Sep 30, 2007

ဖြန့်ဝေခြင်း(၃၀)




ဖြန့်ဝေခြင်း(၂၉)

(Niknayman ဆီက ပုံ)


ကျမရဲ့ Email ထဲေ၇ာက်လာတဲ့ ကဗျာတပုဒ်ပါ။

ဖြန့်ဝေခြင်း(၂၈)

အထူးတိုက်တွန်းချက်။ ။
ဘာသာ သာသနာ နဲ့ လူမျိုးကို ရမ်းကားယုတ်မာနေတဲ့ နအဖကို သင်တို့ လက်တွေ့ မြင်နေကြတယ်။ တနင်္လာနေ့ မှာ အထွေထွေ အလုပ်သမားသပိတ် စမယ်။ ပြည်သူ့သစ္စာကို စောင့်သိတဲ့ ပြည်သူ့ဝန်ထမ်းဖြစ်ပါစေ။ နအဖရဲ့ စက်ယန္တယား မှန်သမျှကို ရပ်တန့်ဖို့ အလုပ်ရုံ၊ စက်ရုံ၊ ရုံးတွေကို မသွားကြဖို့။ စက်တင်ဘာမှာ ဘုန်းဘုန်းတို့က ဦးဆောင်ပြီး စခဲ့တယ်၊ အခု ပြည်သူတွေ ပါလာကြတယ်။ ဒီတော့ ပြည်သူ့ ဝန်ထမ်းတွေ အားလုံး - အောက်တိုဘာ အထွေထွေ အလုပ်သမားသပိတ် - စမယ်ဗျို့ ။

ဖြန့်ဝေခြင်း(၂၇)

29 Sep 07, 14:09
Niknayman: အထူးအသိပေးချက် - နအဖအစိုးရ၏ ရက်စက်ရမ်းကားမှုများကို သိနေတွေ့ နေ မြင်နေ ကြားနေကြရသော အလုပ်သမားဝန်ထမ်းအပေါင်းတို့  - လာမည့်  တနင်္လာနေ့ တွင် အထွေထွေအလုပ်သမားသပိတ် စတင်ရန်အတွက်၊ အလုပ်များ ရုံးများ ကုမ္မဏီများမှအစ မည်သည့် စက်ရုံအလုပ်ရုံမကျန် လုံးဝ လုံးဝ မသွားကြရန်နှင့် ရဟန်းရှင်လူများ ဦးဆောင်လျက်ရှိသော လူထု တိုက်ပွဲကြီးနှင့်အတူ အထွေထွေအလုပ်သမားသပိတ်ကြီး စတင်ကြပါရန် အထူး၊နှိုးဆော်အပ်ပါသည်။ ပြည်သူ့ ဝန်ထမ်းဆိုသည်မှာ ပြည်သူအပေါ်သစ္စာစောင့်သိရန် ဖြစ်ပါသည်။ ဘာသာသာသနာနှင့် လူမျိုးကို ဖျက်ဆီးနေသော နအဖအား စောင့်သိရန်မဟုတ်။ နအဖရဲ့  လည်ပတ်နေတဲ့ စက်ယန္တယား မှန်သမျှ ရန်တန့် ရန် အစွမ်းကုန် ပြည်သူ့ ဝန်ထမ်းအားကို ပြကြပါစို့ ။ ခံစားနေကြရသော ပြည်သူအား ငဲ့ညှာစွာဖြင့် လက်တွဲကြပါစို့ ။

29 Sep 07, 14:07
minzaw: အားလူးတလုံးတွင် အနည်းဆုံး (၄) လက်မရှိသော သံချောင်း (၈)ချောင်းခန့်ကိုဟိုဘက် ဒီဘက် ကန့်လန့်ဖြတ် ရိုက်ပြီး ကားများလာလျင် ကားဘီရောက်နိုင်မည့် နေရာများအား ပစ်ချပေးကြပါ

Sep 29, 2007

ဖြန့်ဝေခြင်း(၂၆)

အရေးကြီးပြီ ခေါင်းအေးဖို့ လိုပါတယ်

ဘိုဘိုကျော်ငြိမ်း
စက်တင်ဘာ ၂၈၊ ၂ဝဝ၇ ခုနှစ်

ဒီကနေ့ အခြေအနေခါ တိုက်ပွဲကို အရှုံးအနိုင် ဆုံးဖြတ်မယ့် အခြေအနေ ရောက်လာပြီ။ စစ်သားကို စစ်သားလိုတွေပြီး ရင်ဆိုင်ရမှာမို့ ဒါဟာ အဆုံးအဖြတ် တိုက်ပွဲလို့ သုံးသပ်ရမယ်။ ဒီတိုက်ပွဲဟာ အရေးကြီးသလို ဗျူဟာမှန်ပြီး သတ္တိမှန်ဖို့ လိုတယ်။

ဒီကနေ့ အခြေအနေကို ဒီလောက် မြန်လာလိမ့်မယ်လို့ မမျှော်လင့်ခဲ့ကြဘူး။ ဝုန်းဒိုင်းကြီး ရောက်လာတော့ ကိုင်တွယ်ရတာ ခက်တယ်။ ခေါင်းဆောင်ပိုင်းမှာ စိတ်ငြိမ်သွေးအေးဖို့ အဓိက လိုအပ်ပါတယ်။

ဒီကနေ့ အဓိကကျတဲ့အချက်ဟာ အရှိန်မပျက်သွားဖို့လိုတယ်။ လူထု 'ကြောက်' မသွားဖို့ လိုပါတယ်။ စစ်တပ်က ကြောက်သွားအောင် ပစ်တာ။ ဒါပေမယ့် ဒင်းတို့မှာလည်း ပြဿနာရှိတယ်။ ပြဿနာက ဘာသာရေးပဲ။ သံဃာကိုပစ်တာ လူကိုပစ်တာနဲ့ မတူဘူး။ ဒါကြောင့် ၈၈ ကလို အရမ်း မပစ်နိုင်ဘူး။ အရမ်းကြီး ပွဲကြမ်းလို့ မရဘူး။ သူတို့လည်း အမှောင်ထဲ လမ်းလျှောက်သလို လျှေက်နေရတယ်။ ကိုယ့်ဖက်ကလဲ တချီထဲ အရမ်းကျသွားရင် လူထု ကြောက်သွားနိုင်တဲ့ အန္တရာယ် ရှိတယ်။ တပွဲထဲ အရမ်းကျသွားရင် လူထုက ကြောက်ရင်ကြောက်၊ မကြောက်ဘဲ ပေါက်ကွဲသွားရင် ပွဲပြီးပြီပဲ။ ဒါကို ဘယ်သူမှ မသိဘူး။ မစွန့်ရဲဘူး။ မယူရဲဘူး။ တိုက်ပွဲဆိုတာ ရလာဒ်ကို မျှော်ကိုးနိုင်မှ၊ Calculated Risk လို့ ခေါ်တဲ့ မှန်းလို့ရတဲ့ စွန့်စားမှုပဲ လုပ်ရဲတယ်။ မှန်းမရတာကို မစွန့်စားရဲကြဘူး။

စစ်ပွဲတိုင်းမှာ စစ်ဗိုလ်ဆိုတာ ကိုယ့်တပ် ကိုယ်ခြေမှုန်းမခံရဖို့ သတိရှိရမယ်။ ယနေ့ အခြေအနေမှာ စစ်တပ်က စုရပ်ကို သိနေတယ်။ ရွှေတိဂုံနဲ့ ဆူးလေမှာ ကြိုပြီး တပ်တွေချ၊ လူထုကြောက်အောင် သတ်ပြ လုပ်နေတယ်။ ဒါကြောင့် မြေအနေအထားနဲ့ တိုက်ပွဲအတွက် ကြိုတင်မှုမှာ ဒင်းတို့က အသာရနေတယ်။ ပစ်မဲ့ စစ်သားနဲနဲ သုံးပြီး ဖြိုခွင်းနိုင်တယ်။ ဒါကြောင့် စုရပ်ကို ခွဲပစ်ဖို့ အချိန်တန်ပြီ။ ပြောက်ကျား စစ်ပုံသဏ္ဌာန် နေရာခွဲပြီး လူစုဆန္ဒပြ ရောက်လာရင် ဖျောက်လိုက်နဲ့ လျှပ်တပြက် ဝင်တိုက် ပြည်သူနဲ့ ရောတဲ့ တိုက်စစ် ပြောင်းရမယ်။ အဓိက အရှိန်မပျက်ဖို့နဲ့ ခေါင်းဆောင်မှု မပြိုကွဲဖို့ပဲ၊ ရန်သူကို မီးဝိုင်းသလို ဖြန့်တိုက်ရမယ်။ ခွေးရူးလို ဟိုဖက်ပြေးလိုက်၊ ဒီဖက်ပြေးလိုက် လုပ်ရမယ်။ ဒါမှကိုယ်က ဦးမယ်။ Element of Surprise ရလာမယ်။ ရန်သူ သွေးခြောက်ခြားလာမယ်။

ကိုယ့်တပ်ကိုယ် သုံးတဲ့ နေရာမှာလည်း သံဃာတော်တွေကို မဲရင် ကျောင်းသားက ဦးဆောင်လိုက် အလုပ်သမားက ဦးဆောင်လိုက် အရပ်သားက ဦးဆောင်လိုက်နဲ့ လူထုပါဝင်မှု ပုံသဏ္ဍာန်ကို ရောပစ်ရမယ်။ အဓိကက ဖိနှိပ်ဖို့ တည်ကြက် Target ကို ဖြန့်ပေးရမယ်။ အားလုံးကို တချိန်တည်း လိုက်မရှင်းနိုင်ဖူး။ ဒါအဓိကပဲ။

တချိန်တည်းမှာ ဘာသာရေး လိုက်စား ကြည်ညိုတဲ့ စစ်ဗိုလ် စစ်သားတွေကို တိုင်တည် စည်းရုံးပါ။ သန်းရွှေ သံဃာတွေကို စော်ကားတာ ရှားဘုရင်ကို ခိုမေနီ (Khomeini) ဘာသာရေးနဲ့ တိုက်သလို တိုက်ရမယ်။ ရှားဘုရင်ဟာ ပထမ ရက်ရက်စက်စက် ပစ်ခဲ့ပေမယ့် ဘာသာရေးကို ပစ်မှားရတာမို့ နောက်ဆုံး သေနတ်ပြောင်းတွေ စိုက်ပြီး အမိန့် မနာခံတော့ ထွက်ပြေးရတာပဲ။ ကျနော်တို့လည်း ဒီသင်္ခန်းစာကို ယူပြီး သန်းရွှေကြီး ဘာသာ သာသနာနဲ့ ဘုရားသားတော်တွေကို စော်ကားတာကို ဖော်ထုတ်ပြီး ဘာသာရေး ကိုင်းရှိုင်းတဲ့ စစ်ဗိုလ်စစ်သားတွေကို တောင်းဆို စည်းရုံးရမယ်။ ပြည်ပမှာ ရောက်နေတဲ့ စာရေးကောင်းတဲ့ သူတွေက လှုံ့ဆော်စာတွေ ဝိုင်းရေးပေးကြပါ။ သံဃာကို စော်ကားတာ၊ မကျေနပ်တဲ့ စစ်ဗိုလ် စစ်သားတွေ ရှိတယ်။ သူတို့လည်း မနိုင်သေးလို့ အံကြိတ်နေကြတာပဲ။ (နိုင်) နိုင်တယ်ဆိုတဲ့ အရိပ်မြင်တာနဲ့ ခြုံထဲက ထွက်လာကြပါလိမ့်မယ်။ သူတို့ သတ္တိဝင်လာအောင် လုပ်ဖို့က အားလုံးရဲ့ တာဝန်ပဲ။

ဒီတပွဲမှာ ၈၈ နဲ့ကွာတာက ခေါင်းဆောင်တွေ နံမည်ထွက်မလာပါ။ ကိုယ့်တာဝန်နဲ့ ကိုယ့်အသိ စိတ်ဓာတ်နဲ့ ပါဝင်လာကြတာမို့ ဗကသလို ဗဟို ဦးစီးစနစ် မရှိဖူး။ ဒါဟာ ကောင်းတဲ့တချက် ဖြစ်ပြန်တယ်။ ဘာကြောင့်လည်းဆိုတော့ ဘယ်သူ့ကို ဖမ်းရမှန်း မသိလေ၊ ကိုယ်က အမှောင်ထဲကနေ မြင်လေပဲ။ ကိုယ်ပျောက်ရုံမက နယ်မြေခွဲထားကြပါ။ အလုံ က လူက စမ်းချောင်းမှာ လှုပ်ရှားမှု ပြီးရင် ရန်ကင်းလှည့်၊ ပြီးနေရာရွှေ့ကစားပါ။ သူတို့မှာ လူမရှိပါဖူး။ ၁ဝ ယောက်က ၁ဝဝ ကို ဖမ်းနိုင်တယ်။ ပြန့်နေတဲ့ လူ ၁ဝဝဝ ကို လိုက်ဖမ်းဖို့ ဒင်းတို့မှာ အင်အား မရှိဘူး။

ဒီပြောက်ကျားသဏ္ဍာန် လှုပ်ရှားမှု အရှိန် ရလာအောင် လုပ်ရမယ်။ တမြို့ထဲ မဟုတ်ဘဲ မြို့တိုင်း ပြန်ဖို့ လိုတယ်။

နယ်မြို့တွေမှာ ကိုယ်က အားသာတယ်။ လူထုက မြို့ခံကြံ့ဖွတ်နဲ့ ငဖါးတွေကို သိတယ်။ ဒါကြောင့် နယ်မြို့တွေမှာ အင်အား ကြီးလာအောင် ကြိုးစားရမယ်။ ဗျူဟာက စစ်တပ်က လူအင်အား အတိအကျပဲ ရှိတယ်။ Limited Number စစ်ပုလိပ်၊ လုံထိန်း၊ MI အတိအကျပဲ ရှိတယ်။ လိုမှ ဆွဲထုတ်လို့ မရဘူး။ ဒါကြောင့် အရပ် ၈ မျက်နှာကို ဝိုင်းပြီး စနစ် Overdrive ဖြစ်အောင်လုပ်ရမယ်။

ပြီးရင်မြို့သိမ်း တိုက်ပွဲတွေ လာမယ်။ အမျိုးသားစိတ်၊ Nationalism ကို ဖော်ထုတ်ရမယ်။ ဒါက နောက်တဆင့်။ ခေါင်းဆောင်ပိုင်းက ပြန့်နေတော့ အဖွဲ့တိုင်းနဲ့ ပြောခွင့်မရလို့ ဒီက ရေးလိုက်တာပါ။

ဒီတချီပဲ ညီနောင်တို့ရေ...

တင်းခံထားပါ။

ခါးတောင်းကြိုက်၊ မာန်တင်းပြီး တိုင်းပြည်နဲ့ လူမျိုးအတွက် တိုက်ကြရအောင်။

သံဃာ ကျောင်းသား လူထု အားလုံးကို အလေးပြုပါသည်။ တသက်မှာ ဒီတချီပဲ ရမယ်။ နိုင်အောင် တိုက်ကြရ အောင်။

အားလုံးကို လေးစားဂုဏ်ပြုပါတယ်။

အသက်ပေးသွားသူအားလုံးကို အလေးပြုလျှက်

ဘိုဘိုကျော်ငြိမ်း

မျှဝေ ခံစား မေတ္တာပို့ ဆုတောင်းခြင်း







ဒီနေ့ ဇင်းမယ်မှာ မြန်မာပြည်သူတွေနဲ့ ထပ်တူ ခံစားသူတွေက တတ်နိုင်သလောက် ကူညီ လှုပ်ရှားတဲ့ အနေနဲ့ မီးထွန်းဆုတောင်းပွဲ လုပ်ခဲ့ကြပါတယ်။ ဇင်းမယ်မြို့ရဲ့ သမိုင်းဝင် နာမည်ကျော် မင်းသုံးပါးရင်ပြင် မှာ ပြုလုပ်တဲ့ ဒီပွဲကို ဇင်းမယ်မြို့မှာရှိတဲ့ ကြားကြားသမျှက လာရောက် ဆုတောင်ြး ကပါတယ်။ ဓါတ်ပုံလေးတွေ တင်ပေးလိုက်ပါတယ်။

မေငြိမ်း
၂၈၊၉၊၀၇။

Sep 28, 2007

ဖြန့်ဝေခြင်း(၂၅)

စစ်အစိုးရ ပြိုကွဲနေပြီ

စစ်တပ်များက လမ်းများပေါ်တွင်ဆန္ဒပြနေကြသော သံဃာများနှင့် ကျောင်းသား၊ ပြည်သူများကို လက်နက်အားကိုး၍ ရက် ရက်စက်စက် ဖြိုခွဲလာခဲ့သည်။ ဘုန်းတော်ကြီးကျောင်းများကိုလည်း ရန်သူ့စခန်းသဖွယ် ၀င်ရောက်စီးနင်းခဲ့သည်။ သံဃာ တော်များ ရိုက်နှက်ခံရ၊ ရာနှင့်ချီ၍ ဖမ်းဆီးထားသည်။ သို့သော်လည်း ပြည်သူများက နောက်ဆုတ်မည့်ဟန်မရှိ။ ဆက်လက် စုဝေးဆန္ဒပြနေဆဲ ဖြစ်သည်။ နောက်ဆုံး အကြမ်းဖက်သည့်နည်းကို ထုတ်သုံးရသည့်အချိန်မှစ၍ စစ်အစိုးရ ကျဆုံးတော့မည့် အရိပ်အယောင်ကို ပြလိုက်ခြင်းပင် ဖြစ်သည်။ သူ၏သေခေါင်းလောင်းကို သူထိုးလိုက်ခြင်းသာ ဖြစ်သည်။
ပထမဦးဆုံး သံဃာတပါး ရိုက်ခံရ၍ ကျဆုံးရသည်နှင့် တပြိုင်နက် အခြားအရာများလည်း သေဆုံးသွားပြီ ဖြစ်သည်။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) ဟုခေါ်နေသော စစ်အစိုးရ သေဆုံးသွားပြီ ဖြစ်သည်။ ၎င်းတို့ ရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံမူများလည်း သေဆုံးခဲ့ပြီ။ လမ်းပြမြေပုံ (၇) ချက်လည်း သေဆုံးခဲ့ပြီ။ စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီစနစ်လည်း သေဆုံးခဲ့ပြီ။ စစ်အစိုးရ၏ နောက်ဆုံးအချိန် ရောက်သွားခဲ့ပေပြီ။


စစ်အစိုးရက လူထုဆန္ဒပြပွဲများကို ချေမှုန်းရန် လက်နက်ကိုင်တပ်များကို ဆက်လက် အမိန့်ပေး ခိုင်းစေ နေနိုင်သေးသော အချိန်တွင် ကျဆုံးသွားပြီဟု မိမိပြောလိုက်ခြင်းကို စောဒက တက်ကောင်း တက်နိုင် ပါသည်။ မိမိတွင် ထောက်ပြရန်အချက် များစွာ ရှိနေပါသည်။

(၁)လူ့ယဉ်ကျေးမှုကြီး ထိပ်တိုက်တွေ့ခြင်း

ဆန္ဒပြပွဲများ စတင်လာခဲ့စဉ်ကပင် သံဃာများက “ဓမ္မ၀ါဒီများနှင့် အဓမ္မ၀ါဒီ” များ၏ တိုက်ပွဲဟု အဓိပ္ပါယ်ဖွင့်ခဲ့ကြသည်။ တရားသူများနှင့် မတရားသူများ၏ တိုက်ပွဲ၊ Good Vs Evil တိုက်ပွဲဟုပင် ဆိုရပါလိမ့်မည်။ မြန်မာနိုင်ငံအပါအ၀င် အရှေ့ တောင်အာရှ နိုင်ငံများ၊ အိန္ဒိယ၊ သီရိလင်္ကာစသဖြင့်၊ တရုတ်နှင့် တိဘက်၊ ကိုရီးယား နိုင်ငံများက အနည်းနှင့်အများဆို သလို ဗုဒ္ဓဘာသာယဉ်ကျေးမှု ထွန်းကား လွှမ်းမိုးခဲ့သော နိုင်ငံများ ဖြစ်သည်။ သာသနာထွန်းကားခဲ့ရာ နှစ်ပေါင်း (၂၅၀၀) ကျော် ကာလအတွင်း ပြန်ကြည့်ပါ။ ဤကဲ့သို့ ကြီးမားပြင်းထန်လှသော၊ အတိုင်းအဆ ကြီးမားလှသော သံဃာများ၏ သပိတ်မှောက်ကံဆောင်ပွဲ၊ ပတ္တနိက္ကုဇ္ဇနကံဆောင်ပွဲမျိုး မရှိခဲ့။ ရှိခဲ့လျှင်သော်မှ အတိုင်းအဆအားဖြင့် ယခုလှုပ်ရှားမှုက အရေအတွက်အရရော၊ အတိုင်းအဆအရပါ များစွာ ကြီးကျယ် လှပါသည်။ ဤအခြေအနေတွင် အကြမ်းဖက်ဆောင်ရွက်မှုသည် သာသနာသမိုင်းတွင် အကြီးဆုံး အမဲစက် ဖြစ်စေပါလိမ့်မည်။ ထို့အပြင် အိမ်နီးချင်းရှိ ဗုဒ္ဓဘာသာနိုင်ငံများ၊ အဖွဲ့ အစည်းများနှင့် ဆက်ဆံရေးကိုလည်း ရှေ့ရှောက်ထိခိုက်စေတော့မည် ဖြစ်သည်။

ဒီမိုကရေစီ၊ လူ့အခွင့်အရေးကဲ့သို့သော အကြောင်းကိစ္စများက လူအများ၏ စိတ်ကို တစုံတရာနှိုးဆွနိုင်ပါသည်။ သို့သော် လည်း လူမျိုးရေးကိစ္စက ၎င်းကိစ္စများထက် ပို၍ လှုံ့ဆော် စည်းရုံး နိုင်စွမ်းရှိပါသည်။ လူမျိုးရေးထိလျှင် ဟုန်းကနဲမီးထ တောက်သည့် အဖြစ်မျိုး ရှိဖူးသည်။ သို့သော် လည်း ဘာသာရေးကိစ္စက ထိုထက်ပို၍ ကျယ်ဝန်းပါသည်။ ဥရောပတလွှား ဘာသာရေးကြောင့် စစ်ခင်း ရသည့် ကိစ္စများအထိ ရှိခဲ့ဖူးသလို၊ အီရန်နိုင်ငံတွင်လည်း ရှားဘုရင်ကို ပြုတ်ကျစေ၍ ခိုမေနီ အာဏာရစေခဲ့သော အဖြစ်များ ရှိခဲ့ဖူးပါသည်။ ဘာသာရေးကိစ္စသည် အထူး ထိလွယ် ခိုက်လွယ် ကိစ္စဖြစ်ပြီး၊ လူမျိုးရေးထက် ပင် ပို၍ ပြင်းထန်တတ်ပါသည်။ ထို့အပြင် ဘာသာရေးကိစ္စသည် နယ်နိမိတ်များကို ဂရုမထားပဲ ပျံ့နှံ့စေနိုင်သည်။ လူမျိုး ရေး မီးလျှံထက်ပို၍ ပြင်းပါသည်။ ယခုတော့ စစ်အစိုးရက ပျားအုံတုတ်နှင့် ထိုးသည်ထက် ဆိုးခဲ့ပြီ၊ ဘာသာရေးထိခိုက် စော်ကားသည့် မီးတောက်ကို မွှေးခဲ့ပြီ ဖြစ်သည်။

ဤသည်ထက်မက အရေးကြီးသောအကြောင်းများ ရှိသေးသည်။ မြန်မာနိုင်ငံတွင် လူမှုအဖွဲ့အစည်းများ၊ အသင်းအပင်းများ ကို စနစ်တကျ ဖြိုခွဲခဲ့သည်မှာ ကြာခဲ့ပြီ။ ဦးနေ၀င်း အာဏာသိမ်းချိန် (၁၉၆၂) ခုနှစ်စ၍ တတိတိဖြိုခွဲလာခဲ့ရာ အတော်ချိနဲ့ သော အနေအထားဖြင့်သာ ရှိနေကျန်နေတော့သည်။ သို့သော်လည်း မြန်မာနိုင်ငံတွင် ခိုင်မာစွာ အဖွဲ့အစည်းဖြင့်၊ အင်နှင့် အားနှင့် ကျန်နေသော အဖွဲ့အစည်း (၂) ခုသာ ရှိတော့သည်။ တခုမှာ စစ်တပ်ဖြစ်ပြီး၊ အခြားတခုမှာ ဗုဒ္ဓဘာသာ သံဃာ တော်များဖြစ်သည်။ ယခုတော့ ဤကဲ့သို့သော “ရိုးရာအစဉ်အလာအရ၊ ဖွဲ့စည်းပုံအရအရ စနစ်တကျရှိသော အဖွဲ့အစည်း ကြီး ၂-ခု ထိပ်တိုက်တွေ့နေကြပြီ”ဟု သမိုင်းပညာရှင် ဒေါက်တာအေးချမ်း၏ ဘီဘီစီ မြန်မာပိုင်းအစီအစဉ်တွင် သုံးသပ် ချက်ကို မိမိသဘောတူပါသည်။ မြန်မာနိုင်ငံ လူ့ယဉ်ကျေးမှု အခြေချလာစဉ်မှစ၍ အမြစ်တွယ်ခဲ့သော ရိုးရာသံဃာ့၊ ဗုဒ္ဓ ဘာသာ အဖွဲ့အစည်းကြီးကိုပါ စစ်အစိုးရက စိမ်ခေါ်ခဲ့ပြီ ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာဝင် အရေအတွက်က စုစုပေါင်းလူဦးရေ၏ (၈၉. ၂%) ရှိသည်။ လက်ရှိ ပစ်ခတ်နေကြသော စစ်သား၊ ရဲတပ်ဖွဲ့ဝင်အများပင်လျှင် ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည်။ မြန်မာနိုင်ငံရှိ သံဃာဦးရေမှာလည်း များလှသည်။ သာသနာရေးဝန်ကြီးဌာနရှိ စာရင်းအရပင် (၂၂၆, ၅၀၈) ပါးရှိသည်။ အချို့သောလေ့လာချက်များက ဤထက်ပို၍ ရှိသည်။ တသန်းခွဲ (လူဦးရေ၏ ၃% မျှပင်) ရှိမည်ဟု ဖော်ပြကြသည်။ တနိုင်ငံလုံးတွင် ဘုန်းတော်ကြီးကျောင်းပေါင်းက (၅၈, ၃၉၉) ရှိပြီး၊ တနိုင်ငံလုံး အနှံ့အပြား တောရောမြို့ပါမကျန်တည်ရှိနေခြင်း ဖြစ်သည်။

ထို့အပြင် သံဃာ့များ၏ ဖွဲ့စည်းပုံကလည်း စနစ်တကျရှိသည်။ မဟာသံဃာ့နာယကအဖွဲ့အစည်းကဲ့သို့ ဦးသျှောင်အဖွဲ့ အစည်းများရှိသလို၊ ဒေသအလိုက် အဖွဲ့များရှိသည်။ ၀ိနည်းအရ အဖွဲ့များရှိသည်။ သံဃာ့ဂိုဏ်းများဖြင့်လည်း စနစ်တကျ ဖွဲ့စည်းထားကြသည်။ နိုင်ငံတခုတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရှိသကဲ့သို့ သံဃာများတွင်လည်း စောင့်ထိန်းရမည့် ဆယ်ပါး သီလနှင့် (၂၂၇) သွယ်သော သိက္ခာပုဒ် ရှိနေသည်။ မြန်မာနိုင်ငံရှိ သံဃာဂိုဏ်းပေါင်း (၁၀) ခုမျှ ရှိပြီး၊ အင်အားအကြီးမားဆုံးက သုဓမ္မာဂိုဏ်း ဖြစ်သည်။ (၈၅%) ခန့်သော သံဃာများကို ချုပ်ကိုင်ထားနိုင်ပြီး၊ သံဃာအင်အား (၃) သိန်းခန့်အထိ ရှိမည်ဟု ဖော်ပြကြသည်။ ရွှေကျင်ဂိုဏ်း (၅%) (သံဃာအင်အား ၂ သောင်းမှ ၃ သောင်းခန့်)၊ ဒွါရဂိုဏ်း (၃%)၊ ငှက်တွင်း ဂိုဏ်း (၂%) စသဖြင့် တည်ရှိနေကြသည်။ သံဃာများ၏ လက်နက်အင်အားမှာ အကြမ်းမဖက် သည့်နည်း၊ မေတ္တာနည်း သာဖြစ်သော်လည်း စစ်အစိုးရက ၎င်းတို့ကို စစ်ဆင်လာခဲ့သည်။ မအောင်မြင်နိုင် သော မပြီးဆုံးနိုင်သော၊ အန္တရာယ်ကြီး လှသော စစ်ပွဲကို စစ်အစိုးရက တိုက်နေခြင်းသာ ဖြစ်သည်။ ကျရှုံးရခြိမ့်မည်ဖြစ်သော စစ်ပွဲကို တိုက်နေခြင်းလည်း ဖြစ် သည်။

ထို့အပြင် စစ်အစိုးရ၏ ညံ့ဖျင်းလှသော ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စောင့်ရှောက်မှု၊ ၀န်ဆောင်မှုများ ကြောင့် လွန်ခဲ့ သောနှစ်များ အတွင်းတွင် သံဃာများက လူမှုရေးကူညီပံ့ပိုးမှု လုပ်ငန်းများကိုလည်း ကူညီ လာခဲ့ကြရသည်။ ယမန်နေ့က ၀င်စီးခံရသော မဂ္ဂင်ကျောင်းတွင် HIV စွဲကပ်ခံရသောဝေဒနာသည်များကို ကူညီထားရသည်။ ထို့အပြင် ဘုန်းတော်ကြီး ကျောင်း ပညာရေးဟူ၍ ကလေးရင်သွေးများ၏ ပညာရေးကို သံဃာများကလည်း ကူညီပံ့ပိုးပေးနေရသေးသည်။ မြန်မာ နိုင်ငံတခုလုံးတွင် ဘုန်းတော်ကြီးကျောင်း ပညာရေး အနေဖြင့် အထက်တန်းကျောင်း ၂ ခု၊ အလယ်တန်းကျောင်း ၂၅၆ ခု၊ မူလတန်းပညာရေးကျောင်း ၁၀၅၅ ခုကို ပံ့ပိုး ဆောင်ရွက်ပေးနေကြရသေးသည်။ ထိုကျောင်းများတွင် ကလေးငယ်ပေါင်း (၂၀၄, ၄၈၇) ကို ပညာသင်ကြားပေးနေကြသေးရာ သံဃာများ၏ ပံ့ပိုးနိုင်မှု အတိုင်းအဆကို တွက်ဆနိုင်သည်။ အချို့ ကျောင်းများတွင် ကလေးများ ၈၀၀၀ ခန့်အထိ လက်ခံသင်ကြားနေကြရသေးသည်။ ဤကဲ့သို့သော လူမှုရေးသြဇာအရ၊ စည်းရုံးရေး အရှိန်အ၀ါအရ သြဇာကြီးလှသော သံဃာထုကို စစ်ခင်းနေခြင်းကြောင့် စစ်အစိုးရအနေဖြင့် မနိုင်သော စစ်ပွဲကို တိုက်နေခြင်းဟု မိမိပြောခြင်း ဖြစ်ပါသည်။

(၂)စစ်တပ်ဖွဲ့စည်းပုံနှင့် အာဏာစီးဆင်းပုံလမ်းကြောင်း

အချက်ပေါင်းများစွာ ရှိသည့်အနက်၊ နောက်တချက်မှာ စစ်အစိုးရအတွင်း ဗဟိုဦးစီးချုပ်ကိုင်မှု များလာသည်နှင့်အမျှ အမှား လည်း များလာသည်။ ခြစားမှု၊ မထိရောက်မှုက ပိုများလာသည်။ မကြာသေးမီက လောင်စာဆီဈေးနှုန်းများ မြှင့်လိုက်ခြင်း သည်ကပင် ဤသို့ဆုံးဖြတ်အကဲဖြတ်ချက် အမှားများကို ပြနေခြင်း ဖြစ်သည်။ ထို့အပြင် ကုလသမဂ္ဂ အထွေထွေညီလာခံ ဖြစ်နေချိန်၊ နိုင်ငံတကာက စောင့်ကြည့်နေချိန်၊ ထိန်းသိမ်းလုပ်ကိုင်ပါရန် စိုးရိမ်စိတ်များနှင့် ဖော်ပြနေစဉ်မှာပင် ထပ်မံ အကြမ်းဖက်ခဲ့ပြန်သည်။ ပိုဆိုးသည်မှာ နိုင်ငံခြားသားသတင်းထောက်တဦးကိုပင် သတ်ဖြတ်ခဲ့ပြန်သည်။ ပို၍ အမှားများ လာခြင်းကို ပြနေသည်။

စစ်အစိုးရတွင် ပြဿနာများစွာ ရှိနေသည်။ သန်းရွှေလွန်လျှင် ဆက်ခံမည့်သူကို ချမှတ်ထားနိုင်ခြင်း မရှိ။ ဤသို့ ဆက်ခံရေး ပြဿနာကို ဖြေရှင်းနိုင်သည့် စနစ်လည်း မရှိ။ ထို့အပြင် စစ်အစိုးရအတွင်း အာဏာလွန်ပွဲ ပြင်းထန်နေသည်။ မကြေလည် မှုများ ကြီးထွားနေသည်ဟုလည်း သတင်းများ ဖြစ်နေသည်။ ဖြစ်တန်ရာသည်။ ဗိုလ်ချုပ်တင်ဦး ရဟတ်ယာဉ်ပျက်ကျခဲ့ သည်။ လက်သည် မပေါ်။ ၀န်ကြီးချုပ်ဆိုသူ ဗိုလ်ချုပ်ခင်ညွန့်ကိုလည်း နှိပ်ကွပ်ခဲ့သည်။ သူ၏ ထောက်လှမ်းရေးတဖွဲ့လုံး ကိုလည်း ဖြိုထားခဲ့သည်။ စစ်အစိုးရ အစည်းအဝေးများက ဖြုတ်-ထုတ်-ရှင်း လုပ်ခဲ့သည်မှာလည်း အများအပြား။ ယခင် သူတို့၏ ဖခင်ကြီးဦးနေ၀င်းနှင့် မိသားစု၊ အုပ်စုများကိုပါ အလွတ်မပေးခဲ့။ နှိပ်ကွပ်ဖြေရှင်းခဲ့သည်။ ယခုအချိန်တွင်တော့ ပြဿနာအားလုံး ဆုံ၍တက်လာတော့မည့် အချိန်ဟု ဆိုရပါလိမ့်မည်။

ထို့အပြင် စစ်တပ်အင်အား အဆမတန်ချဲ့ထွင်ခဲ့မှုကြောင့် မလုံလောက်မှုများ ပေါ်ပေါက်နေသည်။ တပ်တွင်း ဖိနှိပ်မှုများ ကြောင့်လည်း စစ်သားများ ထွက်ပြေးနေကြပါသည်။ အစီရင်ခံစာတခုအရ လွန်ခဲ့သော (၆) လ ကာလအတွင်းတွင် ထွက်ပြေးသူ စစ်သားပေါင်း (၉၀၀၀) ကျော် ရှိသည်ဟု ဆိုပါသည်။ ဤသည်မှာ နအဖစစ်တပ်၏ တပ်မတခုစာနှင့်ပင် ညီမျှ နေပါသည်။ ဤပုံစံမျိုးဖြင့် ဆက်လက် ထိန်းချုပ်ရန် မလွယ်တော့ပါ။

ထို့အပြင် နိုင်ငံတကာ ဖိအားများက ဆက်လက် တိုးတက်လာနေသည်။ စစ်အစိုးရ လမ်းရွေးရန်အချိန် ဖြစ်နေပါပြီ။ စစ် အစိုးရ၏ တရားဝင်မှုကလည်း မရှိသလောက် ကုန်ဆုံးခဲ့ပေပြီ။ နိုင်ငံတိုးတက်ရာ တိုးတက်ကြောင်း လုပ်ဆောင်နေပါသည် ဟု လိမ်လည်နေသော မုသားများလည်း မထိရောက်တော့ပါ။ အခွင့်ကောင်းများစွာ ရှိခဲ့သော်လည်း စစ်အစိုးရခေါင်းဆောင် များက လျစ်လျူရှု ပစ်ပယ်ထားခဲ့ပါသည်။ သိပ်နောက်ကျသွားပါပြီ။ နောက်ဆုံး အချိန် ဖြစ်နေပြီ ဖြစ်ကြောင်း အချက် အားလုံးက ခေါင်းလောင်းထိုး နေခဲ့ပြီ ဖြစ်ပါတော့သည်။

အောင်သူငြိမ်း

ဖြန့်ဝေခြင်း(၂၄)


မိစ္ဆာအစိုးရ ဖြုတ်ချရေး ဒို့အရေး … ဒို့အရေး
ဖက်ဆစ်အစိုးရ ဖြုတ်ချရေး ဒို့အရေး … ဒို့အရေး
သာသနာဖျက်အစိုးရ ဖြုတ်ချရေး ဒို့အရေး … ဒို့အရေး
ကျောင်းသား၊ပြည်သူညီရဲ့လားဟေ့ ညီတယ်ဟေ့ … ညီတယ်ဟေ့
သံဃာ၊ လူထုညီရဲ့လားဟေ့ ညီတယ်ဟေ့ … ညီတယ်ဟေ့
သံဃာ၊ ကျောင်းသား ညီရဲ့လားဟေ့ ညီတယ်ဟေ့ … ညီတယ်ဟေ့

အရေးတော်ပုံ … အောင်ရမည်
အရေးတော်ပုံ … အောင်ရမည်

အရေးတော်ပုံ … အောင်ရမည်

(ဆုံစည်းရာ-မှ)

(ဒီနေ့ ကျမ စာမရေးနိုင်ပါ..။ တနေကုန် မျက်ရည်ကျနေရတဲ့ နေ့။ ယဉ်ကျေးတဲ့ ဒီနေ့ခေတ် ကမ္ဘာမှာ ရှားရှားပါးပါး ရိုင်းစိုင်းနေတာက ကိုယ့်နိုင်ငံက အုပ်ချုပ်တဲ့သူတွေ ဖြစ်နေတာကို ယူကျုံးမရ ရှက်ရ.. ခံစားရတာနဲ့အတူ... အဲဒီ သွေးဆာနေတဲ့ စစ်ဘီလူးတွေ ရူးမူးသမျှ ဒဏ်ခံနေရတဲ့ ရဟန်းတော်မြတ်တွေနဲ့ အပြစ်မဲ့ပြည်သူတွေ အတွက် မျက်ရည် မဆည်နိုင် ဖြစ်ရတဲ့နေ့။ ၂၆ရက်နေ့ ဥပုသ်နေ့က စပြီး သွေးစွန်းခဲ့တဲ့ နေ့စွဲတွေအတွက် ........ ကမ္ဘာ မကြေ..။)


လှေခွက်ချည်းကျန် အလံမလှဲ..

စစ်နည်းဗျူဟာ ဘယ်လိုသာလည်း
ဆွဲကိုင်လက်နက် ဘယ်လိုထက်လည်း
ပြည်သူ့နှလုံး မသိမ်းကျုံးလျှင်
ပြည်သူ့စွမ်းအား မကိုးစားလျှင်
ဓါးသွားလည်း ကြွေ
လှံလည်း ခွေအံ့။

Sep 27, 2007

သတိထားစရာပါ..

26 Sep 07, 23:32
NoFear: ဗမာသူ ပြောတာ အများကြီး ဖြစ်နိုင်ပါတယ်
26 Sep 07, 23:32
NoFear: မွတ်ဆလင် နဲ့ ဗုဒ်ဒ ဘာသာ ကြားမှာ သွေးခွဲမှာဘဲ
26 Sep 07, 23:31
NoFear: ဘာသာရေး အ
26 Sep 07, 23:30
NoFear: နအဖ က သူတို့ တည်မြဲဖို့ဆို ဘာမဆို လုပ်မှာဘဲ
26 Sep 07, 23:22
ဗမာသူ: ဘုန်းကြီးတွေ ခေါင်းဆောင်တဲံ ဒီမိုကရေစီလှုပ်ရှားမှုပါ
26 Sep 07, 23:22
ဗမာသူ: အခုဖြစ်နေတာ ဘာသာရေးနဲ့ မဆိုင်တော့ပါ
26 Sep 07, 23:22
ဗမာသူ: မြန်မာပြည်သားတွေပါ
26 Sep 07, 23:22
ဗမာသူ: အားလုံး အတူတူပါ
26 Sep 07, 23:22
ဗမာသူ: မူဆလင်၊ ဟိန္ဒူ၊ ခရစ်ယာန်၊ ဗုဒ
26 Sep 07, 23:21
ဗမာသူ: ကျွန်မတို့တတွေ၊ ပြည်သူတွေ ညီညွတ်ရမယ့် အချိန်ရောက်နေပါပြီ
26 Sep 07, 23:21
ဗမာသူ: ပြောပြထားကြပါ
26 Sep 07, 23:21
ဗမာသူ: မူဆလင် ဘာသာဝင် သူငယ်ချင်းများ ရှိရင်
26 Sep 07, 23:21
ဗမာသူ: တကယ်လို့များ ဘုန်းကြီးတွေက ဗလီတွေ ၀င်ဖျက်ဆီးတယ်လို့ သတင်းကြားမိရင် ဘုန်းကြီးတုတွေ ဆိုတာ အားလုံးသိထားဖို့လိုပါတယ်
26 Sep 07, 23:20
ဗမာသူ: This is intended to provoke fights between Buddhists and Muslims
26 Sep 07, 23:20
ဗမာသူ: Then command to destroy the Islamic Mosques.
26 Sep 07, 23:19
ဗမာသူ: They give 10,000 kyats & a set of Thin Gan to စွမ်းအားရှင်ကောင်တွေ and make them pretend as Monks
26 Sep 07, 23:18
ဗမာသူ: Now, the government is trying to make a diversion
26 Sep 07, 23:18
ဗမာသူ: သတင်း တခုရပါတယ်

ကျမရဲ့ Cbox ကလာတဲ့ သတင်းပါ။ ဘာပဲဖြစ်ဖြစ် သတိထားရမှာဖြစ်ပါတယ်။ လူထုအနေနဲ့ ဘယ်လို ဖျက်ဆီး အကြမ်းဖျက်မှုမျိုးကိုမှ လုံးလုံး ၀င်မလုပ်မိဖို့ အထူး ထိန်းကြရမှာဖြစ်ပါတယ်။ ကျမတို့တိုင်းပြည်မှာက အာဏာရှင် စစ်အုပ်စုကလွဲရင် လူမျိုးမရွေး ဘာသာမရွေး အားလုံးဟာ အမျိုးမျိုး အနှိပ်စက်ခံနေရတာပါ။ ဒါကို လူထုက သေချာ နားလည်ထားဖို့ လိုနေပါပြီ။ စစ်အစိုးရရဲ့ နည်းပရိယာယ်တွေနောက် ၈၈တုန်းကလို မလိုက်မိစေဖို့ အားလုံး လက်ဆင့်ကမ်း ထိန်းသိမ်းပေးကြပါ..။

မေငြိမ်း
၂၇ စက်တင်ဘာ၊၀၇။

သစ္စာစူးဖို့ ပြင်

ဘုရားရှင် ခြေတော်ရင်းဖြစ်သည့် အောင်မြေအရပ်တွင် သစ္စာပြုကြရန် တိုင်းနှင့် ပြည်နယ်များရှိ သံဃာတော် များကို သံဃာ့တပ်ပေါင်းစုကြီးက နှိုးဆော်ထားကြောင်း ဦးခေမိန္ဒကပြောသည်။ ၎င်းသစ္စာအဓိဌာန်မှာ...
“သံဃာထုတရပ်လုံး၏ ပတ္တနိက္ကုဇ္ဇနကံဆောင်မှုသည် ဗုဒ္ဓ၏ ဓမ္မစက်အာဏာ အစစ်အမှန် ဖြစ်သည်။ ဤကံကို ဆောင်ကြတဲ့ သံဃာထုသည်လည်း ဗုဒ္ဓ၏သားတော်များ အစစ်အမှန်များ ဖြစ်ကြသည်။ ဤမှန်ကန်သော သစ္စာ စကားကြောင့် … ဗုဒ္ဓသားစစ်ဖြစ်တဲ့ သံဃာထုတရပ်လုံးနဲ့ ဗုဒ္ဓထားတော်မူခဲ့တဲ့ အာဏာနဲ့ သာသနာတော်ကို ဖျက်ဆီး စော်ကားနှိပ်စက်နေကြတဲ့ ဆန့်ကျင် မျက်ကွယ်ပြုသူများ အာဏာရှင်မာရ်နတ် အားလုံးကို ဗုဒ္ဓရဲ့ ဒဏ်၊ သာသနာတော်ရဲ့ ဒဏ်၊ သံဃာ့ကံရဲ့ ဒဏ်၊ ဓမ္မစက်ရဲ့ ဒဏ်၊ ပြည်သူများရဲ့ ဒဏ်၊ မေတ္တာတရားရဲ့ ဒဏ်၊ သာသနာစောင့်နတ်အပေါင်းတို့ရဲ့ ဒဏ် အပေါင်းကို လက်ငင်းမကြာ ချက်ချင်းခဏ ဒိဌဓမ္မ ရင်ဆိုင် ခံစား ကြစေသောဝ်”
ဖြစ်သည်။

ဘုရားကားအောက် မျောက်ကားအထက်

အ၀ိစိဆိုတာ သိကြရဲ့လား.. သူတို့ အစား ကြက်သီးများ ထပါဘိ။ လူတွေမှရော ဟုတ်ကြရဲ့လား..။
ကျမဖြင့် ခုနေ ဦးသန်းရွှေက ထိုင်ကန်တော့မယ်ဆိုရင်တောင် သူက ကိုယ့်ထက်ယုတ်ညံ့ပေမဲ့ အသက်ကြီးသူတော့ ဖြစ်တာမို့ အကန်တော့ မခံရဲပါ။ အခုတော့ ဘုန်းဘုန်းများရှေ့မှာ မတွန့်မတုံ့ အကန်တော့ ခံနေသူများရဲ့ အနာဂတ်ကို ကျမ ရှေ့လျှောက် စောင့်ကြည့် ချင်လိုက်တာ။

မေငြိမ်း
၂၆၊၉၊၀၇။


ဖြန့်ဝေခြင်း(၂၃)

ကိုယ်ချင်းစာလို့ တွေးစမ်းပါ

အို... လက်နက်ကိုင်တို့ ..
သင်တို့သွေးသား သူတပါးက
သတ်လားဖြတ်လား ရက်စက်ငြားက
ဒေါသမထွက် အေးစက်စက်ဖြင့်
ဆက်လက် ပစ်ခတ်ဝံ့မည်လား။

အို ... ရပ်ကြည့်သူတို့ ..
သင်တို့သွေးသား သူတပါးက

သတ်လားဖြတ်လား ရက်စက်ငြားက

ဒေါသမထွက် အေးစက်စက်ဖြင့်

ဆက်လက် ရပ်ကြည့်နေမည်လား။

အို .. ကပ်မြောင်ဖားတို့ ..
သင်တို့သွေးသား သူတပါးက

သတ်လားဖြတ်လား ရိုက်လားနှက်လား

ဖမ်းလားဆီးလား ပိတ်ဆို့ငြားက

ဒေါသမထွက် အေးစက်စက်ဖြင့်

ဆက်လက် ဖားနေဦးမည်လား။

အို .. ထိုင်နေသူတို့ ..
သင်တို့သွေးသား သူတပါးက

သတ်လားဖြတ်လား ရက်စက်ငြားက

ဒေါသမထွက် မစွက်ဖက်ဘဲ

ဆက်လက် ထိုင်နေနိုင်မည်လား။

အို ... စစ်ဝါဒီတို့ ...
သင်တို့သွေးသား သူတပါးက

သတ်လားဖြတ်လား ဖမ်းဆီးငြားက

ဒေါသမထွက် အေးစက်စက်ဖြင့်

အသက်ရှင်နိုင်ဦးမည်လား။

ထိန်လင်း
စက်တင်ဘာ ၂၆၊ ၂၀၀၇

ဖြန့်ဝေခြင်း(၂၂)

Monday, September 24, 2007

ဒါဏ်ရာရ ရဟန်းရှင်လူပြည်သူများအတွက် ရှေးဦးသူနာပြုစုနည်း

အပြင်းအထန် သွေးထွက်ဒါဏ်ယိုဖြစ်လာသောအခါ

ပထမဦးစွာ ဒါဏ်ရာကိုမကိုင်တွယ်မီ လက်ကိုစင်ကြယ်စွာဆေးကြောပါ ဖြစ်နိုင်ရင် လက်အိတ်ဝတ်ပါ။ ရောဂါပိုးတတ်နိုင်သလောက်မ၀င်အောင် ဖြစ်ပါတယ်

အကယ်လို့ ဒါဏ်ရာဟာ ၀မ်းဗိုက် ရင်ခေါင်း ပိုင်းတွင်ဖြစ်ပါက သတိရှိရန် ကလီစာများထွက်သည်ထိဒါဏ်ရာပြင်းထန်လျှင် ကလီစာများကို ပြန်ထည့်သွင်းရန်မကြိုးစားပါနှင့် အ၀တ်သန့်သန့်ဖြင့် အုပ်ထားကာထားပေးပါ။

လူနာကို ပက်လက်အနေအထားထားပါ လူနာဧ။် ခေါင်းကို ကိုယ်ပိုင်း ခြေထောက်ပိုင်းထက် အနည်းငယ်နိမ့်ထားပါ ဦးဏှောက်သို့သွေးရောက်မှသာ မေ့မြောသတိလစ်ခြင်းမဖြစ်မှာဖြစ်ပါသည်

ဒါဏ်ရာကို ဆေးကြောပါ အသားစများ ဖုန်များ ရွှံ့များကို ဖယ်ရှားပစ်ပါ သို့သော် အသားတွင်းနက်ရှိင်းစွာ စိုက်ဝင်နေသော အရာများကို ရုတ်တရက် ဖယ်မပစ်ရပါ

သွေးထွက်နည်းနိုင်သမျှနည်းစေရန် ဒါဏ်ရာကို ဖိအားဖြင့် ဖိပေးပါ ပတ်တီး အ၀တ်သန့်သန့်ဖြင့် စည်းပေးပါ မရှိလျှင် လက်ဖြင့်ဖိထားပေးပါ

သွေးတိတ်သွားတဲ့ထိ ဖိထားပေးပါ အနည်းဆုံးမိနစ် ၂၀ လောက် အနာသွေးတိတ် မတိတ် မကြည့်ပဲ ဖိထားပေးပါ ပတ်တီးကျပ်ကျပ်စည်းခြင်း ဖြင့် ဖိအားကိုထိန်းထားပေးနိုင်ပါသည်

ပတ်တီး အ၀တ်များ သွေးရွှဲနေလျှင် ဖယ်မပစ်ရ ထိုအပေါ်တွင် သွေးစုပ်နိုင်သည့်အ၀တ် သို့မဟုတ် ပတ်တီးထပ်တင်ပေးနိုင်သည်

အထက်ပါအတိုင်းပြုစုပြီး သွေးမတိတ်သေးပါက ။ဒါဏ်ရာရှိရာနေရာကိုသွေးထောက်ပံ့ပေးသော သွေးကြောမကြီးများကို ဖိပေးရန်လိုအပ်ပါသည်

သွေးတိတ်သွားလျှင် ဒါဏ်ရာရ အစိတ်အပိုင်းကို လှုပ်ရှားမှုနည်းနိုင်သမျှနည်းအောင် ထိန်းထားပြီး အရေးပေါ်ဌာနကို အမြန်ဆုံးပို့သပါ

အတွင်းသွေးထွက်ဒါဏ်ရာဟုသံသယရှိလာပါက အရေးပေါ်သို့အမြန်ဆုံးပို့ရန်လိုပါသည်

X နား၊နှာခေါင်း စအို စသည်တို့မှ သွေးယိုခြင်း

X သွေးအန် ချောင်းဆိုး သွေးထွက်ခြင်း

X လည်ပင်း ရင်ဘတ် ၀မ်းဗိုက် တို့တွင် သွေးခြေဥခြင်း

X ဦးခေါင်း ရင်ဘတ် ၀မ်းဗိုက် တွင် ထိုးသွင်းဒါဏ်ရာရခြင်း။

X အရိုးကျိုးခြင်း ၊ကြေခြင်း

X ရှော့ခ်ဝင်ခြင်း ( လက်ဖျားခြေဖျား အေးခြင်း ရေငတ်ခြင်း အားပျော့သွားခြင်း စိတ်ပူပန်လာခြင်း တို့သည် ရှော့ခ် ဧ။် လက်ခဏာများဖြစ်သည် )

အထက်ပါလက်ခဏာများ ဖြစ်ပေါ်ခဲ့လျှင် အတွင်းသွေးထွက်ဒါဏ်ရာ ရနိုင်သည်ဟု သံသယရှိပါ။

http://mr-jade.blogspot.com/

၂၆ရက်နေ့ မြင်ကွင်း


ကျမတို့ တိုင်းပြည်မှာ မိစ္ဆာဒိဋ္ဌိတွေ .. အာဏာရူးတွေ .. ဟီရိသြတပ္ပ ကင်းမဲ့တဲ့သူတွေ .. ရက်စက်ယုတ်မာသူ တွေ.. ဖိနှိပ် အုပ်ချုပ်တာကို နောက်ထပ် ဘယ်လောက်ကြာကြာ ဆက်ပြီး ခေါင်းငုံ့ခံနေမလဲ..။ ကိုယ့် မျိုးဆက် သွေးသားတွေကို ဘယ်လို ဘ၀မျိုးနဲ့ ရှင်သန် ကြီးပြင်းစေမလဲ.. ဆိုတာ ပြတ်ပြတ်သားသား ရွေးချယ် ဆုံးဖြတ် ရမယ့်အချိန် ရောက်နေပါပြီ။ မိဘမကောင်း သားသမီးခေါင်း ဆိုတာလို၊ အစိုးရမကောင်းတဲ့အတွက် ပြည်သူလူထုပါ ညံ့ဖျင်းရာကျနေရတဲ့ ဘ၀တွေကို နောက်ထပ် ဘယ်လောက် ကြာကြာ လက်ခံ ရင်ဆိုင်ကြ မလဲ..။

ဒီအချိန်မှာ ဒီတိုက်ပွဲမှာ လက်လျှော့လိုက်ရရင် .. နောက်ထပ် အသက်ပေါင်းများစွာ.. မျိုးဆက်ပေါင်းများစွာ… နှစ်ပေါင်းများစွာ… အထပ်ထပ်ပေးရတော့မှာ သေချာနေပါပြီ။ နတ်မောက်ဆရာတော်ကြီး မိန့်သလို ကိုယ့်လက်ထက်မှာ ကြွေးကုန်အောင် ဆပ်ကြပါလို့ တောင်းပန်တိုက်တွန်းပါရစေတော့..။







Sep 26, 2007

ဖြန့်ဝေခြင်း(၂၁)


ဘုရားသား၊ကျောင်းသား၊တပ်မတော်သား စတဲ့ သားသုံးသား ရဲ့ ပူးပေါင်းပါဝင်မှုက ကျွန်တော်တို့ နိုင်ငံ အနာဂါတ် မျိုးဆက်များရဲ့ ကံကြမ္မာ ကိုအဆုံးအဖြတ်ပေးနိုင်တာမို့ ဘလော့ဂါများ ရဲ့ သဘောထားထုတ်ဖော်ပါလို့ အစ်မ "မမေငြိမ်း" က tag ပါတယ်။

တပ်မတော်အပေါ်ဘယ်ပုံ သဘာထားပါသနည်း လို့ အမေးရှိ လာခဲ့တဲ့အခါ.မှာတော့…

... .
.
...
တပ်မတော်ဖခင်ကြီး ပဲ ပထမဆုံး မြင်ယောင် လာသည်။ ဗိုလ်ချုပ်အောင်ဆန်းက 1947 January 13 ရက်က လန်ဒန်မြို့ ၊ အမှတ် ၁၀ ဒေါင်းနင်းလမ်း မှာဗြိတိသျှ ၀န်ကြီးချုပ် ကလီမန့် အက်တလီနှင့် တွေ့ ဆုံပွဲ မှာ ရဲရဲတောက် မိန့် ခွန်းခြွေ တောင်းဆိုခဲ့သည်…

“We want Burma united and free…. ”
အက်တလီက မှတ်ချက် ချခဲ့သည်… “မြန်မာ့ တော်လှန်ရေးလူငယ်တွေဆက် သည်းမခံနိုင်တော့ဘူး” …

၁၉၄၇ မေလ ၂၃ ရက် ဖဆပလ အခြေခံဥပဒေအကြမ်းရေးဆွဲရေးညီလာခံမှာ ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့တဲ့ မိန့် ခွန်း….

“ကာကွယ်ရေး ဟာအမျိုးသား တာဝန် နဲ့ ဝတ္တရား ဖြစ်တယ်။ သမိုင်းထဲမှာ ဂျာမဏီနဲ့ ဂျပန် တို့ လို အာဏာရှင် စနစ်ကိုဦးတည်စေတဲ့ ကိုယ်ပိုင် စစ်တပ်ဆိုတာ မရှိစေရ။ ကျဉ်းမြောင်းသော လူမျိုးရေးနှင့် စိတ်ကူးယဉ် အယူဝါဒ မှားများနှင့် ပြည်သူလူထုကို လက်နက်ကိုင်အုပ်စုက ရက်စက်စွာ နှိမ်နင်း လာပြီဆိုရင် ဒါ ဖက်ဆစ်စနစ်ပဲ ဖြစ်တယ်”
ကျွန်တော်တို့ 1885မှစ အခုချိန်ထိ အမှန်တကယ်လွတ်လပ်ရေး အရသာကို တင်းပြည့်ကျပ်ပြည့် ခံစားခဲ့ရပါသလား…
၈၈ တုန်းက တပ်မတော်သားများ အာဏာရှင် ဦးနေ၀င်းကို ရာဇပလ္လင်ပေါ်က တွန်းချဖို့ ပြည်သူ့ စစ်ကြောင်းကြီး များနဲ့ အတူ ၀င်ရောက် ပူးပေါင်းလာတဲ့အခါ ပြည်သူတစ်ရပ်လုံးအုန်းအုန်းကြွက်ကြွက်၊ တစ်ချို့ မျက်ရည်ကျ၊ တစ်ချို့ ပန်းကုံးဆက်နဲ့ ကြိုဆိုခဲ့ကြပါတယ်။ နိုင်ငံတော်ရဲ့  သားသုံးပါး တစ်သွေးထဲ တစ်သားထဲ ဖြစ်ကြပြီ ဆိုပြီး ညီညွတ်ခဲ့ကြပါတယ်။

ကျွန်တော်တို့ ပြည်သူများအနေနှင့်တော့… ၀ါဒဖြန့်နေကြသလို တပ်မတော်ကို မည်သို့မျှ ပြိုကွဲစေလိုစိတ် မရှိပါ။ ဒီကနေ့ ဆန္ဒ ဖော်ထုတ်နေသော သံဃာတော်များ၊ ကျောင်းသားများ၊ တပ်မတော်သားများအားလုံး ပြည်သူထဲမှ ပေါက်ဖွားလာခြင်းပါ.. အန်တီစု ဆိုခဲ့သလို တပ်မတော် မပါပဲ မည်သည့်နိုင်ငံမှ ရပ်တည်လို့ မရတာလဲ အမှန်တရားပါ..

တပ်မတော်ဆိုတာတစ်ကယ်တော့ ပြည်ထောင်စုသားတိုင်းရင်းသားများနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံတော် ကာကွယ်ရေး တာဝန်ထမ်းဆောင်နေရတဲ့ လက်နက်ကိုင်အဖွဲ့ အစည်းကြီးပါ။ သမိုင်း အဝေးကြီးဆီအထိ ပြန်ပြောင်း မဆင်ခြင်ခင် အနီးဆုံး အတိတ်ဖြစ်တဲ့ တပ်မတော်ဂုဏ်သရေ ညိုးနွမ်းခဲ့ရတဲ့ ၁၉၈၈ အရေးအခင်းကြီးမှ သမိုင်းသင်္ခန်းစာ ကို ကျွန်တော်တို့ ယူရပေမည်။

ရထားကို ဘယ်သူ တက်မောင်းမောင်း ခရီးရောက်ရင်ပြီးရော မဟုတ်လား ဆိုလာလျင်လဲ........
အာဏာရှင် က ၁၉နှစ်အတင်း အုပ်ချုပ်ခဲ့ပြီးပါ ပြီ။ ပြည်သူများ၊ ကျောင်းသားများ သွေးအသက်များစတေးခဲ့ရပြီး ဘယ်သူတွေပဲ စိန်စီသော လမ်းများ ခင်းပြီး အကျိုးစီးပွားဖြစ်သွားခဲ့ပါသလဲ အားလုံးအသိဖြစ်ပါတယ်။

အခုကျွန်တော်တို့ လွန်ခဲ့တဲ့ ၁၉နှစ် ၁၉၈၈ ကာလကို ပြန်ရောက်သွားခဲ့ပြန်ပါပြီ။ ဒီတစ်ကြိမ်မှာတော့ ကျွန်တော်တို့ နိုင်ငံကို အာဏာရှင်လက်က ကယ်တင်ဖို့ အခွင့် အလမ်းကောင်းကြီး ဖြစ်လာခဲ့ပါပြီ။ ကျွန်တော်တို့ မည်သူကိုမှ ပုဂ္ဂိုလ်စွဲမရှိပါ။ အန်အယ်(လ)ဒီ မကောင်း ဆိုလျင်တောင် ၁၉နှစ်မှာ ရွေးကောက်ပွဲ သက်တမ်း ၅ကြိမ် သာရှိခဲ့လျင် ကျွန်တော်တို့ မဲ ကျွန်တော်တို့  ဆုံးဖြတ်မည်။

ရှိစေတော့… အခု တပ်မတော်ခေါင်းဆောင်ထဲမှလဲ ယခုလို အချိန်တွင် တစ်ကယ်တန်း လူထုကို ကယ်တင်နိုင် မည့် ၊ မြန်မာပြည် ပြဿနာကို စေ့စပ်ဆွေးနွေးရေးနှင့် အဖြေ ရှာပေးနိုင်မည့်၊ ဦးဏှောက်များ အားလုံး ပူးပေါင်း လုပ်ဆောင်နိုင်မည့်၊ မြန်မာပြည် တိုးတက်ရေးအတွက် ကိုယ်ကျိုးမဖက် တစ်ကယ်တန်း စွန့် ပြီး လုပ်ဆောင် ပေးနိုင်မည့်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး အစစ်အမှန်၊ ငြိမ်းချမ်းရေး အစစ်အမှန် ဆောင်ကျဉ်းပေး နိုင်မည့် ဗိုလ်ချုပ်အောင်ဆန်း လို ခေါင်းဆောင်မျိုးဆိုပါက ကျွန်တော်တို့ ပုခုံး များပေါ် ထမ်းတင်ပြီး တစ်ဒေါင့် တစ်နေရာက ထောက်ခံ ပေးဖို့ ဝန်မလေးပါ…

သဃာံတော်များမေတ္တာရပ်ခံထားသလို ပြည်သူ့ဘက်မှ မားမားရပ်တည်ပြီး ရှေ့ကိုထွက်လာခဲ့တဲ့ သံဃာတော် များ ချွေးနဲ့ ရင်းပြီး လျှောက်လာခဲ့တဲ့ မေတ္တာလမ်းမအထက်မှာ ပြည်သူတစ်ရပ်လုံး မျက်ရည်များ ကျတဲ့ အထိ ခံစားခဲ့ရပြီး အခုတတိုင်းပြည်လုံး ဆန္ဒဖော်ထုတ်ပွဲ ကိုအောင်မြင်စွာ လျှောက်လှမ်းနိုင်ခဲ့ပါပြီ။ အကြမ်းမဖက်ရေး၊ ညိမ်းချမ်းစွာ မေတ္တာနှင့် အောင်နိုင်ရေးအတွက် သံဃာတော်များက စည်းစနစ်တကျဦးဆောင်နေပါပြီ။ အောင်မြင်မှုက ကျွန်တော်တို့ လက်တစ်ကမ်းမှာ ရောက်လာခဲ့ပါပြီ။ ပြည်သူ့မျက်ရည်များ၊ သံဃာ့ချွေးစက်များနဲ့ ရင်းထားတဲ့ ဒီတစ်ကြိမ် အောင်မြင်မှုကို သွေးစက်များအဖြစ် အသွင်မပြောင်းသွားဖို့ အတွက် ပြည်သူထဲက ပေါက်ဖွားလာတဲ့ ပြည်သူတပ်မတော်သားများက သံဃာတော်များ၊ ပြည်သူများနဲ့ အတူလက်တွဲပေးကြပါ။



ဒီတစ်ကြိမ်လဲ သံဃာနဲ့  ပြည်သူ့များကို အကြမ်းဖက် နှိမ်နင်းခိုင်းသော အဓမ္မ အာဏာရှင်များ ညွှန်ရာနောက် လိုက်ခဲ့ပါ က ကျွန်တော်တို့ နိုင်ငံဒေသတွင်းနိုင်ငံများနောက် ရုန်းလိုက်ဖို့  နောက်ထပ် ရာစုနှစ် ဘယ် လောက် ထပ် စောင့်ရ တော့ မည် မသိတော့……
ပြည်သူတပ်မတော်သားများ ပူးပေါင်းပါဝင်လာမှသာ အာဏာရှင်စနစ် လုံးဝချုပ်ငြိမ်းပြီး စစ်မှန်သော ဖွံ့ ဖြိုး တိုးတက်မှုကို ရောက်နိုင်ပါမည်။ ကျွန်တော်တို့ နိုင်ငံက အခုနေ ဒီမိုကရေစီ ရပြီဆိုရင်တောင်မှ ရှေ့မှာ သူများ နိုင်ငံတွေနောက် အပြေးလိုက်ရမယ့် ခရီးက အရှည်ကြီး ရှိပါသေးတယ်… အခုမှ အနှစ်၂၀ နီးပါး တိမ်ကောလု မတတ်ဖြစ်သွားတဲ့ လမ်းခရီးရဲ့ အစ လမ်းကြောင်းကလေး ပြန်ပေါ်လာတာပါ..

ပြည့်အင်အားဟာ တစ်ကယ့်ကို ပြည်တွင်းမှာပဲ ရှိပါတယ်။ အဲဒိအားကို ဘုရားသားတော် သံဃာတော်များ၊ ကျောင်းသားများနဲ့ အတူ တပ်မတော်သားများ လက်တွဲ အရယူဖို့  အချိန်အခါကောင်း ဖြစ်ပါတယ်..

ပြည်သူ့ ဘုန်းဘုန်း တို့ ဘုန်းဘုန်း …ပြည်သူ့ စစ်သားတို့ စစ်သား၊ ပြည်သူ့ ရဲသား..တို့ ရဲသား…လို့ ပြည်သူတွေ ကြွေးကြော်နေပါပြီ…..

တပ်မတော်သည် ပြည်သူထဲမှ ပေါက်ဖွားလာတဲ့အတွက်ကြောင့် ပြည်သူသာလျင် တပ်မတော်၏ မိဘ ဖြစ်ပါ တယ်။ ကျွန်တော်တို့ ဟိုးအရင်ကလို…

“ပြည်သူနဲ့ တွေ့ တော့ပန်း လို ..ရန်သူနဲ့ တွေတော့မီးလို…”
“ခေတ်ဆွေးကို ပြောင်းလှန်.. ခေတ်သစ်ကို ရည်မှန်.. လွတ်လပ်ဖို့ အဓိဌာန်.. ညီစေနော်တို့ ရဲဘော်…. ချီတက်ကြစို့ တူပျော်ပျော်…. ဗယ်ညာ.. ဗယ်ညာ.....”
ဆိုတဲ့.. စစ်ချီတေးတွေနဲ့ လမ်းဘေးတစ်လျှောက် ပန်းကုန်းစွပ်၊ ကြိုဆိုဂုဏ်ပြုမယ့် ပြည်သူတွေကို ကြက်သီး တဖြန်းဖြန်းထ လောက်အောင်… စစ်ဖိနပ်သံ ကို ဦးဝိစာရလမ်းမ ကတ္တရာလမ်းမပေါ်ကို ဖြောင်းခနဲ ဖြောင်းခနဲ ..မြည်သွား အောင်.. ဗယ်ညာ..ဗယ်ညာ…ဘင်ခရာ သံတဒုန်းဒုန်းနဲ တစ်ညီတစ်ညာထဲ ချီတက်သွားကြတဲ့ ပြည်သူကကြိုဆိုတဲ့ တော်လှန်ရေးနေ့  စစ်ကြောင်းကြီးတွေကို ပြန်မြင်ခွင့်ရဖို့ ……..ပြည်သူနဲ့ တပ်မတော် တစ်ကယ့်ကို တစ်သားထဲ ပြန်ဖြစ်ဖို့  …
သက်သေပြခွင့် ရတော့မယ့် အခွင့်ကောင်းတစ်ရပ် ကျွန်တော်တို့ ရှေ့မှောက်ကို အခု ရောက်ရှိနေပါပြီ ။
ငြိမ်းချမ်းသော နည်းလမ်းဖြင့် အကြမ်းမဖက်ပဲ သားသုံးသားအားနဲ့  ပန်းတိုင်ကိုအရယူကြပါစို့ 

တိုင်းပြည်အခြေမြင့်လျင် လူမျိုးဂုဏ်သိက္ခာ နှင့် တပ်မတော်ဂုဏ်တင့်မည်သာဖြစ်ပါသည်။
ရေမြင့်လျင် ကြာတင့်စမြဲပါ….

မောင်ရင်

ကျမ ကြိုက်တဲ့ အတွက် ဒီနေရာ ကနေ မ လာတာပါ။

ဖြန့်ဝေခြင်း(၂၀)

ဒီက ယူပါတယ်။


ဖြန့်ဝေခြင်း(၁၉)




ဖြန့်ဝေခြင်း(၁၈)




Sep 25, 2007

မေတ္တာရပ်ခံခြင်း



သံဃံ သရဏံ ဂစ္ဆာမိ.. ပါ ဘုရား။


မြန်မာနိုင်ငံအတွင်းက ဗုဒ္ဓဘာသာ သံဃာတော်တွေ ဦးဆောင်ကျင်းပတဲ့ ရဟန်းရှင်လူ ပြည်သူလူထု လူတန်းစား အားလုံးရဲ့ တရားမျှတတဲ့ ဒီမိုကရေစီစနစ် ဖော်ဆောင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေ အရှိန်အဟုန် မြင့်လာတာဟာ ဒီနေ့ ၂၄ရက်နေ့မှာဆိုရင် ဦးဆောင်သံဃာတော်များ ကြေငြာထားတဲ့အတိုင်း တနိုင်ငံလုံး အတိုင်းအတာနဲ့ အထွေထွေသပိတ်ကြီးကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့တာ တွေ့ရပါတယ်။ ဒါဟာ သံဃာတော် များရဲ့ မေတ္တာစိတ်နဲ့ တောင်းဆိုချက်များကို ပြည်သူလူထုက ပူးပေါင်းထောက်ခံ ပြလိုက်ခြင်းပဲ ဖြစ်ပါတယ်။ တနည်းအားဖြင့် ပြည်သူလူထုကသာ ရွေးချယ်ဆုံးဖြတ်နိုင်ရမယ့် ပြည်သူ့ ဒီမိုကရေစီစစ်စစ်ကိုသာ လိုချင်ပါ တယ် ဆိုတဲ့ ပြည်သူလူထုရဲ့ အမှန်တကယ် စိတ်ဆန္ဒကို ဖော်ထုတ်ပြလိုက်တာပါပဲ။

အချိန်ကာလ အနေနဲ့ကတော့ ၁၈ရက်နေ့က စပြီးရေတွက်မယ်ဆိုရင် ၇ရက်ရှိခဲ့ပါပြီ။ ဒီရက်ပိုင်းအတွင်းမှာ ဒီလောက်အတိုင်းအတာအထိ ရောက်ရှိလာတာဟာ အောင်မြင်မှုရတယ်လို့ ယုံကြည်မိပါတယ်။ စစ်ဗိုလ်တွေ ဘက်ကို ကြည့်မယ်ဆိုရင်တော့ သူတို့ဟာ ငြိမ်နေပါတယ်။ ငြိမ်နေခြင်းမှာ အဓိပ္ပါယ်နှစ်မျိုးထွက်ပါတယ်။ အကောင်းဘက် ကို ဦးတည်မလား အဆိုးဘက် ကို ဦးတည်မလား သေချာပေါက်တော့ သူတို့တွေ တခုခု လုပ်လာပါတော့မယ်။ စစ်တပ်အတွင်းမှာ ရှေ့ဆက်ဆောင်ရွက်သင့်တဲ့ အကြောင်းကိစ္စများကို သဘောထား ကွဲလွဲနေကြလို့ အများသဘောတူ ဆုံးဖြတ်ချက်ကျအောင် ညှိနှိုင်းနေတာလည်း ဖြစ်နိုင်ပါတယ်။ ဘာလုပ်ရမယ် မှန်း သေသေချာချာ မဆုံးဖြတ်နိုင်ကြလို့ ရှေ့မတိုးသာ နောက်မဆုတ်သာ အဖြေရှာမရ နိုင်တာလည်း ဖြစ်နိုင် ပါတယ်။

သာသနာရေးဝန်ကြီး သူရမြင့်မောင်ကတော့ သံဃာထုနှင့် လူထုတွေရဲ့ ဆန္ဒပြပွဲတွေကို ရပ်တန့်ဖို့နဲ့ ဆက်လုပ် လာပါက အကြမ်းဖက်နှိမ်နင်းရမယ်ဆိုပြီး မြန်မာ့ရုပ်မြင်သံကြား သတင်းအစီအစဉ်ကနေ ဒီနေ့မှာ ပြောလာပါပြီ။ စစ်တပ်အနေနဲ့ အသံနဲ့ ခြောက်တာလည်း ဖြစ်နိုင်ပါတယ်။ တကယ်တမ်းလုပ်ဖို့ ဆုံးဖြတ်ထားလို့ ကြေငြာလိုက် တာလည်း ဖြစ်နိုင်ပါတယ်။ စစ်တပ်အနေနဲ့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတာနဲ့ မိုက်ရူးရဲဆန်တဲ့ သွေးတိုးစမ်း ခြေလှမ်းကို စလှမ်းလိုက်တာလည်း ဖြစ်နိုင်ပါတယ်။ စစ်တပ်က ဒီလိုပြောလိုက်တာနဲ့ ဘာတွေ ဆက်ဖြစ် လာမလဲ ဆိုတာ စောင့်ကြည့်ချင်တဲ့ သဘောလည်း ဖြစ်နိုင်ပါတယ်။ ဒီစကားမျိုးကို စစ်ဗိုလ်ချုပ်တွေကိုယ်စား ပြောလာတာဟာ အကြီးအကျယ်မှားယွင်းမှု တခုပါပဲ။ ဒီကနေ့ သံဃာထုနဲ့ ပြည်သူလူထုဟာ တပ်မတော် တခုလုံးကို မေတ္တာထားပြီး တိုင်းပြည်ငြိမ်းချမ်းသာယာရေးအတွက် စိတ်ကောင်း စေတနာကောင်း စွန့်လွှတ် အနစ်နာခံလိုမှုတွေကို အရင်းတည်ပြီး စေ့စပ်ဆွေးနွေးရေးအတွက် တောင်းဆိုချီတက်နေကြတာပါ။ ပြီးခဲ့တဲ့ ကျူးလွန်ပြစ်မှားမိတာတွေကို သင်ပုန်းချေ ခွင့်လွှတ်ကြေအေးဖို့ ကမ်းလှမ်းနေတာပါ။ ငြိမ်းချမ်းရေးကို တောင်းဆို နေတာပါ။

မေတ္တာရေစင်နဲ့ ဖြန်းပက်လာတဲ့ သပြေခက်ကို လက်နဲ့ပုတ်ပြီး ခြေနဲ့နင်းဖို့တော့ မလုပ်သင့်ဘူးလို့ စစ်ဗိုလ်ချုပ် တွေ အနေနဲ့ အသိတရားရှိရှိထားပြီး နားလည်လက်ခံစေချင်ပါတယ်။ မေတ္တာတရားကို အကြမ်းဖက် လမ်းစဉ် တွေနဲ့ ဖိနှိပ်အနိုင်ယူဖို့ ကြိုးစားလာမယ်ဆိုရင်တော့ သူလည်းနာ ကိုယ်လည်းနာ အပျက်ပျက်နဲ့ နှာခေါင်းသွေး ထွက်ရမယ့် အဖြစ်အပျက်ဆိုးတွေနဲ့ ဇာတ်သိမ်းရမယ့်အဖြစ်မျိုးတော့ မဖြစ်သင့်ပါဘူး။ ဒါကို စစ်ဗိုလ်ချုပ်တွေ သေသေချာချာ စဉ်းစားပြီး သံဃာထုနဲ့ ပြည်သူလူထုတောင်းဆိုတာတွေကို လိုက်လျောဖို့ ပြန်လည် ဆုံးဖြတ်သင့်ပါတယ်။

သံဃာတော်တွေနဲ့ ပြည်သူလူထုတွေကတော့ ဘယ်လိုအခြေအနေပဲ ရှေ့ဆက်ဖြစ်လာပါစေ ရင်ဆိုင်ဖြေရှင်းဖို့ အဆင်သင့် ပြင်ဆင်ပြီးသားပါ။ နောက်ဆုံး သာသနာအကျိုး တိုင်းပြည်အကျိုးအတွက် အသက်ကိုပါ စွန့်လွှတ်ဖို့ အထိ သံဃာတော်တွေ ကျောင်းသားတွေ ပြည်သူလူထုတွေက ရဲရင့်စွာ ဆုံးဖြတ်ထားကြပြီးသားပါ။ တိုင်းပြည်အကျိုးအတွက် ဒီတပွဲကတော့ အောင်မြင်အောင် အစွမ်းကုန် ရင်ဆိုင်ရတော့မယ့် အချိန်ကို ရောက်နေပြီဆိုတာ သံဃာတော်ထုနှင့် ပြည်သူလူထုတရပ်လုံးက နားလည်လက်ခံပြီးသား ဖြစ်နေပါပြီ။ ဒီတပွဲကတော့ အနိုင်ရအောင် မဖြစ်မနေ ပေးဆပ်ရင်းနှီး ရပါလိမ့်မယ်။ သာသနာတော်ကို တစွန်းတစလေး ထိပါးမိလိုက်တာလေးနဲ့တင် အခုလို အခြေအနေတွေ ဖြစ်လာတာပါ။ သာသနာတော်နှင့်တကွ သံဃာထု တရပ်လုံးအရေး၊ ပြည်သူလူထုနှင့်တကွ အမျိုးသားတရပ်လုံးအရေး၊ မျိုးဆက်သစ်များနှင့် တိုင်းပြည်၏ အနာဂတ် အရေးတို့ကို စစ်ဗိုလ်ချုပ်တွေအနေနဲ့ ထိပါး နှောင့်ယှက် ဖျက်ဆီးဖြိုခွဲလာမယ်ဆိုရင် ရှေ့ဆက်ပြီး တော့ ဆိုးကျိုးတွေကိုပဲ ဆက်လက်ရင်ဆိုင်ရမယ်ဆိုတာ သဘောပေါက်စေချင်တယ်။ ဒါဟာ မလွဲမသွေ ရင်ဆိုင် ကြုံတွေ့လာရမယ့် သဘာဝ အမှန်တရား ထုတ်ဖော်ချက်တခုလည်း ဖြစ်တယ်။

သံဃာတော်တွေမှာလည်း တနေ့ပြီးတနေ့ ပွဲဆက်လာတာဟာ တော်တော် ပင်ပန်းလာနေပါပြီ။ စိတ်ဓာတ် အင်အား ရှေ့ဆောင်မှုနဲ့ ချီတက်နေရတယ် ဆိုပေမယ့် အစာ အာဟာရ လိုအပ်မှုကြောင့် ရေရှည် အတွက် တော့ အင်အားထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။ အဲဒီလို ဖြစ်လာရင်တော့ အခုအချိန်ထိ အရှိန်အဟုန် မြင့်မား လာတဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်မှောက် ဆန္ဒပြပွဲတွေမှာ ရေရှည်အကျိုးကို ထိခိုက်လာပါ လိမ့်မယ်။ ဒီပွဲဟာ မြန်မြန်ပြတ်လေ ကောင်းလေပါပဲ။ ဗုဒ္ဓမြတ်စွာဘုရားကလည်း အခုလုပ်ရင် အခုဖြစ်တယ် ဒီနေ့လုပ်ရင် ဒီနေ့ဖြစ်တယ် ဘာအကြောင်းနဲ့မှ ကိုယ်လုပ်ချင်တဲ့ အလုပ်ကို အချိန်မဆွဲသင့်ဘူးလို့ ဟောပြလမ်းညွှန်ထားတာ အားလုံးအသိပါပဲ။ အခုတခါ ဒီပွဲကိုလည်း အချိန်တိုတိုအတွင်း ထိထိရောက်ရောက်နဲ့ အကျိုးရလဒ်ကောင်းတွေ ရလာဖို့ အမြန်ဆုံး အကောင်အထည်ဖော်လုပ်ဆောင် သင့်နေပါပြီ။

ဒီနေ့ဆိုရင် ဦးဆောင်သံဃာတော်များ ကြေငြာဖိတ်ခေါ်ထားသလို တနိုင်ငံလုံးအနှံ့ အထွေထွေသပိတ်ကြီးမှာ ကျောင်းသားပြည်သူတွေ တတပ်တအား ပါဝင်လာကြပါပြီ။ နောက်တဆင့်အနေနဲ့ အစိုးရ၀န်ထမ်းတွေကို ကြေငြာ ဖိတ်ခေါ်ဖို့ လိုအပ်နေပါတယ်။ ဦးဆောင်သံဃာတော်များအနေနဲ့ အခုလာမယ့် ၂၇ရက်နေ့ ကြာသပတေးနေ့ကစပြီး တပြိုင်တည်း အစိုးရ၀န်ထမ်းအားလုံးကို တနိုင်ငံလုံးအနှံ့ မြို့တိုင်းမြို့တိုင်းမှာ ရုံးမတက်ဘဲ ကိုယ့်အိမ်တွေမှာနေပြီး နေမကောင်းလို့ခွင့်တိုင်ထားတဲ့ပုံစံမျိုးနဲ့ ရုံးမတက်ဘဲ အစိုးရကို သံဃာတော်များရဲ့ တောင်းဆိုချက်များကို ဆောင်ရွက်မပေးသေးသရွေ့ သပိတ်မှောက်ကြဖို့ တိုက်တွန်း ဖိတ်ခေါ်သင့်ပါတယ်။ အခုလာမယ့် ၂၇ရက် ကြာသပတေးနေ့ပါ။ အစိုးရ၀န်ထမ်းတွေ ရုံးမတက်ဘဲ နေလိုက်ခြင်း အားဖြင့် စစ်တပ်ကို နောက်ခံပြုပေးနေတဲ့ အစိုးရယန္တယားလည်ပတ်မှုတွေအားလုံး ရပ်တန့်သွား မှာပါ။ ၀န်ထမ်းတွေ အလုပ်မလုပ်ပေးရင် ဒီစစ်ဗိုလ်တွေ အနေနဲ့ အစိုးရတရပ်အဖြစ် ဘယ်လိုမှ ခေါင်းထောင် နေလို့ မရနိုင်ပါဘူး။ အဲဒါကြောင့် နောက်တဆင့်ခြေလှမ်းအနေနဲ့ ၀န်ထမ်းတွေအတွက် ရက်ချိန်းခေါ်ပြီး တပြိုင်တည်း လုပ်ဆောင်နိုင်အောင် ဦးဆောင်သံဃာတော်များက ပန်ကြားပေးစေချင်ပါတယ်။ ၀န်ထမ်းတွေ ပါလာရင် စစ်ဗိုလ်တွေဟာ အစိုးရအဆင့်အနေနဲ့ ရပ်တည်လို့ မရနိုင်တော့ပါဘူး။

အဲဒီနောက်မှာ အခုနာမည်ဆိုးနဲ့ သတင်းကြီးနေတဲ့ ကြံ့ဖွတ်အသင်းဝင်တွေကိုလည်း မဆလတုန်းကလို အသင်းဝင်အဖြစ်မှ နှုတ်ထွက်ကြဖို့ မေတ္တာထားပြီး ထပ်ဆင့် ပန်ကြား ဖိတ်ခေါ်ပေးစေချင်ပါတယ်။ ၂၇ရက် ကြာသပတေးနေ့ အဖြစ်တပေါင်းတည်း သတ်မှတ်ရင် အကောင်းဆုံးပါပဲ။ အစိုးရရဲ့ စစ်ဘက်ဆိုင်ရာ အရပ်ဘက်ဆိုင်ရာ ၀န်ထမ်းတွေနဲ့ ကြံ့ဖွံ့အသင်းဝင်တွေဟာ အများစုကတော့ ဗုဒ္ဓဘာသာဝင်တွေပါပဲ။ သူတို့တတွေလည်း ဗုဒ္ဓဘာသာကို ယုံကြည်လေးစားမှုအရ သံဃာတော်အရှင်မြတ်တွေနဲ့ ပူးပေါင်းချင်တဲ့ စိတ်ရင်းကတော့ ရှိမှာ အမှန်ပါပဲ။ မတတ်သာလို့သာ ငြိမ်နေကြရမှာပါ မခံချင်စိတ်နဲ့ အံတုချင်နေတဲ့ အာသီသ တွေလည်း သူတို့တွေရဲ့ စိတ်ထဲမှာ အဆင်သင့်ရှိနေမှာ အမှန်ပါပဲ။

နောက်ဆုံးကတော့ ကျေးလက်ဒေသအသီးသီးမှာရှိနေတဲ့ တောင်သူလယ်သမားဦးကြီးများကို ဒေသဆိုင်ရာ မြို့နယ်အလိုက် ကိုယ့်မြို့တွေမှာရှိတဲ့ သံဃာတော်တွေရဲ့ မေတ္တာပို့လမ်းလျှောက် သပိတ်မှောက် ဆန္ဒပြပွဲ တွေကို ထောက်ခံအားပေးဖို့ ပန်ကြားဖိတ်ခေါ် ပေးသင့်ပါတယ်။ ဒီအချိန်မှာ ဆင်းရဲနွမ်းပါးမှုကို အခြေခံ အကျဆုံး ခံစားနေရတဲ့ ကျေးလက်ဒေသက တောင်သူလယ်သမားဦးကြီးများကို ချန်ထားလို့ မဖြစ်ပါဘူး။ အချိန်အခါအရလည်း မဖြစ်မနေ ဆောင်ရွက်ဖို့ သင့်တော်လှပါတယ်။ တောင်သူလယ်သမားဦးကြီးများ ဆိုတာကလည်း အများစုက ဗုဒ္ဓဘာသာဝင်တွေပါပဲ။ သူတို့လည်း အခုလို အချိန်အခါမှာ တတပ်တအား သံဃာတော်များနှင့် ပူးပေါင်းပါဝင် ထောက်ခံဖို့ စိတ်ဆန္ဒပြင်းပြနေမှာ အမှန်ပါပဲ။

တပ်မတော်အတွင်းက မျိုးချစ်စစ်သားတွေအတွက်ကိုလည်း အထူးအရေးပေးပြီး ပူးပေါင်းပါဝင်ဖို့ အဆက်မပြတ် တောင်းဆိုနေတာကတော့ အကောင်းဆုံးပါပဲ။ တချိန်မဟုတ် တချိန်တော့ နားဝင် လက်ခံလာမှာပါ။ အဲဒီလို အဖက်ဖက်က အင်အားစုတွေ ပေါင်းစည်းမိလာတဲ့ အချိန်မှာတော့ နောက်လာမယ့်အပါတ်မှာ `အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသည်´ `၁၉၉၀ပြည့်ရွေးကောက်ပွဲအနိုင်ရ အမတ်လောင်း လွှတ်တော်ကိုယ်စားလှယ်များနှင့်သာ ဖွဲ့စည်းအပ်သည့် လူထုအစိုးရကိုသာ ထောက်ခံသည်´ ဆိုတဲ့ ထပ်ဆင့် တောင်းဆိုချက်များကို တိုးမြှင့်တောင်းဆိုရင်း ငြိမ်းချမ်းစွာ အချိန်တိုတိုအတွင်းမှာ ထိရောက်အောင်မြင်မှုရအောင် ဆက်လက်ချီတက် အင်အားပြသင့်ပါသည်။ အဲဒီအချိန်ဆိုရင် တတိုင်းပြည် လုံးရဲ့ ဆန္ဒသဘောထားအမှန်တွေ ဒီနေ့ထက်ပိုပြီး ပေါင်းစည်း အားကောင်းလာမှာပါ အမှန်ပါပဲ။ တတိုင်း တပြည်လုံးက လူထုလူတန်းစားတွေအားလုံးရဲ့ စည်းလုံးညီညွှတ်တဲ့ သဘောထားတွေ ထွက်ပေါ်လာ ပြီးတဲ့ နောက် မှာတော့ စစ်ဗိုလ်ချုပ်တွေ သူတို့လုပ်ချင်တာ ဘာတခုမှ လုပ်နိုင်မှာ မဟုတ်တော့ပဲ အများဆန္ဒအရ စစ်အာဏာရှင်စနစ်ကို အဆုံးသတ်ပေးရမှာ ဖြစ်ပါတယ်။

အကြံပြုချက်။ ။ဦးဆောင် သံဃာတော်များ အနေဖြင့် ပန်ကြားဆော်သြပေးပါရန် ရိုသေလေးမြတ်စွာ လက်ဆယ်ဖြာ ထိပ်မှာမိုးလျှက်

၁။ ဌာနဆိုင်ရာအသီးသီးက မြို့နယ်တိုင်းမှာရှိတဲ့ ၀န်ထမ်းများကို ယခုလာမည့် ၂၇ရက်နေ့ ကြာသပတေးနေ့မှ စတင်ကာ ရုံးမတက် အလုပ်မဆင်းတော့ပဲ ကိုယ့်အိမ်များတွင်သာ နေကြရန်။
၂။ ကြံခိုင်ဖွံ့ဖြိုးရေးအသင်းဝင်များကိုလည်း ၂၇ရက်နေ့ ကြာသပတေးနေ့မှစတင်၍ အသင်းဝင်အဖြစ်မှ နှုတ်ထွက်ကြောင်း အဆိုတင်သွင်းကြခြင်းဖြင့် သံဃာထုနှင့် ပြည်သူလူထုကို ပူးပေါင်းထောက်ခံကြပါရန်။
၃။ ၂၇ရက်နေ့ ကြာသပတေးနေ့မှစတင်၍ ကျေးလက်ဒေသမှ တောင်သူလယ်သမားဦးကြီးများကို လက်လှမ်းမီ သလောက် အုပ်စုများဖွဲ့စည်းပြီးနောက် ဒေသဆိုင်ရာမြို့များသို့တက်၍ မေတ္တာပို့ လမ်းလျှောက် ဆန္ဒပြသော သံဃာထုများနှင့် ပူးပေါင်းပါဝင်ပါရန်။
၎။`အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသည်´ `၁၉၉၀ခုနှစ် ရွေးကောက်ပွဲ အနိုင်ရ အမတ်လောင်း လွှတ်တော်ကိုယ်စားလှယ်များနှင့်သာ ဖွဲ့စည်းအပ်သည့် လူထုအစိုးရကိုသာ ထောက်ခံသည်´ ဆိုတဲ့ ထပ်ဆင့် တောင်းဆိုချက်များကို တိုးမြှင့် တောင်းဆို ပေးပါရန်။
၅။ ဆန္ဒပြချီတက်ပွဲများတွင် ရှေ့ဆုံးတပ်ဦးမှာ ဗုဒ္ဓဆင်းတုတော်များကို ဝေါစင်များပေါ်တွင် တင်ဆောင်၍ ခမ်းနား ထည်ဝါစွာ ပြင်ဆင်ပြီးမှ ချီတက်ကြပါရန်။
ငြိမ်းချမ်းသာယာသော ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီသို့ ရည်ရွယ်လျှက်

(ကိုနေမိုး ရဲ့စာ.. လက်ခံစရာကောင်းတာမို့ တင်ပေးလိုက်ပါတယ်)