Sep 16, 2011

မိုးနေ့


တပတ်လုံးလုံး မိုးစွေနေတာ..။
ကိုယ့်နားက မြင်ကွင်းအားလုံး မှိုင်းညို့နေပြီး တချိန်တည်းမှာပဲ စိမ်းစိုအေးချမ်းနေတယ်..။ မိုးတွေအဲလို ရေပါပါနဲ့ ဆက်တိုက်ရွာတာကို ဘ၀တလျှောက်လုံး ကြုံခဲ့ဖူးသမျှ တခါမှ စိတ်ပျက်စရာကောင်းလိုက်တာလို့ မတွေးမိခဲ့ဖူးတာကိုလည်း သတိရတယ်။
ဘယ်အရွယ်ကတည်းက မိုးနေ့တွေကို ချစ်ခဲ့တာပါလိမ့်…။
၎နှစ်နီးပါးနေခဲ့တဲ့ ဘားအံ.. ၅နှစ်ကျော်နေခဲ့တဲ့ မော်လမြိုင်.. နှစ်နေရာစလုံးက မိုးကောင်းတဲ့ ဒေသတွေ…။ ရက်ဆက် မိုးတွေ သည်းသည်း ရွာလို့ မိုးရေအေးစက်စက်တွေထဲ လမ်းလျှောက်ရရင် ချမ်းတဲ့ကြားက ပျော်တာပဲ။
ခုလည်း အမေရိကအရှေ့ခြမ်းမှာ မြစ်ရေလျှံတဲ့ထိအောင် မိုးတွေ ကြီးနေပြန်ပြီ။
အိပ်ယာက အိမ်ပေါ်ထပ်မှာမို့ ခေါင်မိုးနဲ့နီးနေတော့ အုတ်ကြွပ်မိုးပေါ် မိုးရေကျသံ တပေါက်ပေါက်ကို ကြားနေရတာ သဘောကျလိုက်တာ။ အိပ်ယာပေါ် စောင်ပုံအောက်ကနေ နားထောင်နေမိတဲ့ မိုးသံဟာ ဘားအံက သစ်သားအိမ်လေးရဲ့ သွပ်မိုးပေါ်ကျတဲ့ အသံနဲ့ ဘာမှမကွာ..
ရွာက အိမ်ရဲ့ အုတ်ကြွပ်ခေါင်မိုးပေါ် ကျတဲ့ အသံနဲ့လည်း တူတူ။
မော်လမြိုင် တောင်ဝိုင်းတက္ကသိုလ်ကျောင်းဝင်းထဲက ဆရာများအိမ်ရာ တန်းလျားလေးရဲ့ ခေါင်မိုးပေါ်က မိုးသံ..
အို… ရန်ကုန်က အမေ့ သစ်သားအိမ်လေးရဲ့ သွပ်မိုးပေါ်ကျတာလည်း ဒီမိုးသံ ပါပဲ..။
ကျမအတွက် မိုးရေစက်တွေနဲ့ မိုးရဲ့ တေးသံတွေဟာ ကမ္ဘာ့အရှေ့ခြမ်းဖြစ်ဖြစ်.. အနောက်ခြမ်းဖြစ်ဖြစ် တူတူပါပဲ။
အေးမြပုံ.. ပြီးတော့ မိုးရနံ့…
ခုဆို အိမ်ရှေ့က စံပယ်ပင်လေးလည်း အဖူးတွေဝေ.. သပြေပင်လေးကလည်း အညွန့်တွေ ချိုးချိုးပြီး ပန်းအိုးနိုင်နိုင်ထိုးပစ် တာတောင် အညွန့်သစ်တွေ တလူလူတက်လို့..။
မိုးအေးအေးနဲ့ ကျမတို့ အိမ်ကလေးထဲမှာ လဘက်ရည်ချိုနှပ်ထားတဲ့ အနံ့လေးနဲ့ အီကြာကွေး ဆီပူထိုးတဲ့အနံ့လေးနဲ့။
ဟော… မျက်နှာချင်း ဆိုင်က အိမ်လေးကို လှမ်းကြည့်လိုက်တော့ ကျမရဲ့ သမီးလိုဖြစ်နေတဲ့ မအိ က ရုံးသွားဖို့ ကားပေါ်တက်နေပြီ။
သမီးရေ.. မိုးအေးတယ်နော်.. အနွေးထည်ဝတ်သွား..။
ပုလဲလေးရော.. ဒီနေ့ ကျောင်းမှာ မအေးစေနဲ့နော်.. လို့ မအိရဲ့ သမီးလေးအတွက်ပါ သတိပေးရင်း ဗမာလို အားရ ပါးရ အော်ခေါ် နှုတ်ဆက်နိုင်ပါသေး။

ညနေဆိုရင်တော့ မအိခင်ပွန်းက အလုပ်ကပြန်ရောက်ပြီမို့ စကားစမြည်ပြောနိုင်ပါသေးတယ်။ သူက ကဗျာရေးတဲ့ လင်းနွေးအိမ်…။ ဘာသာစကားတူသူတွေမို့ ပြောစရာအပုံ…။ ကျမအိမ်ကို ရောက်လာသူတိုင်းကတော့ သူတို့ကို သူတို့ အမေရိကန်ပြည်မှာ ရောက်နေတာကိုတောင် မေ့သွားတယ်တဲ့။
ဟုတ်တာပေါ့ ကျမတို့ ရပ်ကွက်မှာ နီးနီးလေးနေကြတဲ့ ဗမာအိမ်က ၁၀အိမ်မှ မကတာကိုး။ ခဏကြာရင် စာရေးဆရာ ဦးဝင်းဖေ ကားဖြတ်မောင်းသွားမယ်.. မီမီဝင်းဖေလည်း ဘေးမှာ ပါလာလိမ့်မယ်..။
ဟေး ဘာတွေချက်နေလဲ..တဲ့။ ဟော… လှမ်းအော် နှုတ်ဆက်သံ.. အဲဒါ ဒေါ်စီပေါ့.. ဟိုဘက်လမ်းမှာ နေတာ။ မလပြည့်တို့ မောင်လရောင်တို့ အမေ။
ချဉ်ပေါင်ဟင်း ငါးခူကြော်နဲ့ ငပိရည်ကျို ဒေါ်စီရေ လို့ အော်ဖြေရင်း ပြတင်းပေါက် ကနေပဲ လက်ပြန်ပြလိုက်ရတယ်။ လက်ပြန်ပြပြီးချိန်မှာတော့ မျက်နှာကို ချက်ချင်းမလွှဲနိုင်ပါဘူး။ ကျမရှေ့မှာက ခြံဝမှာ စိုက်ထားတဲ့ သပြေပင်ရဲ့ ရွက်နုညိုညိုတွေက ကျမကို မျက်နှာမလွှဲနိုင်အောင် ဖမ်းစားထားတယ်။ မိုးရေစက်တွေအောက်မှာ သပြေညို အညွန့်တွေက ခေါင်းထောင်ကြော့လို့ ။ သူ့ဘေးမှာက အဖူးအငုံတွေ အလုအယက် ဝေနေတဲ့ စပယ်ရုံ..။ နက်ဖန်မနက်ဆိုရင် ဖွေးလှုပ် ကြိုင်လှောက်နေအောင် ပွင့်ကြတော့မှာ…။ ဇီဇ၀ါပင်ကတော့ ဒီမိုးမှာ နည်းနည်း ဆွံ့သွားတယ်။
အိုးထဲ ပွင့်ရလို့ ထင်ပါရဲ့..။ အချုပ်ချယ်ခံရတဲ့ ဘ၀တခုလို.. အစွမ်းကုန် မပွင့်နိုင်.. မဝေဆာနိုင်ရှာတာ…။

လေအေးအေးတသုတ်က ဖျတ်ကနဲ ဝှေ့သွားတယ်။
မိုးနံ့က လတ်ဆတ်သန့်စင်လိုက်တာ။
အိမ်တံခါးကို တွန်းဖွင့်ပြီး ခြံထဲဆင်းတော့ မိုးစက် အေးအေးတွေ ကိုယ်ကို လာပက်ချိန်မှာ 
အသက် ၄၆နှစ် မိန်းမတယောက်ရဲ့ အနေအထားကို မေ့သွားတယ်။ ကျမတသက်လုံး ချစ်ခဲ့ စွဲခဲ့တဲ့ မိုးရေတွေကတောင် ကျမကိုယ်ပေါ်မှာ မပြောင်းမလဲ ရှိနေသေးတာပဲဟာနော်..။ မြက်ခင်းတွေက မိုးရေရွှဲရွှဲကြောင့် ကျမရဲ့ ခြေဖ၀ါးတွေက စိုအိနစ်ဝင်သွားတယ်။
မိုးကောင်းကင်ဆီကို မျက်နှာမော့လိုက်တော့ အေးမြမြမိုးစက်တွေက အပွင့်လိုက် အပေါက်လိုက် ပစ်ပေါက် လိုက်သလို ကျလာတယ်…။ အဲဒီအခိုက် ရင်ထဲမှာ အေးသွားလိုက်တာ..။ လတ်တလောအပူတွေတောင် ငြိမ်းလို့…။
ဘီလ်ကြွေးအပူတွေ… Credit ကြွေးအပူတွေ..
တနေ့ ၂၄နာရီနဲ့တောင် မလောက်နိုင်တဲ့ ဗာဟီရတွေ…
ဟိုးအဝေးကြီးဆီကို လွမ်းဆွတ်ရတဲ့ မိုးနေ့တွေ…
မြသီလာ နေ့ရက်တွေထဲက မိုးနေ့တွေ …
အဖြူစိမ်းဝတ်ကျောင်းတက်ရက် မိုးနေ့တွေ…
အဲဒါတွေ အားလုံးကို မေ့ပျောက်ပြီး မိုးနေ့သက်သက်ကိုသာ ခံစားရတာ…။
ရွာပါမိုးရယ်.. ရွာလိုက်ပါ….။
အဲဒီလို စိမ့်နေ အေးနေအောင် သိပ်သိပ်သည်းသည်း ရွာမှပဲ မိုးလို့ ပီသတော့မပေါ့နော်…။

++++++

မေ့ထားချင်ပေမဲ့လည်း မိုးရေတွေနဲ့အတူ တိုးဝင်လာတဲ့ အတွေးတွေကလည်း ကျမဆီမှာ အလုအယက်..။ ကျမက မိုးသည်းသည်းရွာတာကို ချစ်တယ်လို့ မိုးရေတွေကို ခံစားပျော်ရွှင်နေချိန်မှာ… ခေါင်မိုးအပေါက် မဖာနိုင်လို့ ခေါင်မိုးမလုံတဲ့ အိမ်မှာ နေရတဲ့သူတွေ ဒီ မိုးရေတွေကြောင့် အိပ်မရ စားမရ နေမရသူတွေ… မိုးရေကြောင့် မြစ်ရေလျှံ ရေကြီးတဲ့ ဘေးနဲ့ ကြုံနေရသူတွေ.. ထီးမ၀ယ်နိုင်လို့ မိုးရွာမှာ ကြောက်နေသူတွေ…။ မိုးကြီးလို့ စပါးသီးနှံပျက်မှာ ပူပန်နေကြမယ့် ဦးကြီးတွေ…။ ကျမ တရားပါရဲ့လား…။ ဒါပေမဲ့ ဒါတွေကလည်း မိုးအပြစ်တော့လည်း မဟုတ်ပါဘူးနော်…။ တကယ်လို့များ မိုးများလို့ ရေကြီးတဲ့ ဒုက္ခမျိုး ကြုံရရင်တော့ရော.. ကျမ မိုးကို ချစ်နိုင်ပါဦးမလား…။ မသိတတ်ပြီ။ စိတ်တွေ တောင်စဉ်ရေမရ…။ အဲဒီ လွင့်နေတဲ့ အတွေးတွေက မိုးရွာချိန် လမ်းတွေပေါ် ပြေးထွက်ရင်တော့ မိုးရနံ့အောက်မှာ ငြိမ်ဝပ်သွား ပြန်ပါတယ်..။ အဲလို မိုးက ပြုစားတယ်…။

+++++

ဟော.. မိုးမှုန်တွေ လွင့်လာပြီ…။ တိတ်ဆိတ်နေတဲ့ နေ့လယ်လမ်းပေါ်မှာ ကျမတယောက်တည်း…။ နဘေးမှာ.. ရှဉ့်ညိုလေးတကောင်.. ကျီးကြည့် ကြောင်ကြည့်နဲ့…။ မြက်ခင်းပေါ်မှာ မိုးရေထိလို့ အိနွဲ့နေတဲ့ အရိုင်းပန်းဝါ၀ါလေးတွေက လေနဲ့အတူ ငြိမ့်လို့..။

အဲဒီခဏလေးမှာ… ကျောင်းသွားနေကြတဲ့ သားသမီး ၃ယောက်ကို ခဏမေ့သွား.. အလုပ်ခွင်ထဲက ခင်ပွန်းကို ခဏမေ့သွား… ကျမရဲ့ ဖိစီးတဲ့ အလုပ်တာဝန်တွေကို ခဏမေ့သွား… စိတ်ပျက်စိတ်ညစ်စရာ ခံစားချက်တွေကို မေ့သွား… လက်တွေ့ တဒင်္ဂအချိန်လေးကို ခဏမေ့သွား…။ ပြီးတော့ မိုးမှုန်တွေနဲ့အတူ လွင့်လို့… အဲဒီမိုးမှုန်တွေလို ပြုစားပြီး ကျမကို ဖမ်းစားနိုင်ခဲ့တဲ့ ချစ်မိဖူးသူတယောက်ဆီ စိတ်က ပြေးသွား…။ သူ့ကို မိုး..လို့ တိတ်တိတ်လေး နာမည်ပေး ခေါ်ဝေါ်ခဲ့ဖူးတာကို သတိရမိ…။ မိုး..တဲ့။ အင်း.. နောက်တော့လည်း ကျမနဘေးက မိုးမှုန်တွေလိုပဲ လွင့်သွားခဲ့တာပါပဲ…။

ဒီလိုပါပဲ.. ဘယ်သူမဆို.. ကိုယ့်ရဲ့ အနာဟောင်းလေးတွေကို တခါတခါ တိုက်တိုက်ဆိုင်ဆိုင်လေးတွေ ရှိတဲ့အခါ မတော်တဆ.. သတိရမိကြမှာ...ဟုတ်...။ ကျမကတော့ တခါတခါ ခုလို မိုးတွေရွာနေချိန် တခဏမှာ ပြန်သတိရ.. ပြီးတော့လည်း ပြန်မေ့သွား…။ ခုလည်း အဲလိုပေါ့.. အမှတ်တမဲ့လေး သတိရမိ...။
ဒီတော့လည်း စိတ်ထဲမှာ ခင်ပွန်းသည်ကို အားနာနာနဲ့ ပြုံးပြလိုက်မိပြီး တိုးတိုးလေး ရွတ်လိုက်မိပါတယ်..။ ဒါဟာ…. မိုးက လှည့်စားတာပါကွယ်…လို့…။

12 comments:

phyu phyu said...

ကျွန်မနေတဲ့ ချင်းမိုင်မှာလည်း မိုးကောင်းနေတော့ အန်တီမေငြိမ်းရဲ့ ဒီပို့စ်လေးကို ဖတ်ရတော့ မိုးကို နှစ်သက်တဲ့ ရသကို ထပ်တူခံစားမိသွားပါတယ်...

Nyi Linn Thit said...

ချစ်စရာ ကောင်းလိုက်တဲ့ စာစုလေး အမရေ..၊ မဖတ်ရတာ ကြာလွန်းလှပြီးမှ ပြန်ဖတ်ခွင့်ရတဲ့ စာလေးက မိုးရနံ့တွေနဲ့ စိုစွတ်၊ လန်းဆန်း နေလိုက်တာ၊ သောကအခိုးတွေ၊ ဝမ်းနည်းခြင်း တံလျှပ်တွေကို လွင့်စင်သွားအောင် တိုက်စား၊ ဆေးကြောပစ်မယ့် မိုးနေ့လေး...၊ ခဏပဲ ဖြစ်စေဦးတော့.. တကယ်ပဲ အေးချမ်းလှတယ်၊ ခေါင်မိုးပေါ်မှာ မိုးစက်တွေ တဖျောက်ဖျောက် ကျသံကို နားထောင်ရတာ ကျနော်လည်း ကြိုက်တယ်၊ ဘယ်တော့မှ ရိုးသွားမှာ မဟုတ်တဲ့ မိုးရဲ့ဂီတပါပဲဗျာ...။

အပြုံးပန်း said...

အမ၊
မိုးကို ချစ်ပုံလေး ဖတ်လို့ ကောင်းလိုက်တာ အမရယ်။
စပယ်ပန်း၊
ဇီဇ၀ါပန်းနဲ့ သပြေပန်းတွေရော၊
ငါးခူဟင်းတွေရော၊
အိမ်ခေါင်မိုးက မိုးပေါက်ထိသံတွေရော
ချစ်စရာကောင်းလိုက်တာ။
သိပ်ကြည်နူးတယ်။

Chiang Mai said...

ဖတ်ရတာ ကောင်းလိုက်တာ ဆရာမရယ်။ မျက်လုံးထဲမှာတောင် ဆရာမရဲ့ မိုးသည်းတဲ့နေ့ရဲ့ စိတ်ခံစားမှုကို မြင်လာသလိုပဲ။ အရမ်းသတိရတယ်နော်။ ရောက်ရာအရပ်မှာ ပျော်ရွှင်နိုင်ပါစေ။။

ဆက်အားပေးနေပါတယ် ဆရာမ။

သက်ဝေ said...

အမရဲ့ မိုးနေ့လေးကို ချစ်လိုက်တာ... ဒီမှာတော့ ခေါင်မိုးပေါ်ကို မိုးစက်တွေ ကျတဲ့အသံမျိုး မကြားရဖူးရယ်... ဒါပေမယ့်လဲ ပြူတင်းပေါက်က လှမ်းကြည့်ရင်း မိုးတွေ တဖွဲဖွဲရွာနေတာကို မြင်ရရင်ပဲ ဟိုလွမ်း ဒီလွမ်း အလွမ်းတွေက ပေါ်ပေါ်လာကြတာ...

အဲဒီ အလွမ်းတွေထဲမှာ အမ ရေးတဲ့ ချစ်စရာစာတွေလည်း ပါတာပေါ့...း))

မယ်ကိုး said...

ဆရာမစာလေးက အရင်လို ချစ်ဖို့ ကောင်းဆဲ။ လှဆဲ ...း)

မေသိမ့်သိမ့် ကျော် said...

မိုးနေ့လေး ချစ်ဖို့ကောင်းတယ်။ ကျောင်းတက်ချိန် ၊ ကျောင်းဆင်းချိန် ၊ ရုံးတက် ရုံးဆင်းချိန်မိုးရွာရင်တော့ နည်းနည်း အလိုမကျသလိုလိုဖြစ်မိသေးတယ်။


ခင်တဲ့
မေသိမ့်

သိင်္ဂါကျော် said...

မိုးနေ့လေးကို ခံစားသွားပါတယ်.. ဆရာမ..

မြသွေးနီ said...

မိုးနေ့လေးကို မိုးသည်းသည်းမည်းမည်းရွာနေတုန်း ဖတ်ရင်း ရင်ထဲ ဆွေးသလိုလို ဖြစ်သွားရတယ်။ အစ်မစာတွေက အမြဲဆွဲဆောင်တာ ခံရတယ်။

မေခ said...

အမ
မရောက်တာကြာပြီ ။ အမအိမ်လေးက ချစ်စရာသိပ်ကောင်းတဲ့ ခ၇မ်းရောင်လေး လွှမ်းလို့ .. မိုးနေ့လေး တစ်နေ့ကလည်း ခရမ်းရောင်လေး ...
မနော်ဟရီ

Aung Thura said...

မိုး စက် လေး တွေ ကြည့်ပြီး သူတို့ အသံ ကို နားထောင် ရ တဲ့ အရ သာ ကို အမြဲ တမ်း ကြိုက်တယ်

YL said...

I would like to invite you all to come and listen to Myanmar Music at my site. I have many Myanmar Songs and Myanmar Mp3 collected on my site.

Myanmar Online Music: http://www.myanmaronlinemusic.com/

Thanks a lot!