Dec 31, 2008

နှစ်သစ်ဆုတောင်း


၂၀၀၉ခုနှစ်ဟာ.. ကမ္ဘာတ၀ှမ်း .. အေးချမ်းပျော်ရွှင်စွာသော... မင်္ဂလာနှစ်သစ်ဖြစ်ပါစေ...။




Dec 25, 2008

မြသီလာအလွမ်းပြေ(၂၈)

ဒီလိုနဲ့ ၉၆ရဲ့ ဒီဇင်ဘာက ကျမအတွက်တော့ အေးစက်ခြောက်ကပ်တဲ့ကြားကပဲ ပူလောင် ပြင်းပျခဲ့ပါတယ်။ ကျောင်းသူကျောင်းသားတွေ ရှိမနေတော့တဲ့ ကျောင်းကြီးက အဓိပ္ပာယ်မဲ့တဲ့အပြင် ကျမစိတ်တွေကိုလည်း ခြောက်ချားစေပါတယ်။ အဲဒီရက်တွေထဲ ရန်ကုန်ပြန်ဖို့ကိုတောင် စိတ်ထဲ ဆို့ဆို့နစ်နစ် ခံစားရပါတယ်။ ရန်ကုန်အပြန် မြိုင်ကလေး ဘက်ကမ်းကို အကူး သံလွင်မြစ်ပေါ်ကနေ ဘားအံဘက်ဆီ လှမ်းကြည့်မိရင်တောင် ငိုချင်နေမိခဲ့တဲ့ အချိန်တွေပေါ့..။ ဒီမြို့လေးအတွက် ကျမမှာလည်း တာဝန်ရှိသလို ခံစားနေမိခဲ့ပါတယ်။ အဲဒီအခါ စိတ်သက်သာရာ ရရာရကြောင်း ကျမ ၀တ္ထုတပုဒ် ရေးဖြစ်ပါတယ်။ ၀တ္ထုရေးနေချိန်တလျှောက် တကယ့်ကို ကြေကြေကွဲကွဲ.. ရေးနေခဲ့တာပါ။ ရေးလိုက် မျက်ရည်ကျလိုက် ပစ်ထားလိုက်နဲ့.. များသောအားဖြင့် ခုလို ၀တ္ထုရှည်စဆုံးမျိုးကို တထိုင်တည်းရေးလေ့ရှိတဲ့ ကျမ ခုဝတ္ထုလေးကို ထုံ့ပိုင်းထုံ့ပိုင်းနဲ့ ရေးယူရပါတယ်။ ၁၉၉၈ မေလမှာတော့ ကျမတို့ ဆရာဆရာမအားလုံး ရန်ကုန်ကို ပြန်ပြောင်းရမယ်လို့ ပြောင်းရွှေ့မိန့် ထွက်လာပါတယ်။ ဒီတော့မှပဲ စိတ်ထဲ တကယ်ကို ထိခိုက်ပြီး ဒီဝတ္ထုကို အပြီးသတ်နိုင်ပါတယ်။့ "ကြေကြေကွဲကွဲ ခံဝန်"... လို့ နာမည်ပေးလိုက်ပါတယ်။

အဲဒီဝတ္ထုကို မဟေသီပို့တော့ စိစစ်ရေးက ပယ်ချလိုက်ပါတယ်။ နောက်.. တခြား မဂ္ဂဇင်းကနေ ခေါင်းစဉ်တမျိုး ပြောင်းပြီး တင်ကြည့်တော့လည်း မလွှတ်ပါဘူး။ ဒါနဲ့ ခေါက်သိမ်းထားလိုက်တာ ၂၀၀၅ ကျမှပဲ စိစစ်ရေးက ကျပါတော့တယ်။ ဒါတောင် နောက်က 'ခံဝန်'ဆိုတာကို ဖြုတ်ပေးလိုက်ရပါတယ်။ (အဲဒီ ၉၆နဲ့ ၂၀၀၅ ကြားထဲ စိစစ်ရေးကို စိတ်နာနာနဲ့ ဒီဝတ္ထုထဲက တချို့အစိတ်အပိုင်းတွေကို တခြားဝတ္ထုတွေထဲ ထည့်ထည့်ရေးနေတာနဲ့ တချို့ အချက်အလက်တွေဆို ထပ်တောင်နေတယ် ထင်ပါတယ်။ ဒါပေမဲ့ အဲဒီဝတ္ထုလေး ကို စွဲလန်းတာနဲ့ပဲ ရသ၀တ္ထုစဉ်စာအုပ်တစ်အုပ်အတွက် ပင်နီစာအုပ်တိုက်ကို ပေးခဲ့ပါတယ်။ ပင်နီစာအုပ်တိုက်က စာအုပ်အပြင်အဆင်ကို သေချာလုပ်တဲ့အတွက် ဒီဝတ္ထုလေးရဲ့ အခင်းအကျင်း အတင်အပြက ကျမ စိတ်ကြိုက် ရခဲ့တာလည်း တကယ့် သဘောကျစရာပါ....။

အဲဒီဝတ္ထုလေးကို ၉၆ ကျောင်းပိတ်တဲ့ အမှတ်တရအဖြစ် တင်ပေးချင်ပါတယ်။ တကယ်တော့ ၉၇ နဲ့ ပတ်သက် လို့လည်း ရေးစရာတွေ ရှိနေသေးတာပါ။ ဒါပေမဲ့ လောလောဆယ်.. ကြေကြေကွဲကွဲကို ပေးဖတ်ချင် တာနဲ့.................



ကြေကြေကွဲကွဲ

(တစ်)

တောင်ထိပ်မှာ တိုက်ခတ်မြဲလေက အခါများစွာကလိုပင် အေးမြမြဲ... လန်းဆတ်မြဲ။
အဲဒီတောင်ထိပ်မှာ အမြဲပျော်ရွှင်ရင်မောနေကျ မိန်းမတယောက်ကတော့ဖြင့် ခုချိန်မှာ ရှိုက်ကြီးတငင် ငိုကြွေးလို့။
ဒီနေရာကနေ မတ်မတ်ရပ်လို့ အောက်ဘက် ခတ်လှမ်းလှမ်းမှာ ဆီးမြင်ရသော မြို့ကလေးကို သဲသဲကွဲကွဲ မမြင်နိုင်ပြီ။ မြို့ကလေးကို အပေါ်စီးမှ အပြည့်အဝ မြင်နိုင်သော ဒီတောင်ထိပ် အစွန်းကလေးမှာ လွတ်လွတ်လပ်လပ် ရပ်ရင်း လေအဟုန်ဖြင့် အဝတ်တို့ တဖြတ်ဖြတ် လွင့်လျှင် သူမ ပျော်ရွှင်ပေါ့ပါးစွာ ရယ်မောနေကျ။ အဲဒီအခါ... စိတ်ထဲမှာ လေဟုန်စီးနေရသည်ဟုပင် ထင်သေးတာ။ အဲဒီအချိန်ဆို သူမက လေဟုန်စီး ငှက်ကလေး တကောင် ဖြစ်သွားကာ အလွတ်ရနေသော မြို့ကလေး၏ နေရာအနှံ့ကို ပျံဝဲကြည့် နိုင်ခဲ့တာ။ ဘယ်တော့မှ မေ့မရနိုင်သည့် သတိတရတွေပဲ ဖြစ်ပါသည်။

ဟော... ဟိုးမှာ မြွေလိမ်မြွေကောက် မြို့ပတ်လမ်း။ (သူမနှင့်မောင် အပါအဝင် ချစ်သူများကို ဖမ်းစားနေကျ ကုန်းတက် ကုန်းဆင်းများနှင့်......)

ဟိုနေရာကလေးက စိုက်ပျိုးရေးကျောင်းပိုင် လယ်ကွင်းတွေပေါ့။ မညီမညာမြေသားတွေကြောင့် စက်ဘီး ဖြတ်နင်းသွားတဲ့အခါ ဒုတ်ဒုတ်ခုန်လို့။ စက်ဘီးမစီးတတ်သော သူမက ကြောက်ကြောက်နှင့် မောင့်ပုခုံးကို အားကုန်ဆုပ်ဆုပ်ထားရတဲ့ ရင်ခုန်သံကိုပင် ပြန်ကြား ရသေးသည်။

ကြည့်စမ်း..... ဟိုမှာ မြို့ထဲကို ပြည်ထောင်စု ရပ်ကွက်ကနေ သွယ်လာတဲ့ လမ်းကလေး.... မြို့ကလေးရဲ့ ထုံးစံအတိုင်း ကုန်းတက်တွေဆို လူကို စက်ဘီးကစီး၊ ကုန်းဆင်းဆို စက်ဘီးရဲ့ အရှိန်နဲ့ ပြေးဆင်းလို့ တမောမောနှင့်ပင် ပျော်ခဲ့ကြရဖူးသည်။

ကန်သာယာနှင့် ဆေးရုံတဝိုက်မှာရှိသော လမ်းဆွယ်လေးတွေကတော့ သူမကို အဖမ်းစားခဲ့ဆုံးပင်။ သူမကို မိန်းမောရူးသွပ်သွားစေခဲ့သော တရားခံတွေထဲမှာ ထိုနေရာလေးတွေကလည်း ကျိန်းသေ ပါ၏။

တွေ့လား.... မြေနီလမ်းကလေးတွေ။ ရေကန်ကျယ်ကျယ်တွေကို ဘယ်ညာခြံရံလို့... ကြာတွေလည်း ပွင့်ကြသည်။ ဒါ့ထက်ပို၍ သက်ဝင်ပြည့်စုံမည့် ရှုခင်းပန်းချီကားတချပ် ဘယ်မှာမှ မရနိုင်တော့။

ထန်းပင်တွေ၊ အုန်းပင်တွေ၊ ကုက္ကိုပင်အုပ်ကြီးတွေကြောင့် စိမ်းရိပ်နေသော ဟောသည် ကမ်းနားကလေး ကလည်း ဆောက်တည်ရာမရခဲ့ဖူးသည့် မိန်းမတယောက်၏စိတ်တို့ကို ငြိမ်ဝပ် သွားစေခဲ့ဖူးသည်။ သံလွင်မြစ်ကို ဖြတ်တိုက်လာသည့် လေညှီညှီစိမ်းစိမ်းကို ရှူရှိုက်ရင်း အေးရိပ်ခိုခဲ့ဖူးသည်။ ဖြစ်ချင်ရာဖြစ်ဆိုသော စိတ်ဝေဒနာဖြင့် ကမ်းနဖူးမှာ ရပ်ရင်း မြစ်ရေညိုညိုထဲ ငုံ့ကြည့်မိစဉ်မှာ မြစ်ရေစီးကြောင်းသန်သန်ထဲ ထင်းတုံးတွေ ခက်ခဲတကြီး လိုက်ဆယ်နေသည့် ကလေးတစုကို အမြင်မှာ.... “အသက်တာ” ရဲ့ တန်ဖိုးကို သတိဝင်သွားခဲ့ရဖူးသည်။

အဲဒီနေ့ရက်တွေတုန်းက မြို့ကလေးဆီကို ရောက်စ... ဒဏ်ရာအနာတရ ပလပွနှင့် မိန်းမ သည် သူမရဲ့ နေ့ရက်တွေကို မြို့ကလေးရဲ့ ရင်ခွင်ထဲကနေ တမေ့တလျော့.... ဖြတ်ခဲ့... လွယ်လွယ်ငိုခဲ့.... ပြီးတော့ လွယ်လွယ် ပျော်ခဲ့တာ... ရက်များစွာ......။

တကယ်တော့ သူမကိုက.... မြို့ကလေးကို .... အသုံးချခဲ့တာလေ။

တခါတလေများ သူ့ရင်ခွင်ဆီကနေ သူနှင့် အလွန်နီးသည့် နယ်ခြားဒေသမြို့ကလေးများဆီအထိပင် ခြေဆန့်လို့ သူမက ပျံဝဲခဲ့သေးတာ....။ ပြီးတော့ စိတ်ရဲ့ဖြေရာတဲ့လေ။ သူ့ရင်ခွင်ထဲမှာ လိုသလို ပျံဝဲခွင့်ရခဲ့တာ.... သုံးနှစ်..... တဲ့။ သူမစိတ်ထဲမှာတော့ နာရီပိုင်းလောက်သာ ကြာခဲ့သည်ဟု ထင်သည်။

ခုတော့ဖြင့် သူ့ကို ထားခဲ့ရတော့မည်။
သူနဲ့ ဝေးရာ.... ဇာတိမြေဆီကို သူမ ပြန်ရတော့မည်။
“ပြောင်းရွှေ့တာဝန် ထမ်းဆောင်ခွင့်” တဲ့။
အဲဒီ အမိန့်စာလေးက သူမကို မီးလျှံလိုပဲ ပူလောင်စေလှသည်။

+++++

ခုချိန်ကျမှတော့ သူ့ခြေရင်းမှာ ဒူးထောက်ငိုကြွေးရုံကလွဲ၍ သူမအတွက် အခွင့်အရေး တစုံတရာ မရှိတော့ပါ။ “ကျမကို ခွင့်လွှတ်ပါ” ဆိုရုံမျှနှင့်တော့ မလုံလောက်တော့ပြီ။ သို့ပေမဲ့ သူမ တောင်းပန်ချင်လှပါသည်။

+++++

ထိုမိန်းမက တောင်ထိပ်ရဲ့ အဖျားလေးမှာ ဒူးထောက်ထိုင်ချလိုက်သည်။ မြို့ကလေးကို လှမ်းကြည့်တော့ မှုန်းဝါးလို့နေ၏။ လေတိုးသံမှအပ တိတ်ဆိတ်နေသော ဝန်းကျင်မှာ သူမ ရှိုက်ငင်သံကသာ ကျယ်ကျယ်လောင်လောင် ရှိနေသည်ထင်၏။ သူမက ကိုယ်ကို လျော့ချပျပ်ဝပ်ကာ မြေပြင်ကို နဖူးနှင့် ထိကပ်လိုက်သည်။ ပြီးမှ သူရူးတယောက် လို ထိပ်လန့်တကြားနိုင်စွာ ကောင်းကင်ကို မော့မျှော် တိုင်တည်သလို.......
“ကျမကို ခွင့်လွှတ်ပါ။ ကျမရဲ့ အသည်းနှလုံးတွေ ဒီအရပ်မှာပဲ ကျန်ရစ်ခဲ့ပြီ ဆိုတာကို ကျမ သစ္စာ ဆိုပါတယ်။ အဲဒီ မှန်တဲ့သစ္စာကြောင့် မြို့ကလေးက ကျမကို ခွင့်လွှတ်နိုင်ပါစေ”
ဟု တုန်တုန်ယင်ယင် ရေရွတ်လိုက်လေသည်။

+++++

အတ္တကြီးသည့် ထိုမိန်းမက ဘဝထဲမှာပင် မခံစားချင်သော ကာလတွေ၊ အဖြစ်အပျက်တွေ ဆိုလျှင် မည်မျှပင် အရေးကြီးပါစေ တမင်မေ့ချန်ထားပစ်ခဲ့တတ်သူပဲ ဖြစ်သည်။ ခုလည်း မြို့ကလေးကို ခွဲချန်ထားခဲ့ရတော့မည့် နောက်ဆုံးနှုတ်ဆက် ညနေလေးမှာ ထိုမိန်းမက မိမိ နှလုံးသည်းပွတ် တည်နေရာကလေးကိုပင် ကျောခိုင်း မေ့လျော့ဖို့ ကြိုးစားခဲ့တာ။ သူမ၏ ဒယိမ်းဒယိုင်ခြေလှမ်းတို့က အိမ်အပြန် အဆောင်ဝင်းဆီ ဦးတည်.........။

သို့ပေမဲ့ တောင်ထိပ်ဆီမှာ ကျန်ခဲ့ပြီဟု သူမ မှတ်ထင်ခဲ့မိသည့် .....
‘ကျမကို ခွင့်လွှတ်ပါ.... ကျမရဲ့ အသည်းနှလုံးတွေ ဒီအရပ်မှာပဲ ကျန်ခဲ့ပြီဆိုတာကို ကျမ သစ္စာ ဆိုပါတယ်...... အဲဒီ မှန်တဲ့ သစ္စာကြောင့် မြို့ကလေးက ကျမကို ခွင့်လွှတ်နိုင်ပါစေ..’
ဟူသော သူမ၏ ငိုကြွေးတိုင်တည်သံက ညနေလေပြေနှင့်အတူ မျောလွင့်ကာ တောင် နံရံတွေကို ရိုက်ခတ်၊ တဖန် ပဲ့တင်ပြန်ကာ သူမထံကို လိပ်ပြာတွေအဖြစ် အုပ်ဖွဲ့ပျံလာကြ၏။ ပြီးတော့ သူမ မျက်နှာဆီ.... အဓမ္မ တိုးဝင်.... ရှောင်တိမ်း ဖယ်ရှားမရ....။

အို.... လိပ်ပြာမဲမဲတွေ.... အဖြူလွလွလေးတကောင်တလေများ ပါလိုပါငြားဖြင့် သူမ ရှိုက်ငင် မောပန်းရှာဆဲ.... ဖြူလျော်လျော်လိပ်ပြာလေးတကောင်က လှစ်ကနဲ ပျံပြေးလေသည်။ တကယ်မှာ လိပ်ပြာလေးက သူမကို ဖမ်းခေါ်သွားခဲ့တာ။ လိပ်ပြာလေး ပျံသန်းရာ နောက်ကိုပင် ပယ်ငြင်းမရဘဲ သူမ လိုက်ပါသွားခဲ့ရတာ.... လိပ်ပြာကလေးက သူမကို မေ့ထား မရနိုင်သည့် ဘဝကလေးတခုထဲကို တွန်းပို့ခဲ့လေသည်။

ဟော... ဟိုရှေ့မှာ စက္ကူပန်းရုံ ရောင်စုံခင်းတွေ၊ တရုတ်စကားပင်ပျိုတွေ၊ ကံ့ကော်တွေ ဝေနေတဲ့ ခြံဝိုင်း ကလေးလေ.....။ (ထိုဝင်းကလေးသည် သူမ မေ့လျော့အထားချင်ဆုံး နေရာ၊ တချိန်တည်းမှာပဲ သူမ အစွဲလန်းဆုံး နေရာ။ သူမ ထွက်အပြေးချင်ဆုံးဘ၀၊ တချိန် တည်းမှာ ဘယ်လိုမှ ချန်ထား မေ့လျော့ထွက်ပြေးမရသော ဘဝ။ ထိုနေရာကလေးသည် သူမ၏ အဖြစ်အားလုံးတို့ သိုလှောင်ရာ နှလုံးသည်းပွတ်ဖြစ်သလို မြို့ကလေး၏ အသည်းနှလုံးကဲ့သို့လည်း အရေးပါလေသည်။) တရုတ်စကားပွင့်တွေက တဖွဲဖွဲကြွေလို့။ ကံ့ကော်တွေကလည်း သူမရောက်ခါစကလို ပင်ညွန့်တွေနီလို့။ စက္ကူပန်းတွေကလည်း သိပ်သိပ်ဝေလို့။ ခုတော့ တံခါးပိတ် တိတ်ဆိတ်နေတဲ့ စာသင်ခန်းတွေ.....။

ဟင့်အင်း....။
သူမ မျက်စေ့စုံမှိတ် ငြင်းဆန်တော့ သူမ ပါးပြင်မှာ လိပ်ပြာကလေး လာနား၏။ ပြီးတော့ “ဒီလို ထွက်ပြေးလို့ မလွတ်ပါဘူး” ဟု တိုးတိုးဆိုသည်။

ဟင့်အင်း..... ဟင့်အင်း......။
နှလုံးတို့ နာကျင်လာကာ စိတ်ကို လျှော့ချဖြေလွှတ်လိုက်တော့ ခန္ဓာကိုယ်က သူမရဲ့ ရုံးခန်းလေးရှေ့ မြက်ခင်းပြင်ပေါ် ပုံကျသွားခဲ့ပြီ။ နောက်ဆုံးတော့လည်း ထပ်မံ ဒူးထောက်ရပြန်တာပါပဲ။ ဒီနေရာလေးမှာ ဆိုရင်တော့ သူမသည် အသနားခံစာ တင်သွင်း၍ပင် မရနိုင်လောက်အောင် အပြစ်ကြီးလေးသည့် တရားခံ တစ်ယောက် ဖြစ်ပါသည်။

လေပြေလေးတဝှေ့မှာ ကံ့ကော်ရွက်နုရနံ့ စိမ်းစိမ်းပျံ့ပျံ့လေးကို ရှုရှိုက်လိုက်ရသည်။ ဟင့်အင်း.... အဲဒါကိုလည်း မေ့ပါရစေ။ နှလုံးသားတို့ ခုန်ထွက်မတတ် ဆတ်ဆတ်ခါသည် ထင်၏။ မျက်စေ့တို့ကို မဖွင့်ရဲစွာ တင်းတင်းပိတ်ထားဆဲ.... ကံ့ကော်ပန်းရနံ့၊ သရက်ရွက်နုနံ့၊ တရုတ်စကားရနံ့ အဲဒါတွေကိုတော့ စုံမှိတ် ငြင်းဆန်မရဘဲ ရှိလေသည်။

ဟော.....
ရယ်သံလွင်လွင်လေးတွေ.... မုန့်တွေ လုစားကြ....
စက္ကူမြားတွေနဲ့ ..... စကားသံဝဲဝဲလေးတွေ....
ဟော.....
စက်ဘီးအစီးပေါင်းများစွာရဲ့ ဘဲလ်သံချိုချိုလေးတွေ.....
တစီးနဲ့ တစီး တွန်းတိုက်ကြတော့မလို.... စီရီလို့....
ဟော....
ယောက်ျားလေး အဆောင်ရှေ့ မြေကွက်လပ်ဆီက
ဘောပွဲ အားပေးသံတွေ...
ဟော.....
ခန်းမ “နှစ်” ဆီက ဂစ်တာ ကြိုးညှိသံတွေ.... မိုက်ခရိုဖုန်းစမ်းသံတွေ.....
ဟော.....
မိန်းကလေးဆောင်ရှေ့မှာ ဂစ်တာ သီချင်းသံသဲ့သဲ့....
မင်းပန်ဖို့ရည်စူး ပန်းခူးခဲ့ပြီ တဲ့။
ရှက်ပြုံးလေးတွေနဲ့ ကောင်မလေးတချို့ရဲ့ ခေါင်းမှာ ကံ့ကော်တွေ ဝေလို့။
‘လဂွန်းအိမ်’ ဆိုတဲ့ ခေါင်းစဉ်ကိုသာ သင်ရပေမဲ့ “မင်းတို့ လဂွန်းအိမ်နဲ့အတူ ရာဇာဓိရာဇ်ကို သိရမယ်.... ဘုရင်မင်းခေါင်ကို သိရမယ်... သူရဲကောင်းဆိုတာကို သိရမယ်.... စစ်ရဲ့ အကျိုးအပြစ်တွေကို သိရမယ်” တဲ့။ ဒါက ခန်းမ ‘တစ်’ဆီက... သူမရဲ့ (တချိန်က) စာသင်သံ။

ခုတော့ဖြင့်... အားလုံးကို ချန်ထားခဲ့ရပြီ။ ဘာတခုမှ ပေးချေခွင့် မရှိတော့ပြီ။ လိပ်ပြာ ကလေးက လူးလူးလှိမ့်လှိမ့်။ ကျမကို ခွင့်လွှတ်ပါ။

+++++

(နှစ်)

လွန်ခဲ့တဲ့ သုံးနှစ်မှာ.....
အသည်းကွဲနေ့ရက်တွေထဲ လူးလှမ့်နေရတဲ့ မိန်းမတယောက်ဟာ သူမရဲ့ ထွက်ပေါက် (ဒါမှမဟုတ်) ခေတ္တိုနားခိုရာအဖြစ် (မြို့တော်ကြီးကို ကျောခိုင်းဖို့) မြို့လေးတမြို့ကို ရွေးချယ် ခဲ့ပါတယ်။ အဲဒါ... ဟောဒီ မြို့ကလေးပေါ့။ အဲဒီ မြို့ကလေးဆီကို တခါမှ မရောက်ဖူးပါဘဲနဲ့ အဲဒီမိန်းမက ယုံယုံကြည်ကြည် ကျေကျေနပ်နပ် နဲ့ ရွေးချယ်ခဲ့တာ။

သူမဘဝကို ဆေးကုရင်း အဲဒီမြို့ကလေးကိုပါ ရှင်သန်ဖွံ့ဖြိုးအောင် စိုက်ပျိုးမယ်တဲ့လေ။
အဲဒီတုန်းက အညိုရောင် ဖျော့ဖျော့မြို့ကလေးကို သူမက မြေသြဇာကျွေးချင်ခဲ့... ပေါင်းတင် ပေးချင်ခဲ့.... ရေလောင်း၊ ပိုးသတ်၊ ပျိုးထောင်ပေးချင်ခဲ့.....။ သူမရဲ့ ပန်း များစွာကို ပွင့်ဖူးစေ ခဲ့တဲ့ လက်တွေအားကိုး နဲ့ပေါ့။ အဲဒီမြို့ကလေး စိမ်းလန်းဝေဆာဖို့၊ နေသာဖို့၊ မိုးကောင်းဖို့၊ လေပြေလေညှင်းတွေ မွှေးပျံ့ဖို့အတွက်ဆိုရင် ကိုယ့်နှလုံးသားကိုပါ ချကျွေးချင်ခဲ့တဲ့ မိန်းမပေါ့။
တကယ်တမ်းကျတော့ မြို့ကလေးကသာ သူမကို ထွေးပွေ့နှစ်သိမ့် ခဲ့ရလေသည်။
+++++

နံနက်ခင်းဆိုတာနဲ့ ထင်းကနဲ လင်းပြက်ဆူညံသွားတတ်တဲ့ အဲဒီမြို့ပူပူကလေးမှာ သူမရဲ့ အေးခဲခဲ့သွေးတွေက ပြန်နွေးခဲ့သည်။ အဲဒီမြို့ကလေးမှာ ကလေးတွေကို စာသင်ရင်း ... မြို့ပြယန္တရား၊ လူမှုယန္တရား၊ စနစ်ယန္တရားဆိုတာတွေကို ပို့ချရင်း မြို့လေးရဲ့ တိမ်းမူးဖွယ် ညှင်းညံ့သော လေပြေသွေးထဲမှာ သူမ လူးလိမ့်မျောပါနေခဲ့သည်။ “ကျောင်းဆရာမ တယောက်ရဲ့ တာဝန်ဟာ စာသင်ရုံမဟုတ်၊ ဘဝတွေကိုပါ သင်ပေးရမယ်” ဟု ကြွေးကြော် ရင်းနှင့်ပင် သင်ပေးလို့မရသော ဘ၀တွေကို ကြုံကြိုက်ခဲ့ရတာ။ သူမ ငြင်းဆန်ဖို့.... တိုက်တွန်းဖို့ မတတ်သာခဲ့။ စပါးစိုက်ရင်း ကျောင်းတက်၊ အဝေးပြေးကားမောင်းရင်း ကျောင်းတက်၊ အထည်ဆိုင်ထွက်ရင်း ကျောင်းတက်။ အဲဒီနယ်စပ် မကျတကျ မြို့ကလေး က သူမထက်ပင် ဘဝဆိုတာ ဘာလဲဟု သူမရဲ့ ကလေးတွေက ပြန်သင်ပေးနိုင်ခဲ့တာ....။ သူမကိုယ်တိုင် ဒါကိုပဲ လက်ခံနေရပြီ။

+++++

အဲဒီမြို့ကလေးမှာ မနက်ခင်း အလင်းရောင်လာသည်နှင့် အလုပ်ခွင်စဝင်ကြ၊ အလုပ်ကလည်း ပုံသဏ္ဍာန်မျိုးစုံ၊ အမျိုးအစားပေါင်းစုံ။ ညနေခင်းးကျတော့ အပန်းဖြေကြ၊ ညကျတော့ ရုပ်မြင်သံကြားကြည့်.... ဒါမှမဟုတ် ဗွီဒီယိုရုံပွဲတွေကြည့်။ ဟော.... အလုပ်နားရက် ကျတော့ အသက်ကြီးသူ တချို့က ဘုရားပုထိုး၊ ကျောင်းသင်္ခန်းသွား..... လူငယ်တချို့က လက်ဖက်ရည်ဆိုင်ထိုင်၊ အလည်အပတ်ထွက်ကြ၊ တချို့သော လူကြီးလူငယ်တွေက တစုံတရာကို သုံးလို့ မူးယစ်ရီဝေကြ။ ရင်နာစရာကောင်းတာတခုက မြို့ကလေးရဲ့ ညနေခင်းတိုင်းဟာ ထန်းရည်နံ့၊ အရက်ဖြူနံ့တွေ စိုရွှဲနေတတ်တာပဲဖြစ်သည်။

စာသင်ခန်းထဲမှာ သူမက ‘တယောက်ကအစ တရာ’ ဆိုသည့် အင်အားသဘောကို ယုံကြည်စွာ စာသင်ခန်းထဲမှာ ဗိုလ်ချုပ်အကြောင်းပြော၊ ရာဇာဓိရာဇ် အကြောင်းပြော၊ အနော်ရထာနဲ့ ကျန်စစ်သား အကြောင်းပြော၊ ဂျိုဆေရီဇော် အကြောင်းပြော၊ ပြင်သစ် သူရဲကောင်းမလေး ဂျုံးအကြောင်းပြော၊ ဘိုးရာဇာအကြောင်းပြော၊ မဟတ္တမဂန္ဓီ အကြောင်း ပြော.....ပြော....ပြော....။
သူမစိတ်ထဲမှာတော့ ပျိုးခင်းတွေကို ပေါင်းလိုက်၊ မြေသြဇာကျွေး ပေးနေရသလို နှစ်သိမ့် ကြည်နူးလို့။

သို့ပေမဲ့ သူမရဲ့ မြေသြဇာတွေကပဲ အဆမတန်ဖြစ်လေသလား၊ အချိန်ပဲ မတန်လေသလား၊ သူမရဲ့ ပျိုးပင်လေး တွေက ခေါင်းတောင် လန်းစွင့်မလာကြပါ။ ထိုစဉ်က စိတ်ဓါတ်ကျခဲ့တာ ခုထိ သတိရနေမိသေးသည်။ ထိုအခါ စိတ်ကျကျထဲမှာ ဗိုက်ဆာတာကပင် ပိုဆိုးလာသည် ထင်၏။ ကိုယ်တိုင်လက်ပန်းကျ၊ စားဝတ်နေရေးထဲ အလဲလဲ အပြိုပြို။ သည်လိုနှင့် ကိုယ်တိုင်ပင် ငွေသာပဓါနဟု ထင်ယောင်လာသည်။ ရင်ထဲမှာ အဆမတန် မောဟိုက် ပင်ပန်း နွမ်းနယ်......။

အဲဒီအချိန်တွေမှာပဲပေါ့။ အင်မတန် စိတ်ကူးယဉ်သော သူမက ခိုလှုံချင်စဖွယ်သော မြို့ကလေးရဲ့ ရင်ခွင်ကို အသုံးချခဲ့တာ။

သူ့ရဲ့ ရင်ခွင်ထဲမှာ.......
ညနေတွေမှာ ကမ်းနားစပ် ကုက္ကိုပင်တွေ အောက်မှာ ဟိုးဝေးဝေးဆီက တောင်ညိုတန်း တွေဆီ ငေးမောရင်း အလွမ်းတွေကို ဆေးကြော.......။
ပူပြင်းလောင်မြိုက်နေတဲ့ ဘဝကို မြစ်ရေအေးအေးလေးနဲ့ စိမ်ဆေး။
မြို့ကလေးကို ပွေ့ပိုက်ထားတဲ့ တောင်တွေရဲ့ အရိပ်မှာ နာကျင်ကြေမွတဲ့ နှလုံးသားကို မြှုပ်နှံ....။
တကယ်ကို အနာတွေ သက်သာရာရသည် ထင်၏။
အဲဒီအချိန်တွေမှာ မြို့ကလေးက တကယ့်ကိုပဲ နွေးထွေးတဲ့ ရင်ခွင်နဲ့ သူမကို ထွေးပိုက်ခဲ့တာ သေချာလှပါသည်။

အဲဒီမြို့ကလေးဟာ မှော်အောင်တဲ့ မြို့ကလေးဟုလည်း သူမက ယုံသည်။ ကြည့်လေ.... ကုန်းတက်ကုန်းဆင်း လမ်းကလေးတွေကို ခြေဖဝါးနဲ့ နင်းရင်း အဲဒီ မြို့ကလေးရဲ့ သွေးသား မြို့သူမြို့သားတွေနဲ့ သူမ သွေးနီးခဲ့တာ..... တသားတည်းကျလို့။ အဲဒီမြို့လေးနှင့် ထပ်တူ ပေါ့ပေါ့ပါးပါး ပျော်ရွှင်နေတတ်ခဲ့ပြီ။
ဘဝဆိုတာ
တိုတိုလေးမို့
ငှက်ကလေးတွေလို
ပျော်ကြစို့
ဆိုသော ကဗျာလေးပါသည့် ပို့စ်ကဒ်တခု သူမထံမှာ ငယ်ငယ်က ရှိခဲ့ဖူးသည်။ ခုတော့ အဲဒီ ကဗျာကို ကောင်းကောင်း ထောက်ခံသော လူတွေရှိရာ မြို့ကလေးကို သူမ လက်တွေ့ ရောက်ဖူးခဲ့ပြီ။ သူမက အင်မတန် ထိလွယ်ရှလွယ် ငိုလွယ် ရယ်လွယ်သူ......။

မြို့ကလေးကတော့ဖြင့် နာခဲ၊ ငိုခဲလှသည်။ မြို့ပြမှာ ကြားရလေ့ရှိသော ညည်းညူသံ၊ ညည်းတွားသံတွေကို မြို့ကလေးမှာတော့ ကြားရခဲမည်။ တကယ်တမ်းကျတော့ ဒဏ်ရာရ ကြပုံချင်း အတူတူ။
“ဘာမှ မထူးဘူး ဆရာမ... နာလှချည်ရဲ့လို့ အော်နေတော့လည်း ဆွဲထူမယ့်လူမှ မရှိဘဲ။ ဒီတော့ အော်နေမယ့်အစား ကိုယ်တတ်နိုင်သလောက် ကုန်းထရမှာပဲ။ ထ မရတော့လည်း လှဲအိပ်နေလိုက်ရုံပေါ့”
ဟူသော ကလေးတယောက်ရဲ့ တုံ့ပြန်စကားအကြားမှာ သူမ မျက်ရည်ကျချင်ခဲ့ဖူးသည်။ ဒါဖြင့် သူမက ဆွဲထူမည့် သူလား၊ လဲကျနေသူတွေက အများကြီး။ ပြီးတော့.... ဆွဲကူ ထူမည့် သူမကိုယ်တိုင်က အင်အားချိနဲ့နေသူ။ ယိုင်လဲကျလုမျှ တဲတဲလေး....။
“စာဖတ်ကြစမ်းပါကွယ်... မင်းတို့အရွယ်လောက်မှာ ဘယ်လောက်မှ မဖတ်နိုင်ရင်တောင် လက်လှမ်းမီ သလောက် ဗဟုသုတ ရမယ့်စာအုပ်တွေ ရှာဖတ်ကြပါ.....”
ထိုမျှ အားပေးရုံလောက်တော့ သူမ တတ်နိုင်ပါသည်။ ကလေးတွေရဲ့ မျက်လုံးတို့ တောက်ပြောင်လာ၏။
“လွမ်းမောဖွယ် တက္ကသိုလ်နွေညများ”၊ “ဓါးတောင်ကို ကျော်၍ မီးပင်လယ်ကို ဖြတ်မည်”၊ “ယောနသံစင်ရော်” တို့.....။ သူမပင် စကားမဆုံးသေး ကလေးတွေ ဆူညံဆူညံဖြစ်လာသည်။
“ဘယ်ဆိုင်မှာ ရှာရမလဲ ဆရာမ”
ဟုတ်ပါရဲ့။ ထိုမြို့လေးမှာ စာအုပ်ဆိုင် ကောင်းကောင်း မရှိပေ။ ဒါဖြင့် သူမက ရှာပေးရင်ကော....။ ကျောင်းသူကျောင်းသား ထောင်ကျော်အတွက် သူမက စာအုပ် ဘယ်နှအုပ် ပေးနိုင်မှာလဲ။
“မင်းတို့အသက် နှစ်ဆယ်ကျော်ကြပြီ။ တက္ကသိုလ် ပညာသင်နေကြတာ။ တက္ကသိုလ် ပညာရေး စနစ်ဟာ ဆရာဆရာမ သင်ပေးသမျှကိုပဲ လက်ခံယူဖို့ မဟုတ်ဘူး။ ကိုယ့်ဘာသာ ပိုကျယ်ကျယ် ပြန့်ပြန့် ရှာဖွေလေ့လာ ကြရတာ”
ကလေးတွေက မျက်လုံးဖျော့ဖျော့တွေနှင့်။ သူတို့က မှတ်စုပေးလျင်တော့ တက်တက် ကြွကြွ ကူးချင်ကြ၏။ Lecture (လက်ချာ) သဘောကိုမှ နားမလည်နိုင်ကြ။ ပြီးတော့ စာတစ်ပုဒ် သင်တိုင်း တက်ညီလက်ညီဖြင့်.... “ဒီအပုဒ်က စာမေးပွဲအတွက် အရေးကြီးလားဆရာမ” ဟု မေးတတ်ကြသည်။ ဒါပဲလေ... သူတို့ရဲ့ ရပ်တည်မှု။

အဲဒီလှိုင်းတွေကို သူမ ခက်ခက်ခဲခဲ ကူးခတ်ကျော်ဖြတ်ရ၏။ ကူဖော် အားပေးဖော် မရှိ။ ကြာတော့လည်း လက်ပန်းကျချင်ပြီ။

ညနေ ညနေတွေမှာတော့ သူမရဲ့ တင်းအားတွေ လျော့ပြေနိုင်၏။ ကောင်လေးတွေက ဂစ်တာကိုယ်စီနှင့် ကျောင်းဝင်းစပ် ကံ့ကော်ပင်ရိပ်မှာ....။ ကောင်မလေးတွေက မလှမ်းမကမ်းတွေမှာ ၀ိုင်းဖွဲ့ထိုင်လို့.... အဆောင်မပိတ်ခင် ခြောက်နာရီထိ.... နေအ၀င်ကို စောင့်ကြိုနေကြသလို...။
“ပန်းခရမ်းပြာ ဗေဒါလေး ကမ်းစပ်နားမှာ ငြိတွယ်
လမ်းတံတားဖြူ နေရာလေး တေးသံလွှမ်းစေကွယ်
ငြိမ်းအေးရာ ဖွေရှာရင်း မိန်းမောငေးကာကြည့်နေ
ပိန်းပိတ်အောင် မမှောင်ခင်လေး ဆည်းဆာအလှဖြာဝေ”
ကောင်လေးတွေ ပြိုင်တူအော်ဆို.... ကောင်းမလေးတွေက တီးတိုးလိုက်ညည်း။ တကယ်တမ်းကျတော့ အဲဒီ တံတားဖြူ အင်းလျားကမ်းပါးစပ်ကို သူတို့ထဲက တချို့တလေသာ ရောက်ဖူးကြမည်ထင်၏။ တက္ကသိုလ် ပရိဝုဏ်ဆိုတာက ဒီမြို့ကလေးဆီမှာတော့ ကျောင်းဆောင် လေးငါးဆောင်နှင့် သုံးဧကခန့်သာ ကျယ်ဝန်းသော ‘၀င်း’ တစ်ခုသာ ဖြစ်သည်။ ထိုကောလိပ်ကလေးကို ရောက်စက သူမ စိတ်ကူးယဉ်ခဲ့သေးသည်။
ဒါထက် ပိုကျယ်ဝန်းဖို့ပဲလိုမည်။ အဆောက်အဦး ကောင်းကောင်းတွေ မရှိလျှင်နေပါစေ.... သစ်ရိပ် ၀ါးရိပ် ကောင်းကောင်းနှင့်ဆို.... ထိုကျောင်းကလေးက သူမ ကြားဖူးသည့် တဂိုးရဲ့ ရှန္တိနိကေတန်လို ဖြစ်လာနိုင်တယ်.....
သူမရဲ့ တပည့်လေးတွေကတော့ သူတို့နေရာလေးမှာ ပျော်နေကြသည်။ ဘာကိုမှလည်း ပိုမမက်မောကြ။ အဆောင်ထမင်းဟင်း မကောင်းလည်း ရယ်စရာလုပ်ပစ်ကြသူလေးတွေပါ။ နေ့လယ်ဗိုက်ဆာတော့ လက်ဖက်ရည် သောက်ပြီး ရေနွေးကြမ်းနှင့် စိမ်ကြ၏။
“ဗိုက်ဆာတဲ့အချိန် လက်ဖက်ရည်သောက်ရင် အတော်ပဲဆရာမရဲ့ ရင်ခံပြီး ဗိုက်ပြည့်သွားရော”
သူတို့နည်းနှင့်သူတို့ လောကဓံကိုလည်း ရင်ဆိုင်တက်ကြလေသည်။ ဘယ်လိုက ဘယ်လို ရသော အရည်အချင်း များလဲ....။ သိုနှင့်ပင် သူမပါ ကလေးတွေနှင့် တသားတည်း ကျစပြုလာကာ အရာရာကို ရောင့်ရဲ ရင်ဆိုင် တတ်လာတာ။

ဒါဟာ.... အညံ့ပဲ.... အရှုံးတစ်မျိုးပဲဟု တွေးမိသည့်ကြားကပင် သူမက အဲဒီရေစီးကြောင်းထဲ မျှောလိုက်ချင် လာခဲ့တာ။

+++++

စာသင်ခန်းထဲမှာ မှတ်စုကိုသာ လိုချင်သော ကလေးတွေများသော်လည်း လက်ဖက်ရည်ဆိုင်ထိုင်ကြ လျှင်တော့ဖြင့် သူမရဲ့ ကလေးတွေက သူမပြောသမျှ မြို့ပြအနာဂတ်တွေ၊ ကိုယ်ကျင့်တရားတွေ၊ ဖွံ့ဖြိုးခြင်းနှင့် တိုးတက်ခြင်းဆိုတာတွေကို စိတ်ဝင်စားကြသားပင်။ ဒါပေမဲ့.... အဲဒါကလည်း လူနည်းစုကလေးလေ။

နောက်တော့ ဝမ်းရေးဆိုတာလည်း ဆွေးနွေးဖူးသည်။ လွမ်းရေးလည်း ပါ၏။ ပြီးတော့ သူတို့လေးတွေဆီက “အိမ်မိုးဖက်” လှောင်တာ၊ မီးသွေးလှောင်တာ၊ မြေပဲလှောင်တာ တွေပင် သူက ပြန်လည် သင်ယူဖြစ်သေး။ စာသင်ရင်း ဆာလာသော ဝမ်းကိုဖြည့်ဖို့ သူမလည်း ‘ဖက်’ တွေ၊ ‘မြေပဲ’ တွေ လှောင်တတ်လာပြီ။ ငွေစက္ကူတွေ တွက်ချက်ရင်း စာဖတ်ချိန်နည်းနည်း လျော့လာသည်။ ဟော.... ငွေစက္ကူတွေ တွေ့တွေ့လာတော့လည်း အရင်က ငွေစက္ကူကြောင့်ပဲ ကျောခိုင်းချင်ခဲ့သည့် မြို့ပြဆီကို ပြန်ပြန်ပြေးချင် လာပြန်သည်။

တဖြည်းဖြည်းနှင့် သူမကိုယ်တိုင်ပင် အဆိပ်သင့်လာပြီ။ သည်လိုနှင့်ပင်... သူမက မြို့လေး ကို သိသိသာသာ အသုံးချနေခဲ့ပြီ။ မြို့ကလးကို စိုက်ပျိုးမည့်မိန်းမက မြို့ကလေးဆီမှ ရသလောက်ကို ရိတ်သိမ်းလျက် မြေသြဇာတွေကိုပင် ချက်ချင်းအသုံးမချဘဲ သိုလှောင်လို့သာ ထားနေခဲ့ပြီ။ အဲဒီ မြေသြဇာတွေ တချိန်တော့ အသုံးချမှာပေါ့....... တဲ့။

ခုတော့ဖြင့်......
မြို့ကလေးရဲ့ ရင်ခွင်ထဲမှာ ပန်းချီတွေရေး၊ ကဗျာ.... ဝတ္ထုတွေရေး၊ သီချင်းတွေဆို၊ တောင်တန်းများဆီ ပျံသန်းရင်း မြို့ကလေးဆီမှာ ငြိမ်းချမ်းသာယာမှုကို စုပ်မြို.... မြို့ကလေးကို အသုံးချခဲ့တာ။

ဘ၀တစ်ခုထဲမှာ အဆိပ်သင့်ခဲ့ဖူးသော မိန်းမတစ်ယောက်ကို မြို့ကလေးက အဆိပ်ပြေစေခဲ့ဖူးတာ ငြင်းဆန်မရ။

စိတ်ကူးအိပ်မက်တွေထဲမှာ ဖျက်ခနဲ လန့်နိုးလျှင်တော့ သူမက ရုပ်ပိုင်းမှာ တဖြည်းဖြည်း ဖွံ့ဖြိုးလာသော မြို့ကလေးကို စိတ်ပိုင်းအရပါ တိုးတက်လာအောင် ပြုစုဖို့ဆိုတာကို သတိရနေဆဲ...။
ခုတော့ဖြင့်....။

+++++

(သုံး)
သူ့ရဲ့ ပွေ့ပိုက်လက်တွေကြားမှာ
အချစ်တေးသွား ကျိုးအပဲ့တွေကတောင်
မြိုင်ဆိုင်သာယာကြရဲ့....
သူဘယ်လို ဖမ်းစားသလဲဟင် !
ဒုက္ခတွေကိုတောင် ချိုမြိန်စေတဲ့အားနဲ့
သူ့ရဲ့ပါးပြင် လမ်းသွယ်တွေထဲ
တိုးဝင်ရဲစေခဲ့တာ.....
အဲဒီ မြို့ကလေးအတွက် သူမ ကဗျာရေးဖြစ်တော့လည်း ထိုကဗျာက ကိုယ်တိုင် ရေးတာ မဟုတ်.... ‘မှော်’ တမျိုးက ရေးလိုက်သလို.... သူမရဲ့ လက်ဖျားတွေဆီမှ စာကြောင်းတွေ အလွယ်တကူ မျောကျသွားခဲ့ကြ၏။

တကယ်ပါ..... စိတ်ငြိမ်းအေးတရား တို့နှင့် ဝင်းပနေသော ထိုမြို့ကလေးမှာ ဒုက္ခတို့ကပင် ချိုမြိန်ကြ၏။ သိပ်စနစ်မကျလှသည့် ဘာသာရေးနည်းလမ်းတွေကပင် ထိုမြို့ကလေးကို ရောင့်ရဲအေးချမ်းအောင် ထိန်းကွပ်ပေးနိုင်တာဟာ မြို့ကလေးရဲ့ ပျော့ပြောင်းမှုကြောင့်ပင် ဖြစ်ပါလိမ့်မည်။
“ဘာမှ များများ မတွေးချင်ပါဘူး ဆရာမရယ်... ဂုဏ်သိက္ခာအတွက် ဘွဲ့တခုရဖို့ ကျနော်တို့ ကျောင်းလာတက် တာ၊ ကျောင်းပြီးရင်... လယ်ပဲ လုပ်မှာ.....၊ ကုန်ကားပဲ မောင်းမှာ....၊ ဆိုင်ပဲ ဆက်ထွက်ရမှာ....။”
အရင်းအနှီးမရှိသူတွေ၊ မိဘလက်ငုတ်လက်ရင်း မရှိကြသူတွေကတော့ “တောင်ပေါ်ပဲ သွားရမှာပဲ” တဲ့။(သူတို့က နယ်ခြားဒေသကို တောင်ပေါ်ဟု ခေါ်ကြသည်)

မြို့ကလေးဆီမှာ တခါတခါတော့ ထိုသို့ သူမ အသက်ရှုရ ကျပ်တတ်သည်။ အဲဒီအခါ မှာတော့ အရှိန်ပြင်းပြင်း စီးဆင်းတတ်သည့် သံလွင်မြစ်ရေတွေကို သွားငေးနေလိုက် ရတာပါပဲ။ သူမကိုယ်စား စီးဆင်းသော မြစ်ရေတွေ အလျဉ်မပြတ် အင်တိုက် အားတိုက်။ အဲဒီ မြစ်ရေတလျှောက်မှာ ရင်ထဲက ဆဲရေးသံတွေ ပါပါသွားရတာ မကြာခဏ။

နောက်တော့ သူမကိုယ်တိုင် စကား နည်းနည်းလာသည် (မြို့ကလေးက လူတွေလိုပဲ)။ သံလွင်မြစ်၏ ရေစီးသံ ကတော့ တဖြည်းဖြည်း ပိုပို ကျယ်လောင်လာသလိုပင်။

.........................
မြကျွန်းညိုညို ကွန်းခိုရာ တက္ကသိုလ်မှာဆို
စာပေဂီတနဲ့သာ အနုပညာ အစစမှာလည်းစုံ.......
ဟော..... စာရှင်းပြလျှင် အိပ်ငိုက်တတ်သော ကလေးတွေက ပျော်ပွဲရွှင်ပွဲတွေ၊ အားကစားပွဲတွေမှာတော့ လှုပ်ရှားတက်ကြွကြလေသည်။ စိတ်မသက်မသာ ဖြစ်သည့် ကြားမှပင် ဒါဟာလည်း စည်းရုံးရေး လက်နက်တမျိုးပဲဟု တွေးကာ..... သူမက ကလေးတွေထဲ ကျွမ်းကျွမ်းဝင်ဝင် တိုးဝင်သွားရတော့သည်။ ကလေးတွေနှင့် အတူ လိုက်ပါရယ်မောပျော်ရွှင်။ သံယောဇဉ်တွေ စိုက်ပျိုးဖြစ်၊ အဲဒီ သံယောဇဉ်တွေကို ရင်းလို့ သူတို့ကလေးတွေကို သင်ကြားမည်ပေါ့။ ထိုရက်တွေမှာ ငယ်ငယ်က ကြည့်ဖူးသော “ဖက်ဖူးရောင်” ရုပ်ရှင်ကားထဲက သရုပ်ဆောင် ဇော်လင်းရဲ့ နေရာကို ခဏ ခဏ သတိရသည်။ ကလေးတွေနှင့်အတူ အရာရာလိုက်ပါ ခံစား....။ ထမင်းငတ်တာ၊ အချစ်ငတ် တာ၊ ရုပ်ဝတ္ထုပစ္စည်း ငတ်တာ၊ ဘဝငတ်တာ...။ ကိုယ်တိုင် ငတ်ခဲ့ဖူးသမျှကိုပင် ကလေးတွေ အားကိုးနှင့် ကုစားမိသေး၏။

အဲဒီမှာ “ကျောင်းနေပျော်၍ စာတော်ရမည်” ဟူသော ဆောင်ပုဒ်ကို အိပ်မက်ဆဲ။ မြို့ကလေးထဲမှာ တစ တစ နစ်ဝင်....။ အဲဒီ အခိုက်အတန့်လေးမှာပဲ ဘဝထဲကနေ အသာခိုးကြည့်မိတုန်း တွေ့လိုက်ရသော “အချစ်” ဆိုတာကို မြို့ကလေး ရင်ခွင်ထဲမှာ.... လက်ခံလိုက်မိတာ... မြို့ကလေးနဲ့ ပတ်သက်သမျှမှာ သူမရဲ့ အကြီးဆုံးသော အပြစ်လည်း ဖြစ်ပါသည်။ အဲဒီရဲ့ နောက်မှာတော့ သူမက မြို့ကလေးကို ရေလောင်း ပေါင်းသင်ဖို့ မေ့၊ မြေသြဇာကျွေးဖို့ မေ့၊ တပည့်ကလေးတွေနဲ့ အပြိုင်ပင် မိုက်မဲနေခဲ့ပြီ။

တပည့်မလေးတွေက....
“မိုးရွာမယ်ဆိုရင်လေ သည်းလိုက်စမ်းပေါ့ကွယ်
ခြိမ်းပြီးတော့မှ မရွာရင်
မျိုးပင်ပျိုငယ်တွေကို ပျိုးမယ့် ရာသီမို့
မျှော်နေစဉ် သွန်းဖြိုးလိုက်ဦး"
ဟု ဆိုညည်းတော့ သူမသည် ကလေးတို့နှင့် အတူ ရွာမယ့်မိုးကို မျှော်ခဲ့တာ....။
နောက်တော့ ကောင်လေးတွေက......
“ပန်းချစ်သူ တို့လက်နဲ့ကွယ်.... ခူးဆွတ်ဖို့ စိုးရွံ့လို့နေတယ်”
လို့ ဆိုပြန်တော့လည်း စိတ်မကောင်းဖြစ်ကာ သူကလေးတို့အကြားမှာ မိုးရွာစေချင်.... ပန်းကြွေစေချင်ခဲ့တာ။ သူမကိုယ်တိုင်ကပင် မရင့်ကျက်နိုင်ခဲ့တာလား။ တကယ်ဆို ဘဝက အသက်နှင့် မမျှ.. နာခဲ့ဖူးသူဖြစ်လျက်နှင့်။

ည ည... ကျောင်းရှေ့လက်ဖက်ရည်ဆိုင်ကလေးမှာ တပည့်တွေနှင့်အတူ ခင်ဝမ်းတွေ၊ ခင်မောင်တိုးတွေ၊ ချစ်ကောင်းတွေ၊ မာရဇ္ဇတွေ၊ ထူးအိမ်သင်တွေ၊ ဇော်ဝင်းထွဋ်တို့နှင့် စီးမျော.....။

ပြီးတော့ အဲဒီလက်ဖက်ရည်ဆိုင်လေးရှိရာ အဝေးပြေးလမ်းမရဲ့ ကြယ်စုံည ကောင်းကင်ကို မော့ကြည့်လွမ်းဆွတ်ရင်း ဗုဒ္ဓဒိုင်ယာရီတွေ၊ ဓမ္မပဒတွေ၊ The Lord Comes တွေလည်း ပြောခဲ့ ငြင်းခဲ့ကြ.....။ ဒါတွေ မြို့လေး သိလိမ့်မည်။ သူ့ပါးပြင်ပေါ်မှာ သောသောညံ ခဲ့သော စကားဝိုင်းတွေလေ။ တရက်ရက်မှာတော့ သူမရဲ့ စာသင်ခန်းထဲက ကလေးများစွာကိုလည်း ပြောပြချင်သေးသည်။ တနေ့နေ့တော့ အခွင့်ကြုံရမည်ဟု သူမ မျှော်စောင့်ခဲ့တာ....။ ရောင်စုံအိပ်မက်တွေလည်း မက်ရင်းနဲ့ပေါ့။

+++++

(လေး)

ခုလို မမျှော်လင့်ပဲ သူတို့လေးတွေနှင့် အချိန်မတိုင်မီ ခွဲရလိမ့်မည်ဟု သိလျှင် သူမ အချိန်ဆွဲဖြစ်ခဲ့လိမ့်မည် မဟုတ်ပါ။
ခုတော့....
မြို့ကလေးရဲ့ အလှထဲ နစ်မျောခဲ့ဖူးသမျှ....
ချစ်သူနှင့်အတူ မြို့ကလေးကို အသုံးချ ရွှင်ပျခဲ့သမျှ.....
ငွေစက္ကူတွေ ရေတွက် အချိန်ကုန်ခဲ့ဖူးသမျှ......
ကလေးတွေအတွက် နိဒါန်းပျိုးနေခဲ့သမျှ.....
အချိန်တွေ.... အချိန်တွေ.....

ခုတော့.....
ပြန်ယူလို့ မရတော့ပြီ။
ခုတော့.... တကယ့်ကို ဗြုန်းခနဲ သူတို့ကို ခွဲလိုက်ရပြီ။
တွဲလက်တွေ.... ပြေလျော့
မီးတွေ မှိတ်......
တံခါးရွက်တွေ ပိတ်....
တေးသံတွေ တိတ်.....
ခေါင်းလောင်းသံတွေ တိတ်.....
.......ပြန်းနှိုးဖို့ မဖြစ်နိုင်ဘူးလား......။

“ပြောင်းရွှေ့တာဝန် ထမ်းဆောင်ခွင့်”ဆိုတာကို ရုပ်သိမ်းဖို့ဆိုတာလည်း စိတ်ကူးယဉ်ဆန်လှဘိသည်။ ခုတော့... သူမ၏ လက်အစုံတို့က တဆတ်ဆတ် တုန်ယင်... အားပျော့။
တခါကတော့ ဒီလက်တွေနဲ့ ပန်းတွေ ပွင့်စေခဲ့ဖူးပါတယ်။
တံခါးရွက်တွေ ဖွင့်ခဲ့ဖူးပါတယ်။
ခုတော့..... အားလုံး ငြိမ်သေ။
“အချိန်နဲ့ ဒီရေသည် လူကို မစောင့်”.. တဲ့။ သိပ်ကို ဟောင်းနွမ်းနေပြီဖြစ်တဲ့ ဆိုရိုးကို ခုကျတော့သူမက တတွတ်တွတ် ရေရွတ်နေမိပြီ။

ခုတော့ .... သူမကို ဘယ်လို အရာကမှ မစောင့်တော့ပြီ။

မြို့ကလေးဆီမှ လောဘတကြီး ရိတ်သိမ်းခဲ့သမျှ သူမ ဘာမှ မယ်မယ်ရရ ပြန်လည် စိုက်ပျိုး မပေးလိုက်ရ သေးခင် ဘာတခုမှ အသစ်မွေးဖွား၊ တည်ထောင် မပေးရသေးခင်..... မြို့ကလေးကိုပါ.... သူမ ထားခဲ့ရတော့ မည်။

မြို့ကလေးကို ကုပ်တွယ်ဖက်နှောင်ခဲ့တဲ့ လက်ချောင်းတွေကို တကယ်တော့ ကံကြမ္မာ ဆိုတဲ့ အရာက ဆွဲဖယ် ဖြေလျှော့ပစ်ခဲ့တာပါ။

ကြည့်ပါဦး.....
အဲဒီမြို့ကလေးကို ကျမ တကယ်ချစ်ခဲ့... စေတနာထားခဲ့ပါတယ်... ဟု ရေရွတ်ရင်း သက်သေပြခွင့်မှ မရသေး ခင်.....မြို့ကလေးရဲ့ အသည်းနှလုံးဆီမှာ ပျိုးပင်ပေါက်လေးတွေကို အချိန်မတန်ခင်မှာပဲ ပစ်ထားခဲ့ရပြီ။ ထိုအတွက် သူမ စိတ်မလုံပါ။
သူမ မြေသြဇာကျွေး နှောင့်နှေးခဲ့တာ.......
ရေလောင်း ပေါင်းသင် နောက်ကျခဲ့တာ....
ပြီးတော့....
မြို့ကလေးကို အသုံးချလို့.... ချစ်သူနှင့် သာယာခဲ့၊ ကြေမွဘဝထဲကနေ လွင့်မျောလွတ်လပ်ခဲ့.......
အဲဒီ မြင်ကွင်းတွေက ခုချိန်မှာ သူမရဲ့ ညညတွေကို ခြောက်လှန့်ကြ၏။ သူမ နှစ်သက်ခဲ့ဖူးသော အမေရိကန်ရုပ်ရှင်တွေထဲက ဗီယက်နမ် စစ်ပြန်တွေရဲ့ ခြောက်အိပ်မက် တွေလိုပဲ.....။
ရယ်မော ပျော်ရွှင်နေသော ကလေးတွေ.....
ရယ်မော ပျော်ရွှင်ခဲ့သော သူမ....
ရယ်မော ပျော်ရွှင်ခဲ့သော နေ့ရက်များ.....
အဆိပ်တွေ မဟုတ်ခဲ့သော်လည်း အားဆေးတွေလည်း မဟုတ်ခဲ့။
သေချာသည်က သူမ ချို့ယွင်းခဲ့သည်၊ အားပျော့ခဲ့သည်၊ ညံ့ခဲ့သည်၊ အပြစ်ရှိခဲ့သည်။
ထိုအခါ သူမ၏ ခြောက်အိပ်မက်တွေရဲ့ နောက်ခံသီချင်းမှာ “ဝေးခဲ့ပြီ ပန်းခရမ်းပြာ” ဖြစ်သည်။ ကလေးတွေက ဆွေးဆွေးမြေ့မြေ့ ဆိုလို့။
ဝေးခဲ့ပြီ ပန်းခရမ်းပြာရေ.... တခါတရံမှာ အိပ်မက်လို
တိမ်ညိုညိုရိပ်တွေ မြမြက်စိမ်းစိမ်းတွေ.....
ဘယ်ဆီမှာလဲ မသိတော့ပါ....
ဝေးခဲ့ပြီ...... ဝေးခဲ့ပြီ.... ဝေးခဲ့ပြီ.... ဝေးခဲ့ပြီ.....ဝေး.......

သီချင်းသံက သူမ ထံပါးမှာ မဆုံးနိုင်အောင်ဘဲ ပဲ့တင်ပြန်လျက်။

+++++

ကြေကြေကွဲကွဲ

နောက်ဆုံးတော့.....
အဲဒီ မိန်းမသည် မျက်ရည်ပင် မကျနိုင်တော့လောက်အောင် ပင်ပန်းဆို့နင့်စွာ ကျောင်းရှေ့မြေပြင်မှာ သူရူးတယောက်လို ဒူးထောက်ထိုင်ချလိုက်သည်။ သဲမြေမွမွကလေးက နူးညံ့လို့။ ပူနွေးလို့။ မြေတွေကို လက်ဖဝါးနှင့် ဖွဖွကျုံးယူတော့ အဲဒီ မြေမှုန့်တွေနှင့်အတူ တချိန်တုန်းက တပည့်လေးတွေရဲ့ ခြေလှမ်းတွေပါ ပါလာသည်ဟု ထင်နေမိသည်။ ဒီမြေမှုန့်တွေဟာ မြို့ကလေးကို ကိုယ်စားပြုကြတဲ့သူလေးတွေရဲ့ ခြေဖဝါးအောက်က မြေတွေပါ....။

သူမသည် မြေတွေကို တယုတယထွေးပွေ့လိုက်၏။
“တတ်နိုင်သလောက် တာဝန်ကျေခဲ့ပေမဲ့ ရည်ရွယ်မျှော်လင့်သလောက် မပေးနိုင်ခဲ့တဲ့ မဖြူစင်နိုင်ခဲ့တဲ့ မိန်းမတယောက်ကို နားလည်ခွင့်လွှတ်ပေးကြပါ”
(မျက်လုံးတို့ကို စုံမှိတ်လိုက်တော့ ပူနွေးသော မျက်ရည်တို့အကြားမှာ ပြန်မရနိုင်တော့သော မြို့ကလေးရဲ့ အတိတ်ထဲက မူးမူးရီရီ ငိုကြွေးနေသည့် ကိုယ့်ကိုယ်ကို တွေ့ရသည်)။
ထိုအခိုက်မှာပင် လိပ်ပြာလေးတကောင် သူမ ပခုံးကို တွန်းတိုက်လျက် ပျံထွက်သွား၏။ ထိုလိပ်ပြာလေးကတော့ဖြင့် ဖြူလွလွကလေး ဖြစ်လေသည်။
+++++

မေငြိမ်း
(၁၉၉၇-မေ ၊ ၂၀၀၀- ဇန္နဝါရီ)






Dec 24, 2008

မင်းသားကြီး ထွန်းထွန်းနိုင်အတွက် အမှတ်တရ ၀မ်းနည်းခြင်း


ရုပ်ရှင်မင်းသားထွန်းထွန်းနိုင်(ဒါရိုက်တာနောင်ထွန်းလွင်)ကို ကျမ စသိတာက ဖက်ဖူးရောင် ရုပ်ရှင်ကား။ ဒါရိုက်တာ ထွန်းမြင့်ထွန်း ရိုက်ကူးပြီး တက်သစ်စ သရုပ်ဆောင်တွေပါပြီး သရုပ်ဆောင်တွေက တော်ကြတယ်လို့ နာမည်ထွက်တာမို့ ငယ်ငယ်လေးကတည်းက ကြည့်ဖြစ်ခဲ့တဲ့ကား။ အဲ့ဒီကားမှာ ခင်သီတာထွန်း၊ ပပလင်း၊ ထွန်းထွန်းနိုင်၊ ထွန်းထွန်းဝင်းတို့ကို ရုပ်ရှင်မင်းသားဇော်လင်းနဲ့ တွဲကြည့်ခဲ့ရတာပါ။ အဲဒီတုန်းကတည်းက ထွန်းထွန်းနိုင်က မြန်မာရုပ်ရှင်သမိုင်းထဲမှာ အထင်ကရဖြစ်တဲ့ ဒါရိုက်တာရွှေဒုံးထွန်းလွင်ရဲ့ သားလို့လည်း သိထားခဲ့ပါတယ်။ ရုပ်ရှင်သူတို့တွေ သရုပ်ဆောင်အသစ်ပေမဲ့ မဆိုးဘူးလို့ ဖေဖေ မှတ်ချက်ချတာလည်း မှတ်မိနေပါတယ်။ အဲဒီတုန်းက ကျမတော်တော် ငယ်ငယ်လေး။ နောက်ပိုင်း မှတ်မှတ်ထင်ထင်ရှိတဲ့ အချိန်တွေရောက်လာတော့ ထွန်းထွန်းနိုင် ဆိုတာက ရုပ်ရှင်တွေအများကြီး ရိုက်ရတဲ့ ဇာတ်ပို့ကောင်းတယောက် ဖြစ်နေပြီ။ နောက်တော့ အဖေဖြစ်သူ ဒါရိုက်တာရွှေဒုံးထွန်းလွင်ရဲ့ဗီဇအမွေကို ဆက်ခံလို့ ရုပ်ရှင်ဒါရိုက်တာ လုပ်လာပါတယ်။ ဒါရိုက်တာအဖြစ်နဲ့လည်း ရုပ်ရှင်တွေ တော်တော်များများ ထွက်လာပါတယ်။

သူ့ကို ကျမ လူချင်းဆုံဖူးတာ သုံးလေးခါလောက်ပဲ ရှိမယ်ထင်ပါတယ်။ ရုပ်ရှင်ကန်တော့ပွဲမှာ (ဘယ်ပွဲလဲတော့ မမှတ်မိပါ)။ နောက် ၃၃လမ်း ၃၅လမ်းမှာ။ သူရယ် ကိုညီညီ (ညီညီထွန်းလွင်)ရယ်.. အလုပ်ကိစ္စနဲ့လာရင်း လေထန်ကုန်းဝင်ထိုင်.. လက်ဘက်ရည် ၀င်သောက်တာမျိုးဖြစ်မှာပါ့။ ထွန်းထွန်းနိုင်ရဲ့ ထူးခြားမှုတခုက မျက်နှာအေးတာပါ။ လူဆိုး လုပ်ဖို့ ခက်တဲ့ မျက်နှာ။ ပြီးတော့ သူရယ်ရင် မျက်လုံးတွေကပါ ရယ်တာမို့ စိတ်ကောင်း နှလုံးကောင်းရှိတဲ့ မျက်နှာ။ ဒါကြောင့်ပဲထင်ပါရဲ့.. သူ့ဆို လူကောင်းသူကောင်း နေရာမှာပဲ သရုပ်ဆောင်ရလေ့ရှိတာ သတိထားမိပါတယ်။ သူက တွေ့သမျှ သူနဲ့ မျက်နှာချင်း ဆိုင်မိတဲ့လူတွေကို ပြုံးပြတတ် တယ်။ ကျမနဲ့လည်း အဲလို ပြုံုးပြနှုတ်ဆက်ပေါ့။ ကျမကို နာမည်နဲ့တောင် တွဲသိချင်မှ သိမှာပါ။ ကျမပြောချင်တာက သူဟာ စက်မှုတက္ကသိုလ်ဆင်း အောင်မြင်တဲ့ ရုပ်ရှင် သရုပ်ဆောင်တယောက်ဖြစ်ပေမဲ့ မာန်မာနမရှိဘဲ ဖော်ရွေအေးချမ်းတဲ့ စိတ်နှလုံး သဘောထား ရှိတယ် ဆိုတာကို ပြောချင်တာပါ။ ပြီးတော့ သူယုံကြည်မြတ်နိုးရာာ ရုပ်ရှင်နယ်ပယ်ထဲ စွဲစွဲမြဲမြဲ.. သရုပ်ဆောင်နဲ့ ဒါရိုက်တာအဖြစ် နှစ်ပေါင်းများစွာ ရပ်တည်နေခဲ့.. ရပ်တည်နိုင်ခဲ့တာ။ ဒါဟာ သူကျင်လည်ရာ လောကအတွက် တန်ဖိုးတခု.. မှတ်တိုင်တခုလည်း ဖြစ်ပါတယ်။

+++++

၂၀၀၇ ထဲက ဇွန်လလောက်မှာ ကျမ online ကနေ မောင်လေးတယောက် ကောက်ရပါတယ်။ Blogging ကိစ္စတွေ မေးကြ မြန်းကြ ဆွေးနွေးကြ..။ နောက်တော့ သူ့ကို မင်းသားကြီး ထွန်းထွန်းနိုင်ရဲ့ သားလို့ သိတော့ စိတ်ထဲ ပိုရင်းနှီးသွားသလို ဖြစ်မိသေး။ သူကလည်း သူ့အဖေလိုပဲ စိတ်နှလုံး တကယ်အေးတဲ့ကလေးပါ။ ကျမက တစုံတယောက်ကို အပြစ်တင်တာမျိုး စိတ်ကွက်တာမျိုး စိတ်တိုတာမျိုး ဖြစ်တိုင်း သူက အကောင်းမြင်နဲ့ ကျမကို နှစ်သိမ့်တတ်ပါတယ်။ သူ့ကို ကျမက သူ့အိမ်နာမည် သားကြီးလို့ပဲ ခေါ်ပါတယ်။ သူကလည်း သူ့ထက် ၁၀နှစ်လောက်ကြီးတဲ့ ကျမကို မကြီးလို့ပဲ ခေါ်ပါတယ်။ ဒီလိုနဲ့ သူနဲ့ကျမ တကယ့်မောင်နှမတွေလို ဖြစ်သွားပါတယ်။ ကျမမှာ သူနဲ့ ပတ်သက်ပြီး ညီမလေး စနိုးကိုပါ ချစ်ရ။ အဲလိုနေခဲ့ကြတာ.. ခုထိပဲ..။ သူကတော့ Blogger မျိုးချစ်မြန်မာပေါ့။ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးမှာ စိတ်ထိခိုက်ပြီး အလုပ်ပျက်အကိုင်ပျက် အအိပ်အစားပျက်လောက်အောင် ဘလော့မှာ အချိန်ကုန်ခံပြီး အလုပ်တခုလို ကြိုးကြိုးစားစားလုပ်တာကြောင့် သူ့လက်ရှိအလုပ်ကနေတောင် ပြုတ်သွားရတဲ့ သူပေါ့။

+++++

ရုပ်ရှင်မင်းသားထွန်းထွန်းနိုင်ဆုံးပြီလို့ သတင်းရတော့ ကျမ ချက်ချင်းပဲ သားကြီးအတွက် စိတ်မကောင်း ဖြစ်သွားပါတယ်။ သူက တစ်ဦးတည်းသားမို့လားမသိ.. မိဘကို ချစ်တဲ့အပြင် ကျမတို့လို အစ်မအရွယ် တွေကိုလည်း သံယောဇဉ်ဖြစ်တတ်တဲ့ ကလေးပါ။ ဒီတော့ သူ့ခမျာ သူ့အဖေကို သိပ်ချစ်ရှာတာ။ အမေက သူ့အနားရှိနေပေမဲ့ အဖေက အဝေးမှာမို့ အမြဲ တလွမ်းလွမ်း ရှိနေတာ။ တလောက အမေ နေမကောင်း တော့လည်း သူ့ခမျာ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ။ ခုတော့ ဗြုန်းစားကြီး အဖေဆုံးရပြီ။

(ဦး)ုထွန်းထွန်းနိုင်က ခုမှ ၅၇နှစ်တောင် မပြည့်သေးဘူးတဲ့။ အဲဒီအခါ ကျမ လွန်ခဲ့တဲ့ ၈နှစ်က ကွယ်လွန်ခဲ့တဲ့ ကျမအဖေကိုပါ သတိရသွားပါတယ်။ ဖေဖေဆုံးတုန်းကလည်း အသက်က ၅၆နှစ်ကျော်ရုံ။ တကယ်ဆို နောက်ထပ်အကြာကြီးနေလို့ ရသေးတဲ့ အရွယ်ပါ။ တကယ်ပဲ.. စောလွန်းပါတယ်။ တကယ်ဆို... သူလုပ်ချင်တဲ့ အလုပ်တွေအများကြီး လုပ်နိုင်ဦးမှာ...။ ခုတော့...။

ဆရာတင်မိုးစကားပဲ ငှားသုံးရပါဦးမယ်... ချစ်သောသူတို့ အသက်တိုကြ၏.. ဆိုတာ....။

မေငြိမ်း
၂၃ဒီဇင်ဘာ၂၀၀၈မှာ ကွယ်လွန်သော ရုပ်ရှင်မင်းသားကြီးထွန်းထွန်းနိုင်(ဒါရိုက်တာ နောင်ထွန်းလွင်) (ဘလော့ဂါ မျိုးချစ်မြန်မာရဲ့ ဖခင်ကြီး)အတွက် အမှတ်တရ။


Dec 23, 2008

မြသီလာအလွမ်းပြေ(၂၇)

၉၆ ဟာ ကျမဆီကို တကယ်ပဲ ကဆုန်ပေါက် ဒုန်းစိုင်းရောက်လာတဲ့ နှစ်ပါပဲ။
၉၆ဧပြီမှာ ဒေါ်ခင်မင်းဇော် မင်္ဂလာပွဲပြီးတော့ နွေပိတ်ရက်မို့ ၁၀တန်းစာစစ်ကလည်း မပြီးသေးတာမို့ ကျမ ဘားအံ မပြန်ဖြစ်..။ အဲဒီနွေမှာပဲ ပါပါ ပင်စင်ယူလို့ ကျမအင်မတန်ချစ်တဲ့ စွယ်တော်ရိပ်ကို စွန့်ရပြန်ပါတယ်။ စွယ်တော်ရိပ်ထဲက ခမ်းနားလှတဲ့ လုံးချင်းအိမ်ကြီးကနေ ရွှေ့ရပြီးတဲ့နောက် အဲဒီအချိန်မှာ ပင်စင်စား ပါမောက္ခကြီးခမျာ အိမ်ပိုင်မရှိ.. အိမ်ဝယ်စရာငွေကြေးလည်း မရှိတော့တဲ့အတွက် ပြောင်းနေဖို့ ရွေးလိုက်တဲ့ အိမ်ကလေးကတော့ တက္ကသိုလ်ရိပ်သာလမ်းပေါ်က ပုဂံခြံဝင်းလို့ခေါ်တဲ့ ၀န်ထမ်းအိမ်ရာဝင်းလေးထဲက သစ်သားအိမ်လေးပါ။ ပုဂံလမ်းမှတ်တိုင်နောက် ခြံဝင်းထဲက တန်းလျားအိမ်လေးတွေပေါ့။ ကျောင်းဝန်းကျင်ဆီ ကနေတော့ ဝေးမသွားသေးပါဘူး။ ပြီးတော့ သားကို TTC မှာ ကျောင်းထားဖို့ ဆိုရင်လည်း သွားရေးလာရေး အဆင်ပြေတယ်။ ကျမကတော့ ရန်ကုန်ကို ခဏပြန်တဲ့ အခိုက်ဆို ပါပါတို့ မာမာတို့နဲ့ တည နှစ်ည အိပ်လိုက်.. မြို့ထဲက အဖေအမေအိမ်မှာ အိပ်လိုက်ပေါ့။ ကျမဘ၀ ဘာမှန်းကို မသေချာတဲ့အချိန်။ ဘ၀ထဲ တကယ့် အနာဂတ်သေနဲ့။ အဲဒီကာလမှာတုန်းက ကျမရဲ့ ဘ၀ဆိုတာက သားအတွက်နဲ့ တပည့်တွေအတွက်.. ပြီးတော့ ကျမရဲ့ ရှိစုမဲ့စု စာဖတ်ပရိသတ် အနည်းအကျဉ်းလေးအတွက်.. ဒါပါပဲလို့ ရေစုန် မျှောထားတဲ့အချိန်..။

အဲဒီ မေလဆန်းမှာပဲ "အသံသစ်ပြတိုက်" ထွက်ခဲ့ပါတယ်။ ကျမ ထွက်ခဲ့သမျှ စာအုပ်တွေအကုန်.. best seller မဖြစ်ခဲ့ပေမဲ့ ကျမ ချစ်တာချည်း.. ကျေနပ်တာချည်းပါ..။ ဒါပေမဲ့ အဲဒီထဲမှာ အသံသစ်ပြတိုက် မပါပါဘူး။ ဒါကြောင့် ကျမကို အသံသစ်ပြတိုက်ကျမှ သိတယ်လို့ ပြောလာရင် ကျမ စိတ်မကောင်းဖြစ်တတ်ပါတယ်။ ဘာလို့လဲဆိုတော့ အသံသစ်ပြတိုက်ကို ထုတ်ဖို့ Today စာအုပ်တိုက်နဲ့ ကျမနဲ့ ဇော်ဝင်းထွဋ်နဲ့ ညှိခဲ့ကြတာ ဒီပုံစံ မဟုတ်ပါဘူး။ ဓာတ်ပုံတွေဆို Four color နဲ့ Dual tone နဲ့ တကယ့် ကဗျာဆန်ဆန်.. အနုပညာဆန်ဆန်..။ သုံးမယ့် စက္ကူကလည်း အကောင်းစား.. တချို့နေရာတွေမှာ Art Paper တွေ သုံးမယ်ပေါ့။ ကျမနဲ့ ကိုညီထွဋ်ရယ် မမေခိုင်ရယ်.. သေချာကို အချိန်ပေး.. ဓာတ်ပုံတွေ ရွေး စိတ်ကူးကြ..။ ကျမကလည်း စာကို အတ္ထုပ္ပတ္တိ မဆန်အောင် လေးလေးလံလံကြီး ဖြစ်မနေအောင်.. ပုံစံ သွက်သွက်လေးနဲ့ ရေးဖို့ ကြိုးစား။ ပြီးတော့ ဇော်ဝင်းထွဋ်ဆိုတာက ကိုယ်အင်မတန်ကြိုက်တဲ့ အဆိုတော်ဆိုတော့ သူနဲ့ ပတ်သက်တာကို သေချာ လုပ်ချင်တယ်။ ဒါဟာ တကယ့်မှတ်တမ်းလေးတစ်ခုလည်း ဖြစ်မယ်ပေါ့။

ဘာပဲဖြစ်ဖြစ်.. ဇော်ဝင်းထွဋ်ဟာ မြန်မာပြည် Rock ဂီတရေစီးကြောင်းရဲ့ မြစ်လက်တက် တခုတော့ ဖြစ်တယ်။ လမ်းဖြစ်အောင်ဖောက်ခဲ့ရသူတွေထဲက တယောက်လည်း ဖြစ်တယ်။ ခေတ်အခြေနေကြောင့် Copy သီချင်းတွေသာ ဆိုခဲ့ရပေမဲ့ အဲဒီ Copy သီချင်းထဲ Mood အပြည့်ထည့်ပြီး ကြိုးစားဆိုတဲ့သူ..။ နောက်တချက်က ဇော်ဝင်းထွဋ်ဆိုတာက စာဖတ်တဲ့ ပန်းချီဆွဲတဲ့ အသစ်ဖန်တီးချင်တဲ့ ပရိသတ်အတွက် အကောင်းဆုံးကို ပေးချင်တဲ့ အနုပညာသမား...။ နောက် ၈၈နောက်ပိုင်းမှာ ကောင်းကင်မေမေ.. မျိုးဆက်သစ်သီချင်း.. အသစ်ကပြန်စ... ဂန္ဓ၀င်စိမ်းတွေနဲ့ လူငယ်တွေကို သွေးနွေးစေခဲ့တဲ့သူလေ။ ပြီးတော့ ကျမက Rod Steward ကို ကြိုက်တဲ့သူပီပီ.. ကိုညီထွဋ်ကိုလည်း ကြိုက်တဲ့သူမို့ သူ့အကြောင်း ရေးချင်တာလည်း ပါပါတယ်။ သေချာတာ ကတော့ သူ့ခေတ်တခေတ်လည်း ဖြစ်နိုင်ခဲ့တဲ့ အနုပညာသမားတယောက်အကြောင်းကို သေသေချာချာ ရေးချင်တာပါပဲ။

ဒီတော့ စာအုပ်လေးကိုလည်း လှလှလေး ဖြစ်စေချင်တယ်..။ အဲဒီစာအုပ်လေးရေးဖို့ ကျမ သူတို့မိသားစုနဲ့ အတူသွား အတူစား အတူအိပ် ခရီးထွက်သမျှ လိုက်.. Show တွေ လိုက်... အဲလို အချိန်ပေါင်းများစွာ နေခဲ့ပြီးမှ ရေးရတာ။ ကျမတို့တွေက ခေတ်အတူတူ ဖြတ်သန်းခဲ့ရတဲ့ သူတွေဖြစ်တဲ့အပြင် ဖြတ်သန်းနေထိုင်ခဲ့ကြရတဲ့ ၀န်းကျင်ကလည်း အတူတူ.. ပြီးတော့ သိဟောင်းကျွမ်းဟောင်းတွေလည်း ဖြစ်လေတော့ ပိုပြီး ရင်းရင်းနှီးနှီး ရှိတာပေါ့။ ညနက် Stage show က ပြန်ရင်လည်း ကျမတို့ သားအမိကို ကြုံတဲ့သူက လိုက်ပို့ပေးရတာလေ..။ (ပတ်ဝန်းကျင်က ကျမကိုပြောတဲ့အထဲ အဲဒါကလည်း ပါပါတယ်။ ကျမက လမ်းသူရဲတွေနဲ့ တရုန်းရုန်းတဲ့လေ..)။ အဲဒီ စာအုပ်အတွက် ကျမ အချိန်တွေ အများကြီး ပေးခဲ့ရတာပါ။

(အဲဒီတုန်းက မေငြိမ်း၊ဇော်ဝင်းထွဋ်+မေခိုင်)

တကယ်တော့ ရတဲ့ စာမူခက နည်းနည်းလေးပါ။ ကျမကသာ သေချာလုပ်ချင်လို့ ရေးချင်လို့ ရေးခဲ့တာ..။ ဒါပေမဲ့ တကယ်တမ်း စာအုပ်ထွက်လာတော့ တကယ့် တလွဲ.. ။ စက္ကူ အမျိုးအစားက အစ.. စာအုပ်အပြင်အဆင် အထိ...။ အဆိုးဆုံးကတော့ စိစစ်ရေးက ဖြုတ်တဲ့ စာပိုဒ်တွေကို ကျမကို အသိမပေးခဲ့တာပါပဲ။ ဥပမာ ဇော်ဝင်းထွဋ်တို့ Emperors က အဲဒီတုန်းက ဆံပင်ရှည်ကြီးတွေနဲ့.. ဆိုတော့ ဘာလို့ ဆံပင်ရှည် ထားကြတယ်ဆိုတာတွေကို တယောက်ချင်း မေးထားတဲ့ အမေးအဖြေတွေပေါ့။ သူတို့ဖြေကြတာတွေ သိပ်ကောင်းတာပဲ..။ ဒါပေမဲ့ အဲဒါတွေ အဖြုတ်ခံရတယ်။ ဒီတော့ တချို့နေရာတွေမှာ အကြောင်းအရာတွေက ဟကုန်..။ စာအုပ်ထွက်ပြီးမှပဲ ကျမ အဲဒါကို သိရတယ်။ တကယ်ဆို ဖြုတ်ခံရတဲ့ စာပိုဒ်တွေကို ကြိုသိရင် ရှေ့နဲ့နောက် လှလှပပဖြစ်အောင် ပြန်ပြီး ချိတ်ဆက်လို့ ရတာပေါ့။ အဲဒီ စာအုပ်မိတ်ဆက်ပွဲမှာတောင် အဲဒီ စိတ်ပျက်ရမှုကို ပြောဖြစ်ခဲ့ပါသေးတယ်။

(ရှေ့ဖုံး- အီတိုးလေး)

(နောက်ဖုံး)

ဒါကြောင့် ကျမ ပြန်မတွေးချင်တဲ့ မေ့ပစ်ချင်တဲ့ စိတ်ဝေဒနာတခုထဲမှာ အသံသစ်ပြတိုက်လည်း ပါပါတယ်။ အင်း ဒါပေမဲ့ 'အသံသစ်ပြတိုက်'ကြောင့် နောက်ပိုင်းမှာ လူငယ်တွေရဲ့ လက်ခံမှုကို ပိုရလာပြီး လူငယ်တွေနဲ့ ပိုနီးစပ်သွားခဲ့ရတာကတော့ ကျမရဲ့ တက္ကသိုလ်ဆရာမဘ၀မှာ တန်ဖိုးတခု ရှိခဲ့တယ်လို့တော့ ပြောရမှာပါလေ။

+++++

၉၆ ရဲ့ မေလနောက်ပိုင်း ကျောင်းပြန်ဖွင့်ရက်တွေကတော့ ကျမ ရှေ့၂၄.. ၂၅ မှာ ရေးခဲ့သလိုပါပဲ..။ ခရီးတွေ တောက်လျှောက် ထွက်တာ..။ ဘားအံက တပည့်တွေနဲ့ကတော့ ကရင်ပြည်နယ်.. မွန်ပြည်နယ် တ၀ိုက်..။ နောက် ၉၆ အောက်တိုဘာ ကျောင်းပိတ်ရက် ကျတော့ ရန်ကုန်က တပည့်ဟောင်းတွေနဲ့ မြန်မာပြည်အထက်ပိုင်း တလျှောက်..။ အဖေ့ကုမ္ပဏီက လိုင်စင် ရုပ်သိမ်းလိုက်ရတော့ ခရီးသွားတဲ့ ကားက တစီးလောက် အမြဲ ရှိနေတတ်တာမို့ အဖေ့ကားကို ယူသွားပြီး လျှောက်သွားတာပါ။ ဒီကြားထဲ Emperors တွေနဲ့လည်း သူတို့ Stage Show တွေ လျှောက်လိုက်သေးတာ..။ တန်ဆောင်တိုင် တောင်ကြီးမီးပုံပျံပွဲကနေ... အင်းလေး ညောင်ရွှေ ပင်းဒယ ပုဂံ ညောင်ဦး ပုပ္ပား မန္တလေး မေမြို့ထိကို တကယ့်ကို စုံတကာစေ့..။ ကားတွေ သုံးလေးစီး တန်းစီပြီး သွားကြတာ။ အဲဒီအချိန်က ဆေးဆိုးပန်းရိုက်မျက်နှာ ထွက်ပြီးစ။ အဲဒီတုန်းက Emperors မိသားစုတွေနဲ့အတူ ကိုရင်ဂိုတို့ မိသားစု..ပါလေ့ရှိတယ်။ သီရိဂျေမောင်မောင်တို့ သားအမိပါတယ်..။ ဟယ်ရီလင်းလည်း ပါတတ်တယ်။ နောက် ဒက်ဒီနဲ့ မာမီ (မင်းမင်းလတ်တို့ ဇနီးမောင်နှံ)။ စည်သူလွင်..၊ ပီးပေါ်တို့ လင်မယား.. တခါတလေ.. ကျမရဲ့ ရန်ကုန်က တပည့်တွေတောင် ပါတတ်တယ်။

ကျမတို့က လမ်းခရီးမှာ နားရင်တောင် ထန်းတောတွေ့ရင် ထန်းတောထဲ ကားတွေထိုးရပ်ပြီး ထန်းရည်ချိုတွေ သောက်ကြ..။ ထန်းတက်သမားတွေနဲ့ စကားတွေပြောကြ။ ပွဲတောင်းရင် အဲဒီမှာတင် ဂစ်တာတီးပြီး သီချင်းတွေ ဆိုကြ။ မိတ္ထီလာဆိုရင်လည်း ကန်ဘေးမှာ ကားရပ်နားကြ.. ပြည်ဆိုလည်း ပြည်အ၀င် မင်းကြီးတောင်ဘေးနား ဧရာဝတီ မြစ်ကမ်းဘေး မှာ နားကြ။ အဲလို နားကြတာ။ အတွေ့အကြုံတွေလည်း အများကြီးရ..။ ကိုညီထွဋ်နဲ့ ပန်းချီရေးမယ်လို့ တိုင်ပင်ပြီး sketch တွေတောင် ကောက်ခဲ့သေးတာ။ (သူကတော့ နောက်ပိုင်း တကယ် ပန်းချီတွေ ပြန်ရေးဖြစ်တယ်။ ကျမသာ... ဆေးမ၀ယ်နိုင်လို့ :P ) စာတွေ ရေးချင်တာလည်း ပါတာပေါ့လေ။ ရေးစရာတွေလည်း ရပြီး စာတွေလည်း တကယ် ရေးဖြစ်ပါတယ်။ အဲဒီတုန်းက အတွေ့အကြုံတွေနဲ့ ပတ်သက်ပြီး ခုထိ မရေးဖြစ်သေး တာတွေလည်း အများကြီး ကျန်နေသေးတာ..။ အဲဒါတွေကို အသက်ကြီးလို့ ဆရာမဘ၀က ပင်စင်ယူပြီးရင်တော့ ကိုယ့်ဘာသာ စာတွေပဲ တစိုက်မတ်မတ် ရေးတော့မယ် ပေါ့...။ ခုတော့လည်း... ဘ၀က ဘာတွေ ဘယ်လိုဖြစ်ဦးမယ် မသိပြန်..။

(အဲလို မြန်မာပြည်ထဲ ခရီးတွေ တင်းကျမ်းသွားခဲ့ရတာမို့ ခု ထိုင်းမှာနေနေရချိန် ထိုင်းက ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်ပြီး ချမ်းသာနေတာကို တွေ့တဲ့အခါမှာ ကိုယ်တိုင်းပြည်နဲ့ ယှဉ်ကြည့်ပြီး ရင်နာရတာပါ။ ထိုင်းမှာက လှအောင် မနည်းလုပ်ထားရတာလေ.. ပြီးတော့ တကယ် Tour Area လုပ်နိုင်တဲ့ နေရာက နည်းနည်းလေး.. ။ ကျမတို့ တိုင်းပြည်မှာက ဘယ်နေရာ ကြည့်လိုက်ကြည့်လိုက်... ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ နေရာချည်း...... - စကားချပ်)

ကျမကတော့ ရောက်လေရာမှာ မှတ်စရာရှိတာတွေ သယ်ပိုးခဲ့တာပါပဲ။ အနည်းဆုံးတော့ စာသင်ခန်းထဲက တဆင့် မျှဝေနိုင်မယ်.. အများဆုံးဆို စာမျက်နှာတွေပေါ်ကနေပေါ့။ ဥပမာပြောပြရရင် ၀န်ကြီး ပဒေသရာဇာရဲ့ ထန်းတက်သမားဘွဲ့ တျာချင်းကို သင်တဲ့အခါ ကျမတွေ့ခဲ့ရတဲ့ ကျောက်ပန်းတောင်းနားတ၀ိုက်က ထန်းတက်သမားတွေအကြောင်း ပြောပြနိုင်မယ်..။ ကုန်းဘောင်ခေတ်က ထန်းသမားဘ၀နဲ့ ခု နှစ်ပေါင်း ၁၀၀ကျော်ထိတိုင်အောင်တောင်မှ သိပ်မကွာသေးတဲ့ ထန်းသမားတွေရဲ့ ဘ၀တွေကို ပြောပြမယ်။ အဲဒါဟာ ကောင်းတာလား ဆိုးတာလား..။ ရောင့်ရဲတတ်တာလား... ပညာဥာဏ်မကြီးရင့်တာလား.. ဆွေးနွေးမယ်။ ရောင့်ရဲတာက ကောင်းလား.. တိုးတက်ဖို့ကြိုးစားတာ ကောင်းလား.. တောရွာအလှအတိုင်း ထားမလား.. ခေတ်မီ တိုးတက်တဲ့ မြို့ပြအဖြစ် ပြုပြင်မလား..။ Economy ကို ဘယ်လို တည်ဆောက်မလဲ.. ဆိုတာတွေ ငြင်းကြ ဆွေးနွေးကြမယ်ပေါ့..။ ဒါပေမဲ့ လက်တွေ့မှာတော့ စာသင်ချိန်တွေက တိုတောင်းလွန်းတာမို့ ဒါတွေ ပြောပြ ချပြဖို့ အချိန်မရပါဘူး။

အဲဒီအခါ ကျမရဲ့ စကားဝိုင်း ဆွေးနွေးဝိုင်းတွေက အဝေးပြေးလမ်းမကြီးပေါ်မှာရှိတဲ့ ဘားအံကောလိပ်ဘေးက လမ်းဘေးလက်ဘက်ရည်ဆိုင်လေးဆီကိုပဲ ရောက် ရောက် သွားတော့တယ်။ ည ည.. လရောင်အောက်.. လမ်းမီးတိုင်ဖျော့ဖျော့အောက်က ကျမတို့ရဲ့ လက်ဘက်ရည် စားပွဲဝိုင်းက သုံးလေးဝိုင်းစာလောက် အကြီးကြီး.. ဆွေးနွေးကြ ငြင်းခုန်ကြ..။ အဲဒီမှာပဲ တကယ်စာဖတ်တဲ့ တကယ်တွေးနိုင် ဆွေးနွေးနိုင်တဲ့ ကလေးတွေ ရှိနေတာကို ကျမ ပို ပို သိခဲ့ရတာ။ ဒါပေမဲ့ အဲဒီ ရွက်ပုန်းသီးလေးတွေက ဖူးပွင့်ခွင့် မရ..။ တချိန်မှာ ကုန်ကားမောင်းမှာတဲ့.. ကုန်ကူးမှာတဲ့.. လက်ဘက်ရည်ဆိုင် ဖွင့်မှာတဲ့.. ယိုးဒယားပစ္စည်းဆိုင် တည်မှာတဲ့။ ကုန်ကားထောင်စားမှာတဲ့.. လယ်တွေ ကိုင်းတွေပဲ ပြန်လုပ်မှာတဲ့။ ကျမစိတ်ထဲ ငါဘာလုပ်ပေးနိုင်မလဲလို့ အကြိမ်ကြိမ် စဉ်းစားပြီး သက်ပြင်းချမိတဲ့ အချိန်တွေပေါ့..။ တကယ်တမ်းကျတော့ ကိုယ်တိုင်တောင် အိပ်မက်ရှိသလောက် စိတ်တိုင်းကျ ဖူးပွင့်ခွင့် မရတာ။ ဒါပေမဲ့ တချိန်ချိန်ပေါ့.. လို့တော့ တေးထား ငြိုးထား ခဲ့လိုက်ပါသေးတယ်။

+++++

အဲဒီ ၉၆ နိုဝင်ဘာ နောက်ဆုံးပတ်မှာ ကျောင်းပြန်ဖွင့်တော့လည်း ကျမကတော့ ပုံမှန်ပဲ ကျောင်းတွင်း လှုပ်ရှားမှုကိစ္စတွေထဲ စိတ်ရောက်လို့ပေါ့။ ပြီးတော့ လုံးချင်းဝတ္ထုတအုပ်လည်း ရေးလက်စ..။ ကျောင်းပိတ်ရက် တုန်းက ခရီးတွေ ဆက်တိုက်ထွက်ထားတာမို့ လူက နည်းနည်းလည်း လက်ပမ်းကျနေပြီ။ အဲဒီအချိန်မှာပဲ ရန်ကုန်မှာ ကျောင်းသားတွေ ဆန္ဒပြလို့ဆိုတဲ့ သတင်း ရောက်လာတာပါပဲ။ ၉၆ ဒီဇင်ဘာ ၃ရက် ဗုဒ္ဓဟူးနေ့ ညမှာပေါ့။ တကယ်တော့ နိုဝင်ဘာကတည်းက စက်မှုတက္ကသိုလ် ကျောင်းသားတွေနဲ့ ရဲတွေ ပြဿနာ ဖြစ်ရာက တအုံနွေးနွေး စနေခဲ့တာပါ..။ စည်ပင်ရဲနဲ့ စက်မှုကျောင်းသား၂ယောက် စော်ဘွားကြီးကုန်း အဝေးပြေးဂိတ်မှာ ပြဿနာဖြစ်ရာက ကျောင်းသားတွေ အဖမ်းခံရ.. တကယ် လွန်တာက ရဲက လွန်တာ..။ အဲဒီကိစ္စ ဖြေရှင်းရာမှ အာဏာပိုင်ဘက်က ကျောင်းသားတွေကို မတရားသဖြင့် ရိုက်နှက်တာမျိုးရှိလို့ ပြဿနာကြီးသွားတာပါ။ နောက်တော့ ထုံးစံအတိုင်း ကျောင်းသားဆိုတာမျိုးကလည်း မတရားသဖြင့်ဆိုတာကို ဘယ်လိုမှ သည်းမခံနိုင် တဲ့အပြင် ၈၈ရဲ့ သွေးကလည်း အေးသေးတာမဟုတ်လေတော့ ဖြစ်ပြီပေါ့။

ရန်ကုန်မှာကတော့ ဒီဇင်ဘာ ၂ရက် ၃ရက်ကတည်းက ကျောင်းသားတွေက လှည်းတန်းမှာ စုဝေးတာတို့ ထိုင်သပိတ်မှောက်တာတို့ စနေပါပြီ။ စစ်တပ်ကလည်း သူတို့ ထုံးစံအတိုင်း အင်အားသုံးဖြိုခွဲပြီးတော့ ကျောင်းသားတွေကို ရှာဖွေဖမ်းဆီးတာတွေ ဆက်တိုက် လုပ်နေပါ ပြီ။ ကျမကသာ နယ်ကျောင်းရောက်နေလို့ အဲဒီအချိန်မှာ သေသေချာချာ မသိသေးတာပါ။ ဒီဇင်ဘာ ၄ရက်နေ့မှာတော့ မော်လမြိုင် တက္ကသိုလ်ဘက်မှာ အသံထွက်လာပါပြီ။ ကျောင်းသားတွေ စာတွေ ဝေ.. စာတွေကပ်..။ အဲဒီ ဒီဇင်ဘာ ၄ရက်နေ့မှာပဲ ကျမတို့ ကျောင်းအုပ်ကြီးက ဆရာဆရာမတွေကို အစည်းဝေးခေါ်ပြီးး ဂျူတီချဖို့တွေ ကျောင်းသား ထိန်းဖို့တွေ စီစဉ်ပါတယ်။ ဒီတပတ်တော့ ဘယ်သူမှ ရန်ကုန် မပြန်ရ.. ခရီးလည်း မထွက်ရ.. ကျောင်းဝန်းကျင်မှာပဲ ရှိနေကြရမယ်တဲ့။ ဆရာဆရာမတွေကတော့ သိပ်မပူတတ်ကြတော့ပါဘူး။ ဘာလုပ်မယ်လည်း တွေးမထား ကြပါဘူး။

တကယ်တော့ အဲဒီနေ့မှာပဲ ရန်ကုန်နဲ့ မော်လမြိုင်တက္ကသိုလ်က လှုပ်ရှားတဲ့ ကျောင်းသားတွေ ကျမတို့ ကျောင်းသေးသေးလေးဆီ ရောက်လာပါပြီ။ ဒီဇင်ဘာ ၅ရက်နေ့ညမှာတော့ မှောင်အုံ့အုံ့နိုင်လှတဲ့ ဘားအံ ကောလိပ်ကလေးဘက်ဆီက ကြွေးကျော်သံတွေ ကြားလိုက်ရပါပြီ။ ကျောင်းသား အခွင့်အရေး.. ဒီမိုကရေစီ ရရှိရေး.. ဖမ်းဆီးကျောင်းသားတွေ ပြန်လွှတ်ပေးရေး.. 'ဒို့အရေး' တွေပေါ့..။ ကျမ ကြက်သီးတွေထပြီး မျက်ရည်လည်လာရပြန်ပြီ။ ဘာပဲပြောပြော.. ကျောင်းသားဆိုတာ အချိန်တန်တော့လည်း ကျောင်းသားစိတ် ရှိတာပါပဲလို့ တွေးမိလို့ပေါ့။ ဘာမှ မသိဘူး.. ဘာခံစားမှုမှမရှိဘူးလို့ ထင်ထားခဲ့တဲ့ ကျမရဲ့ ဘားအံက ကလေးတွေဟာလည်း ခေတ်ရဲ့ လိုအပ်ချက်ဆိုတာကို.. ကျောင်းသားအခွင့်အရေး ဆိုတာကို.. ခံစားတတ်တာ ပါပဲလား..။ ကျောင်းဘက်က ဆရာတချို့ ဆရာမဆောင်ဆီ လိုက်လာပါတယ်..။ ကျမနဲ့ အမကြီးကို နာမည်တပ်ခေါ်ပြီး ဆရာကြီးက ကလေးတွေ ထိန်းဖို့ ခေါ်ခိုင်းလို့တဲ့..။ အဲဒီအချိန် ကျမတို့က ကျောင်းထိပ်တောင် ရောက်နေပါပြီ။ ကျောင်းထဲမှာတော့ ကျောင်းသားဆောင်ဘက်ဆီက မီးမှောင်ချထားပြီး အချီအချညီညီ အော်သံတွေ..။

ခဏကြာတော့ စစ်ကား ၂စီးနဲ့ 'ပ၀တ' က အရာရှိဆိုသူတွေ ရောက်လာပါတယ်။ သူတို့က ကျောင်းထဲ ချက်ချင်း မ၀င်ဘဲ ဆရာကြီး.. အဆောင်မှူးတွေနဲ့ ရှိနေတဲ့ ဆရာဆရာမတွေကို ခေါ်ပါတယ်။ ကလေးတွေကို ကိုယ့်ဘာသာ ထိန်းရင် သူတို့ မ၀င်ပါဘူးလို့ ညှိပါတယ်။ ဆရာကြီးက ကျမတို့ မျက်နှာတွေကို ကြည့်ပါတယ်။ ကျမတို့ရော.. အဆောင်မှုးတွေရော ပြိုင်တူ ကတိပေးပါတယ်။ ထိန်းပါ့မယ်.. ဗိုလ်မှူးတို့သာ ဘာမှမလုပ်ပါနဲ့..ပေါ့။ တကယ်လည်း သူတို့ ကျောင်းဝင်း အပြင်နားရှိနေတုန်း.. အဆောင်မှူးတွေက ကိုယ့်အဆောင်တွေပေါ် ကိုယ်တက်ပြီး ကလေးတွေကို ၀င်ထိန်းရပါတယ်။ မင်းတို့ ပြောချင်တာပြောလိုက်ရပြီ.. သူတို့လည်း သိသွားပြီပဲ.. တော်ကြတော့.. တော်ကြာ ဘာမှ မလုပ်လိုက်ရသေးဘဲနဲ့ အဖမ်းခံကြရရင် မတန်ဘူးပေါ့..။ ကလေးတွေကလည်း ထိန်းတာက သူတို့ ဆရာဆရာမတွေဆိုတော့ စကား နားထောင်ကြပါတယ်။ ခဏကြာတော့ ငြိမ်သွားကြပါတယ်။

နောက်တနေ့ စနေ တနင်္ဂနွေတွေမှာတော့ ကျမအပါအ၀င် ကျောင်းက ဆရာဆရာမ တော်တော်များများကို 'ပ၀တ'က ခေါ်မေးတာတွေ.. လာတွေ့ပြီး စကားစမြည်ပြောတာတွေ.. လုပ်ပါတယ်။ စိတ်ဝင်စားစရာ ကောင်းတာက ကျမကို စကားပြောချိန်မှာ ကျမအိမ်မှာ ဘုရားစင်မရှိတာကိုပဲ အကြာကြီး သေသေချာချာ မေးနေတာပါ။ နောက်မှ သိတာက ကျမကို ကွန်မြူနစ်လို့ စွပ်စွဲလို့ရအောင် မေးတာဆိုပဲ။ ကျမကတော့ သူ ဘာရည်ရွယ်တာလဲဆိုတာ ရိပ်မိသလို ရှိတာနဲ့ ကျမက ခရီးခဏခဏထွက်တာကြောင့်ရော.. ဘုရားစင်ထားရင် တာဝန်ကြီးသလို ခံစားရလို့ မထားတာလို့ပဲ ပြောဖြစ်ပါတယ်။ ဒါတောင် သူက ဗုဒ္ဓဘာသာကို ယုံသလား ဆိုတာမျိုး မေးလာတာမို့ ကျမက စိတ်ပေါက်ပေါက်နဲ့ သူ့ကို သစ္စာလေးပါးနဲ့ မဂ္ဂင်ရှစ်ပါးကို တမင် စကားထဲ ထည့်ပြောလိုက်တော့မှ ပြီးသွားပါတယ်။ တကယ်တော့ ကျမက အမြင်ကပ်ကပ်နဲ့ သမားဂုဏ်ပြပြီး ပြောတာပါ။ အဲလိုနဲ့ စနေ တနင်္ဂနွေမှာ ဘားအံကောလိပ်က ငြိမ်သွားပေမဲ့ ရန်ကုန်နဲ့ မော်လမြိုင်.. မန္တလေး တက္ကသိုလ် တွေမှာတော့ မငြိမ်ကြသေးပါဘူးတဲ့။

ဒီလိုနဲ့ ဒီဇင်ဘာ ၉ရက် တနင်္လာနေ့မှာတော့ 'ပ၀တ'က ပြည်နယ်မှူး(ကရင်လူမျိုးပါပဲ)က ကျောင်းကို လာပြီး ကျောင်းသားတွေကို စကားပြောပါတယ်။ သူပြောတော့လည်း အဖြူးသား ပေါ့..။ ပညာရေးကို ဘယ်လို ကောင်းအောင် လုပ်ပေးနေပါတယ်ပေါ့..။ လိုတာတွေ ပြောပါပေါ့..။ ကလေးတွေက လှောင်တောင်တောင်နဲ့ အော်လား ဟစ်လားလည်း ပြန်လုပ်ကြပါသေးတယ်။ သူ ပြန်သွားတဲ့အထိလည်း ကျောင်းတွေ ပိတ်ရပြန်ဦးမယ် လို့ ကျမတို့ ဆရာဆရာမတွေ ကိုယ်တိုင်ကကို မထင်ကြသေးပါဘူး။ ဒါပေမဲ့ အဲဒီနေ့ နေ့လယ်မှာပဲ တက္ကသိုလ်ကျောင်းသားတွေ ဆူပူမှုကြောင့် တက္ကသိုလ်တွေ ရက်အကန့်အသတ်မရှိ ပိတ်လိုက်တယ်.. ဆိုတဲ့ ကြေငြာချက် ထွက်လာပါတော့တယ်။ နှစ်ရက်အတွင်း ကျောင်းသူကျောင်းသားအားလုံး ကိုယ့်ရပ်ရွာဆီ အရောက် ပြန်ရမယ်တဲ့။

အာဏာရှင် စစ်အစိုးရကတော့ သူတို့ ထုံးစံအတိုင်း ကျောင်းသားတွေရဲ့ တောင်းဆိုချက် မှန်သမျှကို ဘယ်တော့မှ ဘယ်တုန်းကမှ မလိုက်လျောဘဲ ကျောင်းသားတွေကို အဓိက အထိနာစေမယ့် ကျောင်းတွေ ရက်ရှည် ပိတ်ပစ်လိုက်တာမျိုးတွေနဲ့ပဲ တုံ့ပြန်လိုက်တာပါပဲ။ အဲဒီနေ့က ယောက်ျားလေးတွေ တော်တော်များများ စိတ်ထိခိုက်ကြပါတယ်။ မိန်းကလေးတွေက ငိုကြပါတယ်။ ဘယ်လောက်ကြာအောင် ကျောင်းပိတ်ထားဦးမလဲ.. ပြီးတော့ ကျောင်းပိတ်လိုက်ပြီးတော့မှ ဘယ်သူတွေကို လိုက်ရှာ ဖမ်းဆီးတာမျိုးတွေ လုပ်ဦးမလဲဆိုတာကို အားလုံး တွေးမိနေကြတဲ့ အချိန်တွေပေါ့..။ လူငယ်တွေအတွက် အနာဂတ်ကို မြင်ရဖို့အရေး ဝေးရပြန်ဦးပေါ့။ ဒါဟာ မှန်ကန်တဲ့ ဖြေရှင်းမှုလား..။ ကျမကတော့ အဲဒီအချိန်တွေမှာ ခါးခါးသီးသီး မုန်းတီးတာကိုပဲ နာနာကျင်ကျင် ခံစားနေခဲ့ရပါတယ်။ ဒီလိုနဲ့ အစမှာတုန်းက ကျမကို အပျော်နဲ့ ကြိုခဲ့တဲ့ ၉၆က နှစ်အဆုံးမှာတော့ ကျမရဲ့ စိတ်နှလုံးကို ပူပြင်း လောင်မြိုက်စေခဲ့ပါတယ်။

+++++

Dec 19, 2008

မြသီလာအလွမ်းပြေ(၂၆)

အိမ်ကြီးက မှောင်လိုက်တာ
သက်စွန့်ဆံဖျားစိတ်နဲ့
အနက်ရောင်တွေကို တွန်းတွန်းထုတ်ရင်း
နှလုံးသားထဲက မီးခြစ်ဆံတွေ တရှဲရှဲ
(အရေးထဲ နှလုံးသားကလည်း အစိုတွေပျံလို့)
ရှုပ်ပွနေတဲ့ အတ္တတွေကိုလည်း
မဖြစ်ညစ်ကျယ် လှဲထုတ်လိုက်ပြန်တယ်

ပြီးတော့မှ
ကုလားထိုင်တလုံးပေါ်
ခန္ဓာကိုယ်ကို ကြိုးဖြုတ်ချလိုက်ရင်း
မျက်လုံးတံခါးကို ပြန်ဖွင့်လို့
လျှောခနဲ လျှောခနဲ ထွက်ကျလာတဲ့
နက္ကတစ်တွေထဲ
သူကိုယ်တိုင်ပါဝင်နေပုံကို
မူးစုပဲစုအလင်းလေးနဲ့
အေးအေးဆေးဆေးကြီး ကြည့်နေလိုက်တာများ
တစ်ဘ၀စာပစ်ပြီးသွားတဲ့
သေနတ်သမားလိုမျိုး။ ။
(စန်းဦး)
+++++

ကျမနဲ့ မြသီလာရဲ့ ပတ်သက် ဆက်စပ်နေရတဲ့ဘ၀ရဲ့ သက်တမ်းတလျှောက်မှာ ၁၉၈၈ကာလပြီးရင် ၁၉၉၆ ဟာ အမှတ်ရစရာ အဖြစ်အပျက်တွေ အများကြီးကို ကြုံရဆုံရတဲ့ နှစ်ပါပဲ။ ပြန်ရေးရမှာတောင် မောပါရဲ့...။ ဘယ်လို ပိုင်းပြီး ရေးရမယ်တောင် မသိ.. အကြောင်းအရာတွေက အရောင်စုံလွန်းလို့။ ဒါပေမဲ့ ရေးဖို့ လိုတာမို့ အသေးစိတ် ရေးရပါဦးမယ်..။ မပျင်းကြပါနဲ့နော...။

(ရေးစရာတွေများလွန်းလို့ အန်တီစု နေအိမ် အကျယ်ချုပ်သက်တမ်း ၆နှစ်အပြီး ၁၉၉၅ ဇူလိုင်လ ၁၀ရက်နေ့မှာ ပြန်လွတ်လွတ်ချင်း ပထမဆုံး ခရီးအဖြစ် ဘားအံကို လာပြီး သာမညဆရာတော်ကြီးကို လာဖူးတာကို ကျမ တိုက်တိုက်ဆိုင်ဆိုင် ကြုံခွင့်ရခဲ့တာကိုတောင် ပြောဖို့ မေ့ခဲ့ပါတယ်။ အဲဒီတုန်းက အန်တီစုရဲ့ ဘားအံရောက် ခရီးစဉ်လမ်းကြောင်းတလျှောက် ကလေးတယောက်ရဲ့ ကားကို အကူအညီတောင်းပြီးတော့ ကျမ လျှောက်လိုက် ခဲ့တာလေ.. သာမညထိ..။ အဲဒီတုန်းကများ ပျော်လိုက်တာ .. တကယ်တော့ ကျမက နိုင်ငံရေး ဘာ ညာ သိတာမဟုတ်.. အန်တီစုကို ကြည်ညိုတာရယ်.. န၀တ မတရားလို့ ဒုက္ခပေးလို့ မုန်းတာရယ်... အမှန်တရားကို လိုချင်တာရယ်.. ဒါပဲ သိတာပါ)။

၁၉၉၆ ကို စစ်အစိုးရက Visit Myanmar Year ... တဲ့။ 'န၀တ'က သူ့ဘာသာ သတ်မှတ်..။ ကျမမှာလည်း တိုက်တိုက်ဆိုင်ဆိုင်.. ကျမ တပည့်လေးတွေ အမည်ပေးသလို အဲဒီနှစ်ဟာ Visit May Nyane Year ဖြစ်ခဲ့တယ် ဆိုရမှာပဲ..။ ခရီးတွေ တောက်လျှောက် ထွက်ဖြစ်ခဲ့တာ..။ ၁၉၉၆ရဲ့ဇန်န၀ါရီ ၁ရက် နှစ်သစ်ကူးကို ကျိုက်ထီးရိုးဘုရားရင်ပြင်ပေါ်မှာ ကြိုခဲ့တာက စလို့ပေါ့..။ ကရင်ပြည်နယ် မွန်ပြည်နယ်တ၀ိုက်.. ကျမ ခြေဆန့်ခဲ့တာ..။ နယ်မြေလုံခြုံရေး သိပ်မကောင်းပါဘူးဆိုတဲ့ နေရာတွေအထိ။ ဘားအံနားက ခရီးလမ်းပမ်း ခက်ခဲတယ်ဆိုတဲ့ ရှေးဟောင်းဘုရားတွေ ရှိတယ်ဆိုတဲ့ ကော့ဂွန်းဂူတို့ ရသေ့ပျံဂူတို့ ရှိတဲ့ ရွာကလေးတွေထိ။ (အဲဒီနေရာလေးတွေအကြောင်း ဒီနေရာမှာ ဖတ်ကြည့်စေချင်ပါတယ်)။

(ရှေးဟောင်းအမွေအနှစ်တွေရှိတဲ့ ကော့ဂွန်းဂူမှာ)

(ကော့ဂွန်းဂူ ခေါင်မိုးက နံရံကပ် အုတ်ခွက် ရုပ်ပွားတော်လေးတွေ)

ကျမက သတ္တိကောင်းကောင်းနဲ့သာ လျှောက်သွားနေတာ.. တကယ်တော့ လူငယ်အရွယ် တွေကို တာဝန်ယူ စောင့်ရှောက်ပြီး ခရီးသွားရတာက အဲဒီအချိန်ကာလက ဆရာမတယောက် အနေနဲ့ တော်တော် ပြဿနာများတာပါ။ ဒါပေမဲ့ အစ်မကြီးတို့ မိချိုတို့က ကျမနဲ့ တွဲဖက်ညီညီ ရှိလေတော့... ကျမရဲ့ သွားချင်သမျှ ခရီးတွေက အဆင်ပြေခဲ့တာ..။

အဲဒီတုန်းက ထစ်ကနဲဆို ကျမ ရောက်သွားပြီ။ ကျမတို့ သွားနေကျ ဇွဲကပင်တောင်ခြေက ရေတံခွန်လေးမှာ ဆံရှည်ကိုယ်တော်ဆိုတဲ့ လူငယ်လေးက သစ်သီးတွေပဲ မီးလွတ်စားပြီး နောက်လိုက်နောက်ပါ တစုနဲ့ ဘုရားတွေတည်.. တရားကျင့်ရင်း သာသနာပြုနေတယ်ဆိုတာ ကြားတော့လည်း အပြေးအလွှား သွားချောင်း ကြည့်။

(အဲဒီ စေတီတွေပေါ့.. ဆံရှည်ကိုယ်တော်တို့ တည်ကြတာ.. အဲဒီအဖွဲ့ထဲက ကရင်မလေးတွေပါ။ သူတို့က ဗမာစကားမတတ်ပါ)

၁၉၉၆ ဇွန်လ မတိုင်ခင်အထိကတော့ သားလေးနဲ့ တတွဲတွဲပေါ့။ ရန်ကုန်နဲ့ ဘားအံ ဥဒဟို သွားလိုက် ပြန်လိုက်။ ပင်ပန်းပေမဲ့ သားနဲ့ အတူတူ နေရတာမို့ အင်မတန် နေလို့ထိုင်လို့ ကောင်းခဲ့တဲ့ အချိန်တွေပါ..။

+++++

ကျမရဲ့ ၁၉၉၆ ဒဏ်ရာတွေထဲမှာ ကျမ ချစ်တဲ့၊ အဖေ့ရဲ့ Thorn Bird Tour Company လေးရဲ့ အသည်းနာ ဇာတ်လမ်းတပုဒ်လည်း ပါပါတယ်။ (အဖေက Free Bird ရဲ့ Share holder အဖြစ်ကနေ ခွဲထွက်ပြီး Thorn Bird ဆိုတဲ့ နာမည်နဲ့ ကိုယ်ပိုင်ခရီးသွားလုပ်ငန်းလေး လုပ်နေခဲ့တာပါ)။ မြသီလာနဲ့ မဆိုင်လှပေမဲ့ ဆိုင်သလိုလိုလည်း ရှိတာမို့ ပြောပြချင်ပါတယ်။

၁၉၉၆ကို မြန်မာခရီးသွားနှစ်လို့ ကြေငြာပြီး န၀တက ခရီးသွား ကုမ္ပဏီအားလုံး ဟိုတယ်နှင် ခရီးသွားလာရေး ၀န်ကြီးဌာနနဲ့ ပူးပေါင်းရမယ်။ မပူးပေါင်းရင် ကုမ္ပဏီကို ဖျက်သိမ်းမယ်တဲ့။ ကျမအဖေရဲ့ ခရီးသွားလုပ်ငန်းလေး က အင်္ဂလန် ပြင်သစ်နဲ့ စပိန်နိုင်ငံက ခရီးသွားတွေကို အဓိကထားတဲ့ ကုမ္ပဏီပါ။ တော်တော် အဆင်ပြေနေတဲ့ လုပ်ငန်းလေးဆိုပါတော့။ အဖေ့စကားနဲ့ ပြောရရင် ၀န်ထမ်းလုပ်လာတဲ့ ၂၃နှစ်မှာ နောက်ဆုံး ညွှန်ကြားရေးမှူး ဖြစ်တဲ့ အထိတောင်မှပဲ ဆင်းဆင်းရဲရဲပဲ နေခဲ့ရတာ။ ၀န်ထမ်းဘ၀က ပြုတ်မှပဲ ထမင်းဝ.. ကိုယ့်ပိုက်ဆံနဲ့ကိုယ် ကားဝယ်စီးနိုင်တဲ့ဘ၀ ရောက်ရတော့တယ် ဆိုတာလို.. အခြေအနေလေး ကောင်းနေတာ ပါ။ ဒါပေမဲ့ အဖေ အင်မတန် ခါးသီးတဲ့ အဲဒီ စစ်အစိုးရနဲ့ ပူးပေါင်းဖို့ ဆိုတာ.. အဖေ့အတွက်တော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ အဲဒီအချိန်မှာပဲ အန်တီစုကလည်း ဒီလို လူထုမျက်နှာမငဲ့တဲ့ တရားမ၀င် အစိုးရကို အားကောင်းစေမယ့် စီးပွားရေး ပူးပေါင်း လုပ်ဆောင်မှုတွေ ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်သင့်ပါဘူး လို့ပြောတော့ အန်တီစုကို အင်မတန် ကြည်ညိုလေးစားတဲ့ အဖေနဲ့အမေက အစိုးရနဲ့ ပူးပေါင်းမလုပ်ဘူးလို့ လုံးဝ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။

ဒီတော့ အဖေ့ကုမ္ပဏီလေး လိုင်စင်ပြုတ်သွားရပါတော့တယ်။ အဲဒီကာလမှာပဲ တရက်မှာ ကျမ ဘားအံကနေ ရန်ကုန်ပြန်ရောက်တုန်း အဖေက မျက်စေ့ပျက် မျက်နှာပျက်နဲ့ ပြောပါတယ်။ ပုဂံမှာ ဘုရားတွေ ပြင်ဆောက်တယ်တဲ့... (ရွာတွေကို မြို့သစ်ထိ ရွှေ့ပစ်ခဲ့တာကတော့ ၉၅ကတည်းကပါ)။ ကျမတို့ သားအဖက မေမေ့ နာမည်ပေးချက်အရ ပုဂံခရေဇီတွေလေ။ (ကျမတို့ သားအဖက ပုဂံရောက်ပြီဆိုရင် ဓမ္မာရံကြီး တစ်ခုတည်းမှာ တမနက်ကုန်နီးပါး.. စူဠာမဏိမှာ တနာရီလောက်.. အပါယ်ရတနာမှာ တနေ့ခင်းလောက်.. စိမ်းညက်ညီအမ တ၀ိုက်မှာ တနေကုန်လောက်နေပြီး အဖေက ပန်းချီဆွဲ.. ကျမက ကျောက်စာဖတ်တာတို့ တခါတလေ အဖေပန်းချီဆွဲတဲ့နား ရှုပ်ပေါ့။ အဲလို တမေ့တမောနေလွန်းလို့ အိမ်မှာဆိုရင် ကျမတို့ သားအဖနဲ့ ဘယ်သူမှ ပုဂံမသွားချင်..။ ကျမက ပုဂံနဲ့ ပတ်သက်ရင် ပုဂံမြေပေါ်က နတ်သမီးကွမ်းသွေးလို့ ခေါ်တဲ့ ပိုးကောင်နီနီလေးတွေ က အစ.. ဗူးဘုရားခြေရင်းက မဉ္ဇူသကပန်းတွေအထိ ချစ်တာပါ)။ ဆိုတော့ အဖေကပြောတယ်... ပုဂံသိပ်မပျက်ခင် တခေါက်လောက် သွားပြီး ဓာတ်ပုံတွေ ဗွီဒီယိုတွေ ရိုက်ထားကြစို့တဲ့။ ဒါနဲ့ ၉၆ရဲ့ နွေ မတ်လကုန်ပိုင်းမှာ ကျမတို့မိသားစုတွေ ပုဂံကို တခေါက် ရောက်သွားကြတာပေါ့။ ဒီတော့ နောက်ပိုင်း စာသင်ချိန်တွေမှာ တပည့်တွေကို ပြန်ပြောပြလို့ကောင်းတဲ့ ရှေးပုဂံရဲ့ နောက်ဆုံးချိန်တွေကို တွေ့ခွင့်ရခဲ့တာပေါ့။

အဲဒီအချိန်မှာတော့ တကယ်ပဲ ပုဂံ စပျက်နေပါပြီ။ နံရံဆေးရေးပန်းချီတွေပေါ် ထုံးတွေ သုတ်။ စေတီတွေ အထွတ်တင်..။ အုတ်ခွက်ဘုရားတွေ အပျောက်ပျောက် အရှရှ..။ ကျမ မှတ်မိနေပါသေးတယ်။ ကျမ စူဠာမဏိလှိုဏ်ထဲကို ၀င်လိုက်တဲ့အချိန် ဘေးနံရံကို ထုံးဖြူတွေ သုတ်နေတာတွေ့ပြီး ကျမ မျက်ရည် ပေါက်ပေါက်ကျတော့ ထုံးသုတ်နေတဲ့ အလုပ်သမားတွေက ကျမကို အံ့သြတကြီးပုံနဲ့ ကြည့်နေတာ။ အဖေကတော့ အပြင်ထွက်ပြီး ဘေးစကြံ င်္က ထနောင်းပင်လေးအောက်မှာ သွားထိုင်နေခဲ့ပါတယ်။ ကျမ စိတ်ထင်.. ကျမတို့ရဲ့ အစိုးရ ဆိုသူများကို အူလှိုက်အသည်းလှိုက် စိတ်နာမိတာ အဲဒီတခါ အခါးသီးဆုံးပဲလို့တောင် ထင်မိပါတယ်။

အဲဒီကာလမှာပဲပေါ့ .. ဆရာကြီးဒေါက်တာသန်းထွန်းက ပြည်ပ လှိုင်းတို ရေဒီယိုတခုရဲ့ အင်တာဗျူးမှာ
"ကျနော်တို့ ပုဂံကို သေလဉ်ကြောင် တည်သလား.. ပျဉ်းပြားမင်း တည်သလား.. ဘယ်သူမှ သေချာ မပြောနိုင်သေးဘူး။ ပုဂံကို ဘယ်သူဖျက်သလဲဆိုတာကတော့ သေချာပြီပေါ့ဗျာ.. ဒီခေတ်မှာ ပုဂံယဉ်ကျေးမှုတွေ ပျက်တယ်ဆိုတာ.. သမိုင်းပေါ့..."
လို့ ပြောခဲ့တာ။ (ဆရာကြီး ပြောခဲ့တဲ့ စကားလုံးအတိအကျ မဟုတ်ပေမဲ့.. အဓိပ္ပါယ်က အတိအကျပါ)။ အဲဒီစကားကို ကျမရဲ့ စာသင်ချိန်တွေမှာ ပြန်ပြန်ပြောလွန်းလို့ ကျမ တပည့်တွေဆို သိနေပြီ။ အဲဒီနှစ်မှာ ကျောင်းမှာ စာသင်ရတာလည်း သိပ်ကောင်းတာပါပဲ..။ ဘားအံကောလိပ်မှာ အင်မတန် လိမ်မာပြီး စာပေဗဟုသုတ လိုလားတဲ့ ကလေးတွေ များလာတယ်လို့တောင် ပြောနိုင်ပါတယ်။

မှတ်မှတ်ရရ အဲဒီနှစ်မှာပဲပေါ့.. န၀တက အမေရိကန်ဆန့်ကျင်ရှုတ်ချပွဲနဲ့ လူထုစည်းဝေးပွဲ ဆိုတာကြီးတွေ မြို့တိုင်းမှာ အကြီးအကျယ်လုပ်ပြီး တက္ကသိုလ်တွေက ပါမောက္ခချုပ်ကြီးတွေကို အမိန့်အာဏာနဲ့ စင်မြင့်ပေါ် ဆွဲတင်ခဲ့တာ..။ အဲဒီပွဲတွေမှာပဲ ကျမတို့ ချစ်တဲ့ ဆရာကြီးတွေ စိတ်မပါဘဲ စင်မြင့်ပေါ်တက်ပြောခဲ့ကြရရှာတာကို ကျမ တစစ်စစ် ရင်နာခဲ့ရတာ။ အဲဒီကာလမှာပါပဲ... ကျမကို ဘားအံကောလိပ်က စာရေးဆရာမလည်းဖြစ်.. လက်ထောက် ကထိကဆရာမ လည်း ဖြစ်တယ်ဆိုပြီး အမေရိကန်ကို ဆန့်ကျင်ရှုတ်ချကြောင်း ပြောရမယ်လို့ ကျောင်းအုပ်ကြီးက တဆင့် by name နဲ့ ခေါ်ခဲ့ပါတယ်။ ကျမက "ကျမတို့ ၀န်ထမ်းတွေ နိုင်ငံရေးမလုပ်ရဘူးဆို..။ ဒါ နိုင်ငံရေးအလုပ်ပဲ.. ပြီးတော့ ကျမက ပစ္စည်းဆို အမေရိကန် ပစ္စည်းပဲ ကြိုက်တာ.. ခုတပ်နေတာတောင် ရေဘင်မျက်မှန် ဆရာကြီးရဲ့.. ဒါကြောင့် ကျမမပြောချင်ပါဘူး" လို့ ရွှတ်နောက်နောက် ပုံစံနဲ့ ပြန်ပြောတော့ ဆရာကြီး စိတ်ညစ်သွားတာ ခုထိ မှတ်မိသေးတယ်။

နောက်တော့ ကျမတို့ ဌာနက ကျေးဇူးရှင် ဆရာတယောက် (နောက်မှ ရောက်လာတယ်ဆိုတဲ့ ဆရာ.. နာမည်တော့ မပြောတော့ဘူး :P)က သူပြောချင်တယ်.. ပြောပါရစေလို့ တာဝန်ယူ လိုက်လို့.. ဆရာကြီးခမျာ စိတ်ချမ်းသာသွားတယ်။ အဲဒီဆရာကလည်း သူ့နေရာနဲ့သူ နာမည်ကြီးတဲ့သူဆိုတော့ အဆင်ပြေသွားတာပေါ့။ ကျမကတော့ အဲဒီပွဲလုပ်တဲ့ နေ့မှာ ပျော်ပျော်ကြီးပဲ ရန်ကုန်ဆင်းလာလိုက်တာပေါ့။ (ထုချေလွှာလောက်တော့ တင်ရမှာပဲ ထင်ခဲ့ပေမဲ့ ဘာမှ မဖြစ်ခဲ့ပါဘူး)။ ဟိုဆရာကတော့ ကြေးမုံတွေ မြန်မာ့အလင်းတွေထဲ အပြူးသားပေါ့..။ ရေဘင်မျက်မှန်ကြီးနဲ့ တိုက်ပုံကြီးနဲ့..။ ကျမကလည်း ဘယ်လောက် ဆိုးသလဲဆို.. ဟိုဆရာကို ရိပြော ပြောလိုက်သေးတယ်.. "ခဗျားကဗျာ ရေသဘင် မျက်မှန်ကြီးတပ်ပြီး အမေရိကန် ဆန့်ကျင်တယ်လို့ တက်ပြောတော့ ရယ်စရာကြီး" လို့..။ ကျမက အဲဒီဆရာကို ကျောင်းဆရာတယောက်အနေနဲ့မှာ တော်တော် သဘောမကျတာမျိုး ရှိထားလို့လည်း ပါပါတယ်။ (သူကလည်း ကျမကို သဘောမကျတာ အသေအချာပေါ့ :D )။

နောက်မှ သိရတာ သူက တပ်ချုပ်ကြီး အမျိုး ဆိုပဲ။ နောက်ပိုင်းမှာ တပ်ချုပ်ကြီး တန်ခိုးထွားလာတော့ သူ့ရဲ့ ပါရဂူဘွဲ့နဲ့ ပတ်သက်တာတို့ တယ်လီဖုန်းလျှောက်လွှာတို့ ၀န်ထမ်းအိမ်လျှောက်လွှာတို့ဆိုရင် အောက်ခြေမှာ မှတ်ချက်နဲ့ သူက ချုပ်ကြီးရဲ့ တူတော်ကြောင်း ရေးထည့်လို့ သူလျှောက်သမျှ အကုန်ရတာ မြန်မာစာဌာန မှာတော့ နာမည်ကျော်ပေါ့။ ခုလည်း သူကောင်းပြုခံထားရတဲ့ အထဲမှာ ထိပ်ဆုံးကပေါ့။ သေချာတာတော့ ကျမ သူ့ကို အဲလိုရေးလို့ဆိုပြီး စိတ်တိုမယ့်သူ တယောက်မှ မြန်မာစာဌာနမှာ မရှိတာ သေချာတယ်။ ခုတော့ ပါရဂူဘွဲ့ရပြီး ပြည်ပနိုင်ငံကြီးရဲ့ တက္ကသိုလ်ကြီးတခုမှာ မြန်မာစာဆိုင်ရာ ဧည့်ပါမောက္ခ ဖြစ်နေတယ်လို့ ကြားပါတယ်။ သူက စာတော့ တကယ်တော်ပါတယ်။

ပြီးတော့ ကျမ ခုလိုရေးတာ လူတယောက်ကို အပုပ်ချတာပဲလို့ ပြောရင်.. အင်း ဟုတ်ပါတယ်။ အဲဒီ အပုပ်မျိုးကိုတော့ ချဖို့ တာဝန်ရှိတယ်လို့ ကျမ ခံယူပါတယ်။ ပြီးတော့ သူများကို အပုပ်ချပြီး ကိုယ့်ကိုယ်ကိုယ် ကိုယ်ရည်သွေးတာပဲလို့ ပြောရင်လည်း လက်ခံပါတယ်။ ကျမ အဲဒီတုန်းက ငြင်းခဲ့တာတွေအတွက်.. မတရားအစိုးရရဲ့ မတရားတဲ့ အမိန့်အာဏာကို လက်မခံခဲ့တာအတွက် တကယ်ပဲ ကိုယ့်ကိုယ်ကို ကျေနပ်ခဲ့တာ ကြောင့်ပါပဲ...။ (ဘာလို့လဲဆိုတော့ တကယ်လို့ ကံမကောင်းရင် ကျမ အနည်းဆုံး အလုပ်ပြုတ်ပြီး အများဆုံးက ထောင်ကျ နိုင်တာလေ)။

တကယ်တော့ သူတို့ဘက်ကကြည့်ရင် ကျမကလည်း တကယ် အမြင်ကပ်စရာ ကောင်းတာလေ..။ အဲလိုပွဲမျိုး ကျတော့ ရှောင်ပြီး ကျောင်းပွဲတွေကျတော့ တပည့်တွေ ပွဲတောင်းရင် သီချင်းတက်ဆိုတာ..။ ကျမက နာမည်ကျော် မိုက်ခဲလေ..။ (Micကို တွေ့ရင် ခဲလွန်းလို့..)။ ၀ါသနာက အဲလိုမသေးတာပါ။ ကျမရဲ့ တပည့်ကလေး တွေထဲမှာကလည်း တကယ့် ရွက်ပုန်းသီးလေးတွေ ပါတယ်.. ဂစ်တာ အတီးကောင်း အဆိုကောင်းလေးတွေ။ အဲဒီမှာ ကျမနဲ့ သီချင်းတွဲဆိုနေကျ တပည့်လေးနဲ့ပေါ့။ ခုတော့ အဲဒီတပည့်လေးတောင် လ၀က အရာရှိ ဖြစ်နေပြီတဲ့။


+++++

အဲဒီ ၁၉၉၆ ဟာ နိုင်ငံရေးအရလည်း စိတ်ဝင်စားစရာအပြောင်းအလဲ အချိုးအကွေ့တွေ ရှိခဲ့တဲ့အချိန်ပါ။ န၀တက လက်နက်နဲ့ ငြိမ်းချမ်းရေး လဲမယ်ဆိုတဲ့အတွက် လက်နက်ကိုင် အဖွဲ့အစည်းတချို့ ပြန်ဝင်လာချိန်...။ တကယ်ပဲ န၀တက အကောင်းဘက်ကို ပြုပြင် ပြောင်းလဲရေး လုပ်လာမလားလို့ အားလုံးက စောင့်ကြည့်လာတဲ့အချိန်။ ဒီနေရာမှာ စိတ်လှုပ်ရှားစရာ အခြေနေလေးတွေ ရှိလာပါတယ်။ အဲဒီအချိန်မှာပဲပေါ့.. ကျမသူငယ်ချင်း ဇာတ်လိုက်ကျော် ဒေါ်ခင်မင်းဇော်က ၁၉၈၈ကတည်းက စက်မှုတက္ကသိုလ် ကျောင်းသားဘ၀ကနေ တောခိုသွားခဲ့တဲ့ သူရဲ့ ချစ်လှစွာသော ကိုမင်းဇော်နဲ့ လက်ထပ်ဖို့ စီစဉ်လိုက်တာ။ ၁၉၉၆ ဧပြီ.. ၂၇ရက်နေ့... ဗောဓိကုန်းကျောင်းတိုက်မှာတဲ့။ အဲဒီတုန်းက အလွန် တန်ခိုးထွား နေတဲ့ စစ်ထောက်လှမ်းရေးအဖွဲ့များက ငြိမ်းချမ်းရေးအဖွဲ့တွေနဲ့ NLD အချင်းချင်း အဆက်အသွယ်မလုပ်ရဘူးလို့ နှစ်ဖက်စလုံးကို တားမြစ်ထားတဲ့အချိန်။ ဒေါ်ခင်မင်းဇော်ရဲ့ မင်္ဂလာပွဲက တကယ့်ကို အမှတ်တရ ဖြစ်စေခဲ့တာလေး ပြောပြချင်ပါသေးတယ်။

သိတဲ့အတိုင်း ဒေါ်ခင်မင်းဇော်တို့ကတော့ ထုံးစံအတိုင်း ခပ်တည်တည်ပဲ.. စစ်မိသားစု အသိုင်းအ၀ိုင်းနဲ့ အင်မတန်နီးတဲ့ အင်းလျားလမ်းတို့ တက္ကသိုလ်ရိပ်သာလမ်းတို့ ရွှေတောင်ကြားတို့ရဲ့ ဗဟိုချက်လို ဖြစ်နေတဲ့ ဗောဓိကုန်းကျောင်းတိုက်မှာကို မင်္ဂလာဆောင် လိုက်ဦးမှာတဲ့..။ အန်တီစုကိုလည်း ဖိတ်ထားလိုက်သေး။ ကိုမင်းဇော်က ကယန်းပြည်သစ်ပါတီ နောက်ခံနဲ့ ဆိုတော့ ငြိမ်းအဖွဲ့တွေလည်း လာကြမှာ။ ပြီးတော့ ၈၈ မျိုးဆက်တွေမို့ ကျောင်းသားများကလည်း လာကြဦးမှာ။ ခင်မင်းဇော်ရော သူ့ချစ်ချစ်ရောက ကျမတို့ စာပေလောကနောက်ခံ သူငယ်ချင်းတွေရဲ့ ဇာတ်လိုက်ကျော်တွေမို့ စာပေ၀န်းကျင်ကလည်း လာကြဦးမှာ..။ ပွဲကတော့ ကြည့်လို့ကောင်း။ အဲဒီအထဲမှာ ကျမကသာ ကန့်လန့် ကန့်လန့်နဲ့ ၀န်ထမ်းဖြစ်နေ..။ ၀န်ထမ်းဆိုတော့ အဲဒီ သွားရင် အဖမ်းများ ခံရမလားလဲ မသိ။ မသွားဘဲလည်း မနေနိုင်ပေါင်.. ကျမတို့မှာက ရှားရှားပါးပါး ဒီလူတွေပဲ အရင်းအချာရှိတာ။ ဒါနဲ့ ထုံးစံအတိုင်း ဘာဖြစ်ဖြစ်ဆိုပြီး အဖော်ကောင်းဖြစ်တဲ့ သားလက်ကိုဆွဲပြီး မင်္ဂလာပွဲ တက်ရတော့တာပေါ့။

ကိုယ့် တဖွဲ့တည်းသူငယ်ချင်းရဲ့ ပွဲဆိုတော့ ကျမတို့တွဲနေကျအဖွဲ့ (မမိုချာ့၊ ခက်မာ၊ ကိုသန်းဌေးမောင်၊ ကေသီ...) အစောကြီး လူစုပြီး အရောက်လာကြတာပေါ့။ ကျမ မျှော်လင့် ထားသလိုပဲ ဘုန်းကြီးကျောင်းမှာ လုပ်တဲ့ မင်္ဂလာဆောင်က ပကာသနနည်းနည်းနဲ့ ကိုယ့်လူတွေနဲ့ကိုယ် ပျော်စရာကောင်းနေခဲ့တယ်။ ဧည့်သည်တွေ တသုတ်ပြီးတသုတ် ရောက်လာလိုက်တာ.. ကိုယ့်လူတွေချည်း..။ ပုသိမ်က အနုပညာသမား နာမည်ကျော်တွေ :P (ကြွက်(သိမ်းတင်သား)၊ ကိုမြင့်မိုးအောင်၊ ကိုအောင်ပွင့်အပါအ၀င် ကဗျာဆရာတွေ)၊ နောက် ကိုရွှေ(ရွှေဂျော်ဂျော်)၊ ကိုစောဝေ(ခု ဖမ်းခံထားရတဲ့ ကဗျာဆရာ)၊ ဆူဒိုနင်၊ သူငယ်ချင်းတွေ ချည်းပဲဆိုတော့ တအုံးအုံးပေါ့။


နောက် အုပ်စုလိုက်တွေကတော့ ဒေါ်ခင်မင်းဇော်ရဲ့ နိုင်ငံရေးဘက်က အဖွဲ့တွေ.. NLD လူငယ်တွေထဲကလည်း ခု အဖမ်းခံထားရတဲ့ ကိုသိန်းဆွေတို့.. ဟိုမှာက ကိုတိုးလွင်...။ ကျမက နိုင်ငံရေးအသိုင်းအ၀ိုင်းကို သိပ်မသိတော့ ဟိုလူ့မေး ဒီလူ့မေးပေါ့။ ဟိုဟာက ကျောင်းသားခေါင်းဆောင်ဟောင်း ဦးဗဆွေလေးသားလေ. သားကြီးတဲ့။ ဟောဟို ကောင်မလေးက နီလာသိန်း(ခု အဖမ်းခံထားရတဲ့ နီလာသိန်းလေ)ပေါ့.. အဲဒီ ငယ်ငယ်လေး ကတည်းက နိုင်ငံရေးထဲ ခြေစုံပစ်ဝင်နေခဲ့သူတွေ..။ ဟိုမှာ ထိုင်နေတာက ဗိုလ်ကြီးဝင်းထိန် (တလောက ထောင်ကနေ ထုတ်ပြီးမှ ချက်ချင်း ပြန်အဖမ်းခံသွားခဲ့ရသူ)၊ ဟိုမှာ ဗိသုကာ ဦးကျော်မင်း (ခုတော့ ဆုံးသွားရှာပြီ)၊ ဟိုမှာက သခင်အုန်းမြင့်လေ။

ဟိုတဘက်ခြမ်းမှာ ထိုင်နေကြတာက ကယန်းပြည်သစ်ပါတီက အဖွဲ့တွေတဲ့..။ ကျောင်းသားတပ်မတော်က လည်း လာတယ်.. ဟိုမှာ.. အဲဒါ ကိုဝင်းနိုင်ဦး..တဲ့ (ခုတော့ BBC ရေဒီယိုက ကိုရင်မောင်ပေါ့)။ ကျမမှာ ပါးစပ်အဟောင်းသားနဲ့ လိုက်ကြည့်နေရတာပေါ့။ ဒီကြားထဲ ကျမတို့ သတို့သမီးကလည်း ကျမတို့ဆီ ပြေးပြေးလာပြီး ဟိုလူ.. ဒီလူ.. ဆိုပြီး မိတ်ဆက်ပေးသေးတာ..။ ကျမတို့ အကြာကြီး နေကြလို့ မောင်ထူးမြတ်ကြီး တောင် တရေးအိပ်ပျော်သွားသေး။

(စကားဝိုင်းအလယ်မှာ မောင်ထူးမြတ်အိပ်ပျော်နေ)

အဲဒီတုန်းမှာပဲ အန်တီစု ရောက်လာတာ။ အန်တီစုက အစည်းအဝေးတွေ ရှိတဲ့ကြားက လာရတာဆိုပေမဲ့ အဲဒီနေ့က ၂နာရီကျော်ကျော်ကြာအောင် နေသွားပါတယ်။ ပြီးတော့ ကယန်းပြည်သစ်ပါတီ ဥက္ကဋ္ဌအပါအ၀င် တော်တော်များများနဲ့တွေ့.. စကားတွေပြော..။ ကျမတို့ကတော့ အန်တီ့စကားဝိုင်းနား နီးနီးထိုင်ပြီး နားတစွင့်စွင့် ပေါ့။ အန်တီတို့ တလျှောက်လုံး ပြောနေတာတော့ မြန်မာနိုင်ငံကြီး ဖက်ဒရယ်ပြည်ထောင်စု ဖြစ်လာဖို့ ဆိုတာပါပဲ။ ကယန်းပြည်သစ် ခေါင်းဆောင်တွေနဲ့ အန်တီတို့ ပွင့်ပွင့်လင်းလင်း ပြောနေကြတာ.. စိတ်ဝင်စားစရာ ပါပဲ။

(အန်တီစုနဲ့ နိုင်ငံရေးသမားကြီးတွေ)

ပြီးတော့ အန်တီက သူ့အနားရှိသမျှ ဧည့်သည်တွေကိုလည်း နှုတ်ဆက်စကားပြောပါတယ်။ ကျမကို ကျောင်းဆရာမလို့ ခင်မင်းဇော်က မိတ်ဆက်ပေးတော့ အန်တီစုက ကျောင်းသားတွေရဲ့ အနေအထားနဲ့ ဆရာဆရာမတွေရဲ့ အနေအထားတွေကို မေးပါတယ်။ အဲဒီတုန်းကတော့ ပညာရေးစနစ်ကလည်း သိပ်မဆိုးသေးတော့ ကျမက ကျောင်းသားတွေကတော့ မတရားမှုတွေကို သိပါတယ်.. နိုင်ငံရေး စိတ်ဝင်စားမှု တွေလည်း ရှိပါတယ်.. လို့ပဲ ဖြေဖြစ်ပါတယ်။ နယ်ကျောင်းလေးတွေ ဆင်းရဲတာကိုလည်း ပြောပြဖြစ်ခဲ့ပါတယ်။ နောက် ဆရာဆရာမတွေရဲ့ အကျပ်အတည်းတွေကို အကြမ်းဖျဉ်း ပြောဖြစ်ပါတယ်။

(ဒီနေရာမှာ ကျမ တခု ထည့်ပြောပြချင်ပါတယ်။ အန်တီနဲ့ ကျမ စကားပြောတဲ့ အဲဒီ ၁၀မိနစ်လောက်ကလေးမှာ အန်တီက ဘာမဟုတ်တဲ့ ဆရာမလေးတယောက်ရဲ့ ပြောစကားကို သေသေချာချာ စိတ်ပါဝင်စား နားထောင်နေတာကို ကြည့်ပြီးတော့ ကျမဘာလို့မှန်းမသိဘဲ ကြက်သီးတွေ ထပြီး မျက်ရည်လည်နေမိခဲ့တာ ခုထိ သတိရနေမိပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ အန်တီ့ကို arrogant ဖြစ်တယ်.. stubborn ဖြစ်တယ်.. ဆိုတာတွေ ဝေဖန်တာ ကြားရင် အဲဒီတုန်းက မြင်ကွင်းကို ကျမ ပြန်ပြန် ပြောပြဖြစ်ပါတယ်)။

ဒါကြောင့်ပဲ ကျမအတွက်တော့ ဒေါ်ခင်မင်းဇော်ရဲ့ မင်္ဂလာပွဲကလည်း ၉၆ရဲ့ အမှတ်တရထဲ ပါခဲ့တယ်လို့ ပြောရတာပါပဲ။

+++++

အဲဒီအချိန်တွေထဲမှာပဲပေါ့... သားနဲ့ ကျမနဘေးမှာ အချိန်အတော်များများ ရှိနေတတ်တဲ့ ကိုရာကျော်နဲ့ ကျမကို ကိုယ်တိုင်တွေတောင် ဘာမှန်း သေချာမသိခင်မှာ ပတ်ဝန်းကျင်က နိမိတ်ဖတ်နေခဲ့တာ။ အဲဒီ ကာလလေးမှာပဲ ကျမကိုယ်တိုင်လည်း စိတ်ထဲမှာလည်း လှုပ်လှုပ်ရှားရှားတွေ ရှိလာတာပါ..။ ဒါဟာ အပြစ်ဆိုရင်လည်း.... ကိုချောနွယ်ပြောသလို
အချစ်ရေ... တို့တွေ
နာတာရှည်ရောဂါမှာ
သာယာလိုက်ကြပါစို့
ကမ္ဘာကြီးခဗျား...
သင်ကောင်းခဲ့သော်လည်း
ကျွန်ုပ်တို့ ဆိုးခဲ့ပါတယ်။
ရိုးသားခွင့် မရှိတော့ပါ....
လို့ ညည်းညူခဲ့ရတဲ့ အချိန်တွေဆိုပါတော့။

အဲဒီတုန်းက "မပြတ်သေးဘူး.. ရေစီးကြောင်းလေးအား ဓားနဲ့ဖြတ် ပြတ်ပါ့မလား.. ဒီလို သံယောဇဉ်တွေ.." ... "တစုံတရာဟာ ကြယ်တွေကြွေအောင် ပြုလုပ်ပေးနေတယ်.. တိမ်တွေ ရောင်စုံစီစဉ် ရေးဆွဲခဲ့လေတယ်.. တန်ခိုးရှိတဲ့ တစုံတရာအလယ်မှာ တို့နှစ်ယောက် တွေ့ကြတယ်.. ကြင်နာသူရယ် ကျေးဇူးတင်တယ်.. တစုံတရာကိုလေ.. လှမ်းပြောလိုက်တော့မယ်.." ဘာ..ညာ နဲ့။ အဲလို သီချင်းတွေ ဆိုလို့ ကောင်းခဲ့။ ဦးလှိုင်(သုခမိန်လှိုင်)ကတော့ "ခွေးကောင်မလေး.. ကိုယ်လုပ်ချင်တာ လုပ်ပြီး ငါ့ကို ဆွဲဆွဲမထည့်နဲ့" တဲ့။ ပြောရရင်တော့ ကိုချောကိုပါ ဆွဲထည့် ရတော့မှာ။
ပလပ်စတစ်အကြည်သားပေါ်
တိမ်တွေရေးဆွဲချလိုက်ပီး
တိမ်အိမ်ကလေးဆောက်ကာ ၀င်လိုက်မိ
ဘယ်လိုမှ ပြန်ထွက်မရတော့ဘူး။ (မောင်ချောနွယ်)
ကျမကတော့.. အဲဒီအချိန်မှာ.. သားလက်ကို ခပ်တင်းတင်း ဆုပ်ရင်း ခိုနိုင်မယ့် အေးရိပ်ကို မျှော်သလို... သူ့ကို မော်ကြည့်မိခဲ့တယ်.. ထင်ပါရဲ့။ တကယ်တမ်း အသက် ၃၀ အရွယ်.. ဒဏ်ရာဒဏ်ချက်တွေနဲ့ မာကျောကျော ပေတေတေ မိန်းမတယောက်အနေနဲ့ အဲဒီ လူငယ်လေးဆီမှာ ရှာတွေ့တာက မေတ္တာတရားတခုတည်းပါ။ တကယ်ပဲ ဆန်းတဲ့ ပုစ္ဆာတပုဒ် ပါပဲ။ ဘယ်သူ့မှာ အပြစ်ရှိခဲ့ပါသလဲ..။
ပုစ္ဆာမဟုတ်ဘဲ
အဖြေဖော်လို့ ငါ မရခဲ့

မုဆိုးမောင်းတ၀က် မောင်းတင်ထားပြီး
သားကောင်ကို ငါရှာ
ငါတွေ့
ငါပစ်ချလိုက်တယ်
ငါ့တကိုယ်လုံး ဒဏ်ရာတွေချည်း နိုင်းချင်း
နာနာကျင်ကျင်အလှ ငါတွေ့
အကြီးအကျယ် ငါ စိုးရိမ်မိ

ငါ့သေနတ်မှာ ကျည်ဆန်မရှိမှာကိုပဲ။

(မောင်ချောနွယ်)


+++++


Dec 15, 2008

မြသီလာအလွမ်းပြေ(၂၅)

ကြယ်သီးများ

သစ်ပင်တွေရဲ့ ကြေကွဲမှု
သူ့ရှေ့တည့်တည့်က စွေစောင်းစောင်း
ခြံစည်းရိုးကိုသာ တွေတွေကြီးငေးစိုက်
အကုန်လုံး မိုက်မဲခဲ့ကြလေတယ်.... တဲ့။

အခုတော့
အသီးအပွင့်တွေ ဆွံ့အ
ကောင်းကင်မှာပဲ ကြယ်တွေ တွဲတိတွဲလောင်းကျ
ပိုပိုပြီး လင်းထိန်ခဲ့ရပြီ
ရှက်တတ်သူတွေခမျာက
အဲဒါတွေ ခူးပြီး ဆွဲဆွဲစေ့နေရတော့ရဲ့။

(စန်းဦး)
+++++

အဲဒီအချိန်တွေမှာတုန်းကတော့ လူငယ်တွေကို တင်းမပြည့်ကျပ်မပြည့် ပညာရေးပေးနေတဲ့အထဲ ကိုယ်လည်း တရားခံတယောက် ဖြစ်နေခဲ့တာကို ကျမ မရိပ်မိခဲ့ပါဘူး။ ကျမကတော့ ကိုယ့်ကိုယ်ကို ဟုတ်လှပြီလို့ တကယ် ထင်တာ။ ကလေးတွေကို စာပြန်သင်ပေးနိုင်ဖို့ ကျမ အများကြီး ကြိုးစားတယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံတာလေ။ တတန်း ၆လတာ စာသင်နှစ်တနှစ်အတွက် ပြဌာန်းစာနည်းနည်းလေးကို ၀မ်းစာခပ်များများသွပ်ပြီး ကလေးတွေဆီ ကျမ အရောက် ပေးနိုင်ခဲ့တယ်လို့လည်း ယုံခဲ့ပါတယ်။ ကျမကလေးတွေဟာ အဲဒီ စာသင်ကာလ လေးထဲ သူတို့ ရပိုင်ခွင့်ရှိသလောက် ကျမဆီက ရခဲ့တယ်လို့လည်း ယုံတယ်။ အဲဒီအတွက်တော့ ကျမ တသက်လုံး စိတ်ချမ်းသာ လိပ်ပြာသန့်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ တခုပဲ.. ကျမက သူတို့လေးတွေကို ကန့်သတ် ထားတဲ့ ဘောင်တွေထက် ကျော်လွန်အောင် မပေးနိုင်ခဲ့တာကိုတော့ အားမရပါ။

ဗဟုသုတ၀မ်းစာနည်းပါးတဲ့ ကလေးတွေကို စာမဖတ်လို့ စိတ်တွေတို.. ဖတ်စရာစာအုပ်တွေ ရှာပေး.. ဆွေးနွေးခိုင်း.. ဒါပေမဲ့ ကလေးတိုင်းကို စောင့်ကြည့်ဖို့ အချိန်ကျတော့ မပေးနိုင်ခဲ့။ ကိုယ့်ကို အမီလိုက်တဲ့ ကြိုးစားတဲ့ ကလေးတွေကိုတော့ အထူးတလည် ရေလောင်း ပေါင်းသင် မွမ်းမံနေမိခဲ့တာကလည်း မျက်နှာလိုက်တာတော့ မဟုတ်ပါ..။ ကျမကိုယ်တိုင် အဲလောက်ပဲ တတ်နိုင်ခဲ့တာ။ ကလေးအများစုကတော့ ထုံးစံအတိုင်း ပေါ့ပေါ့ပါးပါး သတ်မှတ်ထား သလောက် စာသင်မယ်.. အချိန်တန် စာကျက် စာမေးပွဲအောင် ဘွဲ့ရပေါ့။ အဲဒါမျိုးတွေကို အားမရလှပေမဲ့ ကျမ မတတ်နိုင်ခဲ့။ အဲဒီအကြောင်းကို "မောင်ထူးမြတ်ဖတ်ဖို့ ရေးတဲ့စာ" ဆိုပြီး ၀တ္ထုတိုလေးတပုဒ် ရေးခဲ့ဖူးပါတယ်။ (ဒီမှာ ပြန်ဖတ်နိုင်ပါတယ်)။ ဒါပေမဲ့ အဲဒီတုန်းက ခိုးချတာ တွေ ဆရာ ဆရာမအပေါ် မလေးမခန့် လုပ်တာမျိုးတွေ မရှိတာကတော့ တက္ကသိုလ်နဲ့ တူနေသေးတဲ့ ပြယုဂ် တွေပါ။

ဒါပေမဲ့ အဲဒီအချိန်.. တကယ်တမ်းမှာ ဘားအံက ကလေးတွေရဲ့ သနားစရာကောင်းတဲ့ အဖြစ်တွေ.. ပြောပြချင် ပါသေးတယ်။ အဲဒါကတော့ ဆရာဆရာမတွေနဲ့ ပတ်သက်တဲ့အပိုင်းပါ။ ဘားအံကောလိပ်မှာ မေဂျာဘာသာ ၈ခု (မြန်မာစာ၊ သမိုင်း၊ ပထ၀ီ၊ သင်္ချာ၊ ရူပ၊ ဓာတု၊ သတ္တဗေဒ၊ ရုက္ခဗေဒ)တွေအတွက် ဆရာဆရာမအားလုံးပေါင်းက ၅၀ မပြည့်ပါဘူး။ အဲဒီထဲမှာ နယ်ခံက ၁၀ယောက် မပြည့်ပါဘူး။ ဆိုတော့ ကျန်တဲ့ ဆရာဆရာမတွေက ရန်ကုန်ကပါ။ ရန်ကုန်မှာ မိသားစုတွေ ထားခဲ့ရပြီး တာဝန်လာ ထမ်းဆောင်နေရသူ တွေပေါ့။ ဘားအံနဲ့ ရန်ကုန်က ၅နာရီစာလောက်ပဲ လှမ်းလေတော့ ဆရာဆရာမအများစုက အပတ်တိုင်း ရန်ကုန်ပြန်ပါတယ်။ သောကြာနေ့လယ်လောက်ဆို ပြန်ကြပြီး တနင်္လာနေ့ ၁၁နာရီလောက် အမီ ပြန်လာကြပါတယ်။ အဲဒီတုန်းကတော့ စနေ တနင်္ဂနွေမှာ မိသားစုဆီပြန်ရင်း ကျူရှင်သင်တဲ့ အလုပ်တို့ တခြား တွဲလုပ်ထားရတဲ့ အပြင်အလုပ်ကလေးတွေ (ကျမ စာအုပ်ကိစ္စ စာရေးတဲ့ ကိစ္စ လုပ်သလို) လုပ်ဖို့ ပြန်ကြတာပါပဲ။ လစာနဲ့မှ မလောက်တော့လည်း အဲလိုပဲ လုပ်ကြရတာပါပဲ။

အဲဒီနေရာမှာ ပြဿနာက တချို့ ဆရာဆရာမတွေကတော့ ဘားအံမှာ နှစ်ပတ်ဆက်တိုက် နေ.. ကလေးတွေကို စနေတနင်္ဂနွေတွေမှာပါ အချိန်ပိုခေါ် သင်ပြီးတော့ နောက် ၂ပတ်လုံး ရန်ကုန်ပြန်နေကြတာပါပဲ။ တချို့များ ဘယ်လောက် လွန်သလဲဆို တလ နှစ်လထိ ဘားအံကို ပြန်မလာတော့ဘဲ ရန်ကုန်မှာ နေလိုက်ကြ တာပါပဲ။ ကလေးတွေခမျာ ၃လစာသင်ရိုးကို ၂ပတ်လောက်နဲ့ မနိုင်ရင်ကာ သင်ကြရ။ နားမလည်လို့ စာမေးမယ် လုပ်တော့ အဲဒီ ဆရာ ဆရာမက မရှိ။ ကလေးတွေခမျာ ခေတ်စနစ်ရဲ့သားကောင်တွေ ဖြစ်ကြရတာ.. ဓားစာခံတွေလို။ အဲဒီအခါမှာတော့ အဲဒီလို ဆရာ ဆရာမတွေနဲ့ ဒေါ်မေငြိမ်းက ထိပ်တိုက်တွေ့တော့တာပါပဲ။ ကျမက အဲဒီ ဆရာဆရာမတွေကို သွားတွေ့ပြီး ကလေးတွေရဲ့ အခြေနေကို ပြောပြတော့ ကျမကို ကိုယ်နဲ့ မဆိုင်တဲ့ အလုပ် လုပ်တယ်တဲ့။ (ကျမကတော့ အဲဒါဟာ ကျမအပါအ၀င် ဆရာဆရာမတိုင်းရဲ့ အလုပ်လို့ ထင်တာပါပဲ)။ "ကျမက ပြန်စရာအိမ်မရှိတိုင်း.. အိမ်ပြန်ချင်စိတ် မရှိတိုင်း..." ဆိုတာလည်း ပါပါသေးတယ်။ ကျမမှာ လူကလည်း ငယ်သေး.. မာနကလည်း တံခွန်ထူတတ်တဲ့ အရွယ်ဆိုတော့ စိတ်တွေတို.. ပြဿနာတွေ ဖြစ်ပေါ့။ ဘားအံကောလိပ်ရဲ့ ငပွကြီးပေါ့။

တချို့များ ဘယ်လောက်ဆိုးသလဲဆို ကျမကိုကျတော့ သေသေချာချာ ရင်ဆိုင်မဖြေရှင်းဘဲနဲ့ ကျမကပဲ လွတ်လွတ်လပ်လပ်နေချင်လို့ ယောက်ျားကို ရဲလက်အပ်ခဲ့တာဆိုတာမျိုး မဆိုင်တာတွေ နောက်ကွယ်မှာ လျှောက်ပြောသေး။ ကျမ ဒါတွေပြောပြနေတာဟာ သူများကို အပြစ်တင် အပုပ်ချနေတာမဟုတ်ပါဘူး။ ကျမတို့ လူ့ပတ်ဝန်းကျင်မှာ ကြုံရတတ်တဲ့ အဖြစ်တွေမို့ပါ.. ပြီးတော့ အဲလို ရင်ဆိုင်ရတဲ့သူတွေ အချင်းချင်း ဖြေသိမ့်နိုင်အောင်ပါ..။ ဒါတွေဟာ ကျမ တယောက်တည်းကြုံရတာမဟုတ်ပါဘူး။ ဇေယျာလင်းပြောသလိုဆို.... အလားတူ သူမများရဲ့ ချုပ်ရိုးထဲမှာ။ ကျမတို့ရဲ့ အဲလို ပတ်ဝန်းကျင်ကြောင့် နဂို စိတ်အခံမခိုင်မာလို့ စိတ်ကျ လေလွင့်သွားရတဲ့ လူတွေလည်း မနည်းပါဘူး။ (ပတ်ဝန်းကျင်ဂယက်တခုတည်းသက်သက်ကြောင့်လို့ မဆိုလိုပါ)

ဘာပဲဖြစ်ဖြစ် ကျမကတော့ တာဝန်မကျေသူတွေသာ ရှက်စရာလို့ သတ်မှတ်ပြီး ကိုယ်လုပ်နိုင်တာ အားလုံးလုပ်မယ် ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ အချိန်တွေကို ဖြတ်ကျော်နိုင်ခဲ့တာပါပဲ။ အဲဒီအခါ ကိုချောနွယ်ရဲ့
ခုတော့
မင်္ဂလာတရားနဲ့အညီလေ
ငါးအပုပ်စားရပေမဲ့
ဗြဟ္မစိုရ်တရားလက်ကိုင်ထားလို့
ဘယ်သူတွေများ ငါးအပုပ်စားရလို့
ဗြဟ္မစိုရ်တရားလက်ကိုင်ထားနိုင်ခဲ့လို့လဲ..
ဆိုတာလေးပဲ တွေးတွေးပြီး မာန်တက်ရ..။ ဒါမှပဲ ဘ၀ထဲ နေပျော် တော့တာ။

+++++

ဒီလိုနဲ့ ၁၉၉၅ ဒီဇင်ဘာထဲမှာ ရန်ကုန်တက္ကသိုလ် စိန်ရတုပွဲလုပ်မယ်တဲ့။ အဲဒီစိန်ရတုပွဲဟာ နည်းနည်း အငြင်းအခုန်များရတဲ့ ပွဲပေါ့။ စစ်အစိုးရလုပ်ပေးတဲ့ စိန်ရတုကို အသိအမှတ် ပြုမလား.. မပြုဘူးလား ဆိုတာတွေပေါ့။ အဲဒီအချိန်မှာ ဗိုလ်ခင်ညွန့်ကလည်း ဂုဏ်တွေလုပ်ပြီး စိန်ရတုပွဲကြီး လုပ်ပေးမယ်.. စိန်ရတုခန်းမကြီး ဖွင့်ပေးမယ်ရယ်လို့ ဟန်တပြင်ပြင်ပေါ့။ စိန်ရတု အဆောက်အအုံကြီးအတွက် လိုင်းပေါက်က ရန်ကုန်တက္ကသိုလ် ၀န်ထမ်းအိမ်ယာတွေကို ဖျက်ထားတဲ့ အချိန်။ ရန်ကုန်တိုင်းထဲက တချို့မြို့နယ်တွေ (မြောက်ဥက္ကလာတို့ မြောက်ဒဂုံ တောင်ဒဂုံတို့) က ကလေးတွေကို လယ်ကွင်းထဲမှာ ဒဂုံတက္ကသိုလ်ဆိုတာကြီး စဖွင့်ပြီး တက်ခိုင်းထားပြီဖြစ်တဲ့ အချိန်။ ဆေးတက္ကသိုလ်တွေတောင် လိပ်ခုံးမှာ မတက်ရတော့တဲ့ အချိန်။ RIT တောင် ဟိုပြောင်းမယ် ဒီပြောင်းမယ်ဆိုတာတွေ သတင်းကြားလာရတဲ့အချိန်..။ အကြောင်းပြချက် မည်မည်ရရ မပေးဘဲ RIT ကို YIT လို့ နာမည် ပြောင်းပြီးစအချိန်။ ကျောင်းသားတွေ ခပ်ဝေးဝေး.. ကွဲကွဲပြားပြား စဖြစ်လာတဲ့ အချိန်...။ စိန်ရတုပွဲကို ဘယ်သူတွေက တကယ် ပျော်ကြမှာလဲ..။

ကျမကတော့ အဲဒီအချိန်မှာ စိန်ရတုပွဲကြီး ဖြစ်မြောက်အောင် လုပ်ပေးချင်တယ်ဆိုတဲ့ ဗိုလ်ချုပ်ခင်ညွန့် ကို သဘောမကျပေမဲ့ ကျမချစ်တဲ့ မြကျွန်းသာရဲ့ မွေးနေ့မို့.. ပြီးတော့ ဘားအံက ကလေးတချို့က အဲဒီပွဲကို ရောက်ဖူးချင်တယ်ဆိုလို့... ကျမကပဲ ဦးဆောင်ပြီး သူတို့လေးတွေရဲ့ မိဘတွေကို လိုက်ပြောပေး.. တချို့ ပိုက်ဆံ မတတ်နိုင်တဲ့ ကလေးတွေကို ကျမပဲ ပိုက်ဆံစိုက်ပြီး ခေါ်ခဲ့သေးတာ။ ကျောင်းသားကျောင်းသူ ၁၈ယောက် ယောက်ျားလေး ၁၁ယောက် မိန်းကလေး ၇ယောက်။ ကျမရဲ့ RIT ထဲက ယောက္ခမအိမ်မှာပဲ ဖြစ်သလို တည်းကြတာ။ ကလေးတွေကတော့ ပျော်နေကြတာပေါ့။

(တကယ်တော့ စာဖတ်သူအများ အကြောင်းအမျိုးမျိုးနဲ့ စောင့်နေလောက်တဲ့ ကိုရာကျော်က အဲဒီအချိန်ထိကို ကျမရဲ့ ဇာတ်လမ်းထဲ မပါသေးပါဘူး..:) ..။ သူက ဓာတုဗေဒက ဖြစ်ပြီးတော့ သူက အဲဒီတုန်းက ကျောင်းတက်ရင်း သူ့အိမ်က လယ်တွေကို လုပ်နေတာမို့ ကျောင်းပြီးတာနဲ့ ရွာက လယ်တွေဆီ ပြေးပြန်တာမို့ ကျောင်းဝန်းကျင်မှာ သိပ်မရှိပါဘူး။ ပြီးတော့လည်း ဆရာဆရာမတွေအနား သိပ်မကပ်လှဘဲ ဘာသိဘာသာ နေတတ်တဲ့ ကျောင်းသားပါ..။ ကျမနဲ့ ရင်းနှီးတဲ့ ကျောင်းသားထဲလည်း မပါပါဘူး။ ဒါကို ထည့်ပြောပြရ တာကတော့ ကျမနဲ့ သူနဲ့ ပတ်သက်ပြီး ပြောကြ ဝေဖန်ကြတဲ့အခါ ကျောင်းသားတွေနဲ့ နီးနီးစပ်စပ်နေတာကိုး ဖြစ်မှာပေါ့.. လို့ ကောက်ချက်ချသူတွေက များတာမို့ အဲဒီကောက်ချက်ကလည်း မမှန်လှကြောင်း ပြောပြချင် လို့ပါ)။

ဒါပေမဲ့ အဲဒီကာလလေး ကျောင်းဝန်းကျင်မှာတော့ ရန်ကုန်တက္ကသိုလ် စိန်ရတုအထိမ်းအမှတ် ကဗျာစာအုပ်တွေ အများကြီး ထွက်လာကြပါတယ်။ ကျမတို့ မိန်းထဲက ကဗျာအဖွဲ့တောင် "အိပ်မက်တွေကို ချည်တဲ့ကြိုး" ဆိုတဲ့ ကဗျာစာအုပ်လေး လုပ်ဖြစ်ခဲ့ပါတယ်။


အဲဒီမှာ ပျော်စရာကောင်းတာက ၈၈ မှာ တောခိုသွားခဲ့တဲ့ သူငယ်ချင်း မိဆူးပွင့် (ABSDF) ရဲ့ ကဗျာဟောင်း လေး ကို ထည့်သုံးလိုက်နိုင်ခဲ့တာပါပဲ။ နောက်ပိုင်းမှာလည်း ဘာပြဿနာမှ မပေါ်ခဲ့။ ကျမတို့ဖြင့် အရသာရှိ လိုက်တာ.. အဲဒီတုန်းက။ အဲဒီအခါ ကိုယ့်ဘာသာတော့ မြသီလာရဲ့ စိန်ရတုမွေးနေ့က ကျေနပ်စရာ ကောင်းခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် ကျမကတော့ ဘ၀တလျှောက်လုံး ကျမ လုပ်ချင်တာ.. လုပ်စရာရှိတာ... လုပ်သင့်တယ် ထင်တာတွေကိုပဲ လုပ်ခဲ့တာပါပဲ။ ဒါကြောင့်ပဲ ကြုံလာရသမျှ လောကဓံကို ရင်ဆိုင် ခံတိုက် နိုင်ခဲ့တာလို့ ထင်ပါတယ်။

+++++

စိန်ရတုကအပြန်မှာတော့ မောင်ထူးမြတ်ရဲ့ မူကြိုက ဒီဇင်ဘာကျောင်းပိတ်ရက်မို့ သားကိုပါ ဘားအံ ခေါ်ပြန် ခဲ့ပါတယ်။ သားက ခရီးရှည် မထွက်ဖူးသေးတော့ ပျော်လို့။ ကျမလည်း သားနဲ့အတူ ပျော်လို့.. အဲဒီကစလို့ သားအမိနှစ်ယောက် ခရီးတွေအတူတူ ထွက်ကျင့်.. ဘယ်နေရာကိုမဆို အတူတူ သွားကျင့် ရှိခဲ့တာပါ။ ဘားအံရဲ့ဆောင်းချမ်းချမ်းကို သားက သဘောကျနေတယ်။ သားက သူ့ဘာသာသူ ကစားရင်း "ကြယ်တွေ စုံပြီလား.. ဗင်းဆင့်သီချင်းကို ဆိုကြတယ်" လို့ သီချင်းညည်းရင် ကျမရဲ့ တပည့်လေးတွေက အံ့သြနေတတ်တယ်။ ကလေးက အဲလို သီချင်းမျိုးဆိုသလား..တဲ့။ နောက် ဇွဲကပင်တောင်ကို ခလောက်နို့ ဘက်ခြမ်းက တက်တော့လည်း ခပ်ဝေးဝေးကတောင်တွေကို လှမ်းကြည့်ပြီး အဲဒီလေးနှစ်သားက "မေမေရေ.. ဟိုးမှာ ကြည့်စမ်း တောင်တွေက တိမ်ဟန်ဆောင်နေကြတယ်"လို့ ပြောလို့ ကျမသူငယ်ချင်းဆရာ (အသေးလေး)က 'အမလေး... မောင်ထူးမြတ်ရာ.. လေးစားပါတယ်' လို့ salute ရိုက်လို့ ကျမတို့ ရယ်လိုက်ရတာ။ သားနဲ့ သာမညတောင် သွားလိုက်.. တောင်ကလေး သွားလိုက်.. ကြာအင်းတောင် တက်လိုက်..။

အဲဒီမှာပဲ တရက်သား ရေတံခွန်ဘက် လျှောက်လည်ပြီးအပြန် ညဘက်ကြီး မောင်ထူးမြတ်တယောက် အပြင်းဖျားပါတော့တယ်။ ညလယ်လောက်ကျတော့ ရုတ်တရက် ညည်းသံလိုလို ကြားလို့ ထကြည့်တော့ သားက ကိုယ်တွေခြစ်ခြစ်တောက် ပူလို့်။ ကျမ ရေဖတ်တိုက်ဖို့ လုပ်နေတုန်းမှာပဲ သားက ရုတ်တရက် ပျော့ခွေကျသွားပြီး သတိလစ်သွားပါတော့တယ်။ သူငယ်ငယ်လေးထဲက တခါမှ အဲလို မဖြစ်ဖူးတော့ ကျမဖြင့် ပျာသွားပြီး ငိုချလိုက်မိပါတယ်။ မိန်းကလေးဆောင်ဘက်က သမီးတွေကို အော်ခေါ်တော့ မိန်းကလေးတွေ အကုန်နီးပါး ကျမအိမ်လေးပေါ် ချက်ချင်း ရောက်လာကြပါတယ်။..။ နောက်တော့ သူတို့ပဲ အဆောင်ဝင်းစောင့် ဒရ၀မ် အဖိုးကြီးကို နှိုးပြီး ကျောင်းထဲက ယောက်ျားလေးတွေကို ဆေးရုံသွားဖို့အတွက် သွားခေါ်ခိုင်းကြပါတယ်။

ခဏကြာတော့ ကျောင်းသားလေးငါးယောက် အိပ်ယာက ထလာတဲ့ပုံနဲ့ ကမန်းကတမ်း ရောက်လာကြပါတယ်။ အဲဒီထဲမှာ ကျမနဲ့ ရင်းနှီးတဲ့ သားတယောက်ဖြစ်တဲ့ ဖိုးတူးက သူ့ဦးလေး ဆရာဝန်ဆီ သွားမယ်တဲ့။ ပြီးတော့ ကလေးကို ကောက်ချီပါတယ်။ အဆောင်ဝမှာ ကျောင်းသား၂ယောက်က ဆိုက်ကား၂စီးကို ကိုယ်တိုင်တွေ နင်းလို့ စောင့်နေကြပါတယ်။ 'ဆရာမ လာလာ ဒီဆိုက်ကားပေါ်တက်' လို့ ကျောင်းသားတယောက်က လှမ်းခေါ် ပါတယ်။ အဲဒါက ရာကျော်ပါ။ နောက်က ဆိုက်ကားကိုတော့ ဇော်မိုး (ကော့ကရိတ်က) က နင်းပြီး မိန်းကလေး ၃ယောက်က အဖော်လိုက်ခဲ့ပါတယ်။ ကျမကတော့ တလမ်းလုံး ငိုလာမိတာပဲ။

ဆရာဝန်ဆီ ရောက်တဲ့အထိ မောင်ထူးမြတ်က သတိ မရတချက် ရတချက်။ နောက်တော့ ဆရာဝန်က စကားမေး သိပ်မရချင်တဲ့ (ပုံမှန်မဟုတ်တဲ့) ကျမကိုပါ ဆေးထိုးပေးရပါတော့တယ်။ ပြီးတော့ ကလေးတွေပဲ ကျမတို့ သားအမိနှစ်ယောက် နေကောင်းတဲ့အထိ ပြုစု စောင့်ရှောက်ခဲ့ကြရတာ။ မှတ်မှတ်ရရ အဲဒီနောက်ပိုင်းကျမှပဲ ရာကျော်နဲ့ ကျမက ပြောပြောဆိုဆို ရှိလာတာ။ ပြီးတော့ အဲဒီနောက်ပိုင်းမှာမှ သူက ကျမတို့ရဲ့ လက်ဘက်ရည်ဆိုင် ထိုင်တာတွေ လျှောက်လည်တာတွေမှာ ပါပါလာတတ်တာ။ နောက်တကြောင်းကတော့ အဲဒီအချိန်တွေမှာမှ လယ်အလုပ်တွေလည်း ပြီးချိန်မို့ပါ.. တဲ့။ သူက ကျောင်းဆရာမ အမေနဲ့ စာဖတ်တဲ့ အဖေနဲ့ ကြီးရတာမို့ စာတော့ ဖတ်တဲ့သူပါ။ ပြီးတော့ စကားနည်းတယ်။ ကျမက လယ်လုပ်ငန်းအကြောင်း သိချင်လို့ မေးရင်လည်း မေးတခွန်း ဖြေတခွန်းပါ။ ဗမာလိုကလည်း လည်လည်ပတ်ပတ် မပြောတတ်။ တချို့ စကားလုံးတွေဆို ဗမာလို မပြောတတ်လို့ မွန်လိုပဲ ပြောတော့တာ။ ရာကျော်က ဘာသိဘာသာနေတတ်လို့ ကျမက သူနဲ့ သိပ် ရင်းရင်းနှီးနှီးလည်း မရှိခဲ့ပါဘူး။ ပြီးတော့ သူက ကျမသူငယ်ချင်း(အသေးလေး)ရဲ့ တပည့်လေ။

ဒါပေမဲ့ နောက်ပိုင်းမှာတော့ သားနဲ့ ကျမရဲ့ ဗာဟီရကိစ္စတွေကို စိတ်ရှည်ရှည်နဲ့ ကူညီညာ လုပ်ပေးရင်း သူက ဗြုန်းစားကြီး ကျမနဲ့ အနေနီးလာ။ ဒါကြောင့် ကျမနဲ့ ရာကျော်ရဲ့ ပတ်သက်သွားရမှုက ထူးထူးဆန်းဆန်းကြီးကို တည့်တည့်တိုးရတဲ့ ကံကြမ္မာတခုလို့သာ ပြောရတော့မှာပါပဲ။ တကယ်တော့ အဲဒီအပိုင်းဟာလည်း ကျမ ပြန်မတွေးချင်တဲ့ မရေးချင်တဲ့ အပိုင်းတပိုင်းပါ။ ဒါကို ၀တ္ထုတိုလေးတပုဒ်တော့ ရေးခဲ့ဖူးပါတယ်။ ဒီမှာ ပြန်ဖတ်နိုင်ပါတယ်။

+++++

ရာကျော်ဆိုတဲ့ ကဏ္ဍတခု မပါဘူးဆိုရင်တော့ ၁၉၉၆ ဟာ ကျမအနေနဲ့ ကျောင်းဆရာမ ဘ၀ထဲမှာ ဖြူဖြူစင်စင်နဲ့ အောင်မြင်ခဲ့တဲ့ အချိန်တွေပါပဲ။ ကျမလက်ထက်မှာ မေဂျာတန်းက တပည့် ၃ယောက် ဂုဏ်ထူးတန်း ၀င်တယ်။ အဲဒီ ကာလ အပိုင်းအခြားထဲ အဝေးသင် ကျောင်းသားတွေအများကြီးကို ကျမ သေသေချာချာ မွေးထုတ် နိုင်ခဲ့ပါတယ်။ ကျမက ကလေးတွေရဲ့ ဆရာမဘ၀မှာ 'ငါးအပုပ်စားရပေမဲ့... ဗြဟ္မစိုရ်တရား လက်ကိုင်ထားလို့' ရှိနေနိုင်ခဲ့ပါတယ်။ နောက်ပိုင်း ၁၉၉၆ ရဲ့ ဇွန်မှာတော့ သားလေးက သူငယ်တန်း တက်ရတော့မှာမို့ ကျမနဲ့ ဘားအံမှာ လိုက်မနေနိုင်တော့ပါဘူး။ ပြီးတော့ အဲဒီအချိန်မှာပဲ ကျမတို့သုံးယောက် အလုပ်ပင်ပန်းတဲ့အတွက် ကျမတို့ကိုယ်တိုင်ပဲ အဆညကို စာတင်ပြီး လှမ်းတောင်းလိုက်လို့ ကျမတို့ထက် ရာထူးမကြီးပေမဲ့ အတန်းကြီးတဲ့ ဆရာမတယောက် ရောက်လာတဲ့အတွက် သူ့ကို ဌာနမှူး လွှဲပေးလိုက်တာမို့ ကျမတို့ သုံးယောက် ပေါ့ပေါ့ပါးပါး ရှိသွားတဲ့ အချိန်တွေလည်း ဖြစ်ပါတယ်။ ဌာနမှာ နောက်ထပ် နည်းပြဆရာ ၂ယောက်ပါ ထပ်ရောက် လာတာမို့ လူအင်အားတောင့်ပြီး ကျမတို့ အဟောင်း ၃ယောက် တော်တော် သက်သောင့် သက်သာ ရှိသွားတဲ့ အချိန်တွေ။ ၁၉၉၆ ဒီဇင်ဘာကျောင်းသား လှုပ်ရှားမှုကြောင့် ကျောင်းတွေ ပိတ်လိုက်ရပြန်တဲ့အထိပေါ့။

၁၉၉၆ရဲ့ မေလက ပြန်စတဲ့ စာသင်နှစ်ထဲမှာတော့ ကျမရဲ့ ထုံးစံအတိုင်း ကျောင်းအားရက်တွေမှာ စိတ်တူကိုယ်တူ သူငယ်ချင်းဆရာမတွေရယ်.. တပည့်တွေရယ်နဲ့ အတူ အနီးဝန်းကျင်ကို ဒေသန္တရ ဗဟုသုတ ခရီးတွေ ထွက်နိုင်ခဲ့တယ်။ ကျိုက်ထီးရိုး.. မော်လမြိုင်.. ကျိုက္ခမီ စက်စဲ.. အပါအ၀င် ဘားအံအနီးအပါးက မြို့တွေ ရွာတွေ.. (ကျုံဒိုး.. ကော့ကရိတ်.. မြ၀တီ... မဲဆောက်ထိ၊ ဇာသပြင်.. ကော့ဘိန်း ကော့ပေါက်ထိ) နောက်တော့ ရှေးဟောင်းအမွေအနှစ် ဂူဘုရားတွေ (ကော့ဂွန်း.. ကော့ကသောင်.. ဆဒ္ဒန်ဂူ..) အစုံ လျှောက်သွား..။ ကလေးတွေ သိသင့်တာတွေကို မျှဝေလို့။ တက္ကသိုလ်ကျောင်းသား ကျောင်းသူဘ၀ ပီပီသသ အပျော်တွေ ဗဟုသုတတွေ ရအောင် ဖန်တီးပေးနိုင်ခဲ့ပါတယ်။

(ကလေးတွေနဲ့ ခရီးသွား)

(ကျိုက္ခမီမှာ)

(မော်လမြိုင်တက္ကသိုလ်ရှေ့မှာ)
+++++

((ဘာပဲဖြစ်ဖြစ် ခုချိန်ထိ အဲဒီအချိန်ဆီကို ပြန်ကြည့်တော့ ကျမစိတ်ထဲက အမှန်အတိုင်း ရှိတာကို ပြောပါဆိုရင်.. ဆရာမတစ်ယောက်က ကိုယ့်ထက် ဆယ်စုနှစ်တခုစာနီးနီး ငယ်တဲ့ ကျောင်းသားတစ်ယောက်ကို အိမ်ထောင်ဖက်အဖြစ် ရွေးလိုက်တာမျိုးကို သဘောမကျပါဘူး (ဒါက ဆရာဆရာမကို ချစ်တဲ့ တပည့်တွေ စိတ်မကောင်းဖြစ်တာတို့.. အရိုအသေတန်တာတို့ ဖြစ်မှာစိုးလို့ပါ)။ ပြီးတော့ မိဘတွေရဲ့ တဦးတည်းသော သားလေးကို တခုလပ်လို့ လူတွေ ကဲ့ရဲ့ သမုတ်လေ့ရှိတဲ့ အသက်ကြီးကြီးမိန်းမတယောက်နဲ့ အိမ်ထောင်ဖက် မဖြစ်စေချင်တာကိုလည်း သဘောတူ လက်ခံပါတယ် (မြန်မာပြည်ရဲ့ ထုံးစံ သဘောထားအရ)။ အဲဒီအပြင် ပိုစိတ်ရှုပ်စရာ ကောင်းတာက အဲဒီ တခုလပ်ဆိုတဲ့ မိန်းမက သားတစ်ယောက်လည်း ရှိနေသေးတာလေ (အဲဒါကလည်း ပြဿနာကြီးတတ်တဲ့ သဘာဝအရ)။ ဟိုဘက်က ယောက်ျားလေးရှင်တွေခမျာ ဘယ်လောက်များ စိတ်ထိခိုက်လိုက်မလဲ..။ အထူးသဖြင့် မြန်မာပြည်နယ်မြို့လေးရဲ့ ပတ်ဝန်းကျင်ကျဉ်းကျဉ်း မြင်ကွင်း ကျဉ်းကျဉ်းလေး ထဲမှာလေ။ ဘားအံမှာ နေခဲ့သမျှတလျှောက်လုံး ကျမ တယောက်တည်း အားငယ်မှာစိုးလို့ ကျမနဲ့အတူ အိမ်ကလေးမှာ လိုက်နေပေးတဲ့ ကျမ သိပ်ချစ်တဲ့ သမီးလေးတယောက် ပြောသလိုဆို "အမေက ဆရာမတယောက်အနေနဲ့ ဘာအပြစ်မှ မရှိတာ.. ဒါကြောင့်မို့လို့ သူများအပြောခံရမယ့် ကဲ့ရဲ့မယ့် ကိစ္စမျိုးတွေ မဖြစ်စေချင်တာ.."တဲ့။ အဲဒီ အချိန်မှာ ကျမက ခေါင်းမာမာနဲ့ မဲ့ပြုံး ပြုံးပြခဲ့တာ..။ (ဒါပေမဲ့ အဲဒီအချိန်ထိ တယောက်ယောက်က ကျမကို အဲဒီကျောင်းသားလေးကို နောက်၂နှစ်အကြာမှာ လက်ထပ်ယူရလိမ့်မယ်လို့ နိမိတ်ဖတ်လာခဲ့ရင် ကျမ ခါးခါးသီးသီး ငြင်းဖြစ်နေဦးမှာပါ... အဲဒီအချိန်ထိ.. ကျမက သူနဲ့ ဘယ်လိုမှ အဲလောက်ထိ ပတ်သက်သွားနိုင်စရာ မရှိဘူးလို့ ယုံဆဲ) ))။

တကယ်တော့ အကြောင်းအပေါင်းတို့ရဲ့ မြစ်ဖျားဆုံရာထဲမှာ အလွယ်တကူ သမုတ်တတ်တဲ့ ပတ်ဝန်းကျင်လည်း ပါတယ်။ မိသားစုဆိုတဲ့ ဘ၀နဲ့ ဝေးဝေးမှာ တယောက်တည်း စိတ်ပင်ပန်း လေလွင့်နာကျင်နေရတဲ့ အဖြစ်တွေ ပါတယ်။ စိတ်ဓာတ်ပျောညံ့မှုနဲ့ စိတ်ကူးယဉ် ခံစားချက် နောက် ကောက်ကောက်ပါအောင် လိုက်တတ်တဲ့ ဥာဉ် ပါတယ်။ မာနတွေ အလွန်ကြီးပြီး အရွဲ့တိုက်တတ်တဲ့ မကောင်းဆိုးဝါးစိတ်လည်း ပါတယ်။ ပြင်းပျတဲ့ ခံယူချက် ဆိုတာမျိုး မရှိတာလည်း ပါတယ်။ ကြည့်ပါဦး.. ကိုယ့်ကိုယ်ကိုယ် မကွပ်ကဲနိုင်ပုံများ။ ပတ်ဝန်းကျင်ကို မိုက်မိုက်ကန်းကန်းကြည့်လို့ ကျမ ဒရွတ်တိုက်မျောလိုက်ခဲ့တာ...။ ကိုယ်တိုင် မနှစ်ခြိုက်နိုင်တဲ့ အခြေအနေတခု ထဲမှာ..။ ဒီနေရာမှာ ကျမ မတရားတာ တခုက ဟိုတဘက်က လူငယ်လေးရဲ့ စိတ်ခံစားချက် သဘောထားဆိုတာတွေကို နည်းနည်းမှ ထည့်မစဉ်းစားခဲ့... မငဲ့ညှာခဲ့တာပါပဲ။ 'ဆွဲစေ့စရာ ကြယ်သီး' ကိုမှ မစဉ်းစားမိခဲ့တဲ့ အချိန်တွေ။ ဘယ်လောက် မိုက်မဲ ညံ့ဖျင်းခဲ့သလဲလို့။ တကယ်ဆို ပတ်ဝန်းကျင်ဆိုတာက ပြောလာပြီဆိုရင် ကျမက ကိုယ့်မာနထက် ဂုဏ်သိက္ခာဆိုတာကို.. ပြီးတော့ လူငယ်လေးတယောက်ရဲ့ စိတ်အခြေအနေဆိုတာကို ထည့်ကို စဉ်းစားရမှာ ဖြစ်ပါတယ်။ လောကကြီးကို ရွဲ့လို့တော့ လောကကြီးက ဘာမှမဖြစ်ဘူး... ကိုယ်သာ နာကျင်ပွန်းပဲ့လေတယ်... ဆိုတာကိုလည်း သိသိနဲ့...။ တကယ့်ကို ဆင်ခြင်စရာပါပဲ။

ဒါကြောင့် ကျမဘ၀ထဲမှာ ကိုယ့်ကိုယ်ကိုယ် စိတ်အပျက်ရဆုံး အချိန်တခုကို ပြောပါဆိုရင်... အဲဒီ ကာလပဲ ဖြစ်ပါတယ်။ အဲဒါကိုလည်း ဒီလို ၀တ္ထုရေးခဲ့ဖူးပါတယ်။ ပြီးတော့ ကဗျာတွေကို လွှဲလွှဲချ။
ခုံးထ ကမ္ဘာမြေကြီး
အခိုး အငွေ့ သစ်ကိုင်းနဲ့
အဲသည် သစ်ကိုင်းပေါ်က ရောင်ကိုင်းပြီတည်နာ
မြစ်နဲ့ ကမ္ဘာဦးကို တူးဆွလာတဲ့လက်
အမှန်တရားကတော့ လူတွေလိုပါပဲ
အောင်စ နည်းနည်းရယ်ပါ
သာမန်လူနဲ့ မတူတဲ့အရာဆိုလို့
ဒါတွေပဲ သူ့မှာရှိရဲ့။

........
.......
........

တကယ်တော့
ဒါ သူ့မိမွေးတိုင်း ဖမွေးတိုင်းပါ
သူ့နူးညံ့သိမ်မွေ့မှုပါ
သူ့ ယဉ်ကျေးတဲ့ သွေးကြောပါ
နတ်ဆိုးတို့ ပါးစပ်မှာ
ပလပ်ခံရတဲ့
သူ့ကိုယ်ပိုင်အတွင်းသားပါ။ ။
(မောင်ချောနွယ် - လူကြိုက်နည်းတဲ့ကောင်)
+++++


Dec 14, 2008

မြသီလာအလွမ်းပြေ(၂၄)

လူ့ဘ၀ဆိုတာ ပြဌာန်းထားပြီးသား စာမျက်နှာတွေနဲ့ စာအုပ်တအုပ်ပဲလို့ ကျမ ရေးဖူးပါတယ်။ အဲဒါကို ကိုအော်ပီကျယ်က ငြင်းတယ်.. ဟုတ်ပါဘူးဗျာ.. ကိုယ့်ဘာသာ ပြဌာန်းလို့ရပါတယ်.. လူက လုပ်တဲ့ စာမျက်နှာ တွေ ပါ.. တဲ့။ ကျမကတော့ ပြန်ငြင်းတာပဲ..။ နောက်ဆုံးအထိ 'ပီ' နဲ့ ကျမ ဘသူမှ အနိုင်မရကြတဲ့ အငြင်းပေါ့..။ စာဖတ်သူတွေရော ဘယ်လို မြင်လဲဟင်..။
+++++

တကယ်တမ်း စာသင်ပြီဆိုတော့ ကျမတို့ တော်တော် ပင်ပန်းကြပါတယ်။ ကျမက တတိယနှစ်သမားတွေ အတွက် paper ၃ခု ရှိတာမှာ paper(2) ကဗျာပိုင်းကို သင်ရပါတယ်။ ရတု.. အဲချင်း.. အိုင်ချင်း.. ပျို့.. မော်ကွန်း.. နဲ့ ခေတ်ကဗျာတွေ..။ နောက် ဒုတိယနှစ်တန်း မှာလည်း အဲဒီ paper(2) ပိုင်းပဲ..။ အဲသလို မေဂျာတန်းတွေတင်မက ဒုတိယနှစ်တန်း Compulsory အတွက်လည်း ကဗျာဝင်သင်ရဦးမယ်။ ကျမမှာ ပြင်ရဆင်ရမယ့် စာတွေ အများသား။ အဲဒီအချိန်မှာ လုံးချင်းဝတ္ထုသစ်တအုပ်('ချိုတဲ့တေး') ထွက်ဖို့ ကိစ္စလည်း ရှိနေသေးတယ်။


(မျက်နှာဖုံး-မောင်သီဟ)

အလုပ်ထဲ ခေါင်းမဖော်နိုင်ဘူးဆိုတာ တကယ်ပါပဲ။ ပြီးတော့ မြန်မာစာက compulsory မို့ရော ပတ်သက် ဆက်စပ်တာတွေကြောင့်ရော.. မြန်မာစာဌာနဟာ အနုပညာအသင်းကိုလည်း ဦးဆောင်ဦးရွက် လုပ်ရပါတယ် တဲ့။ ဒီတော့ တကျောင်းလုံး အတိုင်းအတာနဲ့ လုပ်တဲ့ မောင်မယ်သစ်လွင် ကြိုဆိုပွဲမှာလည်း ကျမတို့ခမျာ.. တပြေးပြေး တလွှားလွှား..။ ရေးလက်စ "အသံသစ်ပြတိုက်" ကိုတော့ လှည့်ကို မကြည့်နိုင်။

အဲဒီ ရက်တွေထဲမှာပါပဲ..။ ကျမ သားဆီ ဖုန်းအဆက်..။ မာမာက.. "မငြိမ်းရေ.. မပြောမဖြစ်လို့ ပြောရမယ်။ စိတ်မညစ်နဲ့နော်.. ပြန်လာလို့ မရလည်း ပြန်မလာနဲ့..။ မာမာကတော့ ပြန်လာစေချင်တယ်.." တဲ့။ အကြောင်းကတော့ သားအဖေ မူးယစ်အထူးစီမံချက်နဲ့ အဖမ်းခံ ထားရပါတယ်တဲ့။ အဲဒီခဏလေးမှာ ကျမ ဘယ်လို ခံစားရသလဲဆိုတာ ခုထိ မှတ်မိပါတယ်။ တခုတည်းပါ... ရှက်တာ။ ကျမက ကိုယ့်ကိုယ်ကို ဂုဏ်ယူစရာဖြစ်အောင် အတတ်နိုင်ဆုံး မွမ်းမံနေချိန်..၊ ကျမရဲ့ ပတ်ဝန်းကျင်လေးကို ကောင်းအောင် အတတ်နိုင်ဆုံး ကူညီ တည်ဆောက်နေချိန်..၊ သူက ပစ္စလက္ခတ် လုပ်ရက်တယ်လို့ ကျမ တွေးပါတယ်။ အဲဒီအခါ မာနတရားရဲ့ အဆိပ်က ကျမကို မာကျောခက်ထန်စေခဲ့တယ်။ (အဲဒီအတွက် ခုထိ မှားတယ် မှန်တယ် မစဉ်းစားမိသေး)။

ဒါ့ထက်ပိုဆိုးတာကတော့ ကျမ အဲဒီအပတ် ရန်ကုန်အပြန်မှာပဲ ကျမအချစ်ဆုံး တဦးတည်းသော မောင်လေး (သားအဖေနဲ့ကတော့ အဖော်ကောင်းပေါ့ .. သူလည်း ဆုံးသွားပြီလေ)လည်း စီမံချက်ထဲ ဖမ်းတဲ့အထဲ ပါသွားတာကို သိရပါတယ်။ အမေတို့က ကျမ စိတ်ဆင်းရဲမှာစိုးလို့ လှမ်း အကြောင်းမကြား ခဲ့တာပါ။ မောင်လေးရော.. သားအဖေရော အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၇နှစ်.. တဲ့။ တကယ်တော့ အဲဒီမောင်လေးဟာ ၈၈တုန်းက အန်တီ့ခြံထဲမှာ နေပြီး အန်တီစုကို ၀န်းရံခဲ့တဲ့ သုံးရောင်ခြယ်လူငယ်အဖွဲ့ကပါ။ နောက်ပိုင်း စိတ်တွေကျပြီး... တော်တော် လေလွင့် သွားခဲ့တာ။ သူညံ့တာပေါ့လေ..။ ပြီးတော့ ခေတ်စနစ်ရဲ့ ဖျက်ဆီးမှုပေါ့။

အဲဒါတွေဟာ ကျမရင်ဆိုင်ခဲ့ရတဲ့ လက်တွေ့ဘ၀ဖြစ်သလို ခေတ်တခေတ်ရဲ့ ပြယုဂ်လည်း ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မူးယစ်အထူးစီမံချက်ဆိုပြီး တချို့ကို အဖမ်းပြနေပေမဲ့ ရှမ်းပြည်နယ် ၀ပြည်နယ်တွေဘက် မှာကျတော့ အဲဒီ ဘိန်းကိုပဲ အကြီးအကျယ် ရောင်းဝယ် ဖောက်ကား နေတာ မဟုတ်လား။ သူကိုယ်တိုင် အဲဒီ ဘိန်းခင်းတွေဘက်မှာ တာဝန်ကျခဲ့.. သူကိုယ်တိုင် ဘိန်းစွဲခဲ့ရတဲ့ ဗိုလ်မှူးတယောက်က ကျမကို ကိုယ်တိုင် ပြောပြခဲ့တာပါ။ သူ့နာမည်ထည့်ရေးရင် ကျမတို့ ခေတ်က လူတိုင်းလိုလို သိတာမို့ ကျမရေးပြလို့ မဖြစ်ပါဘူး။ ပြီးတော့ သူလည်း အဲဒီ ဘိန်းကြောင့်ပဲ ကွယ်လွန်သွားခဲ့ပြီမို့လို့ပါ။ တကယ်တမ်းကျတော့ အဲလို မူးယစ်စီမံချက် ဆိုတာတွေကလည်း တကယ်နှိမ်နင်းတာ မဟုတ်ပါ။

(ဘာလို့လဲဆိုတာကို ဆက်နွယ်ပြီး ပြောပြချင်ပါတယ်။ အဲဒီတုန်းက ထောင်ထဲမှာ နိုင်ငံရေးသမားတွေကို အကြီးအကျယ် နှိပ်ကွပ်နေတဲ့အချိန်။ ကျမမောင်လေးနဲ့ သားအဖေ တို့ကတော့ နိုင်ငံရေးမှုလည်း မဟုတ်.. ပိုက်ဆံလည်း တတ်နိုင်ဆိုတော့ အထဲမှာ အကျဉ်းသားတိုင်း မလုပ်မနေရဆိုတဲ့ မိလ္လာတောင် ကိုယ်တိုင် မချရပါဘူးတဲ့။ ထောင်ထမင်းဟင်း မစားနိုင်ဘူး ဆိုလို့ ထမင်းချိုင့် မှာပေးရသတဲ့။ ထမင်းချိုင့်က တလ ၇၀၀၀ တဲ့။ အဲဒီအချိန် ကျမရဲ့ လက်ထောက်ကထိက ဆရာမလစာကမှ ၁၇၀၀ပါ။ ပြီးတော့ ထောင်ထဲမှာပဲ အိမ်ကပို့တဲ့ ထောင်ဝင်စာပစ္စည်းတွေနဲ့ ပိုက်ဆံကို သုံးပြီး ထောင်ဝါဒါတွေဆီကနေ ဘိန်းဝယ်စားလို့ ရသတဲ့။ ရဲဘက်မှာဆို ပိုလွယ်သတဲ့.. သူတို့ပဲ ပြောပြတာပါ။)

သားအဖေ ထောင်ကျတာက ကျမရဲ့ လက်တွေ့ဘ၀ကို တော်တော် ရိုက်ခတ်ခဲ့တာတော့ အမှန်ပါ။ ပတ်ဝန်းကျင်ရဲ့ မျက်လုံးတွေအောက်... ကျမတို့ မြန်မာစာ ပတ်ဝန်းကျင်ထဲ..။ ကျမ ရပ်တည်ရတော်တော် ခက်ခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ မြန်မာ့ပတ်ဝန်းကျင်ထဲက အမျိုးသမီးတွေအပေါ် ခွဲခြားသတ်မှတ်တဲ့ အကျင့် (discrimination)ကို ကျမ တော်တော် မုန်းသွားခဲ့တာပါ။ 'သူ့ယောက်ျား ဘိန်းစွဲလောက်အောင် သူက ဘာတွေ စိတ်ညစ်အောင် လုပ်လဲမှ မသိတာ' .. 'တပည့်တွေ တရုန်းရုန်းနဲ့...' ဆိုတာမျိုးက စပြီး 'ယောက်ျားကို ဂရုမစိုက်ဘဲ လုပ်ချင်တာ လုပ်နေတာကိုး' ဆိုတဲ့ အထိပေါ့။ လွယ်လွယ်ကလေးနဲ့ ပြောခဲ့ကြတာ။ အဲဒီ ရက်တွေထဲမှာတုန်းက ကျမ ခံစားရတာတွေ ဘယ်လောက် ပူလောင်ခဲ့သလဲ.. ပြန်တွေးရင် ခုထိ လတ်ဆတ်ဆဲ ပါ..။ အဲဒီကာလတွေထဲ ကဗျာရေးမိရင်တောင် ပုဂ္ဂိုလ်ရေးဆန်လှတဲ့ ကဗျာတွေပဲ ဖြစ်နေခဲ့ပါတယ်။

အရောင်ဆွံ့

ရင်ထဲ တင်းတင်းကျပ်ကျပ် နာကျင်
ကြေကွဲတမ်းတ ရက်များ ညများ
တရွတ်တိုက် မျောပါ ရွေ့လျား
ပြေးလွှားလာကြသမျှ ဓားသွားလှံချက်တွေ
ငိုကြွေးတိုင်တည်ရာ ကောင်းကင်ပြင်မြင့်မား
အဝေးကြီးက သူ့ဆီ
နှလုံးသားကို ခိုစီးလို့ လိုက်ပါသွား
မြင်ရဲ့လားအချစ်ရေ.......
မင်းအနားက အရိပ်တခုကို
အဲဒါ.. ရူးသွပ်နေတဲ့ ၀ိဥာဉ်
မင်း စွန့်ပစ်ထားခဲ့တဲ့ ဆံတပင်..
မင်း လက်ခံမယူရဲတဲ့ သစ်တပင်..
မင်း ဖြတ်တောက်ခုတ်ထစ်ရမယ့် နွယ်တပင်..။
+++++

အဲဒီတခေါက် ဘားအံပြန်လာတော့ ကျမ နေရထိုင်ရတာ နည်းနည်း ပိုခက်လာသလိုပါပဲ။ သားအဖေ အဖမ်းခံရ တာက ကျောင်းဝန်းကျင်မှာ ဖြစ်တဲ့အပြင် ကျမတို့က လူသိများတော့ သူ့သတင်းကလည်း သိတဲ့သူများတာပေါ့။ ဒါဟာ ဖုံးကွယ်ထားစရာ ကိစ္စတော့လည်း မဟုတ်ပါဘူး။ ဒါပေမဲ့ ဘားအံကျောင်းသေးသေးလေးထဲ ရန်ကုန်ကလာတဲ့သူအချင်းချင်း.. ဆရာမတချို့... ကျမကို ဆက်ဆံပုံတွေက စိတ်မကောင်းစရာပါပဲ။ အင်းး ဘာတဲ့ 'ကိုယ့်ယောက်ျားကိုတောင် မထိန်းနိုင်တဲ့ မိန်းမ' ဆိုပဲ..။ ယောက်ျားဆိုတာ မိန်းမက ထိန်းမှ ရမယ့် သတ္တ၀ါလား.. စဉ်းစားစရာပါ။ ဒီကြားထဲ ကျမနဲ့ တခါမှတောင် ခင်ခင်မင်မင် မပေါင်းခဲ့ဖူးပါဘဲနဲ့ "ကိုယ်ဖိရင်ဖိ စောင့်ရှောက်မှ တော်မယ်ထင်တယ်"လို့ ပြောတတ်တဲ့ ယောက်ျားသားတွေလည်း ရှိသေး.. အမယ်မင်းး။

သေချာတာတော့ အဲဒီအချိန်တွေထဲ ကျမ စိတ်ထဲမှာ ကြီးစိုးသမျှက ခါးခါးသီးသီး အံဖတ်တွေ။ အသက် ၃၀အရွယ် မိန်းမတယောက်.. ဘယ်လောက်အတိုင်းအတာထိ ရင့်ကျက်နိုင်သလဲ.. ကျမ မသိ..။ ကျောင်းဆရာမ တယောက်ဖြစ်ပြီးတော့... တဲ့။ ဘာဖြစ်လဲဟင်.. ကျောင်းဆရာမဆိုရင် ဘ၀ကို နာနာကျင်ကျင် မခံစားရ ဘူးလား.. အသည်းမကွဲရဘူးလား..။ အလဲလဲအပြိုပြို မရှိရဘူးလား..။ ကျမ မသိ။ (မှားတယ်လို့ ပြောလည်း ရတယ်ထင်ပါရဲ့.. မှန်တယ်လို့ သေချာ ကျိုးကြောင်းပြငြင်းရင်လည်း အရသား.. ဒါပေမဲ့ ကျမက ပြန်ရှင်းပြဖို့ ခုခံကာကွယ်ဖို့ ပျင်းတတ်သူ)။

စိတ်ညစ်သမျှ.. သားကို လွမ်းသမျှ.. ပိုက်ဆံ မရှိတာတွေအတွက် စိတ်ညစ်သမျှ.. ည ည .. အဆောင်ရှေ့ ဆရာမတွေ ကျောင်းသူတွေအလယ်မှာ ဂစ်တာ ထိုင်တီး..။
ငါ ထာဝစဉ် မတည်ငြိမ် မိုးတိမ်လို
ဂျစ်ပစီလို မရပ်မနား ခရီးနှင်နေ
ဂငယ်ကွေ့တွေ အပြည့်နဲ့ လမ်းပေါ်မှာ
ငါလျှောက်ခဲ့မိပြီလေ..

ဘ၀က အပြောင်းကြီး ပြောင်းလဲခဲ့
မရည်ရွယ်တာ အကုန်လုံး ဖြစ်လာတယ်
ကြိုတင်ကာ ဇာတ်ညွှန်း ဖတ်မလာသူ
ဘ၀ဟာ မင်းသားတစ်ယောက်လိုပဲ..

အရာရာဟာ အချစ်ရေ.. မတည်ငြိမ်ဘူး
ငါနေထိုင်လာတဲ့ နှစ်က သုံးဆယ်
မယုံနိုင်ဘူး... ရုပ်ရှင် ကြည့်ရသလို
ဘ၀က ဆန်းကြယ်တယ်.... .....
လို့ ဆိုကောင်းခဲ့တဲ့ ညတွေပေါ့။ သူများဝေဖန်စရာ တခုက တခါတခါ စီးကရက်သောက် (သိပ်တော့ နည်းပါတယ်)။ ပြတင်းပေါက်တွေကနေ ခပ်မဲ့မဲ့ ချောင်းကြည့်ကြရင် ဟားတိုက်ရယ်ပြမိ။ ဒီရက်တွေထဲ တပည့်တွေ.. သူငယ်ချင်းတွေက ကျမ အားငယ်မှာစိုးလို့တဲ့ အလှည့်ကျ လာလည်ကြတာ.. (ခက်မာတို့ မမိုချာ့တို့....)။ တကယ့် သူငယ်ချင်းတွေ ကတော့ ကျမနဲ့ ထပ်တူ ခံစားကြ..။ ဇေယျာလင်းကတော့ သူချစ်တဲ့ ကျမတို့နှစ်ယောက်အတွက် တော်တော် ခံစားပြီး ကဗျာတပုဒ် ရေးတယ်။ သူရေးတဲ့ ကဗျာဖတ်မှပဲ ကိုယ့်ဘ၀ကို အမောတကောနိုင်လှတဲ့ သနားစရာလို့ မြင်မိတာ။ ဖတ်ကြည့်ပါဦး။ အဲဒီကဗျာကို ၉၈အချစ်ကဗျာ စာအုပ်ထဲ ထည့်ခဲ့ပါတယ်။
မေငြိမ်းအတွက် အချစ်×ရက်စက်တဲ့ ထိုးဇာတ်
ဇေယျာလင်း
ရထားဟာ အပြီးအပိုင်ထွက်သွားတယ်။ ကျနော်အပြီးအပြတ် ရှင်းပစ်လိုက်ချင်လို့ပဲ။ အဝေးမှာ ခွေးဟောင်သံတွေ ဝိုးတဝါး။ သံလမ်းတွေက ဒဏ်ရာစိမ်းတခုရဲ့ ပုံ ပြောပြတယ်။ အဲဒီညက မီးချောင်းတွေကလည်း အထူးရက်စက်ကြသလို။ ပုံဟာ သူ့လည်ပင်းကို လာခွေပတ်။ စကားလုံးတွေဟာ အမှုန့်တွေ ကြွေကျပြီးရင်း။ ဝန်ခံလိုက် ဝန်ခံလိုက် ဝန်ခံလိုက်။ အဲဒါ ပြီးပြီးချင်းရနံ့ပါးပါးလေးဟာ လှိုင်းလုံးကြီးတွေလို အလိပ်လိုက် အလိပ်လိုက်။ ရဲရင့်တဲ့ မာလိန်မှူး၊ သူ့လက်ထဲက မြတ်နိုးသင်္ဘောလေး မမြုပ်အောင် အင်တိုက်အားတိုက် ဖြည့်စွမ်း။ သင်္ဘောလေးဟာ သူ့စိတ်ကူးနဲ့သူ။ ဒါကို စိတ်ကူးကြည့် ပါလေ။ ဥသြသံဟာ ညကြီးထဲ အော်အော်ခေါ်နေလေရဲ့။ ချစ်သူ နှစ်ဦးခမျာ ကံခေ။ သူတို့ဆီက ကြယ်လဝန်းရဲ့ ဘာသာစကား သိမ်းခံလိုက်ရရှာတယ်။ နာကျင်မှုရဲ့ စူးရှတဲ့ အလင်းထဲ နစ်မြုပ်သွားတဲ့ သူမရဲ့ ကျောပြင်ကို သူငေးကျန်။ ကျနော့်ပေါ် ပုံသေလို သူလာပိကျ။ အဲဒီ သံလမ်းနံဘေးမှာပဲ သူ့ကိုထားခဲ့တယ်။ ဇာတ်လမ်းဟာ ထောင့်ထဲဝင်ခွေလှဲအိပ်။ အချိန်ကား တောင်ပံကျိုးတဖက်။ သူ့ကိုယ်သူ ဇာတ်မသိမ်းတတ်ရှာစွာ အရာခပ်သိမ်း ဆိတ်သုဉ်းလွန် ဥယျာဉ်တခုရဲ့ လေသေထဲ အက်ပြိုကွဲ တဝဲလည်လည်။ ဒီမှာ သမိုင်း ဆုံးတယ်။ အလျှံပယ် အဓိပ္ပာယ်မဲ့/ လုံးဝဥဿုံအကြောင်းအရာ ချိုးကွေ့။ မမျိုချနိုင်တဲ့ အမှန်တရားဟာ ပထမဆုံး မနက်စာနဲ့ သူမရှေ့မှာ အငိုက်မိ။ နောက်ဆုံးသတင်း- သူ့ကိုယ်သူ မိုးချုပ်ချလိုက်သတဲ့။ ထိုးဇာတ်ဟာ တကယ့်အဖြစ်အပျက်ထက် ရက်ရက်စက်စက် ဆို့ဆို့နင့်နင့် ကြေကွဲပြ။ တလုံးတလုံးစီမှာ သူမရဲ့ ပုံတွေ အတွဲလိုက် သီးပြီး မျက်ဝန်းထဲ ပြွတ်ခဲ။ ဒီအဖြစ်အပျက်တွေရဲ့ ဖြစ်ရိုးဖြစ်စဉ် သဘာဝမကျမှုကို ကျနော် မေ့ချင်ယောင်မဆောင်နိုင်ခြင်း သည်လည်း တကြောင်းတပါဒ။ ဒီထက်အေးစက်တဲ့ ဒီဘက် ရင်ခွင်ထဲ ပန်းစကြာမှန်ပြောင်း အပိုင်းပိုင်းအစစတွေကို ထွေးပွေ့ ထိုးစိုက်ချလိုက်တယ်။ ခင်ဗျားသိချင်တာ သူမ မဟုတ်လား။ အလားတူ သူမများရဲ့ ချုပ်ရိုးထဲမှာ။ ။
+++++

တကယ်တော့ ကျမမှာလည်း အားနည်းခဲ့တာတွေ ရှိပါလိမ့်မယ်။ ကျမက အရွဲ့တိုက်ချင်တဲ့ ဥာဉ်ရှိတယ်။ မာန်တက်တယ်။ လူပါးဝတယ်လေ..။ အဲဒီအခါ အလုပ်တွေ ဖိလုပ်.. ဆိုးတာက မြို့ကျဉ်းကျဉ်းလေးထဲက ကျောင်းကျဉ်းကျဉ်းလေးရဲ့ ယဉ်ကျေးမှုဟာ ကျဉ်းကျဉ်းလေး ဖြစ်နေတတ်တာကို ထည့်မတွက်တတ်တာပဲ..။ ဥပမာ.. ကျမရဲ့ ညံ့ဖျင်းမှုတွေကြောင့်ပေါ့။ (ဘယ်သူမှ Tag မလုပ်သေးလို့ ညံ့တာတွေ မရေးဖြစ်သေးတာ ခု Tag ဦးမှလို့ စိတ်ကူးရတယ်)။ ကျမက ဘယ်လိုမှ ရေကူးသင်လို့ မရ..၊ စက်ဘီးစီး ကားမောင်း သင်လို့မရ..၊ သင်္ချာ အင်္ဂလိပ်စာ ညံ့၊ ကွန်ပျူတာပညာရပ်အပါအ၀င် သိပ်ပံပညာရပ်တွေမှာ ညံ့၊ ကိုယ်ကြိုက်တဲ့ သီချင်းသံကြားရင် လိုက်မဆိုဘဲ မနေနိုင်တာမျိုး၊ လူတွေကို ယောက်ျား မိန်းမ ခွဲမမြင်တတ်.. ဆရာ တပည့်.. ဆင်းရဲ ချမ်းသာ... ခွဲမမြင်တတ်ဘဲ လူလို့ပဲ မြင်တဲ့အတွက် တန်းတူ တပြေးညီဆက်ဆံတတ်တာ..။ ကိုယ်မှန်တယ်ထင်ရင် ပြီးရော.. ခေါင်းမာတတ်တဲ့ အကျင့်ကဆိုး... ဆိုသလိုပါပဲ။ အဲဒါတွေက ကျမ ညံ့ချက်တွေ အဖြစ်.. ကျမကို အမြဲ ဒုက္ခပေးတတ်ပါတယ်။

ဒီနေရာမှာ ပြောပြချင်တာက ကျမက စက်ဘီး မစီးတတ်.. နောက်ကတောင်မှ သေချာ စနစ်တကျ လိုက်မထိုင် တတ်တဲ့အတွက် တပည့်တွေ နောက်ကပဲ လိုက်ရပါတယ်။ (ဘားအံရောက်မှ စက်ဘီးနောက်က သေချာ လိုက်စီးဖူးတာမို့ ၄ခါလောက် ပြုတ်ကျပီး တခါမှာတော့ မေးစေ့ပါ ကွဲသွားခဲ့ဖူးပါသေးတယ်)။ ဆိုတော့ များသောအားဖြင့် ယောက်ျားလေးတွေ နောက်ကပေါ့။ အဲလို လိုက်ရင်လည်း ကျမက လူရွေးသေးတယ် (ဆရာမြို့မငြိမ်းလိုပဲ) အရပ်ရှည်တဲ့သူကမှာ ခြေ ထောက်ဖို့ လွယ်တာမို့ ကျမအတွက် အန္တရာယ် နည်းတယ်ဆိုပြီး အရပ်ရှည်တဲ့ သူနင်းတဲ့ စက်ဘီးနဲ့မှ လိုက်ပါတယ်။ အဲဒီတုန်းက မော်တော်ဆိုင်ကယ်ဆို လုံးဝမလိုက်.. ကြောက်လို့။ ဒီတော့ မြို့ကလေးမှာ ဆရာမတယောက် ကျောင်းသားတွေ စက်ဘီးနောက်က လိုက်တယ်ဆိုတာက ကျမနဲ့ ကျတော့ 'အဲဒီ တခုလပ် ဆရာမက...' လို့ နာမ၀ိသေသန ပါလာပါတယ်။ ကျမကလည်း လမ်းခပ်များများလေ..။ ဘားအံရဲ့အနီးဝန်းကျင်ဆို အကုန်သွားချင်တော့တာ။ သာမညတောင် ကိုသာ နည်းနည်းဝေးလို့ ကားနဲ့ သွားတာ။

ဘားအံနဲ့ ၄မိုင်လောက်ဝေးတဲ့ တောင်ကလေးဘုန်းကြီးကျောင်းဆိုလည်း ဆရာတော် ဦးပညာသာမိ (တောမှီရဟန်း)နဲ့ စကားပြောရတာ ကောင်းလွန်းလို့ ခဏခဏ သွားတာပဲ။ နောက် ကျောင်းပိတ်ရက်တွေဆို ကျောင်းကနေ ၁၀မိုင်လောက်သွားရတဲ့ စိတ်ဝင်စားစရာအကြောင်းတခု ရှိတဲ့.. အင်မတန်လှတဲ့.. ဇွဲကပင် တောင်ခြေက ရေတံခွန်ဆီလည်း မကြာခဏ သွားတာပဲ (နောက်ပိုင်း post တခု သပ်သပ်ရေးပါ့မယ်)။


(ရေတံခွန်အသွားလမ်းပေါ်က မြင်ရတဲ့ ဇွဲကပင်)

ပြီးတော့ ဇွဲကပင်တောင်ကိုပဲ မတူတဲ့ လမ်းနှစ်ဘက်ကနေ ခဏ ခဏ တက်တာမျိုးလည်း လုပ်သေးတာ။ နောက်.. ကန်သာယာဘက်.. ကုန်းထိပ်(ရုံးကုန်း)မှာ.. လက်ဘက်ရည်ဆိုင် သွားထိုင်တာမျိုးလည်း လုပ်သေးတာ။ အမြဲတမ်းကတော့ မိန်းကလေး ယောက်ျားလေး တပည့်တွေနဲ့.. သူငယ်ချင်း ဆရာမတယောက် ဆရာတယောက်တော့ အမြဲပါတာပဲ။ ဒါပေမဲ့လည်း တမျိုးမျိုးပြောကြတာပဲ။ အဲဒီတုန်းက ကျမအတွက်တော့ အဲလိုပြောတဲ့သူတွေကို အံ့သြတာပါပဲ..။

အဲဒီအခါ စိတ်ညစ်သမျှ စိတ်ရှုပ်သမျှ အလုပ်တွေချည်း ဖိလုပ်တာပဲ..။ ကျောင်းတွင်း activities တွေဆိုလည်း ကျမခြေ ကျမလက်ပဲ။ စာအုပ်ကိစ္စ အရေးကြီးလို့ ရန်ကုန်ဆင်းရတာနဲ့ ကိုယ့်ဘာသာတော့ အချိန်တောင် မလောက်။ အဲဒီအချိန်တွေမှာ.. ဘယ်သူတွေ စကားတင်းဆိုနေလဲ.. မသိတချက် သိတချက်..။ စိတ်တွေ ပုံမှန်မဟုတ်ဘဲ ကစဥ့်ကလျား ဖြစ်နေခဲ့တာကိုတော့ ၀န်ခံရပါမယ်။ တခါတခါ ဘာမဟုတ်တာလေးနဲ့ ပြင်းပြင်းထန်ထန် ပေါက်ကွဲပြီး ကြိုးတုတ်တုတ်တချောင်းကို ရအောင်ရှာပြီး ထုတ်တန်းမှာ အကြိမ်ကြိမ် ချည်မိတာမျိုးလည်း လုပ်ခဲ့ဖူးတယ်။ အဲဒီအချိန်တွေကို ပြန်တွေးမိရင် မျက်စေ့မှိတ် အသက်ပြင်းပြင်းရှူထုတ်ပြီး ခေါင်းကို နာနာခါမိတာ.. ခုထိ။ ပြီးရင် ကဗျာတပုဒ်ကို မက်မက်စက်စက် သတိရတယ်။
သောကခွက်၃၀

အနာတရလက်များ တုန်ရီနေကြ
အနှစ်၃၀ပြည့် သောက်ရေအိုးထဲ
ရေတခွက် နှစ်ယူခပ်လိုက်တဲ့အခါ
ပျစ်ချွဲချွဲသောကတွေ ပါလာတယ်
ခွက်အပြည့်။

သွန်ချပစ်လိုက်ရင်လည်း
အနှစ်၃၀လုံးလုံး ပြုစု ကုသခဲ့ရတဲ့
နှလုံးသား ဆုံးရှုံးမယ်၊
မက်လောက်စရာမရှိပေမဲ့
ဒါပဲရလဒ်ဖြစ်လေတဲ့
အတိတ်တွေ ဆုံးရှုံးမယ်၊

အကြိမ်ကြိမ်အလီလီ
ကွန်ပေါင်းတင်ခဲ့ရတဲ့
ဟောဒီမျက်နှာကြီး အရှက်ရပေလိမ့်။
သောက်ချပစ်လိုက်ရင်လည်း
မနက်ဖြန်တွေက
ရောက်မလာသေးခင်
ခြောက်သွေ့နှင့်ကြပြီး
မကမ်းလှမ်းရသေးတဲ့ ချစ်သူက
ရင်ကို ဟက်တက်ခွဲဖို့ ကြံစည်ဦးမယ်၊

သူပဲ ကိုယ့်အမိ
သူပဲ ကိုယ့်အဖ လုပ်ခဲ့ရတဲ့
စိတ်ကူးယဉ်အနာဂတ်ကြီး
တွန့်လိမ်ခွေပျော့
လေလျော့နှင့်ပေလိမ့်။

ရင်တွေ တဆတ်ဆတ်တုန်ရဲ့
အဲဒီ ဆိတ်ငြိမ်သယောင်ယောင်
၃၆၅ကြိမ်မြောက်ညတွေပေါ့
ငါ့ကိုညှို့ပြီး မျိုခဲ့ပုံများ
စုန်းစုန်းကြီးမြုပ်ခဲ့တာ အကြိမ်၃၀
ဘာလုပ်ရမှန်း မသိ
ငုတ်တုတ်ထိုင်ကြည့်နေရတဲ့
သောကခွက်ပြည့်က ၃၀။ ။

(စန်းဦး)
ကြည့်ပါဦး.. ကျမတို့ ခေတ်တူသူငယ်ချင်းတွေ.. ရင်ခုန်သံတွေ ဘာသာစကားတွေ တူနေကြတာ။ အားလုံးရဲ့ သက်တမ်း ၃၀မှာ ဘာမှ အနှစ်သာရ တန်ဖိုး မတွေ့ရ။ မရသေးတာတွေကိုတောင် ကြိုဆုံးရှုံးနှင့်နေရတဲ့ ခေတ်ထဲက ဘ၀တွေ။ ၁၉၉၅ ဟာ.. ကျမရဲ့ သောကခွက် ၃၀ပြည့်နှစ်လေ..။

အဲဒီနှစ် ဇွန် ဇူလိုင် သြဂုတ်ရဲ့ မိုးရေစက်တွေက ကျမအတွက် ခါတိုင်းလို မအေးမြနိုင်ခဲ့ပါ။ အဲဒီအခါ ကျမက ဘ၀ဆိုတာ ပြဌာန်းခံရပြီးသား စာမျက်နှာလို့ ယူဆတော့တာပေါ့။


+++++