Jan 6, 2009

မြသီလာအလွမ်းပြေ(၂၉)

သူဝတ်ထားတဲ့ အရေခွံကို
သူစွန့်ခွာရတဲ့အခါ
မြစ်တမြစ်ဆိုတာကတော့
မြွေတကောင်လို မပျော်ရွှင်နိုင်ဘူးပေါ့။

(ပိုင်စိုးဝေ)

+++++
၉၆ ရဲ့ နှစ်ကုန်ပိုင်းရက်တွေက ကျမကို အလွမ်းတွေ အဆွေးတွေ ယူကျုံးမရဖြစ်ရခြင်းတွေနဲ့ စီရင်ခဲ့ပါတယ်။ ဒီလိုနဲ့ တိတ်ဆိတ်အေးစက်ခြောက်ကပ်တဲ့ ၉၇ ဆောင်းကို စိတ် ပင်ပင်ပန်းပန်းနဲ့ပဲ ဖြတ်ခဲ့ရ။ ဒါပေမဲ့ အဲဒီဆောင်းရက်တွေထဲမှာပဲ ကျမရဲ့ ညစ်ညူးနာကျင်တဲ့ ခံစားချက်တွေကို ဖောက်ချသလိုဖြစ်ခဲ့တဲ့ ၀တ္ထုနှစ်အုပ်တော့ ထွက်ခဲ့ပါတယ်။ တအုပ်က "ကောင်းကင်နိဒါန်း".. ၉၇ ဖေဖော်ဝါရီမှာ ထွက်ပါတယ်။ နောက်တအုပ်ကတော့ ကျမရဲ့ "မြေနဲ့အတူ"ဆိုတဲ့ ၀တ္ထုလေးပါတဲ့ "ရောင်စဉ်များနဲ့ ကစားခြင်း" ၀တ္ထုစဉ်။ အဲဒီဝတ္ထုလေးက အဲဒီ ၁၉၉၇ မတ်လရဲ့ စာအုပ်လောကမှာ တော်တော် အရောင်းသွက်သွားတဲ့ စာအုပ်ပါ။ ကောင်းကင်နိဒါန်းကတော့ ထုံးစံအတိုင်း ကိုယ့်ပရိသတ်နည်းနည်းလေးကပဲ သိပြီး ဘာမှ ထူးထူးခြားခြားမရှိခဲ့တဲ့ ၀တ္ထုပေါ့။ ကျမအတွက်ကတော့ အဲဒီဝတ္ထုလေးက ကြိုက်တဲ့ ၀တ္ထုလေးပါပဲ။ ဇာတ်လမ်းထဲမှာ ကောင်မလေး သတ်သေတာ စိစစ်ရေးက လွတ်သွားလို့ ကျေနပ်နေခဲ့ရတဲ့ ၀တ္ထုလေးပေါ့။ ပြီးတော့ ကျမ တခါက ပြောပြခဲ့ဖူးတဲ့ ဗိုတိုး (ဦးအောင်ကျော်တိုး-စိတ်ပညာ)ဆီက inspiration ရတဲ့ ၀တ္ထုလေးလေ။

(မျက်နှာဖုံးပန်းချီ- မောင်သီဟ)

၉၇ထဲမှာ တက္ကသိုလ်ရဲ့ နေ့သင်တန်း Day class တွေ ပိတ်ထားပေမဲ့ အဝေးသင်တွေကိုတော့ ပုံမှန်ဖွင့်မယ်လို့ ကြေငြာခဲ့ပါတယ်။ အဲဒါဟာ မြန်မာနိုင်ငံ တက္ကသိုလ်ပညာရေးထဲမှာ ကျောင်းသူကျောင်းသားအချင်းချင်းကို ခွဲခြားဆက်ဆံလိုက်တာရဲ့ အစဖြစ်ပြီးတော့ တက္ကသိုလ်ပညာရေးရဲ့ အခန်းကဏ္ဍကို နိမ့်ကျအောင် လုပ်တဲ့ စီမံကိန်းရဲ့ အစလည်း ဖြစ်ပါတယ်။ ဒီနေရာမှာ ကျမ ဒီလိုပြောလိုက်တဲ့အတွက် အဝေးသင်တက္ကသိုလ်ကနေ ဘွဲ့ရ ကျောင်းပြီးကြရသူတွေ စိတ်မကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အခါများစွာမှာ အမှန်တရားက ခါးသီးလှပါတယ်။ အဲဒီတုန်းက စစ်အစိုးရက Day ကျောင်းသားတွေ ခဏခဏပြဿနာရှာလို့ ဒီကောင်တွေကို ဒုက္ခပေးရအောင် ကျောင်းပိတ်ထားလိုက်.. အဝေးသင်လောက်နဲ့ပဲ ကျောင်းပြီးကြပစေလို့ ဗိုခင်ညွန့်က အမိန့်ချတဲ့အချိန်ပေါ့။ အဲဒါကြောင့် နေ့ကျောင်းသားတွေကို ရက်အကန့်အသတ်မရှိလို့ ကျောင်းပိတ်ထားပြီး အဝေးသင်တွေကိုပဲ ဆက်တိုက်ဖွင့်ပါတယ်။ အဲဒီအခါ ၉၇ရဲ့ ဒုတိယ semester မှာတော့ ကျောင်းပိတ်ရက်ရှည် တွေထဲ အဆိပ်သင့် နေပြီဖြစ်တဲ့ နေ့ကျောင်းက ကလေး အတော်များများက အဝေးသင်တက္ကသိုလ် စနစ်ထဲ ပြောင်းဝင်လာကြပါတော့တယ်။ ဒီလိုနဲ့ အဝေးသင်ပညာရေးထဲ ကျောင်းသားတွေ များလာပါတယ်။

အဲဒီကာလတွေထဲမှာပဲပေါ့..။ ပြည်သူလူထုမှာ စီးပွားရေးက ကျပ်သထက် ကျပ်လာပါတယ်။ ကျမတို့ တိုင်းပြည်မှာ အလုပ်တဘက်နဲ့ ကျောင်းတက်တဲ့ လူငယ်တွေ များလာပါတယ်။ အဝေးသင်စနစ်အရ ကျောင်းအပ်ထားပြီး တနှစ်လုံးဘာမှလုပ်စရာမလိုဘဲ စာမေးပွဲနီးမှ အနီးကပ်သင်တန်းလို့ခေါ်တဲ့ ၁၀ရက် သင်တန်းကို ကျောင်းတက်ပြီး စာမေးပွဲဖြေကြရုံပါ။ အဲဒီမှာ ကျမအတွက် ပြဿနာတက်လာတာပါပဲ။ ပြဿနာကတော့ အဝေးသင်ကျောင်းသား တွေအတွက် နှစ်စကတည်းက ထုတ်ပေးထားတဲ့ Text book , Guide line တွေမှာ ပါတဲ့ ဘာသာရပ်တခုအတွက် သတ်မှတ်အပုဒ်ရေ ၁၅ပုဒ်လောက်ထဲကနေ ၇ပုဒ်လောက်ကို ဖြုတ်ချလိုက်ပြီး ၈ပုဒ်လောက်ကို အနီးကပ်ကျကာမှ ထပ်ထည့်တာပါပဲ။ အဲဒါ ဘာသာရပ်တိုင်းမှာပါ။ အဲဒီအခါ နှစ်စကတည်းက စာကြိုဖတ်ထားတဲ့ ကလေးတွေခမျာ အလွဲလွဲအချော်ချော်တွေဖြစ်ပြီး စာမေးပွဲကလည်း နီးလာ.. စာကျက်ချိန်ကလည်း များများ မရ..။ ပိုဆိုးတာက အထူးပြုမေဂျာဘာသာတခုအတွက် ဘာသာရပ် paper ပေါင်း ၆ခုလောက်ဖြေရမှာမို့ အသစ်စက်စက်ထဲက အပုဒ်ရေ ၅၀လောက်ကို နှစ်ပတ်နဲ့ အရ ကျက်ရမှာဖြစ်ပြီး အဟောင်းကလည်း အပုဒ်ရေ ၅၀လောက်ကို သေချာ ပြန်ကျက်ရဦးမှာလေ။

အဝေးသင်ကလေးတွေခမျာ အဲဒီစနစ်ကြီးထဲ အတော်ပင်ပန်းကြရတာပါ။ နောက်ဆုံးတော့ အဖြေက တခုပဲရှိပါတော့တယ်။ ကျူရှင်ယူ.. တစ်ကြိုမေးခွန်း(spot)လိုက်..။ ဒီလိုနဲ့ အဝေးသင်ပညာရေးထဲမှာ ကျူရှင်စနစ်ကြီးက အကြီးအကျယ် ထွန်းကားလာပါတော့တယ်။ အဲဒီတော့မှပဲ တက္ကသိုလ်က ဆရာမတွေ ကျူရှင်နဲ့ အဝေးသင်နဲ့ ကားစီး တိုက်ဆောက် တယ်ဆိုတာမျိုးတွေ ကြားဖူးလာရတော့တာပါ။ ကျောင်းသားကျောင်းသူတွေခမျာတော့ တနှစ်လုံး ပိုက်ဆံ ကျုံးရှာ.. စာမေးပွဲနီးတော့ အနီးကပ်သင်တန်း တက်ရင်း ကျူရှင် ယူကြ(တကယ်တော့ ကျူရှင်အယူပြကြရတာပါ.. ကျူရှင်ယူထားရင် အဲဒီဆရာမက စာမေးပွဲအောင်တဲ့အထိ တာဝန်ယူတယ်လို့ သဘောပေါက်ကြပါတယ်.. တကယ်ကတော့ မြန်မာစာလို ဘာသာရပ်ကိုတောင် on paper ၃၀ နဲ့ အအောင်ပေးနေတာမို့ ဘယ် ဆရာဆရာမမှ အထူးတလည် လုပ်ပေးစရာမလိုဘဲ လူတိုင်းနီးပါး အောင်နေကြတာပါ)။ အဲဒီ ၉၇ မှာတုန်းကတော့ အဝေးသင် ကျောင်းသားတွေအတွက် ကျူရှင်နဲ့ သူတို့ ကျက်တဲ့စာနဲ့ စာမေးပွဲက အဆင်ပြေနေသေးတာမို့ ခိုးချတဲ့ ပြဿနာ တွေ သိပ် မရှိသေးပါဘူး။

၉၇ဟာ ပညာရေးစနစ်ထဲမှာ ဆရာဆရာမတွေ ငွေနောက် အသည်းအသန်လိုက်တတ်လာတဲ့ နှစ်ဖြစ်သလိုပဲ ကျောင်းသားတွေ စိတ်ထဲမှာလည်း ပညာရေးဆိုတာက ငွေပေးဝယ်လို့ရတဲ့ အရာတခု ဖြစ်လာတာပါပဲ။ အဲဒီ ဖြစ်စဉ်ထဲ ကျမကိုယ်တိုင် မျောပါ.. ရေစီးအားက ကောင်းသကိုး။ အဲဒီအချိန်တွေမှာပဲပေါ့ ပညာရေးစနစ်အပေါ် ကျမ ထဲထဲဝင်ဝင် အယုံအကြည် ပျက်လာတာ။ ကိုယ့် ဆရာဆရာမအချင်းချင်းအပေါ်လည်း အရိုအသေ တန်လာမိတာ။ ကျမက ချမ်းသာတဲ့ကလေးတွေက ငွေနဲ့လိုက်လို့ အမှတ်၂၀နဲ့ စာမေးပွဲအောင်ရင် ဆင်းရဲတဲ့ကလေး ပိုက်ဆံ မပေးနိုင်လည်း အမှတ်၂၀ရရင် အအောင်ပေးရမယ်လို့ complain တက်တဲ့အခါ ပြဿနာ..။ တဘာသာ ၅၀၀ (အဲဒီ ၁၉၉၇တုန်းက) ပေးနိုင်တဲ့ ကျောင်းသားကို ကျူရှင်သင်ရင် မပေးနိုင်တဲ့ကျောင်းသားကိုလည်း အခမဲ့ခေါ်သင်ပေးသင့်တယ်လို့ ကျမက သဘောထားပါတယ်။

အဲဒီတုန်းကလည်း ကျမအိမ်မှာ အဆောင်မငှားနိုင်တဲ့ ကျောင်းသူတွေ ပေးနေထား။ အထူးသဖြင့် ရွာဘက်တွေက ကလေးတွေ..။ တချို့က အခကြေးငွေနဲ့ ထားတယ်လို့တောင် ပြောသေး။ နောက်တော့လည်း တကယ့်အမှန်ကို သိသွားကြတာပါပဲ။ ဒါပေမဲ့ ပြဿနာက ကျမ ချိုတဲ့တဲ့ ကလေးတချို့ကို အခမဲ့ စာသင်ပေးတဲ့ အပေါ်မှာ ကျမကို လူကိုယ်တိုင်လာပြီး ‘သူရဲကောင်း မလုပ်နဲ့… သူတော်ကောင်းမလုပ်နဲ့… ဈေးမဖျက်နဲ့’ လို့ ဆရာဆရာမတချို့က လာပြောတာ ပါပဲ။ အဲဒီအချိန်တွေမှာ ကျမ သူတို့အစား တော်တော် ရှက်သွားမိပါတယ်။ ဆရာဆရာမ ဆိုတာ ဈေးရောင်းသူလား..။ အဲဒါကလည်း ကျမနဲ့ တချို့သော ပတ်ဝန်းကျင်ရဲ့ ပြဿနာပါပဲ။ ကျမကတော့ ဒါမျိုးတွေကို သိပ်ဂရုမစိုက်တတ်တာမို့ ပြဿနာရယ်လို့တော့ မွေးမထားခဲ့တော့ပါဘူး။ ဒါပေမဲ့ ကျမ အဲဒီဝန်းကျင်မှာ မပျော်ပိုက်တာမျိုးတော့ ဖြစ်လာပါပြီ်။

အဲဒီအချိန်တွေမှာ သားကြီးက ကျောင်းတက်တာ ပထမတန်းကျောင်းသားကြီး ဖြစ်နေပြီ။ နွေကျောင်းပိတ်ရက် တွေဆို အမေနဲ့ ဘားအံမှာ လိုက်နေ။ သားက မသိမသာနဲ့ ကျောင်းဝန်းကျင်တွေမှာသာ ပျော်ပိုက်တဲ့ကလေး ဖြစ်လာပါတယ်။ ရန်ကုန်မှာနေတော့လည်း တက္ကသိုလ်ရိပ်ထဲမှာပဲ နေရတာကိုး။ အဲဒီ ၉၇ ထဲမှာပဲ ရာကျော်ကလည်း ဘားအံနဲ့ ၁၀မိုင်လောက်ဝေးတဲ့ သူ့ရွာလေးမှာ လယ်စိုက်.. မြေပဲစိုက်.. ဆီကျိတ်..။ အားတဲ့အခါနဲ့ အလုပ်ကိစ္စပေါ်တဲ့အခါ ဘားအံကို လာရင်း ကျမဆီ ရောက်အောင် ၀င် ၀င်လာလိုက်။ တခြားတပည့်တွေလည်း အိမ်ကို ဥဒဟို လာနေတာဖြစ်ပေမဲ့ ရာကျော် ရောက် ရောက် လာရင်တော့ ဒါက သတင်းဖြစ်တာပါပဲ။ အဲဒီအခါ ရာကျော်နဲ့ ကျမကြားမှာ တံတိုင်းတခု ခြားသလိုလိုနဲ့ အဲဒီတံတိုင်းကပဲ ပေါင်းကူးတံတားလို ဖြစ်လာခဲ့။ အတိုက်အခိုက်တွေကြားထဲ အသက် ၂၄နှစ်အရွယ်လူငယ်လေးတယောက်က စိတ်လှုပ်ရှားလာသလိုပဲ အသက် ၃၂နှစ်အရွယ် ကျောင်းဆရာမကလည်း စိတ်တွေ ကတိမ်းကပါး ဖြစ်တတ်လာတယ်။ လူငယ်လေးက ကျောင်းတွေ ရက်ရှည်ပိတ်လို့ စိတ်တွေအားလပ်နေတာလည်း ပါမှာပေါ့။ ဆရာမဆိုသူကလည်း ခံစားချက်နောက် လိုက်တတ်သူ..။ ရမယ်ရှာ လွမ်းတတ်သူ..။ စိတ်အချဉ်ပေါက်တဲ့အခါ လောကထဲ ဒရွတ်ဆွဲတတ်သူ။ အဲဒီအခါ နှစ်ယောက်က မသိမသာ.. ပြီးတော့ သိသိသာသာ.. နီးကပ်လာ ပါတယ်။

တကယ်တော့ ၉၇ဟာ မြသီလာရဲ့ဘ၀ထဲ ပျင်းရိစရာကောင်းတဲ့ နေ့ရက်တွေပါ..။ အဝေးသင်ကာလတွေထဲ ငွေစက္ကူတွေ လွင့်ပျံ… ကျမအပါအ၀င် ဆရာဆရာမတွေက ငွေစက္ကူတွေနောက် လိုက်..။ ဘ၀ဆိုတာက ငွေစက္ကူတွေသာ အဓိကလို ဖြစ်လာ။ ကျမအတွက်တော့ အဲဒါက အဓိပါယ်မဲ့.။ ကျမစိတ်ထဲ ၁၉၉၇ရဲ့ မြသီလာနေ့ရက်တွေဟာ တစ်ဘာသာသင်ရိုးအဖြစ် သတ်မှတ်ထားတဲ့ စာလေး ၆ပုဒ် ၇ပုဒ်လောက်ကို တက္ကသိုလ် တစ်တန်းစာအတွက် သင်ပေးရတာ..။ ဖြေထားသမျှ နှုတ်တိုက်စာတွေကို အမြန်ပြီးအောင် စစ်ပေး.. အောင်စာရင်းတွေ လွယ်လွယ် ထုတ်ပေး..။ အဝေးသင်ကျောင်းသားတွေကိုလည်း စိတ်တိုင်းကျ စိတ်ရှိလက်ရှိ စာသင်ချင်တယ်လို့ အားခဲခဲ့ပေမဲ့ အနီးကပ်၁၀ရက်တာက စာဖတ်ရုံ ဖတ်ပြသွားရင်တောင် အချိန် မလုံလောက်။ တဖြည်းဖြည်းနဲ့ ကျမတို့ ဆရာ ဆရာမတွေဟာ စာအုပ်ထုတ် ရောင်းတဲ့သူ.. ကျူရှင်မှာသာ ကျောင်းသားတွေကို စာသင်ခွင့်ရတဲ့သူ..။ ဒါတောင်မှပဲ စာမေးပွဲအတွက် အရေးကြီးတယ်လို့ တစ်ကြိုခန့်မှန်းတဲ့ လေးငါးပုဒ်လောက်ကိုသာ သင်ပေးနိုင်တဲ့သူတွေ ဖြစ်လာပါတယ်။ ဒီလိုနဲ့ပဲ ၉၇ကနေ ၉၈ မေလထိဟာ ကျမ နှစ်ခြိုက်တဲ့ တက်ကြွတဲ့ ဆရာမဘ၀ဆိုတာကို မေ့ထားရပြီးတော့ အဲဒီ ငြီးငွေ့စရာ ရေစီးကြောင်းထဲ ကျမ တလိမ့်လိမ့်မျောပါနေခဲ့တဲ့ ကာလသာ ဖြစ်ခဲ့ပါတယ်။ ကျမ ဘားအံကောလိပ်ရဲ့ မြသီလာဘ၀မှာ မပျော်ပိုက်ဘဲ ရှိရှိလာတဲ့အချိန်.. ပြောင်းရွှေ့ခွင့်တွေ တင်ကြဖို့ စာထွက်လာပါတယ်။

အဲဒီအချိန် ကျမစိတ်ထဲ အချိန်တွေဟာ တော်တော် အဓိပါယ်မဲ့လာတယ်လို့ ထင်တာရယ်.. နောက်တကြောင်းက ကိုရာကျော်နဲ့ နီးကပ်လာနေမှုကို ရှောင်ဖို့ရယ်.. ပြောင်းရွှေ့မိန့်က လွယ်လွယ်နဲ့တော့ ကျမှာမဟုတ်ဘူးလို့ ထင်တာကြောင့်ရယ်.. ကျမ ပြောင်းရွှေ့ခွင့် တင်လိုက်ပါတယ်။ ဒါပေမဲ့ အံ့သြစရာ ကောင်းလောက်အောင်ပဲ ပြောင်းရွှေ့မိန့်က ၁၉၉၈ ရဲ့ မေလကုန်မှာ ထွက်လာပါတော့တယ်။ အဲဒါကြောင့်ပဲ ကြေကြေကွဲကွဲကို ရေးဖြစ်ခဲ့တာပါ..။ ကျမပြောင်းရမှာက ရန်ကုန်စီးပွားရေးတက္ကသိုလ်ကိုပါ..။
ချုပ်တည်းမှုမဲ့
လွင့်မျောခဲ့သော အတ္တများ
မွေးဖွားကြ သေဆုံးကြ
တရားတော်အတိုင်း ရိုးသားကြ
တရားတော်အတိုင်း ဖောက်ပြန်ကြ..

ငါကိုယ်တိုင်ရေးသားခဲ့သော
ငါ့အတ္ထုပ္ပတ္တိကျမ်းမှာ
ငါ မာရ်နတ်အဖြစ်
ငြင်းဆိုခွင့်ရှိရဲ့လား..။

(ပိုင်စိုးဝေ)


+++++


စာကြွင်း..

တကယ်တော့ ကျမဒီရက်ပိုင်းတွေထဲ တော်တော်ကြီးကို မအားလပ်တာပါ..။ ဒါပေမဲ့ (၂၉)မျှော်သူတွေကို အားနာတာနဲ့ အချိန်ရအောင် လုယူပြီး တင်ပေးလိုက်ပါတယ်။ နောက်ပိုင်းတော့ တပတ်ကိုမှ post တပုဒ်ပဲ တင်နိုင်တော့မယ်ထင်ပါရဲ့..။



10 comments:

M.Y. said...

အခမဲ့ စာသင်ပေးတဲ့ အပေါ်မှာ ‘သူရဲကောင်း မလုပ်နဲ့… သူတော်ကောင်းမလုပ်နဲ့… ဈေးမဖျက်နဲ့’ လို့ ဆရာဆရာမတချို့က လာပြောတတ်တဲ့ဝန်းကျင်မှာ ၊ချို့ တဲ့သူတွေအတွက် နိုင်သလောက် တစ်နေရာတစ်ထောင့်က ပေးဆပ်ပေးခဲ့တဲ့ ဆရာမ မေငြိမ်းရဲ့ ဒါဏ်ရာတွေ နဲ့ စေတနာတွေကို မြင်လိုက်ရတယ်။

ပြီးတော့ ငယ်ငယ်ကဆိုခဲ့ ဖူးတဲ့ ပေါက်ပင် ဘာကြောင့်ကိုင်း ရတယ် သံပေါက်ကဗျာထဲက အဆုံးသတ် ငါ့ဝမ်းပူဆာမနေသာ ဆိုတဲ့စာသားလေးသတိရမိတယ်။
စနစ်တစ်ခုရဲ့ သားကောင်များပါပဲ။ ကိုင်းသွားတဲ့ပေါက်ပင်လေးတွေက် ဦး ပြန်မမော့လာ နိုင်ခဲ့ရင်တော့တိုင်းပြည်နာတာပေါ့လေ

ယောနသံစင်ရော် said...

ဆရာမ.. မျှော်နေတဲ့ ၂၉ က စောင့်ရကျိုးနပ်ပါတယ်။ တပတ် ၁ ပုဒ်ပဲတင်မယ်ဆိုလည်း..အားလုံးက စောင့်ဖတ်ဦးမှာအသေအချာပါပဲ။

Anonymous said...

ဆရာမရေ အလုပ်မအားတဲ့ကြားက ရေးပေးနေတာကိုပဲ ကျေးဇူးအထူးပါခင်ဗျာ

Unknown said...

ဆရာမရေ....အဆင်ပြေတဲ့အခါမှပဲpost အသစ်တင်ပါလေ။ကျွန်တော်တို့ကတော့အမြဲတမ်း စောင့်ဖတ်နေပါ့မယ်။ မြသီလာဟာ ခေတ်တစ်ခုရဲ့ပြယုဂ်ကို လူတစ်ယောက်ရဲ့ ဘဝအစိတ်အပိုင်း တစ်ခုအနေနဲ့ ရေးသားပုံဖော်ထားတဲ့အတွက် ဆွဲဆောင်မှုရှိပြီးစိတ်ဝင်စားစရာအလွန်ကောင်းပါတယ်။ post တစ်ခါတင်ရင်တော့ များများလေးတင်ပါနော် ဆရာမ။

မေ့သမီး said...

အစ်မရေ အားတဲ့အခါမှပဲပို့စ်တင်ပါ။ ညီမတို့ကတော့ စောင့်မျှော်အားပေးလျှက်ပါပေါ့။

:P said...

စောင့်ဖတ်နေပါတယ်.. အေးအေးဆေးဆေးသာရေးပါ
ဆရာမရေ..။

shwemyo said...

ဆရာမ ရဲ့ blogs ကို ဘာရဲ့လို့ မဟုတ်ပဲ လျှောက်ဖတ်ဖြစ်ရကနေ ဆရာမရဲ့ ကြိုးပမ်းမှု့ ၊ဆရာမ ရဲ့ အတွင်းစိတ်ကို တစိတ်တပိုင်းမြင်လာမိတယ်. . .ဆရာမရဲ့ စေတနာကို အထူးလေးစားမိတယ်. . .ပညာရေးလောကမှာ ဒီလို ဆရာမတွေလဲး အများကြီးရှိနိုင်သေးတယ်လို့ မြင်လာမိတယ်. . .သူရဲကောင်းမလုပ်နဲ့. . .သူတော်ကောင်းမလုပ်နဲ့. . .ဆိုတဲ့ ပညာရေးဝန်ထမ်တွေလဲး ရှိတယ်ဆိုတာ အကြွင်းမဲ့ လက်ခံပါတယ်. . .ဒါဟာလဲး စနစ်တစ်ခုရဲ့ သားကောင်ပေါ့လေ. . .ဒီလို ပညာရေး ဝန်ထမ်းတွေ ရှိတာ ဘာကြောင့်လဲး ဆိုတဲ့ မေးခွန်း ပြန်မေးကြည့်ရင် အဖြေကရှင်းပါတယ် ဆရာမရယ်. . .ဆရာမရဲ့ post လေးတွေ ဖတ်ပြီးရင် စဉ်းစားစရာ . . .တွေးစရာ လေးတွေ ကျန်ခဲ့တယ်. . .ဆိုးဝါးတဲ့ . . .ခါးသီးတဲ့ . . ခေတ်ဆိုး စနစ်ဆိုး ကြီးရဲ့ ခြေရာလေးတွေ ကျန်ခဲ့တာကို မြင်ရသလိုမျိုးလို့ ထင်မိတယ်. . .ကျေးဇူးပါ ဆရာမ. . .

Moe Cho Thinn said...

ကိုမောင်ရင်ကိုတော့ အထိမိဆုံး ကွန်မန့်တွေ ရေးတတ်သူလို့ ပြောရတော့မယ် ထင်ပါရဲ့ ဆရာမ။
သူပြောတဲ့အတိုင်း.. :)

မမသီရိ said...

M.Y ရဲ့ comment ထဲ က စကားလေး ကြိုက် လိုက် တာ..
ပေါက်ပင် က ကိုင်း နေတာ..
ပြန် ကို နလံ မထူ နိုင်တော့ ပါဘူး..
ခုတော့ ..ပေးတား ချင်း အတူတူ..
နဲနဲ ပေး နိုင် ရင်... မအောင် တော့ ဘူးလေ...
မမေ ငြိမ်း လို .. ဆရာမ မျိုး ရှိတော့ ရှိမှာ ပါ..
ဒါပေမဲ့... တော်တော် လိုက် ရှာ ယူ ရမယ်...

mm thinker said...

ပျက်ဆီးခဲ့တဲ့ ပညာရေးစနစ်ကို ဆရာမတစ်ယောက်ရဲ့ အမြင်နဲ့ အတွေ့အကြုံ ထဲက ပြန်ကြည့်ခွင့်ရတာ အဖိုးတန်တဲ့ လေ့လာရမှု တစ်ခုပါပဲ။

ကိုယ်ဖြတ်သန်းခဲ့တဲ့ ခေတ်အပေါ် ကျနော်တို့ နားလည်နိုင်လောက်အောင် ပညာရေး ရေချိန် မရရှိခဲ့ကြတာ အမှန်ပါပဲ။