Dec 17, 2010

မေတ္တာတေး….



အဲဒီနေ့က ကမ္ဘာပေါ်မှာ ရှိသမျှ မေတ္တာပန်းတွေ အကုန်ပွင့်လန်းကြတယ်လို့ ထင်ပါတယ်။

အဲဒီနေ့မှာ ဆယ်ကျော်သက်အရွယ်စကတည်းက အမေနဲ့ အတူနေခွင့်မရတဲ့ သားတယောက်က..အမေနဲ့ ခဏတာ ရက်ပိုင်းလေး အတူတွေ့ခွင့်ရတဲ့နေ့…။

ရင်ကဖြစ်တဲ့ သားကို အရိပ်တကြည့်ကြည့်ရှိရမယ့်အရွယ်မှာ ကျောခိုင်းပြီး တိုင်းပြည်နဲ့လူမျိုးဘက် မျက်နှာလှည့်ခဲ့ရတဲ့ အမေတယောက်က သားကို ထွေးပိုက်ဖို့ စောင့်လင့်နေတဲ့ နေ့ပေါ့..။

အမေ့ခမျာ သားလေးကိုများ အားနာ သနားနေရှာမလား..။
သားလေးကရော.. သားတို့နဲ့အဝေးမှာ ဒုက္ခပေါင်းစုံကို ရင်စီး ခုခံနေတဲ့ အမေကို ပြန်အတွေ့မှာ ကရုဏာအလွမ်းနဲ့ နာကျင်နေရှာမလား…။

ဒါပေမဲ့ အဲဒီနေ့ကလေးမှာ..
အမေက.. သားကို လှိုက်လှိုက်လှဲလှဲ ပြုံးကြည့်နေခဲ့တယ်။ အမေ့အပြုံးဟာ သားနဲ့ အဝေးကြီးနေခဲ့ရတဲ့ အမေတယောက်ရဲ့အပြုံး မဟုတ်ခဲ့။ အမြဲ သားနဲ့ နီးကပ်နေတဲ့ အမေတယောက်ရဲ့ အပြုံး..။ သားလေးကို ကြိုတင်ခွင့်လွှတ်ထားတဲ့အပြုံး..။ သားကို သေသေချာချာ နားလည်တဲ့အပြုံး..။ သားကို အားကိုးနှစ်လိုတဲ့အပြုံးးး


သားကလည်း ပြုံးလို့..။ သားကို ကျောခိုင်းထားခဲ့တဲ့ အမေ့ကို စိတ်မကွက်တဲ့အပြင် အမေ့လုပ်ရပ်တွေကို အားပေးဖို့ အမေ့ကို ထောက်ခံတဲ့ အမှတ်တံဆိပ်ကို လက်မောင်းမှာ မင်နဲ့ ရေးလို့..။


အမေနဲ့ တွေ့ချိန်မှာတော့ ကလေးတွေရဲ့ အဖေဖြစ်နေတဲ့ သားက အမေ့ရှေ့မှာတော့ ပီဘိသားတယောက်သာပါပဲ..။

အဲဒီနေ့မှာ … အဲဒီအမေနဲ့သားကို ဒီလိုပဲ မခွဲအတူ ရှိနေတာကို တသက်လုံး မြင်ချင်လိုက်တာလို့ မြင်တွေ့သူတိုင်းက ခံစားကြရတယ်…. ဒါဟာ မေတ္တာတွေ စီးမျော ဆင့်ပွားတာပဲပေါ့..။ အဲဒီအခါ မြင်သူတိုင်း မျက်ရည်ဝိုင်းလို့..။
ပီတိနဲ့ ယှဉ်တဲ့ ချိုသောမျက်ရည်နွေးတွေ…။
အဲလိုနဲ့ ကမ္ဘာတ၀ှမ်း ပီတိပန်းတွေ ဝေခဲ့တာပေါ့.. အဲဒီနေ့မှာ…။



+++++++

အန်တီစုနဲ့ သားလေးကိုထိန်လင်းတို့ ၁၀နှစ်လုံးလုံး ခွဲနေခဲ့ရပြီး ပြန်တွေ့ရတဲ့ အဲဒီနေ့မှာ တကယ်ပဲ ကမ္ဘာတ၀ှမ်းက ကျမ သိသိသမျှ ဗမာတွေ.. ကိုယ်ချင်းစာ ခံစားတတ်သူတွေဟာ အန်တီနဲ့ကိုထိန်လင်းတို့ကို ကြည့်ပြီး မျက်ရည် ကျကြရပါတယ်။ ကျမတို့ တွေးမိကြတာက… အန်တီတို့သားအမိနေရာမှာ.. ကိုယ်တိုင်သာဆိုရင်.. ဘယ်လိုနေမလဲဆိုတာကိုပေါ့…။ ဒါဟာ မိဘနဲ့ သားသမီး မေတ္တာတရားဆက်နွယ်မှုကို နားလည်တဲ့ လူသားပီသသူတိုင်း ခံစားကြရ.. တွေးမိကြရတာပဲ မဟုတ်ပါလား..။

++++

ကျမသားကြီး ခု အသက် ၁၉နှစ်ရောက်တဲ့အထိ.. သားကို နှစ်ရှည်လများခွဲထားဖို့ ကျမတခါမှ မတွေးရဲခဲ့ဖူးပါ..။ ဒါကြောင့်ပဲ သားကြီးတသက် ကျမ ဘယ်သွားသွား.. ဘယ်နေရာ ပြောင်း ပြောင်း.. သားကို အပါခေါ်ခဲ့တာ..။ သားကြီးကိုလည်း သားကြီးမို့.. သမီးကျတော့လည်း တယောက်တည်းမို့.. သားငယ်လေးကျတော့လည်း အငယ်ဆုံးမို့..။ ကျမက အင်မတန် အတ္တများတဲ့ မိခင်ဖြစ်ပါလိမ့်မယ်..။ အဲဒီအခါ အတ္တကို ဖယ်ခွာပြီး ပရအတွက် စိတ် ရင့်မာသော မိခင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရဲရဲမကြည့်ဝံ့ ဖြစ်ရတော့တာပါပဲ။ ပြီးတော့ အန်တီစုကို သတိရတဲ့အခါတိုင်း မိခင်တယောက်ရဲ့ အလွမ်းကို သတိတရဖြင့်နင့်နင့်သီးသီး ခံစားရစမြဲပါ။

+++++

သားတို့ကို အန်တီစု ကျောခိုင်းရစဉ်တုန်းက ၁၉၈၉.. သားငယ်လေး အသက်က ၁၁နှစ် ကျော်ကျော်။ အမေ ထမင်းခူးပေးမှ စားတတ်တဲ့အရွယ်သာ ရှိသေးတာ။ ပြီးတော့ အမေ အိမ်စာလုပ်ပေးဖို့..။ သားကလေး လိမ်မာအောင် သွန်သင်ဖို့.. အမေက အနားမှာ ထပ်ချပ်မကွာ ရှိရမယ့် အရွယ်ပေါ့။ သားကြီးထက် အမေ့နား ပိုကပ်တဲ့ အရွယ်မို့ရော.. အမေနဲ့ ရုပ်ချင်း ပိုတူတဲ့ သားမို့လို့ရော.. အမေက ပိုပိုသာသာ တွယ်မယ့်အရွယ်လည်း ဖြစ်မှာ..။ ဒါပေမဲ့ သားတို့ခမျာ အမေဝေး သားတွေအဖြစ် ဆယ်ကျော်သက်အရွယ်ကို ဖြတ်သန်းခဲ့ရရှာပါတယ်။ အဖေခမျာ.. ပညာရှင် ကျောင်းဆရာ အလုပ်တဘက်.. သားတို့ကို ထိန်းကျောင်းပြုစုဖို့ တာဝန်ကတဘက်.. လစ်ဟာနေတဲ့ အမေ့နေရာကို ကူဖြည့်ရတာ တဘက်.. အိမ်သူသက်ထား အလိမ်မာဇနီးမယားကို လွမ်းဆွတ်ပူပန်ရတာတဘက် ကြားမှာ… သားတို့အပေါ် သေသေချာချာဖိဖိစီးစီးရော တာဝန်ကျေနိုင်ခဲ့ပါ့မလား..။ တာဝန်ကျေနိုင်ခဲ့ပေမဲ့ မေမေ့ ရင်ငွေ့ကိုတော့ဖြင့် ဘယ်လိုမှ မဖြည့်စွမ်းသာခဲ့မှာ သေချာပါတယ်..။


ဒီလိုနဲ့ အဖေနဲ့ သားတို့ အေးခဲတဲ့ အင်္ဂလန်ရဲ့ ဆောင်းညတွေ.. ခြောက်သွေ့တဲ့ နေ့တာတွေနဲ့ လပ်ဟာနေတဲ့ အိမ်ဂေဟာကို တိတ်တဆိတ်သာ ဖြတ်ကျော်ခဲ့ရပေလိမ့်မယ်..။ အဲဒီအခါ သားငယ်လေးရဲ့ ညည အိပ်မက်တွေထဲ.. ဒါမှမဟုတ်.. အေးစက်တဲ့ ထမင်းဝိုင်းထဲ ခြောက်အိပ်မက်တွေ.. ၀မ်းနည်းဆို့နင့်မှုတွေ ကြီးစိုးခဲ့နိုင်ပါတယ်..။ သားလေးခမျာ ကလေးသာသာ အရွယ်လေးကိုး။
ဒီလို ရက်စက်တဲ့ ကာလကို သားလေး ဘယ်လိုများ ရင်ဆိုင်ဖြတ်ကျော်ခဲ့ပါလိမ့်…။


+++++

အမေကတော့ အဖိုးနဲ့အဖွားရဲ့ ပုံရိပ်တွေ ကြီးစိုးရာ အိမ်အိုကြီးထဲ… မြင့်မြတ်တဲ့ မြတ်နိုးဖွယ် ခင်ပွန်းနဲ့ အရွယ်ရောက်စ သားကြီး… ကလေးဘ၀ မကုန်ချင်သေးတဲ့ သားငယ်လေးတို့ကို လွမ်းဆွတ်ရင်း.. တဘက်ကလည်း အကျဉ်းကျနေတဲ့ တိုင်းပြည်နဲ့ လူမျိုး လွတ်မြောက်ရေး အတွက် ကြီးမားလှတဲ့ တာဝန်ကို ထမ်းပိုးလို့…။ အထီးကျန်နေ့ရက်တွေကို ဖြတ်သန်းနေခဲ့ရတာပေါ့။

အချိန်တွေကို တန်ဖိုးရှိရှိ ကုန်ဆုံးစေဖို့ အမေ အားထုတ်နေခဲ့ချိန်မှာ… သားတို့ဘက်ကလည်း အမေ့ကို နားလည်စေချင် နေမိတာတော့ အမှန်ပါ။ ချစ်ခင်မြတ်နိုးရတဲ့ ခင်ပွန်းသည်ကို နှုတ်ဆက်ခွင့်တောင် မရလိုက်ဘဲ ဘ၀ထဲကနေ အပြီးတိုင် ဆုံးရှုံးလိုက်ရချိန်မှာတောင် အမေဟာ အံကို တင်းတင်းကျိတ်လို့ ရင်ဆိုင်ခဲ့ရပါတယ်။ အမေ့ကို အားကိုးတဲ့ ပြည်သူတွေရှေ့မှာ ခိုင်ခိုင်ကြည်ကြည်နဲ့ ရပ်တည်ရတဲ့အမေဟာ.. မျက်ရည်နဲ့အတူ ကိုယ်ပိုင်ခံစားချက်တွေကိုပါ သိမ်းထုပ်ထားခဲ့ရပေလိမ့်မယ်..။ အဲဒါဟာ ဘယ်လောက် ပင်ပန်းတဲ့ တည်ဆောက်ခြင်းလည်းဆိုတာကိုတော့ ကိုယ်ချင်းစာ ခံစားတတ်သူတွေမှသာ နားလည်ပေလိမ့်မယ်..။ အမေဟာ ခိုင်မာမြဲမြံခြင်း တည်ကြည်ရင့်ကျက်ခြင်းတွေရဲ့ ပြယုဂ်အဖြစ် အမေ့ကို အားကိုးသူတွေရဲ့ ရှေ့ကနေ မားမားမတ်မတ် ရပ်နေရပေလိမ့်မယ်..။ အမေ ရင်ဆိုင်နေရတဲ့ ရန်သူဟာ.. အင်မတန် ကောက်ကျစ်စဉ်းလဲပြီး နုံ့နဲ့လှတာမို့ အမေဟာ ရက်စက်ကြမ်းကြုတ်မှုဒဏ်ကို ခါးစည်းခံနေခဲ့ရပါတယ်။

+++++++

ဒီလိုနဲ့ ရက် လ နှစ်တွေ တရွေ့ရွေ့ ပြောင်းလဲခဲ့။ အမေဟာ အိမ်အိုကြီးထဲ အထီးကျန် နေရသလို… သားတို့ခမျာလည်း မိဘနဲ့အတူ ကြီးပြင်းခွင့်မရတဲ့ ဆယ်ကျော်သက်အရွယ်ကို ပင်ပင်ပန်းပန်းနဲ့ ရင်ဆိုင်ဖြတ်ကျော်နေခဲ့ရပေလိမ့်မယ်။ အဖေ ဆုံးပါးချိန်မှာ သားငယ်လေးက အသက် ၂၃ နှစ်ကျော်ကျော်..။ သူကိုယ်တိုင် အိမ်ထောင်ကျ.. မိဘ ဘ၀ရောက်ပေမဲ့ သားဟာ.. အမေ့ရှေ့မှာတော့ သားတစ်ယောက်ပါပဲ..။ တခါတလေမှာ ဘ၀ရဲ့ လောကဓံ အထုအထောင်းထဲ သားငယ်လေး စိတ်ပင်ပန်းတဲ့အခါ…. အမေ့ကို တမ်းတခဲ့ရှာလိမ့်မယ်..။ တခါတခါ လူငယ်ပီပီ.. သူတို့ကို ကျောခိုင်းရက်လေတယ်လို့ မချင့်မရဲနဲ့များ.. အမေ့ကို စိတ်ကွက်ဖူးလေမလား..။
တကယ်တော့ အဲဒီအတွေးဟာ အမေတိုင်း တွေးမိမယ့်အတွေး.. ပြီးတော့ ရင်ထဲ တဆစ်ဆစ်နာရင်း ရင်ထဲ အလိုလို ၀င်လာတတ်တဲ့ ခံစားချက်တွေလည်း ဖြစ်ပါတယ်။

+++++++

ခုတော့ အမေနဲ့သား… ဆယ်နှစ်ကျော်လုံးလုံး ခွဲနေခဲ့ရရာက ပြန်တွေ့ခွင့်ရပြီ။ ခဏလေး ရက်သတ္တနှစ်ပတ်ကလေး ဆိုပေမဲ့ သားနဲ့ အမေကတော့ ကျေနပ်ရပါတယ်။ ငယ်ငယ်က အမေ့နားမှာ အမေ့ကို မော့မျှော်ကြည့်ရင်း အမေ့တွဲလက်ကို ဆုပ်ခဲ့ရတဲ့သားက ခုတော့ အမေ့ကို ငုံ့မိုးကြည့်လို့..။ သား မျက်လုံးတွေက အမေ့ကို အပြည့်အ၀ နားလည်တဲ့ ချစ်ခြင်း မေတ္တာတွေနဲ့ ပြည့်လို့..။ အမေ့မျက်လုံးတွေကကျတော့ သားငယ်လေးရဲ့ မေတ္တာကို ခံစားရင်း ကျေးဇူးတင်နှစ်လိုနေတဲ့ အရိပ်တွေ အရောင်တွေနဲ့ လင်းပလို့…။ သားငယ်လေးရဲ့ လက်ဖျားကို ဆုပ်ကိုင်ရင်း အားအင်ကို ခံစားလို့..။ အားလုံးကို ဖြတ်ကျော်နိုင်ခဲ့ပြီ။



အမေနဲ့ သား ဘယ်လိုမှ မဝေးကွာခဲ့ကြတာကို ဒီသားနဲ့ အမေရဲ့ ပြန်တွေ့ရတဲ့ အချိန်လေးမှာ အထင်အရှား မြင်နေရတာ…။ ဒါဟာ အချိန်ကာလတွေ.. နေရာ ဒေသတွေ.. ထုထည်ဒြဗ်ထုတွေကို ကျော်ဖြတ်သွားနိုင်တဲ့ မေတ္တာတေးရဲ့ ကူးလူးဆက်သွယ်မှုအာနိသင်ပဲ မဟုတ်လား….။

+++++

သေချာပါတယ်..။
မေမေနဲ့ သား… နောက်ထပ် ဘယ်တော့မှ ဘယ်တော့မှ မဝေးတော့ပြီ..။
ဘယ်လောက် ရေမြေခြားခြား..
ဘယ်လောက် အချိန်တွေ ကွဲပြား ကွဲပြား..
ဘယ်လို အနှောင်အဖွဲ့တွေနဲ့ တားထား တားထား…။
မေမေနဲ့ သား.. ဘယ်တော့မှ မဝေးခဲ့တာ.. မဝေးတော့တာ.. သေချာပြီ။

(ချစ်သော အန်တီစု နဲ့ သားငယ် ကိုထိန်လင်းတို့ ပြန်ဆုံခွင့်ရတဲ့ ကာလကို အမှတ်တရ ခံစားပါတယ်)

9 comments:

Mi Tay 4 said...

အဲလို စာမျိုးတွေ အစ်မရေးတာ မဖတ်ရတာ ကြာပြီ။
မျှဝေခြင်းတွေပဲ ဖတ်နေရတယ်။

Unknown said...

I wanna cry after reading this post.

ဘီဘီး said...

ဆရာမရယ်...

ဒီပို့စ်ကိုဖတ်ပြီး သမီး မျက်ရည်ကျမိတယ်

ဇွန်မိုးစက် said...

ဆရာမနီးပါး ထပ်တူတွေးမိခဲ့ပါတယ်။ သားအမိနှစ်ယောက်ပြန်ဆုံတဲ့နေ့တုန်းက သတင်းပုံတွေကြည့်ပြီး ၀မ်းသားဝမ်းနည်း မျက်ရည်ဝဲခဲ့ရတယ်။

zaqzaq said...

ကောင်း လိုက် တာ၊ များ များ ရေး ပါ ဗျာ။

မေငြိမ်း said...

မရေးတာကြာပေမဲ့ ရေးတော့လည်း လာအားပေးကြတဲ့သူတွေကို ကျေးဇူးတင်ပါတယ်။ တကယ်တော့ ဒီစာကို ရေးဖို့ ညီမလေး အိန္ဒြာပေးတဲ့
"အမေနဲ့ တွေ့ချိန်မှာတော့ ကလေးတွေရဲ့ အဖေဖြစ်နေတဲ့ သားက အမေ့ရှေ့မှာတော့ ပီဘိသားတယောက်သာပါပဲ..။" ဆိုတဲ့ ဒီစိတ်ကူးလေးကနေ စခဲ့တာပါ...။

ညီလင်းသစ် said...

ရက်ရက်စက်စက်ကို ကောင်းတဲ့ ပို့စ်လေးပါပဲ အမရေ့..၊

ကျနော်လည်း အဲဒီလိုတွေ တခါတခါတွေးမိပြီး အမေနဲ့ သားကြားမှာ စိုးရိမ်ပူပန်ဖူးတယ်၊ ဒါပေမယ့် လေဆိပ်မှာ တွေ့လိုက်ရတဲ့ ပြန်လည်ဆုံစည်းမှုလေးက အဲဒီသံသယ တွေအားလုံးကို လွင့်စင်သွားစေပါတယ်၊

အဲဒီ အမေနဲ့သားကြားက မေတ္တာကို ခံစားရလွန်းလို့ ကျနော်တောင် ဓါတ်ပုံလေးတစ်ပုံ လုပ်ဖြစ်ခဲ့သေးတယ်။

(ခရီးထွက်စရာရှိတာမို့ အခုကတည်းက အမကို တခါတည်း နှုတ်ဆက်ပါတယ်.. Merry X'mas and Happy New Year!!!)

Unknown said...
This comment has been removed by the author.
Toe Yee Yee said...

လေးစားလျှက်လေးစားနေဆဲပါမေမေစုရှင် မမမေငြိမ်းရေကျေးဇူးတင်ပါတယ်နော်