Feb 17, 2010

ဟိုလိုလို ဒီလိုလို.. လေလွင့်

ဘလော့မှာ အသစ်တင်ပါဦးလို့ ပြောကြတဲ့ သူတွေကို နေ့နေ့ညည အားနာ..။
Scan လုပ်ပြီး ပြန်တင်ရမယ့် ၀တ္ထုတိုတွေလည်း မရှိတော့။ ခက်ပါရဲ့..။
ပြန်ကြည့်တော့ စိတ်နှစ်ကိုယ်နှစ်နဲ့ စာလုံးဝ မရေးဖြစ်ခဲ့တာ.. တနှစ်တောင် ပြည့်ကာနီး…။
စိတ်ထဲ ဗလာနယ်ဖြစ်နေခဲ့တာတော့လည်း မဟုတ်…။
ရေးချင်တာလေးတွေ တွေ့တာမှ အကြိမ်ကြိမ်…။
ဒါပေမဲ့ စုစည်းဆောက်တည် မရတာပါ…။
ပြီးခဲ့တဲ့ တနှစ်မှာ ပန်းချီဆရာမ Louise Bourgeois ရဲ့ ပြပွဲကြည့်ရတုန်းကလည်း Feminism နဲ့ ပတ်သက်ပြီး တွေးမိတာလေးတွေ.. ရေးစရာတွေအစီအရီ….
နောက်တော့ Fall ရာသီမှာ ရောင်စုံ သစ်ပင်တွေထဲ ဘာကြောင့်မှန်းမသိ.. ဗန်ဂိုးကို လွမ်းလွမ်းနဲ့ ပန်းချီတွေပဲ ရေးချင်လာပြန်ရော..။
နောက်တော့ ခရီးတွေ သွားဖြစ်..
သိပ်လှတဲ့ San Francisco…
ချစ်စရာကောင်းတဲ့ Los Angeles …
အေးစက်စက်နိုင်တဲ့ တောမြို့လေး Fort Wayne…
နှင်းတွေ ဖုံးနေတဲ့ Chicago မြို့ကြီး …
တကယ်ဆို ရေးစရာတွေအများကြီးပေါ့…။
ဒါပေမဲ့ မရေးနိုင်ခဲ့..။ တကယ့်ကို ရင်ထဲမှာ ဗလာ.. ဗလာ.. ဗလာ…။
ဒါဖြင့် ကျမက ဘာဖြစ်နေတာလဲ..။
အင်း.. အဲဒါကိုပဲ သိချင်နေခဲ့တာ…။

+++++

“ဘ၀မှာ နေမပျော်ဘူးဆိုရင်.. ဘာကို နေမပျော်တာလဲဆိုတာ သိအောင်ရှာ…”
တကယ်တော့ အဲဒါ ကျမအနီးအနားက စိတ်ဓာတ်ကျနေတဲ့သူတွေကို ကျမ ပြောလေ့ရှိတဲ့ စကားးး။
ခုတော့ ကျမကိုယ်တိုင်..။ ကဲ.. ရှာ စမ်း.. ရှာ စမ်း.. ဆိုတော့…………
တွေ့ပါပြီ… ကျမကို မပျော်စေတဲ့အရာတွေ…
အာဖဂန်စစ်… အီရတ်စစ်… အသေခံဗုံးခွဲ သတင်းတွေ… မြောက်ကိုရီးယားဒုံးကျည်များ.. အီရန်နျူကလီးယား… ကျမတို့ရဲ့ အတ္တရူးစစ်ဗိုကြီးများ…
ဟေတီငလျင်ကလည်း ဗမာပြည်နာဂစ်ကို ပြန်ပြီး နာနာကျင်ကျင် သတိရစေ…
ကိုယ်တိုင် အပေါ်ကိုလည်း မော့မကြည့်နိုင်.. အောက်ခြေကိုလည်း ငုံ့မကြည့်ရဲ.. လက်ထဲမှာလည်း ဗလာ..။
အင်းးး ဘ၀ထဲ ဆိုးလှပါပေါ့…
ဒီကြားထဲ စိတ်အဆင်းရဲရဆုံးနဲ့ တွေးတွေးပြီး ရှက်နေရတာက ဦးအောင်ဆန်းဦး ကိစ္စ..
(ကျမ သူ့ကို သိပ်စက်ဆုပ်မိပေမဲ့ .. ဗိုလ်ချုပ်နဲ့ မေမေကြီး မျက်နှာကို မြင်ယောင်ပြီး ခုထိ ရိုင်းရိုင်းပျပျ မသုံးနှုန်းရက်သေးပါ)။
သူ့ကို စိတ်ပျက်တာနဲ့ ဆက်နွယ်ပြီး နဂိုတည်းက မကြိုက်တဲ့ သူ့ကတော်ကို ပို ခါးသီး..။ သူ့ဆောင်းပါးပါတဲ့ ရွှေအမြုတေကိုတောင် သပိတ်မှောက်တဲ့အနေနဲ့ မဖတ်ချင်တော့။(လောလောဆယ်တော့ တလ ၁၅အုပ်မှာပြီးဖတ်တဲ့ မဂ္ဂဇင်းစာရင်းထဲကနေ ထုတ်လိုက်ပီ)။
ဒီကြားထဲ ခင်မောင်အေး(မန္တလေး)ကလည်း အိမ်အမွေရလိုပြန်သတဲ့..။ ရှက်စရာ ကောင်းလှချည့်..။ စိတ်ပေါက်ပေါက်နဲ့ သူ့ဝတ္ထုကို ရုပ်ရှင်ရိုက်တဲ့ .. ကျမ သိပ်ကြိုက်တဲ့ "သင်္ကြန်မိုး" ကိုတောင် မကြည့်ချင်တော့သလိုဖြစ်..။
ကျမဖြင့် တယောက်တည်း အဲဒီလူကြီးဆိုသူတွေအစား ရှက်… စိတ်တွေတိုနဲ့ ဗျာကို များလို့။

ကိုယ့်အသက်ပြန်ကြည့်တော့ဖြင့် လူ့သက်တမ်းရဲ့ ၃ပုံ၂ပုံထဲ ရောက်နေပြီ..။ စိတ်တွေက ပျံ့လွင့်ချင်တတ်တုန်း…။
အလိုမကျ…..
အဲဒီစကားလုံးကိုတော့ သတိပြုမိသားပါ..။
ဒါဖြင့် ကျမ ဘာကို အလိုမကျသလဲ..။
နှင်းမုန်တိုင်းတွေကြားထဲ အိမ်တွင်းအောင်းနေရတာကိုတော့လည်း အလိုမကျမဖြစ်မိပါ။ စာအုပ်တွေ စိမ်ပြေနပြေဖတ်..
Drama နဲ့ Romance ရုပ်ရှင်တွေ တကားပြီး တကားကြည့်..။
ကျောင်းပိတ်ထားတဲ့ သားသမီးတွေကို စားစရာတွေ တမျိုးပြီးတမျိုး လုပ်ကျွေး..။
ဘ၀ထဲ အရသာရှိရှိနေနိုင်သားပင်..။
မြန်မာပြည်ထဲက မဂ္ဂဇင်းတွေ ဖတ်ရတာလည်း ဒီတလောကို အရသာရှိနေတယ် ထင်မိ။
ဒီလ အသွင်ပြောင်းထွက်တဲ့ ပန်းအလင်္ကာမဂ္ဂဇင်းဆို အဲဒီတအုပ်ထဲမှာကို ဖတ်စရာတွေ တပုံတပင်..။
မောင်သာနိုးနဲ့ မောင်စူးစမ်းရဲ့ ဆောင်းပါးတွေကို အချက်ကျကျ တုံ့ပြန် ဝေဖန်တာတွေ ဖတ်ရတာ တော်တော် ဗဟုသုတရ.. သံဝေဂရ.. ပညာရ.. အရသာရှိ။

ဒီကြားထဲ… ရုပ်ရှင်လေးတကားကြည့်မိတာ The Mirror has two faces ဆိုတာလေး.. ။ ကျမကြိုက်တဲ့ Barbra Streisand ပါလို့မို့ ကြည့်မိတာပါ။ မင်းသားက.. Jeff Bridges ။ သူတို့က Columbia University က Professor တွေ..။ Jeff Bridges က Math Professor, Barbra Streisand က Literature Professor တကိုယ်ရည်နေလာကြပြီး ဆရာဆရာမကြီးတွေ ဖြစ်ကာမှ အရွယ်အတော်ရမှ ချစ်မိကြ... လက်ထပ်ဖြစ် ကြရာ ကနေ အခန့်မသင့်ဖြစ်ရပီးမှ အဆင်ပြေသွားကြတာကို ရိုက်ထားတဲ့ ဇာတ်ပျော်လေးပါပဲ..။ ကျမပြောချင်တာက အဲဒီကားထဲမှာ ကျမငြိသွားတဲ့ တချက်ကလေး။ ပထမပိုင်းမှာ Jeff Bridges က Math ဆရာအနေနဲ့ စာသင်တာမှာ သူက Theory တွေပြော.. Blackboard ဘက် လှည့်ပြီး သူ့ဘာသာသူ ပုစ္ဆာတွေတွက်.. ကျောင်းသားတွေ သူ့နောက်မှာ ဘာဖြစ်နေလဲ မကြည့်.. ဆိုတော့ ကျောင်းသားတွေက သူစာသင်တာကို မကြိုက်ကြဘူး.. စာသင်ချိန်မှာ သမ်းဝေ ပျင်းရိ နေကြတယ် ဆိုတာကို ပြပါတယ်။ Barbra Streisand ကကျတော့ တကယ်အောင်မြင်တဲ့ Literature ဆရာမ။ သူ့ Lecture ချိန်မှာ ကျောင်းသားတွေကို တက်တက်ကြွကြွ စိတ်ပါဝင်စား.. အပြန်အလှန် မေးကြ ဖြေကြ ဆွေးနွေးကြ..။ အတန်းပြည့် အတန်းလျှံ..။ အဲဒီမှာပဲ ကျမရဲ့ စာသင်ချိန်တွေကို သတိရသွားပြီး လွမ်းဆွတ်သွားတာ…။ ပြန်မရနိုင်တော့တဲ့ အချိန်တွေ......

သေချာပြီ.. နောက်ဆုံးတော့ ဒီဘူတာပဲ ဆိုက်ဆိုသလို.. ကျမက မြသီလာကိုပဲ လွမ်းနေတာ.. မြကျွန်းသာရဲ့ နေ့ရက်တွေထဲ မနေရတော့တာကိုပဲ အလိုမကျဖြစ်နေတာကိုးးး…။ ဒီကြားထဲမှာပဲပေါ့၊ တင်မင်းထက်က "ကဗျာမြစ်တို့ ဆုံစည်းဝေးကွာ…" ကို ရေးတော့ သူနဲ့ ကျမက တကယ့် မောင်နှမတတွေလို ကာလတခုကို တူတူဖြတ်ခဲ့ရလေတော့ အဖြစ်အပျက်တွေ မြင်ကွင်းတွေက အတူတူ။ ဆိုတော့ သူရေးသမျှက ကျမအတွက် လွမ်းစရာချည်း…။ သူက လူငယ်ဆိုတော့ အသေးစိတ်ပိုမှတ်မိလေတော့.. တချို့ အချက်အလက်တွေဆို သူရေးတော့မှ ပြန်ပြန်သတိရ…။ အဲဒီအခါ ကျမ ချစ်ရတဲ့သူတွေ.. ကျမ မုန်းရတဲ့ သူတွေ… ကျမ စိတ်ပျက်ရတဲ့ သူတွေကိုလည်း ပြန် ပြန် သတိရ..။ ခုချိန်ကျတော့လည်း အားလုံး အားလုံးက လွမ်းစရာဖြစ်နေတာပါ။ အလွမ်းတွေကိုတော့လည်း စာမရေးချင်…..။ ကျမ ပန်းချီပြန်ရေးချင်နေတာ…။ နှစ်ပေါင်းများစွာ ခွဲချန်ထားခဲ့ဖူးတဲ့ ချစ်သူတယောက်ကို ပြန်တွေ့ဖို့ ကြိုးစားသလို… ကျမ ပန်းချီပြန်ရေးဖို့ပဲ ကြိုးစားနေပါတယ်…။

သေချာပါတယ်… ကျမ တော်တော်နဲ့ စာရေးနိုင်ဦးမှာ မဟုတ်ပါ…။

23 comments:

pandora said...

မောရပါတယ် အစ်မရယ်..........
ပန်းချီဆိုလည်း ပန်းချီတွေ မျှော်နေမယ်လေ..

Nay Lin said...

" နှစ်ပေါင်းများစွာ ခွဲချန်ထားခဲ့ဖူးတဲ့ ချစ်သူတယောက်ကို ပြန်တွေ့ဖို့ ကြိုးစားသလို "

ချစ်သူတွေကလည်းများပ..:)

Kay said...

. အမ ဘလော့ ဖတ်ရတာ..ဒီတခါ ဘလော့ အရသာ .. အပေါ်ဆုံး... ဘလော့ စတိုင် လေး နဲ့.. ( အခါတိုင်းက..စာခန့်တွေ...ဇတ်ဝင်ခန်း တွေ မို့ပါ..)း)

tin min htet said...

အခြား မရေးဖြစ်ရင်လည်း အချင်းချင်း စကားစမြည်ပြောသလိုမျိုး ရေးပါလား။ ခု ပို့စ်လိုမျိုးပေါ့။

MieMie said...

အမ ရဲ့  လက်ရှိ ခံ စား နေ ရ တဲ့ ဟို အကြောင်း ဒီ အ
ကြောင်း လေး တွေ အ ခု လို ဖတ် ရ ပြန် တာ လည်း
အ ရ သာ တ မျိုး လေး ရှိ ထှာ ... ဦး အောင် ဆန်း ဦး က တော် ရေး တဲ့ ဆောင်း ပါး ပါ တဲ့ သ ရ ဖူ မ ဂ္ဂ ဇင်း
ကို လည်း ကျ မ သူ မှန်း မသိ ခင် တုန်း က ရန် ကုန် က
နေ မှာ ဖတ် ခဲ့ ဖူး တယ် .. နောက် ပိုင်း သူ မှန်း လည်း သိ ရော မ မှာ ဖြစ် တော့ တာ ကြာ ပြီ ...

mie nge

sansantin said...

မေသန်းနုကို မွေးထုတ်တဲ့ ရုပ်ရှင် ရပ်မြင်သံကြားမှာ

၈၈ အလွန်က ပြန်ပြတော့ ၀တျွှရေးသူ နာမည်က အောင်င်္ငေသိန်းထင်ပါ. ပြောင်းသွားတယ်

ဇာတ်လမ်းကျချင်ရင် ပါဝါရှိသူလူနာမည်နဲ. တင်ရတဲ့ ခေတ်

စိုးသူအမေ ဒေါ်သူဇာကို မေးပါလေ

ကိုခိုင် said...

ပန်းချီတွေလည်း ကြည့်ချင်ပါသည်။
ကိုခိုင်

Ko Paw said...

သြော်....လေလွင့်သူက ကိုယ်တစ်ယောက်တည်းလို့ ထင်ခဲ့တာ.... ဆရာမရေ။

ဟို အစ်ကိုကြီးလုပ်သူနဲ့ သူ့ကတော်ဆိုသူရဲ့ လုပ်ရပ်တွေကို ကြားရ၊ ဖတ်ရတဲ့အခါတိုင်း ကမ္ဘာ့အံ့ဖွယ် ၇ ပါးကို အံ့သြစရာမကောင်းဘူးလို့ ထင်နေမိခဲ့တဲ့ ကျနော်လို လူမျိုးတောင် ကိုယ့်နား၊မျက်စိကို မယုံနိုင်အောင် အံ့သြမိတယ်။

အိမ့်ချမ်းမြေ့ said...

လာလည်သွားပါတယ် အစ်မး)

keng said...

Hi Ny Linn
even i 'm not understand what is the language you used in your blog.. but i will support you!!!

Long Live Aung san Su kyi!!

သက်ဝေ said...

အချိန်ရရင် ရသလို အခုလိုမျိုးလေးတွေပဲဖြစ်ဖြစ်
စာစု တိုတိုလေးတွေပဲဖြစ်ဖြစ် ရေးပါ ဆရာမရယ်...
ချရေးလိုက်ရရင် အနည်းဆုံးတော့ စိတ်သက်သာရာ ရသွားတတ်တယ်လို့ ထင်ပါတယ်...
ဆရာမ ကျန်းမာ ရွှင်လန်းပါစေ...း))

Moe Cho Thinn said...

အဲဒီလို အကြောင်းတွေကြောင့် စာမရေးဖြစ်ရင် အဲဒီလူတွေ ပိုပျော်ကြမှာပေါ့ ဆရာမရယ်..

ပန်းချီနဲ့ တဆင့် ပြောပါအုံးလေ..

သဒ္ဓါလှိုင်း said...

မဖတ်ရတာကြာတော့ အမရဲ့စာတွေကို လွမ်းမိပါတယ်.။ ထပ်ပြီး မျှော်နေအုံးမယ်နော်..။ သတိရပါတယ်.။

သဒ္ဓါ

မေ့သမီး said...

အမရေ စိတ်တွေလွင့်တာတော့ အမတယောက်တည်း မဟုတ်ဘူးထင်ပါတယ်။ ညီမတောင် စာမဖတ်နိုင်ဘူး။ စာဖတ်လို့မရရင် အရင်တုန်းကအကြောင်းတွေပြန်တွေးပြီးတော့ရေးတာပဲ။ ဟီး။ (ဘာမသိညာမသိ ၀င်ပြောသွားတာ။ :D)

ဆောင်းယွန်းလ said...

အေးစက်စက်နိုင်တဲ့ တောမြို့ကလေးက တောသားတယောက် စာလာဖတ်သွားပါတယ် အမကြီးရေ။

အစစအရာရာ အဆင်ပြေပါစေ

တန်ခူး said...

မ ရေ… ကျွန်မဘလော့များဆို အတော်ခမ်းခြောက်နေတာ ကြာခဲ့ပေါ့ မ ရယ်… မ လို ခံစားချက်မျိုး ခဏခဏ ဖြစ်တတ်လွန်းလို့  ဟိုတနေ့ က သူငယ်ချင်းတယောက်က သတိပေးတယ်… ကြာရင်စိတ်ကျရောဂါဖြစ်မယ်တဲ့… တကယ်တော့ သူမသိလို့ ပါ… ကျွန်မက နာတာရှည်စိတ်ကျရောဂါသည်ဆိုတာကိုလေ… ဘာပဲဖြစ်ဖြစ် မ ပန်းချီလေးတွေက ပြောတဲ့စကားကို နားထောင်နေမှာပါ…

SHWE ZIN U said...

အကြိုက်ဆုံးကတော့ ရွှေအမြူတေကို သပိတ်မှောက်ဖို့ဘဲ
အားလုံး သတိပြုကြပါ

ဇွန်မိုးစက် said...

ဆရာမပန်းချီရေးဖြစ်ရင်လည်း ခံစားကြည့်ချင်ပါတယ်။

Myint Soe said...

၂၀၀၉ နိုဝင်္ဘာလထုတ် ရွှေအမြုတေ မှာ
မြစ်တစင်း ချစ်ခြင်းနဲ့လေညှင်းအရောင် (မင်းချမ်းမွန် )
မောင်သော်က ရဲ့ တိုက်ရေယာဉ် ၁၀၃ တွေပါတယ်။
သပိတ်မမှောက်ပါ။
ပုတ်နေတဲ့ ငါးတစ်ကောင်ကြောင့် လှေတစင်းလုံး မှောက်ပစ်လိုက်မလား။
တစ်ကောင်ထဲကိုဘဲ ရွေးပြီး ဖယ်ထုတ်လိုက်မလား။
ဆရာမ ပြန်စဉ်းစားပါအုံး။

မေငြိမ်း said...

ကိုမြင့်စိုးရေ..
အဲဒီငါးကို လှေပိုင်ရှင်က မဖယ်တဲ့အခါ ..
ငါးတကောင်ကြောင့် တလှေလုံးပုပ်ပါသတဲ့...

ကိုခိုင် said...

ပန်းချီတွေ တင်ပါတော့ ဗျို့
ကိုခိုင်

ဒဏ္ဍာရီ said...

အခုလို ပိုစ့်လေးနဲ့ စကားပြောသလို ဆရာမရဲ့ စာတွေ ဖတ်ရတာ တန်ဖိုးရှိလှပါတယ်။ ပန်းချီတွေဆွဲပြီးတော့လည်း ပြောပြပါအုံးနော်။

ခင်မင်လေးစားလျှက်

相信的一天 said...

GOOD........................................