Sep 18, 2009

အရင်အတိုင်း ရန်ကုန်



ရန်ကုန်ဟာ ကျမရဲ့ မွေးရပ်မြေ...။
စည်ကားတဲ့လမ်းတွေပေါ် မက်မက်မောမော လျှောက်ခဲ့တာပဲ။
မြို့လယ်ခေါင်ကစ ဆင်ခြေဖုံးမြို့သစ်တွေဆီအထိ... ချစ်ခဲ့တာပါပဲ။
ပြီးတော့ ကျောင်းတက်ခဲ့ရာ ရန်ကုန်တက္ကသိုလ်ဝင်း၊ ဆရာမ လုပ်ခဲ့ရာ လှိုင်တက္ကသိုလ်၊ နေခဲ့ဖူးတဲ့ စက်မှုတက္ကသိုလ်ဝင်း... အားလုံးဟာ စွဲလန်းစရာ..။

ဒီလိုပါပဲ... ဘယ်သူမဆို ကိုယ့်ဇာတိမြေကို ရှာကြံစွဲလန်းကြမှာပါပဲ..နော်။


ရန်ကုန်ရဲ့ဘ၀ထဲ မွန်းကျပ်မှုတွေ ဘယ်အချိန်လောက်က စရောက်လာခဲ့သလဲ.. မမှတ်မိချင်တော့။ သတိထားမိတဲ့အချိန်မှာတော့ အုံ့မှိုင်းမှောင်ဝေနေတဲ့ နိမိတ်ပုံကို တွေ့လိုက်ရပြီ။
ရပ်တည်ရာ ဘ၀အခန်းကျဉ်းလေးတောင် မှောင်လို့..........

"ငါ့အခန်းလေးထဲမှာ အလင်းတန်းများ ပျောက်ကွယ်...
ကြာလာရင် အမှောင်နဲ့ နေသားကျတော့မယ်...
ငါ့အခန်းထဲကနေ အပြင်ကို ထွက်...
ရန်ကုန်မြို့ကြီးလည်း ငါ့အတိုင်းပဲ..."

စာသင်ခန်းထဲက တပည့်တွေမျက်လုံးက အေးစက်မှောင်မိုက်..
သူတို့က ပညာရချင်တာမဟုတ်ဘဲ ဘွဲ့တခုသာ ရချင်ကြတာတဲ့။
ဒါဟာ တန်ဖိုးမဟုတ်ဘူးလို့ ကျမပြောတဲ့အခါ သူတို့က လက်မခံချင်ကြ။
စာမေးပွဲအဖြေလွှာပေါ်မှာ မေးခွန်းတွေ ချည်း ရေးကူးပေးလိုက်တဲ့ ကျောင်းသားလည်း စာမေးပွဲအောင်ပါတယ်။
န၀ဒေးရဲ့ကဗျာဖြေခိုင်းတာကို နတ်သျှင်နောင်ကဗျာရေးထည့်ထားလည်း စာမေးပွဲ အောင်ပါတယ်။ အင်္ဂလိပ်မြန်မာ ပထမစစ်အကြောင်းမေးတာကို ဒိုင်အာခီအုပ်ချုပ်ရေးပဲရလို့ ဖြေခဲ့တယ်ဆိုတဲ့သူကိုလည်း အအောင်ပေးရမယ်တဲ့။

နောက်တော့ အောင်စာရင်းထွက်တဲ့အခါ မဖြေနိုင်ခဲ့တဲ့ကျောင်းသားတွေက အောင်စာရင်းပေါ်က သူတို့နာမည် တွေကို အော်ဖတ်ပြီး ဆရာမတွေရှေ့မှာ လှောင်တောင်တောင် ရယ်ကြ။
အဲဒီအခါ ကျမရဲ့ ကိုယ်ပိုင်အခန်းလေးက မှောင်အတိကျ..။
ကိုယ့်ရဲ့ဆရာမဘ၀ထဲ..ရှက်ရွံ့ကြေကွဲလာ..။
ဒါဖြင့် ကျမရဲ့ နံဘေးဝန်းကျင်မှာကော..။
ကျူရှင်တ၀ိုင်း တစ်သိန်း... ရုံးးတွေမှာလည်း အဆင်ပြေချင်ရင် တစ်သိန်း.. ဆေးရုံမှာလည်း တစ်သိန်းလောက် တော့ပေး..။ ဘာပဲ မဟုတ်တာလုပ်လုပ်ရတယ်.. ပေး(x)သိန်း..။ ဒီလိုနဲ့ အမှောင်ထုက တဖြည်းဖြည်းသိပ်သည်း ကြီးစိုးလာခဲ့။
ရိုးသား ကြိုးစားမှုက ထမင်းလာ မကျွေးဘူးဆိုပဲ..။
အဲဒီအခါ ကျမကိုယ်တိုင် အမှောင်နဲ့ ကျင့်သားရမှာ ကြောက်လာခဲ့။

+++++

"ငါ့အတ္တကို အိတ်နဲ့ ထုပ်လိုက်တယ်...
လူမမြင်အောင် ယူကာ အမှိုက်ပုံးလေးထဲထည့်...
ကွဲသွားတဲ့ ငါ့ရင်ခုန်သံတွေ ပြန့်ကျဲ...
ရန်ကုန်မြို့ကြီးးလည်း ဒီအတိုင်းပဲ..."

ရိုးသားဖို့ ကြိုးစားတဲ့အခါ ဘ၀ထဲမှာ ရေဆာရတာ.. ထမင်းဆာရတာတွေ များလာတယ်။
ကျောင်းသားတွေက "ရော့ဆရာမ..ကျူရှင်လခ" လို့ ခပ်ပြုံးပြုံးပေးတဲ့အခါတွေမှာ
အတ္တက တကယ်ပဲ အမှိုက်ပုံးထဲ ရောက်ရောက်သွားတယ်။
ရှက်စရာကောင်းလိုက်တဲ့ဘ၀လို့ ခံစားရတဲ့အခါ အမှောင်ထဲ တိတ်တဆိတ် ကြေကွဲ...။
အတ္တတခုလုံး အမှိုက်ပုံးထဲ ရောက်သွားချိန်မှာ လူကတော့ စိန်ရောင်ရွှေရောင် ပြိုးပြိုးပြက်ပြက် လက်ပ..လို့၊ ရန်ကုန်မြို့ကြီးရဲ့ လမ်းတွေပေါ် ပပလွှားလွှားလျှောက်ခဲ့..။
ကဲ... အဲဒါကကော တကယ်ပဲ ကျေနပ်ဝင့်ကြွားစရာလား။
(ရင်ထဲမှာတော့ တိတ်တိတ် အသည်းကွဲနေခဲ့ရတာ ကိုယ်သာ အသိဆုံးပေါ့)

+++++

"အချိန်တွေ ဖြုန်းတီးပစ်ခဲ့တယ်...
တမင်တကာ ကာရံထား...
ဒီတံတိုင်းများ ခြားရင်းနဲ့...
ဘ၀ရဲ့ ထွက်ပေါက်အဖြေမှန်ကို ရှာဆဲပဲ...
ရန်ကုန်မြို့ကြီးလည်း နာဖျားဆဲ..."

နှစ်လေးဆယ်..။
ရန်ကုန်မြို့ကြီးဆီမှာ မွန်းကျပ်လွန်းလို့ဆိုပြီးတော့ ..

သူ့ဆီကနေ မကြာခဏ ခွာပြီး မြန်မာပြည်တနံတလျား.. သွားသွားလာလာ..လည်လည်ပတ်ပတ်။
အိမ်ပြင် ခဏဘ၀ထဲ ပျော်ပျော်ပိုက်ပိုက် နေခဲ့။
ပြီးတော့လည်း အချိန်တန်ရင် အိမ်ရှိရာ ရန်ကုန်မြို့ကြီးဆီကို ပြန်..။ ကိုယ့်အခန်းကျဉ်းလေးဆီကို ပြန်..။
ဘ၀ကျဉ်းမှောင်မှောင်လေးဆီ ပြန်..။
ခပ်မှိန်မှိန်အပြုံးတွေဆီကို ပြန်...။
ကျပ်ကျပ်သိပ်သိပ်ရယ်သံတွေရှိရာ ပလက်ဖောင်းတွေဆီကို ပြန်..။


+++++

"ငါအချိန်တွေ ဖြုန်းတီးပစ်ခဲ့တယ်...
အိမ်အပြင်မှာ လုံခြုံလည်း အိမ်ထဲက နှင်းကျတယ်...
ဘ၀ရဲ့ ထွက်ပေါက် အဖြေမှန်ကို ရှာဆဲပဲ...
ရန်ကုန်မြို့ကြီးလည်း အရင်အတိုင်းပဲ.."

ဘာပဲဖြစ်ဖြစ်.. ရန်ကုန်ကို စနစ်တကျ ခင်းကျင်းပေးဖို့ ကြိုးစားခဲ့ဖူးပါတယ်။
တကယ့်အလှဆိုတာနဲ့ ချစ်ခြင်းမေတ္တာစေတနာဆိုတာတွေကသာ လောကကို အလှဆင်နိုင်မယ်ဆိုတာကို လူငယ်မျိုးဆက်တွေနားလည်လက်ခံဖို့ ပြင်ဆင်ပြသခဲ့ဖူးပါတယ်။

ဗင်ဂိုးက ချစ်ခြင်းမေတ္တာအတွက် နားရွက်ဖြတ်ခဲ့တာဟာ.. လှောင်ပြောင်ရယ်မောစရာ မဟုတ်တဲ့အကြောင်း..၊
မြို့မငြိမ်းက လူတွေက သူ့ဦးနှောက်နဲ့ မတန်တော့ဘူးလို့ ခံစားရတာကြောင့်ပဲ မောင်းလာတဲ့ကားအောက် ခေါင်းထိုးထည့်ခဲ့လေသလားဆိုတာတွေ တွေးပြီး အနုပညာရှင်ရဲ့တန်ဖိုးကို နားလည်သင့်တဲ့အကြောင်း...၊
ရိုးသားလို့ ဆင်းရဲရတာဟာ နှာခေါင်းရှုံ့စရာမဟုတ်တဲ့အပြင် ထုတ်ဖော်ချီးကျူးဖို့တောင် လိုတယ်ဆိုတဲ့ အကြောင်း..။
ကောက်ကျစ်ယုတ်မာမှုကို ကိုယ်တိုင်မပြုပေမဲ့ ဒီအတိုင်းလက်ပိုက်ကြည့်နေတာဟာလည်း အလိုတူရာရောက်ကြောင်း..၊
"ပြည်သူဟာ ကိုယ်နဲ့တန်တဲ့အစိုးရကိုပဲ ရတယ်"ဆိုတဲ့စကားအတွက် 'ဒီနေ့လူငယ်တွေမှာတာဝန်ရှိတယ်' ဆိုတဲ့ အကြောင်းတွေ...

အများကြီး ပြောပြီးတဲ့နောက်မှာတော့.... ရယ်သွမ်းသွေးသံတွေကြားထဲက ထွက်ပြေးခဲ့ရ။ ထွက်ပြေးခဲ့ရတဲ့ အပြင်မှာမှ ပို လုံခြုံနေရတဲ့ ဘ၀တွေ...။
အဲဒီအခါ.. လက်တွေ့ဘ၀ အိမ်ခန်းကျဉ်းလေးထဲမှာ... နှင်းမုန်တိုင်းတွေ သည်းသည်းကျ..။

+++++

"လူတိုင်းကမင်းကို ချစ်တော့ချစ်ကြမယ်...
ပြန်အဆင်ပြေမှာပါ စိတ်မကောင်းမဖြစ်နဲ့ကွယ်...
မင်းအပြစ်မဟုတ်ခဲ့တာ ငါတို့ နားလည်...
ရန်ကုန်မြို့ကြီးရယ် မငိုလိုက်နဲ့..."


ကျမကိုယ်တိုင်တောင် ရန်ကုန်မြို့ကြီးက စိတ်ပျက်စရာလို့ ညည်းညူငြိုငြင်ဖူးခဲ့ပါတယ်။
ကြည့်ပါဦးး... ကျမလည်း သူ့အပေါ်မှာ ရက်စက်စော်ကားခဲ့တာပဲ..။
တကယ်မှာတော့ သူ့ခမျာက လူတွေပြုသမျှ နုရသူ။
ဗိုလ်အောင်ကျော်.. ဗိုလ်ချုပ်တို့ သွေးတွေ ပေကျံခဲ့ရရှာတာလည်း သူ..။
၆၂သွေးတွေလည်း သူ့ဆီမှာပဲ ကျခဲ့။
၇၄..၇၆ သွေးတွေချွေးတွေလည်း သူ့ဆီမှာပဲ ကျခဲ့။
ရှစ်လေးလုံးသွေးတွေလည်း..
ရွှေဝါရောင်သွေးတွေလည်း...
နာဂစ်ရဲ့သွေးတွေလည်း...
ပြည်သူတွေရဲ့ ဘ၀ထဲ ငတ်ရသမျှ မျက်ရည်တွေကလည်း သူ့ဆီမှာပဲ ကျခဲ့..။
တော်လှန်သွေးတွေလည်း သူ့အပေါ်မှာပဲ ကျခဲ့။
မြန်မာပြည်ကြီးရဲ့ ချစ်လှတဲ့ ရင်သွေးရင်နှစ် ဗိုလ်ချုပ်ရဲ့သမီးလေးကိုလည်း သူ့ဆီမှာပဲ သိမ်းထားခဲ့ရ..။
ဒီလောက်ပုန်ကန်တဲ့မြို့ ပျက်သွားအောင် ပစ်ထားလိုက်ကြစမ်း.. ဆိုတဲ့ အာဏာရူးတွေရဲ့အမုန်းကလည်း သူ့အပေါ်မှာပဲ ကျရောက်ခဲ့..။

+++++


ခုတော့ ...
သစ်ပင်အကျိုးအကြေတွေ... ယင်တလောင်းလောင်းအမှိုက်ပုံတွေ.. ။
အလုပ်လက်မဲ့ လေလွင့် လူငယ်လေးတွေ.. ကလေးအလုပ်သမားလေးတွေ..။
ထမင်းငတ်နေတဲ့ သက်ကြီးရွယ်အိုတွေ..။ ခိုးစား လုစားနေရတဲ့ ၀န်ထမ်းတွေ..။
မိဘ ဆရာ အဿပြာပူးပေါင်း ကလေးပညာကောင်း.. ဆိုသလို ပိုက်ဆံကိုပဲ မျက်စေ့စုံမှိတ်ကြည့်နေရလို့ အနန္တောအနန္တ ငါးပါးဆိုတဲ့နေရာမှာ အထိုင်ရခက်နေတဲ့ ဆရာတွေ..။
စိတ်ညစ်သမျှ ဒါချလိုက်ရင် မေ့တယ် ဆိုတဲ့ စိတ်ကြွဆေးပြားတွေ...။
ပါတီမှာ ဘာကျွေးမှာလဲ.. ထုံးစံအတိုင်း ကြယ်သီး(မူးယစ်ဆေးပြား)ပေါ့..တဲ့။
ကြယ်သီးညတွေထဲမှာ ဘ၀ဆိုတာ ပျော်စရာ.. ခေါင်းလေးတခါခါနဲ့ ငြိမ့်လို့ဆိုပဲ..။
လူစုလိုက်ပါ.. ၁၀ယောက်ပြည့်ရင် တ၀ိုင်းစာလုပ်ပေးမယ်ဆိုတဲ့ ကိုယ်လုံးတီး မြန်မာမ ပြပွဲတွေ..။
'အကို ကျမကိုခေါ်ပါ ဈေးဦးမပေါက်သေးလို့ပါ.. လျှော့ပေးပါ့မယ်'ဆိုတဲ့ ဈေးရောင်းပွဲတွေ..။
တိုင်းသူပြည်သား ပညာမတတ်လေ..ဒုက္ခရောက်လေ.. အုပ်ချုပ်ရတာ လွယ်လေဆိုတဲ့ အာဏာရှင်စနစ်တွေ...။
ရိုးသားနေလို့ မရတဲ့ခေတ်ဗျ... မရူးစမ်းပါနဲ့ .. ဆိုတာတွေ။
ကမ္ဘာမီးလောင် သားကောင်ချနင်း.. ဆိုတာတွေ။
တော်ပါသေးရဲ့..၊ သမီးလေးက လှလို့.. ကျမတို့ အသက်ရှူချောင်နေတာ.. သမီးရဲ့ 'စပွန်စာ' က မဆိုးဘူး ဆိုတာတွေ။
အဲဒါတွေကို ရန်ကုန်မြို့ကြီးက ရွက်ထားရတာ..။
သူ့ခမျာလည်း နံစော်ပေပွလို့..၊ ရီဝေမူးယစ်လို့..၊ နာကျင်ငိုကြွေးလို့ ရှိရှာမှာ..။

+++++

ဒါပေမဲ့
လောလောဆယ်မှာ ဘာမှမတတ်နိုင်တဲ့ဘ၀တွေ..။
ကျမ မွေးဖွားခဲ့... ကြီးပြင်းနေထိုင်ခဲ့... စွန့်ပစ်ထွက်ပြေးခဲ့တဲ့ ရန်ကုန်..။
သူ့ဘ၀ ဘာမှမပြောင်းမလဲ..နာကျင်ပေးဆပ် .. စွန့်လွှတ်ကြေကွဲနေရဆဲ..။

"လူတိုင်းကမင်းကို ချစ်တော့ချစ်ကြမယ်...
ပြန်အဆင်ပြေမှာပါ စိတ်မကောင်းမဖြစ်နဲ့ကွယ်...
မင်းအပြစ်မဟုတ်ခဲ့တာ ငါတို့ နားလည်...
ရန်ကုန်မြို့ကြီးရယ် မငိုလိုက်နဲ့..."


++++

Big Bag Band က ကျားပေါက်(ဟန်ထူးလွင်)ရဲ့ သီချင်းလေးပါ။
AD 3000 ဆိုတဲ့ Album ကို နားထောင်ရာက အဲဒီ "အရင်အတိုင်းရန်ကုန်"ဆိုတဲ့ သီချင်းလေးကို တွေ့တာပါ။
ကျားပေါက်က ဘယ်လို ခံစားချက်နဲ့ဆိုတယ်မသိပေမဲ့ ခံစားသူတွေဘက်ကတော့ ကိုယ့်အမြင်အတွေးနဲ့ ခံစားမြဲမဟုတ်လား..။
အဲဒီအခါ ကျားပေါက်ရဲ့သီချင်းကို နားထောင်ရင်း.. ညည်းရင်း.. ကျမခံစားလာရတာတွေကို ချရေးဖြစ်လိုက်တာပါပဲ။



(၂၀၀၈ ဇွန် ၁၆)

21 comments:

okn said...

ရန်ကုန်အကြောင်းကို ကိုယ်တွေ့လေးနဲ့ ရေးပြတာ ကွက်ကွက်ကွင်းကွင်း ထင်ရှားလိုက်တာ။ ဒါလေးတခုတော့ မှတ်သာသွာတယ် "ပြည်သူဟာ ကိုယ်နဲ့တန်တဲ့အစိုးရကိုပဲ ရတယ်" ပြည်သူတယောက်ဖြစ်တဲ့ ကျုပ်တော့ လက်ခံနိုင်ပ။
ဒီစကားလေးပြန်ကြားရတာ အားဖြစ်တယ်။

လေးစားစွာဖြင့်

ကျော်နိုင်

မမသီရိ said...

ကလေး အလုပ်သမားတွေ နဲ့ မွန်းကျပ်နေတဲ့ရန်ကုန်
လမ်းပေါ်က လေလွင့် ကလေးငယ်တွေ နဲ့ ကြေကွဲနေတဲံ ရန်ကုန်

အရင်အတိုင်း ရန်ကုန် ပြန်ဖြစ်ဖို့တော့ အားလုံးမျှော်လင့်နေရတာပါ ပဲ လေ

rose of sharon said...

ဆရာမရေ... ငယ်ငယ်တုန်းက မိသားစုနဲ့ ပျော်ရွှင်စွာ ခိုလှုံခဲ့ဘူးတဲ့ ရန်ကုန်ကို အရမ်းလွမ်းတယ်.... ဒီပို့စ်လေးဖတ်လိုက်ရတော့ ငိုချင်သွားတယ်...

PhotoVigor said...

Hi Teacher May Nyane,

really like almost all of your writing and happen to read some, although I wanted to read all.

And will be always following your post.

Although I agreed with you for this particular post, I still don't want to agree with this

် "ပြည်သူဟာ ကိုယ်နဲ့တန်တဲ့အစိုးရကိုပဲ ရတယ်"

Yes, this could be true for those in your post like

1.သူတို့က ပညာရချင်တာမဟုတ်ဘဲ ဘွဲ့တခုသာ ရချင်ကြတာတဲ့။

2.စာမေးပွဲအဖြေလွှာပေါ်မှာ မေးခွန်းတွေ ချည်း ရေးကူးပေးလိုက်တဲ့ ကျောင်းသား

3.အောင်စာရင်းထွက်တဲ့အခါ မဖြေနိုင်ခဲ့တဲ့ကျောင်းသားတွေက အောင်စာရင်းပေါ်က သူတို့နာမည် တွေကို အော်ဖတ်ပြီး ဆရာမတွေရှေ့မှာ လှောင်တောင်တောင် ရယ်ကြတဲ့ကျောင်းသားတွေ

Because they can afford to buy the Certificate, but (yes, I know)not the Education and Knowledge.

But, on the other hand,

how about those ကလေး အလုပ်သမားတွေ နဲ့ မွန်းကျပ်နေတဲ့ရန်ကုန်
လမ်းပေါ်က လေလွင့် ကလေးငယ်တွေ, what's wrong with them??

I feel very sorry for them especially I cant afford to do anything for them.

What's wrong with our Burmese People??
What's wrong with our Parents??

I am not arguing with but just revealing my own opinions.

No offense and sorry for my poor English.

Lastly, one thing I can assure you is we wouldn't have this phrase

""ပြည်သူဟာ ကိုယ်နဲ့တန်တဲ့အစိုးရကိုပဲ ရတယ်"

if the one who said this was born in BURMA.

With respect and sincerely,
Vigor.

PhotoVigor said...

The problem is not the People of Burma. But...
I believe you know.

Your sincerely,
Vigor

Bagothu said...

အဲဒီ ရန်ကုန်မှာဘဲ အမေရှိနေလို့
ပြန်ရဦးမယ်လေ

မိုးခါး said...

ဆရာမရယ်
ကြက်သီးထမိတယ်
ဝမ်းလည်းနည်းမိတယ်
နလန်မထူနိုင်တဲ့ ရန်ကုန်ကို သနားမိတယ်
အပြစ်ကတော့ အားလုံးမှာရှိနေတာပဲ ..
စိတ်မောရပါတယ် ...............

Moe Cho Thinn said...

အဲဒီသီချင်းချည်းသပ်သပ် နားထောင်တုန်းကတောင် အခုလောက် မခံစားရဘူး။ :(

ko said...

ဆရာမ၊ ဒီ post ကိုဖတ်ပြီး မြန်မာပြည်သူတွေရဲ့ အဖြစ်ကိုရော၊ နိုင်ငံသားတယောက်ရဲ့ တာဝန်ကို ဘာတခုမှလောက်လောက်လားလားမလုပ်ဆောင် နိုင်သေးတဲ့ ကိုယ့်အဖြစ်ကိုရောကြေကြေကွဲကွဲဖြစ် မိပါတယ်။ ကိုယ်တိုင်မတရားတာတခုခုလုပ်ရရင်ငို ချင်သလိုဖြစ်နေတတ်တာ၊ မတရားလုပ်ခံနေရတာကို မြင်နေရလျက်သားနဲ့ကိုယ်ဝင်မကူနိုင်ရင်လည်းငို ချင်သလိုဖြစ်မိတတ်တာမျိုးလောက်နဲ့ပဲ ကိုယ့်ကိုကိုယ် လူဟုတ်သေးပုံရတယ်လို့ ဇွတ်ယုံ နေရတယ်။ မြန်မာပြည်ကလူငယ်လေးတွေ “လူ၏ပုံပန်းသဏ္ဌန်”ကိုမေ့မသွားကြအောင် ဆရာမ တို့ ဒီလို postမျိုးတွေများများရေးပါဦးခင်ဗျား။

Julian said...

ဆရာမအမမေငြိမ်း

ရေးတတ်တဲ့အမနဲ့ခံစားတတ်တဲ့ကျမ

ဖြတ်ကနဲ အသံမမြည်ဘဲနှလုံးကွဲကြေသွားခဲ့တယ်။


ဂျူ

okn said...

အယူဆတခု လက်ခံခြင်း မခံခြင်း မိမိရဲ့ ကိုပိုင်ဆုံးဖြတ်ချက်ပါ။ ဒါကိုအကြွင်းမဲယုံကြည်ပါတယ်။ ပြောစရာရှိတာက “ပြည်သူဟာ ကိုယ်နဲ့တန်တဲ့အစိုးရကိုပဲ ရတယ်” ဆိုတဲ့စကားဟာ အင်မတန်တွေးစရာကောင်းတယ်။ သိပြီသာဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒီအယူအဆကို စပြောတာသူက Michiavelli (အီတလီနိုင်ငံသား , နိုင်ငံရေးအတွေးခေါ်ပညာရှင်) ပါ (အမှတ်မမှားဘူးထင်ပါတယ်) ၊ သာမန်အားဖြင့်ကြည့်ရင် ပြည်သူကိုစော်ကားသလိုမျိုးထင်စရာပါ။ အမှန်တကယ်တော့ ပြည်သူရဲ့အားကို ထုတ်ဖေါ်ပြောဆိုခြင်းပါ။ အစိုးရဆိုတာပြည်သူ မရှိဘဲ ရပ်တည်လိုမရနိုင်ပါ၊ အကြောက်တရားနဲ့ဖြစ်ဖြစ်၊ မကြောက်တရားဖြစ်ဖြစ်၊ မိမိရဲ့ တစုံတရားအကျိုးတရားပေါ်မှာ တနည်းနည်းနဲ့တော့ သဘောတူတူ မတူတူ လက်ခံနေကြရတယ်။ ရိုးသားစွာပြောရရင် မိမိကို မိမိ ဆန်းစစ်ကြည့်ဖို့ လိုအပ်ပါတယ်။ သဘောထားများရင် အားဖြစ် လာစရာအကြောင်ရှိတယ်။

“ကလေး အလုပ်သမားတွေ နဲ့ မွန်းကျပ်နေတဲ့ရန်ကုန်
လမ်းပေါ်က လေလွင့် ကလေးငယ်တွေ,”

လိုရင်ပြောရရင် ဒီအဖြစ်တွေက လတ်ငင်းတော့ဖြေရှင်း သင့်တယ်၊ လတ်တလော အကျိုးရမယ်။ အဖြေအစစ်တော့ဟုတ်မယ်မထင်။ တကယ်တော့ဒါဟာ အကျိုးတရားတွေပါ။ မူလ အကြောင်းတရားကိုသာရှာသင့်တယ်။

လေးစားစွာဖြင့်

ကျေိာနိုင်

အိမ့်ချမ်းမြေ့ said...

အစ်မနဲ့ အတူတူ ခံစားသွားပါတယ်အစ်မ။
မိုးရေတွေထဲက ရပ်ထားတဲ့ ကားဖြူဖြူလေး၊ ရေတွေဖုံးနေတဲ့ လမ်းကျဉ်းကလေး...
.... ကျမ နှလုံးသားကို တော်တော်လေးထိခတ်သွားတယ်....

ခင်မင်စွာဖြင့်...
မလေး

ကျေးဇူးတင်ကြောင်းလဲ လာပြောတာပါ.. မေ့တော့မလို့ ထုံးစံအတိုင်းး)

Nge Naing said...

ကျွန်မကတော့ ငယ်ငယ်က သိပ်မပျော်ခဲ့ရလို့ (အခုလည်း မပျော်ပါဘူး) မွေးရပ်မြေဆိုတာကို စဉ်းစားလိုက်ရင် ကျွန်မ သူငယ်တန်းကနေ ၈ တန်းအထိ တက်ခဲ့ဖူးတဲ့ စာသင်ကျောင်းနဲ့ ငယ်ငယ်က စာသင်ပေးခဲ့တဲ့ ဆရာ၊ ဆရာမတွေကိုပဲ ပိုသတိရတယ်။ ကျန်တာတွေက ငယ်ဘ၀နဲ့ ပတ်သက်ပြီး လွမ်းစရာထက် သောကရောက်စရာ ပိုများခဲ့လို့ တခါတရံ မွေးရပ်မြေဆိုတာကို မေ့ထားလိုက်ချင်တာ အမှန်ပဲ။

Rebel said...

မြန်မာတွေ ဘာကြောင့် အောက်ကျနေရလဲ (၁)

summer said...

ဆရာမရေ... ရန်ကုန်မြို့ကြီးအကြောင်းကို ခံစားသွားပါတယ် ဒီလိုတွေ်ဖြစ်နေပေမယ့် ပုံတွေကြည့် သီချင်းနားထောင်ပြီး လွမ်းလွမ်းဆွတ်ဆွတ် ပြန်ချင်တုန်း......

တောင်ပေါ်သား said...

ရန်ကုန်မြို့လေး တခုထဲမဟုတ်ပါဘူးဗျာ ... တိုင်းပြည်တခုလုံး အဲ့လိုတွေ ဖြစ်နေတာပါ မရှိဆင်းရဲသားတွေ များလာတယ်၊ ဘ၀အတွက်အရှက်ကို လဲတတ်လာတယ်း(

လေးစားလျက်
တောင်ပေါ်သား

တန်ခူး said...

ရန်ကုန်မှာ ကျွန်မကို မွေးခဲ့တာပါ မ…
ဒီသီချင်းနားထောင်ပြီး… ဒီပို့ စ်ဖတ်ပြီး…
ဟိုးငယ်ငယ်က ရန်ကုန်ကို ပြန်လွမ်းသွားတယ်… ပြန်တမ်းတမိတယ်…

Anonymous said...

စာအေ၇းအ၇မ်းကောင်းတာဘဲဆ၇ာမစာဖတ်ပြီး၇န်ကုန်ကိုလွမ်းလို့မျက်၇ည်တောင်ကျတယ်

သက်ဝေ said...

သီချင်း နားထောင်မိတုန်းက အခုလို မခံစားမိဘူး...
ဆရာမ တွေးပြ ရေးပြလိုက်တော့မှပဲ ရင်ထဲမှာ အလွမ်းတွေရယ်၊ ဒါဏ်ရာတွေရယ် အတော်များနေပါလားလို့ ပီပီသသ သိသွားတယ်...
ကျေးဇူးပါ ဆရာမ..
အခုလဲ အဲဒီသီချင်းလေး ပြန်နားထောင်နေမိတယ်...

Younggun said...

အရင်အတိုင်းးး ရန်တွေ မကုန်သေးတဲ့ ရန်ကုန်ပါဗျာ

ကိုနော said...

အရင်လောက်မကောင်းတဲ့ရန်ကုန်ပါလေ