Mar 29, 2010

မြန်ပြည်သားချင်း ရိုင်းပင်းကူညီ ပြည်သူ့ဂုဏ်ရည်

အမေရိကားရောက်မြန်မာမိသားစုအသိုင်းအဝိုင်းများမှ မြန်မာပြည်တွင်း စေတနာ့ဝန်ထမ်း လူမှုလုပ်ငန်း စွမ်းဆောင်သူများသို့ ၄င်းတို့၏လုပ်ရပ်များအတွက် ကျေးဇူးတင်ဝမ်းမြောက် ဂုဏ်ယူပါကြောင်း အခမ်းအနား ကျင်းပပြီး နှစ်စဉ်ဂုဏ်ပြုမည့် ပြည်သူ့ဂုဏ်ရည် (Citizen of Burma Award) ဟုအမည်ပေးထားသည့် အစီအစဉ်တရပ်ကို ဝိုင်းဝန်း အကောင်အထည်ဖော်နေကြပါတယ်။

"မြန်မာပြည်သားအချင်းချင်း ရိုင်းပင်းကူညီ ပြည်သူ့ဂုဏ်ရည်"လို့ ရိုးရိုးလေးကြွေးကြော်ထားတဲ့ အဲဒီအစီအစဉ်မှာ ပူးပေါင်းပါဝင် ဆောင်ရွက်နေကြတဲ့ အမေရိကားမြို့စာရင်းများအရ ပြည်နယ်အသီးသီးမှ မြို့ကိုးမြို့အထိ ရှိနေပြီ ဖြစ်ပြီး၊ ကျန်ရှိနေသေးတဲ့ စိတ်ပါဝင်စားတဲ့ မြို့တွေနဲ့ ဆက်လက် ဆက်သွယ် ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။

ပထမအကြိမ်အနေနဲ့ အမေရိကန်ပြည်ထောင်စုမှာရှိနေတဲ့မြို့များနဲ့ စတင်မှာဖြစ်ပေမဲ့ နောင်လာမယ့် နှစ်များမှာတော့ အပြည်ပြည် ဆိုင်ရာ မြန်မာမိသားစုများရဲ့ ဂုဏ်ပြုရေးအစီအစဉ်အဖြစ် ကျယ်ပြန့်လာစေရန် ရည်ရွယ်ထားတယ်လို့သိရပါတယ်။ ဒီအစီအစဉ်မှာ ပူးပေါင်းပါဝင်ကြတဲ့ မြို့များထဲမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပလိုတဲ့မြို့တွေမှာ နှစ်စဉ် အလှည့်ကျဂုဏ်ပြုပွဲများ ကျင်းပသွားမှာ ဖြစ်ပြီး ပထမအကြိမ်ဂုဏ်ပြုပွဲကို ၂၀၁၀ ခုနှစ် ဧပြီလ၂၄ရက်နေ့မှာ လော့စ်အိန်ဂျယ်လိစ်မြို့၌ ကျင်းပသွားဖို့ စီစဉ်ထားပါတယ်။

မြန်မာပြည်တွင်းလူမှုရေးလုပ်ငန်းများကို ကိုယ်ကျိုးစွန့်အနစ်နာခံကာ အားကြိုးမာန်တက် လုပ်ဆောင်နေကြ သူများထဲက မိမိနှစ်သက်ရာ လူပုဂ္ဂိုလ် အဖွဲ့အစည်းတို့ကို ပြည်တွင်းပြည်ပမှ စိတ်ပါဝင်စားသူမည်သူမဆို အမည်စာရင်းများတင်သွင်းနိုင်ကြပြီး၊ အဲဒီ တင်သွင်းတဲ့ အမည်စာရင်းများကို မြို့အသီးသီးမှ ရွေးချယ်ရေး အဖွဲ့ဝင်များက ငါးဦးစီ ပြန်လည်စိစစ်ဆန္ဒပြုကြမှာဖြစ်ပါတယ်။

မြို့အသီးသီးရဲ့ဆန္ဒပြုချက်များမှ မဲအများဆုံးရရှိသူငါးဦး(သို့မဟုတ်)ငါးဖွဲ့ကို အင်တာနက်ဆန္ဒမဲများမှတဆင့် အပြည်ပြည်ဆိုင်ရာမြန်မာမိသားစုအသိုင်းအဝိုင်းများရဲ့ ဆန္ဒကို တောင်းခံသွားမှာဖြစ်ပါတယ်။ နောက်ဆုံး ဆန်ကာတင် ငါးဦးကိုရွေးချယ်ရာမှာတော့ “လူမှုရေးလုပ်ငန်းများကိုလုပ်ဆောင်ရာတွင် ကိုယ်ကျိုးစွန့်လွှတ် အနစ်နာခံမှု၊ ကျယ်ပြန့်ထိရောက် အောင်မြင်အောင်ဆောင်ရွက်ပြီးစီးနိုင်မှု၊ နိုင်ငံသားများနှင့် လူ့ဘောင် လောကအတွက် စံပြဖြစ်မှုများအပေါ်တွင်အခြေခံလျှက် လျာထားရွေးချယ်သွားမယ်” လို့ သိရပါတယ်။

အဲဒီလို ဆန္ဒမဲများတောင်းခံခြင်းဟာ ပြည်သူအများဝိုင်းဝန်းပါဝင်ဆောင်ရွက်နိုင်မယ့် အဓိကအစိတ်အပိုင်းဖြစ်ပြီး ပြည်တွင်းမှ လူမှုရေးသူရဲကောင်းများရဲ့ စိတ်စေတနာသန့်သန့်နဲ့လုပ်ဆောင်နေတဲ့၊ မြင့်မြတ်တဲ့ ဆောင်ရွက်ချက် တွေအပေါ်မှာ အကဲဖြတ်၊ ခွဲခြား၊ အဆင့် သတ်မှတ်တာမျိုးမဟုတ်ဘဲ ပြည်တွင်း၊ ပြည်ပ ပြည်သူအများစုရဲ့ ဆန္ဒကို ယေဘုယျ ထင်ဟပ်စေတဲ့ အင်တာနက်မှ ဆန္ဒပြုခြင်းပုံစံဖြင့် နှစ်စဉ်ရွေးချယ်ဂုဏ်ပြုသွားမယ်လို့ ဆိုပါတယ်။

ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းမှနိုင်ငံသားများရဲ့အကျိုးအတွက် လူမှုရေးလုပ်ငန်းများဆောင်ရွက်နေတဲ့ နိုင်ငံသားများကို အဝေးရောက်ပြည်သူများက ကျေးဇူးတင်ဂုဏ်ပြုတဲ့ဒီအစီအစဉ်အတွက် အမည်စာရင်း တင်သွင်းခြင်းကို www.citizenofburma.org မှာစတင် လက်ခံ နေပြီဖြစ်ပြီး နောက်ဆုံးဆန်ကာတင် ငါးဦးအား ဆန္ဒမဲပေးရွေးချယ်ခြင်းကိုတော့ ယခုနှစ်အတွက် ဧပြီလ ၁၂ရက်နေ့မှ ၂၁ရက် နေ့အထိ လုပ်ဆောင်သွားကြမှာ ဖြစ်ပါတယ်။ ဆက်သွယ်ရန်လိပ်စာကတော့- contacts@citizenofburma.org ဖြစ်ပါတယ်။ မြို့အလိုက် လက်ရှိဆောင်ရွက်နေသူများကို Our Community စာမျက်နှာမှာတင်ပြထားပါတယ်။

အားလုံးရဲ့ကိုယ်စား

ဦးကိုလေး(အယ်လ်အေ) 626-383-6901 ကိုဝေလ(နယူးယောက်) 718-505-0080 ကိုထိန်လင်း(ဆန်ဖရန်စစ္စကို) 415-531-3761 ကိုကျော်ဝဏ္ဏ (အယ်လ်အေ) 626-478-7717 ကိုမောင်ရစ် (ဆန်ဖရန်စစ္စကို) 415-595-1485


Mar 12, 2010

Feb 17, 2010

ဟိုလိုလို ဒီလိုလို.. လေလွင့်

ဘလော့မှာ အသစ်တင်ပါဦးလို့ ပြောကြတဲ့ သူတွေကို နေ့နေ့ညည အားနာ..။
Scan လုပ်ပြီး ပြန်တင်ရမယ့် ၀တ္ထုတိုတွေလည်း မရှိတော့။ ခက်ပါရဲ့..။
ပြန်ကြည့်တော့ စိတ်နှစ်ကိုယ်နှစ်နဲ့ စာလုံးဝ မရေးဖြစ်ခဲ့တာ.. တနှစ်တောင် ပြည့်ကာနီး…။
စိတ်ထဲ ဗလာနယ်ဖြစ်နေခဲ့တာတော့လည်း မဟုတ်…။
ရေးချင်တာလေးတွေ တွေ့တာမှ အကြိမ်ကြိမ်…။
ဒါပေမဲ့ စုစည်းဆောက်တည် မရတာပါ…။
ပြီးခဲ့တဲ့ တနှစ်မှာ ပန်းချီဆရာမ Louise Bourgeois ရဲ့ ပြပွဲကြည့်ရတုန်းကလည်း Feminism နဲ့ ပတ်သက်ပြီး တွေးမိတာလေးတွေ.. ရေးစရာတွေအစီအရီ….
နောက်တော့ Fall ရာသီမှာ ရောင်စုံ သစ်ပင်တွေထဲ ဘာကြောင့်မှန်းမသိ.. ဗန်ဂိုးကို လွမ်းလွမ်းနဲ့ ပန်းချီတွေပဲ ရေးချင်လာပြန်ရော..။
နောက်တော့ ခရီးတွေ သွားဖြစ်..
သိပ်လှတဲ့ San Francisco…
ချစ်စရာကောင်းတဲ့ Los Angeles …
အေးစက်စက်နိုင်တဲ့ တောမြို့လေး Fort Wayne…
နှင်းတွေ ဖုံးနေတဲ့ Chicago မြို့ကြီး …
တကယ်ဆို ရေးစရာတွေအများကြီးပေါ့…။
ဒါပေမဲ့ မရေးနိုင်ခဲ့..။ တကယ့်ကို ရင်ထဲမှာ ဗလာ.. ဗလာ.. ဗလာ…။
ဒါဖြင့် ကျမက ဘာဖြစ်နေတာလဲ..။
အင်း.. အဲဒါကိုပဲ သိချင်နေခဲ့တာ…။

+++++

“ဘ၀မှာ နေမပျော်ဘူးဆိုရင်.. ဘာကို နေမပျော်တာလဲဆိုတာ သိအောင်ရှာ…”
တကယ်တော့ အဲဒါ ကျမအနီးအနားက စိတ်ဓာတ်ကျနေတဲ့သူတွေကို ကျမ ပြောလေ့ရှိတဲ့ စကားးး။
ခုတော့ ကျမကိုယ်တိုင်..။ ကဲ.. ရှာ စမ်း.. ရှာ စမ်း.. ဆိုတော့…………
တွေ့ပါပြီ… ကျမကို မပျော်စေတဲ့အရာတွေ…
အာဖဂန်စစ်… အီရတ်စစ်… အသေခံဗုံးခွဲ သတင်းတွေ… မြောက်ကိုရီးယားဒုံးကျည်များ.. အီရန်နျူကလီးယား… ကျမတို့ရဲ့ အတ္တရူးစစ်ဗိုကြီးများ…
ဟေတီငလျင်ကလည်း ဗမာပြည်နာဂစ်ကို ပြန်ပြီး နာနာကျင်ကျင် သတိရစေ…
ကိုယ်တိုင် အပေါ်ကိုလည်း မော့မကြည့်နိုင်.. အောက်ခြေကိုလည်း ငုံ့မကြည့်ရဲ.. လက်ထဲမှာလည်း ဗလာ..။
အင်းးး ဘ၀ထဲ ဆိုးလှပါပေါ့…
ဒီကြားထဲ စိတ်အဆင်းရဲရဆုံးနဲ့ တွေးတွေးပြီး ရှက်နေရတာက ဦးအောင်ဆန်းဦး ကိစ္စ..
(ကျမ သူ့ကို သိပ်စက်ဆုပ်မိပေမဲ့ .. ဗိုလ်ချုပ်နဲ့ မေမေကြီး မျက်နှာကို မြင်ယောင်ပြီး ခုထိ ရိုင်းရိုင်းပျပျ မသုံးနှုန်းရက်သေးပါ)။
သူ့ကို စိတ်ပျက်တာနဲ့ ဆက်နွယ်ပြီး နဂိုတည်းက မကြိုက်တဲ့ သူ့ကတော်ကို ပို ခါးသီး..။ သူ့ဆောင်းပါးပါတဲ့ ရွှေအမြုတေကိုတောင် သပိတ်မှောက်တဲ့အနေနဲ့ မဖတ်ချင်တော့။(လောလောဆယ်တော့ တလ ၁၅အုပ်မှာပြီးဖတ်တဲ့ မဂ္ဂဇင်းစာရင်းထဲကနေ ထုတ်လိုက်ပီ)။
ဒီကြားထဲ ခင်မောင်အေး(မန္တလေး)ကလည်း အိမ်အမွေရလိုပြန်သတဲ့..။ ရှက်စရာ ကောင်းလှချည့်..။ စိတ်ပေါက်ပေါက်နဲ့ သူ့ဝတ္ထုကို ရုပ်ရှင်ရိုက်တဲ့ .. ကျမ သိပ်ကြိုက်တဲ့ "သင်္ကြန်မိုး" ကိုတောင် မကြည့်ချင်တော့သလိုဖြစ်..။
ကျမဖြင့် တယောက်တည်း အဲဒီလူကြီးဆိုသူတွေအစား ရှက်… စိတ်တွေတိုနဲ့ ဗျာကို များလို့။

ကိုယ့်အသက်ပြန်ကြည့်တော့ဖြင့် လူ့သက်တမ်းရဲ့ ၃ပုံ၂ပုံထဲ ရောက်နေပြီ..။ စိတ်တွေက ပျံ့လွင့်ချင်တတ်တုန်း…။
အလိုမကျ…..
အဲဒီစကားလုံးကိုတော့ သတိပြုမိသားပါ..။
ဒါဖြင့် ကျမ ဘာကို အလိုမကျသလဲ..။
နှင်းမုန်တိုင်းတွေကြားထဲ အိမ်တွင်းအောင်းနေရတာကိုတော့လည်း အလိုမကျမဖြစ်မိပါ။ စာအုပ်တွေ စိမ်ပြေနပြေဖတ်..
Drama နဲ့ Romance ရုပ်ရှင်တွေ တကားပြီး တကားကြည့်..။
ကျောင်းပိတ်ထားတဲ့ သားသမီးတွေကို စားစရာတွေ တမျိုးပြီးတမျိုး လုပ်ကျွေး..။
ဘ၀ထဲ အရသာရှိရှိနေနိုင်သားပင်..။
မြန်မာပြည်ထဲက မဂ္ဂဇင်းတွေ ဖတ်ရတာလည်း ဒီတလောကို အရသာရှိနေတယ် ထင်မိ။
ဒီလ အသွင်ပြောင်းထွက်တဲ့ ပန်းအလင်္ကာမဂ္ဂဇင်းဆို အဲဒီတအုပ်ထဲမှာကို ဖတ်စရာတွေ တပုံတပင်..။
မောင်သာနိုးနဲ့ မောင်စူးစမ်းရဲ့ ဆောင်းပါးတွေကို အချက်ကျကျ တုံ့ပြန် ဝေဖန်တာတွေ ဖတ်ရတာ တော်တော် ဗဟုသုတရ.. သံဝေဂရ.. ပညာရ.. အရသာရှိ။

ဒီကြားထဲ… ရုပ်ရှင်လေးတကားကြည့်မိတာ The Mirror has two faces ဆိုတာလေး.. ။ ကျမကြိုက်တဲ့ Barbra Streisand ပါလို့မို့ ကြည့်မိတာပါ။ မင်းသားက.. Jeff Bridges ။ သူတို့က Columbia University က Professor တွေ..။ Jeff Bridges က Math Professor, Barbra Streisand က Literature Professor တကိုယ်ရည်နေလာကြပြီး ဆရာဆရာမကြီးတွေ ဖြစ်ကာမှ အရွယ်အတော်ရမှ ချစ်မိကြ... လက်ထပ်ဖြစ် ကြရာ ကနေ အခန့်မသင့်ဖြစ်ရပီးမှ အဆင်ပြေသွားကြတာကို ရိုက်ထားတဲ့ ဇာတ်ပျော်လေးပါပဲ..။ ကျမပြောချင်တာက အဲဒီကားထဲမှာ ကျမငြိသွားတဲ့ တချက်ကလေး။ ပထမပိုင်းမှာ Jeff Bridges က Math ဆရာအနေနဲ့ စာသင်တာမှာ သူက Theory တွေပြော.. Blackboard ဘက် လှည့်ပြီး သူ့ဘာသာသူ ပုစ္ဆာတွေတွက်.. ကျောင်းသားတွေ သူ့နောက်မှာ ဘာဖြစ်နေလဲ မကြည့်.. ဆိုတော့ ကျောင်းသားတွေက သူစာသင်တာကို မကြိုက်ကြဘူး.. စာသင်ချိန်မှာ သမ်းဝေ ပျင်းရိ နေကြတယ် ဆိုတာကို ပြပါတယ်။ Barbra Streisand ကကျတော့ တကယ်အောင်မြင်တဲ့ Literature ဆရာမ။ သူ့ Lecture ချိန်မှာ ကျောင်းသားတွေကို တက်တက်ကြွကြွ စိတ်ပါဝင်စား.. အပြန်အလှန် မေးကြ ဖြေကြ ဆွေးနွေးကြ..။ အတန်းပြည့် အတန်းလျှံ..။ အဲဒီမှာပဲ ကျမရဲ့ စာသင်ချိန်တွေကို သတိရသွားပြီး လွမ်းဆွတ်သွားတာ…။ ပြန်မရနိုင်တော့တဲ့ အချိန်တွေ......

သေချာပြီ.. နောက်ဆုံးတော့ ဒီဘူတာပဲ ဆိုက်ဆိုသလို.. ကျမက မြသီလာကိုပဲ လွမ်းနေတာ.. မြကျွန်းသာရဲ့ နေ့ရက်တွေထဲ မနေရတော့တာကိုပဲ အလိုမကျဖြစ်နေတာကိုးးး…။ ဒီကြားထဲမှာပဲပေါ့၊ တင်မင်းထက်က "ကဗျာမြစ်တို့ ဆုံစည်းဝေးကွာ…" ကို ရေးတော့ သူနဲ့ ကျမက တကယ့် မောင်နှမတတွေလို ကာလတခုကို တူတူဖြတ်ခဲ့ရလေတော့ အဖြစ်အပျက်တွေ မြင်ကွင်းတွေက အတူတူ။ ဆိုတော့ သူရေးသမျှက ကျမအတွက် လွမ်းစရာချည်း…။ သူက လူငယ်ဆိုတော့ အသေးစိတ်ပိုမှတ်မိလေတော့.. တချို့ အချက်အလက်တွေဆို သူရေးတော့မှ ပြန်ပြန်သတိရ…။ အဲဒီအခါ ကျမ ချစ်ရတဲ့သူတွေ.. ကျမ မုန်းရတဲ့ သူတွေ… ကျမ စိတ်ပျက်ရတဲ့ သူတွေကိုလည်း ပြန် ပြန် သတိရ..။ ခုချိန်ကျတော့လည်း အားလုံး အားလုံးက လွမ်းစရာဖြစ်နေတာပါ။ အလွမ်းတွေကိုတော့လည်း စာမရေးချင်…..။ ကျမ ပန်းချီပြန်ရေးချင်နေတာ…။ နှစ်ပေါင်းများစွာ ခွဲချန်ထားခဲ့ဖူးတဲ့ ချစ်သူတယောက်ကို ပြန်တွေ့ဖို့ ကြိုးစားသလို… ကျမ ပန်းချီပြန်ရေးဖို့ပဲ ကြိုးစားနေပါတယ်…။

သေချာပါတယ်… ကျမ တော်တော်နဲ့ စာရေးနိုင်ဦးမှာ မဟုတ်ပါ…။

Jan 31, 2010

ကဗျာမဟုတ်....

စိတ်ကျ… ဆိုတာ ဆိုလို့ ကောင်းတဲ့ သီချင်းတပုဒ်မဟုတ်။
ကဗျာရေးစရာ စကားလုံးတလုံး မဟုတ်..။
ပန်းချီရေးမယ်ဆိုရင်တောင် Surrealism နဲ့သာ ရေးလို့ကောင်းမယ့် အဖြစ်..။
ဒါပေမဲ့
စကားလုံးတွေနဲ့ ရေးတဲ့ ပန်းချီတကားတော့ ဖြစ်နိုင်မှာပါ…။

ခုနေခါ…
သစ်ပင်တွေ အရွက်မဲ့ ရိုးတံပြိုင်းရုံနဲ့..
နှင်းတွေ ထူထဲလွန်းရုံနဲ့..
ပေးဆပ်စရာတွေ အချိန်မှန်လွန်းနေရုံနဲ့….
ပေါက်မဲမပါ ဗလာတွေ များလွန်းနေရုံနဲ့...
အနားက ပကတိအပြုံးတွေ မှိန်ဖျော့နေကြရုံလောက်နဲ့…
ဒီလောက်နဲ့တော့
Sylvia Plath ကို သတိရဖို့ မသင့်…
Virginia Woolf ကို တမ်းတလို့ မဖြစ်..။
ညည်းက ဘယ်လောက်များ ပြီးမြောက်ခဲ့ပြီမို့လို့လဲ…
တကယ်ရော လွတ်မြောက်တယ်လား…
အားနာစရာ… နော် ။

ဒီတလောမှာ ..
ရာရာစစနဲ့…
Kurt and Courtney ကို ပြန်ကြည့်…
Frida Khalo ကို ပြန်ကြည့်…
Vincent & Theo ကို ပြန်ကြည့်…
ပြီးတော့
လျှောကွင်းချည်မရခဲ့ဖူးတဲ့ တရက်ဆီ… ပြန်ကြည့်..
ဘာပဲဖြစ်ဖြစ် အဓိပ္ပါယ်တခု ရှိခဲ့ရာ….။

ခုတော့ ဒီမှာလေ..
စိတ်လက်ခန္ဓာတွေ… အထပ်ထပ် တုပ်နှောင်ခံထားရ…
ရုန်းမရ… ဖယ်မရ…
တကယ်တမ်းက ပိုးသားမျှင်လေးတွေမျှ…။

ဒါနဲ့ပဲ နောက်ဆုံးတော့...
"ကျမချစ်မြဲ သံသာဝဲမှ
ခွဲထွက်ချင်ဘူး တပ်မက်ဦးမည်.. "ဆိုတဲ့
ကြည်အေးရဲ့ သစ္စာသစ်ကိုပဲ သီချင်းလုပ်ဆို...။


++++++

Jan 29, 2010

ရုပ်ပုံ (ပုံတူ)

(Van Gogh - Sunflower)


လက်စသတ်တော့
ဗင်ဂိုးရဲ့ နေကြာပန်းအိုးဟာ
အာလူးစားသူများရဲ့
စားပွဲအလယ်မှာ
ရှိနေတာပါပဲ။

အလျှံညီးညီး
မီးကျီးခဲလို တောက်ပ
ဘ၀ဟာ ပူလောင်လှချည့်
ဒါပေမဲ့
နေကြာလို ခေါင်းထောင် ထရ
ကံကြမ္မာရဲ့ ငရဲမှာ
အဖန်ဖန် တွားတက်ကြရ။

မျက်လုံးတွေကတော့
ပွင့်ဖတ်ဝါ၀ါတွေ
နေကို မော့မျှော်သလို
ပူလောင်ခြင်းကိုသော်မှ
အာသာ တငန်းငန်းနဲ့ပေါ့။

ရိုးတံ ပိန်မြှောင်းတွေက
ငတ်မွတ်ခြင်းရဲ့အကြောင်း
ကောင်းကောင်းသိစွာ
အာလူးကို ဖက်တွယ်ရတဲ့ လက်ချောင်းတွေ။

အောက်ခြေမှာတော့
လှပသယောင်ယောင်နဲ့
ကိုယ့်ကို ချုပ်နှောင်ပြီး
ရိရွဲ ပုပ်ပွအောင်လုပ်မယ့်
ဘ၀တဏှာ ပန်းစိုက်အိုးက
ခပ်မိုက်မိုက်ပြုံးလို့။ ။


[ မူရင်း - စာပေဂျာနယ်၊ ၁၉၉၅ မတ်လ ]


Van gogh - Potato Eaters


ကိုယ့်ဆီမှာ မရှိတော့တာကြာပြီဖြစ်တဲ့ ကဗျာ.. ဒီဇင်ဘာ ၃၀၊ ၂၀၀၈ တုန်းက မိုးမခစာမျက်နှာမှာ ပြန်တွေ့ရလို့ ကျေးဇူးတင်ရပါတယ်။ ပိုခံစားလို့ကောင်းအောင် ကျမကို Inspiration ရစေခဲ့တဲ့ Van Gogh ရဲ့ ပန်းချီကားတွေကိုပါ တင်ပေးလိုက်ပါတယ်။

Jan 27, 2010

အလွမ်းပြေ...



ကျမရဲ့ အင်မတန်ချစ်တဲ့ သူငယ်ချင်းတယောက်က email ကနေ ပို့ပေးလိုက်တဲ့.. ကျမကိုယ်တိုင်တောင် မေ့တေ့တေ့ဖြစ်နေတဲ့ ကဗျာလေးတွေ.. တင်ပေးလိုက်ပါတယ်။ အဲဒီမှာ ပုံတူဆိုတဲ့ကဗျာက စိစစ်ရေးက ဖြဲဆုတ်လိုက်တဲ့ မူရင်းပထမကဗျာပါ။ မှတ်မိသလောက်တော့ ၁၉၉၅ နှစ်ဦးပိုင်း ၀န်းကျင်လောက်တုန်းက ရေးတာပါ။ နောက်ပိုင်း ပုံတူလို့ နောက်တပုဒ် ထပ်ရေးဖြစ်တော့ လွတ်သွားပြီး စာပေဂျာနယ်မှာ ပါသွားခဲ့ပါတယ်..။

ခုလည်း စာ ဘယ်လိုမှ မရေးနိုင်တာ .. မရေးဖြစ်တာ.. အကြာကြီးကြာနေတာကို ကိုယ့်ဘာသာ ၀မ်းနည်းနေချိန်.. ဒီကဗျာလေးကို ကိုယ့်လက်ရေးနဲ့ ပြန်တွေ့ရတော့ စိတ်ထဲ လွမ်းသွားလို့ ဒီတိုင်းပဲ ပြန်တင်လိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် အမှတ်တရ အလွမ်းပြေဆိုပါတော့..။

Jan 21, 2010

အိပ်မက်တိုင်းပြည်

Get this widget | Track details | eSnips Social DNA



ဒီဇင်ဘာ ၃၀ရက်နေ့တုန်းက VOA ရသစာအုပ်စင် အစီအစဉ်မှာ အသံလွှင့်ခဲ့တာပါ။