Dec 29, 2007

ချစ်သူသို့

နှင်းမိုးဝေလေးက အချစ်အကြောင်း Tag ထားတာ ကြာနေပါပြီ။ ကျမမှာလည်း ဒီရက်တွေထဲ စိတ်ပန်း လူပန်းဖြစ်ရလောက်အောင် မအားမလပ်တွေဖြစ်နေ။ အဲဒီခေါင်းစဉ်လေး ရေးပေးချင်လျက်နဲ့ ဘယ်လိုမှ အာရုံသွင်းမရ။ တကယ်တော့ ကျမ တကယ်အားတဲ့အထိ စောင့်နေဖို့လည်း မဖြစ်နိုင်။ အင်းးးး ခုချိန်မှာ အချစ်ဆုံးဆိုတာကတော့ ကလေးတို့အဖေပဲ ရှိတာပေါ့လေ.. (အချစ်ဟောင်းတွေကို မေ့လိုက်ပီဆိုတော့)။ ဒါပေမဲ့ သူ့အကြောင်းရေးရင်လည်း အကောင်းချည်းပဲ ဖြစ်နေတော့ အမွှမ်းတင်လွန်းရာကျနေမယ်ပေါ့ .. :P … ဒါနဲ့ မရေးဖြစ်ပြန်။

ဒါနဲ့ နောက်ဆုံး ကြံရာမရဖြစ်ပြီး Tag ခံရဖော် ‘ကေသွယ်’ ရေးတာကို ဖတ်မှ အကြံရ။ ကဲ.. ကိုယ်လည်း တကယ်ခံစားခဲ့ရဖူးတဲ့ အဟောင်းလေးပဲ တင်မှပါဆိုပြီး… အထင်ကရဖြစ်ခဲ့တဲ့ အချစ်အကြောင်းလေးတစ်ခု တင်ပေးလိုက်ပါတယ်။ (မှတ်မှတ်ရရ အဲဒီဝတ္ထုလေးတုန်းကလည်း မိန်းကလေးက ချစ်တာကို အသေးစိပ် ရေးလို့ ဆိုပြီး တော်တော် အဝေဖန်ခံခဲ့ရသေးတာပါ)

သမီး အနှင်းလေးရေ.. နောက်မှ တပုဒ် ထပ်ရေးပေးမယ်နော်.. လောလောဆယ်တော့ ဒါလေးနဲ့ပဲ ကျေနပ်ပါဦးလို့..။


ချစ်သူသို့ ကြိုဆိုခြင်း

(ဒီက ပုံပါ)

(၁)

သူလာမယ်တဲ့
ပြင်ကျယ်ဆီ လက်ဆန့်တန်း

စိတ်မှန်းနဲ့ရမ်းရော်

လာပါနော်

လာပါနော်ကွယ်
..”

လွင်ပြင်ကျယ်ကြီးကို ဖြတ်၍ သူလမ်းလျှောက်လာနေသည်။
လွတ်လပ်လေပြေမှာ သူ့ ဆံပင်တွေက ဖွာဆန်ကျဲလို့ပေါ့။

ရိပ်ကနဲ့ မြင်တာနဲ့တောင် မောင်ဆိုတာ မှတ်မိပါတယ်ကွယ်။

ကိုယ့်ကိုယ်ကို အယုံကြည်ဆုံးဟန်နဲ့ လမ်းလျှောက်ပုံက ရှားတယ်မဟုတ်လား။

တကယ်ကိုပါပဲကွယ်
ဘယ်သူ့ကိုမှ မမှုစွာ၊ အထူးသဖြင့် အပူအပင်ကင်းစွာပေါ့
မောင် လမ်းလေ
ျှာက်လာနေရဲ့။

(၂)

လာပါနော်
လာပါနော်ကွယ်

မေ့ကိုပါခေါ်လှည့်

လိုက်ခဲ့မယ်နော်။

ဘယ်မှာလဲ

ဘယ်မှာလဲ ဟင်
..
ချစ်သည်းသွားချင်တဲ့ သစ္စာရင်ပြင်။

မောင့် ပန်းပုရုပ်ကလေး ဖြစ်ချင်လိုက်တာကွယ်။
ကျမကိုခေါ်ပါလားဟင်

မောင်သွားချင်တဲ့ ဘ၀နယ်ထဲကို က
မ အဖေါ်အဖြစ်နဲ့ လိုက်ချင်တယ်။
ယုံကြည်ရာ မြတ်နိုးရာ သစ္စာရင်ပြင်တဲ့။

အေးချမ်းငြိမ်သက်စွာ လွတ်လပ်သတဲ့။

ဖောက်ပြန်မှုတွေလည်း မရှိဘူးတဲ့ ။

ချစ်သူတို့နယ်မြေတဲ့။

ကျနော် စိတ်ကူးယဉ်တာပါလေတဲ့။ မောင် ခဏ ခဏ ပြောတတ်တယ်နော်။
မောင်က ကျမရဲ့ အရည်အချင်းကို မယုံကြည်ဘူး ဟုတ်စ။

မောင်ဖန်တီးမယ့် ဘ၀ကို ကျမ ကြိုတင် တပ်မက်ထားပါတယ်။

မောင့်နောက်က ဖ၀ါးထပ်လိုက်လို့၊ အေးချမ်း ငြိမ်သက်ပါမယ်။

ယုံကြည်လိုက်တော့ မောင်ရယ်။

မောင်ရယ်...

က
မရယ်...
သစ္စာရင်ပြင်ရယ်
.. ရှိနေပြီလို့။
လမ်းတစ်စင်းသာ ခင်းလိုက်ပါတော့
.. မောင်...
မောင့်ရဲ့ သစ္စာရင်ပြင်ဆီ ဦးတည်လို့။

(၃)

မောင်ဟာ .. တစ်ဦးတည်း လွင့်မျောသူ။
မောင့်ဘ၀မှာ
ကျမဟာ သဲတစ်ပွင့်စာတောင် နေရာမရပါ။
တခြားသော သူငယ်ချင်းတွေလိုပဲ မောင့်ရဲ့ စကားပြောဖက်သာ ဖြစ်တယ်ပေါ့နော်။

မောင်ကဆိုတယ် ။

ချစ်သူဆိုတာ ရင်ထဲမှာပဲ ရှိသင့်တယ်၊ ပြင်ပကိုရောက်လာ တည်ရှိဖြစ်သွားရင်
အနှစ်သာရ ပျယ်သွားတယ်
တဲ့။
ဆိုရင်
..
မောင့် ရင်ထဲမှာ ချစ်သူရှိတယ်ပေါ့။

ကျမများ ဖြစ်နိုင်မလား မောင်။ (မောင်ခေါင်းခါမှာ ကြောက်တယ်)

အိပ်မက်မှာတော့ဖြင့် မောင်က ပြုံးလို့။

မောင့်ရဲ့ တ၀က်ပြုံးနဲ့ပေါ့။ (မောင်ဟာ အပြုံးကအစ တွန့်တိုတယ်)

မောင့်ကို ကျမ ငေးကြည့်နေမိတယ်။

မောင်ကတော့ ဘာသာလွတ်လပ် ပေါ့ပါးလို့။

မနာလို စိတ်နဲ့ နာကျင်လိုက်တာမောင်။

ကျမကတော့ မောင့်အရိပ်မှာ နှောင်ငြိနေရသူ မဟုတ်လား။

(၄)

မောင့် ကို ကျမ ချစ်နေတာများ သိရဲ့လားမောင်။

စာပေ အယူအဆ ဆူညံငြင်းခုံပွဲအလယ်မှာ တိတ်ဆိတ်နေတဲ့ မောင့်ကို

ကျမ ငြိတွယ်သွားခဲ့တာ။

ပင့်သက်တို့ရဲ့ ပင့်ကူကြိုးရှည်ဟာ
ရင်မှာ ရစ်ပတ်

အထပ်ထပ်စွဲ

ဂန္တ၀င် ဟန်ဆောင်ပြုံးများထဲက

အချစ်ကြီးသူ သည်းတဲ့အနာ
..”

မောင့်ကဗျာတစဟာ ကျမကို ချည်နှောင်ခဲ့တယ်။
လှုပ်ရုန်းမရတဲ့ နွံတစ်စပါပဲ။

မောင့် လက်သွယ် ဖြူနုတွေရဲ့ လှုပ်ရှားမှုမှာ ကျမ နှလုံးခုန်တယ် ။

စုတ်တံတစ်ချက် အယိမ်းမှာ ကျမ ပင့်သက်တစ်ခါ ရှိုက်ရဖူးတယ်။

လက်ရေးဝိုင်းစက်က အစ၊ ဖ၀ါးပြည့်ပြည့်အဆုံး
..
မောင့်ထံမှာ ကျမ အနုပညာ ရှိရဲ့မောင်။

မယုံကြည်နိုင်လောက်အောင် ကျမ မြတ်နိုးခဲ့ပါတယ်။

ကောင်းကင်၌ သန်ထင်သော
အရိပ်အယောင်မ
ျှလည်းကောင်း
အက
ျွန် မြတ်နိုးပါ၏
သခင်တိမ်တစသို့ငှာလည်းကောင်း၊

ကမ်းမနိုင် လှမ်းမနိုင်၊

မီသော်မှ မလှမ်းသင့်တဲ့ အမြင့်မို့

မျိုသိပ်သိမ်းဆည်းထားပါ၏ သခင်
…”

မောင့်ကဗျာဟာ ကျမရဲ့အနာပါပဲ ။
ကျမက မိန်းကလေးမို့ မောင့်ကိုအိပ်မက်မှာသာ တွေ့ဆုံပြုံးပြပါတယ်။

ကျမ အိပ်မက်တွေထဲကို
မောင်ဟာ
..
ချိုးဖဲ့လို့
..ဖယ်ဖွလို့ .. တိုးဝင်လာတယ်။
ဖြူသွယ် ပိန်လျတဲ့ မောင်ဟာ
..
အဲသည်အခါမှာတော့ ကြီးစွာသော အင်အားနဲ့ပါ။

ကျမ ဘ၀မှာ အခိုင်အမာ တပ်စွဲခဲ့တယ်။

ကျမရဲ့ နှလုံးခုန်သံကို မောင်ပိုင်စိုးသွားခဲ့တာ

မောင်သိအောင် ကျမ မလုပ်နိုင်ပါ (မလုပ်ရဲပါ)။

သိလည်း သိစေချင်ပါတယ်မောင်။

(၅)


ဖားလျားချထားတဲ့ ဆံပင်ရှည်ရှည်
လေမှာ လွှင့်ထူ

လိမ်းကျံ ခြယ်သတဲ့ သနပ်ခါးရောင်

အရောင်တွေထဲက ၀င်းပ

ဒါဟာ အလှတရားတစ်ခုလို့

အချစ်တွေ ချိတ်တွယ်မိလို့

စိတ်ကူးထဲ ဆင်သမိတယ်
..”

မောင့် ကဗျာထဲကလို ဆံပင်ရှည်ရှည် ဖားဖားဝေေ၀နဲ့၊
တည်ငြိမ်မှု ဣနြေ္ဒနဲ့၊ ထက်မြက်မှု ဗီဇနဲ့ ကျမကို

စိတ်ကူးယဉ်ကြည့်ဖူးလား မောင်။

ချစ်သူသက်သက် ဘ၀နဲ့လည်း ကျမ ပျော်မှာပါပဲ။

မောင့် မျက်လုံးညိုတွေကို ချစ်တယ်။

ဆံပင် ညိုညိုတွေဟာ မြက်ရိုင်းတွေလိုပဲ။

လွတ်လပ်မှုကို မောင်တစ်ဦးတည်းသာ ပိုင်ဆိုင်နေရသလိုပဲ ကျမ ခံစားရတယ်။

ဒေါသကြီးတဲ့ ယောက်ျားတွေကို မုန်းတတ်လို့ ကျမ မောင့်ကို သဘောကျမိတယ် ထင်တာပဲ။

အမြဲတမ်း အဲလိုပဲ ဒေါသမရှိဘဲ နေပါလား မောင်
..

မောင့် နှုတ်ခမ်းတွေဟာ ခုလို ပိပိရိရိ အခြေအနေမှာ အလှဆုံးပါပဲ။
ရင်ထဲမှာ ရယ်ချင်နေတာတော့ ရှိတယ် မောင်။

ဘာလို့ဆို မောင်နှုတ်ခမ်းစေ့ထားတာကို နှစ်ခြိုက်သလို

မောင့်စကားသံတွေကိုလည်း က
မက မွတ်သိပ်ပြန်တာကိုး။
မောင်ဟာလေ တခါတလေ စကားတစ်ခွန်းထွက်ဖို့တောင် ခက်ခဲသလောက်

စကားများချင်ပြန်တော့လည်း ကျမတောင် ငေးယူရရောနော်။

စာအုပ်ကြီးတွေထဲက မဟုတ်တဲ့၊ မောင့် ကိုယ်ပိုင်အယူအဆတွေကို

ကျမ လိုလားခေါင်းညိတ်တဲ့အခါ ငြင်းဖက်တွေက နှာခေါင်းရှုံ
ကြတာကိုလည်း
ကျမ ရင်ဆိုင်ရသေးတယ်။

ပုဂ္ဂိုလ်ခင်လို့ တရားမင်တာမဟုတ်မှန်း သူတို့ မသိကြတဲ့အခါ

ကျမရဲ့သိက္ခာက ခြေနင်းခုံကို ရောက်သွားတော့တယ် မောင်။

မိန်းကလေးမှာလည်း စ ချစ်ပိုင်ခွင့်ရှိပါတယ်။

စ ပြီး ချစ်စကားပြောခွင့်သာ မရှိတာပါ။

စည်းဆိုတာကို ကျမ နားလည်၊ လက်ခံကြောင်း မောင် ယုံကြည်တယ်မဟုတ်လားဟင်။
အိပ်မက်ထဲမှာ မောင်က က
မကို ပြောတယ်။
အနာဂတ်ကို ကြိုမမြင်နိုင်တဲ့သူတွေပဲ ဖြစ်လို့ ပြောစရာစကားကို
ခုရှိနေတဲ့အချိန်မှာပဲ ပြောရလိမ့်မယ်။
ခင်ဗျား.. ကျနော့ကို ချစ်တယ်မဟုတ်လားတဲ့။
က
မ ကြည်နူးတယ်၊ ပြုံးတယ်၊ ခေါင်းညိတ်တယ်၊
ပြီးတော့ ရှက်နေတယ်။

အိပ်မက် အေးအေးလေး ဆုံးသွားတယ်။

နိုးလာတော့လည်း က
မ ပြုံးနေတယ်။
မနက်ခင်းဟာပြန်လည်ရှင်သန်ခြင်း တစ်ခုပဲ တဲ့။

မနက်ခင်းကို မင်္ဂလာရှိစွာ ကြိုသင့်တယ်တဲ့။

မနက် အိပ်ရာအနိုးမှာ ပြုံးနေတဲ့ က
မဟာ မင်္ဂလာရှိသွားတာပေါ့နော် မောင်
မောင့်ကို ကျေးဇူးတင်ပါတယ်။

မောင့်ကျေးဇူးနဲ့ က
မရဲ့ နေ့သစ်ဟာ လှတာနော်။

(၆)

ပူပင်သောကများရတဲ့အခါ မောင့် အမူအရာ အေးအေးဟာ
ကျမရဲ့ စိတ်ငြိမ်းရာ ဖြစ်တယ်။

(၇)

ဘ၀ဖော်ကို နေရောင်အောက်မှာ ရှာရတယ်တဲ့။
မောင်နဲ့ တစ်ဘ၀ အတူနေချင်ပေမဲ့

မောင့်ကို နေရောင်ထဲ မရောက်စေချင်ဘူး။

လရောင်ထဲမှာ လန်းတဲ့ ပန်းပွင့်

နေရောင်ထဲ နွမ်းသွားမှာ ကြောက်တယ်။

မောင့်ရဲ့လတ်ဆတ်ရှင်းသန့်တဲ့ သစ္စာတရားလွင့်ပါးမှာ
ကြောက်တယ်။
မောင်နဲ့ကျမ ချစ်ရုံသာ ချစ်ချင်ပါတယ်။

ထာဝရ ချစ်သူတွေပေါ့ မောင်။

စားဝတ်နေရေး မပါတဲ့

ဝိဉာဉ်သန့်ရှင်းစင်ကြယ်ရေးသာပါမယ့်

ရုန်းကန်လှုပ်ရှားရမှု မပါတဲ့
..
ရိုးသားငြိမ်းချမ်းခြင်းသာ ပါမယ့်

ကမ္ဘာလေးတစ်ခုသာ ဖြစ်စေချင်တာပေါ့။

ဒါကြောင့်

က
မမောင့်ကို အေးဆေးစွာသာ စောင့်ကြည့်နေဖြစ်ခဲ့တာ။
က
မမောင့်ကို မျက်လုံးကလေးစွေပြီး ပြုံးစစနဲ့ မကြည့်ဖူးခဲ့တာ
တစ်ယောက်တည်းနေရတဲ့ ဘ၀ကို မငြီးငွေ့သေးဘူးလား ကိုသီဟရယ်လို့
စကားမခေါ်ခဲ့ဖူးတာ

ကမကို ဟိုတစ်ယောက်က စိတ်ဝင်စားလို့တဲ့ရှင်..’လို့
သွယ်ဝိုက်နှိုးဆော် မြောင်းမပေးခဲ့ဖူးတာ။

မောင်ခင်းပေးမယ့် လမ်းကိုသာ လေ
ျှာက်ချင်တာ
ကျမကတော့ ဘယ်နည်းနဲ့မှ လမ်းခင်းမပေးရဲတာ။

ဒါတွေ မောင်သိရမယ်နော်။

(
တခါက ကျောင်းကိုရောက်စ ချွေးတွေစိုနေတဲ့ မောင့်ကို အမြင်မှာ
ခေ
ျွးတွေသုတ်လိုက်ပါလားလို့ ပြောလိုက်မိတာကိုတောင်
ပြန်တွေးမိတိုင်း ရှက်နေလို့ မေ့ထားခဲ့ရတာလည်း

မောင့်ကို သိစေချင်တာပဲလေ)။

ကျမကိုရော မောင်က သိစေချင်တာ မရှိဘူးလားမောင်။

မောင် ကျမအပေါ် ဘယ်လို သဘောထားတယ် ဆိုတာမျိုးပေါ့။

က
ျမကတော့ သိချင်နေပါတယ်မောင်။

(၈)

အိမ်ထောင်ရေးတစ်ခုကို ဦးမဆောင်နိုင်သေးဘဲနဲ့တော့
ချစ်တယ်ဆိုတဲ့ စကားမျိုးကို က်ာထိန်းထားရမယ်တဲ့။
က
မ မျှော်လင့်နေတာသိလို့များ မောင်ပြောတာလား။
ဒါပေမဲ့ အဲဒီ ချစ်တယ်က သိပ်အင်အားကြီးလာရင်တော့လည်း
ကျနော်ပြောရမှာပဲလေ
တဲ့။
ဝေ့လည်ချောင်ပတ်နိုင်ပေမယ့် ကျမ ရင်နည်းနည်းခုန်သွားခဲ့တယ်။

မောင် ကျမကို ချစ်နေသလား ဆိုပြီးတော့ပေါ့။

ထီးနဲ့ မိုးပေးမယ့်သူ
နာဖျားမကျန်းတဲ့အခါ

တမ်းတစရာ အမည်နာမ

သူမဟာ

ဘ၀မှာ အလင်းတစ်ခုပါပဲ
..”

ကဗျာဟာ နှလုံးသားရဲ့ ပြတင်းလို့ ယူဆတဲ့ကျမဟာ
မောင့်ကို ချစ်တတ်လှသူ
ပဲလို့
မောင့်ကဗျာတွေဆီကတဆင့် ယုံကြည်တယ်။

အဲဒီအခါ…
မောင့်ချစ်သူ ဘ၀ကို ရည်မှန်းတယ်။

သိပ်ပျော်မှာပဲမောင်။

မိုးရွာတဲ့အခါ မောင့်ကို ထီးမိုးပေးမယ်ပေါ့။

ဖျားတဲ့အခါ မောင်က ကျမနာမည်ကို တမ်းတမယ်ပေါ့။

ငြိမ်းရေ
ငြိမ်းရေလို့ ညည်းမှာမို့လားမောင်

(၁၀)

မောင်က မိန်းကလေးတွေ စာကြောင်တာမကြိုက်ဘူး။
အလှအပ မပြင်တာ မကြိုက်ဘူး။

မိုးရေထဲလမ်းလေ
ျှာက်၊ ယောက်ျားလေးမိတ်ဆွေတွေနဲ့ စကား ပြိုင်ပြောတာတွေလည်း မကြိုက်ဘူး။
အချစ်ကို တရားလွန် ကိုးကွယ်တာဟာလည်း

စာကြောင်တာလို့ မောင်က ပြောခဲ့ဖူးပြန်တယ်။

ကျမမောင့်ကို စွဲလမ်းတာဟာလည်း စာကြောင်တာမဟုတ်ဘူးမောင်။

မောင့်လက်ရေးနဲ့ ရေးထားတဲ့ ဖယောင်းစက္ကူပေါ်က
ငြိမ်းဆိုတဲ့ စာလုံးတွေကိုတောင် ကျမ တမက်တမောရှိလှတယ်။

ငြိမ်းဆိုတဲ့ ကျမနာမည်ကိုတောင် အဓိပ္ပါယ်မရှိ ကျေးဇူးတင်သွားမိခဲ့တယ်။
မတတ်နိုင်ဘူးမောင်ရဲ့
….။ ဒါတွေဟာ သူ့ဘာသာ သူဖြစ်လာတာ။
ကျမ တမင် ဖန်တီးယူရတာ မဟုတ်ဘူးဆိုတာ သေချာပါတယ်။

(၁၁)

ပတ်ဝန်းကျင်တခုရဲ့ သတ်မှတ်ချက်အရ မောင်နဲ့ ကျမဟာ
တစ်ဦးနဲ့တစ်ဦး တိတ်တဆိတ် ငြိတွယ်နေသူတွေတဲ့။

မောင်က ကျမကို တစ်ဦးတည်းသော မိန်းကလေးမိတ်ဆွေအဖြစ်

သတ်မှတ် ဆက်ဆံ တယ်။

ကျမကတော့ အဲသည်အတိုင်းအတာမ
ျှလောက်ကိုတောင် သိပ်ကျေနပ်နေပါတယ်။

မောင်နဲ့အတူ အင်းလျားရဲ့ညနေတွေမှာ စကားပြောရင်း
ကန်ဘောင်ပေါ်မှာ လမ်းလေ
ျှာက်ရတာကို ကြည်နူးတယ်။
လက်ဖက်ရည်ခွက်ပေါင်းများစွာ အတူသောက်တယ်။

ပန်းချီပြပွဲများစွာ အတူကြည့်တယ်။

မောင့်နံဘေးမှာ ကျမသာ တဦးတည်းသော အဖေါ်မိန်းကလေးအဖြစ်

နေရတာကို ကျေနပ်တယ်။

မောင့်လက်ဖ၀ါးမို့ကို မြတ်မြတ်နိုးနိုးကြည့်လို့

ခြေဖ၀ါးပြည့်တွေကို ယုံကြည်ခိုးကြည့်လို့

ရင်ခုန်သံ (အနုပညာ)များစွာ ကျမ ဖန်တီးပိုင်ဆိုင်တယ်၊

အချိန်များဟာ ချိုမြလို့။

ကဲ
ဘယ်လိုအခြေအနေမျိုးမှ မလိုအပ်တော့ပါဘူး မောင်ရာ နော်
မောင် ကျမကို ချစ်တယ်လို့ ပြောတော့မှာကို

ကျမ ယုံကြည်သိနေတယ်။

ဒီတော့ မောင်က
ချစ်တယ်လို့ ဖွင့်ဆိုဖို့အချိန်ကို စောင့်လို့။
ကျမကလည်း
မောင့်ကို ရင်ခုန်ခေါင်းညိတ်ဖို့ စောင့်လို့ပေါ့နော်။

++++

မနက်ခင်းတွေဟာ
အပျော်အိပ်မက်ရဲ့ အရှိန်နဲ့

မင်္ဂလာနေ့သစ်ဖြစ်တယ် ။

နေရောင်ဖြာတဲ့လမ်း
မှန်းကြည့်ရင်

ညင်သာခြေလှမ်းနဲ့

လှမ်းလာတဲ့အချစ်ကို မြင်ရမယ်။

မနက်ခင်းရဲ့

ညံ့သက်တဲ့ နေရောင်နုနဲ့အတူ

သူလေ

ကိုယ့်အချစ်များစွာ

ရယူဖို့လာတယ်

ကျမ ကဗျာတစ်ပိုဒ် ဖွဲ့လို့အရမှာ မောင်ဟာ ကျမရှိနေရာ
(တကယ်တော့)

မောင်လာနေကျ နေရာလေးဆီကို လမ်းလေ
ျှာက်လာနေတာ မြင်ရပြီ။
တချက်တချက် မျက်မှန်ကိုင်းကို ညာလက်နဲ့ပင့်တင်လို့

တခါ တခါ ဆံနွယ်ညိ
တွေကို လက်နဲ့သပ်လို့
ခိုင်မာညင်သာတဲ့ ခြေလှမ်းတွေနဲ့ လှမ်းလာနေတဲ့ မောင့်ကို

မနက်ခင်းရဲ
နေရောင်နုနဲ့အတူ လင်းလင်းပပ မြင်နေရတယ်။

မောင်သိတယ်မဟုတ်လားဟင်…..
မာန်တင်း ဣနြေ္ဒနဲ့ ဟန်မူထားပေမဲ့

ရင်ထဲမှာတော့ နူးညံ့သေ၀ပ်စွာ

မောင့်ကို ကျမ ကြိုနေတယ်ဆိုတာ။

မေငြိမ်း။
ဒဂုန်မဂ္ဂဇင်း၊ နိုဝင်ဘာလ
၊၁၉၈၉။

Dec 25, 2007

မောင့်ပုလဲသွယ်

တကယ်တော့ pinkgold ရဲ့ comment အတွက် မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ Sex worker ပြဿနာကို ပို့စ်တခု ပြန်ရေးနေတာပါ။ ရေးနေရင်းနဲ့ တချို့ ကိစ္စတွေကို မရေးရက်.. တချို့ကိစ္စတွေ မရေးချင်.. ဖြစ်နေတာကြောင့်ရော.. အလုပ်တော်တော် ရှုပ်နေတာကြောင့်ရော.. ခုထိ ရေးလက်စတန်းလန်း။ ဒီလိုနဲ့ ဘလော့တွေ လည်ရင်း.. တပြည်သူ'အိမ့်ချမ်းမြေ့'ရဲ့ 'ဆောင်းအိပ်မက်'ကို ရင်ခုန်.. နောက်တော့ စာတိုပေစ'အောင်ဖြိုး'ရဲ့ 'အချစ်နဲ့တွေ့ဆုံခြင်း' ကိုဖတ်ပြီး ကိုယ်တိုင်က အချစ်လုံးချင်းဝတ္ထုတွေရေးခဲ့တာမို့ ကိုယ်ရေးခဲ့တဲ့ ခံစားချက်လေး တွေ ပြန်သတိရသွားပါတယ်။ လူ့ဘ၀ဆိုတာထဲ အချစ်ဆိုတာကလည်း အရေးကြီးတဲ့ မောင်းနှင်အားတခုပဲ မဟုတ်လားလေ..။ (တကယ်တော့ ကောင်မလေး(နှင်းမိုးဝေ)က အချစ်ဆုံးအကြောင်း ရေးဖို့ Tag ထားသေး တာ... ရေးမယ်လို့ ကတိပေးထားပြီး ခုထိ မရေးနိုင်သေး။ ဒါပေမဲ့ ရေးဖို့ ကြိုးစား နေပါတယ်:D)။

လောလောဆယ်တော့ အချစ်ဆိုတဲ့ ခံစားမှုဟာ တခါတလေမှာ မယုံနိုင်စရာကောင်းလောက်အောင် ခိုင်ကျည်စွဲမြဲတတ်တာလေး နဲ့ လွဲချော်တတ်တာလေးတွေကို ရေးခဲ့တဲ့ အထဲက ၀တ္ထုတို ရိုးရိုးလေးတပုဒ် တင်ပေးလိုက်ပါတယ်။



မောင့် ပုလဲသွယ်

(တစ်)

သူပြန်လာတော့မယ်ဟူသော စကားတစ်ခွန်းကို သူမ ထပ်ခါထပ်ခါ ရေရွတ်နေမိသည်။ ဘယ်လောက် ချိုမြိန်လိုက်သလဲ။ အဲသည်စကားလေးကို ရေရွတ်ဖို့ ကာလအကြာကြီး သူမ စောင့်ခဲ့ရသည်။ အနှစ်နှစ်ဆယ် ကျော်ခုတော့သူပြန်လာတော့မယ်တဲ့။ ချက်ချင်းပင် သူမရှေ့မှောက်မှာ နှစ်နှစ်ဆယ်ကျော် ခြောက်သွေ့ လောင်မြိုက်နေခဲ့သော တက္ကသိုလ်၏ မြင်ကွင်းတို့ က စွတ်စိုအေးမြလာသည် ထင်၏။

ကြည့်စမ်းခုလိုတော့လည်း လွမ်းမောနွမ်းနယ်စွာ သူမ ဖြတ်ကျော်ခဲ့ရသည့် အနှစ် နှစ်ဆယ်ကျော်ဆိုတာက ဘာမှ မကြာခဲ့သလို သူမကို နုပျိုစေပြန်သည်။

သူမသည် တိတ်တခိုးနိုင်လှစွာ သူမ၏ စားပွဲအံဆွဲထဲရှိ ကြည့်မှန်ဝိုင်းလေးသေးသေးကို ထုတ်ကြည့်လိုက်တော့ မျက်နှာလေးက ပြုံးလို့။ ကြည်လို့။ အသားအရည်တို့ပင် ပိုမို လင်းလက်လာကြသယောင်။

ထိုစဉ်မှာပင်ပြုံးပြနေသောမျက်လုံးတို့၌ အရည်ကြည်တို့ဖြင့် စိုလက်လာကြ၏။ တကယ်တော့ သူမက ၀မ်းသာကြည်နူးရခြင်းတို့ကို မခံစားတတ်တော့တာ ကြာပြီ။ ခုတော့ မျက်ရည်ကြည်တို့ပင် ၀န်းလည်လာအောင် ထိခိုက်ခံစားလို့။ သို့ပေမဲ့ သူမ၏ ထိခိုက် ခံစားမှုက ကြည်နူးခြင်းသက်သက်ကိုသာ ဖြစ်သည်။ ထိုကြည်နူးခြင်း ကလည်း ရင်ခုန် စိတ်လှုပ်ရှားဖွယ်ကောင်းလှ၏။

ကြည့်စမ်း။ အချစ်၌ အသက်အရွယ်၊ အချိန်ကာလနှင့် ဘ၀အခြေအနေ စသော စိတ်ပျက်ချင်စရာ ပြဿနာတွေ ပါဝင်ဖွဲ့စည်းနေခြင်း မရှိကြောင်းကိုလည်း သူမ မျက်ဝါးထင်ထင် မြင်လိုက်ရသည်။

ထိုအခါ သူ၏ မုဆိုးဖိုဘ၀။ သူမ၏ ယင်ဖိုမျှပင် မသန်းဖူးသော အပျိုစင်ဘ၀၊ သူမနှင့်သူတို့၏ လက်ရှိရာထူး၊ အခြေအနေများတို့က သူမအတွက်တော့ မြူတစ်မှုန်စာ မျှပင် အရာမထင်ဖြစ်တော့သည်။

ထိုအခါပြန်လည်နွေးထွေးလာသော ရင်ခုန်သံထဲမှာ သူခေါ်လေ့ရှိသော မြတ်ဆိုသည့် ခေါ်သံတိုးတိုးလေး ကိုပဲ၊ မွတ်မွတ်သိပ်သိပ် ကြားယောင်လာသေးတော့သည်။

+++++

(နှစ်)

လွန်ခဲ့သောနှစ်ဆယ့်ငါးနှစ်မှာတုန်းက ခင်မြတ်မြတ် ဟူသော သူမနှင့် မောင်မောင်ဇော် ဟူသော သူတို့က အတန်းဖော်များ ဖြစ်ကြသည်။ ထိုစဉ်က သူမတို့၏ မဟာဝိဇ္ဇာတန်းများမှာ ကျောင်းသားကျောင်းသူ အားလုံး ပေါင်းပါမှ ဆယ်ယောက်မပြည်တတ်ရာ အတန်းဖော်အချင်းချင်းက တကယ့်မောင်နှမတွေလို ရင်ချာလေ့ ရှိခဲ့ ကြသည်။ အဲဒီတုန်းက အတန်းဖော်ရှစ်ယောက်မှာ ယောက်ျားလေး သုံးယောက်၊ မိန်းကလေး ငါးယောက် ဖြစ်သည်။ ထိုအထဲမှာ ခင်မြတ်မြတ်မှလွဲသော မိန်းကလေးယောက်က ယောက်ျားလေး သုံးယောက်နှင့် သိပ်ကို ခင်မင်ရင်နှီးကြ၏။

ခင်မြတ်မြတ်ကတော့ အလွန်တရာ အရှက်အကြောက်ကြီးသော အလွန်တရာလျိုဝှက်ကာ သီးသန့် နေတတ် သော၊ အလွန်တရာ စိတ်ထိခိုက်ခံစားတတ်သော၊ အလွန်တရာ အေးဆေးငြိမ်သက်သော မိန်းမငယ်လေး တစ်ယောက် ဖြစ်၏။ မောင်မောင်ဇော်ကတော့ ခင်မြတ်မြတ်နှင့် အစစအရာရာမှာ ဆန့်ကျင်သူ ဖြစ်သည်။ မောင်မောင်ဇော်က သွက်လက် ပွင့်လင်းသော၊ လူမှုဆက်ဆံရေးအရာတွင် ကျွမ်းကျင် လိမ္မာသော၊ အမြဲလို ပျော်ရွှင် ပေါ့ပါးစွာ အရာရာကို ရင်ဆိုင်တတ်သော လူငယ်ဲ ဖြစ်သည်။

အဲဒီ မောင်မောင်ဇော်နှင့် ခင်မြတ်မြတ်တို့ကို တနည်းတဖုံ ဆက်စပ်နေလိမ့်မည်ဟု ဘယ်သူကမှ တွေးမိခဲ့မှာ မဟုတ်သလို ကာယကံရှင်နှစ်ဦးကလည်း သူငယ်ချင်းအဖြစ် ထက် နည်းနည်းမှ ပို မသာခဲ့ကြပါ။ အထူးသဖြင့် မောင်မောင်ဇော်လို လူတစ်ယောက်ကို အရှက်အကြောက်ကြီးကာ အချစ်ဆိုသောခံစားချက်နှင့် ဘယ်လိုမှ ပတ်သက်ပုံမရသော ခင်မြတ်မြတ်က ချစ်ခင်စုံမက်နေဖို့ဆိုတာကတော့ သူတို့၏ ပတ်ဝန်းကျင်အတွက် ယုံတမ်းစကားလောက်ပင် အရာမထင်နိုင်ခဲ့ပါ။

သို့ပေမဲ့ အံ့သြတုန်လှုပ်ချင်စရာကောင်းလှစွာပင် ခင်မြတ်မြတ်၏ ရင်ထဲမှာ မောင်မောင်ဇော်က စွဲထင်သွား ခဲ့သည်။

+++++

အခက်အခဲပြဿနာတို့ကို ခင်မြတ်မြတ်က စိတ်ပျက် ရှောင်ဖယ် လိုတတ်သည်။ သူမက ဘ၀ကို အေးအေး သက်သာ ဖြတ်သန်းသွားလိုသူ မဟုတ်လား။ သူမတို့၏ မဟာဝိဇ္ဇာတန်းမှာ ပြုစုရသော စာတမ်းကျမ်းငယ်တို့က သူမကို အလွန် စိတ်ပင်ပန်းစေ၏။ ထိုအခက်အခဲတို့ကို မောင်မောင်ဇော်ကတော့ ဦးဆောင်ဖြေရှင်းနိုင်၏။ သွက်လက်သော မောင်မောင်ဇော်က ထိုအခက်အခဲများကို ပေါ့ပေါ့ပါးပါးပဲ ဖြေရှင်း၏။ ပြီးတော့ သူ့ထက်စာလျှင် အတန်ငယ်အေးဆေးသော ကျန်ယောက်ျားလေးနှစ်ယောက် (၀င်းလွင်နှင့် သန်းထွန်း) တို့ကိုလည်း သူကပဲ ရှေ့ဆောင်လမ်းပြတတ်ပြန်သည်။

ခင်မြတ်မြတ်ကတော့ ဗီဇက အရှက်အကြောက်ကြီးသူဖြစ်ကာ ရဲရင့်ကာ ဦးဆောင်နိုင်သည့် ယောက်ျားတို့ကို အထင်တကြီးအားကိုးလိုသော အငုံ့စိတ်ရှိသူလည်း ဖြစ်၏။ ထိုအခါမောင်မောင်ဇော်က မသိမသာဖြင့် သူမ၏သူရဲကောင်း ဖြစ်လာခဲ့သည်။ ဒါကို အစမှာတော့ သူမကိုယ်တိုင် မရိပ်မိ မသိရှိနိုင်ခဲ့။ သိသည့်အချိန် မှာတော့ ကိုယ်တိုင် အံ့သြ တုန်လှုပ်ရလောက်အောင် သူမက မောင်မောင်ဇော့်ကို ချစ်မက် စွဲလန်းနေခဲ့ပြီ ဖြစ်သည်။

+++++

ထိုနေ့က သူမတို့ မဟာဝိဇ္ဇာတန်း၏ ဆရာကန်တော့ပွဲအခမ်းအနားနေ့ ဖြစ်သည်။ သူမတို့ မိန်းကလေး ငါးယောက်က အမှတ်တရဓါတ်ပုံရိုက်ဖို့ သဘောတူထားကြသည်မို့ အလှအပတွေ ပြင်ကာဆင်ကာဖြင့် ရှိနေကြ၏။ ယောက်ျားလေးသုံးယောက်ကတော့ အခမ်းအနားကလေးအတွက် လိုအပ်သမျှ ပြင်ဆင်လို့ အလုပ်ရှုပ်နေကြသည်။ ခင်မြတ်မြတ်က အ၀ါနုရောင်ရင်ဖုံးအင်္ကျီလက်ရှည်၊ ပိုချိတ်လုံချည် အ၀ါနုရောင်တို့ဖြင့် လင်းလက်တောက်ပက သူမဘာသာပင် ရင်ခုန်နွေးနေခဲ့သေး၏။ ပြီးတော့ ကျစ်ဆံမီးရှည်ရှည်၏ အဖျားမှာ နှင်းဆီအ၀ါတစ်ပွင့်ကို ပန်ခဲ့သေးသည်။ ထိုစဉ်က သူမ၏ အလှအပကို ဘာကြောင့်မှန်မသိ မောင်မောင်ဇော် မြင်စေချင်နေခဲ့သည်။ ထိုအခါ ပုလဲပုတီးလေးတစ်ကုံးကိုပင် ဆင်ယင်လိုက်မိသေးသည်။

ထို့နောက်တော့အံ့သြစရာကောင်းလှစွာပင် သူမ မျှော်လင့်ပြင်ဆင်ခဲ့သမျှမှာ ထို ပုလဲပုတီးလေးကသာ မောင်မောင်ဇော်နှင့် ပတ်သက်၍ သူမ၏မျှော်လင့်ရခြင်းတို့ကို ပြည့်ဝစေခဲ့သည်။

မောင်မောင်ဇော်က သူမအနားမှာ

ဒီနေ့ မြတ်သိပ်လှနေတယ်။ မိန်းကလေး တော်တော် များများ ပုလဲပုတီး ဆွဲတာ မြင်ဖူးခဲ့ပေမဲ့ ကိုယ်မြင်ဖူးသမျှထဲမှာ ပုလဲပုတီးနဲ့ အလိုက်ဖက်ဆုံးဟာ မြတ်ပဲ။ မြတ်ရဲ့ဂုဏ်ကျက်သရေကို ပုလဲပုတီးလေးက ပိုပြီး တန်ဖိုးမြှင့်ပေးနေတယ်။ မြတ် ပုလဲပုတီးလေး ဆွဲ ဆွဲထားပါလား
ဟု ခပ်တိုးတိုး လာပြောစဉ်က မြတ်သည် ကြက်သီးဖြန်းဖြန်းထကာ အလွန် ရှက်ရွံနေခဲ့ပြန်သည်။ တပြိုင်တည်း မှာ ကျေနပ်၍လည်း နေပြန်သည်။

ထိုနေ့မှာ သူမ၏ သူငယ်ချင်းမများကိုလည်း မောင်မောင်ဇော်က ငါ့ညီမတွေ.. တယ်လည်း လှနေကြပါလား ဟု ပြောခဲ့တာပဲ ဖြစ်သော်လည်း သူမကို ပြောစဉ်ကလို သူ့မျက်လုံးတွေ အရောင်မလက်ခဲ့တာ သူ့လေသံတွေ ညင်သာပျော့ပျောင်း မရှိခဲ့တာ ကိုတော့ သူမသာ အသိဆုံးဖြစ်ခဲ့သည်။ ပြီးတော့ သူက မြတ်တဲ့။ တကယ်ဆို သူမကို မိတ်ဆွေအားလုံးလိုလိုက မြတ်ဟုသာ ခေါ်ခဲ့တာဖြစ်သော်လည်း သူ့ခေါ်သံလို မလှိုက်လှဲ၊ မနွေးထွေးဟု ထင်သည်။

ထိုအခါမှ ကိုယ့်ကိုယ်ကို ဆန်းစစ်ကြည့်တော့ ခင်မြတ်မြတ်၏ ရင်ထဲမှာ မောင်မောင်ဇော် ဟူသော အချစ်က နက်နက်ရှိုင်းရှိုင်း တည်ရှိနေပြီဖြစ်သည်ကို တုန်လှုပ်အံ့သြစွာ သူမ လက်ခံလိုက်ရတော့တာ ဖြစ်သည်။

+++++

အဲဒီနေ့မှစ၍ ယနေ့ထက်တိုင် သူမ၏ လည်တိုင်မှာ ပုလဲပုတီးကလေးကို စွဲစွဲမက်မက် ဆွဲထားခဲ့တာ သူ သိလိမ့်မည်။ ထိုမျှနှင့်ပင် သူမ ကျေနပ်ပါသည်။ တကယ်တော့ သူနှင့်သူမတို့ မပေါင်းဆုံခဲ့ရခြင်းကို ကံ၏ အကျိုးဆက်ပဲဟု မြင်ကာ ခင်မြတ်မြတ်က ခွင့်လွှတ်နိုင်ခဲ့ပါသည်။ သူ.. သူမအပေါ် ချစ်ရေးမဆိုခဲ့ခြင်း သူမ မဟုတ်သော မိန်းမတစ်ယောက်နှင့် လက်ထပ်လိုက်ခြင်းတို့ကို သူမနားလည်ဖို့ ကြိုးစားခဲ့သည်။

သူ့မှာ အကြောင်းတစုံတရာ ရှိလိမ့်မည်။ သူက သူမအပေါ် ဘာတစ်ခုမှ မတောင်ဆိုခဲ့။ သူ လက်ထပ်လိုက် သည့် သတင်းကို ဖတ်လိုက်ရသည့်အချိန်မှာ သူနှင့်သူမက တစ်ယောက် တစ်နေရာစီ ခွဲ၍ အလုပ်တာဝန်တွေ ထမ်းဆောင်နေရချိန်။ ခင်မြတ်မြတ်သည် မောင်မောင်ဇော့်ထံမှ ချစ်သည်ဟု ဖွင့်ဟလာမည့် စာတစ်စောင်ကို မျှော်ဆဲ…. သူ၏ လက်ထပ်ပြီးစီးခြင်းသတင်းကို ရင်ဆိုင်လိုက်ရသည်။ သူမ ဘယ်လောက် ကြေကွဲခဲ့ရသလဲ ဆိုတာကို ပြန်ပင်မတွေးရဲတော့ ။ အလွန်အရှက်ကြီးလျက် သိုသိပ်သော မိန်းကလေးသည် ကြေကွဲစွာ သွေးပျက်မှုဖြင့် ထိုအချိန်က သူမနှင့် အနေနီးစွာရှိခဲ့သော (သူ့ကိုခင်မင်သည့်) အတန်းဖေါ်သူငယ်ချင်းတို့၏ ရှေမှာ ကိုမောင်မောင်ဇော်က မြတ်ကို ပုလဲပုတီးနဲ့ သိပ်လိုက်တယ်လို့ ပြောခဲ့ဖူးတယ်ဟု အရူးတစ်ယောက်လို အသားလွတ် ဖွင့်ပြောကာ သူမ၏စိတ်ကို ဖြေလျှော့နှစ်သိမ့်မိခဲ့သေး၏။ သို့ပေမ့ သူမ၏ သည်တစ်ကြိမ်သာ တွေ့ရဖူးသော အချစ်ကို တန်ဖိုးထား နှမြေတသစွာ သူမ၏ ခံစားရမှုတို့ကို လိမ်ညာ ဖျောက်ဖျက်ပစ်ဖို့တော့ မစဉ်းစားခဲ့ပေ။

ခင်မြတ်မြတ်သည် အချိန်လွန်နှောင်းကာမှ အချစ်အတွက် သတ္တိကောင်းနေခဲ့ပြန်သည်။ ထိုအခါ မောင်မောင်ဇော်က သူမကို ချစ်လျက်နှင့် အကြောင်းတစုံတရာကြောင့် ခွဲချန်ထားခြင်းဟုသာ ယုံကြည်လျက် သူမ ရရှိလိုက်သည်ဟု ယုံကြည်သော မောင်မောင်ဇော်၏ အချစ်တို့ကို သိမ်းဆည်းသည့်အနေဖြင့် ပုလဲပုတီးလေးကို အမြဲဆွဲကာ သူထားခဲ့သော နှစ်ပေါင်းများစွာကို တိတ်ဆိတ်ကြေကွဲ ဖြတ်ကျော်လာနိုင်ခဲ့ တော့သည်။

+++++

အခုတော့ အနှစ်နှစ်ဆယ်ပင် တိုင်ခဲ့ပြီ။ မောင်မောင်ဇော်က လက်ထပ်ပြီးနောက်မှာ တောင်ကြီးမြိုကို ပြောင်းရွှေသွားခဲ့ရသည်။ နောက်တော့ ဆယ့်နှစ်နှစ်အကြာမှာ မောင်မောင်ဇော်၏ဇနီး ကွယ်လွန်ကြောင်း သတင်းကို ဖတ်လိုက်ရ၏။ ထိုအချိန်မှာတုန်ုးကလည်း သူမက သားသမီးနှစ်ယောက်နှင့် ကျန်ရစ်ခဲ့သော မောင်မောင်ဇော်၏ သောကဗျာပါဒကိုပင် အဝေးမှ လှမ်း၍ ပူပန်ခဲ့ရသေး၏။ နောက်တော့ အဲဒီရက်များမှ စကာ မျှော်လင့်တတ်ခြင်းတွေက ပြန်လည် ရှင်သန်လာတော့သည်။

အပျိုစင်တစ်ယောက်အဖြစ် သူ့လို မုဆိုးဖိုကို လက်ထပ်ယူဖို့ စဉ်းစားခြင်းဟာ သူမ နှင့် သူတို့၏ အချစ်အတွက် အကောင်းဆုံး မှတ်ကျောက်တွေပဲ မဟုတ်လား။ သည်တစ်ကြိမ်မှာတော့ သူမ ထပ်မံ မကျန်ရစ်လိုတော့။ သည်တစ်ခါ သူ သူမအနားကို ပြန်ရောက်လာလျှင်တော့ ခုချိန်ထိအောင် မြတ် ပုလဲပုတီးလေးကို ဆွဲထား တုန်းပါ ကိုဇော်ရယ်ဟု ပြောဖြစ်အောင် ပြောလိုက်မည်ဟု သူမ မျှော်လင့်တော့သည်။

+++++

မောင်မောင်ဇော်ကတော့ သူ၏ဇနီး ကွယ်လွန်ပြီး ရှစ်နှစ်ကြာသည့်တိုင် အဲဒီ တောင်ကြီးမြိုမှ သူမရှိရာ ပင်မဌာနကို ပြန်ရောက်မလာခဲ့ပေ။ ထိုရှစ်နှစ်လုံးလုံးမှာ သူမကတော့ ပုလဲသွယ်ကို ဂရုတစိုက်ဆွဲလျက် မျှော်လင့်မျက်လုံးတို့ တောက်ပ၊ မျှော်လင့် နှလုံးတို့ ပူနွေးဖြင့် ရှိဆဲ။ တစ်နေ့တော့ သူ ရောက်လာလိမ့်မည်ပေါ့။ ခုနေတော့ သူ့မှာ မပြီးပြတ်နိုင်သေးသော လူမှုကိစ္စတို့ ရှိနေလိမ့်ဦးမည်ဟူသော အတွေးတို့က သူမ၏ စိတ်အမောတို့ကို နှစ်သိမ့်ခဲ့၏။

ခုတော့ဖြင့် အဲသည်အပူကာလ ရှစ်နှစ်တာကို လွန်မြောက်ခဲ့ပြီ။ ခုတော့ ခင်မြတ်မြတ်ကို သူ ခွဲချန်ထားခဲ့ခြင်း အနှစ်နှစ်ဆယ် ပြည့်တော့မှပဲ သူက ခင်မြတ်မြတ်ရှိရာဆီကို ပြန်လာခဲ့ပြီ။ ခင်မြတ်မြတ်ရှိနေသော ပင်မဌာနမှာ အလုပ်တာဝန်ထမ်းဆောင်ဖို့ သူ ပြန်ရောက် လာခဲ့ပြီ။

ထိုအခါခုပင် သူ ပြန်ရောက်လာသလို.. “မြတ်ဟူသော ခေါ်သံတိုးတိုးကလေးကို ကြားယောင်လာတော့ သည်။

+++++

(သုံး)

ဒီနေ့မှာ ပင်မဌာနမှာ အလုပ်တာဝန် ပြန်လည် ပြောင်းရွှေထမ်းဆောင်မည့် ဦးမောင်မောင်ဇော်ကို ကြိုဆိုသော အခမ်းအနားကလေးကို ကျင်းပမတဲ့။ မနက်ခင်းကတည်းကပင် ခင်မြတ်မြတ်က မြီးကောင်ပေါက် မလေးလို စိတ်လှုပ်ရှားနေခဲ့သည်။ ထိုအချိန်မှာပဲ သူ တကယ်ရောက်လာခဲ့ပြီ။ ခင်မြတ်မြတ်သည် ရင်ခုန် စိတ်လှုပ်ရှားစွာဖြင့် သူ့ကို မမှိတ်မသုန် ငေးနေမိခဲ့သည်။ သူက အနည်းငယ် ၀လာသည်ကလွဲ၍ သိပ်အသက်ကြီးပုံ မပေါက်သေး။ ခုဆို သူ လေးဆယ့်ရှစ်နှစ် ရှိရောပေါ့။ သူက ဆံပင်လည်း မဖြူသေး။ သူနှင့် သူမတို့အတွက် အရွယ်မလွန်ကြလောက်သေးဘူး ထင်ပါသည်။ သူ မြတ်ကို တွေ့ရမယ်နော်။ သူက အခန်းထဲကို လျှောက်ဝင်လာစဉ် မြင်နိုင် သမျှသော မိတ်ဆွေတို့ကို ပြုံးရယ်နှုတ်ဆက်လာ၏။ ဟော မြတ်ရှေကို ရောက်လာပါပြီ။ ဟော.. သူ့မျက်လုံးတွေက သိသိသာသာ ရွှန်းမြသွားကြ၏။

ဟာ မြတ်က ဒီမှာပဲ ရှိနေတာကိုး

ကြည့်စမ်း မြတ်တဲ့။ သူ့ခေါ်သံက အရင်ကလို နွေးထွေးဆဲ။

ဟာ.. ကြည့်စမ်း သန်းထွန်းနဲ့ မူမူလည်း ရှိနေတယ်ကိုယ်တော့ သိပ် စိတ်ချမ်းသာ သွားပြီ။ ကိုယ်တို့ ဆိမ်းဘက်ခ်ျတွေ ပြန်ဆုံရတာ ပျော်စရာပဲ

သူက အတူရှိနေတဲ့ သူငယ်ချင်နှစ်ယောက်ကိုလည်း တလှိုက်တလှဲ နှုတ်ဆက်၏။ သူမကတော့ ပြုံးရယ် ရွှင်ပျမှုထဲမှာ ကျေနပ်နှစ်သိမ့်လျက်ရှိဆဲမှပင် သူမ၏လည်တိုင်မှ ပုလဲပုတီးလေးကို သူဂရုတစိုက် ကြည့်မသွား တာကို စိတ်ထိခိုက်နေမိပြန်သည်။ အို လူတွေရှေမှာ အာရုံများပြီး မေ့လျော့နေတာဖြစ်မှာပေါ့။ သူမက သူ့ကို ခွင့်လွှတ်နိုင်ဆဲ ရှိပြန်သည်။ နောက်မှ.. ဒီအခန်းအနားလေးပြီးမှ.. သူ့ကို သူ့အတွက် ပေးထားတဲ့ရုံးခန်းမှာ သွားပြီး နှုတ်ဆက်ရမယ်.. ဟု တွေးကာလည်း သူမတစ်ဦးတည်း သီးသန့်ကြိုဆိုရမည့်အတွက် ကျေနပ်နေမိပြန် သည်။

+++++

(လေး)

သူ့အတွက် နေရာချထားပေးသော ရုံးခန်းကလေးက သူမ၏ ရုံးခန်းကလေးမှ နှစ်ခန်းကျော်မှာ ဖြစ်သည်။ မွန်းလွဲစပြုပြီမို့ ၀န်ထမ်းအားလုံး ကိုယ့်အလုပ်နှင့်ကိုယ် ပုံမှန် ပြန်လည် လည်ပတ်နေခဲ့ပြီ။ သူ့ကို ကြိုဆို နှုတ်ဆက်ခြင်းများလည်း ပါးသွားလောက်ပြီ။ သူမသည် ကြည့်မှန်ဝိုင်းထဲမှာ မျက်နှာကို ပြန်လည် မွမ်းမံ လိုက်သည်။ အံ့သြစရာကောင်းလှစွာပင် ခင်မြတ်မြတ်က လွန်ခဲ့သောနှစ်ဆယ့်ငါးနှစ်ကနှင့် ဘာမှ မဆိုင် လောက်အောင် အချစ်၌ အတွေ့အကြုံ၌ ရဲရင့်နေခဲ့သူဖြစ်နေခဲ့ပြီကို ကိုယ့်ဘာသာ ရှာဖွေ တွေ့ရှိလိုက်သည်။

+++++

သူ့ အခန်းနားအရောက်မှာ စကားသံတိုးတိုးကို ကြားနေရသည်။ မသင့်တော်သော်လည်း မကြားရကြာပြီ ဖြစ်သော သူ့စကားသံတို့ကို သူမ မွတ်သိပ်စွာ နားထောင်ချင်လာသည်။ သူ့စကားသံက ခပ်တိုးတိုး။ သို့ပေမဲ့ တိတ်ဆိတ်သော ပတ်ဝန်းကျင်မို့ နားစိုက်ထောင်တော့ အလွယ်တကူ ကြားရ၏။

သူ့ကို ထားခဲ့ပြီး ငါပြန်မလာရက်လို့ တော်တော်နဲ့ ပြန်ပြောင်းခွင့် မတင်ခဲ့တာ၊ ခုကျတော့ သားနဲ့သမီးရဲ့ ကျောင်းကိစ္စ၊ အလုပ်ကိစ္စတွေက ဒီမှာမှ ပို အဆင်ပြေမှာမို့ ပြောင်းခဲ့ရတာ

သူမ၏ သွေးလှည့်ပတ်နှုန်းတို့ မြန်လာ၏။ သူ့စကား၏ အဓိပ္ပာယ်အဆက်အစပ်ကို နားမလည်သော်လည်း ခင်မြတ်မြတ်၏ ဣနြေ္ဒသိက္ခာကို ငဲ့ညှာကာ ပြန်မလာရက်ခဲ့သလား ဟု တွေးယူရင်း စိတ်လှုပ်ရှားလာခဲ့သည်။ သူမ ငြိမ်သက်စွာ ရပ်နေမိဆဲ….

မင်းစဉ်းစားကြည့်စမ်းပါကွာ၊ ချစ်သူဘ၀မှာလည်း ငါက ဒီမှာ ကျောင်းလာတက်ရလို့ ရှင်ကွဲ ခွဲနေခဲ့ရတယ်။ လက်ထပ်ပြီးတော့လည်း ဆယ့်နှစ်နှစ်ပဲ ပေါင်းပြီး သေကွဲ ကွဲခဲ့ရတယ်

သူက ခပ်တိုးတိုး ဆက်ပြောသော စကားတို့ကို ကြားလိုက်ရစဉ်မှာတော့ သူမသည် အရာရာကို နားလည်စွာ ရှက်ရွံတုန်လှုပ်လျက် ရုတ်တရက် သတိလက်လွတ်နိုင်စွာ သူ့အခန်းရှေမှ ဖြတ်လျှောက်မိလိုက်တော့သည်။

ဟော…. မြတ်

နှုတ်ဆက်သံက သူမကို ရုတ်တရက် လှည့်ကြည့်မိစေ၏။ အခန်ထဲမှာ သူနှင့်အတူ ကိုသန်းထွန်း ရှိနေ၏။ သူမက သွေးပျက်စွာ သူမျက်နှာကို ငေးကြောင်ကြည့်နေစဉ်မှာပဲ သူမ ကယောင်ကတမ်းဆန်စွာ သူတို့ရှေမှ ထွက်ပြေးခဲ့မိတော့သည်။ သို့ပေမဲ့ ရုပ်ခန္ဓာအားဖြင်ထွက်ပြေးခဲ့သော သူမ၏စိတ်အာရုံတို့ကတော့ဖြင့် မောင်မောင်ဇော်၏ မျက်ရည်တို့ဖြင့် စိုစွတ်သော မျက်လုံးတွေထဲမှာ နစ်ပ်ရင်း မချိမဆံ့ ညည်းတွားကာ ကျန်ရစ်ခဲ့ပြီ ဖြစ်သည်။

+++++

တကယ်တော့ မောင်မောင်ဇော်က သူ၏ ဇနီးသည်ကို တကယ် ချစ်ခင်စုံမက်ခဲ့သည်ပဲ။ ဒါဖြင့် သူမကိုရော။ သို့ပေမဲ့ ဇနီးသည်ကွယ်လွန်ပြီး ရှစ်နှစ်တိုင်အောင် ငိုကြွေးလွမ်းဆွတ်ဆဲ မုဆိုးဖိုတစ်ယောက်ကို လက်ထပ်ယူ ရမည့် မိန်းမတစ်ယောက်က ထိုသူ၏ ရင်ထဲမှ ပကတိအချစ်ကို ပိုင်ရဖို့ဆိုတာ ဘယ်လောက် အားငယ်စရာ ကောင်းလိုက်တဲ့ မျော်လင့်ချက်လဲနော်။ ဒါဖြင့် မောင်မောင်ဇော်က သူ၏ဇနီးသည်ကို မေ့ပျောက်ကာ သူမကိုသာ စွဲလန်းစုံမက်ဖို့ နောက်ထပ် ဘယ်လောက်ကြာအောင် သူမက စောင့်ရမှာလဲ။ ပြီးတော့ သူမကရော စောင့်နေရဦးမှာလား။ သူမကတော့ လှောင်ပြောင် ရယ်မောသံသဲ့သဲ့ကိုပဲ ကြားယောင်နေမိပြန်သေးသည်။ ထိုအခါ သူမက စောင့်ဆိုင်းခြင်းဟူသော စကားကိုပဲ နာကျည်းမုန်းတီးလာကာ လည်တိုင်မှ ပုတီးလေးကို အားကိုးတကြီးနိုင်စွာ ပွတ်သပ်ရင်း ရှိုက်ကြီးတငင် ငိုကြွေးလိုက်မိတော့သည်။

+++++

(ငါး)

ရုတ်တရက် အခန်းက တိတ်ဆိတ်သွားသည်။ မောင်မောင်ဇော်က သန်ထွန်းကို နားမလည်နိုင်သလို ကြည့်လိုက်သည်။ သန်းထွန်းက မြတ်ပြေးသွားရာနောက်ကိုကြည့်ပြီးမှ မောင်မောင်ဇော့်ကို ပြန်လှည့်ကြည့်ကာ

မင်းတခါက ပုလဲပုတီးနဲ့သိပ်လိုက်တာပဲလို့ မြတ်ကို ပြောခဲ့ဖူးလား။ ပြီးတော့ အဲဒီ ပုလဲပုတီးလေးကို အမြဲဆွဲထားပါလားလို့ရောပေါ့ ဟု ခပ်တိုးတိုး ပြော၏။ မောင်မောင်ဇော်က ရုတ်တရက် မျက်မှောင်ကျုံကာ တွေဝေသွား၏။ ခဏအကြာမှ….

ငါသေချာတော့ မမှတ်မိတောဘူးကွ၊ ပြောရင်လည်း ပြောမိမှာပေါ့၊ လူတွေကို စိတ်ကျေနပ်အောင် appreciate လုပ်တတ်တဲ့အကျင့် ငါ့မှာရှိတာ မင်းသိသားပဲ၊ အဲဒါ ဘာဖြစ်လို့လဲ

သန်းထွန်းက သူ့ကို ခပ်ငေးငေးကြည့်ကာ ငိုင်တွေသွားပြန်သည်။ ခဏကြာတော့မှ သက်ပြင်းတချက်ချလိုက်ပြီး ခေါင်းကို တညှိတ်ညှိတ်လုပ်၏။ မောင်မောင်ဇော်က နားမလည်နိုင်စွာ ကြည့်နေတော့မှ သန်းထွန်းက တစုံတရာကို မျိုချလိုက်ရသောဟန်ဖြင့်

အင်းဘာမှ မဟုတ်ပါဘူး၊ ငါ့ဘာသာ စိတ်ကူးပေါက်သွားလို့
ဟု ပလုံးပထွေး ပြောလိုက်သည်။ သန်းထွန်း၏ စကားသံကပင် မောပန်းနွမ်းနယ်နေသလိုလို။

+++++

မေငြိမ်း
(၁၉
၉၃၊ သြဂုတ်လထုတ်) ကလျာမဂ္ဂဇင်း

Dec 20, 2007

ရန်ကုန်ထောင်

ဘာလိုလိုနဲ့ ရွှေဝါရောင်တော်လှန်ရေး သုံးလတိုင်သွားပါပြီ။ မတရားစစ်အစိုးရကတော့ ပခုက္ကူကိစ္စက မဟုတ်ပါဘူးလို့ တွင်တွင်အော်နေဆဲပါ။ ပခုက္ကူကိစ္စကလည်း စစ်အစိုးရရဲ့ ရက်ရက်စက်စက် ရှာဖွေ နှိမ်နင်း ဖျက်ဆီးမှုကြောင့် အစတောင်မထွက်နိုင်ဖြစ်နေရတဲ့ အချိန်။ ရန်ကုန်က သိန်းချီတဲ့ဆန္ဒပြလမ်းလျှောက်ခဲ့ကြတဲ့ သံဃာတော်တွေက အတုအယောင်တွေတဲ့။ လူထုကြီးကလည်း ပြည်ပသွေးထိုးတဲ့နောက်ပါခဲ့သူတွေတဲ့။ တကယ်တော့ ပြည်သူလူထုဘက်ကသာ လူ့အခွင့်အရေးအရ ပြောရေးဆိုခွင့်ရှိခဲ့ရင် စစ်အစိုးရကို ပြန်ချေပစရာ အချက်အလက်တွေက အခိုင်အလုံရှိနေတာပါ။ စစ်အစိုးရသာ သတ္တိရှိရှိ မျက်နှာချင်းဆိုင် စကားပြောရဲမယ် ဆိုရင်ပေါ့။

ဥပမာ- စစ်အစိုးရက ပခုက္ကူကိစ္စက အမှန်မဟုတ်၊ လမ်းလျှောက်မေတ္တာပို့တဲ့ သံဃာတွေက အတုတွေမို့ ပတ္တနိက္ကုဇ္ဇနကံမမြောက်လို့ တောင်းပန်စရာမလိုဘူးလို့ ပြောပါတယ်။ ဒါဆို သူတို့ ၂၇ရက်နေ့နောက်ပိုင်းမှာ ဂျီတီစီကျောင်းဝင်းထဲကို ဖမ်းခေါ်ပြီး နှိပ်စက်မေးမြန်းပြီးမှ လမ်းလျှောက်ပွဲနဲ့ မပတ်သက်တဲ့ သံဃာအစစ်တွေမို့ ပြန်လွှတ်တယ်လို့ တရားဝင် ပြောခဲ့တာရှိပါတယ်။ ဆိုတော့ အဲဒီသံဃာတွေကို နှိပ်စက်တာကရော ပတ္တနိက္ကုဇ္ဇနကံဆောင်ဖို့ မလုံလောက်သေးဘူးလား။ ဒါကြောင့် သံဃာတော်တွေရဲ့ ကံဆောင်မှုကို သူတို့ တောင်းပန်ဖြေရှင်းရမှာကို ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ မတောင်းပန်မချင်း သပိတ်လှန်လို့ မရပါဘူး။ ဒီပွဲကြီးက မပြီးပါဘူး။ ဒါဟာ ရင်ဆိုင်ဖြေရှင်းမှကို ပြီးမှာဖြစ်ပါတယ်။

ကျမက ရန်ကုန်မှာ မွေး.. ရန်ကုန်မှာ ကြီးတာပါ၊ ကျမသိတဲ့ ရန်ကုန်ဆိုတာ အင်မတန် စည်ကားသိုက်မြိုက်တဲ့ မြို့ကြီးပါ။ စည်ကားလွန်း ရှုပ်ထွေးလွန်းလို့ ကျမဆို စိတ်တောင် ရှုပ်တာပါ။ ဒါကြောင့် ကျမရဲ့ ၀န်ထမ်းဘ၀ အနှစ်၂၀နီးပါးမှာ ၁၀နှစ်နီးပါးကို နယ်မြို့တွေမှာ အချိန်ကုန်ပစ်တာပါ။ ဒါပေမဲ့ အများစုကတော့ ရန်ကုန်မှာ ပျော်ကြပါတယ်။ အနှစ်၅၀ လုံးလုံး မြန်မာတနိုင်ငံလုံး ချောင်ထိုးထားခံခဲ့ရတဲ့ အခြေအနေမှာက ရန်ကုနှ်မှာမှ ဘ၀ရဲ့ တက်လမ်းတွေ ရှိတာမျိုးလည်း ဖြစ်နေတာကိုး။ ဒါပေမဲ့ ခုချိန်မှာတော့ မြန်မာတနိုင်ငံလုံးမှာ လူနဲ့သူနဲ့တူအောင် (မီးမှန် ရေမှန်)နေရတာဆိုလို့ ကျပ်ပြေးတနေရာပဲ ရှိတော့တယ်လို့ ဆိုရမှာပါ။ ဒါပေမဲ့ အဲဒီနေရာကလည်း သာမန်လူထုတွေ ၀န်ထမ်းတွေအတွက်ကတော့ ကျပ်ပြေးဟာလည်း ထောင်ကြီးတခုပါပဲ။ ဒီတော့ အန်တီဒေါ်အောင်ဆန်းစုကြည်စကားနဲ့ ပြောရရင် မြန်မာတနိုင်လုံးကကို ထောင်ကြီးပါပဲ။


စစ်အစိုးရဟာ လက်နက်မဲ့လူထုရဲ့ စိတ်အင်အားကို အကြောက်လွန်ပြီး တနိုင်ငံလုံးကို သူတို့ရဲ့ ‘သခင်အားရ ကျွန်ပါးဝ လက်ပါးစေ’တွေနဲ့ စောင့်ကြည့်နေရတာပါ။ နအဖခမျာ ကြောက်လိုက်ပုံများ နေရာအနှံ့မှာ အစောင့်တွေချ။ ပြည်သူလူထုကို ခြိမ်းခြောက်တာက လွဲလို့ သူတို့လုပ်နိုင်တာ ဘာမှ မရှိတော့လေတော့ ရှက်စရာကောင်းမှန်း လည်း မသိတော့ဘဲ မဟုတ်တမ်းတရား ဆိုင်းဘုတ်တွေ ထူ..။

တကယ့်လူဆိုးသူခိုးတွေကို အချင်းချင်းစောင့်ရှောက်တဲ့စိတ်နဲ့ လွှတ်ပေး။ ရှစ်လေးလုံးမှာ ပတ်သက်ခဲ့သူ မှန်သမျှ အသက်၄၀တမ်းဆိုရင် ၈၈မျိုးဆက်ဆိုပြီး မြင်မြင်သမျှ လိုက်ဖမ်း။

ကျမ ခံစားချက်အရဆိုရင် ရန်ကုန်ကတော့ ခုဆို ရဲဘက်စခန်းနဲ့တောင် တူနေပါပြီ။ တင်းကျပ်တဲ့ အစောင့်အကြပ် တွေနဲ့.. ပြင်းထန်တဲ့ အလုပ် လုပ်ရတာတွေနဲ့ .. အနှိပ်စက်အမျိုးမျိုး ခံရတာတွေနဲ့.. မတရားတဲ့ အမိန့်အာဏာတွေကို အချိန်တိုင်းမှာ နာခံနေရတာနဲ့… ပြီးတော့ ခြောက်သယောင်းနေတဲ့ ပတ်ဝန်းကျင်နဲ့။ ပြီးတော့ ဆုံးရှုံးနေတဲ့ လူ့အခွင့်အရေးတွေနဲ့။ အဲသလို အခြေအနေမျိုးက ခဏပဲလို့တော့ မထင်ကြပါနဲ့။ ၁၉၆၂နောက်ပိုင်း.. ၁၉၈၈နောက်ပိုင်း.. တောက်လျှောက် နေခဲ့ကြရတာပါ။ လူထုအားကို သူတို့ ကြောက်လေ..တဖြည်းဖြည်းနဲ့ ပိုဆိုးလာလေသာ ရှိပါမယ်။

ဒီတော့.. ကျမ စဉ်းစားနေတာ… ကျမတို့ လူထု ဘယ်လောက်ကြာကြာ.. အဲလို ဆက်နေမလဲ..။ ပညာသုဉ်း၊ သာသနာသုဉ်း၊ တရားဥပဒေသုဉ်း၊ မေတ္တာတရားသုဉ်းပြီး မကောင်းမှုတွေသာ ရှင်သန်တန်ခိုးကြီးနေတဲ့ ခေတ်ကြီးကို ဘယ်လောက်ကြာကြာ လက်ခံ ထားမှာလဲ..။ ပိုဆိုးတာက နောက်ထပ် လူထုရဲ့ သဘောထားကို သေသေချာချာ မပြသရွေ့တော့ ပြောင်လိမ်ပြောင်စား စစ်ဗိုများက တိုင်းပြည်က လူအများစုဟာ သူတို့ အုပ်ချုပ်တာကို ကျေကျေနပ်နပ်ခံနေတာပါလို့ ကမ္ဘာကို ပြောခွင့်သာနေဦးမှာပါ။ တောင်းဆို ဆန္ဒပြတာက ပြည်ပက သွေးထိုးပေးလို့ ပိုက်ဆံရလို့ လုပ်ကြတဲ့ လူနည်းစုလေးပါလို့ ပြောခွင့်ရနေဦးမှာပါပဲ။ ဒါ့ထက် ပိုဆိုးတာကတော့ ခုချိန်ထိ ပြေးလွှားရှောင်ပုန်းနေရတဲ့ လူထုရှေ့ဆောင်လှုပ်ရှားသူတွေ.. အကြိမ်ကြိမ် အဖမ်းဆီးခံနေရတဲ့ ၈၈မျိုးဆက်တွေ..။ ကျမတို့ တိုက်ပွဲ မပြီးသမျှတော့ သူတို့ဘ၀တွေက ပေးဆပ်သထက် ပေးဆပ်.. နစ်နာသထက် နစ်နာ…။ ကျမတို့ ဘာလုပ်ကြမလဲ..ဟင်။

ကျမ မြင်ယောင်နေပါတယ်။ နောင် သိပ်မကြာခင်ကာလမှာ ဗမာပြည်သားဆိုရင်… မျက်လုံးတွေ ကျီးကြည့် ကြောင်ကြည့်နဲ့..၊ အရာရာကို အမြဲ ကြောက်လန့်၊ စဉ်းစားနိုင်ရည်တွေလည်း မရှိကြတော့လို့မို့ အောက်ခြေ အလုပ်တွေသာ ပင်ပန်းဆင်းရဲစွာ လုပ်နေကြရမှာ..။ အဲဒီလူထုရဲ့ အထက်မှာတော့ ဥပဓိရုပ်တွေက ဘီလူးပုံ ပေါက်နေပြီး လူစိတ်လည်း ကင်းမဲ့နေတဲ့ စစ်ဗိုတွေက ခါးမှာ သေနတ်ကို ထိုးလို့ ဟိုး ရောမခေတ်က ကျွန်ပိုင်ရှင်တွေလို မြိန့်ုမြိန့်ကြီး ပြုံးနေတာ တွေ့ရလိမ့်မယ်။ ဘုန်းကြီးကျောင်းတွေမှာလည်း တစပြင်တွေလို တိတ်ဆိတ်ပြီး အာဏာပိုင်တွေလွှတ်ထားတဲ့ ခါတော်မီ သင်္ကန်းခြုံတွေက တလွှားလွှားနဲ့ ထောက်လှမ်းရေး တာဝန်တွေ ထမ်းဆောင်နေလိမ့်မယ်။ ဘုန်းတော်ကြီးတွေကတော့ အကျယ်ချုပ်ခံဘ၀မှာ ညှိုးချုံးတဲ့ စိတ်နှလုံးနဲ့ မသက်မသာနေရပေလိမ့်မယ်။

လူငယ်တွေကတော့ စိတ်ကျပြီး အနီးဆုံး ထိုင်းနိုင်ငံလောက်ကို ထွက်လာပြီး ကျွန်ခံကြရမှာပါပဲ။ သမီး မိန်းကလေးတွေကတော့ အရောင်းစာရေးမတွေ စားပွဲထိုးတွေ လုပ်ရင်လုပ်။ တချို့ကိုတော့ စစ်အစိုးရနဲ့ လက်ပါးစေတွေက အမိန့်ပေးပြီး ဖျော်ဖြေရေးအလုပ်သမအနေနဲ့ အသုံးချကြပါလိမ့်မယ်။ ဒါ့ထက် ကံဆိုးရင် တော့ အဲဒီသမီးကို အဖေတွေကိုယ်တိုင်ကတောင် ခမ်းဆောင်နီဝအရောက် လိုက်ပို့ရတဲ့ ဘ၀ကို ရောက်လာ ပေလိမ့်မယ်။

သေချာတာကတော့ ဒီစစ်အစိုးရသာ ဆက်အုပ်ချုပ်သွားမယ်ဆိုရင် နောက် သိပ်မကြာခင် ကာလမှာ ရဲရင့်တော်လှန်သူတွေက ထောင်ထဲမှာ..။ ကျန်တဲ့ မြန်မာနိုင်ငံသားဆိုတာကတော့ မတရားအစိုးရနဲ့ ပေါင်းနေတဲ့ ၀ိသမလောဘသားလူတန်းစားရယ်..၊ မတရားတာမှန်သမျှကို ငုံ့ခံတတ်တဲ့ ပညာတတ်လူတန်းစား ၀န်ထမ်းတွေရယ်နဲ့၊ အခြေခံအလုပ်ကြမ်းသမားလူတန်းစားတွေနဲ့.. လိင်အလုပ်သမားလူတန်းစားတွေသာ ကျန်ပေတော့မယ်။ ဒါတွေမှ မဟုတ်ရင်တော့ မြန်မာဆိုတာ ကမ္ဘာကို လှမ်းမျှော်ကြည့်ရကောင်းမှန်းတောင် မသိတဲ့..၊ လူတယောက်အနေနဲ့ ကိုယ်ရသင့်တဲ့ အခွင့်အရေးက ဘာလဲဆိုတာတောင် မသိတဲ့၊ ခပ်တုံးတုံး လူမျိုးတမျိုးလို့ ကမ္ဘာက သတ်မှတ်တာကို ခံရတော့မှာ အသေအချာပါပဲ။ အဲဒီအခါ နိုင်ငံနဲ့ လူထု လွတ်မြောက်ရေးအတွက် ခေတ်အဆက်ဆက် အသက်စွန့် ကိုယ်ကျိုးစွန့်ခဲ့တဲ့ အာဇာနည်သူရဲကောင်း တွေကို အားနာဖို့ ကောင်းလှတယ်လို့ ထင်တာပါပဲ။

မေငြိမ်း(၂၀၊ဒီဇင်ဘာ)

Dec 14, 2007

ခင်နန်းငယ်၏မေမေ

ကျမဘ၀မှာ လူမှုလောကနဲ့ ထိပ်တိုက်တွေ့ရတဲ့ ပြဿနာတွေ မကြာခဏ ကြုံခဲ့ရပါတယ်။ ၁၉၈၈မှာ အိမ်ထောင်သည်ဖြစ်နေတဲ့ ကျမက ရှစ်လေးလုံးအရေးတော်ပုံကြီးဖြစ်လို့ ကျောင်းရက်ရှည်တွေ ပိတ်တော့ စိတ်ကျ လေလွင့်ခံစားရတာကို အံတုရင်း စာရေးဆရာ ဖြစ်လာပါတယ်။ ဒီလိုနဲ့ ၁၉၉၀ကျတော့ အိမ်ထောင်သက် ၃နှစ် ကျော်ပြီမို့.. ကျောင်းတွေကလည်း ပြန်မဖွင့်သေးချိန်..။ အဲဒီနှစ်တွေမှာ ရန်ကုန်မှာ ခေတ်ကို မကျေနပ်မှု ကြောင့်ရော.. တိုင်းပြည်ရဲ့ အထွေထွေ အကျပ်အတည်း တွေကြောင့်ရော.. လူငယ်တွေထဲမှာ စိတ်လေတာ၊ စိတ်ကျတာတွေကို သိသိသာသာ ခံစားလာနေကြရပါတယ်။ အဲဒီအချိန်မှာပဲ အခြေအနေ အကြောင်းကြောင်း တွေကြောင့် ကျမတို့ အိမ်ထောင်ရေးမှာလည်း ကလေးယူဖို့ စဉ်းစား လာကြရပါတယ်။ တကယ်တော့ အဲဒီတုန်းက ကျမနဲ့ အိမ်ထောင်ဘက်နဲ့က ကလေးမယူချင်ပါဘူး။ သူက အစွန်းရောက် အနုပညာသမား၊ ကျမကလည်း စိတ်ခံစားမှုနောက်လိုက်သူ။ ဆိုတော့.. ကျမတို့ နှစ်ယောက်စလုံးက လွတ်လပ်ချင်တာ။ ကျမတို့က ဆာ့တ်(Jean-Paul Sartre) နဲ့ ဒီဗူးဗွား(Simone de Beauvoir) ကို အားကျခဲ့တာ … :D။ 'ဘယ်လို အနှောင်အဖွဲ့မှ မရှိသော.. လွတ်လပ်သော... စစ်မှန်တဲ့ မေတ္တာဖြင့် အတူနေထိုင်ခြင်း' ဆိုပါတော့။

ဒါပေမဲ့ တကယ်တမ်းကျတော့ ကိုယ့်လူ့ဘောင်ရဲ့ ထုံးတမ်းစဉ်လာအရ ကန့်သတ် သတ်မှတ်ချက်တွေကို ကျော်လွန်ဖို့ မလွယ်ခဲ့ပါဘူး။ ကျမကိုယ်တိုင် အိမ်ထောင်တခုတည်မြဲရေးအတွက် သားသမီး ယူသင့်တယ် ဆိုတာမျိုးကို လက်ခံခဲ့မိရာက ကလေးယူခဲ့တာပါပဲ။ အဲဒီရက်တွေမှာ ကျမ စိတ်ထဲ လွတ်လပ်လိုစိတ်နဲ့ မိခင်ဖြစ်ရမယ် ဆိုတဲ့ စိတ်တွေ လွန်ဆွဲပြီး စာတွေတော်တော် ရေးဖြစ်ပါတယ်။ (အဲဒီထဲမှာ ‘အမေတယောက်ရဲ့ ကဗျာ’ ဆိုရင် မိခင်မေတ္တာမရှိတဲ့ ဇာတ်လမ်းဆိုပြီး တော်တော် ဝေဖန်ခံခဲ့ရတာပါ)။

ကျမကတော့ ကလေးကို အိမ်ထောင်တည်မြဲရေးအတွက် ရည်ရွယ်ပြီး ယူတာမျိုးဟာ မှားတယ်လို့ ယူဆပါတယ်။ ကလေးဘက်က ကြည့်ရင် အသုံးချခံရတာဖြစ်တဲ့အတွက် မတရားပါဘူး။ (တကယ့်ကို ကလေးဆိုတာကို ချစ်လို့၊ ကိုယ့်မျိုးဆက်ကလေးထားချင်လို့ မွေးတာမျိုးလည်း ရှိပါတယ်)။ တကယ်တော့ ကလေးဆိုတာမျိုးက သနားစရာသိပ်ကောင်းတာပါ။ သူတို့ခမျာ မိဘဆိုတာကို ရွေးချယ်ခွင့်မရှိ။ ပုံသွင်းခွင့်မရှိ။ မိဘတွေကသာ ကိုယ်မွေးထားတဲ့ကလေးကို ကိုယ်ပိုင်ပစ္စည်း အဖြစ် သတ်မှတ်ပြီး လိုချင်တဲ့ ပုံစံ သွင်းယူတာတို့၊ အမိန့်ပေးတာတို့၊ နှိပ်စက်တာတို့ လုပ်ခွင့်ရ နေကြတာပါ။ (ကျမကိုယ်တိုင် မွေးထားတဲ့ ကလေးကို အိမ်ထောင်ကျိုးဒဏ်ကြောင့် အနိုင်ကျင့်သလို အများကြီး လုပ်ခဲ့ဖူးသေးတာပါ)။ တကယ်တော့ ဒါဟာ 'မိဘ'ဆိုတဲ့ အတ္တကြောင့်ပါပဲ။ ကျမကတော့ အများအားဖြင့် သားသမီးအပေါ်ထားတဲ့ မိဘမေတ္တာ ဆိုတာထဲမှာ အတ္တက ပုံစံအမျိုးမျိုးနဲ့ ပါနေတယ်လို့ ထင်ပါတယ်။ အဲဒါကိုပြောချင်လို့ သားဦး ကိုယ်ဝန် ဆောင်ကာလမှာပဲ ကျမ ၀တ္ထုတပုဒ် ရေးဖူးပါတယ်။ အဲဒီဝတ္ထုလေး ခု တင်ပေးလိုက်ပါတယ်။

အဓိကကတော့ ကိုယ့်ကြောင့် လူဖြစ်လာရတဲ့ကလေးကို အမေဆိုတဲ့ အတ္တကို သုံးပြီး ဘယ်လောက် ဗိုလ်ကျမိတတ်ကြသလဲဆိုတာကို ပြောပြချင်တာပါပဲ။

(ဒီတလော အီမေလ်ကနေ အိမ်ထောင်ရေးပြဿနာတွေအကြောင်းရေးတဲ့ ၀တ္ထုတွေ ဖတ်ချင်ပါတယ်လို့ ပြောလာတဲ့သူတွေအတွက်လည်း ရည်ရွယ်ပါတယ်)

ခင်နန်းငယ်၏ မေမေ

(ဒီနေရာက ပုံ)

(၁)

ပြီးခဲ့သောနှစ်နှစ်က သမင်ပျိုမတစ်ကောင်လို ရှက်ရွံပျိုမျစ်ဟန် အပြည့်ရှိခဲ့သည့် သမီးကလေးက ခုတော့ မြိုင့်ရှေမှာ ခြင်္သေ့ပျို တစ်ကောင်လို မာန်ထည် ၀င့်ကြွားနေသည်။ သမီးမျက်လုံးတွေက စူးရဲစွာ တဖျတ်ဖျတ် တောက်လက်လို့။ နှုတ်ခမ်းကို တင်းနေအောင်စေ့ပိတ် ထားရင်း မြိုင့်စကားတွေ နားထောင်နေသော သမီးက တိုက်ပွဲဝင်သူရဲကောင်း၏ ဟန်ပန်မျိုးနှင့်လည်း ရဲပ နေပြန်သည်။

မေမေပြောတာသမီး လက်ခံတယ်မဟုတ်လား

သမီးက တချက်တော့ ငေးသွားသည်။ ပြီးတော့မှ

ရပါတယ်မေမေ၊ သမီးက မေမေများ အတူနေဖို့ ခေါ်ထားချင်မလားလို့ပါ။ တကယ်လည်း မေမေပြောသလိုပဲ အိမ်ထောင်သည်ဘ၀မှာ အခြေအနေပေးရင် နှစ်ယောက်သီးသန့်နေတာကိုပဲ သဘောကျတာပါ။ ခုလည်း သူက သမီးကို ခေါ်သွားချင်တာပဲ မဟုတ်လား

သမီးက လေသံအေးနှင့် ပြောသည်။ ခဏကြာမှ

သမီးက မေမေခွဲနိုင်လိမ့်မယ်မထင်ခဲ့ဘူး။

ဟု တိုးညံ့ညံ့ ရေရွတ်သည်။ ထိုစကားသံတွင် ကြေကွဲရိပ်တချိုပါမည်လားဟု မြိုင် တွေးမကြည့် ချင်တော့ပါ။

သမီးမျက်လုံးထဲမှာတော့ မျက်ရည်ကြည်တွေက စိုလက်နေကြသည်။ သမီးက စိတ်များ ထိခိုက် နေတာလား။ မြိုင်သည် သမီးအတွက်တော့ သမီး မကြာခဏ ဖွင့်ပြောဖူးသလို အစားထိုမရနိုင်သည့်အမေ ဖြစ်ခဲ့တာ မဟုတ်လား။ ခုလည်း မိခင်ကို ချစ်သည့်သမီး ပီသစွာ သမီးကတော့ မေမေ့ခမျာ ငါ စိတ်မကောင်း ဖြစ်မှာစိုးလို့သာ အလွယ်တကူလိုက်လျောရတာပဲ ဟု တွေးကာ ၀မ်းနည်းနေခြင်းမျိုး ဖြစ်နိုင်သည်။

သို့ဆိုလျှင်တော၊့ မြိုင်ကပဲ စိတ်မကောင်းဖြစ်စွာ သမီးကို အားနာရပါမည်။ တကယ်တော့၊ မြိုင်သည် သမီး၏ ဘ၀ကို မပိုင်တော့သော ဆိုင်ရုံမျှသာဆိုင်သော မိန်းမတစ်ဦးဖြစ်ကြောင်း၊ ကိုယ့်ကိုယ်ကို ဆုံးဖြတ်ခဲ့ခြင်းကသာ သမီးကို ခွဲထွက်ခွင့်ပြုလွယ်သည့် မေမေ ဖြစ်ခဲ့ရခြင်းသာပင်။

ကျောခိုင်းထွက်သွားသော သမီး၏ ညာဘက်ဘေးမှာ မြိုင်အလွန်သဘောတူသည့် သမီး၏ ချစ်သူ ခင်ပွန်းလောင်း ခိုင်သန့်၏အရိပ်ကို မြင်ယောင်နေမိသည်။ သမီးက သိပ်တော်တာပဲ။ အင်မတန် နှစ်လိုဖွယ် အရည်အချင်းရှိသော (ရည်မွန်အေးချမ်းပြီး အလုပ်ကြိုးစားကာ သမီးကို သိပ်ချစ်မှန်းသိသာသည့် မျက်ဝန်းများရှိသော) ယောက်ျားတစ်ယောက်ကို ပိုင်ဆိုင်ခွင့်ရခဲ့တာ မဟုတ်လား။

ဒီနေရာမှာ သမီးက မြိုင့်ထက် ကံကောင်းခဲ့သည်မို့ပင် မြိုင်ဆက်နေမည့် တဘ၀စာလုံးမှာ စိတ်အေးချမ်းသာ ရှိနိုင်မှာ မဟုတ်လား။ ထိုသို့သော ချစ်ရသူတစ်ယောက်ကို တခါက မြိုင် လိုချင်ခဲ့ဖူးသည်လေ။ ကျေနပ် သာယာစွာ မျက်လွှာကိုဖိပိတ်စဉ်မှာ နှုတ်ခမ်းတို့မှ ပြုံးနေလျက်နှင့် မျက်ရည်နွေးတွေက စီးကျ လာသည်။ လွန်ခဲ့သောနှစ်ဆယ့်လေးနှစ်က အသက်နှစ်ဆယ်အရွယ် မြိုင်နှင့် ခုမြိုင့်ရဲ့ အသက်နှစ်ဆယ် အရွယ်သမီး ခင်နန်းငယ်တို့ကတော့ အခြေအနေချင်း သိပ် ကွာခြားသည်ပဲနော်။

(၂)

ထိုစဉ်က ခင်နန်းမြိုင် အသက်နှစ်ဆယ်ဖြစ်သည်။ ထိုနေ့တနေ့မှာ၊ ဖေဖေနှင့်မေမေရှေ့၌ မြိုင်က အလွန် ရှက်ရွံ့တုန်လှုပ်နေသည်။ ထိုနေ့ကတော့၊ မြိုင်၏ခင်ပွန်းဖြစ်လာမည့် သမီးဖေဖေ ကိုဇော်က မြိုင့်ကို လူကြီးစုံရာနှင့် လာရောက်တောင်းရမ်းသောနေ့ပဲ ဖြစ်သည်။ ပြီးတော့ဖြင့် ခင်နန်းမြိုင် ကလေးက အပျံသင်စငှက်ကလေးလို ပျော်လို့။ ဒါပေမယ့်၊ ရှက်စနိုးဖြစ်နေပြန်သည်။ ထို ရှက်ရွံသိမ်မွေ့တတ်မှုတို့ကို ရဲဝံ့ရင်ဆိုင်နိုင်သော အစွမ်းသတ္တိအဖြစ် ပြောင်းပစ်လိုက်သည်ကတော့ သမီးဖြစ်လာမည့်သန္ဓေပဲ ဖြစ်သည်။

+++++

ကိုဇော့်ကို တွေ့ဖူးရစဉ်တုန်းက မြိုင့်အသက်က ဆယ့်ရှစ်နှစ်အရွယ်၊ တက္ကသိုလ်မှာ တတိယနှစ်ကျောင်းသူ ဖြစ်သည်။ အရာရှိ ဖေဖေနှင့် သူဌေးမျိုး မေမေတို့၏ သားသမီးငါးယောက်အနက် တစ်ဦးတည်းသော သမီးဘ၀မှာ မြိုင်က စာရေးကဗျာရေး၊ ပန်းချီတွေရေးဖြင့် ထက်မြက်ချင်လှသူဖြစ်သည်၊။ မေမေက နူးညံ့သိမ်မွေ့ကာ ရှက်ရွံ့အားငယ်မှ မိန်းမပီသသည်ဟု ယူဆစဉ်မှာ မြိုင်ကတော့ အချုပ်အနှောင်ဘ၀အတွင်းရှိ ကျားသစ်မကလေးလို တစုံတရာကို ရင်ဆိုင်ဖို့ အမြဲ ပြင်ဆင်နေတတ်သည်။ ထို့ကြောင့်ပဲ၊ ကိုဇော့်ကို မျော်လင့်ဖြစ်ခဲ့သည် ထင်၏။ ပြီးတော့၊ အစ်ကိုတွေက မြိုင့်ကို ချုပ်ချယ်လှသည်။ နောက်ဆုံး၊ ကိုဇော်နှင့် လက်ထပ်ခွင့်ရခဲ့သည်ကပင်လျင် ဖေဖေ၏ခေတ်မီသော အမြင်ရှိခြင်းကြောင့်သာ။ ကိုဇော့်နောက်ကို လိုက်ရသောနေ့က မြိုင်က သိသိသာသာပဲ ပျော်နေခဲ့သည်။ လှောင်အိမ်ထဲက ကျားသစ်ပျိုမလေး လွတ်လာပြီ။ ကိုဇော့်ကိုလည်း သိပ်ချစ်ခင်နေခဲ့သည်။ ကိုဇော်က မြိုင့်ထက် အသက်သုံးနှစ်သာ ကြီးသော်လည်း အများကြီး လူကြီးဆန်သည်။ စီပွားရှာရခြင်းကို သိပ်စုံမက်သည်။ ပြီးတော့၊ အရေးကြီးဆုံး အရည်အချင်းက မြိုင့်ကို အလိုလိုက်သည်။

မှတ်မိသေးသည်။ ကိုဇော်နှင့်ယူပြီးခါစမှာ ပျော်ရွှင်လွတ်လပ်နေသော မြိုင်က တသက်လုံးက လွတ်လွတ် လပ်လပ် သွားချင်နေခဲ့သည့် ခရီးတွေကို ကားတစ်စီးနှင့် လျောက်သွားတော့သည်။ ပြီးတော့၊ သိပ်ကျေနပ်စရာကောင်းစွာ တက္ကသိုလ်မှာ နည်းပြဆရာမ အလုပ်ရတော့ မြိုင်သည် လောကတွင် ကံအကောင်းဆုံး၊ စိတ်ကျေနပ်မှုကို အပိုင်နိုင်ရဆုံးမိန်းမအဖြစ် ကိုယ့်ကိုယ်ကို ဂုဏ်ယူတော့သည်။ ထိုစဉ်က၊ ကိုဇော့်ကို ခေါင်းညှိတ်ဖြစ်ခဲ့သည်ကပင် အချစ်စစ်ရဲ့လားဟု တခါတခါ တွေးမိဖူးသည်။ ဘာကြောင့်ဆို၊ မြိုင်က ကိုဇော့်အတွက် အိမ်ရှင်မ-ကောင်း မဖြစ်ခဲ့ရသောကြောင့်ပါပဲ။

ကြော့ရှင်းလှပသည့်ဆရာမဟူသည့် ဂုဏ်ပုဒ်ကို ဖက်တွယ်ကာ စာသင်ရခြင်း၌သာ စိတ်ဝင်စားခဲ့သည်။ ကိုဇော်ကလည်း ထိုစဉ်က တော့ ကျေနပ်လို့။ နောက်မှ၊ အိမ်ထောင်သက် သုံးနှစ်အကြာမှာ ကလေးယူကြစို့ ဟု ကိုဇော်က ပြောလာတော့တာ။ မြိုင်က အလွန်အမင်း တုန်လှုပ်သွားရတော့သည်။ သားသမီးတစ်ယောက်ကို မြိုင်ဆက်ဆံဖို့ မတတ်နိုင်သေး။ ပြီးတော့၊ မေ့မေ့လို သိပ်ချုပ်ချယ်သောအမေမျိုး မဖြစ်ချင်သလို၊ အလိုလိုက်မိ၍ သားသမီးဆိုးမှာကိုလည်း စိုးရိမ်လှသည်။ အို.. မြိုင် လွတ်လပ်၍လည်း မ၀သေးဘဲနော်။ ခုမှ လွတ်လပ်ဖူးခါစ ရှိသေးတာ။ ဒါပေမဲ့၊ သည်တကြိမ်မှာတော့ဖြင့် မြိုင် ကလေး မမွေးချင်သေးပါဘူး ကိုဇော်ရယ် ဟု နွဲ့ပေမယ့်လည်း ကိုဇော်က မသာယာတော့ပြန်။

ပြီးတော့၊ မြိုင်မြင်ခဲ့ရဖူးသော ဗိုက်ကျောပြတ်ဒဏ်ရာတွေ၊ ပွယောင်းယောင်း ဒါမှမဟုတ် ပြားပိန်ပိန် ခန္ဓာကိုယ်တွေ၊ ပြင်းထန်သော နာကျင်ကိုက်ခဲရမှုတွေ၊ ပြီးတော့ ကလေးတစ်ယောက်ကို ထိန်းသိမ်း ပျိုးထောင်ရသော ဒုက္ခတို့ကို အတွေး၌ပင် ဇောချွေးပြန်ကာ ရက်ပေါင်းများစွာ စိတ်ဆင်းရဲ နေခဲ့ရသည်။ ကလေးမယူ၍ ကိုဇော်စိတ်ငြိုငြင်မှာကိုတော့လည်း ကြောက်သေးသည်။ မြိုင်က တစ်ယောက်တည်းဘ၀ မှာတော့လည်း နေတတ်မည်မထင်။ ပြီးတော့၊ မေမေတို့နှင့်လည်း မနေနိုင်တော့။ ကိုဇော့်အရိပ်အောက်မှ လွတ်လပ်နေရသောမြိုင် ဘ၀ကိုပဲ မြိုင်တပ်မက်လှသည်။

သို့နှင့်ပင်၊ မြိုင်မလှတော့ရင်လည်း ချစ်ရမှာနော်ဟု ကိုဇော့်ကို ချွဲနွဲ့သလိုလိုနှင့် အတည်ပြောပြီး သားသမီးယူဖို့ ဆုံးဖြတ်လိုက်ခဲ့ကြသည်။ သန္ဓေအဖြစ် သမီး စတင် ခိုတွယ်လာစဉ်မှာ ကိုဇော့်ကို အသိပေးသော မြိုင့်အသံကပင် အေးအေးသက်သာ နိုင်လွန်းနေခဲ့ပြီ။ မြိုင့်ငယ်ဘ၀မှာ အပြည့်အ၀ မခံစားခဲ့ရသော လွတ်လပ်မှုအရသာကို မြိုင့်ကိုယ်ပွားရင်သွေးကို ပေးအပ်နိုင်မည် ဟူသော အတွေးကပဲ မြိုင့်ကို တည်ငြိမ် အေးဆေးစေခဲ့သည် ထင်၏။

သမီးကို မွေးဖွားချိန်မှာတော့ မြိုင်အလုပ်က ထွက်ခဲ့သည်။ သမီးဖေဖေကပင် အံ့သြ တုန်လှုပ်ခဲ့သေး၏။ သူကတော့ အဲသလောက်ထိ မလိုအပ်လှဟု ထင်လိမ့်မည်။ ဒါပေမဲ့၊ မြိုင့်အတွက် ကတော့ သမီးကို အချိန်ပြည့် ပြုစုပျိုးထောင်နိုင်ရေးက ဘ၀၏ အရေးပါဆုံးတာဝန်သာ ဖြစ်လာပြီ။ သမီးဖေဖေကတော့ မြိုင်က သမီးကို ပုံသွင်းနေတာတဲ့။

သမီးကို မွေးခဲ့ပြီး တစ်နှစ်အတွင်း ကဗျာတစ်ပုဒ် မဖွဲ့ဖြစ်။ ၀ါသနာပါရာ ပန်းချီတစ်ကြောင်းမှ မခြစ်ဖြစ်သည်ကို ပထမတော့ မြိင် သိပ်စိတ်ထိခိုက်ရသည်။ သမီးက မြိုင့်ကို တူလှသည်။ ခြေဆံလက်ဆံ ရှည်ရှည်၊ အသားညိုလဲ့လဲ့၊ ဆံပင်ထူထူနက်နက်တွေနှင့်။ နောက်တော၊့ မြိုင်သည် သမီးထံမှာ ကဗျာများစွာ ပန်းချီများစွာ ဆက်တိုက်ဖန်တီးတော့သည်။

သမီး၏မျက်ခုံးတွေကို ကွမ်းရိုးတွေနှင့် ရိပ်ရိပ် ပုံဖေါ်၊ နှာတံဖွဖွ ဆွဲထင်စေ၊ ခြေဆံလက်ဆံတွေကို ပြုပြင် ဖြောင့်စင်းပေးနှင့် သမီးပန်းချီတွေ။ သမီးကို စကားသင်၊ အကသင်နှင့် သမီးကဗျာတွေ အများကြီး ဖန်တီးနိုင်ခဲ့သည်မဟုတ်လား။ သမီးက မြိုင်ရဲ့ ဖန်တီးမှုတခု။

မြိုင်မရခဲ့သော တောင့်တခဲ့ဖူးသမျှကို သမီး ရရမည်။ သမီးက လွတ်လပ်ပေါ့ပါးစွာ၊ ရှင်သန် ကြီးပြင်းခဲ့ရသူ ဖြစ်ခဲ့တော့သည်။ မြိုင်ကတော့ တစတစနှင့် ရုပ်လုံးပေါ်လာသော မြိုင့်လက်ရာ ပန်ချီကားတချပ်ကို အားရကျေနပ်စွာ တမက်တမော ဖက်တွယ်ဖြစ်ခဲ့တော့သည်။

မြိုင်အတွက် မြိုင်သည်လည်းကောင်း၊ သမီးဖေဖေသည်လည်းကောင်း သမီးဖေဖေအလိုရှိသော နောက်ထပ် ပွားစီးမည့် ရင်သွေးများသည်လည်းကောင်း သိမြင်နေစရာ မလိုတော့။ တကယ်တော့ ခင်နန်းငယ်ဟာ ခင်နန်းမြိုင်အသစ်ကလေးသာ ဖြစ်ရမည်။

(၃)

ခင်နန်းငယ်ကို မွေးဖွားသည့် ပြာသိုလဆန်းတစ်ရက်နေ့မှာ ခင်နန်းမြိုင်ရဲ့ဘ၀တစ်ခု လုံးလုံး လျားလျား သေဆုံးသွားခဲ့သည်ပဲ။ ဒါ သေချာသည်။ ပြီးတော့ ထိုသေဆုံးခြင်းက တချိန်မှာ ပြန်လည် ရှင်သန်နိုင်သော သေဆုံးခြင်းမျိုးဖြစ်ပြီး သေဆုံးသူကိုယ်တိုင်က နှစ်ခြိုက်စွာ ဖန်တီး လိုက်သော အဖြစ်အပျက်တစ်ခုလည်း ဖြစ်ပြန်သည်။ ဖြစ်နိုင်လျှင် ၊ သမီးကို ခင်နန်းမြိုင်ဟုပင် အမည်ပေးချင်တာ ဖြစ်သည်။

အိမ်ထောင်သည်ဘ၀မှာမှ သွက်လက်ရှင်သန်ရသော ခင်နန်းမြိုင်က သမီးတစ်ယောက်ရဲ့ အမေဘ၀မှာ သေဆုံးပစ်လိုက်ရတာ စဉ်းစားကြည့်လျှင် မြိုင့်အတွက်တော့ ကြေကွဲစရာ ကောင်းလှ သည်။ ဒါပေမယ့်၊ သမီး၏ရှင်သန်ဖွံ့ဖြိုးမှုက မြိုင့်ကို ဖမ်းစားခဲ့သည်။ သမီးဟာ ခင်နန်းမြိုင်ပါပဲဟု တခါတရံ တီးတိုးရေရွတ်မိတော့ တခါမှာ သမီးဖေဖေကြားသွားပြီး စိတ်ပျက်ဟန်ဖြင့် ခေါင်းယမ်း နေခဲ့ဖူးသည်။

သမီးကို မွေးအပြီးမှာ အသက်နှစ်ဆယ့်လေးနှစ်သာရှိသေးသော မြိုင်က အဖွားကြီးတစ်ယောက်လို အိုစာသွား ကာ တဖြည်းဖြည်း အရွယ်ရောက်လာသည့် သမီးကတော့ အသက်ငါးနှစ် အရွယ်မှစ၍ပင် မြိုင့်အတွက် သိပ်ပြည့်စုံသော အနုပညာလက်ရာတစ်ခု ဖြစ်နိုင်ခဲ့တာ ဘယ်လောက် အားရ ကျေနပ်စရာကောင်းသ

အသက်လေးနှစ်မပြည့်တပြည့်မှာ သမီးကို မူကြိုကျောင်း စထားတော့ ထိုအရွယ်မှာတုန်းက ကြောက်ရွံ နေတတ်သော ပါးကွက်ကျားကလေးနှင့် ခင်နန်းမြိုင်၏ ငယ်ဘ၀နှင့် ဆန့်ကျင်စွာ၊ ဂါဝန် ဖြူလွလွ ဖါးဖါးနှင့် ဆံပင်နှစ်ဖက်ခွဲစည်း လုံးလုံးကလေးနှင့် နှုတ်ခမ်းနီပါးနီ ဆေးခြယ်သော ကော်ပတ်ရုပ်ကလေးလို သမီး ခင်နန်းငယ်ကို လှပ ပျော်ရင်ခွင့်ရစေခဲ့သည်။ ပြီးတော့၊ နှစ်စဉ် ကျောင်းကပွဲတွေမှာ သမီးက သူမ၏စိတ်ကို နေရာတော်ခင်းအက၊ ဆီမီးခွက်အက၊ ကဗျာလွတ်အက၊ ယိုးဒယားကန်တော့ခန်းအကများဖြင့် ကျေနပ်စေခဲ့သည်။ မြိုင်ငယ်ငယ်က အဲလို သိပ် က ချင်နေခဲ့သူမဟုတ်လား။ (မြိုင့်မေမေက မကြိုက်လို့ ကခွင့်မရဖူးခဲ့တာ)။ ထိုအခါ၊ သမီး၏အားကိုးချစ်ခင်ခြင်းကို အပြည့်အ၀ ပိုင်ဆိုင်ရခြင်း၌လည်း မြိုင်က စုံမက်သာယာခဲ့သည်။

ဒါပေမဲ့၊ မြိုင်ဖြစ်စေချင်သလို သမီးက ပန်းချီနှင့်ကဗျာကို စိတ်မ၀င်စားစဉ်ကတော့ မြိုင်သည် ရက်အတော်ကြာ အောင် စိတ်ခြောက်ချားနေခဲ့ရသည်။ နောက်တော့၊ သမီးက စောင်းတီးပြီး သီချင်းဆိုရာ၌ ကျွမ်းကျင်သူ ဖြစ်လာမှပင် မြိုင့်ရဲ ခြောက်ချားအိပ်မက်ညတို့ ကုန်ဆုံးခဲ့ရသည် ကိုတော့ မြိုင် ခုထိ သတိတရ ရှိဆဲပင်ဖြစ်၏။ တက္ကသိုလ်မှာ ကျော်ကြားသောသမီးသည် မြိုင်အလိုချင်ဆုံး ဆန္ဒတစ်ခုကိုပါ သယ်ဆောင် လာခဲ့သည်။ ခိုင်သန့်ကို သမီးခေါ်လာသော နေ့မှာပင် သမီးနှင့်ပတ်သက်သည့် မြိုင့် အလိုဆန္ဒတို့က နိဂုံးချုပ်နိုင်တော့တာ ဖြစ်၏။ မြိုင်ငယ်စဉ်က စိတ်ကူးယဉ်ခဲ့ဖူးသော အသားဖြူဖြူ အရပ်မြင့်မြင့် ညိုမှောင်သော မျက်လုံးများနှင့် ယောက်ျားပျိုတစ်ယောက်ကို သမီးက ချစ်ခွင့်ရသတဲ့။ ထိုကောင်လေးကလည်း သမီးကို ချစ်ခင် စုံမက်စွာ ပေါင်းသင်းလိုသတဲ့။

ထိုညက မြိုင်ငိုသည်။ ပြီးတော့၊ အားရပါးရ ရယ်သည်။သမီးခင်နန်းငယ်ကို တွေ့ရင် ဒါမြိုင်ပါပဲလို့ပဲ ထင်မိတယ်။ မြိုင်ရယ်... သမီးကတော့ တကယ့်ကို မင်းပါပဲ။ သမီးတစ်ယောက်ဟာ အမေတစ်ယောက်နဲ့ ခုလောက်တူနိုင်လိမ့်မယ်လို့ ကိုယ်တို့ မထင်ခဲ့ဖူးဘူး ဟူသော အဓိပ္ပါယ်တူ စကားများစွာ ကြားခဲ့ဖူးတာ သတိရသည်။ ထိုအခါ

ဟင့်အင်း..မတူပါဘူး။ ခင်နန်းငယ်ဟာ မြိုင့်ထက် ပြည့်စုံရမယ်၊ ပြီးတော့ ခင်နန်းမြိုင်ရဲ့ ဘ၀အသစ် ဖြစ်တယ်
ဟု မြိုင် အမြဲ ငြင်းဆန်ဖြစ်ရသည်။ ခုရော.. တကယ့်ကို ကျေနပ်အားရဖွယ် (မြိုင်ကိုယ်တိုင်လိုချင်ခဲ့ဖူးသော) ဘ၀ကို သမီးက အရယူနိုင်ခဲ့တာပဲ မဟုတ်လား။ မြိုင်တုန်းက စိတ်ကူးယဉ်ရရုံထက် ပိုသာခွင့်မရခဲ့သော အခြေအနေတစ်ရပ်ကို မြိုင်အသက်သွင်းပေးခဲ့တဲ့ ကိုယ်ပွားရုပ်ကလေးက ပိုင်သွားရတာ။ လိုဘပြည့်စွာ မြိုင် ရယ်မောမိတော့သည်။

(၄)

ခိုင်သန့်နှင့် ယှဉ်တွဲထိုင်ကာ ကန်တော့နေသော သမီးက မျက်လုံးအိမ်မှာ မျက်ရည်တို့ ၀ိုင်းနေသည်။ မြိုင်ကတော့ မေမေ သမီးကို ခွဲနိုင်တာ သမီးသိပ်ဝမ်းနည်းတာပဲဟု အနားလာကာ ပြောသွားသော မကြာသေးခင်က သမီးစကားကို ပြန်သတိရကာ စိတ်မကောင်းတော့ ဖြစ်နေမိသည်။ သမီးဖေဖေကတော့ သိသိသာသာပင် မျက်နှာပျက်လို့။ မျက်နှာပျက်စရာ မဟုတ်ဘဲနဲ့ကွယ်။ သမီးဟာ အကောင်းဆုံးလမ်းကို လျောက်နိုင်ခဲ့တာပဲ။ ပြီးတော့၊ ကိုဇော်ကလည်း အဖေတစ်ယောက်ရဲ့တာဝန်ကို ကျေနိုင်ခဲ့တာပဲမဟုတ်လား။ သမီးကို တိုက်ခန်းတစ်ခန်းနဲ့ ကားတစ်စီးလက်ဖွဲ့နိုင်တာ ခုခေတ်ရဲ့ မိဘတွေအတွက်တော့ သိပ်ကျေနပ် စရာကောင်းတာပါ.. လို့ ကိုဇော့်ကို နှစ်သိမ့်ရဦးမည်။

သမီးကို ကားတံခါးဝထိလိုက်ပို့တော့ လက်ဖ၀ါးတွေကိုဆုပ်ကိုင်ထားသော သမီးလက်ဖျားတွေက အေးစက်နေသည်။ သမီး အားငယ်လိုက်တာ မေမေတဲ့။ မြိုင့်ရင်တွေ ဆူပွက်လာသည်။ မဟုတ်ဘူး... သမီးပျော်ရမှာ ။ မြိုင့်သမီးဟာ ရဲရင့်ရမယ်။ သမီး.. ပျော်ရမှာလေဟု မြိုင်တင်တင်းမာမာပဲ ပြန်ပြောဖြစ်သည်။ သမီးက တစုံတရာကို အားတင်းသလို မြိုင့်လက်ကို တချက် တင်းတင်း ညှစ်လာသည်။ ကားစက်နှိုးသံအဆူမှာ သမီး မေ့မေ့ကို လွမ်းနေနော်ဟူသော မြိုင်အသံက လွင်နေပြန်၏။ သည်တော့၊ သမီးက ယဲ့ယဲ့ ပြုံးပြသည်။ မြိုင့်တုန်းက မေ့မေ့ကိုလွမ်းသည်ထက် ဘ၀သစ်၌ ပျော်ချင်သည်က များနေခဲ့သည်ကို သတိရသည်။ ဒါကြောင့်ပဲ၊ သမီးကိုကျတော့ မြိုင့်ကို လွမ်းနေစေချင်ပြန်၏။ သမီး၏ တွယ်တာမှုကို ပိုင်ရသော အမေဘ၀ကိုတော့ မြိုင်က ရလိုသေးသည်လေ။

+++++

သမီးတို့ကားလေးပျောက်အသွားမှာ ရုတ်တရက် သမီး၏မေမေ ခင်နန်းမြိုင်ဆိုသော နာမ်တရားက ဗုန်းကနဲ လဲကျသွားသည် ထင်၏။ မိုက်ကနဲ တစ်ချက်မူးဝေသွားပြီး ခဏချင်းမှာပင် ဖျတ်ကနဲ ထင်လင်းလာသော လျှပ်ရောင်ကို မြင်ရ၏။ အနှစ်နှစ်ဆယ်ကျော်ကြာ သေဆုံးနေသော ခင်နန်းမြိုင်၏ဘ၀ ပြန်လည် ရှင်သန်လာခဲ့ပြီ။ ချက်ချင်းပဲ၊ မြိုင့်ကိုယ်လက်တို့ ပေါ့ပါးလာသည်။ ကြည့်မှန်ထဲတွင် အိုမင်းရင့်ရော်ရိပ်တို့ဖြင့် ဒေါ်ခင်နန်းမြိုင်ကို တွေရသည်။ တကယ်တော့၊ အဲဒီ ဒေါ်ခင်နန်းမြိုင်က တစုံတယောက်အတွက်သာ အမြဲ အသက်ရှင်ခဲ့ရသူဖြစ်သည်။ ပထမဆုံး.. ဖေဖေနဲ့မေမေအတွက်၊ နောက်တော့ သမီးဖေဖေအတွက်.. ပြီးတော့သမီးအတွက်။ ခုတော့၊ ခင်နန်းမြိုင်ထင်သလို ဆက်ဆံ၍ ရသော သမီးဖေဖေ၏အရိပ်အောက်မှာ ခင်နန်းမြိုင်က ပြန်လည်လွတ်မြောက်သူဘ၀ ရပြန်ပြီ။ သမီးအတွက် ခင်နန်းမြိုင်မလိုတော့ဘူးလေ။ ပြီးတော့၊ ခင်နန်းမြိုင်လိုချင်သမျှကို သမီးက စားသုံးခွင့် ရသွားခဲ့ပြီလေ။

+++++

ထုံးဖွဲ့ထားသောဆံပင်တို့ကိုဖြေချလိုက်တော့ ခင်နန်းမြိုင်က လွန်ခဲ့သော အနှစ်နှစ်ဆယ်ကလိုပဲ နုပျိုသွားပြန်သည် ထင်၏။ မြိုင်ကသိပ်အတ္တကြီးတယ်ဟု သမီးဖေဖေပြောတာ ဟုတ်ပါလိမ့်မည်။ ခုတော့ဖြင့်၊ မြိုင်မျက်လုံးတွေက တဖိတ်ဖိတ်လက်လို့။ ခရီးဆောင်အိတ်ထဲက အ၀တ်အစား သုံးစုံခန့်နှင့် ကင်မရာတစ်လုံး၊ ဆေးဝါးပစ္စည်းအပြည့်အစုံတို့ကို ရွှင်ရွှင်မြူးမြူးပဲ ထပ်မံ စစ်ဆေးဖြစ်သည်။ မြိုင်တစ်ဦးတည်း မြန်မာပြည်အနှံလျှောက်သွားမည်။ သမီးဖေဖေကို ကန်တော့တော့၊ သမီးဖေဖေက စိတ်မသက်သာဟန်ဖြင့်ကြည့်ကာ မြိုင် သိပ်ကြာကြာ မနေနဲ့နော်တဲ့။

မြိုင်က တကယ့်သပြေခက်အရွယ်ကလေးလို ခစ်ခစ်ပါအောင်ရယ်ကာ ခင်နန်းမြိုင်က သူ့ရဲ့ ကြိုးရှည်ရှည်နဲ့ ချည်တိုင်ကိုတော့ ပြန်လာမှာပါ ကိုဇော်ရယ်။ ခုခရီးကလည်း ကိုယ့်ဘာသာကိုယ် ကျင်းပတဲ့ ပြန်လည် ရှင်သန်ခြင်း အထိမ်းအမှတ် သက်သက်ပါဟုပြန်ဖြေမိသည်။ တကယ်လည်း ရင်ထဲမှာ ပျော်ရွှင်လှသည်။ သည်နေ့ သည်ရက် သည်အချိန်ကို ရောက်ရဖို့အတွက် မြိုင် အနှစ်နှစ်ဆယ်လုံးလုံး စောင့်ဆိုင်းခဲ့ရသည် ကိုတော့ မြိုင်ကပဲ အသိဆုံးဖြစ်သည်မဟုတ်လား။

ပြီးတော့၊ သမီးဖေဖေမရှိသည့် အကာကွယ်မဲ့ဘ၀မှာ လွတ်လပ်စွာ ရှင်သန်ပျော်ရွှင်နိုင်ခွင့် မရနိုင်သည် ကိုလည်း သမီးဖေဖေအပြောအရ အတ္တကြီးလှသည်ဆိုသော မြိုင်က သိပ်နားလည်သည်ပဲလေ။

+++++

မေငြိမ်း
ရင်ခုန်ပွင့်မဂ္ဂဇင်း၊အောက်တိုဘာ၊ ၁၉၉၀။