Jun 5, 2011

ကျမနဲ့ စိတ်ကူးယဉ်

ငယ်ငယ်လေးကတည်းက ကျမကို စိတ်ကူးတော်တော်ယဉ်တယ်လို့ မှတ်ချက်ချခံရတာကို မကြာခဏ ကြုံခဲ့ဖူးပါတယ်။ အဲလိုမှတ်ချက်ချခံရတိုင်းလည်း ကျမ အမြဲ အလွယ်တကူ ၀န်ခံတတ်ပါတယ်။ ဟုတ်တယ်.. ကျမက စိတ်ကူးယဉ်ရတာကို မွေ့လျော်သူ..။ စိတ်ကူးယဉ်တာနဲ့ ပတ်သက်ရင် အများအားဖြင့် ကောက်ယူတဲ့ အဓိပ္ပါယ်က အဆိုးဘက် နည်းနည်း ကဲတယ် ထင်တာပဲ.. စိတ်ကူးယဉ်သမားတို့.. စိတ်ကူးယဉ်ဆန်လိုက်တာတို့… အဲလိုပြောတတ်ကြတာကိုး..။ ကျမကတော့ စိတ်ကူးယဉ်တာက ဘယ်သူ့ကိုမှ မထိခိုက်ရင် တော်တော် သာယာစရာ ကောင်းတာပဲလို့ ထင်ပါတယ်..။
ကျမငယ်ငယ်လေးကတည်းက တက္ကသိုလ်က ဆရာမ ဖြစ်ချင်တယ်.. အင်္ဂလိပ်စာ.. ဒါမှမဟုတ် မြန်မာစာ ဆရာမလုပ်ချင်တာ..။ ဖေဖေပြောပြတဲ့ နော်လွီဇာဘင်ဆင် နဲ့ Joice Win (နွဲ့ယဉ်ဝင်း)တို့ကို သိပ်အားကျတာ။ မြန်မာစာဆရာမတွေကတော့ အစဉ်အလာကကို နည်းနည်းရိုးကြတယ်။ အလှပြင်ရင်တောင်မှပဲ အငြိမ်ပြင်ကြတာလေ..။ ကျမကတော့ ခေတ်မီတာကို ကြိုက်တယ်..။ ကျမ ဆရာမ ဖြစ်တော့ ထမီတိုလို့.. နားကွင်းဝတ်လို့.. ပခုံးသိုင်းအိတ်ကို အ၀တ်စနဲ့ ချုပ်တဲ့ အိတ်ပျောပျော့ အကြီးကြီးတွေ သုံးလို့ အဆူလည်း ခံရတယ်။ ခါးတိုအင်္ကျီက ခါးနည်းနည်းရှည်ပြီး အင်္ကျီက ပွပွမို့ မသပ်ယပ်ဘူးတဲ့။ အကဲ့ရဲ့လည်း ခံရပါတယ်။ (အင်္ကျီပါးပါးဝတ်တဲ့ဆရာမတွေကျတော့ အဆူမခံရဘူး..)။ ကျမ တော်တော် စိတ်ပျက်ခဲ့ဖူးတယ်။ အဲဒါတွေက ဆရာမဆိုတဲ့ ကာယိနြေ္ဒကို ထိခိုက်တယ်လို့ ခုထိ ကျမ လက်မခံနိုင်သေးဘူး။ အဲဒါနဲ့ ကျမက စိတ်ကူးယဉ်ဆန်တယ်ဆိုတာနဲ့လည်း မဆိုင်ဘူး ထင်တာပဲ..။ ဒါပေမဲ့ ကျမကတော့ ကျမစိတ်ကူးယဉ်ခဲ့ဖူးတဲ့ ဆရာမပုံစံအတိုင်း ရအောင် နေတာပါပဲ…။ ဒီတော့ ပတ်ဝန်းကျင်တခုကို စိတ်ပျက်ပေမဲ့ ကိုယ့်စိတ်ကူးယဉ်ထဲမှာတော့ စိတ်ချမ်းသာတာ အမှန်ပဲ…။
ဒီလိုနဲ့ ကျမ စိတ်ကူးယဉ်တဲ့အတိုင်း.. ပန်းချီဆွဲတာပဲ.. ဂစ်တာတီးတာပဲ… စာရေးတာပဲ.. ကဗျာရေးတာပဲ..။ အောင်မြင်ကျော်ကြားချင်လိုက်တာလို့တော့ တခါမှ စိတ်ကူးမယဉ်ဖူးပါဘူး။ (ဒါကြောင့်ပဲ အားလုံးက ဟိုမရောက်ဒီမရောက်အဆင့်လောက်ပဲ ရှိခဲ့တာ ထင်ပါရဲ့)။ ပြီးတော့ စာရေးဆရာမ လုပ်မယ်လို့ မစဉ်းစားဘဲ စာရေးချင်လိုက်တာလို့ စဉ်းစားပြီး စာတွေရေးတော့ မိတ်ဆွေ သုံးလေးယောက်က မဂ္ဂဇင်းပို့ကြည့်ပါလားဆိုတာနဲ့ ပို့ကြည့်တာပဲ..။ ကံကောင်းလို့ ကိုယ့်စာကို ကြိုက်တဲ့ အယ်ဒီတာတွေက ရွေးလို့ နေရာပေးလို့ အလွယ်တကူ စာရေးဆရာ ဖြစ်လာရပေမဲ့ အဲဒီစာရေးဆရာဘ၀ကို သိပ်ကို မက်မောခဲ့ပါတယ်။ (အမက်မောဆုံးဘ၀ လို့တောင် ပြောရမယ်ထင်တယ်)။ စာရေးတဲ့လောကထဲ လျှမ်းလျှမ်းမတောက်ခဲ့ပေမဲ့ ကိုယ်ရေးခဲ့သမျှက ကိုယ့်ရင်ထဲက လှိုက်လှိုက်လှဲလှဲ ရေးခဲ့တာမို့ ကျေနပ်ပါတယ်။ ဒီတော့ ပြန်ကြည့်မိတော့ ကျမရဲ့ စိတ်ကူးယဉ်တွေကို ကျမ ပိုင်ခွင့်ရခဲ့.. နောက်ထပ်လည်း စိတ်ကူးယဉ်ခွင့်တွေ ရခဲ့ပါလားလို့လည်း ဘ၀ကို အားရမိတာ ၀န်ခံပါတယ်။
++++++
ကံကိုယုံပေမဲ့ ကံထဲပစ်ချလိုက်ဖို့ စိတ်မကူးခဲ့သူမို့.. ဆိုးတဲ့ ဘ၀တခု ရခဲ့ဖူးတာကိုလည်း ဒေါသမဖြစ်ပါဘူး။ အဲဒီဘ၀ထဲကနေ ရသလောက် ပြန်ထူဖို့ကိုလည်း စိတ်ကူးယဉ်ခဲ့ရာကနေပဲ အားမာန်တွေ ရခဲ့တာပဲ..။ ဒီလိုနဲ့ နောက်ထပ် ဘ၀လေးတခု..။ ကံရဲ့ မျက်နှာသာပေးမှုနဲ့ ပျော်စရာ ကျေနပ်စရာ.. ရုန်းရုန်းကန်ကန် ဘ၀လေး။ ပင်ပင်ပန်းပန်းနဲ့ တည်ဆောက်ခဲ့ရလို့မို့ တန်ဖိုးတခုလည်း ရှိနေတာပါ။ စိတ်ကူးထဲမှာ.. ဆင်းရဲရင် ဆင်းရဲပါစေ.. ပင်ပန်းရင် ပင်ပန်းပါစေ..။ သားသမီးတွေနဲ့.. စိတ်ရှည်သည်းခံတဲ့ အိမ်ထောင်ဖက်နဲ့.. ဘယ်လို မတရားမှု မကောင်းမှုမျိုးကိုမှ မကျူးလွန်ရဘဲ စားသောက် နေထိုင် နေနိုင်တဲ့ လောကတခုထဲ နေခွင့်ရရင်တော်ပါပြီလို့ ယဉ်ခဲ့ဖူးတဲ့ စိတ်ကူးထဲက ဘ၀တခုကို အခုရနေတာဟာလည်း စိတ်ချမ်းသာစရာပေါ့..။ ဓမ္မပဒထဲက the more you have to loose ဆိုတာကို သဘောကျဖူးတော့ ဘာမှအပိုင်မရှိတဲ့ဘ၀ထဲမှာ နေသားကျပါတယ်။
တကယ်တော့ ကျမတို့တတွေဟာ ဖြစ်နိုင်ခြေရှိတဲ့ စိတ်ကူးတွေကိုတော့ တကူးတက ယဉ်သင့်တယ် ထင်ပါရဲ့…။ ပြီးတော့ အဲဒီစိတ်ကူးယဉ်တွေကို အကောင်အထည်ဖော်ဖို့က နောက်တဆင့်ပေါ့..။
+++++
ခုချိန်ထိ.. ကျမမှာ အိမ်ပိုင်တလုံး မရှိ..။ ကားကောင်းကောင်းတစီး မရှိ..။ အပျံစား အိမ်ထောင် ပရိဘောဂတွေ မရှိ…။ ဒါပေမဲ့ ပညာရေးမှာ စိတ်အေးရတဲ့ သားကြီးရှိတယ်.. ၊ နေရာတကာ စပ်စပ် စပ်စပ်ပါပြီး ပါသမျှမှာ ထူးချွန်ဆုရတတ်တဲ့ သမီးလေးတယောက်ရှိတယ်..။ အမေကို အကပ်ဆုံး အချွဲဆုံးနဲ့ အကဲဆုံး သားငယ်လေးတယောက် ရှိတယ်။ မိသားစုအရေးကိုသာ အဓိကထားတဲ့ ခင်ပွန်း ရှိတယ်။ မိသားတစု ဆူလိုက် ပူလိုက် အော်လိုက် ဟစ်လိုက်နဲ့ပေမဲ့ တကယ်တမ်းမှာတော့ ငြိမ်းငြိမ်းချမ်းချမ်းရှိလှတဲ့ နေချင့်စဖွယ် ၀န်းကျင်လေး ရှိတယ်…။ နောင်ဆို သားမက်နဲ့ ချွေးမတွေ မြေးတွေလည်း ရလာဦးမှာ…..။ နောက်ထပ်ရင်ဆိုင်ရမယ့်… ပြင်ဆင်ထားရမယ့်.. စိတ်ကူးယဉ်ကြည့်ထား ရမယ့် စိမ်ခေါ်ချက် အသစ်အသစ်တွေလည်း အများကြီး…။ ဒါပေမဲ့ ကျမ ရင်ဆိုင်ဖြတ်ကျော် နိုင်မယ်လို့ ယုံတယ်..။ ကျမမှာ အရာရာကို အောင်မြင်နိုင်ဖို့ အင်အားအဖြစ် ချစ်ခြင်းမေတ္တာ ရှိတယ်လေ..။
+++++
ခုချိန်မှာ ကျမ အချစ် လုံးချင်းဝတ္ထုတွေ ပြန်ရေးချင်နေတာ.. တကယ့်အချစ်ကို ရေးတဲ့.. မေတ္တာတရား ပါတဲ့ ၀တ္ထုတွေ ကျမတို့ တိုင်းပြည်မှာ သိပ်နည်းနေတယ်လို့ ထင်တယ်..။ လူငယ်တွေ အချစ်ကို မသိတော့မှာ စိုးတယ်..။ အချစ်ကို သိမှ မေတ္တာတရားကို သိမယ်..။ မေတ္တာတရားကို သိမှ စာနာငဲ့ညှာမှုကို သိမယ်။ စာနာငဲ့ညှာမှုကို သိမှ ကမ္ဘာလောကကို သိမယ်..။ ကမ္ဘာလောကကိုသိမှ….. ငြိမ်းချမ်းရေးကို လိုလားမှာကိုး။ အရေးကြီးဆုံးက လူတွေ ငြိမ်းချမ်းရေးကို ချစ်မက်တတ်ကြဖို့ပဲ မဟုတ်လား..။
မဂျူးက ပိုချစ်တဲ့သူ ကိုယ်ဖြစ်ပါစေ.. ဆိုတဲ့ခေါင်းစဉ်လေးနဲ့ လုံးချင်းထွက်မယ်ဆိုတော့ တကယ့်အချစ်ဝတ္ထုကို ငတ်မွတ်နေတဲ့ကျမ.. ဂျူးရဲ့ အချစ်ဝတ္ထုတပုဒ်ကို မျှော်လင့်မိတာ အမှန်ပါ။ ကျမလက်ထဲ စာအုပ်ကလေးရောက်လာတော့ အငမ်းမရကို စဖတ်တာ..။ ကျမ အငတ်မပြေခဲ့ပါဘူး…။ ကျမ အချက်အလက်တွေ မဖတ်ချင်ဘူး..။ နူးညံ့တဲ့အချစ်ကို ဖတ်ချင်တယ်။ ကျမ သတင်းစကားတွေ မကြားချင်ဘူး..။ လူငယ်နှစ်ယောက်ရဲ့ ခေတ်ထဲက ရင်ခုန်သံကို သိချင်တယ်..။ ရက်စက်ဆိုးယုတ်မှုတွေ.. ပတ်ဝန်းကျင်ထိန်းသိမ်းရေးတွေထဲ အချစ်တခုကို သွပ်ထားတာ မလိုချင်ပါဘူး။ အချစ်ဘ၀ထဲမှာပါလာတဲ့ သိကောင်းစရာလေးတွေကိုပဲ လက်ခံချင်ပါတယ်…။ လူငယ်တွေအတွက် သတင်းစကားတွေလိုအပ်သလို စစ်မှန်တဲ့အချစ်စိတ်ဆိုတာလည်း တန်းတူ လိုအပ်ပါတယ်။ ချစ်တယ်..လို့ မပါတဲ့ အချစ်ဝတ္ထုက ဆန်းကောင်း ဆန်းလိမ့်မယ်..။ ကျမကတော့ ချစ်တယ်ဆိုတဲ့စကားလေး ရှားပါးလာတာကိုသာ နှမျောပါတယ်။
ဒါနဲ့ပဲ အချစ်ဝတ္ထု..
တကယ့်ကို သိမ်သိမ်မွေ့မွေ့ရှိတဲ့ အချစ်..
ဘယ်လို တိုးတက်တဲ့ ခေတ်ဖြစ်ပါစေ.. ရိုးမသွားရတဲ့အချစ်..
ဘယ်လို ရုပ်ဝတ္ထုတွေထွန်းကားပါစေ.. အဆန်းမထွင်တဲ့ ရိုးရိုးသားသားအချစ်..
ဘယ်လို ရက်စက်မှုတွေရှိပါစေ… ပျောက်ကွယ်မသွားနိုင်တဲ့ လေးလေးနက်နက်အချစ်တွေ..
တကယ်ပဲ ကျမတို့ ၀န်းကျင်မှာ မရှိတော့ဘူးလား..
မရှိတော့ရင်ကော ကျမတို့က မသိချင်ယောင်ဆောင်နေကြမလား…
အချစ်က အရေးကြီးသလား။
အချစ်က အရေးမကြီးဘူးလား…
+++++
ခုတော့ဖြင့် ကျမရဲ့ စိတ်ကူးယဉ်ထဲမှာ.. အချစ်ဝတ္ထုတွေ ပြန်ရေးနေပါပြီ..။
ပြီးတော့ လှပသပ်ယပ်တဲ့ အပြင်အဆင်နဲ့.. စက္ကူသားကောင်းကောင်းနဲ့..
လှပတဲ့ ပန်းချီအဖုံးနဲ့..
ဖြစ်နိုင်ရင် ရေမျှောပန်းချီကို မျက်နှာဖုံးလုပ်လို့..
စာအုပ်ပြန်ထုတ်ချင်သေးတာပါ…။
ချိုတူးဇော်ရေ..
ခေတ်ကြီး ဘာဖြစ်နေနေ.. အနည်းဆုံး ချစ်ခြင်းမေတ္တာလေး ရှိနေသေးရင်တော့ လောကကြီးကပဲ လှသယောင်နဲ့ နေသာထိုင်သာ ရှိနိုင်မယ်မဟုတ်လားဟေ….။
၎ ဇွန်လ ၂၀၁၁။

11 comments:

Kay said...

ရက်စက်ဆိုးယုတ်မှုတွေ.. ပတ်ဝန်းကျင်ထိန်းသိမ်းရေးတွေထဲ အချစ်တခုကို သွပ်ထားတာ မလိုချင်ပါဘူး။

xxxx

ဟုတ်တယ် ..အမ..တခုခု ပိုပြီး တခုခု လိုနေတယ်။
း)

သက်ဝေ said...

ဒီပိုစ့်လေးကို အရမ်းကြိုက်တယ် အမ... အမ ပြောသလို မပြောတတ်လို့... စိတ်ထဲမှာ တွေးနေမိတာတွေကလဲ အဲဒါမျိုးတွေပဲ...။

ပြီးတော့ ဆရာမ ဂျူးရဲ့ ဝတ္ထုကို ခေါင်းစဉ်ကြည့်ပြီး အများကြီး မျှော်လင့် ထားခဲ့တာ... ... ...
အမ ရေးမယ့် အချစ်ဝတ္တုကို မျှော်နေမယ်နော်...

Nge Naing said...

ဆရာမရေ ပို့စ်အသစ်တင်ထားတာ တွေ့လို့လာဖတ်သွားပါတယ်။ စိတ်ကူးယဉ်တာ ပိုက်ဆံ (သို့) အရင်းအနှီးဘာမှ မစိုက်ရပါဘူး။ လေထဲမှာ တိုက်အိမ်ဆောက်တဲ့ စိတ်ကူးယဉ်မှုမျိုး မဟုတ်ရင် စိတ်ကူးတွေက လက်တွေ့ အကောင်အထည် ပေါ်လာရတာတွေချည်းပါ။ ဆရာမရဲ့ စိတ်ကူးတွေ လက်တွေ့အကောင်အထည် ပေါ်လာပါစေလို့ ဆုတောင်းနေပါတယ်။

Sint Si said...

I just finished reading that book. It was nice and interesting but not much of love.

Nyi Linn Thit said...

သွားသုတ်သုတ်၊ စားသုတ်သုတ် ခေတ်ကြီးထဲမှာ နူးညံ့အေးဆေးတဲ့ အချစ်က အနည်းနဲ့အများတော့ တိုးဝှေ့တွန်းတိုက် ခံရတယ် ထင်တာပဲ အမရေ..၊ ငြိမ်းချမ်းတဲ့ တကယ့် မေတ္တာစစ်ကနေ ငြိမ်းချမ်းတဲ့ ကမ္ဘာကြီးဆီ သွားချင်တဲ့ စိတ်ကူး(ယဉ်)မှုကို ကျနော် လည်း ကြိုက်တယ်ဗျ၊ ဒီလိုအခါ ကျနော်က imagination ဆိုတာထက် vision လို့တောင် ပိုပြီး သုံးချင်မိပါတယ်...။

...အလင်းစက်များ said...

ဆရာမချရေးမှ အချစ်ဆိုတာ ပြန်စဉ်းစားမိတယ်.. မသိတော့တာ ကြာလှပြီပေါ့။ ၀မ်းစာအတွက် ရုန်းကန်ရခြင်း၊ ၀တ်ဆင်ဖို့ အတွက် ရုန်းကန်ရခြင်း၊ ဘ၀ မြင့်မားဖို့ အတွက် ရုန်းကန်ရခြင်းတွေမှာ အချစ်မေတ္တာဆိုတာ အတော်လေး ဖုံးကွယ် (ပုံးကွယ်) နေတော့တာပါပဲ။

ဆရာမစိတ်ကူးယဉ်နဲ့ ရေးနေပြီဆိုတော့ တစ်ချိန်ချိန်တော့ ဖတ်ရဖို့ မျှော်လင့်ပါတယ်။

(ကျနော်ငယ်ငယ်က ပီတာပန်ဖြစ်ဖို့ စိတ်ကူးသိပ်ယဉ်တယ်.. :)))))) )

ဆရာမ ကျန်းမာပါစေ။

Moe Cho Thinn said...

တခါတခါကျတော့လဲ ခေတ်ကြီးရဲ့ မွန်းကြပ် လိုအပ်မှုတွေ ဖုံးအုပ်သွားလို့ မေတ္တာတရားတွေ ပါးလျသွားတတ်တာမျိုး ထင်ပါရဲ့ ဆရာမရယ်..

အချစ်ရှိမှ မေတ္တာတရားရှိမှ ကမ္ဘာကြီးလှမှာ ငြိမ်းချမ်းမှာကို ချွင်းချက်မရှိ ယုံကြည်လက်ခံသူတွေ ပေါများလာဖို့ ကိုယ့် အကြည်ဓာတ်လေး မခမ်းခြောက်သွားအောင် တဦးချင်းစီက ကာကွယ်သွားရမှာ လို့ ထင်မိတာ..။ ခမ်းသွားရင် ပြန်ဖြည့်၊ နည်းလာရင် ပြန်ပျိုး အဲဒီလိုပဲ ဘ၀ကို ဆက်ရမယ် ထင်ပါရဲ့..

တန်ခူး said...

မ ရေ... စိတ်ကူးယဉ်တတ်လွန်းလို့  တခါတလေ ကိုယ့်စိတ်ကူးကိုယ့်ကမ္ဘာနဲ့ လက်တွေ့ ဘ၀ရန်တွေဖြစ်ရတဲ့အထိပဲ... မ တွေးသလို ပြန်တွေးတော့ တချို့ စိတ်ကူးတွေပိုင်ခွင့်ရလို့ ကျေနပ်မိတယ်... ကျွန်မလဲ အလုပ်ဝင်ကာစက ကလေးလို မနူးမနပ်ပုံမို့  အဆူခံရသေးတယ်... ဒါပေမယ့် ကိုယ့်ကြိုက်တာကိုယ်ဆက်လုပ်တာပဲ...8-)...

နောက်ပိုင်း ဆရာမဂျူးလက်ရာတွေမှာ အချစ်က အငွေ့ အသက်လေးလောက်ပဲ ပါတော့တာမို့  ပိုချစ်ရတဲ့သူကိုယ်မှာလဲ အချစ်ကိုတော့ သိပ်မမျှော်လင့်ခဲ့ဘူး မ ရေ... ဒါပေမယ့် ပေးတဲ့messageလေးကိုတော့ ဝေေ၀၀ါးဝါးနဲ့  လူငယ်တွေအမြင်မှားသွားမှာ စိုးရိမ်စိတ်ဖြစ်မိတယ်...
ရက်စက်ဆိုးယုတ်မှုတွေဟာ ဒီခေတ်ကြီးမှာမှရှိတာမဟုတ်ဘူး ဟိုးကတည်းကရှိနေခဲ့တာဆိုတဲ့ ရက်စက်ဆိုးယုတ်မှုကို သာမာန်လိုယဉ်ပါးသွားနိုင်တဲ့ messageမျိုးကြီးတွေ့ လိုက်ရတော့ ရင်ထဲမှာ တမျိုးပဲ... ပြီးတော့မှ... ကိုယ်နားလည်တာလွဲလို့ နေမှာပါလေလို့  တယောက်ထဲဖြေသိမ့်လိုက်ရတယ်...
မ ပြောသလို... အမှတ်တရတုန်းကလို အချစ်ချည်းသက်သက် ၀တ္ထုမျိုးတွေ ငတ်မွတ်တယ်...
တကယ်ဆို အချစ်လဲလိုတယ်...ဟုတ်တယ်နော် မ

pyaykaungaung said...

ဆရာမ ( မေငြိမ်း ) ပြောတာနဲ့ တသဘော တည်း ရှိပါတယ်။ ကျနော် လည်း လူတွေရဲ့ “အချစ်စိတ်” ကို အင်မတန်လှတဲ့၊ အထက်တန်းကျ တဲ့ စိတ်လို့ ထင်လို့မို့ ၂၀၀၄ လောက်တုန်းက “အချစ် သည် ပဉ္စမမြောက် ဗြဟ္မာစိုရ်တရား” ဆိုတဲ့ နာမည်နဲ့ ဇာတ်ညွှန်းတပိုင်း တစတောင် စမ်းရေးကြည့်ဖူး ပါတယ်။ ဘုန်းကြီး တွေနဲ့ ပြသနာတက်နိုင်တယ် ဆိုတာသိသိကြီးနဲ့ပါး)။ နောက် အဲဒီ အချစ်ကို ဦးညွတ် ဂုဏ်ပြုလိုတဲ့ အာသီသကို မဖျောက်နိုင်သေးတာနဲ့ ပြီးခဲ့တဲ့ နှစ်က ကျနော့်ရဲ့ ( လူလာမဖတ်တဲ့၊ ကျနော့်ရင်ထဲရှိတာ ကို အာသာပြေ ချရေးလို့ရရုံသာ ရည်ရွယ်တဲ့ )ဘလော့ဂ်မှာ အဲဒါကို ချရေးထားမိပါသေးတယ်။ ဒီမှာပါ။

http://pyaykaungaung.blogspot.com/2010/06/blog-post.html

ကျနော်တို့က ရင်ထဲမှာရှိပေမဲ့ အဖြစ်ရှိအောင် မရေးတတ်လို့ ဆရာမ ရေးဖို့စိတ်ကူးထားတဲ့စာအုပ် ရေးဖြစ်အောင် ရေးပါလို့ စာဖတ်ပရိတ်သတ်တဦး အနေနဲ့ တောင်းဆို လိုက်ပါတယ်။ ဆရာမ ကိုယ်စိတ် ချမ်းသာပါစေ။

မေသိမ့်သိမ့် ကျော် said...

ကျွန်မလည်း အချစ်ဝတ္ထုကောင်းကောင်းဖတ်ချင်တယ်။ ချစ်ခြင်းမေတ္တာအကြောင်း အများကြီးသိချင်တယ်။
ဒီပို့စ်လေးကို တကယ်နှစ်သက်တယ်ရှင်။


ခင်မင်လေးစားလျက်

လင်းပန်းအိမ် said...

ညီမလည်းအဲလိုခံစားနေတာ......ဆရာမဂျူးရဲ့ စာအုပ်ရတော့အရင်လိုပဲတငြိမ့်ငြိမ့်ဖြစ်စေမယ့် အချစ်တွေ့ရမယ်ထင်ပြီး အငမ်းမရဖတ်ဖြစ်ခဲ့တာ....ဒါပေမယ့်အငတ်မပြေခဲ့ပါဘူး.......တကယ်လွမ်းပါတယ်.....အချစ်စစ်စစ်ကို.....ခက်တာကကိုယ်တိုင်းလည်းမရေးတတ်ဘူးကွယ်......ဆိုးပါ့......ဘာပဲပြောပြောအများရဲ့ရင်တွင်းဆန္ဒတွေကိုမြင်နိုင်စွမ်းရှိတဲ့ မကိုကျေးဇူး......မစိတ်ကူးလေးတွေအမြန်
ဆုံးအကောင်ထည်ဖော်နိုင်ပါစေ။