Apr 24, 2017

ဂျွန်ရပ်စကင်းကို သတိရ ..


လူမျိုးတမျိုးဟာ ..

ရသ ခံစားတတ်မှုကို ဟာသလုပ်တယ်

အနုပညာကို သရော်မော်ကားပြုတယ်

ချစ်ခြင်းမေတ္တာကို လိင်စိတ်လို့ မြင်တယ်

မျိုးဆက်အသစ်အတွက် ဆိုးကျိုးဆက်ကို မမြင်တတ်ဘဲ ကိုယ့်လောဘတဏှာကို ထုတ်ပြရဲတယ်

ကိုယ့်အမှားကို ဝန်မခံဘဲ တပါးသူရဲ့ အားနည်းရာကို ထိုးကျွေးတယ်

သူဟာ ငါ့ထက်တတ်လို့ နေရာဖယ်ပေးရတော့မယ်ရယ်လို့ တွေးပြီး ရန်မူတယ်

ပညာတတ်ဆိုတာ သေချာပြင်ဆင်ပြီး ညာတတ်သူလို့ အဓိပ္ပါယ်ရတယ်..

အိမ်ထောင်ရေးဆိုတာ ထောင်လို အိမ်ပဲလို့ စဉ်းစားတယ်

လူမှုရေးဆိုတာ လူအချင်းချင်း အမှုကိစ္စဖြစ်ရေး လို့ ဦးတည်တယ်

စီးပွားရေးဆိုတာ စီးစီးပိုးပိုးနဲ့ ပွားများနိုင်ဖို့အရေး ပဲ..

နိုင်ငံရေးဆိုတာကတော့ အသံထွက်ကတောင် နိုင်ကန်ရေး လိုလို။

ကာမ ဖောက်ပြန်မှုကို အရည်အသွေးတစ်ရပ်လို့ ဗန်းတင်တယ် ..

ကလေးအမေလည်း မျက်နှာစာအုပ်မှာ ခပ်တည်တည် လော်လည်ရဲတယ် ..

သူ ဘာလုပ်နေနေ အဖေ ဟာ အဖေပဲ ၊ အမေ ဟာ အမေပဲ .. ဆိုတဲ့ ပုံသွင်းမှုစနစ် ရှိတယ်။

ယောက်ျားဆိုတာ ကျန်းမာရေးအတွက် ပုံမှန်သွေးသားအသုံးပြု စနစ်ရှိရတယ်တဲ့..

မိန်းမ ဆိုတာ.. အေးရာအေးကြောင်း အိမ်မှုကိစ္စနဲ့ နေသားကျရမှာ တဲ့။

စာအုပ်ဖတ်ဖို့ .. ဟုတ်လား.. ပျင်းစရာကြီး.. ဘာအရေးကြီးလဲ.. ကိုယ်က ဝင်ငွေကောင်းတယ် တဲ့။

ဒီဘာသာစကား မွေးကတည်းက ပြောလာတာ.. ဒီစာ တသက်လုံးဖတ်လာတာ.. 
ဘာခက်လို့လဲ.. တဲ့ ..။

သြော်.. ဒီ အလုပ်နဲ့ပတ်သက်တာ နားမလည်လည်း အထက်လူကြီးနဲ့ သူ့ဇနီးကို နားလည်ဖို့တော့ အရေးကြီးတယ်။

ကိုလံဘတ်ရဲ့ ကြက်ဥပြုတ် စားပွဲပေါ်ထောင်တဲ့ ဇာတ်လမ်းကလည်း ခေတ်မီနေတုန်းပါပဲ။

သူခိုးက လူ လူ ဟစ် ဆိုတဲ့ ဆိုရိုးကလည်း မရိုးနိုင်သေးပါ။

ဘုရားစင်ပေါ် ပန်းတွေ ဝေနေအောင် တင်တာ ထီပေါက်ဖို့အရေးပါ။

အိုးး သိဒ္ဓတ္ထ လေ.. အဲဒီ စိန်ရွှေရတနာတွေဟာ အဆိပ်အတောက်တွေမှန်းသိလို့ ထားခဲ့ပေမဲ့

ခုတော့ သူ့ရုပ်ပွားမှာ အဲဒီ တန်ဆာပလာတွေ ပလပွ..

တကိုယ်စာ ငြိမ်းအေးရာ လူတိုင်းရှာတွေ့တဲ့အခါ ကမ္ဘာငြိမ်းတရားပဲ လို့ သူပြောခဲ့ပါလျက်နဲ့။

ဂျွန်ရပ်စကင်းက ပြောတာတော့..

“ လူမျိုးတစ်မျိုးဟာ... စာပေကို အထင်သေးနေလျှင်... သိပ္ပံပညာကို အထင်သေးနေလျှင် ..

အနုပညာကိုအထင်သေးနေလျှင်.. မေတ္တာကရုဏာကို အထင်သေးနေလျှင် ..

ပိုက်ဆံကိုဒီလောက်မက်နေလျှင် .. အဲဒီလူမျိုးဟာကြာရှည်ခံမှာမဟုတ်ဘူး “တဲ့။

ထပ် ထပ်ပြောပါရစေဦး.. ..

တန်ဘိုး ဆိုတဲ့ စကားလုံးဟာ တန်ဘိုးအကြောင်း နားလည်တဲ့သူတွေ ဆီမှာသာ ဆရာကျတာပါကွာ…။

လောလောဆယ်တော့ နားထောင်နေတဲ့ သီချင်းက “ပုထုဇဉ်”

“ပျော်စရာကြုံရင် ပျော်ပစ်လိုက်.. ငိုချင်လာရင် ငိုလိုက်ဦး.. ခံစားချက်အတိုင်းပဲ..

ရင်ခုန်နေတာ ဘာအတွက်လဲ.. အချိန်ဆိုတာကို ရင်ဆိုင်ဖို့.. အိုးးး မီးလျှံများ…

လက်ခံလိုက်.. လက်ခံလိုက်…”

Apr 17, 2017

မေငြိမ်း ကိုယ်ပိုင် မြန်မာစာ မြန်မာစကား သင်တန်း


လွန်ခဲ့တဲ့ ၅ နှစ် .. ၂၀၁၂ ခုနှစ်ထဲမှာ အမေရိကန်သံတမန်တွေကို ဘာသာစကားသင်ပေးတဲ့ ကျောင်းကြီးတစ်ကျောင်းမှာ မြန်မာစာဆရာမ အလုပ်ရခဲ့ရာကနေ VOA မြန်မာပိုင်းမှာ အသံလွှင့်သူ လုပ်နေတဲ့ အချိန်ပိုင်းအလုပ်ကို စွန့်ပြီး ကိုယ့်ဇာတိ သင်ကြားရေးနယ်ထဲ ပြန်ရောက်ခဲ့ရပါတယ်။
အဲဒီကျောင်းမှာ ၃ နှစ် လုပ်တဲ့ကာလအတွင်း သင်ကြားရေးဆိုင်ရာ မွမ်းမံသင်တန်းတွေ အပတ်စဉ် တက်ခွင့်ရခဲ့တာတွေ .. ကျောင်းအလုပ်ပြင်ပမှာ နီးစပ်ရာတချို့ကို online ကနေ မြန်မာစာ မြန်မာ စကား သင်ပေးခဲ့တဲ့ အတွေ့အကြုံတွေ.. စေတနာဖြစ် တည်ထောင်ထားတဲ့ သပြေညို မြန်မာစာ ကျောင်းက အတွေ့အကြုံတွေ.. လက်ရှိ အလုပ်လုပ်နေတဲ့ Online ကျောင်းကြီး VL Language School ရဲ့ ဝန်ထမ်း မြန်မာစာ ဆရာမအဖြစ် အဲဒီ ကျောင်းရဲ့ Training တွေကနေ ရတဲ့ online teaching နည်းစနစ်တွေလည်း ရလာတော့၊ ခုချိန်မှာ နိုင်ငံခြားသားတွေကို မြန်မာစာ မြန်မာစကားသင်ကြားရေးနဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကို အပြည့် အဝ ယုံကြည်မှု ရှိလာပါတယ်။
ဒါကြောင့် ခုလက်ရှိ online Teaching အလုပ်ကိုပဲ သေသေချာချာ လုပ်တော့မယ်လို့ စဉ်းစား ဖြစ်ပါတယ်။ ခုနောက်ပိုင်းမှာ တခြားပြည်နယ်တွေ နဲ့ တခြားနိုင်ငံတွေမှာ နေနေနကြတဲ့ မြန်မာမိသားစုတချို့က ကျမရဲ့ သပြေညို ကျောင်း အကြောင်းကို ကြားပြီး သူတို့ကလေးတွေကိုလည်း မြန်မာစာ သင်ပေးချင်တဲ့ အကြောင်း .. ဘယ်လို လုပ်ပေးနိုင်မလဲဆိုတာတွေ ပြောလာကြတာတွေ ရှိပါတယ်။
ကုမ္ပဏီကျောင်းတွေမှာ ဘာသာ စကား သင်ဖို့ဆိုတာ အဲဒီကျောင်းကိုလည်း ပေးရ.. ဆရာ ဆရာမ ကိုလည်း ပေးရတာမျိုးမို့လို့ သင်တန်းခ က ဈေးများ သွား ပါတယ်။ ကျမ ကိုယ်ပိုင် သင်တာဆိုတော့ ကျောင်းက ဖြတ်ယူမယ့် စရိတ်စက သက်သာသွားမှာ ဖြစ်ပါတယ်။
ဒါနဲ့ ..မှတ်မှတ်ရရလည်း ဖြစ်ရအောင် .. မင်္ဂလာရှိတဲ့သဘောလည်း ဆောင်အောင်လို့ ရည်ရွယ်ပြီး မြန်မာနှစ်သစ်ကူးနေ့ ကနေ ကျမ ရဲ့ ကိုယ်ပိုင်အလုပ် ကို စ လိုက်ပါတယ်။
ကျောင်းသူ ကျောင်းသားလည်း ပိုက်ဆံ များများ မကုန်ဘဲ .. ကျမ လည်း စိတ်တိုင်းကျ အလုပ် လုပ်နိုင်ဖို့ ဘာသာစကားသင်ဆရာမ အလုပ်ကို ကိုယ်ပိုင်အလုပ်တစ်ခုအဖြစ် တနိုင်တပိုင် လုပ်ဖို့ စလိုက် ပါပြီ။
(ကျမ တစ်ယောက်တည်းသင်ရမှာမို့လို့ရော .. ပြီးတော့ ကျမက လက်ရှိ ကျောင်းတစ်ကျောင်းရဲ့ ဝန်ထမ်းလည်း ဖြစ်နေသေးတာမို့လို့ရော သင်တန်းသား လက်ခံတာမှာတော့ အကန့်အသတ် ရှိမှာဖြစ်ပါတယ်)
အသေးစိတ်သိချင်တာရှိရင်email ပို့နိုင်ပါကြောင်း...

Apr 3, 2017

တနင်္ဂနွေ တမနက်

ဟော.. လေတိုးသံ သဲ့သဲ့လေး.. ငှက်သံသဲ့သဲ့ လေးတွေ ကြားတယ်။ အပြင်မှာ နေမြင့်ပြီ။
အိပ်ရာပေါ်မှာ ပြည့်ပြည့်ဝဝပြုံးပြီး ပြတင်းဆီကို ငေးတော့ နေရောင်ဟာ မြှူဆွယ်လိုက်တာ။
ကိုင်းတံရိုးဖျားမှာ လာချိတ်နေတဲ့ ကောင်းကင်ဟာ တကယ့် ဆွတ်ဆွတ်ပြာ။
သဘာဝက ပဲ့ပြင်တယ်..
ဘာမှမဆန်းတဲ့ နေရောင် နဲ့
ဘာမှမခမ်းနားတဲ့ ကိုင်းခက်လက်တွေ
ဘာမှ မထည်ဝါတဲ့ ဘဝတစ်ခုထဲမှာ
မြိန်ယှက်စွာ ငြိတွယ်။
မနိုးတဝက် နိုးတဝက် ကော်ဖီခွက်ထဲ
သဘာဝလို့ ပြောတဲ့ ကော်ဖီမှုန့်များများ
သဘာဝနွားနို့ပျစ်ပျစ်အနေတော် နဲ့
သဘာဝပျားရည်ချိုမြ နဲ့
ရေနွေးဆူဆူ ဟာ .. သဘာဝကျစွ အရသာ။
တကယ်တော့ ပြည့်ပြည့်ဝဝ နိုးထ ပြီးသားပါလေ…
သိပ်သာယာစရာပဲကိုး..
တင်းတိမ်တတ်သူအတွက်
လွတ်မြောက်သွားနှင့်သူ ဦးဂျင်မီဟင်းဒရစ်ကြီးရဲ့ နတ်စောင်းဂစ်တာသံရှိတယ်
လင်းပွင့်တဲ့ မနက်ခင်းနေရောင် နဲ့ အစိမ်းရောင်သစ်ရွက်တွေ ရှိတယ်
အနားမှာ ရောင့်ရဲအေးချမ်းတတ်တဲ့ ကိုယ့်သွေးသားတွေ ရှိတယ်
ပကာသန လုံးဝ လုံးဝ မရှိတဲ့ ဘဝ တစ်ခုမှာ ပျော်ရွှင်စရာတွေ အပြည့် .. ယုံ။
ယုန်အညိုဖျော့ဖျော့လေးက တောင်ကြည့်မြောက်ကြည့် ကြည့်ဆဲ..
ရှဥ့်ညိုလေးက သူ့ကို ဝင်တိုက်ဖြတ်ပြေးတယ်… ဒါပေမဲ့ သူတို့ချင်း ရန်ဖြစ်မသွားကြ။
ခေါင်းပေါ်မှာ အမောက်နီနီလေးပါတဲ့ ငှက်ကလေး ချစ်စရာကောင်းလိုက်တာ ငေးဆဲ..
ခုန်တဆွဆွ နှံကောင်စိမ်းလေးဟာလည်း မြင်ကွင်းမှာ သဘာဝက ပေးတဲ့ အလှကလေး..
တိတ်တိတ်လေး ငြိမ်နေလိုက်တော့ သစ်ရွက်ချင်းငြိသံအကြားမှာ
မြို့မငြိမ်းရဲ့ ခင့်အိပ်မက်ကို သတိရတယ်..
ငယ်ရွယ်စဉ် အိပ်မက်ထဲထိ စွဲဖူးခဲ့သူကို ခု နည်းနည်းမှ ရင်မခုန်တော့တာ မဆန်းဘူးလား။
ခုတော့ ငယ်ငယ်တုန်းက ဖတ်ဖူးတဲ့ ပုံပြင်လေးလိုပါ။
သဘာဝမနက်ခင်းဟာ ရောက်တတ်ရာရာ စိတ်ကူးတွေထဲ လှလိုက်တာ။
ဘာမှန်းညာမှန်း သေချာမသိလည်း ဆဲရေးတိုင်းထွာဖို့.. ကဲ့ရဲ့ပြစ်တင်ဖို့ ..
မမှန်မတရားဖို့ ဝန်မလေးတဲ့သူတွေနဲ့ ဝေးရာ နေရာလေးဟာ သုခဘုံပဲ။
ဝန်တိုမစ္ဆရိယတွေကင်းရာ.. အနုပညာ သက်သက်သာ ဖြစ်တည်ရာ အယူဝါဒ ဟာ ကိုယ့် ရဲ့ ဘာသာရေး ပေါ့။
ဒီမနက်တော့ ဦးဂျင်မီကြီးဆီက ရလိုက်တာ.. အနုပညာ ဆိုတာ အပွင့်လင်းဆုံး တူးဖော်လိုက်ရုံ။
ဒါနဲ့ပဲ ဒီတနင်္ဂနွေက တန်ပြီ။

နှောင်တည်းခံ

ဒီဝတ္ထုလေးကို ကိုအောင်ဖြိုးလေးက တင်ပေးဖို့ ပြောနေတာ ကြာပါပြီ။ ကျမကလည်း Scan ဖတ်ဖို့ကိုတောင် ပျင်းပျင်းနေတာနဲ့။ ခုတော့ ကြာလေ.. စာရွက်လေးတွေက စုတ်လုစုတ်ခင်နဲ့ ထိန်းသိမ်းရခက်လာတာမို့ အချိန်ရတုန်းလေးတော့ လုပ်ဦးမှပါလို့.. အားမွေးရပါတယ်။ ဒီတော့မှ ပြန်ကြည့်တော့ နှစ် ၂၀အတွင်း ကျမရေးခဲ့တဲ့ ရှားရှားပါးပါး ၀တ္ထုအပုဒ် ၁၀၀၀န်းကျင်လောက်က လက်ထဲမှာ အပုဒ် သုံးလေးဆယ်ပဲ ရှိတော့တာ တွေ့ရပါတယ်။ ငှားဖတ်ပြီး ပြန်မပေးကြတာနဲ့.. ဟိုညပ် ဒီညပ် ပျောက်တာနဲ့..။ အဲဒီတော့လည်း နှမျောသားပါ။ (တလက်စတည်း ကျမရဲ့ မဂ္ဂဇင်း ၀တ္ထုတိုဟောင်းလေးတွေ တွေ့မိလို့များ Scan လုပ်ပြီး ပို့ပေးကြရင် သိပ်ကို ကျေးဇူးတင်မှာပါ..။ :))
ဒီဝတ္ထုလေးက ၁၉၈၈ ဇန်န၀ါရီလ ရွှေအမြုတေ မဂ္ဂဇင်းမှာ ပါခဲ့တာပါ။ ဒီဝတ္ထုလေး ဘာလို့ ရေးမိတယ်ဆိုတာတော့ ပြောတော့ပါဘူး :P ..။ (တမျိုးတွေ လျှောက်မထင်ကြနဲ့နော်...။ အဲလိုများ ဖြစ်တတ်လေမလားလို့ တွေးမိရာကနေ ရေးဖြစ်ခဲ့တာပါ။)