Jan 19, 2009

မြသီလာအလွမ်းပြေ(၃၀)


၉၈ထဲမှာတော့ မြသီလာရဲ့ သက်တမ်းမှာရော ကျမရဲ့ သက်တမ်းမှာပါ အမှတ်တရ ဖြစ်စရာတွေ အများကြီး ကြုံခဲ့ရပါတယ်။ ၉၈ထဲမှာ အင်မတန် အားတင်းတတ်ပါတယ်ဆိုတဲ့ ကျမအတွက် စိတ်ကျစရာတွေလည်း အကြိမ်ကြိမ် ကြုံခဲ့ရတာပေါ့။ အပိုင်း(၃၀)မှာ ၁၉၉၈ကို ရေးတော့မယ်ဆိုတော့ ကျော်သွားချင်လိုက်တာ.. မရေးချင်တော့ဘူး.. လို့ အကြိမ်ကြိမ် ဖြစ်မိနေတာပါ။ ဒါပေမဲ့ ရေးရမယ်လို့ ကိုယ့်ဘာသာ ယူထားတဲ့ တာဝန်က ပြဋ္ဌာန်းတာမို့ ရေးရတော့တာပါပဲ။

၉၈ထဲမှာ ကျမရဲ့ ကိုယ်ရေးကိုယ်တာနဲ့ ပတ်သက်လို့ အမှတ်တရဆိုရင်တော့ စိတ်ပေါက်ပေါက်နဲ့ လုံးချင်းတအုပ်ရေးပြီး ကိုယ့်စိတ်ကြိုက် ကိုယ့်ဘာသာ ထုတ်မယ်လို့ စီစဉ်တယ်။ အဲဒီစာအုပ်ကနေစလို့ ထုတ်ဝေရေးလောကထဲ ၀င်မယ်ပေါ့…။ ဒီလိုနဲ့ အဖေက ပိုက်ဆံထုတ်ပေးလို့ ‘သွန်း’ဆိုတဲ့ စာအုပ်တိုက်လေး လုပ်ဖြစ်ပါတယ်။ ကိုယ့်ဘာသာ စိတ်ကူးနဲ့ စီစဉ်ထားတဲ့ စာအုပ်ကလေးတွေ တသီတတန်းနဲ့ပေါ့။

အဲဒီအချိန် ‘တာရာမင်းဝေ’က စာအုပ်လောကထဲ ၀င်လာကာစ.. တာရာမင်းဝေစာအုပ်တွေ ထုတ်ချင်တယ်လို့ ဇော်ဝင်းထွဋ်တို့လင်မယားက ပြောတော့ ကျမစာအုပ်တိုက်ကနေထုတ်ဖို့ တာရာမင်းဝေဆီက စာအုပ်နှစ်အုပ် ၀ယ်ဖြစ်ခဲ့သေးတယ်။ ကျမကတော့ လုံးချင်းတအုပ် စိတ်ကြိုက်ရေးပြီး သူငယ်ချင်းဆိုပေမဲ့ မောင်လေးအရွယ် ဖြစ်တဲ့ သီချင်းရေးတဲ့ ညီရိုင်းရဲ့ “အချစ်အကြောင်းပြောရအောင်”ဆိုတဲ့ သီချင်းခေါင်းစဉ်လေးကို ကြိုက်လို့ တောင်းပြီး ၀တ္ထုခေါင်းစဉ်အဖြစ် နာမည်ပေးဖြစ်တယ်။ အဲဒီဝတ္ထုမှာလည်း လယ်သမားတွေရဲ့ ရပိုင်ခွင့် ဆိုတာတွေ.. လယ်သမားတွေ ဒုက္ခရောက်ရတဲ့ ပြဿနာတွေ ပါလို့ဆိုပြီး စိစစ်ရေးမှာ ကြာနေသေးတာပါ။

Justify Full
အဲဒီကာလထဲမှာပဲ ပြောင်းရွှေ့မိန့်ကျလာပြီး ရန်ကုန်ကို ရွှေ့ရတော့တာပါပဲ။ ဒီနေရာမှာ မှတ်မှတ်ရရ.. အသေးစိတ်ပြောရမယ့် အတွေ့အကြုံလေး ရှိပါတယ်။ ရန်ကုန်ကို ရွှေ့ရတော့မယ့် မေလနောက်ဆုံးပတ်မှာ ပဲခူးတိုင်းရေကြီးနေတာ သထုံ ဘီးလင်းထိတောင် ရောက်တယ်ဆိုတဲ့ သတင်း ၀င်လာပါတယ်။ ထုံးစံအတိုင်း ရေဒီယို ရုပ်မြင်သံကြားနဲ့ သတင်းစာ စတဲ့ အစိုးရသတင်းဌာန တခုမှာမှ မပါတဲ့ သတင်းပေါ့။ အဲဒီခရီးကို ဖြတ်လာရတဲ့ ကားသမားတွေ ခရီးသွားတွေ မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရတာကို ပြောပြလို့သာ ကြားရတာလေ။ မြန်မာ့ရုပ်မြင်သံကြားဆိုတာကြီးမှာကတော့ မြန်မာပြည်ကြီး နေရာတိုင်းမှာ သာယာစည်ကား နေပါတယ်ပေါ့။ တကယ့်လက်တွေ့မှာတော့ ပဲခူးတိုင်းကနေ မွန်ပြည်နယ်အစပ်ထိအောင် ကြီးစွာသော ရေဘေးဒုက္ခကြီးနဲ့ ကြုံနေကြရတာပါ။

ဘားအံမှာတော့ ကျမတို့ကလည်း ပြောင်းဖို့ ရွှေ့ဖို့ အထုပ်သိမ်းပြီးပြီ။ အဲဒီအချိန် ဘီးလင်းမှာ လူတွေ အသေအပျောက်ရှိတယ်လို့လည်း ကြားရ။ ပဲခူးနဲ့ ဝေါကြားက ဘုရားကြီး ဆိုတဲ့ မြို့ကလေးကနေ ဝေါအထိ တောက်လျှောက်… ရေတွေက ပင်လယ်ပြင်လို ဖွေးလို့တဲ့…။ ဝေါနားက ရွာ ၂ရွာ ရေထဲမျောပြီး ပျောက်သွားပြီတဲ့။ လမ်းမှာ တနေရာကနေ တနေရာကို ကူးဖို့ ကူးတို့လှေကို အကြာကြီး စောင့်ရတတ်တာတို့.. လှေနဲ့ ကူးတာမှာလည်း ပစ္စည်း လုလို့ ဆိုတာတွေ… ကြက်ဥမွှေကြော် တခြမ်းစာလောက်ပဲပါတဲ့ ထမင်းတထုပ်ကို ကျပ်တထောင် ဆိုတာတွေ ကြားရပါတယ်။ အဲဒီတုန်းက ကျမတို့ လက်ထောက်ကထိက လစာကမှ ၁၂၀၀ကျပ်။

အဲဒီအပြင် ရန်ကုန်ကနေ ဘားအံကောလိပ်ကို ညကားနဲ့ ပြန်လာရင်း ရုတ်တရက် ရေကြီးတာနဲ့ ကြုံရပြီး စိတ်တွေ ကယောင်ချောက်ချားဖြစ်လာတဲ့ ဆရာမတယောက်ကလည်း အဆောင်ကို ပြန်ရောက်လာလေတော့ ကျမတို့မှာ လမ်းခရီး ရင်ဆိုင်ရမှာတွေအပေါ် ထိတ်ထိတ်လန့်လန့်။ ဒါပေမဲ့ ကျမတို့မှာကလည်း တနေရာက တနေရာ အပြောင်းအရွှေ့မှာ joining time က ၅ရက်ပဲ ရတာမို့ ရန်ကုန်ကို အချိန်မီ ပြန်ရောက်ရမှာနဲ့၊ လက်ထဲ ပိုက်ဆံလည်း များများစားစား မရှိတာနဲ့။ ဆရာဆရာမတသိုက် သတင်းစောင့်ရင်းကနေ ပြန်ဖို့ ပြင်နေကြရပါတယ်။

ဒီလိုနဲ့ ရေတော်တော်ကျသွားပြီလို့ သတင်းရတဲ့ နေ့မှာပဲ ကျမတို့ သူငယ်ချင်း ဆရာမ ၅ယောက် မနက်ခင်း ထွက်မယ့် မြိုင်ကလေး-ရန်ကုန် အမြန်ယာဉ်(ဒတ်ဆန်း)နဲ့ လိုက်ခဲ့ကြရ ပါတယ်။ လမ်းတလျှောက် သထုံ ဘီးလင်း ကျိုက်ထိုမြို့တွေကို ဖြတ်ချိန်မှာတော့ ကျမတို့ အခေါက်ခေါက် အခါခါ ဖြတ်သန်းသွားခဲ့ဖူးတဲ့ မြို့ကလေးတွေက ကျမတို့ မျက်စေ့ထဲမှာ အေးစက်စက် ခြောက်ကပ်ကပ် နိုင်နေခဲ့ပါတယ်။ လူတွေရဲ့ မျက်လုံးတွေကလည်း နာနာကျင်ကျင် အရိပ်တွေနဲ့..။ လူအသေအပျောက်နဲ့ ဆုံးရှုံးရတာမျိုး မကြုံခဲ့ရရင်တောင် လယ်ယာ ချောင်းမြောင်း လုပ်ငန်းကိုင်ငန်းတွေ ဆုံးရှုံး နစ်နာခဲ့ကြရသူတွေ ဖြစ်မှာပေါ့။ ကျမတို့ နိုင်ငံရဲ့ ထုံးစံအတိုင်း အစိုးရဆိုသူတွေက ပြည်သူလူထုရဲ့ ဘေးဒုက္ခတွေအပေါ် ဘယ်တုန်းကမှ ဘာတာဝန်မှ မယူခဲ့ကြတာမို့ ခုလည်း သူတို့ဘ၀ကို သူတို့ဘာသာ ပြန်ထူထောင်ဖို့ အားသစ်မွေးနေကြရတဲ့ မျက်နှာတွေပေါ့လေ။ ကျမစိတ်ထဲ
သံသရာကြွေးတွေ ဆပ်နေတဲ့
ရော်ဘာပင်ကဖြင့်
သူ့သွေးတွေကို
တသွင်သွင်ခါထုတ်ပေးနေမှာပါပဲ…
ဆိုတဲ့ မောင်သိန်းဇော်ရဲ့ ကဗျာတစကိုတောင် သတိရမိသေး..။ (၂၀၀၈ မေရဲ့ နာဂစ်မှာလည်း ဒီအတိုင်း… ကျမတို့ ပြည်သူတွေခမျာ ရာဘာပင်များလို သံသရာကြွေးတွေ ဆပ်လို့ မကုန် လေသလား…)။

ဒီလိုနဲ့ ဝေါကိုရောက်လာပြီ။ ဝေါကတော့ တကယ့်ကို သူစိမ်းပြင်ပြင် .. တခါမှ မမြင်ဖူးတဲ့ အသွင်အပြင်နဲ့ ရေတွေဖွေးလို့။ တကယ်ပဲ ပင်လယ်ပြင်အတိ။ ကျမငေးနေကျ.. ရွှေဝါရောင် လယ်ကွင်းတွေ.. စိမ်းနေတတ်တဲ့ ဖရဲခင်းတွေ… ဗေဒါတွေ ကြာဖြူကြာနီတွေ ဝေဆာနေတတ်တဲ့ ရေကန်တွေ… လယ်ကွင်းပြင်ထဲ ဟိုတစု ဒီတစု ရှိနေတတ်တဲ့ နွားအုပ် ကျွဲအုပ်တွေ… တသွင်သွင် စီးနေတတ်တဲ့ ချောင်းရိုးလေးတွေနဲ့ ဟင်္သာတွေ မရှိတော့…။ ပြီးတော့ အိမ်ရှေ့နေပူပူမှာ ငါးရံ့အကောင်ကြီးတွေကို စင်ထိုးပြီး လှမ်းထားတတ်တဲ့ ရွာကလေးတွေ… မရှိတော့။ ကားတွေကတော့ ဝေါကနေ လှည့်ပြန်မှာတဲ့။ ဟိုဘက် ဘုရားကြီးအကျော်မှာ နောက်ကားတစီးကို လက်မှတ်ပြပြီး စီးပါ..တဲ့။

လောလောဆယ်တော့ အဲဒီဝေါကနေ လှမ်းမြင်နေရတဲ့ ဘုရားကြီးအလွန်ထိကို လှေနဲ့ ကူးရမတဲ့။ လှေခက တယောက် ၂၀၀.. တဲ့။ ကျမတို့ သူငယ်ချင်းတစု မဆိုးပါဘူးလို့ ပြောဖြစ်တယ်။ တကယ်တမ်း လှေပေါ်တက်တော့ လုပြီးတက်ရတာ.. ပြီးတော့ လှေပေါ်တင်တဲ့ လူဦးရေက ကြောက်စရာ ကောင်းလောက်အောင် မနိုင်ရင်ကာ..။ ကျမတို့ အဖွဲ့က ရေမကူးတတ်တဲ့ ရန်ကုန်သူတွေချည်း။ ပြီးတော့ ပစ္စည်းပစ္စယတွေကလည်း ပါသေး။ ကျမစိတ်ထဲ ရေလယ်လောက်မှာ လှေကို ယမ်းအောင်လုပ်ပြီး လူပြုတ်ကျရင် ဆယ်ဖို့ ဈေးညှိပြီး ကျေနပ်မှ ပြန်ဆယ်ပေးတယ်ဆိုတဲ့ ဇာတ်လမ်းကို သတိရပြီး ကြောက်နေမိတယ်။ လှေသမားနဲ့ ဈေးခေါ်မယ့်သူတွေကို အရိပ်အကဲကြည့်တော့လည်း တကယ် စိတ်ပူလောက် စရာ ကြမ်းကြမ်းတမ်းတမ်းပုံတွေ.. ထုံးစံအတိုင်း ဆဲလို့ ဆိုလို့တွေပေါ့။ ကျမတို့ထဲမှာ လူက ဆရာမ ထွားထွားကြီးပေမဲ့ စိတ်နုတဲ့ ဘုတ်ဘုတ်က မျက်ရည်လည်နေပြီ။

ဒါပေမဲ့ ကံကောင်းထောက်မစွာပါပဲ လှေပေါ်လုတက်တဲ့သူတွေနဲ့ အပြောအဆို ကြမ်းတမ်းတဲ့ လူတချို့ကြောင့် စိတ်အနှောက်အယှက် အနည်းအကျဉ်း ကြုံခဲ့ရတာကလွဲလို့ ဘေးမသီ ရန်မခဘဲ ဘုရားကြီးကားဂိတ်ထိ ရောက်နိုင်ခဲ့ကြပါတယ်။ ဘုရားကြီးရောက်တော့လည်း ရန်ကုန်ထိဆက်သွားမယ့် ကားကို စောင့်ရပါသေးတယ်။ ထုံးစံအတိုင်းပေါ့ အဲဒီခရီးမှာ ကျမ ခံစားရတဲ့ အမျိုးစုံကို ကျမ “ခြောက်အိပ်မက်” ဆိုတဲ့ နာမည်နဲ့ ၀တ္ထုရေးဖြစ်ပါသေးတယ်။ ၀တ္ထုက အတော်လေး ရှည်သွားလို့မို့ မဂ္ဂဇင်းဝတ္ထုရှည်အဖြစ် မြားနတ်မောင်မဂ္ဂဇင်းကို ပေးဖြစ် ပါတယ်။ ဒါပေမဲ့ အဲဒီဝတ္ထုကို စိစစ်ရေးက ဖြဲဆုတ်လိုက်ပြီး အဲဒီလမှာ မြားနတ်မောင်က ၃ပုဒ်လောက်ဆင်ဆာထိတာကြောင့် warning ပြင်းပြင်းထန်ထန် ထိသွားတယ်လို့ မြားနတ်မောင်ရဲ့ အယ်ဒီတာ ကိုလွဏ်းဆွေ(ဒေါက်တာလွဏ်းဆွေ)က ပြောပြပါတယ်။ အဲဒီ ၀တ္ထုလေးကို တင်ပေးချင်ပေမဲ့ ငှားသွားတဲ့ လူတယောက်က ပြန်မပေးတာမို့ ကျမ လက်ထဲ မရှိတော့ပါဘူး။ အဲဒီဝတ္ထုလေးကို နာဂစ်ကာလမှာတုန်းကလည်း ကျမ သတိရနေမိခဲ့ပါသေး တယ်။

+++++

ရန်ကုန်ပြန်ရောက်တော့ ကြုံရတဲ့ ပြဿနာက ကျမမှာ ကလေးတယောက်နဲ့ နေစရာ အိမ် မရှိတာပါပဲ။ ကိုယ်နဲ့ မပတ်သက်တော့ဘူးလို့ ဆိုရမယ့် ယောက္ခမအိမ်မှာလည်း ဆက် မနေချင်တော့။ မိဘအိမ်မှာလည်း နေစရာ အခန်းပိုမရှိ။ ပြီးတော့ မိဘတွေအိမ်က မြို့ထဲမှာမို့ သား ကျောင်းတက်ဖို့ အဆင်မပြေ။ ကျမနဲ့ သားက ကျောင်းနဲ့ နီးနီးနားနားနေမှ ဖြစ်မှာလေ။ ဒါနဲ့ပဲ ကျမ တက္ကသိုလ်ဆရာများဝန်ထမ်းအိမ်ရာမှာ အိမ်ခန်းလျှောက်ပါတယ်။ ကျမရဲ့ လုပ်သက် ၁၂နှစ်ရယ်.. ကလေးတယောက်နဲ့ လုံလုံလောက်လောက် ဒုက္ခရောက် နေတာရတာရယ် ကြောင့် ရလေမလား မျှော်လင့်တာ။ ဒါပေမဲ့ မရခဲ့ပါဘူး။ အဓိကပြဿနာက အိမ်ထောင်ဦးစီး ခင်ပွန်းမရှိတဲ့အတွက် အမှတ်လျော့လို့ပါတဲ့..။ အလွန်ထူးဆန်းတဲ့ သတ်မှတ်ချက် စည်းမျဉ်းပဲနော်..။ အဲဒါ အဆည ၀န်ထမ်းအိမ်ရာရဖို့ တကယ် ချမှတ်ထားတဲ့ မူပါ.. ။

အဲဒီအချိန်လေးမှာပဲ စီးပွားရေးလုပ်ချင်တယ်ဆိုတဲ့ ရန်ကုန်တက္ကသိုလ်မှာ မဟာတန်းတက်နေကြတဲ့ ကျောင်းသူမလေး နှစ်ယောက်က စားသောက်ဆိုင်တခုလုပ်ဖို့ ပိုက်ဆံလိုတယ်ဆိုတာနဲ့ (ယောက္ခမတွေ တားနေတဲ့ကြားကပဲ) ကိုယ့်ရှိတဲ့ ပိုက်ဆံလေးတွေ အစုစပ် ဆိုပြီး ၀င်ရင်း သူတို့နဲ့အတူ တိုက်ခန်းတခန်း ငှားပြီး အောက်ထပ်မှာ ဆိုင်ခန်းဖွင့်.. အပေါ်ထပ် မှာ အခန်းလေးတခန်းစီ စပ်တူနေဖြစ်လိုက်ပါတယ်။ ကိုယ်က ကျောင်းတဘက် စာအုပ်ကိစ္စ တဘက် လုပ်နေတုန်း ဆိုင်ကလည်း တော်တော်လေး အခြေနေ ကောင်းလာတယ်လို့ ကျမက ထင်ပါတယ်။ ကျမနဲ့ ပတ်သက်တဲ့ဆိုင်လေးမို့ ကျမသူငယ်ချင်းတွေ.. မိတ်ဆွေ အဆိုတော်တွေ.. တပည့်တွေလည်းလာ အားပေးကြသား။ ဒါပေမဲ့ ဘယ်လို ဖြစ်တယ်မသိ.. ကလေးမလေးတွေက ဆိုင်က အရှုံးပေါ်နေလို့ ဘာ ညာနဲ့ ကျမကို ဟိုလိုလို ဒီလိုလိုတွေ စိတ်ဆင်းရဲအောင် ပြဿနာလုပ်လာကြပါတယ်။ ကျမကတော့ တော်တော် နားမလည်နိုင် တာပါပဲ။ အဲဒီတုန်းကလောက် စိတ်ဆင်းရဲ အားငယ်မိတာ မရှိတော့ဘူးလို့ ထင်နေမိ ပြန်ပါတယ်။ ကိုယ့်တပည့်အရွယ်.. ညီမအရွယ်လေးတွေက ကိုယ့်ကို မခန့်လေးစား ဆက်ဆံတာ ပထမဆုံး ခံရဖူးတာကြောင့်ပဲ ထင်ပါရဲ့။ စိတ်ဆင်းရဲလိုက်တာများ။

အဲဒီရက်တွေထဲမှာပဲ “အချစ်အကြောင်းပြောရအောင်” ထွက်သွားပြီး စာအုပ်ကလေးက ဈေးကွက်ထဲ အတော် အဆင်ပြေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဖြန့်ချိရေးကို တာဝန်ယူပေးတဲ့ မိတ်ဆွေဆီကတော့ ငွေရေးကြေးရေး ဖြတ်ပိုင်းပြန်မလာ ဖြစ်ခဲ့ပါတယ်။ ကျမ ရင်းထားသမျှ ကုန်ရောဆိုပါတော့။ ဒါပေမဲ့ ထုတ်ဝေရေးထုံးစံအတိုင်း ပထမအုပ်ထွက်ထားပြီးရင် နောက်တအုပ် ထွက်ကို ထွက်ရမှာမို့ ဒုတိယအုပ်ကို ကျမ ပရိသတ်တွေ တောင်းဆိုလို့ ပထမဆုံးလုံးချင်း “သီချင်းနှင်းဆီ”ကို ပြန်ထုတ်ဖို့ ပြင်ပါတယ်။ အဲဒီအုပ်ကို သူငယ်ချင်း ဆရာကျောင်း(စာရေးဆရာ မျိုးငြိမ်းဆွေ၊ တင်ဇာမော့်သီချင်းများရဲ့ ထုတ်လုပ်သူ ပန်းချီဒီဇိုင်း-မျိုးဆွေသန်း)က မျက်နှာဖုံးရေးပေးတာ သိပ်ကို ကောင်းတာပါပဲ။ သူက ကျမရဲ့ အဲဒီဝတ္ထုကို အဖုံးရေးပေးချင်လို့ဆိုပြီး ပိုက်ဆံလည်း မယူပါဘူး။

အဲဒီစာအုပ်ကိုလည်း မောင်လေးတယောက်လိုဖြစ်နေတဲ့ ထုတ်ဝေသူတယောက်ကို စာအုပ် လုပ်တာကနေစလို့ ဖြန့်ချိရေးအထိ ပုတ်ပြတ်အပ်လိုက်ပါတယ်။ ဒါပေမဲ့ တကယ့် ဇာတ်နာတဲ့ ၀တ္ထုတပုဒ်လိုပါပဲ…။ ကျမ သူ့ကို ထုတ်ဝေရေးအတွက် ကျသင့်တဲ့ ပိုက်ဆံတွေ ပေးလိုက်ပြီး နောက်မှာပဲ သူ ရန်ကုန်ကနေ ပျောက်သွားပါတယ်။ ဘယ်လိုမှ စုံစမ်းလို့ မရတော့ပါဘူး။ ကျမမှာ ရှိသမျှလည်း တကယ့်ကို အကုန် ကုန်တော့တာ။ စာအုပ်လည်း မဖြန့်နိုင်တော့ဘဲ ကျမ သတိလက်လွတ်တွေ ဖြစ်သွားပါတယ်။ အဲဒီအချိန်မှာ ဟို ကလေးမလေး နှစ်ယောက်ကလည်း ဆိုင်မှာ ငွေကြေးဇယားတွေကို အရှုံးပြနေကြပါတယ်။ ကျမမှာ နောက်ထပ် အရင်း ထပ်ထုတ်ပေးရတော့မလို ဖြစ်နေတာ။ ထပ်ထုတ်စရာမရှိလို့ ရှယ်ယာကို ထွက်တော့မယ်ဆိုတော့လည်း မရဘူးတဲ့။ ဖြစ်ချင်တော့ အဲဒီတုန်းက စိစစ်ရေးက ‘ခြောက်အိပ်မက်’ ၀တ္ထုကို ဖြဲပြီးနောက်ပိုင်း ကျမကို Black list မှာ ထည့်ထားလို့ ၀တ္ထုတို တွေတောင် ရေးမရ ဖြစ်နေတဲ့အချိန်။

လက်ထဲ ပိုက်ဆံတပြားမှ မကျန်တော့လို့ ရင်တွေပူပြီး တညလုံး အိပ်မပျော်နိုင်ဘဲ မိုးစင်စင်လင်းသွားတယ်ဆိုတဲ့ အခြေအနေမျိုးဟာ လက်တွေ့ဘ၀တွေထဲ တကယ် ရှိပါလားလို့ ကိုယ်တိုင် ရင်ဆိုင်ခဲ့ရတဲ့ အချိန်တွေပေါ့။ အဲဒီတုန်းက ကားလမ်းဖြတ်ကူးတဲ့အခါ မီးစိမ်းမီးနီမကြည့်ဘဲ ဖြတ်ဖြတ်ကူးမိတာလည်း ခုထိ သတိရတုန်း..။ မီးစိမ်းကြီးကို ငေးငေးငိုင်ငိုင် ဖြတ်ကူးနေတုန်း ကားပေါ်က ကားသမားတွေက ‘သေချင်လို့လား’လို့ အော်သွားတာကို ‘အင်း.. သေချင်လို့..’ လို့ ပြန်ပြောခဲ့ဖူးတာလည်း မှတ်မိသေးတယ်။ ဘေးကုတင်မှာ အိပ်ပျော်နေတဲ့ သားကို ထိုင်ကြည့်ရင်း မျက်ရည်တွေကျပြီး ငုတ်တုတ် မိုးလင်းသွားခဲ့ဖူးတဲ့ ညတွေကိုလည်း သတိရတယ်။ သားအမိနှစ်ယောက် သေတ္တာနှစ်လုံး အိပ်ယာနှစ်ခု.. စာအုပ်တွေ.. ထမင်းစားပန်းကန် နှစ်ချပ်.. ဟင်းပန်းကန် နှစ်လုံး.. ထမင်းပေါင်းအိုးလေးတစ်လုံး.. ဒယ်အိုးလေးတစ်လုံး.. လျှပ်စစ်မီးဖိုလေးတစ်လုံး.. ဒန်ရေနွေးအိုးလေး တစ်လုံးတည်းနဲ့ နေခဲ့ရဖူးတယ်။ သားကလေးက TV ကြည့်ချင်လို့ ပူဆာပြီး တဘက်အိမ်က TV ကို လမ်းမဘက်က ရပ်ပြီး ချောင်းကြည့်နေတာကို ကြည့်ပြီး မျက်ရည်ကျ နေခဲ့ရဖူးတယ်။ (တကယ်တော့ အဖိုးအဖွားတွေက တတ်နိုင်သူတွေဖြစ်ပါလျက်နဲ့ သား အဲလိုကြုံရတာက ကျမ ခေါင်းမာ မာနကြီးလို့လေ.. )။

အဲဒီ အဖြစ်အပျက်ဆိုးတွေက ကျမဆီမှာ ပြိုင်တူလို ဖြစ်ခဲ့တာပါ။ (နောက်ပိုင်းမှာ သူငယ်ချင်းတွေ ပြောပြတာတော့ အဲဒီအချိန်တွေမှာတုန်းက ကျမ စကားပြောတာတွေက ပုံမှန်မဟုတ်ဘူးတဲ့။ ကျမ ရူးသွားပြီလို့တောင် ပြောနေကြပြီလို့ ဆိုပါတယ်။)

အဲဒီအချိန်တွေမှာပဲ အဖေက ကျမကို မင်းတော်တော် ညံ့တာပဲလို့ အပြစ်တင်ပါတယ်။ ကျမ စိတ်ထိခိုက်လိုက်တာ.. ဟုတ်တာပေါ့..။ မိတ်ဆွေဆိုသူတွေက လိမ်တာကို ခံရတယ်။ ပြီးတော့ ကိုယ့် ညီမအရွယ် တပည့်အရွယ် ကောင်မလေးနှစ်ယောက်က လှည့်နေတာကို ခံနေရတယ်။ ဒီကြားထဲ ဒုတိယတန်းကျောင်းသား သားကြီးရဲ့ ဝေယျာဝစ္စ.. ကျောင်းကိစ္စတွေနဲ့..။ ကျမ ဘယ်လောက် ကျိတ်ခံစားနေခဲ့သလဲ ကျမ မသိပါ… ။ ကျမ ပြင်းပြင်းထန်ထန် ခံစား နေခဲ့ရပါလားလို့ တွေးမိလိုက်တဲ့ အချိန်မှာတော့ ကျမက သျှင်ပါကူဆေးတိုက်ရဲ့ အရေးပေါ်ခန်းထဲမှာ ရောက်နေပါပြီ။

အဲဒီညမှာ ကျမ နောက်ဆုံး သတိရလိုက်တာက ဘယ်ဘက်ရင်ဘတ်ရဲ့ အထဲထဲက ထိုးအောင့်လာလို့ ကျမရဲ့ တဘက်ဘေးက ကုတင်မှာ အိပ်နေတဲ့ သားကို လှမ်းနှိုး လိုက်တာပါပဲ။ သားက ပြန်ပြောပြတာတော့ ကျမ သူ့ကုတင်ဘေးမှာ ၀ုန်းကနဲ လဲကျသွားလို့ သူလန့်နိုးသွားတာပါတဲ့။ ကျမကို ကလေးမလေးနှစ်ယောက်ကပဲ သျှင်ပါကူဆေးတိုက် အရောက် ပို့ပေးခဲ့ကြပါတယ်။ ကျမသတိရလာတော့ ကျမလက်မှာ အပ်တွေ အစင်းစင်း ထိုးထားပြီး တကိုယ်လုံး ပူနွေးလို့။ ကောင်းကောင်းသတိရလာပေမဲ့ ကျမရဲ့ ခြေထောက်တွေ လှုပ်လို့ မရတော့ပါဘူး။ ကျမသူငယ်ချင်းတွေက စိတ်ပူလို့ ကျမ မိဘတွေဆီ ဖုန်းဆက်လိုက်တာမို့ ကျမ အိမ်က လိုက်လာကြပါတယ်။ အမေက ငိုလို့..။ ကျမ ခေါင်းမာလို့ ခုလို ဖြစ်ရတယ်ပေါ့။ အံ့သြစရာ ကောင်းလောက်အောင်ပါပဲ.. ကျမ အောက်ပိုင်းသေသလို ဖြစ်သွားခဲ့တာပါ။ သားကိုတော့ ပုဂံလမ်းက သူ့အဖိုးအဖွားတွေဆီပဲ ပို့ရပြန်တာပေါ့။ ကျမကကတော့ မိဘအိမ်ကို လိုက်သွားခဲ့ရပါတယ်။ ကျမစိတ်ထဲ တသက်တာတော့ သွားပြီလို့ ထင်ခဲ့တာ။ အဲဒီအချိန်……….. ဘ၀မှာ ဘာမှ အရေးမကြီးတော့ဘူးလို့ နှလုံးသွင်းပြီး နေတော့တဲ့ အချိန်ပေါ့။

+++++

အဲဒီအချိန်မှာလည်း ကျမကို ဆေးကုဖို့ ကြိုးစားရတာက သားကြီးကို မွေးကတည်းက ကူခဲ့ရတဲ့ ဒေါက်တာသန်းထွဋ်(လင်း(ဆေး-၁)) ပါပဲ။ ကိုသန်းထွဋ်ရဲ့ အကူအညီနဲ့ ဆေးရုံကြီးရဲ့ Physio Therapy Department မှာ ကျမရဲ့ ခြေထောက်အောက်ပိုင်းကို Electric shock သွား သွား ပေးရပါတယ်။ တစ်ပတ်အတွင်းမှာပဲ ကျမခြေချောင်းလေးတွေ တော်တော် လှုပ်လာပါတယ်။ ဒါပေမဲ့ ရင်ဘတ်ရဲ့ ဘယ်ဘက်ခြမ်းက အောင့်အောင့်နေတာက မသက်သာဘဲ ခြေထောက်တွေ လက်တွေမှာ သွေးကြောတွေ ပေါက်သလို အနီကွက်တွေက များ များ လာပါတယ်။ နှလုံး အထူးကု ဒေါက်တာမျိုးဝင်းကတော့ နှလုံးရောဂါ မဟုတ်ပါတဲ့။့ Rheumatic arthritis လို့ ပြောပါတယ်။ လေးဘက်နာဆိုပါတော့။ အဲလိုနဲ့ အင်မတန်မှကို နာတဲ့ ပင်နင်စလင်ဆေးကို ၃နှစ်လောက်ထိုးရမယ်..တဲ့။ လောလောဆယ် ဆရာဝန် အကူအညီနဲ့ အိပ်ယာထဲ လုံးလုံးနားရမယ်..တဲ့။ ဖြစ်နိုင်ရင် ဆေးရုံတက်ပါတဲ့။

ကျမခမျာ.. ရှိသမျှ ပိုက်ဆံကလည်း ၃ခါဆက်တိုက် အလိမ်ခံရသလိုဖြစ်လို့ ဆေးဖိုး မတတ်နိုင်တော့။ ပြီးတော့ ကျောင်းကလည်း ဆေးရုံတက်မှ ‘ဆေးခွင့်’ရမယ်တဲ့။ ဒါနဲ့ပဲ ကျမ ဂရုစိုက်မှုကောင်းကောင်းမရနိုင်တာ သေချာပေမဲ့ ဈေးအသက်သာဆုံးဖြစ်တဲ့ တက္ကသိုလ် ဆေးရုံကိုပဲ တက်ရပါတော့တယ်။ တက္ကသိုလ်ဆေးရုံမှာက ကျောင်းပိတ်ချိန်ကလည်း ဖြစ်ပြီး များသောအားဖြင့်က သာမန် ရုံးဝန်ထမ်းတွေပဲ အများဆုံးတက်တာမို့ ကျမကိုလည်း Special room စီစဉ်ပေးပြီး နောက်ပိုင်းတော့ ပစ်ထားလိုက်တာပါပဲ။ ဒါပေမဲ့ ဘာမှ မတတ်နိုင်ပါဘူး။ မြန်မာနိုင်ငံမှာကတော့ တက္ကသိုလ်က လက်ထောက်ကထိကဆရာမ.. အတန်သင့်တော့ လူသိများတဲ့ စာရေးဆရာမတစ်ယောက် ဟာလည်း ပိုက်ဆံမရှိရင် အနှိမ်ခံရ.. ပစ္စလက္ခတ် အထားခံရတာပါပဲ။ အဖေနဲ့အမေတလှည့်.. ယောက္ခမတွေတလှည့်.. ထမင်းပို့ကြပြီး ကျမကို ညီမ အငယ်ဆုံးလေးကပဲ အစအဆုံး ပြုစုရတာပေါ့..။ သူ့ခမျာလည်း ပင်ပန်းလို့၊ အဲဒီ အချိန်ထိလည်း ကျမ ခြေထောက်အောက်ပိုင်းက ကောင်းကောင်း လှုပ်မရ သေးဘဲ ဒရွတ်ဆွဲနေတုန်းပါ။ ဒီကြားထဲ စာပေလောကထဲမှာလည်း မေငြိမ်းတယောက် AIDS ဖြစ်လို့ဆိုပဲ..။

အဲဒီ အချိန်လေးမှာပဲ ရာကျော်က ကျမ နေမကောင်းတဲ့ သတင်းကြားပြီး ရွာကနေ လိုက်လာပါတယ်။ သူ ကျမဆီရောက်လာချိန်မှာ တော်တော်တုန်လှုပ်သွားပုံရပါတယ်။ ကျမက ခြေတွေ လက်တွေ ယောင်အမ်းပြီး… ဆေးရုံပေါ်မှာ ပက်လက်..။ သူသိခဲ့တဲ့ သွက်သွက်လက်လက် စွာတာတာ မာကျောကျော ဆရာမတယောက် မဟုတ်တော့။ ကျမကတော့ “အချစ်အကြောင်းပြောရအောင်”၀တ္ထု ထွက်ထားတာမို့ မျက်နှာက ခပ်ပူပူ။ သူက တုန်လှုပ်ပေမဲ့ အရင်ကလိုပဲ ကျမကို စကားသိပ်မပြောဘဲ ညီလေးနဲ့ပဲ စကားတွေ ပြောနေပါတယ်။ ပြီးတော့ သူ့အကျင့်အတိုင်း စာအုပ်တအုပ်ထိုင်ဖတ်နေတာပါပဲ။ ကျမက မင်းဘယ်တော့ပြန်မှာလဲမေးတော့ အေးအေးဆေးဆေးပေါ့.. တဲ့။ အငယ်မလေး ပင်ပန်းနေပြီ.. ကျနော် တလှည့်စောင့်မယ်တဲ့..။ ဟဲ့ အဲလို စောင့်လို့ မရဘူး.. ပြောတော့ Nurse တွေကို သွားပြောပြီး ကပ်လျက်ရှိနေတဲ့ အမျိုးသားလူနာဆောင်မှာ အိပ်ပြီး စောင့်ပါတယ်။ ဆေးရုံမှာ ကျမ တစ်လကျော် ကြာခဲ့ပါတယ်။ သူက ရွာတချက်ပြန်လိုက်.. ပြန်လာလိုက်ပေါ့။ အမှန်အတိုင်းပြောရရင်တော့ အဲဒီတုန်းက သူရှိနေတာက စိတ်ထဲ အားတော်တော်ရှိတာပါ..။ (နောက်မှ ပြန်ပြောပြတာ သူ့အမေက သူ ရန်ကုန်လာမှာစိုးလို့ သူ့ပိုက်ဆံတွေ ဖွက်ထားတာတို့ ဘာတို့ လုပ်တာတဲ့..။ သူက သူစီးနေကျ ပြိုင်ဘီးလေးရယ်.. လက်ပတ်နာရီရယ် လက်စွပ်ကလေးရယ်ကို ရောင်းပစ်လိုက်ပြီး ရအောင်လာတာ တဲ့လေ..)။

+++++

ဆေးရုံပေါ် တလကျော်ကျော် နေပြီးတော့ ကျမ တော်တော် နေကောင်းသွားပါတယ်။ ခြေထောက်တွေလည်း ပုံမှန် ပြန်လှုပ်နိုင်ပါပြီ။ ဆရာဝန်တွေကလည်း ဆေးရုံက ဆင်းလို့ရပြီတဲ့။ လူတိုင်းလူတိုင်း ဆေးရုံက ဆင်းရင် ပျော်ကြတာ.. ကျမကတော့ ဆေးရုံက ဆင်းရင် ဘယ်သွားရပါ့လို့ ပူနေမိပါတယ်။ မိဘအိမ်သွားဖို့ဆိုရင်လည်း သားနဲ့ အတူ မနေရပါဘူး။ သားနဲ့ အတူနေဖို့ဆိုရင်လည်း ကိုယ့်ဘာသာ အိမ်ငှားရတော့မှာ…။ တက္ကသိုလ်က ဆရာမတယောက်ရဲ့ဘ၀ အဲလောက် ဘ၀အာမခံချက်နည်းပြီး အောက်တန်း နောက်တန်းကျရသလားလို့ တွေးပြီး ကိုယ့် ဘ၀ကို စိတ်နာနေမိတဲ့ အချိန်တွေ ပေါ့..။ နောက်ဆုံးတော့ ရာကျော့်အကူအညီ နည်းနည်းယူ.. သူငယ်ချင်းတယောက်ဆီကနေ ပိုက်ဆံ နည်းနည်းချေးပြီး အိမ်ငှားရပါ တော့တယ်… သားနဲ့ နေချင်တာကိုး…။

လှိုင်တက္ကသိုလ်ဆရာများအိမ်ရာဝင်းက ဈေးတန်ပြီး သားအမိနှစ်ယောက်တည်းနေဖို့လည်း လုံခြုံတယ်.. နောက် ဆရာဆရာမတွေပဲ ပြန်ငှားစားတာမို့ ကိုယ့် ဆရာဆရာမ၀န်းကျင်ပဲဆိုပြီး တစ်လ ၃၀၀၀ နဲ့ ၆လစာချုပ်နဲ့ အိမ်ငှားလိုက်ပါတယ်။ (ကျမလစာကမှ ၁၇၀၀ပါ)။ ပြီးတော့ သားအတွက် TTC ကျောင်းကားကလည်း ဒီဝင်းထဲ ၀င်တယ်လေ။ အိမ်ခန်းလေးက ပေ၂၀ ပေ၅၀ နှစ်ခန်းစာမို့ ကျမတို့ သားအမိနှစ်ယောက် ပစ္စည်း နည်းနည်းလေးနဲ့ ချောင်ချိလို့ပေါ့..။ အနီးအပါးမှာ ကျမနဲ့ သိပ်ခင်တဲ့ သူငယ်ချင်း လင်မယားလည်း နေတာမို့ စိတ်ထဲ အဖော်ရတာလည်း ပါပါတယ်။ သူငယ်ချင်းလင်မယားက ကလေး မရှိသေးတော့ သားလေး TV ကြည့်ဖို့လည်း စိတ်မပူရတော့ဘူးပေါ့။ အဲဒီတုန်းက ကျန်ကျောင်း ပေါင်ချိန်ကားနဲ့ စွန်ဝူခုန်းကားတွေကို သားက မလွတ်တမ်းကြည့်ချင်တာလေ..။

၉၈ရဲ့ မိုးရက်တွေမှာတော့ ကျမက ပူလောင်ပြင်းပျရတာတွေနဲ့….။ တနေ့တနေ့ ဘာဝင်ငွေမှ မရှိဘဲ.. လစာ ၁၇၀၀ကို ဘလိုမှ လောက်ငှအောင် မသုံးနိုင်.. သားစရိတ်နဲ့..။ မိဘဆီလည်း လက်ဖြန့်မတောင်းချင်..။ ဒါတောင် အမေက ဆန် နဲ့ ဆီ တစ်လစာ ပို့ပေးနေတာ။ စိစစ်ရေးကလည်း ကျမ စာတွေကို pass မလုပ်သေး။ ကျောင်းပိတ်ရက်တွေမို့ ကျူရှင် ကလည်း မရှိ။ စားဝတ်နေရေးအတွက် ကျူရှင် လိုက်ရှာသင်ရတာမျိုးလည်း မလုပ်နိုင်။ နောက်ဆုံးတော့ သူ့မိဘရဲ့ လယ်ထဲနဲ့ ဆီစက်မှာ အလုပ်သမားပြန်လုပ်ပြီး ရတဲ့ လုပ်ခကို ကျစ်ကျစ်ပါအောင်စုပြီး ကျမဆီလာလာပို့တဲ့ ရာကျော့်အကူအညီကိုပဲ… အားနာနာနဲ့ ယူနေရ..။ သားကတောင် ရာကျော်ရောက်လာရင် ပျော်နေတတ်ပြီ။ ဘေးဝန်းကျင်က မျက်လုံးတွေအောက်မှာတော့ ကျမတကယ်ပဲ ရှက်ရွံ့ ကြေကွဲနေမိခဲ့။ ဒီလိုနဲ့…………..
အဆုံးမရှိအောင် ကျယ်ဝန်းတဲ့
အမှားထဲ…
တိမ်တွေက လှလိုက်တာ
ကိုယ့်မှာ တရားးနဲ့ ဖြေရတယ်။


(မောင်သိန်းဇော်)



+++++



16 comments:

Nyo Htet Nyo said...

ဆရာမရေ…မျှော်နေတာ ကြာပြီဗျို့….အခုမှပဲ ဖတ်ရတော့တယ်ဗျာ…အလုပ်များနေတယ် ထင်ရဲ့….၉၈ထဲမှာ RC1,2,3 နဲ့ main က လုံးလုံး ပိတ်ထားတာလား….အခြား သင်တန်းတွေ ဖွင့်ထားသေးလား….အဝေးသင်ဆိုတာတော့ စနေပြီ ထင်ရဲ့ခင်ဗျာ….ကျွန်တော်တို့ YIT မှာတော့ ညပိုင်း ဒီပလိုမာ သင်တန်းတွေ ဖွင့်တာမှတ်မိတယ်။ နောက် RC1,2,3 က ကျွန်တော့်သူငယ်ချင်းတွေ ဒုတိယနှစ်စာမေးပွဲကို အထက်တန်းကျောင်းတွေမှာ သွားဖြေရတာ မှတ်မိတယ်။ ကျွန်တော်တို့ကတော့ ခုနစ်ရက်ကျောင်းပြန်ဖွင့် ပြီး စာမေးပွဲ ဖြေရတယ်။ နောက် တာဝ ဆိုတာကော အစပြုပြီလား (ကျွန်တော်ထင်တာတော့ မစသေးဘူးထင်တယ်)…အဲဒါ လေးတွေ ကွန်မင့်လေး ပြန်ရေးပေးပါခင်ဗျာ…ကျန်းမာပါစေ…

Nyo Htet Nyo said...

နောက်တခု ကျန်ခဲ့လို့ ဆရာမရေ…ဒုတိယနှစ် စာမေးပွဲတွေကို ဖြေပြီးတော့ main မှာ တက်ခွင့် ရတဲ့သူက ( honours ဝင်တဲ့သူလို့ ခေါ်တယ်ထင်ပါတယ်) မိန်းကလေးတွေ ချည်းလိုလို ဖြစ်နေတာ မှတ်မိပါတယ်။ မိန်းကလေးအများဆုံးနှစ် လို့တောင် သမိုင်းတွင်သွား ခဲ့သလားပဲခင်ဗျ။ ယောက်ျားလေးတွေ main ထဲ ပြန်ရောက်မလာအောင် မိန်းကလေးတွေ ကိုပဲ ဦးစားပေးခေါ်လိုက်တယ်လို့ သတင်းထွက်ခဲ့ပါတယ်။ အဲဒါလေးလဲ ဆရာမ သိရှိသလောက် အတိုင်းအတာကို ဖြေကြားပေးပါဦးခင်ဗျာ။

ရွာသားလေးဝိုင်တီယူ said...

ဆရာမရေ ကျနော်လည်း တခါက လမ်းမကြီးမှာ ခပ်တည်တည်နဲ့ကူးခဲ့ဘူးတယ်။ ကားဆရာကသေချင်လို့လားမေးတာတောင် ကားရှေ့ကမရွေ့ပဲ ပြန်ကြည့်နေမိတယ်တဲ့။ ဘ၀ဆိုတာကို ဖြတ်သန်းရတာ တစ်ချို့အခါတွေက သိပ်ပင်ပန်းတယ်ဗျာ။ ကိုယ်မလုပ်တဲ့ ပြစ်မှုတွေအတွက် စတေးရတာမျိုးဆို မခံချိမခံသာလေ။

MANORHARY said...

ဟုတ်ပါရဲ့အမရယ်။ဘ၀ဆိုတာကိုယ်မလုပ်ချင်တာတွေပဲ
လုပ်နေရ။ကိုယ်မဖြစ်ချင်တာတွေပဲဖြစ်နေရတဲ့ကာလရှည်
ကြီးနဲ့သိပ်တူတာပဲ။ ဖတ်ပြီးမောသွားပါတယ်။

Eike lay said...

ဖတ်ဖတ်မော ဆိုတာ ဒါကိုပြောတာလား ဆရာမရယ်..
ရင်ဘတ်နဲ့ ဖတ်ပြီး နင့်နင့်သီးတီး(သည်းသည်း)ကို မောသွားတာပဲ..
(ဘာပဲဖြစ်ဖြစ်လေ နောက်ပိုစ့်တွေလည်း မောလျှက်နဲ့
မျှော် နေအုံးမယ်)

သက်ဝေ said...

ဆရာမရေ...
အမောတွေ ကူးစက်သွားတာမို့  ဆရာမနဲ့  ထပ်တူ ခံစားလိုက်ရပါတယ်... အပိုင်း ၃၁ ကိုလဲ
အချိန်ရတာနဲ့  ဆက်ရေးပါအုံးနော်...

*** အဲဒီစာအုပ်လေး အိမ်မှာရှိတယ်...

Moe Cho Thinn said...

လူ့ဘ၀မှာ တခါတလေတွေမှာ ခက်ခဲကြမ်းတမ်းတဲ့ အချိန်တွေဆိုတာ ရှိတတ်ပါတယ်။ ဒါကို ဖတ်ပြီး ငါ ကျော်ဖြတ်နိုင်ခဲ့ပြီ လို့ ဆရာမ ပြောလို့ရပါပြီ။

အဲဒီအချိန်တုန်းက ချိုသင်းတို့ စင်ကာပူမှာမို့ ဆရာမ အဲဒီလောက် နေမကောင်းဖြစ်တာ တကယ် မသိလိုက်ဘူး။ ပြန်ဖတ်တော့ တကယ်ပဲ စိတ်မကောင်းမိဘူး။

sin dan lar said...

ညနေက တစ်ခေါက်ဖတ်တယ်.. ခုတစ်ခေါက်လာဖတ်တယ်..။
စိတ်မကောင်းဖြစ်မိတယ်...။

ခင်မင်းဇော် said...

အဲဒီတုန်းက တို့က လွိုင်ကော်မှာ..
မေငြိမ်းနေမကောင်းဖြစ်နေပြီ ဖုန်းတောင်မပြောနိုင်တော့ဘူးတဲ့.. သတင်းတွေရနေတယ်..
ကိုယ်တိုင်လဲ ကယားပြည်နယ် အပြင်ဖက် ထွက်မရ.. တော်တော် စိတ်ညစ်ခဲ့ရတဲ့ အချိန်ပဲ.. မှတ်မိနေတယ်..
၁၉၉၈ ဟာ တို့ဘ၀မှာ တော်တော် စိတ်ညစ်ဖွယ်ရာတွေ ပြည့်နှက်နေခဲ့တာပဲ... တောင်မင်း မြောက်မင်း မကယ်နိုင်တွေလေ..
တို့တွေက ရာသီခွင်တူတွေဆိုတော့ တယောက် စိတ်ညစ်နေရင် ကျန်တယောက်လဲ မလျော့တဲ့ စိတ်ခံစားမှုတွေနဲ့ မဟုတ်လား...
ဒါပေမယ့် တို့တွေ ကျော်ဖြတ်နိုင်ခဲ့ကြတယ်နော်...

မေ့သမီး said...

အစ်မရေ ဖတ်ပြီး ရင်မောသွားတယ်။ မြန်မာလူမျိုးတွေ ရဲ့ ရိုင်းပင်းကူညီမှု၊ ရိုးသားဖြူစင်မှုဆိုတာ ဘယ်တွေရောက်ကုန်ပြီလား။ တစ်ဘက်က အုပ်ချုပ်သူလူတန်းစားကို ထားလိုက်ဦး။ ဘာလို့ ကိုယ့်အချင်းချင်းကြားမှာ အမြီးကျက်၊ အမြီးစား၊ ခေါင်းကျက်ခေါင်းစားလုပ်ချင်ကြတာပါလိမ့်။

cohtet said...

တီချယ်ကြီးရေ ရွှေတိုးတော့ မနေ့ကမှ ၃၀ ကနေ စဖတ်ပြီး၊ ဒီနေ့တော့ ၁ ကနေ အစအဆုံး ဖတ်မယ်တဲ့။

သူတောင်ပြောနေသေးတယ်။ မိန်းထဲက အိမ်လေးကို ကျွန်တော်တို့ ရောက်ဖူးတယ်၊ ဒါပေမယ့် တီချယ်ကြီးက ခပ်မာမာ ဆိုတော့ ခုမှ သူ ဒီအကြောင်းတွေ သိတယ်တဲ့။

ငထက်

mm thinker said...

ဇာတ်က တကယ်နာရင် ဝတ္ထုထက်တောင် ဆိုးပါသေးလား။

eaindraomtt said...

အစ်မ......

နေကောင်းရဲ့လား...

ဇာတ်မနာနာအောင်ဖြည့်စွက်ပြီးရေးထားတဲ့ ၀တ္ထုတစ်ပုဒ်လို....
ကိုယ်တိုင်ခံစားခဲ့ရသူမပြောနဲ့
ဖတ်နေရတဲ့လူတွေတောင်...မှ
ရင်ထဲ မချိဘူး..အစ်မရယ်.......

M.Y. said...

အလွမ်းပြေ (၃၀) က တစ်စစီကွဲကြေနေတဲ့ ဘ၀အမောတွေကြားထဲကိုဆွဲခေါ်သွားတယ်..

လောကထဲ ဒုက္ခရောက်နေချိန်မှာကိုယ့်အနားရှိသူတွေသာဘ၀မှာမိတ်ဆွေစစ်လို့ ဆိုတယ်မဟုတ်လား

အဲဒိထဲမှာ ရာကျော် ဆိုတဲ့အိုအေစစ်ငလေးတစ်ခု ကိုစာဖတ်သူတွေလှမ်းမြင်ခွင့်လိုက်ရတယ်..ကြည်နူးစရာပဲ

wai said...

This is 3 times I read this post.
It so hurt and i don't know how to say.
In our life, we can't avoid some part eventhough we don't way to say or dream again. But u can pass it.
I do wait for 31.
Sayama yay, have a nice day naw.

Ko Boyz said...

ဝင်ဖတ်ဖြစ်နေတဲ့ အကြောင်း ထုံးတို့တာပါ။
ကော်မန့်မှားနှိပ်မိလို့ ရန်ဖြစ်နေတဲ့ အထဲရောက်သွားတော့ နည်းနည်း ကြောင်သွားသေးတယ်။ ဆက်ရေးပါခင်ဗျား...။