ခုတလော ကလေးတွေ နွေ ကျောင်းပိတ်လို့ သူတို့ ကိစ္စတွေအတွက် အချိန်တွေ ပိုပေးနေရတဲ့ကြားထဲကပဲ ၀တ္ထုရေးချင် ပန်းချီရေးချင်တဲ့ စိတ်တွေ ခဏခဏ ပေါ်လာနေပါတယ်။ ဟိုးတုန်းကလို အချစ်ဝတ္ထုတအုပ်..။ ဒါမှမဟုတ်.. ၀တ္ထုတိုလေးတွေပေါ့…။ ရာသီဥတုပူပူအောက်မှာ သစ်ပင်တွေ စိမ်းမြနေတာကို ကြည့်ရင်း… အရောင်တွေကို ပန်းချီရေးနေတာလည်း စိတ်ထဲမှာတော့ အကြိမ်ကြိမ်..။ ဒါပေမဲ့ နှစ် ၂၀ ကျော် ပန်းချီနဲ့ ဝေးခဲ့တဲ့ လက်တွေက ဘာမှမတတ်တော့ဘူးလို့ ခံစားနေရပါတယ်။ နောက်တခု.. ကျမရဲ့ သဘာဝက အပျော်တွေကိုပဲ ရွေးခံစားပြီး ကြည်ကြည်နူးနူးနေတတ်တဲ့ သဘာဝမို့၊ ခုလို အပျော်တွေ တိုရေရှားရေ နိုင်လာတဲ့ ကာလမျိုးမှာ ကြည်နူးလေ့တဲ့စိတ်ကို နှမျော နေမိတာလည်း ပါပါလိမ့်မယ်။
ဖြစ်နိုင်ရင်… နဘေးက သစ်ပင်လေးတွေ နေပူပြင်းပြင်းအောက်မှာ ခေါင်းထောင်ကြော့နေတာ လေးတွေကိုပဲ ကြည်နူးစိတ်နဲ့ ရေးချင်တယ်..။ ပြီးတော့ အပွင့်ရောင်စုံဆန်းဆန်းတွေ ပွင့်တတ်ပေမဲ့ ရနံ့တော့ မသင်းတဲ့ အမျိုးအမည်မသိတဲ့ ပန်းပွင့်တွေကို သနားစိတ်နဲ့ ရေးချင်တယ်..။ အိမ်ခြံဝင်းထဲ ၀င်ဝင်လာတတ်တဲ့ ယုန်ညိုလေးနှစ်ကောင်ကို ကြည့်ပြီး လွတ်လပ်လိုက်တာ.. ဘေးကင်းလိုက်တာလို့ ခံစားရတဲ့ စိတ်ချမ်းသာမှုကို ရေးချင်တယ်။ အိမ်ဝင်းထဲက အပင်တွေဆီ လာလာနားတတ်တဲ့ ချစ်စရာ ငှက်မျိုးစုံကို တွေ့တဲ့အခါ ခံစားရတဲ့ ချစ်စိတ်ကို ရေးချင်တယ်။
ပင်လယ်လှိုင်းစီးနေတဲ့ စင်ရော်တွေကို ထိုင်ငေးရင်း ဘ၀မှာ သဘာဝ သက်သက်ကိုပဲ ခံစားရင်းနေလို့ ရရင်ကောင်းမှာဆိုတဲ့ တမ်းမက်စိတ်ကို ရေးချင်တယ်..။ ဒီခေတ်ကြီးထဲ တမြေစီဝေးနေရပေမဲ့ .. အဆင်မပြေမှုတွေရှိတဲ့ကြားထဲကပဲ တယောက်နဲ့ တယောက် သစ္စာရှိရှိချစ်နေကြတဲ့ ငယ်ကျွမ်းဆွေ နှစ်ယောက် (ကျမ ချစ်တဲ့ ကလေးတွေပေါ့)အတွက် ခံစားရတဲ့ ကိုယ်ချင်းစာ အလွမ်းကိုလည်း ရေးချင်တယ်။ မဖြစ်နိုင်တဲ့ အချစ်ကို ထိတွေ့မိလို့ ခံစားနေရတဲ့ အရွယ်လွန် မိန်းမတယောက်ရဲ့ တပြည်တရွာမှာ ကြွေကွဲနာကျင် အထီးကျန် နေရတာမျိုးကိုလည်း စာနာစိတ်နဲ့ ရေးချင်တယ်။ အိမ်ရှေ့ ပန်းအိုးထဲက သပြေပင်လေး အညွန့်တွေ ဝေနေတာကို ကြည့်ပြီး ဆရာမင်းသုဝဏ်ရဲ့ သပြေညိုကို လွမ်းဆွတ်သတိရကြောင်း.. ရေးချင်တယ်။
အပွင့်တွေ ဝေတဲ့ စပယ်ပင်ကို တွေ့တော့လည်း စပယ်ဖြူတွေတောင် ပွင့်ပြီကွယ်ကို လွမ်းကြောင်းပေါ့။
ည ည.. အိမ်ရှေ့မြက်ခင်းပြင်ကနေ ညကောင်းကင်ကို မျှော်ကြည့်တဲ့အခါ ကြယ်တွေအများကြီးကို တွေ့ပြန်တော့ ကိုငှက်ရဲ့ ကြယ်တွေစုံတဲ့ညကို တမ်းတတဲ့အကြောင်း ရေးချင်တယ်..။ ဒီလိုပဲ… သဘာဝကျကျ လွမ်းမိတဲ့ စိတ်အစုံကို ရေးချင်လှပါတယ်။
+++++
တကယ်ပါ…။ တချိန်ကလို.. လုံးချင်းတအုပ်ရေးအပြီးမှာ အကျေနပ်ကြီးကျေနပ်ပြီး ဈေးကွက်အရ ပေါက်မပေါက်ဆိုတာကို မစဉ်းစားဘဲ.. ကိုယ့်စာအုပ်ဖုံးလေးလှဖို့အရေး.. ကိုယ့်စာအုပ်လေး သပ်ယပ်ဖို့အရေး.. ထုတ်ဝေသူနဲ့ ငြင်းရ ခုန်ရ..။ စာအုပ်လေးထွက်လာရင် အကြိမ်ကြိမ်ပြန်ဖတ်ရင်း.. ဒီနေရာမှာ ဒီလိုလေး ရေးလိုက်ရကောင်းသားလို့ ပြန်ပြန်တွေးနေရတဲ့ ခံစားချက်အလွမ်းကိုလည်း မချိတင်ကဲ ရေးချင်ပါသေး။
မဂ္ဂဇင်းထွက်လို့များ ကိုယ့်ဝတ္ထုတို ပါပြီဆို သရုပ်ဖော်ပုံကိုကြည့်ပြီး သဘောကျကျေနပ်ရတဲ့ ခံစားချက်ကိုလည်း တသသ လွမ်းမိတာ ဒီရက်တွေထဲမှာ…။ ပြီးတော့ စာသင်ခန်းထဲက ကျမကို မော့ကြည့်နေကြတဲ့ မျက်လုံးလေးတွေ………………… ဘယ်တော့မှ မတွေ့နိုင် ပြန်မရနိုင်တော့တဲ့ အနေအထား….။
++++++
တကယ်တော့ လက်ရှိဘ၀က အပူပင်နည်းနည်း.. အလုပ်များများ..၊ သောကနည်းနည်း .. ပျော်စရာများများ….၊ အမုန်းနည်းနည်း.. အချစ်များများပါ..။ ဒါပေမဲ့ ကျမရဲ့ စိတ်နှလုံးထဲမှာတော့ မပြေနိုင်တဲ့ အလွမ်းတွေက အမြုတေလို တည်နေပြီ။
+++++
နေ့တိုင်း နေ့တိုင်း "ရသစာအုပ်စင်"တာဝန်အတွက်ရော.. ကိုယ့် စိတ်အဆာအတွက်ရော… ၀တ္ထုအပုဒ်ပေါင်း များစွာ.. မဂ္ဂဇင်းပေါင်းများစွာ ဖတ်နေရင်းသားကပဲ.. ကိုယ်တိုင် ၀တ္ထုမရေးနိုင်တဲ့ အတွက် ကြေကြေကွဲကွဲ။ အဲဒီအခါ ကိုယ့်နှလုံးထဲ ကိုယ်ပြန်စိမ်ဝင်ကြည့်တော့ ……… ကျမက ချစ်ခြင်းတရားကို လွမ်းနေတာပါလားရယ်လို့ တွေ့ပါတယ်။
+++++
ကျမ.. အလွမ်းပြေဖို့အတွက် တခုခု လုပ်မှဖြစ်တော့မယ်လို့ စဉ်းစားတော့… လောလောဆယ်မှာတော့ “ကျမရဲ့ ချစ်ခြင်းများ..” ဆိုတဲ့ ခေါင်းစဉ်နဲ့ ချစ်ခဲ့ဖူးသမျှတွေအကြောင်း ရေးမယ်လို့ အဖြေထွက်ပါရောရှင်…။
+++++
Subscribe to:
Post Comments (Atom)
-
ကိုယ့်အလုပ်တွေနဲ့ ကိုယ်ရှုပ်… ပြီးတော့ တော်ရုံဆို ၀င်မပြောချင်.. လို့ ထားထားလိုက်တာ။ ခုတော့ နည်းနည်းလည်း အားပြီ။ ပြီးတော့ ပြောချင် စိတ် လည်...
-
ဘယ်သူဟာ သေခြင်းအတွက် အဆင်သင့်ဖြစ်လဲ စဉ်းစားရင် ပထမဆုံး သတိရတာ.. ခင်ဗျားပါပဲ ဂျွန်.. Elvis လို သေခြင်းကို ကိုယ့်ဘာသာ မရွေးချယ်ခဲ့ပေ...
-
ဆောင်းတွင်းကို ဖြတ်သန်းချိန်မှာ ရာသီဥတုက ချမ်း .. လေတွေများ တိုက်လိုက်လို့ တုန်ခိုက် သွားပြီဆိုရင် အမြဲတမ်း ပထမဆုံး သတိရတာက...
1 comment:
ဆရာမရေ စာသင်ခန်းထဲမှာ ကိုယ့်ကိုမော့ကြည့်နေကြတဲ့သူတွေမရှိကြတော့ ပေမယ့် ရေဒီယိုကိုင်ပြီး ဆရာမအသံကိုနားစွင့် နေသူတွေတော့ ရှိမှာပါဗျာ။
ခင်မင်လျှက်
ကိုကိုးအိမ်
Post a Comment