Apr 16, 2010

ဗုံးဖောက်မှု နောက်ဆက်တွဲ နအဖ အကျိုးအမြတ်နှင့် ပြည်သူ့ခေါင်းဆောင်များအပေါ် ကျလာနိုင်မည့် အန္တရာယ်

ဗုံးပေါက်ကွဲမှု အပေါ် ဘယ်သူခွဲတယ်၊ ဘယ်သူလုပ်တယ်၊ ထိခိုက်တဲ့ လူတွေ အတွက် ဝမ်းနည်းတာတွေ အပါအဝင် ပြောဆိုနေတာတွေ မျိုးစုံပါပဲ။

ကျွန်တော်လည်း အပြစ်မဲ့တဲ့ ပြည်သူတွေ ထိခိုက် သေဆုံးရတာကို ဝမ်းနည်းမိပါတယ်။

ဒါပေမယ့် နောက်ဆက်တွဲ ဖြစ်လာမယ့် ကိစ္စတွေ အတွက်အကျိုးကျေးဇူး ရှိနေတာကတော့ အကြမ်းဖက် နအဖ အဖွဲ့ ဖြစ်တယ် ဆိုတာ မမေ့သင့်ပါဘူး။

ဗုံးကွဲလို့ အပြစ်မဲ့ ပြည်သူတွေ ထိခိုက် သေဆုံးတော့ အားလုံးဝမ်းနည်းရတယ်။ ဖောက်တဲ့ လူကို ဒေါသ ဖြစ်တယ်။ ဒါက သဘာဝပါ။ ထုံးစံအတိုင်း မြန်မာနိုင်ငံမှာ ကွဲသမျှ၊ ပေါက်သမျှ ဗုံးတွေကို ဘယ်သူခွဲမှန်း ဘယ်တုန်းကမှ မမိခဲ့ပါဘူး။ ဒီတော့ နအဖက ထစ်ခနဲ့ရှိ နယ်စပ်က လက်နက်ကိုင်တွေလို့ စွပ်စွဲတော့တာပါပဲ။

(အဲ တခါတလေ လက်နက်ကိုင်ဆောင်ထားခြင်း မရှိတဲ့ လူတွေတို့ (ဥပမာ နယ်စပ်ရောက် သံဃာတော်တွေ)၊ လက်နက်နဲ့ ပက်သက်ခြင်း မရှိတဲ့ အဖွဲ့တွေတို့ (ဥပမာ NLD-LA, BLC)၊ .... တခါတလေ သူတို့ ပြောတဲ့ ရက်တွေမှာ နယ်စပ်မှာ မရှိဘဲ အခြားတနေရာရာမှာ ရောက်နေတဲ့ အဲဒီ လူတွေက နယ်စပ်မှာ အစည်းအဝေးလုပ်ပြီး ခိုင်းတယ် ဆိုတာမျိုးတွေက အစ ရေးချင်ရာ ရေး၊ ပြောချင်ရာ ပြောနေတာ အကြောင်းအရာ အရ မှားယွင်းပြီး ထူးဆန်းနေပေမယ့် နအဖ ပါးစပ်က ထွက်တာဆိုတာ မထူးဆန်းတော့ပါဘူး။)

အခုလည်း ဒီလို ပြောချင်ရာ ပြော၊ စွပ်စွဲချင်ရာ စွပ်စွဲဦးမှာပါပဲ။ အရှက်မရှိ၊ အရေထူနေတဲ့ မျက်နှာနဲ့ စကားတွေ တောင်ရောက် မြောက်ရောက်ပြောပြီး သတင်းစာ ရှင်းလင်းပွဲလုပ်ဦးမှာပါပဲ။

ဒါက ဖြစ်ရိုး ဖြစ်စဉ်တွေပါပဲ။

ဒါပေမယ့် နအဖ အတွက် အချက် ၃ ချက် မြတ်ပြီး ကျွန်တော်တို့အတွက် သတိထားရမယ့် ကိစ္စတွေကို ပြောချင်ပါတယ်။

၁။ ဗုံးဖောက်တာကြောင့် တိုင်းပြည် မငြိမ်မသက်ဖြစ်တယ်၊ ဒါကြောင့် စစ်တပ်က တိုင်းပြည်ရဲ့ အုပ်ချုပ်မှုကို ယူကို ယူရမယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ နဂိုကတည်းက အာဏာမက်ပြီး ရယူထားတဲ့ နေရာကနေ မဖယ်ရေးကို ပို ခိုင်မာအောင် ပြောမယ်။ ပါလီမန်မှာ တမတ်သား စစ်သား ပါသင့်တယ်ဆိုတာကို ပိုခိုင်မာအောင် လုပ်လို့ရတဲ့ အမြတ်ထွက်မယ်။

၂။ အခု ဗုံးပေါက်တာက VIP ဆိုတဲ့ နအဖနဲ့ ပက်သက်ရာ အခွင့်ထူးခံ လူတန်းစားတွေနေရာမှာ ဆိုတော့ ... စစ်တပ်က ရာထူးရာခံ ရှိတဲ့ လူတန်းစားနဲ့ ပက်သက်သူတွေ အနည်းနဲ့အများ ထိခိုက်တာတွေ ရှိနိုင်တယ်။ ဒီတော့ ... တပ်ထဲမှာ .. ငါတို့ တွေ အချင်းချင်း စည်းရုံးပြီး အဖျက်သမားတွေကို တိုက်ပစ်ရမယ် ဆိုတဲ့ စစ်ဝါဒီ အတွေးအခေါ်နဲ့ မျက်ကန်းမျိုးချစ် Brain Wash လုပ်လို့ရတဲ့ အမြတ်ထွက်မယ်။

၃။ အခု နောက်ဆုံး အချက်ကတော့ တိုင်းပြည်အတွက်၊ ဒီမိုကရေစီနဲ့ လူအခွင့်အရေး အတွက်၊ အများအတွက် စတာတွေကို လုပ်ကိုင်နေတဲ့ လူတွေ အန္တရယ် ရှိလာနိုင်တဲ့ အချက်ပါပဲ။

အဲဒါကတော့ နအဖ လုပ်လာမယ့် လူဖမ်းပွဲကြောင့်ပါပဲ။

အခုလို အချိန်မှာ သူ့တို့ မဟုတ်တာ လုပ်တာကို မဟုတ်တာ လုပ်တယ်ဆိုပြီး ဥပဒေဘောင်ထဲက ပြောမယ့်လူ၊ အများက လေးစားကြည်ညိုနေတဲ့ လူတွေကို ဖမ်းဖို့ ဂွင်(ခွင်) ဖြစ်လာတာပါပဲ။

လူလေးစားခံရပြီ အများအကျိုးအတွက်ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်တွေ အန္တရာယ် ဖြစ်လာလို့နေပါပြီ။ ဥပမာ ... အဘ ဦးဝင်းတင်လို လူမျိုးကအစ၊ မဖြူဖြူသင်း၊ ပဲခူးက လမ်းပြကြယ် ဦးအေးမြင့်၊ တနိုင်ငံလုံးမှာ ရှိတဲ့ NLD အဖွဲ့ခွဲ ခေါင်းဆောင်များ၊ အနယ်နယ် အရပ်ရပ်က ကလေးစစ်သားကိစ္စ၊ မတရား လုပ်အားပေးခံရတဲ့ ကိစ္စတွေ လိုက်လံဆောင်ရွက်ပေးနေတဲ့ NLD အဖွဲ့ဝင်များတွေ ... အဲဒီ လူတွေ အားလုံး မတရားဖမ်းခံရမယ့် အန္တရာယ်နဲ့ နီးလာနေပြီလို့ မြင်နေရလို့ပါပဲ။ (ထင်ရှားသော ဥပမာ ... လူ့အခွင့်အရေး မြှင့်တင်သူများ ကွန်ယက်က ဦးအေးမြင့်ကို ထင်ရှားတဲ့ သက်သေ မရှိဘဲ ဗုံးခွဲမှုနဲ့ ထောင်နှစ်ရှည် ချထားတဲ့ ဖြစ်ရပ်ပါ။)

နအဖက အထက်ပါ ပုဂ္ဂိုလ်တွေကို သူတို့ အကျိုးစီးပွား ပျက်ပြားအောင် လုပ်နေတယ် ဆိုပြီး ဖမ်းချင် နေတာ ကြာပါပြီ။ ဗုံးပေါက်တယ် ဆိုရင်တော့ နအဖအတွက် အဲဒီလူတွေကို ထောင်နှစ်ရှည် ဖမ်းလို့ရမယ့် အမြတ်ထွက်လာလို့ နေတယ် ဆိုတာ အားလုံး သတိထားသင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။

ကိုထိုက်

2 comments:

monsoon said...

ဖြစ်လာရင်မင်းတို့ပဲ အကောင်း နအဖ က အဆိုး..တော်တော် ပြောတတ်နေတယ်ဟုတ်လား...တော်တော် ကို တော် တဲ့ ခေါင်ရှောင်မှူပဲ...အဲဒါသာကြည့်တော့ ဖြစ်လာရင် ကိုယ်လွတ်ရုန်းမဲ့ ကောင်တွေ..ဘာကို မှ ဦးမဆောင်နိုင်ပဲနဲ့ လျှောက်လျှောက် ပြောနေတယ်...ဖတ်ရတာ ဟာသ ၁ ပုတ် ကို ဖတ်နေရတဲ့ အတိုင်းပဲ...အဲလိုမျိဲးတွေ များများ ရေးပေးကြပါဗျာ...ပျင်းနေတာနဲ့ အတော်ပဲ ...ရီချင်နေလို့..:D haha

Unknown said...

တော်တယ်နော်..NLD ကလူတွေက လုံးဝအပြစ်ကင်းကြသား..အစိုးရမှာပဲအပြစ်တွေရှိနေတယ်နော်..(ရေးတတ်လိုက်တာ)..
ကျမက အစိုးရနဲ့လုံးဝမပတ်သက်တဲ့ပြည်သူသက်သက်ပါ..ဖတ်ရတာအမြင်မတော်လွန်းလို့