Jan 13, 2011

မရေးချင်တဲ့ စာ

(ပန်းချီ မြင့်မောင်ကျော်)

ဖြစ်နိုင်ရင်.. သေခြင်းဆီ ကိုယ်တိုင်လည်း သွားချင်ပါတယ်။
ဒါဟာ ထွက်ပေါက်တခုတော့ မဟုတ်ပါ။ ဒါပေမဲ့ လတ်တလော ဒုက္ခတွေရဲ့ ငြိမ်းရာ ချုပ်ရာလို့ ယူဆတဲ့အခါ သွားနှင့်သူတွေကို နှမျောတဲ့ကြားကပဲ သူတို့ကတော့ အေးနှင့်ပြီလို့ ခံစားမိပါတယ်။ ခုလည်း ကိုဝဏ္ဏ အေးနှင့်ပြီ။

++++++

ကိုဝဏ္ဏ က ကျမထက် အသက် ၁၆ နှစ်လောက်ပိုကြီးပေမဲ့ ကိုဝဏ္ဏရဲ့ အနုပညာတွေက နုပျိုလတ်ဆတ်သလို သူကိုယ်တိုင်ကလည်း နူးနူးညံ့ညံ့ ညင်ညင်သာသာ ပြောဆို နေထိုင် တတ်သူမို့ ထင်ပါရဲ့။ ကျမက သူ့ကို ကိုဝဏ္ဏလို့သာ ခေါ်ဖြစ်ပါတယ်။ တကယ်တော့ ကိုဝဏ္ဏနဲ့ ကျမက သူ လေထန်ကုန်းမှာ လာထိုင်တဲ့ တခါတလေမှသာ သူရှိတဲ့ စကားဝိုင်းတွေမှာ ကျမရှိနေတတ်တာမျိုးနဲ့ ကြုံဆုံပြီး စကားတွေ ပြောဖူးခဲ့ရတာပါ။ ကျမက ငယ်ငယ်လေးကတည်းက ကိုဝဏ္ဏကို ကျမအဖေ ပြောပြောနေတာတွေကြောင့် ကောင်းကောင်းသိခဲ့ရတာဆိုတော့ ကိုဝဏ္ဏနဲ့ ဆုံချိန်မှာ ကျမက ကိုဝဏ္ဏကို တော်တော် ရင်းရင်းနှီးနှီး သိပြီးသားဖြစ်နေပြီ။ ဒီတော့ ကိုဝဏ္ဏနဲ့ဆုံချိန်မှာ ကျမက ပြောစရာစကားတွေ အဆင်သင့် ရှိပြီးသား..။ ကိုဝဏ္ဏက စကားပြောတဲ့အခါမှာလည်း အင်မတန် သိမ်မွေ့အေးချမ်းသူ..။

ကျမ အဖေက ကိုဝဏ္ဏတို့ သားအဖ ညီအကိုတွေရဲ့ သဘာဝအုပ်စုကို တော်တော် နှစ်ခြိုက်သူ။ ဦးသာဓု ကစလို့ ကိုမင်းလူ အထိပေါ့။ နာမည်ဘယ်လောက်မှ မကြီးဘူးလို့ လူတွေ ထင်တဲ့ ကိုရူပ တောင် ကျမတို့ သားအဖက သိပ်ကြိုက်ကြတာပါ။ ပြိုမှာလေလားမိုးရဲ့..ထဲက ကိုရူပ ကို ဘယ်တော့မှ မမေ့။ အဲသလိုပဲ မောင်ဝဏ္ဏဆိုရင်လည်း “ကတ္တီပါ ဘိနပ်စီး ရွှေထီးဆောင်း”က စလို့ “ရင်ထဲက ဆောင်းရာသီ” အထိ..။ ကိုဝဏ္ဏ ဖန်တီးသမျှ ကျမ မကြိုက်တဲ့ ကား.. မကြည့်လိုက်ရတဲ့ ကား မရှိ။

“ကတ္တီပါဘိနပ်စီး ရွှေထီးဆောင်း” ကြည့်တုန်းကဆိုရင် ကျမ သိပ်ကို ငယ်လွန်းသေးတာမို့ ကောင်းကောင်း မမှတ်မိချင်။ ဒါပေမဲ့ မြတ်မွန် သိပ်လှတာ.. ရိုက်ကွက်တွေ ပန်းချီဆန်တာ.. ခုထိ မှတ်မိတုန်း။ အဲဒီကားထဲက တောင်သမန်အင်းထဲက မယ်ဇယ်ပင်တန်းမှာ ရေတွေ တက်နေတုန်း အဲဒီထဲက အိမ်လေးတအိမ်ထဲ မြတ်မွန် စိတ်ဖောက်သွားတဲ့ အခန်းကို ခုထိ မှတ်မိတုန်း။ နောက်ကောင်းကောင်းမှတ်မိတာ ဇာခန်းစီးနောက်ကွယ်မှာ..။ အဲဒီထဲက မြတ်မွန်ဆိုတဲ့ ဇာတ်ဝင်သီချင်း (မူရင်းဆိုတဲ့သူ မမှတ်မိတော့) “ဘာလိုလိုရယ်.. အို… သူ့အပေါ်မှာကွယ်.. စိတ်ဝင်စား.. အတွေးများ ချာလည်.. ရိုးရိုးလား.. ဆန်းဆန်းလား .. ကွဲကွဲပြားပြား မသိပြီကွယ်” ဆိုတဲ့ သီချင်းကိုတောင် ခုထိ မှတ်မိနေပါသေးတယ်..။ ခြေဖ၀ါးတော်နုနု ဆိုလည်း ဒီလိုပဲ.. အရင်က အကြိုက်ကြီးမဟုတ်လှတဲ့ ရှုမ၀စန်းစန်းအေး နဲ့ ဇော်လွင်ကို ကျမ ချစ်သွားခဲ့ရတဲ့ ရုပ်ရှင်ပေါ့။ အဲဒီထဲက ကျမသိပ်ကြိုက်တဲ့ သီချင်းကိုလည်း ခုတောင် လွမ်းလာပါတယ်..။ “ခရီးသွားရင်း သီချင်းဆိုမယ်.. ငှက်ကလေးများလိုကွယ်.. တောင်ပံခတ်သံ စည်းဝါးသဖွယ်.. လေချိုအေးသံ ကာရန်နှယ်.. တွန်ကျူးသံက သီချင်းသားကွယ်..” အဲဒီသီချင်းလေး နဲ့ လယ်ကွင်းတွေ မြစ်ပြင်တွေ ပျံလွှားငှက်တွေနဲ့ ကျမတို့ မြန်မာမြေရဲ့အလှတွေကို ပြသွားတာ.. ခုတောင် မြင်ယောင်လာသေး။

ပန်းတွေနဲ့ ဝေ.. ကတော့ ခုထိ အစွဲလန်းဆုံး ရုပ်ရှင်တွေထဲမှာ ထိပ်ဆုံးက ရှိနေတာပါ။ အောင်လတ် နဲ့ ဝေ့ကို စွဲစိတ်ထဲမှာ တက္ကသိုလ်ဟာ ကဗျာတပုဒ်လို လှခဲ့တာ..။ ပန်းတွေနဲ့ ဝေ ဟာ ၀တ္ထုလှသလို ရုပ်ရှင်လည်း လှခဲ့တဲ့ အနုပညာ..။ နောက်တော့ နှောင်းတမြေ့မြေ့..။ ချစ်တဲ့သူငယ်လေ…၊ မောင်စိန်သောင်း မနှင်းရည်..၊ ခုနစ်အိမ်တန်းက မဂျမ်းဘုံ.. ခုနစ်စဉ်အလွမ်း..၊ ရင်ထဲက ဆောင်းရာသီ…။ တကားမှ ကျမ မမေ့။ ပန်းချီဆန်လှတဲ့ ရိုက်ကွက်တွေ..။ တကယ့်ကိုမှ အနုပညာ..။ ကိုဝဏ္ဏရဲ့ ၀တ္ထုတွေ လှသလို ရုပ်ရှင်ကိုပါ လှအောင် ရိုက်ခဲ့တာ..။ သူ့ရုပ်ရှင်တွေကို ကျမ ပန်းချီကားစွဲသလို မျက်စိထဲ စွဲနေခဲ့တာ။ တကယ်တော့ ကိုဝဏ္ဏ ဟာ သူကိုယ်တိုင်ကိုက အနုပညာ..။

++++

ကိုဝဏ္ဏ နေမကောင်းဘူးလို့ ကြားကတည်းက ဒီလိုနေ့ကို မသိမသာ စောင့်ကြည့်နေခဲ့ရတာပါ။ ကျမတို့ ပြန်မရနိုင်တဲ့ ဆုံးရှုံးမှုတွေက များလှပြီလေ..။ ဆုံးရှုံးသမျှကလည်း တကယ့် အစားထိုးမရတဲ့ တန်ဖိုးတွေချည်းလေ..။ ဒါကိုက သဘာဝတရားရဲ့ လုပ်ကြံမှုပဲလား..။ တန်ဖိုးရှိလေ.. နှမျောတသရအောင် လုပ်လေ… ထင်ပါရဲ့။

နောက်ထပ် မောင်ဝဏ္ဏရဲ့ အနုပညာမြောက် ရုပ်ရှင်တွေ ကျမ ဘယ်တော့မှ မကြည့်ရတော့မှာ သေချာပြီ။ စိတ်အေးလက်သာ ဖတ်ရတတ်တဲ့ မောင်ဝဏ္ဏရဲ့ စာတွေလည်း ဘယ်တော့မှ မဖတ်ရတော့ပြီ။ ဒါဟာ ကျမတို့ကျန်ရစ်ရသူတွေအတွက် နှမျောတသစရာကောင်းလှတဲ့ ဆုံးရှုံးမှုဆိုပေမဲ့… သွားနှင့်သူ စာရေးဆရာ ဒါရိုက်တာမောင်ဝဏ္ဏ အတွက်ကတော့ အေးချမ်းရာကို ရသွားတာပါ။ သူဟာ လောကကြီးအတွက် အနုအလှတွေ ထားခဲ့ပြီး တာဝန်ကျေကျေနဲ့ ထွက်သွားခဲ့တာပါ..။

အဲဒါကြောင့် နှမျောတသ စိတ်ထိခိုက်ရပေမဲ့လည်း ကျေနပ်ဂုဏ်ယူပါတယ် ကိုဝဏ္ဏရေ..။ ရောက်ရာဘ၀မှာလည်း ခုလိုပဲ လှပတဲ့ အနုသုခုမတွေ ဖန်တီးနိုင်တဲ့ အနုပညာရှင်ပဲ ဖြစ်ပါစေ လို့ ကျမ လောဘကြီးကြီးနဲ့ ဆုတောင်းနေမိပါတယ်ရှင်။

++++++

7 comments:

ချစ်ကြည်အေး said...

နှမျောလိုက်တာ အမရယ်...၊ သူ့စာတွေ သိတ်ကြိုက်တာ သရော်စာတွေ ထိထိမိမိရေးတတ်လွန်းတဲ့ ဆရာ၊ သူ့စာတွေ ဖတ်ရတာ သိတ်ပျော်တာ၊ လောဘကြီးတယ်ပဲဆိုဆို တကိုယ်ကောင်းဆန်တယ်ပဲ ပြောပြော ဆရာ့ကို မအေးစေချင်သေးဘူး အမရယ်....။ စိတ်မကောင်းလိုက်တာ....

သိင်္ဂါကျော် said...

လူသေသွားပေမယ့် နာမည် မသေပဲ ကျန်နေဖို့ဆိုတာ လွယ်တာ မဟုတ်ဘူးလေ.. သူ့လို အနုပညာရှင်ကတော့ နာမည်ထင်ကျန်နေမှာပါ..

ကိုကိုကြောင်ချေး said...

မရေးချင်ရင် မရေးနဲ. မေငြိမ်း

ALVARO said...

Hi, Greetings from Santa Marta, Colombia. Congratulations on your blog. I am an educator and I have a blog magazine about literature, film and philosophy. If you want to visit, the address is:
http://alvarogomezcastro.over-blog.es

kyaw said...

ပါလေရာ မေငြိမ်း..လေးစားခဲ့တဲ့ အချိန်တွေကိုနှမြောလိုက်တာ

Myint Soe said...

ဆရာမခင်ဗျား
“ပြိုမှာလေလားမိုးရဲ့” က ဆရာအောင်ပြည့်ရေးတာပါ။

မေငြိမ်း said...

ဟုတ်ပါတယ် ကိုမြင့်စိုးရေ..
ကျမက မောင်ရူပ အကောင်းဆုံးလုပ်သွားနိုင်တဲ့ ပြိုမှာလေလားမိုးရဲ့ လို့ တင်စားချင်တာပါ။ ကျမအရေးမရှင်းလို့ ဖြစ်သွားတာပါ။ ခုပြင်လိုက်ပါတယ်ရှင်။ ကျေးဇူးပါ။