Feb 6, 2009

မြသီလာအလွမ်းပြေ(၃၁)


မိသားစုအပြောင်းအရွှေ့ကာလမှာ အင်တာနက်သုံးဖို့ အဆင်မပြေတဲ့အခိုက်အတန့်… post အတင်ကျဲတာ စိတ်ထဲမကောင်း။ အင်တာနက်လျှောက်ထားတာ ရတော့မှာပါတဲ့…။ ဒီကြားထဲ ကြုံရာ ကွန်ပျူတာမှာ ကိုယ့် ဘလော့လေး ၀င်ဝင်စစ်..။ ကျမရဲ့ အရင်းအချာတချို့ကတောင် ဒီ post တွေကို ဖတ်မှ ကျမရဲ့ တော်တော်ဆိုးရွားခဲ့တဲ့ တချို့အဖြစ်အပျက်တွေကို သိကြတယ်ဆိုတာ comment တွေထဲ ဖတ်ရပါတယ်။ ဟုတ်ပါရဲ့.. များသောအားဖြင့် ကျမနဲ့ ပတ်သက်ရင် အဲလိုပါပဲ..။ ကျမက လူတွေကို သိပ်အပြစ်မတင်ချင်တတ် သလို ကိုယ့်အနာကိုလည်း မလိုဘဲ ထုတ် ထုတ် မပြချင်တတ်ဘူးလေ..။ အဲဒီအခါ ကိုချောရဲ့ ကဗျာတပုဒ် ထဲကလိုပါပဲ….
နာကျင်တဲ့အခါ မအော်ဘဲ
ပျော်ရွှင်တဲ့အခါ ရယ်မောဖို့ နောက်မကျဘူး။
သူ့အတိဒုက္ခကို တဘက်လူက
သိရှိလက်ခံပေမဲ့
သူက သူ့ဒုက္ခအပေါ် ကိုယ်ဖော့နေတတ်လွန်းလို့
တ၀က်ကူညီစာနာမှုသာ ရခဲ့သူပေါ့။
……………………………………………. ဆိုသလို။


+++++

တကယ်တော့ ၉၇-၉၈ကို ရေးဖို့က တော်တော် အချိန်ယူရမှာပါ။ ကျောင်းရက်ရှည် ပိတ်ထားချိန်မို့ ကိုယ်ရေးကိုယ်တာတွေပဲ ရေးရမလိုလည်း ဖြစ်နေတာမို့ သိပ်လည်း မရေးချင်သလို ဖြစ်နေပါတယ်။ ပြီးတော့ အဲဒီ ၉၇-၉၈ထဲ အဖြစ်အပျက်တွေ များလွန်းလို့ ရေးနေရင်းနဲ့ တခါတလေမှာ ကျမရဲ့ မှတ်ဥာဏ်ထဲ အချက်အလက်တွေ အချိန်ကာလတွေ ရောထွေးကုန်တယ်။ အနားမှာ ရှိတဲ့ ကိုရာကျော်က ကူစဉ်းစားပေးပေမဲ့ အပိုင်း၂၉ နဲ့ ၃၀ကို ရေးချိန်မှာ ကျမတို့ မိသားစု အပြောင်းအရွှေ့ကိစ္စနဲ့ အလုပ်ရှုပ်နေကြတာမို့ သူလည်း ကူစဉ်းစားပေးဖို့ အချိန်မရ..။ ကျမမှာလည်း အချိန်လုပြီး post တင်ရတာနဲ့ တချို့ အချိန်ကာလတွေ မှားကုန်ပါတယ်။ အချက်အလက်တွေကတော့ မမှားပါဘူး။ ဥပမာ ကိုရာကျော်က ပြောတယ်.. ‘ပဲခူးတိုင်း ရေကြီးတာ ၁၉၉၈ မေလ မဟုတ်ဘူးတဲ့။ ၁၉၉၇ ၀ါခေါင်တဲ့။ ကျောင်းပိတ်ရက်ရှည်က ကြာဦးမယ်.. ပြီးတော့ Transfer order တွေလည်း ထွက်တော့မယ်ဆိုလို့ ဆရာဆရာမတွေက ဘားအံက ကိုယ့်ပစ္စည်းတွေ ရန်ကုန်ကို ပြန်သယ်ကြတဲ့အချိန်’ တဲ့။ အဲဒါ ပြန်စဉ်းစားတော့ ဟုတ်တယ်။ အဲဒီအချိန်မှာပဲ ကျမ ဟိုကလေးမလေးတွေနဲ့ နေဖို့ ဖြစ်လာတာ။ ဆိုတော့ အချိန် လွဲနေတာ။ တကယ်က အဲဒီ အဖြစ်အပျက်တွေက ၁၉၉၇ရဲ့ စက်တင်ဘာနောက်ပိုင်းမှာ ဆက်တိုက်ဖြစ်ခဲ့တာ။ ကျမ သတိလစ်ပြီး သျှင်ပါဂူ ဆေးရုံရောက်သွားတာကတောင် ၁၉၉၈ရဲ့ ဇန်န၀ါရီလ လောက်မှာ…တဲ့။ ဒါပေမဲ့ အချိန်တွေလွဲပြီလို့ သေချာသွားတဲ့အချိန်မှာ ကျမက အဲဒါနဲ့ ပတ်သက်ပြီး post တွေ ၂ခုတောင် တင်ပြီးသွားပြီ။

ဒီနေရာမှာ စကားမစပ်ဆိုပေမဲ့ စကားစပ်ပြီးပြောရရင်.. ကျမရဲ့သား မောင်နေလင်းက ပါရဦးတော့မယ်။ ကျမနဲ့ မောင်နေလင်းက မြန်မာတွေရဲ့ အစဉ်အလာ အယူအဆနဲ့ ပြောရရင် ပဋ္ဌာန်းဆက်ပါတယ်လို့ ပြောရမယ်ထင်တယ်။ ဒါကြောင့် သူနဲ့အကြောင်းက ကျမရဲ့ အဲဒီ အချိန်ကာလလေးကိုပြောရင် ချန်ခဲ့လို့ မရပါဘူး။ ဘာလို့လဲဆိုတော့ ကျမနေမကောင်းတဲ့ သတင်းနဲ့ ကျမရဲ့ နေမကောင်းတဲ့အပေါ် ခံစားရတာကို ရေးဖြစ်တဲ့ ၀တ္ထုလေးတပုဒ်က အဲဒီ ၁၉၉၈ရဲ့ ဖေဖော်ဝါရီလလောက်မှာ မဟေသီမဂ္ဂဇင်းမှာ ပါသွားပါတယ်။ အဲဒီအချိန်မှာ ကျမက မိဘအိမ်မှာ အနားယူနေရတဲ့အချိန်… သားနေလင်းက စင်္ကာပူမှာ ရောက်နေတဲ့ အချိန်…။ ကျမတို့ချင်းက အဆက်အသွယ်ပြတ်နေကြတာ ကြာပြီ။ အဲဒီတုန်း မောင်နေလင်းက ကျမ သတင်းကို မဟေသီမှာ တွေ့ပြီး မဟေသီတိုက်က အယ်ဒီတာချုပ် ဦးခင်မောင်မြင့် (ဆုံးရှာပြီ)ကို ကျမနဲ့ ဆက်သွယ်ဖို့ ဖုန်းနံပါတ်လှမ်းမေးပြီး အမေ့အိမ်ကို ဖုန်း လှမ်းဆက် ပါတယ်။ ကျမမှာ အားရှိလိုက်တာ။ သားက ဖုန်းထဲကနေ အားပေးပါတယ်။ ပြီးတော့ အိမ်လိပ်စာ တောင်းပြီး နက်ဖန် သူ့သူငယ်ချင်းတွေ လာလိမ့်မယ်လို့ ပြောပါတယ်။

နောက်တနေ့ကျတော့ မောင်နေလင်းရဲ့ စင်္ကာပူကနေ မြန်မာပြည်ကို ခဏ ပြန်ရောက်နေတဲ့ သူငယ်ချင်းမိန်းကလေးနှစ်ယောက် ရောက်လာပါတယ်။ ကျမကို သတင်းမေးရင်း မောင်နေလင်းက ပေးခိုင်းလို့ဆိုပြီး ပိုက်ဆံ ၃သောင်း ပေးပါတယ်။ အင်မတန် မာနကြီးချင်တဲ့ ဘယ်သူ့အကူအညီမှ တော်ရုံနဲ့ မလိုချင်တတ်တဲ့ ကျမက အဲဒီအချိန်မှာတော့ ဘယ်လိုမှ မငြင်းနိုင်ဘူး ဖြစ်သွားပါတယ်။ ဘာလို့လဲဆိုတော့ ကျမမှာ ပိုက်ဆံ တကယ်ကို လိုနေတဲ့ အချိန်မို့လို့ပါပဲ။ အဲဒီတုန်းက ရွှေဈေးက ၁သောင်း၂ထောင်မို့ မောင်နေလင်းပေးတဲ့ ၃သောင်းဟာ ကျမအတွက် တော်တော် ခုမိခံမိစေတဲ့ ဆေးဖိုးပါပဲ..။ အဲဒီနောက်မှာပဲ ကျမ electric shock ပေးတဲ့ ကုထုံးနဲ့ ကုဖြစ်တာပါ။ (ခု ကျမရဲ့ post ထဲမှာ လွဲနေတဲ့ နေမကောင်းဖြစ်နေတဲ့အချိန်ကို အဲဒီတုန်းက ပိုက်ဆံလာပို့တဲ့ မိန်းကလေးတစ်ယောက်က အတည်ပြုပေးပါတယ်။ သူကလေးက နောက်ပိုင်းမှာ မောင်နေလင်းနဲ့ အိမ်ထောင်ကျပြီး ကျမနဲ့ သားနေလင်းရဲ့ ပဋ္ဌာန်းဆက်ထဲ ကန့်လန့်ကန့်လန့် ပါနေခဲ့တာ… ခု လတ်တလော အပြောင်းအရွှေ့ကိစ္စတွေအထိပါပဲ.. )

ဒါတွေကို ကျမပြောပြနေတာက ကိုယ့်နိုင်ငံမှာ အမြင့်ဆုံးပညာရေးဌာနဖြစ်တဲ့ တက္ကသိုလ်မှာ လက်ထောက်ကထိကဆိုတဲ့ ပြန်တမ်းဝင်အရာရှိဖြစ်နေတာတောင်မှ ကိုယ့်ဘာသာကိုယ်ဆိုရင် ဆေးမကုနိုင်လို့ သေရမယ့် ၀န်ထမ်းဘ၀ကို ပြောပြချင်တာပါ။ ကျမတို့ရတဲ့ လစာ ၁၇၀၀ ဟာ အိမ်ငှားခလည်းမရ… စားဖို့လည်း ၀မ်းမ၀… ဒီလိုနဲ့ ဆရာဆရာမတွေဟာ တရားမ၀င် ကျူရှင်ပြပြီး စားကြရတာပါ။ ဒါဖြင့် ဆရာဆရာမ မဟုတ်တဲ့ ၀န်ထမ်းတွေကရော.. ဘယ်လိုရပ်တည်မလဲ.. ဒီလိုနဲ့ပဲ ခိုးကြ လိမ်ကြ.. လာဘ်စားကြ.. အချင်းချင်းတွေ ဖြတ်ခုတ်ကြ ရ… အဂတိလိုက်စားကြရနဲ့ တကယ်တော့ ၀န်ထမ်းတွေကို သူခိုးဇာတ် သွင်းပစ်တာပါပဲ။

+++++

ဒီလိုနဲ့ ဆေးရုံပေါ်မှာ တစ်လကျော် နေရပြီးနောက် မတ်လထဲမှာမှ ကျမ လှိုင်ဆရာများ အိမ်ရာကို ပြောင်းနေပါတယ်။ အဲဒီတော့မှပဲ Transfer orderကလည်း တကယ် ထွက်လာပါ တော့တယ်။ သားခမျာတော့ ကျမနဲ့ ပုဂံခြံဝင်းက အဖိုးအဖွားတွေဆီ တလှည့်စီ နေနေ ရတာပေါ့။ အဲဒီ ၉၈ရဲ့ ဇွန်လထဲမှာပဲ သားအဖေဖြစ်သူ သူ့မိဘတွေဆီကို ပြန်ရောက်လာ ပါတယ်။ သူ့ရဲ့ ကောင်းကွက်တခုက ကျမကို ဘယ်လို အနှောက်အယှက်မျိုးမှ မပေးတာပါပဲ။ အဲဒီအခါ သူကလည်း သူ့မိဘတွေအိမ်မှာ နေ… ကျမကလည်း ကိုယ့်ဘာသာ ရုန်းကန် ရပ်တည်။ အဲဒီတုန်းကတော့ ရန်ကုန်စီးပွားရေးတက္ကသိုလ်က မိန်းထဲက နဂိုဌာနနေရာမှာပဲ ရှိနေသေးတာမို့ ကျမအတွက် တော့ မြသီလာရဲ့ရင်ခွင်ထဲ အနာတွေ အမောတွေ ဖြေသိမ့်စရာတမျိုးတော့ ဖြစ်နေသေးတာပေါ့လေ..။ နေတဲ့အိမ်ဝင်းလေးကနေ အင်းစိန်လမ်း ပေါ်က ဘုရားလမ်းမှတ်တိုင်ထိ လမ်းလျှောက်… အဲဒီကနေ လှည်းတန်းကို ကားစီး။ ရာမည ၀င်ပေါက်ကနေ ကျောင်းထဲဝင်… ဒဂုံဆောင်ရှေ့ကနေ ဖြတ်လျှောက်ရတဲ့ လမ်းကလေး အတိုင်း ရွှေဘိုဆောင်ကိုဖြတ်.. ဂျပ်စင်ကို ဖြတ်.. ၀ိဇာခန်းမကို ဖြတ်.. အီကိုကင်တင်းကို ဖြတ်ပြီး ဌာနအရောက်သွားရတဲ့ နေ့တိုင်းခရီးကို ကျမ မောရကောင်းမှန်း မသိခဲ့ပါဘူး။ ပြီးတော့ အဲဒီအချိန် ကျမရဲ့ ထုံးစံအတိုင်း ဌာနက လုပ်ဖော်ကိုင်ဖက်တွေနဲ့ကလည်း ညီအမတွေလိုပဲ သိပ်ချစ်ကြတာ။ ပိုပြီး ကျေနပ်စရာကောင်းတာက ဌာနမှူးကလည်း သိပ်ချစ်စရာကောင်းတာပါပဲ။

အီကိုမှာ ပျော်ပေမဲ့ ပြဿနာက ကျမရဲ့ စားဝတ်နေရေး ခက်ခဲ ကျပ်တည်းတဲ့ ပြဿနာပါပဲ။ အဲဒီကာလတွေထဲမှာပဲ မောင်နေလင်းက ဗမာပြည်ပြန်ရောက်လာလို့ဆိုပြီး ကျမဆီ ဆက်သွယ်ပါတယ်။ ပြီးတော့ အိမ်ကို လာတွေ့ပါတယ်။ အဲဒီတုန်းက သားနေလင်းက ကျမကို စာအုပ်ထုတ်ဝေရေးကိစ္စတွေ ကျန်းမာရေးအခြေအနေတွေ အသေးစိတ်မေးနေပါတယ်။ သူမျက်နှာ သိပ် မကောင်းလှပါဘူး။ ဧည့်ခန်းထဲ ဘုရားစင်လေး တခုပဲ ရှိပြီး သံမံတလင်းမှာ ယိုးဒယားဖျာလေး ခင်းပြီး ဧည့်သည်ကို ဧည့်ခံရတဲ့ အခြေအနေ။ နောက် မီးဖိုထဲမှာလည်း ဟာလာဟင်းလင်း…။ ရှေ့ပိုင်းမှာ ပြောခဲ့သလို အိပ်ယာ၂ခု သေတ္တာ၂လုံး အနေအထားကို သူတွေ့ပြီး စိတ်မကောင်း ဖြစ်နေပုံပါ။ နောက်တော့ ကျမလက်ရှိ ရပ်တည်နေရတဲ့ အနေအထား.. ၀င်ငွေတွေကို မေးပြီး စာအုပ်လုပ်ငန်းလေး ပြန်လုပ်ပါလား..လို့ တိုက်တွန်း ပါတယ်။ ကျမကတော့ မချိပြုံးပဲ ပြုံးနေနိုင်ပါတယ်။

နောက် သိပ်မကြာခင်မှာတော့ မောင်နေလင်းက လူကြုံနဲ့ ကျမဆီကို ငွေတစ်သိန်း ပို့လိုက်ပါတယ်။ ကျမ စာအုပ်လုပ်ငန်းပြန်လုပ်ဖို့တဲ့။ အဲဒီတကြိမ်မှာတော့ ကျမ မျက်ရည်ကျ မိပါတယ်။ ကျမ ဒီကလေးအပေါ် ကျေးဇူးကြွေးတွေ တင်လှပြီ။ လောလောဆယ် ကျမ မငြင်းနိုင် မတတ်နိုင်။ သူ့အပေါ် ကိုယ့်ကျေးဇူး လုံးလုံးမရှိပါဘဲ ကိုယ့်ကို သက်သက်ကူညီတဲ့ ကလေးတယောက်ရဲ့ ချွေးနှဲစာကို ကျမ အလဟဿ အဖြစ်မခံနိုင်ပါ။ ဒါကြောင့် သူဖြစ်စေချင်တဲ့ အလုပ်ကလေး ဖြစ်အောင် ကြိုးစားလုပ်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ကျမ လုပ်ဖြစ်တဲ့ စာအုပ်လေးက “၉၈အချစ်ကဗျာ အချစ်ကဗျာ၉၈” ပါ။ ကဗျာဆရာ ၉၈ယောက်ရေးတဲ့.. ကဗျာ ၉၈ပုဒ်ပါတဲ့ စာအုပ်လေးပါ။ စာအုပ်လုပ်နေရင်း စရိတ်တွေ ထောင်းတာရော စားတဲ့အထဲပါတာရောနဲ့ ငွေထပ်လိုလာပြီး စာအုပ်ဖြစ်ဖို့အရေး နှောင့်နှေးနေပြန်တော့ သူငယ်ချင်း ကျော်ဇောခိုင်က တစ်သိန်း ထုတ်ပေးပါတယ်။ ဒါနဲ့ပဲ နောက်ဆုံးတော့ စာအုပ်ကလေး လှလှပပဖြစ်လာပါတယ်။ မျက်နှာဖုံးကိုတော့ ဒဏ္ဍာရီ (သုခမိန်လှိုင်သမီး)လေးရဲ့ ပန်းချီကားကို ဒီဇိုင်း လုပ်ဖြစ်ပါတယ်။ အဲဒီစာအုပ်လေးက အမြတ်အစွန်းသိပ်မရှိပေမဲ့ ခေတ်ပြိုင်မှတ်တိုင်လေးတစ်ခုတော့ ဖြစ်ခဲ့ပါတယ်။ အဲဒါကပဲ အမြတ်ဆိုပါတော့။

၉၈ရဲ့ ဇူလိုင်လထဲမှာပဲ တက္ကသိုလ်ကျောင်းတွေ ပိတ်ထားတာကိုတော့ ပြန်မဖွင့်ဘဲ ကိုယ်နေတဲ့ နေရာနဲ့ အနီးဆုံးမှာရှိတဲ့ အထက်တန်းကျောင်းတွေမှာ စာမေးပွဲဖြေရမယ်လို့ ဗြုန်းစားကြီး ကြေငြာပါတယ်။ တကယ်တမ်း ပညာလိုလား စာကြိုစားတဲ့ ကျောင်းသား ကျောင်းသူတွေခမျာ မျက်နှာ အပျက်ပျက်နဲ့ပေါ့။ သင်ရိုးတွေက တကယ်လည်း မကုန်သေးဘဲ ရှိတာလေးကို မေးခွန်းထုတ်.. ကလေးတွေလည်း ရှိတာကိုသာ ဖြေဖို့။ တချို့ နေရာတွေမှာဆို စာမေးပွဲ လာဖြေရင်ကို အောင်ပြီလို့တောင် ကြိုပြောထားတာတဲ့။ တကယ်ပဲ အဲဒီစာမေးပွဲမှာ အကုန်အောင်.. တချို့ အထက်တန်းကျောင်းတွေက ဆရာဆရာမတွေကို လာဘ်ထိုးပြီး ကူးချဖြေတဲ့အတွက် ဂုဏ်ထူးတွေထွက်. ဂုဏ်ထူးတန်းတက်ခွင့်တွေ ရကြပါတယ်။ အဲဒီအချိန် က စပြီး ခိုးချတဲ့ ဇာတ်လမ်းတွေ တက္ကသိုလ်ပညာရေးထဲမှာ စလာတာပါပဲ။ ကံမကောင်း တာက အဲဒီအချိန်နောက်ပိုင်းက စပြီးတော့ပဲ ပညာရေးလောကထဲမှာ ဆရာဆရာမတွေ ဆင်းရဲလေတော့ လာဘ်ပေးလာဘ်ယူတွေ သိပ် ထွန်းကားလာတော့တာပါပဲ။ ဒီလိုနဲ့ ပိုက်ဆံ ချမ်းသာတဲ့သူတွေ ဂုဏ်ထူးတန်းတက်.. ဆရာဆရာမဖြစ်.. ပါရဂူဘွဲ့ရတွေအထိ ဖြစ်နိုင်တယ်ဆိုတဲ့ အစဉ်အလာ တခု တက္ကသိုလ်လောကမှာ သန္ဓေတည်လာတာပါ။

အဲဒီနောက် မကြာမတင်မှာပဲ စက်မှုတက္ကသိုလ်လို သက်မွေးဝမ်းကျောင်းတက္ကသိုလ်ကြီးမှာ ၆နှစ်တာ သင်ယူရတဲ့ နည်းပညာတွေကို ညနေပိုင်းသင်တန်းတွေ ဖွင့်ပြီး ဒီပလိုမာတွေ ပေးပစ်တာမျိုးတွေ စလုပ်လာတာပါပဲ။ ဘာသာရပ်တွေကို အဆင့်အတန်း နိမ့်ကျသွားအောင် လုပ်တဲ့ ရည်ရွယ်ချက်တွေပေါ့။ စက်မှုတက္ကသိုလ် ဆိုတာက အာဏာရှင်စစ်အစိုးရရဲ့ မျက်စေ့ထဲက စပါးမွှေးလေ..။ ၁၉၉၈ သြဂုတ်လ ၂၄ရက်ညမှာတော့ ကမာရွတ်လှည်းတန်းမှာ ကျောင်းသားတွေ လမ်းမပေါ် စီတန်းထိုင်ပြီး ဆန္ဒပြတယ်လို့ ကြားပါတယ်။ အမှန်အတိုင်း ပြောရရင် အဲဒီညက အဖြစ်အပျက်ကို ကျမ သေချာ မသိလိုက်ပါဘူး။ ကျမတို့ အိမ်ဝင်းနဲ့ နီးတဲ့ ခပေါင်းဆောင်တို့ အင်းလေးဆောင်တို့ဘက်ခြမ်းကို ရဲတွေ လုံထိန်းတွေ ရောက်လာပြီး လမ်းတွေ ပိတ်လိုက်တာပဲ သိလိုက်ပါတယ်။ နောက်တော့ အဲဒီဆန္ဒပြတဲ့ကလေးတွေကို လုံထိန်းကားတွေနဲ့ ၀ိုင်းထားပြီးတော့ မီးသတ်ကားတွေက ရေတွေနဲ့ ၀ိုင်းထိုးပက်တယ်ပြီး ဖမ်းခေါ်သွားတယ်လို့ ကြားရပါတယ်။ ကျမအပါအ၀င် လူထုကတော့ သတင်းအကြားမှာ စုတ်တသပ်သပ်…။ ပြီးတော့လည်း အဲဒီသတင်းလေးက ပျောက်သွားရ ပြန်တာပါပဲ။ ကျမတို့ ကိုယ်စီတွေမှာ ဖိစီးနေတဲ့ အပူမီးကလည်း ကြီးလွန်းနေကြတာလေ။

+++++

ဖတ်နေတဲ့သူတွေ မောကာမှ မောရော.. သြဂုတ်လကုန်မှာတော့ ကျမရဲ့ မပြီးစီးနိုင်သော ပြဿနာတခုက ပြန်ပေါ်လာပြန်ပါတယ်။ အဲဒါကတော့ အိမ်ခန်းလေး ငှားထားတာ ၆လပြည့်လို့မို့ နောက်ထပ် ၆လစာ ၁သောင်း၈ထောင် ထပ်ပေးရမှာလေ။ သေချာတာက ကျမလက်ထဲ အဲလောက်ပိုက်ဆံ ဘယ်လိုမှ မရှိတော့။ ရှာလည်း မရှာနိုင်တော့။ နောက်ဆုံးတော့ ကျောင်းက ဆရာတယောက်က လှည်းတန်းဈေးနားမှာ အမျိုးသမီးဆောင် ဖွင့်ထားတယ်တဲ့။ အဲဒီအောက်ထပ်မှာ သားအမိငှားနေရင် အဆောင်သူတွေလိုပဲ တယောက် တထောင်.. သားအမိနှစ်ယောက်ဆိုတော့ နှစ်ထောင်တဲ့။ လချင်းပေးသွားပြီး နေလို့ ရမယ်တဲ့။ ရာကျော်ရောက်နေတုန်း အဲဒီ အဆောင်လေးကို သွားကြည့်တော့ အောက်ထပ် ဧည့်ခန်းလေးရဲ့ အတွင်းဘက်မှာ ကျမတို့ နေရမယ့် အခန်းတဲ့။ အခန်းလေးက ၁၂ပေပတ်လည် အခန်းလေး။ အခန်းမှာ တံခါးမပါ။ တံခါးမရှိ ဓားမရှိ ဆိုပါတော့။ ခန်းစီးလေးတစ်ခုက အကာပေါ့။ သေတ္တာတွေတော့ သော့သေချာခပ်ပါတဲ့။ ရာကျော်ကတော့ အတော် မျက်နှာပျက်နေပြီ။ ဒီလိုနေရာမှာ ကျမ ဘယ်လောက်ကြာကြာနေမလဲ..။ သားကျောင်းကားခက ၁၀၀၀ တဲ့။ အိမ်လခနဲ့ ပေါင်းရင် ၃၀၀၀..။ သားအမိနှစ်ယောက် စားစရိတ်မပါသေး။ ကျမလစာက ၁၇၀၀…။ ကျမ ဘယ်လိုရပ်တည်မလဲ…။ တခုခု ဆုံးဖြတ်ရပါတော့မယ်။

နောက်ဆုံးတော့ ကျမနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့အပြင် ရာကျော်လည်း နောက်ဆုံးနှစ်တက်ရမယ့် မော်လမြိုင်တက္ကသိုလ်ကိုပဲ ပြောင်းဖို့ ရွေးဖြစ်ပါတယ်။ ကျမ ရန်ကုန်ကို ပြန်ရောက်တာက တနှစ်တောင် မပြည့်သေးလေတော့ နယ်ပြန်ထွက်ဖို့ လွယ်ပါ့မလားတာ့ မသိဘူးပေါ့။ ဒီလိုနဲ့ ကျမ ပြောင်းရွှေ့ခွင့် တင်ပါတယ်။ နယ်တခုခုကို တောင်းပြောင်းရင် အကြောင်းပြချက် တခုခုပေးရမယ်ဆိုတော့ ကျမက မိသားစုကိစ္စလို့ ဖြည့်လိုက်ပါတယ်။ အဲဒီ ပြောင်းရွှေ့ခွင့် အဆင့်မြင့်ပညာဦးစီးဌာနကို ရောက်သွားတော့ ကျမကို လှမ်းမေးပါတယ်။ မိသားစုကိစ္စဆိုတာ ဘာလဲတဲ့။ ကျမလည်း အကျပ်ရိုက်သွားပြီး ခင်ပွန်းရှိတဲ့အတွက် ပြောင်းချင်ပါတယ်လို့ တင်လိုက်ပါတယ်။ အေးပြီလို့ ထင်တာ မအေးပါဘူး။ နောက်ရက်မှာ “အဆည”က ကျမကို ခေါ်တွေ့ပါတော့တယ်။ ကျမရဲ့ ကိုယ်ရေးရာဇ၀င်ဖြည့်ရာမှာ ခင်ပွန်းဆိုတဲ့နေရာမှာ ကွာရှင်းလို့ ဖြည့်ခဲ့တာက ၃နှစ်တောင်ရှိပြီဆိုတော့ ခု ခင်ပွန်းက ဘာလဲ.. ပြန်ပေါင်းတာလားပေါ့။ ကျမမှာ ဒုက္ခ။ ဘာလုပ်ရပါ့ပေါ့။

ပြဿနာကတော့ ပြောရရင် သိပ်များတယ်တောင် ထင်ကြမယ်။ ရန်ကုန်မြို့ကြီးမှာ တက္ကသိုလ်က လက်ထောက်ကထိကဆရာမတယောက် နေစရာမရှိ.. စားစရာမရှိတာကို ဖြေရှင်းလို့ကို မရတော့တာ။ နယ်မှာဆိုရင်တော့ နေစရာလေးရမယ်.. အစားအသောက် ကလည်း ပေါတယ်။ ပြီးတော့ ကုန်ကျစရိတ် နည်းတယ်ပေါ့။ ပြီးတော့ နယ်ကောလိပ် လေးတွေကို ကျမ ချစ်တယ်လေ..။ ကဲ.. ဘာလုပ်မလဲ.. ဆုံးဖြတ်ပေါ့။ မော်လမြိုင်တက္ကသိုလ် ပြောင်းဖို့ အရေးကတော့ ခင်ပွန်းယောက်ျားရှိမှ ရတော့မှာ.. အသေအချာပဲ..။ ရာကျော်ကတော့ ခပ်အေးအေးပဲ ပြောတယ်..။ လက်ထပ်ကြရအောင်… တဲ့။

ကျမနဲ့ သားအပေါ် အင်မတန် စိတ်ရှည် အနွံအတာခံ..။ လူပြောသူပြောခံပြီး အနားမှာ နေပေးနေတဲ့ လူငယ်လေးကို ကျမ အသုံးချသလိုတော့ မဖြစ်ချင်ပါ။ နောက်.. ကျမရဲ့ အချစ်အကြောင်းပြောရအောင် ၀တ္ထုထဲကလိုပါပဲ..။ ကျမ သူ့ကို အားနာလှပါတယ်။ သူ့ခမျာ မိဘတွေရဲ့ တဦးတည်းသော သားကလေး.. သူ့ခမျာ အဲဒီတုန်းကဆို အသက်ကလည်း ၂၄ပဲ ရှိသေး…။ ပြီးတော့ ကိုယ်ချင်းစာ မိတာက ကျမကိုယ်တိုင် သားတယောက်အမေ။ အမေတယောက်ရဲ့ မျက်ရည်တွေနဲ့ ရင်းရမယ့် ဆုံးဖြတ်ချက်တခု.. အဲသလိုပဲ ဆရာမတယောက်ရဲ့ ရပ်တည်ချက်နဲ့ ရင်းရမယ့် ဆုံးဖြတ်ချက်တခု.. ခက်ခဲ ပင်ပန်းလိုက်တာ…။ ကျမ ဘာလုပ်ရမလဲ.. ကိုယ့်ဘ၀ ရပ်တည်ရေးအတွက် ကိုယ်သံယောဇဉ်ရှိတဲ့သူကို အသုံးချတာမျိုးဖြစ်မှာလည်း စိုးလှပါတယ်။ ဒါဖြင့် ကျမနဲ့သူ့အကြား ဘာမှ မရှိဘူးတဲ့လား.. ။ မဟုတ်ဘူးလေ… သူနဲ့ ကျမကြားမှာ ခိုင်ကျည်နေတဲ့ ကြိုးမျှင်တွေက မနည်းမနော..။

ကိုပိုင်စိုးဝေစကား ငှားပြောရရင်တော့
ရေကျချိန်တွင်
မျောပါသွားသည့် အမှိုက်တစ်စပမာ
နာကျင်စွာ
ပျော်ရွှင်နာကျင်စွာ
ရာဇ၀င်ကားချပ်ပေါ်မှာ မဆုတ်မနစ်
သွေးသစ်များဖြင့် လန်းဆန်း လတ်ဆတ်
အဆက်မပြတ် အချစ်စိတ်ယိုစီးမှုများနဲ့
မွေးဖွားခဲ့တဲ့ ငါပါ။
ပန်းရိုင်းတွေက မြေကြီးပေါ်မှာ ဖူးပွင့်လို့
ငှက်ကလေးတွေ လေထဲမှာ ပျံသန်းလို့
အဝေးကြီး
ဟိုး………… အဝေးကြီးက ရယ်မောသံတွေ
ငါ့ရင်ထဲမှာ ဆွေးမြည့်သေဆုံးနေကြ
ဘ၀တစ်ခုလုံးနဲ့တော့ မလဲနိုင်ခဲ့ဖူးကွယ်။
ရက်စက်လှတဲ့ ထိုးဇာတ်လိုပါပဲ။ ကျမ လိုအပ်ချက်အတွက် သူ့ကို လက်ထပ်လိုက်တာမျိုး ဖြစ်ခဲ့ရတာ..။ သူကတော့ စိတ်အေးလက်အေးနဲ့ ပျော်လို့ပါပဲ..။

+++++

နောက်ဆုံးတော့ ၁၉၉၈ ရဲ့ ဆောင်းရက်တရက်မှာပဲ နှစ်ဘက်မိဘ မပါဘဲ ရုံးတက် လက်မှတ်ထိုး… မိတ်ရင်း သူငယ်ချင်းအနည်းအကျဉ်းနဲ့ လှည်းတန်းက ဘုန်းကြီးကျောင်းလေး တကျောင်းမှာ ဆွမ်းကျွေး…။ (နှစ်ဘက်မိဘတွေက ခွင့်မပြုခဲ့ကြပါဘူး)။ အဲဒီတုန်းက ကျမတို့ ဆင်းရဲပေမဲ့ ပင်ပန်းပေမဲ့ စိတ်လက်ချမ်းသာ ရှိနေခဲ့ကြပါတယ်။ အားလုံး တစ်ကပြန်စရတဲ့ ဘ၀တစ်ခုပေါ့။ ကျမ တကယ်လိုလားတဲ့ မိသားစု ဘ၀လေးပါ။ ကျမဘမှာ အဆုံးအရှုံးတွေ အလဲအပြိုတွေများခဲ့ပေမဲ့… ဘ၀တခုလုံးနဲ့ လဲပစ်လိုက်တဲ့အထိ ကျမ မရှုံးနိမ့်ခဲ့တာကိုပဲ ခုချိန်မှာ တွေးမိတိုင်း စိတ်ချမ်းသာနေမိပါတယ်။ ပြီးတော့ ခုအိမ်ထောင်သက် ၁၀နှစ်ကျော်တဲ့ အထိလည်း ကျမကို စိတ်ဆင်းရဲအောင် တခါမှ မလုပ်ဖူးတဲ့အပြင် မိသားစုအပေါ် မပြောင်းမလဲ ဂရုစိုက်တဲ့ .. ကျမနဲ့ ပတ်သက်ရင် အစစအရာရာ ပံ့ပိုးကူညီတဲ့ ရာကျော့်ကို ခုထိလည်း ကျေးဇူးတင်နေမိတုန်းပါ..။ သူ့ မေတ္တာတရားက ကျမရဲ့ အနာတွေအမောတွေကို အများကြီး ကုစားပေးနိုင်ခဲ့တာလေ..။
နေ့မရှိ ညမရှိ
အကြေကွဲဆုံးကာလမှာမှ သန္ဓေတည်ခဲ့တဲ့
ရင်ထဲက အစိုင်အခဲ
ခွဲထုတ်ပစ်လို့ မရဘူးလေ။
(ပိုင်စိုးဝေ)

++++++++++++++++++++++++++++++



12 comments:

kay said...

အမရေ- ပျော်စရာ မပါ လို့တဲ့လား။
ဘ၀ ဆိုတာ ထိုးဇတ် တပုဒ်မှ မဟုတ်တာ။

Moe Cho Thinn said...

မျှော်လိုက်ရတဲ့ မြသီလာ..။
ဟိုတနေ့ကတောင် ကိုနေလင်းဆီ စာရေးပြီး ပြောလိုက်သေးတယ်။ ဆရာမတို့ကို မြန်မြန် အင်တာနက် ဆင်ပေးလိုက်တော့ဟာ လို့။ စာတွေ ဖတ်ချင်လှပြီလို့။
မွန်းကြပ်သွားပြီ ဆရာမရေ။ ရွှေမြိုင်မှာပဲ နေတော့မယ် သီချင်းဆိုလိုက်တော့မယ်။ :)

zeRoTraSh said...

ဘဝဆိုတာ အင်းပေါ့လေ ဘဝဆိုတာပေါ့လေ
အမရာ ဒီလိုပါပဲနော့
အင်း အမလဲ အရွယ်နဲ့သောက မမျှခဲ့ပါလားနော်
တူတူပဲ တူတူပဲ

မီယာ said...

ဆရာမ.. မျှော်နေတာ ကြာလှပါပြီ။ အလုပ်ရှုပ်နေလား နေမကောင်းလို့လား လို့။ မြသီလာစောင့်ဖတ်ရင်း...

ကိုအောင် said...

ဆရာမ ဘ၀ရဲ့ ဖြစ်ရပ်မှန်တွေကို စိတ်ဝင်စားစွာ
ဖတ်ရူသွားပါတယ်။ အပိုင်း(၃၂) ကို မျှော်လင့်
လျက်ပါ ဆရာမ။

Nay Lin said...

ပဋ္ဌာန်းဆက်ပါမပါတော့မသိပါဘူး..ကိုရာကျော်ပြောတာလေးပြန်ဖောက်သယ်ချပါရစေ..
ဟိုးတနေ့က
၃နာရီလောက်ကားမောင်းသွားရတဲ့ခရီးမှာ
စကားမစပ်တွေးမိတာလေးဆရာမကိုပြောဖြစ်ပါတယ်..
အားလုံးကထင်မှာပဲ..ဆရာမအဆင်ပြေနေရင်ကျွန်တော်
မရှိပဲ..အခက်အခဲရှိရင်ရောက်လာရောလို့ဆိုတော့..
ကိုရာကျော်က..အရင်ဘဝကဆရာမရဲ့အရက်ဆိုင်မှာ
ကျွန်တော်တို့တွေအကြွေးသောက်ခဲ့ပုံရတယ်တဲ့..:)
သူကတော့နေ့တိုင်းသောက်ခဲ့လို့တဲ့..
ကျွန်တော်ကအကြွေးဆိုပြီးတစ်ခွက်တစ်ဖလား
ဝင်မော့ခဲ့ပုံရပါတယ်..်ကျွန်တော့်မိန်းမကတော့အားပေးသူပေါ့..

ဒါဆို..ချိုသင်းရေ

ညည်းကတော့ငါ့အမြည်းထဲကငါးရှဉ့်ခြောက်စပ်
်ဝင်မြည်းခဲ့ပုံပေါ်တယ်..:)

ငထက်တို့.စိုးစိုး..ညီဆင်းသစ်တို့ကတော့
ဆိုင်ရှေ့ဖြတ်လျှောက်သွားတုန်းသွားရည်ကျခဲ့ပုံရတယ်.

ကျန်တဲ့မိတ်ဆွေတွေကရော....?:)

နေလင်း

tin min htet said...

ချိုသင်းတော့ မမြည်းခိုင်းနဲ့ ဆရာ ..
တစ်ပန်းကန်လုံး ကုန်အောင်
မြည်းသွားမယ့် ပုံပေါက်တယ်
.. .. .. .. ..
မနက်က တီချယ်ကြီး ဘလော့ဂ်ကို ၀င်ကြည့်တာ
နေရာရွေ့သွားပြီချည်း ပြနေတာ။
ဘာများဖြစ်သလဲလို့။
ခုမှ စိတ်အေးတော့တယ်။
တခုခု ဖြစ်ရင် နှမြောစရာ၊
ဘက်ကပ်လုပ်ထားဦးနော်။

ငထက်

Unknown said...

SayarMa Yay,
It is happy ending!
Wishing you and ko yar kyaw be fine in new place.

လင်း said...

လာကြည့်ပြီးဖတ်မရလို့  မခင်မင်းဇော်ဆီမှာတောင် အော်ခဲ့သေးတယ်ဆရာမရေ ။ မျှော်နေတာ ကြာပါပြီ

Eaindra said...

အစ်မရေ..

ဒီမျက်ရည်က ထွက်ရပြန်ပါပြီ..

မောခဲ့လိုက်ရတာနော်...

အိန္ဒြာ

Moe Cho Thinn said...

အမယ်..ခုမှ ဖတ်မိတယ်။ ငထက်က ငါ့ရဲ့ အစားအသောက်နဲ့ပတ်သက်တဲ့ အားနည်းချက်ကို နှိမ်တယ်ပေါ့လေ..တွေ့ကြသေးတာပေါ့ ၊ နင့်ဆီလာလည်မှ အ၀ စားပစ်မယ် :D

Maung Eike said...

လာရောက်ဖတ်ပါတယ်ဆရာမ...ရှေ့ဆက်မျှော်လျှက်..