်းနဲ့ အချိုပွဲ ၊ လက်သုတ်ဝတ် ၊ ဇွန်းခက်ရင်းမကျန် ဆွမ်းကပ်ပါတယ်။ အိမ်မှာ အမြဲ ဆွမ်းခံကြွတဲ့ ထိုင်ကိုယ်တော် တွေ အနည်းဆုံး ၅ ပါးရှိပါတယ်။ ကျမ လည်း အိမ်မှာ ဆွမ်းခံကြွတဲ့ သံဃာတော် ရှိမှ စိတ်ချမ်းသာပါတယ်။ ကထိန်ဆိုရင် အများကြီး မခင်းနိုင်တော့တာတောင် အနည်းဆုံး သင်္ကန်းလှူ ဆွမ်းကပ်ချင်ပါတယ်။ ဒါပေမဲ့ ကျမက ဘုရားရုပ်ပွားတော်ကိုတော့ ဆွမ်းမကပ်ပါဘူး။ ဒါက ကျမ အယူအဆနဲ့ ကျမပါ။ ဆွမ်းကပ်တဲ့ သူတွေက လည်း သက်ရှိဘုရားရှင်ကဲ့သို့ သဘောထားပြီး တရိုတသေ ကပ်ကြ တာပါ..။ ပြီးတော့ တန်ခိုးအာနုဘော် ရှိနေတဲ့ ရုပ်ပွားတော်ဆိုရင် ဆွမ်းစားရသကဲ့သို့ ရှိမယ်ဆိုတာကို လည်း ဖြစ်ချင်ဖြစ်နိုင်တယ်လို့ လက်ခံနိုင်ပါ တယ်။ ဒါကို ကျမ ဝေဖန်စရာ မရှိပါဘူး။

 ဒါပေမဲ့ အဖွားတို့က ကိုယ့်နားမှာ စားစရာမရှိတဲ့ အမျိုးတွေကိုတော့ မပေးဘဲ ရွှေတိဂုံစေတီ ထီးတော်မှာ သူတို့ရဲ့ စိတ်နားကပ်တွေ စိန်လက်စွပ်တွေ သွားချိတ်တာကိုတော့ ကျမ လက်မခံချင်ပါဘူး။ (အဖွားကို ပြောတော့ အဖွားခမျာ ကျမကို မိစ္ဆာဒိဋ္ဌိဖြစ်မယ်ရယ်လို့ စိတ်ပူရှာပါတယ်) နောက်.. ကျွဲကော်သီးတွေ အလုံးလိုက်ကြီး ဘုရားစင်ပေါ်တင်ပြီး ဘုရားကို လှူတယ်ဆိုတော့.. ကျမက အဖွားရယ်.. ဘုရား ဘယ်လို ခွဲစားမလဲလို့ ပြောမိပါတယ်..။ ကျမသူငယ်ချင်းတစ်ယောက်ဆို ငှက်ပျောသီးအစိမ်းတွေ အဖြီးလိုက်တင်သေး.. ပြီးတော့ နောက် သုံးလေးရက်နေရင် မှည့်ပြီ.. စွန့် စားရုံပဲ လို့ ပြောသေးတာ.. တကယ်။

ပြီးတော့ ကျမက ကိုယ်တိုင် ပရိတ်ကြီး ၁၁ သုတ် နဲ့ ပဋ္ဌာန်းအကျယ်.. ဓမ္မစကြ်ာ ဒေသနာတော် အကုန်ရပေမဲ့ ကျမရဲ့ သားသမီးးတွေကို သြကာသ နဲ့ ငါးပါးသီလက လွဲလို့ ဘုရားစာ မသင်ဖြစ်ပါဘူး။ မေတ္တာသုတ် ကိုတော့ အနှစ်သာရ ကို ကြိုက်တဲ့ အပြင် ကလေးတွေလည်း နားလည်ကောက်ယူနိုင်တဲ့ အဓိပ္ပါယ် ရှိတာကြောင့် အနက် က အစ (အချိန်တန်တဲ့အခါ) သင်ပေးဖို့ အစီအစဉ် ရှိပါတယ်။ ပြီးတော့ ဗုဒ္ဓရဲ့ ဖြစ်တော်စဉ်ကို သူတို့ နားလည်မယ့် စကားလုံးတွေနဲ့ သေသေချာချာ ပြောပြပါမယ်။ ဗုဒ္ဓဟာ အသိဉာဏ်ပညာမှာ အနှိုင်းမဲ့သူဖြစ်ကြောင်း..၊ အဲဒီပညာကြောင့် ရှာတွေ့လာတဲ့ အယူအဆ က ကောင်းလွန်း.. ပြည့်စုံလွန်း.. စိတ်အေးချမ်းရလွန်းလို့ လိုက်နာကျင့်ကြံသင့် ကြောင်း..၊ ဗုဒ္ဓက ရှာတွေ့ ထားတဲ့ လမ်းကို လိုက်နာကျင့်သုံးလို့ ဗုဒ္ဓဘာသာလို့ ခေါ်တာဖြစ်ကြောင်း..၊ ပြီးတော့ ကောင်းမွန်သင့်မြတ်တဲ့ အကျင့် ၈ မျိုး (မဂ္ဂင် ရှစ်ပါး) နဲ့ သူတပါးအပေါ် ကိုယ်ချင်းစာတတ်ပြီး လောကဓံကို ရင်ဆိုင်တတ်စေဖို့မှာ အရေးပါလှတဲ့  ဗြဟ္မစိုရ်တရားလေးပါး ကို ပြောပြမယ်။ ဘာဖြစ်လို့ ကိုယ်ကျင့်တရား (၅ ပါးသီလ)က အရေးကြီးလဲဆိုတာ ပြောပြမယ်..။ အဲလောက်ကိုပဲ သားတို့ သမီးတို့ ကျင့်နိုင်အောင် မနည်း ကြိုးစား ရ မှာ လို့ ပြောပြမယ်။ သူတို့ လက်ခံယုံကြည်ရင် ကျမရဲ့ သားသမီးက ဗုဒ္ဓကို သိပြီ။ (သားကြီးကတော့ သိသင့် သလောက် သိပြီးပြီ  .. သူဘယ်လို လက်ခံသဘောထားတယ်ဆိုတာ နဲ့ သူယုံကြည်တဲ့ ကိုးကွယ်မှုပုံစံက သူ့ကိစ္စ)

ပြီးတော့ သူများရဲ့ ကိုးကွယ်ယုံကြည်မှု နဲ့ မကိုးကွယ် မယုံကြည်မှုကို ကဲ့ရဲ့တာလည်း မကြိုက်ပါဘူး..။ ပြီးတော့ ကိုယ့်ဘာာရေးကြောင့် သူများကို တနည်းနည်းနဲ့ အနှောင့်အယှက်ပေးတာ.. ထိခိုက်နစ်နာစေတာကိုလည်း မကြိုက်ပါဘူး။ ကျမအတွက်တော့ ဘုရားရယ်လို့ မဟုတ်ဘဲ အယူအဆကို ကြိုက်လို့ တရားလို ကျင့်ကြံရတာတွေလည်း အများကြီးပါ..။ ဥပမာ.. မဟတ္တမ ဂန္ဓီကြီး လူငယ်ဘ၀ ရထားစီးရင်း ဘိနပ်တဘက် ကျွတ်ကျတာမှာ နောက်တဘက်ပါ ထားရစ်ခဲ့တာမျိုးက ကျမအတွက် ကျင့်ကြံရတဲ့ တရားပဲ..။ ဗိုလ်ချုပ်အောင်ဆန်း ဆီမှာဆိုလည်း ကျမ ကျင့်ကြံရမယ့် တရားတွေ အပုံ..။ John Lennon ရဲ့ Imagine ကလည်း တရားပဲ..။ Vincent Van Gogh ရဲ့ Sunflower ကလည်း တရားပဲ။ Mother Teresa ရဲ့ ပရဟိတတွေကလည်း တရားပဲ.. ။ အဲလိုတွေအများကြီးပေါ့..။ အနက်အရှိုင်း ပမာဏသာ ကွာကောင်းကွာမယ်လေ။
 
အဲဒီအခါ ကျမက ပတ်ဝန်းကျင်တခုမှာ နည်းနည်းတော့ ပြဿနာရှိနိုင်ပါတယ်..။ စာရေးဆရာမ ကျောင်းဆရာမ ဖြစ်လေတော့ နည်းနည်း ပိုဆိုးနိုင်တာပေါ့. နော်.. .။

May 2, 2013

မြသီလာ.. မိတ်ဆက်






မြသီလာ.. ကို ကျမ စ ရေးတုန်းကတော့ ကျောင်းဝန်းကျင်ကို လွမ်းရင်းက အမှတ်မထင် စဖြစ်သွား ရင်းက  အဲဒီထဲ အာရုံဝင်စားပြီး ဆက်တိုက် ဆက်တိုက် ရေးဖြစ်သွားတာပါ။ ကျောင်းနဲ့ ပတ်သက် တဲ့ ကျမရဲ့ ဘ၀ဖြတ်သန်းမှုကို ရေးနေရင်းကပဲ ကျောင်းနဲ့ ဆက်စပ်တဲ့ သမိုင်းကျောင်းလေးတွေလည်း ထည့်ဦးမှ.. ပညာရေးကိစ္စလေးတွေ လည်း ထည့်ဦးမှ.. အမှတ်ရစရာလူတွေအကြောင်းလည်း ထည့်ဦး မှ… ခေတ်နဲ့ ပတ်သက်တာလေးတွေလည်း ထည့်ဦးမှ.. နဲ့။ Blog ပေါ်မှာ ဘာရယ်မဟုတ်ရေးရာကနေ အမှတ်တရ မှတ်တမ်းတစ်စောင်ဖြစ်သွားပါတော့တယ်။ ဒီတော့ ဆောင်းပါးနဲ့ မတူ.. ၀တ္ထုလည်း မဟုတ်လေတဲ့ အတ္ထုပ္ပတ္တိဆန်ဆန် ဒီစာအုပ်လေးက Memoir လို့ ဆိုပါစို့။ 

ဒီ Memoir လေးကို ဘလော့ကနေ တကူးတက ကူးပြီး ကျမကို ချစ်တဲ့ မြန်မာပြည်က ကျမရဲ့ စာဖတ် ပရိသတ် သမီးလေး တစ်ယောက်က အမေရိကမှာ ရှိနေတဲ့ ပန်းချီဒီဇိုင်း ကိုမျိုး ကို အဖုံးဒီဇိုင်း လှမ်းအပ်ပြီး PDF ဖိုင်အဖြစ် Scribd မှာ တင်ပေးခဲ့ပါတယ်။ ကျမရဲ့ အသက် ၄၅ နှစ်ပြည့်တုန်းက အမှတ်တရ မွေးနေ့ လက်ဆောင် ပါပဲ..။ ဒါကြောင့် တချို့လည်း Blog ပေါ်မှာကတည်းက တချို့လည်း Ebook ကလေးလို ဖတ်ထားကြ ပြီး သား ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ သေချာတာက မြန်မာနိုင်ငံမှာ ကျန်ခဲ့တဲ့ ကျမရဲ့ မိတ်ဆွေ သူငယ်ချင်း တွေနဲ့ ပရိသတ် အများစုကတော့ မဖတ်ကြရသေးပါဘူး။ ဒီတော့ မြသီလာ ကို သေချာ ပြန် မွမ်းမံ တည်းဖြတ် ပြင်ဆင် ဖြတ်တောက် ဖြည့်စွက်ပြီး.. စာအုပ်ထုတ်မယ်လို့ ပြင်ရတာပါပဲ။ 

မြသီလာထဲမှာ.. ကျမဘ၀ထဲက ကျမစိတ်ကို ဒဏ်ရာအနာတရ ပေးခဲ့သူတွေထဲက ဘယ်သူ့ကိုမှ ပုဂ္ဂိုလ်ရေး မထိခိုက်စေဘဲ လူ့အဖွဲ့အစည်းကို ထိခိုက်အောင်.. လူအများကို ထိခိုက်နစ်နာအောင် လုပ်သူတွေကိုပဲ ထည့်ရေးပါတယ်။  ပြီးတော့ ကျမရဲ့ ဘ၀ အတွေ့ အကြုံထဲက သင်ခန်းစာ ယူစရာ.. ခံဝန်ချက် ပေးစရာတွေနဲ့ ကျမ ဖြတ်သန်းခဲ့ရာ မြသီလာရဲ့ ပုံရိပ် တွေကို အလွမ်းဖြေမှုတွေ.. ဒီလောက်ပါပဲ…။ 


ဒီစာအုပ်လေးကို ထုတ်မယ့် 2011+ Publishing House က ကျမနဲ့ မောင်နှမတွေလို ချစ်ခင်ရင်းနှီးတဲ့ သူငယ်ချင်း ကဗျာဆရာ ကျော်ဇောခိုင် နဲ့ ဘိုဘိုဝင်း.. ပါ။ သူတို့က စက်မှုတက္ကသိုလ်ကျောင်းဆင်း စာပေ သမား တွေ ဖြစ်ပြီး ကျော်ဇောခိုင်နဲ့ ကျမ သူငယ်ချင်းမောင်နှမဖြစ်ခဲ့တာပဲ ခုဆို နှစ်ပေါင်း ၂၀ ကျော်ပြီ…။ ဒီတော့ သူတို့လုပ်ချင်တဲ့ စာအုပ်လုပ်ငန်းမှာ စာအုပ်လုပ်ချင်တဲ့ သူတို့သူငယ်ချင်း ကျမက စာအုပ်တအုပ် လုပ်ဖြစ်တော့တာပေါ့။ သူတို့က စာအုပ်လုပ်ငန်းကို သေသေချာချာ လုပ်မှာ..။ ကျမကလည်း ရှေ့လျှောက် စာအုပ်တွေ ဆက်ထုတ်ချင်တာ..။ အတော်ပဲဆိုပါတော့..။ 

ဒီလိုနဲ့ မြသီလာအလွမ်းပြေ.. ကို မနှစ်ကစ စီစဉ်ခဲ့ပါတယ်။ စာအုပ်အပြင်အဆင်ကိစ္စ ဘယ်သူလုပ်မလဲ ဆိုတော့ သူ့ဘာသာ ဘယ်လောက် အလုပ်ရှုပ်ရှုပ် ကျမကိုတော့ ဂရုတစိုက်ကို လုပ်ပေးမှာလို့ သေချာတဲ့ သူငယ်ချင်း ကိုမြင့်မောင်ကျော်ပေါ့..။ သူနဲ့ကလည်း ပန်းချီဆရာနဲ့ စာရေးဆရာမအဖြစ် ဟန်ချက်ညီညီ တွဲခဲ့ကြတာ နှစ် အစိတ်တောင် ရှိတော့မယ်..။ ပြီးတော့ သူ့ဆို ကျမ ဗိုလ်ကျလို့ ရတာ သေချာတယ်လေ..။

နောက် အတွင်းက တချို့ သရုပ်ဖော်ပုံလေးတွေအတွက် ကျမရဲ့မြသီလာအခင်းအကျင်းနဲ့ လိုက်ဖက်တဲ့ ခံစားချက်ရှိသူတချို့ကို အကူအညီလှမ်းတောင်းပါတယ်...။ အဲလိုနဲ့ပဲ ခုတော့ စာအုပ်ကလေး ဖြစ်ခဲ့ပါပြီ။ စာအုပ်ကလေးကို ဖြန့်ဖို့ ကျမ အချိန်ရွေးတော့ ကျမ ကျင်လည်ခဲ့ရာ  တက္ကသိုလ်ဘ၀တုန်းက စာသင်နှစ် သစ် တစ်နှစ်စနေကျ ဆောင်းဦးရာသီချိန်..  အေးအေးမြမြ ရှိမယ့်အချိန်.. ။ ကံကောင်းရင် ကံ့ကော်တွေ စပွင့်လောက်ပြီ...။ သေချာတာက အင်းလျားကန်ဘောင်မှာ မြူတွေဆိုင်းနေမယ့် ရာသီ..။ ကျမကတော့ အဲဒီအချိန်လေးကို အလေးအနက်ထားပါတယ်။

ဘာပဲဖြစ်ဖြစ် ခုတော့ မြသီလာအလွမ်းပြေ... မြန်မာပြည်က ဆိုင်တွေပေါ် ရောက်နေပါပြီ....