Feb 16, 2015

ကျမ နဲ့ မြန်မာစာ (၁)


ကျမက မြန်မာစာရေးရာ အာဏာပိုင် မဟုတ်သလို မြန်မာစာကျွမ်းကျင်သူကြီးလည်း မဟုတ်ပါ။ အဲလိုပဲ မြန်မာနိုင်ငံမှာ မြန်မာစာ ကထိက ဘ၀နဲ့ နေခဲ့တုန်းကလည်း ထူးချွန်ကျော်ကြား မြန်မာစာဆရာများ ထဲမှာ မပါပါ။ စာလေးပေလေး မတောက်တခေါက်စရေး.. မဂ္ဂဇင်းတွေ တပျော်တပါးပို့ကြည့်ရင်း အယ်ဒီတာ များ(အထူးသဖြင့် ဦးဝင်းငြိမ်း နဲ့ ကိုမျိုးမြင့်ငြိမ်း) တို့က ကျမ စာမူတွေကို တကယ် ဖတ်ပြီး တောက်လျှောက် ရွေးခဲ့ကြလို့သာ ‘မေငြိမ်း’ ရယ်လို့ ဖြစ်လာတာမို့ ခု မြန်မာစာသတ်ပုံနဲ့ ၀ါကျအထားအသိုအမှားတွေအကြောင်း ပြောရာမှာ မြန်မာစာကို ချစ်လို့ တစိုက်မတ်မတ် ကြိုးစား မွမ်းမံထိန်းသိမ်းလာတဲ့ .. ပြီးတော့ တသက်လုံး မြန်မာစာ နဲ့ပဲ အသက်မွေးဝမ်းကျောင်းခဲ့.. ထမင်းစား ခဲ့တဲ့ မြန်မာစာသမားတစ်ယောက် အနေနဲ့ပဲ ပြောမှာ ဖြစ်ပါတယ်။
 
တကယ်တော့ မြန်မာစာ သတ်ပုံမှာ ကျမကိုယ်တိုင် လက်မခံချင်တဲ့ စာလုံးပေါင်းတွေလည်း ရှိတာပါပဲ။ ဥပမာ.. ကျွန်မ ၊ ကျွန်တော် ဆိုတာကို ကျမ လုံးဝ လက်မခံချင်တာမို့ ကျမ .. ကျနော်.. လို့ အဓိပ္ပါယ် တခြား အထူး မရှိတဲ့ .. နာမ်စားမျိုးအနေနဲ့ပဲ သုံးချင်ပါတယ်..။ 

 ပြီးတော့ အရပ်မျက်နှာတို့ Side တို့ကို ဘက် လို့ ရေးပြီး 2 sides ဘက် နှစ် ဘက် ကျတော့ နှစ်ဖက် လို့ရေးရမယ်.. ကိန်းဂဏန်းရဲ့ နောက်မှာ ရှိလို့ဆိုတာမျိုး သတ်မှတ်တာကို မကြိုက်ပါဘူး။ အဆိုးဆုံးက တခု တကောင် ကို တစ်လို့ ပြင်တာမျိုး.. မလိုအပ်ဘူးလို့ထင်ပါတယ်။ (ဦးနေ၀င်းပြင်လို့ မကြိုက်ဘူး ဆိုတာမျိုး မဟုတ်ပါဘူး။ အဓိပ္ပါယ် မရှိလို့ပါ)။

 ဂဏန်းအရေအတွက်ကို ပြောချင်လို့ ပန်းတစ်ပွင့်.. ရေတစ်ခွက်.. အုပ်စု တစ်စု ဆိုတာမျိုးကို ကျမ လက်ခံနိုင်ပါသေးတယ်။ တစ်မနက်တို့ တစ်ညနေတို့ကျတော့ မလိုအပ်ဘဲ သုံးတယ်လို့ ထင်ပါတယ်။ အဆိုးဆုံးက တစ်ဖက်သတ်.. တစ်သဝေမတိမ်း.. တစ်စုံတစ်ရာ.. တစ်ရှိန်ထိုး.. ဆိုတဲ့စကားလုံးမျိုးတွေဆို ကျမ အတော်ကို စိတ်ပျက်တာပါ။ ကျမစဉ်းစားတာက တဘက်တည်း က ခံစားတာမို့ တဘက်သတ် သာ ဖြစ်သင့်တယ်.. ပြီးတော့ နှစ်သဝေမတိမ်း သုံးသဝေမတိမ်းမှ မရှိဘဲ.. ဘာလို့ တစ်ရတာလဲ.. ဆိုပြီး..။ တော်တော်ကို စိတ်ပျက်တာပါ။

ပြီးတော့ ‘သူမ’ .. အသုံးကိစ္စ… ။ ကျမ အင်မတန်ချစ်ကြည်ညိုတဲ့ ဆရာအေး (မောင်ခင်မင်-ဓနုဖြူ) နဲ့တောင် ပြောဖူးပါတယ်။ ၀တ္ထုမှာဖြစ်ဖြစ် .. ဘယ်မှာဖြစ်ဖြစ် အမျိုးသား အမျိုးသမီး ဇာတ်ဆောင် နှစ်ယောက်ကို အလွယ်တကူ ခွဲသိအောင်.. 3rd Person နေရာက ရေးရင်တော့ သူမ လို့ သုံးတာ ကျမက ကြိုက်တယ်လို့။ (ဆရာအေးကတော့ ‘သူမ’ အသုံးကို သိပ် သဘောမတွေ့ပါဘူး)
ဥပမာ.. နှင်းတွေကြားမှာ သူ လမ်းလျှောက်လာနေတာကို သူမ လှမ်းမြင်သည်.. ဆိုတာမျိုးက အဆင်ပြေ တယ်.. ပိုရှင်းလင်းတယ်လို့ မြင်ပါတယ်..။ ဒီနေရာမှာ ဇာတ်ဆောင်နာမည် ထည့်သုံးရင် ရတယ်ဆိုပေမဲ့ တခါတလေမှာ နာမ်စားအသုံးက ပိုလိုက်ဖက်တာမျိုး ရှိပါတယ်။ ဒါပေမဲ့ ကျမလည်း ဒေါ်အောင်ဆန်းစုကြည် အကြောင်းပြောနေတဲ့ သတင်းထဲ နောက်ထပ် ရည်ညွှန်းစရာ တစ်ယောက်မှ မပါတဲ့ နေရာမှာ သူမ.. လို့ ပြန်ပြန်ညွှန်းတာမျိုးကို မကြိုက်ပါဘူး။ ခုနောက်ပိုင်း သတင်းအများစုမှာ အဲလို ရေးကြပါတယ်။ 

ဒါပေမဲ့ စာပေ စကားသုံးရဲ့ ရွေ့လျားပြောင်းလဲမှု ၊ ဆန်းသစ်နေမှု သဘာဝအရ ကျမက လက်ခံနိုင်ပါတယ်။ ကျမတို့ တသက်လုံး အဓိပ္ပါယ် ခပ်ရိုးရိုးနဲ့ တင်စားပြောလာတဲ့ သမင်လည်ပြန် ကို ခြင်္သေ့လည်ပြန်လို့ အဓိပ္ပါယ် ပို လေးလေးနက်နက် နဲ့ ဆရာခမ်းလိတ်က ရေးလိုက်တော့ ကျမတို့ လှိုက်လှိုက်လှဲလှဲ လက်ခံခဲ့ကြတာပဲ။ ဒါက စကားအသုံးအနှုန်းကိစ္စပါ။ စာလုံးပေါင်း ကိစ္စ .. သဒ္ဒါအထားအသို ကိစ္စ မဟုတ်သေးပါဘူး။

များသောအားဖြင့် မြန်မာစကားလုံးတွေရဲ့ စာလုံးပေါင်းက အဓိပ္ပါယ်တွေနဲ့ ဆက်စပ်နေပါတယ်။ ဥပမာ - ရည်းစား ဆိုတဲ့ စကားလုံးဆိုရင် ရည်-ရည်း (ရည်ညွှန်းခြင်း၊ ရည်ရွယ်ခြင်း)၊ စား (အထူးတလည်)။ ဒါကြောင့် အထူးတလည် ရည်ရွယ်ထားသူကို ရည်းစားလို့ ခေါ်တာမျိုးပါ။ တကယ်လို့ တလုံးချင်း အဓိပ္ပါယ် အထူး မရှိရင်တော့လည်း စာလုံးပေါင်းအမှားက ရုပ်မဆိုးရင် ပြောမနေချင်တော့ပါဘူး။ ဥပမာ- ခြွင်းချက် ကို ချွင်းချက်လို့ပေါင်းတာကို အဓိပ္ပါယ် လွဲနိုင်စရာ သိပ်မရှိတာကြောင့် ပြောမနေချင်တော့ပါဘူး။ ဒါပေမဲ့ ကြိုးစား (အထူးကြိုးပမ်းခြင်း) ဆိုတဲ့ အဓိပ္ပါယ်ကို ကျိုးစား(အထူးကျိုးပဲ့ခြင်း) နဲ့ မှားနိုင်ရင်တော့ ဂရုစိုက် စေချင်တာပါပဲ။ (ခက်တာကို ကျိုးတာပဲ့တာကို ဘယ်လိုပေါင်းမှန်းတောင် မသိကြတော့လည်း.. အားလုံးကောင်းပါသည် ခင်ဗျား .. လို့သာ အော်ချင်ပါတော့တယ်)။

နေ့ရဲ့ အလယ်ခေါင်မို့ နေ့လယ် ခေါ်ပါတယ်။ နေ့လည် .. ဆိုရင်တော့ နေ့မှာ အလည်အပတ်သွားတာလား လို့ အဓိပ္ပါယ်ဖြစ်မှာလို့ သေချာ ရှင်းပြလည်း မှားသူတွေကတော့ ခပ်တည်တည်ပါပဲ။ စကားအဆက်အစပ်နဲ့ လူတိုင်းသိတယ်လို့ ပြန်ပြောပါသေးတယ်။ 

နောက်တစ်ခု.. ပညာတတ် ကို ပညာတက် .. လို့ ရေးကြတာ။ ပညာကို တတ်မြောက်လို့ ပညာတတ်လေ.. တက် ဆိုတာက အပေါ်ကို တက်တာ.. ။ မှားစရာ မရှိဘူးလို့ ရှင်းပြတာကိုတောင် နားမလည်ဘူးဆိုတဲ့ သတင်းထောက်မျိုးနဲ့လည်း ကြုံဖူးပါတယ်။

လဲ နဲ့ လည်း ကိစ္စလည်း အဲလိုပါပဲ။ လဲ .. ကို မေးခွန်း နဲ့ ချော်လဲ တာမှာပဲ သုံးတယ်။ လည်း.. ကျတော့ သူလည်းပဲ ငါလည်းပဲ.. လို့ အတူတူဖြစ်တဲ့ သဘောတွေမှာ သုံးတယ်လို့ ရှင်းပြလည်း မသိကြဆဲပါ။ (ကျမကျောင်းသား အမေရိကန်တွေတောင် မမှားတော့ပါဘူး) 

ပြဿနာက ကိုယ့်စာရဲ့ အဓိပ္ပါယ်ကိုတောင် ပြန်မစစ်တာပါ။ အပစ်အခတ်ရပ်စဲ ကို အပြစ်အခတ်ရပ်ဆဲ လို့ ရေးတဲ့ နာမည်ကြီး သတင်းဌာနတွေ အပုံ..။ သတင်းတစ်ပုဒ်ထဲမှာကိုပဲ ပထမအပိုဒ်မှာ အပြစ်အခတ်၊ ဒုတိယပိုဒ်မှာ အပစ်အခတ် လို့ မသေမချာ ရေးတာကျတော့ ဆိုးလှပါတယ်။ ကျမ ကျောင်းသားတွေကတော့ စာဖတ်ရင် အဲဒါမျိုးတွေ့ရင် အမှားတောင် Consistent မဖြစ်ဘူးလို့ ရယ်ပါတယ်။ 

ကျောင်းသားတွေကို နိုင်ငံတကာသတင်း၊ မြန်မာသတင်းတွေ Authentic News သင်ရတာမို့ ကျောင်းသား တွေကတောင် ဘယ်သတင်းဌာနက အချက်အလက်မှား အများဆုံး၊ ဘယ်သတင်းဌာနက စာလုံးပေါင်းအမှား အများဆုံး၊ ဘယ်သတင်းဌာနက သတင်းဘာသာပြန် အကောင်းဆုံး၊ ဘယ်သတင်းဌာနက စာလုံးပေါင်း အမှန်ဆုံး ဆိုတာ သိနေကြပါပြီ။ 

တော်တော် ဆိုးတဲ့ အမှားတွေ့ရင်တော့ သူတို့က ခေါင်းရမ်းပြီး သတင်းထောက်တွေ စာမဖတ်ဘူးလား.. အယ်ဒီတာတွေ မစစ်ဘူးလား လို့ ကျမကို မေးတတ်ပါတယ်။ ခက်တာက အမေရိကန်သံတမန် ဆိုသူတွေက Harvard တို့ Princeton  တို့ ကနေ အနိမ့်ဆုံး Master လောက် ဘွဲ့ရထားပြီး အနည်းဆုံး ဘာသာစကား ၃မျိုး တတ်ပြီးသား လူတွေမို့ သူတို့က ပညာရပ်တစ်ခုကို စနစ်တကျ လေ့လာကြတာပါ။ ကျမမှာ သူတို့ မေးခွန်းတွေရှေ့ ချွေးပြန်ရတဲ့ အကြိမ်တွေလည်း မနည်းမနောပါ။

ဒီတော့ ခုနောက်ပိုင်း သူတို့ကို သင်ဖို့ သတင်းတွေ ရွေးတဲ့အခါ အမှားအနည်းဆုံး သတင်းကို ရွှေရှာသလို ရှာရပါတော့တယ်။ ဒါမှ ကျမလည်း ချွေးအပြန် သက်သာ.. ကိုယ့်သတင်းထောက်တွေလည်း သိက္ခာ သိပ်မကျ ဘူးပေါ့။ ကျမကတော့ ကိုယ့်သက်မွေးဝမ်းကျောင်းနဲ့ ပတ်သက်ရင် ဂုဏ်သိက္ခာကို တန်ဖိုးထားတာ တစ်ခုတည်း ကြောင့်သာ ကြိုးစားတာပါ။ ငါ ဘယ်လို လုပ်လုပ် ပိုက်ဆံရပြီးသားပဲလို့ ခံယူသူတွေ အတွက်တော့ ပြောစရာစကားမရှိတော့ပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ ကျမကိုယ်တိုင် အဖေ က ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူး .. အင်္ဂလိပ်စာ ကောင်းသူ၊ အမေက အင်္ဂလိပ်စာဆရာမ .. ကိုယ်တိုင်လည်း အင်္ဂလိပ်စာ သိပ်မညံ့သူလို့ ထင်ခဲ့တာတောင်၊ ကျမ ပြည်ပကို စထွက်စ ၂၀၀၅ ခုနှစ် ထိုင်းနိုင်ငံကိုရောက်ချိန်မှာ ကိုယ့်ကိုယ်ကို မိတ်ဆက်ရင် My name is May Nyane လို့ ပြောရမှာလား.. I am May Nyane လို့ ပြောရမှာလား မသေချာလို့ အဲလောက်ကိုတောင် သူငယ်ချင်းတွေက ပြောပေးခဲ့ရတာပါ။ 

မြန်မာစာဆရာမ ဘ၀ အင်္ဂလိပ်စာကို တစ်လုံးမှ မကြည့်ခဲ့တဲ့အကျိုးဆက်ကြောင့်.. သတင်းထောက် ညီလာခံ တစ်ခုမှာ ကိုယ်ပြောတဲ့ အလှည့်.. မေးခွန်းအမေးခံရချိန်မှာ မေးသူက Comedian တွေရဲ့ နိုင်ငံရေး တာဝန် ကျေမှု အကြောင်း မေးတာမှာ Comedian ဆိုတာ ဘာမှန်းတောင် မသိခဲ့တဲ့ မြန်မာစာကထိက စာရေးဆရာမ အဖြစ် ကျမ သိမ်ငယ်ခဲ့ဖူးပါတယ်။ ဒါနဲ့ပဲ ကျမ ကလေးတွေ လေ့လာသလို အင်္ဂလိပ်စာကို အစက ပြန်စ လေ့လာ ခဲ့တာ… ခုချိန်ထိပါပဲ။ ဒါကြောင့်ပဲ ခု သံတမန်တွေအတွက် မြန်မာစာဆရာမအလုပ်ကို ချောချော မွေ့မွေ့ လုပ်နိုင်ခဲ့တာ ခုဆို ၃နှစ်ကျော်ပါပြီ။ ကျမ ပြောချင်တာက လေ့လာရင် ရတယ်ဆိုတဲ့ သတင်းစကားပါ…။

(နောက်အပိုင်းတွေမှာ မီဒီယာထဲက သတ်ပုံအမှား၊ သဒ္ဒါအမှားတွေ နေ့တိုင်းရေးသွားမှာဖြစ်ပါတယ်)
 ကျေးဇူးတင်ပါတယ်ရှင်။

Jan 26, 2015

ယောက်ျားမွေးနေ့ အမှတ်တရ


 

 နေ့တိုင်းလိုလို .. ဗျစ်တောက် ဗျစ်တောက် ဖြစ်ကြ..
နေ့တိုင်းလိုလို .. တစ်ယောက်မရှိရင် တစ်ယောက်မဖြစ် လို့ ပြောကြ…
(သူက ‘ညည်း ငါ မရှိလို့ မဖြစ်ပါဘူး.. တဲ့၊ ကိုယ်က ငါမရှိရင် မင်းတော့ ခက်ဦးမယ်’... တဲ့)

နေ့တိုင်းလိုလို .. ချိုမြိန်တဲ့ အတိတ်တွေ စားမြုံ့ပြန်ကြ..
နေ့တိုင်းလိုလို .. ရှင်သန်တဲ့ ပစ္စုပ္ပန်တွေ စားသုံးကြ…
(မင်း နဲ့ ငါက love at first sight မဟုတ်ခဲ့ပါဘူးကွာ.. ဘာ ညာ ဘာ ညာ)

နေ့တိုင်းလိုလို .. ဘ၀ရဲ့ နောက်ဆုံးအချိန်တွေကျရင်.. ဆိုတာကို ပုံပြင်လို ပြောကြ..
နေ့တိုင်းလိုလို .. ကလေးတွေ အနားမှာ မရှိကြတော့ရင် ဆိုတာကို လွမ်းချင်းလို ညည်းကြ..
(တို့ရွာမှာ စိုက်ရင်းပျိုးရင်း ပြန်နေကြရင်ကောင်းမှာ.. လို့ တက်ညီလက်ညီ သဘောတူ)

နေ့တိုင်းလိုလို .. သူ TV ကြည့်ရင်း အိပ်ပျော်တတ်တာကို ကိုယ်က ငေါက် ..
နေ့တိုင်းလိုလို .. ကိုယ် TV ကြည့်ရင်း Online Game ဆော့တာကို သူက ဆူ..
 (သူ့မှာ ကိုယ်မကြိုက်ဆုံးတစ်ခုက အစအနောက်သန်လွန်းတာ..
ကိုယ့်မှာ သူမကြိုက်ဆုံးတစ်ခုကတော့ စိတ်တိုတတ်လွန်းတာ(ဖြစ်မယ်)..)

နေ့တိုင်းလိုလို ..
သူ နဲ့ ကိုယ် အပြန်အလှန် ကျေးဇူးတင်..
အပြန်အလှန် ချစ်ချစ်ခင်ခင်..
အပြန်အလှန် ပျော်လိုက် ရစ်လိုက်..
အပြန်အလှန် ခေါ်လိုက် ချစ်လိုက်..။

ဒီလိုနဲ့ပဲ..
အနောက်တိုင်းအလိုအရ ဘ၀စတယ်ဆိုတဲ့ မှတ်တိုင် ၄၀ ဆီ.. သူ ဆိုက်ရောက်ခဲ့ပြီ။

သူ ... ခုမှ ဘ၀က စ..
သူ့ ပခုံးပေါ်မှာတော့ .. အသက် ၂၄ နှစ်အရွယ် သားကြီး တစ်ယောက် ရယ်
အသက် ၁၅ နှစ်အရွယ် သမီး တစ်ယောက် ရယ်
အသက် ၁၁ နှစ်အရွယ်.. သားငယ်တစ်ယောက် ရယ်
အသက် ၅၀နီးပါး ဇနီးမယားတစ်ယောက် ရယ် က သူ့ကို ခိုတွဲလို့ …။

ဟိုးတုန်းက သူ ကျမ ကို စ,တဲ့အခါ သူ့ကို ကျမက ပြောတယ်..
‘ရာကျော်နော်.. ငါစိတ်တိုလာပြီ အသက်ချင်းလဲ ပစ်လိုက်မယ်.. ၂၅ နဲ့ ၃၅ .. လို့။
ခုတော့ အဲလို မပြောချင်တော့ပါဘူး..။
စိတ်ထဲ ၄၀ ကျော် နဲ့ ၅၀ နီးပါးကျတော့ ‘လဲ’လည်း သိပ်မထူးတော့ဘူး မဟုတ်လား.. နော်။
ဘာပဲဖြစ်ဖြစ်.. ချစ်စွာသော ယောက်ျား အသက် ၄၀ မှသည်.. နောက်ထပ် နှစ်ပေါင်း များစွာ များစွာ တိုင်.. သူချစ်တဲ့ မိသားစုတွေ နဲ့ သူ့ကို ချစ်တဲ့ မိသားစုတွေ နဲ့ ခုလိုပဲ ပျော်ပျော်ရွှင်ရွှင် နေရပါစေ လို့ ဆုတောင်းပါတယ်။


Oct 23, 2014

သမီးပျိုအမေရဲ့စာ (၂)

သမီးပျိုအမေရဲ့စာ ကို ဆက်ဖို့က တော်တော် အားမွေးရပါတယ်..။ ဘာဖြစ်လို့လဲဆိုတော့ ကျမ နဲ့ တခြား သမီးရှင်တွေ သဘော မတူနိုင်တာတွေ များနိုင်လို့ပါပဲ။ ဒီနေရာမှာ ညီမ ခွန်မြလှိုင် ပြောသလို ကျမလို စိတ်ထားနိုင်ဖို့ တော်တော် အားမွေးရမယ် ဆိုတာလေးက ခေါင်းထဲရောက်လာပါတယ်။ အဲဒါ အမှန်ပါပဲ။ ကျမ ကိုယ်တိုင် အဲလို စိတ်မျိုး မွေးနိုင်တဲ့ အဆင့်ရောက်ဖို့ အတော် တပင်တပန်း ဖြတ်ခဲ့ရ လို့ပါပဲ။ သမီး စပြီး စိတ်ကစားတဲ့အချိန်က အသက် ၁၅ နှစ်ပြည့်ဖို့ လပိုင်းလောက်အလို… နွေကျောင်း တွေ ပိတ်ထားပြီး အချိန် ပိုတွေ ရှိနေချိန်မှာပါ။

ကျမ စိတ်ထင်တော့ သမီးက ပျင်းနေတာလည်း ပါပါလိမ့်မယ်။ အပြင်လည်း ထွက်စရာ အကြောင်းက မရှိ။ စိတ်ကစားစရာကလည်း ရှိနေဆိုတော့.. သမီးက အကြောင်း အမျိုးမျိုးပြပြီး လည်ချင် ပတ်ချင်..။ အမေက အတိုင်းအတာတစ်ခုနဲ့ ခွင့်ပြုပေမဲ့ သမီးက အခွင့်အရေးယူ..။ ဒီတော့ အဖေက စိတ်တို ဆူပူ..။ အဲဒီ တလောမှာ ကျမကလည်း သားအဖ ကြားထဲ စိတ်ညစ်ညစ်.. စိတ်ရှုပ်ရှုပ်.. အလုပ်တဘက် .. တခြား ဗာဟီရတွေ တဘက် နဲ့ လူပင်ပန်း .. ဦးနှောက် ပင်ပန်းတာတွေ တိုက်ဆိုင်ပြီး သားအဖ နှစ်ယောက် စလုံးကို စိတ်တို အော်ဟစ်တာတွေလည်း ဖြစ်ခဲ့ဖူးသေးတာပါ။

အဲဒီရက်တွေထဲမှာ အင်တာနက်ထဲက ဆယ်ကျော်သက်ပြဿနာနဲ့ ပတ်သက်တဲ့စာတွေ ရှာဖတ်.. ကိုယ်တိုင်လည်း ခေါင်းအေးအေးထား အချိန်ပေး စဉ်းစား..။ နောက်တော့မှ ကျမ ငယ်ငယ် တုန်း က… ဆိုတဲ့အချိန်တွေကို ပြန်တွေး….။
ဒီတော့မှပဲ ကျမ နဲ့ သမီး သေသေချာချာ ဆွေးဆွေးနွေးနွေး  ပြောပြီး ငြိမ်းချမ်းရေး ရသွားတော့တာပါ။ သိပ်လွယ်တာတော့ မဟုတ်ခဲ့ပါဘူး။ အဓိကကတော့ သမီး သေသေ ချာချာ မသိဖူးတဲ့ ကျမ ရဲ့ ငယ်ငယ် တုန်းက အကြောင်းတချို့ကို ပြောပြဖြစ်တယ်..။

အသက် ၁၈နှစ်… တက္ကသိုလ်ရောက်ကာမှ ရည်းစားထားတာတောင်မှပဲ ရည်းစားက စရိုက်ဆိုးဆိုးမို့ ကျမရဲ့ နာမည် ဂုဏ် သတင်း ထိခိုက်စရာ ကြုံခဲ့ရဖူးတဲ့အကြောင်း..၊ အိမ်ထောင်ကျပြန်တော့လည်း ကံအကြောင်းက မကောင်းခဲ့တဲ့အကြောင်း…။ မရည်ရွယ်ဘဲ မှားတတ်တဲ့အမှားတွေအကြောင်း.. ပြီးတော့ မှားမှန်း သိသိ နဲ့ လည်း ဆက်မှား တတ်တဲ့ အကြောင်းတွေ ပြောဖြစ်ပါတယ်။ သမီး နားလည် နိုင်မယ့် အရိုးရှင်းဆုံး ဗမာ စကား နဲ့ အပြောမှာ ဘယ်လိုအဖွဲ့အနွဲ့မှ မပါပေမဲ့ သမီးက နားထောင်ရင်း မျက်ရည် ကျပါတယ်။ ပြီးတော့ မေမေ သနားပါတယ်.. တဲ့။

မေမေ ပြောချင်တာက လူ့ဘ၀မှာ အချိန် အများကြီးရှိတယ်.. ရည်းစားထားတာက ပြဿနာ မဟုတ် ဘူး။ ဒါပေမဲ့ အချိန်မတန်သေးဘဲနဲ့ စိတ်ရှုပ်ရတာ.. အဓိပ္ပါယ် မရှိ ဘူး.. မေမေ့ တုန်းက ခုလို ပွင့်ပွင့်လင်းလင်း ပြောပြမယ့် သူ မရှိတော့ မေမေက သိပ်လည်း မစဉ်းစားဘူး.. ။ ခု သမီးမှာ မေမေ ရှိတာပဲ.. ပြီးတော့ သမီးရှေ့မှာ ကိုကိုကြီး ဘယ်လိုနေလဲ .. တွေ့တယ် ဟုတ်..။ မေမေတို့ မိသားစုမှာ ဘာ စိတ်ဆင်းရဲစရာမှ မရှိဘူး..။ သမီးက မေမေတို့အတွက် Princess လေး..။ အဲဒီအချိန်မှာ သမီးက ခိကနဲတောင် ရယ်လိုက်သေး တယ်။ အံမယ်.. ရယ်မနေနဲ့ တကယ်ပြောတာ.. လို့ တမင် ခပ်တည်တည် လုပ်ပြီးပြောရပါတယ်။ တကယ့်ကို ရုပ်ရှင်တွေထဲကအတိုင်း ကျမက ကိုယ့်စိတ်ကို သေချာ ထိန်းကျောင်းပြီး သမီးကို လေပြေ နဲ့ ပြောရတာပါ။ အဲဒီစကားဝိုင်းတွေရဲ့ နောက်မှာမှ သမီးက ကျမကို စကားကောင်းကောင်း ပြောလာ ပြီး ကျမကလည်း သမီးကို လိုက်လျော သင့်သလောက် လိုက်လျောဖြစ်ခဲ့တော့တာပါ။ ဒါပေမဲ့ ဇာတ်လမ်းက ဆက်ရန်တွေ ရှိနေပါသေးတယ်။ ခုမှ သမီးက ၁၅ နှစ်..လေ။

++++++

တကယ်ကော ကျမက ဆယ်ကျော်သက်သမီးနဲ့ ပတ်သက်လို့ ခုချိန်မှာ စိတ်အေးနေပြီလား..။ ဘယ် ဟုတ်ပါ့မလဲ..။ ကိုယ်တိုင် မလိုက်နိုင်တဲ့ လိုက်လို့ မရတဲ့ ကျောင်း ပရောဂျက်တွေ ထဲမှာ ပရောဂျက်က တကယ် ဘယ်အချိန်ပြီးသလဲ…။ ကျောင်းမှာပဲ တချိန်လုံးမှ ရှိရဲ့လား။ မကြာမကြာ ကြားဖူးနေတဲ့ အထက်တန်းကျောင်းက လွန်ကျူးကြတဲ့ ဆယ်ကျော်သက်စုံတွဲ ပြဿနာတွေ နဲ့ ဆယ်ကျော်သက် ကိုယ်ဝန်ဆောင် ပြဿနာတွေ .. ဆယ်ကျော်သက်အချင်းချင်း ချောက်တွန်း အကောက်ကြံ တတ်တဲ့ ပြဿနာ တွေ။ ပြီးတော့ ပေါများ လှတဲ့ မုဒိန်းမှု နဲ့ ပြန်ပေးဆွဲပြဿနာတွေက ကျမကို နေ့တိုင်း ခြောက် လှန့်နေတဲ့ ပူပန်မှုတွေပေါ့။ သမီး အိမ်ပြန်နောက်ကျတိုင်း (သမီးက ကျောင်းစာ ကိစ္စလို့ ပြော ပေမဲ့) သမီး ကျောင်းမှာလား..။ ဘယ်သူတွေ ရှိသလဲ…။ ဘယ်အချိန်ပြီးမှာလဲ..။ ဘဘ လာကြို မယ် နော်… ဆိုတဲ့ မေးခွန်းတွေကို မယုံသင်္ကာဟန်မျိုး မပေါက်အောင် ပေါ့ပေါ့ပါးပါး ဟန် လုပ်ပြီးတော့ မေး ရပါ တယ်။

ဒီကြားထဲမှာတော့ သူ ကျောင်းစာလုပ်ရင်းတောင်မှပဲ တယ်လီဖုန်းနဲ့ တချိန်လုံး Text Message ပို့နေတတ် တာ မျိုးကို လွှတ်ထားရပါတယ်။ သူ ကျောင်းစာတွေမှာ အဆင့်ကျ မသွားဘဲ Grade A ရနေတာကို ဂရုတစိုက် ချီးကျူးရင်း.. အမြဲ စောင့်ကြည့်ရသလို.. လစဉ် ပုံမှန်ရာသီ ပေါ်ရဲ့လား ဆိုတာကိုလည်း မသိမသာ စောင့်ကြည့်နေ ရပါတယ်။ ကျမ သမီးကို ဘယ်လောက်ပဲ ယုံယုံ… ဆယ်ကျော်သက် ပတ်ဝန်းကျင် ရဲ့ ဓလေ့စရိုက် လွှမ်းမိုး ရိုက်ခတ်တတ်မှု နဲ့ သွေးသားလှုံ့ဆော်တတ်မှုကိုတော့ ကျမ သတိမထားဘဲ နေလို့ မရဘူး မဟုတ် လား။ ပြီးတော့ အမေက အဲလို မျက်ခြေမပြတ်တာကိုလည်း သူသိအောင် စကားတပြောပြော လုပ်တိုင်း ထည့်ထည့် ပြောရပါတယ်။ နောက်တခုက ကျမတို့ မမြင်နိုင်တဲ့ ကံကြမ္မာဆိုတာကလည်း ဘာမှန်း ကြိုသိနိုင်တာမဟုတ်.. ။ ကဲ.. ဒီလောက်ဆို ရပြီတဲ့လား။

ဘယ်ဟုတ်ပါ့မတုန်း.. တချိန်တည်းမှာ သမီးအဖေကိုလည်း နှစ်သိမ့်ဆွေးနွေး ပညာပေးတွေ လုပ်နေရ သေး တာပါ..။ သမီးက ငယ်ငယ်ကတည်းက အဖေ့သမီးဖြစ်ခဲ့တော့ အဖေလုပ်သူက သမီးကို ကလေး လေး ပဲလို့ ထင်တာ..။ ပြီးတော့ သမီးကဆို ဘဘ မရှိရင် သမီးတို့ ဘယ်လိုမှ နေလို့ရမှာမဟုတ်ဘူး လို့ ခဏခဏ ပြောတဲ့ သမီး..လေ။ ဒါကြောင့် သမီးနဲ့အဖေ နားလည်မှု မလွဲစေရေးကလည်း သိပ်အရေးပါ ပါတယ်။



ပြီးတော့ အဖေက ယောက်ျားမို့ မိန်းကလေးတွေ အရွယ်မြန်မြန် ရောက်တတ် တာကို သိပ်နားမလည်နိုင် တတ် တဲ့အခါ သမီးအတွက် တော်တော် ခံစား ပါတယ်..။  နောက်ဆုံး.. ကျမက သမီးအဖေကို ဆေးဆုံး ပေး ထား ရပါ တယ်.. ။ ဒါကလည်း ကျမ အကြောက်ဆုံး (အမေတိုင်း မိဘတိုင်းအကြောက်ဆုံး) ဆိုပေမဲ့ ပြင်ဆင် ထား ရမယ့် ကိစ္စ ပါ.. တကယ်လို့ တခုခု မိုက်မိုက်မှားမှား ဖြစ်ပြီး.. သမီးလေး အရွယ်မတိုင်ဘဲ အိမ်ထောင်ကျ သွားခဲ့ရင်.. ဒါမှမဟုတ်… ကိုယ်ဝန်ရှိတာမျိုး ဖြစ်သွားခဲ့ရင်.. ဘာလုပ်ကြမလဲ… ဆိုတာ တွေ အထိ တွေး ထား ပြင်ထားရပါတယ်။

+++++++

အဲဒီအပြင် ဘယ်နေရာမှာပဲဖြစ်ဖြစ်.. ဘယ်အရွယ်မှာပဲ ဖြစ်ဖြစ်.. ကမ္ဘာလောကကြီး မငြိမ်းချမ်းသေးသရွေ့ .. အမျိုးသမီးတွေကို အနိုင်ကျင့်စရာလို့ မြင်သူတွေ ရှိနေသေးသရွေ့ကတော့ သမီး မိန်းကလေးမွေးထားရတဲ့ အပူကို ကျမတို့က သေတဲ့အထိ သယ်ပိုးသွားရမှာပါပဲ။ ကျမတို့မွေးလို့ လူဖြစ်လာရမှတော့ ကျမတို့က တတ်နိုင်သလောက် တာဝန်ယူရ.. တာဝန်ကျေကြရ မှာလေ။ အဲဒီအခါ.. ကျမရတဲ့အဖြေက တစ်ခုတည်း ပါ…။ ဘာပဲဖြစ်ဖြစ်… ကျမတို့က သမီးဘေးမှာ အမြဲ မားမားမတ်မတ် ရပ်နေရမှာ…… ဆိုတဲ့ အဖြေ တစ်ခုတည်းပါပဲ။

++++++++

Oct 10, 2014

ဂျွန် ရေ...

ဒီနေ့တော့ သူ့ကို သတိအရဆုံးပေါ့..။
သူ့ကို ကျမစသိတာက ကျမအရွယ်နဲ့ဆိုရင် အတော်စောတယ် ပြောရ မယ်၊ ထုံးစံအတိုင်း ကျမအဖေဆီက စရတော့မှာပဲ။
ကျမနဲ့အဖေက အသက် ၂၀ပဲ ကွာတာမို့ တခါတလေ သူငယ်ချင်းလိုပဲ..။ ကျမ တို့ခေတ်မှာ ၈တန်းက အစိုးရ စစ်။ အဲဒီမှာ ကျမ အဆင့်ကောင်းကောင်းနဲ့ အောင်လို့ ဆိုပြီး အဖေက ကျမ ပူဆာထားတဲ့ ဂစ်တာ ၀ယ်ပေး တယ်။ မှတ်မိ သေးတယ်။ လိုက်ဝယ်ပေးတာက ဖေဖေ့ဌာနမှာ အလုပ် လုပ်တဲ့ အဆိုတော် စန္ဒယား ကွန်းဇော်…။ အဲဒီခေတ် က အင်မတန် နာမည်ကြီးတဲ့ ကျင်စု အိုး ကိုမှ ၀ယ်ပေးတာ။ ဆိုတော့ ဂစ်တာ စသင်တာ စန္ဒယား ကွန်းဇော် နဲ့။ နောက်တော့ စာအုပ်ကြည့်တီးလိုက်.. အစ်ကိုတွေ တီးတာ ကြည့် လိုက်ပေါ့။ ဒီကြားထဲ တချို့သီချင်းတွေ အတီး သင်ပေးတာက ခု တူဒေးစာအုပ်တိုက်ပိုင်ရှင် ဒေါက်တာ သာထွန်းဦး..။ သူတို့မိသားစု နဲ့ ကျမတို့မိသားစုက အပေါ်ထပ် အောက်ထပ်.. ဆွေမျိုး လို နေ ခဲ့ကြတာ။ ဆိုပါတော့ စိုင်းထီးဆိုင်သီချင်းတွေ စတီးတော့ သဘာဝ သီချင်းတို့.. ခိုင်ထူးရဲ့ စိုးစံစားစေ တို့ ပေါ့။ ဒီကြားထဲ ဂစ်တာ လုလုတီးတာက အဖေပါ။ သူက ဂစ်တာအတီး ကောင်း မဟုတ်ပေမဲ့ အဆိုးကြီးတော့လည်း မဟုတ် ပါဘူး။ အဲဒီအချိန် သူတီးတဲ့သီချင်းတွေက Linda Ronstadt ရဲ့ Blue Bayou တို့ .. Beatles ရဲ့ Yesterday တို့ဗျ..။ တခါတခါ ဆိုချင်လွန်းလို့ မတီးတတ် တီးတတ်နဲ့ တီးတာကတော့ ဒီ Imagine ပေါ့။ ကျမကတော့ အားပေးတယ်.. ဖေဖေ့ Imagine ကလည်း ကင်းတဲက သံချောင်းခေါက်တာ ကျနေတာပဲလို့..။ 
တကယ်တော့ အဲဒီအချိန်မှာ ကျမကို အိမ်စာလုပ်ခိုင်းပြီး ဂစ်တာကို အဖေက ယူတီးနေလို့လေ…။

ပြောချင်တာက အဲဒီတုန်းကတည်းက ကျမကိုယ်တိုင်လည်း အိမ်စာလုပ်ရင်း သင်္ချာတွက်ရင်း အဖေဆိုနေကျ သီချင်းတွေကို နားရည်ဝပြီး ကြိုက်တတ်ခဲ့တာ..။ အဖေက John Lennon ကို သိပ်ကြိုက်တာ။ သူ ငြိမ်းချမ်းရေး ကိစ္စလုပ်တာတွေဆို သိပ်သဘောကျတာပေါ့။ ယိုကိုအိုနို နဲ့ နှစ်ယောက် ဗီယက်နမ်စစ် ရပ်စဲရေး ဆန္ဒပြကြတဲ့ ပုံတွေကို Time တို့ Newsweek တို့ မဂ္ဂဇင်းတွေထဲကနေဖြတ်ပြီး ပိုစတာတွေလို ပန်းချီကားတွေလို လုပ်သိမ်း တယ်၊ John Lennon က တကယ့် Artist လို့ ခဏခဏပြောတယ်။ ဒီတော့ အဖေက ယိုကိုအိုနို ကိုလည်း သိပ်ကြိုက် တော့တာပေါ့။ ကျမကိုလည်း အင်္ဂလိပ်သီချင်းတွေ နားထောင်တဲ့အခါ တခါတည်း နားလည်အောင် ကြိုးစားဖို့ အမြဲပြောတာမို့ ကျမခမျာ သီချင်းတွေကို သေသေချာချာ နားထောင်ရတော့တယ်။ အဖေက သီချင်းစာအုပ်တွေ လည်း ၀ယ်လာပေးတာမို့ အဲဒီကတည်းက သီချင်းတွေ ကျက်ခဲ့တာ။ Imagine ကို ကြိုက်ချိန်မှာ Blue Bayou ကို ကြိုက်တဲ့ ကျမက Country road,Take me home ကိုလည်း ကြိုက်တတ်ပြီ။ အဲဒီအချိန်တွေတုန်းက Grammy  Award ရတဲ့ You light up my life .. သီချင်းကိုတောင် ခံစားတတ်နေတာမို့ အသက် ၁၅ နှစ်မှာ ကောင်းကောင်း ရင်ခုန်တတ်နေပြီဆိုပါတော့။

အဲဒီတုန်းကတော့ Beatles တွေ ရဲ့ သီချင်းတွေ အတော် များများကို ကြိုက်တာ မှတ်မိတယ်။ နောက် ABBA, Boney M , Bee Gees  ကျမခေတ်လိုလို အဖေ့ခေတ် လိုလို နဲ့ပဲ ကျမက အဲလို သီချင်းတွေနဲ့ နေခဲ့တာ။ ၁၉၈၀ ဒီဇင်ဘာလဆန်းထဲ… ကျမ ကောလိပ် ပထမ နှစ် တက်ပြီ..။ အဲဒီနေ့က ဒီဇင်ဘာ ၈ရက်နေ့ ည.. အဖေက တကယ်ကြီးကို စိတ်ထိထိခိုက်ခိုက်နဲ့ ပြောတယ်။ John Lennon အသတ်ခံရတယ် တဲ့။ အဲဒီည .. အဖေက အိမ်မှာ ကက်ဆက်လေးနဲ့ Beatles သီချင်းတွေ ဖွင့်တယ်။ ကျမ မှတ်မိနေတယ်.. ။ အဖေ အဲလို စိတ်မကောင်း ဖြစ်တာ အဆိုတော် စိန်လွင် လေယာဉ်ပျက်ကျလို့ ဆုံးတုန်းက တခါ..။ ကျမအဖေက အဲလို ခံစားသူ..။
ကျမ ကတော့ ဂျွန်မရှိတော့တာကို အဖေ့ထက် နှစ် ၃၀လောက် နောက်ကျပြီးမှ ပို စိတ်ထိခိုက်တတ် လာခဲ့ တာပါ၊
ဘာဖြစ်လို့လဲဆိုတော့ ဂျွန့်ကို သတိရလွမ်းဆွတ်ရလောက်အောင် ဂျွန် မုန်းခဲ့တဲ့ စစ်တွေက ကျမတို့ ၀န်းကျင်မှာ ပိုပိုပြီး ထူပြောလာတာမို့ပါပဲ။
ပြီးတော့ အဲဒီ စစ်တွေကို ကျမကလည်း သိပ်မုန်းတယ်လေ.. ဂျွန်။
ဂျွန်ကတော့ စစ်တွေကို မလိုလားကြောင်း ၁၉၇၀ နှစ်တွေကတည်းက ပြောခဲ့တာပါလေ..။

Imagine there's no heaven 
It's easy if you try
No hell below us 
Above us only sky 
Imagine all the people 
Living for today...
 +++++++

ဂျွန် စိတ်ကူးယဉ်သလို ဘာတိုင်းပြည်.. ဘာနယ်နိမိတ်.. ဘာလူမျိုး.. ဘာ ဘာသာရေးအစွဲမှ မရှိတဲ့ ကမ္ဘာ ဆိုရင် သိပ်နေလို့ ကောင်းမှာပဲလို့..။ ဒါပေမဲ့ ငြိမ်းချမ်းတဲ့ တရားကိုယ် သဘောတော့ ရှိဖို့ လိုမှာပေါ့ နော်။ ဒါမှပဲ လူတိုင်းက ဘာကိုမှ မမက်မော.. မလုယက်.. မဖျက်ဆီး .. မသတ်ဖြတ်ဘဲ ငြိမ်းချမ်းခြင်းထဲ မွေ့လျော်လို့ အနုပညာ တွေသာ ဖန်တီးကြမယ်.. မကောင်းဘူးလား..။ အနုပညာသမားစစ်ရင်တော့ ငြိမ်းချမ်းရေးကို ချစ်မှာပဲ လို့လည်း ယုံတယ်..။ ဟုတ်တယ်မို့လား ဂျွန် …။
Imagine there's no country 
It isn't hard to do 
Nothing to kill or die for 
And no religion too 
Imagine all the people 
Living life in peace...
++++++++

အတူတူပါပဲ ဂျွန်ရယ်.. ကျမကိုလည်း ခပ်ကြောင်ကြောင် ခပ်ပျော့ပျော့ကောင်လို့ ပြောကြတာပါပဲ..။ ဥပမာ ကိုယ့်ကို ထိပါးရမ်းကားထားသူတွေကိုလည်း အလွယ် ခွင့်လွှတ်ပြုံးပြနိုင်သတဲ့။ ဘယ်လို ဥစ္စာ ပစ္စည်းမှလည်း မမက်မောဘူး တဲ့။ တကယ်တော့ အဲလို နေနိုင်ဖို့ ဘယ်လောက်အတိုင်းအတာထိ ရင်းထားခဲ့ရဖူးသလဲ.. နာကျင်ခံခက်ခဲ့ရပြီလဲဆိုတာကို သူတို့တွေ နားမလည်နိုင်ကြတာပါ..။ တကယ်လို့ သူတို့သာ နားလည်ပြီ ဆိုရင်တော့ ကျမတို့အားလုံး သီချင်းတပုဒ်ကို အတူဆိုကြဖို့သာ..။
You may say I'm a dreamer 
But I'm not the only one 
I hope someday you'll join us 
And the world will be as one
+++++++

ဒါပေမဲ့ ဂျွန်ရေ… ခု ကမ္ဘာကြီးကတော့ဖြင့် ကြာလေလေ.. ပိုဆိုးလေလေ..။ ငြိမ်းချမ်းမှုဟာ နေရာအနှံ့မှာ အခြိမ်းခြောက် ခံနေရတယ် … ။ မေတ္တာတရားက အစော်ကား ခံနေရ တယ်..။ ဂုဏ်သိက္ခာတွေက အလှောင် ပြောင် ခံနေရတယ်…။ နည်းပညာအောက်မှာ အသိပညာတွေက မှိန်ဖျော့..။ လက်နက်မျိုးစုံအောက်မှာ လူ့အသက်တာ ဆိုတာတွေ က စမ်းသပ်ပစ်ကွင်းတွေဖြစ်လာ..။ တန်ဖိုးဆိုတာကလည်း အဖိုးတန်မှု မဟုတ် တော့။ အချစ်ဆိုတာက အသက်ရှူသံပြင်းပြင်းနဲ့ လောဘ.. လို့ အဓိပ္ပါယ် ထွက်လာပြီ။  ပိုဆိုးတာက တချို့ အနုပညာတွေကို ဟားစရာ ရှုတ်ချစရာလို့ သတ်မှတ်လာကြတဲ့ ကိစ္စပဲ.. ။ ပြောကြတာတော့ ကမ္ဘာကြီးက ရွာကြီးဖြစ်လာပြီဆိုပဲ ဂျွန်ရယ်..။ အင်း ကျမမြင်တာတော့ ကမ္ဘာကြီးက ရွာလောက်သာသာ နီးစပ်လာချိန်မှာ အမုန်မီးတွေ အလွယ်တကူ ကူးစက်လာတာသာ ရှိတာပဲ မြင်ပါတယ်။ မေတ္တာတရား ကတော့ဖြင့် ကူးစက်ခဲ လေခြင်း ဂျွန်ရေ…။ အဲဒီအခါ ကျမမှာ ဂျွန့်ကို လွမ်းဆွတ်မိတာကလွဲလို့ ဖြေ ပြေစရာမရှိ…။
Imagine no possessions 
I wonder if you can 
No need for greed or hunger 
A brotherhood of man 
Imagine all the people 
Sharing all the world...
+++++

ကျမတို့ရဲ့ ဗုဒ္ဓကတော့ ပြောထားတယ် ဂျွန်.. ကိုယ်တစ်ဦးချင်း ကောင်းဖို့ အဓိက လုပ်ပါ တဲ့။ ဟုတ်တာပေါ့ နော်.. အဲလို လူအများကြီးက တစ်ဦးချင်းကောင်းဖို့ လုပ်လာရင် လူကောင်းတွေ အများကြီး အများကြီး ရှိလာ မှာ…။ အဲလိုနည်းနဲ့ပဲ တစက်တပေါက်ချင်းစုရာက အေးမြတဲ့ ရေပြင်ကြီး.. သဲတစ်ပွင့်ချင်း စုရာက သာယာ ပြန့်ပျူးတဲ့ သဲသောင်ပြင်ကြီးလို… ပျော်စရာ ကမ္ဘာကြီး ဖြစ်လာမှာပေါ့နော်..။
အင်း.. ပြောနိုင်ပါတယ်..။ ကျမတို့ စိတ်ကူးယဉ် အိပ်မက် မက်နေတယ်.. လို့။
ဒါပေမဲ့ ဒီလို ငြိမ်းချမ်းရေး စိတ်ကူးယဉ် အိပ်မက် မျိုးတော့ လူတိုင်း လူတိုင်း လူတိုင်း ကိုတောင် မက်စေချင်တာပါနော်.. ဂျွန်ရယ်….
You may say I'm a dreamer 
But I'm not the only one 
I hope someday you'll join us 
And the world will live as one

https://www.youtube.com/watch?v=yRhq-yO1KN8

+++++


John Lennon ရဲ့ ၇၄ နှစ်ပြည့် မွေးနေ့ (အောက်တိုဘာ ၉ ရက် ၁၉၄၀) အတွက် သတိတရ…

Photo credit to http://justin-stroh.blogspot.com/2014/06/john-lennons-false-vision-of-peace.html



Oct 9, 2014

သမီးပျိုအမေ အနေနဲ့ ရေးတဲ့စာ

ဒီတလောလေးမှာ အရင်က ဘလော့ဂါအဖွဲ့သားတွေက ဘလော့လေးတွေကို လွမ်းလွမ်းဆွတ်ဆွတ်နဲ့ ပြန် အသက်သွင်းဖို့ ကြိုးစားလာကြတာ တွေ့ပါတယ်။ အရင်ကလိုပဲ Tag လုပ်ပြီး အချင်းချင်း စာရေးဖြစ်အောင် လှုပ်နှိုးကြပါတယ်၊ ကျမကို လေနုအေးလေး မတန်ခူး http://laynuaye.blogspot.com/ က လှမ်း Tag လိုက်တော့ သူ့ရဲ့ Post 'စာလေးတစ်စောင်'ကို ဖတ်ရင်း လက်ရေးစာလေးတွေအကြောင်း ရေးချင်သွား..။ နောက်တော့ ညီမလေး ခွန်မြလှိုင် ရဲ့ 'အမေတစ်ယောက်ရဲ့ အနုပညာ' ကို ဖတ်ရတော့ ကျမ Facebook မှာ ရေးဖူးခဲ့တဲ့ 'သမီးပျိုအမေ အနေနဲ့ ရေးတဲ့စာ' လေးကို Blog မှာ မတင်ရသေးတာမို့ ဒါလေးပဲ နည်းနည်းပါးပါး မွမ်းမံ တည်းဖြတ်ပြီး တင်ချင်လာပြန်။ ပြီးတော့ ခွန်မြလှိုင်လိုပဲ အပိုင်း(၂)ကလေးပါ ဆက်ချင်စိတ်ပေါ်လာ။ ဒါနဲ့ပဲ Tag တဲ့ ညီမတွေလည်း စိတ်ချမ်းသာ.. ကိုယ်လည်း အလုပ်လုပ်ဖြစ်ရအောင် လောလောဆယ်တော့ အပိုင်း(၁) ကလေး အရင်တင်လိုက်ပါတယ်နော်...။

++++++

သားသမီး ၃ယောက် မွေးထားတဲ့ အမေတစ်ယောက်အနေနဲ့ ကျမ ကလေးတွေကို ဘာဖြစ်စေချင် သလဲလို့ ခုနေများ မေးလာရင် ကျမမှာ ဖြေစရာတစ်ခုပဲ.. တစ်မျိုး ပဲ ရှိပါတယ်။ “သူတို့ဘ၀ကို သူတို့ ကျေနပ်တဲ့
အနေအထားမျိုး ရကြစေချင်တယ်” ဆိုတာပါပဲ။ သူတို့ လုပ် ချင်တဲ့ အလုပ်မျိုးနဲ့ ပျော်တဲ့ ဘ၀.. အဲဒါဆို လုံလောက်ပြီ။ ဘာဖြစ်လို့ ကျမ အဲလို သဘောထား နိုင်တာလဲဆိုတော့ ဆေး တက္ကသိုလ် ရမှ.. အီကိုရမှ လို့ မရှိခဲ့တဲ့ မိဘတွေကြောင့် ကျမ ဘ၀ တလျှောက်လုံး ကိုယ်ကြိုက်တဲ့ မြန်မာစာကျောင်းသူ ဘ၀ထဲ.. ခုချိန်ထိ မြန်မာစာနဲ့ပဲ သက်မွေး ၀မ်း ကျောင်းရော ဂုဏ်သိက္ခာတွေကိုပါ ခံစားနေရ တာတွေကြောင့် (ကံတရားကြောင့်လည်း ပါတယ်ဆိုရင်လည်း အဲဒီ ကံ တရားကို ကျေးဇူးတင်ပါတယ်)။ အဲဒီလို ကံကောင်းတာမျိုး ကျမ သားသမီးတွေကိုလည်း ရစေချင် တာပါပဲ။

 +++++

ခုတလောမှာတော့ သမီးက သိသိသာသာ အရွယ်ရောက်လာပါတယ်။ သားကြီး ၁၄ နှစ်သားတုန်းက ကလေးလို ဆော့တုန်း။ သမီးကတော့ အသက်၁၄နှစ်ကျော်လာတာနဲ့ တကယ့် မြီးကောင်ပေါက်ပုံစံ ဖြစ်လာ ပါတယ်။ သမီးအဖေ ‘ကိုတိကျ’ က မြီးကောင်ပေါက်သမီးရဲ့ လွတ်လပ်ပျံဝဲချင်စိတ်တွေ အမူအရာတွေကို မျက်စောင်းတခဲခဲမို့ ဟန့်ထားရပါတယ်။ ဖြစ်ချင်တော့ သမီးတို့အဖေ ကိုတိကျ က တကယ့် ဗမာအဖေ ပီပီသသ..။ သမီးမြီးကောင်ပေါက်က အမေရိကန်ဆယ်ကျော်သက်မ..။ တွေ့တော့ နေပါပြီ။ အမေ ကျမ ကတော့ ကိုယ်တိုင် ဆယ်ကျော်သက်အရွယ် မြီးကောင်ပေါက်မ အနေအထားကို ကျော်ဖြတ်ခဲ့တာမို့ရော.. ကျမက သမီးအဖေထက် ပိုခေတ်မီတဲ့ အမေ (ပြောရရင် ဗမာသိပ်မဆန်တဲ့ အမေ ဆိုပါတော့) မို့ .. သမီးနဲ့ အဖေကြားမှာ ညှိနှိုင်းရေးမှူးလုပ်ရပါတယ်။


သမီးက သူ့အရွယ်အတိုင်း စိတ်ဝင်စားတဲ့ ကောင်လေးရှိပြီ။ ဒါကို အဖေက လက်မခံနိုင်။ သမီး ၁၅ နှစ်မ.. ကို ကိုယ်က ကလေးလို့ ထင်နေတုန်းမှာ သူ့အရပ် ၅ပေ ၆လက်မ နဲ့ အပျိုစိတ်ဝင်တာ ပုံမှန်ပဲ။ သမီး အဖေက.. ညည်းသမီးတော့ ငါကြည့်မရတော့ဘူးလို့ ဗမာအဖိုးကြီးတွေလို ဗျစ်တောက် ဗျစ်တောက်.. ။ ပြီးတော့ သမီးကို မျက်နှာထားကြီးနဲ့ ကြည့် ကြည့် နေ။ သမီး ‘မအမေရိကန်’ ကလည်း အဖေ သူ့ကို ပြဿနာ ရှာတယ် လို့ ထင်။ ဒါက အဆန်းမှမဟုတ်ဘဲ ပေါ့.. သမီးက High School တောင်ရောက်နေပြီ လို့ ပါသေး။ အင်တာနက် မှာ ကြည့်ကြည့်မေမေ.. ဒီမှာ အသက် ၁၂နှစ် ကျော်ရင် Hangout ထွက်လို့ Date ထွက်လို့ ရပြီ.. တဲ့။ သူနဲ့ ချိတ်တိတ်တိတ်ကောင်လေးကလည်း ခပ် တည်တည်ပဲ အိမ်လာလည်.. ခြံထဲ ထိုင် စကားပြောကြ..။ ရည်းစား ဟုတ်မဟုတ် မသေချာပေမဲ့ ကိုယ်ကတော့ ကြည့်ရခက်နေတာ အမှန်ပေါ့၊ ဒါပေမဲ့ ကိုယ့်မျက်စိအောက်မှာနေတာ အကောင်းဆုံးလို့ပဲ နှလုံးသွင်းရပါတယ်၊ ပြီးတော့ ခဏခဏ လာနေတာမျိုးလည်း မဟုတ်တော့ သိပ်မဆိုးပါဘူးလေလို့ တွေးရပါတယ်။
ပြီးတော့ ချော့တလှည့် ချောက်တလှည့်နဲ့  ‘သမီးက ဗမာမိန်းကလေးနော်..။ မေမေတို့က အတိုင်း အတာ တစ်ခုထိ အလိုလိုက်ထားတယ်လေ။ ကောင်လေး နဲ့ နှစ်ယောက်တည်း သွားတာမျိုးတော့ ခွင့်မပြု ဘူး နော်..။ သမီး သူငယ်ချင်းတွေပါ ပါရမယ်.. ဖေဖေ လိုက်ပို့မယ်.. လာကြို မယ်..။ မေမေ မုန့်ဖိုး လည်း ပေး မယ်..။ ပြီးတော့ ကျောင်းမှာ အဆင့်လည်း မကျ ရဘူး..။ အဲဒါ မေမေ့ကို ကတိပေးရင် မေမေ ဖေဖေ့ ကို ပြောပေးမယ်။ သောကြာ ညနေတစ်ရက် ပေးထွက်မယ်..” ။ အဲလိုတွေ ညှိရပါတယ်။

+++++++

တကယ်တော့ သမီး က ဆိုးလှတာမဟုတ်ကြောင်းတော့ သမီးဖေဖေကို ပြောရပါတယ်၊ ဘာလို့ဆို ကျမ အသက် ၁၄ နှစ်မှာ.. ကောင်လေးတစ်ယောက်ကို သေသေချာချာ စိတ်ဝင်စားတတ်နေခဲ့တာ ခုထိ မမေ့ပါ။ အဲဒီကောင်လေးက အဲဒီအချိန်မှာတုန်းက အတော်ဆိုးတယ်လို့ နာမည်ကြီးတာမို့ ကျမအမေ ခမျာ တော်တော် စိတ်ပူခဲ့ရတာ မှတ်မိပါတယ်။ ကျမက အမေ့ကို စိတ်တွေကောက်.. စကားမပြောနိုင် ဘာမပြောနိုင်တောင် ရှိခဲ့သေးတာပါ.။ သမီးကတောင် ကျမလောက် မဆိုးသေး။ ဒီနေရာမှာ ပြောပြချင် တာက အဲဒီတုန်းက သမီး အဖြစ် ခံစားချက် ၊ အတွေး နဲ့ ခု အမေ တစ်ယောက် အနေနဲ့ ခံစားချက်ကို ကျမ ယှဉ်ကြည့်မိတဲ့ အကြောင်းပါ။

ကျမတုန်းက ကျမအမေက ကျမကို တော်တော်ဆူပူခဲ့တာမှာ အဲဒီကောင်လေး ဘယ်လိုဆိုးကြောင်း နဲ့ ကျမ ဒုက္ခရောက်သွားမယ် ဆိုတာတွေပေါ့။ ကျမကလည်း စိတ်တိုလိုက်တာ..ကျမ ဘာလုပ်မှာ မို့လို့ လဲ.. ပေါ့။ အမေက ကျမ ငယ်ငယ်ရွယ်ရွယ်နဲ့ ဖျက်မရနိုင်တဲ့ အမှားမျိုး တစ်ခုခု မှားသွားမှာ စိုးနေခဲ့မှန်း ကျမက သမီး အနေနဲ့ မသိခဲ့ပါ။ ကျမကလည်း အဲဒီအရွယ်မှာ ကိုယ့်ဘာသာ သေချာနေတာက ဘာမှ ဆိုးဆိုးဝါးဝါး မလုပ်ဘူးဆိုတာပေါ့။ ဒီလိုနဲ့ အမေနဲ့ ကျမကြား ပြဿနာတွေအများကြီး ဖြစ်ခဲ့ကြတာ.. အမေ့ကိုများဆို အမြဲတမ်း ရန်လိုလို့...။ အဲဒီ ၁၄ နှစ် ၁၅ နှစ် အရွယ်ပေါ့။ ပြောရရင် ကျမက သမီးအလိမ်မာ မဟုတ်ခဲ့ပါ၊

ခုတော့ ကျမ အလှည့်ရောက်ပြီ။ ခုချိန်မှာတော့ ကျမ တွေးမိတာက သမီးလည်း စိတ်ကစားတဲ့ အရွယ် မှာမို့ မိဘက စနစ်တကျ ထိန်းတတ်ရင် ဘာမှ ဆိုးဆိုးဝါးဝါး ဖြစ်မသွားဘဲ သိပ်မကြာခင် အရွယ် အပြောင်း အလဲကြောင့် သူတို့ချင်း ဝေးလည်း ဝေးသွားနိုင်တာပဲ။ အရေးကြီးတာက သမီးရဲ့ ပညာရေး ဦးတည်ချက် လမ်းကြောင်းလေး ရွေ့မသွားဖို့… ပြောင်းမသွားဖို့။ ဒါကိုပဲ ကျမ တွေးရပါတယ်။ ဒါက ကျမရဲ့ ဆယ်ကျော် သက် အရွယ်ဆီ ပြန်တွေးပြီး ရတဲ့အသိလည်း ဖြစ်ပါတယ်၊ အဲဒီအခါ သမီးကို နားလည်ပေးနိုင် လာပါတယ်၊ သမီးကို ဆွဲဆောင်နိုင်လာပါတယ်၊ ဒီတော့ ခုချိန်မှာလည်း သမီးက ကျမ နဲ့ အနေနီးဆဲ..။ နီးကပ်ဆဲ။ ကျမ စကားကို လိုလိုချင်ချင် လိုက်နာဆဲ။ 

++++++

ကျမငယ်ဘ၀တုန်းကနဲ့ နောက်ထပ် မတူနိုင်တာက ကျမသမီး ကြီးပြင်း အရွယ် ရောက်ရမှာက ‘အမေရိကန်မ’ အနေနဲ့ ။ အဖေ အမေက နှစ် ၄၀လုံး မြန်မာပြည်မှာ ကြီးပြင်းခဲ့သူတွေ အဖြစ် ဗမာ ပုံစံ တကျ…။ တော်တော်တော့ ကွဲလွဲလှပါတယ်၊ ဒါပေမဲ့ ဒါကို အကောင်းဆုံးဖြစ်အောင် ရင်ဆိုင်ရမှာက ကျမတို့ မိဘတွေရဲ့ တာဝန်သာ ဖြစ်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့က မိဘ တာဝန်ကို ယူ ထားတာမို့လို့ ပါပဲ။ မိဘဆိုတာ သားသမီး စိတ်ချမ်းသာဖို့ နဲ့ အစစ အောင်မြင်အဆင်ပြေ ဖို့ ကိုသာ ဖြည့်ဆည်းပေးရမှာပါ။ ကိုယ့်ခံစားချက်ဆိုတာက နောက်မှာသာ ဖြစ်ရမှာပါ၊ အဲဒီအခါ သမီး ဖေဖေကို ပြောပြရပါတယ် .. ဖျောင်းဖျ ရပါတယ်။ 
“သမီးက ခုထိ စာ သိပ်တော်တယ်..။ Honor အတန်း မှာကိုပဲ အမြဲ Grade A ရနေတုန်း..။ ဒီအရွယ် စိတ်ကစားတာလည်း ပုံမှန်ပဲလေကွယ်..။ သူ့ကို လမ်း မှား မသွားဘဲ သူလည်း စိတ်ပေါ့ပေါ့ပါးပါးရှိအောင် တချို့နေရာတွေမှာ ထိန်း.. တချို့ နေရာ တွေမှာ မသိ ချင်ယောင်ဆောင် ရမယ်နော်..” ဆိုတာတွေ ပြောရပါတယ်။
တဘက်မှာတော့ သမီးကို အမြဲမပြတ် အကဲခတ်စနစ်နဲ့ အလိုလည်းလိုက်ရင်း စည်းကမ်းလည်း ကိုင်ရ ပါတယ်၊ ဆုပေးဒဏ်ပေးလည်း လုပ်ရပါတယ်၊ ‘သမီးက မေမေငယ်ငယ်တုန်းကထက်တောင် လိမ်မာ သေးတယ်’ လို့တောင် ပြောရပါသေးတယ်၊ ပြီးတော့ ကျမ ငယ်ငယ်တုန်းက အကြောင်းတွေ.. အမှား တွေ ကိုလည်း ပြောပြပါတယ်။ သမီး နဲ့ ကျမ ဆယ်ကျော်သက်ပြဿနာအကြောင်း ရိုက်ပြတဲ့ ရုပ်ရှင် တွေ.. ရုပ်မြင်သံကြားက လွှင့်တဲ့ နာမည်ကြီး ပညာပေးစကားဝိုင်းအစီအစဉ်တွေ အတူ ထိုင်ကြည့်ပြီး ဆွေးနွေး ကြရင်း သမီးရဲ့ အယူအဆ ကို လေ့လာ ရပါတယ်။ ဘယ်စကားက အမေ့အကြိုက် လိုက်ပြောတာလဲ.. ဘယ်စကားက ညာပြောတာလဲ.. ဘယ် စကားက အမှန်လဲ.. ဆိုတာတွေ အကဲခတ် ရပါတယ်။ 

သမီး မူလတန်းအောင်စဉ်က Elementary Graduation မှာ Presidential Award ရပါတယ်။ အဲဒီအတွက်လည်း ဂုဏ်ယူကြောင်းပြောပြရသလို သမီးကို မြင်းကောင်းခွာလိပ် ဖြစ် မသွားဖို့ လည်း ပြောပြ ရပါတယ်။ ဒီတိုင်းပြည်က ကလေးတွေက မေးခွန်းထုတ်ကျင့်ရှိသူတွေမို့ အရာရာကို အကျိုး အကြောင်း နဲ့ ပြောပြ နိုင်မှ လက်ခံပါတယ်။ စာတော်လို့ အောင်မြင်တာ ဘာကြောင့် ကောင်းတယ်.. မအောင်မြင် တာက ဘာကြောင့် မကောင်းသလဲ ဆိုတာတွေ ပြောပြရပါတယ်။ ကံကောင်းချင်တော့ ကျမတို့ ၀န်းကျင် က မြန်မာမိသားစုတွေထဲမှာ ကြိုးစားလို့ အောင်မြင်တဲ့ နမူနာကောင်းတွေ အများကြီး ရှိနေတာ ပါပဲ..။ ပြီးတော့ သမီးရှေ့မှာ သားကြီးက မားမားမတ်မတ် နမူနာဖြစ်နေလေတော့ ကျမ တော်တော် အသက် ရှူချောင်ရပါတယ်။

သေချာတာကတော့ ဒီတိုင်းပြည်က ဆယ်ကျော် သက် တွေဟာ ကျမတို့ဆယ်ကျော်သက် အရွယ် တွေတုန်း ကထက် အရာရာမှာ အများကြီး ပိုသိ.. ပို တတ်နေတာတော့ အမှန်ပါပဲ။ ဒီတော့ အသက် ၁၅နှစ် မပြည့်သေးတဲ့ သမီးကလည်း ကျမ ထင်တာထက် ပိုပြီး နားလည်နေ တတ်ခဲ့ တာ တွေ့ရပါ တယ်။ (ဒီက အလယ်တန်း ကျောင်းသင်ရိုး မှာ မိသားစု ပညာရေး (Family Education) ဆိုတာ လည်း သင်ရ တာကြောင့် ထင်ပါတယ်။) ဒါပေမဲ့ အရေးကြီးတာကတော့ သမီးဟာ သူ့ ဘ၀ ကို သူပဲ ရွေးချယ်ရမှာ.. ရင်ဆိုင်ရမှာ ဆိုတာတွေကို ကောင်းကောင်းသိဖို့ နားလည်ဖို့ပါပဲ..။ 

အမေတစ်ယောက်အနေနဲ့ ကျမ တွေးမိတာကတော့ .. ကံတရား နဲ့ သမီးရဲ့ ဆင်ခြင်တုံတရားက အား ကောင်း ရင် .. ကျမတို့ သမီးဟာ လှပတဲ့ ဘ၀တစ်ခု ကို အချိန်မှန်မှန် နေရာမှန်မှန်နဲ့ ဖန်တီးနိုင်ပါလိမ့် မယ်၊ ကျမတို့ မိဘ တွေအဖို့ကတော့ သမီးရဲ့ ပညာရေး.. ကျန်းမာရေး.. စားဝတ်နေရေး နဲ့ ဥာဏ် အမြော်အမြင် ရှိဖို့ တွေ ကို အစွမ်းကုန် ပြောဆို.. ပံ့ပိုး… ကူညီ ပေးသွားဖို့သာ တတ်နိုင် ပါတယ်။
နောက်တစ်ခု ကျမ သတိရရမှာက ကျမတို့ရဲ့ အဲဒီ ဆယ်ကျော်သက် အရွယ် ကိုပါ။ ဒါမှပဲ ကျမက သမီးကို ကိုယ်ချင်းစာ နားလည်နိုင်မှာပါ။
မိဘနဲ့ သားသမီးကြားမှာ စာနာ နားလည်မှုနဲ့ ယှဉ်တဲ့ မေတ္တာတရားကသာ အရေးကြီးဆုံးလို့ ကျမက ယုံကြည်ပါတယ်။
+++++

ကျမရဲ့ ကျောင်းသား အမေရိကန်တွေက ကျမက အရွယ်ရောက်တဲ့ သား နဲ့ သမီး ရှိတဲ့ အာရှ အမေမို့ စိတ်ဝင်တစားမေးကြပါတယ်..။ ကျမကလေးတွေကို ဗမာလူမျိုးအချင်းချင်းပဲ လက်ထပ်စေချင် သလား တဲ့..။ ကျမက .. ငါ အရိုးသားဆုံးပြောရရင် အဲလို ဘယ်လူမျိုးနဲ့မှ.. ဆိုတဲ့ သဘောထား မရှိတာ အမှန် ပဲ..။ သူတို့ချင်း ချစ်ကြ ကျေနပ်ကြဖို့နဲ့ အတတ်နိုင် ဆုံး အနေအထားမှာ ပြည့်ပြည့်စုံစုံ ပျော်ပျော်ရွှင်ရွှင် ရှိရင် ရပြီ.. လို့ အမြဲ ပြန်ဖြေဖြစ်ပါ တယ်။ အဲဒါလည်း တကယ်ပါ… တပါးတိုင်းပြည်မှာ ရွေးစရာ ရှားတဲ့ အခါ စည်းမျဉ်းဘောင် ထဲ ကျမ သားသမီးတွေကို မကျဉ်းကျပ်စေချင်ပါဘူး..။ လူ ပီပီ သသ.. လူစိတ်ရှိရှိ နဲ့ လူ့တာဝန်ကျေတဲ့ သူမျိုးနဲ့တော့ တွေ့စေချင်တယ်ဆိုတဲ့ သဘောထားပဲ ရှိပါ တယ်။ ဒါကြောင့် ခုချိန် ထိ သားကြီးကိုလည်း ဘယ်လိုလူကို မရွေးနဲ့ .. ဘယ်လိုလူမှ သဘောတူနိုင် မယ် ဆိုတာတွေ တခါမှ မပြောဖူး သလို ကျောင်းတက်တာတောင်မှ ဒါကို မရ အရ လုပ်ရမယ်လို့ တခါမှ မပြောခဲ့ဖူးပါ။ လုပ်သင့် တဲ့ လမ်းကြောင်း ချပြရုံသာ လုပ်ဖြစ်ခဲ့ပါတယ်။

တကယ်တော့လည်း မိဘဆိုတာက လမ်းပြ.. နမူနာပြရုံသာ လုပ်သင့်တာပါ။ အမိန့်ပေး ခိုင်းစေတာမျိုး ကိုတော့ ကျမကိုယ်တိုင် မကြိုက်တာမို့ ဘယ်သူ့ကိုမှလည်း ကိုယ်မကြိုက် တာကို မပေးချင်ပါ။

 +++++ 

ကျမတို့ မိသားစု အမေရိကကို ပြောင်းတော့မယ်ဆိုတော့ ဇင်းမယ်က သူငယ်ချင်းတချို့က စသလို နောက် သလိုနဲ့ သတိပေးပါတယ်။ သမီးမွေးထားတာ သတိထားနော်.. ‘အမည်း’ နောက် ပါသွား မယ် တဲ့။ ကျမ ကတော့ ပြုံးနေလိုက်ပါတယ်..။ ကိုယ့်ဗမာချင်း အိမ်ထောင်ပြု ပြီး စိတ်ဆင်းရဲနေမလား.. လူမျိုးခြား နဲ့ ယူပြီး စိတ်ချမ်းသာနေမလား…။ ဘယ်လိုမှ မသေချာနိုင်တာတွေ..။ ဒီတော့ အတတ်နိုင် ဆုံး အကောင်း ဆုံးဖြစ်အောင် ကြိုးစား တည်ဆောက်ကြရုံ ကလွဲလို့ ကျမတို့က ဘာကိုများ တတ်နိုင် မှာပါလဲ..။ ကိုယ့်ကိုယ် ကို တွေတောင် မပိုင်တဲ့ ဒီလူ့ဘ၀ထဲ…။

တလောကမှ ကွယ်လွန်သွားခဲ့တဲ့ ကဗျာဆရာ.. စာရေး ဆရာမ အနုပညာရှင် ‘မာယာအင်ဂျလို’ က ပြောပြခဲ့ တယ်.. ဘ၀ဆိုတာ ဖြတ်သန်း ရယူနိုင်ရင် သင်ခန်းစာယူဖို့ အကောင်းဆုံးကျောင်း.. တဲ့။
အဲလိုပဲ ကျမရဲ့ ကိုယ်ပိုင်အတွေ့အကြုံက သင်ပေးခဲ့တာက ဘယ်အရာကမှ အဆိုးဆုံး မဟုတ်သေး ဘူး ဆိုတာ နဲ့  လဲကျ ပြီးရင် ရအောင် ပြန်ထ ဖို့ …။

တရုတ် စာရေးဆရာကြီး လူရွှန့် ကတော့ အိမ်ထောင်ဖက် ကောင်း ရရင် စိတ်ချမ်းသာရမယ်.. အိမ်ထောင်ဖက် ဆိုးဆိုးရရင်တော့ အတွေးအခေါ်ပညာရှင် (အနုပညာရှင်) ဖြစ်နိုင်တယ် တဲ့။
အဲဒီအခါ ကျမ သားသမီးတွေကို ပြောပြဖို့ တစ်ခုတည်းပဲ ရှိပါတော့တယ်..။ 
အမြဲတမ်း...  အကောင်း အဆိုး အရှုံးအနိုင် တွဲနေတဲ့ လူ့ဘ၀ထဲမှာ အကောင်းကို ကြုံရတဲ့အခါ အဲဒီအကောင်းလေးကို မြဲနိုင်သမျှ မြဲအောင် ကြိုးစားဖို့နဲ့ … အရှုံးကို ကြုံတဲ့အခါမှာလည်း အရှုံးထဲကနေ အမြတ်တခုခု ရအောင် ပြန်ယူတတ်ဖို့သာ ကြိုးစားကြရလိမ့်မယ်… ဆိုတာကိုပေါ့၊
++++++

Sep 17, 2014

ဘီအာရ်

ဘီအာရ်
မင်းကိုချစ်တယ်
ဒါကြောင့် ကိုယ် ရှိတယ်..။
(ခင်အောင်အေး)

ဘာဆန်းသလဲ .. ဒီကဗျာ။ ဒါပေမဲ့… ကျမ ရင်ထဲ ဒိုင်းကနဲဆို.. ‘ဒါကြောင့်’ ဆိုတာလေးက ၀င်လာ တယ်။ ဒါကြောင့်.. ကြောင့် ဒါက ကဗျာဖြစ်သွားတာပေါ့..။ ဒါကြောင့်.. ကြောင့် လူတစ်ယောက်ကို တွေ့ရတာပေါ့..။ အဲဒီလူ... ဘီအာရ် နဲ့ .. ဒါမှမဟုတ်.. ဘီအာရ်ကြောင့် ရူးသွပ်နေတဲ့သူ..။

ဘီအာရ်
အစောကြီး
အိပ်ရာက နိုးလာခဲ့တယ်
ဟုတ်တယ်
မင့်စိတ်နဲ့ပါပဲ
(ခင်အောင်အေး)

+++++

ဝန်ခံရရင် ဘာစာမှမဖတ်ချင် .. ဘာစာမှမရေးချင်..။ ကဗျာတွေပဲ ဖတ်ချင်နေခဲ့တာ... ဖတ်နေခဲ့တာ.. အတော်ကြာ သွားပြီ။ ဘီအာရ်ကို မနေ့က ရတယ်။ ဒီနေ့တစ်နေ့လုံး အားတဲ့အချိန်တွေမှာ ဖတ်တယ်.. ။
ပြောဖူးပါပကော အကြိမ်ကြိမ်..။ ကျမက အချစ်ကိုပဲ ခံစားချင်တာ.. အချစ်ကိုပဲ ရေးဖွဲ့ချင်တာ.. အချစ်နဲ့ ပတ်သက်သမျှကိုပဲ ဖတ်ချင်တာ..။ နောက်ဆုံး မျက်နှာစာအုပ်က Status တွေမှာတောင် ချစ်သူချင်း.. လင်မယားချင်း ချစ်ကြတဲ့ အချစ်ကို တွေ့ရစေတဲ့ စာတွေ တွေ့ရင်ကို ကြည်နူး ကျေနပ် တတ်တာပါ။
အနည်းဆုံး ဒါမျိုးလေးပေါ့…

ဘီအာရ်
ခုပဲ ကြေးနန်းတစ်စောင် ၀င်လာတယ်
မင်းရှေ့မှာ နှင်းဆီပန်းစည်းကြီးတဲ့
ကဲ…
ယုံပြီမဟုတ်လား… (ခင်အောင်အေး)

+++++

ကျမတို့ ဗမာလူမျိုးအများစုကတော့ အချစ်ဆိုတာကို အသက် အရွယ် နဲ့ ပိုင်းဆုံးဖြတ်တတ်တယ်..။ ပြီးတော့ တချို့ကကျတော့ ချစ်ခြင်းမေတ္တာစိတ် နဲ့ လိင်စိတ် ဆိုတာကို မကွဲပြန်ဘူး..။ ဒီတော့ အချစ်ဆိုတာကို ခံစားရင်ပဲ အကောင်းမမြင်ကြတော့ဘူး..။ အသက်အရွယ်ရတဲ့အထိ အချစ်ကို ခံစားနေသေးရင်ပဲ နှာခေါင်းရှုံ့စရာလို့ မြင်တတ်တဲ့ လူမျိုးလေ..။ အရေးကြီးတာက ချစ်ခြင်းမေတ္တာ.. ဆိုတာကို ဘယ်လောက် ခံစားတတ်သလဲ ဆိုတာပါပဲ။

ဘီအာရ်
မင်း ဟိုဟိုဒီဒီသွားရင်းနဲ့
နှင်းဆီနီနီတစ်ပွင့်တွေ့ရင်
အဲဒါ ကိုယ်ပဲလို့ မှတ်
နှင်းဆီတွေ အများကြီး
တစုတစည်းတည်း တွေ့ရရင်
အဲဒီထဲက တစ်ပွင့်ဟာ
ကိုယ်ပဲလို့ မှတ်
နှင်းဆီတစ်ပွင့်တစ်လေမှ
မင်းမတွေ့ရဘူးဆိုရင်တော့
ကိုယ် ဒီမှာ နေရင်းထိုင်ရင်း
စိတ်ဖောက်ပြန်သွားပြီလို့သာ မှတ်…
(ခင်အောင်အေး)

+++++

အချစ်လို့ ကျမတို့ လွယ်လွယ်ပြောနေကြတာက မေတ္တာတရားအခြေခံတဲ့ စွဲငြိတွယ်နှောင်တဲ့ ခံစားမှု ပါ..။ ကျမ မျက်စိအောက်ကနေ အတော်ကြာကြာ ပျောက်ရှနေခဲ့တဲ့ ရူးရူးသွပ်သွပ် အချစ် ကဗျာ ... ဖတ်ရပြီ..။ (ကို) ခင်အောင်အေး က ကဗျာတွေကို တစ်ပုဒ်စီလို စီပေမဲ့ ကျမအတွက်တော့ ကဗျာရှည်ကြီးပါပဲ။ စာအုပ်လေးကလည်း လုပ်တဲ့သူရဲ့ စေတနာနဲ့ ချစ်စရာ သပ်သပ်ရပ်ရပ် ရှိလှပါတယ်။ ဒီနေ့တော့ ကျမက ဘီအာရ်နဲ့ နေ့တွက်ကိုက်ခဲ့ပြီ…။



+++++

ဘီအာရ်
ချစ်တယ်လို့ ပြောဖို့ရာ
ကိုယ်တစ်ယောက်တည်း ပြောနေရတာ
မလုံလောက်ဘူး
လာ
ကူ
ပြော
လှည့်
(ခင်အောင်အေး)

+++++

အချစ်ဆိုတာကိုက အဲလို ရိုးရိုးလေးနဲ့ လှပါတယ် (လှရပါတယ်)…။

မေငြိမ်း

၉၊၉၊၂၀၁၄။

Dec 24, 2013

အဆိပ်အတောက်ဖြစ်နေနိုင်တဲ့ စာတစ်ပုဒ်




ကျမ ငယ်ငယ်က အဖေ့စာအုပ်စင်မှာ တွေ့သမျှ စာအုပ်တွေ ဆွဲဖတ်ရင်း ပေါ်လီယာနာ တို့ .. ထမီကျွတ်၍ လွှတ်လိုက်မည် တို့၊ မပန်ပါနဲ့ ကြွေချင်တယ်.. တို့၊ နှလုံးသားမြို့ဟောင်း တူးဖော်ချက် နောက်ဆုံး အစီရင်ခံစာ.. တို့ကနေစလို့ ၊ စစ်နဲ့ ငြိမ်းချမ်းရေး.. အရင်းကျမ်း.. အာဒိကပ္ပကျမ်း.. ဘာသာကြီးလေးမျိုးပေါ် အမြင်.. ဗုဒ္ဓ၀ါဒ ပြဿနာများ.. သိဒ္ဓတ္ထ .. ဇိနတ္ထပကာသနီ .. ဗုဒ္ဓဘာသာကောင်းတစ်ယောက်.. လာခြင်းကောင်းသောအရှင်.. ၅၅၀ ဇာတ်တော်များ လို စာအုပ်တွေအထိ အမျိုးစုံ ဖတ်ခဲ့တာမှာ ဟိုစပ်စပ် ဒီစပ်လေးတွေ သိလာပါတယ်။

အထူးသဖြင့်တော့ ဘုရားမရှိခိုးတဲ့.. သူများကို ပိုက်ဆံ ကူညီပြီး အလှူလို့ ကင်ပွန်းမတပ်တဲ့၊ သံဃာတော်တွေကို အလှူလုပ်ပေမဲ့ ရေစက်မချတဲ့.. ၊ နတ်ကိုးကွယ်မှုကို ဆန့်ကျင်တဲ့.. နတ်ကိုးကွယ်မယ့် အစား ကိုယ့်မိန်းမကို ကိုးကွယ်တာတောင် အကျိုး အများကြီး ရှိသေးတယ်လို့ ပြောတတ်တဲ့.. ၊ ကျနော်က မိရိုးဖလာ ဗုဒ္ဓဘာသာဝင် မဟုတ်ဘူး.. ဗုဒ္ဓ၀ါဒီလို့ ပြောတတ်တဲ့..၊ ရွှေတိဂုံဘုရားပေါ်တက်တိုင်း ဗုဒ္ဓဟူးထောင့်မှာ ထိုင်ပြီး ငြိမ်ငြိမ်လေး ထိုင်ပြီး ရွှေတိ၈ုံစေတီတော်ကို ကြည့်နေရတာ တရားထိုင်ရသလိုပဲ စိတ်အငြိမ်းချမ်းဆုံးလို့ ပြောတတ်တဲ့ ၊ ပြီးခဲ့တာကို ချထားခဲ့.. ရှေ့ဆက် လုပ်.. ခရီးဆုံးရောက်အောင် ဇွဲနဲ့သွားဆိုတဲ့ မူကို ကြိုက်လို့ တခါတလေ ဇင် ဗုဒ္ဓ ၀ါဒီတွေက ပိုပြီး အလုပ်ဖြစ်တယ်လို့ ပြောတတ်တဲ့.. အင်မတန် လက်တွေ့ကျကျ နဲ့ ဒီကနေ့ ဆိုတာကို တည့်တည့် ရင်ဆိုင်ပြီး လုပ်စရာရှိတာကို လုပ်သွား တတ်တဲ့၊ နောက်ဆုံးအချိန်ထိ သတင်းစာထဲထည့်ရမယ့် ကိုယ့်နာရေးသတင်း ကို ကိုယ်တိုင်ရေး ထားသွား ခဲ့တဲ့ အဖေနဲ့  ကြီးပြင်းခဲ့တဲ့အပြင် အဖေက ကျမကို သားယောက်ျားလေးလို မွေးမြူခဲ့တာမို့ အဖေ့ အတွေးအခေါ် အယူအဆတွေက ကျမဆီ စိမ့်ဝင်နေခဲ့ပုံရပါ တယ်။ (အမေ့အပြောအရတော့ ကျမက အဖေနဲ့ ရုပ်ရော စိတ်ပါ အတူဆုံးသမီးလို့ ဆိုပါတယ်)

ကျမက ကိုယ့်ကိုကိုယ် ဗုဒ္ဓဘာသာဝင်အဖြစ် သိပ်ကျေနပ်ပါတယ်။ သိဒ္ဓတ္ထမင်းသား နိမိတ်ကြီးလေးပါး မြင်ပြီး တရားရတာ သိပ်တော်တဲ့ မင်းသားပဲ.. ဒီအရွယ်.. ကာမဂုဏ်အာရုံထဲ ဒီလောက်နေလို့ ကောင်းနေတဲ့အချိန် ဒါဟာ သုခ အစစ်မဟုတ်ဘူး ..  မမြဲဘူးလို့ မြင်တာ.. တော်လိုက်တာ.. ။ ပြီးတော့ ဆရာရှာမတွေ့ဘဲ ကိုယ့်ဘာသာ အားထုတ် ရှာဖွေရတာမို့ ၆ နှစ်လောက် လမ်းလွဲသွားရှာသေးတာ..။ ဟုတ်ပြီ .. ဉာဏ်အလင်းပွင့်ပြီလည်းဆိုရော သူသိသမျှကို ဝေငှတော့တာ..၊ ဉာဏ်မီတဲ့သူ ရပေလိမ့်..။ သူ ရှာတွေ့သမျှ ငြိမ်းချမ်းရာငြိမ်းချမ်းကြောင်းထဲ ကျမ ဉာဏ်မီ သမျှက ရလိုက်တာက သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါး၊ ၃၈ဖြာမင်္ဂလာ၊ ၂၄ ပစ္စည်းဖြစ်စဉ်အဆင့်ဆင့် နဲ့ ပဋ္ဌာန်း အကျယ် ၊ ပြီးတော့ ကိုယ့်ခန္ဓာကိုယ်အတွင်း ဖြစ်ပျက်နေသမျှ နဲ့ ဆက်စပ်နေတဲ့ အဘိဓမ္မာ.. ရပြီ။ ဒီလောက်နဲ့ ကို ဒီလို အသိတရားထူးကို ထိုးထွင်းသိမြင် ရှာဖွေတွေ့ရှိခဲ့တဲ့ လက်ဦးဆရာ သဗ္ဗညုတပညာရှင်ကြီးကို ကျမ အမြတ်တနိုးနဲ့ ဘုရားရယ်လို့ ကြည်ညိုပြီ။

အဲဒီအခါ အကြည်ညိုလွန်သူတွေက ဘုရားရယ်လို့ ရုပ်ပွားတွေ ထုလုပ်ပြီး ကြည်ညိုကြတဲ့အခါ ၊ ကျမလည်း အဲလို အမှတ်ထား ကြည်ညိုရတာကို ကြိုက်ပါတယ်။ အဲဒီအခါ စိတ်ကူး ခပ်ယဉ်ယဉ် ကျမက ၊ ဘုရားက အိန္ဒိယနွယ်ဖွားမို့ ဒီလိုလေးနေမှာလို့ တွေးပြီး နှာတံ ချွန်ချွန် နဲ့ ..၊ ပြီးတော့ ရောင့်ရဲတဲ့အကျင့်ကို ကျင့်သူမို့ ဘုရားရှင်ဟာ ခပ်သွယ်သွယ်ဖြစ်မှာလို့ တွေးပြီး.. ပိန်သွယ်သွယ် မျက်နှာကျ လေး ပေါ်ပေါ်နဲ့.. ၊ ဘုရားရှင် ကိုယ်တော်ကြီးက..  ပကာသနဆိုတာ အဆိပ်အတောက်တွေပဲလို့ တရားပြခဲ့သူမို့  ရွှေတွေအိနေအောင် ချမထားတဲ့ (အရောင်လှပြီး သာမန်ထက်ထူးကဲကြောင်းပေါ်ရုံလေး ရွှေရောင်ဝင်းထားတဲ့.. အဲလို ဆင်းတုမျိုး တွေကို အိမ်မှာ စင်မြင့်ထက်တင်ပြီး တရိုတသေ နေရာပေး ကိုးကွယ်ပါတယ်။ ပြီးတော့ ဘုရားရှင် အချိန် ကြာကြာ သီတင်းသုံးလေ့ရှိခဲ့တဲ့ ဇေတ၀န်ကျောင်းတော်မှာတောင် သာယာငြိမ်းချမ်းတဲ့ အငွေ့အသက်ရအောင် ပန်းဥယျာဉ် ရှိတာဆိုတော့ ဘုရားရှင်နံဘေးမှာ ပန်းတွေ ဝေအောင် ကြိုးစား ဖန်တီးပါတယ်။

++++++

ကျမရဲ့ အဖွားတွေက နေ့တိုင်း မနက်တိုင်း ဘုရားရှင်ကို သက်ရှိသံဃာတော်တွေကို ဆွမ်းကပ်သလို စားပွဲဝိုင်းနဲ့ အချိုပွဲ ၊ လက်သုတ်ဝတ် ၊ ဇွန်းခက်ရင်းမကျန် ဆွမ်းကပ်ပါတယ်။ အိမ်မှာ အမြဲ ဆွမ်းခံကြွတဲ့ ထိုင်ကိုယ်တော် တွေ အနည်းဆုံး ၅ ပါးရှိပါတယ်။ ကျမ လည်း အိမ်မှာ ဆွမ်းခံကြွတဲ့ သံဃာတော် ရှိမှ စိတ်ချမ်းသာပါတယ်။ ကထိန်ဆိုရင် အများကြီး မခင်းနိုင်တော့တာတောင် အနည်းဆုံး သင်္ကန်းလှူ ဆွမ်းကပ်ချင်ပါတယ်။ ဒါပေမဲ့ ကျမက ဘုရားရုပ်ပွားတော်ကိုတော့ ဆွမ်းမကပ်ပါဘူး။ ဒါက ကျမ အယူအဆနဲ့ ကျမပါ။ ဆွမ်းကပ်တဲ့ သူတွေက လည်း သက်ရှိဘုရားရှင်ကဲ့သို့ သဘောထားပြီး တရိုတသေ ကပ်ကြ တာပါ..။ ပြီးတော့ တန်ခိုးအာနုဘော် ရှိနေတဲ့ ရုပ်ပွားတော်ဆိုရင် ဆွမ်းစားရသကဲ့သို့ ရှိမယ်ဆိုတာကို လည်း ဖြစ်ချင်ဖြစ်နိုင်တယ်လို့ လက်ခံနိုင်ပါ တယ်။ ဒါကို ကျမ ဝေဖန်စရာ မရှိပါဘူး။

 ဒါပေမဲ့ အဖွားတို့က ကိုယ့်နားမှာ စားစရာမရှိတဲ့ အမျိုးတွေကိုတော့ မပေးဘဲ ရွှေတိဂုံစေတီ ထီးတော်မှာ သူတို့ရဲ့ စိတ်နားကပ်တွေ စိန်လက်စွပ်တွေ သွားချိတ်တာကိုတော့ ကျမ လက်မခံချင်ပါဘူး။ (အဖွားကို ပြောတော့ အဖွားခမျာ ကျမကို မိစ္ဆာဒိဋ္ဌိဖြစ်မယ်ရယ်လို့ စိတ်ပူရှာပါတယ်) နောက်.. ကျွဲကော်သီးတွေ အလုံးလိုက်ကြီး ဘုရားစင်ပေါ်တင်ပြီး ဘုရားကို လှူတယ်ဆိုတော့.. ကျမက အဖွားရယ်.. ဘုရား ဘယ်လို ခွဲစားမလဲလို့ ပြောမိပါတယ်..။ ကျမသူငယ်ချင်းတစ်ယောက်ဆို ငှက်ပျောသီးအစိမ်းတွေ အဖြီးလိုက်တင်သေး.. ပြီးတော့ နောက် သုံးလေးရက်နေရင် မှည့်ပြီ.. စွန့် စားရုံပဲ လို့ ပြောသေးတာ.. တကယ်။

ပြီးတော့ ကျမက ကိုယ်တိုင် ပရိတ်ကြီး ၁၁ သုတ် နဲ့ ပဋ္ဌာန်းအကျယ်.. ဓမ္မစကြ်ာ ဒေသနာတော် အကုန်ရပေမဲ့ ကျမရဲ့ သားသမီးးတွေကို သြကာသ နဲ့ ငါးပါးသီလက လွဲလို့ ဘုရားစာ မသင်ဖြစ်ပါဘူး။ မေတ္တာသုတ် ကိုတော့ အနှစ်သာရ ကို ကြိုက်တဲ့ အပြင် ကလေးတွေလည်း နားလည်ကောက်ယူနိုင်တဲ့ အဓိပ္ပါယ် ရှိတာကြောင့် အနက် က အစ (အချိန်တန်တဲ့အခါ) သင်ပေးဖို့ အစီအစဉ် ရှိပါတယ်။ ပြီးတော့ ဗုဒ္ဓရဲ့ ဖြစ်တော်စဉ်ကို သူတို့ နားလည်မယ့် စကားလုံးတွေနဲ့ သေသေချာချာ ပြောပြပါမယ်။ ဗုဒ္ဓဟာ အသိဉာဏ်ပညာမှာ အနှိုင်းမဲ့သူဖြစ်ကြောင်း..၊ အဲဒီပညာကြောင့် ရှာတွေ့လာတဲ့ အယူအဆ က ကောင်းလွန်း.. ပြည့်စုံလွန်း.. စိတ်အေးချမ်းရလွန်းလို့ လိုက်နာကျင့်ကြံသင့် ကြောင်း..၊ ဗုဒ္ဓက ရှာတွေ့ ထားတဲ့ လမ်းကို လိုက်နာကျင့်သုံးလို့ ဗုဒ္ဓဘာသာလို့ ခေါ်တာဖြစ်ကြောင်း..၊ ပြီးတော့ ကောင်းမွန်သင့်မြတ်တဲ့ အကျင့် ၈ မျိုး (မဂ္ဂင် ရှစ်ပါး) နဲ့ သူတပါးအပေါ် ကိုယ်ချင်းစာတတ်ပြီး လောကဓံကို ရင်ဆိုင်တတ်စေဖို့မှာ အရေးပါလှတဲ့  ဗြဟ္မစိုရ်တရားလေးပါး ကို ပြောပြမယ်။ ဘာဖြစ်လို့ ကိုယ်ကျင့်တရား (၅ ပါးသီလ)က အရေးကြီးလဲဆိုတာ ပြောပြမယ်..။ အဲလောက်ကိုပဲ သားတို့ သမီးတို့ ကျင့်နိုင်အောင် မနည်း ကြိုးစား ရ မှာ လို့ ပြောပြမယ်။ သူတို့ လက်ခံယုံကြည်ရင် ကျမရဲ့ သားသမီးက ဗုဒ္ဓကို သိပြီ။ (သားကြီးကတော့ သိသင့် သလောက် သိပြီးပြီ  .. သူဘယ်လို လက်ခံသဘောထားတယ်ဆိုတာ နဲ့ သူယုံကြည်တဲ့ ကိုးကွယ်မှုပုံစံက သူ့ကိစ္စ)

ပြီးတော့ သူများရဲ့ ကိုးကွယ်ယုံကြည်မှု နဲ့ မကိုးကွယ် မယုံကြည်မှုကို ကဲ့ရဲ့တာလည်း မကြိုက်ပါဘူး..။ ပြီးတော့ ကိုယ့်ဘာာရေးကြောင့် သူများကို တနည်းနည်းနဲ့ အနှောင့်အယှက်ပေးတာ.. ထိခိုက်နစ်နာစေတာကိုလည်း မကြိုက်ပါဘူး။ ကျမအတွက်တော့ ဘုရားရယ်လို့ မဟုတ်ဘဲ အယူအဆကို ကြိုက်လို့ တရားလို ကျင့်ကြံရတာတွေလည်း အများကြီးပါ..။ ဥပမာ.. မဟတ္တမ ဂန္ဓီကြီး လူငယ်ဘ၀ ရထားစီးရင်း ဘိနပ်တဘက် ကျွတ်ကျတာမှာ နောက်တဘက်ပါ ထားရစ်ခဲ့တာမျိုးက ကျမအတွက် ကျင့်ကြံရတဲ့ တရားပဲ..။ ဗိုလ်ချုပ်အောင်ဆန်း ဆီမှာဆိုလည်း ကျမ ကျင့်ကြံရမယ့် တရားတွေ အပုံ..။ John Lennon ရဲ့ Imagine ကလည်း တရားပဲ..။ Vincent Van Gogh ရဲ့ Sunflower ကလည်း တရားပဲ။ Mother Teresa ရဲ့ ပရဟိတတွေကလည်း တရားပဲ.. ။ အဲလိုတွေအများကြီးပေါ့..။ အနက်အရှိုင်း ပမာဏသာ ကွာကောင်းကွာမယ်လေ။
 
အဲဒီအခါ ကျမက ပတ်ဝန်းကျင်တခုမှာ နည်းနည်းတော့ ပြဿနာရှိနိုင်ပါတယ်..။ စာရေးဆရာမ ကျောင်းဆရာမ ဖြစ်လေတော့ နည်းနည်း ပိုဆိုးနိုင်တာပေါ့. နော်.. .။