Jul 31, 2008

အနှစ်နှစ်ဆယ်ဒဏ်ရာ


သြဂုတ်လ.... တဲ့။ ရှစ်လေးလုံး အထိမ်းအမှတ်...တဲ့။ ၈၈... အနှစ်၂၀ တဲ့....။
ပြန်တွေးကြည့်ရတာ.... ကြေကွဲစရာကောင်းလိုက်လေ။
အနှစ်၂၀ဆိုတာ... မနည်းမနော အကြာ။
လွန်ခဲ့တဲ့ နှစ်၂၀တုန်းက သြဂုတ်လတွေရဲ့ ရက်တွေထဲမှာ နက်ဖြန် သဘက်ခါဆို ငါတို့ စံနစ် ကြီး သေသေချာချာ ပြောင်းပြီလို့ တကယ်ယုံခဲ့တာ။ ပြည်သူလူထုအားကို ယုံတယ်။
ဒါပေမဲ့ ပြည်သူ့အားမှာ ဘာများလိုသွားသလဲ...။ တခုခုတော့ တခုခုပဲ။ ကိုယ်ကလည်း နိုင်ငံရေးမိုးလေ၀သကို နားမလည်။ ရှေ့မှာ ဦးဆောင်သူရှိရင်တော့ ရဲရဲဝံ့ဝံ့လိုက်ဖို့ ၀န်မလေး။ ကိုယ်ကိုယ်တိုင်ကိုက နောက်လိုက်သာ ဖြစ်နိုင်ခဲ့လို့မို့ နိုင်ငံမလွတ်လပ်နိုင် သေးတာအပေါ် ဘာမှ မတတ်နိုင်တာအပေါ် ခုပြန်လှည့်ကြည့်တော့ စိတ်ဆင်းရဲရုံ..။ မချင့်မရဲ ဖြစ်ရုံ...။ ကြေကွဲ ၀မ်းနည်းရုံ...။ ဒါ့အပြင်တော့ ဘာလုပ်နိုင်ခဲ့သေးသလဲ....။

နှစ်၂၀မှာ ကိုယ့်ဘာသာ ပြန်ဝေဖန်သုံးသပ်ကြည့်တော့ အနှစ်၂၀နီးပါး ကျောင်းဆရာမဘ၀မှာ တပည့်တွေကို သိသင့်သိထိုက်တာတွေ မှန်မှန်ကန်ကန် ပြောပြနိုင်ခဲ့။ အနာဂတ်တိုင်းပြည်ကို ဆင်ခြင်တုံတရားရှိတဲ့ တကယ့် အသိ ပညာရှိတဲ့ လူငယ်တွေနဲ့သာ တည်ဆောက်ရမယ် ဆိုတဲ့ ယုံကြည်ချက်နဲ့ လူငယ်တွေကို အတတ်နိုင်ဆုံး ကူညီလမ်းပြခဲ့နိုင်တယ်ထင်ပါရဲ့။ ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံအတွက် ကောင်းရာကောင်းကြောင်းတွေကို ကိုယ်နိုင် သလောက် ၀ိုင်းပံ့ပိုးဖို့ လိုတဲ့ အင်အားတွေထဲ ကိုယ်က လက်တစ်ဖက်တော့ ဖြစ်နေသေးတယ် ထင်တာပါပဲ။ ပြီးတော့ ကိုယ့်နိုင်ငံသားတွေ ကောင်းရာကောင်းကြောင်းအတွက် ရောက်တဲ့နေရာလေးမှာ လုပ်။ ဒီလောက်နဲ့ပဲ ကျေနပ်တော့မလား မေးလာရင်လည်း အဖြေက မရှိပြီ။

အနှစ် ၂၀ထဲမှာ... ကိုယ့်တိုင်းပြည်လူထုကတော့ ၉၀ သံဃာကံဆောင်ပွဲတွေ၊ ၉၆ကျောင်းသားလှုပ်ရှားမှုတွေ၊ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးတွေ.. ဆင်နွှဲခဲ့လျက်နဲ့ အဖြေမထွက်နိုင်ခဲ့။ နာဂစ်နဲ့မှာတော့... ဘ၀တွေ အဆိုးဆုံး အထိ နာခဲ့ကြရ။ ပြည်သူတွေ ဒုက္ခကြီးလှပါပေ့။ ခုထိလည်း လက်ပစ်ကူးဆဲ အနှစ် ၂၀။

တကယ်တော့... အနှစ်၂၀ဆိုတာ ထောင်ကျရင်တောင် လူသတ်မှုလို အမှုကြီးတွေအတွက် လုံလောက်တဲ့ တသက်တကျွန်းနဲ့ညီတဲ့ ပြစ်ဒဏ်ပါ... တဲ့။ တရားဥပဒေစိုးမိုးတဲ့ နိုင်ငံမှာဆိုရင်တော့... တကယ်အပြစ်ရှိခဲ့တဲ့ သူတောင် ခု သြဂုတ်လဟာ လွတ်ရက်စေ့တဲ့လ ပေါ့။ ခု ကျမတို့ ပြည်သူတွေမှာတော့ ဘာအပြစ်တွေများ ရှိလို့... ဘယ်လောက်များ အပြစ်ကြီးလို့ အနှစ်၂၀စာ ပြစ်ဒဏ် ကျခံခဲ့ရပါလိမ့်။ ပြီးတော့ ခုထိတောင်မှ လွတ်ရက်ကို မှန်း မရသေး။

ကျမတို့ ငယ်ငယ်တုန်းက အနှစ်၂၀တေးဆိုရင် တော်တော် ဟောင်းတဲ့... အဖိုးကြီး အဖွားကြီးတွေသာ ကြိုက်တဲ့ သီချင်းတွေပေါ့။ အဲဒီသီချင်းတွေကို ဆိုရင် ရယ်ရယ်မောမော ပြောပြောပြီး ဆိုခဲ့ကြတာ။ ခုတော့ဖြင့် ကျန်ခဲ့တဲ့ အနှစ်၂၀တုန်းက ကြေကြေကွဲကွဲ အော်ခဲ့ရတဲ့ "ကမ္ဘာမကြေဘူး" တေးက အသစ် အသစ် ဖြစ်နေဆဲ...။ တကယ်တွေးကြည့်ရင်တော့ဖြင့် ရိုးသွား ဟောင်းသွားသင့်ပြီ။ အနိုင်ရသူတို့ လေသံမျိုးနဲ့ "တို့ခေတ်မှာ အဲဒီ တေးဆိုရင်း အနိုင်ရအောင် ဘယ်လိုနွှဲခဲ့တာ"လို့ ပြောနိုင်ဖို့ ကောင်းပြီ။ အဲဒီအခါ နှစ် ၂၀က ကျမကို လှောင်တယ်။ မင်းကိုယ်တိုင်က ဘာလုပ်နိုင်ခဲ့လို့လဲ... တဲ့။
သေချာတာကတော့ နှစ် ၂၀မှာ တာဝန်မကျေတဲ့ လူကြီးတွေစာရင်းထဲ ကျမ ပါနေတာ အသေအချာ။

Jul 28, 2008

လယ်တောကအပြန်

"လယ်တောကအပြန်
ပန်ချင်တယ်ခရေဖူးဆိုလို့
မောင်ခူးကာပေး
မနက်တုန်းဆီက
ကြော့ဆုံးကို မောင်မြင်တော့
သူ့ဆံပင် နှင်းဆီပွင့်တွေနဲ့
ဂုဏ်တင့်တယ်လေး.."
ဆိုတဲ့ ဆရာမင်းသုဝဏ်ရဲ့ ကဗျာတစ်စကို ဦးသုမောင်က သီချင်း လုပ် ဆိုထားတာ။ အသံထည့်တာက စန္ဒယား(ဦး)လှထွတ် ထင်ပါရဲ့။ တနင်္ဂနွေနေ့က အဲဒီ သီချင်းကို ကျမ ညည်းနေမိတာ.. လယ်ကွင်းပြင်တခုရဲ့ အစပ်နားမှာ ရပ်ပြီးတော့ပေါ့။


တကယ်တော့ အဲဒီသီချင်းကို သတိရလို့သာ ဆိုမိရော..။ အဲဒီနားမှာ ခရေ မရှိ၊ နှင်းဆီ မရှိပါ..။ ဒါပေမဲ့ ကျမအတွက် ရွာကို လွမ်းသွားစေတဲ့ ပြောင်းပင်တချို့တော့ ရှိရဲ့။


ပြီးတော့ နောက်တပုဒ်..။

"ရှုမဆုံးတော့သည်.. စိမ်းလဲ့လဲ့နှစ်စဉ်.. လယ်ကွင်းတွေက တမျှော်တခေါ်စိုပြေလွင်.... ရိတ်သိမ်းချိန် ဆိုပြန်လျှင်.. ၀င်းမှည့်ရွှေစင်အိလို့ပင်.. စပါးအနှံတွေက အသီးတွေ သန်မြန် အောင်မြင်"
ဘာရယ်မဟုတ်.. လျှောက်ညည်းနေတာ။ တကယ်က ကျမ လွမ်းနေတာ။ ကျမတို့ ထားပစ်ခဲ့ရတဲ့ ဇွဲကပင် တောင်ခြေ သံလွင်မြစ်ကမ်းဘေးက ကျမတို့ရဲ့ တမျှော်တခေါ် လယ်ကွင်းပြင်ကြီးဆီကို လွမ်းနေတာပါ..။ ခုတော့ ရိုင်းမြေတွေများ ဖြစ်ကုန်ပလား..။

+++++

ကျမမိတ်ဆွေ အမေရိကန်လူမျိုးတယောက်က မြို့အစွန်မှာ လယ်တဧကကျော်ကျော် ၀ယ်ထားပြီး အပျော် အနေနဲ့ လယ်လုပ်နေပါတယ်။ တကယ်တော့ သူ့အဓိက အလုပ်က Environmental Journalist ပါ။ သူက လယ်လုပ် ရတာ စိတ်ချမ်းသာလို့ တဲ့။ အဲဒီနေ့က သူ့လယ်မှာ စပါး စ စိုက်ပါတယ်။ အတူတူ စပါးဆင်းစိုက်ကြဖို့ ပျော်ပွဲကလေးတခုအနေနဲ့ မိတ်ဆွေတွေကို ဖိတ်ပါတယ်။ ကလေးတွေပါ အသီးသီး ခေါ်ခဲ့ကြတဲ့ ဆုံပွဲလေးမို့ တကယ်လည်း ပျော်စရာပါပဲ..။ မိတ်ဆွေတွေ အယောက် ၂၀လောက်လာတော့ လယ်တဧက ခဏနဲ့ စိုက်ပြီး တာပေါ့။ (အဲဒီတ၀ိုက်မှာ အနောက်တိုင်းသား တွေ အများစုပဲ လယ်လုပ် ခြံလုပ် နေကြတာ တွေ့ရပါတယ်)။


ကျမမိတ်ဆွေက ကျမကို အရင်က ခုလို စပါးစိုက်ဖူးလားလို့ မေးပါတယ်။ ဒါနဲ့ ဗမာပြည်မှာတုန်းက ကျမယောက်ျားက လယ်လုပ်တာလို့ သူ့ကို ပြောပြတော့ သူက စိတ်ဝင်စားသဘောကျတဲ့ မျက်လုံးတွေနဲ့ Oh .. great တဲ့။ ကျမကတော့ စိတ်ထဲ မသက်မသာနဲ့ ကျိတ်ပြုံးမိပါတယ်။ ကျမတို့မှာတော့ oh.. great မဖြစ်ဘဲ No ! break သာဖြစ်တာလို့ တွေးမိလို့ပေါ့။

သတိရနေမိသေးတယ်။ ကျမက လယ်ကွင်းထဲက အနံ့ကိုကို ချစ်တာ..။ ပြီးတော့ လယ်ထဲမှာမှ တဟူးဟူး တိုက်တတ်တဲ့ လေ..။ နောက် စပါးပင်တွေကို ချစ်တာ။ ပြီးတော့ ပြောင်းခင်းနဲ့ ဖရဲခင်းတွေ။ ကျမကတော့ လယ်လည်း လယ်မို့ ကိုင်းလည်းကိုင်းမို့ သဘောကျနေတာ။ ယောက်ျားကို အမြဲ စတယ်.. မင်း လယ်လုပ် ယာလုပ်တတ်လို့ .. မင်း လယ်တွေ ယာတွေကို မက်လို့ ယူတာ.. လို့။ ဗမာပြည်မှာတုန်းကဆိုရင် ယောက်ျားက ဘာလုပ်လဲမေးတဲ့အခါ ကျမယောက်ျားက လယ်လုပ်တာလို့ ပြောရတာကို အရသာရှိနေခဲ့သေး။ 'မြေနဲ့အတူ' ဆိုပြီး လယ်သမားကို ဇာတ်လိုက်လုပ်ပြီး အချစ်ဝတ္ထုလတ်တပုဒ်တောင် ရေးဖူးပါသေးတယ်။

ဒါပေမဲ့ တဖြည်းဖြည်းနဲ့ ကိုယ့်လယ်ကလေး ကိုယ်လုပ်ဖို့ ကိုယ့်တအိမ်စာလေး စားဖို့တောင်မရဘဲ မိုက်ကြေးခွဲတဲ့ အစိုးရစပါးဆိုတာတွေ..။ 'နွေစပါးမစိုက်မနေရ.. ရေသွင်းဖို့ စက်သုံးဆီ ပေးမယ်'ဆိုပြီး တကယ် မပေးလို့ အိတ်စိုက်ရင်း ရှုံးရတာတွေ..။ နောက်ဆုံး... ကျမတို့လယ်က ရွှေထွက်တယ်လို့ ပြောရတဲ့ဘ၀ ရောက်ရော..။ ကျမမှာ စုထားသမျှ ရွှေတို ရွှေစတွေ အကုန် ထွက်ကုန်တာလေ.. ဟဲဟဲ..။ ကျမယောက်ျား ကတော့ လယ်အလုပ်ကို စုံမက်တာမို့ ဆက်မလုပ်နိုင်တော့တာကို စိတ်မကောင်း ဖြစ်နေသေးတာ။ (တို့နှစ်ယောက် အသက်ကြီးရင်တော့ ရွာပြန်ပြီး လယ်တွေ ကိုင်းတွေ ပြန်လုပ်ကြမယ်.. လို့သာ နှစ်သိမ့် ရတာပါပဲ)

ခု လယ်အပျော်စိုက်တဲ့ ကျမမိတ်ဆွေကတော့ ဒီလယ်ကလေးကနေ စပါး ၈၀လောက် ထွက်တာမို့ သူတို့ မိသားစုသုံးယောက်နဲ့ အလုပ်သမား၂ယောက်လောက် တနှစ် စားလောက်ရုံသာမက မိတ်ဆွေတွေကို ခဏခဏ ထမင်း ဖိတ်ကျွေးနိုင်ပါသေးသတဲ့။ အင်း ကိုယ့်လယ်မြေ ကိုယ်ပိုင်ခွင့်ဆိုတာ အဲဒါပဲပေါ့နော်။ အနည်းဆုံးတော့ ကိုယ်စိုက်တဲ့စပါး ကိုယ့်ဘာသာစားရသေး။ ကျမတို့မှာတော့ ၀မ်းစာစပါးတောင် အနိုင်နိုင် ချန်ပြီး အစိုးရက သတ်မှတ်တဲ့အတိုင်း ပြည့်အောင် ဈေးလျှော့ပြီး ရောင်းပေးရ။ နောက်ဆုံး ကိုယ်စားဖို့ တောင် မကျန်တော့တဲ့အခါတွေမှာဆို လယ်သမားအိမ်ဖြစ်ပြီး ဆန်ဝယ်စားရသေး။ ခုနောက်ပိုင်းမှာတော့ ရာသီဥတုက ဖောက်ပြန်ပြီး မိုးဦးစောလိုစော.. မိုးနှောင်းနောက်ကျလို နောက်ကျနဲ့မို့ စပါးတွေပျက်တာကို ကြုံရတာလည်း ခဏခဏ။ အထူးသဖြင့် ကရင်ပြည်နယ် မွန်ပြည်နယ်က သစ်ခုတ်ခံရတဲ့ အကျိုးဆက်ကို ပိုခံရတယ်နဲ့ တူပါရဲ့.. မိုးလေ မမှန်ဘဲ ရာသီဥတု ပိုပျက်လာတယ်။ ဒါနဲ့ပဲ ကျမတို့ ကရင်ပြည်နယ် မွန်ပြည်နယ်မှာ တဖြည်းဖြည်းနဲ့ လယ်လုပ်မယ့်သူ မရှိတော့တာ။ ဒီလိုနဲ့ပဲ တစတစ လယ်မြေတွေ ဆုတ်ယုတ်ကုန်တော့တာပေါ့လေ။

+++++

ကျမက ပုသိမ်ဆက်မို့ တချိန်တည်းမှာ ဟိုတွေးဒီတွေးနဲ့ ဧရာဝတီတိုင်းဆီက အကောင်းဆုံး လယ်မြေတွေကို သတိရနေမိပြန်ပါတယ်။ ခုတော့ နာဂစ်အလွန် ကျမတို့ မြစ်ဝကျွန်းပေါ်မှာရော..။ လယ်တွေ ဘယ်သူ လုပ်နေမှာပါလိမ့်။ ကိုယ်ပြည်နဲ့ အနီးဆုံးနိုင်ငံမှာ လယ်ကို အပျော်စိုက်ကြသတဲ့။ အနောက်တိုင်းသားတွေက ဒီနိုင်ငံလေးဆီလာပြီး ပိုက်ဆံရှိရင် လယ်မြေ ၀ယ်.. ယာမြေ ၀ယ်.. ဥယျာဉ်မြေ ၀ယ်။ စပါး စိုက်.. ကိုင်း စိုက်.. ပန်း စိုက်။ ပျော်လို့... တဲ့။ ဒါနဲ့ပဲ ဒီနိုင်ငံမှာ ဆန် ပေါ.. ကောက်ပဲ သီးနှံ ပေါ.. ပန်းတွေ ပေါ..။ ဒါလောက်ဆိုရင်ပဲ ထိုက်တန်တဲ့ အကျိုးခံစားခွင့်တခုလို့ ပြောနိုင်ပြီ။ ကျမတို့ မြန်မာပြည်မှာတော့ အဲလောက်ရိုးစင်းတဲ့ ကိုယ့်အလုပ် အကျိုးကိုတောင် ကိုယ်ပြန်ခံစားပိုင်ခွင့်မှ မရှိတဲ့ အနေအထားမှာ..။ ခုတော့.. ကိုယ့်ကိုယ်ပိုင် အလုပ်ကလေးတွေကိုတောင် ကိုယ်ပြန်မလုပ်နိုင်တော့တဲ့ ဘ၀တွေထဲမှာ..။ ရေမျောနေတဲ့ စပါးကျီတွေ.. ရေမျောနေတဲ့ ကျွမ်းကျင်လက်တွေ.. ရေမျောနေတဲ့ သန်မာကြံ့ခိုင်တဲ့ ခြေတိုင်တွေ..။ ရေမျောနေတဲ့ လယ်လုပ်သား ကျွဲ နွားတွေ..။ ရေမျောနေတဲ့ ဘ၀တွေ..။ ကူညီဆယ်ယူမယ့်သူတွေကိုယ်တိုင်လည်း ရေမျော နေကြရ။ အားလုံးဟာ ဘ၀ရေစုန်မှာ မျောနေကြရတာ..။ နောက်ထပ် ဘယ်လောက်ကြာကြာ... ... ...။ တကယ်ပဲ ကျမ အဖြေကို မသိပါ။ 'ပန်ဒိုရာ'ကတော့ ဒီစစ်ပွဲကြီးပြီးရင်... တဲ့။

+++++

လယ်တောကအပြန် လမ်းမှာတော့ ကျမ သီချင်းမဆိုနိုင်တော့ပါ။



မိုးချိုသင်းမှတ်တမ်းကို ကြိုဆိုခြင်း

'စာရေးစမ်းပါ'လို့ ပြောလိုက်ရင် ရယ်ပြီးတော့ ရေးဖြစ်ပါဘူးဆရာမရယ်... လို့ ပြောတတ်တယ်။
သူ့လက်က သရော်လက်။ ဟာသဥာဏ်ပါပါနဲ့ ရွှင်နေအောင် ရေးတတ်တယ်။ သူ အီမေလ်မှာ ကျမဆီ ရေးတဲ့စာ ကတောင် ဖတ်လို့ ကောင်းနေတတ်တာ။ အဲဒါ သူ့ကိုပြောရင် တဟားဟား ရယ်ဦး မှာ။ တကယ့်ကို သူက အဖေတူသမီး။ ဘွင်းဘွင်းပြောတတ်။ မျိုသိပ်မထားတတ်။ မဟုတ်မမှန်တာ တွေ့နေရလို့များ မပြောလိုက်ရဘဲ လက်ခံထားရသလိုရှိနေရင် အိပ်မပျော်.. စားမ၀င်နိုင်တတ်သူ။ ခုဆို သူနဲ့ ကျမ တွေ့ခဲ့ကြတာ ၁၇နှစ်ကြာခဲ့ပြီ။

+++++

၁၉၉၁ မေလမှာ ၈ လေးလုံးကတည်းက ၃နှစ်နီးပါး ရက်ရှည်ပိတ်ထားတဲ့ ကျောင်းတွေ ပြန်ဖွင့်ပါတယ်။ ကျောင်းပြန်အဖွင့် ဆရာဆရာမတွေ အတန်းတွေယူဖို့ တာဝန်ခွဲကြတော့ Geology ပထမနှစ်တန်းကို ပင်ရင်း မြန်မာစာသင်ဖို့ ကျမ တာဝန်ကျပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီတုန်းက Geology တန်းဟာ စက်မှုတက္ကသိုလ်အမှတ်ထက် နည်းနည်းလေးပဲ နိမ့်တဲ့ သူတွေသာ တက်နိုင်တာဖြစ်ပြီးတော့ မေဂျာတခုလုံးမှ ကျောင်းသား အယောက်၂၀၀ လောက်သာ လက်ခံတဲ့အထဲမှာ ယောက်ျားလေးအယောက် ၁၈၀နီးပါးနဲ့ မိန်းကလေး အယောက်၂၀လောက်သာပါတာမို့ တော်ရုံ ဆရာမတွေ မ၀င်ချင်ကြပါဘူး။ ဒီကြားထဲ ဆရာ ဆရာမ လောကကလည်း ဆရာမတွေသာများပြီး ဆရာဦးရေက နည်းတာမို့ Geology တန်းကို ၀င်ဖို့ ရွေးတာမှာ ကျမက အိမ်ထောင်သည် ကလေးအမေလည်း ဖြစ်။ နည်းနည်းလည်း စွာတော့ :P ယောက်ျားလေး များတာကို ထိန်းနိုင်မယ်လို့ ဌာနမှူးက ရွေးတာပါပဲ။ Geology တန်းခွဲရဲ့ နောက် နာမည်ကျော်တာတခုကတော့ သင်ခန်းစာတွေနဲ့ ပတ်သက်ရင် အင်မတန် အမေးအမြန်းထူပြီး စာလည်း တော်ကြတယ်ဆိုတာပါပဲ။ (တကယ်လည်း ဟုတ်ပ.. အတန်းထဲမှာ သူတို့မေးခွန်းတွေနဲ့ တခါတလေ ချွေးပြန်ရော)

(အဲဒီနှစ်ဟာ ၁၉၈၈တုန်းက ကျောင်းတက်လက်စ Geology ကျောင်းသားတွေကို ကျမ သင်ရတာမို့ သူတို့က ကျမထက် အသက် ၇နှစ် ၈နှစ်လောက်ပဲ ငယ်ကြပြီး ကျောင်းပိတ် ရက်ရှည်ကြောင့် အချိန်တွေ ပုပ်ကုန်ကြရတဲ့ သူတွေပါ။ အဲဒီအခါ သူတို့နဲ့ ကျမက ဆရာတပည့်တွေနဲ့ မတူဘဲ ညီအကိုမောင်နှမတွေလို ရှိခဲ့ကြတာ ဒီနေ့ထိပါပဲ။ အဲဒီနှစ်ထဲမှာပဲ ကျမ မှတ်မှတ်ထင်ထင် ချစ်ရတဲ့ တပည့်တွေ.. ရခဲ့တာ။ အဲဒီနှစ်ကစလို့ပဲ ၁၉၉၅ထိ Geology တန်းခွဲတွေကို ကျမပဲ ဆက်တိုက် မြန်မာစာဆရာမ လုပ်ခဲ့ရတာ..။ Geology ကလေးတွေနဲ့ ရင်းနှီးလွန်းလို့ ကျမကို တချို့က မြန်မာစာဌာနကလို့ မထင်ဘဲ Geolgy က ဆရာမလို့တောင် ထင်ခဲ့ကြသေးတာ။)

နောက်တော့ ကျမလက်ထဲ ကျောင်းသားစာရင်း ရောက်လာပါတယ်။ ကျမက နာမည်တွေ စိတ်ဝင်စား တတ်သူမို့ နာမည်တွေ လိုက်ကြည့်ပါတယ်။ အဲဒီအချိန်မှာပဲ ရှားရှားပါးပါး မိန်းကလေး ၂၂ယောက်ထဲမှာ မိုးချိုသင်းဆိုတဲ့ နာမည်လေးကို တွေ့တာပါပဲ။ တွေ့လိုက်တာနဲ့ပဲ ဒါ.. ကျမချစ်တဲ့ ကဗျာဆရာကြီး ဦးတင်မိုးရဲ့ သမီးအငယ်ဆုံးလေးပဲလို့ တန်း သိတာ ပါပဲ။ ဒီနာမည်မျိုးက ရှားတယ်လေ။ ပြီးတော့ အဲဒီအချိန်မှာ 'မိုးချိုသင်း'ဆိုတဲ့ နာမည်ကလည်း မဂ္ဂဇင်းစာမျက်နှာတွေပေါ်မှာ ရောက်နေပြီ။ ကျမတို့ စောင့်ဖတ်ရတဲ့ ၀တ္ထုတိုရေးသူဖြစ်နေပြီ။ ပြီးတော့ ဆရာကြီးအပြောနဲ့ သူ့ကို ကျမက စိတ်ထဲမှာ ရင်းနှီးပြီးသား ဖြစ်နေခဲ့ပြီ။ ဒီတော့ သူ့ကို ဆရာမ လုပ်ရတာတောင် စိတ်ထဲ မ၀ံ့မရဲ ဖြစ်ခဲ့ရတာ။ တကယ်တော့ စာသင်ကာလက နှစ်ဝက်စာလို ဖြစ်တာမို့ ဘယ်လောက်မှလည်း ကြာကြာ စာမသင်လိုက်ရပါ။ (ဒါကြောင့် တပည့်အစစ် မဟုတ်... ဒါကြောင့် ချိုသင်း တော်တာ ကျမနဲ့ မဆိုင်
:P )။ အဲဒီနောက်တော့ သူနဲ့ ကျမက အစ်မ အကြီးဆုံး နဲ့ ညီမအငယ်ဆုံးလို ရင်းနှီးခဲ့ကြ။ အဲဒီ ၁၉၉၁က စ ခဲ့တာ.. ခုထိ။

+++++

ခု သူက "မိုးချိုသင်းမှတ်တမ်း" ဆိုပြီး ဘလော့ ရေးဖြစ်ပြီဆိုတော့ ကျမ တော်တော် ပျော်သွားတာ။ သူ့လက်ရာတွေ ပြန်ဖတ်ရတော့မှာ။ (တကယ်က သူ့ဆီမှာ ရေးစရာတွေအပုံ... ကျမ သိတာပေါ့ :) )။ မြန်မာစာအငွေ့အသက် ပျောက်မှာ စိုးရိမ်နေရတဲ့ တိုင်းတပါးမှာ မြန်မာစာပန်းခင်းထဲ လျှောက်ခွင့်ရဖို့အထဲမှာ ... သူ့စာလေးတွေ ဖတ်ခွင့်ရရင် လမ်းကောင်း လမ်းလှ တလမ်း.. ပန်းခင်း တခင်း တိုးတာပဲပေါ့။ ဆရာဂျမ်းသာ ရှိနေသေးရင် တပြုံးပြုံး နေမှာ။ သေချာတာတော့ ကျမရဲ့ ဒီ post က သူ ဘလော့ မှန်မှန် ရေးဖြစ်အောင် တွန်းလိုက်တာပဲ ဆိုပါတော့..။ :D ... ချိုသင်းရေ.. အများကြီး ဖတ်ဖို့ စောင့်နေပြီနော်..။

Jul 24, 2008

သစ္စာ

ဇော်ဇော်အောင်ရဲ့ ယုဇနမခင်ပျိုဝတ္ထုတိုပေါင်းချုပ်ထဲက "ပင်လယ်ထဲကညသည် ပိတောက်ပန်းဖြစ်၏" ကို ကျမက တော်တော်ကြိုက်။ နောက်(ဒေါ်)ကြည်အေးရဲ့ "မောင် ကိုကိုနဲ့ မြနန္ဒာ" နဲ့ "တမ်းတတတ်သည်" ကို ကြိုက်..။ ဆရာတာရာရဲ့ "တဟီတီသွားရအောင်" ကို ကြိုက်။ အဲဒီအချိန်မှာပဲ ကျမ မောင်လေးလိုဖြစ်နေတဲ့ ကဗျာဆရာ (သီချင်းလည်းရေးတဲ့) ညီရိုင်းရဲ့ "အချစ်အကြောင်းပြောရအောင်"ဆိုတဲ့ သီချင်းကို ကျမ ကြိုက်သွား ရာက ဒီဝတ္ထုလေး ရေးဖြစ်ပါတယ်။ (နောက်တော့ သူ့ခေါင်းစဉ်ကို တောင်းပြီး လုံးချင်းဝတ္ထုအနေနဲ့ပါ ရေးဖြစ် ပါတယ်)။ တကယ်တော့ ဒီဘက်ခေတ်ပိုင်း လူငယ်တွေထဲမှာ အချစ်ဆိုတာက ရုပ်ဆန်လာတယ်.. ပေါ့တန် လာတယ်လို့ ကိုယ့်ဘာသာထင်မိရာကနေ "သစ္စာ"ဆိုတာကို ပြောချင်လာတာပါပဲ။
ဒီနေရာမှာ နောက်တခုပြောချင်တာက ဒီဝတ္ထုလေးကို မဟေသီကိုပေးတော့ ကျမရဲ့ မိတ်ဆွေ လည်း ဖြစ်.. သိပ်ကြိုက်တဲ့ ပန်းချီဆရာလည်းဖြစ်တဲ့ ကေမြိုး(ကွယ်လွန်)က illustration ရေးပေးတာက ကျမအတွက် အဖိုးမဖြတ်နိုင်ဖြစ်သွားရတာပါပဲ။ (ကဲ ဒီဝတ္ထုတင်ပေးဖို့ သတိတရ ပြောတဲ့ အိန္ဒြာ နဲ့ တိုက်တိုက်ဆိုင်ဆိုင် Original ကို Scan ဖတ်ပြီး ပို့ပေးလာတဲ့ ကိုဇာနည်တို့ကိုပါ တလက်စတည်း ကျေးဇူးတင်ကြောင်း)


သစ္စာ



ပြန်လှည့်ကြည့်တဲ့အခါ
ကမ်းစပ်မှာ
ကျန်ခဲ့တဲ့ ခြေရာတွေလို
ကိုယ့်အသည်းနှလုံးမှာ
သူ့အပြုံးတို့ စွန်းထင်းငြိစွဲ
အသည်းအမည်း ချစ်ခြင်းတို့နဲ့ အတူ
အဲသည်ကမ်းစပ်မှာ ငွေလရောင်ကို မျှော်ကြည့်ကြ၊ ငွေလှိုင်းဖြူတွေကို ငေးကြည့်ကြ၊ ငွေသောင်ယံမှာ မျောရွေ့ကြ၊ လွမ်းစရာ ပုံပြင်တွေ ပြောကြ၊ ပျော်ခဲ့ကြသလား။ လွမ်းဆွတ်ခြင်းနှင့် ယှဉ်သော အပျော်များ။
တခါ တခါ ဇော်ဇော်အောင်ရဲ့ "ပင်လယ်ထဲက ညသည် ပိတောက်ပန်း ဖြစ်၏" ၀တ္ထုတိုထဲက စာသားအချို့ကို ကိုယ်က ရွတ်မိ။ ဒါပေမဲ့ သက်သေပြစရာ ပိတောက်တို့ ပွင့်ခွင့် မရခဲ့။ မောင်က သိပ်နားမလည်ပေမဲ့ မျက်ရည်ကျ။ ဒါပေမဲ့ ကိုယ်တို့ရဲ့ ပင်လယ်ညမှာ သစ္စာပန်းတော့ ပွင့်ခဲ့တယ်နော် မောင်။ ပြီးတော့ မောင့်အပြုံး တွေထဲမှာ ရင်ကွဲနာကျ။
မေ့လို့ရမတဲ့လား...
အဲဒီရက်တွေထဲမှာ... မျက်ရည်ရယ်...
အချစ်ရယ်...
ကြင်နာခြင်းနဲ့
နွေးထွေး လှိုက်လှဲခြင်းတွေရယ်...
ပြီးတော့ ...
ခွဲခွာရမှုရယ် ဖွဲ့စည်းလို့
ဘယ်လောက်များ သိပ်သည်းလိုက်သလဲကွယ်
ဒါဟာ...
အင်မတန်ချိုမြိန်တဲ့ အချစ်ပါပဲ။
မကြာခင် ကျောခိုင်းရမယ့် အပြုံးတွေ၊ မျက်ရည်တွေ၊ ကမ်းစပ်မှာ ထင်ကျန်ရစ်တဲ့ ခြေရာတွေကို လှိုင်းတွေက ဖျက်မယ်။ တို့နှစ်ယောက်ရဲ့ ဘ၀လေးကို ကံကြမ္မာက ဖျက်မယ်။ နောက်ဆုံးကျ ခြေရာတောင် မကျန်ရစ်ရတော့ ဘူး တဲ့လား။ စိတ်ကိုတော့ ကန့်သတ် တားမြစ်လို့ မရဘူးနော်။


++++++++++++++

ပင်လယ်ထဲက ညဟာ အုန်းစိမ်းရည် ထည့်စိမ်ထားတဲ့ ဘီယာပျက်ပျက်နဲ့ မူးယစ်ရတဲ့ နွေးထွေး ချိုမြိန်ခြင်းပဲ။
အချစ်ဟာ
ဘီယာလို ခါးသက်
ပြီးတော့ စွဲမက်စရာလည်း ကောင်း...
ဒီလိုနဲ့ ချိုမြိန်ပြန်ရဲ့။
ခက်ခဲလောင်မြိုက်တဲ့ အချစ်ဘ၀ထဲမှာ ဘယ်သူ အသည်းမကွဲဘဲ နေမလဲ။ "တကယ့်အချစ်" ဆိုရုံနဲ့ ကျော်ဖြတ်လို့ မရနိုင်တဲ့ စည်းမျဉ်းတွေ၊ "တခါ တခါ လိမ္မာရတာ အသည်းကွဲတယ်" လို့ ကိုယ်ပြောတော့ မောင်က မျက်ရည်ကျ။ သားသမီးတွေရဲ့ ငဲ့ညှာတတ်မှုကို မိဘတွေက မယုံကြည်ကြ၊ သားသမီးတွေရဲ့ နားလည်ပါးနပ်မှုကို မိဘတွေက လက်မခံတတ်ကြ၊ ဒါပေမဲ့ တို့ ပေးဆပ်ကြရမယ်။
တကယ်တမ်းကျတော့ ရင်နှင့်အမျှ သယ်ပိုးလို့ ရင်းနှီး ပေးဆပ်ကြရတာပါ။ တို့နှစ်ယောက်ကို "သဘောမတူ နိုင်ဘူး" ဆိုတဲ့ အမေတစ်ယောက်ရဲ့ နှလုံးသားအတွက်၊ ဒါမှမဟုတ် စေတနာကြီးတတ်တဲ့ အမေတွေရဲ့ နှလုံးသား တွေအတွက် တို့နှစ်ယောက် ခွဲခွာကြရမယ်။
အဲဒီတွဲလက် နှစ်ခုဟာ
တချိန်မှာ
ပြေလျော့ ဖြုတ်ခွဲ ကြရမတဲ့
ကံကြမ္မာရဲ့ စီရင်ချက်နဲ့ အတူ။
သဲပြင်ပွပွမှာ လက်နှစ်ဖက်တို့ ဆုပ်ဖျစ်... ပြေးလွှားကြ၊ ဟိုး မိုးကုပ်စက်ဝိုင်းအထိ ပြေးချင်တာ၊ အားလုံးကို ကျောခိုင်းလို့၊ ဒါပေမဲ့ ကိုယ်တို့ရဲ့ ခြေထောက်တွေကို ကိုယ်တို့ ကိုယ်တိုင်ပဲ ရိုက်ချိုး။ ဆို့နစ် ကြေကွဲစွာနဲ့ ကိုယ်က "နောက်ဘ၀ဆိုတာကိုပဲ ယုံကြစို့မောင်" လို့ ညာပြီး ချော့။ မောင်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်၊ သဲပြင်ကို လက်သီးနဲ့ ထိုးခွဲတော့ ကျမက တဟားဟား ရယ်ပြီး "အဲဒီ ကံကြမ္မာဟာ သေသွားပြီနော် မောင်..." လို့ အရူးတစ်ယောက်လို စာဆန်ဆန်နဲ့ ပြောမိသေးရဲ့။ ပြီးတော့ ရယ်နေတဲ့ကြားက စို့ စို့ တက်လာတဲ့ မျက်ရည်တွေ အတင်း မျို မျိုချ။ မောင်ကတော့ "ဒါဟာ ၀ဋ်ပဲ" တဲ့။ ကိုယ်က "ကျိန်စာ" လို့ ဖြည့်ပြောတော့ မောင်က ကြေကြေကွဲကွဲ ခေါင်းညှိတ်တယ်။
"ဒါပေမဲ့ ဘ၀တွေကိုပဲ တားလို့ရမယ်၊ စိတ်ကိုတော့ တားလို့မရပါဘူးကွယ်" လို့ပြောရင်တော့ မောင်က နာနာကျင်ကျင် ပြုံးတယ်။
အချစ်ရေ...
တကယ့်တကယ်မှာ
အချစ်စစ်ဆိုတာ
နိဂုံးမရှိပါကွယ်
ဟိုးအဝေးကြီးအထိ
လွင့်မျောသွားနိုင်တယ်။
ဘ၀မှာ ကိုယ်အမုန်းဆုံး စကားလုံးဟာ "ငဲ့ညှာမှု" ဆိုတာပဲလို့ ပြောမိပြန်တော့လည်း မောင်က ကိုယ့်ကို တင်းကျပ်နေအောင် ပွေ့ဖက်ပြီး လှိုက်လှိုက်လှဲလှဲ ထောက်ခံရှာတယ်။ 
အဲဒီပင်လယ်ထဲ 
နှစ်ဦးသဘောတူ နစ်မြုတ်..
ဘ၀ထဲ သိပ်မွမ်းကျပ်လာတဲ့အခါ လမဲ့ညထဲက ပင်လယ်ရေ အေးအေးထဲမှာ ဆင်းစိမ်ရတာဟာ အထိရောက်ဆုံး ထွက်ပေါက်တခုပဲ ဆိုတာ လက်ခံကြပါ့မလား အေးမြမြ၊ စိုစိမ့်စိမ့် သဲမြေပေါ်ကို ခြေဗလာနဲ့ နင်းဖြတ်၊ ဖြည်းဖြည်းချင်း လျှောက်၊ ရေထဲ တစ တစ နစ်ဝင်လို့ ရင်ခွင် တစ်ခုလုံး နစ်မြုပ်သွားတဲ့အထိ ဆင်းလို့ စိမ်တဲ့အခါ ညအမှောင်နဲ့ ပင်လယ်ရေထုဟာ လူကို ဖိစီးရင်း ရင်မှာ ကျပ်သိပ် လေးလံ။ အဲဒီ ဖိစီးမှုဟာ သောက ဖိစီးခံ နေရတဲ့ နှလုံးသား အတွက်တော့ လုံလောက်တဲ့ တန်ပြန် အာသာဖြေမှု တစ်ခုပဲ။ သိပ်လိုအပ်ရင် "မောင့်ကို ချစ်တယ်" လို့ ရင်ပွင့်အောင် အော်လိုက်လို့ လည်း ရသေးတယ်။ ပင်လယ်လှိုင်းသံတွေနဲ့ အဆုံးမရှိ ဟင်းလင်းပြင်ကြောင့် ကိုယ့်အသံက ဘယ်သူမှ မသိလိုက်ရပဲ လွတ်လွတ်လပ်လပ်နဲ့ ဟိုး ဝေးဝေးကို လွင့်သွား မှာ။ ဟိုး... စကြ၀ဠာအပြင်ဘက်ဆီအထိပေါ့။
ပြီးရင်...
မျက်ရည်တွေနဲ့ ပေါင်းစည်းလို့
ဲဒီသောက မြစ်ထဲ
နှစ်နှစ်ခြိုက်ခြိုက် မျှောလိုက်ကြမယ်...
ဒါပဲ... အချစ်ပေါ့ကွယ်။


ပင်လယ်ကမ်းခြေ ညရဲ့ နွေးထွေးအေးမြမှုထဲ ချစ်တဲ့သူနဲ့အတူ ကျစ်ကျစ် ပွေ့ဖက်လို့ အချိန်တွေကို၊ ဘ၀တွေကို လှည့်စားဖူးပါသလား။ အဲဒါဟာ ဖြေဆေးတစ်မျိုး ဖြစ်သလို အဆိပ် တစ်မျိုးလည်း ဖြစ်တယ်။ အဲဒီ အဆိပ်ကို ၀ိုင်တစ်ခွက်လို တို့နှစ်ယောက် တစ်ရှိုက်မက်မက် သောက်။ ဘ၀ဆိုတဲ့ ဆေးခါးကို အချစ်ဆိုတဲ့ အချိုနဲ့ ငုံပါရစေ။ ပြီးတော့ "ခွဲကြရမှာ" ဆိုတဲ့ အနာဂတ် အဆိပ်ရည်ကို ၀ိုင်တစ်ခွက်လို မူးယစ်မေ့လျော့ပါရစေ။
ဘယ်လောက် မိုက်မဲကြသလဲကွယ်။ အဆုံးမှာ ကြေကြေကွဲကွဲ နိုးထကြရမယ်လို့ သိရက်နဲ့ အဲဒီအိပ်မက်တွေကို နှစ်ယောက်အတူ စုံစုံမက်မက် မက်ခဲ့တာ။
သောကမြစ်ထဲ ...
နှစ်နှစ်ခြိုက်ခြိုက် မျှောလိုက်...
တကယ်ပဲ မျောချင်ရာမျော၊ သောင်မမြင် ကမ်းမမြင် လွင့်ချင်ပါတယ်။ ဟောဟိုက တွဲလွဲကျနေတဲ့ တိမ်မျှင်တွေ ပင်လယ်ဆီ ရေငုပ်ဆင်းတဲ့အခါ တို့ ခိုလိုက်သွားစို့လား မောင်။ ဒါမှမဟုတ် ပင်လယ်ထဲ အပြီးတိုင်ငုပ်ဆင်းသလို ပျောက်သွားမဲ့ နေလုံးနီနီကြီးနဲ့အတူ မြင်ကွင်းတွေထဲကနေ ပျောက်ချင်ယောင် ဆောင်ကြစို့ရဲ့။ နာရီတွေ လွှင့်ပစ်၊ ပြက္ခဒိန် ရက်တွေ ၀ှက်ထား၊ အထိမ်းအမှတ်တွေ၊ သတ်မှတ်ချက်တွေကို လူတွေကသာ ဖန်တီးတာပါ မောင်ရဲ့။ ဘာဖြစ်သလဲ... မောင်။ ဧပြီ ၁၄ရက်နေ့ နေ့လည်ခင်းမှာမှ တကယ် သင်္ကြန်ကျတယ် လို့ ကိုယ် ပြောမယ်။ သင်္ကြန်ပွဲတော်တွေ ကိုယ်မသိပါဘူးကွယ်။ ကိုယ်သိတာ ဧပြီ ၁၄ရက်နေ့ နေ့လယ် မှာ မောင်လောင်းခဲ့တဲ့ ရေသန့်ဗူးထဲက ရေနွေးနွေးတွေကမှ သိပ်ကို စည်ကားသိုက်မြိုက်တဲ့ အေးမြ သင်္ကြန်အဖြစ် ကိုယ့်ကို ဆင်နွှဲစေ ခဲ့တာ။ အဲဒီမှာမှ တကယ့် "အခါ"... ဘယ်တော့မှ မေ့မရစေရ။
ဒါနဲ့ပဲ အသည်းနှလုံးတွေ မွမွကြေ။ တကယ်တော့ မလွယ်ပါဘူး... အန်တီ (မောင့်အမေ)။ ရင်အကွဲ ခံပြီး ကျမတို့ စွန့်လွှတ်ကြရတာပါ။ မိဘဆိုတာ တစထက် တစ ယုတ်လျော့ ကျဆင်းသွားကြရသူတွေ။ လိုအပ်ချက်တွေကို ကိုယ်တိုင် အပြည့် မဖြည့်နိုင်ကြတော့တဲ့ သူတွေ။ ပြီးတော့ သားသမီးတွေကို ပင်ပန်း တကြီးနဲ့ ဖြည့်ဆည်း ငဲ့ညှာခဲ့ကြ သူတွေလို့ နားလည်တဲ့ အခါ ကျမတို့နှစ်ယောက် နာကျင် ပင်ပန်းခဲ့ကြရ ပါတယ်။

"မောင်... ဟိုးဝေးဝေးမှာ အိမ်လေးတစ်လုံး ရှိနေတယ်။ အိမ်ကလေးက သာတောင့် သာယာနဲ့ သိပ်နေချင်စရာ ကောင်းတာပဲ။ အေးမြခြင်းရယ်၊ အလင်းရောင်ရယ်၊ လှိုက်လှဲမှုရယ်၊ လုံခြုံမှုတွေရယ်နဲ့ အတိပြီးလို့။ ဒါပေမဲ့ အဲဒီအိမ်လေးမှာ ကိုယ်နေခွင့်မရနိုင်ဘူးတဲ့။ အတားအဆီး အနှောင့်အယှက်တွေက အခိုင်အမာနဲ့။ ဒါဆို ဒီအိမ်လေးဆီ ရောက်အောင် ကိုယ်ဘာလို့ အမောခံသွားမလဲနော်။ ဒါပေမဲ့ သွားချင်နေတာပဲ။ တမက်တမော ငေးချင်သေးတာပဲ။ ခဏလေး ဖြစ်ဖြစ်လည်း နေဖူးချင်လိုက်တာပဲ။ ဒါမှ နောင်အခါ လွမ်းရင်ရရင် ငါနေခဲ့ဖူးတဲ့ အိမ်ကလေးလို့ အလွမ်းပြေနိုင်တယ်ပေါ့။ ဒါဟာ မိုက်မဲတာဆိုရင်လည်း အဲဒီ မိုက်မဲရတာဟာ သာယာစရာ ပါကွယ်။ ပြီးတော့ ကိုယ်ပိုင်ချင်တဲ့အရာ တခုကို လုံးဝ မရဖူးလိုက်တာထက် စာရင် ခဏလေးဖြစ်ဖြစ် ပိုင်ဆိုင်ဖူး လိုက်တာက ပိုအဖိုးတန်တယ်လို့ ကိုယ်က ယူဆတယ်လေ။ အဲဒါ မှားသလားဟင်။ အဲဒီအိမ်ကလေးဟာ "မောင်နဲ့ ဘ၀" ပေါ့။ တံတိုင်းတွေ အထပ်ထပ်နဲ့ အိမ်ကလေးလေ"
သဲပူပူသောင်ပြင်မှာ
မောင်နဲ့ ကျမ ဘ၀အတူတူ
ကိုယ့်ဘာသာ ကန့်သတ်ရတဲ့
ကမ်းစပ်နဲ့
ဒါပေမဲ့...
အဆုံးအစမဲ့ ကျယ်ပြော...
လှိုင်းထန်။
အဲဒီကာလလေး တစ်ခုထဲမှာ ဘယ်လိုမှ ရန်မဖြစ်ကြတဲ့ ချစ်သူနှစ်ဦး ရှိတယ်။ ချိုမြိန်တဲ့ အရယ်အပြုံးတွေ ရှိတယ်။ မျက်ရည်ကျ မရလောက်အောင် ပြင်းပျတဲ့ ငိုကြွေးခြင်းတွေ ရှိတယ်။ အယ်လ်ဖာနဲ့ အိုမီဂါလို တစ်ယောက် မျက်လုံးတွေထဲ တစ်ယောက် ခုန်ဝင် နစ်မြုပ်ကြတယ်။ သူတို့ နှစ်ယောက်ဟာ ကြည့်မှန် မလို။ စာချုပ် မလို။ ပူလောင်သော ကတိစကားများလည်း မလို။ နှုတ်ဆက်စကားလည်း မလို။
"တို့ရဲ့ ဒုက္ခတွေ ခဏမေ့လိုက်ပြီး အနာဂတ်အကြောင်းတွေကို မစဉ်းစားချင်ဘူး... ဒီနေ့တော့လေ မင်းအချစ် အကြောင်း ပြောကြရအောင်... မင်းရဲ့ ဆံပင်ရှည်တွေကို ဖြီးမပေးဖြစ်တာ... ရက်များ လများ ကျော်သွားခဲ့တာ... လွမ်းလိုက်တာ ကွယ်... ခေါင်းလေး မော့လို့ မျက်လုံးလေး မှိတ်ပါကွယ် ... အရင်တုန်း ကလိုပဲ နဖူးလေး နမ်းကာရယ် .... တို့ရဲ့ ကမ္ဘာလေး ဒီနေ့ ပြန်ယူကြမယ် ...
တိုက်အိုတိုက်ပျက်တွေ ကြားထဲမှာပဲ... တို့ရဲ့ ပခုံးမှာ ခေါင်းလေးမှီကာ မှေးနေကွယ်... အချစ်အကြောင်း ပြောကြ မယ် ... ကြယ်တွေကို ငေးမောရင်းလေ... မင်းချစ်တဲ့ ရှယ်လီရဲ့ ကဗျာတွေ ရွတ်ပြနေမယ်... ပန်းပွင့်တို့ ကြား လဲလျောင်းအိပ်စက်ရာ သောကတို့ရဲ့ အနူးညံ့ဆုံး မြှုပ်နှံရာ တို့ရဲ့ဂီတ ဒီနေ့ ရှင်သန်ကြမယ်...

***အချစ်အကြောင်း ပြောမယ်လေ ... တို့ရဲ့ လက်ချင်း ဆုပ်ကိုင်ထားတာ ... အချစ်အကြောင်း ပြောမယ် ဆိုရင် ဘယ်နေ့များ ဆုံးမလဲ ... မမောဘူးကွယ် ***

ပူလောင်တဲ့ မီးများ ငြိမ်းစေသား... နာရီများ တို့နှစ်ယောက် မေ့လို့ထား... ဖြူစင်တဲ့ အပြစ်မဲ့ တေးသံများ ရင်ထဲ နက်ရှိုင်းစွာ... နေရောင်များ နူးညံ့ဝင်းပသွားအောင် ကြည်လင်တဲ့ အချစ်နဲ့ ညှိ့ယူထားမယ်... ဒီတသက်လုံး အမှတ်တရ ဖြစ်စေမယ် ... ဒီနေ့ အချစ်အကြောင်း ပြောကြမယ် ..."
သီချင်းတွေဟာ ကျဉ်းကျပ်တဲ့စိတ်တို့အတွက် ပွင့်အန် လွတ်မြောက်ရာ။ သူငယ်ချင်း "ညီရိုင်း" ရေးတဲ့ အဲဒီ "အချစ်အကြောင်း ပြောရအောင်" သီချင်းကို သိပ်ကြိုက်တဲ့ ကိုယ်က သီချင်းစာသားတွေကို ကဗျာရွတ်သလို ရွတ်ရင်း သောင်ပြင်မှာ လရောင်အားကိုး၊ မောင့်လက်ဖ၀ါးတွေ အားကိုးနဲ့ လမ်းလျှောက်ရတာ လွတ်လမ်း တစ ပဲ။ မောင် သီချင်းဆိုရမယ့် အလှည့်ကျရင်တော့ မောင်က သူ့အသံ ကွဲရှရှလေးနဲ့ သိပ်မလိုက်ဖက်ဘဲနဲ့ ထူးအိမ်သင်ရဲ့ "ချစ်တိုင်းလည်း မညား" ကိုပဲ ရွေးတယ်။
"ချစ်တိုင်းလည်း မညား.... စကားကိုသာ တီးတိုးရေရွတ်မိကာ ကိုယ့်နှလုံး အသည်းအိမ်မှာ အချစ်များစွာ... သူပေးတဲ့ အချစ် များကိုသာ ထွေးပိုက်နေတုန်း အခိုက်မှာ ကိုယ့်နှလုံးသား အသည်းတနေရာ သူပေးတဲ့ ဒဏ်ရာများ...အိုး...အချစ်...."
ဆိုတဲ့ Chorus အပိုဒ်ရောက်ရင် မောင်က မျက်စိကို စုံမှိတ်လို့ ဖွင့်အော်တော့တာ။ ကိုယ်ကတော့ ငိုချင်ပါတယ် ကွယ်။ ဒါပေမဲ့ တို့ ကျေနပ်ကြရမယ်။ ဒါမှမဟုတ် သက်သာရာရဖို့ တို့ မေ့ကြမလား၊ မုန်းကြမလား။ မောင်ကသာ မချစ်ဘူး ဆိုရင်တော့ လမ်းခွဲကြစို့ကွယ်။



"မောင်... မချစ်ဘူးလို့ပြော"
"မပြောဘူး"
"ဒါဖြင့် ချစ်တယ်လို့ပြော"
"ပြောမယ်"
မောင်က ငြိမ်တိတ်သွားတယ်။
ပြီးမှ ...
"ချစ်တယ်... နော်... ချစ်တယ်" တဲ့။ 
တိုးတိုးလေး။ ကျမရင်ထဲမှာတော့ ပဲ့တင်ရိုက်လောက်အောင် မြည်ဟီးလို့။ မချိမဆံ့။ ဒါဖြင့် ဘယ်လိုများ ခွဲခွာကြမလဲကွယ်။
နေရောင်များ နူးညံ့ဝင်းပသွားအောင်
ကြည်လင်တဲ့ အချစ်နဲ့
ညှိ့ယူထားမယ်
ဒီတသက်လုံး အမှတ်တရ
ဖြစ်စေမယ်
ဒီနေ့
အချစ်အကြောင်းပြောကြမယ်...
ခဏလောက် အားလုံးကို မေ့စမ်း။ လှိုင်းတွေထဲ ပြေးဆင်း၊ လှိုင်းသယ်ရာ လိုက်၊ လှိုင်းပို့ရာ ပါ။ ကံကြမ္မာဆိုတာ လှိုင်းတွေပဲ။ ကဲ... လုပ်ချင်ရာ လုပ်စမ်းတော့။ မောင်ကတော့ လှိုင်းတွေကို နိုင်ချင်သတဲ့။ တို့နှစ်ယောက်ရဲ့ ရာဘာလှေက လှိုင်းတွေပေါ်မှာ တလိမ့်လိမ့်။ မောင်နဲ့ ကိုယ်က ပကတိ ရယ်မော။ လှိုင်းက ၀ုန်းခနဲ ရိုက်တော့ လှေကလေးမှောက်သွားတယ်။ ရေနစ်ရတာလည်း မောင့်နံဘေးမှာတော့ လွမ်းစရာပဲ။ မောင်က လှစ်ခနဲ ခိုးနမ်း။ ဟင့်အင်း... အဲဒါ အနမ်းမဟုတ်ဘူး။ အချစ်။ အင်မတန်ဖြူစင် မွန်မြတ်စွာ ရင်းနှီးပေးဆပ်ထားရတဲ့ အချစ်။ နေကျဲကျဲကို မော့ကြည့် ပြုံးပြကြ။ ဘာကိုမှ မကြောက်ချင်တော့။
ဒါနဲ့ပဲ
ချစ်ခြင်းတရားထဲ
အားပါးတရ လဲသေ...
ဟော... နေ၀င်တော့မယ်။ တနေကုန်တော့မယ်။ သတ်မှတ်ချက်တွေအရ နာရီတွေ ရက်စွဲတွေ ပြန်ရောက် လာကြ တော့မယ်။ ရှောင်ပြေးမရ။ ကဲ... ပြေးတွေ့လိုက်ကြစို့ရဲ့ကွယ်။ အဲဒီအခါ ... အလွမ်းတွေရယ်၊ အချစ်တွေရယ်ကို မခြွင်းမချန် ထုပ်ပိုးလို့ သယ်သွားကြမယ်နော် မောင်။ တစ်ဘ၀စာ။
နောက်ဆုံးကျတော့...
ခပ်ဝေးဝေး သဲပြင်ပေါ်က
ခြေရာတွေသာ
ဒဏ်ရာတွေအဖြစ်
လွမ်းဆွတ်ဖွယ် ကျန်ရစ်။
+++++++++++++
၁၉၉၆၊ အောက်တိုဘာလ၊ မဟေသီမဂ္ဂဇင်း။

Jul 21, 2008

ဆွဲငင်သိမ်းရစ်ရင်းနှင့်ပင်

တကယ်တော့ ကျမ ဒီဝတ္ထုလေးကို မတင်ချင်လို့ ဟိုလှည့် ဒီလှည့် လုပ်နေတာကြာပြီ။ ကိုအောင်ဖြိုးလေးက တဂျီဂျီ ပူဆာနေတာလည်း ကြာပြီ။ ဒါနဲ့ပဲ ခုတော့ တင်ပေးလိုက်ပါပြီ။ အဲဒီဝတ္ထုလေးက မဂ္ဂဇင်းထဲမှာဖော်ပြခံရတဲ့ ကျမရဲ့ ပထမဆုံးဝတ္ထုတိုပါ။ အဲဒီဝတ္ထုလေးရေးတုန်းက ချစ်သူရှိနေခဲ့ပေမဲ့ ကျမ အိမ်ထောင်မကျသေးပါဘူး။ ပြီးတော့ ဘာဖြစ်လို့ အဲဒီဇာတ်လမ်းကို ရေးမိမှန်းလည်း မသိတော့ပါဘူး။ (ခုပြန်ဖတ်တော့ ထုံးစံအတိုင်း မကြိုက်တော့)။ အဲဒီကာလ တဂိုးစာတွေ၊ သိန်းသန်းထွန်းဝတ္ထုတွေ၊ ကြည်အေးဝတ္ထုတွေ၊ ဘာသာပြန်တွေ အဖတ်များနေတယ် ထင်ပါရဲ့။ ကျမ အဲဒီဇာတ်လမ်းကို ရေးမိတာပါပဲ။ နောက်နှစ်ဆန်းမှာ ကျမ အိမ်ထောင်ပြုပါတယ်။ အင်း တိုက်တိုက်ဆိုင်ဆိုင်.. ကျမရဲ့ အဲဒီ အိမ်ထောင်ဖက်က အဲဒီဝတ္ထုထဲကလိုပဲ အသက်ငယ်ငယ်မှာ ဆုံးပါးခဲ့ပါတယ်။ ပြီးတော့ ကျမမှာ သားတယောက် ကျန်ခဲ့ပါတယ်။ ဒါကြောင့် ကျမ ဒီဝတ္ထုကို မေ့ချင်ယောင်ဆောင်ထားခဲ့တာ..။ ခုတော့ ကျမကို ၀တ္ထုရေးတဲ့ မေငြိမ်းလို့ စဖြစ်စေခဲ့တဲ့ အမှတ်တရ လက်ရာလေးအဖြစ်ပဲ ပြန်တင်ပေးလိုက်ပါတယ်။ (ကိုအောင်ဖြိုးလေး.. အန်တီတာဝန်ကျေပြီနော်)


ဆွဲငင်သိမ်းရစ်ရင်းနှင့်ပင်


(တစ်)

ခေါင်းရင်းက ဖရောင်းတိုင်မီးလေးကုန်ဆုံးသွားရင်... သူ... သွားတော့မှာ... တဲ့။ အဲဒီ အချိန်တာလောက်သာ သူ့ကို ခံစားနေလို့ရမှာတဲ့လေ။ ဘုရားစင်ရှေ့မှောက်မှာ သူနေရမယ့် အချိန်တာဟာ ဖရောင်းတိုင်တစ်တိုင်စာ လောက်သာ။ ဘုရားရှင်ဆီမှာ သူနှစ်သက်တဲ့ စိန်ပန်းပြာတွေ၊ အမွှေးနံသာတွေ လှူထားတာတောင် သူမသိနိုင် တော့...။

အရှင်ဘုရား....
ဘုရားတပည့်တော်မအား အခွင့်အရေးလေးတစ်ခု ပေးသနားတော်မူပါဘုရား။ တပည့်တော်မကို သူ ခွဲထွက်မသွားခင် သူ့ရဲ့ သတိတရား၊ အသက်ဝိဉာဉ်ကို တဒင်္ဂဖြစ်ဖြစ်၊ လောကနှင့် ထိတွေ့ ဆက်စပ် ပေးတော်မူပါ ဘုရား....။ စကားတစ်ခွန်းစာ၊ အသက် တစ်ဝ ရှူစာမျှပါပဲဘုရား။

(နှစ်)

“ယင်ကောင်”... ဆိုတဲ့သတ္တ၀ါ ကို အစက ကျမ သိပ်မမုန်းပါဘူး။
ခုတော့...မုန်းတယ်။ သိပ်မုန်းတယ်။
ဟုတ်တယ်။ သူ့နံဘေးမှာ အသံကုန်ဖွင့်လို့ လှည့်ပတ်ပျံသန်းနေလိုက်တာ။
သွားကြစမ်းပါကွယ်... သူ ရှိနေပါသေးတယ်။
မေ့မျောခြင်း...မောဟိုက်ခြင်း၊ ဒါမှမဟုတ် သတိရှိနေခဲ့ရင်လည်း နာကျင်ခြင်း၊ ပူလောင်ခြင်း၊ ပြီးတော့ ကိုက်ခဲခြင်းတွေနဲ့ပေါ့။ ဒါပေမဲ့ အခုတော့... ဘာမှ မသိတော့ဘူးပေါ့နော် အချစ်ရယ်။
အသက်ရှူသံ.... တစ်... နှစ်... သုံး... လေး...။
အို... မဟုတ်သေးပါဘူးကွယ်။
ချစ်သူရဲ့အသက်ရှူသံက ရေတွက်လို့ရအောင် နှေးနေတာ ကျမ မကြိုက်ဘူး။
တကယ် သွားတော့မှာလားချစ်သူရယ်...။
မသွားနဲ့ဦး...
ကျမ မင်းရဲ့သတိပြန်လည်လာမယ့် အချိန်လေးကို စောင့်နေတယ်။

(သုံး)

မျက်လုံးအစုံက လျော့ရဲရဲလေး ပိတ်လို့။ နဖူးစပ်မှာ ချွေးလေးတွေ သီးနေကြတယ်။
ပူလောင်ခြင်းလား၊ မောဟိုက်ပင်ပန်းခြင်း လားကွယ်။ ချွေးတွေကို အ၀တ်နဲ့သုပ်တဲ့အခါ ချစ်သူမှာ နာကျင်ခြင်း ဝေဒနာ၊ လေးလံခြင်း ဝေဒနာတွေ ဖြစ်လာလိမ့်ဦးမယ်။ ခြောက်သွေ့ တုန်ယင်နေတဲ့ နှုတ်ခမ်းထူလေး...။
ခုတော့... ဆေးနံ့များနဲ့သာ ထုံရစ်လို့။ ကျမ ရနေကျ စူးရှ ဟောင်ပြင်းတဲ့ ရမ်အနံ့တွေ မရတော့။ ချစ်သူမှ ဟုတ်ရဲ့လားလို့။
အခုအချိန်မှာတော့ မင်း ကျမကို သတိမရဘူးပေါ့နော်။ ပြီးတော့... မင်းရဲ့ ချစ်သူငယ်မနှင့်တကွ၊ မင်းဘာကိုမှ သတိမရနိုင်ဘူးပေါ့။ ကောင်းတယ်။ အဲဒီအခြေအနေလေး ကောင်းတယ်ကွယ်။ ဟုတ်တယ်... ကျမကို သတိမရချင်နေ။ မင်းဘာကိုပဲ မေ့ပါစေ။ မင်း ချစ်သူငယ်မကိုပါ မေ့တယ်ဆိုရင်...။ အို...ကျမ သိပ်ကို ကျေနပ်တယ်။
“ဘုရားရှင်ရဲ့ ဒေသနာကို တောင့်တတယ်”တဲ့။ မင်း တမြန်နေ့က သတိတရနဲ့ ပြောခဲ့တာလေ။ ဟင်း... ဟင်း... ဟင်း...။ ကြိုက်သွားပြီကွယ့်။ ခုလိုဆို... မင်းက ဘုရားနဲ့ တရားနဲ့၊ ပြီးတော့ ကျမရဲ့ အနားမှာ ငြိမ်ငြိမ်သက်သက် လေး။ မင်းကို အမြဲတမ်းသာ ရောဂါ ဖြစ်နေစေချင်တော့တယ်။ မင်းဘေးမှာ ကျမတစ်ယောက်တည်း တစ်ဦးတည်း မူပိုင်။ မင်းလိုအပ်သမျှ ဖြည့်ဆည်း ပြုစု၊ မင်းမျက်နှာကလေးကို ငေးလို့။
ကျမဘ၀လေး အေးအေးဆေးဆေး။
(ဟား.... ဟား... ဟား... ဘယ်လိုလဲကွ။ ပူလောင်လှတဲ့ သူငယ်မ။ ခုကျတော့... မင်းဘယ်မှာလဲကွ။
ငါ တစ်ယောက်တည်း... ငါချစ်တဲ့ ယောက်ျားဘေးမှာ... ကိုင်း... ဘယ့်နှယ်ရှိစ)။

(လေး)

သူ့အနားက မခွာသလောက် လှည့်ပတ်နေတဲ့ ယင်တွေကို ခတ်ထုတ်လိုက်၊ ချွေးစို့နေတဲ့နဖူးပြင်ကို လေမှုတ်လို့ ချွေးသိပ်စေလိုက်၊ သူ့ မျက်နှာလေးကို ငေးကြည့်လိုက် စကားပြောလိုက်နဲ့ ရင်ထဲမှာလည်း မအားလပ်လိုက်တာ။
သားကတောင် မေးနေသလိုပဲ..။ “ဖေဖေက ဘယ်သွားမှာမို့လဲ”တဲ့။
ကျမ ပြန်ပြောလိုက်တယ် ချစ်သူရဲ့။
“မင်းဖေဖေ... မေမေ့ရင်ထဲကို နက်နက်ရှိုင်းရှိုင်းဝင်မလို့ ခရီးထွက်ဖို့ စောင့်နေတာ”လို့ပေါ့။
ဆရာဝန်ကြီးက “မရတော့ဘူး”လို့ ပြောတဲ့အခါ... ဆို့နင့်လာတဲ့ နှလုံးသားဟာ ကျမကို “ငိုလိုက်... ငိုလိုက်လေ...”တဲ့။
ဒါပေမဲ့.... ကျမ မငိုပါဘူးကွယ်။
စဉ်းစားကြည့်လေ.... ခုချိန်မှာ မင်းကို ကျမတစ်ယောက်တည်း ပြုစုလို့ ။
မင်းထွက်သွားတဲ့အခါလည်း မင်းဝိဥာဉ်ကို ရင်ထဲထည့်ပြီး ကျမတစ်ဦးတည်းပိုင်အဖြစ် ချစ်ရမှာ။
အဲဒီအခါ မင်းကို စိတ်မချခြင်းတွေက ဝေးစွာ..၊ တစ်ယောက်တည်းပိုင်အဖြစ် ချစ်ရမှာ။ ဒီတော့... ဘယ်ငိုချင်ပါ့မလဲလေ။ ဒါမှမဟုတ် မျက်ရည်ပဲကုန်သွားသလား။ ကျမ မသိဘူး။ ဟုတ်မယ်၊ မင်္ဂလာဦးည... “မင်းကို ငါမချစ်ဘူး” လို့ ချစ်သည်းပြောခဲ့တဲ့စကား။ အဲဒီ စကားပြောစဉ်ကတည်းက ကျမ အဆုံးစွန် ငိုခဲ့ရပြီပဲ။ အဲဒီကစ ဘ၀တစ်လျှောက်လုံးမှာ ကျမ မျက်ရည်တွေ ကျခဲ့ရတာ။
အဲဒီတော့... ကုန်သွားလောက်ပြီပေါ့။

+++++

နှစ်ယောက်ပေါင်းရတဲ့ ဘ၀လေးကို ပိုင်ဆိုင်ရမယ်ဆိုကတည်းက ခင်ပွန်းသည်အပေါ် ချစ်ဖို့၊ သစ္စာရှိဖို့၊ ပြုစုဖို့၊ လိုအပ်သမျှ ဖြည့်ဆည်းဖို့ ကျမကိုယ်ကျမ ပုံစံသွင်းလာခဲ့တာ အပျော်တွေ အများကြီးနဲ့ပေါ့။
"ဘ၀မှာ ချစ်သူနဲ့ လက်ထပ်သူဟာ တစ်ယောက်တည်းသာဖြစ်ရမယ်"ဆိုတဲ့ အတွေးနဲ့ ကျမ လက်ထပ်သူကိုသာ ချစ်ဖို့ တစ်သက်လုံးတည်ဆောက်ခဲ့တာပါ။
ကျမဟာ ဣနြေ္ဒ ကျမ၊ အရှက် ကျမ။ ပြီးတော့... ရိုးသားတဲ့ကျမ။
လူတိုင်းလိုလိုက အဲဒီလို ချီးကျူးတာကို ခံရတဲ့ ကျမပါ။
အဲဒီတော့ မင်းနဲ့ ကျမ စေ့စပ်ပြီးကတည်းက မင်း ချစ်တာမချစ်တာထက် လိမ္မာတဲ့ အိမ်သူပီသဖို့ အင်အားအပြည့်နဲ့ ကျမကိုယ်ကျမ ထုဆစ်ခဲ့ပါတယ်။
ကြာရင် တစ်ယောက်ကို တစ်ယောက် ချစ်လာရမယ်။
ပြီးတော့... ကျမ ရည်ရွယ်တဲ့ ဘ၀လှလှလေးတစ်ခုပေါ့။
ဒါပေမဲ့ကွယ် ... ချစ်သူကလေ ပစ်ခွာသွားတဲ့ ပထမချစ်ရသူ မိန်းကလေးကို စိတ်နာ အရွဲ့တိုက်လို့ ကျမနဲ့စေ့စပ်ဖို့ လက်ခံခဲ့သတဲ့။ နောင်...အဲဒီမိန်ကလေးက တိုးလျှိုးလာပြန်တော့လည်း ကျမကို စေ့စပ်ကြောင်းလမ်းခြင်း ဖျက်သိမ်းပေးပါတဲ့။ မင်းမိဘတွေ တင်ခဲ့သမျှအကြွေးကို ကျွန်ခံပြီး ဆပ်ပါရစေ၊ ကျမကို မယူနိုင်တော့ဘူးတဲ့။ အ၀ယ်မခံနိုင်ဘူးတဲ့။
မင်းမှားနေပြီ အချစ်ရယ်။ မင်းကို ၀ယ်ယူစရာမလိုပါဘူးကွယ်။ ချို့တဲ့သလောက် ပညာတော်တဲ့ လူငယ်လေး တစ်ယောက်ကို ဆန္ဒဖြည့်ပေးတဲ့အနေနဲ့ ကျမ မိဘတွေက ကူညီခဲ့တာ သက်သက်ပါ။ မင်းမိဘတွေကသာ
အရွယ်ရောက်မှ ဖခင်ကွယ်ခဲ့ရတဲ့ အမေတစ်ခု သမီးတစ်ခု မိသားစုကို ကျေးဇူးဆပ်ချင်ဇောနဲ့။ ပြီးတော့.. သနားတဲ့စိတ်နဲ့ မင်းနဲ့ ကျမ လက်ထပ်ကြဖို့ကို စီစဉ်ခဲ့တာပါ။ မတတ်နိုင်ပါဘူးရှင်။ကျမက စပြီး ဖျက်သိမ်းခြင်း ဆိုရင် မင်းမိဘတွေက ခွင့်လွှတ်မယ်ဆိုရင်တောင်မှ ကျမ... ကျမ... ကျမ ရှက်တယ်။ သိပ် ရှက်ပါတယ်။
ပြီးတော့...
ကျမ ရှင့်အတွက် ရည်ရွယ်လို့ အချစ်များစွာ ပြုစုခဲ့ပြီးပါပြီ။
ပြီးတော့... ကျမကလေ မင်းကို... မင်းကို... ချစ်နေမိပြီရှင့်။
ချစ်နေမိခဲ့ပြီးပြီလေ....။
အေးဆေးရိုးသားစွာ ဖြူဖြူစင်စင်ရှင်းရှင်းသန့်သန့်နဲ့ ထိန်းသိမ်းလာခဲ့တဲ့ ကျမရဲ့ အပျိုစင်ဘ၀ကို
မင်းအတွက်ရယ်လို့... (ဟင့်အင်း... ဟင့်အင်း... ကျမရှက်တယ်ကွယ်)

+++++

ကျမ ဘယ်လောက်ပဲ နူးနူးညံ့ညံ့ ပြောပြော ... မင်း ကျမကို သိပ်မုန်းတယ်နော်။
မေမေ့ရဲ့ မျက်ရည်များစွာ...
ကျမရဲ့ အရှက်သိက္ခာများစွာ...
မင်းမိဘရဲ့ တောင်းပန်သံ များစွားကို ရင်းလို့ပဲ
ဦးကိုကို နဲ့ဒေါ်မေ ဆိုတဲ့ ဘ၀ စခဲ့ရတယ်။
ပင်ပန်းလိုက်တာ၊ မောလိုက်တာများကွယ်။
ဘာပဲဖြစ်ဖြစ် အဲဒီဘ၀ဟာ ကျမ စုံမက်တဲ့ ဘ၀လေးပါပဲ။
မင်းနဲ့ မင်းရဲ့သူငယ်မလေး သတင်းတွေကတော့ ကျမဘ၀သေးသေးလေးထဲမှာ ပလူပျံသလို။ ချို့တဲ့ရှာတဲ့သူငယ်မလေးကလည်း ရုန်းမထွက်နိုင်ဘူး ထင်ပါရဲ့ကွယ်။
ကျမမှာတော့လေ...အရက်မူးပြီး ပြန်လာတဲ့ညတွေမှာ အသိမဲ့ခန္ဓာနဲ့ ရူးရူးမူးမူး ဆက်ဆံတတ်တဲ့ ခင်ပွန်းသည်။ အရက်မမူးဘဲ ပြန်လာတဲ့ညတွေမှာ ကျောချင်းကပ် အိပ်စက်တဲ့ ခင်ပွန်းသည်။ အရက်မူးလာတဲ့အခါ ပထမဆုံးချစ်သူဆိုတဲ့ မင်းရဲ့မိန်းကလေးနာမည်ကို ညည်းတွားရင်း မင်းခေါ်ရာ အပူချောက် ကမ်းပါးထဲ တက်လိုက်ဆင်းလိုက်နဲ့ မောဟိုက်ပင်ပန်းလိုက်ပါစေတဲ့ ခင်ပွန်းသည်။ တခါ တခါ ညကို ဘယ်မှာ ကုန်ဆုံးပစ်မှန်း မသိတဲ့၊ မေးလည်းမမေးရဲတဲ့ ခင်ပွန်းသည်။ တခါတခါ “မင်းမျက်နှာကို ကြည့်ရတာ သိပ်ပူတာပဲ ” လို့ အရက်နံ့ ပေကျံနေတဲ့ အသံနဲ့ အော်ဟစ်တတ်တဲ့ခင်ပွန်းသည်။ ရတဲ့လခ အပြည့်အ၀ အပ်ရုံနဲ့၊ ကျမခင်ပွန်းသည်အဖြစ် အမည်ခံပေးရုံနဲ့ လုံလောက်ပြီလို့ စွဲယူထားတဲ့ ဇနီးမုန်း ခင်ပွန်းသည်။
အဲဒီလိုခင်ပွန်းသည်ကို တိတ်ဆိတ်စွာ ပေါင်းသင်းနေထိုင်ခဲ့။
သူက “ငါအလုပ်မရှုပ်ချင်ဘူး၊ နာငြီးမခံနိုင်ဘူး။ ကလေးတွေကြောင့် စိတ်ဆင်းရဲ မခံနိုင်ဘူး”တဲ့။
ဟုတ်ကဲ့ပါရှင်... သမီး(ဒါမှမဟုတ်)သားကို ကျမတို့ ကမ္ဘာလေးထဲကို ၀င်ခွင့်မရောက်စေနိုင်တဲ့ နည်းတွေနဲ့ တားဆီးကာကွယ်ခဲ့တယ်။ ကျမဟာ နှစ်ရှည်အာမခံ စက်ရုပ်တစ်ရုပ်လို...။
“ကွာရှင်းတယ်ဆိုရင် ငါသိက္ခာကျတယ်။ သူလည်းမိန်းမဆိုးဖြစ်မယ်”တဲ့။ ဟုတ်တာပေါ့ရှင်ရယ်... ရပါတယ်။ စေ့စပ်တာ ပျက်သွားဖူးတဲ့မိန်းကလေးလို့ အပြောခံရမှာ စိုးရွံ့ခဲ့၊ ရှက်ခဲ့တဲ့ကျမ။ ဒီလောက်တော့ ပေးဆပ်ရမှာပေါ့။ ယူပါကွယ်၊ တတ်နိုင်သလောက် ပေးဆပ်ရမှာပေါ့။ မင်းလိုသလောက်ယူပေါ့... ရော့။

ကျမ ပြောခဲ့သားပဲကွယ်။
“အလုပ်ကိစ္စတွေရှုပ်နေတဲ့အချိန်မှာ စိတ်ကိုတတ်နိုင်သလောက်အနားပေးပါကွယ်။ ကျမဆီမှာမှ မဟုတ်ပါဘူး ကွယ်။ ကိုကို စိတ်ချမ်းသာရှိမယ်ဆိုရင် တစ်နေရာရာမှာ နားလိုက်ပါ။ နဂိုက အသည်းရောင်ရောဂါရှိထားတော့ အရက်ကိုလျှော့သောက်ပြီး အနားယူ လိုက်စေချင်တယ်”
ကျမ အဲဒီလို ပြောလေလေ... မင်းက မုန်းမုန်းနဲ့ အရွဲ့တိုက်လို့ အရက်၊ ဆေးလိပ် များများသောက်။ သူငယ်မလေးနဲ့အိပ်။ ကျမဆီ ကူးသန်း။ သဘောပါပဲ ချစ်သူရယ်... ။ ကျမရင်ထဲမှာတော့လေ... “အချစ်ရယ်... အရက်တွေ၊ စီးကရက်တွေ သိပ်မသောက်စေချင်ဘူးကွယ်။ ကျမကို မုန်းတာလေးတစ်ခုတည်းနဲ့ ကိုကို တစ်ခုခုဖြစ်သွားရမှာ စိုးရိမ်လို့ပါ” လို့ ကြိမ်ဖန်များစွာ ရေရွတ်မိတာပေါ့။ မင်းကတော့ ပြောမနိုင်ဆိုမရ။ ကျန်မာရေး နည်းနည်းယိုင်လာချိန်မှာ...
“အကုသိုလ်တော့ အဖော်တွေနဲ့ လာပြီ”တဲ့။
မင်းမူးမူးနဲ့ပြောခဲ့တာလေ။ နောက်မှသိရတယ်။ မင်းကောင်မလေးက လက်ထပ်တော့မလို့တဲ့။ အင်းပေါ့ကွယ်... သူ့ခမျာလည်း ဇတ်မျောကြီးထဲ ဘယ်ကျင်လည်ချင်ပါတော့မလဲ။ သူ့အရွယ်နဲ့သူ တင့်တင့်တယ်တယ် ထည်ထည်ဝါ၀ါ တည်တည်ငြိမ်ငြိမ်နေချင်ရောပေါ့ လို့ ပြောချင်ပေမဲ့ မင်း ကျမကို ဒါထက်ပိုလို့ မုန်းတီးသွားမှာစိုးရိမ်မိတယ်။ ဘာပြုလို့လဲ။ သိလားကွယ့်။ မင်းကိုသိမ်းသွင်းဖို့။ ပြီးတော့ ကျမအတွက် အားဖြည့်ဖို့ စီမံကိန်းတစ်ခုကို တည်ဆောက်ယူထားရတာလေး ရှိနေလို့ပေါ့ကွယ်။ ချစ်သည်း နေကောင်းတဲ့အခါ (ဒါမှမဟုတ်)ကျမ နဲ့ပတ်သက်လို့ စိတ်ကြည်လင်နေတဲ့အခါ ကျမ ပြောပြချင်တယ်။ သွေးနဲ့ပတ်သက်လာရင်တော့ မင်းသိပ်တင်းမာမှာ မဟုတ်ဘူးလို့ ကျမ ထင်တာကြောင့်ပေါ့ကွယ်။
ကျမလေ... ကြည့်ခဲ့ဖူးတဲ့ ရုပ်ရှင်တွေထဲကလို မင်းနားနားကိုကပ်လို့ တိုးတိုးလေး ပြောပြချင်တယ်။
“ကိုကိုရေ... ကျမမှာ... ကျမမှာလေ သားသားလေးလား၊ မီးမီးလေးလားမသိဘူး ရှိနေပြီ သိလား” ဆိုပြီး ရှက်တက်တက်မျက်နှာလေးနဲ့ ပြောမယ်နော်... ချစ်သူရယ်။ ပြောမယ်နော်။

အဲဒီအခါ မင်းကလည်း အလိုက်သင့် ထခုန်ပျော်မြူးမယ် မဟုတ်လား။ ဟိုတစ်လက မင်းအရက်မမူးတမူးမှာ ပြောခဲ့တာလေ။ “သားသမီးရှိတော့ အဖေါ်ရှိတာပေါ့”တဲ့။ အဲဒီတုန်းကတည်းက ကျမ ပြောချင်နေခဲ့တာ... ၀မ်းသာနေခဲ့တာကွယ့်။ ဒါပေမယ့် မင်းစိတ်ကို အစိုးမရလို့မို့ မပြောဖြစ်ခဲ့တာလေ။ အချစ်ရယ်... မင်းနဲ့ကျမ၊ ဖေဖေမေမေ ဘ၀မှာ သားသားလား၊သမီးလား မသိနိုင်သေးတဲ့ချာတိတ်ရယ် နဲ့။
ကဲကွယ်... ချစ်စရာကောင်းလိုက်တဲ့ဘ၀လေး လှလိုက်တာကွယ်...။

(ခြောက်)

ချစ်သူရယ်...
မင်းရဲ့သူငယ်မဆီမှာ မင်းရဲ့ညကို ကုန်ဆုံးတဲ့ညတွေမှာ၊ ကျမတစ်ယောက်တည်း မေမေမမြင်အောင် စိတ်ဆင်းရဲနေတဲ့ အခါတွေမှာ၊ တိုးတိုးဖော် သမီးလေး(ဒါမှမဟုတ်) အားကိုးစိတ်ဖြေစရာ သားကလေးကို တောင့်တမိလွန်းတယ်။ မိန်းမသားတစ်ယောက် အနေနဲ့လည်း လူသားတစ်ယောက်ကို ထုတ်လုပ်ပြီး ကြီးပြင်းစေချင်တယ်။ မင်းကိုချစ်ခဲ့ပြီး မင်းဆီက အချစ်ပြန်မရခဲ့ပေမဲ့ ကျမ ယူလို့ရသရွေ့တော့ ယူပါရစေနော်။
သူကလေးဟာ ဦးကိုကို၊ ဒေါ်မေတို့ရဲ့သား(ဒါမှမဟုတ်)သမီးဆိုတာလောက်ပြောရရင်ပဲ ကျမ ကျေနပ်လွန်းနေမှာ ပါ။ အဲဒီလိုသာဆို ဒါကလေးကိုတောင် မင်းက ကျမအနေနဲ့ ပေးအပ်ခဲ့တာမဟုတ်ဘဲ ဆိုတဲ့ အတွေးပူပူမျိုးကို မတွေးဘဲလည်း ကျမ နေနိုင်တော့မှာပါ။

(ခုနစ်)

လက်ဆစ်ဆီက ညောင်းညာကိုက်ခဲလာတော့မှပဲ မင်းကိုယင်မနားရအောင်လို့ ယပ်ခပ်ပေးနေခဲ့တာ အကြာကြီး ကြာနေခဲ့ပြီလို့ ကျမ သတိ ထားမိတော့တယ်။ ချစ်သူသိပ်များအေးနေပြီလား...။
တော်ပါသေးရဲ့ကွယ်၊ ချစ်သူကိုယ်လေး နွေးနေတုန်းမို့။ ကျမဆုတောင်းနေမိတယ်။ ချစ်သူ ခဏလေးပဲ ဖြစ်ဖြစ် ပြန်သတိရလာပါစေလို့။ ဟုတ်တယ်ကွယ်။ ကျမ ခန္ဓာကိုယ်ထဲမှာ ကိုကို့သန္ဓေသားလေး လွယ်ထားရတာ ကိုကို့ကို မပြောရသေးဘူးလေ။
တော်ကြာ ကျမရှေ့မှောက်က ထွက်သွားခဲ့ပြီးမှ ဆိုရင်... နဂိုကမှ ကျမကို မချစ်ခဲ့တဲ့ကိုကိုဟာ ယုံချင်မှ ယုံမှာ။ ဒါ့ထက်ပိုဆိုးမှာက သားကို(ဒါမှမဟုတ်)သမီးကို မယုံကြည်မှာက ပိုဆိုးမယ်။ အဲဒီအခါ ကျမ သေလုမျောပါး ခံစားရမှာ။ ဘာပဲဖြစ်ဖြစ် ကလေးလိုချင်စိတ် ပေါ်စပြုလာတဲ့ကိုကိုဟာ ကျမတို့ရဲ့သန္ဓေသားလေးကို ချစ်မှာပါ။ ကိုကို့အကြိုက်ဆိုရင်တော့ သားလေးပေါ့နော်။ ထားပါတော့ကွယ်။ ကျမရင်ထဲက သန္ဓေသားလေးဟာ သားလေးလို့ပဲ ထားလိုက်ပါတော့။
သားလေးရေ...
သားလေးမှာ မျက်လုံးလေးတွေ ရောက်လာပြီလားဟင်။ ဒါမှမဟုတ် နားရွက်ကလေးတွေရော ရပြီလား။ ငါးလကျော်သန္ဓေသားလေးမှာ ဘာတွေရှိနေပြီလဲလို့ မေမေ မဖတ်ခဲ့ဖူးဘူးကွယ်။ ဘာပဲဖြစ်ဖြစ်သားလေးဟာ ဖေဖေနဲ့ မေမေတို့ရဲ့ အသက်သွေးခဲလေးပါနော်။ သားလေးရဲ့ဖေဖေ့ ကို မေမေ့ရင်ထဲကနေတဆင့် ၀-အောင် ကြည့်ထားလိုက်တော့ကွယ်။ မမြင်နိုင်ဘူးဆိုရင်လည်း သားလေးမှာ မျက်လုံးလေးရောက်လာတဲ့ အခါ မေမေ့နှလုံးအိမ်ဆီ၊(ဒါမှမဟုတ်)မေမေ့ရဲ့သွေးကြောတွေဆီ၊(ဒါမှမဟုတ်လည်း)ရင်ညွန့်အရပ်ဆီ ကြည့်လိုက်ပါ သားရယ်။ အဲဒီအခါ သားလေးရဲ့ ဖေဖေ့ကိုတွေ့ရလိမ်မယ်။ အဲဒါတောင်မှ သားလေးက ကြည့်လို့မရဘူး ဆိုရင် လည်း မေမေ့ဝမ်းထဲက ထွက်လာပြီးတဲ့အခါ “ဖေဖေကော”လို့ မေးတတ်လာရင် သားခန္ဓာကိုယ်ကို ငုံကြည့် လိုက်ပါ။ အဲဒါဟာ “သားဖေဖေ”ပါပဲ။ သားရဲ့နှလုံးခုန်သံဟာလည်း သားဖေဖေပါပဲကွယ်။ အဲသလိုဆို သားလေး ကျေနပ်မယ် မဟုတ်လားကွယ်။

+++++

ချစ်သူရဲ့ အသက်ရှူသံတွေ ပြင်းလာတယ်။ အသံအကျယ်ကြီးပဲ။
ကျမ လက်မောင်းပိန်ပိန်ကလေးကို ဖြူက ဆုပ်ကိုင်ထားတယ်။
ကျမနှလုံးသားကို မြင်ခဲ့၊ သိခဲ့ကြတဲ့ ငယ်သူငယ်ချင်းတွေထဲက တစ်ယောက်ပေါ့ အချစ်ရယ်။
“နောက်ဆုံးကြည့်ခြင်းမှာ ၀-အောင်သာကြည့် မေ။ နင့်ကို မချစ်တဲ့။ နင်က သိပ်ချစ်တဲ့ နင့်ရဲ့ ကိုကိုလေ။ ပြန်မရနိုင်တဲ့ မေတ္တာတွေနဲ့ရင်းလို့ နင် ပင်ပန်းတကြီး ဆက်စပ်ရခဲ့တဲ့ နင့်ဘ၀ကလေးလေ။ တင်းမထားနဲ့ မေ၊ တင်းမထားနဲ့။ ငိုချလိုက်၊ ငိုချပစ်လိုက်စမ်းပါ...”
ဖြူကအံကြိတ်လို့ ကျမကို တတွတ်တွတ်ပြောနေတယ်။
“သွားစမ်းပါ ဖြူရယ်။ ငါ သူ့ဘေးမှာပဲ နေချင်တယ်။ နင်သွားပါတော့ဟယ်”
အရင်ကလို... “မင်းသူငယ်ချင်းတွေ အိမ်လာကြ၊ ပြီးရင် မင်းက မျက်ရည်ကျနဲ့ မင်္ဂလာကို မရှိဘူး။ အဲဒါမျိုး ငါမကြိုက်ဘူး”လို့ ကိုကို အော်တတ်တာကို အခုမှ ကျမ မွတ်သိပ်နေမိတယ်။ ဒါပေမဲ့လည်း ကျမ စိတ်ချမ်းသာလိုက်တာ။ ကျမ အနားမှာကိုကို ပက်လက်ကလေး။ အရာရာကို မေ့လို့၊ ခရီးရှည်ကြီးတစ်ခုထွက်ဖို့ အချိန်စောင့်နေရတဲ့ချစ်သူ။ သေငယ်ဇောနဲ့ မျောနေတယ်ဆိုတဲ့ ကျမခင်ပွန်းသည်ဟာ ကျမအနားမှာ
ကျမ တစ်ဦးတည်းပိုင်အဖြစ်နဲ့ ငြိမ်သက်အေးချမ်းစွာ...။
ကိုကို ပြန်နေကောင်းပါစေလို့ ကျမ ဆုမတောင်းတော့ဘူး။
ဘာပြုလို့လဲဆိုတော့...ကိုကိုက ပြန်နေကောင်းရင် အရက်တွေသောက်၊ ဆေးလိပ်တွေသောက်နဲ့
မင်းနဲ့လည်းမပြေလည်လှတဲ့ သူငယ်မဆီ ကျမကို အရွဲ့တိုက်ပြီး သွားနေဦးမှာ။
ကျမအနားမှာ ရှိနေတဲ့အခါလည်း အရက်နံ့ထုံလွှမ်းနေတဲ့ နှုတ်ခမ်းပူတွေနဲ့ ၀တ္တရားကျေ အတူယှဉ်အိပ်တာမျိုး။
ကျမကို(ဇနီးသည်တစ်ယောက်အနေနဲ့)မရည်ရွယ်စွာ အိပ်ရာဝင်တာမျိုးကို ကျမ ခံစားရဦးမှာ..။
ဟင့်အင်း၊ ဟင့်အင်း။
ကျမ၊ ကျမ ကြောက်တယ်။ အဲဒီလို ဘ၀ကိုလည်း မုန်းတယ်။
ချစ်သူ ပြန်နေမကောင်းပါစေနဲ့။ ထွက်မသွားတောင် ခုလို မေ့မျောနေတဲ့ ဘ၀နဲ့ပဲ ကျမ အနားမှာ နေ.. နေ.. နေပါစေ။

(ရှစ်)

“နေပါစေ”
“မေ၊ ဟဲ့...သမီး။ သမီးလေး၊ သတိထားလေ။ သမီးလေး ဘာဖြစ်လို့လဲဟင်.. သမီး ဘာဖြစ်လို့လဲ”
ဒါ... မေမေ့အသံ။
အရွယ်ရောက်မှ ဖခင်နဲ့ ဝေးရတဲ့ သမီးကို သူပါ လောကကြီးထဲမှာ မရှိတော့ရင် တစ်ယောက်တည်း မျက်နှာငယ်ကျန်ရစ် ခဲ့မှာကို သိပ်စိုးရိမ်ရှာလို့ လင်ယောက်ျားတစ်ယောက် ရှာပေးစားခဲ့တဲ့ မေမေ...။
ကျမကို သိပ်ချစ်ရှာလွန်းတဲ့ မေမေ။
ကျမ လောဘ၊ သောကတွေနဲ့ အသံမထွက်တဲ့ ပေါက်ကွဲမှုကြောင့် “နေပါစေ”လို့ ကျုံးအော်လိုက်မိတာကို စိုးရိမ်သွားရှာတာ။
“ရပါတယ် မေမေ။သမီး မောသွားလို့ပါ”
ကျမကို ကြည့်နေတဲ့မေမေလေ။ မျက်လုံးလေးအ၀ိုင်းသားနဲ့။
သြော်... ဟုတ်တာပေါ့။
ယပ်ဖြည်းဖြည်းကလေး ခပ်ရုံနဲ့ ကျမဘာပြုလို့ အဲဒီလောက် မောဟိုက်သွားရတာလဲဆိုတာကို
မေမေတွေးပူနေမှာပေါ့နော်။
“သမီးရယ် စိတ်ကိုလျှော့လိုက်ပါ။ သူ... သူ၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဘ၀ကူးပါစေကွယ်”တဲ့။
“ဟုတ်ကဲ့ပါမေမေ”
ချစ်သူ ညင်သာစွာ ထွက်သွားနိုင်ဖို့ ဆရာဝန်က ဆေးကူထားပါသတဲ့။
ဘာပဲ ဖြစ်ဖြစ် ကိုကို သွားတော့မယ်ဆိုရင်တော့ ကျမကို တတ်နိုင်သလောက်တော့ အသိပေးပါလားနော်။
ကျမမှာ ကိုကို့ကို ပြောစရာလေး ရှိနေလို့ပါကွယ်။

(ကိုး)

ကြည့်နေရင်း...
ကြည့်နေရင်း...
ချစ်သူ့မေးဖျားလေး ယိမ်းလှုပ်လာတယ်။
ကျမလက်ဖ၀ါးကို ဖြူက တင်းတင်းဆုပ်လာတယ်။
ဖြူ့လက်ဖ၀ါးကအေးစက်လို့နေတယ်။ မေမေကလည်း ကျမအနားကို တိုးကပ်လို့ လက်မောင်းပိန်ပိန်လေးကို
ဆုပ်လာတယ်။ ဘာပြုလို့လဲ၊ ဘာလဲဟင်။
မေမေ့မျက်လုံးလေးတွေ ... ဖေဖေ ကျမတို့သားအမိနှစ်ယောက်ကို ထားပစ်ခဲ့တုန်းကလိုပဲ မေမေ့မျက်လုံးလေး တွေ... ။ ကျမ မသိပါရစေနဲ့။ ကျမ နားမလည်ပါရစေနဲ့။
မရပါလား... ကျမ သိနေတယ်။
ဖေဖေသွားခါနီးတုန်းကလည်း......
ဟော...
ချစ်သူ့မျက်လုံးလေး ဖွင့်လာပြီ။
(ကျီးကြည့်၊ ကြောင်ကြည့်နဲ့)
ကိုကိုရေ...
ကျမ ဒီမှာ....
တွေ့လား ကိုကို...
ဟော...ကိုကို ဆံဖျားလေးတွေ လှုပ်သွားသလိုပဲ။
ကိုကို သတိရနေပြီပဲ။
ကိုကို့ ကို ကျမ စောင့်နေတာ။
ပြောစရာရှိလို့ သိလား။
“မေမေ ... သမီးကို ချုပ်မထားပါနဲ့ လွှတ်... လွှတ်ပါ”
“အချိန်ကလေး ရတုန်း၊ ဖယ်ပါ ဖြူရယ်... ခဏကလေးပါဟယ်”
ကျမအသံက ကြည်လင်ပြည့်ဝစွာ။
ကိုကိုတောင် နားအူသွားမှာစိုးရတယ်။ မေ ကျေနပ်နေလို့ပါ ကိုကို။
ခေါင်းကိုငုံ့၊ ကိုကို့နားနားကို ကျမ နှုတ်ခမ်းကလေးတွေ ကပ်။
ဒီလောက်ဆို ကိုကို ကြားနိုင်ပြီ။ ဖယ်ပါမေမေရယ်။
အဲဒီအချိန်ကလေးကို သမီးစောင့်နေရတာ သုံးရက်တောင်ရှိသွားပြီ မေမေရဲ့။
တော်ကြာ... ကိုကိုပြန်အိပ်သွားမှာ။ ဒါမှမဟုတ် ထွက်ခွာသွားလိုက်မှာ စိုးလို့ပါ။
ရင်တွေခုန်လိုက်တာ..။
ကိုကို့မျက်နှာလေး၊ ပြီးတော့ ပါးရိုးလေး။ မျက်လုံးလေး။ ဘေးမှာ ကိုကို့ရဲ့အကြားအာရုံရှင် နားရွက်လေး။
ကိုကို... ကျမအသံကို ကြားလားဟင်။ အဖြေပေးမယ့် မျက်လုံးလေးကို လှမ်းကြည့်လိုက်မိတယ်။
“အို... ပါပါ ။ ဘာပြုလို့ ကိုကို့ မျက်လုံးတွေကို ပိတ်ဖို့လုပ်ရတာလဲ။ ပါပါ့ သားအရင်းကြီးပါ ... ပါပါရဲ့။
မေ့ မှာ သားလေးရှိနေတာ မပြောရသေးလို့ အချိန်မီ ပြောလိုက်မလို့ပါ... ပါပါရဲ့”
ကိုကို့ဖေဖေ ငိုင်သွားတယ်။
“ကိုကိုရေ... ကျမ မှာလေ... ကျမမှာ... ကိုကိုရဲ့ သွေး... သားလေးရှိနေပြီ...
သိလား....”
ကိုကို ခေါင်းလေးငိုက်ကျသွားတယ်။
ပြီးတော့ တိုးသဲ့သဲ့ လေသံလေး။
မေ့.. ကို .. ချစ်... တယ်... တဲ့..
......................
......................
.....................
ကိုကို
ကိုကို
ကိုကို
ကိုကို
ကိုကိုရေ......
ခရီးရှည်ကြီးကို ထွက်ခွာသွားခဲ့ပြီပေါ့။
ပြီးတော့... ခုခါမှပဲ ကျမ ရင်ထဲကိုလည်း ထည့်သွင်းယူငင်လိုက်နိုင်ပြီပေါ့။
သားလေးနဲ့ပတ်သက်လို့လည်း ကိုကို ကျေနပ်သွားပြီပေါ့နော်။
ကျမ မငိုတော့ဘူး... ကိုကိုသိလား။
ကျမ... မငိုဘူး။
ဒါပေမဲ့.....
မေ့ ကို ချစ် တယ်.. ဆိုတဲ့အတွက်ကိုတော့..။

+++++

ပေဖူးလွှာ၊ ၁၉၈၇ ၊ မေလ။

Jul 15, 2008

အလွမ်းသင့်.. နာ

ဒီတလော ကျမကို တောင်းဆိုလာတဲ့သူတွေကြောင့် ကျမ ရေးခဲ့ဖူးတဲ့ ၀တ္ထုတိုတွေထဲက အချစ်ဝတ္ထု ဟောင်းလေးတွေ ပြန်တင်ဖြစ်ပါတယ်။ အင်းး ထုံးစံအတိုင်း အဝေဖန်လည်း ခံရသပေါ့။ ကျမအတွက်ကတော့ အဝေဖန်ခံရတာ ရိုးတောင်နေပါပြီ။ ကျမ စာပေနယ်ထဲဝင်စတုန်းကဆို မြန်မာစာဌာနက ဆရာမဖြစ်လျက်နဲ့ ဘ၀သရုပ်ဖော်ဝတ္ထု မရေးဘဲ စိတ်ကူးယဉ်ဆန်တဲ့ ဇာတ်လမ်းတွေရေးလို့ဆိုပြီး အင်မတန်ကို ပစ်ပစ်ခါခါ အဝေဖန်ခံရပါတယ်။ ပိုဆိုးတာက စာရေးဆရာ ဇော်ဇော်အောင်က ကျမကို မော်ဒန်စာပေလေ့လာချက် ဘာသာရပ်သင်တဲ့ ဆရာ..။ (ကျမ ညံ့တာကတော့ ဆရာနဲ့ မဆိုင်ပါ.. :P) ။ အဲဒီတုန်းက မော်ဒန်စာပေကို တော်တော် ၀ိုင်းတွယ်နေတဲ့ အချိန်။ ကျမက စိတ်ထဲရှိသမျှ လွှတ်ရေးး။ ဟဲဟဲ.. ဌာနက ခေါ်ဆူတဲ့အထိပဲ။ (ဒါတောင် ကျမရေးတာက မော်ဒန်မဟုတ်သေး)။

အဲဒီ ဂယက်က ခု ပြည်ပကို ထွက်လာတဲ့အထိ ပါလာပါတယ်။ မေငြိမ်းက တော်လှန်ရေးနယ်ထဲ ထွက်လာရ အောင် အချစ်ဝတ္ထုတွေ ရေးခဲ့တဲ့သူက ဘာ သမိုင်းရှိလို့လဲ.. တဲ့။ အင်းးး အဲဒီဝေဖန်သံတွေအကြားမှာ ၁၉၈၆ ကနေ ၂၀၀၅ ခုနှစ်အစပိုင်းထိအောင် တကယ် အပင်ပန်း အဆင်းရဲခံပြီး တာဝန်ကျေကျေ ဖြတ်သန်းခဲ့တဲ့ တက္ကသိုလ်ဆရာမသက်တမ်းကို ပြန်လှည့်ကြည့်ပြီး မျက်ရည်ကျခဲ့ရတာ ၀န်ခံပါတယ်။ (တကယ်တော့ အဲလို လုပ်ခဲ့တာကလည်း ဂုဏ်လုပ်ပြောစရာမဟုတ်)။ အဲဒီအခါ.. အဲဒီ ခွဲထွက်လာတဲ့လူက ဘာတခုမှ မဟုတ်ခဲ့ရင်ရော.. ဒီ ဖက်ဆစ်အစိုးရကို ဆန့်ကျင်တဲ့သူတယောက် တိုးလာတာ မကောင်းဘူးလား.. လို့လည်း တွေးမိခဲ့ပါတယ်)

ကျမက မညာတတ်..။ ကျမ ဒီဘက်ရောက်ရောက်ချင်း မှတ်မှတ်ရရ DVB ရေဒီယိုက သတင်းထောက် ကိုထက်အောင်ကျော်က အင်တာဗျူးလုပ်တော့.. ဆရာမ ဘာလို့ ထွက်လာတာပါလဲ.. တဲ့။ ကျမ ပြောခဲ့တာက.. မနေချင်တော့လို့ ထွက်လာတာပါ.. လို့။ ပြီးတော့မှ အဓိက ပညာရေးလွတ်လပ်ခွင့်ပြဿနာကြောင့်ဆိုတာ.. ဘာ.. ညာ တွေ ပြောခဲ့တာပါ။ ခုထိလည်း ဒါတွေကိုပဲ ပြောနေတာပါပဲ..။ ထားပါတော့.. ဒါတွေကို တချိန်မှာ ကျမ အသေးစိတ်ရေးဦးမှာပါ။

ပြောချင်တာကတော့ ကျမက ဘယ်တော့မဆို ဘယ်အချိန်မဆို ကိုယ်ယုံတာကိုသာ အမှန်အတိုင်း လုပ်တယ်ဆိုတာပါပဲ။ ဒီတော့ လောကမှာ ကျမ အမုန်းဆုံး.. အထင်သေးဆုံးက လိမ်တဲ့ ညာတဲ့ သူတွေပဲပေါ့။ ပြောရင်းဆိုရင်းပဲ ကျမကို လူတွေ တော်တော် ဝေဖန်ခဲ့တဲ့ ၀တ္ထုတိုလေးတပုဒ် တင်ပါဦးမယ်..။ (ခု ပြန်ဖတ်တော့ ပျင်းစရာကြီး)။ ဝေဖန်ချင်သပဆိုသူများကို ကြိုဆိုပါ၏..။ ဒီကြားထဲ အင်မတန် ပြောင်ကျကျ ရေးတဲ့ ပြောတဲ့.. ကိုယ့်ဓါတ်ပုံကြီးတွေ ထုတ်ပြထားတဲ့... အလွန် မအားလပ်တဲ့.. ဘယ်သူ့ကိုမှ တိုက်ခိုက်နေစရာမလိုတဲ့.. ကျမလို မိန်းမကြီးကို ဟိုဘလော့ရေးသလေး.. ဒီဘလော့ရေးသလား... ပြောတာ မေးတာတွေကိုတော့ အလွန် စိတ်ရှုပ်ပါကြောင်းးးး အဆစ် ပြောလိုက်ပါရစေ..။

အလွမ်းသင့်... နာ

သူတို့တတွေရှိရာ စားပွဲဆီသို့ သူလျှောက်သွားစဉ်မှာပင် ပြုံးစစ အကြည့်တချို့၊ ပြီးတော့ အနည်းငယ် ရီဝေသော သနားကြည့်တချို့ကို သူ ခံစားရသည်။ တကယ်ဆို သူ ထူးပြီး တုန်လှုပ်နေဖို့ မရှိတော့။ သူ၏ ပြင်းပျသော စိတ်ခံစားမှုအတွက် ထိုက်သင့်သလောက်တော့ ရင်းရမည်ဆိုသည်ကို သူ လက်ခံထားခဲ့ပြီးပြီပဲ။ သူ ၀င်လာ ထိုင်လိုက်တော့လည်း သူတို့က ပြုံးပြကြမြဲပါပဲ။ သူတို့တစ်တွေရဲ့ မျက်လုံးတချို့က သူ့လွယ်အိတ်ကို အမှတ်တမဲ့လို လှမ်းကြည့်ကြသည်။ ဟော... သူ ချွေးတွေ စို့လာပြီ။ “ဟေ့လူ... လက်ဖက်ရည်လား” တစ်ယောက်က မေးသည်။ အင်းပေါ့။ သူ လက်ဘက်ရည်ခါးခါးတစ်ခွက် သောက်ရမယ်။ သူ စိတ်သက်သာရာ ရနိုင်သည်။ “၀မ်းတီး ခါးခါး” ဟု သူကိုယ်တိုင် သွက်လက်စွာ လှမ်းအော်မှာသည်။ ရှေ့က လူက သူ့ကို ကြည့်သည်။ ကိုအောင်ကျော်ဦး.. ခင်ဗျား အံ့သြနေမှာပေါ့လေ.. ဟုတ်လား...။ သူ့ရဲ့ ပေါ့ပါးလိုက်နိုင်မှုကို ကျေနပ် သွားသည်။ သူ့ကို လှောင်ပြောင်ရှုတ်ချလိုသူများကြား၌ သူ ခဏမျှတော့ နေသာသွားသည်။ ဘေးမှာ ကိုလှကို။ သူ့လွယ်အိတ်ကို ကြည့်ပြန်သည်။ သူ့ကိုယ်က ချွေးတွေနဲ့ အေးလာသည်ထင်၏။ လက်ကိုင်ပုဝါ မီးခိုးရောင် ပါလာမည်ထင်သည်။ မဟုတ်ရင်လည်း အပြာမှိုင်းဖြစ်ဖြစ်ပေါ့။ တစ်ထည်တော့ ပါလာလိမ့်မည်။ အမေက သူ့အတွက် လက်ကိုင်ပုဝါတစ်ထည်ကိုတော့ မမေ့မလျော့ ထည့်ပေးနေကျပဲ မဟုတ်လား။ လွယ်အိတ်ထဲ လက် ထည့်နှိုက်စဉ်မှာ ရှေ့မှာ ထိုင်နေတဲ့ လူက မျက်နှာပျက်သည်။

ကိုဇော်မင်းပေါ့။ သူက ဘာလို့ မျက်နှာပျက်ပြန်သလဲ။ သူသိပါသည်။ သူ၏လွယ်အိတ်အတွင်းက ဖိုင်တွဲအပြာ ကလေးကို သူတို့ မျက်နှာပျက်ကြခြင်းဖြစ်မည်။ သူနှင့် ခင်ထား၏ ပတ်သက်ရမှုကို သူတို့ အမြဲလို လှောင်ပြောင် နေကြတာ...။ ဒီလူတွေဟာ နှလုံးသားမရှိတဲ့ လူတွေပဲလေ။ ခပ်မြန်မြန်ပဲ လက်ကိုင်ပုဝါ ရှာသည်။ တွေ့တော့ သူတို့တတွေ သိသာအောင် ထုတ်ယူကာ နှဖူးနှင့်လည်ကုပ်က ချွေးတွေကို သုပ်သည်။ လက်ကိုင်ပုဝါ ပြန်အထည့်မှာ မဂ္ဂဇင်းအသစ်စက်စက်ကလေးကို သတိရသည်။ မဂ္ဂဇင်းကို ချွေးစော်နံလိမ့်မည်။ မဂ္ဂဇင်းနှင့် ဝေးအောင် ထားသည်။ သူ၏စိတ်အတွင်း၌ တစုံတရာကို ဆာလောင်လာသလို ခံစားရသည်။ လက်ဖက်ရည်ကို အမြန်သောက်။ လက်ဖက်ရည်ပျစ်ပျစ်က လည်ချောင်းအတွင်းကို ခါးသက်သက်နှင့် ၀င်သည်။ မဂ္ဂဇင်းစာအုပ်... မေ့ပစ်။ အထူးသဖြင့်... ခင်ထား... မေ့ပစ်။ ဘယ်ဆေးလိပ်က အပြင်းဆုံးဖြစ်နိုင်မလဲ။ သူ မေ့နေပြန်ပြီ။ ဟုတ်ပြီ။ သုခိတာဖြစ်မယ်။ ဟေ့..ချာတိတ်၊ သုခိတာရှိလား။ ဆေးလိပ်များ၏ အတိုအရှည်ကို သူ ထွာကြည့်နေမိသည်။ တကယ်တော်တဲ့လူတွေပဲ။ ဆေးလိပ်အားလုံးရဲ့ အရှည်တွေက တူညီကြတယ်။ တကယ်ဆို ဆေးလိပ်ရှည်ရင် အကြာကြီး သောက်ရမှာ။ ဒါမှ မူးဝေပြီး ခင်ထားကို ငါ အကြာကြီး မေ့နိုင်မှာ။ ဆေးလိပ်ကို ပတ်ထားတဲ့ ပလတ်စတစ်စမှာ ၀ါဖန့်ဖန့်အစင်းလေးတွေနှင့်။ ကိုမြင့်မောင်ကျော်ရဲ့ သရုပ်ဖေါ်ပုံမှာ ပျံနေတဲ့ငှက်ကလေးက အ၀ါရောင်လေးပဲ။ “တွယ်ရာမဲ့”... တဲ့။ “ခင်ခင်ထား” တဲ့။ ဆေးလိပ်ကလည်း သိပ်မပြင်းပါလား။ ဒီလူတွေက ငါ့ကို စကားမပြောကြဘူး။ ငါပြောရမှာလား။ ငါဘာပြောရမလဲ။ ဒီလပါတဲ့ ခင်ထားဝတ္ထု... ဟာ.. ငါ ပြောလို့ မဖြစ်ဘူး လေ..၊ ငါ့ကို လှောင်ပြောင်ကြဦးမှာ၊ ဒါမှမဟုတ် စိတ်ဖြေဆေးတရား ဟောကြဦးမှာ...။ သူ စိတ်ညစ်လာသည်။ ဆံပင်တွေထဲမှာ ပူနေသလိုပဲ။ ပြီးတော့ တရိပ်ရိပ် မူးဝေလာပြန်သည်။ အပေါ်ကိုမော့ကြည့်တော့ သူ့အပေါ်တည့်တည့်မှာ ပန်ကာက သွက်သွက်လည်လို့ပဲ။ သူကတော့ ချွေးတွေသာ ရွှဲ ရွှဲ လာနေသည်။ မိန်းမတစ်ယောက်ဟာ ဒါလောက် ပုံအောတန်ဖိုးထားပြီး ချစ်ရလောက်အောင် မတန်ပါဘူးတဲ့။ သူ့ကို တစုံတစ်ယေက်က ပြောခဲ့ဖူးတာ။ ခင်ထား ဘယ်လောက် မြင့်မြတ်တယ်ဆိုတာ အဲသည်လို ပြောခဲ့တဲ့သူက သိလို့လား။ “ခင်ထားဟာ သိပ်မြတ်နိုးစရာကောင်းတဲ့ မိန်းကလေး”၊ သူ့မျက်လုံးတွေဟာ ကျနော့်ကြောင့် သိပ် တောက်ပခဲ့ဖူးပါတယ်ဗျာ။ သူ့ရဲ့ ၀တ္ထုရေးတဲ့စိတ်၊ ကဗျာရေးတဲ့စိတ်တွေကို ကျနော်က မက်မောခဲ့တာ...။ ကျနော်နဲ့သူက သိပ်ကို ၀ါသနာတူ၊ အကြိုက်တူကြတယ်။ ခင်ထားပြုံးရင်လေ သိပ် နှစ်နှစ်ခြိုက်ခြိုက် ရှိတာ။ တချို့ကတော့ ခင်ထား ဟက်ဟက်ပက်ပက်ရယ်ရင် မလှဘူးတဲ့။ ကျနော်ကတော့ အဲသလိုပြုံးမှ သူ့ရဲ့နှလုံးထိ တိုးလျိုပေါက်မြင်ရတာမို့ သူ့ရဲ့ချစ်စရာကောင်းတဲ့စိတ်ကို ပိုသိရတယ်လို့ ထင်တယ်။

ဟာ... မဟုတ်သေးဘူး။ ငါ ခင်ထားအကြောင်း ပြောလို့၊ တွေးလို့ မဖြစ်ဘူးလေ။ သူ့ပတ်ဝန်းကျင်ကို သတိရပြန်သည်။ “အလကား... သူ့ကိုဖြင့် ဟိုက ပြန်မကြိုက်ဘဲနဲ့ ကြောင်နေတာ”။ “ခင်ဗျားဗျာ... ကိုယ်တိုင်က ယောက်ျားတစ်ယောက် ပီပီသသ၊ ကိုယ့်နယ်ပယ်မှာ အောင်မြင်နေရဲ့သားနဲ့... ဒီအမျိုးသမီးကိုပဲ...”။ တော်ကြပါတော့ဗျာ... ကျနော်နဲ့ ခင်ထားဟာ သိပ်ခင်တဲ့ သူငယ်ချင်းတွေပါ။ သူ အရက်ဝိုင်းကို တမ်းတသည်။ အရက်ဝိုင်းမှာဆို အရက်အားကိုးနဲ့ ခင်ထားဝတ္ထုတွေထဲမှာ ခင်ထားရဲ့ အချစ် ကို ဘယ်လိုမြင်နိုင်တာ...။ ခင်ထားရဲ့ မြင့်မြတ်တဲ့ စိတ်ထားကို ဘယ်လိုတွေ့ရတာ။ အဲဒါတွေပြော...။ သူစုထားသမျှ ခင်ထားရဲ့ ၀တ္ထုစာရွက် တွေကို တွဲထားတဲ့ ဖိုင်တွဲကို ထုတ်ပြ။ သူကြိုက်သမျှ စာကြောင်းတွေ အလွတ် ရွတ်ပြ။ အရက်မူးနေတဲ့သူတွေကတော့ သူ့ကို မလှောင်ပြောင်ကြဘူးလေ။ ခင်ထားကို သူ ဘယ်မျှ တန်ဖိုးထား ခဲ့ကြောင်းတွေကို ပြောကာ သူငိုရင်ကော၊ ထိုပတ်ဝန်းကျင်လေးကတော့ သူ့ကို လွတ်လပ်ခွင့်ပေးထားသည်ပဲ။ တချိန်မှာတော့ သူ ငြိမ်သက်တိတ်ဆိတ်သွားမည်ပဲ ဖြစ်သည်ကိုလည်း သူ၏ ပတ်ဝန်ကျင်လေးက သိပြီး ဖြစ်သည်။ ခင်ထားဖွဲ့တွေကို တမ်းတလို့ ၀သည့်အခါ ခင်ထား၏ ကျောင်းတွင်း၌ ဖြန့်သော လက်ကမ်းကဗျာ များကို တစ်ယောက်တည်း စကားပြောသလို (ဘယ်သူနားထောင်တာကိုမျှ ဂရုမစိုက်စွာ) တတွတ်တွတ် ရွတ်ကာ၊ မျက်ရည်တွေတွေကျရင်း သူ ငြိမ်သက်သွားမည်ကို သူကိုယ်တိုင်လည်း သိပြီးဖြစ်သည်ပဲလေ။ ဟုတ်သည်။ သူသည် အရက်ဆိုင်ကိုသာ သွားသင့်သည်။ လက်ဖက်ရည်ဆိုင်မှာဆိုလျှင် သူချွေးပြန်မည်။ နှလုံးခုန်မည်။ အသက်ရှူမ၀ ဖြစ်မည်။ လက်ဖျားတွေပင် အေးလာနိုင်သည်။ ခင်ထားကို မေ့ပစ်ရခြင်း၏ ပင်ပန်းဆင်းရဲကို သူ ခံစားရမည်။ ဒါ... နိစ္စဓူဝကိစ္စပဲဖြစ်လျက်။ သူ လက်ဖက်ရည်ဆိုင် ထိုင်ဖြစ်မြဲ။ မဂ္ဂဇင်းစာအုပ်တစ်အုပ်(ခင်ထားဝတ္ထုပါသော)ကို လူသိအောင် ဖုံးကွယ်ပြမြဲ။ ဖိုင်တွဲကို စိတ်အဆာပြေ တယုတယ ပွတ်သပ်မိမြဲ။ လက်ဖက်ရည်ပူ၊ ပျစ်၊ ခါးခါးကို ဇွတ်မှိတ် မျိုချမြဲ။ ခင်ထားရဲ့ မျက်လုံးရယ်ရယ်တွေက လက်ဖက်ရည်ထဲက မလိုင်ဖတ်တွေလို သူ့နှုတ်ခမ်းမှာ စွဲကပ်နေသည်ဟု ထင်လာတတ်မြဲ။ အရက်ဆိုင်မှာဆို နာတာရှာကင်စကီနှင့် တူသော ခင်ထားက (Tess) လိုဝတ်ကာ သူ့ထံ လာနိုင်သည်။ ပြီးတော့ သူ့ရင်ခုန်သံဟာ သိပ်ကို အားရှိနေနိုင်မည်။ သူ အရက်ဆိုင်ကိုပဲ သွားရမှာပါ။

ဒီကနေ့တော့ ဆိုင်ပြောင်းသင့်ပြီ ထင်သည်။ သူ၏ ခင်ထားအပေါ်စွဲသော ချစ်ခြင်းကို..၊ ခင်ထားရဲ့ မြင့်မြတ်မှုကို..၊ လူအများကြီးသိဖို့ သူတတ်နိုင်သမျှ ဖြန့်ချိရမည်။ စင်စစ်တော့ သူ၏ ရင်ဖွင့်လိုသောစိတ်သာ ဖြစ်သည်ကိုလည်း တစ်ချိန်တည်းမှာပင် သူ သိထားပြန်သည်။ ခင်ထားသာ သူ့ဘေးမှာရှိလျှင်တော့ အရင်ကလိုပဲ ပြုံးရယ်ကာ သူ့ကို လက်သီးဆုပ်ဖြင့် ရွယ်လျက် “နင်က အမူးပါးပါ၊ ကိုယ်လိုချင်တာကိုတော့ အမြဲ သိနေမှာပဲ”ဟု ဆိုလိမ့်မည်။ အဲသည် ခင်ထားဟာ သိပ်ထက်မြက်တဲ့ မိန်းမပဲ။ ဘာမဆို သိသည်။ ပြီးတော့ ဘာကိုမဆိုလည်း အောင်မြင်နိုင်ပြန်သည်။ သူ ရည်းစားစကား ပြောတုန်းကရော...။ ခင်ထားက မတုန်မလှုပ်နိုင်လွန်းသည်။ (သူမဘ၀မှာ ခဏခဏ ကြုံခဲ့ရဖူးလို့လည်း ဖြစ်နိုင်သည်။) သည်တော့ ခင်ထား မတုန်မလှုပ်တာကို ကြည့်ရင်း သူကသာ တုန်လှုပ်သွားခဲ့ရသည်။ ခင်ထားက “ငါဖြင့် နင့်ကို ဘယ်တုန်းကမှ ချစ်သူ တစ်ယောက်လို စိတ်ကူးမယဉ်ခဲ့ပါဘူးဟယ်...”ဟု စိတ်ပျက်လက်ပျက် ဟန်ဖြင့် ညည်းပြော ပြောသည့်အခါမှာတော့ ရုတ်တရက်ပင် ခင်ထား သူ့ကို အထင်သေးသွားမှာကို စိုးရိမ်ကာ သူကပဲ သူ၏ ချစ်တယ်ဆိုသောစကားကို ရုပ်သိမ်းပေးဖြစ်ခဲ့သည်။ ထိုစဉ်မှာ ခင်ထားက ဟက်ဟက်ပက်ပက် ရယ်ကာ “နင်ကတော့ ဖြစ်ရမယ်။ မူးရင်လည်း အရင်လို ကဗျာတွေရွတ်မှာ ရွတ်တာမဟုတ်ဘူး။ ရည်းစားစကားဘက်ပဲ လှည့်ရတယ်လို့။ ငါ့အတွက်ကတော့ နင်ကဗျာတွေ ရွတ်ပြတာကပဲ နားထောင်လို့ကောင်းတာပါ စိုးရယ်..” ဟု ပြောခဲ့တာ။ ဘယ်လောက် လိမ်မာပါးနပ်လိုက်တဲ့ မိန်းကလေးလဲလို့။

သည်ကတည်းက သူ့ရင်ထဲက အချစ်ကို တစ်ခါတည်း သိမ်းထားလိုက်ဖို့ ဆုံးဖြတ်ဖြစ်သွားခဲ့တာပဲ။ ထိုဆုံးဖြတ်ချက်နှင့်အတူ ထိုညက သူ မူးမူးမေ့မေ့ဖြင့် ချုံးပွဲချ ငိုဖြစ်ခဲ့တာကို ခုတော့ သတိရနေသေးသည်။ သူသွားရမှာပါပဲ။ ၁၉-လမ်းကိုဖြစ်ဖြစ်၊ လသာလမ်းကိုဖြစ်ဖြစ်။ သူ မူးမှ ဖြစ်မှာ။ ဒီကနေ့ထွက်သော မဂ္ဂဇင်းထဲမှာ ခင်ထားရဲ့ဝတ္ထု ပါလာသည်။ စာရေးဆရာမ ခင်ခင်ထားဟာ ကျနော်နဲ့ သိပ်ကို ရင်းနှီးခဲ့တာ။ သူ့အသားညိုညိုတွေကလေ မှုန်ပြီး ညက်နေတာ... ကျနော် ပြောမပြတတ်ဘူး။ အရောင်တစ်မျိုး ထွက်နေ သလိုပဲ... ၀င်းနေတယ်။ မျက်လုံးတွေကတော့ ကြောက်စရာ အကောင်းဆုံးပဲ၊ စူးရဲပြီး တဖျပ်ဖျပ် တောက်နေ တာ...။ သူ့မျက်လုံးအကြည့်နဲ့တင် အရာရာကို ဖန်တီးလိုက်နိုင်တော့မလိုပဲ၊ သိပ်လည်း စိတ်ထားကောင်းတာ...။ အင်း... ကျနော်နဲ့ သိပ်ခင်ကြတယ်။ သံယောဇဉ်ရှိတာပေါ့ဗျာ။ ဟင်းဟင်း... သူ့ဇာတ်ကောင် ယောက်ျားလေး တချို့ဆို ကျနော်နဲ့တူတယ်လို့ သိတဲ့သူတွေက ပြောကြတယ်။ (ထိုစကားမျိုးကတော့ သူ သိပ် မူးယစ်နေမှ ပြောထွက်သော စကားဖြစ်ပြီး တကယ်တမ်း ဘယ်သူမှ မပြောဖူးခဲ့တာကိုလည်း သူ သိနေတတ်သည်)။ ကြည့်ပါဦးဗျာ.. ဒီနေရာမှာ ခင်ထား စကားလုံးသုံးတာလေး ဘယ်လောက် ထိရောက်သလဲဆိုတာ။ စာကို အရသာခံဖတ်တဲ့ သူတွေကတော့ တန်ဖိုးကို သိမှာပဲ။ ကျနော်ကတော့လား။ သိတာပေါ့ဗျာ။ သူ့ရင်ထဲကို တောင် သိတဲ့သူပဲ။ သူ မူးအောင် ဆက်သောက်ရမည်။ ခင်ထားရဲ့ချစ်သူ ကိုလှိုင်ဘွားကို သတိမရခင်။ ခင်ထားနှင့် ကိုလှိုင်ဘွား၏ မင်္ဂလာဦးညကို သတိမရခင်။ အဲသည် မင်္ဂလာဦးညကို သူ ပြန်မတွေးဖြစ်ခင်။

ခင်ထားရဲ့ မင်္ဂလာဦးညမှာ ကိုလှိုင်ဘွားက ခင်ထားရဲ့မိတ်ဆွေတွေကို ဘက်ခ်ျလာနိုက် လုပ်ပေးခဲ့သည်။ သူလည်း ပါသည်ပေါ့။ ထိုညက ကိုလှိုင်ဘွား၏ ပီတိမျက်နှာမှာ သူ ချောက်ချားနေခဲ့တာပဲ။ သိပ်တော်တဲ့ မိန်းကလေး ခင်ခင်ထားကတော့ ဘလက်လေဘယ်တွေနှင့်အတူ ဣနြေ္ဒရရလေး ထိုင်လို့။ ကိုလှိုင်ဘွားဘေးမှာ သိမ်သိမ်မွေ့မွေ့ ပြုံးလို့။ မူးလျှင် ပွင့်အန်တတ်သော ကိုယ့်ကိုယ်ကိုသိစွာ သူ အရက်ကိုသာ မဲ သောက်နေခဲ့သည်။ တကယ့်ကို တစ်ခွက်ပြီး တစ်ခွက်။ နောက်ဆုံး သူ ဟန်ပျက်စပြုလာစဉ်မှာ သူငယ်ချင်းတစုက ဇွတ်ပဲ အိမ် ပြန် ပို့ခဲ့ကြရသည်တဲ့။ သူကတော့ တစ်ညလုံး နံရံကို ခေါင်းနှင့်တိုက်ကာ ငိုနေတော့သည်တဲ့။ နောက်တစ်နေ့ နေ့လယ်မှ သူနိုးလာတော့ နဖူးမှာ ပလတ်စတာကပ်ထားသော ကိုယ့်ကိုယ်ကို ကြည့်ကာ နာနာကျင်ကျင် ဟားတိုက်ခဲ့တာကိုတော့ သူ ညစဉ် ပြန်တွေးမိမြဲပါပဲ။ ကြည့်ပါဦး။ သူ နာကျင် မူးရူးနေချိန်မှာ ခင်ထား ကတော့.....။ ခုပင် ခင်ထား၏ နှစ်လိုဖွယ် အပြုံးကို မြင်ယောင်ပြန်သည်။ မေ့ပစ်။ ထိုအပြုံးနှင့်ပင် မခင်ခင်ထားက သူ့ရဲ့ပတ်ဝန်းကျင်ကို ဖမ်းစားနေခဲ့တာ။ ကိုလှိုင်ဘွား ဂုဏ်ယူပြောတတ်သော အပြုံးပေါ့။ ထိုအပြုံးကပဲ ကိုလှိုင်ဘွား၏ သူငယ်ချင်းများကိုပင် သူမ၏ သူငယ်ချင်းတွေဖြစ်အောင် လုပ်ခဲ့တာ။ သူ ကိုလှိုင်ဘွားကို ၀န်တို မုန်းထား မရှိခဲ့တာလည်း ခင်ထားရဲ့ ထိုအရည်အချင်းကြောင့်ပင် ဖြစ်သည်။ ကိုလှိုင်ဘွားက သူ့လိုပင် ခင်ထား၏ ကိုယ်ကျင့်သိက္ခာကို မြတ်နိုးစွာ ဂုဏ်ယူတတ်သူပဲ ဖြစ်သည်လေ။ ဒါပေမဲ့ သူ့လောက် ကိုလှိုင်ဘွားက ခင်ထားကို ချစ်နိုင်ပါမလား။ ခင်ထားနှင့် ပတ်သက်လျှင် ခင်ထား စိတ်ရှုပ်၍ မျက်မှောင်ကြုတ်မှာကိုပင် မလိုလားနိုင်ခဲ့တာ။ ဒါကြောင့်ပဲ သူ ခင်ထားကို ဆုံးရှုံးခဲ့လေသလား...။

ဒါပေမဲ့ သူ ကျေနပ်သည်။ ခင်ထားနှင့် သူ စာ အတူ ကျက်စဉ်က ခင်ထားရေးပေးခဲ့သော မှတ်စုနှစ်ပုဒ်ကို ခင်ထားလက်ရေးဖြစ်နေ၍ တမက်တမော သိမ်းထားခဲ့သော သူ့လောက်တော့ ကိုလှိုင်ဘွားက ခင်ထားကို စိတ္တဇဆန်စွာ ချစ်ပါ့မလား။ စိတ္တဇဆန်စွာတဲ့...။ ဒီစကားလုံးကို သူ့ပတ်ဝန်းကျင်က သူ့အတွက် သုံးခဲ့ကြတာ ဖြစ်သည်။ သူ နှစ်သက်စွာ လက်ခံခဲ့သည်။ သူ၏ စိတ္တဇဆန်သောအချစ်မှာ အတ္တမပါ။ ခင်ထားနှင့် ပတ်သက်သမျှ အရာရာတိုင်းကို သူ မြတ်နိုးနိုင်သည်ကို လက်ခံကြရမည်။ ခင်ထားက အပြာရောင် ကြိုက်သည်။ ခင်ထား၏ ၀တ္ထုတို ၁၂-ပုဒ်ကို သိမ်းထားသော သူ၏ ဖိုင်တွဲက အပြာရောင်လွင်လွင်။ ခင်ထားရဲ့ မျက်အိမ်ကျယ်ကျယ် မျက်လုံးစူးကို သူငယ်ချင်းပန်းချီဆရာ မင်းဝေအောင်ကို ရေဆေးဖြင့် ပုံတူ ဆွဲခိုင်းသည်။ သိပ် တူသည်။ အရည်လည်နေသော မျက်လုံးအိမ်တွေနှင့်။ ပြီးတော့ ဖိုင်တွဲမှာ ကပ်သည်။ မြင်သူတိုင်းက ခင်ထားမျက်လုံးဟု သိကြသည်။ သူ အလုံအလောက် မူးလာပြီလား။ မူးရိပ်... မူးရိပ်။


အိမ်ပြန်ရောက်လျှင် လွယ်အိတ်ကို တိုင်မှာ တယုတယ ချိတ်သည်။ ဖိုင်တွဲအပြာက အစွန်းကလေး ထွက်နေသည်။ သူ ပျော်သွားသည်။ သူ့အခန်းကလေးမှာတော့ သူ အရာရာကို ရင်ဆိုင်ရဲသည်။ ဖိုင်တွဲကို ရဲရဲ ကြည့်သည်။ ရင်ဝမှာ နာလာသည်။ သိပ်ဆိုးတဲ့ ဝေဒနာပဲ...။ အဲဒါဟာ အချစ်ပဲတဲ့...။ ခင်ခင်ထားကတော့ ရေးတယ်။ “တွယ်ရာမဲ့” တဲ့။ သူမကတော့ အရာရာကို အောင်မြင်ခဲ့သူကိုး...။ တွယ်ရာမဲ့ရသူ တစ်ယောက်ကို အပေါ်စီးကနေ မြင်နိုင်မှာပေါ့။ ဒီတစ်ခါတော့ ခင်ထားလေးကို သူ မဲ့ပြချင်လာသည်။ စာရေးစားပွဲပေါ်က ခင်ထားကို သူ မဲ့ပြလိုက်သည်။

စားပွဲပေါ်မှာ ခင်ထားနှင့်သူတို့ သူငယ်ချင်းတစ်စု ရိုက်ထားသော ဓာတ်ပုံရှိသည်။ မိတ်ဆွေတစ်ယောက်ထံမှာ ဓာတ်ပုံကို အကြီးချဲ့ပြီး အဖြူအမည်းနှင့် ပြန်ကူးသောစက် ရှိသည်။ ထိုမိတ်ဆွေ၏ အကူအညီဖြင့် ခင်ထားရယ်နေဟန်က ထင်ရှားစွာ သီးသန့်ဖြစ်သွားသည်။ ခုတော့ သူ့ရဲ့ စားပွဲတင် ဓာတ်ပုံ မှန်ဘောင်ထဲမှာ ခင်ထားက လက်နှစ်ချောင်းကို တင်းတင်း ပိုက်လို့။ သူမရဲ့ ကိုယ်ပိုင်အမူအရာနှင့် နှစ်နှစ်ခြိုက်ခြိုက် ရယ်လို့။ ဘေးမှာ နောက် တစ်ပုံ။ ဒါကတော့ မဂ္ဂဇင်းထဲက တွေ့ဆုံခန်းမှာ ရိုက်ထားတဲ့ပုံ။ ခင်ထားနဲ့ မတူပါဘူး။ ခပ်တည်တည်နဲ့ အဝေးကို ငေးနေတာ။ ဒါ ခင်ထားမှ မဟုတ်ဘဲ။ ဟန်လုပ်နေလိုက်တာနဲ့ ခင်ထားဟာ မလှတော့ဘူးပဲ...။ ချစ်စရာမကောင်းတော့ဘူးပဲ...။ ဒါပေမဲ့ ခင်ထားဟာ ခင်ခင်ထား ဖြစ်နေတာကိုး။ အင်းပေါ့လေ...။ သူ ခွင့်လွှတ်ပြန်သည်။ သည်တော့ ခင်ထားဓာတ်ပုံလေးက ခန့်ညားသွားပြန်သည်။ ဒါပါပဲ၊ ဘယ်သူမှ သိပ်မသိဘဲ၊ သူ မိန်းကလေးတစ်ယောက်ထံမှာ ကျဆုံးနေတာ။

"ခင်ခင်ထားကို ကျနော်ချစ်ခဲ့ဖူးသည်" ဟူသော စာတန်းကလေးရေးပြီး စားပွဲမှန်ချပ်အောက်၌ ထည့်စဉ်... ဘေးနားက စာရွက်ပြာပြာကလေးကို သတိထားသွားမိတော့ သူ နံရံကို လက်သီးနှင့် ပစ်ထိုးခဲ့ဖူးသည်။ သူ့လက်တွေ စုတ်ပြတ်သွားခဲ့ရတာ... ဓာတ်ပုံတစ်ပုံကြောင့်ပဲ။ စာရွက်ပြာလေးက စားပွဲမျက်နှာပြင်ပေါ်က မှန်ချပ်အောက်မှာ။ ထိုစာရွက်ပြာကလေးက ဓာတ်ပုံတစ်ပုံကို ဖုံးထားတာ။ အဲသည်ဓာတ်ပုံကို သူ မကြည့်ရဲခဲ့။ ခုရော... ကြည့်ရဲမှာလား...။ ခါးခါးသီးသီး ခေါင်းခါငြင်းလိုက်မိသည်။ ထိုဓာတ်ပုံကို ခင်ထားပေးစဉ်က တစ်ခါသာ သူ ကြည့်ခဲ့ဖူးတာ။ မခင်ခင်ထား ကျေနပ်အောင်။ ခင်ထားက ပုံဆန်းဆန်းနဲ့ သိပ်ခမ်းနားတဲ့ ငွေရောင်ဝတ်စုံနဲ့။ ဆံထုံးမှာလည်း သစ်ခွတွေ ဝေလို့။ (အဲသည်မှာလည်း ခင်ထားနဲ့ မတူဘူးပဲ)။ ငွေနှင်းရောင် ပုဝါရှည်ကြီးက ၀ဲလွင့်လို့။ သူသိပ်မြတ်နိုးတဲ့ ညာဘက်လက်ဖျားတွေက ကိုလှိုင်ဘွားရဲ့ ဘယ်ဘက်လက်ဖျံကို ဆုပ်ကိုင်ခိုတွဲလို့...။ ခင်ထား ပြုံးနေခဲ့သည်။ သူ တခါမှ မတွေ့ခဲ့ရဖူးသည့် သိပ်လှသော စိုစွတ်သည့် မျက်လုံးကြည့်တမျိုးနှင့်။ သူ တခါမှ မမြင်ခဲ့ရဖူးသော နှုတ်ခမ်းစေ့၍ ပြုံးနေသည့် သိမ်မွေ့အပြုံးအေးနှင့်။ ဘေးမှာ ကိုလှိုင်ဘွားက ပြုံးလို့၊ ခင်ထားကို ငုံ့ကြည့်ငေးလို့...။ ထို ဓာတ်ပုံနောက်မှာ “စိုးအတွက် အမှတ်တရ၊ ချစ်သော လှိုင်ဘွား၊ခင်ထား” ဟူသော စာတန်းပါသည်။ ထိုဓာတ်ပုံကို ဆုတ်ဖြဲ ဖျက်ဆီးပစ်ဖို့ သူ အကြိမ်ကြိမ် ကြိုးစားခဲ့ဖူးသည်ပဲ။ မအောင်မြင်ခဲ့။ ခင်ထားရဲ့ အပြုံးနှင့် မျက်လုံးစိုလဲ့တွေကို မလွန်ဆန်နိုင်ခဲ့။

သူ၏ ညက တိတ်ဆိတ်နေသည်။ နေ့တိုင်း ဒီလောက်သောက်ရင် ခက်မယ်သား...တဲ့။ အမေ့စကားသံက ခုမှ ပဲ့တင်ပြန်နေသည်။ ခင်ထားကို မြင်ရတော့မှ။ ကိုးနာရီထိုးပြီ။ ခင်ထား စာရေးနေမှာလား။ “စိုးနော်... နင်ဒီလောက် သောက်ရင် ငါ့ဝတ္ထုထဲမှာ သိပ်ဆိုးတဲ့ ငမူးကြီးနေရာမှာ နင့်ကိုထည့်ရေးပစ်မှာ ” တဲ့။ တစ်နေ့ကပဲ သူမ ပြောခဲ့သေးသည်။ အဲသည်ငမူးရဲ့ ရင်ထဲကို ကြည့်ပြီး နင်ရေးရဲရေးလေလို့ ငါပြောလိုက်ချင်တာ။ ကိုလှိုင်ဘွားကတော့ ခင်ထားကို ငေးနေမှာပဲ။ ခင်ထားက အိမ်မှာနေရင် သနပ်ခါးတွေ မွှေးနေအောင် လိမ်းထား တတ်တာ။ ရှင်မတောင်နံ့။ အရင်က သူမဆီ သွားလည်ရင် သနပ်ခါးနံ့နဲ့ပဲ အမောပြေခဲ့ရတာ...။ ခင်ထားပါးပြင်ကို သူ ခဏ ခဏ ငေးမိခဲ့ဖူးသည်။ ခင်ထားဟာ ပါးပြင်ကို၊ ဆံစတွေကို နမ်းရင်း ငေးနေဖို့သာ ကောင်းတဲ့ မိန်းကလေး ပဲ။ သူ့ရဲ့ နှုတ်ခမ်း ပါးပါးလေးတွေကိုတော့ ငါ တခါမှ မငေးခဲ့ဖူးဘူး။ သူ ဂုဏ်လုပ်၍ ပြုံးဖြစ်ပြန်သည်။

ကိုလှိုင်ဘွား သိပ် ကံကောင်းသည်။ ခင်ထားရဲ့ ၀တ္ထုထဲက“တစ်နေရာမှာ အကြီးအကျယ်တစ်ခု ဖြစ်နိုင်တဲ့ ကျမဟာ မောင့်ရှေ့မှာ မြေမှုန်တစ်စသာဖြစ်တယ်...” ဆိုတဲ့ စာသားတွေကို ဖတ်ပြီးတုန်းကတော့ သူ ကိုလှိုင်ဘွားကို နည်းနည်း မနာလိုဖြစ်သွားမိတာ ခုချိန်မှာတော့ ၀န်ခံရဲသည်။ ပြီးတော့ ထိုစာကြောင်းတွေ အတွက် ကြက်သီးထပြီး ဆို့နစ် ကြေကွဲရပြန်တာလည်း သူဖြစ်ခဲ့သည်။ သူလိုချင်ခဲ့သော ချစ်ခြင်းတွေလေ။ သူ တရိပ်ရိပ် မူးတက်လာသည်။

ခင်ခင်ထားဟာ သူ့ယောက်ျားကို သိပ် တမြတ်တနိုး ချစ်တဲ့မိန်းမ...တဲ့။ မကြားပါရစေနဲ့ဗျာ။ ယောက်ျား တစ်ယောက်မှာလည်း အဆုံးမဲ့ ချစ်ခြင်းဆိုတာ ရှိပါတယ်။ မယုံဘူးဆိုရင် ကျနော့ဆီ လာခဲ့ပါ။ မိန်းကလေးတစ်ယောက်ကို သူ့စိတ်ကလေး မြူတစ်မှုန်လောက် စွန်းထင်းသွားမှာစိုးလို့ ကိုယ့်ကိုယ်ကိုစွန့်ပစ်ခဲ့တာဟာ ကျနော်ပါ။ သတ္တိရှိသင့်တယ်လို့ ဆုံးဖြတ်လိုက်နိုင်ချိန်ကတော့ သိပ်နောက်ကျခဲ့ပါတယ်။ ဒါပေမဲ့ ချစ်ခြင်းကတော့ နောက်ကျခဲ့တာ မဟုတ်ဘူး။ အခွင့်အရေးသာ နောက်ကျခဲ့တာပါ။ ခင်ထားဟာ အိမ်ထောင်သည်တစ်ယောက် ဖြစ်တယ်။ ကျနော် မစွဲလမ်းသင့်ဘူး...တဲ့။ ကျနော် မစွဲလမ်းပါဘူးဗျာ။ မချစ်ပါဘူးဗျာ၊ မပြစ်မှားပါဘူးဗျာ၊ ခင်ခင်ထားဟာ ကျနော်နဲ့ သိပ် ရင်းနှီးတာပါ။ သိပ်ကို ခင်ကြတာပါ။ သူ့ရဲ့ ဦးနှောက်မှာ၊ နှလုံးသားမှာ၊ သိပ်ကြီးကျယ်တဲ့ အချစ်မျိုးတွေ ရှိနေတာ။ ကျနော် သိပ်မြတ်နိုးတဲ့ တန်ဖိုးတွေပေါ့။ ချစ်သူကို အမြဲအရိပ်လို ကြည့်နေနိုင်တဲ့၊ အပြင်မှာရော စာတွေထဲမှာပါ ချစ်နိုင်တဲ့ မိန်းမဟာ ခင်ထားပဲ ရှိမှာ။ ကိုလှိုင်ဘွားကလည်း ချစ်မှာပဲပေါ့။ အမြဲတမ်း ကိုယ့်လက်မောင်းကိုတွဲ၊ ကိုယ့်မျက်နှာကို တမြတ်တနိုးကြည့်ပြီး တီတီတာတာပြောတတ်တဲ့ မိန်းမတစ်ယောက်ကို ဘယ်ယောက်ျားက မချစ်ဘဲ နေနိုင်မှာလဲ၊ ကျနော်ဖြင့် ခင်ထားကို ကိုလှိုင်ဘွားလိုချစ်တဲ့ သူဟာ ခင်ထားပတ်ဝန်းကျင်မှာ ပြည့်နေမှာပဲလို့တောင် ထင်မိတယ်။ သူ့အရည်အချင်းပေါ်မှာ မာနရှိတာကတော့ ခင်ထားကို အပြစ်ပြောလို့မရဘူး။ ခင်ထားက အောက်ခြေလွတ်တဲ့ မိန်းကလေးမှ မဟုတ်ဘဲ။ သိပ် ယောက်ျားဆန်တဲ့ မိန်းမဗျ။ ဒါပေမဲ့ သူ့ကို အဲလိုပြောရင် မကြိုက်ဘူး။ “နင်တို့က ကောင်းတာကျတော့ ယောက်ျားဆန်တယ်လို့ ပြောတယ်။ မကောင်းတဲ့အကျင့်ကျတော့ မိန်းမဆန်တယ်လို့ ပြောတယ်။ တကယ်ဆို ကောင်းတဲ့ ယောက်ျားရှိတာပဲ၊ ကောင်းတဲ့မိန်းမလည်း ရှိတာပဲ။ ဒါကို လူသားဆန်တယ်လို့ပဲ ပြောဖို့ကောင်းတာ။ တကယ်တန်းကျတော့ ‘အိမ်ဦးနတ်’တွေ ဘာတွေပြောပြီး အခွင့်အရေးယူတာမျိုးကသာ တကိုယ်ကောင်းဆန်တာ၊ အတ္တကြီးတာ၊ မကောင်းတာပဲ။ ဒီနေရာမှာ ကျတော့ တို့မိန်းမတွေ မပါဘူး” လို့ ပြန် ပြန် ပြောတတ်တယ်။ ပြီးတော့လည်း သူကပဲ ကိုလှိုင်ဘွားကို နေရာတကာ ဦးစားပေးတာ။ ဒါကြောင့် ပြောတာပေါ့။ ယောက်ျားတစ်ယောက်အတွက် သိပ်အဖိုးတန်တဲ့ မိန်းမပါလို့။ ဒါကတော့ ယောက်ျားတစ်ယောက်ရဲ့ အတ္တနဲ့ ဆုံးဖြတ်တာပါ။ ထမသွားကြပါနဲ့ဦးဗျာ...။ ပြီးတော့ ဒီနေ့အဖို့ ဒါ နောက်ဆုံးပါပဲဗျာ။ ခင်ဗျားတို့ နားညည်းလှပြီဖြစ်တဲ့ “ခင်ထားချီးမွန်းခန်း”တွေ ပြီးသွားတော့မှာပါ။

ကျနော် ကြိုးစားပါတယ်ဗျာ...။ ကျနော့်ရဲ့ ဒီအလေ့အကျင့်တွေကို ဖျောက်ပစ်ဖို့။ ကျနော် လူမှုရေး ဖောက်ပြန်တာ မဟုတ်ပါဘူးဗျာ။ ခင်ထားကို ကျနော် တချိန်တုန်းကသာ ချစ်... ခဲ့... တာ... ပါ။ ခု... ခင်ထားဟာ ကျနော့်သူငယ်ချင်းပါ။ သိပ် ရင်းနှီးတာ။ အင်မတန် မြင့်မြတ်တဲ့ မိန်းမ။ ကျနော့်ကို “မြုံထားတတ်လွန်း၊ သိုဝှက်တတ်လွန်းတာ၊ ပြီးတော့ ရဲဆေးတင်တတ်တာ မကောင်းဘူး... စိုးရဲ့” လို့ ဝေဖန်နိုင်ခဲ့တဲ့ မိန်းကလေး။ သူ့ယောက်ျားကိုလှိုင်ဘွားက ခုချိန်ဆို သူ့ကို ငေးပြီး သူ့ဆံပင်ရှည်ရှည်တွေကို စုံစုံမက်မက် ပွတ်သပ်နေမှာပဲ။ သူကလား... သူ သိပ်ချစ်တဲ့သူကိုပဲဗျာ။ သူ့ထုံးစံအတိုင်း “မောင့်ကိုသိပ်ချစ်တာ”လို့ ဖွင့်ပြောပြီး ပတ်ဝန်းကျင်ကိုလည်း ဂရုမထားဘဲ ကိုလှိုင်ဘွားရဲ့ နှာတံကို လက်နဲ့ ခပ်ဖွဖွ ညှစ်ပစ်လိုက်မှာပေါ့။ သူ့ မျက်လုံး တွေကလည်း ကျနော်ရင်ဆို့သွားရတတ်တဲ့ စိုစွတ်လက်လက် အရောင်တွေနဲ့ ကိုလှိုင်ဘွားကို ကြည့်နေမှာပေါ့။

ကျနော့်ဓာတ်ပုံတွေထဲမှာတော့ သူ့မျက်လုံးတွေက စူးစူးရဲရဲသာ ရှိနေမှာပါ။ အခန်းပတ်ပတ်လည်က သူ့မျက်လုံးပွားတွေကလည်း ဒီလိုပါပဲဗျာ။ သူ့ဝတ္ထုတစ်ပုဒ်ထဲမှာလည်း မျက်လုံးတွေကို ပန်းချီဆွဲတဲ့အကြောင်း ပါဖူးသေးတယ်။ ကျနော်က သူပေးတဲ့ နာမည်ကို ကြိုက်လို့ သူ့မျက်လုံးပုံတူကိုလည်း “တွယ်ရာ”လို့ နာမည်ပေးထားတယ်။ ဒီကနေ့ ၀တ္ထုကလေးကရော...။ ကောင်းလိုက်တာဗျာ။ ဒီတခါတော့ ကောင်လေး နာမည်က “နောင်စိုး”တဲ့။ ကောင်မလေးက “စိုး” လို့ ခေါ်တယ်တဲ့။ အဲသည် “စိုး” က အရက်သောက်ပြီး ဘ၀ပျက် နေတာတဲ့၊ ကောင်မလေးက မုန်းတယ်တဲ့။ ဟင့်အင်း... သူလား... ကျနော့်ကို မုန်းမှာ.. မဟုတ်ပါဘူး။ သူက ကျနော့်ကို ဘယ်တော့မှ မုန်းမှာ မဟုတ်ပါဘူး။ ပြီးတော့လား ချစ်... မှာ... လည်း... မဟုတ်... ဘူး။

သူ အိပ်ပျော်မှောက်ကျသွားစဉ်မှာတော့ သူ့တကိုယ်လုံး အေးစက်လို့ နေသည်။ တစ်လျှောက်လုံး ဒုက္ခပေး ခဲ့သော ချွေးတွေကလည်း ခုတော့ သိပ်လို့။ နဖူးစပ်မှာတော့ တ၀က်တပျက် ရှိနေသေးသည်။ သူ့လက်ဖ၀ါးထဲမှာမူ ဘယ်တုန်းက ထုတ်ယူ ချေမွထားမှန်းမသိသော မင်္ဂလာစုံတွဲ ဓာတ်ပုံတစ်ပုံ။ ခန္ဓာကိုယ်ကတော့ စားပွဲခုံပေါ် မှောက်ချလျက်အနေအထားနှင့် ကျင့်သားရနေသကဲ့သို့ သက်သောင့်သက်သာ ရှိလို့။ သူ့ရဲ့ ငိုက်စောင်းလဲကျနေသည့် ဦခေါင်းနံဘေးမှာတော့ ခင်ခင်ထားက လက်ပိုက် ပြုံးရယ်လို့...။

မေငြိမ်း
၁၉၉၀-ဇန်န၀ါရီလ
မဟေသီ

Jul 14, 2008

ဂျစ်ကလေးဖို့ ရေးဖြစ်တဲ့ စာ


အဂျစ်ကလေးလို့ ကျမက သူ့ကိုခေါ်တတ်တယ်။ ကျမက သူ့ဘလော့ ၀င် ၀င် ဖတ်.. သူတင်ထားတဲ့ သီချင်းတွေက ကျမနဲ့ အကြိုက်ချင်း တူ..။ နောက် လူချင်းတွေ့တော့ "ဒီကလေးမလေး နိုင်ငံခြားမှာကြီးပြီး အမတို့ခေတ် သီချင်းကြီးတွေတော့လည်း သိသားပဲ.." လို့ ကျမပြောတော့ ရယ်ပြီး "အမကလည်း ဂျစ်က သီချင်းကြိုက်တာပဲဟာ.. သိတာပေါ့"တဲ့။ တကယ်ပဲ ငယ်ငယ်ကလေးထဲက ရေခြားမြေခြားမှာ ကြီးရပေမဲ့ မြန်မာစာ မြန်မာစကားမှာ ကြိုးစားထိန်းသိမ်းနေတဲ့သူ..။

နောက်တော့ သူနဲ့ ကျမက အကြိုက်တွေ တော်တော်တူ.. ဈေးဝယ်လို့ကောင်း.. လျှောက်လည်လို့ ကောင်း။ အချစ်အကြောင်း ဘ၀အကြောင်းတွေ ပြောလို့ ကောင်းပေါ့။ ပြီးတော့ ပညာရေးပိုင်း စိတ်ဝင်စားတာ သူနဲ့ ကျမ လိုင်းတူ။ သူက အများကြီးငယ်ပေမဲ့ ပညာရေးနဲ့ပတ်သက်ရင် ကျမက သူ့ဆီက ရတာတွေအများကြီး..။ ပြီးတော့ သူ ဘယ်လောက်အလုပ်များလည်း ကျမ သိပါတယ်..။ ဒါပေမဲ့ ကျမ တခုခုလှမ်းမေးရင် အမြဲ သေသေချာချာ ဖြေပေးတတ်တဲ့ ညီမလေး။ မွေးချင်းထဲ အမတွေမရှိပေမဲ့.. တစ်ဦးတည်းသော သမီးပေမဲ့ အမတွေကို ဘယ်လိုချစ်ရမယ်လို့ နားလည်တဲ့.. တကိုယ်ကောင်းမဆန်တဲ့ ညီမလေး..။ သူ့ကို အမြဲ ပျော်နေရစေချင်တာ..။ ဂျစ်ကလေးက ပြုံးရင် မျက်လုံးကပါ ပြုံးတာလို့ ကျမပြောတော့ အမက ကြံဖန် ပြောတတ်တယ်.. ဆိုပီး ရှက်တက်တက်နဲ့ ရယ်တတ်တယ်။ အိမ်မှာ ကျမရဲ့ မျောက်သုံးကောင်နဲ့ လုံးထွေး.. ။ ခဏလေးအတွင်း ကျမရဲ့ မျောက်လေးတွေက မမ.. မမ နဲ့ သူ့ကို ချစ်သွားတာ။ ပြီးတော့ ဒီဘက်က ရွှေ့ပြောင်းကလေးတွေရဲ့ ပညာရေးအတွက် စိတ်ပူပြီး နိုင်သလောက်ကူတဲ့ ညီမလေး။ ကိုယ့်ခံစားချက်ထက် သူများခံစားရမှာကို တွေးပူတတ်တဲ့ညီမလေး..။ အဲဒီလို စိတ်ဖြူတဲ့ ညီမလေး.. ချစ်စရာကောင်းတဲ့ ညီမလေး..။ ခု သူကလေးတောင် ဘ၀ရဲ့ အထင်ကရ မှတ်တိုင်တတိုင်လို့ပြောနိုင်တဲ့ သုံးဂဏန်းနဲ့ မျက်နှာချင်းဆိုင်ပြီ။

ဘာပဲဖြစ်ဖြစ်.. ကျမတို့ရဲ့ ညီမထွေးကလေး ရှေ့ဘ၀ခရီးတလျှောက် လိုရာဆန္ဒပြည့်ဝပြီး စိတ်ချမ်းသာ ပျော်ရွှင်စွာ လျှောက်လှမ်းနိုင်ပါစေ..။ သုံးဂဏန်းမှသည်.. များစွာ.. များစွာတိုင်............................

ချစ်တဲ့ အမကြီးးး

Jul 12, 2008

သေသွားတဲ့ ပန်းပွင့်

လွန်ခဲ့တဲ့ ၁၀နှစ်လောက်က ထင်ပါတယ်။ Beauty Magazine မှာ စာရေးဆရာကြီးတွေ (မှတ်မိသလောက် ဦးအောင်သင်း၊ မောင်ကိုယု နောက်တယောက်က ဆရာငြိမ်းကျော်လား.. မသေချာပါ) အချစ်ဟာ လူငယ်တွေ အတွက် မောင်းနှင်အားဖြစ်တယ်ဆိုတဲ့ ခေါင်းစဉ်ကို ၀ိုင်း ဆွေးနွေးခဲ့ကြဖူးပါတယ်။ တကယ်တော့ "သုံးတတ်ရင်ဆေး မသုံးတတ်ရင်ဘေး"ဆိုတဲ့ အညွှန်းက အချစ်ကိစ္စနဲ့လည်း သက်ဆိုင်ပါတယ်။ အချစ်ဆိုတာ ဟာ မေတ္တာတရားနဲ့ ယှဉ်မှပဲ ဆေးဖြစ်မှာပါ။ မေတ္တာတရားကသာ ခွင့်လွှတ်မှု၊ နားလည်ပေးမှု၊ ကိုယ်ချင်းစာမှု တွေ ပါတာလေ..။ နောက်ပြီးတော့ မိန်းမတွေနဲ့ ပတ်သက်တဲ့ အစဉ်အလာဖိစီးမှုတွေ၊ ဘ၀ပေး အခြေအနေတွေထဲမှာ တခါတလေ စိတ်မချမ်းသာစရာတွေ ကြုံရတတ်တာကြောင့် လူမှုဘ၀ထဲ အောင်မြင်သင့်သလောက် မအောင်မြင်ရတာတွေ....။ ကျမ အဲဒါတွေကို ကိုယ်ချင်းစာ ခံစားမိချိန်မှာ ကျမ ဒီ ၀တ္ထုတိုလေးကို ရေးဖြစ်ခဲ့တာပါ။


သေသွားတဲ့ ပန်းပွင့်

(here)
(၁)
အဖေက ပြောရိုးပြောစဉ် စီးပွားရေးကိစ္စမျိုးလို ပြောလာသည်မို့သာ တော်တော့သည်။ မဟုတ်လျှင် သွေးပျက်လု များ ရင်ခုန်သွားဖြစ်မလား မသိ။ ‘သမီိးကို မောင်နိုင်ဦးနဲ့ လက်ထပ်ပေးချင်လို့’ တဲ့။ အို... သူမ စိတ်ကူးခဲ့ဖူးသော အဖြစ်အပျက်တစ်ခုပဲမဟုတ်လား။ ဒါပေမယ့် သူမ စိတ်ကူးခဲ့ဖူးတာထက် ကိုနိုင်ဦိးကိုယ်တိုင်က သူမကို ချစ်တယ်ဟု ဖွင့်ဟပြောဆိုစေချင်ခဲ့တာ။ ဒါပေမယ့် ကိုနိုင်ဦိးကိုယ်တိုင်က ချစ်မြတ်နိုးလို့သာ ခုလို တောင်းဆို လာတာပဲ ဖြစ်မှာပါနော်။ ဘာပဲဖြစ်ဖြစ် သူမ ဟန်ဆောင်၍ပင် မငြင်းဆန်ရဲခဲ့။

ကိုနိုင်ဦးကို သူမသဘောကျသည်။ ပို၍ လေးနက်ရလျှင် သူမ ဘ၀တလျှောက် ကြုံခဲ့ရသော အမျိုးသားနှစ်ဦိး အပေါ် စိတ်ဝင်စားခဲ့ဖူးသလိုပင် သူမ ကိုနိုင်ဦိးကိုလည်း စိတ်ဝင်စားသည်။ ရင်ခုန်သည်။ ကုန်ခဲ့သော တက္ကသိုလ် ပညာသင်နှစ်တွေကို ပြန်သတိရလျှင်တော့ တစုံတရာကို လတ်လတ်ဆတ်ဆတ် နာကျည်းမိမြဲ ဖြစ်ဆဲပင်။ ထိုတစုံတရာသည် လူတချို့ဖြစ်သလိုပင် သူမကိုယ်တိုင်လည်း ဖြစ်တတ်၏။ ထို့ပြင်၊ သူမ၏ ကံကြမ္မာလည်း ဖြစ်တတ်၏။

အဖေ့ကို တစုံတရာ မတုံ့ပြန်ဖြစ်ဘဲ ငေးမောနေမိသည်။ အသားဖြူဖြူ၊ အရပ်မြင့်မြင့်နှင့် ရုပ်ရည် မချောလှသော်လည်း သူမထက်ပို၍ ကြည့်ကောင်းအဆင်ပြေသော ကိုနိုင်ဦးသည် သူမ၏မိသားစုနှင့် အံဝင် ခွင်ကျစွာ ကျွမ်းကျင်သော စီးပွားရေးသမားလည်း ဖြစ်ပြန်သည်။ နောက်တော့ သူမထက်ပင် မြင့်သော ပညာဘွဲ့တစ်ခု ပိုင်ရှင်။
‘ဘယ်လိုလဲ ကျော်ကျော်’
အဖေ့အမေးကို ဖြေဖို့ ရှက်နေမိပြန်သေးသည်။ သို့ပေမဲ့၊ သူမသည် ပညာတတ်ပီသစွာ ဟန်လုပ် တတ်၏။
'အဖေတို့က ကောင်းမယ်လို့ထင်တယ် မဟုတ်လား'
အဖေက သူ့ကို ပြုံးပြသည်။ အဖေ့အပြုံးဟာ တမျိုးပါပဲဟု ထင်မိတော့ စိတ်တိုချင်ချင် ဖြစ်သေး၏။
‘ညည်းအမေကလည်း သဘောကျတယ်၊ အဲဒါ ညည်းသဘောကျရင် စီစဉ်ဖို့’
တကယ်ဆို သူမ ထုံးစံအတိုင်း ဆင်ခြေပေး အတွန့်တက်ကာ စကားမများသင့်လား...။ ‘ကျော်နဲ့ဖြစ်ပါ့မလား အဖေ’ ဆိုတာတို့၊ ‘ကိုနိုင်ဦး သဘောထားရော ဘယ်လိုရှိလဲ’ဆိုတာတို့၊ ‘ကိုနိုင်ဦး မိဘတွေက စီစဉ်ချင်တာလား အဖေ’ ဆိုတာတို့ ပြောရမှာ ဖြစ်သည်။

ဒါပေမဲ့၊ ဒီတစ်ကြိမ်မှာတော့ သူမ ဟန်မလုပ်လိုတော့ပါ။ ‘အချစ်’နှင့်ပတ်သက်လျှင် ဟန်မဆောင်ပါဘဲ၊ မလိမ်ညာပါဘဲ စစ်မှန်ခဲ့ပါလျက် ကံဆိုးလေ့ရှိခဲ့ရသော သူမအတွက်တော့ အသက်သုံးဆယ်အရွယ်မှာ ကံကောင်းဖို့ သင့်ပါပြီ။
‘အဖေ့ သဘောပဲလေ’
တကယ့်ကို တုန်လှုပ် တိုးတိမ်စွာ အဖေ့ကို စကားပြန်ဖြစ်ခဲ့သည်။ ပိုင်ဆိုင်ရဖို့ မြင်နေပါလျက်နဲ့ ဆုံးရှုံးလိုက်ရခြင်း မျိုး ကို ထပ်မံ ရင်ဆိုင်ရမှာ စိုးရိမ်မိသော၊ တုန်လှုပ်မိသော တိုးတိမ်မှုပဲ ဖြစ်ပါလိမ့်မည်။
‘လက်ထပ်ပြီးစီးခြင်း’
‘မောင်နိုင်ဦိး- မခင်ကျော်ကျော်’
ဟူသော စာလုံးတွေကို မြင်ယောင်မိတော၊့ ပြုံးလိုက်မိသော သူမအပြုံးမှာ မျက်ရည်စတို့ စွန်းပေ၏။

ယောက်ျားလေးတစ်ယောက်လို ကြံ့ခိုင်ထက်မြက်သော သူမသည် စင်စစ်တော့ ၀မ်းနည်းလျှင် အံကြိတ် ခံစားတတ်သော်လည်း ၀မ်းသာကျေနပ်လျင်တော့ မျက်ရည်ကျတတ်သော နူးညံ့သည့် မိန်းမငယ် တစ်ယောက်ပဲ မဟုတ်လား။
(၂)
တက္ကသိုလ်၏ ပညာသင်ချိန်များက သူမကို အတန်သင့် ပျော်ရွှင်ကျေနပ်မှုပေးခဲ့သည်။ သူမသည် တက္ကသိုလ် တတိယနှစ်တွင် အသက်နှစ်ဆယ့်ငါးနှစ်ကျော်ပြီဖြစ်ရာ သူမ၏ သူငယ်ချင်းအဖွဲ့တွင် အစ်မကြီးသဖွယ် ဖြစ်ခဲ့သည်။ ပင်ကို ပျော်တတ်သော်လည်း ဣနြေ္ဒနှင့် နေတတ်သော သူမအတွက် စိတ်ထိခိုက်ခံစားခဲ့ရသမျှတို့ကို ဣနြေ္ဒမပျက် ရင်ဆိုင်နိုင်ခဲ့သည်ကိုတော့ ခုတိုင် သူမ ကျေနပ်ရသည်။

+++++

တကယ်တော့၊ ‘ဝေလွင်’က စခဲ့တာဟု ခုတိုင် ယြုံကည်သည်။ သူမနှင့် အတန်းဖော် ဝေလွင်ဆိုသော ကောင်လေးသည် သူမထက် သုံးနှစ်ခန့်ငယ်နိုင်သည်။ ပြီးတော့၊ ရုပ်ရည်မလှပရုံမျှမက ကြည့်ပျော်ရှုပျော် အသွင်အပြင်ပင်မရှိသော သူမကို ကောင်မလေးတချို့၏ စိတ်ဝင်စားခြင်းခံရသော ‘ဝေလွင်’က နှစ်သက် ပါ့မလားဟုပင် သူမကတော့ (ရိုးသားလှစွာ) မတွေးမိခဲ့။ သူမက ယောက်ျားတို့သည် မိန်းမတို့၏ ‘အရည်အချင်း’ကို အလေးထားလိမ့်မည်ဟု ထင်ခဲ့ဖူးသည်ကိုး။ သူမက စိတ်ကောင်းရှိသည်။ ငွေကြေး ပြည့်စုံပါလျက် မာန်မာန မရှိ။ ရိုးသားသည်။ ထိုအရည်အချင်းတို့ကြောင့် သူမအတွက် ‘အချစ်’ဆိုတာက ရောက်ရှိ ဖြစ်ပေါ်နိုင်သည်ဟု ယုံကြည်ထားခဲ့သည်။

အသားညိုညိုနှင့် အရပ်သိပ်မမြင့်သကဲ့သို့ ရုပ်ရည်လည်း မချောလှသော ဝေလွင့်ကို သူမ ဘာကြောင့် ချစ်ခဲ့မိသည်ကို ခုထိတိုင် ကိုယ့်ကိုယ်ကိုနားမလည်သေး။ ဝေလွင်က သူမကို ခိုးခိုးကြည့်တတ်သည်ဟု ထင်သည်။ ပြီိးတော့ လှစ်ခနဲလည်း ပြုံးပြတတ်သေးသည်။ ပထမတော့ သူမရှက်ရွံ့ကာ ထိုအဖြစ်အပျက်ကို ဖုံးကွယ်ထားခဲ့သေးသည်။ ဒါပေမဲ့၊ သူမတို့အဖွဲ့ထဲမှ ရည်းစားပျက်ထားသော ညီိမကဲ့သို့ ခင်မင်သော မိန်းကလေးက ဝေလွင့်ကို အရေးအရာလုပ်ချိန်မှာတော့ သူမတစ်သက်လုံး ထိန်းထားခဲ့သမျှတို့ ယိုယွင်းကာ မလုံမလဲနိုင်စွာ ဝေလွင်နှင့် သူမ၏ပတ်သက်နေမှုကို ပြောပြဖြစ်ခဲ့သည်။

ထိုစဉ်မှာတော့ အဖွဲ့သားတွေက ပြုံးရယ်ကျီစယ်ခဲ့ကြသေး၏။ နောက်တော့၊ ဝေလွင်ကို သူမ၏ တဘက်သတ်ပိုင် ပစ္စည်းအဖြစ် သတ်မှတ်လိုက်ကြတော့၏။ ဝေလွင်ကလည်း ပိုကဲလာသလိုပင်။ သူမကို မကြားတကြားပင် စလာသည်။ အကျည်းတန်ချစ်သူ.. ဘာ.. ညာ.. နှင့်။ သူမကတော့ စိတ်မဆိုးနိုင်ခဲ့။ ဒီိဂရီမျက်မှန်အောက်က ဝေလွင့်မျက်လုံး အရောင်လက်လက်၌ ရင်ခုန်ကာ စက္ကန့်တွေကို မေ့ခဲ့သည်။ အို... ပတ်သက်ခဲ့ကြတာ အကြာကြီးမှ တကယ့်ကို အကြာကြီးပါ။

တတိယနှစ် တစ်နှစ်လုံးလိုလို၊ လများစွာကြာအောင် ‘အချစ်’ဆိုတာ၌ သူမ မေ့လျော့မိန်းမောနေခဲ့သည်။ အချစ်ကို သူမ ထိုစဉ်ကျမှ တွေ့ဖူးခြင်းလည်းဖြစ်သည်။ ဝေလွင့်ကြောင့် အိပ်မက်တွေ လှခဲ့သည်။ အချိန်တွေ လှခဲ့သည်။ ပစ္စပ္ပန်တွေ၊ စိတ်ကူးတွေ လှခဲ့သည်။ သူမကို ဘယ်သူတွေ လှောင်ပြောင်နေကြလဲ။ ဘယ်သူတွေ စုပ်သပ်နေကြလဲ။ ဘယ်သူတွေစိတ်ပျက်နေကြလဲ။ ဘယ်သူတွေ နောက်ကျော ဓါးနဲ့ထိုးနေကြသလဲ... လုံးဝ သတိ မမူမိခဲ့။

သို့ပေမဲ့၊ သူမ၏ကံကြမ္မာကတော့ ကြည့်မနေခဲ့ပါ။ သူမ၏ ရည်းစားပျက် သူငယ်ချင်းမလေး ‘ငြိမ်း’နှင့် ဝေလွင်တို့ ပတ်သက်နေကြတဲ့။ ကာယကံရှင် သူငယ်ချင်းမကိုယ်တိုင် ပြောနေသော စကားလုံးတွေက အန်ဖတ်တွေလိုပဲ။ ပြီးတော့၊ ထိုကောင်မလေးကို အညစ်အကြေးပုံကြီိးအဖြစ် မြင်သည်။ ရက်စက်လိုက်တာ။ အရှက်တရားကို သူမ လူးလိမ့်နေအောင် ခံစားရစဉ်မှာပင် စိတ်မာသော သူမ၏ ‘အချစ်’က အလွယ်တကူ ပျက်စီးနိုင်ခဲ့သည်။ နောက်တော့၊ ဝေလွင်နှင့် ငြိမ်းမဟုတ်သော နောက်ထပ်ချစ်သူတစ်ဦိးကိုပင် သူမ ပြုံးရယ် ကြည့်နိုင်ခဲ့တော့ သည်။
ဒါပေမဲ့၊ ကုန်ခဲ့သော အချိန်တချို့မှ သူမ၏ မျက်ရည်မဲ့ငိုကြွေးခဲ့ရခြင်းတို့ကြောင့် သူမ၏ ချစ်ခြင်းမှာ အက်ကြောင်းရာ ထင်ခဲ့ရတာကတော့ သေချာလှသည်။

(၃)
‘အချစ်’ကို ကြောက်သွားသော သူမအတွက် ကိုစိုးသစ်က ဒုတိယဒဏ်ရာ ဖြစ်ခဲ့ရသည်မှာတော့ ချစ်မိပြန်သော သူမ၏ အပြစ်သာ ဖြစ်သည်။ သူမထက် အတန်းကြီးသော ကိုစိုးသစ်က သူမတို့အဖွဲ့၏ နားမလည်သော ကျောင်းစာတို့ကို ရှင်းပြလေ့ရှိသည်။ စာတော်သော ကိုစိုးသစ်သည် စာရိတ္တကောင်းမွန်ခြင်း၊ သူမကဲ့သို့ အနုပညာ၌ မွေ့လျော်ခြင်းတို့ဖြင့် သူမ၏အချစ်ကို ဒုတိယအကြိမ် ဆွဲငင်ရယူခဲ့သည်။

မလိုအပ်ပါဘဲနှင့် ရိုးသားချင်ပြန်သည်လား။ သို့မဟုတ်၊ သေဖူးခဲ့သူလို သူငယ်ချင်းမတို့ကို စိတ်မချသည်လား။ သူမကိုယ်တိုင်ပင် မသေချာစွာ အဖွဲ့ကို ကြေညာမိပြန်သည်။ ‘ကိုစိုးသစ်’ကို သူမ သဘောကျသည်ဟု ထုတ်ပြောတော့ သူမရင်၌ ကိုစိုးသစ်၏ချစ်ခြင်းကို ပိုင်ဆိုင်ခွင့်ရဖို့ ဆန္ဒပြင်းပျနေခဲ့၏။ သူမမျက်နှာ၌ ထိုချစ်အရိပ်တို့ကို သိသာစွာ တွေ့နိုင်ကြပါလိမ့်မည်။ သည်တကြိမ်တော့ဖြင့် သူမပျော်ရွှင်ရမည် ထင်ခဲ့သည်။

ကိုစိုးသစ် ပြောလာမည့် ‘ချစ်တယ်’ဆိုတာကို သူမကြားယောင်ရုံမျှနှင့်ပင် နှလုံးသွေးတို့ လှိုက်လှိုက်ဆူသည်။ ဒါကလည်း ‘ချစ်တယ်’ဆိုသော စကားတိုးဖွကို ရင်ခုန်ဖိုလှိုက် လက်ခံလိုတာ တစ်ခုတည်းကြောင့်သာ ဖြစ်၏။

+++++

သည်တကြိမ်၊ ‘ငြိမ်း’၏ ပတ်သက်မှုကတော့ သူမကို ဘယ်လိုမှ ခွင့်မလွှတ်နိုင်အောင် ဖြစ်စေခဲ့သည်။ ငြိမ်းသည် အချစ်၌ သူမထက် ကံကောင်းသူဖြစ်ပါလျက် ကိုစိုးသစ်ကိုမှ ရွေးချယ် ပတ်သက်ခဲ့ပြန်သည်။ သူမ၏ ရင်တွင်းအမုန်း၌ ထိုကောင်မလေး မီိးလောင်ပြာကျခဲ့သည်။ သူမ၏ ကိုစိုးသစ်ကတော့ သူမ၏အချစ်ကိုပင် မြင်တွေ့တတ်သူ မဟုတ်ခဲ့ပါ။ ထိုကြောင့်၊ ချစ်မိသူထံ၌မူ သူမ သိက္ခာ မယွင်းခဲ့ပါ။ သို့ပေမဲ့၊ သူငယ်ချင်းဒဏ်ကို လိမ့်နေအောင်ခံရသော သူမကတော့ အားလုံးနှင့်ဝေးရာ ဇာတိမြို့လေးဆီကို ထွက်ပြေးရတော့သည်။ သည်လိုနှင့် သူမ မက်မောလှသော အချစ်နှင့် သူမ အဝေးကြီး ဝေးခဲ့ရပြန်သည်။

+++++

နောက်တော့ ချစ်ခြင်း၏ ဒုတိယဒဏ်ရာဖြင့် သူမ ငါးနှစ်နီးပါး လေလွင့်ခဲ့ရသည်။ ရှက်ခြင်း၊ နာကျည်းခြင်း၊ စက်ဆုပ်ရွံရှာခြင်းတွေက ကိုယ်၏ကံကြမ္မာနှင့်တကွ သစ္စာပျက်သော သူငယ်ချင်းမနှင့် ချစ်ခဲ့ဖူးသူတို့အပေါ်၌ လှည့်လည်နေခဲ့သည်။ ထက်မြက်သော ခင်ကျော်ကျော်သည် မိသားစုစီးပွားရေးကိုသာ စိတ်နှစ်နေရသည်။ သူမကြောင့် တိုးတက်လာသော စီိးပွါးရေးမှာ ဂုဏ်ယူတတ်လာသောအခါ တခါက အချစ်၌ ယစ်မူးခဲ့ဖူးသမျှကိုပင် ခပ်ဖွဖွ ရယ်ချင်တတ်ခဲ့ပြီ။

(၄)
ကိုနိုင်ဦးကို စတွေ့တော့ ဝေလွင်ကို မြင်စဉ်ကလိုလည်း ရင်မခုန်ခဲ့။ ကိုစိုးသစ်ထံ၌ ခိုလှုံချင်သလိုမျိုးလည်း အားကိုးစိတ် မ၀င်ခဲ့။ စီိးပွါးရေးအရ ဖြောင့်မတ်သော တည်ကြည်သော ယောကျာ်းကောင်းတစ်ယောက် အဖြစ်သာ မြင်ခဲ့သည်။ ဒါကလည်း သူမ၏ အချစ်ကို ကြောက်လန့်ကာ ပုန်းကွယ်နေမိခြင်းကြောင့် အများကြီး ဖြစ်နိုင်သည်။

ထင်မှတ်မထားသည်က ကိုနိုင်ဦိးကို စာဖတ်ဝါသနာပါသူဟု သိလိုက်ရခြင်းပါပဲ။ သူမတို့နှစ်ယောက်၏ စကားဝိုင်းက ရုတ်ချည်း စိုပြည်လာသည်။ ဖတ်ဖူးခဲ့သမျှ စာအုပ်တွေအကြောင်း၊ ဂန္တ၀င် မြန်မာရုပ်ရှင်တွေ အကြောင်း ကိုနိုင်ဦး၏ မျက်ဝန်းများက ထိုအချိန်များ၌ စိုလက်နေတတ်၏။ သူမကတော့ ကျောင်းပြီးကတည်းက ခြောက်သွေ့ခဲ့သော ပတ်ဝန်းကျင်၌ အိုအေစစ်တစ်ခု တွေ့လိုက်ရသလို ကိုနိုင်ဦီးထံ၌ သာယာခဲ့တာသာ ဖြစ်မည်။
သို့ပေမဲ့ အချစ်၏အရသာကို စားသုံးဖူးပြီိးဖြစ်သည့် သူမ၏နှလုံးသားကတော့ ကိုနိုင်ဦး၏ သဘောကျဖွယ်များကို သူမလို ကျောမခိုင်းခဲ့။ သူမ ကိုနိုင်ဦိးကို ချစ်မိပြန်ပြီိ ထင်သည်။ အချစ်ဟူသည် အစဉ်အမြဲ အသစ် အသစ် မွေးဖွား၏။ ငါးနှစ်နီးပါးသေနေခဲ့သော အိပ်မက်တွေက ပြန်လည် လှပလာပြန်သည်။ သည်တကြိမ် အိပ်မက်များရှိ ဇာတ်လမ်းစဉ်တို့ကတော့ အစီးအဆင်း သိမ်မွေ့ညင်သာလှသည်။ အပြုံးတွေ အနမ်းတွေသက်သက်သာ ပါလှတတ်သည့် အရင်ကလို အိပ်မက်ပျော် ချစ်သူဘ၀တွေမျှသာမဟုတ်တော့ဘဲ စိတ်ချမ်းမြေ့ဖွယ် မိသားစုဘ၀ တစ်ခုထိတိုင်အောင် ပါဝင်တတ်သည်။

သူမ၏ မလှပလွန်းသော ရုပ်ရည်သွင်ပြင်အတွက် ကိုနိုင်ဦးကို တဘက်သတ် အားနာနေမိတာမျိုးလည်း ရြှိပန်သေးသည်။ ပြီိးတော့ ကိုနိုင်ဦးက သူမကို နှစ်ခြိုက်နေသလားဟုလည်း မတွေးရဲဘဲ ရှိပြန်၏။ ဝေလွင့်ကို ခံစားရသလို၊ သူ ငါ့ကို ချစ်နေတာပါဟုလည်း မပိုင်နိုင်။ ကိုစိုးသစ်ကို ခံစားစဉ်ကလို ငါ့ကို ချစ်လာအောင်ကြိုးစားမယ်ဟုလည်း မတွေးဝံ့။ ကံကြမ္မာကိုလည်း လွှဲမချတော့ဘဲ တစ်လတစ်ကြိမ် ကုန်ဝယ်လာရောက်မည့် ကိုနိုင်ဦးကို ဖော်ရွေဆီးကြိုဖို့ပဲ ဆန္ဒရှိတော့၏။၊ ပို၍ အတ္တကင်းလာခြင်း ဖြစ်ပါလိမ့်မည်။
သို့ပေမဲ့ ထိုသူနဲ့ယှဉ်တွဲရင်ဆိုင်ရမည့် အိမ်ထောင်ရေးတစ်ခုကိုတော့ မကြာခဏ စိတ်ကူးဖြစ်ခဲ့တာ ကိုတော့ ၀န်ခံရပါမည်။
(၅)
စေ့စပ်ပြီးစ ရက်တွေမှာ သူမ ကိုနိုင်ဦးကို ရှက်နေမိသည်။ တကယ့် မြီးကောင်ပေါက်ကလေးလိုပါပဲ။ နောက်သုံးလအတွင်း သူမတို့ မင်္ဂလာဧည့်ခံပွဲ လုပ်မည်။ ကိုနိုင်ဦီးက သွက်လက်ဖျတ်လတ်လို့။ သည်တစ်ကြိမ်တော့ဖြင့် လောကမှာ ‘အချစ်’တစ်ခုကို သူမ ပိုင်ဆိုင်ရဖူးဖို့ သေချာပြီ ထင်၏။ သူမ မက်မောလှသော အချစ်လေ။ သူမ တင်စားထားဖူးသလို၊ ပျားရည်လို ချိုမြပြီး ပန်းပွင့်ချပ်လို နူးညံ့ချောမွေ့သည့် ‘အချစ်’လေ။ ပစ္စည်းတွေလျှောက်ဝယ်၊ သူမတို့နေမည့် အိမ်အောက်ထပ်ကို စိတ်ကြိုက် မွမ်းမံ။ အချိန်အား မရနိုင်လောက်အောင်ပင် ကိုနိုင်ဦး ရောက်နေခိုက်မှာ သူမတို့ လှုပ်ရှား သွားလာနေရသည်။ ညများတွင်လည်း တော်ရုံဖြင့် အိပ်ရာစောမ၀င်ဖြစ်ဘဲ စကားမပြတ်နိုင်ကြ။ ခုထိတိုင် ထွက်လက်စ မဂ္ဂဇင်းပါ ဆောင်းပါး ၀တ္တု ကဗျာတွေ အကြောင်းဆွေးနွေး၊ သီချင်းနားထောင်၊ အတူတူနေကြရင် ရန်မဖြစ်ကြကြေးနော် ဟူသော နုနုနော့နော့တွေပင် ပါသေး။

အိမ်ရှေ့မြေကွက်လပ်က ကွပ်ပျစ်ပေါ်မှာ သူမက ထိုင်တော့ နံဘေး ပက်လက်ကုလားထိုင်မှာ သူက ထိုင်။ တချက်တချက် လေပြည်က အေးလို့။ ထိုအခါများ၌ ခြံဝသနပ်ခါးပန်းရုံမှ သနပ်ခါးနံ့လှိုင်လာပြန်သည်။ သူမကတော့ ‘အချစ်ည’ဟု စိတ်ကူးယဉ် အမည်တပ်မိသေးသည်။
သို့ပေမဲ့၊ သူမရင်၌ တစုံတရာ လိုအပ်နေသည့် ခံစားမှုကတော့ ရှိနေခဲ့သည်။ သူမ ကိုယ်တိုင်ပင် နားမလည်နိုင်သည့် ခံစားရမှုပါပဲ။
(၆)
မင်္ဂလာဦးညသည် သူမတို့၏ ပုံမှန် ညဦးအစဉ်အလာကို မထိခိုက်စေခဲ့။ ညဦင်္းလေပြည်နှင့် သနပ်ခါးပန်းနံ့ကို သူမ ထိတွေ့ခွင့်ရမြဲ။ ထိုည စကားဝိုင်းမှာတော့ အောင်မြင်ပြီးစီိးခဲ့သည့် မင်္ဂလာပွဲအကြောင်းတွေနှင့် ပို၍ ပျော်စရာ ကောင်းနေသည်။ ညဆယ့်တစ်နာရီထိုးတဲ့အခါမှာတော့ ပြာဖျော့ဖျော့ မီိးချောင်းဝိုင်းလေး ထွန်းထားသည့် အိပ်ခန်းထဲမှာ သူမတို့ ရောက်နေရပြီိ။

ပြတင်းဝမှာ ရပ်တော့ သူမ စိတ်ကြိုက် ဇာခန်းဆီးပြာကလေးက လေမှာလွင့်ကာ ပါးပြင်ကို လာရိုက်သည်။ ကိုနိုင်ဦးက စာကြည့်စားပွဲမှာ သော့တစ်တွဲဖြင့် အလုပ်ရှုပ်နေ၏။ ရင်၌ တလှပ်လှပ် တုန်လာသည်။ သည်တစ်ကြိမ် ဝေ့သောလေ၌ ညမွေးပန်းရနံ့ပါ ပါလာသည်။ သူမနံဘေးမှာ ကိုနိုင်ဦိး လာရပ်သည်။
‘ကျော်’
အို... ဟုတ်ပါရဲ့၊ သူမကရော သူ့ကို ဘယ်လိုခေါ်ရပါ့။ အရင်လို ‘ကိုနိုင်ဦိး’ ဆိုတာကြီိးကတော့ သူမဘယ်တုန်းကမှ စိတ်ကူးမယဉ်ခဲ့ဖူးသော ခင်ပွန်းအပေါ် ဆက်ဆံရေးမျိုးကြီိးပဲနော်။
သူမ လှည့်ပြီး မော့ကြည့်တော့ ကိုနိုင်ဦိးမျက်နှာမှာ အနည်းငယ် တွန့်ဆုတ်သော အမူအရာရှိနေသည်။
‘ပြတင်းပေါက်ဖွင့်အိပ်မလို့လား’
ကိုနိုင်ဦး အသံကလည်း ကြောင်အအ နိုင်နေသည်။ သူမ တစ်ခုခု ပြန်ပြောဖို့ အသံမဲ့နေသည်။
‘အင်းပေါ့’
ဟော... ဘာထူးလို့လဲ။ သူမ အသံကလည်း ပေါ့ရှရှပါပဲ။
သူမ ပခုံးကို ဖက်ပွေ့ကာ အိပ်ယာဆီကို အတူလမ်းလျှောက်လာသော အမျိုးသားသည် သူမ၏ လင်ယောက်ျား ဖြစ်၏။ သူမ၏ နောက်ဆုံး ဖြစ်ပေါ်သောအချစ်ကို ပိုင်ဆိုင်ရသူဖြစ်၏။ သူမ၏ချစ်ခြင်းကို တရားဝင် ပေးအပ်ခွင့်ရခဲ့သော တစ်ဦိးတည်းသော ချစ်သူ ဖြစ်သည်။ အို... သူမအတွေးတို့ ရပ်တန့်သွားသည်။ ချစ်သူ... ဟုတ်လား။ ဒါဖြင့်၊ သူမ သူ့ကို ချစ်တယ်လို့ ပြောခဲ့ပြီးပြီလား။ သူကရော... သူမကို ချစ်တယ်လို့ ပြောခဲ့ပြီး ပြီလား...။

ရုပ်ဆိုးသော မိန်းမတစ်ယောက်၏ ပါးပြင်ကို သူစိမ်းတစ်ယောက်က ပိုင်ပိုင်နိုင်နိုင် နမ်းခဲ့ပြီ။ သူမ၏ ပါးပြင်ပေါ်မှာ ကိုနိုင်ဦိး၏ အသက်ရှူငွေ့က အနည်းငယ် အေးစက်နေသည် ထင်၏။ သူမ အထိတ်တလန့်နိုင်စွာ မျက်လုံးကို စုံမှိတ်လိုက်မိသည်။ “ရှင်ကျမကို ချစ်တယ်”လို့ ပြောဖို့ လိုသေးတယ်လို့ သူ့ကိုပြောရမှာလား။ သူက ‘လိုသေးလို့လားကွာ’လို့များ ပြန်ပြောမှာလား။ ကျမဟာ ချစ်တယ်ဆိုတာကိုပဲ မွတ်သိပ်ခဲ့သူပါ။ ပြီင်္းတော့၊ ရှင် ကျမကို ချစ်တာပဲ မဟုတ်လားဟင်။ သူမ ရင်ထဲမှာ ဗလောင်ဆူလာသည်။

သူ့အနမ်းတွေက သိမ်မွေ့သည်။ သို့ပေမဲ့၊ နဖူးထက်က အနမ်းကတော့လည်း အေးစက်စက်နိုင်နေတုန်းပဲ။ ချစ်တယ်လို့ ဖွင့်ပြောလိုက်ရင်တော့ ချက်ချင်း ပူနွေးသွားမှာ ထင်ပါရဲ့။ ရုပ်သိပ်ဆိုးတဲ့ မိန်းမတစ်ယောက်ကို ရုပ်သိပ်မဆိုးတဲ့ ယောက်ျား (အထူးသဖြင့်၊ သူ့ရဲ့ ခင်ပွန်းသည်)က ချစ်တယ်လို့ မူးမူးမေ့မေ့ပြောတာဟာ ဘယ်လောက် တန်ဖိုးရှိလိုက်မလဲ။

အချိန်တွေ သိပ်ကြာနေပြီဟု ထင်နေမိသည်။ သူ ချစ်တယ်လို့ ဖွင့်ပြောလာမှာကို သူမ စောင့်နေတယ်လေ။
သူမ မျက်ခွံတွေ လေးလာသည်။ အိပ်မပျော်လေးခင်မှာတော့ ဘ၀၏ အထွက်အမြတ်ညမှာ သူမတပ်မက်သော ‘ချစ်တယ်’ဆိုတာနဲ့ မွေ့ပျော်လိုက်ချင်ပါသည်။ အိပ်မက်ယောင်သူလို သူမ တစတစနှင့် ကယောင်ကတမ်း နိုင်လာချိန်မှာတော့ စကားသံတိတ်ဆိတ်နေမှုကို သည်းမခံနိုင်စွာ သူ့လက်မောင်းကို မျက်နှာအပ်၍ ချစ်တယ် ချစ်တယ်..ဟု ဖွဖွ ရွတ်နေမိတော့သည်။ ပြီိးတော့ သူ့ရဲ့ တုံ့ပြန် ‘ချစ်တယ်’ ကို အငမ်းမရ မွတ်သိပ်နေမိ၏။

+++++

ရုတ်တရက် သူမနှူတ်ခမ်းတို့ ဆွံ့အ ပိတ်ဆို့သွားရသည်။ မျှော်လင့်ခဲ့သမျှတို့လည်း ပိတ်ဆို့ခဲ့ပြီိပေါ့။ ပြီးတော့၊ အချစ်မဲ့နှူတ်ခမ်းနဲ့ အေးစက်တဲ့အနမ်းအောက်တွေမှာ အိပ်မွေ့ချခံရသူလို ခံစားချက်ကင်းစွာ သူမ အိပ်ပျော် သွားရတော့မည်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော် သွားလုသွားခင်ကလေးမှာပင် မျက်လုံးအိမ်မှ မျက်ရည်တို့ကို သူမ တိတ်တဆိတ် သုတ်ပစ်ခဲ့ရသေးသည်။ တဖန်၊ နင့်နင့်သီးသီး ရှိုက်ငင်မိတော့ ကိုနိုင်ဦိးက ခပ်ဟဟ ပြုံးရယ်ကာ ‘ကြည့်စမ်း၊ ကျော်လည်း တခြားမိန်းကလေးတွေလိုပဲ၊ မင်္ဂလာဦးညမှာ ငိုတယ်ဟုတ်လား ’ဟု အံ့သြနေပြန်သည်။
သည်တစ်ကြိမ်ကျသော မျက်ရည်တို့ကတော့ ထိခိုက်ကြေကွဲရခြင်းအတွက်သာ ဖြစ်ခဲ့၏။ သူမ၏ဘ၀၌ သူမ မွတ်သိပ်လှသော ‘ချစ်တယ်’ကို ဘယ်တော့မှ ရယူခံစားခွင့် မရှိနိုင်တော့တာ သိပ်သေချာခဲ့ပြီဖြစ်သည်။


မေငြိမ်း
၁၉၉၁၊ ဇန်န၀ါရီ စပယ်ဖြူမဂ္ဂဇင်းအထူးထုတ်။

Jul 9, 2008

အနာတရ

ဒီတလော Blog လောကထဲက မောင်နှမတချို့နဲ့ အချစ်ဆိုတဲ့ ခေါင်းစဉ်ကို ဆွေးနွေးဖြစ် ပြောဖြစ်ပါတယ်။
တကယ်တော့ မေငြိမ်းဆိုတာက အချစ်ဝတ္ထုရေးသူလို့ အသတ်မှတ်ခံခဲ့ရတာပါ။ သိပ်မွန်းကျပ်စရာကောင်းတဲ့ ကိုယ့်နိုင်ငံရဲ့အခြေအနေကြောင့်သာ ကိုယ်တိုင် ဘ၀အမောထဲ လက်ပစ်ကူးနေရတာ။ တကယ်က ရုပ်ရှင် တောင်မှပဲ ကျမက အချစ်ကိုအခြေခံတဲ့ Drama တွေပဲ ရွေးကြည့်သူ.. ။

နောက်အကြောင်းတစ်ခုကတော့ အနားမှာ ကျမသားကြီးကလည်း ရည်းစား နဲ့ ကွိကျိ ကွိကျိ ဆိုတော့ ခုခေတ် လူငယ်တွေရဲ့ အချစ်ဆိုတာအပေါ် ချဉ်းကပ်မှုကို ကျမ ဒီတလောမှာ သတိထားမိနေပါတယ်။ ကျမတို့ ခေတ်ကနဲ့ ကွာတာတွေ အများကြီးကို တွေ့မိတော့ အချစ်ဆိုတာအပေါ် ကျမတို့ခေတ်က မိန်းကလေးတွေရဲ့ သဘောထားနဲ့ ယောက်ျားလေးတွေရဲ့ သဘောထားတွေကို ပြန်သတိရပါတယ်။

ကျမတို့ခေတ်ကတော့ (ကျမအပါအ၀င်) အချစ်နဲ့ပတ်သက်ရင် ပိုပြီး ပြင်းပြင်းထန်ထန် ခံစားကြတယ် ထင်တာ ပါပဲ။ ခုခေတ်လူငယ်တွေကတော့ စိတ်ကူးယဉ်ဆန်တယ်လို့များ ဝေဖန်မလားပဲ။ ပြီးတော့ ကျမတို့တုန်းက အစဉ်အလာတွေအပေါ် အစွဲအလန်းလည်း ပိုကြီးကြတယ် ထင်တယ်။

ကျမက ချစ်ခြင်းမေတ္တာကြီးစိုးရင် ကမ္ဘာငြိမ်းချမ်းတယ်လို့ ယုံခဲ့သူ။ ခု အသက်အရွယ်မှာတော့ 'ချစ်ခြင်းမေတ္တာ' ဆိုတာကိုတောင် ဘယ်လို အဓိပ္ပါယ် အမျိုးအစား သတ်မှတ်ရမလဲ..။ ဘယ်လို သရုပ်ဖော်ရမလဲ.. လို့ စဉ်းစား နေရပြီ။ ဒါပေမဲ့ သေချာနေသေးတာတော့ ယောက်ျားလေးတွေနဲ့ မိန်းကလေးတွေကြားက အချစ်ဆိုတာ အပေါ် ထားတဲ့ သဘောထားတွေ.. ခံစားတဲ့ အတိုင်းအဆတွေကတော့ ကွာဟနေတုန်းဆိုတာပါပဲ။

ခုနောက်ပိုင်း လူငယ်တွေရဲ့အချစ်အကြောင်းတွေ ကြားရလွန်းလို့ ကျမအရွယ်နဲ့ ခုခေတ်အပေါ် မြင်တဲ့ အချစ်အကြောင်းလေး တွေ ပြန်ရေးချင်စိတ် ပေါ် ပေါ် နေပါတယ်။

ဘာပဲဖြစ်ဖြစ်.. အချစ်ဟာ အမုန်းထက် ကောင်းတယ်လို့တော့ ကျမ လက်ခံနေတုန်းပါပဲလေ။
အဲဒါကြောင့် လောလောဆယ်တော့ အရင်ကရေးခဲ့ဖူးတဲ့ အချစ်ဝတ္ထုတိုလေးတပုဒ် တင်ပေးလိုက်ပါတယ်..။

အနာတရ

(here)

(၁)
“အချစ်မှာ နောင်တတရားမရှိ” ဟူသော အယူအဆကို သူမ အခိုင်အမာယုံကြည်ခဲ့ဖူးသည်။ ထိုအခါ “နောင်တ တရားတို့ဖွဲ့စည်းပါဝင်နေပါကလည်း အချစ်စစ်မဟုတ်” ဟုသူမက ယိုးစွပ်တော့သည်။ ဖြစ်နိုင်လျှင်လွန်ခဲ့သော ဆယ်နှစ်က ဖြစ်ပေါ်ခဲ့ဖူးသော သူမ၏ရင်တွင်းမှ အချစ်စစ်ဆိုသော အရာသည် သူမဖတ်ဖူးသော စိတ်ပညာ စာအုပ် တစ်အုပ်ထဲကလို ထင်မှတ်မှားခြင်း(Illusion) သာ ဖြစ်မည်ဟုလည်း သူမ ယုံကြည်ချင်လှသည်။

သို့ပေမဲ့ ကိုယ့်ဝိညာဉ်ကို လိမ်ညာမရစွာ... သူမကတော့ ကျော်ဖြတ်ခဲ့ဖူးသော အတိတ်နွံထဲမှာ နစ်မြုပ်ခဲ့ပြီး ဖြစ်သည်။

(၂)
တကယ်တော့ မိန်းကလေးတစ်ယောက်အတွက် ယောက်ျားတစ်ယောက်ကို တဘက်သတ် စိတ်ဝင်စားမိပြီ ဆိုကတည်းကပင် ထိုမိန်းကလေး၏ အချစ်နှင့် ဂုဏ်သိက္ခာတို့၏ တန်ဖိုးက လျော့ပါးကျဆင်းပြီး ဖြစ်သည်ကို သူမ အလွန် နောက်ကျပြီးမှ သိခဲ့ရသည်။ လွန်ခဲ့သော ဆယ်နှစ်... မြီးကောင်ပေါက်အရွယ်၏ ဘ၀ဦးမှာ ထိုသူကို သူမ စွဲလန်းခဲ့ခြင်းဖြစ်သည်။

သူက မိန်းကလေးအတော်များများ၏ နှစ်သက်စွဲမက်မှုကို အကြိမ်များစွာ လက်ခံရယူခဲ့ဖူးသူ။ သူမကိုယ်တိုင်ပင် သူ့ကို မိန်းမ တစ်ယောက်၏ ဂုဏ်သိက္ခာကို မငဲ့ကွက်ဘဲ ချစ်မက်စွဲလန်းကြသော မိန်းမငယ်များစွာကို တွေ့ခဲ့ဖူးသည်ပဲ။ သူမကတော့ “အချစ်မှာ အပေးအယူ သဘော မလိုအပ် ”ဟု ယူဆသူပီပီ သူ၏အချစ်ကို ပိုင်ခွင့်ရဖို့အတွက် မည်သည့်နည်းလမ်းမျိုးနှင့်မျှ မကြိုးစားခဲ့ဖူးချေ။ ပြီးတော့ မိန်းကလေးက စတင်ဖွင့်လှစ်ရမည့် ချစ်သူဘ၀မျိုးကိုလည်း သူမက မနှစ်မြို့သူဖြစ်၏။

ထိုအခါ သူမက သူ့ကို တကယ့်ကို ကြည့်နေရုံမျဖြင့် ကျေနပ်ခဲ့၏။ ထိုစဉ်ကတော့ ထိုသို့ကြည့်ငေး ကြည်နူးသာယာရခြင်းကိုပဲ သူမက အချစ်ဟု ထင်သည်။ အို... ထိုအချစ်ကို နှစ်အတန်ကြာအောင်သူမ ထိန်းသိမ်းထားခဲ့ဖူးတာပဲ။ သူ့ရဲ့ခြေလှုပ် လက်လှုပ်ကအစ၊ သူပြုံးတာ မျက်မှောင်ကြုတ်တာအဆုံး၊ ကြည့်ငေးကာ သူမ ပီတိများစွာ စားသုံးခဲ့ရဖူးသည်။ နောက်ဆုံး သူမျက်လုံးကို ကြည့်ရုံနှင့် သူ၏စိတ်ခံစားမှုတချို့ကို သိနားလည်သည်အထိ သူ့ထံမှာ သူမစိမ့်ဝင်ခဲ့သည်။

သူကတော့ သူမကို တစ်ကြိမ်တစ်ခါမှ “ချစ်တယ်” ဟု အဓိပ္ပါယ်သက်ရောက်စေသည့် စကားလုံးမျိုးကိုမျှပင် မဆိုခဲ့။ တွယ်ငြိရိပ်တချို့ စွန်းထင်းသည့် မျက်လုံးတို့ဖြင့် မကြည့်ခဲ့။ အနည်းဆုံး ညှာတာ လိုက်လျော ညင်သာစွာပင် သူမကို မဆက်ဆံခဲ့။ သို့ပေမဲ့ ထိုသူကို သူမ စွဲလန်းနေခဲ့ဖူးပါသည်။

နှစ်များစွာကြာခဲ့သည်။ ငါးနှစ်လုံး၊ လပေါင်းခြောက်ဆယ်ကျော်၊ ရက်ပေါင်းနှစ်ထောင်နီးပါး၊ နာရီပေါင်း လေးသောင်းကျော်၊ မိနစ်ပေါင်း နှစ်သန်းခွဲနီးပါး၊ စက္ကန့်ပေါင်းများစွာ.. များစွာ။ ထိုသူ့ကို သူမက ကဗျာတစ်ပုဒ်လို၊ ပန်းချီကားတစ်ချပ်လို၊ တေးသီချင်းတစ်ပုဒ်လို မြတ်နိုးခဲ့ဖူးသည်ပဲ။ ကြည့်နေရုံမျဖြင့်၊ ကျေနပ်ချစ်နေရရုံမျဖြင့် ကျေနပ်၊ နီးစပ်နေရရုံမျဖြင့် ကျေနပ်နေခဲ့တာ။ ဒါပဲအချစ်ဟု ယုံမှတ်ကာ သူမဘ၀ထဲမှာ မွေ့လျော်နေခဲ့ဖူးသည်။
တကယ့်ကို ရူးသွပ်ခဲ့တာပါပဲ။

ထိုလူငယ်က သူမကို ဘယ်လိုအင်အားမျိုးမှ ဖြည့်ဆည်းမပေးနိုင်ခဲ့ပါဘဲနှင့် သူမက ထိုသူ့ကိုပဲ စွဲမြဲ သက်ဝင် နေခဲ့တာ။ သူမအနီး အပါးမှာ ရစ်ဝဲလာသမျှ ချစ်ခွင့်ပန်သူတို့ကိုပင် သူ့အပေါ်စွဲလန်းစိတ်ကို အားကိုးနှင့် ငြင်းဆန်လို့။ တကယ်တမ်းကျတော့ သူ၏နံဘေးမှာ သူ့ထံမှ အားနာပြုံးကလေးကိုမျှပင် မရဘဲ ရှိနေခဲ့သည်။ သူက မိန်းမတွေနှင့် ပတ်သက်လျှင် သူ့ကိုယ်သူ ယုံကြည်မှုပြင်းထန်သူ။ သူလိုချင်သမျှသော ချစ်သူတို့ကို အမြဲတမ်း အလွယ်တကူ ပိုင်ခဲ့ဖူးသူလည်းဖြစ်သည်မဟုတ်လား။ သူမကတော့ သူလိုချင်သော မိန်းမတစ်ယောက် မဖြစ်နိုင်ခဲ့ပါ။

သူ့အနားမှာ အပျင်းပြေ ဒါမှမဟုတ် တာဝန်ကျေ ပေါင်းသင်းစရာ သူငယ်ချင်းတစ်ယောက်သာ ဖြစ်နိုင်ခဲ့၏။ ထိုအတွက်လည်း သူမကတော့ ၀မ်းမနည်းခဲ့ဖူးပါ။ အံသြစရာကောင်းလှစွာပင် သူမက အိပ်မက်၌ပင် သူ့ကို ပိုင်ရသည်ဟု ထည့်မမက်ခဲ့ဖူးသူဖြစ်သည်။ ဒါကလည်း သူမ၏ ရုပ်ရည်မလှပမှုအတွက် သူမဘာသာ လက်ခံရယူထားသည့် အဖြေတစ်ခုဖြစ်၏။ သူ အနားမှာ ရှိနေခြင်းအတွက် သူမ ကြည်နူးသာယာ၏။

ထိုအခါ အချစ်ဆိုသောအရာက အေးမြခြင်း သက်သက်သာဖြစ်သည်ဟု သူမ မှတ်လိုက်တော့သည်။

+++++

ငါးနှစ်လုံးလုံး သူ့အနားမှာ အချိန်များစွာ နေခဲ့ရပြီးမှ သူနှင့် သူမတို့ ကွဲကွာသွားရသည်။ ဘယ်တော့ ပြန်တွေ့ရမယ်ဟူသော မျှော်လင့်ချက်မျိုး လုံးဝမရှိသော ခွဲခွာရခြင်းက သူမ၏ နှလုံးအိမ်ကို ရိုက်နှက်၏။ မျှော်လင့်ထားပြီးဖြစ်သော ဇာတ်သိမ်းကိုပဲ သူမက နာနာကျင်ကျင် ရင်ဆိုင်ရသည်။

သူမ၏နှလုံးသွေးတို့က ရက်များစွာ အေးခဲသွားခဲ့သည်ဟု ထင်၏။ ထိုတွေးထင်ထားမှုက သူနှင့်ကွဲခဲ့ပြီး သုံးနှစ်အကြာမှာ ရှက်စရာကောင်းလောက်အောင် လွယ်ကူလှစွာ ရုတ်တရက် ပျက်ပြားသွားခဲ့သည်။ ပျက်ပြားစေသူက သူမက “မောင်” ဟု ခေါ်သော သူမ၏ ချစ်သူဖြစ်၏။

+++++

မောင့်ကို သူမက မြင်မြင်ချင်းပဲ စွဲလန်းချစ်ခင်သွားခဲ့ခြင်းဖြစ်သည်။ မောင့်အပေါ် ခံစားရခြင်းက အချစ်ပဲဟု သူမ တပ်အပ်သေချာ သိလိုက်ချိန်မှာတော့ သူ့ကိုစွဲလန်းခဲ့ဖူးခြင်းက မယုံနိုင်စရာကောင်းလောက်အောင် သေးနုပ်သော စိတ်လှုပ်ရှားမှုတစ်ခုသာ ဖြစ်သွားတော့သည်။

ဘယ်လောက်အံ့သြစရာကောင်းသော “ချစ်ခြင်း” ပါလဲ ။ တခါမျှ သူမ တွက်ဆမထားခဲ့ဖူးသော အားအင်တို့ကို အချစ်က ပေးခဲ့၏။ ပြီးတော့ ပိုင်ဆိုင်လိုခြင်းတွေ၊ ပျော်ရွှင်ရခြင်းတွေ၊ နှမြောတသရခြင်းတွေ၊ ငိုကြွေးရခြင်းတွေ၊ လွမ်းဆွတ်ရခြင်းတွေကို ချစ်ခြင်းတရားက မက်မောစဖွယ် လက်ဆောင်ထုပ်လှလှတွေအဖြစ် ပေးအပ်ခဲ့၏။

မောင့်နံဘေးမှာတော့ သူက သူမ၏မထင်မရှား မြင်မက်ခဲ့ဖူးသည့် အိပ်မက်လေးတစ်မက်သာ ဖြစ်သွား တော့သည်။ ထိုအိပ်မက်ကို သူမကတော့ မေ့သွားပြီ။ ကြည့်စမ်း... သူ့ထံမှ မရခဲ့ဖူးသော ချိုမြိန်မှုများစွာကို မောင့်ထံမှ သူမ ရခဲ့သည်ပဲ။ တကယ်တော့ အချစ်သည် အကောင်အထည်ပြမရဘဲ အငွေ့အသက်မျှနှင့်ပင် လူတို့၏အသက်ဝိဥာဉ်ကို ချုပ်ကိုင်ဖန်ဆင်း ပုံသွင်းပြနိုင်သော ကြောက်မက်ဖွယ်တန်ခိုးရှင်ဖြစ်သည်ဟု သူမ နားလည်ခဲ့ပြီ။

ထိုအခါကျမှပင် ကုန်လွန်ခဲ့သော ငါးနှစ်လုံးလုံး ယောက်ျားတစ်ယောက်အပေါ် ငြိတွယ်ခဲ့ဖူးသောအချစ်စိတ် ဟူသည့်ခံစားမှုကို သူမ သံသယဖြစ်လာခဲ့တာဖြစ်သည်။ သို့ပေမဲ့ အရာရာက နောက်ကျသွားခဲ့ပြီဖြစ်သည်။

(၃)
“တကယ်တော့ စိတ်ကစားမိခဲ့တာပဲ ဖြစ်မှာပါမောင်ရယ်” ဟု သူမက ပြောတော့ မောင်က နူးနူးညံ့ညံ့ပြုံးပြီး “မဟုတ်ပါဘူးကွယ်၊ အဲဒါ အချစ်ပါပဲ၊ ဒါပေမဲ့ အချစ်ဆိုတာက အသစ်ဖြစ်ပေါ်တတ်တာပဲ၊ ပြီးတော့ သူ့မှာ ပမာဏအတိုင်းအဆ အပြောင်းအလဲဆိုတာလည်း ရှိတာပဲ၊ သူ့ကိုချစ်မိခဲ့တာလည်း ဘာဖြစ်လဲ၊ ခု မောင့်ကိုပဲ ချစ်တယ်၊ အများကြီးချစ်တယ်၊ ဟုတ်တယ်မို့လား၊ ဒါဆိုပြီးတာပဲပေါ့ ချစ်ရ” ဟု သူမကို စိတ်ပါလက်ပါ ဖြေရှင်း နေသေး၏။

သူမကတော့ မောင့်မျက်နှာကိုပဲ ဆွတ်ဆွတ်ပျံ့ပျံ့ငေးကာ မ၀တမ်းကြည့်ရင်း “ဟင့်အင်း မောင်ရယ်၊ တို့သူ့ကို ချစ်တယ်လို့ မထင်ချင်ဘူး၊ တကယ်လို့ ချစ်ခဲ့တာသာဖြစ်ခဲ့ရင် အဲဒီအချစ်ကို နှမြောတယ်၊ မောင့်ကိုလည်း အားနာတယ်၊ သေချာပါတယ် မောင်ရယ်၊ တို့ မောင်နဲ့ကျမှ အချစ်ဆိုတာကို တွေ့တာပါ၊ ဒီမှာမောင်ရဲ့... တကယ့်အချစ်ဆိုတာမှာ ခြွင်းချက်ဆိုတာမရှိဘူးကွ၊ သိလား၊ သူ့အပေါ်ခံစားဖူးခဲ့တုန်းက ခြွင်းချက်တွေရှိတယ်၊ ပြီးတော့ အချစ်မှာ အထင်ကြီးခြင်းတွေပါတယ်၊ တို့က မောင့်ကို အထင်ကြီးတယ်၊ သူ့ကိုကျတော့ လုံးဝ အထင်မကြီးခဲ့ဘူး မောင်ရဲ့ .. သိလား” ဟု သာ ကိုယ့်ဘာသာ ငြင်းဆန်ပစ်လိုက်သည်။

သို့ပေမဲ့ တကယ်တမ်းကျတော့ အတိတ်ဆိုတာကို၊ သမိုင်းဆိုတာကို ညာလို့ဖုံးကွယ်လို့မရနိုင်ပါ။ ဒါကိုသူက လက်တွေ့ ညွှန်ပြခဲ့သည်။

(၄)
ကွဲကွာကာလ သုံးနှစ်ကြာပြီး တရက်မှာ သူမရှေ့သို့ သူ အမှတ်မထင် ရောက်လာခဲ့သည်။ ထို သုံးနှစ်တာ ကာလမှာ အပြောင်းအလဲများကတော့ များလှစွာ၏။ သူရော သူမပါ နံဘေးမှာ ချစ်သူကိုယ်စီ ရှိခဲ့ကြပြီ။ အပြောင်းလဲဆုံးကတော့ သူမ၏စိတ်ခံစားမှုပဲဖြစ်သည်ကို သူမကတော့ ကိုယ့်ဘာသာ သိနေခဲ့သည်။ ဒါဖြင့်.. သူကရော...။

အံ့သြစရာကောင်းလှစွာပင် အချိန်ကာလ၏တိုက်စားမှုက သူ့ကိုတော့ဖြင့် မပြောင်းလဲစေခဲ့ပေ။ ပုံမှန်ယုံကြည်မှု၊ ပုံမှန်ခံစားမှု၊ ပုံမှန်ဝင့်ကြွားမှုတို့ဖြင့် သူက ရှင်သန်သွက်လက်နေမြဲ။ “နင် ငါနဲ့ မတွေ့တဲ့ သုံးနှစ်မှာ ဘာတွေ လုပ်ခဲ့သလဲဟင်” တဲ့။

သူမကတော့ သူ့ရဲ့ ထိုနှုတ်ဆက်စကားကို အကြားမှာ ရေနစ်ရသူလို မွန်းကျပ် ပင်ပန်းသွားရသည်။ ကြည့်စမ်း၊ ပိုင်စိုးပိုင်နင်းနိုင်လှသော စကားတို့ကို သူပြောဆဲပါလား...။ ခုတော့ သူမ နာကျင်တတ်ခဲ့ပြီ။ ထိုအခါ သူ ပြုံးနေသောအပြုံးကပင် သူမကို လှောင်ပြောင် သရော်၏။ “မင်း ငါ့ကို တမ်းတနေတယ်မဟုတ်လား” ဆိုသော အပြုံးမျိုးလေ...။

သူမ၏ ခန္ဓာကိုယ်အတွင်းရှိ သွေးတို့၏စီးဆင်းမှုက အရှိန်ပြင်းစွာ မြန်ဆန်လာသည်။ မောင့်ကို သတိရမိစဉ် မှာတော့ သူ့အပေါ် ချစ်မိခဲ့ခြင်းတို့အတွက် နှမြောတသကာ အော့အန်ချင်စိတ်ပေါက်လာသည်။ “မျက်လုံးတွေက စိတ်ရဲ့ ပြတင်းပဲ၊ အထူးသဖြင့် အချစ်ကို အဲဒီ ပြတင်းထဲမှာတင် မြင်ရတယ်”တဲ့။ မောင်က သူမကို ပြောဖူးသည်။ သူမ ထိုသူကို စူးစူးစိုက်စိုက် ကြည့်လိုက်သည်။ “ဟေ့ မျက်လုံးတွေထဲမှာ နင့်အတွက် အချစ်ရှိမနေတာ နင်တွေ့ရမယ်၊ သေချာကြည့်စမ်း...” ။ အတွေးထဲကပင် သူမ၏ကြိမ်းဝါးသံက ကျယ်လောင်နေ၏။

“ငါလား၊ မောင့်ကိုချစ်နေခဲ့တာပေါ့”။ သူ့ကို တုံ့ပြန်ဖြေလိုက်သော စကားသံက ခုတော့ဖြင့် မာကျောပြတ်သားလို့။ ပြီးတော့ စိတ်ရှင်းသူတစ်ယောက်ရဲ့ အသံ ပီသစွာ ကြည်စင်လို့။ ဒါကို သူ သိရမည်။ သို့ပေမဲ့... သူ ပြုံးလိုက်၏။ ကြည့်စမ်း... လှောင်ပြုံး။ ဟုတ်ပါ့မလား ဆိုတဲ့ အပြုံးမျိုးပေါ့။ ဘယ်လောက် ခံပြင်းစရာကောင်းလိုက်သလဲ။ တကယ်ဆို သမားရိုးကျအနေနဲ့ မိန်းမတစ်ယောက်ဟာ မျှော်လင့်ချက်မရှိဘဲနဲ့ ယောက်ျားတစ်ယောက်ကို နှစ်ပေါင်းများစွာ မယိမ်းမယိုင် ချစ်နေပါ့မလား ဆိုတဲ့ သံသယအတွေးမျိုးကို သူ တွေးသင့်တယ်။ ခုတော့ သူက ယုံကြည်လွန်နေတာကိုး။ ဒီမှာ ငါနင့်ကို ချစ်ခဲ့တာမဟုတ်ဘူး။ သာယာခဲ့တာ။ ချစ်တယ်လို့ ထင်မှတ်မှားခဲ့တာ။ သူမ ရင်ထဲမှာ စကားလုံးတွေက ဆူပွက်ပေါက်ကွဲနေကြပြီ။

သို့ပေမဲ့ သူ့ကို ဖွင့်ထုတ်ပြဖို့တော့ မဖြစ်နိုင်ပါ။ ဖွင့်ဟပစ်လိုက်မယ်ဆိုရင်တော့ တခါက သူ့ကို သူမ စွဲလန်း ခဲ့ဖူး သည်ဟု ၀န်ခံပြီးသားဖြစ်သွားမှာ မဟုတ်လား။ ကာလတစ်ခုမှာ သူ့ကို သူမက ချစ်ခဲ့ဖူးသည်ဟု သူသိခဲ့တာ။ သူမရဲ့ မျက်လုံးအရောင်လင်းလက်ကြောင့်လားဟင်...။

ဒါပေမဲ့ အချစ်ဆိုတာ မျိုသိပ်တားဆီးလို့မရဘူးတဲ့။ သူ့ကိုသူမ ချစ်ခဲ့ဖူးသည်ဆိုလျှင်တောင် မျိုသိပ် တားဆီး နိုင်ခဲ့သည်ပဲ။ ဒါဆို အချစ်စစ်ပါ့မလား။ အို... အချစ်ဖြစ်ခဲ့ရင်လည်း ခုချိန်မှာတော့ ငါ့နင့်ကို မချစ်တော့ဘူး သိလား။ သူမကတော့ အသံမဲ့ ဟစ်အော်ဆဲ။ သူက အားပါးတရ ပြုံးနေပြန်သည်။ သူမကတော့ မောင့်ရဲ့ ကြည်စင်သန့်ရှင်းလှသော မျက်လုံးများကို မြင်ယောင်အားနာကာ ချုံးပွဲချ ငိုကြွေးချင်လာသည်။ ခွင့်လွှတ်ပါ... မောင်၊ မတော်တဆ မှားယွင်းခဲ့ဖူးတဲ့ စိတ်ခံစားမှုတစ်ခုဟာ ခုတော့ မောင့်သိက္ခာတရားနှင့် သူမ၏ ချစ်ခြင်း တန်ဖိုးကို ထိခိုက်ခဲ့ပြီ။

သူမ သူ့ရှေ့မှာ တခါမျှ မပြုံးခဲ့ဖူးသော အပြုံးဖြင့် သူ့ကို ရဲရဲဝံ့ဝံ့ ကြည့်လိုက်သည်။ “သိပ်ထူးဆန်းတာပဲ သိလား၊ အချစ်ဆိုတာကို ငါခုမှ တွေ့ရတာ၊ မောင့်ကို ငါသိပ်ချစ်တာပဲ” သူမကတော့ မြွေတစ်ကောင်လို အားကုန် သုံး၍ အဆိပ်အားလုံးကို သူ့နှလုံးသွေးထဲ စူးရှစိုက်ဝင်အောင် ပေါက်ထည့်ပစ်လိုက်သည်။

သူက မျက်ခုံးကို စုံပင့်ကာ အံ့သြသယောင် ဟန်ပန်ဖြင့် ပြုံးပြန်၏။ ထိုအခါမှာတော့ သူမက နောင်တဖြင့် မောဟိုက်နေခဲ့ပြီ။ သူ့ကို ချစ်မိခဲ့ဖူးသော၊ သူနှင့် ကျွမ်းဝင်မိခဲ့ဖူးသမျှအတွက် နောင်တများက သူမကို ခုချိန်မှာ ပြင်းပြင်းထန်ထန် ဖိစီးကြသည်။ သူကတော့ သူ၏ချစ်သူ မိန်းကလေးများအကြောင်းကို သူမရှေ့မှာ ၀င့်ဝင့် ကြွားကြွား ပြောနေပြန်သည်။

စကားပြောနေရင်းမှာပင် သူ့မျက်လုံးတို့က တလက်လက်တောက်ပကာ သူမကို ညှို့မြူသယောင်ဟန် လုပ်ပြန်၏။ သူမကတော့ နာကျင်ခံခက်၊ “ကောင်မလေးတွေက ငါ့ကို မမေ့နိုင်ကြသေးဘူးဟ သိလား” ဟု ပြောကာ သူမကို မထီတရီ ပြုံးကြည့်လိုက်စဉ်မှာတော့ သူမ၏နောင်တတို့က အဆုံးစွန် ပူပြင်းကာ မီးအဖြစ် ထတောက်၏။ ထို မီးလျှံတွေထဲမှာတော့ အတိတ်ကာလနှင့်အတူ သူက လောင်မြိုက်လို့။

သို့ပေမဲ့ သူ့မျက်လုံးတို့ကတော့ဖြင့် သူမကို မခိုးမခန့်ကြည့်ကာ “နင် ငါ့ကို သိပ်ချစ်ခဲ့တယ်” ဟု ထပ်ခါတလဲလဲ ဆိုနေဆဲ ဖြစ်သည်။

(၅)
သူမကတော့ အားပါးတရ ငိုကြွေးကာ “မောင်ရယ်.. တို့သူ့ကို မချစ်တော့ဘူးလို့ သူလက်ခံအောင် တို့ဘယ်လို လုပ်ရတော့မလဲဟင်၊ အတိတ်ဆိုတာကို ပြင်ဆင်လို့ ဖျောက်ဖျက်လို့ မရဘူး ဆိုတဲ့ စကားကိုတော့ ခုချိန်မှာ မပြောပါရစေနဲ့တော့ မောင်ရယ်..” ဟုသာ ရေရွတ်နေရပါတော့သည်။

မေငြိမ်း
ရင်ခုန်ပွင့်
စက်တင်ဘာ၊ ၁၉၉၂