May 19, 2011

ကောင်းကင်အောက်က ချစ်သူများ…..

၁၉၉၇ နိုဝင်ဘာထဲမှာ…
မင်းခိုက်စိုးစန်ခေါ်လာတဲ့ ယဲဝင့်ဟန်ဆိုတဲ့ လူငယ်လေးတယောက်က ချစ်သူများနေ့အထိမ်းအမှတ် စာအုပ်လေးတအုပ် ထုတ်ချင်လို့ အချစ်အကြောင်း စာမူတပုဒ် ပေးပါတဲ့..။ ပြောရရင် ကိုယ့်မှာ ရေးစရာအချစ်အကြောင်း မရှိတော့ဘူးလို့ ပြောတော့ မင်းခိုက်စိုးစန် က ရယ်နေတယ်။ တခုခုတော့ ရေးပေးပါ တီချယ်ကြီးရာ.. ကျနော်တို့နဲ့ တွဲထွက်မှာ..တဲ့။ ဘယ်သူတွေပါမလဲဆိုတော့ တာရာမင်းဝေ.. မင်းခိုက်စိုးစန်.. နီကိုရဲ.. သိမ်းတင်သား.. ယဲဝင့်ဟန်.. လူစိမ်းသက်.. နှင်းဝေငြိမ်း.. လူပန့်ငယ်.. ရှင်ဒေ၀ီ… တဲ့။ ဟုတ်ပါ့.. ကိုယ့်လူတွေချည်းပဲ.. ပျော်စရာ။ စာအုပ်လေးရဲ့ နာမည်က “ကောင်းကင်အောက်က ချစ်သူများ” ။ ဒါနဲ့ပဲ တပုဒ် ဖြစ်အောင် ရေးပေးလိုက်တယ်။ တကယ်တော့ ပေါ့ပေါ့ပါးပါး နဲ့ ရိုးရိုးလေးပါပဲ.. ကိန္နရာချောင်းခြား အမှာစကားလိုလို ဘာလိုလိုလေး..။
ခု ထိုင်းမှာ ကျန်ရစ်ခဲ့တဲ့ ကျမရဲ့ စာအုပ်တွေကို မောင်လေးတယောက် ပို့ပေးလို့ ရလာပြီမို့.. Blog လေးကိုလည်း မသေရလေအောင် စာတင်ဖြစ်ဖို့ အဲဒီအပုဒ်လေး တင်လိုက်ပါတယ်။ နောက်ပိုင်း အချိန်လုပြီး လုံးချင်းတွေ ရိုက်တင်သွားမယ်လို့လည်း စိတ်ကူး ပါတယ်..။

လွမ်းတဲ့စာ…


ဟော့ဒီမှာ
တခါမှ မဖူးပွင့်ရသေးတဲ့
ဆည်းဆာချိန်လေးရှိတယ်..
ဘယ်သူမှ မရောက်ဖူးတဲ့
ဂြိုဟ်ပြာပြာလေးရှိတယ်…
အချစ်တွေ့ရဲ့လား
မင်းနဲ့ငါသာ သောက်ခွင့်ရှိတဲ့
ပီတိစမ်းချောင်းလေးလေ……။
(မောင်နန္ဒ)
ဟုတ်တယ်မဟုတ်လားမောင်ရေ..
နှစ်ယောက်ဘ၀ကို ချစ်ခွင့်မရမှတော့
အလွမ်း ဆိုတာကိုပဲ ချစ်ကြရုံ…
အဲဒါကိုက အချစ်ရဲ့ တရားကိုယ်ပဲ မဟုတ်လားကွယ်..။
ကဲ ဘာအတွက်များ နာကျင်ကြဦးမှာလဲ…
တို့နှစ်ယောက်ရဲ့အချစ်တွေ တန်ဖိုးရှိနေမှတော့ ဘာကိုများ လိုအပ်ကြရဦးမှာလဲ…။
အတူနေဘ၀..။
စား.. ၀တ်.. နေ ရေး။
လောကဓံဆိုတာကို လှောင်ရယ်ကြစို့မောင်..။
ပြီးတော့ မောင်ရွတ်နေကျ…
ဘယ်သူစီရင်တဲ့ တရားလဲ..
တို့ဥယျာဉ်ထဲ ပိန်းပိတ်မှောင်.. ဆိုတဲ့ ကဗျာတစကိုလည်း ဟာသလုပ်ပစ်ကြစို့ရဲ့..။
မဟုတ်ရင်..
လောကဓံဆိုတဲ့ ရန်သူက တို့နှစ်ယောက်အတွက် ၀မ်းသာနေပါဦးမယ်။
အရေးကြီးတာက..
တို့နှစ်ယောက်ရဲ့ ဆည်းဆာချိန်လေးရယ်..
ဂြိုဟ်ပြာပြာလေးရယ်..
ပီတိစမ်းချောင်းလေးရယ်..
ဒါတွေကို ပြုစုကြဖို့ပဲ မဟုတ်လားကွယ်…။

+++++
ဟော့ဒီမှာ
တခါမှ မဖူးပွင့်ရသေးတဲ့
ဆည်းဆာချိန်လေးရှိတယ်..
အဲဒီဆည်းဆာချိန်လေးထဲမှာ မကြာခဏ ခွဲခွာနေကြရတဲ့ ချစ်သူနှစ်ယောက်ရှိတယ်..။
မောင်က ကျမ လက်ဖမိုးကို ဖွဖွနမ်း…၊ ဒါမှမဟုတ်… မောင်က ကျမမျက်လုံးတွေထဲ တမ်းတမ်းဆွတ်ဆွတ်ငေးရင်း နှုတ်ဆက်ကြ။ အဲဒီညနေမှာ မခွဲနိုင်ဘူးဆိုတဲ့ စကားတွေကို တက်ညီလက်ညီ မျိုချကြ..။ နောက်တခါ ပြန်တွေ့ကြတဲ့အခါ..ဆိုတဲ့ စကားကိုပဲ တက်ညီလက်ညီ အိပ်မက်ကြ…။ ပြီးရင်တော့ အချစ်ရဲ့ သစ္စာတရားတခုဖြစ်တဲ့ အလွမ်းတွေကို ကိုယ်စီ သယ်ပိုးလို့ သီးခြားဘ၀တွေကို စီးချင်းထိုးကြရတော့တာပါပဲ..။

+++++++

ခွဲနေရတဲ့အချိန်တွေထဲမှာဆိုရင်တော့ ဂြိုဟ်ပြာပြာလေးဟာ အလွမ်းရဲ့ ဇာတ်လိုက်ပေါ့မောင်..။ ဘယ်တော့မှ ရန်မဖြစ်ကြတဲ့ ချစ်သူနှစ်ယောက်ရဲ့ ဂြိုဟ်ပြာပြာလေးကို ပြန်မြင်ယောင်တဲ့အခါ အလွမ်းဆိုတာက ပစ္စုပ္ပန်ကို မောင်းနှင်ပေးတဲ့ တွန်းအားပဲ ဖြစ်တယ်မောင်..။ အဲဒီဂြိုဟ်ပြာပြာလေးထဲမှာ လေပြည်လေညှင်းရှိတယ်..။ ပန်းရနံ့ရှိတယ်..။ နေရောင်နုနုလေး ရှိတယ်..။ စမ်းရေစီးသံလေး ရှိတယ်..။ လိပ်ပြာလှလှလေးတွေ ရှိတယ်..။ သက်တံတစင်းလည်း ရှိတယ်..။ တိမ်တိုက်တွေပေါ် စီးမျောနေတဲ့ ကိုယ် နဲ့ မင်းလည်း ရှိတယ်..။ နောက်ထပ်သေချာတာတခုက ဒေါသသင့်တဲ့ အရာတွေ တခုမှ ရှိမနေကြတာပဲ..။
ဒါတွေကို မောင်လည်း မြင်ရဲ့ မဟုတ်လားကွယ်..။ ကြည့်စမ်းပါ.. ဘယ်လို ပူပန်သောကမျိုးမှ မပါတဲ့ ဘ၀တခုလေ..။ အဲသည်အခါ အလွမ်းဆိုတာကြီးကတောင် ချိုမြိန်လို့…။

+++++
အချစ် တွေ့ရဲ့လား..။
မင်းနဲ့ငါသာ သောက်သုံးခွင့်ရှိတဲ့
ပီတိစမ်းချောင်းလေးလေ…။
အရင်တုန်းကတော့ ပညာတတ်ချစ်သူနှစ်ယောက်တို့အတွက် နှစ်ယောက်အတူ ရပ်တည်ဖို့ဆိုတဲ့ အနာဂတ်က အဲလောက် ခက်ခဲရလားလို့ မောင့်ခမျာ မကြာခဏ မချိတင်ကဲ ဖြစ်ခဲ့ရတာ…။ မောင်ရယ်.. အရေးကြီးတာက ကိုယ့်ရဲ့ ခံယူချက်ပါပဲလို့ ကျမပြောတော့ မင်းတကယ်ပဲ နှစ်ယောက်ဘ၀ကို စွန့်ရဲသလား လို့ မောင်က တုန်တုန်လှုပ်လှုပ်မေးခဲ့တာ..။ ကျမက “အချစ်ကို တန်ဖိုး မလျော့စေချင်တာပါကွယ်.. ဘ၀ရဲ့ ဒုက္ခတွေကြားထဲ အချစ်ဆိုတာက မြုပ်သွားရမှာကို စိုးတာ.. အရေးကြီးတာက တို့နှစ်ယောက်ရဲ့ကြားမှာ အချစ်ဆိုတာရဲ့ တန်ဖိုးက အမြဲမြင့်မားနေဖို့ပါပဲ” လို့ ပြန်ပြောတဲ့အထိ မောင်က လက်မခံချင်သေးပေ။ နောက်မှ.. “နှစ်ယောက်ဘ၀ကို စွန့်ရတာ မဟုတ်ပါဘူးမောင်ရယ်.. နှစ်ယောက်ဘ၀ကို စောင့်ရတာပါ..” လို့ ပြောမှ မောင်က စိတ်သက်သာရာရသကဲ့သို့ သက်ပြင်းဖွဖွရှိုက်လျက် ချစ်ကို သနားတယ်ဟု တိုးဖွဖွဆိုလေသည်..။
ပြီးတော့မောင်.. အလွမ်းဆိုတာကလည်း အချစ်ရဲ့ အရည်အသွေးကို ပိုပြီး မြင့်စေပါတယ်ကွယ်.. ဟု ကျမက ထပ်ပြောသည့်အခါမှာတော့ မောင်က ကျမ လက်ဖ၀ါးတွေကို ဆုပ်ဖျစ်ကာ သစ္စာတရားရဲ့ ပြယုဂ်လည်းဖြစ်တယ်.. ဟု ဖြည့်ပြောလေသည်။

နောက်တော့ အဲသည် ပစ္စုပ္ပန်စိမ်ရေထဲမှာ နစ်ဝင်ကြကာ ခွဲခွာရခြင်းဆိုတာတွေကိုလည်း မကြောက်ကြတော့ပြီ။

+++++
ဘယ်သူမှ မရောက်ဖူးတဲ့
ဂြိုဟ်ပြာပြာလေး ရှိတယ်….။
အဲသည် ဂြိုဟ်ပြာပြာထဲမှာ..
ကိုယ်ပိုင်အိမ်တလုံး ရှိဖို့ မလို၊
ခရီးစရိတ်မလို၊ စာရင်းဇယားမလို၊
အပေးအယူ ဟူသော ဝေါဟာရ မလို၊
တာဝန်ဝတ္တရား မလို။
လောဘ မောဟကင်းသော တွယ်ငြိခြင်းတွေသာ လိုသည်..၊
ရိုးသားသော ပေးဆပ်ချင်စိတ်သာ လိုသည်၊
ပကတိချစ်စိတ်သာ လိုသည်။
ဒါဖြင့် ဘာကိုကြောက်မလဲ မောင်။ တို့နှစ်ယောက်မှာ အားလုံးပြည့်စုံပြီ။
တနယ်စီဝေးနေရတာကိုလည်း မကြောက်တော့ပြီ။
အတူတူမနေနိုင်ကြသေးဘူးဆိုတဲ့ သောကတွေကိုလည်း မမှုပြီ။
အဲသည် အချစ်ရဲ့ တွန်းအား.. အလွမ်းရဲ့ မောင်းနှင်အားတွေနဲ့
ဘ၀ဆိုတာကြီးကို စနစ်တကျ အသုံးချဖို့ပဲ ရှိတော့တာ..။
ကဲ.. စိန်ခေါ်လိုက်ကြစို့ရဲ့ကွယ်..
အဲသည်.. ဘ၀ဆိုတဲ့ ပြိုင်ဖက်ကြီးကို..။
လောလောဆယ်ကတော့ အဲဒီဘ၀ဆိုတာရဲ့ အထဲမှာ စောင့်ဆိုင်းရခြင်းတွေ ရှိတယ်..။
အလုပ်တွေထဲ လက်ပစ်ကူးရတာတွေ ရှိတယ်..။ သစ္စာစောင့်သိရတာတွေ ရှိတယ်..။
အများဆုံးကတော့ အလွမ်းတွေပေါ့..။ အဲဒီအတွက် နည်းနည်းတော့ ပင်ပန်းမှာပေါ့ မောင်ရယ်..။ ပင်ပန်းတာတွေ များလာတဲ့အချိန်ကျရင်တော့ တို့နှစ်ယောက် ပြန်တွေ့ကြရတဲ့ အချိန်တိုလေးက ပုံမှန် ပြန်ရောက်လာမှာပေါ့။
အဲဒီအခါ အလွမ်းတွေရဲ့ တွန်းအားနဲ့ ချစ်သူနှစ်ယောက်ဟာ ပိုတိုးချစ်ကြလိမ့်ဦးမယ်..။
မခွဲနိုင် မခွာရက် ကြင်နာကြလိမ့်ဦးမယ်..။ အင်အားပြည့်နှလုံးသားတွေနဲ့ နေ့တွေကို ရဲဝံ့ရင်ဆိုင်နိုင်ကြဦးမယ်..။
ဘ၀ဟာ အဓိပ္ပါယ်တွေလည်း ပိုရှိလို့ပေါ့။

ကြည့်လိုက်စမ်းပါ အချစ်ရယ်..
ဒီလိုတော့ဖြင့် နေ့ရက်တွေဟာ လှပ..။
ခွဲခွာရခြင်းတွေကလည်း လှပ…။
ပြန်လည်ဆုံတွေ့ရခြင်းတွေကလည်း လှပ..။
အတူ မနေရခြင်းတွေကလည်း လှပ..။
လွမ်းဆွတ်ခြင်းတွေကလည်း လှပ..။
ရုန်းကန်ကြိုးစားရခြင်းတွေကလည်း လှပ..။
ရောင့်ရဲရခြင်းတွေကလည်း လှပ..။
ဟော…ဟိုရှေ့မှာ…
အချစ်တွေ့ရဲ့လား…
မင်းနဲ့ငါသာ သောက်ခွင့်ရှိတဲ့
ပီတိစမ်းချောင်းကလေးလေ….။


၁၉၉၇၊ နိုဝင်ဘာ။

(၁၉၉၈ ဇန်န၀ါရီလ၊ ၀တ်ရည်အိမ်စာပေက ထုတ်တဲ့ ချစ်သူများနေ့အထိမ်းအမှတ်စာစုစာအုပ်ထဲက)

3 comments:

PAUK said...

မဖတ်ဖူးဘူး.။
ကျေးဇူးပါ..။
"အပေးအယူဟူသော ဝေါဟာရမလို.."
တဲ့..။
ဟုတ်ပါတယ်။

တန်ခူး said...

လှတယ် မ ရေ... ချစ်နဲ့ ထုံသင်းနေတော့ လှပ...ပီတိစမ်းချောင်းရေတွေ သောက်သုံးသွားတယ်..

Remix-7 said...

NICE ARTICLE