Oct 28, 2009

ကမ္ဘာပျက်မယ်လား.. (ဖွဟဲ့.. လွဲစေ.. ဖယ်စေ..)

ညီမလေး အိန္ဒြာက ပြောတယ်..။ တကယ်လို့ကမ္ဘာပျက်မယ်ဆိုရင်ပေါ့...ဆိုပါစို့…တဲ့။

တကယ်တော့ ကမ္ဘာပျက်တယ်လို့ ထင်ရလောက်တဲ့ ခံစားမှုတွေ ဘ၀မှာ အကြိမ်ကြိမ် ခံစားခဲ့ရဖူးပေမဲ့..။ တကယ့် ရုပ်လောကကြီးပျက်တာကို ကြုံရရင်.. လို့ တွေးလိုက်တော့လည်း စိတ်ထဲ ထိထိခိုက်ခိုက် ဖြစ်လာရပြန်တာပါပဲ။ အဲဒီအခါ ကျမဘ၀ထဲက ထူးခြားတာတွေနဲ့ တိုက်ဆိုင်တာတွေကို ပြန်ပြောပြချင်လာပါတယ်။ (အိန္ဒြာ့ post လိုပဲ အပိုင်းတစ်-နှစ် ခွဲဖတ်ကြပါကုန်…)

ကျမမှာ ထူးခြားတာ တခုရှိပါတယ်။ ငယ်ငယ်လေးကတည်းက မကြာခဏ(အကြိမ်ကြိမ်) မက်တတ်တဲ့ အိပ်မက် ၃ခုရှိပါတယ်။ ပထမဆုံးတခုက.. အိပ်မက်ထဲမှာ နေရောင်ထိန်လင်းနေတဲ့ ရွာလို နေရာလေးမှာ အိမ်ရှေ့ ကွက်လပ်လေးတခု။ အဲဒီနောက်က အိမ်လေးက ခြေတံရှည်။ လှေကားရင်းမှာ ကလေးစီး မိန်းမစီး ဖိနပ်ပါး အ၀ါလေးတရံနဲ့ ပန်းရောင်လေးတရံ ယှဉ်လျက်လေး ရှိနေတယ်။ အိမ်ဝင်းထောင့်က မြေပြန့်ုပြန့်မှာတော့ အဖွားအိုတယောက်က စကောနဲ့ ဆန်ပျာနေတယ်။ ဒါပဲ..။ အဲဒီမြင်ကွင်းလေးကို ကလေးဘ၀ သိတတ်စကတည်းက ကျမ မကြာခဏ မက်တယ်။
နောက်တော့ ကျမ အသက် အစိတ်ကျော်မှာ ၀တ္ထုရေးဖို့အတွက်လိုလို့ သွားကြည့်ဖို့ သန်လျင်ဘက်ကို အစ်မတယောက် လိုက်ပို့လို့ ရောက်တယ်။ အဲဒီတုန်းက သီတာသဘောင်္ကြီးနဲ့..။ သန်လျင်ဘက်ကမ်းရောက်တော့ ကျမတို့ လျှောက်သွားရင်းနဲ့ မွေ့နွန်းကုန်းကို ရောက်ပါရော။ အဲဒီမှာ ဇာတ်လမ်းစတာပါပဲ။ အဲဒီနေရာတွေကို ကျမ သိနေတာပါ။ (ကျမ ကြီးမှ သန်လျင်ကို တခါမှ မရောက်ဖူးပါဘူး။ ဒါပေမဲ့ ကျမအဖေနဲ့ အမေ အိမ်ထောင်ဦး .. ကျမကို ကိုယ်ဝန်ရှိစဉ်ကတော့ သန်လျင်မှာ နေခဲ့တာပါ)။ အစ်မရဲ့ ဦးဆောင်မှုနောက် လိုက်လာတဲ့ ကျမက အဲဒီနေရာတွေမှာတော့ ကျမက ရှေ့က သွားနေမိပါတယ်။ နောက်တော့ ကျမ စိတ်ထဲ သိပ်သွားချင်နေတဲ့ နေရာတွေကို ခြေဦးတည့်ရာနောက် လျှောက်လိုက်သလို သွားနေမိပါတယ်။ ကျမ လမ်းတလမ်းထဲ ချိုးဝင်လိုက်ပါတယ်။ အဲဒီ လမ်းနာမည်ဖတ်ကြည့်လိုက်တော့ မြို့ဟောင်း ၁ လမ်းတဲ့။
အဲဒီလမ်းထဲက နောက်ထပ်လမ်းသွယ်တခုထဲ ကျမ အလိုလို ချိုးဝင်မိပြန်ပါတယ်။ မြရာပင် ၁ လမ်းတဲ့။ အဲဒီလမ်းထဲ အိမ်စုတ်ကလေးတွေ အစီအရီ..။ လမ်းအဆုံးထိ ကျမလျှောက်ဝင်သွားမိပါတယ်။ လမ်းအဆုံးမှာတော့ တကယ်ပဲ မြရာတောကလေးလိုဖြစ်နေတဲ့ သစ်ပင်စုစုလေးတွေက ပိတ်သွားပါတယ်။ အဲဒီလမ်းကလေးအဆုံး ဘယ်ဘက်ခြမ်းက ယိုင်နဲ့နဲ့ အိမ်ကလေးတလုံးကို ကျမ ရပ်ကြည့်နေမိပါတယ်။ ဖတ်လာတဲ့သူတွေ ရိပ်မိမှာပါ။ ဟုတ်ပါတယ်။ အဲဒါ ကျမ အိပ်မက်ထဲက အိမ်လေးပါပဲ။ ဘိနပ်လေး နှစ်ရံနဲ့ အဖွားကြီးတော့ ရှိမနေပါဘူး။
အဲဒါကို နောက်မှ အမေ့ကို ပြောပြတော့ အမေက သိပ်ကို အံ့သြနေပါတယ်။ အမေတို့ အိမ်ထောင်ဦးတုန်းက အဲဒီအိမ်လေးမှာ ငှားနေခဲ့ကြတာဆိုတာကို ကျမကို အမေတို့ တခါမှပြောမပြခဲ့ဖူးပါဘူး..။

အဲဒီနောက်မှာတော့ ဘာလို့မှန်းမသိပါဘူး.. ကျမ အဲဒီအိပ်မက် ထပ်မမက်တော့ပါဘူး။

နောက်ထပ် အဲလိုပဲ မကြာခဏ မက်တတ်တဲ့ အိပ်မက်တခုကတော့ ကျမက ၀ါးရုံပင်တွေ ဘေးဘယ်ညာမှာ ကိုင်းကျပြီး အုပ်မိုးထားတဲ့ တောင်ကုန်းမို့လေးတွေကြားက တောလမ်းလေးတခုထဲမှာ အေးအေးလူလူ လျှောက်နေတာ။ ကျမကိုယ်မှာ ချွေးလေးတွေနဲ့ အေးလို့..။ ဒါပဲ အိပ်မက်က..။ ကျမ ၁၀တန်းနှစ်မှာ ပထမဆုံး ကျိုက်ထီးရိုးဘုရားဖူး သွားရပါတယ်။ အဲဒီတုန်းက တောလမ်းကနေ တက်ရတာမို့ သိပ်ပျော်တာပါပဲ..။ ဒီလိုနဲ့ ရွှေရင်ဆို့အကျော် တနေရာအရောက်မှာတော့ ကျမအိပ်မက်ထဲက မြင်ကွင်းနဲ့ တန်းကနဲ တိုးပါတော့တယ်။ အဲဒီနေရာလေးမှာ လမ်းလျှောက်နေတုန်းမှာလည်း တကယ်ပဲ ကျမကိုယ်မှာ ချွေးတွေအေးလို့။ အဲဒီလမ်းကလေး လျှောက်နေတုန်းမှာလည်း အိပ်မက်ကို တချိန်လုံး သတိရနေခဲ့ပါတယ်။ မှတ်မှတ်ရရ အဲဒီည တောင်ပေါ်ရောက်တော့ ကျမ အပြင်းဖျားပါတယ်။
အဲဒီနောက်ပိုင်းမှာလည်း အဲဒီအိပ်မက် တခါမှ ထပ်မမက်တော့ပါဘူး။ ပြီးတော့ အဲဒီနောက် နှစ်တိုင်းနီးပါး ကျမ ကျိုက်ထီးရိုးဘုရားဖူး နှစ်စဉ်ရောက်ဖြစ်ပါတယ်။

နောက်ဆုံး အိပ်မက်ကတော့ ခပ်ငယ်ငယ်ကတည်းက မက်တာပေမဲ့ နောက်ဆုံးမက်ခဲ့တာ ၂နှစ်လောက် ရှိပါပြီ။ ခုချိန်ထိဆိုရင် လေးငါးခါတော့ မက်ပြီးသားပါ။ အဲဒီအိပ်မက် စမက်စဉ်ကအတိုင်းပြောပြရရင် အိပ်မက်ထဲမှာ ညဘက်ကြီး။ ကျမက ရေထဲမှာ မှောက်ခုန်ကြီး မျောနေတာ..။ အဲဒီငယ်ငယ်လေးမှာ မက်ကတည်းက အိပ်မက်ထဲမှာ ကျမက အသက်ကြီးနေပြီ်။ ကျမ ခေါင်းထောင်ကြည့်တော့ ကျမနားမှာ ရုပ်တုတွေ.. အဆောက်ဦးတွေက ရေနစ်လက်စ တပိုင်းတစပေါ်လို့။ ဒါပါပဲ အိပ်မက်က..။ (အပြင်မှာဆိုရင်တော့ မဖြစ်နိုင်.. ကျမက ရေမကူးတတ်တော့ ချက်ချင်း ပလုံဆို သွားမှာ..) နောက် နည်းနည်းကြီးလာမှ အဲဒီရုပ်တုတွေထဲမှာ တခုက New York က Liberty ရုပ်ကြီးလို့ သိလာတယ်။ နောက်တော့ အဆောက်အဦးကလည်း ၀ါရှင်တန်က ပါလီမန်အဆောက်အဦးရဲ့ ခေါင်မိုးလုံးလုံးကြီးမှန်း သိလာတယ်။ (ကဲ.. ဇာတ်လမ်းကတော့ စလာပါပြီ..။ ခု ကျမနေတာ ၀ါရှင်တန် နား..။ ကျမရုံးကလည်း လွှတ်တော်ရှေ့မှာ..။ လစ်ဘာတီရုပ်ကြီးနဲ့တော့ ဝေးပါတယ်။ :P) ကဲ.. ကမ္ဘာကြီးကတော့ ၂၀၁၂ ဒီဇင်ဘာ ၂၁မှာ ပျက်မှာတဲ့။
ကျမမှာလည်း ကြုံကြိုက်စရာ အိပ်မက်ထဲက မြင်ကွင်း ဒါပဲ ကျန်တော့တာ။
ဆိုတော့ ပြောရရင် ကျမစိတ်ထဲ… ယုံသလိုလို..။(ကျောချမ်းစရာ မကောင်းလား.. :D)
++++++

အင်း…. "ကမ္ဘာပျက်ခါနီး တစ်လလောက်အလို" တဲ့။

(၁) ဘယ်သူတွေနဲ့ရှိနေချင်လဲ..
တကယ်တော့ ဘယ်သူတွေနဲ့ပဲဖြစ်ဖြစ် အရေးမကြီးတော့ပါဘူး။ တကယ်သာဆို အဲဒီအချိန်လေးမှာ ဘာကိုမှ တွေးထား ပြင်ထားလို့မှ မရတာပဲ..။
ဒါပေမဲ့ အိန္ဒြာနဲ့တူတာက…
အဖြစ်ချင်ဆုံးက ဘယ်သူတွေ ဘာမှမဖြစ်ချင် ကိုယ်အရင်ဆုံးသေသွားတာမျိုးပေါ့။
ဟုတ်တယ်..တကိုယ်ကောင်းဆန်တယ်ပဲ ပြောပြော.. ကိုယ်ပဲ အရင် သေချင်တယ်။

(၂) ဘာတွေခံစားနေရမလဲ..

ကျမတို့ မိဘတွေပဲ သေကုန်ပြီး ကလေးတွေချည်း ကျန်နေခဲ့မှာကို ပူတယ်။ မသေရခင်စပ်ကြား အပူအလောင်တွေ အနာတရတွေ ချောက်ချားစရာတွေ တွေ့ရမှာကို တွေးကြောက်နေမိမယ်..။ သေချာတာတော့ ဘုရားစာတွေ ပိုရွတ်နေဖြစ်မယ်။

(၃) ဘာတွေပြင်ဆင်ထားမလဲ

သားသမီးတွေကို တခုခုဖြစ်ရင် အတူတူပြေးမယ်.. မေမေတယောက် ဖေဖေတယောက် ကပ်ထား။ သားကြီးက ဗလကြီးတော့ ရှေ့က ဦးဆောင်ရမှာပဲဆိုတာတွေ ပြောထားမှာပေါ့။ အတတ်နိုင်ဆုံးတော့ မခွဲမခွာ ရင်ဆိုင်ကြဖို့…။

(၄) ၀မ်းနည်းမိမှာက

ဘ၀ထဲ ကြာကြာမနေလိုက်ရမှာကိုပေါ့။ ကျမ စာတွေ ရေးချင်သေးတယ်..။ ပန်းချီလည်း ပြန်ဆွဲချင်သေးတာ..။ ပြီးတော့ အမေ့ကို ပြေးတွေ့လိုက်ချင်သေးတာ။

(၅) ကြောက်လန့်မိတာက..

မသေခင် ခံစားရမယ့် ဝေဒနာနဲ့ သေကွဲ ရှင်ကွဲတွေ အများကြီး ကြုံဦးမှာကိုပေါ့။

(၆) ဆောင်ထားချင်တာ..

ခုချိန်ထိတော့ ကိုယ့်မိသားစုလေးကိုပဲ ကျစ်ကျစ်ပါအောင် ဖက်တွယ်ဆောင်ထားချင်ပါတယ်။

(၇) ဘာတွေရေးမိမလဲ..

အဲဒီအချိန်လောက်ဆိုရင် ရေးနိုင်ရင်တောင် ကျောက်ချပ်လို.. သတ္တုပြားလို.. ပေါ်မှာပဲ ထွင်းရေးဖို့ ကြိုးစားမယ်..။

(ဂ) တွေးမိတွေးရာ အတွေး

တကယ်လို့များ ကမ္ဘာပေါ်မှာ ငါတယောက်တည်း အသက်ရှင် ကျန်နေခဲ့ရင်.. ဘယ်လို လုပ်ရပါ့..။

(၉) ဂုဏ်ယူချင်တာက

အဲဒီအချိန်မှာတော့ ဘာကိုမှ ဂုဏ်မယူချင်တော့ဘူးထင်တယ်။ စိတ်သောကပဲ ဖိစီးနေတော့မှာလေ..။ ကြံဖန် ဂုဏ်ယူရရင်တော့ ခဏပဲ ရတဲ့ လူ့ဘ၀ထဲ တန်အောင် နေခဲ့ရတာ ဂုဏ်ယူပါတယ်။

(၁၀) ရှာကြံဖြေသိမ့်မိတာက

ဘာပဲဖြစ်ဖြစ် .. အနားမှာ အားရှိဖော် မိသားစု ၅ယောက်တောင် အတူရှိနေတာ..။


(၁၁) ကျူးရင့်ချင်တဲ့ ဥဒါန်း

အမှန်အတိုင်း ၀န်ခံရရင်..ဘာ ကျူးရင့်ရမှန်းကို မသိတော့ပါဘူး။
ငါလာတယ်…
ငါမြင်တယ်..
ငါအောင်ပွဲခံတယ်..
(ဟင်… ဟုတ်သေးပါဘူး.. ဒါလည်း )
ဒါမှမဟုတ်လည်း.. ဟေးးးး ငါ့အိပ်မက် မှန်တယ်…. လို့များလား…။ 

Oct 25, 2009

နီကိုရဲ...

သူက ကျမကို မာမီလို့ ခေါ်တယ်..။ သူ့ကို တွေ့ရင် တတွတ်တွတ်နဲ့ ဆုံးမ တတ်လို့တဲ့..။ ကျမကတော့ သူ့ကို ကိုရဲလို့ပဲ ခေါ်ပါတယ်။ ကျမတို့ချင်းက ဝေး.. ဝေး... နေတတ်တော့ တွေ့ရပြီလားဟေ့ဆိုရင် စကားပြောလို့ ကောင်းမယ့် တနေရာရာကို သွားဖြစ်အောင် သွားထိုင်ပြီး တွတ်ထိုးတော့တာ..။ အများအားဖြင့် ပြောဖြစ်တာက ဘ၀အမောတွေ..။ ကျမတို့ တွေ့ရင် မမေ့မလျော့ လုပ်ဖြစ်တာက ကိုရဲကို ကျမက ဗေဒင်တွက်ခိုင်းဖို့နဲ့ ကိုရဲကလည်း မမေ့မလျော့ ကျမ လက္ခဏာကို တောင်းတောင်းကြည့်တတ် တာ..။ (နီကိုရဲက ဗေဒင်ဟောရင် သိပ်မှန်တာ)။ အဲဒီအခါကျရင် ကြားထဲ ရှုပ်တုပ်ရှုပ်တုပ် လုပ်တတ်ကြတာက မင်းခိုက်စိုးစန်..။ ဒါမှမဟုတ်.. ခက်မာ။ ဒါမှမဟုတ် ဝေမှူးသွင်။ ကျမတို့တတွေ တကယ့် မောင်နှမရင်းချာတွေလို. တိုင်ပင်ကြ.. ရင်ဖွင့်ကြ..။ ဘယ်လောက်ဝေးနေနေ ပြန်တွေ့ရင် နွေးထွေးမြဲ..။

(မေငြိမ်း၊ နီကိုရဲ၊ ခက်မာ)
(တိုက်တိုက်ဆိုင်ဆိုင်.. ပြီးခဲ့တဲ့ ကျမတင်ထားတဲ့ ကိုအောင်ဝေးလုပ်တဲ့ အင်တာဗျူး.. မရေးဖြစ်တဲ့ ကဗျာကို ကျမတို့ ၃ယောက် လဆက် ဖြေခဲ့ကြတာ.. ခုတော့ တကယ်ပဲ စိုတဲ့လက်မှ မခြောက်ခင်...)

ကိုရဲ ၀တ္ထုတွေ အောင်မြင်ချိန် ကျောင်းထဲ ရုပ်ရှင်လာရိုက်တဲ့အခါ ကျမကို ဌာနမှာ သူ လာရှာခေါ်သွားပြီး သူ့ရိုက်ကွင်းအနားမှာ လေပွားခဲ့ကြတာ..။ တကယ်က သူနဲ့ ကျမက အသက် ၁နှစ်ခွဲပဲ ကွာတာပါ။ ဒါပေမဲ့ သူက ကျမကို အစ်မကြီးလို.. ကျမက သူ့ကို မောင်ငယ်လို ဆက်ဆံတော့ ကျမတို့က တကယ့် မောင်နှမတွေလို..။

သူနဲ့ နောက်ဆုံးတွေ့ခဲ့ကြတာ ၂၀၀၄ နိုဝင်ဘာလထဲ.. ကိုငှက်(ထူးအိမ်သင်)ဆုံးတာ ရက်၁၀၀ပြည့် အထိမ်းအမှတ်ကို နေမျိုးဆေးက Mr.Guitar မှာ ကိုငှက်မိသားစုနဲ့ သူငယ်ချင်းတွေချည်းပဲ အမှတ်တရဆိုပြီး လုပ်ပေးတဲ့ပွဲလေးမှာ ကိုငှက် ချစ်တဲ့ ကိုရဲနဲ့ ကျမတို့ သူငယ်ချင်းတတွေ ဆုံဖြစ်ခဲ့ကြတာ..။ နောက် မင်းခိုက်စိုးစန် ရောပေါ့...။

(နီကိုရဲ၊ ခက်မာ၊ မေငြိမ်း၊ မင်းခိုက်စိုးစန်)
(ကိုရဲအိမ်မှာ.. ထုံးစံအတိုင်း မောင်နှမတတွေ.. တဟားဟားနဲ့ ရယ်ခဲ့ကြရတာ.. အဲဒါ နောက်ဆုံးတွေ့ခဲ့ရတာပေါ့)

ထုံးစံအတိုင်း မောင်နှမတွေ အလုပ်ကိုယ်စီရှုပ်ပြီး မတွေ့တာကြာလို့မို့... စကားတွေ ဖောင်လောင်တိုက် ပြောကြတာ..။ သူက ပြောလိုက်သေးတယ်.. ကိုငှက်သာ ကြည့်နေရင် ကျနော်တို့ကို ကြည့်ပြီး သူ့တော့ မလွမ်းကြဘဲ လေကန်နေကြတယ်လို့ ဆဲနေမှာတဲ့..။ (အဲဒီတုန်းကလည်း ကိုရဲက သူနဲ့ ကိုငှက် ဂျစ်ကျကြပုံတွေ ပြောပြတာမို့ ကျမတို့မှာ ငိုချင်တဲ့ ကြားကပဲ ရယ်နေခဲ့ကြရတာပါ။ (ကိုရဲက ရယ်စရာ ဖြစ်အောင်ကို ပြောတတ်တာပါ။ အဲလိုရယ်စရာတွေသာပြောနေတာ သူ့ရုပ်ကတော့ ခပ်တည်တည် ထားတာမို့ ကျမတို့မှာ ပိုရယ်နေရတာပါ)။ တကယ်တော့ ကျမတို့အားလုံးဟာ ကိုငှက် ဆုံးတုန်းက အသည်းတွေ ကွဲခဲ့ကြတဲ့ သူတွေချည်းပါပဲ..။ ခုတော့ဖြင့်... ကိုငှက်နောက်ကနေ.. တန်းစီသွားကြသူတွေထဲ သူလည်း နံပါတ်စဉ် တခု ချိတ်ခဲ့ပြီ။

ကိုရဲရေ...
ခုလည်း ငါကတော့ ဆူချင်တာပါပဲ...။ မွေးရာပါနှလုံးရောဂါဟာ အရက်အလွန်အကျွံသောက်ရင် သေဖို့ သိပ်မြန်တယ်ဆိုတာ.. နင်အသိဆုံးလေ.. ကိုရဲ..။
ငါ ပို စိတ်မကောင်းဖြစ်ရတာက ဒီကနေ့ နင့်နာရေးသတင်းကို ငါနဲ့ စိုးလေး ပြောလိုက်ကြရတာပဲ..။ (စိတ်ဆင်းရဲစရာ ကောင်းလိုက်တာ)
ကိုရဲရေ.. ခက်မာလည်း ညက အိပ်မပျော်ဘူးသိလား...။
တကယ်တော့ ငါတို့ သူငယ်ချင်းအားလုံးကို အမြဲတမ်းပျော်အောင် လုပ်ခဲ့တဲ့ နင့်မှာ နာကျင်စရာတွေ ရှိသမျှ.. ငါတို့ကကျတော့ နင့်ကို ဘာမှလုပ်မပေးနိုင်ခဲ့ပါလားနော်...။
ချစ်တဲ့
မာမီ
အောက်တိုဘာ ၂၄၊ ၂၀၀၉

Oct 23, 2009

ကိုအောင်ဝေး လုပ်ခဲ့တဲ့ အင်တာဗျူး ( ၁၉၉၅... )




အဲဒီတုန်းကလည်း ၁၉၉၅ပဲ .. (လ မမှတ်မိတော့) နောက်ပိုင်း ကျတယ်ထင်တယ်..။ ဖားအံကနေ ခဏ ပြန်ရောက်တဲ့အချိန်။ သမ္မတဟိုတယ်မှာ လုပ်တဲ့ ရုပ်ရှင်ကန်တော့ပွဲတခုမှာ ကိုအောင်ဝေးနဲ့ တွေ့တုန်း မြင်ကွင်းစုံဆိုတဲ့ မဂ္ဂဇင်းအတွက်.. အင်တာဗျူး လုပ်ဖြစ်တာ မှတ်မိတယ်။

ခုမှ ကိုယ့်အင်တာဗျူးတွေ ပြန်ဖတ်ကြည့်တော့ ကိုယ့် သဘောထား ခံယူချက် ယုံကြည်မှုတွေက ခုချိန်ထိ မပြောင်းလဲပါလားလို့ သတိထားမိတယ်။ အမှန်အတိုင်း ၀န်ခံရရင် အမြဲတမ်း အရိုးသားဆုံး (ကြိုးစား) ဖြတ်သန်းခဲ့တာတွေအတွက် ကိုယ့်ကိုယ်ကို လိပ်ပြာသန့် ကျေနပ်မိပါတယ်..။

Oct 17, 2009

တပိုင်းတစနှင်း....

မိုးချိုသင်းပြောတဲ့ "တပိုင်းတစနှင်း" ..


ရွှေအမြုတေ မဂ္ဂဇင်း၊ ၁၉၈၉ စက်တင်ဘာလ။


Oct 15, 2009

အလွမ်းပြေ (၂)...

အဲဒီ ၁၉၉၅လောက်တုန်းက ကျမ ဘားအံမှာ တာဝန်ကျနေချိန်။ ရန်ကုန်တချက်ပြန်ရောက်လို့ လေထန်ကုန်းဘက် ရောက်ပြီဆိုရင် အင်တာဗျူးတွေ တော်တော်များများ ဖြေခဲ့ရတာ မှတ်မိတယ်..။ (သဘောကတော့ နောက်ထပ် တင်ဦးမှာလို့ ကြိုကြေညာထားတဲ့ သဘော.. :P) ဒါမဲ့ မဂ္ဂဇင်းအုပ်လိုက် သိမ်းမထားမိတော့ လပိုင်းတွေ သိပ်မမှတ်မိတော့ပါဘူး။ ခု ပြန်ကြည့်တော့ ဒီအင်တာဗျူးလည်း ၁၉၉၅ပဲ..။ ပထမတခုထက်တောင် စောနေပါသေးတယ်။ ဒီတုန်းက ဖြူး မိတ်ဆွေများစာကြည့်အသင်းရဲ့ ဆုပေးပွဲကို သွားတုန်း လုပ်ခဲ့တဲ့ အင်တာဗျူးပါ။ မှတ်မှတ်ရရ.. အဲဒီပွဲမှာ တာရာမင်းဝေရဲ့ "အာလူးစားသူများ" ၀တ္ထုတို ဆုရပါတယ်။ (မတ်လ ထင်တယ်)။ ကျမရဲ့ ပထမဆုံး အင်တာဗျူးကြီးက ၁၉၈၉ မဟေသီမှာ ကိုဟိန်းလတ်နဲ့ လုပ်ခဲ့တာပါ။ တကယ်တော့ ကျမကို စာရေးသက်အဲလောက်လေးနဲ့ အင်တာဗျူးလုပ်ခဲ့တာ သိပ်စောတာပေါ့။ ဒါနဲ့ ဂျက်(ကွမ်းခြံကုန်း) (မောင်သာချို)က ဘုစုခရုများနဲ့ အင်တာဗျူးခြင်းဆိုပြီး ရွှေအမြုတေကနေ ဆော်ပါရောလား..။ ခုပြန်တွေးတော့ တကယ့်ကို လွမ်းစရာလေးတွေပါ..။



(တကယ်တော့ ပကတိမြား.. ၀တ္ထုထဲက ဇာတ်ကောင်နာမည်က မိုးလတ်.. ပါ။ ကိုခေတ်ထွန်း အကြားလွဲသွားပုံ ရတယ်။)

အလွမ်းပြေ... (၁၉၉၅)





Oct 8, 2009

ကယ်တင်ရှင်တို့ဆွဲနှစ်တဲ့ ရေတိမ်

ကယ်တင်ခြင်း ပေါချောင်ကောင်းတွေ
ဈေးကြီးနာကြီးနဲ့ ငါတို့ ဆီအရောက်လာခဲ့တာ
ဂုဏ်သိက္ခာနဲ့ လွတ်မြောက်ရေးက လွဲလို့
တပတ်နွမ်းတန်ဆာတွေ ဆင်ခွင့်တော့
ပေါပေါသီသီ ရခဲ့သပေါ့....။

ဒီမယ် ဘုရားသခင်နဲ့မအပ်စပ်တဲ့
သေနတ်တွေမကိုင်ကြပါနဲ့

ကရုဏာတော် တနင့်တပိုးနဲ့
မြင့်မြတ်သူကြီးများက လူယဉ်ကျေးအဆီတက်နေတဲ့
မျက်နှာတွေ တဖြဲဖြဲပေါ့....
ချော့မော့လိုက် သတိပေးလိုက်
ထောက်ပံ့ကြေးဖြတ်လိုက်ပေါ့....

ဒီမှာတော့
တောင်ယာ ပျက်
ရွာမီးလောင် ........
နေစရာတောင် မရှိတော့ချိန်မှ
ကိုယ့်ကိုယ်ကို ကာကွယ်ခွင့်ကို
ကရုဏာ တိုရေရှားရေနဲ့ လဲ ယူ ကြရဦးမှာလား.....

ကရုဏာသမားတွေဟာ
တိုယိုတာဖိုးဝှီးနဲ့လာတယ်
တန်ဘိုးကြီး ယမကာတွေ လုပ်ငန်းသဘောအရ မှီဝဲတယ်...

နယ်စပ်တကြောက ဘ၀အမောတွေနဲ့
တောင်တန်းတွေကို
ငါလိုကယ်တင်ရှင်တွေမှမရှိရင် ခက်ရချည်ရဲ့လို့
မဲ့မဲ့ရွဲ့ရွဲ့ ပိုပိုသာသာ လိုရာဆွဲ မှတ်ချက်ချတယ်...။

ဒီမှာ ကရင်တွေဟာ
ညာအူးထီးနဲ့ ဘီလူးစီးလာတဲ့
စစ်အာဏာရှင်ကို ထီမထင် တော်လှန်ခဲ့ကြတာ

ဒီမှာ ရှမ်းတွေဟာ
ပဲပုတ်ရေကြဲ နဲ့
စစ်သရဲတွေကို ဆွဲလှဲခဲ့ကြတာ

နင်တို့ ကရုဏာ တထွာတမိုက်နဲ့
လာလိုက်တော့မှပဲ ......................။

ကိုထွေးညို (တမာတန်း)


(အရှေ့မိုးကောင်းကင်.. မှ)

(ဒီဆောင်းပါးကိုလည်း တွဲဖတ်စေချင်ပါတယ်)



Oct 1, 2009

ကြွက်ထောင်ချောက်


အီမေလ်ထဲကနေ ဒီစာလေး ရောက်လာတာ ကြာပါပြီ။
ဒီတလောတော့ ဒီစာလေးကို ခဏခဏ ပြန်သတိရနေလို့ ဝေမျှချင်တာနဲ့ တင်ပေးလိုက်ပါတယ်။ ဖတ်ပြီးတဲ့သူ များမယ်ထင်ပါတယ်။


ကြွက်ထောင်ချောက်
ကြွက်ဟာ အက်ကွဲနေတဲ့ အုတ်နံရံ ကြားကနေ လယ်သမား လင်မယား၊ အထုပ်တစ်ထုပ် ဖြေနေတာကို စိတ်ဝင်တစား ကြည့်နေလေရဲ့။ အထဲမှာ ဘာမုန့်များ ပါလေမလဲလို့ စိတ်ထဲက မျှော်တလင့်လင့်နဲ့ ကြည့်နေတယ်။ ဒါပေမဲ့ သူ စိတ်ပျက်စွာ မြင်တွေ့လိုက်ရတာက ကြွက်ထောင်ချောက် တစ်ခု။ လယ်သမားကြီးဟာ အိမ်ထဲက တစ်နေရာမှာ သွားချထားလိုက်တယ်။ အဲဒါကို မြင်လိုက်တဲ့ ကြွက်ဟာ အားရပါးရ အော်ပြီး လယ်ကွင်းထဲ ပြေးထွက်သွားတယ်။ အားလုံးကို သိစေချင်လို့ အသိပေးတဲ့ သဘောပေါ့။
အိမ်ထဲမှာ ကြွက်ထောင်ချောက် တစ်ခု ရှိတယ်ဗျို့၊
အိမ်ထဲမှာ ကြွက်ထောင်ချောက် တစ်ခု ရှိတယ်ဗျို့။

မြေကြီးကို ခြေထောက်နဲ့ ယက်ပြီး အစာရှာနေတဲ့ ကြက်ဖကြီးက ခေါင်းမော်ကြည့်ပြီး
စိတ်ပျက်တဲ့ လေသံနဲ့ ပြောလိုက်တယ်။ အော် ... ကိုကြွက်ရယ်၊ မင်းအတွက်တော့ သေတွင်းပဲလို့
ငါ ပြောလို့ရပါတယ်။ ဒါပေမဲ့ ငါ့အတွက်တော့ အလကားပါ။ ဘာမှ မဟုတ်တဲ့ကိစ္စနဲ့
ငါ့ ခေါင်းလာမရှုပ်နဲ့ကွာ။

ကြွက်က ၀က်ဘက်ကို လှည့်ပြီး အိမ်ထဲမှာ ကြွက်ထောင်ချောက် တစ်ခု
ရှိတယ်ဗျလို့ ပြောလိုက်တယ်။ ၀က်က ကရုဏာသက်တဲ့ မျက်နှာပေးနဲ့ ကြည့်ပြီး
ပြောလိုက်တာက အတော်လေးကို စိတ်မကောင်းပါဘူးဗျာ။ ကယ်တော့ ကျနော်အနေနဲ့
ခင်ဗျားကို ဆုတောင်းပေရုံက လွဲလို့ ဘာမှ မလုပ်ပေးနိုင်ပါဘူး။
သေချာတာတစ်ခုက ခင်ဗျားအတွက် ကျနော် အမြဲ ဆုတောင်းပေးနေပါတယ်။

ကြွက်က နွားဘက် လှည့်ပြီး အိမ်ထဲမှာ ကြွက်ထောင်ချောက် ရှိတဲ့ အကြောင်း
ထပ်ပြောလိုက်တယ်။ နွားက ၀ိုး ... ၀မ်းနည်းပါတယ်ဗျာ။ ဒါပေမဲ့ ကျနော့်နှာခေါင်းကိုတော့
ညှပ်စရာ အကြောင်း မရှိဘူးလေ .. လို့ ပြန်ပြောလိုက်တယ်။

ဒီလိုနဲ့ ကြွက်ဟာ စိတ်ပျက်အားငယ်စွာနဲ့ ခေါင်းငိုက်စိုက်ချပြီး အိမ်ထဲကို
ပြန်ဝင်လာခဲ့တယ်။ အော် ... လယ်သမားကြီးရဲ့ ကြွက်ထောင်ချောက်ကို ငါတစ်ကောင်တည်း ရင်ဆိုင်ရတော့မှာ ပါလား။

တစ်ညတော့ "ဗြောင်း" ဆိုတဲ့ အသံက အိမ်ထဲမှာ အတော်လေး ညံသွားတယ်။
အကောင်တစ်ကောင်ကောင်ကို ညှပ်မိလို့ ကြွက်ထောင်ချောက်က မြည်တဲ့ အသံလိုပဲ။

လယ်သမားရဲ့ မိန်းမက ဘာအကောင်များ မိသလဲလို့ သိချင်ဇောနဲ့
ကြွက်ထောင်ချောက် ရှိတဲ့ဆီ အတင်းကို ပြေးသွားတယ်။ အမှောင်ထဲမှာ ဆိုတော့
အမြီး ညပ်လို့ ဒေါသ တချောင်းချောင်း ထွက်နေတဲ့ မြွေကို မမြင်လိုက်မိဘူး။

အဲဒီတော့ အမျိုးသမီးရဲ့ ခြေထောက်ကို မြွေပေါက်ခံလိုက်ရတော့တယ်။
ဆေးကုသဖို့အတွက် လယ်သမားကြီးဟာ သူ့မိန်းမကို ဆေးရုံ အမြန်ပို့လိုက်ရတယ်။
အိမ်ပြန်ရောက်တော့ မြွေဆိပ်ကြောင့် အမျိုးသမီးကြီး အဖျားတွေ တက်နေတယ်။

အဖျားတက်နေတဲ့ လူနာကို အားရှိသွားအောင် လတ်ဆတ်တဲ့ ကြက်စွတ်ပြုပ်
လုပ်တိုက်ရတယ် ဆိုတာ လူတိုင်း သိနှင့်ပြီးသားပါ။ ဒါနဲ့ လယ်သမားကြီးဟာ
ကြက်စွတ်ပြုပ် လုပ်ဖို့ လယ်ကွင်းထဲကို ဓါးတစ်ချောင်းနဲ့ ဆင်းသွားလေရဲ့။

ဒါပေမယ့် အမျိုးသမီးကြီးရဲ့ ကိုယ်ပူရှိန်ဟာ မကျဘဲ တက်မြဲ တက်နေလေရဲ့။
အိမ်နီးနားချင်းတွေ၊ သူငယ်ချင်းတွေက လူနာလာမေးရင်း နေကောင်းစေဖို့
နည်းလမ်းကောင်းတွေ လာပြီး ဆွေးနွေးပေးကြတယ်။ တနေကုန်ပဲ ဆိုပါတော့။
သူတို့တွေကို ကျွေးဖို့ မွေးဖို့ ၀က်သားကို ဖော်ရတော့တယ်။

နောက်ဆုံးတော့ အမျိုးသမီးကြီး ဘယ်လိုမှ မသက်သာနိုင်ဘဲ ကွယ်လွန်သွားရှာတယ်။
နာရေးမှာ လူအတော်များများ အသုဘရှု လာကြတယ်။
လာသမျှလူတွေကို ဧည့်ခံဖို့ လယ်သမားကြီး ခမျာ လောက်ငှအောင် အမဲသားဟင်းကို
စီစဉ်ရတော့တယ်။

ကိုကြွက်ကတော့ ဖြစ်သမျှ အားလုံးကို အက်ကွဲနေတဲ့ အုတ်နံရံကြားကနေ
စိတ်သောကကြီးစွာနဲ့ပဲ ကြည့်နေမိတော့တယ်။

.............................................................................

နောင်တစ်ချိန် လူတစ်ဦးတစ်ယောက်က ပြဿနာနဲ့ ရင်ဆိုင်နေရတဲ့အခါ
ငါနဲ့မဆိုင်ပါဘူးလို့ တွေးလိုက်မိရင် ... သတိရပါ။ ကျနော်တို့ထဲက
တစ်ယောက်ယောက်ဟာ ခြိမ်းခြောက် ခံနေရပြီ ဆိုရင် အဲဒီ အန္တရာယ်ဟာ ကျနော်တို့
အားလုံးအပေါ် ကျရောက်လာတာပဲ။ တခြားသူတွေ အပေါ်မှာ မျက်စိဒေါက်ထောက်ပြီး
ဂရုတစိုက် ရှိသင့်သလို တစ်ယောက်ကို တစ်ယောက်လည်း အားပေးပြီး အစွမ်းကုန်
ကူညီတတ်ဖို့ လိုပါတယ်။ ကျနော်တို့ အားလုံးဟာ ဘ၀လို့ ခေါ်တဲ့ ခရီးစဉ်ထဲက
တစ်ဖောင်တည်းစီး ခရီးသွားဖော်ချင်း အတူတူပါ။

++++++


"မတရားမှုတခုမှာ သင်ဟာ ကြားနေတယ်ဆိုရင် ... သင်ဟာ ဖိနှိပ်သူဘက်က လိုက်ဖို့
ရွေးချယ်လိုက်တာနဲ့ အတူတူဘဲ"


"If you are neutral in a situation of injustice,
you have chosen to side with the oppressor."

(ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရ ဘုန်းတော်ကြီး ဒက်စမွန်တူးတူး)

ဒါကတော့ တောင်အာဖရိက က နိုဘယ်လ်ဆုရှင် ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူးရဲ့
စကားပါ။ ရှေ့ကပုံပြင်နဲ့မတူပေမဲ့ မဆိုင်သလိုနေတဲ့သူတွေအတွက်
ဥပမာပေးရာမှာတော့ နီးစပ်မှုရှိပါတယ်။