Mar 17, 2012

သပြေညို နဲ့ သင်ပုန်းကြီးဖတ်စာ



 


ဘာလိုလိုနဲ့ သပြေညိုတောင် နှစ် ပတ်လည်ပါတော့မယ်။ တပတ်မှာ စနေတရက်တည်း နှစ်နာရီထဲ သင်ရပေမဲ့ ကလေးတွေရဲ့ တိုးတက်မှုက အံ့သြစရာ ကောင်းလောက် အောင် မြန်ဆန်လှပါတယ်။ ဘာကြောင့်ပါလဲ…။

တကယ်တော့.. ဗမာလို ပြောရင် နားလည်ပေမဲ့ စကားတော့ တလုံးမှမပြောတတ်တဲ့ ကလေးတွေ.. ဗမာလိုပြောတတ်ပေမဲ့ စာမတတ်တဲ့ ကလေးတွေ.... ဗမာလိုပြောသမျှကိုတောင် ကောင်းကောင်းနားမလည်တဲ့ ကလေးတွေကို ကျမ သင်ရတာ..
ဝန်ခံရရင်တော့ တော်တော်ကို မောပါတယ်။ Level ဘယ်လို ခွဲရမလဲ…။ ခွဲထားတဲ့ အုပ်စုတွေကို ဘယ်လိုသင်မလဲဆိုတာက တော်တော်ကို ခက်ခဲပါတယ်။

ခုဆို ကျောင်းသား အရေအတွက်က ၄၀ကျော်ပြီ။ လောလောဆယ်တော့ အုပ်စု ၄စု ခွဲထားရပါတယ်။ အားလုံးကတော့ သူငယ်တန်းအဆင့်ပါပဲ။ အဲဒီမှာမှ သင်ခန်းစာတွေကို အမြန် ကျော် သင်သွားနိုင်တဲ့ ဆယ်ကျော်သက်တွေက တအုပ်စု..။ နောက်တအုပ်စုက မှန်မှန်နဲ့ သင်ခန်းစာတွေကို ကြိုးစားတဲ့ ၈နှစ် နဲ့ ၁၀နှစ်ကြား တအုပ်စု.. (သူတို့က ဗမာလို မပြောတတ်တဲ့ ကလေးတွေ များပါတယ်)။ နောက်တအုပ်စုက တကယ့် Beginner အဆင့် ကကြီး ခ ကွေး ၊ ၁ ၊ ၂၊ ၃၊ ၄ ကို .. က-ကလေးငယ်ချစ်စဖွယ်၊ ခ-ခရေကုံး မလေးပြုံး တွေကို သီဆိုကခုန်ရင်း မြန်မာစာ မြန်မာမှုကို သိအောင် ယဉ်ပါးအောင် သင်နေရတဲ့ တအုပ်စု၊ နောက်ဆုံး တအုပ်စုကတော့ မြန်မာစကားနဲ့ .. အရောင်တွေ ပန်းတွေ သဘာဝကိစ္စတွေကို ပြောတတ် ဆိုတတ် နားလည်တတ်အောင်၊ အရုပ်တွေ ရေးရတဲ့ အုပ်စုပါ။ ဒီကြားထဲ ကျောင်းပျက်လို့ စာနောက်ကျတာနဲ့ စာပြန်ဖြည့်ရတဲ့ ကလေး၊ စာသိပ်မလိုက်နိုင်လို့ နောက်ကျတဲ့ကလေးတွေကို ဆွဲထုတ်ပြီး သင်ရတဲ့ အုပ်စုငယ်လေးတွေလည်း ၂စု ရှိပါသေးတယ်။ ကျမကို ကူတဲ့ဆရာ ဆရာမ အင်အားက ၁၀ယောက်တောင် ရှိတာပါ။ ဒါကြောင့် ကောင်းကောင်း ပံ့ပိုးသင်ပေးနိုင်ပါတယ်။

တပတ်မှာ စနေတရက် ၂နာရီတည်း သင်ရ တာမို့ ကလေးတွေကို အိမ်စာတွေ ပေးလိုက်ရင် အိမ်က အမေတွေ အဖေတွေက တစ်ပတ်စာ သင်ပေးရတော့တာပါပဲ။ ကျမက အတန်းစတာနဲ့ သတ်ပုံခေါ်တာမို့ သူတို့ မဖြစ်မနေ စာလုပ်ကြရတာပေါ့။ ဒါပေမဲ့ ဒီကလေးတွေက အမေရိကန် ပညာရေး စနစ်က လေ့ကျင့်ထားပြီးသားကလေးတွေမို့ စာမလုပ်ရင် ကျန်ခဲ့ပြီး နောက်ထပ်စာအသစ်ရဖို့ ခက်သွားပြီဆိုတာကို ကောင်းကောင်းသဘောပေါက်နေတာကြောင့် စာသင်ရတာ သိပ် လွယ်ပါတယ်။ သိပ် အတတ်မြန်ပါတယ်။ ကျမ သဘောအကျဆုံးကတော့ ကျမ တခု သင်ပြီးတိုင်း လက်တွေ အလုအယက် ထောင်ပြီး မေးခွန်းထုတ်ကြတာကိုပါ။ ဒါက အမေရိကန် ပညာရေးက လေ့ကျင့်ထားတဲ့ စနစ်ပါပဲ။

++++++

ကျမက တက္ကသိုလ်မှာ ပင်ရင်းမြန်မာစာတွေ၊ အထူးပြုမြန်မာစာဘာသာရပ်တွေကို နှစ် ၂၀ နီးပါး သင်ခဲ့တဲ့ အတွေ့အကြုံသာ ရှိပေမဲ့ သူငယ်တန်းကလေးတွေကိုတော့ တခါမျှ စာမသင်ဖူးတာမို့ ထင်မှတ် မထားတဲ့ အခက်အခဲတွေ ကြုံရပါတယ်။ ပိုထူးခြားတာက အမေရိကက ကလေးတွေကို သင်ရတာမို့ စိန်ခေါ်ချက်တွေက ပိုများတာပါ။ စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ ဒီက ကလေးတွေရဲ့ ဖြန့်ထွက်တွေးတဲ့ အလေ့အကျင့် နဲ့ မေးခွန်းထုတ်တဲ့အလေ့ဟာ ကလေးတွေရဲ့ သင်ယူမှုကို အမြန် တိုးတက်စေပြီး နားလည်တတ်ကျွမ်းမှုကိုလည်း ပိုပြီး နက်နက်နဲနဲ ရှိစေပါတယ်။ ဖြစ်နိုင်ရင် မြန်မာပြည်က ကလေးတွေမှာသာ အဲလို အလေ့အကျင့်တွေရှိရင် တကယ် ပညာတတ်မှာလို့ တွေးမိတာမို့ ဒါလေးတွေကို ကျမ ဥပမာပေး ပြောပြချင်တာ ပါ။

သူတို့ကို စသင်တော့ က-ကလေးငယ် ချစ်စဖွယ်က စပါတယ်။ အဲဒီကနေပဲ မေးခွန်းတွေ စလာတော့တာပါ။ က - ဆိုပြီး ဘာလို့ ခလေးလို့ အသံထွက်လဲ တဲ့။ တခါတလေမှာ ကကြီးကိုပဲ ခ- လို့ အသံထွက်သလို ဂ- သံထွက်တာလည်း ရှိတယ်ပေါ့။ သူတို့က ကကြီး ခကွေး ဂငယ်လို့ တတန်းတည်း ရှိတဲ့ အသံဆင် စကားလုံးတွေမို့ အသံပြောင်းတတ်တယ်။ နောက်ပိုင်းမှာ စလုံးတို့ ဆလိမ်တို့ကို ဇကွဲသံ ထွက်တာတို့၊ တ၀မ်းပူကို ဒဒွေးသံထွက်တာတို့လည်း တွေ့ဦးမှာလို့ တပါတည်း ပြောပြပါတယ်။ ခု က-ခ အသုံးမှာတော့ ခလေး လိုပဲ၊ ရေကရားကို ခရား လို့ အသံထွက်တာ၊ ကံ့ကော်ပန်း တို့ ကတုံး တို့ ကဗျာတို့ ကဏန်းဟင်း တို့ကို ဂ ငယ်သံနဲ့ ထွက်တာကို သူတို့ကို ဥပမာပေး ပြောပြရပါတယ်။ အဲဒီမှာ မြန်မာပြည်က ကလေးတွေနဲ့ မတူတာက သူတို့က ကတုံး နဲ့ ကံ့ကော်ပန်းကို မသိတာမို့ အဲဒါတွေကိုပါ ရှင်းပြ ပုံဆွဲပြရတာပါပဲ။

အမေရိကမှာကတော့ အလွယ်တကူ လက်လှမ်းမီတာမို့ Internet က ပုံတွေ ရှာပြီး Projector နဲ့ ပြနိုင်ပါတယ်။ အဲလိုပဲ ခ-ခရေကုံး က ဘာလို့ မလေးပြုံးတာလဲ.. တို့၊ ည-ညနေခင်း ဘာလို့ ရေခပ်ဆင်းတာလဲ… တို့၊ ထ-ထမင်းပွဲ လက်ဆုံနွှဲ.. ထဲက လက်ဆုံနွှဲဆိုတာ ဘာလဲ.. တို့၊ အဲလို မေးခွန်းတွေ ကို သူတို့ လက်တွေ အလုအယက် ထောင်ပြီး မေးကြတာပါ။ တချို့စကားသုံး တွေက စာဆန် တာမို့ သူတို့အနီးဝန်းကျင်က လူကြီးတွေ ပြောတဲ့ အထဲလည်း မပါတာမို့ သူတို့အတွက်တော့ သိပ်ကို အသစ်အဆန်း ဖြစ်နေတာပါ။ ကျမကများ ရှင်းပြလိုက်ရင် သူတို့ ကျေနပ်ပြီး ပြုံးသွားတာများ တကယ် အမောပြေရပါ တယ်။ သူတို့ သိပ် နားမလည်သေး လို့ကတော့ မျက်နှာလေးတွေ ငယ်ပြီး I don’t get it.. လို့ အဖြေ မရမချင်း ပြန် ပြန် ပြောတာပါ။

ဒါနဲ့ပဲ အဲဒီ က-ကလေးငယ် ချစ်စဖွယ်… ကနေ အ-အမိမြေ တို့တိုင်းပြည် ငါတို့ ချစ်တဲ့ မြေ.. အထိ ကို ရောက်ဖို့ တစ်လလောက် ၄ချိန် (၈ နာရီ)လောက် အမူအရာတွေ လုပ်ရင်း အော်ရင်း ဆိုရင်း ရှင်းပြရင်း သင်အပြီးမှာတော့ သပြေညိုက ကလေးတွေဟာ အဲဒီ ကကြီးကနေ အ-အထိ အက္ခရာတွေကို တော်တော် မှတ်မိသွားရုံမက၊ သူတို့ မမြင်ဖူး မကြားဖူး မသိဖူးခဲ့တဲ့ ဝေါဟာရတွေ၊ ပန်းတွေ၊ မြန်မာ့ဓလေ့တွေကိုပါ တွဲသိ သွားပါပြီ။

အဲဒီလို ကဗျာတွေ ရွတ်ရင်း အဓိပ္ပါယ်တွေ ရှင်းပြရင်းကနေ သူတို့ မောချိန် ပျင်းချိန်လောက် စာသင်ချိန် တ၀က်ကျိုးရင် သူတို့ကို သူတို့ ရွတ်ခဲ့တဲ့ ကဗျာ တွေကို သရုပ်ဖော်ပုံ ဆွဲခိုင်းပါတယ်။ အမေရိကန်က အခြေခံပညာရေးထဲမှာက ပန်းချီဆွဲတာ ပုံရေးတာတွေက အမြဲပါနေကျမို့ ဒါက ကလေးတွေကို စိတ်ဝင်စားစေရုံ သာ မက ပါဘူး။ သူတို့ သိထားတာတွေကို ပိုမှတ်မိစေပါတယ်။ အရောင်တွေက အစ.. သူတို့ မှတ်မိအောင် အရောင်ခြယ်ခိုင်းပါတယ်။ ဒါက အမေရိကန်ကျောင်းတွေမှာ ဘာသာစကား မတူသူတွေအတွက် ထားတဲ့ ESOL (English for Speakers of Other Languages) မှာ သုံးတဲ့ သင်ကြားနည်းတွေလည်း ဖြစ်ပါတယ်။ ကျောင်းတွေမှာ ရှိတဲ့ ESOL Class တွေဟာ အင်္ဂလိပ်လို တလုံးမှ မတတ်လာတဲ့ ကလေးတွေကို ၃လ လောက် အတွင်း ရေရေလည်လည်ပြောတတ်လာအောင် သင်နိုင်တာပါ။

ကျမကလေးတွေ ဒီရောက်တော့ သမီးက ၉နှစ်၊ သားငယ်က ၆နှစ်။ ထိုင်းမှာ မူလတန်း ကျောင်းနေခဲ့တာမို့ အင်္ဂလိပ်စာအသံထွက်တွေက ထိုင်းသံဝဲလို့။ ဒီရောက်တော့ သမီးက GRADE 3 နဲ့ စ။ သားငယ်က  Kindergarten နဲ့စ။ သားနဲ့သမီးဟာ ၆လအကြာ၊ ကျောင်းနှစ်ဝက် မှာပဲ အမေရိကန်အင်္ဂလိပ်စကားကို အကျွမ်းတ၀င် ပြောနိုင်ကြပါပြီ။ သူတို့ဆီက သင်ကြားရေးစနစ်ကြောင့်ပါပဲ။ ဒါကို ကျမတို့ အတုယူရပါတယ်။

+++++

သပြေညိုက ကလေးတွေ အများစုကြီးက အမေရိက မှာ မွေးကြ ကြီးပြင်းကြရတဲ့အပြင် မြန်မာပြည်ကို မရောက်ဖူးကြတဲ့သူ အများစုမို့ သူတို့အတွက်တော့ သင်ခန်းစာထဲက မြင်ကွင်းတွေ အကြောင်းအရာတွေက စိတ်ဝင်စားစရာတွေချည်း ဖြစ်နေပါတယ်။ ဥပမာပြောရရင် စ- စခန်းသာ တောင်တန်းပြာဆိုရင် ကျမက အရင်ပြောမပြဘဲ သူတို့ကို သိလားလို့ အရင် မေးပါတယ်။ သူတို့က စခန်းဆိုတော့ Camp ပဲ ထင်ပါတယ်။ ဒီတော့မှ စခန်းသာဆိုတာ ခဏနားနေရတဲ့ သာယာတဲ့ နေရာကိုလည်း ခေါ်တယ်လို့ ပြောပြပါတယ်။ ဒီတော့ တယောက်က ဒါဆို Viewpoint လားတဲ့။ အင်း ဟုတ်တယ် အဲလိုမျိုးလို့ ကျမကလည်း နီးစပ်ရာ သဘောတူရပါတယ်။ အဲဒီနေရာမှာ တခါ ရှင်းပြရ တာက သာယာတယ်ဆိုတာ ဘာလဲ..ပေါ့။ အများစုက Peaceful တို့ Pleasant တို့ ပြောပါတယ်။ သူတို့ နီးနီးစပ်စပ် တော့ နားလည်ပါတယ်။ ခုမှ စကားရော စာရော စသင်တာမို့ ကျမ ကျောင်းမှာ No English.. Only Burmese လို့ စည်းကမ်း လုပ်လို့ မရသေးပါဘူး။ ဒါကြောင့် သူတို့ကို နားလည်သလို အင်္ဂလိပ်လို ပေးပြောပြီးမှ မြန်မာလို အခေါ်အဝေါ်ကို မှတ်မိအောင် တွဲကျင့် ရပါတယ်။ ထပ်ကာ ထပ်ကာ ပြောပြရပါတယ်။

အဓိကကတော့ မြန်မာလို သင်တာက မြန်မာပြည်ပြန်ရင် ဆွေမျိုးတွေကို စကားပြောနိုင်ပြီး  နိုင်ငံခြားမှာ နေပေမဲ့ ကိုယ့်မိခင်ဘာသာစကားကို ကောင်းကောင်း ပြောနိုင်တယ် ဆိုတာ .. ပြီးတော့ ဘာသာစကားတွေ အများကြီးတတ်တယ်ဆိုတာ ဂုဏ်ယူစရာ ကောင်းတယ် ဆိုတာတွေ အထိ ပြောပြတာကို သူတို့ နားလည်လက်ခံနိုင်တာပါပဲ။ သူတို့ အမေရိကန်ပညာရေးရဲ့ သင်ကြားရေးစနစ်ကြောင့် သူတို့ရဲ့ တွေးခေါ်နိုင်စွမ်း ဉာဏ်ရည်ကလည်း မြင့်နေတာပါ။ အဲဒီအခါ ခုလို သပြေညို ကျောင်း တနှစ်ပြည့်တော့မယ့်အချိန်မှာတော့ ကျမရဲ့ တခန်းစာနဲ့ စုပေါင်း စခဲ့တဲ့ မြန်မာစာကျောင်းဟာ ခုချိန်မှာ တန်းခွဲ ၄ခု ခွဲရတာမို့ ကျမနေတဲ့ Maryland ပြည်နယ် Rockville မြို့နယ်ထဲက မူလတန်း ကျောင်းထဲက ခန်းမကြီး တစ်ခန်းကို ငှားရမ်းပြီး သင်ရတဲ့ အခြေအနေကို ရောက်လာပါပြီ။


ကျောင်းသား ကျောင်းသူတွေ ကလည်း Virginia , Baltimore, Frederick လို အနီးအပါး မြို့နယ်တွေ ကပါ လာတက်ကြတာပါ။ အနီးအပါးလို့သာ ပြောရတယ်..။ တကယ်က တစ်နာရီ ကျော်ဝန်းကျင် ကားမောင်းလာ ကြရတာမို့ ရန်ကုန်ပဲခူးလောက် အကွာအဝေး ရှိတာပါ။ ဒါပေမဲ့ မိဘတွေရော ကလေးတွေပါ ကျားကုတ်ကျားခဲနဲ့ ပျော်ပျော်ရွှင်ရွှင် ကျောင်း မှန်မှန် လာကြတာများ.. နှင်းတွေကျလို့ Snow alert ရှိတာတောင် မပျက်မကွက် ပါ။ ဒါဟာ သပြေညိုကျောင်းအတွက် အင်အားဖြစ်သလို.. ကျမတို့ မြန်မာကလေးတွေ နောင်ရေး နဲ့ ဟိုးအဝေးကြီးထိ မျှော်လင့်ကြည့်ရင်၊ ကျမတို့ မြန်မာနိုင်ငံအတွက် အနာဂတ် မှာ ဖြည့်စွက်နိုင်မယ့် အားကလေးတွေကို မွေးနေတာပဲရယ်လို့၊ ကျမမှာ ပီတိ ဖြစ်ရပါတယ်။

 မေငြိမ်း ၁၄ မတ်လ ၂၀၁၂။

( ပြည်တွင်းထုတ် Venus News Weekly Journal ပါ အပတ်စဉ်ဆောင်းပါး-အမှတ် ၂)




4 comments:

ဇွန်မိုးစက် said...

ဆရာမရေ...ဖတ်ရတာ အရမ်းဝမ်းသာလိုက်တာ။း)

Nora Nilar said...

ကိုယ်စီကိုယ်ငှ ၀တ္တရားတွေနဲ့ နေ့စဉ် ရုန်းကန်နေကြတဲ့အထဲမှာ ဒီလို အများအကျိုးကို အချိန်ပေး လုပ်နိုင်တာ အရမ်းချီးကျူးပါတယ် ဆရာမရေ...။

Nyi Linn Thit said...

အမနဲ့ စာသင်ခွင့်ရတဲ့ အဲဒီက ကလေးတွေ ကံကောင်းလိုက် ကြတာ..၊ ကျနော်က ဒီမှာတော့ တစ်ယောက်တည်း ကြဲနေရတယ်ဗျာ..၊း) ဘော်ဒါဖွင့်ဖို့ အစီအစဉ်တွေများ မရှိဘူးလား အမ? သားကို ပို့ထား မလို့..၊း)

ဒီဆောင်းပါးထဲမှာ ကလေးတွေရဲ့ အမြင်တွေနဲ့ သူတို့ရဲ့ ချဉ်းကပ်ပုံက အရမ်းစိတ်ဝင်စားစရာ ကောင်းပါတယ်၊ အဲဒါမျိုးတွေ အဆင်ပြေရင် ဆက်ဖတ်ချင် ပါသေးတယ်။

မေငြိမ်း said...

အမယ်တော်.. ကိုညီလင်း.. သားကို တကယ်ပို့ထားနိုင်လို့လား..။ အာလူးစိန်.. ခွဲနိုင်ပါလိမ့်မယ်.. အားကြီး :)