Showing posts with label မိတ်ဆက်. Show all posts
Showing posts with label မိတ်ဆက်. Show all posts

Apr 17, 2017

မေငြိမ်း ကိုယ်ပိုင် မြန်မာစာ မြန်မာစကား သင်တန်း


လွန်ခဲ့တဲ့ ၅ နှစ် .. ၂၀၁၂ ခုနှစ်ထဲမှာ အမေရိကန်သံတမန်တွေကို ဘာသာစကားသင်ပေးတဲ့ ကျောင်းကြီးတစ်ကျောင်းမှာ မြန်မာစာဆရာမ အလုပ်ရခဲ့ရာကနေ VOA မြန်မာပိုင်းမှာ အသံလွှင့်သူ လုပ်နေတဲ့ အချိန်ပိုင်းအလုပ်ကို စွန့်ပြီး ကိုယ့်ဇာတိ သင်ကြားရေးနယ်ထဲ ပြန်ရောက်ခဲ့ရပါတယ်။
အဲဒီကျောင်းမှာ ၃ နှစ် လုပ်တဲ့ကာလအတွင်း သင်ကြားရေးဆိုင်ရာ မွမ်းမံသင်တန်းတွေ အပတ်စဉ် တက်ခွင့်ရခဲ့တာတွေ .. ကျောင်းအလုပ်ပြင်ပမှာ နီးစပ်ရာတချို့ကို online ကနေ မြန်မာစာ မြန်မာ စကား သင်ပေးခဲ့တဲ့ အတွေ့အကြုံတွေ.. စေတနာဖြစ် တည်ထောင်ထားတဲ့ သပြေညို မြန်မာစာ ကျောင်းက အတွေ့အကြုံတွေ.. လက်ရှိ အလုပ်လုပ်နေတဲ့ Online ကျောင်းကြီး VL Language School ရဲ့ ဝန်ထမ်း မြန်မာစာ ဆရာမအဖြစ် အဲဒီ ကျောင်းရဲ့ Training တွေကနေ ရတဲ့ online teaching နည်းစနစ်တွေလည်း ရလာတော့၊ ခုချိန်မှာ နိုင်ငံခြားသားတွေကို မြန်မာစာ မြန်မာစကားသင်ကြားရေးနဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကို အပြည့် အဝ ယုံကြည်မှု ရှိလာပါတယ်။
ဒါကြောင့် ခုလက်ရှိ online Teaching အလုပ်ကိုပဲ သေသေချာချာ လုပ်တော့မယ်လို့ စဉ်းစား ဖြစ်ပါတယ်။ ခုနောက်ပိုင်းမှာ တခြားပြည်နယ်တွေ နဲ့ တခြားနိုင်ငံတွေမှာ နေနေနကြတဲ့ မြန်မာမိသားစုတချို့က ကျမရဲ့ သပြေညို ကျောင်း အကြောင်းကို ကြားပြီး သူတို့ကလေးတွေကိုလည်း မြန်မာစာ သင်ပေးချင်တဲ့ အကြောင်း .. ဘယ်လို လုပ်ပေးနိုင်မလဲဆိုတာတွေ ပြောလာကြတာတွေ ရှိပါတယ်။
ကုမ္ပဏီကျောင်းတွေမှာ ဘာသာ စကား သင်ဖို့ဆိုတာ အဲဒီကျောင်းကိုလည်း ပေးရ.. ဆရာ ဆရာမ ကိုလည်း ပေးရတာမျိုးမို့လို့ သင်တန်းခ က ဈေးများ သွား ပါတယ်။ ကျမ ကိုယ်ပိုင် သင်တာဆိုတော့ ကျောင်းက ဖြတ်ယူမယ့် စရိတ်စက သက်သာသွားမှာ ဖြစ်ပါတယ်။
ဒါနဲ့ ..မှတ်မှတ်ရရလည်း ဖြစ်ရအောင် .. မင်္ဂလာရှိတဲ့သဘောလည်း ဆောင်အောင်လို့ ရည်ရွယ်ပြီး မြန်မာနှစ်သစ်ကူးနေ့ ကနေ ကျမ ရဲ့ ကိုယ်ပိုင်အလုပ် ကို စ လိုက်ပါတယ်။
ကျောင်းသူ ကျောင်းသားလည်း ပိုက်ဆံ များများ မကုန်ဘဲ .. ကျမ လည်း စိတ်တိုင်းကျ အလုပ် လုပ်နိုင်ဖို့ ဘာသာစကားသင်ဆရာမ အလုပ်ကို ကိုယ်ပိုင်အလုပ်တစ်ခုအဖြစ် တနိုင်တပိုင် လုပ်ဖို့ စလိုက် ပါပြီ။
(ကျမ တစ်ယောက်တည်းသင်ရမှာမို့လို့ရော .. ပြီးတော့ ကျမက လက်ရှိ ကျောင်းတစ်ကျောင်းရဲ့ ဝန်ထမ်းလည်း ဖြစ်နေသေးတာမို့လို့ရော သင်တန်းသား လက်ခံတာမှာတော့ အကန့်အသတ် ရှိမှာဖြစ်ပါတယ်)
အသေးစိတ်သိချင်တာရှိရင်email ပို့နိုင်ပါကြောင်း...

May 2, 2013

မြသီလာ.. မိတ်ဆက်






မြသီလာ.. ကို ကျမ စ ရေးတုန်းကတော့ ကျောင်းဝန်းကျင်ကို လွမ်းရင်းက အမှတ်မထင် စဖြစ်သွား ရင်းက  အဲဒီထဲ အာရုံဝင်စားပြီး ဆက်တိုက် ဆက်တိုက် ရေးဖြစ်သွားတာပါ။ ကျောင်းနဲ့ ပတ်သက် တဲ့ ကျမရဲ့ ဘ၀ဖြတ်သန်းမှုကို ရေးနေရင်းကပဲ ကျောင်းနဲ့ ဆက်စပ်တဲ့ သမိုင်းကျောင်းလေးတွေလည်း ထည့်ဦးမှ.. ပညာရေးကိစ္စလေးတွေ လည်း ထည့်ဦးမှ.. အမှတ်ရစရာလူတွေအကြောင်းလည်း ထည့်ဦး မှ… ခေတ်နဲ့ ပတ်သက်တာလေးတွေလည်း ထည့်ဦးမှ.. နဲ့။ Blog ပေါ်မှာ ဘာရယ်မဟုတ်ရေးရာကနေ အမှတ်တရ မှတ်တမ်းတစ်စောင်ဖြစ်သွားပါတော့တယ်။ ဒီတော့ ဆောင်းပါးနဲ့ မတူ.. ၀တ္ထုလည်း မဟုတ်လေတဲ့ အတ္ထုပ္ပတ္တိဆန်ဆန် ဒီစာအုပ်လေးက Memoir လို့ ဆိုပါစို့။ 

ဒီ Memoir လေးကို ဘလော့ကနေ တကူးတက ကူးပြီး ကျမကို ချစ်တဲ့ မြန်မာပြည်က ကျမရဲ့ စာဖတ် ပရိသတ် သမီးလေး တစ်ယောက်က အမေရိကမှာ ရှိနေတဲ့ ပန်းချီဒီဇိုင်း ကိုမျိုး ကို အဖုံးဒီဇိုင်း လှမ်းအပ်ပြီး PDF ဖိုင်အဖြစ် Scribd မှာ တင်ပေးခဲ့ပါတယ်။ ကျမရဲ့ အသက် ၄၅ နှစ်ပြည့်တုန်းက အမှတ်တရ မွေးနေ့ လက်ဆောင် ပါပဲ..။ ဒါကြောင့် တချို့လည်း Blog ပေါ်မှာကတည်းက တချို့လည်း Ebook ကလေးလို ဖတ်ထားကြ ပြီး သား ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ သေချာတာက မြန်မာနိုင်ငံမှာ ကျန်ခဲ့တဲ့ ကျမရဲ့ မိတ်ဆွေ သူငယ်ချင်း တွေနဲ့ ပရိသတ် အများစုကတော့ မဖတ်ကြရသေးပါဘူး။ ဒီတော့ မြသီလာ ကို သေချာ ပြန် မွမ်းမံ တည်းဖြတ် ပြင်ဆင် ဖြတ်တောက် ဖြည့်စွက်ပြီး.. စာအုပ်ထုတ်မယ်လို့ ပြင်ရတာပါပဲ။ 

မြသီလာထဲမှာ.. ကျမဘ၀ထဲက ကျမစိတ်ကို ဒဏ်ရာအနာတရ ပေးခဲ့သူတွေထဲက ဘယ်သူ့ကိုမှ ပုဂ္ဂိုလ်ရေး မထိခိုက်စေဘဲ လူ့အဖွဲ့အစည်းကို ထိခိုက်အောင်.. လူအများကို ထိခိုက်နစ်နာအောင် လုပ်သူတွေကိုပဲ ထည့်ရေးပါတယ်။  ပြီးတော့ ကျမရဲ့ ဘ၀ အတွေ့ အကြုံထဲက သင်ခန်းစာ ယူစရာ.. ခံဝန်ချက် ပေးစရာတွေနဲ့ ကျမ ဖြတ်သန်းခဲ့ရာ မြသီလာရဲ့ ပုံရိပ် တွေကို အလွမ်းဖြေမှုတွေ.. ဒီလောက်ပါပဲ…။ 


ဒီစာအုပ်လေးကို ထုတ်မယ့် 2011+ Publishing House က ကျမနဲ့ မောင်နှမတွေလို ချစ်ခင်ရင်းနှီးတဲ့ သူငယ်ချင်း ကဗျာဆရာ ကျော်ဇောခိုင် နဲ့ ဘိုဘိုဝင်း.. ပါ။ သူတို့က စက်မှုတက္ကသိုလ်ကျောင်းဆင်း စာပေ သမား တွေ ဖြစ်ပြီး ကျော်ဇောခိုင်နဲ့ ကျမ သူငယ်ချင်းမောင်နှမဖြစ်ခဲ့တာပဲ ခုဆို နှစ်ပေါင်း ၂၀ ကျော်ပြီ…။ ဒီတော့ သူတို့လုပ်ချင်တဲ့ စာအုပ်လုပ်ငန်းမှာ စာအုပ်လုပ်ချင်တဲ့ သူတို့သူငယ်ချင်း ကျမက စာအုပ်တအုပ် လုပ်ဖြစ်တော့တာပေါ့။ သူတို့က စာအုပ်လုပ်ငန်းကို သေသေချာချာ လုပ်မှာ..။ ကျမကလည်း ရှေ့လျှောက် စာအုပ်တွေ ဆက်ထုတ်ချင်တာ..။ အတော်ပဲဆိုပါတော့..။ 

ဒီလိုနဲ့ မြသီလာအလွမ်းပြေ.. ကို မနှစ်ကစ စီစဉ်ခဲ့ပါတယ်။ စာအုပ်အပြင်အဆင်ကိစ္စ ဘယ်သူလုပ်မလဲ ဆိုတော့ သူ့ဘာသာ ဘယ်လောက် အလုပ်ရှုပ်ရှုပ် ကျမကိုတော့ ဂရုတစိုက်ကို လုပ်ပေးမှာလို့ သေချာတဲ့ သူငယ်ချင်း ကိုမြင့်မောင်ကျော်ပေါ့..။ သူနဲ့ကလည်း ပန်းချီဆရာနဲ့ စာရေးဆရာမအဖြစ် ဟန်ချက်ညီညီ တွဲခဲ့ကြတာ နှစ် အစိတ်တောင် ရှိတော့မယ်..။ ပြီးတော့ သူ့ဆို ကျမ ဗိုလ်ကျလို့ ရတာ သေချာတယ်လေ..။

နောက် အတွင်းက တချို့ သရုပ်ဖော်ပုံလေးတွေအတွက် ကျမရဲ့မြသီလာအခင်းအကျင်းနဲ့ လိုက်ဖက်တဲ့ ခံစားချက်ရှိသူတချို့ကို အကူအညီလှမ်းတောင်းပါတယ်...။ အဲလိုနဲ့ပဲ ခုတော့ စာအုပ်ကလေး ဖြစ်ခဲ့ပါပြီ။ စာအုပ်ကလေးကို ဖြန့်ဖို့ ကျမ အချိန်ရွေးတော့ ကျမ ကျင်လည်ခဲ့ရာ  တက္ကသိုလ်ဘ၀တုန်းက စာသင်နှစ် သစ် တစ်နှစ်စနေကျ ဆောင်းဦးရာသီချိန်..  အေးအေးမြမြ ရှိမယ့်အချိန်.. ။ ကံကောင်းရင် ကံ့ကော်တွေ စပွင့်လောက်ပြီ...။ သေချာတာက အင်းလျားကန်ဘောင်မှာ မြူတွေဆိုင်းနေမယ့် ရာသီ..။ ကျမကတော့ အဲဒီအချိန်လေးကို အလေးအနက်ထားပါတယ်။

ဘာပဲဖြစ်ဖြစ် ခုတော့ မြသီလာအလွမ်းပြေ... မြန်မာပြည်က ဆိုင်တွေပေါ် ရောက်နေပါပြီ.... 



May 18, 2007

Blog ဖွင့်ပွဲ

သားရဲ့ ကျေးဇူးနဲ့ Blog တခုတော့ ဖြစ်သွားပြီပေါ့။ ရည်ရွယ်တာကတော့ ကိုယ့်စိတ်ထဲ ရှိသမျှ ဖွင့်ထုတ်ပစ်ချင်တာပဲ... Blog ဟာ လွတ်လပ်တယ်လို့ ထင်တယ်။ Blogကို ကြိုက်တယ်။ Bloggerတွေရဲ့ စာတွေကို စွဲတယ်။ ဒါပေမဲ့ ငြင်းကြခုန်ကြရင်း ရန်ဖြစ်ကြရင်တော့ စိတ်ညစ်တယ်။ ကျမကတော့ Blog ဟာ လူတဦးချင်းစီရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့် ရရာ နေရာလေးလို့ ထင်ပါတယ်။ ဝေဖန်ရင်တောင်မှပဲ အပြုသဘောလေးတွေ ပြောကြရင် ချစ်စရာမကောင်းဘူးလား... သိပ်သဘောမတူတာတွေ တွေ့နေရင်လဲ မဖတ်နဲ့ပေါ့နော်.. အရေးကြီးတာက လွတ်လပ်ခွင့်လေးထဲမှာ ပျော်ကြရဖို့လို့ ထင်ပါတယ်။