Aug 14, 2010

တကယ်ဆို အချိန်ပဲ လိုတယ်…..

သူငယ်ချင်းတွေက ကျမကို သိပ်ပျောက်တာပဲလို့ ပြောတိုင်း ကျမ အမြဲ စိတ်မကောင်း ဖြစ်ရပါတယ်။ အထူးသဖြင့် ကျမ အမြဲအချိန်ယူဆက်ဆံခဲ့တဲ့သူတွေက ပြောတဲ့အခါ ပိုဆိုးပါတယ်။ တလောကဆို ထိုင်းမှာကျန်ခဲ့တဲ့ ငယ်သူငယ်ချင်းက ကျမကို gtalk ကနေ chat တိုင်း တခါတလေ ကျမက မရှိ။ တခါတလေ.. “သယ်ရင်း.. ကျမ တော်တော် မအားလို့” လို့ ပြန်ဖြေရပါတယ်။ ကြာတော့ သူက ကျမကို ပြောတယ်.. ဘန်ကီမွန်းပြီးရင် ခဗျား အလုပ်အများဆုံးဖြစ်မယ်တဲ့။ ကျမ တကယ်ပဲ ၀မ်းနည်းသွားပါတယ်။ ဒါနဲ့ တနေ့ ကျမ အချိန်သေချာယူပြီး သူ့ကို ပြန်ရှင်းပြရပါတယ်။ ကျမ ဘယ်လို မအားတဲ့ အကြောင်း..။ သူက ပြန်ပြောပါတယ်။ လူတိုင်း မအားတာပါပဲ.. တဲ့.။ သူ အဲလိုပြောတာကို ကျမကတော့ “ခဗျားတယောက်တည်း အလုပ်ရှိတာမဟုတ်ဘူး” လို့ ငေါ့တယ်လို့ ကျမ ခံစားရပါတယ်။ ခုမှအမေရိကားရောက်တော့ မအားလှချည်လားလို့ အငေါ်တူးတယ်လို့ ခံစားရပါတယ်။ ပြဿနာက ထိုင်းမှာ နေတဲ့ ၄နှစ်လုံးကတော့ ကျမအလုပ်က အိမ်ကနေ ထိုင်လုပ်ရတာဆိုတော့ တကယ်ကိုပဲ အချိန်တွေ တော်တော် ပိုပါတယ်။ ပြီးတော့ ထိုင်းမှာတုန်းကတော့ ကိုယ့်မိတ်ဆွေ အများစုနဲ့က အချိန်လည်း တူတူပဲကိုး။ ဒီတော့ gtalk အတွက်ရော.. skype အတွက်ရော… Blog အတွက်ပါ ကျမ အချိန်တွေ တော်တော် ပေးနိုင်ခဲ့တာပါ။ ခုကတော့ ကျမက အနောက်..သူတို့က အရှေ့… ကမ္ဘာတခြမ်းစီ မှာလေ…။ ပြီးတော့ ကျမဆီမှာ ဖိစီးမှုတွေအများကြီးနဲ့။
+++++++

ဒါဖြင့် ကျမက gtalk မှာ invisible လုပ်နေရလောက်အောင် ဘယ်လို မအားတာပါလဲ…။ ကျမနေတဲ့ Maryland က အမေရိကန်ပြည်ထောင်စုရဲ့ အရှေ့ဘက်ခြမ်းဆိုတော့ မြန်မာပြည်နဲ့ဆိုရင် အချိန်က နေ့နဲ့ည လုံးလုံးကွာပါတယ်။ ခုလိုနွေရာသီဆိုရင် ကျမတို့ဆီ နေ့လယ် ၁၂နာရီဆိုရင်.. မြန်မာပြည်မှာ ည.. ၁၀နာရီခွဲပါ။ ထိုင်းမှာ ည ၁၁နာရီ။ စင်္ကာပူမှာ ည ၁၂နာရီပါ။ ဆောင်းရာသီဆိုရင်တော့ နာရီက တနာရီ နောက်ဆုတ်လို့ မြန်မာပြည်နဲ့ နေ့ည အချိန် နာရီဝက်ပဲ ကွာပါ တော့တယ်။ ကျမဆီက ည ၁၁နာရီက မြန်မာပြည်ရဲ့ နေ့လယ် ၁၀နာရီခွဲပေါ့….။ အဲလို ပြောင်းပြန်ဖြစ်နေတဲ့အခါ အဲဒီက လူတွေကို အဆင်ပြေပြေ chat လုပ်မယ်ဆိုရင် ဖြစ်နိုင်တဲ့ အချိန်က ကျမရဲ့ မနက်ခင်း ၈နာရီလောက်ကနေ နေ့လယ် ၁၁နာရီလောက်ထိရယ်… ကျမရဲ့ ညပိုင်း အစောဆုံး ၉နာရီကနေ နောက်ပိုင်းလောက်ရယ်ဆိုတဲ့ အချိန်ပိုင်းလေးလောက်ပဲ ရှိပါတယ်။ ပြီးတော့ ကျမရဲ့ အလုပ်သဘာဝ ကလည်း အချိန်က ပုံမှန်မဟုတ်တာပါပါတယ်။ လူတောင်ပုံမှန်မဟုတ်တော့မှာ စိုးရသေး..။ ဒါဖြင့် အဲဒီ အချိန်တွေ ၀န်းကျင်တွေမှာ ကျမ ဘာတွေ လုပ်နေရပါသလဲ…။
++++++

ကျမရဲ့အလုပ်က ထုံးစံအတိုင်းဆိုရင်တော့ တပတ် ၅ရက်ပါပဲ။ အလုပ်က အသံလွှင့်လုပ်ငန်းဆိုတော့ ဂျူတီတွေက မနက်ပိုင်း ညပိုင်းခွဲထားရပါတယ်။ အဲဒီမှာ ကျမက အများအားဖြင့် မနက်ပိုင်းဂျူတီ၃ရက် နဲ့ ညပိုင်းဂျူတီ ၂ရက်ကျပါတယ်။ မနက်ပိုင်းသမားတွေရဲ့အလုပ်ချိန်က မနက် ၄နာရီမှာ ရုံးအရောက် ၀င်ရပြီး နေ့လယ် ၁၂နာရီခွဲမှာ ဂျုတီချိန် ကုန်ပါတယ်။ ညနေခင်းသမားတွေက နေ့လယ် ၁၂နာရီခွဲ ရုံးဝင်ရပြီး ညဘက် Air Show ပြီးချိန် ကိုယ့်အလုပ်တွေအားလုံးသိမ်းတဲ့အချိန် ပြန်ရပါတယ်။ အစောဆုံး ည ၉နာရီခွဲပေါ့။ ပြီးတော့ နားရက် တပတ် ၂ရက်ကို အဆင်ပြေသလို အလှည့်ကျ နားကြရတော့ နားရက်က ပုံမှန်မဟုတ်တဲ့အပြင် ၂ရက်ဆက်တိုက်လည်း နားရခဲလှပါတယ်။

ကျမတို့ မနက်ပိုင်းဂျူတီနေ့ဆိုရင် မနက် ၃နာရီ အိပ်ယာထပြီး အိမ်ကနေ ၃နာရီခွဲ နောက်အကျဆုံး ထားပြီး အိမ်ကထွက်မှ ၀ါရှင်တန်ဒီစီထဲက ရုံးကို အနည်းဆုံး နာရီဝက်လောက် ကားမောင်းပြီး ရောက်ပါတယ်။ ရုံးကို ၄နာရီလောက်ရောက်ပြီဆို ဒီနေ့ ဘာတွေထူးသလဲနဲ့ စပြီး နေ့လယ် ၂နာရီခွဲသာ ရှိသေးတဲ့ မြန်မာပြည်ထဲက သတင်းတွေကို လိုက်ရပါတော့တယ်။ မြန်မာပြည်ထဲ ဖုန်းခေါ်ရတဲ့ ဒုက္ခကိုလည်း စာဖွဲ့ မပြချင်တော့ပါဘူး။ အဲဒီ သတင်းလိုက်ရတာနဲ့ နိုင်ငံတကာသတင်းတွေ တက်လာတဲ့အခါ ဘာသာပြန်ရတာနဲ့ကိုပဲ အချိန် အတော် လုလုပ်ရပါတယ်။ မနက်ပိုင်းတာဝ န်ကျ ၇ယောက် ၈ယောက်က ပျားပန်းခတ်အောင် လုပ်နေကြရတာပါ။ တခါတလေများ ကော်ဖီဖျော်သောက်ဖို့တောင် အချိန်မရလိုက်လို့ အသံလွှင့်ချိန် ကျမတို့ရဲ့ မနက် ၇နာရီခွဲ (မြန်မာပြည်ရဲ့ ညနေ ၆နာရီ)မှာတော့ အသံလွှင့်ခန်းထဲထိုင်နေတဲ့ လူ၎ယောက်စလုံး ဗိုက်ထဲက ဂွီဆိုတဲ့ အသံတွေတောင်မြည်လို့ ရယ်ကြရပါတယ်။ တကယ်ပါ.. တကယ့်ကို အကျယ်ကြီးမြည်တာ။ တခါတလေများ အသံလွှင့်တဲ့အထဲ အဲဒီအသံ ပါသွားမလား လို့တောင် ထင်မိပါသေးတယ်။

အသံလွှင့်ချိန် ၁နာရီစာအတွက် ၃နာရီကြိုလုပ်တာတောင် အလျင်မီအောင် မနည်း လုပ်ကြရတာပါ။ အဓိကကတော့ Breaking News တွေနဲ့ သတင်းတက်တာတွေ နောက်ကျရင် ပျာကြရတာပါ။ သတင်းဆိုတာကလည်း ကျမတို့ အသံလွှင့်ချိန်မီအောင် ဖြစ်ပေးနေတာမှ မဟုတ်တော့ သတင်းတက်တဲ့ အချိန်များ နောက်ကျရင် ရုံးခန်းထိုင်ကျန်ခဲ့တဲ့သူတွေက နောက်က လိုက်လုပ်ပြီး အသံလွှင့်ခန်းထဲ လိုက်ပေးပေရော့ပဲ။ သတင်းကလည်း တခါတလေ တက်တာ တင်းကြမ်း။ ဥပမာ သဘာဝဘေးဒဏ် သတင်း များဆိုရင် တရုတ်ပြည်ရေကြီးတဲ့သတင်းမှာ သေနှုန်းက ကိုယ် သတင်း မကြေညာခင် နောက်ဆုံးအချိန်ထိ လူ ၂၀ သေဆုံး ကနေ အသံလွှင့်ချိန် တနာရီအတွင်းမှာကိုပဲ လူ ထောင်ကျော် ဖြစ်သွားတာမျိုး.. ၀န်ကြီးဝမ်ကျားဘောင် သွားနေပြီ ဆိုတာမျိုး တွေပေါ့။ အဲလို update တွေက မှားလို့ မရပါဘူး။

ဒီတော့ အဲဒီ အလုပ်ချိန် အတောအတွင်းဟာ တကယ့်ကို ခေါင်းမဖော်နိုင်လောက်အောင် လုပ်ရတဲ့အချိန်ပါ။ ဒီက မနက် ၇နာရီခွဲကနေ ၈နာရီခွဲ တချိန် အသံလွှင့်ပြီးတော့ နောက်တချိန်က မနက် ၁၀နာရီခွဲကနေ ၁၁နာရီခွဲတချိန် ထပ်လွှင့်ရပါသေး တယ်။ အဲဒီအချိန်အတွက်လည်း တတ်နိုင်ရင်တော့ သတင်းအသစ်တွေပဲ သုံးဖို့ ကြိုးစားရပါတယ်။ သတင်းအသစ် မတက်လွန်း ကာမှပဲ ပထမတကြိမ်သုံးပြီးသား သတင်းတချို့.. နောက် နှစ်ခါပြန်လွှင့်ဖို့လိုတဲ့ အရေးကြီးသတင်းတွေကို လွှင့်ပါတယ်။ အဲဒီ ရေဒီယိုချိန် ၂ချိန်ကြား ၂နာရီရတဲ့အချိန်လေးမှာ မနက်စာကို အလုပ်တဘက်နဲ့ပဲ အလုအယက် စားကြရပြီး နောက်တချိန် တနာရီစာ လွှင့်ဖို့ စီစဉ်ပြင်ဆင်ရပြန်ပါတယ်။ အလုပ်အားလုံး ပြီးပြီ အေးပြီရယ်လို့ နာရီကြည့်တော့ နေ့လယ် ၁၂နာရီထိုးပါပြီ။ မြန်မာပြည်မှာ ည ၁၀နာရီခွဲ.. ထိုင်းမှာ ည ၁၁နာရီ.. စင်္ကာပူမှာ ည ၁၂နာရီ……။ ပြီးတော့ ကျမတို့မှာလည်း Parking နေရာခက်ခဲလှတဲ့ Washington DC ထဲ... နေ့လယ်ပိုင်းသမားတွေ ကားရပ်စရာ အဆင်ပြေဖို့အတွက် ကိုယ်ရထားတဲ့ Parking နေရာလေးတွေမှာ သူတို့ ရပ်နိုင်ဖို့ မနက်ပိုင်းသမားတွေက အချိန်ကိုက် ပြန်ရပါမယ်။ သိပ်ပင်ပန်းထားပြီမို့ ပြန်လည်း ပြန်ချင်နေကြပါပြီ။ ကျမဆိုရင် များသောအားဖြင့် သူများကားနဲ့ လိုက်ပြန်ရတာ ဆိုတော့ ကိုယ်လိုက်မယ့်သူပြန်ချိန် အမီ လိုက်ပြန်ရတာပါပဲ။ ဒီတော့ သိမ်းဆည်း ပြင်ဆင်တာနဲ့ နေ့လယ် ၁၂နာရီခွဲ ရုံးပြန်ချိန်မှာတော့ အရှေ့ဘက်ခြမ်းက သူငယ်ချင်းတွေ အိပ်မောကျချိန် ရောက်ပြီပေါ့။ အိမ်ပြန်ရောက်ဖို့ကလည်း အနည်းဆုံးနာရီဝက်လောက် မောင်းကြရဦးမှာလေ..။ ဒါတောင် Traffic မမိပါမှ။ Traffic မိလိုက်လို့ကတော့ လမ်းမှာတင် တနာရီကျော်ကြာတတ်တာပါ။
+++++

အိမ်ပြန်ရောက်တော့.. ခုတော့ နွေကျောင်းပိတ်ရက်မို့ ကျမရဲ့ ဆည်းလည်းကြီးတွေ အိမ်မှာ ရှိနေတာပေါ့။ အရွယ်တွေကြီးလာ အသံတွေကလည်း ပိုညံလာတော့ ဆည်းလည်းလေးတွေ ဟုတ်တော့ဘူး။ ပြန်ရောက်တာနဲ့ ကလေးတွေနှုတ်ဆက်ပြီး မေမေ ခဏ နားမယ်ဟေ့လို့ အသံပေး.. ခြေလက်ဆေးပြီး တရေးဝင်အိပ်ရပါတယ်။ မဟုတ်ရင် ခေါင်းတွေအုံပြီး လူက စိတ်မကြည် ချင်ဘူး။ နေ့လယ် ၁နာရီခွဲလောက်ကနေ နေ့လယ် ၂နာရီခွဲလောက်ထိက ကျမရဲ့ တချက်အိပ်ချိန်ပါ။ အဲဒီအချိန်လောက်မှာတော့ မနက် ၅နာရီအလုပ်ဝင်ရပြီး နေ့လယ် ၂နာရီမှာ အိမ်ပြန်ရောက်တဲ့ ကလေးတို့အဖေလည်း အိမ်ပြန်ရောက်လာပါပြီ။ အဲဒီနောက်တော့ အိပ်ယာထ.. ကလေးတွေနဲ့ ဘာ ညာ ဘာညာလေးတွေ ပြောစရာရှိတာ လုပ်စရာရှိတာ လုပ်။ TV ခဏကြည့်ရင်းနားကြ။ ပြီး ဈေးဝယ်ဖို့ လိုရင် တချက်ပြေးဝယ်ကြ။ ညနေ ၄နာရီဝန်းကျင်ဆိုရင်တော့ ကျမတို့ အဖေနဲ့အမေ နှစ်ယောက်သား မီးဖိုချောင်အလုပ် စပါပြီ။ ညနေစာဟင်းချက်။ မနက်ဖန်နေ့လယ်စာအတွက် ချက်။ ကလေးတွေ မနက်စာစားဖို့ အသင့်ပြင်ခဲ့။ အချိန်တွေက ကုန်လွယ် လိုက်တာ။ အဲဒီအချိန်အတွင်းမှာပဲ တဘက်က သားနဲ့ သမီးကို မြန်မာစာသင်ရပါတယ်။ သူတို့ ကျောင်းဖွင့်ရက်ဆိုရင်တော့ အဲဒီအချိန် သူတို့ အိမ်စာတွေ ကူလုပ်ပေါ့။ ညနေစာထမင်းစားတဲ့ ည ၇နာရီလောက်ထိက အလုပ်မပြတ်တတ် သေးပါဘူး။ ည ၈နာရီမှာ လာတတ်တဲ့ ကျမကြိုက်တဲ့ Lifetime Movie တွေ တနာရီစာ ထိုင်ကြည့်ဖို့ ကိုတောင် အတော် အချိန်လုပ်ယူရတာပါ။

ရုပ်ရှင်ကြည့်တာကလည်း ကျမအတွက်က အနားယူတာတမျိုးဖြစ်သလို အင်္ဂလိပ်စကားပြောအတွက်လည်း ပါပါတယ်။ ဒါတောင် ကြော်ငြာတွေ လာချိန်မှာ မီးဖိုထဲ အလုပ်ဝင်လုပ်ရသေးတာပါ။ ည ၁၀နာရီလောက်မှာတော့ ပတ်စာခွာ ဖျာသိမ်းပါပြီ။ ဒါပေမဲ့ နောက်တနေ့မနက် ၃နာရီပြန်ထရမှာမို့ အိပ်လည်း အိပ်သင့်ပါပြီ။ အဲဒီအချိန်ကျမှပဲ ကလေးတွေကိုလည်း သူတို့အခန်းထဲ မောင်းသွင်း..။ ကျမကတော့ အင်တာနက်တချက်ထိုင်.. email စစ်… ရုံးအလုပ်ထဲက ကျန်သေးတဲ့ Web စစ်တဲ့အလုပ် လုပ်။ ည ၁၁နာရီထိုးတော့မယ်။ ဒါပေမဲ့ ကျမ အိပ်လို့ မဖြစ်သေးပါဘူး။ ဘာလို့လဲဆိုတော့ တပတ်တကြိမ်အသံလွှင့်နေရတဲ့ ရသစာအုပ်စင် ကဏ္ဍအတွက် စာဖတ်ရပါဦးမယ်။ အနည်းဆုံး တညကို ၀တ္ထုတို ၃ပုဒ်လောက်အနည်းဆုံး ဖတ်နိုင်ပါမှ တပတ် တပတ် ရွေးဖို့ ရေးဖို့ အချိန်မီပါတယ်။ ကျမ တကယ်အိပ်မယ်လို့ စာကြည့်မီးကို ပိတ်လိုက်တဲ့ အချိန်ဟာ အစောဆုံး ည ၁၁နာရီခွဲပါ။ ချက်ချင်း အိပ်ပျော်သွားရင်တော့ ကံ အင်မတန် ကောင်းတာပါပဲ။ ဘာပဲဖြစ်ဖြစ်.. နောက် ၃နာရီအကြာ မနက် ၃နာရီမှာ ထရမှာမို့….. အိပ်ချိန် ၃နာရီပဲ ရတာတော့ အသေအချာပါပဲ။
+++++

ဒါဖြင့် ညနေပိုင်းဂျူတီဆိုတော့ရော..။ အင်း အိပ်ချိန်လေး နည်းနည်း ပိုရတယ်ပေါ့။ ကျန်တာကတော့ အချိန်ပြောင်းသွားတာ တခုပါပဲ။ ပုံမှန်လည်ပတ်နေတာတွေက မပြောင်းပါဘူး။
မနက် ၈နာရီလောက်ထ… မနက်စာ စားဖို့လုပ်ပေး။ ကိုယ်ရှိနေရင်တော့လည်း ထမင်းကြော်ရင် ကြော်.. ဆီထမင်းထိုးရင်ထိုး။ မုန့်ဟင်းခါးလေးချက်ရင် ချက်။ (ကျမ ရုံးသွားရတဲ့နေ့ဆိုရင်တော့ ညပိုင်းကတည်းက ကျမ စီစဉ်ထုတ်ပေးထားခဲ့တဲ့ ပီဇာဖြစ်ဖြစ်.. ဆင်းဒ၀စ်ဖြစ်ဖြစ်.. ဘာဂါဖြစ်ဖြစ်.. Dumpling ဖြစ်ဖြစ်ကို သားကြီးက ပြန်နွှေးပြီး မောင်နှမတွေ အဆင်ပြေအောင် စားကြရတာပေါ့။) နောက် သားသမီးတွေ နိုးလာတော့ မနက်စာ စားကြ။ ကျမက ညနေစာအတွက် ဟင်းချက်။ ဟင်းချက်နေရင်းသားကပဲ သူတို့ကို မြန်မာစာသင်။ (သူတို့ ကျောင်းတွေ ဖွင့်ချိန်တုန်းကတော့ မနက်၈နာရီခွဲ သူတို့ ကျောင်းသွားချိန်မှာ ကျမရဲ့ အရှေ့ဘက်ခြမ်းသား ဘော်ဘော်တွေဆီမှာကလည်း ညအစောပိုင်းလေး ဆိုတော့ သူတို့နဲ့ Chat ရင်း အလုပ်လုပ်နိုင်ခဲ့သေးတာပေါ့) ခုတော့ ကလေးတွေ စာလုပ်နေတုန်း ကျမအတွက် ထမင်းဗူးပြင်။ နေ့လယ် ၁၁နာရီမှာ ရေချိုးပြင်ဆင်မှ အိမ်ကနေ ၁၁ခွဲထွက်။ ဒါမှ ရုံးကို ၁၂နာရီခွဲအရောက်လောက် ၀င်နိုင်။ ဟူးးးးးးးးးးးးးး
ရုံးရောက်ရင် ဘယ်လောက်ရှုပ်သလဲလဲ ထပ်မပြောတော့ပါဘူးနော်..။ ဆိုတော့…………………
(ဒီကြားထဲ အိပ်ချိန်စားချိန်မမှန်လို့… ပင်ပန်းတာအကြောင်းပြပြီး မတရားစားလို့… အစားအေသာက် မဆင်ခြင်လို့… ကိုယ်လက်လှုပ်ရှားမလုပ်လို့… ကိုယ်အလေးချိန်တက်.. Cholesterol တွေတက်တဲ့ ဆိုးကျိုးဆက်တွေ မပြောသေး… :P)
+++++

ဒါဖြင့် နားရက်ကလေးတွေမှာ ဘာလုပ်သလဲတဲ့။ သုံးလေးနာရီလောက်တော့ တကယ်ပဲ သေသေချာချာ နားပါတယ်။ အိပ်ယာထဲ လှဲရင်းဖြစ်ဖြစ်.. စာဖတ်ပါတယ်။ ရုပ်ရှင် တကားလောက် ကြည့်ပါတယ်။ ခုလို စာလေးပေလေး နည်းနည်း ရေးဖို့ ကြိုးစား ပါတယ်။ ပြီးရင် အိမ်ရှင်းတဲ့အလုပ်တွေဘာတွေ လုပ်ပါတယ်။ ကလေးတွေအဖေအလုပ်ကပြန်ရောက်ချိန်မှာ ဈေးဝယ်ထွက်တာတို့ ကလေးတွေကို တနေရာရာ ထွက်ပို့တာတို့ လုပ်ပါတယ်။ စနေည ... သောကြာညတွေမှာ ရှိတတ်တဲ့ မိတ်ဆွေတွေရဲ့ ပါတီတွေ သွားပါတယ်။ အဲဒါတွေကလည်း မလုပ်မဖြစ်တဲ့ ကိစ္စတွေပါပဲ။ ဗမာမိသားစုတွေ ဗမာကလေးတွေ ဆုံကြတာလေ။
++++

ပြောရရင်.. Blog ကို မလှည့်နိုင်တော့တာ ဒါတွေကြောင့်ပါပဲ။ Comment Box ကို ဖြုတ်လိုက်တာလည်း ဒါကြောင့်ပါ။ ကျမက အချိန်မှန်ဝင်မကြည့်နိုင်တော့ ရုန့်ရင်းကြမ်းတမ်းတာတွေကို အချိန်မီမဖျက်နိုင်တော့ အတော်အရုပ်ဆိုးပါတယ်။ ဒါပေမဲ့ တဘက်ကလည်း ဘလော့မှာမှ ဆက်သွယ်ကြရတဲ့ ဘလော့ဂါမောင်နှမတွေကို လွမ်းလွမ်းနေတာလည်း အမှန်ပါပဲ။ Moderate တော့လည်း မလုပ်ချင်ဘူး။ (ခုတော့လည်း လွမ်းလာတာနဲ့ Comment ပြန်ဖွင့်ထားလိုက်ပြန်ပါပြီ.. ကိုပေါကတော့ ဘာပြောဦးမယ် မသိ :P)

နောက်ပိုင်း ပိုဆိုးမှာက ကလေးတွေလည်း ကျောင်းပြန်ဖွင့်မယ့် လာမယ့် Fall term မှာ ကျမ ကျောင်းတက်တော့မှာ။ အချိန်ထပ်ပေးရမယ့်အပြင် ကျောင်းစာတွေပါ ပိတော့မှာ။ Blog ဘယ်လိုပြန်ရေးမလဲတဲ့..။ စဉ်းစားတိုင်း ကျမ စိတ်မကောင်း ဖြစ်ရပါတယ်။ အချိန်မရှိပါဘူးဆိုကာမှ ရေးချင်တာတွေ ရေးစရာတွေကလည်း ပေါ်လာလိုက်တာ အစီအရီပေါ့။
ဒီနေ့ဆိုရင် ကိုငှက်ဆုံးတာ ၆နှစ်ပြည့်ပြီ။ ဒီတလော သွယ်သွယ်နဲ့ မိထောလေးကို သတိရရနေတာ။ သမီးတောင် ၁၅နှစ်သမီး လောက် ရှိပြီထင်ပါရဲ့ဆိုပြီး သတိရနေတာ။ ဒါပေမဲ့ ကျမ စာမရေးနိုင်။ ဒီတခါတော့ စကားလုံးတလုံးမှ ထွက်ကျ မလာ။ မနက်ဖန် သြဂုတ် ၁၅ရက်ကျတော့ ဆရာကြီး မင်းသုဝဏ် ၆နှစ်ပြည့်။ အဲဒီအထိမ်းအမှတ်အတွက်တော့ ဆဲဗင်းအလဲဗင်း ရွေးကောက်ပွဲ ဆိုတာကြီးနဲ့လည်း အံကိုက်အောင် … ဘကြီးအောင် ညာတယ်..၀တ္ထုတိုလေးကို ရသစာအုပ်စင်တင်ဖို့ လုပ်နေပါတယ်။

လောလောဆယ်တော့ ဘလော့လေး အသက်မသေရလေအောင် ကြိုးစားပြီး စာ နည်းနည်းစီ ပြန်တင်ဖို့ တကယ်ပဲ ကြိုးစားနေပါတယ်။ တဘက်ကလည်း ရသစာအုပ်စင် ဘလော့လေးမှာ အပတ်စဉ်အသံလွှင့်ခဲ့တဲ့ အသံဖိုင်တွေကို အချိန်ရတိုင်း ပြန်တင်နေပါတယ်။
ခုတော့ ကျမခမျာ… အဆိုတော်ဇော်ဝင်းရှိန်ရဲ့ တကယ်ဆို အချစ်ပဲလိုတယ် ဆိုတဲ့သီချင်းကို အချစ်နေရာမှာ အချိန်ကိုပဲ အစားထိုးပြီး သတိရနေရပါတော့တယ်။

++++++

12 comments:

Su said...

I admire busy women life

သက်ဝေ said...

ဆရာမက အခုလို တနေ့တာ အချိန်တွေကို ချပြလိုက်ပြီး အိပ်ချိန်တောင် တနေ့ ၃ နာရီထဲ ဆိုတော့... အင်း... ဆရာမရေးမယ့် ကျမရဲ့ ချစ်ခြင်းများ.. ဘယ်တော့ဖတ်ရမှာလဲ လို့ မေးမလို့ဟာ မေးတော့ပါဘူးလေ... နော်...

ဆရာမ နေကောင်း ကျန်းမာစွာနဲ့ လုပ်ချင်တာတွေလုပ်ဖို့ အချိန်တွေ ပိုလာပါစေ... အိပ်ရေးဝဝ အိပ်ရပါစေလို့ ဆုတောင်းသွားပါတယ်...း))

မန်းကိုကို said...

ခုမှဒီလိုလေပြေပြန်ထိုးတော့ ဘယ်ရမှာလည်း ဆရာမရယ်၊ ကြားစကားတွေ ယုံပစ်လိုက်ပြီ။

MieMie said...

နားလည်သဘောပေါက်ပါတယ် မမေငြိမ်း ... east code
မှာနေတဲ့သူအချင်းချင်း ဖြစ်တာရယ် ... မိခင်တယောက်
ဖြစ်နေကြတာရယ် ... ပိုလို့တောင် ကိုယ်ချင်းစာမိပါတယ် ... အမ တို့လို အလုပ်ချိန်က နေ့ဖက်ဖြစ်လိုက် ညဖက်ဖြစ်လိုက် နဲ့ ဆို ပိုတောင်ဆိုးပါသေးတယ် ... အဲလိုကြီး အချိန်မတူတဲ့ အလုပ်လုပ်ရက်တွေမှာ အိပ်လို့ရော ရ ရဲ့  လားလို့ တွေးမိသေးတယ် ...

ywartharlay-ytu said...

ဟလို

တက်စတင်း

ဝမ်း တူး သရီး

ကိုကိုးအိမ် said...

ဆရာမမေငြိမ်းရေ ၀ါရှင်တန်အသံလွှင့်က လူတွေအဲလောက်အလုပ်ရှုပ်တယ်လား ဒါဆိုမြန်မာနိုင်ငံရေဒီယိုအသံလွှင့်ကလူတွေ ထက်ကိုပိုဆိုးတာပေါ့။ ဒီမှာကတော့ အစီအစဉ်တွေအရမ်းများတော့ တစ်ယောက်ချင်းစီကြားမှာ နားချိန်လေးတွေရ တယ်လေ။ နောက်ပြီး သတင်းကလည်း အသံလွှင့်ဌာနတွေက နေပြည်တော်အသံလွှင့်ဌာနကပေးတာကိုပဲ ပြန်လွှင့်တာဆိုတော့ သီချင်းပိုင်းနဲ့ စာအုပ်စင်ကဏ္ဏတွေ အင်တာဗျူးတွေ တခြားအနုပညာသတင်းလေးတွေကိုပဲ လွှင့်ရတော့ သူ့အပိုင်းနဲ့သူလုပ်ရတာလေ။ အဲတော့ အော်ဒီယိုအင်ဂျင်နီယာကလွဲရင် အနောင့်ဇာတွေက နားချိန်လေးတွေရပါ တယ်။ ဆရာမကိုလည်း ကျွန်တော် လင့်ခ်ချိတ်ထားလိုက်ပြီဗျ။ ကျေးဇူးနော်....

ခင်မင်လျှက်
ကိုကိုးအိမ်

စိုးသင့်ဆွေ said...

ဟုတ်တယ်နော် တနေ့ကို ၂၄ နာရီအစား ၄၈နာရီလောက်ရှိမယ်ဆိုရင်တော့ မဆိုးဘူးထင်တယ်နော် တီချယ်... :P

Bino said...

I do understand you.
The time diff. between you and the readers is dosen't matter.
You stayed in the same place as stationary.(Fixed time)
There is difficult, if you want to contact me.
I've gone everywhere in the world day by day.

BINO

ကြည်ဖြူပိုင် said...

ဖတ်ပြီးမောသွားမိတယ်ဆရာမရေ
အချိန်ကို management လုပ်နိုင်မှုအတွက်
လေးလဲလေးစားမိပါတယ်

khin oo may said...

မောလိုက်တာ. တို့တော့အားတယ်ဆရာ.

မေငြိမ်း said...

Su.. ဟုတ်တယ်.. အမလည်း အလုပ်တွေ ရှုပ်နေရတာကို ကြိုက်တယ်။ :)
မသက်ဝေရေ..
အဲလောက် နည်းတဲ့အချိန်တွေထဲကပဲ လုပြီး ရေးဦးမှာပါ။
မန်းကိုကိုရေ..
လေပြေထိုးတာလား ဘာလား မသိပါဘူး.. ကျမကတော့ ကိုယ်လုပ်ချင်တာ လုပ်တာပဲ .. :P
Mie Mie..
သေချာတာပေါ့.. တခါတလေ ည ၁နာရီလောက်ထိ အိပ်မပျော်လို့ နောက်မနက် ၃နာရီထတော့ ခေါင်းတွေမူးပြီး ကော်ဖီတွေ ပြင်းပြင်းဖျော်သောက်.. ဒါနဲ့ပဲ ရင်တွေတုန်...။ ပြောတော့ပါဘူး.. :)
ရွာသားလေး .. ဟယ်လို.. ဟယ်လို .. ကြားရင် အကြောင်းပြန်.. ဒါပဲ။
ကိုကိုးအိမ်
မြန်မာပြည်က သတင်းဌာနနဲ့တော့ တူဝူးလေကွယ်..။ တူတို့ကတော့ သတင်းလို့ဆိုသော အရာများက အသင့်စောင့်ပြီး ဖြစ်ပေါ်နေသကိုး :P
စိုးသင့်ဆွေ...
သဘောပေါက်ြီ့းသားပါနော်.. တူတူ တူတူတွေ .. အဟင့် :(
Bino..
တကွေ့ကွေ့တော့ တွေ့ကြသေးတာပေါ့လေ.. ဟဲဟဲ..။
ကြည်ဖြူပိုင်.. ဒီလိုပဲ ရအောင် အချိန်လုရတာပါပဲ..။ ဘယ်သူမပြုမိမိမှုဆိုသကိုး :D
မခင်ဦးမေ..
အားတဲ့သူတွေကိုလည်း အားကျပါတယ်။ အဲလို စာရေးချိန်လေး များများရချင်ပါတယ်။ :)

tg.nwai said...

အစ်မရေ...ဒီပို့စ်လေး ဖတ်ပြီးပြီးချင်း တော်တော်မောသွားရပါတယ်။ ဒါပေမယ့်လည်း မိသားစုနဲ့အတူတူရှိနေရတာလေးကြောင့် တော်သေးတာပေါ့နော်.. အဲဒီလို အချိန်တွေကြားထဲက လာရေးသွားတဲ့ ကွန်မန့်အတွက် ကျေးဇူးတင် အားနာရပါတယ် အစ်မရေ...

အစ်မ စာရေးဖို့ အချိန်တွေအများကြီး ရပါစေ..