Sep 25, 2007

နှိုးဆော်ခြင်း( ၂၃ရက်ညမှာ စပါပြီ)

သံဃာ့တပ်ပေါင်းစုမှ လူထုတပ်ပေါင်းစု ဖွဲ့စည်းရန် တိုက်တွန်းလိုက်ပြီး တပ်ပေါင်းစု ဖွဲ့စည်းမည့် ၂၃ ရက်မှ ၂၅ ရက် နေ့အတွင်း အိမ်တိုင်း ကျောင်းတိုင်း ရုံးတိုင်း မှ အောက်ပါမေတ္တာပို့ကို ရွတ်ဆိုရန် နှိုးဆော် ထားပါသည်။

မေတ္တာဓါတ်နည်းပါးနေသော မြန်မာနိုင်ငံအတွင်းရှိ မြို့တိုင်း ရွာတိုင်းရှိ အိမ်များ၊ ကျောင်းများ၊ ရုံးများ၏ ၀င်ပေါက်များတွင် ည ၈ နာရီမှ စတင်၍ ၁၅ မိနစ်ကြာ ရွတ်ဆိုကြရန်ဖြစ်ပါသည်။

လူအချင်းချင်းနှိပ်စက်ခြင်း
ကင်းရှင်းကြပါစေ။
တို့မေတ္တာစွမ်း ကမ္ဘာလွှမ်း
အေးချမ်းကြပါစေ။

ဓမ္မသည်သာ အောင်ပွဲခံရမည်မှာ လောကနိယာမ ဖြစ်ပေသည်။

ကျေးဇူးစကား





Sep 24, 2007

ဖြန့်ဝေခြင်း(၁၇)

ကျမရဲ့ နှိုးဆော်ခြင်းပို့စ်ထဲမှာ ကိုနေမိုးဆိုသူက comment အနေနဲ့ ရေးသွားတာပါ..။ ဒါပေမဲ့ ... တနိုင်တပိုင်
လုပ်ဆောင်သင့်တဲ့ အကြံဥာဏ်ကောင်းလေးမို့ ပို့စ်အနေနဲ့ တင်ပေးလိုက်ပါတယ်။ ဒီနေရာမှာ ကျမအနေနဲ့ ဖြည့်စွက်ချင်တာကတော့ ဘာသာခြားတွေအနေနဲ့လည်း သက်ဆိုင်ရာ ဘာသာရေးအထိမ်းအမှတ်တွေကို သုံးဖို့ တိုက်တွန်းချင်ပါတယ်။

အောင်ခြင်းကိုးပါး
လူတိရစ္ဆာန် ယုတ်စွယုတ်စွာ
ရှိလေရာကို
ဂေါတမ ချက်ချင်းသွားနေကျ
အောင်ခြင်းကိုးပါး လာတော့မယ်
မင်းမမီမှာ စိုးသကွယ်
ရေးသူအမည် မင်းသိတယ်။
(ဒေါက်တာ သန်းထွန်း)

ဟုတ်ကဲ့..။ အထက်က ဖွင့်ဆိုထားသလို ကျနော်တို့ မြန်မာနိုင်ငံတော်ကြီးအတွက် အောင်ခြင်းကိုးပါး လာပါ တော့မယ်။

ဒီတခါတော့ ဗုဒ္ဓဘာသာရဲ့ အမြင့်မြတ်ဆုံး ဗုဒ္ဓမြတ်စာဘုရားရဲ့ ပုံတော်တွေ ဆင်းတုတော်တွေကို ကိုင်ဆောင် ဦးထိပ် တင်ပြီးတော့ သာသနာ့အလံကို လွှင့်ထူပြီး စစ်အာဏာရှင်ကို အနိုင်ယူဖို့ အကြမ်းဖက်မှုတွေကနေ ကာကွယ်ဖို့ ၊ အားဖြည့်လိုက်ပါသူ ပြည်သူလူထုတွေကို အားမာန်တက်ကြွလာစေဖို့ မဖြစ်မနေ ရှေ့တန်းတင် ရပါတော့မယ်။ အကြမ်းဖက်လာမယ့် လူတွေကိုလည်း ဗုဒ္ဓဘုရားရှင်ကို မြင်တွေ့ခြင်းအားဖြင့်လည်း အသိတရား များ ရလာပြီး လက်နက်ချ ပူးပေါင်းပါဝင်လာစေဖို့လည်း အကျိုးရှိနိုင်ပါတယ်။

ကျနော်တို့ဘက်မှာ မြတ်ဗုဒ္ဓဘုရားရှင် ကိုယ်တော်တိုင် ရှိနေပါတယ်။ မြတ်စွာဘုရားရှင် ကိုယ်တိုင်ကလည်း အကြောက်တရား ကင်းဖို့အတွက် ဟောာကြားခဲ့ဖူးတဲ့ တရားတော်တွေရှိပါတယ်။

စစ်သည်ရဲမက်တွေဟာ စစ်ကို အနိုင်ရဖို့အတွက် တပ်ဦးမှာ လွှင့်ထူထားတဲ့ တံခွန်တွေ အလံတွေကို ကြည့်ပြီး အားမာန်တက်ကြွစွာနဲ့ စစ်ကို နိုင်အောင်တိုက်ကြတယ်။ ထို့အတူ ရဟန်းသံဃာတော်တွေကလည်း အကြောက်တရားများနဲ့ ရင်ဆိုင်ကြုံတွေ့ရတဲ့အခါ ငါဘုရားရှင်ရဲ့ ကျေးဇူးဂုဏ်တော်များကို အောက်မေ့ဆင်ခြင်ပြီး သတိနဲ့ရင်ဆိုင်က အကြောက်တရားကို အောင်မြင် အနိုင်ရရာ၏
လို့ ဟောကြားခဲ့တော်မူပါတယ်။

ကျနော်တို့ဘက်က အာဏာရှင်စနစ် ချုပ်ငြိမ်းပျောက်ကွယ်အောင် ရိုးသားသန့်ရှင်းတဲ့ တရားမျှတသော နည်းလမ်း ပေါင်းစုံကို သုံးရပါမယ်။ ကိုယ်တတ်နိုင်သမျှ နည်းပေါင်းစုံကို စဉ်စားတွေးခေါ်ပြီး ဒီနေ့ ဒီအချိန်မှာ သံဃာတော်များနှင့် ပြည်သူလူထုကို တင်ပြ အကြံဥာဏ်ပေးဖို့ အထူးလိုအပ်နေပါတယ်။

နိုင်ငံလုံးဆိုင်ရာ အထွေထွေသပိတ်ကြီးအတွက် လုပ်သင့်တဲ့အချက်များကတော့ ...
၁။ သံဃာတပ်ဦးနှင့် လူထုတပ်ဦးများတွင် မြတ်ဗုဒ္ဓရဲ့ ရုပ်ပုံများ၊ ဆင်းတုတော်များနှင့် သာသနာ့ အလံတော် များ ကို ခပ်များများသုံးပြီး တောင်းဆိုချက်များနဲ့ ချီတက်သင့်ပါတယ်။
၂။ အကြမ်းဖက်လာမည့် အင်အားစုများကို အတတ်နိုင်ဆုံး သံဃာတော်များမှ တရားဟောပြ စည်းရုံး နားချသင့်ပါတယ်။
၃။ အကြမ်းဖက်လာပါကလည်း စုစုစည်းစည်းထား တောင့်ခံပြီး မင်းတို့တတွေ အန္တရာယ်ခပ်သိမ်း ကင်းငြိမ်းကြ ပါစေဆိုတဲ့ မေတ္တာပို့သတဲ့ စကားတွေ မပြတ်တမ်း ရွတ်ဆိုနေသင့်ပါတယ်။
၎။ ထိပ်တိုက်ရင်ဆိုင်မှုများတွေ့ပါက ပြည်သူ့သံဃာ တို့သံဃာ ပြည်သူ့စစ်သား တို့စစ်သား ပြည်သူ့အရေး တို့အရေး သံဃာစစ်သား ပြည်သူအားနှင့် အာဏာရှင်စနစ် တိုက်ဖျက်ပစ်လို့ ကြွေးကြော်သင့်ပါတယ်။
၅။ နိုင်ငံရေးသမားများ ကျောင်းသားခေါင်းဆောင်များက ပြည်သူလူထုကို နိုင်ငံရေးတရားများ ဟောပြော စည်းရုံးခြင်း တွေလည်း အမြန်ဆုံး အကျယ်ပြန့်ဆုံး လုပ်ဆောင်သင့်ပါတယ်။
သန့်ရှင်းရိုးသား၍ တရားမျှတသော ဒီမိုကရေစီစနစ်သို့ ရည်ရွယ်လျှက်
(နေမိုး)

ဖြန့်ဝေခြင်း(၁၆)

ချစ်ခင်ရပါသော မြန်မာပြည်သူပြည်သားများ ခင်ဗျား...

လတ်တလောအခြေအနေများနဲ့ပါတ်သက်လို့ အဖိုးတန်မယ့်အကြံလေးတစ်ခုပေးချင်ပါတယ်၊
အခုဆိုရင် အာဇာနည်သံဃာတော်များရဲ့ ဦးဆောင်မှုကြောင့် တစ်တိုင်းပြည်လုံးနီးပါး ပူးပေါင်းပါဝင်လာကြပြီ ဖြစ်တဲ့ ဒီမိုကရေစီ သပိတ်ပွဲကြီးဟာ အောင်မြင်မှုနဲ့ လက်တလှမ်းအကွာမှာ ရောက်ရှိနေပါပြီ။

ဒီအချိန်မှာ စည်းလုံးညီညွတ်ရေးဟာ အင်မတန်အရေးကြီးတဲ့အချိန်ကိုရောက်နေပါပြီ၊
ဒီတော့ ၈၈ တုန်းကအခြေအနေကို ပြန်ဆန်းစစ်ပြီးတွေးစရာ ပြင်ဆင်စရာတွေရှိလာပါတယ်။

အဲဒိတုန်းက တပ်မတော်သားတွေတောင် အမြင်မှန်ရသွားပြီး ပြည်သူတွေနဲ့စလက်တွဲခဲ့ကြပါတယ်။
ဒါကိုအင်မတန် တုန်လှုပ်သွားတဲ့ မဆလ အစိုးရဟာ မျက်လှည့်စပြပါတော့တယ်။
စစ်တပ်ကို မဆလ အနေနဲ့ဆက်ထိန်းချုပ်နေရင် တပ်သားတွေအကုန်လုံး ဒေါ်အောင်ဆန်းစုကြည် လက်အောက်ခံတော့မယ် ဆိုတာကိုရိပ်မိတော့ စစ်တပ်ကအာဏာသိမ်းလိုက်ခြင်းအားဖြင့် စစ်သားများကို နားလှည့်ပါးရိုက်လုပ်ပြီး ပြန်စည်းရုံးခဲ့တာပါဘဲ။
ကျွန်တော်တို့ပန်းတိုင်ကို ရောက်ကာမှ ပွဲအဖျက်ခံခဲ့ရပါတယ်၊

အခုအနေအထားဟာလဲ ၈၈တုန်းကနဲ့တော်တော်လေးဆင်ပါတယ်။
ဒါပေမယ့် အခုအချိန်မှာ အထက်က သွေးခွဲထားတော့ သူတို့ကိုလူတွေမုန်းနေပြီလို့
၁၉ နှစ်လုံးလုံး ယုံကြည် ထားတဲ့ စစ်သားတွေဟာ လူထုနဲ့ပြန်ပေါင်းစည်းဖို့ နောက်တွန့်သိမ်ငယ်နေကြပါပြီ။

မြန်မာ့နိုင်ငံရေး တော်လှန်ရေးအောင်မြင်ဖို့ဆိုတာ သား သုံး သား ပေါင်းလုပ်မှရမှာပါ။


ဘုရားသား ဖြစ်တဲ့သံဃာတော်များ
ကျောင်းသား များနဲ့
စစ်သား များဘဲဖြစ်ပါတယ်

အခု သား နှစ် သား ကစတင်နေပါပြီ နောက်ဆုံးနဲ့အရေးအကြီးဆုံးဖြစ်တဲ့ သားကတော့စစ်သားပါ။
ဒီသုံးသားပေါင်းမိရင် ဘယ်မင်းမဆို ကျဆုံးပါလိမ့်မယ်။
ဒီတော့ ကျွန်တော်တို့စစ်သားတွေကို စစည်းရုံးကြရမယ် ။
မဖြစ်နှိုင်ဘူးလို့မထင်ပါနဲ့ စစ်သားတွေကိုယ်တိုင်လည်း ငတ်နေကြပါပြီ။
သူတို့လည်း လူထဲကလူတွေပါ၊ ခံစားတတ်ကြမှာပါ၊ ဒေါ်စုအိမ်ရှေ့ကအဖြစ်ကို ကြည့်နှိုင်ပါတယ် ။
ဒီတော့ ကျွန်တော်တို့က စစ်တပ်ကို လူတွေနဲ့ ပူးပေါင်းလာအောင် ခေါ်ထုတ်ကြရမယ်၊

သူတို့ကိုအထက်ကအကြမ်းဖက် နှိမ်နင်းဖို့ အမိန့်ပေးလာတဲ့အခါ ဖီဆန်ချင်လာအောင် ဖီဆန်ရဲလာအောင် နှိုးဆွပေးရမယ်၊ သူတို့ တွေဝေပြီး ကျောင်းသားတွေနဲ့ပြည်သူတွေကို စာနာမိအောင် ၀မ်းနည်းဝမ်းသာ ဖြစ်ပြီး နောင်တတရားဝင်လာအောင် ကိုယ်ရပ်နေတဲ့ဘက်ဟာ မှားနေတယ်ဆိုတာဝန်ခံရဲလာအောင် နှိုးဆွပြီး အသိပေးရမယ်။

မိတ်ဆွေတို့ လုပ်သားပြည်သူများနဲ့သံဃာတော်များ ဆန္ဒပြချီတက်တဲ့အခါ


“ ပြည်သူ့စစ်သား ငါတို့စစ်သား “
“ ပြည်သူ့တပ်မတော် ငါတို့တပ်မတော် “
“ ပြည်သူ့ရဲသား ငါတို့ရဲသား “
လို့ အကျယ်ကြီးအော်ပေးကြပါ။

ဒီလိုအသံတွေကြားရင် သူတို့အံ့သြပြီး တဖြေးဖြေး ယူကျုံးမရဖြစ်လာလိမ့်မယ်...
သူတို့ကိုင်ထားတဲ့ သေနပ်တွေက အချက်တိုင်း နှလုံးသားကို မှန်အောင် မပစ်နှိုင်ပါဘူး။
ဒါပေမယ့် မေတ္တာတရားဟာ နှလုံးသားကိုတချက်ထဲနဲ့ ထိအောင်ပစ်နှိုင်ပါတယ်။

ကျွန်တော်ပြောတဲ့အတိုင်း ယုံယုံကြည်ကြည်လုပ်ကြပါ....
အောင်မြင်တာ တွေ့ရပါလိမ့်မယ်။
ဒီစာလေးကိုလည်း လက်လှမ်းမီသမျှ ဝေပေးကြပါ။
ဘလော့ဂါအားလုံးကိုလည်း ပို့စ် လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။
အရေးတော်ပုံကြီးကအောင်တော့မှာပါ။
ကျွန်တော်တို့ဘက်ကပါးနပ်ဖို့တော့ အရေးကြီးတယ်ဆိုတာသတိမမေ့ကြပါနဲ့။

လေးစားစွာဖြင့်
မျိုးချစ်

ဖြန့်ဝေခြင်း(၁၅)



ဖြန့်ဝေခြင်း(၁၄)

ကိုအောင်ဝေးရဲ့ ကဗျာ... တင်ပေးလိုက်ပါတယ်။


ဖြန့်ဝေခြင်း(၁၃)