Jul 23, 2017

ချစ်ရသူတွေကို လွမ်းမောခဲ့ရသော တက္ကသိုလ်နွေညများ



အဲဒီမနက်ခင်းမှာ မိုးဖွဲဖွဲလေး ရွာတယ်။ မိုးရွာတာကို အင်မတန်ကြိုက်တဲ့ ကျမအတွက်တော့ ဟားဗတ်မြေကို နင်းတဲ့နေ့မှာ မိုးရွာနေတာကိုက ကျမနှလုံးသားထဲက သံမှိုတစ်ပွင့်ဖြစ်တဲ့ မြသီလာကို ပို သတိရစရာဖြစ်စေ ခဲ့တာပေါ့။ အမေရိကန်တို့ရဲ့ ဟားဗတ်ကရော.. သူတို့အတွက်တော့ စိမ်းလန်းအေးမြသော ကျောင်းတော်ရာပဲ မဟုတ်လား။ တက္ကသီလ.. ကောင်းသော အကျင့်အကြံတို့ ရှာမှီးရာ ဆိုတဲ့အဓိပ္ပါယ်ရရာ တက္ကသိုလ်။ လန်းဆန်းတက်ကြွမှုတို့ ရှင်သန်ရာ မြေ။

တကယ်တမ်း သူ့မြေကို စနင်းချိန်မှာ လူတကာက သူ့ရုပ်တုရဲ့ ခြေထောက်ကို ကိုင်ရင် ဟားဗတ်ကို ပြန်လာရ တယ် လို့ ယုံကြတဲ့ ဟားဗတ်တက္ကသိုလ်အဓိပတိကြီး John Harvard ထက် ကျမ သတိရနေတာက Mark Zukerburg ကိုပါ။ အဲဒီ လူငယ်လေးက ကမ္ဘာ့လူသန်းပေါင်းများစွာကို လွှမ်းမိုးသွားတဲ့ facebook Network ကို သူ့သူငယ်ချင်းတွေနဲ့အတူ ဒီမြေပေါ်မှာပဲ စတင် ဖွင့်လှစ်ခဲ့တာ။ အဲဒီ ၂၀၀၄ တုန်းကဆို Mark က အသက် ၂၀ တောင် မပြည့်သေးတာ။ အဲဒီလူငယ်လေးရဲ့ ထွင်လိုတဲ့ စိတ်ကူးစိတ်သန်းတွေ ဘယ်လို ပွင့်လန်းခဲ့သလဲ.. ဘာကြောင့် ပွင့်လန်းခဲ့လဲ.. အဲလို စဉ်းစားမိချိန်မှာ ကျမ မျက်ရည်လည်လာမိတာ ဘာကြောင့်လဲ မသိပါ။ ဟားဗတ်က အဲလိုနဲ့ ကျမကို စတင်ညှို့ယူခဲ့ပါတယ်။

သစ်တော်ပင်တွေနဲ့ စခဲ့တဲ့ ဒီကျောင်းဝင်းကြီးမှာ Ivy နွယ်ပင်တွေ လှလှပပ တွယ်တက်နေတဲ့ ရှေးကျ ခန့်ညား တဲ့ အဆောက်အဦးကြီးတွေရှေ့မှာ ကျမဟာ တိုးတိတ် ငြိမ်ဝပ်သွားခဲ့ရတယ်..။ မခြောက်သွေ့ပါဘဲနဲ့ အေးချမ်း ဆိတ်ငြိမ်နေတဲ့ ကျောင်းဝင်းဟာ တိတ်တဆိတ်နဲ့ပဲ အရှိန်အဝါကြီး လှတယ်။ ကျောင်းပိတ်ရက်မို့ ကျောင်းဝင်း က တိတ်ဆိတ်နေပေမဲ့ ကြီးမားခန့်ထည်လှတဲ့ စာကြည့်တိုက်ကြီးနဲ့ သေသပ်တဲ့ သစ်ပင်အုပ်တွေထဲမှာ ဒီဒီ တို့ ဂျေဆန်တို့ အီလီယော့ တို့ သီအိုဒို တို့ရဲ့ စကားသံတွေ ကျမ ကြားတယ်။ ပါမောက္ခ ဂျွန်ဖင်လေ ရဲ့ ဂန္ဓဝင် စာပေ ပို့ချနေတဲ့ အသံကြားတယ်။ ဒင်နီ ရဲ့ စန္ဒယားသံကိုလည်း တိုးသဲ့သဲ့ကြားတယ်။
တချက်တချက်တော့ ဒီလမ်းတွေပေါ် ဘရက်အိုဘားမားလည်း လျှောက်ခဲ့တာပဲ.. ဘီလ်ဂိတ်လည်း လျှောက်ခဲ့ တာပဲ။ မာ့ခ် ဇူကာဘတ် ရဲ့ ခြေရာ တွေလည်း လတ်ဆတ်တုန်း ရှိဦးမှာလို့ သတိရတယ်။ တနေရာမှာတော့ အနီ အဝါ လိမ်မော် အရောင် ၃မျိုး ရောနေတဲ့ မေပယ်ပင်ကို ငုံထားးတဲ့ အဆောက်အဦး လေးတစ်ခုကို တွေ့လို့ အနားကပ်သွားကြည့်တော့ ပြုံးနေတဲ့ JFK ကို တွေ့တယ်။ JFK’s Harvard , Harvard’s JFK တဲ့လေ။ အမေရိကန် ရဲ့ သမ္မတ ၈ ယောက်ကို မွေးထုတ်ခဲ့တဲ့ ဒီကျောင်းကြီးမှာ JFK ကို အထူးတလည်ဆန်ဆန် တွေ့ လိုက် ရတာ စိတ်လှုပ်ရှားစရာပါပဲ။

ဟားဗတ်ရဲ့ လမ်းတွေပေါ် လျှောက်ရင်း ကျောင်းအဆောက်အဦးတွေရဲ့ ဟိတ်ဟန်ကလွဲလို့ ဘာပကာသန အခင်းအကျင်းအပြင်အဆင်မှ ရှိမနေတဲ့ သဘာဝသစ်ပင် ပန်းပင်တွေထဲ သာယာနေတဲ့ ဒီ ရှေးအကျဆုံး ကမ္ဘာ့ အကျော်ကြားဆုံး ကျောင်းကြီးဟာ ပကတိရိုးစင်းတဲ့ အပြင်အဆင်နဲ့ ဂန္ဓဝင်ဆန်လိုက်လေ။ အဲဒီ သစ်တော် ပင် တွေ မေပယ်ပင်တွေအောက်မှာ သူတို့တွေ လဲလျောင်းရင်း ထွင်ဥာဏ်တွေ စိတ်ကူးဥာဏ်တွေ ကွန့်မြူးလာ ခဲ့ကြလေသလား။ ရုတ်တရက် ရလာတဲ့စိတ်ကူးထဲမှာ ကိုးကားလေ့လာစရာများလိုလာရင် အပြေးလေး သွား ရှာဖတ်စရာ စာကြည့်တိုက် ၇၀ ကျော်က အဆင်သင့် ရှိနေလေတော့ ဘာမှ ကြောင့်ကြစရာမလိုဘဲ ဆက်ပွားများ ရုံပေါ့။ အဲဒီအခါ ဒီကျောင်းဝင်းထဲ စာကြည့်တိုက်ပေါင်း ၈၀ နီးပါး ရှိတယ်ဆိုတဲ့ အသိကလည်း ကျမကို သိမ်ငယ်စိတ်နဲ့အတူ ကြည်ညို အားကျ စိတ်ကိုပါ ဖြစ်ပေါ်နေစေခဲ့ပါတယ်။ သုတေသနလုပ်လိုတဲ့သူတွေကို အထူးပံ့ပိုးတဲ့ ကျောင်း ဆိုတဲ့ အသိ ဟာ ကျမရဲ့ အလွမ်းတွေကို တိုးစေတယ်။ ကျေးဇူးပြုပြီး ဘယ်သူတွေကို လွမ်းသလဲ မမေးပါနဲ့။ ဘယ်ကို လွမ်းသလဲ မမေးပါနဲ့။

ဒီလိုပြောတော့ဖြင့် ဟားဗတ် ဆိုတာက ချမ်းသာကြွယ်ဝသူတို့ရဲ့ ကျောင်းကိုးလို့ ပြောစရာ ရှိလာပါမယ်။ ကျမ သိသလောက်တော့ ချမ်းသာကြွယ်ဝသူတွေ ဈေးကြီးပေးပြီး တက်ရတဲ့ ဒီကျောင်းဟာ ငွေကြေးမတတ်နိုင်တဲ့ ထူးချွန်ကျောင်းသားတွေကိုလည်း ကူညီထောက်ပံ့ကြေးတွေ.. ထူးချွန်ဆုကြေးတွေ ပေးပြီး ပညာသင်ပေးတဲ့ အစီစဉ်တွေလည်း ရှိတာပါ။ ဟိုးဟိုးကျော်လောက်အောင် တော်ဖို့ တတ်ဖို့တော့လည်း လိုပါလိမ့်မယ်။ ဒါကြောင့်ပဲ ဟားဗတ်ဟာ သိပ္ပံပညာရှင် အကျော်အမော်တွေ .. နိုဘဲ ဆုရှင်တွေ .. တီထွင်သူတွေ .. ပါရမီရှင် အနုပညာသမားတွေ .. သန်းကြွယ်သူဌေးတွေ..အများကြီး ပေါက်ဖွားခဲ့ရာ မြေလည်း ဖြစ်လာတာပါ။ ဒါကြောင့် ပဲ ဟားဗတ်ဟာ အမေရိကန်ပြည်ရဲ့ ဟားဗတ်ပေမဲ့ ကမ္ဘာ့နှလုံးသားတွေ ပျိုးထောင်ရာမြေ ဆိုလည်း မမှား လောက်ဘူး ထင်ပါတယ်။

++++

ဟားဗတ်မှာ ကံကော်ပင်တွေ .. စိန်ပန်းပင်တွေ.. ရေတမာပင်တွေ မရှိပေမဲ့ ချစ်သူစုံတွဲတွေတော့ ရှိမှာပါ။ ဒါပေမဲ့ တံခါးတွေ ဖွင့်ထားတဲ့ ကျောင်းကြီးရဲ့ အကြိုအကြားတွေ သစ်ပင်အုပ်တွေကြားမှာ ထီးတွေကွယ်ထားတဲ့ ချစ်သူစုံတွဲတွေတော့ ရှိမနေပါဘူး။ ဟားဗတ်တဝိုက်မှာ ကျမ တွေ့ခွင့်ရခဲ့သလောက်တော့ လွတ်လပ်ပေါ့ပါးတဲ့ ဟန်နဲ့ လူငယ်လေးတွေ။ အနည်းဆုံး စာအုပ်တစ်အုပ် လက်မှာကိုင်ထားတဲ့ လူငယ် လူလတ် လူကြီးတွေ..။ ဟားဗတ် တဝိုက်မှာ အမှိုက်ပုံးတွေ.. ထရန်စဖော်မာသေတ္တာတွေ.. လမ်းဘေးက ခုံတန်းလေးတွေမှာ ပန်းချီတွေ ရေးထား တာ.. ဂရပ်ဖတီတွေ ဆွဲထားတာ တစ်ခုမလပ်။ ဟားဗတ်လမ်းပေါ်က ကော်ဖီဆိုင်.. အအေးဆိုင်လေးတွေက ပန်းခြံအသေးစားလေးတွေလို .. အပြင်အဆင်နဲ့။ ဟားဗတ်ပရိဝုဏ်ဟာ ပန်းချီကားပဲ။
Ivy နွယ်တွေ တက်နေတဲ့ တိုက်တာ နံရံတွေ.. အနားမညီတော့တဲ့ ပြတင်းပေါက်ဘောင်လေးတွေကိုတောင် ပြန် မတည့်ဘဲ စနစ်တကျ ထိန်းသိမ်း ထားတဲ့ ၁၇ ရာစုက အဆောက်အဦးတွေဟာ အဟောင်းရဲ့ ဂန္ဓဝင် အလှနဲ့။ ဒီဝန်းကျင်တဝိုက်မှာ ခဏတာ လမ်း လျှောက်ရင်း ကျမတောင် ဆွတ်ပျံ့တဲ့ ခံစားချက်နဲ့ ကဗျာတွေ စာတွေ ရေးချင်စိတ်တွေ စိမ့်ဝင်လာတယ် ဆိုမှ တော့.. ဒီဝန်းကျင်မှာ နှစ်နဲ့ချီနေခွင့်ရခဲ့သူတွေ .. အထူးသဖြင့် သူတို့ဟာ ကမ္ဘာ့အတော်ဆုံး ကျောင်းသား တွေလည်း ဖြစ်တာမို့ ဘယ်လောက်များ ကောင်းကျိုးပညာ အဖြာဖြာတွေ တိုးပွားခဲ့ကြလေမလဲ။ ဒါဟာ ကျမ အတွက်တော့ မျက်ရည်စို့စရာ အလွမ်းတစ်ခုပါပဲ။

ဟားဗတ်ထံပါးမှာ ပညာရပ်တွေရဲ့ ဖိအားကြောင့် စိတ်ဖိစီးခဲ့ကြသူတွေလည်း ရှိခဲ့မှာ ဆိုပေမဲ့ အောင်မြင်သူနဲ့ ကျရှုံးသူမှာ အောင်မြင်သူတွေများခဲ့လို့သာ ဟားဗတ် ဟာ ဟားဗတ်ဖြစ်နေတာ မဟုတ်လား။ ကျောင်းကောင်း ဆိုတာဟာ ကိုယ်နှစ်သက်ရာ ဘယ်လို ပညာရပ်ကို မဆို .. စိတ်ကြိုက် လေ့လာသင်ယူခွင့်၊ စိတ်ကြိုက် ဆင့်ပွား ဖန်တီးခွင့် ၊ စိတ်ကြိုက် ရှာဖွေဆည်းပူးခွင့် နဲ့ စိတ်ကြိုက် ထုတ်ဖော်ပြောဆိုတင်ပြခွင့်တွေ အပြည့်အဝရှိရာ အရပ် ပါ။ ဒါကပဲ ကျောင်းပညာရေးရဲ့ ပန်းတိုင်.. ရည်မှန်းချက် မဟုတ်လား။ အနည်းဆုံးတော့ ဒါဟာ ပညာရေး နဲ့ ပတ်သက်တဲ့ စေတနာလည်း ဖြစ်ပါတယ်။ အဲဒီ စေတနာကို ဟားဗတ်ရဲ့ ပရိဝုဏ်ထဲမှာ ကျမ အလိုလို နားလည် ခံစားရတယ်။

ဟားဗတ်ရဲ့ ဝိဉာဉ်တွေကပဲ လွှမ်းမိုးလို့လားမသိ.. ဟားဗတ်တည်ရှိရာ Cambridge မြို့လေးနဲ့ Boston မြို့တွေ ကလည်း ခေတ်မီ မြို့ပြလက်ရာတွေကို ရှေးဟောင်းအငွေ့အသက်တွေကို မထိပါးဘဲနဲ့ ဗိသုကာပညာကို သုံးပြီး စနစ်တကျ တွဲဖက်ပြီး ခမ်းနားနေစေတာ တွေ့ရပါတယ်။ ရှေးဟောင်း လက်ရာတွေကို လက်ဆင့်ကမ်း ထိန်းသိမ်းတာဟာ ကိုယ့် တိုင်းပြည်ကိုယ့်လူမျိုးရဲ့ ယဉ်ကျေးမှုအဆင့်အတန်းသမိုင်းကို ထိန်းတာပဲ ရယ်လို့ သူတို့ နားလည်ခဲ့တာ နှစ် ၃၀၀ တောင် ကျော်ခဲ့ပြီပေါ့လို့ တွေးတော့ ပုဂံကို နှမျောတသ စိတ်က ဆို့နင့်လာ စေတယ်။ စာပေပညာ၊ ဒဿနိကပညာရပ် ၊ နိုင်ငံရေးပညာ၊ သိပ္ပံပညာ၊ တရားဥပဒေ၊ စီးပွားရေးပညာ၊ အင်ဂျင်နီယာအတတ်ပညာ၊ ဆေးပညာ၊ ပြည်သူ့ကျန်းမာရေး ပညာရပ်တွေလိုပဲ ပန်းချီ ပန်းပု နဲ့ ရုပ်ရှင်၊ ဂီတ တွေ ဟာလည်း ထပ်တူအရေးပါတယ်ဆိုတာကိုလည်း ဟားဗတ်က သိတယ်။ ဒါကြောင့်ပဲ ဟားဗတ်မှာ Henry Moore ရဲ့ ရုပ်တုကြီးက အခန့်သားနေရာရနေတာ မဟုတ်လား။ ဒါကြောင့်ပဲ ဟားဗတ်ဝန်းကျင်မှာ အနုပညာ လက်ရာ ခြေရာတွေက တူတူတန်တန် နေရာရနေတာပဲ မဟုတ်လား။

+++++

အနုပညာ နဲ့ ယဉ်ကျေးမှုကို တန်ဘိုးသိသူတွေ ဟားဗတ်ကို ရောက်သွားတာလား။
ဟားဗတ်ကို ရောက်သူတွေက အနုပညာ နဲ့ ယဉ်ကျေးမှုရဲ့ တန်ဘိုးကို သိသွားတာလား။
သေချာတာတော့ အဲဒီ ယဉ်ကျေးမှု နဲ့ အနုပညာကို သိမှုဟာ ဟားဗတ်ကို လူတွေရဲ့ နှလုံးသားထဲ စွဲထင်စေပြီး သူ့ကို ကူညီစောင့်ရှောက်ဖို့ စေတနာတွေ ပေါက်ဖွားလာစေပုံရတယ်.. အဲလို ကျမ ယုံတယ်။
သူ့ရဲ့ အေးချမ်းတည်ငြိမ် တဲ့ ကျက်သရေဟာ လူတွေမှာ ရှိတတ်တဲ့ အဖျက်စိတ်ကိုလည်း ငြိမ်ဝပ်သွားစေနိုင် တယ်။
သူ့ရင်ခွင်မှာ ဆည်းပူးရနိုင်တဲ့ အသိပညာ အတတ်ပညာတွေဟာ ချစ်ခြင်းမေတ္တာ စေတနာနဲ့ ယှဉ်တာမို့ လောကကို တတ်စွမ်းသမျှ အကျိုးပြုမယ့်သူတွေ မွေးဖွားလာမယ်။
ကမ္ဘာလောက အတွက် ကောင်းရာကောင်းကျိုးဖြစ်နိုင်စေမယ့်အကြောင်းအရာတွေကို သုတေသနပြုမယ့် သုတေသီတွေကို အားပေးပျိုးထောင်တာမို့ အရေးကြီးလှတဲ့ လူ့သမိုင်းတွေ အထင်ကရ ကျန်ရစ်မယ်။
ပညာရဲ့ တန်ဘိုးဆိုတာဟာ လူ့ဘောင်လောက တိုးတက်စည်ပင်ရာ ငြိမ်သက်အေးချမ်းရာပဲလို့ ဟားဗတ်က ပြောတယ်။
ကြိုးစားချင်ပါလျက်နဲ့ ငွေကြေးမတတ်နိုင်လို့ဆိုတဲ့ ပညာရှင်တွေကို ပြုစုပျိုးထောင်ရမယ်လို့ ဟားဗတ်က ပြောတယ်။
ငွေကြေးချမ်းသာတဲ့ပညာရှင်တွေဟာ ကိုယ်ချင်းစာစိတ်နဲ့ အလှူတွေလုပ်တယ်လို့ ဟားဗတ်က ပြောတယ်။
ပါမောက္ခဆိုတာ ကိုယ်သိတဲ့ပညာတစ်ခုကို နက်နက်ရှိုင်းရှိုင်းသိမှ သူများကို ဖြန့်ဝေဖို့ လုံလောက်တယ်လို့ ဟားဗတ်က ပြောတယ်။
ပါရဂူဆိုတာ ပညာရပ်ထဲ ရူးသွပ်ပြီး စာကြည့်တိုက်ထဲ ခေါင်းစိုက်လို့ သူ့ဆီကနေ သုတေသန အသစ်အသစ်တွေ ထွက်လာတဲ့ပညာရှင် လို့ ဟားဗတ်က ပြောတယ်။
တက္ကသိုလ်ဆိုတာ ပညာရေးကို ခုံမင်နှစ်လိုပြီး ပညာရပ်နဲ့ အသက်မွေးလိုသူတွေကို သေသေချာချာ ပညာပေး ဝေတဲ့ .. ပညာရစေတဲ့ နေရာဌာန ဖြစ်တယ်လို့ ဟားဗတ်က ပြောတယ်။
တကယ့် ပညာရှင်တွေရဲ့ သုတေသနလုပ်ငန်းမှာ ငွေကြေးလိုအပ်ချက်ဟာ ကြောင့်ကြစရာ ခလုတ်ကန်သင်း တစ်ခု မဟုတ်စေရဘူးလို့ ဟားဗတ်က ပြောတယ်။
တကယ့်ပညာတတ်တို့ရဲ့ ကျောင်းပရိဝုဏ်ဆိုတာ အေးဆေးလွတ်လပ်တဲ့ .. တိတ်ဆိတ်ငြိမ်သက်တဲ့ .. စိမ်းစို လန်းဆန်းတဲ့ .. ယဉ်ကျေးသိမ်မွေ့တဲ့.. တက်ကြွရှင်သန်တဲ့.. နိမိတ်ပုံတွေ သက်ဝင်ရာအရပ်ပဲလို့လည်း ဟားဗတ်က ပြောတယ်။
ဒါနဲ့ပဲ ဟားဗတ် ဟာ ဟားဗတ်အဖြစ် နှစ် ၃၀၀ ကျော်ခဲ့ပြီ။

+++++

ဟားဗတ်ကအထွက်မှာတော့ ကျမရဲ့အလွမ်းတွေက ဦးတည်ရာ ပြောင်းသွားကြတယ်။
မအအောင် သမိုင်းသင်ရမယ်ဆိုတဲ့ သုတေသီကြီး ကို လွမ်းတယ်၊ တဟီတီသွားရအောင်ဆိုတဲ့ အလှဗေဒ စာဆိုကြီးကို လွမ်းတယ်။ ဟားဗတ်ကို တွယ်ငြိတဲ့ စာဆို ဧည့်သည်ကြီး ကို လွမ်းတယ်။ ဒါး သန်လျက် နဲ့ ပန်းပွင့် ပိုင်ရှင်ကြီးကို လွမ်းတယ်၊ မဟူရာ မေတ္တာရှင်ကြီးကို လွမ်းတယ်။ သမုဒယမော်ကွန်းဆရာကိုလည်း လွမ်း၊ စာပေလူကြမ်းမင်းသားကြီးကိုလည်း လွမ်းတယ်။ ကရဝိတ်သ်မြူးဇစ်ကြီး ကို လွမ်းတယ်၊ စိတ္တဇပန်းချီ စာရေးဆရာ အနုပညာရှင်ကြီးကို လွမ်းတယ်။ အတ္တပုံဆောင်ခဲကြီးကိုလည်း လွမ်းခဲ့ရပါတယ်။


၅ ဇွန် ၂၀၁၇။


No comments: