မနေ့က ကျမ သားသမီးတွေရဲ့ အခြေနေနဲ့ ဆက်စပ်ပြီး အမေရိကမှာ ပညာသင်တဲ့ပုံစံ တစိတ်တပိုင်းလေးကို ရေးခဲ့ပါ တယ်။ အဲဒီစာကိုဖတ်ပြီး ပီတိဖြစ်တဲ့ ညီမတစ်ယောက် က ကျမကို လှမ်းပြောပါတယ်.. ကျမ သားသမီးတွေအတွက် ၀မ်းသာကြောင်း နဲ့ မြန်မာပြည်က ကံမကောင်းရှာကြတဲ့ ကလေးတွေ လူငယ်တွေအတွက် ၀မ်းနည်း စိတ်ထိခိုက်လို့ ခဏခဏ မျက်ရည်ကျရကြောင်း..။ သူ နဲ့ ကျမက အတော် ခံစားချက်တူပါတယ်..။ မတူတာက သူက ပြည်ပနိုင်ငံကြီး တစ်ခုမှာ နေခွင့်ရတာတောင် ကိုယ့်နိုင်ငံမှာပဲ နေမှာလို့ ရွေးခဲ့သူပါ..။ ကျမ သူ့ကို ပြောဖူးပါတယ်..။ အစ်မကတော့ ညီမလို မလုပ်နိုင်ဘူးကွယ်.. ညီမလေးကို တကယ် ချီးကျူးပါတယ်.. သားလေးပညာရေး အဆင်ပြေရင်တော့ ကိုယ့်နိုင်ငံမှာ နေနိုင်တာ ကောင်းပါတယ်… လို့။
တကယ်လည်း အခြေအနေတိုင်းမှာ အယူအဆတွေ အမြင်တွေ ခံယူချက်တွေက အမျိုးမျိုး ရှိနိုင်ပါတယ်။ ပြီးတော့ အမြဲတမ်း အမှန်အမှား နှစ်မျိုးတည်း ရှိတာ မဟုတ်တဲ့အတွက် အယူအဆတိုင်းဟာလည်း သူ့ရှုထောင့် နဲ့ သူ မှန်နေတတ် ကြပါတယ်။
ကျမ က အပေါင်းအသင်း အလွန်များပြီး ကျမဘ၀ ပုံစံ နဲ့ ကျမရဲ့ နေထိုင်မှုပုံစံကလည်း သူများနဲ့ သိပ်မတူတာကြောင့် (ပြောရရင် မြန်မာအမြင်နဲ့ တော်တော် သဟဇာတ မဖြစ်တာကြောင့်) ကျမ သားသမီးတွေနဲ့ ပတ်သက်ရင် ကျမ အပေါင်းအသင်း တွေက ပူပန်ကြ ပါတယ်။ ဒါကြောင့် ကျမ သားသမီးတွေရဲ့ ပညာရေးအကြောင်း မကြာခဏ မေးလေ့ရှိ ပါတယ်။ ကျမ ပြည်ပကို ထွက်လာကတည်းက သားသမီးပညာရေးအတွက်လို့ ပြောပြီး ထွက်လာခဲ့တာကြောင့် လည်း သူတို့က သိချင်ကြတာ ပါပါတယ်။ ပြီးတော့ ကျမက ပညာရေးနယ်ထဲ အစဉ်တစိုက် နေလာပြီး ပညာရေးအကြောင်းတွေ ရေးလေ့ ရှိသူမို့ အမေရီကန် ပညာရေးအကြောင်း ရေးပါလို့ တိုက်တွန်းကြပါတယ်။ ဒါကြောင့်ပဲ တနေ့တော့ ရေးပါဦးမယ် လို့ ပြောခဲ့ပါတယ်။ ကျမ သူငယ်ချင်းတွေ သိချင်တဲ့အထဲမှာ DV (Diversity Visa Lottery) အကြောင်းလည်း ပါပါတယ်။ ကိုရာကျော် DV ပေါက်လို့ ကျမတို့ အမေရီက ရောက်တာမို့ ကျမ အဲဒီ Program အကြောင်းလည်း ရေးပါဦးမယ်)
ပြောရရင် အမေရီကန် ပညာရေးအကြောင်း ကျမ တော်တော် မသိပါဘူး..။ အမေရိကန်မှာက ပြည်နယ်အလိုက် မူဝါဒတွေ ကွဲ.. သင်ရိုးတွေ.. ပြဋ္ဌာန်းစာတွေ ကွဲတာကြောင့် တခုခု ကို သတ်မှတ်ပြီး ရေးပြဖို့ ခက်ပါတယ်။ ပြီးတော့ အမေရီကန် ကျောင်းတိုင်းလည်း ကောင်းတာမဟုတ်ပါဘူး။ ဒါကြောင့် ကိုယ်သိတဲ့ ကိုယ့်သားသမီးတွေရဲ့ ပညာရေးအကြောင်းပြောရင်း တစိတ်တပိုင်းလောက်ကိုပဲ ထိ တို့ ပြနိုင်တာပါ။ ပြီးတော့ ကျမ သား သမီးတွေ နေတဲ့ ကျောင်းကလည်း သိပ် အကောင်းစား ကျောင်းကြီး မဟုတ်ပါဘူး..။ ဒါပေမဲ့ ကျမတို့ လူလတ်တန်းစား တွေအတွက်တော့ သူ့အိုး နဲ့ သူ့ဆန် တန်တဲ့ အနေအထားပေါ့။ ဒါပေမဲ့ ကျမအတွက်တော့ မြန်မာနိုင်ငံမှာ ပညာရေးစနစ်ကို သည်းမခံနိုင်တော့လွန်းလို့ ပြည်ပ ထွက် လာသူမို့ ဒီလောက်ကလေးရတာကိုပဲ ရလှပြီလို့ အောက်မေ့ပါတယ်။
ကျမ မြန်မာပြည်မှာတုန်းက တက္ကသိုလ် ကထိက ဘ၀ မှာ .. အိမ်ထောင်ဦးစီးက နိုင်ငံခြားထွက် အလုပ်လုပ်တာတောင် သားသမီးတွေ နဲ့ နေရေး စားရေး ပညာရေး ဘယ်လောက် ပူပန် ဆင်းရဲခဲ့ရသလဲ..။ အဆင်းရဲခံပြီး နှစ် ၂၀ နီးပါး ဆရာမ ဘ၀ ရုန်းလုပ်ခဲ့တဲ့ အကျိုး အမြတ် က ဘာလဲ…။ ကျမ ခဏခဏ ရေးဖူးပါတယ်..။ ဆရာ ဆရာမတွေက အဆင်းရဲခံ ပြီး ပညာရေးအတွက် အလုပ်လုပ်လို့ သိပ်တော်တဲ့ ကျောင်းသူ ကျောင်းသားတွေ မွေးထုတ်နိုင်သလား..၊ ဒါမှမဟုတ် အနည်းဆုံး ကိုယ့်သားသမီးတွေ ဆရာ ဆရာမ သားသမီးမို့လို့ မပူမပင်နဲ့ ပညာသင်နိုင်သလား….။ ကျမတို့ ဘ၀တွေ သိပ်ဆိုးခဲ့ပါတယ်..။ ပစ္စပ္ပန် ဆိုးတာဟာ အတိတ်ဆိုးတာ.. အနာဂတ်ဆိုးတာပဲမို့လို့ အဲဒီတုန်းက ပစ္စပ္ပန် ကို ကျမ မခံစား နိုင်ခဲ့ပါဘူး။
ကျမ ကလေးပညာရေးအတွက် အပြင်ထွက်တော့မယ်ဆိုတော့ ကျမ အင်မတန် ချစ်ခင် လေးစားတဲ့ နာမည်ကျော် ကာတွန်းဆရာတစ်ယောက်က ပြောပါတယ်..။ “ကျနော်တော့ မထွက်ဘူး.. ကျနော့် သားသမီးလည်း ကိုယ့်တိုင်းပြည်က တခြား ကလေးတွေ နဲ့ တူတူ ရင်ဆိုင်ရမှာပဲ .. ကျနော်တို့က ဒီတိုင်းပြည်ကကိုး.. “တဲ့။ ကျမ သူ့ရှေ့မှာ မျက်ရည်ကျခဲ့ ပါတယ်။ ပြီးတော့ သူ့ကို ပြောခဲ့ပါတယ်..။ ကျမ ကတော့ မိဘတွေက ကြိုးစားပေးပါလျက်နဲ့ .. ကလေးတွေကလည်း တော်ပါလျက် နဲ့ ခေတ်စနစ်ကြောင့်.. မညီမျှတဲ့ အခွင့်အရေးတွေကြောင့် မနစ်မွန်းသင့်ဘဲ နစ်မွန်းပြီး အခွင့်အရေးတွေ ဆုံးရှုံးနေရတဲ့ ဘ၀မျိုးထဲမှာ ကျမ သားသမီးတွေကို မထားနိုင်တော့ဘူး .. ကျမ မှာ အချိန် သိပ် မရှိတော့ဘူး လို့ သူ့ကို ပြန်ပြော ခဲ့ပါတယ်။” ကျမ တက္ကသိုလ်ဆရာမ ၁၉ နှစ် လုပ်ခဲ့တာမှာ လူငယ်တွေ မညံ့တာ .. စနစ်ကြောင့် ပျက်စီးရတာ.. စနစ် ဘယ်လောက် ဆိုးတယ်ဆိုတာတွေ ကောင်းကောင်း သိခဲ့တာကြောင့်လည်း ကျမလို ပါချီပါချဲ့ ကျောင်းဆရာမတစ်ယောက် က ဒါကို ပြောင်းအောင် ဘာမှ မလုပ်နိုင်ဘူး ဆိုတာ ကိုလည်း ကောင်းကောင်း သိခဲ့ပါတယ်။ အရာရာ ပိုက်ဆံ ကသာ ဦးဆောင်ဖြေရှင်းသွားတဲ့ လောကမှာ ကျမ ဘာမှ မဖြေရှင်းနိုင်တာ သေချာခဲ့ပါတယ်။ ကျမ အဓိက ပြောချင်တာ အဲဒါပါပဲ။
ခု အမေရိကားမှာ ကျမတို့က အလုပ်လက်မဲ့.. လစာနည်း အခြေခံ လူတန်းစားထက် နည်းနည်းလေးပဲ ပိုသာတဲ့ ဘ၀မှာ ကျမ သားသမီးတွေဟာ ကြိုးစားမှု တစ်ခုတည်းနဲ့ အရာရောက်နိုင်တယ် .. လူ့ဘ၀မှာ ကိုယ်လုပ်ရင် ရတယ်.. ဆိုတဲ့ အသိ နဲ့ ခံစားချက်နဲ့ ကြီးပြင်းရတယ်..။ ကိုယ် ညံ့ရင် ခံရမှာပဲ ဆိုတာကို သိခွင့်ရတယ်။ ကျမ မျှော်လင့်တာ.. ကျမ တတ်နိုင် တာက ဒီလောက်ပဲ မို့ ဒါက ကျမတို့အတွက် လုံလောက်ပြီ..။ အမေရိကမှာလည်း ငွေကြေး တတ်နိုင်ရင် တတ်နိုင် သလောက် ပိုကောင်းတဲ့ ပညာရေး.. ပိုအဆင့်မြင့်တဲ့ ပညာရေး .. ပိုကောင်းတဲ့ ကျောင်းတွေ တက်နိုင်တာပေါ့..။ အဲလို ကွဲပြားမှု ရှိတာပေါ့..။ ဒါပေမဲ့ ကြိုးစားသူတွေအတွက် အခွင့်အရေးဆိုတာလည်း ရှိနေပါတယ်။ ကျမ မြန်မာပြည်မှာ နေ တုန်း က ကျမက တက္ကသိုလ်က ကထိက ဆရာမ ဖြစ်နေတာတောင် ပိုက်ဆံ မချမ်းသာတာကြောင့် ကျမသားကြီးဟာ TTC ကျောင်းမှာ ဆရာမ တချို့ နဲ့ အတန်းဖော် သူငယ်ချင်းတချို့ ရဲ့ ခွဲခြားဆက်ဆံမှုကို ခံခဲ့ရပါတယ်။ ဒါတွေဟာ စနစ် ပြဿနာပါ…။ အမေရိကားမှာကတော့ ခွဲခြားဆက်ဆံမှု (Discrimination) လို့ သေချာရင်ကို သိသိသာသာ အရေးယူ ခံရ မယ့် စနစ်မျိုး ရှိပါတယ်။
ဒါကြောင့်ပဲ ဆရာ မိဘ အစည်းအဝေးရှိရင်တောင် မှန်မှန် မတက်နိုင်တဲ့.. အစည်းအဝေးမှာ ဝေဖန် အကြံပေးတာတောင် သေချာ မလုပ်နိုင်တဲ့ ကျမတို့လို မိဘမျိုးတွေရဲ့ သားသမီးတွေဟာ သူတို့ ကြိုးစားမှု နဲ့ ရပ်တည် အောင်မြင်နိုင်ကြတာပါ..။ ကျမ ကလေး တွေရဲ့ အောင်မြင်မှုဆိုတာက အမေရိကရောက် ကြိုးစားတဲ့ ပညာတတ် မြန်မာ မိသားစု ၉၀% မှာ ရှိတဲ့ အောင်မြင်မှုပါ။ မြန်မာပြည် ကနေ စောစောရောက်လာပြီး ပညာရေးကို ဆက်လုပ်လို့ ဒီမှာ ဘွဲ့ရပြီး အဆင့်မြင့်ရာထူးတွေ လစာ ကောင်းကောင်းတွေ ရနေကြတဲ့ မြန်မာမိသားစုတွေလည်း ကျမ ပတ်ဝန်းကျင် မှာ အများကြီး ရှိပါသေးတယ်..။ အဲဒီ မိသားစုတွေက ကလေးတွေဆိုရင် အခြေခံ အထက်တန်းပညာရေး အဆင့်မှာတောင် ကျောင်း ကောင်းကောင်း နေခွင့်ရပြီး အဆင့်မြင့် ပညာရေး တွေ ချဲ့ထွင်နိုင်ကြလို့ ဘယ်လောက်တော်ကြ.. ဘယ်လောက် ထူးချွန်ကြ.. ဘယ်လောက် အောင်မြင်ကြတယ်ဆိုတာ .. ကျမတောင် ရေးမပြတတ်ပါဘူး..။ သူတို့ရဲ့ ပညာရေးရလဒ် တွေက ခက်ခဲနက်နဲပြီး ကျမအတွက်တော့ ရှုပ်လည်း ရှုပ်ထွေး လို့ပါ..။ ခု ဒါတွေကို ရေးပြနေတာကလည်း ပညာရေးစနစ်က ဘယ်လောက် အရေးပါတယ်ဆိုတာကို ပေါ်လွင်စေချင် လို့ ပါပဲ။
နောက် အဓိက ကျတာ တစ်ခုကတော့ သူတို့ ပညာတော်တာ ဘာအတွက်လဲ ဆိုတဲ့ ရည်ရွယ်ချက်ပါပဲ။
အမေရိကရောက် မြန်မာမိသားစု အများစုဟာ အမေရိကမှာ နေပေမဲ့ မြန်မာပြည်အရေးကိုပဲ စိတ်ထဲ ထားကြပါတယ်..။ ဒါကြောင့် ကျမတို့ မကြာခဏ ပြောဖြစ်ကြတာက အမေရိကန်အစိုးရအတွက် တော်တော် မတရားဘူးနော်.. လို့ ရယ်စရာ လို ပြောဖြစ်ကြပါတယ်။ ကျမတို့က သူတို့နိုင်ငံမှာ နေပြီး.. သူတို့ ပေးသမျှ အခွင့်အရေးတွေကို တန်းတူ ခံစားပြီး သားသမီး တွေ ပညာတတ်တဲ့အခါ ကိုယ့်တိုင်းပြည်က အခွင့်အရေးပေးရင် (ကိုယ့်တိုင်းပြည်က လက်ခံ ကြိုဆို ရင်) ကိုယ့် တိုင်းပြည်မှာ ပြန်အလုပ်လုပ်ရမယ်.. ဆိုတဲ့ ရည်ရွယ်ချက်က အမေရီကရောက် ပညာတတ် မြန်မာမိဘ ၈၀% လောက် မှာ ရှိပါတယ်။ အများစုက တက္ကသိုလ်မှာ ဘာသာရပ်ရွေးရင်တောင် မြန်မာပြည်မှာ ဒီဘာသာနဲ့ ဘာလုပ်နိုင်မလဲ ဆိုတာကို ထည့်စဉ်းစားကြပါတယ်..။ ကျမထင်ပါတယ်.. မြန်မာပြည်တကယ်လင်းပွင့်တဲ့အခါ… မြန်မာနွယ်ဖွား အမေရိကန် လူငယ် တွေ အများကြီး မြန်မာပြည် ပြန်လည် ထူထောင်တည်ဆောက်ရေးအတွက် ပြန်လာ အလုပ်လုပ်ကြမှာပါ..။ မြန်မာပြည်က တကယ်တမ်း နွေးနွေးထွေးထွေး လက်ခံကြိုဆိုဖို့တော့ လိုတာပေါ့လေ..။
ကျမ .. ကိုယ့်တိုင်းပြည်ကို စွန့်ခဲ့တယ်ဆိုတဲ့ ခံစားချက်က တဘက် .. ကမ္ဘာမီးလောင် သားကောင်ချနင်းဆိုတဲ့ စကားပုံကို ဖျက်ချင်တယ်ဆိုတဲ့ ခံစားချက်က တဘက် နဲ့ ရေးဖြစ်ခဲ့တဲ့ ကဗျာတစ်ပုဒ် ရှိပါတယ်..။ ဖတ်ဖူးပြီးသား ဖြစ်မှာပါ…
ကြောင်
ကိုယ့်ချောင်ထောင့်ကွေးလေးထဲ
မီးအိမ်လေးထွန်းပေးမလို့..တဲ့…။
ဒါပေမဲ့ မိုးလေကြမ်းလွန်း..
မီးဇာကုန် ဆီခမ်းလွန်း…
တခါတခါကျတော့လည်း လေလုံငြိမ်သက်လွန်းသတဲ့..။
ဒါနဲ့ပဲ.. ငြိမ်ငြိမ်လေး ကုပ်ကွေးနေရ..
ဒီချောင်ကိုလည်း မခွာရက်နိုင်ဘူးတဲ့လေ.. သူက။
ကျမကတော့ အမှောင်ကြောက်သူ..။
ဒါပေမဲ့ အမှောင်ထုထဲမှာပါပဲ
ခြေသံလုံအောင် တိုးဖွဖွလှမ်းနေရ..
လက်သည်းချွန်မြတွေကိုတော့
မသိမသာ ကုပ်သွေးထားမိပါတယ်..
ဒီလိုနဲ့ပဲ
မိုးလေကြမ်းကို ခုခံရဲခဲ့…
မှောင်ထဲမှာ မျက်လုံးတွေ လက်ပသူ ကျမက
ချောင်ထဲက အပူကိုတော့ မုန်းတယ်..။
အဲဒီအခါ...
အပူချောင်ကို စွန့်ခွာ
မှောင်တ၀က်အလင်းမှာ ပျော်သယောင်။
(၀၉-၁၄-၁၀)