Nov 29, 2015

ကာလ ရောဂါ


 
အပူလှိုင်းဖြတ်တဲ့ညလယ်
မြွေဟောက်တစ်ကောင်လို ပါးပျဉ်းမတ်မိ
ဗြုန်းဆို ကိုယ့်အကွက်အစင်းတွေကို ကိုယ်တိုင် အထပ်ထပ် စိုက်ပေါက်
သွေးဖြာဖြာပန်းထွက်မှ ကျေနပ်လေမယ်..။
ခနော်နီခနော်နဲ့ယက်ထားတဲ့ ၀ါးကြောင်လိမ်လှေကား..
တက်ခဲ့တဲ့ အထစ် ၅၀မှာ ခြေကုန်လက်ပမ်းကျ မောဟိုက် ..
ဘယ်လောက် .. ထပ် .. တက်.. ရ ဦး မှာ လဲ .. အပေါ်ကို လှမ်းမျှော်ကြည့်တော့
တိမ်ညွန့်တွေက ပြန်ငုံ့ကြည့်တာ အသက်ရှူကျပ်ချင်စရာ.. ။
လှောင် ရယ် ကြည့် စမ်းပါ ..
လှောင် ရယ် လိုက် စမ်း ပါ…
ဟားတိုက်.. ဟားတိုက်…ဟားတိုက်… ဟားတိုက်…
တချို့တွေ ဒီလိုနဲ့ မှောင်မိုက်ခြင်းကိုသာ ရလိုက်ကြသတဲ့ ။ ငါ မမှောင်စေရ။
ပန်းတွေဝေတဲ့ နေအိမ်ထဲက နံရံမှာ ပြုံးနေတဲ့ ကိုယ့်ကိုယ်ကို တွေ့တယ်..
ကျောက်တုံးကြီးကြီးတစ်တုံး.. ဒါမှမဟုတ်.. ရဲရဲတောက် လောင်နေတဲ့ မီးတစ်စ နဲ့ အဲဒီအပြုံးဆီ ပစ်သွင်းလိုက်ရင် တော်တော် အရသာရှိမယ်လို့ တွေးကြည့်တာကတောင် တော်တော် အရသာရှိ။
လှေကားထစ် ၅၀ ရောက် အခိုက်အတံ့ဟာ အဲလို စိတ်မှောက်တတ်သတဲ့လား..။
အဲဒီလမ်းမျိုး ပြန်မလျှောက်ချင်ဘူး..
အဲဒီလမ်းမျိုး ထပ်မလျှောက်ချင်ဘူး..
အဲဒီလမ်းမျိုး ထပ် မဖြတ်ချင်တော့ဘူး..
ခုနေမှာ သိပ်မုန်းသလောက် အာတွေ့တဲ့ စကားလုံးက .. စိတ်ကျ။

နိုဝင်ဘာ ၂၉ ၊ ၂၀၁၅။

Sep 3, 2015

ခေတ်ရနံ့ မဂ္ဂဇင်း စာပေအင်တာဗျူး (ကြည်မွေ့အိမ် ၊ မေငြိမ်း)

ခေတ်ရနံ့ မဂ္ဂဇင်းအတွက် စာရေးဆရာမ ကြည်မွေ့အိမ် က ကျမရဲ့ "မြသီလာအလွမ်းပြေ" စာအုပ်နဲ့ ပတ်သက်လို့ မေးထားတဲ့ အင်တာဗျူး လေး ဖတ်စေချင်လို့ တင်ပေးလိုက်ပါတယ်ရှင်။



၁။ ကြည်မွေ့အိမ် - မြသီလာဟာ ကျွန်မ ရင်ကို တဖျပ်ဖျပ် လှုပ်ခါ ယိမ်းထိုးစေ ပါတယ်။ မြသီလာနဲ့ အတူ ငိုရတယ်။ ကြက်သီး ထ ရတယ်။ မောရတယ်။ နာရတယ်။ ရယ်ရတဲ့ အခန်း မပါသလောက်ပါပဲ ဆရာမ။ တိုင်းပြည်ရဲ့ အနာဂတ်ကို ဖျက်ဆီးပစ်ခဲ့တဲ့ စစ်အာဏာရှင် လူတစ်စု ကြောင့် အလှည့်အပြောင်း ဖြစ်ပြီး စတေးခံခဲ့ရတဲ့ ပြည်သူ့ဝန်ထမ်း မိသားစု အနေနဲ့ လက်ရှိ မြန်မာနိုင်ငံ ရဲ့ အနေအထားက ရောင်နီအစစ်မှန် သမ်းနေပြီ လို့များ ပြောနိုင်ပါပြီလား။ ဆရာမ အမြင်ကို ကျွန်မ မျှော်လင့် နားစွင့် ကြည့် ချင် မိပါတယ်။

- ကျမ စာအုပ်ကို ဖတ်ပြီး ကျမလိုပဲ ခံစားရတယ်ဆိုလို့ ကျေးဇူးတင်ပါတယ်။ ပြောရရင် ကျမတို့ မျိုးဆက်က အမှောင်ခေတ်ထဲ ကြီးပြင်းခဲ့ကြရတာပါ။ ခုချိန်ထိလည်း မလွတ်နိုင်ကြသေးဘူးဆိုတော့ မျိုးဆက် ၃ဆက်လောက် ရှိပြီလို့ ပြောနိုင်မယ်ထင်တယ်။ တကယ်တော့ တတိုင်းပြည်လုံးနီးပါး အစတေးခံခဲ့ကြရ တာမှာ ကျမကတော့ ဘယ်လိုမှ သည်းမခံ နိုင်တော့တဲ့ လမ်းကို ဖြစ်ချင်ရာဖြစ်တော့လို့ ရွေးခဲ့တာပါပဲ။ ခုတော့ ကျမလည်း တိုင်းပြည်မပြန်တာ ၁၀နှစ်ကျော်ခဲ့ပြီ ဆိုတော့ သတင်းကြားသလောက် .. အဝေးကနေ မြင်သလောက် တွေ့သလောက်တော့ ကျမ ကြုံခဲ့ရတဲ့ အဆိုးမျိုး ထက် တော့ နည်းနည်းသက်သာလေသလားပေါ့..။ ဥပမာ- တကယ်ကြိုးစားတဲ့သူတွေ နေရာနည်းနည်း ရလာ တာမျိုး၊ ဆရာ ဆရာမ တွေအတွက် မဆိုစလောက် အခွင့်အလမ်း ပွင့်လာတာမျိုး ၊ ပြောရဲဆိုရဲ ပြောနိုင် ဆိုနိုင်တဲ့ အနေအထားတချို့ ရလာ တာမျိုးလေးတွေကို ဆိုလိုပါတယ်။

- ဒါပေမဲ့ ခုချိန်မှာ ကျမ ထဲထဲဝင်ဝင် မသိတော့တဲ့အတွက် ဒါတွေက တကယ့် အတွင်း ကျကျ ပြောင်းလဲ သလား..၊ အဲဒီ အပြောင်းအလဲနဲ့အတူ ပိုတိုးလာတဲ့ ဆုတ်ယုတ်မှုတွေက ဘာတွေလဲဆိုတာ ကျမ သေချာ မပြောနိုင် တော့ ပါဘူး။ နောက် တခု ပြောချင်တာက ကျမ ထွက်မလာဖြစ်ခင်ကလည်း ကျမ စာအုပ်ထဲရေး ထားတဲ့ အခြေအနေနဲ့ ခံစားချက်မျိုးတွေကို ကျမ လောက် ခံစားတဲ့ ဆရာဆရာမ ဘယ်နှစ်ယောက် .. ၀န်ထမ်း ဘယ်နှစ်ယောက် ရှိခဲ့ သလဲ..။ ကျမအထင်တော့ ခေတ် တခေတ်က ဘယ်လောက် ဖိစီးသလဲ ဆိုတာက တယောက် ချင်းစီရဲ့ ခံယူချက်နဲ့ ခံစားချက်နဲ့ ဆုံးဖြတ်ချက်နဲ့သာ ဆိုင်တယ် လို့ ထင်ပါတယ်။ တချို့ဆရာ ဆရာမတွေ ပေါ့ပေါ့ပါးပါးရင်ဆိုင်နိုင်တဲ့.. ကျောင်းသား တွေ စာခိုးချတာကို ထိထိရောက်ရောက် မဖြေရှင်းနိုင်တဲ့ ပြဿနာ ၊ အထက်လူကြီးတွေရဲ့ အဂတိ လိုက်စားမှု နဲ့ ဆရာဆရာမတွေ ပင်ပင်ပန်းပန်း ကျူရှင်ပြမှ ထမင်း၀၀ စား နိုင်မယ့် ဘ၀တွေ .. နောက် ၀န်ထမ်း တွေ အလိုလိုနေရင်း ကြံ့ဖွံ့ ပါတီဝင်ဖြစ် တယ် ဆိုတာ နဲ့ အထက်ဖား အောက် ဖိ ယဉ်ကျေးမှုတွေကို ကျမကသာ သိပ် လေးလေးပင်ပင်ကြီး ခံစားခဲ့ရတာကိုး။ ခေတ်စနစ်ရဲ့ ဘ၀ပေး အခြေအနေကြောင့်ရော ကျမကလည်း ခံစားချက်နဲ့ ပတ်သက်ရင် အကဲပါ တာကြောင့်ရော ကျမ ဒါကို ကျောခိုင်းနိုင်လောက်တဲ့အထိ ဖြစ်ခဲ့ တာပါပဲ။

- ခုလည်း ဒီစနစ်ကြီး ဘယ်လောက်ဆိုးတယ်ဆိုတာကို ဘယ်လိုမြင်နိုင်မလဲ.. ဘယ်လိုကြည့်မလဲ …။ သင်ကြားရေး စနစ်တွေ .. ကျောင်းသားဆရာ အရည်အချင်းစစ်စံနစ်တွေ.. သင်ထောက်ကူပစ္စည်း လိုအပ် ချက်တွေ .. စာကြည့်တိုက် တွေ .. ဘယ်လောက်ပြည့်စုံပြီလဲ.. ဘယ်လောက် လွတ်လပ်တဲ့ အဆင့်အတန်းမြင့်တဲ့ ပညာရေး ဖြစ်နေပြီလဲဆိုတာကို ကြည့်ပါ။ အနည်းဆုံး ပညာရေးဌာနရဲ့ အကြီးအကဲ ဆိုတာက ပညာရေးနယ်ပယ်ကို တကယ် တတ်ကျွမ်း နားလည်တဲ့ သူ ဖြစ်နေပြီလား.. ကြည့်ပါ။ ကျမအတွက်ကတော့ ပညာရေး ဥပဒေပြင်ဆင်ရေး ဆန္ဒပြကြတဲ့ ကလေးတွေ နဲ့ သူတို့ကို ဘယ်လို အရေးယူတယ်ဆိုတာတွေကို ကြည့်ပြီး ရောင်နီအစစ်မှန် သမ်းနေပြီလို့များ ပြောနိုင်ပါပြီလား ဆိုတဲ့ မေးခွန်း အတွက် အဖြေကဖြင့် ရှင်းနေတာ ပါပဲ။ ခုထိလည်း ပြတ်သားတဲ့ အမှန်တရားတွေ တောင်းဆိုမှုတွေ အတွက်တော့ အန္တရာယ်မကင်းသေးဘူးဆိုတာ အထင်အရှားပါပဲ။

၂။ ကြည်မွေ့အိမ် - ၈၈ ဟိုဘက်တုန်းကာလ .. ၈၈ အလွန် လေးငါးနှစ်ကာလ .. ၈၈ အလွန် ဒီဖက်ခေတ် ကာလ ၂၀၁၂ အထိပေါ့လေ.. အဖိနှိပ် အချိုးဖဲ့ခံ လူ့ အဖွဲ့စည်း ရဲ့ အရွေ့ ကနေ ပေါက်ဖွားလာတဲ့ စာပေနဲ့ အခြားသောယဉ်ကျေးမှု ပစ္စည်း တွေ ရဲ့ တန်ဘိုးသတ်မှတ်မှု စံနှုန်းတွေ တဖြေးဖြေးချင်း လျော့နည်း ပါးလျား လာတဲ့ အပေါ်မှာ အာဏာရှင် စစ်အစိုးရ အနေနဲ့ သူတို့ လိုချင်တဲ့ အရွေ့ဆီ တွန်းပို့ပစ်ခဲ့တဲ့ အပေါ် တောင့်ခံ မထားနိုင်တဲ့ မိသားစုဘဝများစွာ အထဲမှာ ဆရာမ ရဲ့ မိသားစု ဘဝ ကလည်း ဆိုးဆိုး ရွားရွား ပါခဲ့တယ်။ ဥပမာ ၉၀ - ၉၁ အလွန် ကာလတွေမှာ ခေတ် ပညာတတ်ပြီး တော်တဲ့ လူငယ်တချို့က တိုင်းပြည်သစ် ပြန်လည်ထူထောင်ဖို့ ထောင်ထဲမှာ အနာဂတ်တွေကို အပုပ်သိုးခံနေကြပြီး ၊ အဲ့ဒီ တော်တဲ့ လူငယ်တချို့ ကပဲ မူးယစ်ဆေးရဲ့ သားကောင်တွေ ဖြစ်ခဲ့ကြပါ တယ်။ အဲ့ဒီ အခြေနေတွေကို ဆရာမ နည်းနည်း ဆွေးနွေးပေးပါဦး။

- အဓိက ကတော့ အောင်မြင်သင့်လျက် နဲ့ မအောင်မြင်ရတဲ့ အခြေအနေတွေရယ်.. အကောင်းလုပ်ပေမဲ့ အကောင်း လို့ အသတ်မှတ် မခံရတာတွေရယ်က အရည်အချင်းရှိတဲ့ သူတွေကိုတော့ အထိနာစေတာပေါ့။ အထူးသဖြင့် စိတ်ခံစားချက် နောက် လိုက်တဲ့ သူတွေ မှာ ဖြစ်တတ်ကြတယ် ထင်ပါတယ်။ နိုင်ငံမှာ အဘက်ဘက် က ကျဆင်းယိုယွင်းနေတဲ့အချိန် .. လူငယ်တွေအတွက် အလုပ်မရှိ.. စိတ်ဝင်စားစရာ မရှိ.. စိတ်ဝင်စားရာ လုပ်ခွင့် မရှိ.. ဖိနှိပ်မှုတွေက နေရာတိုင်းမှာ .. ။ အဲလို အကျပ်အတည်းထဲမှာ ကျမ မြသီလာ ထဲ ရေးထား သလို မူးယစ်ဆေးဝါးက အလွယ်တကူ ပျံ့လာတာ..။ ဒါမျိုးက အင်မတန် လည်း ကူးစက်လွယ် တယ် လေ။ ပြီးတော့ ဒါက စိတ်ထွက်ပေါက်တခုလိုလည်း အသုံးတည့်ခဲ့ကြပုံရပါတယ်။

- ကျမနဲ့ နီးစပ်လှတဲ့ ပတ်ဝန်းကျင်မှာကို မူးယစ်ဆေးအမျိုးမျိုး နဲ့ သားကောင်ဖြစ်ခဲ့ရတဲ့ သူတွေ ထောင်ကျ တန်းကျ နဲ့ အသက်ပါ ပါသွားခဲ့တဲ့သူတွေ အများကြီး ရှိခဲ့ပါတယ်။ ဒီနေရာမှာ ကျမအိမ်ထောင်ဟောင်းလည်း မူးယစ်မှု နဲ့ ထောင်ကျတန်းကျ ဖြစ်ရာက ကွယ်လွန်သွားခဲ့တဲ့အထိက ပတ်ဝန်းကျင်သိအဖြစ်အပျက်မို့ လိမ်ညာ ဖုံးကွယ်စရာ မလိုပေမဲ့ သူ့ရဲ့ ဂုဏ်သိက္ခာအတွက် သိပ်အသေးစိပ်တော့ ကျမ မပြောသင့်ဘူးလို့ ထင်ပါတယ်။ ကျမ ပြောနိုင် တာကတော့ မူးယစ် ဆေးဝါး ရဲ့ ဂယက်ကြောင့် ဆင်းရဲဒုက္ခရောက်ကြရတဲ့ ကာလလှိုင်းလုံးတစ်ခုထဲမှာ ကျမ လည်း အလူးလူး အလိမ့်လိမ့် ဖြစ်ခဲ့ရတယ်ဆိုတာလောက် ပဲ ပြောပါ ရစေတော့။ ပြီးတော့ ခုရော ကျမတို့ တိုင်းပြည် မှာ အဲဒီကာလမျိုးက လွန်မြောက် သွားပြီလား…။ ပိုတောင် ဆိုးလာတယ် မဟုတ်လား..။ ဒါကပဲ ဒီနိုင်ငံ တိုးတက် ပြောင်းလဲပြီ လား ဆိုတဲ့မေးခွန်းအတွက် သိပ် ထင်ရှားတဲ့ သက်သေအဖြေတစ်ခုပဲ ဖြစ်ပါတယ်။

၃။ ကြည်မွေ့အိမ် - ၁၉၈၈ မတ်လ ၁၇ ရက်နေ့မှာ သာမန် ရန်ပွဲငယ်လေးတစ်ခု၊ ပါချုပ်က ဖြေရှင်းရင်တောင်မှ ရတဲ့ ဘာမှ မကြီးကျယ်လောက်တဲ့ အဖြစ်အပျက်ကလေး တစ်ခုက RIT ကျောင်းသား ကိုဖုန်းမော်ကို သေနတ်နဲ့ ပစ်သတ် ရလောက်အောင် အငြိုးကြီးခဲ့တဲ့ စစ်အာဏာရှင်တွေ ရဲ့ အကြောက်တရားက ဘာများလဲ ဆရာမ။

- ကျမ ယုံတာတစ်ခုကတော့ ကျမတို့နိုင်ငံမှာ ပညာမပြည့်ရရှာတဲ့သူတွေအများစု ကြီးစိုးတဲ့ စစ်တပ်ဟာ ပညာတတ် ထက်မြက်တဲ့ ကျောင်းသူ ကျောင်းသားတွေရဲ့ ဉာဏ်ပညာ နဲ့ စိတ်ဓာတ်ခွန်အားကို အစဉ်အဆက် ကြောက်ခဲ့ကြတယ် ဆိုတာပါပဲ။ အဲဒီ ကျမရဲ့ အဖြေ အတွက် ဒီကနေ့အထိ သက်သေ အဖြစ်အပျက်တွေ ရှိနေတုန်းလေ။

၎။ ကြည်မွေ့အိမ် - ခွပ်ဒေါင်းအလံကို စီးပွားရေး တက္ကသိုလ် ရှေ့မှာ ပထမဆုံး လွှင့်တင် နိုင်ခဲ့ တဲ့ မြန်မာစာ ကျောင်းသား ကိုတင်အေးနဲ့ ကိုညိုထွန်း။ ကွန်မြူနစ် ယူဂျီ ဆိုတဲ့ စွဲချက်နဲ့ ထောင်ထဲ မှာ ၁၇ နှစ်နီးပါး အမှောင်ကြီးကျခဲ့ရတယ်။ ကျွန်မ ပြောချင်တာက စစ်မြေပြင်လည်း မဟုတ်ပဲနဲ့ ကျည်ဆံပြ နှိပ်ကွပ်ခဲ့တဲ့ စစ်အစိုး ရရဲ့ ပုံရိပ်မည်းကြီးကို မြသီလာ မှာ တွေ့ရတဲ့ အတွက် ဆရာမ ကို ပြောမပြ တတ်အောင် ကျေးဇူး တင်ရပါတယ်။ မြသီလာ ဟာ ကျောင်းသားတွေရဲ့ သမိုင်းမှတ်တမ်း အစစ်ပါ။ ဆရာမ ပြောပါဦး။

- တိုက်တိုက်ဆိုင်ဆိုင် ဒီလက သြဂုတ်လ ပဲ ။ ၂၇ နှစ်ပြည့်ပြီ။ အင်မတန် အားကောင်းလှ ပါတယ် ဆိုတဲ့ မဆလပါတီကို ၂၆ နှစ်အကြာမှာ ဖြုတ်ချခဲ့တဲ့ မြန်မာနိုင်ငံမှာ ဆိုးဝါးလှတဲ့ စစ်အစိုးရက နောက်ထပ် ၂၆ နှစ် တိုင် သွားပြန်ပြီ။ မဆိုစလောက် အပြောင်းအလဲကောင်းလေးတွေ နဲ့ မတန်လောက်အောင် ဆိုးသထက် အဆိုးတွေ ခုချိန်ထိ များနေတာလည်း ကမ္ဘာအသိပါ။ အပြစ်မဲ့ ပြည်သူတွေ အစိုးရလက်ချက်နဲ့ အသေအပျောက် ရှိနေတုန်း ပဲ.. ကျောင်းသားလူငယ်လေးတွေကို ရာဇ၀တ်သားတွေလို ဆက်ဆံ နှိမ်နင်းနေ တုန်းပဲ.. အမြင့်ပိုင်းမှာ အဂတိ လိုက်စားမှု တွေ ရှိနေတုန်းပဲ။ ဒါတွေဟာ မြန်မာနိုင်ငံရဲ့ ရုပ်ဆိုးလှတဲ့ မှတ်တမ်းတွေထဲမှာ ရှိနေတုန်းပဲ..။ နှစ် ၅၀ ကျော်ခဲ့ပြီ..

၅။ ကြည်မွေ့အိမ် - မိုးစက်တွေ သစ်ရွက်ပေါ်ကျတော့ - သစ်ရွက်တွေ မြူးတူးစွာကခုန် - လေပြေက အဲ့ဒီပုံပြင်ကို ပြော - နေ့ တစ်ကြောလုံး မဆုံးတော့ချေ - တစ်စက်ကျလာလိုက် - ကကြိုးတစ်ခု ဖန်ဆင်းလိုက် - နောက်ထပ် တစ်စက် ကျလာလိုက် - နောက်ထပ် ကကြိုးတစ်ခု ဖန်ဆင်းလိုက် --- ဆိုတဲ့ ကဗျာကို ရေးခဲ့တဲ့ ကဗျာဆရာ ၊ ပန်းချီဆရာ ဟိန်းသစ်ရည်သိမ်း ဆိုတဲ့ လူတော် တစ်ယောက် မူးယစ်နွံထဲ ကျွံဆင်း သွားတာ ရင်ကွဲစရာကြီးပါ။ ဆရာမ အနေနဲ့ တော့ ဆိုဖွယ်ရာ ရှိမယ် မထင်ပါဘူး။ ပြန်ပြောကြည့် ရအောင် ဆရာမ ရယ်။

- တကယ်တော့ တဘက်စွန်းရောက် အနုပညာသမား နဲ့ ဟိုမရောက် ဒီမရောက် အနုပညာသမားနှစ်ယောက် တဘ၀ တည်း နေမိတာမှာ ခံစားချက်ကို ဦးစားပေးခဲ့ကြတာပါပဲ။ ဟိန်းသစ်ရည်သိမ်းကို ကဗျာတွေ ကြိုက်တယ်.. ပန်းချီတွေကြိုက်တယ်..။ ဒါပေမဲ့ လက်ထပ်တဲ့ကိစ္စ နဲ့ တသက်လုံး အတူတူနေဖို့က အနုပညာထက် .. လူနဲ့ နေရမှာ.. အဲဒီအနုပညာနဲ့ တွဲနေတဲ့ လူကြီးကို နားလည်မှ .. လက်ခံနိုင်မှ နေနိုင်မှာလေ။ ကျမက ပေါ့ပေါ့ပါးပါး အနုပညာသမား .. သူကတော့ လေးလေးလံလံ အနုပညာသမား.. ။ ဟိန်းသစ်ရည်သိမ်း နဲ့ မေငြိမ်း ဟာ သပ်သပ်စီပဲ ကောင်းပါတယ်လို့ သိတဲ့အချိန်မှာတော့ သပ်သပ်စီနေတဲ့ လမ်းကို ရွေးခဲ့ကြရတော့တာပေါ့။ သူကလည်း သူ့ ရှင်သန်မှု နဲ့ သူ .. သူ့လမ်းကို အဆုံးထိ ရွေးတာပဲ။ ကျမကလည်း ကျမရဲ့ ရှင်သန်နည်းနဲ့ ကျမရဲ့ လမ်းကို အဆုံးထိ ရွေး လိုက်တာပဲ။ ဒီနေရာမှာ မြန်မာ့ထုံးတမ်းစဉ်လာအတိုင်း သားတစ်ယောက် ကို ထည့် မစဉ်းစားကြဘူးလား ဆိုတဲ့ မေးခွန်းမျိုးလည်း ခဏခဏ ကြုံခဲ့ရပါတယ်..။ အဲဒီအခါမှာ ကျမတို့ နှစ်ယောက်လုံးရဲ့ အဖြေက အတူတူပဲ..။ ကျမတို့ သပ်သပ်စီ နေကြဖို့ ရွေးတာကိုက မအောင်မြင် တဲ့ အိမ်ထောင်ရေးတစ်ခုကို သားရှေ့မှာ မကြီးထွားစေချင်လို့ပဲ။ ခု ကျမတို့သား အသက် ၂၄ နှစ်ရှိပြီ။ သူ့အဖေ မရှိတော့ဘူး။ ကျမတို့သားဟာ ဘယ်တုန်းကမှ အဖေ နဲ့ အမေ အတူတူနေရင် ကောင်းမှာလို့ မပြောခဲ့ဖူးဘူး။ ခုထိ သူပြောတယ်.. သူ့မိဘ.. ကျမတို့ ရွေးခဲ့တဲ့လမ်းက မှန်တယ်.. လို့။

၆။ ကြည်မွေ့အိမ် - ကျောင်းသင် ပညာရေးစံနစ် ပျက်စီးသွားပြီး ဆူလွယ် နပ်လွယ် ပညာရေး စံနစ်အောက် မှာ ဆရာတွေ ဟာ ကျူရှင် ဆိုတဲ့ အခြေနေဆိုးတစ်ခုထံမှောက်မှာ အရောင်းစားခံလိုက်ကြရတာ လည်း ကြေကွဲစရာ ကောင်းပါတယ်။ အဲ့ဒီ ရေစီးက ဆရာ စိတ် ကို ဘယ်အတိုင်းအတာ ထိ သေးသိမ်အောင် လုပ်ပစ်ခဲ့ပါသလဲ ဆရာမ။

- မြသီလာထဲမှာ ကျမ တော်တော် ရေးထားပါတယ်။ ကျမကိုယ်တိုင် မလွန်ဆန်နိုင်တဲ့ ဘ၀ပေါ့။ ကျူရှင် သင်ရတာ ဆရာ ဆရာမ တွေခမျာ သိပ်ပင်ပန်းပါတယ်။ အထူးသဖြင့် ရတဲ့လခ နဲ့ မလောက်လွန်းလို့ ကျူရှင်သင်ရပေမဲ့ ကျူရှင်ကိုပဲ အားစိုက်ပြီး စေတနာအပြည့် နဲ့ သင်တဲ့ဆရာတွေ အများကြီးပါ။ ဒါပေမဲ့ ကျောင်းသားအများစုက ဒီစေတနာတွေကို နားမလည်နိုင်ကြဘူး.. သူတို့သိတာက ဆရာတွေ ပိုက်ဆံလိုချင်လို့ ကျူရှင်သင်တယ် လောက် ပဲ။ ဘာဖြစ်လို့ ကျူရှင် သင်နေရသလဲဆိုတဲ့ စနစ်ဆိုးကို သူတို့ မသိဘူး။ အဲဒီအခါမှာ ဆရာတွေ ရဲ့ တန်ဖိုးက လျော့လာတော့တာ။ ကျမက အဲဒီ စနစ် ဆိုတာကို မခံစားနိုင်တာ.. လက်သင့်မခံချင်တာ.. လက်မခံနိုင်တော့တာ။ ပြီးတော့ အချိန်တို ပညာသင် နှစ် သတ်မှတ်ချက်ကြောင့် ဆရာဆရာမတွေ ဘယ်လောက် စေတနာ ပါပါ ကျောင်းသူကျောင်း သားတွေကို ‘ပညာ’ မသင် ပေး နိုင်တော့ဘူး.. ‘စာ’ မသင်ပေးနိုင်တော့ဘူး.. ကျမတို့က စာရွက်တွေပဲ ပေးနေခဲ့ကြရ တာကို လက်မခံနိုင်တော့ တာ။ ဆရာ ဆရာမတွေရဲ့ အသုံးချတန်ဖိုးတွေ ညှိုးမှိန်သေးသိမ်ကုန်တာကို ကျမ ဆက် မကြည့်နိုင်တော့တာပါပဲ။

၇။ ကြည်မွေ့အိမ် - တက္ကသိုလ် ဆရာတစ်ယောက်အနေနဲ့ ကိုယ့်ထက် အသက် ဆယ်စုနှစ်တစ်စု လောက် ငယ်တဲ့ တပည့် ကျောင်းသား တစ်ယောက်ကို နောက်ထပ် အိမ်ထောင်ဖက် အဖြစ် ရွေးချယ်ရတဲ့ အဓိက အချက် က အချစ်တော့ ဟုတ်မယ် မထင်ပါ ဘူး။

- ကျမ နဲ့ ကိုရာကျော် အိမ်ထောင်ပြုတော့ ကျမအသက် ၃၄ နှစ်.. သူ့အသက် ၂၅ နှစ် ..။ အဲဒီတုန်းက အသက် ၂၅ နှစ်ဆိုတာ ငယ်တယ်လည်း ပြောနိုင်မယ်.. အရွယ်ရောက်ပြီ လည်း ပြောနိုင်တယ်။ အမေရိက မှာဆိုရင်တော့ လုံလုံ လောက်လောက် အရွယ်ရောက်ပြီလို့ သတ်မှတ်တဲ့အရွယ်ပေါ့။ ဒါပေမဲ့ မြန်မာပြည် မှာတော့ လူပျိုလူလွတ် မိဘ နဲ့အတူနေတုန်း .. ဆိုတော့ ကျမတို့ နှစ်ဘက်မိဘရဲ့ ခံစားချက်တွေကို ထည့် စဉ်းစားရ ပါတယ်။ နှစ်ယောက် တည်း ရဲ့ ကိစ္စကို ပြောရင်တော့ ခု ကြည်မွေ့အိမ် ပြောတဲ့ ”အဓိက အချက် က အချစ်တော့ ဟုတ်မယ် မထင်ပါဘူး” ဆိုတာကို ငြင်းရမှာပဲထင်တယ်။

- အချစ်ဆိုတာကို ဘယ်လို သတ်မှတ်သလဲ က စရမယ်ထင်တယ်။ ကျမ သတ်မှတ်တဲ့ အချစ် ဆိုတာက တဘက်သား ကို စိတ်ချမ်းသာစေချင်စိတ်.. ပျော်စေချင်စိတ်.. အဖော်အဖက်အဖြစ် အတူတူသွားချင်တဲ့ စိတ် .. နောက် သိပ်အရေးကြီးတာက အဲဒီ တဘက်သားအပေါ် ယုံကြည်တဲ့ စိတ်ပဲ..။ ပြီးတော့ မှ အိမ်ထောင်ပြု ဖို့ ဘာကြောင့် စဉ်းစားကြသလဲဆိုတော့ အဲဒီအချိန် ကျမရဲ့ လိုအပ်ချက် နဲ့ အဲဒီအချိန် သူ့ရဲ့ လိုအပ်ချက်တွေ အပြန် အလှန် အံကိုက်မှု.. ဒါနဲ့ပဲ အိမ်ထောင်ပြုဖြစ်တာပါ။ ခုဆို အိမ်ထောင်သက်တောင် ၁၇နှစ် ပြည့်တော့ မယ်။ (ဒါနဲ့ စကားမစပ် .. ဆင်ခြေပေးသလို ပြောရရင် .. သူက ကျမ တပည့်လို့တော့ ပြောမရဘူး ထင်တယ်.. သူ့အတန်းကို ကျမ စာမသင်ဘူး။ ဒါပေမဲ့ တကျောင်းတည်းမှာ သူက ကျောင်းသား ကျမက ဆရာမဆိုတော့ ပြောရင်လည်း ရတယ် ဆိုပါစို့။ ပြောချင်တာက တကယ်သာ သူက ကျမ စာသင်ရတဲ့ တပည့်ဖြစ်ခဲ့ရင် ဒီလို ဇာတ်လမ်း မျိုး ဖြစ်မလာဘူး ထင်တာပဲ ။ ဘာကွာသလဲဆိုတော့ တပည့်ဆိုရင် ကျမက သားသမီးလို သဘော ထားလေ့ ရှိတာကိုး .. ဒါပေမဲ့ ကျမဘ၀မှာ နည်းနည်း စိတ်မကောင်းဖြစ်ရတဲ့ ဆုံးဖြတ်ချက် ထဲမှာ ကျောင်းဆရာမ ကျမ .. အိမ်ထောင် ပြုတဲ့သူက ကျောင်းသားဖြစ်နေတာတော့ ပါခဲ့ပါတယ်)

၈။ ကြည်မွေ့အိမ် - ဆရာမ ရေးပြီး ကျွန်မ လက်လှမ်းမီဖတ် ဖြစ်ခဲ့သမျှတွေထဲမှာ ' ပကတိမြား ' ကို ကျွန်မ အကြိုက်ဆုံးပါ။ အဲ့ဒီ ကာလ တုန်းက ပကတိမြားကို ဖတ်ဖူးသူတိုင်း သိပ်မိုက် တဲ့ စာအုပ်လို့ တညီတညွတ် ထဲ အသံမြည်စေခဲ့တဲ့ စာအုပ်ပါ။ ဆရာမ အဲ့ဒီ စာအုပ်ရေးတဲ့ အချိန်နဲ့ စိတ်အခြေ အနေ။

- ပကတိမြားက ဒုတိယအုပ် ။ တကယ်တော့ ကျမအတွက် ၀တ္ထုတစ်အုပ်ရေးဖို့ ဇာတ်လမ်းက တမင်တကာ စိတ်ကူးယဉ် စဉ်းစား ဖန်တီးစရာ မလိုပါဘူး..။ ကျမတို့ ၀န်းကျင်မှာ ၀တ္ထုရေးချင်စရာ တကယ့် အဖြစ် အပျက်တွေ အများကြီး ရှိပါတယ် ။ ပြီးတော့ လက်တွေ့ ဘ၀တွေဟာ စိတ်ကူးယဉ်တာထက် ပို စိတ်ဝင်စား စရာ သင်ခန်းစာ ယူစရာ ဆင်ခြင် စဉ်းစား စရာတွေ ရတတ်ပါတယ်။ ဟုတ်တယ်.. ပကတိမြားက လူကြိုက် များခဲ့တယ်။ ဇာတ်ကောင် တွေ အသက်ဝင်တယ်လို့ မှတ်ချက်ပေးကြတယ်။ ပြောရရင် မိုးလတ်က ၀တ္ထု တစ်ပုဒ်ရဲ့ ဇာတ်ကောင် အနေနဲ့ပဲ ဖတ်ကောင်းပေမဲ့ ပြင်ပမှာဆိုရင်တော့ တော်တော် စိတ်ပျက် စရာ ကောင်းမှာပါ။ ပြီးတော့ အမျိုးသမီးတွေ အချစ်ဆိုတာနဲ့ ပတ်သက်ရင် ကိုယ်ခံအား စိတ်ခံအား.. အားနည်းကြတာကို ထောက်ပြချင်တာ..။ ကျမ က ၀တ္ထုတွေ ဖန်တီးတဲ့အခါ တကယ့်ဘ၀ထဲက ဇာတ်ရုပ်တွေကို ချပြချင်တယ်.. ပြီးတော့ ကျမကိုယ်တိုင် စိတ်ဝင်စားတဲ့ ဇာတ်ကောင်ကို ရေးချင်တယ်။ ဒါကြောင့် မိုးလတ် ရဲ့ ဇာတ်က အသက်ဝင်ခဲ့တယ်ထင်တာပဲ။

၉။ ကြည်မွေ့အိမ် - ဆရာမက ခုလို အသဲပေါက်မတတ် ချစ်တဲ့ မြသီလာကနေ ထွက်ခွာပြေး သွားတာ ဟာ မြသီလာ ဟာ အဖတ်ဆယ်မရ အောင် ပျက်စီးသွားလို့ သက်သက်ချည်း ဟုတ်မယ်တော့ မထင်ပါဘူး။ တခြား သိမ်းဖွက်ထားတဲ့ ခါးသီးစရာလေးတွေ အကြောင်း လည်း မေငြိမ်းခရေဇီတွေအတွက် နည်းနည်းပါးပါး ပြန်ပြီး ရှယ်ကြရအောင် ဆရာမရာ။ ဘယ်လိုလဲ။

- မြသီလာပျက်စီးလို့ ထွက်ပြေးတာကလည်း တစ်ကြောင်း.. နောက်တစ်ကြောင်းက ကျမရဲ့ ပင်ကို သဘောက ကိုယ်မအောင်မြင်တဲ့ နယ်တစ်ခုကနေ ထွက်ပြေးတတ်တယ်..။ ဥပမာ - ကျမက သင်္ချာ သိပ် ညံ့တော့ ပထမနှစ် ဒုတိယနှစ်တွေမှာ သင်္ချာပါတဲ့ ဘာသာတွဲကို ယူရာကနေ ၀ိဇ္ဇာတွဲသက်သက် ကို ယူပစ်လိုက်တာမျိုး .. ရည်းစား တစ်ယောက် ကို တော်တော် စိတ်ကုန်တဲ့အခါ နာမည်အပျက်ခံ.. ကိုယ့်ကိုယ်ကို အထိပါးခံပြီး လုံးလုံး ရပ်စဲပစ် လိုက်တာမျိုး .. ကိုယ်မအောင်မြင်တဲ့ အိမ်ထောင်တစ်ခု ကို နောက်ဆက်တွဲ ဆိုးကျိုးတွေကို ကြောက်တဲ့ ကြားကပဲ ယတိပြတ် ပြတ်စဲလိုက်တာမျိုးတွေ လုပ်တယ်။ ခု မြသီလာကနေ အစိမ်းလိုက်ထွက်ပစ်လိုက်တာလည်း ဒါမျိုးပါပဲ။

- ဒီပညာရပ်ထဲမှာ ကျမတို့ ဆက်ဆည်းပူးခွင့် .. သုတေသနပြုခွင့်မရှိဘူး။ ကိုယ့်လစာနဲ့ အိနြေ္ဒရရ မရပ် တည်နိုင် ဘူး။ ကျောင်းသူကျောင်းသားတွေကို ပညာရေးကောင်းကောင်း မပေးနိုင်ဘူး။ ကိုယ့်ပညာ အရည်အသွေးကလည်း ဆုတ်ယုတ်လာတယ် ။ ကျမ အဲဒီကာလမှာ ဘာကိုမှ အောင်မြင်အောင် မလုပ်နိုင်ဘူး။ ပိုဆိုးတာက ကိုယ်တိုင် ကျောင်း ဆရာမ ဖြစ်ပြီးတော့ ကိုယ့် သားသမီး တွေ ကို ပညာရေးကောင်းကောင်း မပေးနိုင်ဘူး..။ ကျူရှင် အချိန် ပြည့် သင်ပြီး စားဝတ်နေရေး ပူနေရတော့ ကိုယ့်သားသမီးကို ကောင်းကောင်း ဂရုမစိုက်နိုင်ဘူး။ ကိုယ်လည်း ချိနဲ့ .. ကိုယ့်ပတ်ဝန်းကျင်လည်း ချိနဲ့ လာတာ ကိုယ်သိနေ တာပဲ။

- ပြီးတော့ စာရေးဆရာဘ၀မှာလည်း အနုပညာက ဘောင်ကျဉ်းလာတယ်၊ ကျမက မေငြိမ်း ဘဝမှာလည်း မအောင်မြင်ပြန်ဘူး..။ ပြီးတော့ ကျမချစ်တဲ့ ပတ်ဝန်းကျင်တွေထဲမှာကို ကျမအပါအ၀င် လူတွေက စိတ် အခြေအနေတွေ ညစ်ထေးလာကြတယ်.. ။ မေတ္တာတရားတွေ လျော့ပါး လာတယ်လို့ ကျမ ခံစားလာ ရ တယ်။ လှေကား ကျဉ်းကျဉ်းလေး ကို လုတက်မှ အမြင့်ကိုရောက်ရမယ့် အခြေအနေမျိုးထဲမှာ ကျမ မောတယ်။ ကိုယ့်ရဲ့ အသုံးချတန်ဖိုးက ကိုယ့်ပတ်ဝန်းကျင် မှာ မရှိတော့ဘူးလို့ ခံစားလာရတယ် ။ အဲဒီအချိန်မှာ အခြေနေလေး တစ်ခု က လှုံ့ဆော်တာနဲ့ ကြုံကြိုက်ပြီး ပြည်ပ ထွက်ဖို့ စီစဉ်တယ်။ အလုပ် ထွက်စာတင်တယ်။ ထွက်စာ မကျခင် .. Passport လည်း လျှောက် မရ..။ ထွက်စာ ကျဖို့ လေးကိုတာင် မလိုအပ်ဘဲ အဆင့်ဆင့်လုပ်ရတဲ့ လုပ်ငန်းစဉ် တွေကြောင့် အချိန်တွေကုန် ..ငွေကုန် .. လူပမ်း .. စိတ်လည်းပမ်း ..။ ကျမ လုံးဝ သည်းမခံနိုင်တော့ဘူး.. မစောင့်နိုင်တော့ဘူး။ ဒါနဲ့ တမိသားစုလုံး မိုက်မိုက်ကန်းကန်း ထွက်ချလာလိုက် တော့တာပဲ။

၁၀။ ကြည်မွေ့အိမ် - ၂၀၀၅ နွေဦး ၊ မတ်လ ၁ရက်။ ခု ၂၀၁၅ လေကြီး မိုးကြီး သြဂတ်စ်။ ချစ်အလွမ်းတွေ ဘေးဖယ်ပြီး ကပ်သီး ကပ်သပ် တစ်ခုလောက်မေးခွင့်ပြုပါ ဆရာမ။ ခုလို မနီး မဝေး ထိတွေ့ ပတ်သက် ပြီး မြင်နေရတဲ့ အမိ မြန်မာ့ရေမြေ ရဲ့ လက်ရှိ အနေထားကို အားရပါသလား။ စိုးရိမ်နေဆဲလား။ ရောင်နီကို ကြိုလင့်ဖို့ ပန်းကလေးတွေ အမှန်တစ်ကယ် နိုးထ ချိန် ရော ဟုတ်ရဲ့လား။ ဒီ မေးခွန်းကိုတော့ ကျွန်မက ငြိမ်းခက်ခက်ကိုကော ၊ မေငြိမ်း ကိုကော တပြိုင်ထဲ မေးချင်တော့တာပါပဲ။
- ဟုတ်ပါရဲ့.. မနီးမဝေး..။ တကယ်တော့ အရှေ့ နဲ့ အနောက် .. နေ့နဲ့ည .. ၂၂ နာရီ လေယာဉ်စီး မှ ရောက်မယ့် ခရီး..။ ဒါပေမဲ့ ခုချိန်ထိတော့ ကိုယ့်နိုင်ငံနဲ့ ပတ်သက်သမျှ သတင်းတွေကို အမြဲ နာရီပိုင်း အတွင်း သိနေကြားနေရ တာကြောင့်ရော.. မပြတ်မလပ် အဆက်အသွယ်တွေကြောင့်ရော.. တကယ် မဝေးသလိုပါပဲ။ ဒါပေမဲ့ အခြေအနေ တွေ ကျပြန်တော့လည်း မနီးနိုင်သေးပါဘူး။ ဒီလိုအခြေနေမျိုးမှာ ကျမ မြင်ရ ခံစားရသလောက် ကတော့ မစို့မပို့ လွတ်လပ်မှုလေးတချို့ နဲ့ အခွင့်အလမ်းလေး တချို့ နေရာရွေးပြီး မြင်နေရတာ ကို တိုးတက်မှုလို့ ပြော မယ် ဆိုရင် .. ပေါ်ပေါ်ထင်ထင် အသတ်ခံလိုက် ရတဲ့ သတင်းထောက် ကိုပါကြီး.. ကိုယ့်မြေအတွက် အသတ် ခံ လိုက်ရတဲ့ ဒေါ်ခင်ဝင်း.. လူမြင်ကွင်း ထဲ ပေါ်ပေါ် ထင်ထင် အရိုက်အနှက်ခံလိုက်ရတဲ့ ကျောင်းသားလူငယ်တွေ နဲ့ မိဘပြည်သူတွေ.. ပြည်သူ့ အခွင့်အရေးအတွက် ပြောကြတဲ့ နော်အုန်းလှတို့ ကိုနေမျိုးဇင်တို့ ကိုထင်ကျော်တို့ မစုစုနွေးတို့ အခြေအနေတွေ နဲ့ လူမသိ သူမသိ ထိုးကျွေးခံလိုက်ရတဲ့ ပြည်သူတွေ ကို ကျမတို့ ဘယ် သမိုင်းမှာ သွားထားကြမှာလဲ..။ ခုချိန်ထိ တိုင်းပြည်သံယံဇာတတွေ အာမခံချက် မရှိ.. ပြည်သူတွေ မစားသုံးရ.. ဒုက္ခတွေ ခံနေကြရတုန်းပဲ… ။ မနေ့တနေ့ကအထိ အင်မတန်ခက်ခဲတဲ့ ဆေးပညာကျောင်းကို ဘာမှ မဆိုင်တဲ့ စစ်တပ်က အုပ်ချုပ်ရေးပိုင်း ကို ၀င်စီးတဲ့သတင်း ဖတ်နေရတုန်းပဲ။

- ဒီတော့ ခုခေတ်ထဲ ကျမ မြင်နေရတဲ့ မျှော်လင့်ချက်ရောင်နီကို ပြောပါ ဆိုရင်တော့ တကယ်တော်တဲ့ လူငယ် တွေ.. အမျိုးသမီးတွေကို ပိုထင်ထင်ရှားရှား မြင်လာရတာပါပဲ။ ဒါကလွဲလို့တော့ သိပ်အားရစရာ အပြောင်း အလဲ ဘာမှ မရှိသေးဘူးလို့ပဲ မြင်ပါတယ်။

စက်တင်ဘာလ - ခေတ်ရနံ့ မဂ္ဂဇင်း။



Aug 22, 2015

ခေတ်က ခွဲလို့ ကွဲရတဲ့ သွေးတွေ…



ထွက်ပြေးခဲ့တာပဲ ဖြစ်ဖြစ် ..
ပြေးထွက်ခဲ့တာပဲ ဖြစ်ဖြစ်..
တို့တွေချင်းက ချစ်ခဲ့ဖူးကြသူတွေပါ..။
အဲဒီ ပန်းပွင့်တွေ..
အဲဒီ လေပြေ ..
အဲဒီ စီးဆင်းမြစ်ရေတွေ…
အဲဒီ တောင်စဉ်တောင်တန်းတွေ..
အဲဒီ ရသာရနံ့တွေ..
တို့ အတူတူ စားသုံးခဲ့ကြ..
ဘာကြောင့် ခု မုန်းကြမလဲ..။
ဟုတ်ပါပြီကွာ….
ငါက အဝေးကနေ ပူလောင်ပြ
မင်းက အနီးမှာ ပူလောင်ရ…      
အဲတော့ ဘာဖြစ်သလဲကွာ..
ငါတို့အတူစီးဆင်းခဲ့တဲ့ သွေးတွေက
အဲလို လားလားမုန်းထားကြဖို့လား…။
ငါ့လက်တွေ  အပင်တွေ ပျိုးဆဲ…
နင့်လက်တွေလည်း အပင်တွေ ပျိုးဆဲ ..
ငါ့နံဘေးမှာ အဆင်းတူ ပန်းနီပြာဝါတွေ ဖွေး
နင့်နံဘေးမှာလည်း အချင်းတူ ပန်းဖြူပြာဝါတွေ မွှေး
ရင်ခုန်သံ တူသရွေ့ အိပ်မက်တွေတူ..
အချစ်တွေ တူသရွေ့ အနှစ်တွေတူ..
အပြုံးတွေ တူသရွေ့ အဆုံးတွေတူ..
မြစ်ဖျားခံရာ တူ..
လျှိုမြောင်တောင်တန်း ဖြတ်သန်းရာလည်းတူ…
လာ.. ဟိုးရှေ့မှာ ခရီးဆုံး ပင်လယ်..
အတူတကွ ဆက် စီးဆင်းလိုက်ကြဖို့ပဲ လိုမယ်…။


Aug 5, 2015

ရန်ပုံငွေ ဈေးရောင်းပွဲ

#saveMyanmar #supportMyanmar လာမယ့် တနင်္ဂနွေနေ့ .. သြဂုတ်လ ၉ရက် နေ့လယ် ၃နာရီကနေ ၇နာရီထိ .. Washington DC Metropolitan ဧရိယာနေ မြန်မာမိသားစုတွေရဲ့ ရန်ပုံငွေ ဈေးရောင်းပွဲ ရှိပါတယ်။ ရောင်းရသမျှ ကို မြန်မာပြည်က ရေဘေးသင့်ပြည်သူတွေအတွက် လှူဒါန်းသွားမှာ ဖြစ်ပါတယ်။ အစားအသောက် ၊ ယဉ်ကျေးမှုပစ္စည်း ၊ စာအုပ် ၊ အ၀တ်အထည် စသဖြင့် .. ရောင်းချမှာ ဖြစ်ပါ တယ်။ ကြားကြားသမျှ ဒါနပြုချင်သူတွေ ကြွခဲ့ကြဖို့ နှိုးဆော် ဖိတ်ကြားပါတယ်ရှင် ။ နေရာ -- 13003 Layhill Road, Silver Spring . MD 20906

Jul 21, 2015

အမေရိကားမှာ ဘာအတွက် ပညာသင်ကြသလဲ…. (နောက်ဆက်တွဲ)

မနေ့က ကျမ သားသမီးတွေရဲ့ အခြေနေနဲ့ ဆက်စပ်ပြီး အမေရိကမှာ ပညာသင်တဲ့ပုံစံ တစိတ်တပိုင်းလေးကို ရေးခဲ့ပါ တယ်။ အဲဒီစာကိုဖတ်ပြီး ပီတိဖြစ်တဲ့ ညီမတစ်ယောက် က ကျမကို လှမ်းပြောပါတယ်.. ကျမ သားသမီးတွေအတွက် ၀မ်းသာကြောင်း နဲ့ မြန်မာပြည်က ကံမကောင်းရှာကြတဲ့ ကလေးတွေ လူငယ်တွေအတွက် ၀မ်းနည်း စိတ်ထိခိုက်လို့ ခဏခဏ မျက်ရည်ကျရကြောင်း..။ သူ နဲ့ ကျမက အတော် ခံစားချက်တူပါတယ်..။ မတူတာက သူက ပြည်ပနိုင်ငံကြီး တစ်ခုမှာ နေခွင့်ရတာတောင် ကိုယ့်နိုင်ငံမှာပဲ နေမှာလို့ ရွေးခဲ့သူပါ..။ ကျမ သူ့ကို ပြောဖူးပါတယ်..။ အစ်မကတော့ ညီမလို မလုပ်နိုင်ဘူးကွယ်.. ညီမလေးကို တကယ် ချီးကျူးပါတယ်.. သားလေးပညာရေး အဆင်ပြေရင်တော့ ကိုယ့်နိုင်ငံမှာ နေနိုင်တာ ကောင်းပါတယ်… လို့။

တကယ်လည်း အခြေအနေတိုင်းမှာ အယူအဆတွေ အမြင်တွေ ခံယူချက်တွေက အမျိုးမျိုး ရှိနိုင်ပါတယ်။ ပြီးတော့ အမြဲတမ်း အမှန်အမှား နှစ်မျိုးတည်း ရှိတာ မဟုတ်တဲ့အတွက် အယူအဆတိုင်းဟာလည်း သူ့ရှုထောင့် နဲ့ သူ မှန်နေတတ် ကြပါတယ်။

ကျမ က အပေါင်းအသင်း အလွန်များပြီး ကျမဘ၀ ပုံစံ နဲ့ ကျမရဲ့ နေထိုင်မှုပုံစံကလည်း သူများနဲ့ သိပ်မတူတာကြောင့် (ပြောရရင် မြန်မာအမြင်နဲ့ တော်တော် သဟဇာတ မဖြစ်တာကြောင့်) ကျမ သားသမီးတွေနဲ့ ပတ်သက်ရင် ကျမ အပေါင်းအသင်း တွေက ပူပန်ကြ ပါတယ်။ ဒါကြောင့် ကျမ သားသမီးတွေရဲ့ ပညာရေးအကြောင်း မကြာခဏ မေးလေ့ရှိ ပါတယ်။ ကျမ ပြည်ပကို ထွက်လာကတည်းက သားသမီးပညာရေးအတွက်လို့ ပြောပြီး ထွက်လာခဲ့တာကြောင့် လည်း သူတို့က သိချင်ကြတာ ပါပါတယ်။ ပြီးတော့ ကျမက ပညာရေးနယ်ထဲ အစဉ်တစိုက် နေလာပြီး ပညာရေးအကြောင်းတွေ ရေးလေ့ ရှိသူမို့ အမေရီကန် ပညာရေးအကြောင်း ရေးပါလို့ တိုက်တွန်းကြပါတယ်။ ဒါကြောင့်ပဲ တနေ့တော့ ရေးပါဦးမယ် လို့ ပြောခဲ့ပါတယ်။ ကျမ သူငယ်ချင်းတွေ သိချင်တဲ့အထဲမှာ DV (Diversity Visa Lottery) အကြောင်းလည်း ပါပါတယ်။ ကိုရာကျော် DV ပေါက်လို့ ကျမတို့ အမေရီက ရောက်တာမို့ ကျမ အဲဒီ Program အကြောင်းလည်း ရေးပါဦးမယ်)

ပြောရရင် အမေရီကန် ပညာရေးအကြောင်း ကျမ တော်တော် မသိပါဘူး..။ အမေရိကန်မှာက ပြည်နယ်အလိုက် မူဝါဒတွေ ကွဲ.. သင်ရိုးတွေ.. ပြဋ္ဌာန်းစာတွေ ကွဲတာကြောင့် တခုခု ကို သတ်မှတ်ပြီး ရေးပြဖို့ ခက်ပါတယ်။ ပြီးတော့ အမေရီကန် ကျောင်းတိုင်းလည်း ကောင်းတာမဟုတ်ပါဘူး။ ဒါကြောင့် ကိုယ်သိတဲ့ ကိုယ့်သားသမီးတွေရဲ့ ပညာရေးအကြောင်းပြောရင်း တစိတ်တပိုင်းလောက်ကိုပဲ ထိ တို့ ပြနိုင်တာပါ။ ပြီးတော့ ကျမ သား သမီးတွေ နေတဲ့ ကျောင်းကလည်း သိပ် အကောင်းစား ကျောင်းကြီး မဟုတ်ပါဘူး..။ ဒါပေမဲ့ ကျမတို့ လူလတ်တန်းစား တွေအတွက်တော့ သူ့အိုး နဲ့ သူ့ဆန် တန်တဲ့ အနေအထားပေါ့။ ဒါပေမဲ့ ကျမအတွက်တော့ မြန်မာနိုင်ငံမှာ ပညာရေးစနစ်ကို သည်းမခံနိုင်တော့လွန်းလို့ ပြည်ပ ထွက် လာသူမို့ ဒီလောက်ကလေးရတာကိုပဲ ရလှပြီလို့ အောက်မေ့ပါတယ်။

ကျမ မြန်မာပြည်မှာတုန်းက တက္ကသိုလ် ကထိက ဘ၀ မှာ .. အိမ်ထောင်ဦးစီးက နိုင်ငံခြားထွက် အလုပ်လုပ်တာတောင် သားသမီးတွေ နဲ့ နေရေး စားရေး ပညာရေး ဘယ်လောက် ပူပန် ဆင်းရဲခဲ့ရသလဲ..။ အဆင်းရဲခံပြီး နှစ် ၂၀ နီးပါး ဆရာမ ဘ၀ ရုန်းလုပ်ခဲ့တဲ့ အကျိုး အမြတ် က ဘာလဲ…။ ကျမ ခဏခဏ ရေးဖူးပါတယ်..။ ဆရာ ဆရာမတွေက အဆင်းရဲခံ ပြီး ပညာရေးအတွက် အလုပ်လုပ်လို့ သိပ်တော်တဲ့ ကျောင်းသူ ကျောင်းသားတွေ မွေးထုတ်နိုင်သလား..၊ ဒါမှမဟုတ် အနည်းဆုံး ကိုယ့်သားသမီးတွေ ဆရာ ဆရာမ သားသမီးမို့လို့ မပူမပင်နဲ့ ပညာသင်နိုင်သလား….။ ကျမတို့ ဘ၀တွေ သိပ်ဆိုးခဲ့ပါတယ်..။  ပစ္စပ္ပန် ဆိုးတာဟာ အတိတ်ဆိုးတာ.. အနာဂတ်ဆိုးတာပဲမို့လို့ အဲဒီတုန်းက ပစ္စပ္ပန် ကို ကျမ မခံစား နိုင်ခဲ့ပါဘူး။

ကျမ ကလေးပညာရေးအတွက် အပြင်ထွက်တော့မယ်ဆိုတော့ ကျမ အင်မတန် ချစ်ခင် လေးစားတဲ့ နာမည်ကျော် ကာတွန်းဆရာတစ်ယောက်က ပြောပါတယ်..။ “ကျနော်တော့ မထွက်ဘူး.. ကျနော့် သားသမီးလည်း ကိုယ့်တိုင်းပြည်က တခြား ကလေးတွေ နဲ့ တူတူ ရင်ဆိုင်ရမှာပဲ .. ကျနော်တို့က ဒီတိုင်းပြည်ကကိုး.. “တဲ့။ ကျမ သူ့ရှေ့မှာ မျက်ရည်ကျခဲ့ ပါတယ်။ ပြီးတော့ သူ့ကို ပြောခဲ့ပါတယ်..။ ကျမ ကတော့ မိဘတွေက ကြိုးစားပေးပါလျက်နဲ့ .. ကလေးတွေကလည်း တော်ပါလျက် နဲ့ ခေတ်စနစ်ကြောင့်.. မညီမျှတဲ့ အခွင့်အရေးတွေကြောင့် မနစ်မွန်းသင့်ဘဲ နစ်မွန်းပြီး အခွင့်အရေးတွေ ဆုံးရှုံးနေရတဲ့ ဘ၀မျိုးထဲမှာ ကျမ သားသမီးတွေကို မထားနိုင်တော့ဘူး .. ကျမ မှာ အချိန် သိပ် မရှိတော့ဘူး လို့ သူ့ကို ပြန်ပြော ခဲ့ပါတယ်။” ကျမ တက္ကသိုလ်ဆရာမ ၁၉ နှစ် လုပ်ခဲ့တာမှာ လူငယ်တွေ မညံ့တာ .. စနစ်ကြောင့် ပျက်စီးရတာ.. စနစ် ဘယ်လောက် ဆိုးတယ်ဆိုတာတွေ ကောင်းကောင်း သိခဲ့တာကြောင့်လည်း ကျမလို ပါချီပါချဲ့ ကျောင်းဆရာမတစ်ယောက် က ဒါကို ပြောင်းအောင် ဘာမှ မလုပ်နိုင်ဘူး ဆိုတာ ကိုလည်း ကောင်းကောင်း သိခဲ့ပါတယ်။ အရာရာ ပိုက်ဆံ ကသာ ဦးဆောင်ဖြေရှင်းသွားတဲ့ လောကမှာ ကျမ ဘာမှ မဖြေရှင်းနိုင်တာ သေချာခဲ့ပါတယ်။ ကျမ အဓိက ပြောချင်တာ အဲဒါပါပဲ။

ခု အမေရိကားမှာ ကျမတို့က အလုပ်လက်မဲ့.. လစာနည်း အခြေခံ လူတန်းစားထက် နည်းနည်းလေးပဲ ပိုသာတဲ့ ဘ၀မှာ ကျမ သားသမီးတွေဟာ ကြိုးစားမှု တစ်ခုတည်းနဲ့ အရာရောက်နိုင်တယ် .. လူ့ဘ၀မှာ ကိုယ်လုပ်ရင် ရတယ်.. ဆိုတဲ့ အသိ နဲ့ ခံစားချက်နဲ့ ကြီးပြင်းရတယ်..။ ကိုယ် ညံ့ရင် ခံရမှာပဲ ဆိုတာကို သိခွင့်ရတယ်။ ကျမ မျှော်လင့်တာ.. ကျမ တတ်နိုင် တာက ဒီလောက်ပဲ မို့ ဒါက ကျမတို့အတွက် လုံလောက်ပြီ..။ အမေရိကမှာလည်း ငွေကြေး တတ်နိုင်ရင် တတ်နိုင် သလောက် ပိုကောင်းတဲ့ ပညာရေး.. ပိုအဆင့်မြင့်တဲ့ ပညာရေး .. ပိုကောင်းတဲ့ ကျောင်းတွေ တက်နိုင်တာပေါ့..။ အဲလို ကွဲပြားမှု ရှိတာပေါ့..။ ဒါပေမဲ့ ကြိုးစားသူတွေအတွက် အခွင့်အရေးဆိုတာလည်း ရှိနေပါတယ်။ ကျမ မြန်မာပြည်မှာ နေ တုန်း က ကျမက တက္ကသိုလ်က ကထိက ဆရာမ ဖြစ်နေတာတောင် ပိုက်ဆံ မချမ်းသာတာကြောင့် ကျမသားကြီးဟာ TTC ကျောင်းမှာ ဆရာမ တချို့ နဲ့ အတန်းဖော် သူငယ်ချင်းတချို့ ရဲ့ ခွဲခြားဆက်ဆံမှုကို ခံခဲ့ရပါတယ်။ ဒါတွေဟာ စနစ် ပြဿနာပါ…။ အမေရိကားမှာကတော့ ခွဲခြားဆက်ဆံမှု (Discrimination) လို့ သေချာရင်ကို သိသိသာသာ အရေးယူ ခံရ မယ့် စနစ်မျိုး ရှိပါတယ်။

ဒါကြောင့်ပဲ ဆရာ မိဘ အစည်းအဝေးရှိရင်တောင် မှန်မှန် မတက်နိုင်တဲ့.. အစည်းအဝေးမှာ ဝေဖန် အကြံပေးတာတောင် သေချာ မလုပ်နိုင်တဲ့ ကျမတို့လို မိဘမျိုးတွေရဲ့ သားသမီးတွေဟာ သူတို့ ကြိုးစားမှု နဲ့ ရပ်တည် အောင်မြင်နိုင်ကြတာပါ..။ ကျမ ကလေး တွေရဲ့ အောင်မြင်မှုဆိုတာက အမေရိကရောက် ကြိုးစားတဲ့ ပညာတတ် မြန်မာ မိသားစု ၉၀% မှာ ရှိတဲ့ အောင်မြင်မှုပါ။  မြန်မာပြည် ကနေ စောစောရောက်လာပြီး ပညာရေးကို ဆက်လုပ်လို့ ဒီမှာ ဘွဲ့ရပြီး အဆင့်မြင့်ရာထူးတွေ လစာ ကောင်းကောင်းတွေ ရနေကြတဲ့ မြန်မာမိသားစုတွေလည်း ကျမ ပတ်ဝန်းကျင် မှာ အများကြီး ရှိပါသေးတယ်..။ အဲဒီ မိသားစုတွေက ကလေးတွေဆိုရင် အခြေခံ အထက်တန်းပညာရေး အဆင့်မှာတောင် ကျောင်း ကောင်းကောင်း နေခွင့်ရပြီး အဆင့်မြင့် ပညာရေး တွေ ချဲ့ထွင်နိုင်ကြလို့ ဘယ်လောက်တော်ကြ.. ဘယ်လောက် ထူးချွန်ကြ.. ဘယ်လောက် အောင်မြင်ကြတယ်ဆိုတာ .. ကျမတောင် ရေးမပြတတ်ပါဘူး..။ သူတို့ရဲ့ ပညာရေးရလဒ် တွေက ခက်ခဲနက်နဲပြီး ကျမအတွက်တော့ ရှုပ်လည်း ရှုပ်ထွေး လို့ပါ..။ ခု ဒါတွေကို ရေးပြနေတာကလည်း ပညာရေးစနစ်က ဘယ်လောက် အရေးပါတယ်ဆိုတာကို ပေါ်လွင်စေချင် လို့ ပါပဲ။
နောက် အဓိက ကျတာ တစ်ခုကတော့ သူတို့ ပညာတော်တာ ဘာအတွက်လဲ ဆိုတဲ့ ရည်ရွယ်ချက်ပါပဲ။

အမေရိကရောက် မြန်မာမိသားစု အများစုဟာ အမေရိကမှာ နေပေမဲ့ မြန်မာပြည်အရေးကိုပဲ စိတ်ထဲ ထားကြပါတယ်..။ ဒါကြောင့် ကျမတို့ မကြာခဏ ပြောဖြစ်ကြတာက အမေရိကန်အစိုးရအတွက် တော်တော် မတရားဘူးနော်.. လို့ ရယ်စရာ လို ပြောဖြစ်ကြပါတယ်။ ကျမတို့က သူတို့နိုင်ငံမှာ နေပြီး.. သူတို့ ပေးသမျှ အခွင့်အရေးတွေကို တန်းတူ ခံစားပြီး  သားသမီး တွေ ပညာတတ်တဲ့အခါ ကိုယ့်တိုင်းပြည်က အခွင့်အရေးပေးရင် (ကိုယ့်တိုင်းပြည်က လက်ခံ ကြိုဆို ရင်) ကိုယ့် တိုင်းပြည်မှာ ပြန်အလုပ်လုပ်ရမယ်.. ဆိုတဲ့ ရည်ရွယ်ချက်က အမေရီကရောက် ပညာတတ် မြန်မာမိဘ ၈၀% လောက် မှာ ရှိပါတယ်။ အများစုက တက္ကသိုလ်မှာ ဘာသာရပ်ရွေးရင်တောင် မြန်မာပြည်မှာ ဒီဘာသာနဲ့ ဘာလုပ်နိုင်မလဲ ဆိုတာကို ထည့်စဉ်းစားကြပါတယ်..။ ကျမထင်ပါတယ်.. မြန်မာပြည်တကယ်လင်းပွင့်တဲ့အခါ… မြန်မာနွယ်ဖွား အမေရိကန် လူငယ် တွေ အများကြီး မြန်မာပြည် ပြန်လည် ထူထောင်တည်ဆောက်ရေးအတွက် ပြန်လာ အလုပ်လုပ်ကြမှာပါ..။ မြန်မာပြည်က တကယ်တမ်း နွေးနွေးထွေးထွေး လက်ခံကြိုဆိုဖို့တော့ လိုတာပေါ့လေ..။

ကျမ .. ကိုယ့်တိုင်းပြည်ကို စွန့်ခဲ့တယ်ဆိုတဲ့ ခံစားချက်က တဘက် .. ကမ္ဘာမီးလောင် သားကောင်ချနင်းဆိုတဲ့ စကားပုံကို ဖျက်ချင်တယ်ဆိုတဲ့ ခံစားချက်က တဘက် နဲ့ ရေးဖြစ်ခဲ့တဲ့ ကဗျာတစ်ပုဒ် ရှိပါတယ်..။ ဖတ်ဖူးပြီးသား ဖြစ်မှာပါ…


ကြောင်
ကိုယ့်ချောင်ထောင့်ကွေးလေးထဲ
မီးအိမ်လေးထွန်းပေးမလို့..တဲ့…။
ဒါပေမဲ့ မိုးလေကြမ်းလွန်း..
မီးဇာကုန် ဆီခမ်းလွန်း…
တခါတခါကျတော့လည်း လေလုံငြိမ်သက်လွန်းသတဲ့..။
ဒါနဲ့ပဲ.. ငြိမ်ငြိမ်လေး ကုပ်ကွေးနေရ..
ဒီချောင်ကိုလည်း မခွာရက်နိုင်ဘူးတဲ့လေ.. သူက။

ကျမကတော့ အမှောင်ကြောက်သူ..။
ဒါပေမဲ့ အမှောင်ထုထဲမှာပါပဲ
ခြေသံလုံအောင် တိုးဖွဖွလှမ်းနေရ..
လက်သည်းချွန်မြတွေကိုတော့
မသိမသာ ကုပ်သွေးထားမိပါတယ်..
ဒီလိုနဲ့ပဲ
မိုးလေကြမ်းကို ခုခံရဲခဲ့…
မှောင်ထဲမှာ မျက်လုံးတွေ လက်ပသူ ကျမက
ချောင်ထဲက အပူကိုတော့ မုန်းတယ်..။

အဲဒီအခါ...
အပူချောင်ကို စွန့်ခွာ
မှောင်တ၀က်အလင်းမှာ ပျော်သယောင်။
(၀၉-၁၄-၁၀)

Jul 18, 2015

အမေရိကားမှာ ဘာအတွက် ပညာသင်ကြသလဲ….

သားကြီး အမေရိကား ကိုရောက်တော့ အသက် ၁၇ နှစ်..။ ဗမာပြည်ကနေ အသက် ၁၄နှစ် မပြည့်ခင် ၈ တန်းအောင် အဆင့် နဲ့ ပြည်ပ ထွက်လာရပြီး ဘာအောင်လက်မှတ်မှ မရှိ..။ ဇင်းမယ်မှာ နေတုန်းက BC မှာ English တက်ထားတာနဲ့ မဲဆောက်မှာ GED Preparation Course ၂ နှစ် တက်ထားတာပဲ ရှိတဲ့ သားကြီးက အမေရိကားရောက်တော့ ဒီက အထက်တန်းကျောင်းကို ဝင်ဖို့ ကြိုးစားပါတယ်။ အဲဒီမှာ Counselor က သူ့ရဲ့ အသက် နဲ့ English နဲ့ General Knowledge ကို အကဲခတ်ပြီး ကောလိပ်ဝင်ခွင့် ကြိုးစား ကြည့်ဖို့ ပြောရာက သားကြီး ကောလိပ် တန်းတက်လိုက်ရတဲ့ အကြောင်း ကျမ ရေးဖူးပါတယ်။

 အမေရိကားကိုရောက်စ ရွှေ့ပြောင်းမိသားစုအနေနဲ့ အခြေခံလူတန်းစားအဆင့်သာ ၀င်တဲ့ အတွက်ရော.. ကောလိပ်ဝင်ခွင့်မှာ သားကြီးရဲ့ ရမှတ်  ကောင်းတာကြောင့်ရော..  ကောလိပ် တက်ဖို့ အစိုးရဆီက ထောက်ပံ့ကြေး လုံလုံလောက်လောက် ရခဲ့တာမို့ သူတကာတွေ တစ်နှစ်ကို သောင်းချီ ကုန်တဲ့ ကောလိပ်မှာ သားအတွက် ကျမတို့ တစ်ဒေါ်လာတောင် မကုန်လိုက်ရဘဲ သားကြီး Associate Degree ရသွားခဲ့ပါတယ်။ အဲဒီကောလိပ်တက် ကတည်း က သားကြီးက အချိန်ပိုင်းအလုပ်တစ်ဘက်နဲ့ ရမှတ်တွေလည်း အဆင့်မကျအောင် ကြိုးစားရတာတော့ ရှိတာ ပေါ့။ ဒါမှ ထောက်ပံ့ကြေး မပြုတ်မှာလေ။

အဲဒီအချိန်မှာ သမီး နဲ့ သားငယ် က မူလတန်းကနေ စနေကြရပြီး ကံအကောင်းဆုံးကတော့ သူငယ်တန်း ကနေ စတက် ခွင့်ရတဲ့ သားငယ်ပေါ့။ သမီးလေးက ၃တန်းနဲ့ စရပါတယ်။ မိဘတွေကိုယ်တိုင်က အင်္ဂလိပ်စာ ခနော်နီ ခနော်နဲ့မို့ ကျမရဲ့ သားသမီးတွေဟာ သူတို့ကိုယ်သူတို့ပဲ ပို အားကိုးပြီး ကြိုးစားကြရတာပါ။ ဒီလိုနဲ့ သမီး ၅တန်းအပြီး မူလတန်းအောင် ကျောင်းဆင်းတာ မှာ သမ္မတ အိုဘားမား လက်မှတ် နဲ့ Presidential Award ရတော့ ကျမ တော်တော် ပီတိ ဖြစ်ပါတယ်။ အဲဒီဆုရတဲ့ ကလေးကို Honor Roll အဖြစ် သတ်မှတ်ပါတယ်။ (တကယ်တော့ မြန်မာကလေး အတော်များများလည်း ရဖူးပါတယ်၊ ဒါပေမဲ့ ကိုယ့်သမီးလေး.. မိဘတွေ သိပ် မကူနိုင် တဲ့ ကြားက ရတာမို့ ကျမ ပီတိ ဖြစ်တာပါပဲ) ။

နောက်တော့ သားလေး အလှည့်…။ သူ့အစ်ကိုကြီးရော.. အစ်မရော က ထူးချွန်ဆုတွေ ရတဲ့ အစဉ်အလာ ရှိထားတော့ သူ့ခမျာ မူလတန်းကျောင်းဆင်းပွဲမှာ စိတ်လှုပ်ရှားနေခဲ့ပါတယ်။ Presidential Award က ကြိုသိမထားရဘဲ ပေးတာမို့ စိတ်တပူပူ ရင် တခုန်ခုန်ပေါ့..။ တော်ပါသေးတယ်.. သားငယ်လေးလည်း သူ့အစ်မ ခြေရာ နင်းနိုင်ခဲ့ပါတယ်။ ဒါ့အပြင် သားငယ် အလှည့် မှာတော့ မူလတန်းအဆင့်ရဲ့ အကောင်းဆုံး စာစီစာကုံးအဖြစ် အရွေးခံရလို့ သူ့စာစီစာကုံးကို အဲဒီ ကျောင်းဆင်းပွဲ မှာ ဖတ်ပြခွင့်ရခဲ့ပါတယ်။

ဒီနေရာမှာ ပြောပြချင်တာက အဲဒီလို ကလေးတွေရဲ့ ထူးချွန်မှုတွေဟာ တစ်နှစ်ပတ်လုံး စောင့်ကြည့် အကဲဖြတ်သွားတဲ့ Assessment စနစ် နဲ့ ဆုံးဖြတ်တာဖြစ်တဲ့အပြင် ကလေးရဲ့ ဘ၀တလျှောက်လုံးအထိ သယ်သွားတဲ့ Record တွေ Credit တွေလည်း ဖြစ်တယ်ဆိုတာပါပဲ။

ဒီလိုနဲ့ သားကြီး က ကောလိပ်ဘွဲ့ပြီးလို့ တက္ကသိုလ်ဘွဲ့အတွက် ဆက်တက်ဖို့ ပြင်ပါတယ်။ သားကြီးက Economics ဘာသာနဲ့ ဘွဲ့ထပ်ယူဖို့ ဆုံးဖြတ်ပါတယ်။ အဲလိုဆုံးဖြတ်ဖို့ သူ့အနားက အဒေါ်တွေ ဦးလေးတွေ ၀ိုင်းစဉ်းစားကြ.. အကြံ ပေးကြ.. ပေါ့။ တကယ်တော့ သားကြီးက Economics ကို လုံးဝ ၀ါသနာမပါခဲ့ပါဘူး။ ဒါပေမဲ့ အလုပ် ကောင်းကောင်း ရဖို့နဲ့ သူ စိတ်ဝင်စားစရာကောင်းလောက်တဲ့ စိန်ခေါ်မှုတွေ ရှိတဲ့ပညာရပ်လို့ ထင်တာကြောင့် ရွေးလိုက်တာပါ။ တကယ်လည်း ခုတော့ သူ စိတ်ဝင်စားနေပုံပါပဲ။ ကျမ အမြင်တော့ အမေရိကားရဲ့ ပညာရေးစနစ်ဟာ တကယ် ပညာလိုချင်သူတွေ ကြိုးစားချင်သူတွေကို တော်တော် ဆွဲဆောင်နိုင်တဲ့ ပညာရပ်တွေ.. သင်ကြားနည်းစနစ်တွေ.. မက်လုံးတွေ နဲ့ ဖွဲ့စည်း ထား တယ်လို့ ဆိုရမှာပါ။ ကျမကိုယ်တိုင် ကောလိပ်မှာ American English အတွက် ၂ နှစ် တက်ခဲ့ဖူးတဲ့ အတွေ့အကြုံ ရှိခဲ့ တာ မို့ လည်း ခုလို ပြောဖြစ်တာပါ။

++++++

သမီး အထက်တန်းကျောင်းတက်ရတော့မယ့်အချိန်မှာ အထက်တန်းအဆင့်မှာ သင်ရမယ့် ဘာသာတွဲတွေကို ကိုယ့် စိတ်ကြိုက်ရွေးရပါတယ်။ အဲဒီနေရာမှာ အခြေခံရွေးတာက အထက်တန်းအပြီး တက္ကသိုလ်မှာ ကိုယ် ဘာ အသက် မွေးဝမ်းကျောင်းဘာသာရပ်ကို လိုချင်တာလဲ ဆိုတဲ့အပေါ် အခြေခံ စဉ်းစားရပါတယ်။ ထုံးစံအတိုင်း ကျမကို သမီးက တိုင်ပင်တဲ့အခါ ကျမ ပြန်ပြောတဲ့စကားက သမီးကြိုက်တာသာယူ.. ဆိုတာပါပဲ။ ဒါပေမဲ့ ဘယ်ဘာသာယူရင် သမီး သွားချင်တဲ့ လိုင်းနဲ့ အံဝင်တယ်ဆိုတာကိုတော့ သေချာ စဉ်းစားရပါတော့မယ်။ အဲဒီအခါ ကျမ သမီး မှာ သွေးမတော် သားမစပ်ဘဲ သူအားကိုးတဲ့ ယုံတဲ့ .. သူ့ကို အကြံပေးနေကျ အဒေါ်တစ်ယောက် ရှိပါတယ်။ အဲဒီအဒေါ်ကို သူ တိုင်ပင် ပါတယ်။ အဲလို တိုင်ပင်ပြီး ဘာသာရပ်တွေ ရွေးလိုက်ပါတယ်။ အဲလိုနဲ့ သမီးဟာ သူကြိုက်တဲ့ ဘာသာရပ်တွေ နဲ့ အထက်တန်းပညာရေးမှာ ပျော်ပျော် ရွှင်ရွှင် ပေါ့ပေါ့ပါးပါး နဲ့ပဲ Honor Roll မှာ Advanced Courses တွေကိုပါ ယူနိုင်ခဲ့ပါတယ်။

ဒီနေရာမှာ Advanced Course အကြောင်း နည်းနည်း ပြောပြချင်ပါတယ်။ ဒီနိုင်ငံမှာ ကလေးက စာ လိုက်နိုင်တယ်.. စာပိုသင်ယူနိုင်တယ်ဆိုရင် သူ နိုင်သလောက် စာသင်ခွင့်ရှိပါတယ်။ ဒါကြောင့် Honor Roll ရတဲ့ ကလေးတွေဟာ ဘာသာရပ်တွေကို အဆင့်မြှင့်ယူနိုင်ပါတယ်။ ဒါကြောင့် သမီးက ၇တန်း မှာ ကတည်းက ၈တန်းအဆင့် Math , Science လိုမျိုးတွေ မြှင့်ယူနေပါပြီ။ ခု ၉တန်းမှာလည်း ၁၁တန်းအဆင့် ထိတောင် ဘာသာရပ်တချို့ကို ယူနေပါပြီ။ အဲဒီ အကျိုး ဆက် ကတော့ အထက်တန်းအဆင့် ၁၁တန်း ၁၂တန်းလောက်မှာ ကောလိပ်လောက်အဆင့် ဘာသာရပ်တွေ ယူလိုက် ရတာမို့ ကောလိပ်မှာ ဘာသာရပ်နည်းနည်းကို အချိန်တိုတို နဲ့ ပြီးသွားပြီး တက္ကသိုလ် မြန်မြန်ရောက်.. ဘွဲ့မြန်မြန်ရတာမို့ အချိန်ကုန်.. ပိုက်ဆံကုန် သက်သာသွားပါတယ်။ အထက်တန်းကျောင်းမှာက အဲဒီဘာသာရပ်တွေကို အလကား သင်ရ တာ မို့လို့ပါပဲ။

သမီးက ဘာဖြစ်ချင်တာလဲဆိုတော့ Lawyer တဲ့ .. Lawyer တောင်မှ Criminal Lawyer တဲ့။ ပြီးတော့ စစ်တပ် ရဲ့ Criminal Case တွေနဲ့ ပတ်သက်တဲ့ Lawyer ဖြစ်ချင်တာတဲ့။ ကျမဖြင့် အံ့သြတာပဲ..။ သမီးက အစ်ကို နဲ့ မောင်ကြား နေရလို့လားမသိပါဘူး.. ယောကျာ်းဆန်ဆန် လှုပ်ရှားပုံမျိုး ရှိတယ်..။ သူကြိုက်တဲ့ အားကစားတွေကလည်း Softball, Basketball ပြီးတော့ တာဝေးပြေး.. စက်ဘီးအပြိုင်စီး..Kick Boxing.. ဒီလိုနဲ့ တနေ့တော့ အဖေ နဲ့ အမေကို ပြောတယ်.. သူဖြစ်ချင်တဲ့ Criminal Lawyer ဖြစ်ဖို့ Credit ရအောင် County Police Department မှာ Volunteer လုပ်ဖို့ လျှောက်ချင် တယ်တဲ့။ ကျမ မေးမြန်းစုံစမ်းကြည့်တော့ အဲလို လုပ်ခွင့်ရဖို့ ခက်တယ်တဲ့.. ဒါပေမဲ့ ကြိုးစားကြည့်ပေါ့ တဲ့။ သမီး က သူ့ ဘာသာ application form တွေသွားယူလာ.. ဖြည့်.. ကျမတို့ မိဘ လက်မှတ်ထိုး တင်..။ နောက်တော့ လူတွေ့စစ်.. ကျောင်းက ရမှတ်တွေ အကဲဖြတ်အဆင့်တွေ စစ်.. ကျန်းမာရေး စစ်.. သက်လုံ စစ်..။ သူ့အဖေခမျာ သူ့သမီးသွားသမျှ လိုက်ပို့ရတာ အမောပေါ့..။

နောက်တော့ အရွေးခံရတယ်တဲ့။ ကျောင်းက ညနေ ၅နာရီ ပြန်ရောက်တဲ့ သမီးက ၆ နာရီမှာ ရဲစခန်း သွားရတာ.. သူ့အဖေ ခမျာလည်း ၅နာရီ အိမ်ပြန်ရောက်.. ညနေစာပြင်ပြီး သမီး ကို လိုက်ပို့.. ပြန်ကြို…။ တစ်နှစ်ပတ်လုံး…။ ဘယ်လောက် ပင်ပန်းသလဲ ပြောမပြတတ်တော့။ နောက်တော့ သမီး Selection အရွေးခံရတယ်.. အထူးသင်တန်း တက်ရမယ်… နောက်ဆုံး သူ့အဖေက ကျဲကျဲ ရယ်.. သမီး လုပ်နေ တာတွေ အများကြီး.. ဘဘ မောနေပြီ လို့တောင် ပြောယူရရော..။ နောက်မှ ကျမ သိတယ်.. သမီး အဲလို အရွေးခံရဖို့ Maryland ပြည်နယ်ထဲက .. County တွေ အများကြီးထဲက .. အထက်တန်း ကျောင်းသူ ကျောင်းသား အများကြီး ထဲက.. Honor Roll တွေ အများကြီးထဲက..  Volunteer လူငယ်အများကြီးထဲကနေ အပြိုင် အရွေးခံရတာ တဲ့။ အရွေးခံရတော့ ဘာဖြစ်လဲဆိုတော့…. သမီး ကောလိပ်တက်ရင် .. သမီးကြိုက်တဲ့ Law School တက်ရင်.. Scholarship ရမှာ.. မေမေတို့ ဘဘတို့ ပိုက်ဆံ သိပ် မကုန်တော့ဘူးပေါ့တဲ့။

ခုတော့ ၁၅နှစ်မ .. ၁၀တန်းကျောင်းသူက စေတနာ့ ၀န်ထမ်း ရဲမေ တဲ့။ သူက ရာဇ၀တ်မှုဆိုင်ရာ ရှေ့နေ လုပ်ဦးမှာတဲ့။ အဲဒီအတွက် လိုအပ်တဲ့ အခြေခံပညာရေး လိုအပ်ချက် ကို အထက်တန်းကျောင်း ကတည်း ကနေ စပြီး ကျောင်းကနေရော.. ကျောင်း ပြင်ပ ပညာရေးကပါ တည်ဆောက်သွား ရ တာ တဲ့။ (တကယ်လို့ အကြောင်းကြောင်းကြောင့် ကောလိပ် မတက် ဖြစ် တော့တဲ့ လူငယ်တွေတောင် သက်မွေးဝမ်းကျောင်း အလုပ်အဖြစ် ရဲ အလုပ်ကို ရွေးဖို့ လှေကားတစ်ထစ်လည်း ဖြစ်နိုင် ပါသေးတယ်)။

+++++

ဒီနေ့ သင်တန်းဆင်းပွဲအပြီးမှာ သမီးက ပြောပါတယ်.. ပင်ပန်းလိုက်တာ မေမေရာ.. တဲ့။ တကယ့်ရဲတွေ.. စစ်သားတွေ လုပ်သလို သမီးတို့ကို အကြမ်းကိုင်တာ..။ ဒါပေမဲ့ သိပ် ပျော်စရာကောင်းပြီး သိပ်အသုံးဝင် တာပဲ တဲ့။


ကျမ စဉ်းစားနေမိပါတယ်။ ပညာရေးဆိုတာ ပျော်စရာ ကောင်းတဲ့ စိန်ခေါ်ချက်တွေ နဲ့ အတူ လက်တွေ့ဘ၀အတွက် တကယ် အသုံးဝင်တယ်လို့ သိသာစေတဲ့ လေ့လာသင်ကြားမှုတွေသာ ဖြစ်ဖို့ လိုတာပဲ.. လို့။

(အမေရိကန် ပညာရေးအကြောင်း ရေးပါဦးဆိုတဲ့ သူငယ်ချင်းတွေအတွက်.. ကျမကိုယ်တိုင်လည်း အမေရိကန်ပညာရေးကို သိပ်နားမလည်တာကြောင့် ကိုယ်တွေ့တွေနဲ့ ဆက်စပ်ပြီး သိသလို ခံစားရသလို ရေးလိုက်ပါတယ်)

May 8, 2015

သေခြင်း နဲ့ နီးနီးလေး





လတ်လတ်ဆတ်ဆတ် နီနီရဲရဲ သွေးတွေကို မြင်ချိန်မှာ ပထမဆုံးတွေးမိတာက ခပ်ရိုးရိုးပါပဲ .. ငါ သေများသွားမလား ဆိုတာပဲပေါ့..။ ခုပြန်တွေးကြည့်တော့ အဲဒီအချိန်မှာ ကျမ ကြောက်သွားသလား .. ကြောက်နေခဲ့သလား..။ အင်း.. နည်းနည်းတော့ လန့်သွားတယ်.. နည်းနည်းလည်း ထူးဆန်းနေတယ် .. ခန္ဓာကိုယ်တွင်း ဘယ်နေရာကမှ မနာ မကျင်ဘဲ.. သွေးတွေအများကြီး ကိုယ့်ဝမ်းခေါင်းထဲက ထွက်လာတာ ဆိုတော့။ နောက်တော့ ဆရာဝန်နဲ့ တွေ့ဖို့သွားတဲ့ လမ်းတလျှောက်မှာ သေခြင်းတရား ဆိုတာ ကိုပဲ တွေးနေမိတယ်။ တကယ်တော့ ကျမက နေ့တိုင်းလိုလို သေခြင်းတရားကို တွေးမိနေကျပါ။

ပြီးခဲ့တဲ့အပတ်ထဲမှာပဲ ကျမတို့ ညာဘက်ခြမ်းအိမ်က ‘Dorothy’ ဆိုတဲ့ ဖွားဖွား ဆုံးပါတယ်။ သူ့အသက်က ၈၇ .. အဆုတ်ကင်ဆာ နဲ့ နေနေတာပါ ။ ဒါပေမဲ့ ဘယ်တုန်းက မှ ရောဂါဝေဒနာ ရှိနေသူနဲ့ မတူဘဲ အမြဲ ဖျတ်ဖျတ် လတ်လတ် လှလှပပ..။ မနှစ်တုန်းက နွေဦးပေါက်ပြီဆိုကတည်း က သူ ခြံထဲဆင်း အပင်တွေ ပျိုး.. ဒီဘက်ခြံမှာလည်း ရာကျော် က အားတိုင်း ခြံထဲဆင်းတဲ့သူဆိုတော့ သူတို့ နှစ်ယောက် ဟိုဘက်ခြံ ဒီဘက်ခြံ စကားတပြောပြော.. အပင်တွေ အကြောင်း.. ကလေးတွေအကြောင်း။

ကျမနဲ့ တခါတလေ စကားပြောရင်တော့ Dorothy က ကျမတို့နိုင်ငံအကြောင်း စိတ်ဝင်တစား မေးတတ် တယ်။ သူ့ အသံက တုန်နေတာမို့ တခါတလေ မနည်း နားထောင်ရပါတယ်။ ဒါပေမဲ့ သူ့ကို သဘောကျ တာက အမြဲ လှလှပပ သပ်သပ်ရပ်ရပ် နဲ့ ခြံထဲဆင်းတဲ့အခါ နေကာမျက်မှန်လှလှလေး နဲ့  ဦးထုပ် လှလှလေး ဆောင်းပြီး၊ အဲဒီအခါဆို ကျမက သူ့ကို သိပ်လှတာပဲ လို့ ပြောမိတယ်..။ သူက သူ့ခြံလေးကို အမြဲ လှနေအောင် ထားတယ်။ သူ့ရဲ့ Deck က အမြဲ သန့်ရှင်း လှပနေတတ်တယ်။ ပြီးခဲ့တဲ့ နှစ်မှာပဲ Deck ပေါ်မှာ ထားတဲ့ စားပွဲ နဲ့ ခုံတန်း လှလှလေးတွေ ထီးတွေ အသစ်ဝယ်တယ်။ အမြဲတမ်း ပန်းပင် အသစ်တွေ စိုက်တယ်။ ဒါဟာ သူ့ကိုသူ သေလူ လို့ သဘောမရှိကြောင်း ပြတာပဲလို့ ကျမ ခံစားရတယ်။

 သူနဲ့စကားပြောတိုင်း သတိထားမိတာက သူ့ရဲ့ အကောင်းမြင်ကဲတဲ့စိတ် ကိုပါ။ သူ့မှာ သား နှစ်ယောက် သမီး နှစ်ယောက် ရှိတယ်။ စနေတနင်္ဂနွေတွေမှာ သူ့ဆီ အလှည့်ကျ လို လာတတ်ကြတယ်။ သူ့ သား သမီးတွေကို ကြည့်ရတာလည်း သူ့လိုပဲ အေးချမ်းပုံရတယ်။ သူ့အိမ်က အမြဲ တိတ်ဆိတ်အေးချမ်းနေတယ်။ ကျမတို့ကို ကြည့်ုပြီး သူ တခါ ပြောဖူးတာက သူတို့မိသားစုဘဝကိုလည်း ဒီလိုပဲ စခဲ့တာ.. တဲ့၊ ကျမတို့ လိုတောင် မပြည့်စုံခဲ့ ဖူးတဲ့။ ပြီးတော့ သူကပဲ ပြန်ပြောသေးတယ်.. ကျမတို့ မိသားစုကြည့်ရတာ သိပ် ပျော်စရာ ကောင်းတယ်.. အေးချမ်း တယ်တဲ့။ သူစိုက်တဲ့ Morning Glory နွယ်ပန်းပင်တွေ ကျမတို့ ဘက်ခြမ်းဆီ ခြံစည်းရိုးကတဆင့် နွယ်ဆင်းလာတော့ သူက ရာကျော့် ကို ပြောတယ်.. ဆောရီးနော်.. မင်းမကြိုက်ရင် ငါ ခုတ်ပစ်လိုက်ပါ့မယ်.. တဲ့။ ရာကျော်က အိုး.. ကြိုက်ပါတယ်.. ဒီလောက်လှတာ.. မခုတ် ပါနဲ့.. ဆိုတော့လည်း သူက ကျေးဇူးနော်..လို့ ပြောတယ်။ အဲဒီလို သဘောထားမျိုး ရှိတဲ့ ဖွားဖွားပါ။

Dorothy ဟာ နောက်ဆုံး အိပ်ရာထဲ ဗုံးဗုံးမလဲခင်အထိ ကားကိုယ်တိုင်မောင်းပြီး ဈေးဝယ်တယ်..။ ကျမက သူခြံရှင်းလို့ သားငယ်ကို ဖွားဖွားကို သွားကူလို့ ပြောတဲ့အခါ သားငယ် နဲ့ သူ စကားတပြောပြောနဲ့ပေမဲ့ သူက သိပ် အကူအခံပါဘူး။ ပြီးတော့ ကျမကို မေးတယ်.. သူ့ကို ကျမ ဘယ်လို ရည်ညွှန်းပြောတာလဲတဲ့။ ကျမက အဲဒါ Grandma ကို ဗမာလို ခေါ်တာဆိုတော့ Oh.. I love it .. တဲ့။ သူ့ခြံရှေ့က နှင်းတွေကို ရာကျော်နဲ့ Dorothy ရဲ့ ညာဘက်ခြမ်းအိမ်က ရောဘတ်တို့က ကြုံသလို ရှင်းပေးကြပါတယ်။ သူဟာ ကျမတို့ရဲ့ အဖွား လိုပါပဲ။ ကျမတို့ တစ်နှစ်လောက် အိမ်နီးချင်းဖြစ်ခဲ့တာဟာ ဘယ်တော့မှ မမေ့စရာ ကောင်းလောက်အောင် သူဟာ သတိရစရာ ကောင်းလှသူပါ။

သူ ဆုံးပြီဆိုတော့ ကျမ တကယ်ပဲ စိတ်ထိခိုက်ပြီး မျက်ရည်ကျရပြန်ပါတယ်။ ဒါပေမဲ့ သူ့သမီး တစ်ယောက် ပြောတာလေးက ကျမရဲ့ မျက်ရည်တွေကို တိတ်သွားစေပါတယ်။ ဆုံးကာနီး ရက်တွေမှာ Dorothy ဟာ ဝေဒနာ အတော် ခံစား ရတယ် တဲ့။ ဒါကြောင့် ခု သူဆုံးသွားတာဟာ ဝေဒနာတွေ ပြီးဆုံး သွားတာမို့ Dorothy ကိုယ်တိုင်ရော သူတို့ အားလုံးရော ကျေနပ်တယ်တဲ့။ Dorothy က I am ready to go လို့ ပြောပြီး မိသားစု ကို နှုတ်ဆက်သွားခဲ့တယ်တဲ့။ Dorothy ဆုံးတဲ့ညမှာ ကျမ သူ့ခြံထဲကို မျှော်ကြည့် နေမိတယ်.. Dorothy ရဲ့ စိတ်ဝိဉာဉ် ဟာ ဒီ ပန်းပင်တွေကြားမှာ လျှောက်သွားနေ မှာလား.. Deck ပေါ်က ခုံတန်းပေါ်မှာ ထိုင်နေမှာလား .. လို့ သတိရ နေမိတယ်..။ ငြိမ်းချမ်းလိုက်တာ.. ဘဝဆိုတာ ခံယူတတ်ရင် ငြိမ်းချမ်းလိုက်တာလို့ အဲဒီညမှာ တွေး တယ်။

++++

 ဆေးရုံသွားနေတဲ့ လမ်းတလျှောက်မှာ ကျမ သေခြင်းအကြောင်း တွေးသွားတယ်။ လည်ချောင်းထဲက ယား ကျိကျိ ပျို့လာတာကို မေ့ပစ်ရင်း သေခြင်းအကြောင်းကို တွေးတယ်။ ခုနေ သေရင် တော်တော် မြတ် တာပဲ။ လုံးဝ အနာအကျင်မရှိ.. သွေးတွေအန်တာကလည်း ဘာမှ မခံစားရ… သားကြီးက ကျောင်းပြီး တော့မယ်..။ သမီးက ခုမှ အထက်တန်းကျောင်းသူ ဆိုပေမဲ့ သူ့မှာ ရှေ့ဘ၀ဆက်စရာ ပညာရေးထဲ ရင်းနှီးမြှုပ်နှံ ထား တာတွေက သိပ်မဆိုး။ သားငယ်လေးကတော့ ငယ်သေးတယ်။ ဒါပေမဲ့ တခါတလေမှာ တခုခု ချို့တဲ့ရတဲ့ ကလေးတွေက ဘဝကို ပိုရင်ဆိုင်တတ်ပြီး ပိုထူးချွန်တတ်တာမျိုးလည်း ရှိတာကိုး။ ပြီးတော့ ရာကျော့်ကို စိတ်ချတယ်..။ ကျမ မရှိတဲ့ နောက် အိမ်ထောင်သစ် ထူရင်တောင်မှပဲ ကလေး တွေကို အတောင်အလက် စုံအောင် သူ လုပ်နိုင် တယ်။ သားကြီးကိုလည်း စိတ်ချတယ်.. သူ့အဖေကို သူကူမယ်.. သူ့ ညီမ နဲ့ ညီလေး ကို စောင့်ရှောက်မယ်..။ ကျမ နဲ့ ရာကျော် အိမ်ထောင်သက် ၁၇နှစ်မှာ တခါမှ ခိုက်ရန်ဒေါသ မဖြစ်ခဲ့ဖူး.. မိသားစုဘဝ ပြဿနာတစုံတရာ မရှိခဲ့ဖူး.. ကျမ ကြိုက်တဲ့ အလုပ်.. ကျမ ကြိုက်တဲ့ ပတ်ဝန်းကျင်.. ကျမ ကြိုက်တဲ့ မိတ်ဆွေ သူငယ်ချင်းတွေ နဲ့ ကျမ နေချင်သလို နေလို့ရတဲ့ စိတ်လက် ချမ်းသာစရာ ဘဝတစ်ခု နဲ့.. နေနေရတဲ့အချိန်။ ဘဝတလျှောက် အကုသိုလ်နည်းနည်း ကုသိုလ်များများ၊ ချစ်သူများများ မုန်းသူ နည်းနည်းပဲ ရှိခဲ့တာလည်း သိပ်သေချာတယ်.. ။ ဒီလိုအချိန်မှာ မနာမကျင်ဘဲ ရုတ်တရက် သေလိုက်ရ မှာဆိုရင် ဘယ်လောက် မြတ်လိုက်သလဲ..။

+++++

နေ့တိုင်း အိမ်ကနေ ၁နာရီခွဲအချိန်ယူပြီး တခြားပြည်နယ်မှာ ရှိတဲ့ အလုပ်ကို သွားနေတဲ့ ကျမရော.. တနေ့ကို မိုင်ပေါင်းများစွာ ကားမောင်းရင်း အလုပ်လုပ်နေရတဲ့ ရာကျော် ရော.. နှစ်ယောက်စလုံးဟာ အချိန်တိုင်းမှာ သေခြင်း နဲ့ နီးနီးလေးလို နေနေကြရတာပဲ မဟုတ်လား။

ကျမတို့နှစ်ယောက်ဟာ သေခြင်းအကြောင်း နေ့တိုင်း လိုလို ပြောကြတယ်။ ပြောရရင် သေခြင်းကို အချိန်မရွေး ရဲရဲ ရင်ဆိုင်နိုင်ဖို့ ကျမတို့နှစ်ယောက် ပြင်ဆင်ထား ကြတယ်..။ ဒီတော့ တူတူ ရှိနေတဲ့ အချိန်လေးမှာ အတတ်နိုင်ဆုံး စိတ်လက်ချမ်းသာ နဲ့ ပျော်ပျော်ရွှင်ရွှင် နေကြဖို့ပဲ စဉ်းစားဖြစ်ကြတယ်..။ ကျမတို့နှစ်ယောက် ကြီးကြီးကျယ်ကျယ် ရန်မဖြစ်ကြတဲ့ အဓိကသော့ချက်က အဲဒါလို့ ထင်တာပါပဲ။

+++++

သေပြီးတဲ့နောက်ကို ကျမ မသိနိုင်ဘူး..။ ကျမကတော့ သေပြီးတဲ့အခါ ကျမ စိတ်ဝိဉာဉ်သာအစွမ်း ရှိရင်  ခြံထဲ က အပင်တွေနား လျှောက်သွားနေမှာပဲ။ အိမ်နောက်က ကျမ သိပ်သဘောကျတဲ့ Deck ကို ပုံမှန် သန့်ရှင်းရေး လုပ်မှာပဲ။ အိမ်ထဲမှာ ပန်းအိုးတွေ နေရာချ.. ဘုရားစင်မှာ ပန်းတွေ ဝေနေ လှနေအောင်ထိုး.. ပန်းချီကားတွေ စောင်းနေရင် လိုက်တည့်၊ ရေချိုးခန်း အိမ်သာကို သန့်ရှင်း လှပနေအောင် လုပ်နေဦးမှာပဲ၊ မီးဖိုခန်းထဲ ရာကျော် ဟင်းချက် နေတဲ့အခါ အနားမှာ ထိုင်ပြီး laptop နဲ့ facebook သုံးရင်း စကားများလိုက် .. ဆရာ လုပ် လိုက် နဲ့ နေဦးမှာပဲ..။ သားသမီးတွေ အခန်းသန့်ရှင်းရေး လုပ်ဖို့ အော်နေပြောနေ ဦး မှာပဲ..။ အဲဒီအခါ သေခြင်း ဟာ ကျမ နဲ့ မစိမ်းတော့ပါဘူး..။ သေခြင်း ရဲ့ နောက်မှာလည်း ပျော်စရာ ကောင်းသား ပါပဲ။ မဟုတ်ဘူးလား…

မှတ်ချက် - ဆရာဝန်တွေ အပြောအရတော့ ဒီရောဂါ နဲ့တော့ သေဖို့ ဝေးပါသေးတယ် တဲ့။

(၅၊၅၊၂၀၁၅ အမှတ်တရ)


Feb 27, 2015

နှင်း အိပ်မက်




နှင်းကို ချစ်တဲ့အခါ.. မုန်တိုင်းဖြစ်ပါစေဦး.. ချစ်ချင်မဆုံးပါကွယ်..။
ကိုယ့်ရဲ့အိပ်မက်ရွာဆီမှာဖြင့် နှင်းငတ်လှချည်ရဲ့..။
နှင်းယောင်ယောင် မြူယောင်ယောင် ဖြူသယောင် အရိပ်ကလေးမျှပင် မသန်း.. လွမ်းစရာကောင်းလှချည့်..။
နှင်းဖြူထုတွေကြားကနေ တိတ်တဆိတ်ငေးကြည့်နေတာတောင် 
အဲဒီမှာ ... အသံတွေက ထောင်းထောင်း ထ။
ရိုးပြတ်မှာ ရွှေလ မသာတာ ကြာကြာလှပြီ.. တဲ့။ 
ကိုယ့်ဆီက ငွေညကို ရွှေ့ပေးဖို့ရာကလည်း လက်လှမ်းက မမီ။ 
သပြေရွက်တွေကြားမှာရော..  အပြုံးတွေလား… အမုန်းတွေလားဟင်..။
ပျံမလာချင်သေးပါဘူးကွယ်.. တောင်ပံတွေ နာနေဆဲရယ်..။
ရွှေချိုးဖြူ  ကူသံလား.. တေးမြုံငှက် သီသံလား.. ခိုဖြူ ခိုပြာငှက်ရဲ့ ညည်းချင်းလေလား..။ တိုးတိုးသဲ့သဲ့အကြား…
ဟော.. ဟိုးမှာ အုပ်ဖွဲ့ ပျံသန်းလာနေတာ .... ကိုယ့်မျက်ဝန်းထဲက နှင်းတွေ…။

၂၅ ဖေဖော်ဝါရီ ၂၀၁၅။

Feb 23, 2015

ကျမ နဲ့ မြန်မာစာ (၅)

ကျမ သတ်ပုံအမှားတွေအကြောင်းရေးတော့ ကျမသူငယ်ချင်း မြန်မာစာ ပါမောက္ခတစ်ယောက်က Comment မှာ ၀င်ရေးပါတယ်..။ စာရေးတဲ့သူတွေ မြန်မာစာသတ်ပုံကျမ်း ကြည့်သင့်တယ် ဆိုတဲ့အကြောင်း..။ ဒီနေရာမှာ ပြောရတော့မှာကတော့ ဘာဖြစ်လို့ မြန်မာစာ သတ်ပုံကျမ်း မကြည့်ကြသလဲဆိုတဲ့ မေးခွန်းရဲ့ အဖြေပါပဲ။ အများစုက သတ်ပုံကျမ်းရော အဘိဓာန်ရောကို မကြည့်ကြတာဟာ မထောက်မညှာပြောရရင် မကြည့်တတ်ကြ လို့ပါပဲ။ ဒါကလည်း ပြောရရင် အချိန်ပေး မလေ့လာကြတဲ့ ကိစ္စလို့ပဲ ပြောချင်ပါတယ်။

မြန်မာစာရဲ့ စာလုံးဖွဲ့စည်းပုံက အင်္ဂလိပ်စာလို Flat Form မဟုတ်ဘဲ Mixed Form လို့ ပြောရမယ် ထင်ပါ တယ်။ အင်္ဂလိပ်စာလုံးဖွဲ့စည်းပုံက Consonant + Vowels ဆိုတော့ ရှင်းပါတယ်။ A to Z .. Consonant တွေကို A,E,I,O,U ..Vowel တွေနဲ့ ပေါင်းလိုက်တာမို့ အဘိဓာန်မှာ Consonant အစဉ်အတိုင်း ကြည့်ရုံပါပဲ။ မြန်မာစာ မှာကတော့ စာလုံးပေါင်းဖွဲ့စည်းပုံကိုက အခြေခံအဆင့် ၄ဆင့်ရှိနေတာပါ။ ‘က’ ကနေ ‘အ’ အထိ ဗျည်းတွေကို အခြေခံသရ (အ၊ အိ၊ အု၊ အေ၊ အဲ၊ အော၊ အံ၊ အို) နဲ့ တွဲတာက ပထမအဆင့်။ နောက် ဒုတိယ အဆင့်က အသတ် တွေနဲ့ တွဲ။ အသတ်အစဉ်လိုက်ထဲမှာကို သရစဉ်အတိုင်းလိုက်ပြီး အသတ်ထပ်ခွဲ တာတွေ ရှိပြန်။ အဲဒီ အသတ်ဆင့် ပြီးပြန်တော့ တခါ ဗျည်းတွဲဆင့် -ျ ။ြ-  ။  -ွ ။  -ှ ။ -ျွ ။ြ-ွ ။ -ျှ ။ြ-ှ ။ -ွှ  ဆိုတာတွေကလည်း အဆင့်ဆင့်.. အဲဒီ ဗျည်းတွဲတွေကိုမှ တခါ ဗျည်းတွဲသရ နဲ့ ဗျည်းတွဲ အသတ်တွေ ထပ်ခွဲသေးတာဆိုတော့ အဲဒီ အက္ခရာအစဉ်ကိုသာ မကျေညက်ရင် အဘိဓာန် နဲ့ သတ်ပုံကျမ်း တခါ လှန်ဖို့အရေးက အတော်ကို အချိန် ယူ တော့တာပါ။ တက္ကသိုလ် ပထမနှစ် ပင်ရင်းမြန်မာစာ သင်ရိုးမှာ အက္ခရာစဉ် ပါပါတယ်။

အင်မတန် ကျွမ်းပါတယ်ဆိုတဲ့ ကျမတောင် အဲဒီအစဉ်အတိုင်း စာလုံးရှာဖို့ အချိန်ယူရသေးရင် အဲဒီအစဉ်ကို မကျေညက်ဘဲ ဗျည်းစဉ်ပဲ သိပြီး ရှာရတဲ့သူတွေအဖို့တော့ ပိုဆိုးတော့တာပဲ။ ဒါနဲ့ပဲ တော်ရုံဆို မကြည့်တော့ ဘဲ မှားလည်း မှားမှားပဲလို့ သဘောထားလိုက်ကြတာပါ။ တကယ်တော့ အဲလို သဘောထားတာကိုက Professional မဆန်တာလို့ ပြောရမလားပါပဲ။ (Professional ကို ဗမာလို အကောင်းဆုံးဘာသာပြန်စကားလုံး ရှိရင်လည်း ပြောပြကြပါဦး) ကျမ ဆရာမဖြစ်ခါစကဆို အဲဒီအက္ခရာစဉ်ကို ခေါင်းရှုပ်လွန်းလို့ (သိပ်မကျွမ်း သေးတာလည်း ပါပါတယ်) သူငယ်ချင်းဆရာမက ကျမအစား အတန်း ၀င်ယူပေးရတာမျိုးတောင် ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ ကိုယ့်ပညာရပ်အတွက် ကိုယ့်အလုပ်အတွက် Professional ဖြစ်ဖို့ မရ အရ ကြိုးစားရမှာပါပဲ။ အချိန်ပေး၊ အာရုံပေးလိုက်ဖို့ပါပဲ။ အဲဒီအတွက် နာရီပိုင်း .. ရက်ပိုင်းပဲ ကြာပါတယ်။

+++++


နောက်ထပ်အရေးကြီးတာတစ်ခုကတော့ ကိုယ် ပြောချင်တဲ့ အကြောင်းအရာကို ရေးထားတာ တကယ် နားလည်လွယ်ရဲ့လား ဆိုတာကို ပြန်စစ်ကြဖို့ပါ။ အထူးသဖြင့် ဘာသာပြန် သတင်းတွေပါ။ ကျမ အကြံပေးချင်တာက တော့ စကားလုံးကောင်းကောင်းတွေ အဆင့်မြင့်မြင့်တွေ သုံးဖို့ ကြိုးစားတာထက် အရှင်းဆုံးတွေးပြီး အရှင်းဆုံး ရေးတာကသာ အကောင်းဆုံး မြန်မာစာ ဖြစ်တယ် ဆိုတာ ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ရေးတာ က သတင်း ဖြစ်နေလို့ပါ။ ရသစာ မဟုတ်ပါဘူး။ ပြီးတော့ ၀ါကျရှည် တွေ သုံးတာကို အတတ်နိုင်ဆုံး ရှောင်ကြ စေချင်တာပါ။


ရေဒီယိုသတင်းတွေမှာ စာပိုဒ် တစ်ပိုဒ်လုံး ၀ါကျတစ်ကြောင်းတည်း ပြောသွားတာမျိုးတွေ အများကြီး တွေ့နေ ရ ပါတယ်။ အဲဒီအပြင် အဆက်ပစ္စည်းစကားလုံးတွေ နဲ့ ပုဒ်တွေကို မှန်မှန်ကန်ကန် မသုံးနိုင်တာပါ။

ဥပမာ စာပိုဒ်တစ်ပိုဒ်ကို ပြချင်ပါတယ်။
ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကြားရှင် ဦးဆောင်တဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် ကတော့ ကိုးကန့်ဟာ တိုင်းရင်းသား မျိုးနွယ်စု ၁၃၅ မျိုးမှာ ပါဝင်နေတာ ကြောင့် တိုင်းရင်းသား တန်းတူအခွင့်အရေး ပေးပြီး တိုင်းရင်းသား ရင်ကြားစေ့ရေးကို သော့ချက် အဖြစ် အသုံးပြု ကာ ငြိမ်းချမ်းရေး တံခါးဖွင့်ပါဆိုပြီး သမ္မတ ဦးသိန်းစိန် ကို အိတ်ဖွင့်ပေးစာ ကို ဖေဖော်ဝါရီလ ၁၆ ရက် နေ့က ပေးပို့ခဲ့ပါတယ်။
အဲဒီသတင်းမှာဆိုရင်… အကြောင်းအရာက တဆက်တစပ်တည်းမို့ ၀ါကျ မခွဲနိုင်ဘူးဆိုရင်တောင် အနည်းဆုံး ၀ါကျခွဲ နှစ်ကြောင်းလောက်တော့ ခွဲသင့်ပါတယ်။ ကျမ ပြန်ရေးထားတာမှာ လေ့လာနိုင်ပါတယ်။
ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကြားရှင် ဦးဆောင်တဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် ကတော့ ကိုးကန့်ဟာ တိုင်းရင်းသား မျိုးနွယ်စု ၁၃၅ မျိုးမှာ ပါဝင်နေတာ ကြောင့် တိုင်းရင်းသား တန်းတူအခွင့်အရေး ပေးသင့်ကြောင်း နဲ့ တိုင်းရင်းသား ရင်ကြားစေ့ရေးကို သော့ချက် အဖြစ် အသုံးပြုကာ ငြိမ်းချမ်းရေး တံခါးဖွင့်သင့်ကြောင်း တို့ကို သမ္မတ ဦးသိန်းစိန် ထံ အိတ်ဖွင့်ပေးစာ အဖြစ် ဖေဖော်ဝါရီလ ၁၆ ရက် နေ့က ပေးပို့ခဲ့ပါတယ်။
ကာ- အသုံးကို တချိန်တည်းပြိုင်တူလုပ်နေတဲ့အမူအရာ နှစ်ခုအတွက်သုံးရပါတယ်။
ကော်ဖီသောက်ကာ တယ်လီဖုန်းပြောနေတယ်။ (ရင်း- နဲ့ တူတူပါပဲ)
ကို - ကတော့ Object Marker ပါ။ ဦးတည် တဲ့ သဘော (To ) နဲ့ သုံးမယ်ဆိုရင် ဆီကို-ထံကို လို့ သုံးရမှာပါ။ ဒါဆိုရင် ‘ကို’နှစ်ခါ ထပ်တဲ့ စကားမပြေပြစ်မှုမျိုးလည်း မဖြစ်တော့ဘူးပေါ့။
အချိန်လုပြီး လုပ်ရတဲ့ ရေဒီယို သတင်းထောက်တွေ အတွက်ကတော့ အလွယ်ဆုံး စကားပြေ နဲ့ အတိုဆုံးဝါကျတွေ ရေးသင့်တယ်ဆိုတာကို မြင်စေချင်လို့ပါပဲ။

+++++

နောက်ထပ် ခဏခဏ ဆင်တူယိုးမှားမို့ မှားနေကြတဲ့အပြင် အဓိပ္ပါယ်ကိုပါ လုံးလုံးလွဲသွားစေတဲ့ စကားသုံး တချို့ကို ထောက်ပြချင်ပါသေးတယ်။ (ကျမ ခဏခဏ ပြောဖူးပြီးသားတွေလည်း ဖြစ်ပါတယ်)။

အပြောင်းအလွဲ - အပြောင်းအလဲ (အမှန်)
(ပြောင်းလဲ တာနဲ့ လွဲချော် တာဟာ တော်တော် ကွဲတဲ့ အဓိပ္ပါယ်ပါ)

နိုင်ငံရေးအကျဉ်းသမား - နိုင်ငံရေးအကျဉ်းသား
(သမား- ဆိုတာက ကျွမ်းကျင်သူလို့ အဓိပ္ပါယ်ရပါတယ်)

မှတ်ချက်ချ - ကောက်ချက်ချ
ဥပမာ - IS စစ်သွေးကြွတွေရဲ့ လုပ်ရပ်ဟာ ရက်စက်ကြမ်းကြုတ်တယ်လို့ သမ္မတအိုဘားမားက မှတ်ချက်ချ ပြောဆိုပါတယ်။
-       အသေးစားလုပ်ငန်းတွေ တိုးတက်လာတဲ့အခြေအနေတွေကြောင့် ၂၀၁၅ နောက်ပိုင်းမှာ အမေရိကန်စီးပွားရေး ပြန်ပြီး ဦးမော့လာမယ်လို့ စီးပွားရေးသုတေသီတွေက ကောက်ချက်ချ ပါတယ်။
(Remark နဲ့ Conclude နဲ့ တော်တော်ကွာပါတယ်နော်)

မှတ်တမ်းတင် - စံချိန်တင်
အကြောင်းအရာ တစ်ခုခုကို မှတ်တမ်းတင်တာနဲ့ နှုန်းထားတစ်ခုခု စံချိန်ချိုးတာ။
ဥပမာ- ၈လေးလုံးလှုပ်ရှားမှုကြီးဟာ သမိုင်းမှတ်တမ်းတင်စရာဖြစ်ပါတယ်။
-       ဒီနှစ် ဆောင်းရာသီမှာ နှင်းကျတာ စံချိန်တင်ပါတယ်။

အကျင့်ပျက်ချစား - အကျင့်ပျက်ခြစား (အမှန်)
ခြကောင်တွေစားသလို တတိတိ လျော့ပါးသွားတဲ့အဓိပ္ပါယ်နဲ့ သုံးတာပါ။

ဂတိပေး - ကတိပေး (အမှန်)
ကတိက၀တ်က လာတာမို့ ကတိ က အမှန်ပါ။ ဂတိဆိုတာက ပါဠိက လာတာ ဖြစ်ပြီး လားရာဆိုတဲ့ အဓိပ္ပါယ်ပါ။
-       ပညာရေးဥပဒေသစ် ပြင်ဆင်ရေးဆွဲရေးကိစ္စကို အစိုးရဘက်က နှုတ်ကတိပေးရုံလောက်ပဲ ရှိသေးတယ်လို့ ပြောနိုင်ပါတယ်။

စားရိတ်စက - စရိတ်စက (အမှန်)
မြန်မာနိုင်ငံမှာ ၀န်ထမ်းတွေ လုပ်ခ နည်းသလောက် ကုန်ကျစရိတ် ၊ နေထိုင်စရိတ် စတဲ့ စရိတ်စက တွေက ကြီးမြင့်လှပါတယ်။

ကျစ်ကျစ်လစ်လစ် - ကျစ်ကျစ်လျစ်လျစ် (အမှန်)
လစ် - က အလစ်အငိုက် ၊ လစ်လပ် စတဲ့ အဓိပ္ပါယ်တွေ ရှိပါတယ်။

အများဆုံးမှားကြတဲ့ ပျောက်ကြား - ပြောက်ကျား(အမှန်)
အကွက်ပြောက်ပြောက်ပုံစံနဲ့ ကျားတက် တက် ထိုးစစ်ဆင်လို့ ပြောက်ကျား လို့ပေါင်းတာပါ။

လျှော့ကျ ၊ လျော့ချ - လျှော့ချ ၊ လျော့ကျ (အမှန်)

တကယ်တော့ စည်းကမ်းနဲ့ မှတ်လို့ မရတဲ့ သဒ္ဒါအထားအသိုတွေလည်း မြန်မာစာမှာ ရှိတော့ ရှိသားပါ။
ဥပမာ - အကြီးဆုံးသား၊ အငယ်ဆုံးညီမ  လို့ ပြောသလို သားအကြီးဆုံး ၊ ညီမ အငယ်ဆုံး လို့လည်း ပြောနိုင် ပါတယ်။ ဒါပေမဲ့ အချစ်ဆုံးသူငယ်ချင်း နဲ့ သူငယ်ချင်းအချစ်ဆုံးကျတော့ လှည့်ပြောလို့ မရပြန်ပါဘူး။ အဲလိုပဲ အလှဆုံးမြို့ ၊ အကောင်းဆုံးစာအုပ်.. ဒါတွေကိုလည်း လှည့်လို့ မရပါဘူး။ Superlative စကားလုံးတွေကို နာမ်/နာမ်စားတွေနဲ့ အတူတွဲသုံးရတယ်ဆိုတဲ့ Structure ဖြစ်ပါတယ်။

ဒါပေမဲ့ မနေ့ကတော့ ဂီတဆုပေးပွဲတစ်ခုမှာ ဆုပြားပေါ်မှာရေးထားတဲ့ အမှားတစ်ခု ကို တွေ့လိုက်ရပါတယ်။
နှစ်ပေါင်းများစွာ အောင်မြင်မှုကို အထိန်းသိမ်းနိုင်သော လူငယ်ဂီတသမားဆု.. တဲ့။
အထိမ်းသိမ်းနိုင်ဆုံး.. ဆိုတာနဲ့ ထိန်းသိမ်းနိုင်သော ကို ဘယ်လို လွဲမိသွားတယ် မသိပါဘူး။ အဲဒီအမှားကတော့ ဆုပြားပေါ်မှာကို ရေးထိုးထားတာမို့ မှတ်တမ်းဝင်အမှား ဖြစ်သွားရှာပါပြီ။

(အမှားတွေ ထပ်တွေ့တဲ့အခါ အလျဉ်းသင့်သလို ရေးသွားပါဦးမယ်ရှင်)

(စာကြွင်း- သူငယ်ချင်းတစ်ယောက်က ကျမကို ပြောပါတယ်။ မြန်မာသဒ္ဒါကို ရှင်းတာ အခေါ်အဝေါ်တွေ ကို ပြဋ္ဌာန်းစာအုပ်ထဲကအတိုင်း သုံးသင့်ပါတယ်.. တဲ့။ သူပြောချင်တာက သမ္ဗန္ဓ တို့ ကတ္တားပုဒ် ကံပုဒ် တို့၊ သုဒ္ဒကြိယာ ၊ ကာရိုက်ကြိယာ.. စသဖြင့်။ ကျမက ပြန်ပြောလိုက်ပါတယ်။ အဲဒီ စကားလုံးတွေကြောင့် မြန်မာသဒ္ဒါကို တော်ရုံနဲ့ ကြောက်ကုန် ကြ တာ.. ပျင်းကုန်ကြတာ ထင်တယ်လို့။ ဒါကြောင့် လူအများစု အလွယ်တကူ သိပြီးသား အဆက်ပစ္စည်းစကားလုံး.. Subject, Object, Active, Passive လို့ သုံးတာလို့ ပြန်ပြော လိုက်ပါတယ်)