Oct 27, 2011

လှသန်းရဲ့ မုဆိုးမကို လွမ်းလို့ ရေးမိတဲ့စာ


မချောရေ...
ဒီရက်တွေထဲ
ငါနင့်ကို သတိရလိုက်တာ...

နင်နဲ့ငါ...
လက်ချိုးရေလို့ ရလောက်တဲ့
အကြိမ်အရေအတွက်လောက်သာ
တွေ့ခဲ့ဆုံခဲ့ရပေမဲ့
ရဲဘော်ရဲဘက်တွေလို
စိတ်ထဲ ရင်းနှီးကျွမ်းဝင်ခဲ့တာ.

နင်နဲ့ငါ..
နင် မုဆိုးမ
ငါ တခုလပ်မ
သားတယောက်စီ ကိုယ်စီလက်ဆွဲလို့
ကာလတူတခုတည်း
ကြုံဆုံခဲ့ကြဖူးတာ..
အနုပညာသမားမယား
ဒါအဆန်းလားအစ်မရယ်..တဲ့။
ငါ့မှာကတော့
အဲလိုအဖြေမရှိခဲ့...
အနုပညာသမားကို
နင် ပခုံးထမ်းခဲ့သလို ငါ မထမ်းနိုင်ခဲ့။
ငါက သာမန်လူထင်ပါရဲ့...

နင်နဲ့ငါ
အဲဒီကာလထဲ
အပြန်အလှန်အားပေး
ငါမှတ်မိသေးတယ်။

မုဆိုးမဘ၀က
တခုလပ်မဘ၀ထက်တော့
တင့်တယ်ပါသေးတယ်လို့
ငါက နာနာကျည်းကျည်းပြောတော့
နင်က အားရပါးရရယ်မော..
အဲဒါ.. ဟာသမဟုတ်မှန်း
အဲဒါ.. ရယ်သံမဟုတ်မှန်း...
ငါတို့နှစ်ယောက်လုံး စင်းစင်းသိခဲ့ကြ။

မချောရယ်..
ငါက တခုလပ်မဘ၀ထဲ
အလဲလဲအကွဲကွဲနဲ့ 
အချစ်ဖွဲ့တွေ ရေးနေရချိန်
နင်ကတော့
မုဆိုးမဘ၀ထဲ ရဲရဲရင့်ရင့်
တိုက်ပွဲတွေအတွက် အသင့်ပြင်နေခဲ့။

ဒီလိုနဲ့...
......
......

နင်နဲ့ငါ...
နောက်ထပ်ဘ၀သစ်တခုစီထဲလည်း
ကာလတခုတည်း မရှေးမနှောင်း
အကြောင်းပေါင်းသင့်ကြ...
အစ်မ.. ကျမ လှသန်းနဲ့ယူလိုက်ပြီ..တဲ့။

ငါကတော့ လူတော်ထက် လူကောင်းနဲ့ပဲ အတူနေချင်တော့တယ်လို့
ငါပြောတော့လည်း နင်ပြုံးခဲ့တာပဲ..
ဘာပဲဖြစ်ဖြစ်..
ငါတို့ဘ၀ ပျော်ခဲ့ကြရဖူးတယ်နော်... မချော...

လှသန်း
ကြည်မောင်သန်း
မောင်သီးသန့်..
လူ့ဘ၀တွေကို ကဗျာတွေနဲ့ ထုဆစ်
ချစ်တဲ့ မြန်မာပြည်ကို သူ့ဘ၀နဲ့ ထမ်းခဲ့တဲ့ ကဗျာဆရာ...
လူ့ဘ၀ထဲ တကယ်တန်အောင် နေသွားခဲ့တဲ့ ကဗျာဆရာ...
ကဗျာစား ကဗျာဝတ်စစ်စစ်နဲ့သာ ကဗျာနဲ့ နေသွားခဲ့တဲ့ ကဗျာဆရာ...
ကဗျာရေးဖို့ ထမင်းစားခဲ့တဲ့ ကဗျာဆရာ...
ကဗျာ့သစ္စာနဲ့ လောကဓံကို ကြံ့ကြံ့ခံခဲ့တဲ့ ကဗျာဆရာ...

နင်သိလား မချော..
လှသန်းကဗျာတွေကို
ကြက်သီးမွေးမြ ထမတတ် ဖတ်ရတဲ့အခါ..
ကြည်မောင်သန်းကဗျာတွေကို
တမ်းတမ်းတတအာလျနဲ့ ဖတ်ရတဲ့အခါ..
ငါ နင့်ကို အမြဲလွမ်းတယ်ဆိုတာ...

လှသန်းကလည်း မုဆိုးမစစ်တမ်းမှာ ပြောပါရဲ့..
"ငါ့မိန်းမလည်း
မုဆိုးမဘ၀နဲ့ ဆယ်နှစ်ကြာမှ
ငါနဲ့အကြောင်းပါခဲ့တယ်.." တဲ့။

မချော.. ငါ့ရဲဘော်မ
မုဆိုးမနှစ်ထပ်ကွမ်းဘ၀မှာ
တန်ဖိုးရှိစွ..
နင်ထမ်းတင်ခဲ့တဲ့ ချစ်သူနှစ်ယောက်..
တယောက်က သီချင်းတွေနဲ့..
တယောက်က ကဗျာတွေနဲ့..
ကမ္ဘာလောကအပေါ် 
တန်ဖိုးရှိရှိ တာဝန်ကျေခဲ့ကြသူတွေ....

မချောရေ..
သူတို့က ကမ္ဘာ့ဝန်တာကို အနုပညာနဲ့ ထမ်းခဲ့
နင်က 
အဲဒီအနုပညာသမားတွေကို မေတ္တာတရားနဲ့ ထမ်းခဲ့...
တဘ၀စာ။

မြို့မငြိမ်းသီချင်းတွေနောက်မှာ
ကြီးကြီးသန်း ရှိသလို...
ဂျွန်လင်နွန်နောက်မှာ
ယိုကိုအိုနို ရှိသလို...
ပေါ်ဦးသက်နောက်မှာ
ဒေါ်တင်ကြည် ရှိသလို...
အောင်မြင်တဲ့တေးတပုဒ်မှာ
သံစဉ်နဲ့စာသား တွဲသီရသလို...
လှပမွှေးမြတဲ့ ပန်းတပွင့်အောက်မှာ
ရိုးတံခိုင်ခိုင်ရှိသလို...

အဲဒီအခါ
လှသန်းရဲ့ကဗျာတွေကို 
ငါ လွမ်းတသသ ဖတ်ရတဲ့အခါ
ငါ့အတွက်တော့ နင်ဟာ 
ထည့်လွမ်းတ,စရာ ရိုးတံညှာ.....

ချစ်တဲ့
မေငြိမ်း

(ဓာတ်ပုံကို ရသအလင်း Face Book Page က ယူပါတယ်)

3 comments:

ညီလင်းသစ် said...

"သူတို့က ကမ္ဘာ့ဝန်တာကို အနုပညာနဲ့ ထမ်းခဲ့
နင်က အဲဒီအနုပညာသမားတွေကို မေတ္တာတရားနဲ့ ထမ်းထားခဲ့..."

အမရေ.. အဖွဲ့လေးက လှလိုက်တာ..၊ မချောကို လွမ်းတဲ့ ကဗျာက ဖတ်ရသူ ကျနော်တို့ကိုပါ အဖျားခတ် သွားခဲ့တယ်၊ နှစ်ထပ်ကွမ်း ဒဏ်ရာတွေနဲ့ ကျန်ခဲ့ရသူ တစ်ယောက်ကို လွမ်းတဲ့ အလွမ်းတွေက လှပ၊ ခိုင်ကျည် လှပါတယ်..။

La-Min Lin said...

Aunty maynayne you have a blog!?
ps the url to my blog is: lamin'srobotspot.blogspot.com

Bino said...

You are a smart teacher.
BINO