ဒီတလော ဘယ်လိုမှ စာရေးမရ..။
ကျမစိတ်ရော.. ကိုယ်ရော.. ဦးနှောက်ရော.. ကြေမွနေတယ်လို့ ခံစားနေရတာပါ..။
... အရာရာကို လက်လွတ်ဆုံးရှုံးလိုက်ရသလို... ခံစားနေရတာ..။
+++++
ဧရာဝတီတိုင်းဆိုတာ ကျမရဲ့ နှလုံးကို အင်မတန်ပူနွေးစေတဲ့ အမည်နာမပါ..။
ကျမအဖေက ပုသိမ်သား၊ အမေက ကျောင်းကုန်းသူ.။ ဒါမဲ့ အမေက ပုသိမ်မှာ ကျောင်းလာတက်ရတော့ ပုသိမ်သူလိုပါပဲ..။ ကျမတို့ ငယ်ငယ်တုန်းက နွေကျောင်းပိတ် ဆိုရင်.. ရန်ကုန်ကနေ ဗန္ဓုလဆိုတဲ့ နှစ်ထပ် သင်္ဘောကြီး စီးပြီး ပုသိမ်ကိုသွားလည်တာက ပုံမှန်အလုပ်တခုလိုပါ..။ ညနေ၄နာရီဆို သင်္ဘောစထွက်.. နောက်တနေ့ ၁၁နာရီလောက်ဆို.. ပုသိမ်ရောက်..။ ငယ်ငယ်ကတည်းက ပုသိမ်သင်္ဘောဆိပ်ကို ဆီးမြင်ရတာနဲ့ ပျော်တာပဲ..။ ကျမအကြိုက် မုန့်ဟင်းခါး.. ကော်ရည်ခေါက်ဆွဲ နဲ့ ငါးချဉ် ပုဇွန်ချဉ်တွေက ပုသိမ်ကို ဘယ်ကမှ မမီ..။ ပြီးတော့ ဟလ၀ါ..။ နောက် အိမ်မဲ မုန့်ဟင်းခါး.. မြောင်းမြဆိပ်ကမ်းက အကြော်စုံ.....။
တပေါင်းလပြည့်နဲ့ ကြုံရင်တော့ မော်တင်စွန်းဘုရားပွဲ သွားတာပေါ့..။ သိပ်လှတဲ့ ပင်လယ်ထဲက ကျွန်း..။
ဟိုင်းကြီးကျွန်းတ၀ိုက်က သဘာ၀၀န်းကျင်အလှတွေကို ဒါရိုက်တာမောင်တင်ဦးရိုက်တဲ့ 'တခါက တဘ၀' ရုပ်ရှင်မှာ တ၀ကြီး ကြည့်နိုင်တယ်..။ အလှတရားနဲ့အတူ နိုင်ငံအတွက် အစာရေစာတွေ ထုတ်ပေးနေတဲ့ ဒေသကြီးပါ..။ ခုတော့ဖြင့်... ... ... ... ... ။
++++++
ဒီတလောမှာ ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ အဖေ့ကို သိပ်သတိရတာပါပဲ..။ အဖေက သူနေရတော့ဘူးဆိုတာ သိတော့ နာရေးကြော်ငြာကို ကိုယ်တိုင် ရေးထားခဲ့တာပါ..။ အဲဒီမှာ သူ့နာမည်ရဲ့ နောက်မှာ ရာထူး ဘွဲ့ထူး ဘာ ညာ တွေ လုံးဝမတပ်ဘဲ (ပုသိမ်)လို့ တပ်ခဲ့တာပါ..။ သူက ဇာတိမြို့ကို အဲလို စွဲလန်းသလို ဧရာဝတီတိုင်းကိုပါ စွဲလန်းတာပါ..။ ရေနံ့ မြေနံ့ကကို မတူဘူးဆိုပဲလေ..။ ခုတော့ အဖေရှိမနေတော့တာဘဲ ကောင်းသားလို့ တွေးနေမိပါတယ်။ သူသာရှိရင်.. ခုလို တစစီ ကြေမွပျောက်ပျက်သွားတဲ့ သူ့ဒေသကြီးအတွက် တော်တော်ကြီး ကို အသည်းကွဲရှာမယ်..။
တကယ်တော့ ဧရာဝတီတိုင်းဟာ မြန်မာနိုင်ငံတနိုင်ငံလုံးရဲ့ အသည်းနှလုံးပါလေ..။ တပြည်လုံးအတွက် ၀မ်းစာ အဓိကရှာပေးနေတဲ့ ဒေသကြီးး..။ ကျေးဇူးရှင် လယ်သမားတွေ ရေလုပ်သားတွေ ရှိရာအရပ်။ ကျမတို့ ဗမာတွေပြောလေ့ရှိတဲ့ 'ဆားနဲ့ပဲ စားရ... စားရ' ဆိုရင်တောင် အဲဒီ မရှိမဖြစ် ဆားတွေကိုလည်း အဲဒီရပ်ဝန်းကပဲ ထုတ်ပေးနေတာပါ..။ (ဒါတောင် တချို့က ရက်ရက်စက်စက် ပြောသေး.. 'တော်ပါသေးရဲ့.. သေသွားတာတွေ အများစုက တောသူတောင်သား လက်လုပ်လက်စားတွေမို့လို့' တဲ့လေ..။ ပြောတဲ့သူတွေက အဲဒီ တောသူ တောင်သားဆိုသူတွေဟာ လယ်လုပ်ငန်းပညာရှင်.. ရေလုပ်ငန်းပညာရှင်.. ဆားလုပ်ငန်းပညာရှင်.. မွေးမြူရေး ပညာရှင်တွေဆိုတာကိုတောင်မှ နားမလည်)
ဟိုး ပင်လယ်ကမ်းစပ်မှာ.. အပင်တွေပေါ်မှာ.. လယ်ကွင်း ဆားကွင်းတွေထဲမှာ အတုံးအရုံး၊ ပိုးစိုးပက်စက် သေနေကြရရှာတာ ကျမတို့ရဲ့ ကျေးဇူးရှင်တွေ.. ကျမတို့ရဲ့ မျိုးဆက်သစ် တွေပါ..။ အဲသလိုပဲ ဖြစ်ချင်ရာ ဖြစ်စမ်းလို့ .. အပျက်အစီးပုံတွေထဲ ရက်ရက်စက်စက် ပစ်ချခံထားရတဲ့ မုန်တိုင်းထဲက ရှင်ကျန်နေခဲ့ရ ရှာသူတွေ ဟာလည်း ကျမတို့ရဲ့ ကျေးဇူးရှင် တွေပါ..။ သူတို့ခမျာ ကမ္ဘာတ၀ှမ်းမှာ စားပွဲတလုံး ကွန်ပျူတာတလုံးနဲ့ အလုပ်ဖြစ်နေကြချိန်..၊ ကမ္ဘာတ၀ှမ်းမှာ စက်မှုပစ္စည်းတွေအမျိုးမျိုးနဲ့ သက်သောင့်သက်သာ စပါးထုတ်.. ဆားထုတ်.. ကောက်ပဲသီးနှံထုတ်နေကြချိန်မှာ.. နွားနဲ့ ပင်ပင်ပန်းပန်း ဖက်ရုန်းကြရ.. တာဝန်ရှိအစိုးရက မပံ့ပိုးတာကြောင့် မလိုအပ်လှပါဘဲနဲ့ နေပူကျဲတဲထဲ ကိုယ်ခန္ဓာအားအင်တွေ စိုက်ထုတ် သုံးနေခဲ့ကြရတဲ့ အလုပ်သမားကြီးတွေပါ..။
သူတို့ဟာ.. ဘ၀ထဲမှာ အင်မတန် ရောင့်ရဲတင်းတိမ်..။ အင်မတန်မှ အေးအေးချမ်းချမ်း နေတတ်တဲ့သူတွေပါ..။ ပြီးတော့ မခိုမကပ် အလုပ်လုပ်တတ်ကြသူတွေမို့ ၀မ်းရေးအတွက် မပူပင်ခဲ့ရသူတွေပါ..။ တနေကုန် အလုပ်လုပ်.. ညနေ မိသားစု ထမင်းဝိုင်းထဲ လတ်ဆတ်တဲ့ အစားအသောက်တွေ စား.. ညဘက်ကျတော့ ကိုယ်ပိုင် မီးစက်လေးတွေနဲ့ ရုပ်ရှင်လေး ဘာလေးကြည့်..။ တချို့က ရေဒီယိုနားထောင်..၊ စစ်အစိုးရက မကောင်းဘူး ဆိုတာတော့ ကောင်းကောင်းသိ.. သူတို့ကို မပံ့ပိုးတဲ့အပြင် သူတို့ဆီက ရသမျှ ညှစ်ယူနေ တာတွေတော့ သိ..။ ဗိုလ်ချုပ်သမီးကိုတော့ သူတို့ ချစ်ကို ချစ်တာပါ။ စစ်အစိုးရဆိုတာကြီးက သူတို့ကို အပြစ်ရှိတယ်လို့ သတ်မှတ်ပြီး ရက်ရက်စက်စက် စီရင်ခဲ့တာ ဆိုရင်တောင်မှပဲ ဒေါ်စုကို ချစ်မိတဲ့ အပြစ်လောက်သာ ရှိမယ့်သူတွေပါ..။
သူတို့ခမျာ ဘာမှ မမှားခဲ့။ ဘာအပြစ်မှ မရှိခဲ့။ ဒါဖြင့်.. ကံကြမ္မာကပဲ မှားယွင်းခဲ့လေသလား..။ ခုလောက် ပိုးစိုးပက်စက် ဆုံးပါးရတာ..။ ကျန်ရစ်သူတွေခမျာ.. တမြေတည်းအတူရှိနေလျက်နဲ့မှ ချစ်တဲ့ ခင်ပွန်းကို.. ဇနီးကို.. သားသမီးကို.. အဆွေအမျိုးတွေကို မြေချခွင့်.. ကောင်းမှုကုသိုလ်ပြုခွင့်.. အမျှအတန်းဝေခွင့်.. သေသလား ရှင်သလား ရေရေရာရာ သိခွင့်တောင်မှ မရရှာ..။ ပြီးတော့ စားစရာမရှိ.. သောက်စရာ ရေတောင်မှ မရှိ.. ဘာဆိုဘာမှမရှိ...။ ဒါတောင် သူတို့ရှိနေတာက သူတို့ရဲ့ အမိမြေပေါ်မှာ..။ ကိုယ့်အချုပ်အခြာ အာဏာပိုင်ပါတဲ့..။ ပြီးတော့ သဘာဝသယံဇာတ ပေါကြွယ်ဝလှပါတယ်ဆိုတဲ့မြေမှာ..။ ဒါပေမဲ့ စစ်တလင်းဖြစ်နေသလို ကိုယ့်ကြမ္မာ ကိုယ်တောင် မဖန်တီးရတဲ့ဘ၀တွေထဲ..။ ဗမာပြည်ဟာ.. ရှေ့တန်း စစ်မျက်နှာ..။
+++++
အစုလိုက်အပြုံလိုက် ကြမ္မာငင်တာဟာ ကံမကောင်းအကြောင်းမလှလို့ပါတဲ့.. သူတို့ထဲက တချို့က ပြောရှာပါ တယ်။ ပြီးတော့.. ထမင်းလေးစားရရင် တော်ပါပြီ...တဲ့။ သားတော့ ကျောင်းမတက်ရတော့ဘူး ထင်ပါတယ် တဲ့..။ ကိုယ့်အိမ်ဝိုင်း ကိုယ့်မြေယာတောင် ပြန်ရပါ့ဦးမလားပဲဗျာ.. တဲ့၊ မုန်တိုင်းထဲမှာ ဘာလို့ တခါတည်း သေမသွားတာပါလိမ့်.. အမေ့ကိုက အကုသိုလ်ကြီးတယ်ထင်ပါရဲ့ကွယ်.. တဲ့။ သမီးမောင်လေးနဲ့ ညီမလေးကို ကာကွယ်ဖို့ သမီးမှာ တာဝန်ရှိတယ်တဲ့.. စကားတောင် မပီချင်သေးတဲ့ ၁၂နှစ် အရွယ် ကလေးလေးက ပြောတယ်။ ကျနော်တို့မှာ နိုင်ငံသူနိုင်ငံသားအချင်းချင်း ဒုက္ခရောက်နေတာကို တတ်နိုင်သလောက် ကူညီဖို့ တာဝန်ရှိတယ်တဲ့... ပြောတယ်.. ပြောတယ်.. ပြောတယ်..။ ကျနော်တို့ကို ပုဂ္ဂလိကအလှူရှင်တွေ လှူတဲ့ ရတန်သရွေ့ ပစ္စည်းကိရိယာလေးတွေနဲ့ စိုက်ပျိုးရေးလေးတွေ ပြန်လုပ်နေပါပြီ.. တဲ့။ ရတာလေးတွေကို ရွာကလူတွေ အားလုံး ဝေမျှစားကြတယ်.. တယောက်နဲ့ တယောက် စောင့်ရှောက်ဖို့ တာဝန်ရှိတယ်လေ..တဲ့..။ တာဝန်..တာဝန်..တာဝန်...
+++++
တကယ်တော့ သူတို့တတွေ ယူနေကြတဲ့ တာဝန်ဆိုတာ ဘယ်သူကမှ ပေးထားတာ မဟုတ်ပါ၊ လူအချင်းချင်း ကိုယ်ချင်းစာစိတ်.. စေတနာစိတ်တွေနဲ့ ကိုယ့်ထမင်းကိုယ်စား.. ကိုယ်စားနေတဲ့ အထဲက ခွဲကျွေး.. လုပ်နေကြ တာပါ..။ တာဝန်ဆိုတာ လူပီသတဲ့ စိတ်အပေါ်မှာ ပေါက်ဖွား လာတာပါ။ မရှက်တတ်သူတွေက မရှက်ပေမဲ့.. တာဝန်ယူမှုရဲ့ တန်ဖိုး ဆိုတာကိုတောင် နားမလည်နိုင်လောက်အောင် ညံ့တဲ့သူတွေက ညံ့ပေမဲ့.. ကျမတို့ လူထုက မညံ့ကြပါလား။ အဲဒီအခါ.. ကျမကတော့ ကိုယ်ထိလက်ရောက်ဘာမှ လုပ်မပေးနိုင်တဲ့အပေါ် အဝေးက နေ စိတ်ထိခိုက်.. နာကျင်ကြေမွ...။ ပြီးတော့ အမှန်အတိုင်းဝန်ခံရရင်.. မည်မည်ရရ တာဝန် မယူနိုင်မှု အပေါ်မှာလည်း အရှက်ရနေမိပါတယ်။ တပြိုင်တည်းမှာ နောက်ထပ် ခံစားနေရတာကတော့ ချစ်စရာကောင်းလှ တဲ့ ကျမတို့ရဲ့ ဧရာဝတီဒေသကို နှမျောတသ ပြန်လည် ရယူ လိုစိတ်နဲ့ လွမ်းရတဲ့အလွမ်းပါပဲ ..။
+++++
ကျမ ဘာလို့ နှမျောတသ နေရတာပါလဲ..။ သူခိုးဓါးပြတွေ အုပ်ချုပ်နေတဲ့ ကျမတို့တိုင်းပြည်မှာ ဧရာဝတီ မြစ်ဝှမ်း ဒေသကို ဧရာဝတီတိုင်းသူတိုင်းသားတွေအနေနဲ့ အရင်ကလို ပြန်မြင်ရခွင့်.. ကိုယ့်မြေရယ်လို့ ပိုင်ပိုင် နေထိုင်ခွင့်။ ပြန်လည် ချစ်ခင်ပေးဆပ်ခွင့်တွေမှ ရှိပါ့ဦးမလား..။ ဧရာဝတီတိုင်းသူတိုင်းသားတွေ ပိုင်တဲ့ မြေကို ဘယ်သူခိုးဘယ်သူဝှက်တွေက မတရားသဖြင့် လုယူသိမ်းပိုက်လေဦးမလဲ..။ အရှက်အကြောက်ကင်းမဲ့စွာ မင်းမူ အုပ်ချုပ်တာကို ခံနေရတဲ့ ဘ၀ထဲမှာ နောက်ထပ် ဘာတွေကို ဘယ်လောက် ဆုံးရှုံးရလေဦးမလဲ..။
+++++
ကျမက အားကိုးရာမရှိသလို ခံစားရတဲ့အခါ မမြင်ရတဲ့ သစ္စာတရားဆိုတာကို အားကိုး ယုံကြည်တတ်ပါတယ်။ ပြီးတော့ မကောင်းမှုအတွက် ပြန်ပေးဆပ်ရတယ်ဆိုတာကို ယုံတယ်။ တရားကို နတ်စောင့်တယ်ဆိုတာ ကို ယုံသလိုပဲ တခါတလေမှာ လောကမှာ နတ်ဆိုး မင်းမူတတ်တာကိုလည်း ယုံပါတယ်။ အဲသလိုပဲ နောက်ဆုံးမှာ မတရားသူတွေဟာ ထိထိခိုက်ခိုက်ဘ၀တွေနဲ့ ကျဆုံးကြရမယ်ဆိုတာကိုလည်း ယုံပါတယ်..။
+++++
လောလောဆယ်တော့.. နာကျင်ကြေမွတဲ့ စိတ်နှလုံးကိုပဲ အားအင်အသစ်အဖြစ် မွေးရင်း ကျမတို့ ချစ်တဲ့ ပြည်သူတွေကို ၀ိုင်းထူကြဖို့...နဲ့ မတရားအစိုးရကို တော်လှန်ပုန်ကန်ရေး.. မတရားတဲ့ အမိန့်အာဏာတွေကို ဖီဆန်ရေး... တနိုင်တပိုင်ပြန်လည်ထူထောင်ရေးတွေကိုပဲ ကိုယ်စီ ဆက်ကြိုးစားသွားကြရမှာပါပဲ..။
ကျမသူငယ်ချင်း 'ယောဟန်အောင်'ကတော့ " ဒီနေရာကို ဘုရားသခင်စွန့်သွားခဲ့တာ ကြာပြီ " တဲ့။ ကျမကတော့... ဒီနေရာကို ဘုရားသခင် ပစ်မထားနိုင်တော့တဲ့အတွက် ပြန်လာတော့မှာလို့ ယုံပြီး စောင့်နေခဲ့တာ ကြာပြီ...။
၁၁၊ဇွန်။
3 comments:
ဘုရားသခင်ဆိုတာ လူတွေကဖန်ဆင်းထားတဲ့အရာ ဆိုရင်တော့ ထိုင်စောင့်နေလို့ မရပေဘူး..
So sorry. Don't know how to mention it. Crush in to pieces.
အန်တီ... အရမ်းကို ခံစားရတယ်။ သမီးကလည်း အဲဒီလိုမျိုး ရေးချင်တာ... ဒါပေမဲ့
Post a Comment