Jan 29, 2010

ရုပ်ပုံ (ပုံတူ)

(Van Gogh - Sunflower)


လက်စသတ်တော့
ဗင်ဂိုးရဲ့ နေကြာပန်းအိုးဟာ
အာလူးစားသူများရဲ့
စားပွဲအလယ်မှာ
ရှိနေတာပါပဲ။

အလျှံညီးညီး
မီးကျီးခဲလို တောက်ပ
ဘ၀ဟာ ပူလောင်လှချည့်
ဒါပေမဲ့
နေကြာလို ခေါင်းထောင် ထရ
ကံကြမ္မာရဲ့ ငရဲမှာ
အဖန်ဖန် တွားတက်ကြရ။

မျက်လုံးတွေကတော့
ပွင့်ဖတ်ဝါ၀ါတွေ
နေကို မော့မျှော်သလို
ပူလောင်ခြင်းကိုသော်မှ
အာသာ တငန်းငန်းနဲ့ပေါ့။

ရိုးတံ ပိန်မြှောင်းတွေက
ငတ်မွတ်ခြင်းရဲ့အကြောင်း
ကောင်းကောင်းသိစွာ
အာလူးကို ဖက်တွယ်ရတဲ့ လက်ချောင်းတွေ။

အောက်ခြေမှာတော့
လှပသယောင်ယောင်နဲ့
ကိုယ့်ကို ချုပ်နှောင်ပြီး
ရိရွဲ ပုပ်ပွအောင်လုပ်မယ့်
ဘ၀တဏှာ ပန်းစိုက်အိုးက
ခပ်မိုက်မိုက်ပြုံးလို့။ ။


[ မူရင်း - စာပေဂျာနယ်၊ ၁၉၉၅ မတ်လ ]


Van gogh - Potato Eaters


ကိုယ့်ဆီမှာ မရှိတော့တာကြာပြီဖြစ်တဲ့ ကဗျာ.. ဒီဇင်ဘာ ၃၀၊ ၂၀၀၈ တုန်းက မိုးမခစာမျက်နှာမှာ ပြန်တွေ့ရလို့ ကျေးဇူးတင်ရပါတယ်။ ပိုခံစားလို့ကောင်းအောင် ကျမကို Inspiration ရစေခဲ့တဲ့ Van Gogh ရဲ့ ပန်းချီကားတွေကိုပါ တင်ပေးလိုက်ပါတယ်။

6 comments:

ဇွန်မိုးစက် said...

ဆရာမရေ...ကဗျာလေး သေချာဖတ်ပြီး ပုံလေးတွေနဲ့အတူ ခံစားသွားပါတယ်။

'အောက်ခြေမှာတော့
လှပသယောင်ယောင်နဲ့
ကိုယ့်ကို ချုပ်နှောင်ပြီး
ရိရွဲ ပုပ်ပွအောင်လုပ်မယ့်
ဘ၀တဏှာ ပန်းစိုက်အိုးက
ခပ်မိုက်မိုက်ပြုံးလို့' တဲ့ ... ကောင်းလိုက်တာ။း)

ဓမ္မဂင်္ဂါ said...

ဥပါဒါန်ဟာ စိတ်ကို ယားယံစေတယ်
သံသရာမီးလျှံကြား
ခန္ဓာတွေသာ ကြီးထွားခဲ့ပေါ့

မျက်မှန်တွေသာ တစ်လက်ပြီးတစ်လက်ပြောင်းတပ်ခဲ့တယ်။
အမြင်တွေကိုတော့ တစ်ခုပြီးတစ်ခုမဆေးကြောခဲ့ဘူး။

ဘုရားမကြိုက်ပေမယ့်
ငါကြိုက်လို့ကွ နေ့ရက်များ
ဒိုင်ယာရီအသစ်ကိုပဲ ရေးတယ်
ဒိုင်ယာရီအဟောင်းကို ပြန်မဖတ်ခဲ့ဘူး

ယုတ္တိတွေကိုတော့ ယုံတယ်
ယုံတာတွေကတော့ ယုတ္တိမရှိဘူး
ယတြာဆိုတာ ၀ိမုတ္တိလို့
ဘယ်သူမှ မပြောမချင်း ဘယ်သူမှမသိကြဘူးပေါ့
ဆုတောင်းစာတွေ ရွတ်ကောင်းတုန်း

နောက်ဆုံးတော့
ဘာမှဖတ်မနေဘဲ လက်မှတ်ထိုးလိုက်ရော။

Moe Cho Thinn said...

ဆရာမ ကဗျာကတော့ ရှယ်ပဲ။ ထပ်တူ ခံစားရစေတယ်။

ကွန်မန့်မှာ ရေးထားတဲ့ ဓမ္မဂင်္ဂါ ကဗျာလဲ ကြိုက်တယ်။

ကိုခိုင် said...

လာလည်ပါတယ် ဒေါ်မေငြိမ်း
ကဗျာရော ပန်းချီကားတွေပါကြည့်ရတာ အရမ်းကောင်းပါသည်။
ကျွန်တော့်ဆီလည်း လာလည်ဖို့ဖိတ်ခေါ်ပါသည်။
http;//kokhine.blogspot.com

Sint Si said...

Very nice poem! I like "Dama Gingar's " comment poem too.

မယ့်ကိုး said...

ဆရာမ ကဗျာလေး ကြိုက်လိုက်တာ =)