++++++
သားသမီး ၃ယောက် မွေးထားတဲ့ အမေတစ်ယောက်အနေနဲ့ ကျမ ကလေးတွေကို ဘာဖြစ်စေချင် သလဲလို့ ခုနေများ မေးလာရင် ကျမမှာ ဖြေစရာတစ်ခုပဲ.. တစ်မျိုး ပဲ ရှိပါတယ်။ “သူတို့ဘ၀ကို သူတို့ ကျေနပ်တဲ့
အနေအထားမျိုး ရကြစေချင်တယ်” ဆိုတာပါပဲ။ သူတို့ လုပ် ချင်တဲ့ အလုပ်မျိုးနဲ့ ပျော်တဲ့ ဘ၀.. အဲဒါဆို လုံလောက်ပြီ။ ဘာဖြစ်လို့ ကျမ အဲလို သဘောထား နိုင်တာလဲဆိုတော့ ဆေး တက္ကသိုလ် ရမှ.. အီကိုရမှ လို့ မရှိခဲ့တဲ့ မိဘတွေကြောင့် ကျမ ဘ၀ တလျှောက်လုံး ကိုယ်ကြိုက်တဲ့ မြန်မာစာကျောင်းသူ ဘ၀ထဲ.. ခုချိန်ထိ မြန်မာစာနဲ့ပဲ သက်မွေး ၀မ်း ကျောင်းရော ဂုဏ်သိက္ခာတွေကိုပါ ခံစားနေရ တာတွေကြောင့် (ကံတရားကြောင့်လည်း ပါတယ်ဆိုရင်လည်း အဲဒီ ကံ တရားကို ကျေးဇူးတင်ပါတယ်)။ အဲဒီလို ကံကောင်းတာမျိုး ကျမ သားသမီးတွေကိုလည်း ရစေချင် တာပါပဲ။
+++++
ခုတလောမှာတော့ သမီးက သိသိသာသာ အရွယ်ရောက်လာပါတယ်။ သားကြီး ၁၄ နှစ်သားတုန်းက ကလေးလို ဆော့တုန်း။ သမီးကတော့ အသက်၁၄နှစ်ကျော်လာတာနဲ့ တကယ့် မြီးကောင်ပေါက်ပုံစံ ဖြစ်လာ ပါတယ်။ သမီးအဖေ ‘ကိုတိကျ’ က မြီးကောင်ပေါက်သမီးရဲ့ လွတ်လပ်ပျံဝဲချင်စိတ်တွေ အမူအရာတွေကို မျက်စောင်းတခဲခဲမို့ ဟန့်ထားရပါတယ်။ ဖြစ်ချင်တော့ သမီးတို့အဖေ ကိုတိကျ က တကယ့် ဗမာအဖေ ပီပီသသ..။ သမီးမြီးကောင်ပေါက်က အမေရိကန်ဆယ်ကျော်သက်မ..။ တွေ့တော့ နေပါပြီ။ အမေ ကျမ ကတော့ ကိုယ်တိုင် ဆယ်ကျော်သက်အရွယ် မြီးကောင်ပေါက်မ အနေအထားကို ကျော်ဖြတ်ခဲ့တာမို့ရော.. ကျမက သမီးအဖေထက် ပိုခေတ်မီတဲ့ အမေ (ပြောရရင် ဗမာသိပ်မဆန်တဲ့ အမေ ဆိုပါတော့) မို့ .. သမီးနဲ့ အဖေကြားမှာ ညှိနှိုင်းရေးမှူးလုပ်ရပါတယ်။
သမီးက သူ့အရွယ်အတိုင်း စိတ်ဝင်စားတဲ့ ကောင်လေးရှိပြီ။ ဒါကို အဖေက လက်မခံနိုင်။ သမီး ၁၅ နှစ်မ.. ကို ကိုယ်က ကလေးလို့ ထင်နေတုန်းမှာ သူ့အရပ် ၅ပေ ၆လက်မ နဲ့ အပျိုစိတ်ဝင်တာ ပုံမှန်ပဲ။ သမီး အဖေက.. ညည်းသမီးတော့ ငါကြည့်မရတော့ဘူးလို့ ဗမာအဖိုးကြီးတွေလို ဗျစ်တောက် ဗျစ်တောက်.. ။ ပြီးတော့ သမီးကို မျက်နှာထားကြီးနဲ့ ကြည့် ကြည့် နေ။ သမီး ‘မအမေရိကန်’ ကလည်း အဖေ သူ့ကို ပြဿနာ ရှာတယ် လို့ ထင်။ ဒါက အဆန်းမှမဟုတ်ဘဲ ပေါ့.. သမီးက High School တောင်ရောက်နေပြီ လို့ ပါသေး။ အင်တာနက် မှာ ကြည့်ကြည့်မေမေ.. ဒီမှာ အသက် ၁၂နှစ် ကျော်ရင် Hangout ထွက်လို့ Date ထွက်လို့ ရပြီ.. တဲ့။ သူနဲ့ ချိတ်တိတ်တိတ်ကောင်လေးကလည်း ခပ် တည်တည်ပဲ အိမ်လာလည်.. ခြံထဲ ထိုင် စကားပြောကြ..။ ရည်းစား ဟုတ်မဟုတ် မသေချာပေမဲ့ ကိုယ်ကတော့ ကြည့်ရခက်နေတာ အမှန်ပေါ့၊ ဒါပေမဲ့ ကိုယ့်မျက်စိအောက်မှာနေတာ အကောင်းဆုံးလို့ပဲ နှလုံးသွင်းရပါတယ်၊ ပြီးတော့ ခဏခဏ လာနေတာမျိုးလည်း မဟုတ်တော့ သိပ်မဆိုးပါဘူးလေလို့ တွေးရပါတယ်။
ပြီးတော့ ချော့တလှည့် ချောက်တလှည့်နဲ့ ‘သမီးက ဗမာမိန်းကလေးနော်..။ မေမေတို့က အတိုင်း အတာ တစ်ခုထိ အလိုလိုက်ထားတယ်လေ။ ကောင်လေး နဲ့ နှစ်ယောက်တည်း သွားတာမျိုးတော့ ခွင့်မပြု ဘူး နော်..။ သမီး သူငယ်ချင်းတွေပါ ပါရမယ်.. ဖေဖေ လိုက်ပို့မယ်.. လာကြို မယ်..။ မေမေ မုန့်ဖိုး လည်း ပေး မယ်..။ ပြီးတော့ ကျောင်းမှာ အဆင့်လည်း မကျ ရဘူး..။ အဲဒါ မေမေ့ကို ကတိပေးရင် မေမေ ဖေဖေ့ ကို ပြောပေးမယ်။ သောကြာ ညနေတစ်ရက် ပေးထွက်မယ်..” ။ အဲလိုတွေ ညှိရပါတယ်။
+++++++
တကယ်တော့ သမီး က ဆိုးလှတာမဟုတ်ကြောင်းတော့ သမီးဖေဖေကို ပြောရပါတယ်၊ ဘာလို့ဆို ကျမ အသက် ၁၄ နှစ်မှာ.. ကောင်လေးတစ်ယောက်ကို သေသေချာချာ စိတ်ဝင်စားတတ်နေခဲ့တာ ခုထိ မမေ့ပါ။ အဲဒီကောင်လေးက အဲဒီအချိန်မှာတုန်းက အတော်ဆိုးတယ်လို့ နာမည်ကြီးတာမို့ ကျမအမေ ခမျာ တော်တော် စိတ်ပူခဲ့ရတာ မှတ်မိပါတယ်။ ကျမက အမေ့ကို စိတ်တွေကောက်.. စကားမပြောနိုင် ဘာမပြောနိုင်တောင် ရှိခဲ့သေးတာပါ.။ သမီးကတောင် ကျမလောက် မဆိုးသေး။ ဒီနေရာမှာ ပြောပြချင် တာက အဲဒီတုန်းက သမီး အဖြစ် ခံစားချက် ၊ အတွေး နဲ့ ခု အမေ တစ်ယောက် အနေနဲ့ ခံစားချက်ကို ကျမ ယှဉ်ကြည့်မိတဲ့ အကြောင်းပါ။
ကျမတုန်းက ကျမအမေက ကျမကို တော်တော်ဆူပူခဲ့တာမှာ အဲဒီကောင်လေး ဘယ်လိုဆိုးကြောင်း နဲ့ ကျမ ဒုက္ခရောက်သွားမယ် ဆိုတာတွေပေါ့။ ကျမကလည်း စိတ်တိုလိုက်တာ..ကျမ ဘာလုပ်မှာ မို့လို့ လဲ.. ပေါ့။ အမေက ကျမ ငယ်ငယ်ရွယ်ရွယ်နဲ့ ဖျက်မရနိုင်တဲ့ အမှားမျိုး တစ်ခုခု မှားသွားမှာ စိုးနေခဲ့မှန်း ကျမက သမီး အနေနဲ့ မသိခဲ့ပါ။ ကျမကလည်း အဲဒီအရွယ်မှာ ကိုယ့်ဘာသာ သေချာနေတာက ဘာမှ ဆိုးဆိုးဝါးဝါး မလုပ်ဘူးဆိုတာပေါ့။ ဒီလိုနဲ့ အမေနဲ့ ကျမကြား ပြဿနာတွေအများကြီး ဖြစ်ခဲ့ကြတာ.. အမေ့ကိုများဆို အမြဲတမ်း ရန်လိုလို့...။ အဲဒီ ၁၄ နှစ် ၁၅ နှစ် အရွယ်ပေါ့။ ပြောရရင် ကျမက သမီးအလိမ်မာ မဟုတ်ခဲ့ပါ၊
ခုတော့ ကျမ အလှည့်ရောက်ပြီ။ ခုချိန်မှာတော့ ကျမ တွေးမိတာက သမီးလည်း စိတ်ကစားတဲ့ အရွယ် မှာမို့ မိဘက စနစ်တကျ ထိန်းတတ်ရင် ဘာမှ ဆိုးဆိုးဝါးဝါး ဖြစ်မသွားဘဲ သိပ်မကြာခင် အရွယ် အပြောင်း အလဲကြောင့် သူတို့ချင်း ဝေးလည်း ဝေးသွားနိုင်တာပဲ။ အရေးကြီးတာက သမီးရဲ့ ပညာရေး ဦးတည်ချက် လမ်းကြောင်းလေး ရွေ့မသွားဖို့… ပြောင်းမသွားဖို့။ ဒါကိုပဲ ကျမ တွေးရပါတယ်။ ဒါက ကျမရဲ့ ဆယ်ကျော် သက် အရွယ်ဆီ ပြန်တွေးပြီး ရတဲ့အသိလည်း ဖြစ်ပါတယ်၊ အဲဒီအခါ သမီးကို နားလည်ပေးနိုင် လာပါတယ်၊ သမီးကို ဆွဲဆောင်နိုင်လာပါတယ်၊ ဒီတော့ ခုချိန်မှာလည်း သမီးက ကျမ နဲ့ အနေနီးဆဲ..။ နီးကပ်ဆဲ။ ကျမ စကားကို လိုလိုချင်ချင် လိုက်နာဆဲ။
++++++
ကျမငယ်ဘ၀တုန်းကနဲ့ နောက်ထပ် မတူနိုင်တာက ကျမသမီး ကြီးပြင်း အရွယ် ရောက်ရမှာက ‘အမေရိကန်မ’ အနေနဲ့ ။ အဖေ အမေက နှစ် ၄၀လုံး မြန်မာပြည်မှာ ကြီးပြင်းခဲ့သူတွေ အဖြစ် ဗမာ ပုံစံ တကျ…။ တော်တော်တော့ ကွဲလွဲလှပါတယ်၊ ဒါပေမဲ့ ဒါကို အကောင်းဆုံးဖြစ်အောင် ရင်ဆိုင်ရမှာက ကျမတို့ မိဘတွေရဲ့ တာဝန်သာ ဖြစ်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့က မိဘ တာဝန်ကို ယူ ထားတာမို့လို့ ပါပဲ။ မိဘဆိုတာ သားသမီး စိတ်ချမ်းသာဖို့ နဲ့ အစစ အောင်မြင်အဆင်ပြေ ဖို့ ကိုသာ ဖြည့်ဆည်းပေးရမှာပါ။ ကိုယ့်ခံစားချက်ဆိုတာက နောက်မှာသာ ဖြစ်ရမှာပါ၊ အဲဒီအခါ သမီး ဖေဖေကို ပြောပြရပါတယ် .. ဖျောင်းဖျ ရပါတယ်။
“သမီးက ခုထိ စာ သိပ်တော်တယ်..။ Honor အတန်း မှာကိုပဲ အမြဲ Grade A ရနေတုန်း..။ ဒီအရွယ် စိတ်ကစားတာလည်း ပုံမှန်ပဲလေကွယ်..။ သူ့ကို လမ်း မှား မသွားဘဲ သူလည်း စိတ်ပေါ့ပေါ့ပါးပါးရှိအောင် တချို့နေရာတွေမှာ ထိန်း.. တချို့ နေရာ တွေမှာ မသိ ချင်ယောင်ဆောင် ရမယ်နော်..” ဆိုတာတွေ ပြောရပါတယ်။တဘက်မှာတော့ သမီးကို အမြဲမပြတ် အကဲခတ်စနစ်နဲ့ အလိုလည်းလိုက်ရင်း စည်းကမ်းလည်း ကိုင်ရ ပါတယ်၊ ဆုပေးဒဏ်ပေးလည်း လုပ်ရပါတယ်၊ ‘သမီးက မေမေငယ်ငယ်တုန်းကထက်တောင် လိမ်မာ သေးတယ်’ လို့တောင် ပြောရပါသေးတယ်၊ ပြီးတော့ ကျမ ငယ်ငယ်တုန်းက အကြောင်းတွေ.. အမှား တွေ ကိုလည်း ပြောပြပါတယ်။ သမီး နဲ့ ကျမ ဆယ်ကျော်သက်ပြဿနာအကြောင်း ရိုက်ပြတဲ့ ရုပ်ရှင် တွေ.. ရုပ်မြင်သံကြားက လွှင့်တဲ့ နာမည်ကြီး ပညာပေးစကားဝိုင်းအစီအစဉ်တွေ အတူ ထိုင်ကြည့်ပြီး ဆွေးနွေး ကြရင်း သမီးရဲ့ အယူအဆ ကို လေ့လာ ရပါတယ်။ ဘယ်စကားက အမေ့အကြိုက် လိုက်ပြောတာလဲ.. ဘယ်စကားက ညာပြောတာလဲ.. ဘယ် စကားက အမှန်လဲ.. ဆိုတာတွေ အကဲခတ် ရပါတယ်။
သမီး မူလတန်းအောင်စဉ်က Elementary Graduation မှာ Presidential Award ရပါတယ်။ အဲဒီအတွက်လည်း ဂုဏ်ယူကြောင်းပြောပြရသလို သမီးကို မြင်းကောင်းခွာလိပ် ဖြစ် မသွားဖို့ လည်း ပြောပြ ရပါတယ်။ ဒီတိုင်းပြည်က ကလေးတွေက မေးခွန်းထုတ်ကျင့်ရှိသူတွေမို့ အရာရာကို အကျိုး အကြောင်း နဲ့ ပြောပြ နိုင်မှ လက်ခံပါတယ်။ စာတော်လို့ အောင်မြင်တာ ဘာကြောင့် ကောင်းတယ်.. မအောင်မြင် တာက ဘာကြောင့် မကောင်းသလဲ ဆိုတာတွေ ပြောပြရပါတယ်။ ကံကောင်းချင်တော့ ကျမတို့ ၀န်းကျင် က မြန်မာမိသားစုတွေထဲမှာ ကြိုးစားလို့ အောင်မြင်တဲ့ နမူနာကောင်းတွေ အများကြီး ရှိနေတာ ပါပဲ..။ ပြီးတော့ သမီးရှေ့မှာ သားကြီးက မားမားမတ်မတ် နမူနာဖြစ်နေလေတော့ ကျမ တော်တော် အသက် ရှူချောင်ရပါတယ်။
သေချာတာကတော့ ဒီတိုင်းပြည်က ဆယ်ကျော် သက် တွေဟာ ကျမတို့ဆယ်ကျော်သက် အရွယ် တွေတုန်း ကထက် အရာရာမှာ အများကြီး ပိုသိ.. ပို တတ်နေတာတော့ အမှန်ပါပဲ။ ဒီတော့ အသက် ၁၅နှစ် မပြည့်သေးတဲ့ သမီးကလည်း ကျမ ထင်တာထက် ပိုပြီး နားလည်နေ တတ်ခဲ့ တာ တွေ့ရပါ တယ်။ (ဒီက အလယ်တန်း ကျောင်းသင်ရိုး မှာ မိသားစု ပညာရေး (Family Education) ဆိုတာ လည်း သင်ရ တာကြောင့် ထင်ပါတယ်။) ဒါပေမဲ့ အရေးကြီးတာကတော့ သမီးဟာ သူ့ ဘ၀ ကို သူပဲ ရွေးချယ်ရမှာ.. ရင်ဆိုင်ရမှာ ဆိုတာတွေကို ကောင်းကောင်းသိဖို့ နားလည်ဖို့ပါပဲ..။
အမေတစ်ယောက်အနေနဲ့ ကျမ တွေးမိတာကတော့ .. ကံတရား နဲ့ သမီးရဲ့ ဆင်ခြင်တုံတရားက အား ကောင်း ရင် .. ကျမတို့ သမီးဟာ လှပတဲ့ ဘ၀တစ်ခု ကို အချိန်မှန်မှန် နေရာမှန်မှန်နဲ့ ဖန်တီးနိုင်ပါလိမ့် မယ်၊ ကျမတို့ မိဘ တွေအဖို့ကတော့ သမီးရဲ့ ပညာရေး.. ကျန်းမာရေး.. စားဝတ်နေရေး နဲ့ ဥာဏ် အမြော်အမြင် ရှိဖို့ တွေ ကို အစွမ်းကုန် ပြောဆို.. ပံ့ပိုး… ကူညီ ပေးသွားဖို့သာ တတ်နိုင် ပါတယ်။
နောက်တစ်ခု ကျမ သတိရရမှာက ကျမတို့ရဲ့ အဲဒီ ဆယ်ကျော်သက် အရွယ် ကိုပါ။ ဒါမှပဲ ကျမက သမီးကို ကိုယ်ချင်းစာ နားလည်နိုင်မှာပါ။
မိဘနဲ့ သားသမီးကြားမှာ စာနာ နားလည်မှုနဲ့ ယှဉ်တဲ့ မေတ္တာတရားကသာ အရေးကြီးဆုံးလို့ ကျမက ယုံကြည်ပါတယ်။+++++
ကျမရဲ့ ကျောင်းသား အမေရိကန်တွေက ကျမက အရွယ်ရောက်တဲ့ သား နဲ့ သမီး ရှိတဲ့ အာရှ အမေမို့ စိတ်ဝင်တစားမေးကြပါတယ်..။ ကျမကလေးတွေကို ဗမာလူမျိုးအချင်းချင်းပဲ လက်ထပ်စေချင် သလား တဲ့..။ ကျမက .. ငါ အရိုးသားဆုံးပြောရရင် အဲလို ဘယ်လူမျိုးနဲ့မှ.. ဆိုတဲ့ သဘောထား မရှိတာ အမှန် ပဲ..။ သူတို့ချင်း ချစ်ကြ ကျေနပ်ကြဖို့နဲ့ အတတ်နိုင် ဆုံး အနေအထားမှာ ပြည့်ပြည့်စုံစုံ ပျော်ပျော်ရွှင်ရွှင် ရှိရင် ရပြီ.. လို့ အမြဲ ပြန်ဖြေဖြစ်ပါ တယ်။ အဲဒါလည်း တကယ်ပါ… တပါးတိုင်းပြည်မှာ ရွေးစရာ ရှားတဲ့ အခါ စည်းမျဉ်းဘောင် ထဲ ကျမ သားသမီးတွေကို မကျဉ်းကျပ်စေချင်ပါဘူး..။ လူ ပီပီ သသ.. လူစိတ်ရှိရှိ နဲ့ လူ့တာဝန်ကျေတဲ့ သူမျိုးနဲ့တော့ တွေ့စေချင်တယ်ဆိုတဲ့ သဘောထားပဲ ရှိပါ တယ်။ ဒါကြောင့် ခုချိန် ထိ သားကြီးကိုလည်း ဘယ်လိုလူကို မရွေးနဲ့ .. ဘယ်လိုလူမှ သဘောတူနိုင် မယ် ဆိုတာတွေ တခါမှ မပြောဖူး သလို ကျောင်းတက်တာတောင်မှ ဒါကို မရ အရ လုပ်ရမယ်လို့ တခါမှ မပြောခဲ့ဖူးပါ။ လုပ်သင့် တဲ့ လမ်းကြောင်း ချပြရုံသာ လုပ်ဖြစ်ခဲ့ပါတယ်။
တကယ်တော့လည်း မိဘဆိုတာက လမ်းပြ.. နမူနာပြရုံသာ လုပ်သင့်တာပါ။ အမိန့်ပေး ခိုင်းစေတာမျိုး ကိုတော့ ကျမကိုယ်တိုင် မကြိုက်တာမို့ ဘယ်သူ့ကိုမှလည်း ကိုယ်မကြိုက် တာကို မပေးချင်ပါ။
+++++
ကျမတို့ မိသားစု အမေရိကကို ပြောင်းတော့မယ်ဆိုတော့ ဇင်းမယ်က သူငယ်ချင်းတချို့က စသလို နောက် သလိုနဲ့ သတိပေးပါတယ်။ သမီးမွေးထားတာ သတိထားနော်.. ‘အမည်း’ နောက် ပါသွား မယ် တဲ့။ ကျမ ကတော့ ပြုံးနေလိုက်ပါတယ်..။ ကိုယ့်ဗမာချင်း အိမ်ထောင်ပြု ပြီး စိတ်ဆင်းရဲနေမလား.. လူမျိုးခြား နဲ့ ယူပြီး စိတ်ချမ်းသာနေမလား…။ ဘယ်လိုမှ မသေချာနိုင်တာတွေ..။ ဒီတော့ အတတ်နိုင် ဆုံး အကောင်း ဆုံးဖြစ်အောင် ကြိုးစား တည်ဆောက်ကြရုံ ကလွဲလို့ ကျမတို့က ဘာကိုများ တတ်နိုင် မှာပါလဲ..။ ကိုယ့်ကိုယ် ကို တွေတောင် မပိုင်တဲ့ ဒီလူ့ဘ၀ထဲ…။
တလောကမှ ကွယ်လွန်သွားခဲ့တဲ့ ကဗျာဆရာ.. စာရေး ဆရာမ အနုပညာရှင် ‘မာယာအင်ဂျလို’ က ပြောပြခဲ့ တယ်.. ဘ၀ဆိုတာ ဖြတ်သန်း ရယူနိုင်ရင် သင်ခန်းစာယူဖို့ အကောင်းဆုံးကျောင်း.. တဲ့။
အဲလိုပဲ ကျမရဲ့ ကိုယ်ပိုင်အတွေ့အကြုံက သင်ပေးခဲ့တာက ဘယ်အရာကမှ အဆိုးဆုံး မဟုတ်သေး ဘူး ဆိုတာ နဲ့ လဲကျ ပြီးရင် ရအောင် ပြန်ထ ဖို့ …။
တရုတ် စာရေးဆရာကြီး လူရွှန့် ကတော့ အိမ်ထောင်ဖက် ကောင်း ရရင် စိတ်ချမ်းသာရမယ်.. အိမ်ထောင်ဖက် ဆိုးဆိုးရရင်တော့ အတွေးအခေါ်ပညာရှင် (အနုပညာရှင်) ဖြစ်နိုင်တယ် တဲ့။
အဲဒီအခါ ကျမ သားသမီးတွေကို ပြောပြဖို့ တစ်ခုတည်းပဲ ရှိပါတော့တယ်..။
အမြဲတမ်း... အကောင်း အဆိုး အရှုံးအနိုင် တွဲနေတဲ့ လူ့ဘ၀ထဲမှာ အကောင်းကို ကြုံရတဲ့အခါ အဲဒီအကောင်းလေးကို မြဲနိုင်သမျှ မြဲအောင် ကြိုးစားဖို့နဲ့ … အရှုံးကို ကြုံတဲ့အခါမှာလည်း အရှုံးထဲကနေ အမြတ်တခုခု ရအောင် ပြန်ယူတတ်ဖို့သာ ကြိုးစားကြရလိမ့်မယ်… ဆိုတာကိုပေါ့၊++++++
3 comments:
အမရေးထားတာ သိပ်သဘောကျတယ်... သားသမီးတွေကို စာနာ နားလည်မှုရှိတာ အရာရာမှာ အကျိုးသင့် အကြောင်းသင့် မျှမျှတတ ကိုင်တွယ်တာကို ကြိုက်တယ်.. အခုက မျက်စိရှေ့မှာ ကီယားစူး (Kia Su - afraid to lose) နေတဲ့ မြန်မာမိဘတွေပဲ တွေ့တွေ့နေရတယ်.. သူတို့တွေအစား၊ သူတို့ကလေးတွေအစား အတော်လေး စိတ်မသက်မသာ ဖြစ်ရတယ်။ ကိုယ်တိုင်က မြန်မာမိဘ မှန်ပါတယ် ဒါပေမဲ့ ကလေးတွေက သူတို့ ကြီးပြင်း ရှင်သန်နေတဲ့ အသိုင်းအ၀ိုင်းကို လိုက်လို့ အဆင်ပြေပြေဖြစ်အောင် ထိန်းကျောင်း ပဲ့ပြင်ပေးရမှာ မိဘတွေ တာဝန်မဟုတ်လား.. နေရာတကာ အတင်း မြန်မာဆန်ချင်နေလို့ မှ မရတာလေ... အမနောက်ထပ်ရေးမဲ့စာတွေ မျှော်နေမယ်နော်... <3
အမရေးထားတာ သိပ်သဘောကျတယ်... သားသမီးတွေကို စာနာ နားလည်မှုရှိတာ အရာရာမှာ အကျိုးသင့် အကြောင်းသင့် မျှမျှတတ ကိုင်တွယ်တာကို ကြိုက်တယ်.. အခုက မျက်စိရှေ့မှာ ကီယားစူး (Kia Su - afraid to lose) နေတဲ့ မြန်မာမိဘတွေပဲ တွေ့တွေ့နေရတယ်.. သူတို့တွေအစား၊ သူတို့ကလေးတွေအစား အတော်လေး စိတ်မသက်မသာ ဖြစ်ရတယ်။ ကိုယ်တိုင်က မြန်မာမိဘ မှန်ပါတယ် ဒါပေမဲ့ ကလေးတွေက သူတို့ ကြီးပြင်း ရှင်သန်နေတဲ့ အသိုင်းအ၀ိုင်းကို လိုက်လို့ အဆင်ပြေပြေဖြစ်အောင် ထိန်းကျောင်း ပဲ့ပြင်ပေးရမှာ မိဘတွေ တာဝန်မဟုတ်လား.. နေရာတကာ အတင်း မြန်မာဆန်ချင်နေလို့ မှ မရတာလေ... အမနောက်ထပ်ရေးမဲ့စာတွေ မျှော်နေမယ်နော်... <3
သိပ်ကောင်းတဲ့ စာစုလေး အမရေ...၊
သင့်တင့်မျှတတဲ့ စိတ်ထားနဲ့ သားသမီးကို လမ်းပြရင်း တဖက်ကလည်း သူတို့လေးတွေကို နားလည်ပေးဖို့ ဆိုတာ ကျနော်တို့ မိဘတွေရဲ့ ဝတ္တရားပါပဲ၊ ဖေ့စ်ဘွတ်ခ်မှာ မဖတ်ဖြစ်တာမို့ အခုလို ဒီမှာပြန်တင်ပေးတာ ကျေးဇူးပါဗျာ၊ အပိုင်း-၂ ကိုလည်း စောင့်မျှော်လျက်...။
Post a Comment