Jun 9, 2017

မနက်ဖြန်အကြောင်း


မနက်ဖြန်ဆိုတာကို သတိတရတွေးမိတာ နေ့တိုင်းလိုလို ခုဆို။
မနက်ခင်း ပါးပြင်ပေါ်က အနမ်းတွေ .. မနက်ဖြန်မှာ..
ခြံဝင်းထဲက စိမ်းစိမ်းစိုစို ရွက်ပျိုတွေ မြင်ရဦးမလား.. မနက်ဖြန်မှာ..
မိုးကောင်းကင်ပေါ်မော့ကြည့်တိုင်း တိမ်တွေရဲ့ မှော်ဆန်ဆန် အလှနဲ့အတူ
သူ့ရဲ့ ရွေ့လျားပျောက်ကွယ်လွယ်မှုကို သတိရ...
တင်းရစ်တဲ့ ပွေ့ဖက်မှုဟာ ကြင်နာခြင်းဖြစ်လေတော့
တပ်မက်မှုနဲ့အတူ စိုးထိတ်မိတာက မနက်ဖြန်အကြောင်း..
တရားကို နားလည်တဲ့ကြားကပဲ အမှားတွေက လှလေတော့ မနက်ဖြန်က ခြောက်လှန့်တယ်..
ခနနေရင်.. ခွဲကြရနိုင်တယ်.. မတွေးချင်လည်း ဒါ တရား ပဲ..
ဓာတ်ပုံဘောင်ထဲ ပန်းတွေဝေတဲ့ နွေက မပူ.. ကိုယ်က အားရပါးရပြုံးနိုင်ဆဲ.. မနက်ဖြန်ရော
ပြုံးနေ.. ရယ်မောနေသူတွေ ကံကောင်းနေသေးတဲ့ ဒီနေ့..
ချစ်ကြ ကြင်နာကြသူတွေ မကွဲကွာရသေးတဲ့ ဒီနေ့..
ပျံသန်းနေတဲ့လေယာဉ်ကြီး ပြိုပျက်မသွားသေးတဲ့ ဒီနေ့..
ခုတ်မောင်းနေတဲ့ ရထားကြီး တိမ်းမှောက်မသွားသေးတဲ့ ဒီနေ့..
ကူးခတ်နေတဲ့ သင်္ဘောကြီး နစ်မြုတ်မသွားသေးတဲ့ ဒီနေ့
အမြန်လမ်းပေါ်မှာ ပြေးလွှားနေတဲ့ မော်တော်ကား ကျိုးကြေမသွားသေးတဲ့ ဒီနေ့..
ချစ်တဲ့သူတွေ အိမ်ပြန်အလာကို ငေးမျှော်စဉ်မှာ အိမ်တံခါးခေါက်သံဖွဖွတွေ ကြားနေရသေးတဲ့ ဒီနေ့..
ကဗျာဆရာ မောင်ရန်ပိုင်ရဲ့ ချစ်သူတွေ ရန်မဖြစ်ကြနဲ့ ကို သတိရပွားများနိုင်နေသေးတဲ့ ဒီနေ့
ချစ်ခြင်းမေတ္တာဟာ အလုံးစုံ ငြိမ်းချမ်းရေးရဲ့ သော့ချက်တစ်ခုပဲလို့ ယုံနေသေးတဲ့ ဒီနေ့..
ဒီနေ့မှာ မေတ္တာတရားအကြောင်း စဉ်းစားတဲ့အခါ ..
မနက်ဖြန်မှာ ဘာတွေပဲ ဖြစ်လာလာကွာ