Jan 30, 2008

ဖြန့်ဝေခြင်း(၆၂)

ဆေးရောင်စုံ ဇင်းမယ်ကောက်ကြောင်း
အေးချမ်းမြေ့ | ဇန်နဝါရီ ၂၉၊ ၂၀၀၈

"ဗမာ့လွတ်လပ်ရေးအတွက် တပ်မတော်ဖွဲ့ဖို့ ဂျပန်ပြည်မှာကွယ်၊ တကယ်ပဲ အသက်နဲ့လဲလို့ ဆင်းရဲဒုက္ခခံကာ ကြံစည်တယ်"။ အငြိမ့်မင်းသမီးချောလေး ချောစုမျိုး၏အသံက ပီပြင်ကြည်လင်စွာ ထွက်ပေါ်လာသည်။ မြန်မာ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မျက်နှာပုံပါ တီရှပ်အဖြူရောင်များဖြင့် သူတို့တဖွဲ့လုံး ကိုကြည့်ရသည်မှာ ရှင်းသန့်နေ၏။


[Photo: Moe Kyaw/The Irrawaddy]

သီးလေးသီး ဆေးရောင်စုံအငြိမ့် ထိုင်းနိုင်ငံဇင်းမယ်မြို့တွင် လာရောက်ကပြမည်ဆိုသော သတင်းကြားကတည်းက အားပါး တရ အားပေးလိုက်မည်ဟု ဇင်းမယ်မြို့ရောက် မြန်မာအများစုကြံစည်ထားပြီး ဖြစ်သည်။ ဇန်နဝါရီ ၂၆ ရက်နေ့ ညနေ ၅ နာရီ အချိန်တွင်တော့ ဇင်းမယ်တက္ကသိုလ်ဝင်းထဲတွင်ရှိသော ဗိသုကာအဆောက်အအုံ ခန်းမထဲမှာ စိတ်အားထက်သန်စွာ စောင့်ကြည့်အားပေးမည့် ပရိသတ်များနှင့် ပြည့်နေပြီ။

သီးလေးသီးက သူတို့၏ အငြိမ့်သဘင်ကို ဘုရားကန်တော့ခန်းဖြင့် ဖွင့်ပြီးနောက် တင်ဆက်မှုအစီအစဉ်ကို ဗမာ့သူရဲကောင်း သီချင်းဖြင့် စတင်လိုက်သည်။

"ရာဇဝင် အထုပ္ပတ္တိလည်းရှိရမယ် မော်ကွန်းလည်း ထိုးလောက်တဲ့ မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်" ဆိုသည့် သံပြိုင်အပိုဒ် တွင် ပရိသတ်များကပါ လက်ခုပ်များတီး၍ လိုက်လံသီဆိုကြသည်။

တခြားသူတွေတော့ မသိ၊ သူကတော့ သံပြိုင်အပိုဒ်ကို လိုက်လံသီဆိုရင်း ကြက်သီးဖြန်းဖြန်းထမိသည်။ အဲဒီ သီချင်းက မြန်မာပြည်တွင်းမှာ ပျောက်ကွယ်လုနီးပါးဖြစ်နေပြီ၊ တချို့ကလေးများဆိုလျင် ကြားပင်ကြားဖူးမည်မထင်။

"ဒီသီချင်းကိုကျမအစက မရဘူးလေ၊ နည်းနည်းတော့ကြားဖူးတယ်၊ ဒီဘက်ရောက်တော့မှ ဖျော်ဖြေပွဲမှာ ထည့်ဖို့မနည်း ရအောင် အလွတ်ကျက်ရတာ" ဟု သီးလေးသီး ဆေးရောင်စုံအငြိမ့်၏ ခေါင်းဆောင်မင်းသမီး ချောစုမျိုးက ပြောပြသည်။

ပြီးတော့လူရွှင်တော် ဂေါ်ဇီလာက နဂါးနီသီချင်းဖြင့်ဖျော်ဖြေသည်။ ထိုသီချင်းတွင်လည်း "ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ဘေးရန်ကာဆီးမည် လူမွဲတွေကမနှေးခေတ်မီ သူဌေးဖြစ်တော့မည်" ဆိုသည့် သံပြိုင်အပိုဒ်ကို ပရိသတ်က လိုက်လံသီဆို ကြသည်။ ကိုဂေါ်ဇီလာက ဆိုပြီးပါက သူစင်ပေါ်ကဆင်းပေးပါမည်ဟု သီချင်းမသီဆိုမီက ပြောခဲ့သည့်အတိုင်း သီချင်းဆိုပြီး နောက် "ကတိပေးထားတဲ့အတိုင်း ကျနော်ဆင်းပြီနော် သူများတွေလို ခဏဆိုပြီးအနှစ်၂၀ ကြာတဲ့ထိ မဆင်းပေးတဲ့သူ မဟုတ်ဘူး" ဟု အရွှန်းဖောက်ရာ ပရိသတ်များ ပွဲကျခဲ့ရသေးသည်။

လူရွှင်တော်ပန်းသီး၏ "မွေးမေ့ကျေးဇူး ဆပ်ဖူးချင်တယ်" သီချင်းတွင်တော့ ပရိသတ်များအားလုံး တုတ်တုတ်မျှ မလှုပ်နိုင် တော့။ အများစုက အကြောင်းအမျိုးမျိုးကြောင့် အမေနှင့်ခွဲခဲ့ရသူတွေ၊ တချို့ အမေ့ကျေးဇူးကို ဆပ်ချင်လျက် မဆပ်လိုက် ရဘဲ အမေ့ရဲ့နောက်ဆုံးအချိန်ကို နာကျင်စွာဖြင့် အဝေးက မှန်းဆကန်တော့ရသူတွေ၊ တိုက်ဆိုင်သူတိုင်း၏ ရင်ထဲက ကြေကွဲသံများကို သီချင်းသံနှင့် ထပ်တူကြားနေရသည်။ သူ့အနားက နိုင်ငံရေးသမားကြီး တဦးလည်း မျက်ရည်တွေဝဲ နေသည်။

လူရွှင်တော်စိန်သီးနှင့် ချောစုမျိုးတို့ နှစ်ယောက်တွဲသီဆိုသည့် "ငယ်ကျွမ်းဆွေ" သီချင်းကျတော့မှ အားလုံး ပြုံးပြုံးရွှင်ရွှင် ပြန်ဖြစ်နိုင်တော့သည်။ ပြီးတော့ ဇီးသီးနှင့် ပန်းသီးတို့၏ ကရင်ဒုံးယိမ်း၊ ကြယ်သီးနှင့် ချောစုမျိုးတို့၏ ဦးရွှေရိုးနှင့် ဒေါ်မိုးအက များကလည်း ပရိသတ်အားပေးမှုကို အပြည့်အဝရသည်။


[Photo: Moe Kyaw/The Irrawaddy]

နောက်အစီအစဉ်တခုကတော့ မြန်မာနိုင်ငံတွင် ကွယ်ပျောက်ခဲ့ပြီဖြစ်သော သံချပ်အစီအစဉ်ဖြစ်သည်။ ငယ်ငယ်ကစွဲမက်စွာ ကြည့်ဖူးခဲ့သော သင်္ကြန်သံချပ်ပြိုင်ပွဲများကို သတိရမိသည်။ အဖွဲ့လိုက်တူညီဝတ်စုံများဖြင့် ခေတ်ကိုထင်ဟပ်သော စကားလုံး များကိုသုံးကာ ပြောင်မြောက်စွာဖွဲ့နွဲ့သရော်သောလူငယ် သံချပ်များ ဖြစ်သည်။ ခုသီးလေးသီးနှင့် ကိုဂေါ်ဇီလာကလည်း သင်္ကြန်သံချပ်ပုံစံအတိုင်း တိုင်သွားဖောက်သွားသည်။

သူများပျော်လို့ မပျော်နိုင် ဒိုင်လူကြီးတွေ သနားစရာပါဟေး
အိမ်ကချစ်ချစ် ပျောက်လို့ရှာ တွေ့ပြီတွေ့ပြီသူပဲသူပဲ။
လှေခါးထစ်ကြီး ထွက်လို့လာ စီးပွားရေး စီးပွားရေး
သံချပ်တိုင်ပြီး ဟစ်လို့အော် တို့အရေး တို့အရေး
သင်္ကြန်ကျပြီ သင်္ကြန်ကျပြီ သင်္ကြန်ကျပြီ မောင်တို့။ သင်္ကြန်ကျပြီ သင်္ကြန်ကျပြီ သင်္ကြန်ကျပြီ မယ်တို့
ဆေးဆေးဆေး ရောင်စုံလား။ သီး သီး သီးလေးသီးဟေ့
မီးသွေးခဲမို့ မည်းသကိုး၊ သီးလေးသီးမို့ ရဲသကိုး
နံရံကြီးကို လက်သီးနဲ့ထိုးရင် ထိုးတဲ့လက်သီးနာမှာပေါ့
နာချင်နာပစေဆက်ထိုးမှာပဲ အဲဒါသီးလေးသီး

စသည်ဖြင့် မြူးမြူးကြွကြွ သရုပ်ဖော်တင်ဆက်သွားသည်။ "လူတွေကလည်း အခွင့်အခါလေးရတာနဲ့ ကြီးနိုင်ငယ်ညှဉ်း လုပ်ချင်တယ်၊ အန်ကယ်မမြင်နိုင်တဲ့ ရပ်ကွက်ထဲမှာလည်း ကြီးနိုင်ငယ်ညှဉ်းလုပ်ချင်တယ် နိုင်ငံပိုင်တဲ့ ရုံးဌာနထဲမှာလည်း ကြီးနိုင်ငယ်ညှဉ်းလုပ်နေတယ်။ အရာရှိကြီးကကွယ် ရုံးအုပ်ကြီးကိုဟောက်၊ ရုံးအုပ်ကြီးကကွယ် စာရေးကြီးကိုဟောက်။ စာရေးကြီးကကွယ် စာရေးလေးကိုဟောက်၊ စာရေးလေးကကွယ် ရုံးလုလင်ကိုဟောက် ရုံးလုလင်က မခံနိုင်တော့ ခွေးကိုပိတ်လို့ကန်"

လူအချင်းချင်း ကြီးနိုင်ငယ်ညှဉ်းလုပ်တတ်သည့် သဘာဝကို သရော်ထားသည့် သံချပ်ကြောင့် ပရိသတ်မှာ သဘောအကျ ကြီးကျလျက် လက်ခုပ်သြဘာသံမစဲ အားပေးကြသည်။ "ဖားကိုမြွေမြို၊ မြွေကိုစွန်သုပ်၊ အဖြေ ထုတ်ကြည့်စမ်း စဉ်းစားစရာ ဘာလိုလို့လဲ။ လူဟာလူပဲမူနဲ့မဆိုင်ဘူး၊ ရည်ရွယ်ချက်ကကောင်းပါတယ် မကောင်းတာကလူ"

သံချပ်ဖြင့်အားရပါးရဖျော်ဖြေပြီးချိန် ကြည့်ရှုသည့်ပရိသတ်လည်း အားရကျေနပ်မှုအပြည့်ရသွားပုံရသည်။ ကျေကျေနပ်နပ် ရယ်မောသံများ အတောမသတ်နိုင်သေးခင်မှာပင် အငြိမ့်ခွင်စတင်သည်။ လူရွှင်တော် ဝတ်စုံပြည့်ဖြင့် သီးလေးသီးနှင့် ဂေါ်ဇီလာစင်မြင့်ပေါ်တက်လာကတည်းက လက်ခုပ်သံ ညံမစဲဖြစ်သွားသည်။

"၂၀၀၈ ခုနှစ်မှာ မြန်မာတနိုင်ငံလုံး လျှပ်စစ်မီးတွေထိန်ထိန်လင်းနေတော့မှာကွ"
"ဟုတ်လား ဘာဖြစ်လို့လဲ"
"အိမ်တိုင်းအိမ်တိုင်း တအိမ်တလုံး မီးစက်တွေ ဝယ်တော့မှာမို့လို့"

သူတို့ပါးစပ်ဟလိုက်သည်နှင့် လူများကရယ်ဖို့ပြင်ပြီးသား ဖြစ်နေသည်။ အတိုင်အဖောက်ကလည်း ညီလှသည်။ ဒါတောင် ဇင်းမယ်မှာ သူတို့ကရတာ အဆင်မပြေမှုတွေနှင့်။ ဇာတ်စင်ကကျဉ်းသည်၊ ဆိုင်းဝိုင်းကမရှိ၊ ရတာလေးနှင့် ဆိုင်းဝိုင်းဖြစ် အောင် ဖန်တီးပြန်တော့ တီးမည့်သူကမရှိပြန်။ ပန်းသီးက ပတ္တလားပြေးခေါက်လိုက် ပြက်လုံးပြေးထုတ်လိုက်၊ ဆီးသီးက ဗုံပြေးတီးလိုက် ပြက်လုံးပြေးထုတ်လိုက် လုပ်နေရသည်။

သို့သော်လည်း သူတို့မျက်နှာများတွင် တချက်ကလေးမှ စိတ်ညစ် စိတ်ပျက်ဟန်မတွေ့ရ၊ မောသည့်ပန်းသည့်ဟန်လည်း မတွေ့ရ။ ပရိသတ်ကိုဆွဲခေါ်သွားသလို ပရိသတ်ကလည်း သူတို့ခေါ်ဆောင်ရာနောက် ပျော်ရွှင်စွာ အလိုက်သင့်လိုက်ပါ သွားသည်။


[Photo: Moe Kyaw/The Irrawaddy]

"ကမ္ဘာမြေ အတိတ်အခါလိုမညှိုးဖို့၊ ဗမာတွေအိပ်ရာကနိုးကြပါတော့
အဘိဇ္ဈာအဆိုးပြည်ဗဟိုရ်မပွေလီစေနဲ့တော့
ဒီမိုကရေစီအများသဘောတူ အုပ်ချုပ်၍ မယားချောချောယူကာ အလုပ်လုပ်ဖို့
ယနေ့ခေတ်ပြောင်းကြပါစို့
ရသေ့ရှစ်သောင်း မဏိရတနာစည်တီးသလို
ကဝိဆရာ အညီမိုး၍မှတ်ချက်သွင်းပါတော့
အမိမြန်မာပြည်ကြီး ဇာတ်ကွက်ရှင်းတဲ့အောင်
ပါးစပ်မဂ္ဂဇင်းဖွင့်" ဟူ၍ ကြယ်သီးက မင်းသမီးအခေါ်စာချိုးလေးကိုဆိုလိုက်သည်နှင့် ရှေ့ထွက်မင်းသမီးလေး မြစံပယ်ငုံကလည်း သူ၏တာဝန်ကိုကျေပွန်စွာထမ်းဆောင်သည်။

မင်းသမီးနှစ်လက်လုံးက တမျိုးတဘာသာစီ ကချိုးများဖြင့် စီစဉ်တင်ဆက်သွားသလို လူရွှင်တော်များကြောင့်လည်း ပရိသတ်တချက်ကလေးမှပါးစပ်မပိတ်ကြရ။ လက်ခုပ်သြဘာသံများဖြင့် ခန်းမတခုလုံး ဟိန်းဟိန်းညံ နေသည်။

သတင်းဌာနများဖြင့် ပြည့်နေသောဇင်းမယ်မြို့မှာ သူတို့ကပြက်လုံးအသစ်အဖြစ် သတင်းမျက်လုံးအစီအစဉ် ကိုတင်ဆက် သွားသည်။ တင်ဆက်သူများကတော့ ပန်းသီးနှင့်ဆီးသီးတို့ဖြစ်သည်။

"တရုတ်နိုင်ငံတွင် ရှစ်ထပ်တိုက်ပေါ်၌ ရေချိုးနေသော တရုတ်မကြီးအား ကားတိုက်သွားခြင်း။ ဖြစ်ပွားပုံမှာ ရေချိုးနေစဉ် ဆပ်ပြာကျ၍ ဆင်းကောက်ရာမှ ကားတိုက်သွားခြင်းဖြစ်ပါသည်။ ကားမှာဒဏ်ရာ ပြင်းထန်စွာ ရရှိသွားပါသဖြင့် ဆေးရုံသို့ တင်ပို့လိုက်ရပြီး တရုတ်မကြီးမှာ လေးကျိုးသွားပါသဖြင့် ဝပ်ရှော့မှ ဂဟေဆော်ပေးလိုက်ကြောင်း ကြားသိရပါသည်" ဒါက နိုင်ငံတကာသတင်း ဖြစ်သည်။

မြန်မာနိုင်ငံသတင်းကတော့ "မှော်ဘီအဝေးပြေး ကားလမ်းမကြီးပေါ်တွင် လမ်းဖြတ်ကူးနေသော ပုရစ်တကောင်အား ကားတိုက်သွားခြင်း။ ပုရစ်မှာပေါင်ကျိုးသွားပါသဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့လိုက်ရာ ဆေးရုံတွင် ပေါင်ကျိုးသွား သောပုရစ်အားစီးစရာ ပတ်တီးများ မလုံလောက်ပါသဖြင့် ဆရာဝန်ကြီးများတိုင် ပင်၍ ၎င်းပုရစ်အားကြော်စားလိုက်ကြောင်း သတင်းရရှိပါသည်" ဟူ၍ဖြစ်သည်။

သတင်းတပိုဒ်ဖတ်ပြီးတိုင်း ကိုဂေါ်ဇီလာက အနားတွင်ထိုင်၍ ပန်းသီးနှင့် ဆီးသီးအား လက်ညှိုးတလှည့်စီထိုးကာ "လိမ်နေသည်" "ညာနေသည်" " သတိထား" ဟူ၍အော်ပေးသည်။

"ရန်ကုန်မြို့မဂ္ဂင်ကျောင်းတိုက်တွင် သနပ်များတွေ့ရှိခြင်း ယင်းကိစ္စကြောင့် တာဝန်ရှိသူများက သွားရောက် စစ်ဆေးရာ သရက်သီးသနပ်များ ဖြစ်နေကြောင်း သတင်းရရှိပါတယ် ခင်ဗျာ" ဟူသော သတင်းကြေညာချက်ကိုတော့ ပရိသတ်များ သဘောအကျဆုံးဖြစ်သည်။

"ကျနော်တို့က သုညဘဝက လာခဲ့ရသူတွေပါ၊ လေးယောက်ပေါင်းမှ လမ်းစရိတ်ကျပ်ငါးဆယ်ပဲရှိတဲ့နေ့တွေမှာ ပညာသင် ပေးမယ့် ဆရာ့အိမ် လမ်းလျှောက်ပြီးသွားခဲ့ရဖူးပါတယ်၊ ကျနော်တို့အားလုံး နိုင်ငံတကာကို လှည့်ဖြေဖျော်ပြီးရင် အမိနိုင်ငံ ကိုပြန်ပါမယ်" ဟုဆီးသီးက ဧရာဝတီကိုပြောကြားသည်။

"ဇင်းမယ်က မြန်မာပြည်နဲ့လည်းနီးတယ်၊ မြန်မာပြည်ရဲ့ တချို့နေရာလေးတွေနဲ့လည်း တူတယ်ဆိုတော့ မြန်မာပြည်ကိုပြန် ရောက်ပြီး ဖျော်ဖြေနေရသလိုခံစားရတယ်" ဟုပန်းသီးက ပြောသည်။

စင်ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် ထိုင်းနိုင်ငံဘန်ကောက်မြို့တို့တွင် ဖျော်ဖြေခဲ့ပြီးဖြစ်သဖြင့် မြန်မာပြည်ကို မပြန်ချင်တော့ ဘူးဆိုသည့်စိတ်မဖြစ်မိဘူးလားဟု မေးကြည့်မိသည်။

"အဲဒီလိုတော့မဖြစ်မိပါဘူး၊ ကျနော်တို့ပြန်ရမယ်၊ အိမ်နီးချင်းနိုင်ငံတွေထက် အများကြီးနောက်ကျကျန်ခဲ့တဲ့ ကျနော်တို့နိုင်ငံ ရဲ့အနေအထားကို စဉ်းစားမိတော့ ဝမ်းနည်းမိတယ်ဗျာ" ဟု ပန်းသီးကဖြေသည်။ ဆက်လက် ပြီးသူက တိုင်းပြည်အနေနှင့် ဒီမိုကရေစီရပြီးသည့်တိုင်အောင် အများကြီးကျိုးစားရဦးမည်ဖြစ်ကြောင်း ပြောသည်။

"ကျနော်တို့အနုပညာသမားတွေကလည်း အနုပညာတာဝန်ကျေရမယ်၊ တခြားနယ်ပယ်က လူတွေအားလုံး ကိုယ့်တာဝန် ကိုယ်ကျေပြီး အလုပ်တွေအများကြီး လုပ်ရဦးမယ်"ဟု သူက ဆက်ပြောသည်။

ပရိသတ်နှင့် ဆေးရောင်စုံတို့ အတိုင်အဖောက်ညီညီ တင်ဆက်သူကတင်ဆက် အားပေးသူက အားပေးဖြင့် အချိန်ကုန်လို့ ကုန်မှန်းမသိရ။ သူကတော့ အငြိမ့်ခွင်ပြီးသွားမှာကို တိတ်တိတ်ကြိတ် ပူပန်နေမိသည်။ သည်လိုပွဲမျိုး သူတို့ငတ်ခဲ့သည်မှာ ကြာလှပြီ။

ကိုဂေါ်ဇီလာ၏ ပြက်လုံးတခုကိုလည်း ပရိသတ်ကတော်တော် သဘောကျကြသည်။ မေးကြည့်တော့ ဒီဇင်းမယ်ရောက်မှ ပြက်သည့် ပြက်လုံးအသစ်ဟုဆိုသည်။

"ငါ့ကိုနေပြည်တော်က လိုက်ခဲ့ပါခေါ်လို့ လိုက်သွားတယ်ကွာ၊ နိုင်ငံတော်အကြီးအကဲအိမ်ကို သွားရမှာတဲ့၊ အဲဒီရောက်တော့ ငါမဝင်ရဲဘူးကွ အိမ်ရှေ့မှာကျောက်စိမ်းတွေ အချပ်လိုက်ခင်းထားတာလေ။ ဒါပေမယ့်သူက ဝင်ခဲ့ပါဆိုတော့ငါဝင်သွားတယ်၊ အထဲရောက်တော့ ထိုင်ခုံမှာမထိုင်ရဲပြန်ဘူး"

"ထိုင်ခုံက နဝရတ်ကိုးသွယ်နဲ့ စီချယ်ထားတာကွ၊ ဒါနဲ့သူက ထိုင်ပါကွာဆိုလို့ ထိုင်လိုက်ရတယ်။ အဲကွန်းကလည်း အေးစိမ့် နေတာပဲကွာ။ လျှပ်စစ်မီးကို အပြည့်အဝပေးထားတာ။ အဲဒီမှာသူကပြောတယ် ဒီမှာဂေါ်ဇီ လာတဲ့ ငါ့တို့ကိုမြန်မာနိုင်ငံအုပ်ချုပ် ခွင့် နောက်ထပ် ၁၀ နှစ်ပဲထပ်ပေး၊ တိုင်းသူပြည်သားတွေအားလုံး ခုလိုပိုင်ဆိုင်စေရမယ်တဲ့ကွ၊ ဒါနဲ့ ငါကပြန်ပြောလိုက် ပါတယ်။ ခုကျနော်က ပြက်လုံးထုတ်ရမှာလား နိုင်ငံတော် အကြီးအကဲက ပြက်လုံးထုတ်မှာလား ခင်ဗျားလို့"

သီးလေးသီး ဆေးရောင်စုံအငြိမ့်ကို လာရောက်ကြည့်ရှုသည့် ပရိသတ်ကြီးကတော့ အတော်ကိုအားရကျေနပ်ကြသည်။ မပြည့်စုံသည့်ကြားမှ ပြည့်ပြည့်စုံစုံ တင်ဆက်သွားသော သူတို့ကို ချီးကျူးကြသည်။

ပရိသတ်ထဲမှ ကိုထွတ်ဆိုသူက ၎င်းတို့အဖွဲ့၏ သတ္တိရှိပုံကိုချီးကျူးကြောင်းနှင့် အမိမြေသို့ပြန်လျှင် အန္တရာယ် ကျရောက်မည် ကိုသိသော်လည်း နိုင်ငံရေးပြက်လုံးများကို ရဲရဲဝံ့ဝံ့ပြက်ရဲသည်ကို အံ့သြမိသည်ဟု ဆိုသည်။

"ဒီလိုအငြိမ့်မျိုးကို ၁၀ နှစ်အတွင်းတခါမှ မကြည့်ဖူးသေးဘူး" ဟု ၎င်းက ဆက်ပြောသည်။

ယခု ဇင်းမယ်ပွဲကတော့ ပြီးသွားပြီ သူတို့၏ခရီးစဉ်ကမပြီးသေး။ ဒါပြီးလျှင် ကိုရီးယား၊ အမေရိကား အပါအဝင် အခြား ဖိတ်ကြားသော နိုင်ငံများကို သွားရောက် ဖျော်ဖြေကြဦးမည်။ အားလုံးပြီးသွားလျှင်တော့ သူတို့၏ဘူမိနက်သံ မျှော်စင်ကျွန်း တွင် တကျော့ပြန် ဖျော်ဖြေမည်တဲ့။

သီးလေးသီးနဲ့ ဂေါ်ဇီလာဆိုသည်မှာ လူရွှင်တော်များပင် ဖြစ်သော်ငြားလည်း အမှန်များသာ ပြောသွားသည်ဟု ဇင်းမယ်နေ မြန်မာရွှေ့ပြောင်း လုပ်သားတဦးက သူတို့ကိုမှတ်ချက်ချသည်။

သူတို့မျက်နှာများက ပင်ပန်းသော်လည်း လန်းဆန်းနေသည်။ ပြက်လုံးအသစ်များ တင်ဆက်ပုံအသစ်များကို အစဉ်အမြဲ ကျိုးစား ရှာဖွေနေတာ တွေ့ရသည်။

သူတို့ပြောသော အမှန်တရားများကို ပြည်တွင်းက မြန်မာပြည်သူများ အားလုံးကလည်း ကြားချင်နေကြသည်။ ခုဆို စင်ကာပူတွင် ကခဲ့သောပွဲကိုကူးပြီး မြန်မာပြည်တွင်ဖြန့်နေပြီ။ ဗီစီဒီလေးချပ်ကို ကျပ်၂၅၀၀ ဖြင့် အားပေးနေကြသည်ဟု ကြားသိရ၏။

ဆေးရောင်စုံ အဖွဲ့၏ ဖျော်ဖြေတင်ဆက်ပွဲပြီးသွားချိန်တွင် သီဆိုသွားသော တေးသွားတပိုင်းတစက သူ့စိတ်ထဲရောက်လာ သည်။ ထိုတေးသွားက သူ့စိတ်ထဲတွင် စွဲထင်နေသည်။ ဖျောက်ဖျက်လို့မရတော့ ဖျောက်ဖျက်ဖို့လည်းမကြိုးစားတော့။

"ငါတို့ဗမာပြည် မိဘတိုင်းကကွယ် ဗိုလ်အောင်ဆန်းလို သူရဲကောင်းတွေ မွေးရမယ်" ဆိုသည့် တေးသွားလေး ဖြစ်ပါသည်။ ။

အေးချမ်းမြေ့
ဧရာဝတီ

ဖြန့်ဝေခြင်း(၆၁)

မီဒီယာဖော် မီဒီယာဆိတ်များသို့

ရေးသားသူ - နယ်ခြားမဲ့ မြန်မာဘလော့ဂါများ
Burmese Bloggers w/o Borders (BBWOB)

http://bbwob.blogspot.com


တကယ်တော့ ဒီအကြောင်းမျိုးကို ရေးချင်နေတာ ကြာပါပြီ။ မကောင်းတတ်လို့ စောင့်ကြည့်နေခဲ့တာပါ။ အခုတော့ ဘယ်လိုမှ မတတ်သာတော့လို့ ချရေးလိုက်ရပါတယ်။

အားလုံးသိကြတဲ့ အတိုင်းပါပဲ။ မြန်မာ့သတင်းတွေကိုသိချင်ရင် ပြည်တွင်းက အစိုးရထုတ်ဝေသော သတင်းတွေကို ဘယ်လိုမှ အားထားလို့မရတဲ့အတွက် ပြည်ပမီဒီယာတွေကိုပဲ အားကိုးရပါတယ်။ အဲဒီ ပြည်ပမီဒီယာတွေထဲမှာမှ BBC CNN တို့လို ပြည်ပမီဒီယာကြီးတွေရှိသလို ပြည်ပရောက် မြန်မာဒီမိုကရေစီ အင်အားစုများက တည်ထောင်ထားသော မီဒီယာများလည်းပါပါတယ်။ အဲဒီလို ဒီမိုကရေစီအင်အားစုများက မီဒီယာ တည်ထောင်ထားခြင်းဟာ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုများအတွက် တစ်ဖက်တစ်လမ်းက အထောက်အကူရစေဖို့ ရည်ရွယ်ချက် ဖြစ်မယ်လို့ ယူဆမိခဲ့ပါတယ်။ (ယူဆမိရုံပါ။)

ဒီမနက်က မြန်မာပြည်မှာ ဘလော့ဂါ တစ်ယောက် အဖမ်းခံရတယ် လို့ သတင်းထွက်ပါတယ်။ သူ့ကိုသိသူများက အချင်းချင်း အဆင်ပြေသော နည်းလမ်းများဖြင့် (လုံခြုံရေးကို ငဲ့ညှာပါက ဘယ်နည်းများလဲလို့ ကျေးဇူးပြု၍ မမေးပါနှင့်။) တနေ့လုံး ဆယ်သွယ် မေးမြန်းကြတဲ့ အခါ မသေချာပါဘူးလို့ ပြောပါတယ်။ အခုစာရေးနေချိန် မြန်မာစံတော်ချိန် ည ၉ နာရီအထိ သူ့ကို ရဲတွေက ဖမ်းဆီးခေါ်သွားတယ်လို့ တစ်ယောက်မှ မျက်မြင်မတွေ့သေးပါ။ အဲဒီအချိန်မှာ နေ့လည်လောက်ကတည်းက မီဒီယာ တချို့မှာ သတင်းက တက်သွားပါပြီ။ မသေချာလို့ မတင်ပါနဲ့ဦးလို့ လိုက်ပိတ်ချိန်မှာ တင်ပြီးသွားလို့ ဆောရီးပါပဲလို့ အွန်လိုင်း မက်ဆင်ဂျာကနေ ဆောရီးတာ တစ်ချက်ကလွဲလို့ သတင်းကို ပြန်ရုပ်သိမ်းမပေးပါ။ အခု စာဆက်ရေးနေတုန်း ကျန်ဘလော့ဂါတွေပါ တိမ်းရှောင်နေတယ်လို့ သတင်း ထပ်တက်ပြန်တယ်။ တကယ်တော့ သူ အဖမ်းခံရတာဟုတ်မဟုတ် အခုအထိ မိသားစုကရော ရင်းနှီးသော မိတ်ဆွေများကပါ အတည်မပြုနိုင်သေးပါ။

ဒီသတင်း မှားသွားခဲ့ရင် .. ဆိုတာကို သတင်းမတင်ခင် ထိုမီဒီယာများက တွေးမိပါသလား။
ကဲ ဒီသတင်း မှန်သွားခဲ့ရင်ရော ဘာအကျိုးရှိမှာလဲ။ လက်တွေ့ကျကျ စဉ်းစားရင် တစ်ယောက်ယောက် အဖမ်းခံရတယ် ဆိုရင် သူသူကိုယ်ကိုယ် ပြန်လွတ်စေချင်တာပါပဲ။ သူ့ဖာသာ ဖြေရှင်းပြီး ပြန်လွတ်ကောင်း လွတ်လာနိုင်ပါတယ်။ ခဏလောက် မစောင့်နိုင်ကြတော့ဘူးလား။ ဒီသတင်းကို ကိုယ်ကမှ မတင်လိုက်ရင် သူများက အရင်တင်သွားမှာကို အစိုးရိမ်ကြီးနေလေရော့သလား။ သူကတော့ ဘယ်သူဘယ်ဝါပါ ဘာသမိုင်းတွေနဲ့ပါ လို့ ကိုယ်ရေးရာဇ၀င်ကို ရိုက်မစစ်ရပဲ နအဖ အကြိုက် မီဒီယာကိုယ်တိုင်က အကုန်ဖော်ပြီး သူများထက်ဦးအောင် သူများထက် စုံအောင် သတင်းကို ရေးပြီး တင်ရခြင်း ရည်ရွယ်ချက်က လူများများလာဖတ်စေချင်ရုံ သက်သက်ပဲလား။ တစ်ယောက်ယောက် အဖမ်းခံရရင် သတင်းတင်တယ်ဆိုတာ အခြေအနေ အမျိုးမျိုးရှိမယ်လို့ထင်ပါတယ်။ low profile နေသူ သူတတ်စွမ်းသမျှ အနုပညာနဲ့ ရေးသားနေသူတစ်ယောက်ကို သတင်းမသေချာသေးတဲ့ အခုလိုအချိန်မှာ ပြူးတူးပြဲတဲ နိုင်ငံရေး တံဆိပ် အတင်းကပ်လိုက်တဲ့အခါ သူဟာ ပြန်လွတ်လာနိုင်ပါဦးမလား။ လွတ်လာခဲ့ရင်ရော နောက်ပိုင်း သူဘယ်လို နေထိုင်သွားရမှာလဲ။ အဖမ်းခံရသေးတာမဟုတ်ပဲ သူ့ဖာသာ တနေရာရှောင်နေတာ ဖြစ်ခဲ့ရင်ရော ဒီသတင်းတွေကြောင့် ကြောက်လန့်ပြီး တောထဲ ရောက်သွားစေချင်တာလား။

ညာသံဝိုင်းပေးတာလည်း ပေးပေါ့။ စဉ်းစဉ်းစားစားလည်း လုပ်ကြစေချင်ပါတယ်။ အပြင်ကလူတွေက အော်ရုံအော်နေတာ။ အတွင်းကို နားလည်မှုမရှိကြဘူး။ သူတို့ကြောင့် တို့တွေ အနေရပိုကျပ်တယ် လို့ ပြည်တွင်းက ပြောနေသော တချို့ အသံများလည်း ကျွန်တော်တို့ထဲက တချို့က နားနဲ့ ဆတ်ဆတ်ကြားခဲ့ရပါတယ်။

အင်တာဗျူးတွေမှာ မမေးသင့်တဲ့ မေးခွန်းတွေကို မမေးသင့်တဲ့ အချိန်မှာမေးလို့ တချို့ မြန်မာမီဒီယာတွေ ကဲ့ရဲ့ခံခဲ့ရပါတယ်။ သတင်းတွေရရင် အူယားဖားယား တင်လို့ အစိုးရ ဘက်က တဖက်လှည့်နဲ့ပို့တဲ့ မမှန်တဲ့ ဓာတ်ပုံတွေ သတင်းတွေ ထောင်ချောက်မိတာလည်း တစ်ကြိမ်မက ပါ။ အခုပြောနေတာ ပြည်ပ exile မြန်မာမီဒီယာတွေရော သတင်းအဓိက တင်သော ဘလော့ဂ်တွေကိုပါ ပါပါတယ်။ ဖြစ်ပြီးသူများကို နောက်မဖြစ်စေချင်သလို မဖြစ်သေးသူများလည်း စဉ်းစားနိုင်ရန် ဖြစ်ပါတယ်။

နောက်ဆုံး မေးချင်တာကတော့ သတင်းတစ်ခု တင်ခါနီးရင် ကိုယ့်ရည်ရွယ်ချက်က ဘာလဲ ။ အခု မြန်မာမီဒီယာတွေက မီဒီယာ သက်သက် မဟုတ်ပဲ တော်လှန်ရေး မီဒီယာ လုပ်နေပါတယ်ဆိုတာကို သတိထားမိစေချင်ပါတယ်။ မှန်ရင် ဘာမဆိုတင်မှာပဲလား။ မှန်တာရော သေချာရဲ့လား။ ဘယ်လောက် တိကျ သလဲ။ မှန်ရင်တောင် ကိုယ့်ထင်မြင်ချက်ကို မရေးပဲ စောင့်ထိန်း မရေးသားသင့်ပေဘူးလား။ ဒီမိုကရေစီလှုပ်ရှားမှု အောင်မြင်ရေးအတွက် တစ်တပ်တစ်အား ပါဝင်ဖို့မဟုတ်ပဲ Media for Media Sake သက်သက်ပဲ ဆိုရင်တော့လည်း ဒီစာကို လျစ်လျူရှုလိုက်ပါ။ ကျွန်တော်တို့လည်း အဲဒီ မီဒီယာမျိုးကို လျစ်လျူရှုလိုက်ပါမယ် ခင်ဗျား။
bbwob.gif

Jan 24, 2008

ပက်ချင်မပြည့်တဲ့ ဘ၀တွေ

ဒီတလော အလုပ်တွေ ဖိစီး…။ လူမှုရေး စိတ်ရှုပ်စရာတွေနဲ့ လေးလံ..။
လောကကြီးကလည်း စက်တင်ဘာနောက်ပိုင်း ပို ကျပ်သိပ်လာသလိုပဲ..။
ဖြစ်နိုင်ရင် အားလုံးကို မေ့ချင်ယောင်ဆောင်ပြီး အချစ်ဝတ္ထုတွေပဲ ဖတ်နေချင်တာ.။
တကယ်တမ်းကျတော့ အဲလိုလည်း တည်ဆောက်ယူလို့ မရ.။
ကျမတို့ ဗမာပြည်ခမျာတော့ အချစ်တွေထဲမှာတောင်မှ မွန်းကျပ်လို့။

ဒါနဲ့ပဲ… ကျမမောင်လေး သစ်ကောင်းအိမ် ၂၀၀၆တုန်းကရေးခဲ့တဲ့ ကဗျာတပုဒ်ကို တင်ဖို့ စိတ်ကူးပေါက်သွားခဲ့ပါတယ်…။

ပက်ချင်မပြည့်တဲ့လမ်း

အတောင်ပံတွေက
ပျံသန်းခြင်းမှာ အကျဉ်းကျနေတယ်

ကောင်းကင်က

မိုးကုတ်စက်ဝိုင်းထဲမှာ အကျဉ်းကျနေတယ်

မီးရထားဘီးတွေက သံလမ်းတွင်းမှာ အကျဉ်းကျနေတယ်

မလှဲဘူး
လွှင့်တုန်းပါပဲ

အလံလည်း အသံတွေဝင်လို့

စွဲစွဲမြဲမြဲ ၊ ချစ်စိတ်မပြယ်

ကျောင်းပြေးခဲ့တယ်
အိမ်ပြေးခဲ့တယ်

မိန်းမတယောက်ရင်ခွင်က ပြေးခဲ့တယ်

အ၀င်ဆိုးလိုက်တာ
အ၀င်ဆိုးလိုက်တာ

အ၀င်ဆိုးလိုက်တာ

ငရဲမှာ ပြဒါးဖမ်းကြ
ငရဲမှာ အပ်ပျောက်ရှာကြ

တရားသဖြင့်

ပန်းတို့ပွင့်ရန်

အို
အသင်
!
ဒေ၀ဒတ်

သံသရာအဆက်ဆက်

ခြစ်ရာများ

ခြစ်ခဲ့တယ် ။

သစ်ကောင်းအိမ်
(၂၀၀၆)

(ပုံကို ဒီက ယူပါတယ်။)

နှစ်လည်လွမ်းခြင်း


မနှစ်က ဒီရက်မှာပေါ့..
ထိုင်းနိုင်ငံရဲ့ ဇန်န၀ါရီ ၂၃ရက်နေ့..မနက် ၉နာရီလောက်..
ကျမအတွက် တကယ်တုန်လှုပ်အံ့အားသင့်စရာ..
ကဗျာဆရာကြီး တင်မိုး ရုတ်တရက်ကြီးဆုံးပါးသွားပြီဆိုတဲ့ သတင်း ၀င်လာတာ.။
ဆရာနေတဲ့ အမေရိကမှာတော့ ၂၂ရက်နေ့ ညနေပေါ့။
ဆရာ ကျမတို့ဆီကပြန်သွားတာ သြဂုတ်လကမှလေ..။

မကြာသေးခင်ကမှ ကျမနဲ့တူတူ သီချင်းတွေအများကြီးဆိုခဲ့။ ကဗျာတွေ ရွတ်ခဲ့။ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောခဲ့။ ကော်ဖီဆိုင်ထိုင်ခဲ့တဲ့ ဆရာက အဲလောက်မြန်မြန်ကြီး ကျမတို့ဆီကနေ အပြီးထွက်သွားတယ်လား..။

ဆရာက သူ သဘောကျတဲ့ ထိုင်းကို.. ဇင်းမယ်ကို.. မဲဆောက်ကို.. မေလထဲမှာ ပြန်လာလည်ဦးမှာတဲ့။ သူချစ်တဲ့ မြန်မာပြည်နဲ့ နီးစပ်လှတဲ့ ထိုင်းကို တနှစ်တခေါက်တော့ အရောက်လာမှာတဲ့။

အဖေကို အင်မတန်ကိုးကွယ်ပြီး အဖေမရှိတော့တဲ့ ကျမမှာ ဆရာကြီးက အဖေလို စိတ်အားရှိစေတာပါ။ ပြီးတော့ ဂီတချစ်..ကဗျာချစ်.. အနုပညာချစ်.. ဘာသာစကားတူ မိသားစုဖြစ်တဲ့ ဆရာနဲ့ ကျမမှာ ပြောစရာတွေမကုန်သေး..။

+++++

ဆရာရေ..
ဒီနေ့တော့ မအားလွန်းတဲ့ကြားကပဲ ကျမ ဆရာချစ်တဲ့ ၀ါဝီ(Wawee)ကော်ဖီဆိုင်လေးမှာ သွားထိုင်ခဲ့တယ် ဆရာ..။ ဟုတ်တယ်.. ဆရာနဲ့ ထိုင်နေကျနေရာလေးမှာပဲပေါ့။

ဆရာနဲ့အတူထိုင်နေကျ ဆရာမောင်သာမညလည်း ပါတယ်။ ပြီးတော့ ဆရာ့ကို အင်မတန်ချစ်တဲ့.. သတင်းထောက်.. စာရေးဆရာတွေလည်း ပါတယ်။ ဆရာရှိရင် သိပ်တွေ့ချင်မှာဖြစ်တဲ့ မိတ်ဟောင်း ဆွေဟောင်း ဘာသာစကားတူ ပန်းချီကျော်တယောက်လည်း ရှိနေတယ် ဆရာရဲ့။ ဆရာကြိုက်တဲ့ Jasmine Tea လည်း ဆရာ့ကို လွမ်းတဲ့ အထိမ်းအမှတ်အနေနဲ့ ကျမတို့ မှာထားကြသေးတယ်။

ဝါ၀ီမှာ သစ်ပင်ပန်းပင်လေးတွေက ပိုအရွယ်ရောက်လာတော့ အရွက်တွေ အပွင့်တွေ ပိုဝေပြီး ပိုပြီး စိမ်းစိုလာတယ် ဆရာ။

ဆရာသဘောကျတဲ့... ဆိုင်ကို အုပ်မိုးပေးထားသလိုရှိတဲ့.. သစ်ပင်တွေကလည်း ပိုပြီး အုံ့ဆိုင်းလာတာပေါ့။

နေရောင်လင်းနေတဲ့ အ၀င်လမ်းကလေးကနေ လျှောက်လာချိန်မှာလည်း ဆရာ့ကို သတိရတာပဲ..။

ဆရာသာပါရင် စိတ်ချမ်းသာစရာပဲလို့ ခဏ ခဏ ပြောနေဦးမှာ။ ကျမတို့ကတော့ ဆရာ့အကြောင်းတွေ ပြောကြတာပေါ့။ ရယ်စရာတွေရော.. လွမ်းစရာတွေရောပေါ့။ အင်းစိန်မင်းကြီးလမ်းက ဘိုအိမ်လေးအကြောင်း ပြောတဲ့သူလည်းပါ..၊ အင်းစိန်တောရတုန်းကအကြောင်း ပြောသူလည်းရှိ..၊ တောင်ငူဆောင်နဲ့ ကံ့ကော်တော တုန်းက အကြောင်းတွေလည်း ပါတာပေါ့ဆရာ..။ ဆရာ့အကြောင်း မကြာခဏ ပြောနေကျသူတွေချည်းပဲ ဖြစ်ပေမဲ့ ဒီကနေ့တော့ ကျမတို့ တမင်ကြီးကိုပဲ မနက်ခင်း ရုံးမသွားခင် အချိန်လုဆုံကြပြီး ဆရာ့ကို လွမ်းကြတာ..။ တမင် ဆရာ့ကိုယ်စား ဆရာချစ်တဲ့နေရာလေးမှာ လာထိုင်ကြတာ..။ အဲဒါလေးကို ဆရာသိစေချင်တာပါ..။

+++++

ဒီကမ္ဘာမြေအတွက် မေတ္တာတရားတွေ ရိုးသားမှုတွေနဲ့ ထုံမွှမ်းတဲ့ အနုပညာဖလ်မီးအိမ်လေးတစ်လုံးကို ထွန်းညှိ လင်းလက်စေခဲ့သူ…။
အခု ဒီကမ္ဘာမြေပေါ်မှာ သူရှိမနေတော့ပေမဲ့.. သူလင်းစေချင်ခဲ့တဲ့ ကျမတို့ကမ္ဘာမှာတော့ သူထွန်းညှိခဲ့တဲ့ ဖလ်မီးအိမ်လေးက အေးအေးမြမြလင်းပ နေဆဲပါ..။

မေငြိမ်း
(၂၃ဇန်န၀ါရီ)
(ချစ်ခင်လေးစားရသော ကဗျာဆရာကြီး ‘တင်မိုး’ ကွယ်လွန်ခြင်း တနှစ်ပြည့်အတွက် အမှတ်တရ)

Jan 21, 2008

စောင့်သူ

အပြင်ရောက်မှ ၀တ္ထုတို မရေးဖြစ်။ ရေးဖော်တွေက တိုက်တွန်းပေမယ့် ခံစားချက်တွေ စုစည်းမရ။ ခု အကိုတယောက်လိုဖြစ်နေတဲ့ စာရေးဆရာ ‘ကိုငြိမ်းဝေ’ က သူစီစဉ်နေတဲ့ ရသ မဂ္ဂဇင်းတစောင်အတွက် ၀တ္ထုတို အသစ်ရေးပေးရမယ်ဆိုလို့ သူ့အတွက် ရေးပေးတဲ့ ၀တ္ထုတိုလေး ပါ။ Printed media တွေကို ကျမက ဘလော့မှာတင်တဲ့အထဲက သုံးချင်တာ ယူသုံးပါလို့ ခွင့်ပြုထားပေမဲ့ ဒီတပုဒ်ကတော့ ကိုငြိမ်းဝေအတွက် ပေးထားတာမို့ ယူသုံးလို့ မရပါဘူးရှင်…။
ဒီကြားထဲ ကြော်ငြာလေးတခု ထိုးပါဦးမယ်။ ကျမကို ကျမထွက်ခဲ့ဖူးတဲ့ ၀တ္ထုစာရင်း တင်ပေးဖို့ နှင်းမိုးဝေလေး နဲ့ ကိုအောင်ဖြိုးလေးအပါအ၀င် စာမိတ်ဆွေတချို့က တောင်းဆိုထားတာ ကြာပါပြီ။ ခုမှပဲ တင်ဖြစ်ပါတယ်။ Side bar ပေါ်မှာ တင်ထားပေးကြောင်းးးး ကြော်ငြာဝင်ပါ၏.. :)

စောင့်သူ
(၁)
အာရုံထဲမှာ ဥသြတွန်သံကြားသည်။ အိပ်မက်လား..၊ စိတ်ကူးယဉ်မိနေတာလား..၊ မသဲကွဲစဉ်မှာပဲ ဖျတ်ကနဲ သူလန့်နိုးသွားသည်။ ဒီတော့မှ အဝေးက လွင့်လာတဲ့ ဥသြသံကို သေသေချာချာ ထပ်ကြားသည်။ အောအိပ်မက်နဲ့ လက်တွေ့ ဆက်သွားတာ။ မျက်လုံးကို မဖွင့်သေးခင်မှာတောင် မနက်ခင်းအလင်းကို ခံစားသိသည်။ နဘေးကို လှည့်ကြည့်လျှင်တော့ ပြုံးရိပ်သမ်းတဲ့ မျက်နှာလေးနဲ့ အိပ်ပျော်နေမယ့် လူမျိုးကွဲ ဇနီးသည် ကို မြင်ရမှာပေါ့။ ခုချိန်မှာ သူမ နိုးနေလျှင်တော့ သူမတတ်ထားတဲ့ ဗမာစကားနည်းနည်း လေးထဲက မောင့်ကို ချစ်တယ်ဆိုတာကို မပီကလာပြောရင်း ဖွဖွနမ်းလို့ နှုတ်ဆက်လိမ့် မည်။ ပြီးလျှင်တော့ အိပ်ယာမှထကာ သူမကိုယ်တိုင် ဦးဆောင်ပြီး အိမ်ဖော်တွေနှင့်အတူ နံနက်စာ ပြင်ဆင်ပေးလိမ့်မည်။ သူကတော့ တကယ့်စားချင်စဖွယ် နံနက်စာကို စားပြီးလျှင် လှပသောဇနီးကို နှုတ်ဆက်ကာ ရုံးသွားမည်။ ဒါပဲပေါ့။
တကယ်တမ်း သူမျက်လုံးဖွင့်ကြည့်ချိန်မှာတော့ ဇနီးသည်က အိပ်ယာထသွားခဲ့ပြီ။ သူမ မီးဖိုခန်းမှာ ရှိနေမှာပေါ့၊ သူအိပ်ယာကထတော့ အိပ်ခန်းပြတင်းတောင် ဖွင့်ထားပြီးပြီ။ ဒါကြောင့် နေရောင်လင်းနေတာ။ ပြတင်းအပြင်မှာ တကယ်စိတ်ချမ်းမြေ့ဖွယ် ခြံဝင်းမြင်ကွင်းလေး ရှိနေသည်။ အဲဒီမှာ သေချာမွေးထားတဲ့ မြက်ခင်းစိမ်းလေး။ ဘွန်ဆိုင်း ဥယျာဉ်လေးနဲ့ ရေကန်အတုလေး။ ရောင်စုံငါးကြင်းတွေ လူးလာခေါက်တုံ့ ကူးနေ လိမ့်မည်။ သူသဘောအကျဆုံးက အမျိုးအမည် သေချာမသိတဲ့ ငှက်ကလေးတွေ သူ့ခြံထဲ ရောက်ရောက် လာတာကို။ သူ့နိုင်ငံမှာတုန်းက မမြင်ဖူးခဲ့တဲ့ ငှက်ကလေးတွေ။ အင်းးး တကယ်တော့ သူ့ နဘေးရှိနေသမျှက သူမမြင်ဖူးခဲ့တာတွေ.. သူ မျှော်လင့်မထားခဲ့ဖူးတာတွေချည်းပါပဲ။ သေသေချာချာပြောရရင်သူ ဘယ်တုန်း ကမှ အိပ်မက်ထဲမှာတောင် ထည့်မမက်ခဲ့ဖူးတာတွေပေါ့။ အဲဒီထဲမှာ သူ့ဇနီးလည်း အပါအ၀င်ပေါ့လေ
အချစ်ရေ.. ရုံးနောက်ကျလိမ့်မယ်ဆိုတဲ့ ဘာသာခြားစကားသံက သူ့နဘေးကို တွယ်ဖက်သော လက်တစုံနှင့် အတူ ရောက်လာသည်။ သူ့ လက်မောင်းမှာ အသက်ရှူငွေ့နွေးနွေး။ သူ လှည့်ပြုံးနှုတ်ဆက်ရမည်။ အမြဲလို သပ်သပ်ယပ်ယပ် တင့်တင့်တယ်တယ် နေတတ်သော သူမက စိတ်ချမ်းသာစရာကောင်းစေတာတော့ အမှန်။ ဒါဖြင့် သူက စိတ်ချမ်းသာနေတာ မဟုတ်ဘူးလား။ မဟုတ်သေးပါဘူး။ သူ ကျေနပ်ပါတယ်လေ..။ တကယ်ဆို ပြောသင့်တာက ပျော်တယ်ဆိုတဲ့စကားလုံး မဟုတ်လား။ အဲဒါတော့ မသေချာဘူး ထင်သည်။ သူငယ်ချင်းတွေကတော့ မပူမပင် မကြောင့်မကြနဲ့ သူ လိုလားတဲ့ အနေအထား တခုမှာ အောင်မြင်နေတဲ့ သူ့ဘ၀က စိတ်ချမ်းသာစရာပဲ.. တဲ့။ ဟုတ်လား။ ကာယကံရှင် သူကတော့ လက်ရှိဘ၀ထဲမှာ နှစ်နှစ်ကာကာ ပျော်ပိုက်ခြင်း မရှိလှတာ သေချာသိသည်။ ဒါဖြင့် ဘာကို လိုအပ်နေသေးတာလဲ
(၂)
အမေရေအလွန်ဆုံးမှ ၃လပေါ့…။ ဒီမိုကရေစီရပြီဆိုတာနဲ့ ချက်ချင်းပြန်လာခဲ့မှာ…”။ ဒီလိုနဲ့ ခုတော့ အနှစ်ဆယ်တောင် ရှိတော့မယ်။ ဘ၀မှာ ဘာတွေ ဘယ်လောက် ရခဲ့ပြီလဲဒါမှမဟုတ် ဘာတွေ ဘယ်လောက် ပေးခဲ့ရပြီးပြီလဲ။ ပေးဆပ်ခဲ့ရတယ်လို့တော့ မပြောချင်ပါ..။ ဘာလို့ဆို ဒါ ကိုယ့်ဘာသာ ရွေးချယ်ခဲ့တဲ့ လမ်းပေပဲ။
ဒီတလောမှာ နှစ်နှစ်ဆယ်အထိမ်းအမှတ်တွေ ကြားကြားလာသမျှ သူ စိတ်တွေထဲ ဘာကို အလိုမကျမှန်းမသိတဲ့ ခံစားချက်တွေက လှုပ်လှုပ်ခတ်ခတ် ဖြစ်နေသည်။ ဒီရက်တွေမှာပါပဲ..။ တောထဲတောင်ထဲနေခဲ့ ဖြတ်သန်းခဲ့ရတဲ့ လွန်ခဲ့တဲ့ ၁၀နှစ်ကျော်က ကာလတွေကို အဖြူအမည်း ရုပ်ရှင်ပြကွက်တွေလို ပြန် ပြန် မြင်နေသေးသည်။ အဲဒီတုန်းက အသက်၂၀တောင်မပြည့်ချင်တတ်သေးတဲ့ ကျောင်းသားလူထွက်ကလေး။ တိုင်းပြည် လွတ်လပ်ရေးအတွက် သေနတ်ကိုင်ရမယ်ဆိုတဲ့ ဗိုလ်တေဇရဲစိတ်မျိုးနဲ့ပေါ့။ အင်မတန် တက်ကြွ ဖျတ်လတ်ခဲ့တာ။ နောက်တော့ ရုပ်ရှင်ပြကွက်တွေက မြန်ဆန်လာသည်။ သူ အသေးစိတ်ပြန်မမြင်လိုတော့တဲ့ ဇာတ်လမ်း အချိတ်အဆက် အကူးအပြောင်းတွေ။ လောဘတကြီး ပင်ပန်းတကြီးနဲ့ ပညာတွေ သင်ခဲ့ရ။ အဲ့ဒီကာလတွေထဲမှာတော့ မကြာခဏဆိုသလို သူ့ စိတ်တွေ လေလေလွင့်လွင့်
ဒါပေမဲ့ အဲဒီ ကာလရှည်တလျှောက်လုံးမှာ မပြောင်းလဲတာကတော့ အိပ်မက်တွေနဲ့ အလွမ်းတွေပါပဲ။ မင်း အရမ်းပြောင်းလဲသွားတယ်လို့ သူငယ်ချင်းတွေ ပြောနေချိန်မှာ သူ့နှလုံးသားက မပြောင်းလဲဘူးဆိုတာတော့ သူသာ အသိဆုံးပေါ့။ သူ့ရဲ့ ရာသီအလိုက်မက်တတ်တဲ့ အိပ်မက်စဉ်တွေထဲမှာ ပိတောက်ခက်တွေ၊ သပြေရွက်တွေ၊ ကံကော်ပွင့်တွေ၊ တမာနံ့တွေ၊ သင်္ကြန်ရေတွေ၊ ပဲချယ်ရီတွေ၊ သနပ်ခါးပါးကွက်ကျား ရနံ့တွေ၊ ဆောင်တော်ကူးပန်းရုံတွေ၊ ရေတမာပင်တန်းတွေ၊ မိုးတိုးမတ်တတ် သစ်ပုတ်ပင်ကြီးနဲ့ ဘွဲ့နှင်းသဘင်တွေ၊ နောက်ဆုံး အမေချက်တဲ့ ဘဲဥချဉ်ရည်ဟင်းနဲ့ ငါးပိချက်တွေထိ အမြဲပါတာ ဘယ်သူမှမသိ။ ပြောရင်ကော ယုံကြမှာလား။ ပြီးတော့ သိပ်ချစ်တယ်ဆိုတဲ့ စကားတခွန်းကို ပြောဖို့ကြားဖို့.. လွမ်းတာတွေ။ ချစ်သူ ကောင်မလေးရတဲ့အခါ မောင်လို့ ခေါ်ခိုင်းခဲ့ချင်တာကို လွမ်းတာတွေ။ ဘယ်တော့မှ ပြန်မရနိုင်တော့တဲ့ အလွမ်းတွေပေါ့။ ဟိုးနောက်မှာ နှစ်နှစ်ဆယ်နီးပါးစာ ကျန်ခဲ့ပြီ။
အသက်၄၀နားနီး အိမ်ထောင်သည် လူတယောက်ရဲ ရင်ထဲမှာ ချစ်သူတယောက်ကို လွမ်းဆွတ်နေတယ်ဆိုရင် အပြစ်ပြောကြမှာလား။ ဒါဆို သူ့ကို အပြစ်ပြောပါ။ ဒါပေမဲ့ တဘက်ကို အပြစ်ပြောလို့တော့ မရ။ ဘာလို့ဆို သူလွမ်းဆွတ်နေတဲ့ ချစ်သူဆိုတာက သနပ်ခါးနံ့သင်းပျံ့တဲ့ အသားညိုညိုနဲ့ ဗမာမလေးတယောက်ကို။ အဲဒါက ဘယ်သူလဲ ဆိုတာတော့ သူလည်း သေချာမသိပါ။
ဒါပေမဲ့ ….
တခါတလေ ဘ၀ထဲ စိတ်ပမ်းလက်ပမ်းရှိတဲ့အခါ သူ
ချစ်တယ်လို့ နှစ်နှစ်ခြိုက်ခြိုက် ပြောဖို့ … ‘မောင့်ကို ချစ်လားလို့ လှိုက်လှိုက်လှဲလှဲ မေးဖို့။ ပြီးတော့ နာဖျားမကျန်းရှိလို့ နဘေးကနေ တတွတ်တွတ်အားပေးတဲ့အခါ ကိုယ့် ဘာသာစကားနဲ့သာ အားရှိချင်တာ။ အမေ့ကို လွမ်းလို့ မျက်ရည်ကျတဲ့အခါ မျက်နှာအပ်ဖို့ ရင်ခွင်ဟာ သနပ်ခါးနံ့ သင်းနေတဲ့ ရင်ခွင်သာ ဖြစ်စေ့ချင်တာ။ ဒီလိုပဲပေါ့မောင်ရယ်.. ဘ၀ဆိုတာ။ စိတ်ကို တင်းမထားနဲ့၊ ငိုလိုက်.. ငိုချလိုက်၊ ကျမရှိတယ် ဆိုတာမျိုးကို ကြားချင်တာ။
ယုံကြပါ့မလားအင်မတန်အလုပ်လုပ်ပြီး တက်ကြွဖျတ်လတ်နေတဲ့၊ ရယ်မောပေါ့ပါးနေတတ်တဲ့ သူ့လို လူတယောက်မှာ အဲလို စိတ်ကူးယဉ်ဆန်တဲ့ အလွမ်းမျိုးတွေ ရှိတယ်ဆိုတာကို
(၃)
တခါတလေကျတော့ သူ ရင်းနှီးမြှုပ်နှံရတာတွေထဲမှာ ရင်နာနာနဲ့ တမင် ဇွတ်နှစ် မေ့ထားရတာမျိုးတွေလည်း ပါတတ်သည်။ ဥပမာ- တောင်ငူဆောင်ရှေ့ တောင်ပိန္နဲပင် တွေအောက်က အရှည်ကြီးလဘက်ရည်ဆိုင်မှာ ထိုင်ပြီး တောင်ငူဆောင်ရှေ့လမ်းသွယ်လေးကနေ နွဲ့နွဲ့လေးလျှောက်လာတတ်တဲ့ ကောင်မလေးကို စောင့်ကြည့် ငေးမောရတဲ့   နူးနူးညံ့ညံ့ ခံစားချက်လေးကို မေ့ထားရတယ်။ ဂျပ်စင်ကင်တင်းက ယင်းမာ လဘက်ရည် ဆိုင်မှာ ထိုင်ပြီး ကဗျာစာအုပ်ထုတ်ဖို့ သူငယ်ချင်းတွေ ငြင်းကြ ခုန်ကြ တိုင်ပင်ကြတဲ့ ရက်တွေကို မေ့ထားရတယ်။ အီကိုကင်တင်းရှေ့က ပန်းချီခန်းလေးမှာ ပန်းချီဆွဲနေတဲ့သူတွေကို သွားသွားပြီး ထိုင်ငေးခဲ့ဖူးတဲ့အချိန်တွေကို မေ့ရတယ်။ နောက် ယုဒသန်ခန်းမ ထဲက ပန်းချီပြပွဲတွေကို မေ့ထားရတယ်။ တခါက ပန်းချီပြပွဲတခုမှာ ကိုယ်စောင့်ကြည့် ချစ်နေရတဲ့ ကောင်မလေးရဲ့ ခြေဖနောင့်လေးကို Panel Board တွေအောက်က မြင်ရချိန်မှာ သူကလေးပဲလို့ တန်းသိပြီး Panel Board တွေကြားမှာ မျက်နှာလေးကို လိုက်ရှာ ခိုးကြည့်ခဲ့ဖူးတဲ့ ဆွတ်ပျံစရာ ခံစားချက်လေးကိုလည်း မေ့ထားရတာပါပဲ။ ‘၈/၈၂ အင်းလျားလမ်း’ တို့ ‘မောင့်သီရိမေ’ ‘အဆောင်သူအလွမ်းပြေ’ တို့ ‘တက္ကသိုလ်မှာ ဝေတဲ့နှင်း’ တို့ကိုလည်း မေ့ထားရတာပဲ။ အာရ်စီထဲက အနုပညာအသင်းခန်းလေးထဲက ပတ္တလားသံလေးကိုလည်း မေ့ထားရတာပဲ။ တက္ကသိုလ်ဟာ သူ့အတွက်တော့ ဘ၀ရဲ နေထိုင်မှုအနုပညာကို သင်ပေးခဲ့တဲ့ နေရာလေးတခုဖြစ်ခဲ့တယ်ဆိုတာကိုတော့ အမေ့ထားရဆုံးပေါ့။ ဒါတွေအားလုံးကို မေ့ပစ်နေရတာကလည်း သူ့အတွက်တော့ ရင်းနှီးမြှုပ်နှံရမှုပဲ ဖြစ်သည်။
(၄)
သူငယ်ချင်းတွေက မင်းရဲမျိုးဆက်အတွက် စဉ်းစားဦးကလေးယူ သင့်ပြီ…’ တဲ့။ အဲဒီကလေးက ဘာ ဘာသာစကား ပြောမလဲ။ သူ့ကို ဖေဖေလို့မှ ခေါ်ပါ့မလား။ ကလေးက သူ ဘာလူမျိုးလဲလို့မေးရင်သူ့ရင်းမြစ်ဇာတိနိုင်ငံအကြောင်းမေးရင်ကလေးက သူ့နိုင်ငံကို အထင်မသေးအောင် သူ ဘယ်လိုဖြေမလဲ။ အရေးကြီးဆုံးက သူ့အဖြေမှန်တယ်လို့ ဘယ်လို သက်သေပြမလဲ။ အိုကိုယ့်နိုင်ငံအတွက် စိတ်ထိခိုက် နာကျင်နေရမယ့် နောက်ထပ်လူသားတယောက် ဒီမြေပေါ်မှာ မတိုးပွားစေချင်တော့ပါ။ သူ့ဇနီးကလည်း သူ့ သဘောတဲ့။ ဒီလိုနဲ့ သူမက်ခဲ့ဖူးတဲ့ အိမ်မက်တမက်ထဲက ကြက်တောင်စည်းလေးစည်းထားပြီး အဖေ့ပုဆိုးစ ဆွဲလိုက်နေမယ့် သနပ်ခါးပါးကွက်ကြားနဲ့ သမီးလေးကို မေ့လိုက်ရသည်။ ပြီးတော့ သေနတ်တကားကားနဲ့ အော်ဟစ်ပြေးလွှားဆော့ကစားနေမည့် အဖေတူသားကလေးတယောက်ကို မေ့လိုက်ရသည်။
ဒါနဲ့ပဲသူက ခုထိ လွတ်လပ်ရေးရလို့ကတော့ ကိုယ့်မြေဆီ တနာရီအတွင်း အပြေးပြန်သွားနိုင်တဲ့၊ ပြီးတော့ ကိုယ်မြေနဲ့ ရေမြေချင်းထိစပ်နေတဲ့ ဒီအရပ်မှာ သိပ်မကြာခင် ပြန်ရတော့မှာလို့ မျှော်လင့်ပြီး စောင့်နေခဲ့ တာ ကြည့်ပါဦးး … နှစ်နှစ်ဆယ် တဲ့။ သူ့အတွက်တော့ မနေ့တနေ့ကလို သစ်ဆဲ။
သူ့ဆီမှာ ရှိနေတဲ့ နိုင်ငံကူးလက်မှတ်စာအုပ်ပိုင်ရှင် နိုင်ငံကို သူ့ နိုင်ငံလို့ ဘယ်တုန်းကမျှ မသတ်မှတ်ခဲ့။ အဲဒါ သူ ခဏတာ အသုံးချနားခိုတဲ့ ဒေသတစ်ခုသာ။ အခု သူလုပ်နေတဲ့ အလုပ်က ကိုယ့်နိုင်ငံလွတ်လပ်ရေးအတွက် တထောင့်တနေရာက ကူပံ့ပေးနိုင်နေတာ သေချာသည်။ သူလွမ်းပေမဲ့ အားမငယ်ပါ။ သူ့အလွမ်းတွေက သူ့နိုင်ငံအတွက် သူစတေးခံလိုက်တဲ့ သူ့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေပဲဆိုပါတော့။ ပြီးတော့ အဲလို ရင်းနှီးမြှုပ်နှံ ရတာကလည်း သူတယောက်တည်းမှ မဟုတ်ဘဲ။ သူ့ရဲဘော်ရဲဘက် သူငယ်ချင်းတွေလည်း ဒီလိုပဲ ပုံစံအမျိုးမျိုးနဲ့ ရင်းနှီးမြှုပ်နှံထားကြတာ။ တချို ခုထိ တောထဲတောင်ထဲမှာ၊ တချို ခုထိ ဒုက္ခသည်စခန်းတွေထဲမှာတချို့ကတော့ လမ်းခုလတ်မှာတင် ဘ၀တွေ အသက်တွေ ပေးခဲ့ကြရတာ..။ တချိုကတော့ အဆိုးဝါးဆုံး အခြေအနေတွေနဲ့ အကျဉ်းထောင်တွေထဲမှာအခုထိ။ အဲဒါကြောင့် သူ လွမ်းမောခြင်းတွေကြောင့်တော့ဖြင့် စိတ်လျှော့လိုက်ဖို့ မဖြစ်နိုင်။
အဲဒီအသိတရားတွေနဲ့ပဲ အလွမ်းတွေကို အားအဖြစ်ပြန်မွေးပြီး သူတို့ ရှေဆက်ကြရမှာပေါ့။ ဒါနဲ့ပဲနှစ်နှစ်ဆယ်ထိတိုင် ကိုယ်ယုံကြည်ရာတွေနဲ့ သူတို့ သူငယ်ချင်းတွေ ခုခံနေလာခဲ့ကြတာပဲ မဟုတ်လားလေ
(၅)
အမေရေအလွန်ဆုံးမှ ၃လပေါ့။ ဒီမိုကရေစီရပြီဆိုတာနဲ့ ချက်ချင်းပြန်လာခဲ့မှာ…”။ အမေ့ခမျာ သူပြန်အလာထိ မစောင့်နိုင်ခဲ့ရှာ။ သူ့ဇနီးကတော့ မောင်တို့ဆီ ကျမလည်း လိုက်နေမှာပါ တဲ့။ သူ လိုက်မပို့ နိုင်တဲ့အတွက် သူမတယောက်တည်း သွားလည်ခဲ့ရတဲ့ ပုဂံမြို့ဟောင်း၊ မန္တလေးနဲ့ ကလော၊ တောင်ကြီး၊ အင်းလေး၊ ပင်းဒယတွေကို ခုထိ ခဏ ခဏ တသသ ပြောနေတတ်တဲ့ ဇနီးက သူ့လောက်နီးနီးကို သူတို့နိုင်ငံမှာ နေချင်တာ။ တကယ်ပဲ ပြန်ခွင့်ရပြီ နေခွင့်ရပြီဆိုရင်တော့ သူဘယ်လောက် အသက်ကြီးနေပါစေ။ သူ့မြေမှာ ကြီးပြင်းမယ့် ရင်သွေးတွေတော့ မွေးကို မွေးဦးမှာ။
ဒီလိုနဲ့ ခုတော့ အနှစ်ဆယ်တောင် ရှိတော့မယ်။

မေငြိမ်း

၂၀ဇန်န၀ါရီ၊၂၀၀၈။

Jan 19, 2008

သီးလေးသီး ဆေးရောင်စုံ


ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာ ရန်ကုန် တန်ဆောင်တိုင်တုန်းက မျှော်စင်ကျွန်းပွဲမှာ ကခဲ့ပြီး အရင်ပထမတခေါက် တုန်းကထက်ပိုပြီး နာမည်ကြီး သွားတဲ့ သီးလေးသီးအငြိမ့်ရဲ့ ဗွီဒီယိုခွေကြည့်ရပါတယ်။ တကယ်ပဲ ကြည့်နေရင်း ကျမ ခဏခဏ ကြက်သီးထ ရပါတယ်..။ ကျမတို့ လဘက်ရည်ဆိုင်ထဲမှာတောင် ဘေးဘီဝဲယာကြည့်ပြီး ခပ်တိုးတိုးပြောကြရတဲ့ (ဒါတောင် လူတိုင်းပြောရဲတာမျိုး မဟုတ်တဲ့) ပြက်လုံးတွေကို ဒီလူငယ်လေးတွေက စင်ပေါ်ကနေ အများပြည်သူ သိအောင် ပြက်ပြနေတာ။

‘လူပြက်’ ဆိုတာက လောကထဲက ပြက်ရယ်ပြုပြောလောက်တဲ့ အဖြစ်အပျက်တွေကို အများပရိသတ် သတိထားမိအောင်၊ သတိပြုမိအောင် ရယ်စရာလေးတွေလုပ်ပြီး ထောက်ပြတဲ့ လူ။ သူတို့ကို လူရွှင်တော် လို့လည်း ခေါ်ပါတယ်။ လူတွေကို ရယ်ရွှင်အောင် လုပ်သူ .. သူတို့ကို ချီးမြှောက်တဲ့အနေနဲ့ ‘တော်’ မြှောက် တော့ ‘လူရွှင်တော်’.. ပေါ့။ အများအားဖြင့်တော့ လူရွှင်တော်(လူပြက်)ဆိုတာ ခေတ်တခေတ်ရဲ့ အကောင်းအဆိုးအပေါ် တာဝန်ကျေကြပါတယ်။ အထူးသဖြင့် တိုင်းပြည်ရဲ့ လူသိများထင်ရှားတဲ့သူတွေရဲ့ ထူးခြားချက်၊ အားသာချက်၊ အားနည်းချက်တွေကို ၇ွှင်ပေါက်နဲ့ ထောက်ပြတာမို့ ‘ပြက်လုံး’ ဆိုတာဟာ အပြုသဘောဆောင်တဲ့ ဝေဖန်ရေးတမျိုးလို့တောင် ဆိုနိုင်ပါတယ်။

ဒါကြောင့်ပဲ လူရွှင်တော်တွေရဲ့ ပြက်လုံးလွှမ်းမိုးမှုကို ကောင်းကောင်းသဘောပေါက်တဲ့ အာဏာရှင်အစိုးရ တွေကတော့ လူရွှင်တော်တွေရဲ့ ပြက်လုံးတွေကို ကြောက်ပါတယ်။ အဲဒီအခါ လူပြက်တွေနဲ့ ပူးတွဲနေတဲ့ အငြိမ့်ခွင်တွေကို ကြောက်ပါတယ်။ ဒါကြောင့် ၁၉၆၂ နောက်ပိုင်း မဆလလက်ထက်မှာ တင်းကျပ်တဲ့ စိစစ်ရေးတွေကြောင့် အားလျော့သွားရတဲ့ အငြိမ့်တွေဟာ ၈၈ နောက်ပိုင်း စစ်အစိုးရလက်ထက်မှာတော့ ပိုဆိုးလာပြီး လုံးလုံးကို ပျောက်ကွယ်လုဖြစ်သွားပါတယ်။ ရှိတဲ့ အငြိမ့်တွေထဲမှာ တချို့ကလည်း တိုင်းကျိုးပြည်ပြု လို့ခေါ်တဲ့ အစိုးရကြိုက်ပြက်လုံးတွေနဲ့ ခါးအောက်ပိုင်းကနေ မတက်နိုင်တဲ့ ညစ်တီးညစ်ပတ် ပြက်လုံးတွေသာ ပြက်ကြရပါတော့တယ်။ ပြက်လုံးကောင်း အစစ်အမှန် ပြက်တဲ့သူတွေကို ထောင်ချတန်းချနေတဲ့ ခေတ်ထဲမှာ….. အငြိမ့်ခေတ်ပါ မှေးမှိန်ခဲ့ရတာပါ။

ခုတော့ “သီးလေးသီး ဆေးရောင်စုံအငြိမ့်” တဲ့။ လူငယ်လေးတွေ….။ ၁၉၈၀ခုနှစ်များဆီက ပရိတ်သတ်ကို ဖမ်းစားနိုင်ခဲ့ဖူးတဲ့ “မိုးနတ်သူဇာအငြိမ့်”တုန်းကလို ကျောင်းသားလူငယ်တွေ။ ၂၀၀၇ထဲမှာ ပေါ်လာပါတယ်။ ဗွေဆော်ဦး ဗီဒီယိုခွေအတွက် ရိုက်တဲ့ အငြိမ့်ပွဲ ထွက်ခွင့်မရဘူးတဲ့။ ဒါရိုက်တာလုပ်သူက ဇာဂနာ။ တရားဝင်ထုတ်ခွင့်မရတာတောင်.. လူထုကြားထဲမှာ.. “ ဒါတော့ မလုပ်နဲ့..” ဆိုတဲ့စကား ကျန်သွားစေခဲ့တဲ့ အဖွဲ့။ ခု အဲဒီအဖွဲ့ကလေးက မြန်မာပြည်ထဲမှာ လူပြက်တာဝန် ပီပီပြင်ပြင် ကျေခဲ့။ ရဲရဲရင့်ရင့် ပြက်ခဲ့ပြီးပြီ။ နောက်ထပ်ပွဲခွင်ဆိုတာ မသေချာခင်ကာလမှာ..။ အကြောင်းအမျိုးအမျိုးနဲ့ ပြည်ပမှာရောက်နေကြရတဲ့ သူတို့ချစ်တဲ့ပြည်သူတွေကို ဖျော်ဖြေဖို့တဲ့..။ တကယ့်ကို ရဲရဲရင့်ရင့် ထွက်ခဲ့ကြပြန်ပီ။

ဒီတော့ သူတို့ရဲ့ အငြိမ့်ပွဲဟာ သာမန်အငြိမ့်ပွဲ မဟုတ်တော့။ ကမ္ဘာအနှံ့ ပျံ့နေတဲ့ ကိုယ့်နိုင်ငံသားတွေကို တကယ့်မြန်မာပြည်ရဲ့ အခြေနေမှန်တွေကို သတင်းပေးဖို့ .. ပြီးတော့ ကျမ ခံစားရတာက ပြည်တွင်းနဲ့ ပြည်ပ ဝေးနေတဲ့ ကိုယ့်နိုင်ငံသားအချင်းချင်း တွေရဲ့ ချစ်ကြည်ရေး.. ပြီးတော့ သူတို့ရဲ့ အနုပညာလွတ်လပ်ခွင့်ကို အသုံးချနိုင်ဖို့.. ဒါဟာ ယဉ်ကျေးမှုအနုပညာနဲ့ ဖော်ဆောင်တဲ့ အမျိုးသားရေးလုပ်ငန်းစဉ်တခုလို့ ခံစားရပါတယ်။ အဲဒီတော့ ကျမစိတ်ထဲ အဲဒီ လုပ်ငန်းစဉ်ကို အားပေးရမယ်.. ကူညီရမယ်လို့ ခံယူတယ်။

ခု သူတို့ မလေးရှားနဲ့ ဘန်ကောက်မှာ ပွဲခွင်နှစ်ခွင်ပြီးပြီ။ နောက် စင်္ကာပူမှာ..။ နောက် ဇင်းမယ်(ချင်းမိုင်)ကို လာမယ်.. နောက် ကိုးရီးယား၊ ဂျပန်..။ နောက်ထပ် ခြေဆန့််ရင် ဆန့်နိုင်သလောက် .. သူတို့ရဲ့ အနုပညာငှက်က အစွမ်းကုန်ပျံသန်းလိမ့်မယ်။

ကျမကတော့ ဗမာပြည်သားမှန်ရင်.. ကျမတို့ မလုပ်ရဲတာ မလုပ်နိုင်တာကို၊ လုပ်ရဲတဲ့.. လုပ်နိုင်တဲ့.. လုပ်နေတဲ့.. (အနုပညာ)သူရဲကောင်းတွေကို မဖြစ်မနေ အားပေးကြရမယ်.. လို့ ခံယူထားပါတယ်။

Jan 10, 2008

ရန်ကုန်ဒုက္ခသည်စခန်း

ကျမရဲ့ စိတ်ခံစားချက်က တခုခုကို ခံစားရင် တအုံနွေးနွေးနဲ့ ရက်ရှည် ဆက်နေတတ်ပါတယ်။ ခုလည်း ရန်ကုန်ထောင်ပို့စ်လေးက တကယ်တော့ ရေးစရာအများကြီး၊ တင်စရာဓါတ်ပုံတွေအများကြီးကို လျှော့လိုက်ရလို့ရော၊ ချုံ့လိုက်ရလို့ရော၊ စိတ်ထဲ အားမရ။ တကယ်က ဒီတလော ကျမမှာ ရေးချင်တဲ့ တခြား အကြောင်းအရာတွေက အဆင်သင့်ရှိနေတာ။ ဒါပေမဲ့ စာရေးတဲ့သူတွေရဲ့ ထုံးစံအတိုင်း ကိုယ့်စိတ်ထဲက ပို ပြင်းပြနေတဲ့တခုကို ရေးမထုတ်လိုက်ရမချင်း.. ကျန်တာ ဘာမှ လုပ်လို့မရ။ အဲလိုရှိ နေတုန်း ဗမာပြည်က ပြန်လာတဲ့ မောင်လေးတယောက်က သူရိုက်လာတဲ့ ဓါတ်ပုံတွေ ကျမဆီ လှမ်းပို့တာမှာ မနေနိုင်တော့ဘဲ ခုပို့စ်လေးကို ထပ်တင်လိုက်ရတာပါပဲ။

နယ်စပ်တလွှားက ဒုက္ခသည်ကလေးတွေအကြောင်းကို ပြီးခဲ့တဲ့ ‘ရန်ကုန်ထောင်’ ပို့စ်မှာ ကျမ ဖြတ်ကနဲ ထည့်ပြောခဲ့ပါတယ်။ ထိုင်းမြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေထဲ ကိုယ့်အပိုင်း(ရပ်ကွက်ဆိုပါတော့)လေး ထက် ကျော်မသွားဖူးလို့မို့ လူ့လောကဆိုတာ ဒါပဲလို့ ထင်နေရတဲ့ ကလေးတွေ။

(ထိုင်းမြန်မာနယ်စပ်က ဒုက္ခသည်စခန်းတခု)

( ဒုက္ခသည်စခန်းထဲမှာ)

အဲလိုပဲ မြ၀တီ-မဲဆောက် နယ်စပ်က အမှိုက်ကောက် အသက်မွေးရတဲ့ ကလေးတွေ။ နောက် တရုတ် မြန်မာနယ်စပ်က ကြယ်ခေါင် တ၀ိုက်မှာ ဘိန်းလိုက်ရောင်းရင်း ကိုယ်တိုင် ဘိန်းစွဲနေတဲ့ လူမမယ်လေး တွေ။ အိန္ဒိယ မြန်မာ နယ်စပ်မှာတော့ မှောင်ခိုပစ္စည်းသယ်ရတဲ့ ကလေးတွေ။ ဒါ.. ကျမ ကလေးတွေအကြောင်း ချည်းပဲ ပြောနေတာပါ။ လူကြီးတွေရဲ့ ဘ၀တွေ မပါသေးပါဘူး။

(တရုတ်မြန်မာနယ်စပ်က ဗမာတွေ)

အဲဒီမြင်ကွင်းတွေဟာ နယ်စပ်ဒုက္ခသည်တွေနဲ့သာ သက်ဆိုင်တဲ့ ဘ၀တွေပေါ့။ နယ်စပ်မှာသာ မြင်နိုင်တဲ့ မြင်ကွင်းတွေပေါ့။ ခုတော့ ကျမတို့ မဟာရန်ကုန်မှာလည်း အဲလို မြင်ကွင်းတွေ တွေ့နေရပါပြီ။

(ရန်ကုန်မှာ အဲဒီအရွယ်လေးတွေ ငါးရောင်းနေရပြီ)
(ဓါတ်ပုံ-ကေအိုအမ်ဝိုင်အို)

(ဗမာပြည်မှာ ကလေး အလုပ်သမား မရှိပါ.. :( ... )
(ဓါတ်ပုံ-ကေအိုအမ်ဝိုင်အို)

(မဟာရန်ကုန်မြို့ရဲ့ လမ်းမကြီးပေါ်မှာပါ)
(ဓါတ်ပုံ- ကေအိုအမ်ဝိုင်အို)

(ရန်ကုန် ဆင်ခြေဖုံးရပ်ကွက်က အိမ်တအိမ်ပါ)

အင်းးး ကျမက ရန်ကုန်ထောင်လို့ ရေးခဲ့တာ.. ခုတော့ ရန်ကုန်ဒုက္ခသည်စခန်းလို့ပါ ထပ်ပြောရပါပြီ။ ဒါတွေကိုရော ဘယ်သူငြင်းဦးမလဲ…။ ပြီးတော့ ဘယ်သူတွေက ဘယ်လို ကယ်တင်ကြမှာလဲ။ ဒါတွေက တကယ်တော့ “စိန်စီသောည”အခွေ မှာ အကုန်ပါပြီးသား ထင်ထင်ရှားရှားပါ။ ဒါပေမဲ့ ခု ကျမ မောင်လေး ပို့လိုက်တဲ့ ပူပူနွေးနွေးပုံတွေကို တွေ့တော့လည်း ကျမရဲ့ ဘလော့ ပရိသတ်တွေကို မျှဝေချင်တာနဲ့ တချို့ကို ရွေးပြီး တင်ပေးလိုက်ပါတယ်။

မေငြိမ်း

Jan 8, 2008

ရန်ကုန်ထောင်နောက်ဆက်တွဲ

ကျမရဲ့ ရန်ကုန်ထောင် ပို့စ်အတွက် ပေးထားတဲ့ ကွန်မင့်လေး တစ်ခုဆိုရင် ကျမမှာ ပို့စ်တခုစာလောက်ကို ပြန်ရေးပြီး ဆွေးနွေးရမယ့် အပိုင်းတွေ ပါလာပြီ။ တကယ်တော့ လုံးချင်းဝတ္ထုတအုပ်စာလောက်ရေးရမယ့် ကိစ္စတွေပါ။ ဒါပေမဲ့ တထွာပြရင် တတောင်လောက် မြင်တတ်ပြီးသား ဘလော့ပရိသတ်တွေအတွက်လည်း ဖြစ်တဲ့အပြင် တချို့ကိစ္စတွေက သိသာထင်ရှားပြီးသားမို့ ကျမ နိဒါန်းလောက်ပဲ ပြောပြပါတော့မယ်။ အဲဒီ ကွန်မင့်လေးက ဒီလိုပါ....

အန်တီရေ
အန်တီပြောတာ မှန်ပါတယ်။ ထက် မျက်မြင်မဟုတ်ပေမယ့် ထိုင်းနယ်စပ်မှာ ဒီလို လိင်အလုပ်သမ ဖြစ်နေတဲ့ မိန်းကလေးတွေ တစ်ပုံ တစ်ပင်ကြီးပါ အန်တီ။ ဒါပေမယ့် အန်တီလည်း သိပါတယ်.. ဒီအလုပ်တွေဟာ မလုပ်ချင်ရင် ရတဲ့ ကိစ္စတစ်ခုပါ။ ခုချိန်ထိပြောတာနော်။ ထက် စကားကိုတော့ ကုန်အောင် မပြောပါဘူး။ ဆက်ပြောရမယ်ဆိုရင် ပညာတတ်တွေ နယ်ဘက်မှာ အရမ်းနည်းပါးတာကြောင့် လူကုန်ကူးတဲ့ သူတွေ အလုပ်ဖြစ်နေကြတာပါ။ ဒါပေမယ့် ဗိုင်းကောင်း ကျောက်ဖိ ( အူတူတူကို ပြောခြင်းမဟုတ်) မိန်းကလေးတွေ တော်တော် များနေပါသေးတယ် အန်တီရေ။ ပြည်တွင်းက လူတစ်ယောက် ဖြစ်တဲ့အတွက် ပြည်တွင်းက မိန်းကလေးချင်း စာနာလို့ ပြောတာပါ အန်တီရေ။ အန်တီလည်း ဒီလိုမျိုးလေးတွေ သတိပေးအနေနဲ့ များများ ရေးပေးပါ။ ဒါမှ ထက်တို့လည်း သြော် ဒီလိုဖြစ်လာနိုင်ပါလားလို့ တွေးပြီး နောင်ရေးအတွက် အမျိုးသမီးတိုင်းအတွက် လုပ်သင့်တာလေးတော့ လုပ်ပေးနိုင်မှာ မဟုတ်လားအန်တီရေ။ ကျေးဇူးပါရှင်

သမီးရေ… အန်တီ ၂၀၀၅ မတ်လ၁ရက်နေ့မှာ ထိုင်းကိုရောက်ပါတယ်။ ခုဆို ၃နှစ်နီးပါးရှိပြီပေါ့။ ဒါကြောင့် ခုပြောပြမှာက ကိုယ်တွေ့မျက်မြင်ကိစ္စတွေပါပဲ။ ထိုင်းကိုရောက်စရက်တွေမှာတုန်းက အန်တီ မျက်ရည်ကျရတဲ့ အထိ ခံစားရတဲ့ အဖြစ်အပျက်တွေထဲက အကြောင်းအရာမတူတဲ့ တချို့ကို ပြောပြချင်ပါတယ်။

အန်တီ တက္ကသိုလ်ဆရာမ လုပ်ခဲ့တဲ့ ၁၉နှစ်ကျော်ကျော်မှာ ဘားအံကောလိပ်နဲ့ မော်လမြိုင်တက္ကသိုလ်မှာ ၁၀နှစ်နီးပါး ရှိခဲ့ဖူးပါတယ်။ အဲဒီမြို့တွေက နယ်စပ်နဲ့နီးလှပြီး အန်တီ့ရဲ့ တပည့်တွေထဲမှာတောင် အစိုးရက သူပုန်လို့ သတ်မှတ်ထားတဲ့ အဖွဲ့အစည်းတွေထဲက လူငယ်တွေပါပြီး အန်တီနဲ့လည်း ရင်းနှီးပေမဲ့ နယ်စပ် ပြဿနာနဲ့ ပတ်သက်ရင် သိပ် ထဲထဲဝင်ဝင် မသိခဲ့ပါဘူး။ ဒါပေမဲ့ ကိုယ်တိုင် ထိုင်း မြန်မာနယ်စပ်မှာ တလလောက် နေလိုက်ရတော့မှ စစ်အစိုးရရဲ့ စည်းမဲ့ကမ်းမဲ့ ထိုးစစ်တွေကြောင့် နှစ်၅၀နီးပါး ကိုယ့်မြေမှာ အတည်တကျ မနေရတဲ့ IDP (IDP- Internal displaced persons) လို့ခေါ်တဲ့ ရွာပုန်းရွာရှောင် ဒုက္ခသည်တွေအကြောင်းကို မျက်မြင်ကိုယ်တွေ့ သိရတာ။ အသက်၁၈နှစ်ရှိတဲ့ အထိ တောထဲမှာပြေးလွှား ပုန်းအောင်းနေခဲ့ရပြီး အိမ်ဆိုတာ ဘာမှန်းမသိတဲ့ ကလေးတယောက်နဲ့ဆုံဖူးစဉ်မှာ အန်တီ မျက်ရည်ကျခဲ့ရ ဖူးပါတယ်။ အန်တီဆိုလိုတာက အန်တီတို့နိုင်ငံမှာက သတင်းမှောင်ချမှုနဲ့ အပြင်းအထန် နှိပ်ကွပ်မှု တွေကြောင့် တမြေတည်းနေပြီး အန်တီတို့ မသိနိုင်တဲ့ မသိရတဲ့ ပြဿနာတွေ အများကြီး ရှိနေတယ်ဆိုတာကို သိစေချင်တာပါ။

အဲလိုပါပဲ.. ဗမာပြည်ကနေ အလုပ်လုပ်ဖို့လာတဲ့ ဘွဲ့ရ မိန်းကလေးက အိမ်ဖော်အလုပ်ပဲ ရတာမို့ ၀င်လုပ်ရင်း အိမ်ရှင်က မုဒိန်းကျင့်တာ..။ နောက်ဆုံး ရောင်းစားခံရပြီး မထူးဇာတ်ခင်းရင်း Sex worker ဖြစ်သွားတာတွေ။ အဲလိုပဲ လမ်းခုလတ်မှာတင် အရောင်းစားခံရလို့ Sex worker ဖြစ်သွားတာတွေ..။ သမီး ဘယ်လို ပြောမလဲ။ နယ်ဘက်မှာ ပညာတတ်နည်းလို့ လူကုန်ကူးခံရတယ်လို့ သမီးပြောတယ်။ ဒါဆိုရင် ဘာလို့ နယ်ဘက်မှာ ပညာတတ်နည်းရပါသလဲ။ ကလေးတွေ ပညာမလိုလားလို့ လို့ ထင်ရင်တော့ သမီးမှားလိမ့်မယ်။ ကမ္ဘာပေါ်က ကလေးအများစု အလွယ်တကူရနေတဲ့ Free Education ကို မြန်မာပြည်က ကလေးတွေ မရတာ။ ကျောင်းစရိတ် ကြီးသလောက် ကျောင်းပညာရေးက ဘ၀အာမခံချက် မပေးနိုင်တာ။ ဘွဲ့ရတွေအများကြီး မနိုင်ရင်ကာ မွေးထုတ်ပြီး အလုပ်နေရာကျတော့ ဖန်တီးမပေးတာ။ ဒါတွေကြောင့် မြန်မာပြည်မှာ ကျောင်းနေတဲ့ ကလေးက ၄၅% သာ ရှိတဲ့ကြားက ၄၆% က ကျောင်းပြန်ထွက်နေကြတာ (Drop out ဖြစ်နေတာကို ပြောတာပါ)။

သမီးရေ .. မြန်မာပြည်ထဲမှာ တကယ့်ကို စည်းကမ်းရှိရှိနဲ့ နေထိုင်ပြီး ကိုယ့်ဘ၀ကို တည့်တည့်မတ်မတ် ထိန်းသိမ်းနေတဲ့ မိန်းကလေးတွေအများကြီး ရှိနေတာကို အန်တီ သိပါတယ်။ အဲသလိုပဲ Sex worker အလုပ်ကို တချို့က ၀ါသနာပါလို့ လုပ်နေတယ်ဆိုတာကိုလည်း အန်တီမငြင်းပါဘူး။ ဒါပေမဲ့ အဲဒါဟာ သိပ်ကို နည်းတဲ့ လူနည်းစုပါ။

စကားကပ်ပြောတာမဟုတ်ဘူးသမီးရေ.. (လူငယ်လေးတယောက် ပြောခဲ့သလို ပြောရရင်..) ဒါဆို.. ဒီ စစ်အစိုးရ လက်ထက်ကျကာမှပဲ မြန်မာပြည်မှာ sex worker အလုပ် ကို ၀ါသနာပါတဲ့ မိန်းကလေးတွေ များလာတာလား..။

အန်တီမြန်မာပြည်မှာ ရှိနေတုန်းက ၂၀၀၅ နှစ်ဆန်းပိုင်းမှာ အန်တီ့ရဲ့ NGO အလုပ်တခုအတွက် HIV ကိစ္စ စာရေးဖို့ Sex worker တွေ တော်တော်များများနဲ့ တွေ့ပြီး စကားပြောခဲ့ရပါတယ်။ အဲဒီထဲက တယောက် အကြောင်း သမီးကို ပြောပြချင်ပါတယ်။

သူက အဲဒီတုန်းက အသက် ၃၇နှစ်ပါ။ သူက အိမ်ထောင်သည် ကလေး၃ယောက်အမေ။ ရုပ်ကလေးက လှလှ၊ ကိုယ်လုံးကိုယ်ပေါက်က တောင့်တောင့်။ အသက် ၁၈နှစ်နဲ့ အိမ်ထောင်ကျတာမို့ သူ့ သမီး အကြီးဆုံးက ၁၈နှစ်ရှိနေပြီ။ အငယ်ဆုံးကလေးတောင် ၈တန်းရောက်ပြီ။ ကံကဆိုးချင်တော့ ကလေးတွေက စာတော်ကြတယ်။ ပညာ လိုလားကြတယ်။ သူ့မှာ လေဖြတ်နေတဲ့ အမေအိုကြီးရှိတယ်။ နောက် ယောက္ခမ အဖိုးကြီးကလည်း သူ့အိမ်မှာပဲ။ သူ့ယောက်ျားက ဆိုက်ကားနင်းတယ်။ သူ့ဘ၀မှာ အစုံ လုပ်ဖူးတယ်။ အရင်းအနှီးက သိပ်မတတ်နိုင်တော့ ကုန်စိမ်းရောင်းတာကအစ၊ ရထားလက်မှတ် ရုပ်ရှင်လက်မှတ် မှောင်ခိုရောင်းတာ အထိ။ ဒါပေမဲ့ စည်ပင်သာယာ ကြောက်ရ၊ ရဲကြောက်ရ၊ ကုန်စိမ်းရောင်းတော့လည်း မနက်အစောကြီး အလုအယက် ဈေးကြိုရလို့ ကလေးတွေကျောင်းတက်ဖို့ အဆင်မပြေဖြစ်ရ။ ပြီးတော့ အမေနာတာရှည်ကို ပြုစုရတာတဘက်၊ ဈေးရောင်းလို့ ရတဲ့ ပိုက်ဆံက အိမ်စားစရိတ်တောင်အနိုင်နိုင်။ အိမ်လခတွေက ထိုးတက်။ လူတွေ စီးပွားရေးကျတော့ သူ့ယောက်ျား ဆိုက်ကား နင်းရတာလည်း အဆင်မပြေ။ ဆိုက်ကားအုံနာကြေးက တက်။

သူက အန်တီ့ကို ပြောတယ်.. “ကံဆိုးတာလား.. ကံကောင်းတာလားတောင် မသိတော့ပါဘူးအမရယ်.. ကျမက နည်းနည်း လှတော့” ..တဲ့။ ဟုတ်တယ်..သူက တော်တော် ကြည့်ကောင်းတယ်၊ အသက်၃၇ မထင်ရဘူး။ ၃၂ လောက်ပဲ ထင်ရတယ်။ တနေ့ကျတော့ ၀တ္ထုတွေထဲကလိုပဲ.. အမေက နေမကောင်း၊ အိမ်မှာ အိပ်စရာနေရာ တောင် မကျန်လောက်အောင် မိုးက ယို၊ ယောက်ျားက အလုပ်မကောင်း၊ ကလေးအကြီး ၂ယောက်က သူတို့ အတန်းပိုင်ဆရာမတွေက ပြဿနာရှာနေလို့ အဲဒီဆရာမဆီမှာ ကျူရှင်တက်မှ ဖြစ်မယ်တဲ့။ အဲဒီတုန်းက ကလေးအငယ် ၈နှစ်သားလေးက မိုးယိုတဲ့နေရာနား အိပ်ရလို့ထင်ပါရဲ့ တုပ်ကွေးမိနေတယ်။ နေ့ပြန်တိုးနဲ့ ယူထားတဲ့ အကြွေးတွေလည်း ရှိနေတယ်။ ပိုက်ဆံရစရာကတော့ ဘာအလုပ်မှ မရှိ။ ဘူတာကြီးက လက်မှတ်မှောင်ခိုအလုပ်ကလည်း သူတို့ဝန်ထမ်းတွေ အချင်းချင်း ချိတ်ပြီးသားဖြစ်နေပြီ။ ရုပ်ရှင်ကလည်း လူတွေ မကြည့်ကြတော့သလောက်မို့ လက်မှတ်မှောင်ခိုအလုပ် မရှိတော့။ သူ စိတ်ညစ်ညစ်နဲ့ ဆူးလေ ကားမှတ်တိုင်မှာ ငေးငေးငိုင်ငိုင် ရပ်နေတုန်း သူ့ကို Sex worker မှတ်လို့ လာခေါ်တာနဲ့ ကြုံရတယ်။

“ကျမ စဉ်းစားတယ်.. ဘာလုပ်မလဲ.. ဖြစ်ချင်ရာဖြစ်.. ငါ ကလေး၃ယောက်အမေပဲ။ မထူးတော့ဘူး.. ငါ့ဘ၀ကို ငါ့ မိဘတွေနဲ့ ငါ့သားသမီးတွေအတွက် ပေးဆပ်ရတော့မှာပဲ.. လို့တွေးတယ်”။ သူက လှတော့ သူမထင်မှတ်ထားလောက်အောင် ပိုက်ဆံရခဲ့တယ်။ ဒါပေမဲ့ အဲဒီနေ့က အပြန်မှာ သူ ငိုရပါတယ်။ ဒါပေမဲ့ သူ စိတ်မလုံဘူး။ သူ့ယောက်ျားးကို ပြောပြရမလား..။ “ပထမတော့ သူ့ကို သနားလို့ မပြောဖြစ်သေးဘူး။ ဒါပေမဲ့ မပြောလို့က မဖြစ်တော့ ကျမအလုပ်လုပ်တာ ၆လလောက်ရှိမှ ပြောပြလိုက်တော့ သူက ရိပ်မိနေပြီးသား တောင် ဖြစ်နေပြီ။ သူက မတတ်နိုင်ဘူးလေ.. ” တဲ့။

“အဲဒီနောက်ပိုင်း အိမ်အမိုး ပြန်မိုးနိုင်တယ်။ အမေ့ကို ဆေး နည်းနည်း ကုနိုင်လိုက်တယ်။ ခုတော့ အမေလည်း ဆုံးရှာပါပြီ။ ယောက္ခမ အဖိုးကြီးပဲ ရှိတော့တယ်။ ကလေးတွေလည်း ကျူရှင်တက်နိုင်တယ်။ သမီးကြီးက ၁၀တန်းအောင်သွားပြီ။ ကျမယောက်ျားကတော့ အရက်ပိုသောက်လာတယ်။ အဲဒီအတွက်တော့ စိတ်မကောင်း ဘူး။ သားသမီးတွေ ကိုတော့ အသိမခံနိုင်ဘူးအမရယ်။ သမီးကြီး ကျောင်းပြီးရင်တော့ ကျမ နားလို့ ရလောက် ပြီ။ အသက်လည်း ရလာပြီလေ အမရယ်” တဲ့။

အန်တီ တော်တော် စိတ်မကောင်းဖြစ်ခဲ့ရတယ်။ အန်တီက အဲဒီတုန်းက အသက် ၄၀၊ ကိုယ်လည်း ကလေး ၃ယောက်အမေ။ တက္ကသိုလ်မှာ ကထိက ဆရာမ။ လစာ ၁သောင်းခွဲပဲရလို့ အိမ်မှာ စားစရိတ်တောင် မလောက်တဲ့အချိန်။ အန်တီ့ယောက်ျားက သားတကွဲ မယားတကွဲနဲ့ မလေးရှားမှာ အလုပ်သမားသွားလုပ်ရတာ တလ ၂သိန်းပို့ဖို့ သူ့ခမျာ အင်မတန် ချွေတာပြီး နေနေရတဲ့ ဘ၀။ အန်တီ ကိုယ်ချင်းစာတယ်။ အန်တီ ဘွဲ့၃ခု ရခဲ့တယ်။ အဲဒီဘွဲ့တွေရင်းပြီး အလုပ်လုပ်တာ အနှစ်၂၀ နီးပါးမှာ လစာက တလ ၁သောင်းခွဲတဲ့။ အဲဒီအချိန်မှာ မိသားစု နေသာတဲ့ အိပ်ခန်းတခန်းပါ အိမ်ကလေးငှားနေရင်တောင် အိမ်လခက တသောင်းခွဲပေးနေရတဲ့ ခေတ်။ (ကိုယ်က အမေ့အိမ်မှာ ကပ်နေလို့ ရပေလို့)။ အဲဒီတုန်းက အန်တီ့သားကြီး ၈တန်းကျောင်းသားရဲ့ ကျူရှင်ကြေးကလည်း တသောင်းခွဲပဲ။ ကဲ.. ရိုးရိုးသားသားအလုပ်နဲ့ မြန်မာပြည်ထဲမှာ ဘယ်လိုနေ.. ဘယ်လိုစားပြီး ကိုယ့်ကလေးကို ပညာသင်ပေးမလဲ..။

သမီးရေ.. အဲလို ဘ၀တွေ မြန်မာပြည်မှာ ဘယ်လောက်ရှိနေလဲ သမီး သိလား..။ မိသားစုအတွက် အလုပ်လုပ်စရာ ငွေအရင်းမတတ်နိုင်တဲ့အခါ ကိုယ့်ကိုယ်ပဲ ရင်းလိုက်ရတဲ့ သမီးမိန်းကလေးတွေ ဘယ်လောက်ရှိနေလဲ.. ။ နောက်ဆုံး အဝေးသင်တက်ဖို့တောင် ပိုက်ဆံ မတတ်နိုင်လို့ လပေးပြည့်တန်ဆာ လုပ်ရတာတွေ အန်တီ့ တပည့်ထဲမှာတောင် ရှိတာ.. အန်တီ မရေးရက်ပါဘူး။ ကဲ..တော်ပါပြီ သမီးရယ်နော်.. ဒီလောက်ဆို သမီး သိလောက်ပါပြီ။ နောက်ထပ် တကယ်ရေးမယ်ဆိုရင်တော့ လူငယ်တွေကို မူးယစ်ဆေးဝါးနဲ့ ဖျက်ဆီးတာတွေ (‘အဖျက်ဆီးခံတာကိုး’လို့ သမီးပြောရင် အန်တီကလည်း အစိုးရတရပ်ရဲ့ တာဝန်ယူမှု ဆိုတာကို ပြန်ပြောပြပါ့မယ်)။ ဘ၀အနာဂတ်ကင်းမဲ့တဲ့အတွက် စိတ်ကျနေရတဲ့ လူငယ်တွေရဲ့ ပြဿနာတွေ… PLHA လို့ခေါ်တဲ့ (People of living with HIV/ AIDS) Victims တွေရဲ့ ပြဿနာတွေ၊ အန်တီ့ဆီမှာ ကိုယ်တိုင် ဖြတ်သန်းဖြေရှင်းပေးခဲ့ရဖူးတဲ့ အတွေ့အကြုံတွေ ရှိပါတယ်။ ဒါတွေကြောင့်ပဲ အန်တီ 'ရန်ကုန်ထောင်' ကို ရေးဖြစ်ခဲ့တာပါပဲ..။ သမီးရေ.. နောင်လည်း ခုလိုပဲ ဝေဖန်ဆွေးနွေးနော်.. ဒါမှပဲ.. သေသေချာချာ ပြန်ရှင်းဖြစ်.. ပြောဖြစ်မှာမို့လား..။ တခုပဲ အန်တီက အလုပ်များလို့ နည်းနည်းနောက်ကျတာပဲ ရှိမှာနော်.. :D

ကျေးဇူးပါ..

အန်တီမေငြိမ်း

၂၀၀၈ထဲမှာ ဘာတွေ လုပ်မလဲ...

s0wha1 ကလေးက ၂၀၀၈မှာ ဘာတွေ သေသေချာချာ လုပ်ဖို့ ရည်ရွယ်ထားသလဲလို့ Tag ပါတယ်။

အင်းးး ကျမအတွက်ကတော့ ထုံးစံအတိုင်း… လုပ်စရာတွေ အများကြီးပဲပေါ့။

ပုံမှန်လုပ်နေကျ Radio Free Asia အတွက် အပတ်စဉ်ပညာရေးကဏ္ဍက ခုဆို ၈၅ပုဒ်တောင် ရှိပြီဆိုတော့ နောက်ထပ် အများကြီး ဆက်ရေးနိုင်ဖို့အတွက် အင်္ဂလိပ်လို ဖတ်ရတာကို စိတ်မရှည်တဲ့ကြားကပဲ စာတွေ အများကြီး ဖတ်ရပေဦးမယ်။

နောက်ထပ်တတ်နိုင်ရင်တော့ ကျောင်းဆရာမတယောက်အနေနဲ့ မူကြိုကျောင်းပညာရေးပဲ ဖြစ်ဖြစ်၊ တက္ကသိုလ်ပညာရေးပဲ ဖြစ်ဖြစ် Teaching & Management နဲ့ ပတ်သက်တဲ့ ကျောင်းတခုခု ဆက်တက်ချင် တာပါပဲ။

ပြီးတော့ စက်တင်ဘာနောက်ပိုင်း စာအသစ်မတင်နိုင်တဲ့ ဘလော့လေးအတွက် စာပြန်ရေးနိုင်အောင် ကြိုးစားရဦးမယ်။

ထူးထူးခြားခြား ဆုံးဖြတ်မိတာတခုကတော့ ဒီတလော ကြုံနေ ကြားနေရတဲ့ သတင်းစကားတွေ အဖြစ်အပျက် တွေအရ.. ကိုယ့် ပတ်ဝန်းကျင်က မတရားသဖြင့်နိုင်လှတဲ့ ကိုယ်ကျင့်တရားဖောက်ပြန်မှုတွေ.. လိမ်လည် လှည့်ဖျားမှုတွေ.. အကျင့်ပျက်ခြစားမှုတွေ.. ခြေထိုးလုပ်ကြံမှုတွေကို ရန်သူ မိတ်ဆွေ မရွေး သိသိသာသာ ဖော်ထုတ် ဝေဖန်တဲ့ အလုပ်ကို ၂၀၀၈ခုနှစ်ကစပြီး အသေအချာ လုပ်တော့မယ် ဆိုတာပဲ။ (ဘလော့ဂါတွေလည်း ပါမှာနော် =)) … သတိသာထားနေကြပေတော့ :D)

ဒါဟာ ကျမတို့နိုင်ငံနဲ့ လူမျိုးရဲ့ ဂုဏ်သိက္ခာ၊ ယဉ်ကျေးမှုတွေ အပြင် ရပ်တည်နေတဲ့ နေရာတခုရဲ့ ဂုဏ်သိက္ခာတွေကိုပါ ကာကွယ်ဖို့ဖြစ်ပါတယ်။ ဒါဟာ စာရေးဆရာတယောက် ရဲ့ တာဝန်လည်းဖြစ်ပါတယ်။

အင်းးးး နောက်ထပ်ကတော့ ကျမရဲ့ အလွန်မြောက်များလှစွာတဲ့ ပရဟိတအလုပ်တွေထဲ စိတ်ရော.. လူရော.. အများကြီး ရှုပ်နေရဦးမှာ သေချာတာပါပဲ။

(ကဲ.. တာဝန်ကျေပြီနော်..ဒေါ်ဆိုးဝှတ်)


Jan 5, 2008

‘လွတ်လပ်ရေးနေ့ တဲ့လား...’

လွတ်လပ်ရေးနေ့လို့ စဉ်းစားလိုက်တော့ အတွေးတွေထဲမှာ ငယ်ငယ်က လွတ်လပ်ရေးနေ့ဆိုရင် ရပ်ကွက်ထဲမှာ အားကစားပြိုင်ပွဲတွေ ပျော်ပွဲရွှင်ပွဲတွေ လုပ်တာပဲ သတိရပါတယ်။ ကျောင်းမှာတော့ စာစီစာကုံးပြိုင်ပွဲတွေ လုပ်တာပေါ့။ သေချာတာ ကတော့ ကလေးမို့သာ မသိရှိမယ်။ ခုပြန်တွေးကြည့်တော့ ရန်ကုန်မြို့လယ်ခေါင်မှာ နေတဲ့ ကျမတို့ခမျာ ကစားကွင်းဆိုတာ မရှိလို့ ကားလမ်းမကို ပိတ်ပြီး ပြေး ခုန် ပစ် ကြရတာပါလား။ အဲဒီလမ်းကျဉ်းကျဉ်းကို ပိတ်ပီးကစားရလို့ ခရီးသွားတွေ အနှောက်အယှက်ဖြစ်မှာလားလို့လည်း မတွေးတတ်တဲ့ အရွယ်ပေါ့။ ဗိုလ်ချုပ်ပြောခဲ့ဖူး တဲ့ လွတ်လပ်ရေးရပြီဆိုပြီး လမ်းမပေါ် ဆေးရိုးလှမ်းတာမျိုးနဲ့ သိပ်မကွာပါလား ဆိုတာကိုလည်း မသိတတ်ခဲ့။ ယုတ်စွအဆုံး ကလေးဘ၀မှာ ကစားချင်လို့မှ ကစားခွင့် မရှိတဲ့ ဆင်းရဲခြင်း၊ မပြည့်စုံရခြင်းက အစိုးရညံ့လို့ဆိုတာကိုမှလည်း မသိတတ်ခဲ့။ ဒီတော့ လွတ်လပ်ရေးနေ့ရောက်ရင် လွတ်လွတ်လပ်လပ် ကစားရလှပြီလို့ မှတ်ခဲ့တာပါပဲ။

ကျမတို့ နိုင်ငံရဲ့ အဓိက ပြဿနာက အဲဒါပါပဲ။ နိုင်ငံရေးရာ ဗဟုသုတ မရှိကြတာ။ ကျမတို့ခမျာ နဂိုကတည်းက မ၀တ၀စားရတာနဲ့ ကျင့်သား ရခဲ့ရတဲ့သူတွေပီပီ လူဆိုတာ အ၀စားခွင့် ရှိတယ်ဆိုတာကို မသိခဲ့။ လွတ်လွတ်လပ်လပ်ဆော့ကစားခွင့်ဟာ ကလေးတွေ မဖြစ်မနေရရမယ့် အခွင့်အရေးဆိုတာကိုလည်း နားမလည်ခဲ့။ အသက်၅နှစ်ပြည့်လို့ ကျောင်းစနေတော့ ကိုယ်ကျောင်းတက်ရသလို ကလေးတိုင်း ကျောင်းနေရ တာပဲလို့ ထင်ခဲ့တာ။ တနိုင်ငံလုံး လျှောက်လည်တဲ့ အခါတွေမှာ ရထားလမ်းတလျှောက် ရေရောင်းတဲ့ ကလေးတွေတွေ့ရင် သူတို့ အိမ်က ဘူတာနဲ့နီးလို့ မုန့်ဖိုးပဲဖိုးရအောင် အလကားရတဲ့ ရေကို အပျော်ထွက်ရောင်းတယ် ထင်တာ။ (အဲဒီတုန်းက ရေသန့် မပေါ်သေး)။ ကျောင်းမနေနိုင်လောက်အောင် ဆင်းရဲကြတာ မသိခဲ့။

အဲလိုနဲ့ လက်သည်းအဆိတ်ခံရလို့ ခံရမှန်းမသိ၊ လက်ထိပ် မနာတတ်ခဲ့။ ဒီလိုနဲ့ အဖေ ပြောပြတဲ့ 'ကျောင်းသားအခွင့်အရေး'ဆိုတာတွေ၊ '၀န်ထမ်းအခွင့်အရေး'ဆိုတာတွေ၊ 'အထက်ကကိုင်တွယ်တယ်'ဆိုတာ တွေနဲ့ ဖြည်းဖြည်းချင်း ရင်းနှီးခဲ့။ ဒါပေမဲ့ ကျမကိုယ်တိုင် ပြင်းပြင်းထန်ထန် အထိခိုက်ခံရတယ်ဆိုတာမျိုး မရှိတော့ မသိသာခဲ့။ အဖေကလည်း မဆလမကောင်းဘူး.. ပါတီမ၀င်ဘူး.. လို့သာ တွင်တွင်ပြောနေပေမဲ့ ၊ သူကိုယ်တိုင်က မဆလလက်ထဲက အရာရှိ။ အဲလို မသိလိုက်မသိဘာသာ ၀န်းကျင်ထဲမှာပဲ ကျမ ရှောရှောရှူရှူ ကြီးပြင်းခဲ့တာပါ။

ဆယ်ကျော်သက်မှာ ကဗျာတွေ ကြိုက်တတ်လာတော့ မှတ်မှတ်ရရ အဖေကြိုက်လွန်းလို့ဆိုပြီး ပေးဖတ်တဲ့ 'ဖော်ဝေး' 'အောင်ခြိမ့်' 'မောင်ချောနွယ်'တို့ရဲ့ သစ်ရွက်သေများပေါ်မှ ရက်စက်သောဂီတမှာ ခေတ်ဆိုတာကို စသိလာတယ်။ အဲဒီတုန်းက ၈တန်း။ အဲဒီမှာ မလွတ်လပ်ဘူးဆိုတာကို စသိတယ်။ ဒါပေမဲ့ လွတ်လပ်တယ်ဆိုတာကိုတော့ သေချာ မသိသေး ဒါပေမဲ့ အကျပ်အတည်း ဆိုတာကို သိပီ။ ဖော်ဝေးပြောတဲ့ မီးလောင်ပြင် တို့ 'အလောင်းအမှတ် သုည သုည တစ်' တို့ဟာ ဘ၀တခုပဲလို့ သိပြီ။ နောက်၁၀နှစ်ဆို သမီးလေး မဟူရာကိုကို အပျိုဖြစ်ပြီဆိုတဲ့ မောင်ချောနွယ်ကို နားလည်ပြီ။ ပြီးတော့လည်း... အိပ်လိုက်တာပါပဲ.. အ၀င်းဆိုတဲ့ ဖာသည်မလေးကို အဲလိုစော်ကားလိုက်ပါတယ်...’ ဆိုတဲ့ အောင်ခြိမ့်ရဲ့ 'သိနားလည်သူတို့၏ ကစားနည်း' ကို မြင်တတ်ပြီ။ အဲဒီမှာ နိုင်ငံရေးဆိုတာကို သိလိုက်သလိုလို။ နိုင်ငံ့အခြေအနေဆိုတာကို သိသလိုလို။

နောက်တော့ စာတွေအစုံ၊ အများကြီး အများကြီး ဖတ်ခဲ့တာ။ သပိတ်မှောက် ကျောင်းသားမြိုင်အရှေ့ကနေ၀န်းထွက်သည့်ပမာ’ 'တို့ခေတ်ကိုတော့ ရောက်ရမည်မှာ မလွဲပါ' ကနေ အောင်သန်း၏ အောင်ဆန်းဘုံဘ၀မှာဖြင့်ရုပ်ပုံလွှာ’ ‘နိုင်ငံရေးသုခမိန်တို့အထိ။ ထမီကျွတ်၍ လွှတ်လိုက်မည်တို့တိုင်းဌာနီမုန်း၍မဟူ 'မသိန်းရှင်ဆီ ပို့ပေးပါ' ကနေ နှလုံးသားမြို့ဟောင်းတူးဖော်ချက် နောက်ဆုံး အစီရင်ခံစာပြိုမှာလေလားမိုးရဲ့ပန်းတွေနဲ့ဝေအမှတ်တရ တို့ အထိပေါ့။ အဲဒီ စာအုပ်တွေထဲက ဘာတွေ ရခဲ့သလဲ... သေသေချာချာ တိတိပပ မပြောနိုင်။ ဘ၀တွေ အများကြီးကို သိခဲ့တာတော့ အသေအချာ။ အဲဒီအပြင် သေချာ မသိခဲ့တဲ့ အတုအယောင် လွတ်လပ်ရေးဆိုတာကိုတော့ သိတတ်ခဲ့ပြီ။

ကျမတို့ တသက် ဇန်န၀ါရီလ ၄ရက်နေ့ကို လွတ်လပ်ရေးနေ့လို့ သိခဲ့ကြပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း အသက်နဲ့ လဲယူပေးခဲ့တဲ့ လွတ်လပ်ရေးပေါ့။ ခု ၂၀၀၈ခုနှစ် ဇန်န၀ါရီလ၄ရက်နေ့မှာ လွတ်လပ်ရေးအသက် နှစ်၆၀ ပြည့်ပြီ။ အစိုးရ၀န်ထမ်းသာ ဆိုရင် ပင်စင်ရတဲ့အရွယ် တိုင်ပြီ။ အင်းး ဒါဆို.. ကျမတို့ ဘာတွေ လွတ်လပ်ခဲ့သလဲ..၊ ဘယ်လောက် လွတ်လပ်ခဲ့သလဲ..၊ တကယ်ကော လွတ်လပ်ခဲ့သလား.. ဆိုတာပါပဲ။

လွတ်လပ်ရေး ရခဲ့တာ နှစ်၆၀ တဲ့။
ပြည်တွင်းစစ်လည်း နှစ်၆၀နီးပါးပဲ။ မြန်မာနိုင်ငံရဲ့ တောတွေ တောင်တွေထဲမှာ ဘ၀တလျှောက်လုံး အိမ်ဆိုတာ ဘာလဲလို့ မသိတဲ့ ရွာပုန်းရွာရှောင် (
IDP- Internal displaced persons) ပြည်သူတွေ ပြေးလွှားနေခဲ့ကြရ တာလည်း နှစ်၆၀နီးပါး တိုင်ခဲ့ပြီ။ တောင်တန်းဒေသတွေဆီက လူမျိုးစုတွေ မီးမှိတ်တုတ် မှိတ်တုတ်ထဲ... ရာသီဥတုကြမ်းကြမ်းထဲ... ကမ္ဘာဆိုတာ လုံးတယ်လို့ မှတ်။ နိုင်ငံတကာဆိုတာက ဟိုးးးး အဝေးတကာ့ အဝေးကြီးမှာ ရှိတယ်လို့ မှတ်..။ ကိုယ့်နိုင်ငံလေးအတွင်းမှာတောင်မှပဲ ချိုင့်ဝှမ်းတွေ လွင်ပြင်တွေ တောင်ကုန်း တောင်တန်းတွေ မြစ်ချောင်းအင်းအိုင်တွေကို ကျော်လွှားသွားရဖို့ ခဲယဉ်းလှတယ်လို့ မှတ်...။ အဲလို မှတ်ခဲ့ကြရတာလည်း နှစ်၆၀ပင် မကတော့ပြီ။ ခုထိလည်း အရာရာက မှိတ်တုတ် မှိတ်တုတ် မှုန်တိမှုန်ဝါးသာ...

ခုတော့ ကျမတို့ နိုင်ငံသားတွေမှာ မှုန်မှုန်မှိုင်းမှိုင်းထဲ အနေများခဲ့ရလို့ပဲ တောက်ပ စင်ကြယ်တဲ့ အလင်းကို မကြည့်တတ်တော့ပြီလား...။ ဒါမှမဟုတ်ဟို ခပ်ရိုးရိုး ပုံပြင်တခုထဲက.. ရေနွေးထဲကဖားတွေလို အပူဒဏ်ကို ခံနိုင်ရည်ရှိနေတာလား...။ ဒါမှမဟုတ် ခန္တီစ သည်းခံခြင်းသည် မြတ်၏ဆိုတဲ့ ဘာသာရေးအဆုံးအမကိုပဲ လိုက်နာကျင့်ကြံနေတာလား...။ ဒါမှမဟုတ် ဗုဒ္ဓဘာသာထဲက ကံအကြောင်းတရားကိုပဲ နှလုံးသွင်းနေတာ လား...။ ဒါမှမဟုတ်... ... ...

ဒါနဲ့ပဲ ခုချိန်မှာ ကျမကတော့ လွတ်လပ်ရေးနေ့ကို ဘယ်လို ခံစားချက်မျိုးနဲ့ ကျင်းပသင့်သလဲလို့ စဉ်းစားနေ ပါတယ်။

မေငြိမ်း
နှစ်၆၀ပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်။

Jan 1, 2008

မင်္ဂလာနှစ်သစ် ဖြစ်ပါစေ .. ၂၀၀၈

Happy New year !!!

ကဲ.. ၂၀၀၇ ခုနှစ်ကတော့ ကုန်သွားခဲ့ပြီ။
ခုနှစ်သတ်မှတ်ချက်အရ အသက်တနှစ်ပိုကြီးသွားရပြီ။
ဒီတလော သိသိသာသာ အသက်ကြီးလာလို့လား မသိ..
“စိုက်ခဲ့သမျှ တို့ရိတ်သိမ်းရတော့မယ်” ဆိုတာလေးကို
ခဏခဏ သတိရနေတတ်တယ်။
ဘ၀ထဲမှာ မစိုက်မိပါဘဲနဲ့တောင် ရိတ်သိမ်းနေရတဲ့အထဲ..
စိုက်ထားသမျှကိုတော့ ရိတ်သိမ်းရမှာ အသေအချာ..။
အဲဒီအခါ ဖြတ်ခဲ့တဲ့ ၄၂နှစ်ကျော်ကျော်ကြီးကို ပြန်လှည့်ကြည့်မိတယ်။
ကိုယ့်ဘ၀တလျှောက်လုံးးးး
သူတပါးဘ၀ပျက်အောင် တခါမှ မလုပ်ဖူးခဲ့။
သူတပါးကို လှေကားလို.. တံတားလို.. တခါမှ မနင်းဖြတ်ဖူးခဲ့။
လိမ်လည်လှည့်ဖြားတဲ့ စကား တခါမှ မပြောဖူးခဲ့။
အကျိုးလိုလို့ ညောင်ရေ မလောင်းဖူးခဲ့။
နိမ့်ပါးသူကို ငုံ့မကြည့်ဖူးခဲ့။
ဂုဏ်သိက္ခာကို ငွေကြေးနဲ့ တခါမှ မလဲဖူးခဲ့။
အသက်ရှင်ဖို့သာ ထမင်းစားခဲ့။
ချစ်ခြင်းမေတ္တာသာ အရေးပါဆုံးလို့ ယုံကြည်ခဲ့။
လိမ်ညာကောက်ကျစ်သူတွေကို ရွံမုန်းပြတ်သားခဲ့။
(အင်းးး ဒီလောက်ဆို ကိုယ်စိုက်ခဲ့တဲ့ အပင်တွေက သိပ်မဆိုးဘူးလို့ ကျေနပ်ပြီ.. :P
တကယ်တော့လည်း သဘာဝအလျောက်သာ ရိတ်သိမ်းရတာပါ..
ရိတ်သိမ်းရကောင်းစေဆိုတဲ့ သဘောထားနဲ့တော့ ဘယ်လိုအပင်မျိုးမှ မစိုက်ခဲ့။)
(ဒါပေမဲ့လည်း) ဖြတ်သန်းရဦးမယ့် ရှေ့ကာလမှာ အဲဒီ စိုက်ခဲ့တဲ့ အပင်တွေကို
ဆက်ရှင်သန်သွားစေနိုင်ဖို့ကိုတော့ အတတ်နိုင်ဆုံး ကြိုးစားရပါလိမ့်မယ်။

ဘာပဲဖြစ်ဖြစ်..
မနေ့ညကတော့ နှစ်သစ်ကို အတတ်နိုင်ဆုံး အပျော်နဲ့ ကြိုခဲ့ပါတယ်..။
‘တကယ်ပဲ ပျော်သလားး’…။
အင်းး ပျော်ပါတယ်.. တကယ် ချစ်ခင်တဲ့ မိတ်ဆွေတွေနဲ့အတူ..
နှစ်သစ်ကို ကြိုခဲ့ရတာလေ..။
‘လုံးလုံး ပျော်ရသလားးး’.. အဲလိုဆိုရင်တော့ မဟုတ်ဘူးလို့ ဖြေရမှာ။
ဒီဇင်ဘာ၃၁ရဲ့ ည ၁၂နာရီ… သူများတိုင်းပြည်တွေမှာ
မီးရှူးမီးပန်းတွေ တဒိုင်းဒိုင်း တဖွားဖွားဖောက်နေချိန်..
ဘယ်လိုမှ အပျော်ကို တွေခွင့် မရနိုင်ကြရှာတဲ့
ကိုယ့်တိုင်းပြည်ဆီကို သတိရနေခဲ့ပါတယ်။
ဒါနဲ့ပဲ..
၂၀၀၈ ဟာ ..တလောကလုံးအတွက် ပျော်စရာနှစ်သစ်ဖြစ်ပါစေ လို့
နှစ်နှစ်ကာကာ ဆုတောင်းလိုက်ပါတယ်…။

မေငြိမ်း
၁၊ ၁၊ ၂၀၀၈