Jun 16, 2008

အရင်အတိုင်းရန်ကုန်

ရန်ကုန်ဟာ ကျမရဲ့ မွေးရပ်မြေ...။
စည်ကားတဲ့လမ်းတွေပေါ် မက်မက်မောမော လျှောက်ခဲ့တာပဲ။
မြို့လယ်ခေါင်ကစ ဆင်ခြေဖုံးမြို့သစ်တွေဆီအထိ... ချစ်ခဲ့တာပါပဲ။
ပြီးတော့ ကျောင်းတက်ခဲ့ရာ ရန်ကုန်တက္ကသိုလ်ဝင်း၊ ဆရာမ လုပ်ခဲ့ရာ လှိုင်တက္ကသိုလ်၊ နေခဲ့ဖူးတဲ့ စက်မှုတက္ကသိုလ်ဝင်း... အားလုံးဟာ စွဲလန်းစရာ..။

ဒီလိုပါပဲ... ဘယ်သူမဆို ကိုယ့်ဇာတိမြေကို ရှာကြံစွဲလန်းကြမှာပါပဲ..နော်။


ရန်ကုန်ရဲ့ဘ၀ထဲ မွန်းကျပ်မှုတွေ ဘယ်အချိန်လောက်က စရောက်လာခဲ့သလဲ.. မမှတ်မိချင်တော့။ သတိထားမိတဲ့အချိန်မှာတော့ အုံ့မှိုင်းမှောင်ဝေနေတဲ့ နိမိတ်ပုံကို တွေ့လိုက်ရပြီ။
ရပ်တည်ရာ ဘ၀အခန်းကျဉ်းလေးတောင် မှောင်လို့..........

"ငါ့အခန်းလေးထဲမှာ အလင်းတန်းများ ပျောက်ကွယ်...
ကြာလာရင် အမှောင်နဲ့ နေသားကျတော့မယ်...
ငါ့အခန်းထဲကနေ အပြင်ကို ထွက်...
ရန်ကုန်မြို့ကြီးလည်း ငါ့အတိုင်းပဲ..."

စာသင်ခန်းထဲက တပည့်တွေမျက်လုံးက အေးစက်မှောင်မိုက်..
သူတို့က ပညာရချင်တာမဟုတ်ဘဲ ဘွဲ့တခုသာ ရချင်ကြတာတဲ့။
ဒါဟာ တန်ဖိုးမဟုတ်ဘူးလို့ ကျမပြောတဲ့အခါ သူတို့က လက်မခံချင်ကြ။
စာမေးပွဲအဖြေလွှာပေါ်မှာ မေးခွန်းတွေ ချည်း ရေးကူးပေးလိုက်တဲ့ ကျောင်းသားလည်း စာမေးပွဲအောင်ပါတယ်။
န၀ဒေးရဲ့ကဗျာဖြေခိုင်းတာကို နတ်သျှင်နောင်ကဗျာရေးထည့်ထားလည်း စာမေးပွဲ အောင်ပါတယ်။ အင်္ဂလိပ်မြန်မာ ပထမစစ်အကြောင်းမေးတာကို ဒိုင်အာခီအုပ်ချုပ်ရေးပဲရလို့ ဖြေခဲ့တယ်ဆိုတဲ့သူကိုလည်း အအောင်ပေးရမယ်တဲ့။

နောက်တော့ အောင်စာရင်းထွက်တဲ့အခါ မဖြေနိုင်ခဲ့တဲ့ကျောင်းသားတွေက အောင်စာရင်းပေါ်က သူတို့နာမည် တွေကို အော်ဖတ်ပြီး ဆရာမတွေရှေ့မှာ လှောင်တောင်တောင် ရယ်ကြ။
အဲဒီအခါ ကျမရဲ့ ကိုယ်ပိုင်အခန်းလေးက မှောင်အတိကျ..။
ကိုယ့်ရဲ့ဆရာမဘ၀ထဲ..ရှက်ရွံ့ကြေကွဲလာ..။
ဒါဖြင့် ကျမရဲ့ နံဘေးဝန်းကျင်မှာကော..။
ကျူရှင်တ၀ိုင်း တစ်သိန်း... ရုံးးတွေမှာလည်း အဆင်ပြေချင်ရင် တစ်သိန်း.. ဆေးရုံမှာလည်း တစ်သိန်းလောက် တော့ပေး..။ ဘာပဲ မဟုတ်တာလုပ်လုပ်ရတယ်.. ပေး(x)သိန်း..။ ဒီလိုနဲ့ အမှောင်ထုက တဖြည်းဖြည်းသိပ်သည်း ကြီးစိုးလာခဲ့။
ရိုးသား ကြိုးစားမှုက ထမင်းလာ မကျွေးဘူးဆိုပဲ..။
အဲဒီအခါ ကျမကိုယ်တိုင် အမှောင်နဲ့ ကျင့်သားရမှာ ကြောက်လာခဲ့။

+++++

"ငါ့အတ္တကို အိတ်နဲ့ ထုပ်လိုက်တယ်...
လူမမြင်အောင် ယူကာ အမှိုက်ပုံးလေးထဲထည့်...
ကွဲသွားတဲ့ ငါ့ရင်ခုန်သံတွေ ပြန့်ကျဲ...
ရန်ကုန်မြို့ကြီးးလည်း ဒီအတိုင်းပဲ..."

ရိုးသားဖို့ ကြိုးစားတဲ့အခါ ဘ၀ထဲမှာ ရေဆာရတာ.. ထမင်းဆာရတာတွေ များလာတယ်။
ကျောင်းသားတွေက "ရော့ဆရာမ..ကျူရှင်လခ" လို့ ခပ်ပြုံးပြုံးပေးတဲ့အခါတွေမှာ
အတ္တက တကယ်ပဲ အမှိုက်ပုံးထဲ ရောက်ရောက်သွားတယ်။
ရှက်စရာကောင်းလိုက်တဲ့ဘ၀လို့ ခံစားရတဲ့အခါ အမှောင်ထဲ တိတ်တဆိတ် ကြေကွဲ...။
အတ္တတခုလုံး အမှိုက်ပုံးထဲ ရောက်သွားချိန်မှာ လူကတော့ စိန်ရောင်ရွှေရောင် ပြိုးပြိုးပြက်ပြက် လက်ပ..လို့၊ ရန်ကုန်မြို့ကြီးရဲ့ လမ်းတွေပေါ် ပပလွှားလွှားလျှောက်ခဲ့..။
ကဲ... အဲဒါကကော တကယ်ပဲ ကျေနပ်ဝင့်ကြွားစရာလား။
(ရင်ထဲမှာတော့ တိတ်တိတ် အသည်းကွဲနေခဲ့ရတာ ကိုယ်သာ အသိဆုံးပေါ့)

+++++

"အချိန်တွေ ဖြုန်းတီးပစ်ခဲ့တယ်...
တမင်တကာ ကာရံထား...
ဒီတံတိုင်းများ ခြားရင်းနဲ့...
ဘ၀ရဲ့ ထွက်ပေါက်အဖြေမှန်ကို ရှာဆဲပဲ...
ရန်ကုန်မြို့ကြီးလည်း နာဖျားဆဲ..."

နှစ်လေးဆယ်..။
ရန်ကုန်မြို့ကြီးဆီမှာ မွန်းကျပ်လွန်းလို့ဆိုပြီးတော့ ..

သူ့ဆီကနေ မကြာခဏ ခွာပြီး မြန်မာပြည်တနံတလျား.. သွားသွားလာလာ..လည်လည်ပတ်ပတ်။
အိမ်ပြင် ခဏဘ၀ထဲ ပျော်ပျော်ပိုက်ပိုက်နေခဲ့။
ပြီးတော့လည်း အချိန်တန်ရင် အိမ်ရှိရာ ရန်ကုန်မြို့ကြီးဆီကို ပြန်..။ ကိုယ့်အခန်းကျဉ်းလေးဆီကို ပြန်..။
ဘ၀ကျဉ်းမှောင်မှောင်လေးဆီ ပြန်..။
ခပ်မှိန်မှိန်အပြုံးတွေဆီကို ပြန်...။
ကျပ်ကျပ်သိပ်သိပ်ရယ်သံတွေရှိရာ ပလက်ဖောင်းတွေဆီကို ပြန်..။


+++++

"ငါအချိန်တွေ ဖြုန်းတီးပစ်ခဲ့တယ်...
အိမ်အပြင်မှာ လုံခြုံလည်း အိမ်ထဲက နှင်းကျတယ်...
ဘ၀ရဲ့ ထွက်ပေါက် အဖြေမှန်ကို ရှာဆဲပဲ...
ရန်ကုန်မြို့ကြီးလည်း အရင်အတိုင်းပဲ.."

ဘာပဲဖြစ်ဖြစ်.. ရန်ကုန်ကို စနစ်တကျ ခင်းကျင်းပေးဖို့ ကြိုးစားခဲ့ဖူးပါတယ်။
တကယ့်အလှဆိုတာနဲ့ ချစ်ခြင်းမေတ္တာစေတနာဆိုတာတွေကသာ လောကကို အလှဆင်နိုင်မယ်ဆိုတာကို လူငယ်မျိုးဆက်တွေနားလည်လက်ခံဖို့ ပြင်ဆင်ပြသခဲ့ဖူးပါတယ်။

ဗင်ဂိုးက ချစ်ခြင်းမေတ္တာအတွက် နားရွက်ဖြတ်ခဲ့တာဟာ.. လှောင်ပြောင်ရယ်မောစရာ မဟုတ်တဲ့အကြောင်း..၊
မြို့မငြိမ်းက လူတွေက သူ့ဦးနှောက်နဲ့ မတန်တော့ဘူးလို့ ခံစားရတာကြောင့်ပဲ မောင်းလာတဲ့ကားအောက် ခေါင်းထိုးထည့်ခဲ့လေသလားဆိုတာတွေ တွေးပြီး အနုပညာရှင်ရဲ့တန်ဖိုးကို နားလည်သင့်တဲ့အကြောင်း...၊
ရိုးသားလို့ ဆင်းရဲရတာဟာ နှာခေါင်းရှုံ့စရာမဟုတ်တဲ့အပြင် ထုတ်ဖော်ချီးကျူးဖို့တောင်လိုတယ်ဆိုတဲ့အကြောင်း..။
ကောက်ကျစ်ယုတ်မာမှုကို ကိုယ်တိုင်မပြုပေမဲ့ ဒီအတိုင်းလက်ပိုက်ကြည့်နေတာဟာလည်း အလိုတူရာရောက်ကြောင်း..၊
"ပြည်သူဟာ ကိုယ်နဲ့တန်တဲ့အစိုးရကိုပဲ ရတယ်"ဆိုတဲ့စကားအတွက် 'ဒီနေ့လူငယ်တွေမှာတာဝန်ရှိတယ်ဆိုတဲ့ အကြောင်းတွေ... အများကြီး ပြောပြီးတဲ့နောက်မှာတော့.... ရယ်သွမ်းသွေးသံတွေကြားထဲက ထွက်ပြေးခဲ့ရ။
အဲဒီအခါ.. လက်တွေ့ဘ၀အိမ်ခန်းကျဉ်းလေးထဲမှာ... နှင်းမုန်တိုင်းတွေ သည်းသည်းကျ..။

+++++

"လူတိုင်းကမင်းကို ချစ်တော့ချစ်ကြမယ်...
ပြန်အဆင်ပြေမှာပါ စိတ်မကောင်းမဖြစ်နဲ့ကွယ်...
မင်းအပြစ်မဟုတ်ခဲ့တာ ငါတို့ နားလည်...
ရန်ကုန်မြို့ကြီးရယ် မငိုလိုက်နဲ့..."


ကျမကိုယ်တိုင်တောင် ရန်ကုန်မြို့ကြီးက စိတ်ပျက်စရာလို့ ညည်းညူငြိုငြင်ဖူးခဲ့ပါတယ်။
ကြည့်ပါဦးး... ကျမလည်း သူ့အပေါ်မှာ ရက်စက်စော်ကားခဲ့တာပဲ..။
တကယ်မှာတော့ သူ့ခမျာက လူတွေပြုသမျှ နုရသူ။
ဗိုလ်အောင်ကျော်.. ဗိုလ်ချုပ်တို့ သွေးတွေ ပေကျံခဲ့ရရှာတာလည်း သူ..။
၆၂သွေးတွေလည်း သူ့ဆီမှာပဲ ကျခဲ့။
၇၄..၇၆ သွေးတွေချွေးတွေလည်း သူ့ဆီမှာပဲ ကျခဲ့။
ရှစ်လေးလုံးသွေးတွေလည်း..
ရွှေဝါရောင်သွေးတွေလည်း...
နာဂစ်ရဲ့သွေးတွေလည်း...
ပြည်သူတွေရဲ့ ဘ၀ထဲ ငတ်ရသမျှ မျက်ရည်တွေကလည်း သူ့ဆီမှာပဲ ကျခဲ့..။
တော်လှန်သွေးတွေလည်း သူ့အပေါ်မှာပဲ ကျခဲ့။
မြန်မာပြည်ကြီးရဲ့ ချစ်လှတဲ့ ရင်သွေးရင်နှစ် ဗိုလ်ချုပ်ရဲ့သမီးလေးကိုလည်း သူ့ဆီမှာပဲ သိမ်းထားခဲ့ရ..။
ဒီလောက်ပုန်ကန်တဲ့မြို့ ပျက်သွားအောင် ပစ်ထားလိုက်ကြစမ်း.. ဆိုတဲ့ အာဏာရူးတွေရဲ့အမုန်းကလည်း သူ့အပေါ်မှာပဲ ကျရောက်ခဲ့..။

+++++


ခုတော့ ...
သစ်ပင်အကျိုးအကြေတွေ... ယင်တလောင်းလောင်းအမှိုက်ပုံတွေ.. ။
အလုပ်လက်မဲ့ လေလွင့် လူငယ်လေးတွေ.. ကလေးအလုပ်သမားလေးတွေ..။
ထမင်းငတ်နေတဲ့ သက်ကြီးရွယ်အိုတွေ..။ ခိုးစား လုစားနေရတဲ့ ၀န်ထမ်းတွေ..။
မိဘ ဆရာ အဿပြာပူးပေါင်း ကလေးပညာကောင်း.. ဆိုသလို ပိုက်ဆံကိုပဲ မျက်စေ့စုံမှိတ်ကြည့်နေရလို့ အနန္တောအနန္တ ငါးပါးဆိုတဲ့နေရာမှာ အထိုင်ရခက်နေတဲ့ ဆရာတွေ..။
စိတ်ညစ်သမျှ ဒါချလိုက်ရင် မေ့တယ် ဆိုတဲ့ စိတ်ကြွဆေးပြားတွေ...။
ပါတီမှာ ဘာကျွေးမှာလဲ.. ထုံးစံအတိုင်း ကြယ်သီး(မူးယစ်ဆေးပြား)ပေါ့..တဲ့။
ကြယ်သီးညတွေထဲမှာ ဘ၀ဆိုတာ ပျော်စရာ.. ခေါင်းလေးတခါခါနဲ့ ငြိမ့်လို့ဆိုပဲ..။
လူစုလိုက်ပါ.. ၁၀ယောက်ပြည့်ရင် တ၀ိုင်းစာလုပ်ပေးမယ်ဆိုတဲ့ ကိုယ်လုံးတီး မြန်မာမ ပြပွဲတွေ..။
'အကို ကျမကိုခေါ်ပါ ဈေးဦးမပေါက်သေးလို့ပါ.. လျှော့ပေးပါ့မယ်'ဆိုတဲ့ ဈေးရောင်းပွဲတွေ..။
တိုင်းသူပြည်သား ပညာမတတ်လေ..ဒုက္ခရောက်လေ.. အုပ်ချုပ်ရတာ လွယ်လေဆိုတဲ့ အာဏာရှင်စနစ်တွေ...။
ရိုးသားနေလို့ မရတဲ့ခေတ်ဗျ... မရူးစမ်းပါနဲ့ .. ဆိုတာတွေ။
ကမ္ဘာမီးလောင် သားကောင်ချနင်း.. ဆိုတာတွေ။
တော်ပါသေးရဲ့..၊ သမီးလေးက လှလို့.. ကျမတို့ အသက်ရှူချောင်နေတာ.. သမီးရဲ့ 'စပွန်စာ' က မဆိုးဘူး ဆိုတာတွေ။
အဲဒါတွေကို ရန်ကုန်မြို့ကြီးက ရွက်ထားရတာ..။
သူ့ခမျာလည်း နံစော်ပေပွလို့..၊ ရီဝေမူးယစ်လို့..၊ နာကျင်ငိုကြွေးလို့ ရှိရှာမှာ..။

+++++

ဒါပေမဲ့
လောလောဆယ်မှာ ဘာမှမတတ်နိုင်တဲ့ဘ၀တွေ..။
ကျမ မွေးဖွားခဲ့... ကြီးပြင်းနေထိုင်ခဲ့... စွန့်ပစ်ထွက်ပြေးခဲ့တဲ့ ရန်ကုန်..။
သူ့ဘ၀ ဘာမှမပြောင်းမလဲ..နာကျင်ပေးဆပ် .. စွန့်လွှတ်ကြေကွဲနေရဆဲ..။

"လူတိုင်းကမင်းကို ချစ်တော့ချစ်ကြမယ်...
ပြန်အဆင်ပြေမှာပါ စိတ်မကောင်းမဖြစ်နဲ့ကွယ်...
မင်းအပြစ်မဟုတ်ခဲ့တာ ငါတို့ နားလည်...
ရန်ကုန်မြို့ကြီးရယ် မငိုလိုက်နဲ့..."


++++

Big Bag Band က ကျားပေါက်(ဟန်ထူးလွင်)ရဲ့ သီချင်းလေးပါ။
AD 3000 ဆိုတဲ့ Album ကို နားထောင်ရာက အဲဒီ "အရင်အတိုင်းရန်ကုန်"ဆိုတဲ့ သီချင်းလေးကို တွေ့တာပါ။
ကျားပေါက်က ဘယ်လို ခံစားချက်နဲ့ဆိုတယ်မသိပေမဲ့ ခံစားသူတွေဘက်ကတော့ ကိုယ့်အမြင်အတွေးနဲ့ ခံစားမြဲမဟုတ်လား..။
အဲဒီအခါ ကျားပေါက်ရဲ့သီချင်းကို နားထောင်ရင်း.. ညည်းရင်း.. ကျမခံစားလာရတာတွေကို ချရေးဖြစ်လိုက်တာပါပဲ။

5 comments:

pandora said...

ရန်ကုန်မှာ မမွေးခဲ့ပေမယ့် ဘ၀ရဲ့ အရေးကြီးတဲ့ အချိန်ပိုင်းတွေကို ရန်ကုန်မှာ ကျော်ဖြတ်ခဲ့ရတယ်။ ဟိုးတချိန်ကတော့ "မဟာရန်ကုန်ကိုသွားဖို့ ... " "ရန်ကုန် ရွှေမြို့တော် မှာဆိုရင်.." ဆိုတာဟာ ကျယ်ပြန့်တဲ့ နိုင်ငံလေးမှာ အထူးသဖြင့် ကျေးလက်ကလူတွေရဲ့ စကားထဲ ထည့်ထည့်ပြောရတဲ့ အိပ်မက်လှလှတပုဒ်ပါပဲ။ ချစ်စရာ ရန်ကုန်ကလည်း ရင်ခွင်ဖွင့်လို့ အားလုံးကိုကြိုဆိုခဲ့။ အခုတော့ မြို့ကြီးလည်း ခြေကုန်လက်ပန်းကျ နာဖျားလို့..။ ဆေးကုမခံရတော့လို့ လုံးပါးပါးမယ့် အမှောင်ခန်းတွေထဲမှာ ရင်ခုန်သံတွေလည်း ပြန့်ကျဲခဲ့ပြီ။ ချစ်ခြင်းမေတ္တာတွေနဲ့ ပြန်လည်ဆင်ယင်ပြီး လှပလာနိုင်မယ့် ရက်တွေကို မျှော်လင့်နိုင်ဦးမှာလား။

Corine said...

Hello!

I stumbled across your powerful blog and wanted to invite you to share your experiences with the world! World Pulse Magazine, which covers world issues through the eyes of women, is running a special online edition on the voices of women from Burma on Aung San Suu Kyi’s birthday! (www.worldpulse.com).

We are putting out a special call inviting all our sisters from Burma and supporters passionate about the cause of Burma to join The Burma Café group on World Pulse’s interactive community site, PulseWire. (www.pulsewire.net ) We believe the Burma Café can become a unique space – especially for women - to share thoughts, strategies and visions towards a free Burma. In addition, World Pulse Magazine readers inspired by the edition can visit the Burma Café to listen to your ideas and collaborate in support of the cause.

So pour a cup of tea and join your sisters on the Burma Café!

How to Participate: Easy as 1, 2, 3!

Below is the link to our Burma Café: http://beta.pulsewire.net/groups/2136

Joining the Burma Café can be done in three simple steps which should not take more than 10 minutes:

1. Create a profile for yourself on PulseWire. Visit www.pulsewire.net and click on the 'register button to create a user name and password for yourself.
2. Make a quick post about yourself, your organization or the work you are doing (for instance, share your vision and your ideas about the future of Burma, or your background or even the work of the organization you are involved with a few sentences). Write from your heart as readers of World Pulse Magazine may want to send supportive thoughts and take action to support your cause!
3. Go to the Burma Café group: http://beta.pulsewire.net/groups/2136 and click on the join the group button.

You are now all set to make a post or add to comment to someone else's post.

Please feel free to forward this invitation along to any other Burma bloggers who might be interested in joining Pulsewire. And please do not hesitate to email me with any questions you might have about navigating the site, setting up a profile, and starting to share your story!

In solidarity,

Corine Milano
Managing Editor

World Pulse
Global Issues Through the Eyes of Women

www.worldpulse.com
o. 503.331.3900 f. 503.914.1418

မိုးညို said...

ကြွေသွားတယ်ဆရာမရယ် ။ ဖတ်ဖတ်မောရတယ် ။ ဖတ်ရင်းနဲ့ကို မောလာရတယ် ။ ရန်ကုန်မှာ ရန်မကုန်သေးတာ သေချာတာပဲနော် ။ ကိုငှက်ရဲ့ မြို့ပြလရောင်တမ်းချင်းကို သတိရသွားမိတယ် ။ သူဆိုတဲ့ လရောင်က ... ဘာများပါလိမ့် ...။ ခုလည်း ဆရာမ ရဲ့ လရောင်တမ်းချင်းကို ကျနော် မြင်ရတယ် ။ ကျားပေါက်တို့လည်း ... လရောင်ငတ်နေမှာပေါ့ ... ။ ကျေးဇူးဗျာ ။ ...
ရန်ကုန်ညတွေကို လွမ်းသွားတယ် ။

ကိုနေမျိုး said...

တကယ်ပါပဲ အန်တီရေ
ကျနော်တို့ ဘာများတတ်နိုင်တာ ရှိမှာလဲ....
လမ်းပျောက်နေတဲ့ ရန်ကုန်မှာ ကျနော်တို့ကတော့ ရှာဖွေနေတာပါပဲ။ ဘာတွေတွေ့မှာမို့လို့လဲ လို့တော့ မမေးပါနဲ့။ ဘာပဲဖြစ်ဖြစ် တစ်ခုခုတော့ တွေ့ကောင်းပါရဲ့နော်။

ကောင်းကင်ကို said...

လာဖတ်သွားပါတယ် ဆရာမရေ။ အခုတော့ အရင်ထက်ဆိုးတဲ့ ရန်ကုန်ဖြစ်သွားပြီဗျာ။း-(
ကျွန်တော့်ဘလော့မှာ စာလုံးပေါင်းမှားနေတာ ထောက်ပြပေးလို့ ကျေးဇူးပါ ဆရာမ။