Feb 20, 2012

အလွင့်








 နင့်ကို ငါ အဲလိုပစ်မထားနိုင်ဘူး.. မီ.. တဲ့။
 ကျေးဇူးပါ မေရယ်..
 ဒါပေမဲ့ ကျမကတော့ ကိုယ့်ကိုကိုယ်ပစ်ထားလိုက်ပြီလို့ မေ့ကို အသံတိတ်တုံ့ပြန်မိတယ်..။
 မေ.. အဲဒီမှာ ပျော်လားဟင်..
မပျော်ဘူးဆိုရင်ရော မီက ယုံလို့လား... တဲ့။
အင်း ယုံတယ်.. မေက မညာတတ်ဘူးလေ..။
 မပျော်ဘူး။ ဒါပေမဲ့ စိတ်မဆင်းရဲဘူး၊ ဒီမှာ အလုပ်ပင်ပန်းတာ မှန်တယ်.. စိတ်ဖိစီးတာ မှန်တယ်.. ဒါပေမဲ့ နေတတ်ရင် ကျေနပ်စရာပါ မီရယ်..။ ကလေးတွေ ပညာရေးကောင်းတယ်.. ကိုယ် အလုပ်လုပ် သလောက် အကျိုးခံစားရတယ်..။ ငါနောက်တခုထပ်ပြောရင် နင် ငါ့ကို တကိုယ်ကောင်းဆန်တယ်လို့ မကဲ့ရဲ့နဲ့နော်...။ ဒီမှာ အတတ်နိုင်ဆုံးတော့ လူနဲ့ တူအောင် နေရတယ်..။ နင်သိပါတယ်.. ငါ အဲဒီမှာတုန်းက ဘယ်လိုနေခဲ့ရတယ်ဆိုတာ... တဲ့။
မေ့အသံက နည်းနည်းတော့ နာကျင်နေတယ်ထင်ပါရဲ့။ ကျမသိပါတယ်။ မေက သူ့နိုင်ငံ ကို ထားခဲ့ရတယ်ဆိုတဲ့ စိတ်နဲ့ အမြဲ အဲလို နာနာကျင်ကျင် ခံစားတတ်တယ်ဆိုတာ..။
မေရယ်.. ဒီလိုပါပဲ.. ဒါပေမဲ့ ရှင် ဘယ်နေရာမှာပဲဖြစ်ဖြစ် အကောင်းဆုံးကို လုပ်နိုင်နေတာပဲ..။ ကျမကသာ.....................

 ++++

ဒီည မေ့ကို သိသိသာသာပဲ လွမ်းနေမိပါတယ်..။ မေက မီ့ထက် တနှစ်ခွဲပဲ ပိုကြီးပေမဲ့ အသက်တော်တော်ကွာသလို လူကြီးဆန်တတ်သူ။ မီနဲ့မေက စိတ်ခံစားချက် တူတာများပြီး ဘ၀ပုံစံချင်း.... ကြီးပြင်းရပုံချင်း.. ရပ်တည်ပုံချင်း မတူပေမဲ့ နီးစပ်ချစ်ခင်နိုင်ခဲ့ကြတာပါ။ ဒါပေမဲ့ မေကတော့ စာရေးဆရာမို့ ထင်ပါရဲ့..။ စိတ်ကူးနည်းနည်းပိုယဉ်ပါတယ်။ ပြီးတော့ မေက စိတ်ကူးယဉ်တဲ့ နောက်ကိုလည်း စိုက်လိုက်မတ်တတ် လိုက်တတ်သူ။ ခုနေ ပြန်ပြောဖြစ်ကြရင်တော့ မေ့ရဲ့ အဲလို စိတ်ကူးယဉ်တတ်မှုကြောင့်ပဲ အဲလို စိတ်ခံစားမှုနောက် လိုက်မှုကြောင့်ပဲ ခုချိန်ထိ မေက စိတ်ချမ်းချမ်းသာသာ.. ပြောရရင် လက်ရှိဘ၀မှာ ကျေကျေနပ်နပ် နေတတ်နေတာ လို့ ပြောဖြစ်ကြမယ် ထင်ပါရဲ့။ တကယ်လည်း မေက ချမ်းချမ်းသာသာ ပပလွှားလွှား မရှိလှတဲ့ ဘ၀ထဲ ပျော်တတ်ပါပေရဲ့...
ဒါဖြင့် ဘယ်ဟာကများ တကယ်ပျော်စရာလဲ ဆိုတာကို မီ.. ခုတော့ဖြင့် တွေးမိရပြီ။

+++++

အချစ်ဆိုတာ ဘယ်လိုခံစားချက်လဲဆိုတာ ရှင်သိရဲ့လား ကိုကို... လို့ မေးတော့ သူက မယုံနိုင်တဲ့ မျက်လုံးတွေနဲ့ မီ့ကို ကြည့်ပါတယ်..။ ဘာကြောင်တာလဲ..လို့ တွေးနေတာလားကိုကို ဆိုတော့ သူက စိတ်ပျက် လက်ပျက်ပုံနဲ့ ခေါင်းခါသေးရဲ့။။ ဒီမှာ ကျမလည်း အချစ်ကို ကိုးကွယ်တဲ့သူ မဟုတ်ပါဘူး.. ၀န်ခံပါတယ်။ ဒါပေမဲ့ ဘ၀မှာ ခုလို အဓိပ္ပါယ်မဲ့လှချည်ရဲ့လို့ ခံစားနေရချိန်မှာတော့ ကျမ အချစ်ဆိုတာကို စဉ်းစားမိတယ်.. သိလား... ဆိုတော့ သူက သက်ပြင်းချတယ်..။ ကိုယ် မင်းကို ချစ်ပါတယ်ကွာ လို့ ကျမ ပခုံးကို လှမ်းဖက်ပြီး ဒီတခါ ပြောချိန်မှာတော့ စိတ်ထဲ နည်းနည်း အော့မိတာ ၀န်ခံပါတယ်။။ ကျမ ခေါင်းရမ်းမိတော့ မီက ဘာဖြစ်ချင်တာလဲကွာ.. တဲ့။ ကျမလား.. အင်း.. ကျမလည်း မသိဘူး.. ကျမ ဘာဖြစ်ချင်တာလဲ.... ဆိုတာ....။

မေက ပြောတယ်...။ မေတ္တာတရား..တဲ့။
မေတို့ ဇနှီးမောင်နှံကြားမှာ အချစ်ဆိုတာက မပူလောင်တော့ဘူးတဲ့.. ဆိုတော့ မေတ္တာတရား ဖြစ်သွားပြီ တဲ့။ ဘာလို့လဲဟင်.. သားသမီးတွေကြောင့်လား..။ အသက်တွေ ၄၀ ကျော်ကုန်လို့လား..။ အစစ လုံခြုံအေးချမ်းတဲ့ တိုင်းပြည်တပြည်မှာ နေနေရလို့လား..။ ဒါမှမဟုတ်.. အရာရာကို အတူလက်တွဲ ရုန်းကန်ဖြေရှင်းနေကြရလို့လား..။ နားမလည်နိုင်တော့ဘူး..။
ဒါဖြင့် မီကရော...။ သမီးနှင်းကို သတိရပါတယ်..။ သမီးက မီ့ကို မအေးမြစေဘူးလား...။ ကိုကိုကရော...။ ကိုကို နဲ့ မီ့ကြားမှာ မေ နဲ့ သူ့ ခင်ပွန်းလို သားသမီးဆိုတဲ့ အချည်အနှောင်တွေ မရှိခဲ့ကြလို့လားဟင်...။

 ++++

မီ့ထက်အရင် မေက အိမ်ထောင်ပျက်တခုလပ်ဘ၀ကို သားတယောက်နဲ့အတူ တွဲပြီး ရင်ဆိုင်လိုက်ရတာပါ။ အဲဒီတုန်းက မေ ဘယ်လောက် ပင်ပန်းဆင်းရဲခဲ့သလဲဆိုတာ မေ့နားမှာ တောက်လျှောက် ရှိနေခဲ့တဲ့ မီက အသိဆုံးပေါ့..။ စိတ်ရော ရုပ်ပါ မေ ဆင်းရဲခဲ့တာ.. မီဖြင့် ကြည့်တောင် မကြည့်ရက်ခဲ့။ နောက်တော့ တိုက်ဆိုင်လှတဲ့ ကံကြမ္မာက မီ့ကိုပါ အိမ်ထောင်ပျက်ဖြစ်စေခဲ့ပါတယ်။ အဲဒီကာလတွေတုန်းက ဘ၀ကို ရဲရဲ ရင်ဆိုင်တတ်တဲ့ မိန်းမတွေ.. ကိုယ့်အားကိုယ်ကိုးတတ်တဲ့ မိန်းမတွေ.. ကြိုးစားတဲ့ မိန်းမတွေ အိမ်ထောင်ရေး အဆင်မပြေကြတဲ့ ခေတ်ထင်ပါရဲ့...။ မီက သမီးတယောက်နဲ့...။ မေက သားတယောက်နဲ့...။ ဘ၀ကို အလျားလိုက်ဖြတ်ခဲ့ကြတာ..။ ပင်ပန်းလိုက်တဲ့ဖြစ်ခြင်း။
ဒါပေမဲ့ မီရော.. မေပါ.. ရင်ဆိုင်ခဲ့ကြပါတယ်...။ နောက်တော့ ဘ၀ထဲ ပင်ပန်းတာနဲ့ မဆိုင်ဘူးထင်ပါရဲ့...။ မေက နောက်ထပ်လက်တစုံကို တွဲလိုက်တော့တယ်...။
အံ့သြစရာကောင်းတာက
မေရွေးချယ်လိုက်တဲ့ညီညီက မေ့ထက်ငယ်တဲ့အပြင် မေ့လောက်တောင်  ပြည့်စုံသူမဟုတ်..။
တခုတော့ ရှိပါတယ်.. ညီညီကကြင်နာတတ်သူ.. အေးချမ်းသူ.. မေ့ကို လေးလေးနက်နက်တန်ဖိုးထားတယ်လို့ ယုံကြည်ရလောက်တဲ့ အမူအရာတွေ ရှိတဲ့သူ။ မေက ပျော်ပါတယ် တဲ့။ ပြီးတော့ ချစ်ပါတယ်တဲ့...။
ဒါဖြင့် မီကရော...

++++++

ကိုကို့ကို မီ ခေါင်းညိတ်ဖြစ်ခဲ့တာ တကယ့်အချစ်လား.. ဒါမှမဟုတ် သာယာမှုလား.. ဒါမှမဟုတ် မျှော်လင့်ချက်ကြောင့်လား...။ ကိုကို့ စီးပွားဥစ္စာပြည့်စုံမှုကလည်း တစိတ်ဒေသတော့ ပါမယ်ထင်ပါတယ်..။ မီကိုယ်တိုင်တောင် မသေချာပါ။ ဒါပေမဲ့ ကိုကို့နဲ့ မီ တွဲဖြစ်ခဲ့ကြပါတယ်။
ကိုကို နဲ့ မီကတော့ မေ နဲ့ သူ့ရဲ့ ညီညီ့လိုတော့ မဟုတ်...။ ကိုကိုကိုယ်တိုင်ကလည်း မအောင်မြင်လှတဲ့ ပထမအိမ်ထောင်နဲ့ သားသမီး ရှိသူ..။ ဒါပေမဲ့ သားသမီးကို ငဲ့တဲ့ ကိုကိုက သူ့ အိမ်ထောင်ကို ပြတ်ပြတ်စဲစဲ မလုပ်နိုင်ပါဘူးတဲ့။ ရတယ်ကိုကို.. မီ့နားမှာ အဖော်အဖြစ်.. ရှိနေရင် တော်ပြီ...။ မီ ကိုကို့ကို လိုအပ်ခဲ့တာ အဖော်အဖြစ် သက်သက်ပါ..။ အားကိုးတိုင်တည်ရာ... လိုအင်တွေ ဖြည့်စွက်ရာတွေအတွက်တောင် မဟုတ်ခဲ့။ ကိုကို့ကို မီချစ်လားလို့ ကိုကိုက မမေးဖူးသလို မီကလည်း မမေးဖူးပါ..။ မီတို့နှစ်ယောက် အလုပ်အတူတူလုပ်.. တိုင်ပင်ဖော် တိုင်ပင်ဖက်...။ စိတ်ညစ်ရင် ရင်ဖွင့်ဖောက်ခွဲဖို့... အကြံဥာဏ်ကောင်းတွေ လိုအပ်တဲ့အခါ တိုင်ပင်ဖို့... တခါတလေတော့ ယောက်ျားတယောက် နဲ့ မိန်းမတယောက်ရဲ့ ဖြစ်တည်မှုလိုအပ်ချက်တွေ အတွက် ပါကောင်းပါလိမ့်မယ်..။
သေချာတာက မီ အဲဒီဘ၀မှာ ကျေနပ်ခဲ့ပါတယ်။

 ++++++

 မီက တိမ်တိုက်တွေ မျောလွင့်တာကို ကိုကို့ဘေးမှာ လဲလျောင်းရင်း ငေး..
တိမ်တိုက်တွေပေါ် မီပါ လိုက်ပါ လွင့်မျောသွား...။ ဟိုးအဝေးကြီးမှာဆို မီ နဲ့ ကိုကို ဟာ ဘာအနှောင်အဖွဲ့မှ နောက်မှာမရှိစတမ်း လွတ်လပ်နေကြသူတွေ...။ မီက နည်းနည်းလည်း နာမည်တော့ ကြီးချင်သေးတယ်..။ အောင်မြင်တဲ့ စာရေးဆရာပဲဖြစ်ဖြစ်.. ဒါမှမဟုတ်.. စီးပွားရေးလုပ်ငန်းရှင်မ... ဒါမှမဟုတ်.. အဆိုတော်... ဒါမှမဟုတ်... ကိုကိုက မီ့နေရာမှာ ဘသူ့ကိုမှ အစားမထိုးနိုင်ပါဘူးလို့ တမ်းတမ်းမက်မက် ရှိနေတဲ့အဖြစ်မျိုး...။ ကိုကိုက နားမလည်နိုင်ရှာဘူး။ မီ ဘာဖြစ်ချင်တာလဲ တဲ့။
ပြောပြရင် မီက စာအုပ်တွေ သိပ်ဖတ်တော့ ရူးချင်ချင်ရယ်လို့ ပြောဦးမှာ မီသိပါတယ်..။
 မီကလေ.. အချိန်တိုင်း အချိန်တိုင်းမှာ မီတောင့်တတဲ့ အရာတိုင်းကို ရချင်တာ.. ဆန္ဒတိုင်းကို ပြည့်ချင်တာဆိုတော့လည်း ကိုကိုက မဖြစ်နိုင်ဘူးလေ... ဘသူမှ အဲလို အလိုမပြည့်နိုင်ကြဘူးကွ.. တဲ့။ မီ မသိတာမှမဟုတ်ဘဲ...။ မီက တမင် ညစ်နေတာ တဲ့။ အင်း ဟုတ်မှာပဲ..။ မီက အဲလို ညစ်ချင်တဲ့ စိတ် ရှိတာတော့လည်း အမှန်...။

 ++++++

သမီး.. မာမီ့ကို ချစ်လားဆိုတော့ သမီးက ချစ်သားပဲ.. တဲ့။ သမီးဖြေပုံက စိမ်းသက်သက်နဲ့။ သမီးတောင် ၁၂နှစ်သမီး ဖြစ်ပြီ။ ဒီသမီးလေးကို မီတခါမှ ထွေးထွေးပိုက်ပိုက် မနေခဲ့ဖူးတာလည်း သတိရပါတယ်။ဒါပေမဲ့ မီကိုယ်က အဲလို ချော့ချော့မြှူမြှူ မနေတတ်တာပါ။ ခုဆို သမီးက အမြဲ အတူနေရတဲ့ အဖိုးအဖွားနဲ့ အဒေါ်အပျိုကြီးကို သူပူဆာသမျှဝယ်ပေးပေမဲ့ တခါတလေမှ တွေ့ရတတ်တဲ့ အမေထက် ပိုခင်တွယ်တာတော့ အမှန်ပါ။ မီက သမီးပဲဖြစ်ဖြစ်... မိဘတွေကိုပဲဖြစ်ဖြစ်.. နောက်ဆုံး ကိုကို့ကိုတောင်မှပဲ လိုအပ်တာသာ ဖြည့်ဆည်းပေးလိုက်မယ်.. ယုယုယယတော့ မနေတတ်တာ အမှန်..။
ဒါကိုတော့ အပြစ်လို့ မပြောကြစေချင်ပါဘူး..။ မီက ချစ်သူတွေ လိုအပ်သမျှကို ဂရုတစိုက် ဖြည့်ဆည်းပေးသူတော့ ဖြစ်နေပါသေးတယ်။ မီကိုယ်တိုင်ကလည်း အနားမှာ ဂရုတစိုက်ရှိနေပေးမယ့် ချစ်သူတယောက်ပဲ လိုချင်တာပါလေ...။ အဲဒီချစ်သူက ကယုကယင် မနေတတ်သူဆိုလည်း မီကျေနပ်မှာပါ...။ မီကလေ.. ရှုံးနိမ့်မှုတွေကို ရင်ဆိုင်ရလို့ ငိုကြွေးတဲ့အခါ ကိုယ့်ရှေ့မှာထိုင်ပြီး ကိုယ့်ကို ကရုဏာသက်စွာနဲ့ ထိုင်ကြည့်နေမယ့်သူတယောက်ကို လိုချင်တာပါ...။

++++++

 မူးယစ်ခြင်းဟာ အကောင်းဆုံးအဖော်မဟုတ်မှန်း မီအသိဆုံးပေါ့..။
အရွယ်ကြောင့် မီ့အလှက နုပျို ဆန်းသစ် မရှိနိုင်တော့တာလည်း မီအသိဆုံးပေါ့...။
အဲလိုပဲ ကိုကို သိဖို့လည်း လိုတယ်..။
အလုပ်တွေ မအောင်မြင်တာလည်း မီ့ကြောင့်မှ မဟုတ်ဘဲကိုကို.. ဒီခေတ်ကြီးထဲမှာ မီ့လို မိန်းမတယောက်အနေနဲ့ ဘာကို ထပ်ရင်းရဦးမှာလဲ...။ ကိုကိုသိလား..။ မီဟာ.. အချစ်ကို လိုအပ်ခဲ့သူဆိုတာ (တကယ်တော့ မီကိုယ်တိုင်လည်း မသေချာလှပါဘူး)။ မီဟာ ငွေကြေးအတွက်.. ဘ၀ရပ်တည်ရေးအတွက် ကိုကို့ကို ချစ်ခဲ့တာ မဟုတ်ပါဘူး (ဒါလည်း ကိုယ်တိုင် မသေချာ)။ မီဟာ သွေးသားဆန္ဒနဲ့ ကိုကို့ကို ရွေးချယ်ခဲ့ တာလည်း မဟုတ်ဘူး (အချစ်နဲ့ သွေးသားဆန္ဒ မီခွဲခြားတတ်ခဲ့ရဲ့လားဆိုတာ ခုချိန်မှာ ကိုယ်တိုင် ပြန်မေးဖြစ်နေတဲ့ မေးခွန်းပါ..)။ ဒါပေမဲ့ ကိုကို.. မီ ကိုကို့ကို လိုအပ်ခဲ့ပါတယ်..။ ခုလည်း လိုအပ်နေဆဲပါ ကိုကို..။ မီ့အနားမှာ နေ၀င်တော့မယ်..။ မီ့အခန်းထဲမှာ ဆေးလိပ်ငွေ့တွေနဲ့ အုံ့မှိုင်းလို့..။ အပြင်မှာ မြူခိုးတွေ ဆိုင်းနေတာနဲ့အပြိုင် မီ့အခန်းထဲမှာလည်း မှုန်မှိုင်းနေတယ်...။ အဲဒီအမှုန်တွေထဲမှာ မီက လွင့်နေတာ ကိုကိုရဲ့။

 ++++++

 မီက ကိုကို့ ရုံးခန်းစောင့်မဟုတ်ဘူးနော်..... နယ်က ကိုကို့ကုမ္ပဏီခွဲကို မီရှိမှ စိတ်ချတာလား...။
ကိုကို့ သားအရွယ်ရောက်လာလို့ ရန်ကုန် ရုံးခန်းမှာ မီ့ကို ရှိမနေစေချင်တော့တာလား..။
မီ အဲလို မစဉ်းစား သင့်ဘူးလား..။ နယ်မြို့ရဲ့ ခြောက်ခြောက်သွေ့သွေ့ ရုံးခန်းမှာ ခုနေ မီ သေသွားရင် ဘယ်သူ အရင်ဆုံး တွေ့မလဲ .. ရုံးအကူ ဦးဘမောင်လား..။ မနက်က သမီးနှင်းကို လွမ်းပြီး ဖုန်းခေါ်တော့ သမီးက မာမီ ဘာကိစ္စရှိလဲတဲ့။ သမီးကို သတိရလို့ဆိုတော့ ဘာအတွက်လဲ.. တဲ့လေ..။
အင်း မေမေက သမီးကို ကိစ္စရှိမှ သတိရတဲ့ အမေများဖြစ်နေပြီလား လို့ ပြန်တွေးမိသား။
အဲလောက်တော့ မဟုတ်ဘူးထင်ပါရဲ့ သမီးရယ်...။ ဒါနဲ့ ၀မ်းနည်းပြီး ရန်ကုန်ရောက်နေတဲ့ ကိုကို့ကို ဖုန်းခေါ်တော့လည်း ကိုကိုက မီဘာလိုလို့လဲတဲ့..။ ကိစ္စအရေးတကြီး ရှိလို့လားတဲ့...။ ကိစ္စမရှိရင် မဆက်ရတော့ဘူးလားကိုကို လို့ဆိုတော့ ကိုကိုအလုပ်ရှုပ်နေတယ်.. မရစ်နဲ့ မီ..။ စောစောစီးစီး မူးနေပြီလားတဲ့။
မီ့မှာ စကားလုံးတွေ ပျောက်ကုန်တယ်.. ကိုကိုက ဖုန်းချသွားတယ်...။
အဲဒီမှာ.. မီ့အခန်းထဲ မြူတွေဆိုင်းလာတော့တာပဲ..။
မီးခိုးလိုလို တိမ်လိုလို.. မီက အဲဒီအမှုန်တွေထဲ လွင့်လို့..။
ကံကောင်းလို့ ဒဏ္ဍာရီထဲက ပျံနေတဲ့ နဂါးကြီးတကောင်လောက်များ တွေ့လို့ကတော့ လိုက်သွားပြီပဲ ကိုကို။

++++++++

 စိတ်လေလေနဲ့ မျက်ရည်ဝေေ၀နဲ့ ကွန်ပျူတာရှေ့ ငိုင်နေတုန်း ကံကောင်းချင်တော့ မိုးကောင်းကင် အင်တာနက်မှာ မီးစိမ်းလေးပြနေတဲ့ မေ့ကို တွေ့တယ်။ အမြဲ မီးနီပြပြီး အလုပ်ရှုပ်နေတဲ့ မေက မီးစိမ်းလေးပြနေတာ..။ မီ့အတွက်တော့ နဂါးကြီးတကောင်နဲ့ ခဏတွေ့လိုက်ရတာပါပဲ..။
 မေရေ.... မီ စာရိုက်တင်လိုက်တော့ ချက်ချင်းပဲ မီ........... လို့ ၀မ်းသာအားရဟန်နဲ့ ပြန်ထူးတဲ့ မေ့ စာလေးတက်လာတယ်...။
လွမ်းလိုက်တာ မေရယ်..။
ဟုတ်ပါ့.. မေလည်း မီ့ကို တွေ့ရတာ ပျော်လိုက်တာ.. ဘာတွေလုပ်နေလဲကွာ..။
 မီလား ဘယ်လိုသေရင်ကောင်းမလဲ ထိုင်စဉ်းစားနေတာ...။
 ဟေ့ကောင် ပေါက်ကရမပြောနဲ့စမ်း.. ပြော.. ဘာတွေ ဖြစ်နေလဲ..။
မဖြစ်ပါဘူး..။ ဒီလိုပဲ လေတာ..။
 မီ.. တို့တွေ မငယ်တော့ဘူး..။
အင်း ၄၀ တော်တော် ကျော်ပြီလေ.. ။
မနောက်နဲ့မီ...။
မနောက်ပါဘူး.. တကယ်ပြောတာ..။ ခု ကျမ တယောက်တည်း....
အင်း... ကိုကိုရော..။
သူ ရန်ကုန်မှာ.....
ဘာထူးဆန်းလဲ မီ... မီက တယောက်တည်း ကျန်ခဲ့ရတာနဲ့ သေချင်လိုက်တာလို့ ဖြစ်တတ်တဲ့ လူညံ့လား..။
ကျမ ခုညံ့နေပြီမေ...။
သွားစမ်းပါ...။ မဖြစ်နိုင်ဘူး မီ။ မီက သိပ်တော်တဲ့ ထက်တဲ့ မိန်းမ..။
မဟုတ်ဘူးမေ.. အဲဒါ အတိတ်မှာ ကျန်ခဲ့ပြီ..။ ကျမက ရှင့်လိုမဟုတ်ဘူး..။ ဘာမှ မအောင်မြင်တဲ့ မိန်းမ။
မီ.. သမီးနှင်းရော..။
သူက အဖိုးအဖွားတွေနဲ့ပေါ့...။ သူက ကျမကို မချစ်လှပါဘူး...။ --------- ကျမ မပျော်ဘူးမေ....
ဘယ်သူပျော်ကြလို့လဲ မီ.. ဒါကိုက လူ့ဘ၀ပဲ.. မီသိပါတယ်..။
ကျမအတွက် လူ့ဘ၀က အဓိပ္ပါယ်မရှိတော့ဘူး..။
မီ.. အဲဒါအားလုံးက ကိုယ်တိုင်ပဲ လုပ်နေ ဖန်တီးနေကြတာလေ.. ဘယ်သူမှ ၀င်လုပ်ထားတာမဟုတ်ဘူး..။ ------------- မေ အဲလိုပြောရင် မီ့ကို အပြစ်တင်ရာကျလို့ မီသဘောမကျနိုင်ဘူးဆိုတာ မေသိပါတယ်.. ဒါပေမဲ့ မဟုတ်ဘူးလားမီ.. ဒီလမ်းတွေကို တို့တွေ ကိုယ်တိုင်ပဲ ရွေးချယ်ခဲ့ကြတာလေ...။
 ------ ဒါပေမဲ့ ကျမတယောက်တည်း မေ...
မပြောနဲ့မီ.. အဲဒီအတွက် အဖြေရှိပြီးသားလေ..။ နင် သမီး နဲ့ ပြန်သွားနေ.....။
မရဘူးလေ.. ကျမ အလုပ်လုပ်ရဦးမှာ..လေ မေရဲ့။
ဒါဆို ဘာလို့ လက်တွေ့ကို ရင်မဆိုင်နိုင်ရမှာလဲ...။
ကျမအခန်းထဲမှာ သိပ်မှောင်တာပဲမေ...
မီးတွေဖွင့်လေ.. ပြီးတော့ ပြတင်းပေါက်တွေ ဖွင့်လိုက်...။
ကျမကြောက်တယ် မေ..။ ကျမ.. ကျမ တယောက်တည်း...။ အခန်းထဲမှာ မိုးမှောင်ကြီးကျနေတယ်..။
မီ..
မီ...
မီ.. ဘယ်ရောက်သွားလဲ....။ ငါနင့်ကို ပစ်မထားနိုင်ဘူးမီ......

++++++



 မေငြိမ်း ဇန်န၀ါရီ ၉ ရက် ၂၀၁၂။


(မတ်လထုတ် အိုင်ဒီယာမဂ္ဂဇင်း။)

4 comments:

မမိုး said...

ကောင်းလိုက်တာ မမေငြိမ်းရယ်..
ကျမ မပျော်ဘူးမေ.... ဘယ်သူပျော်ကြလို့လဲ မီ.. ဒါကိုက လူ့ဘ၀ပဲ.. မီသိပါတယ်..။
......ဟုတ်တယ်..ကျမတို့တွေ အသက်ကြောင့်များလားမသိဘူးနော်..
အားရပါးရပျော်တယ်ဆိုတာ မရှိတော့ဘူး..
ကျေနပ်တယ် ဆိုတဲ့အဆင့်ပဲ များနေတော့တာလေ...

မြသွေးနီ said...

တစ်ခါတစ်ခါစိတ်တွေ မွန်းကြပ်တာမျိုး ခံစားဘူးတယ်...။ ထွက်ပေါက်မရှိတဲ့ မီလို မိန်းမမျိုးတွေကို စာနာပေးမယ့် နှလုံးသားတွေ ရှိဖို့လိုတယ်။ လူထဲက လူတွေအကြောင်း...။

သိင်္ဂါကျော် said...

ဘယ်သူပဲဖြစ်ဖြစ် ကိုယ်ရွးခဲ့တဲ့ လမ်းမှာ ဆက်လျှောက်နေရတော့မှာပဲလေ..။ ပျော်တာ မပျော်တာကတော့ စိတ်ထား တတ်မှု ပေါ်မှာပဲ မူတည် နေတော့မှာပါ..။

jasmine(တောင်ကြီး) said...

ဖတ်ရတာ ကောင်းလိုက်တာရှင်
မမငြိမ်းလို့ပဲခေါ်ပါ့မယ်
အသက်အရွယ်က အရာအားလုံးကိုပြောင်းလဲစေတယ်နော်
ခုမှသိရတာနောင်တရနေမိတယ်
ချစ်ခင်တဲ့ jasmine