May 4, 2009

မြသီလာအလွမ်းပြေ(၄၁)

ပြောင်းခင်းရဲ့အဆုံးမှာ အချုပ်ကားရပ်လိုက်ပါတယ်။ ရှေ့မှာ သစ်လုံးစည်းရိုးကာ ၀င်းတခု။ အဲဒါ ထိုင်း လာအို မြန်မာ နယ်စပ်တပ်..တဲ့။ အဲဒီရှေ့မှာ အားလုံး တန်းစီထိုင်.. ဘာယူနီဖောင်းမှ ၀တ်မထားတဲ့ စစ်သားလို့ ယူဆရတဲ့သူတွေရဲ့ အထပ်ထပ် စစ်ဆေးခံရမှုတွေအဆုံး.. အိတ်ထဲ ဖွက်သိမ်းထားတဲ့ ဘတ် ၅ထောင်လည်း အယူခံလိုက်ရပြီ။ ကဲ.. အဲဒီမှာ လျှောက်ဝင် သွားတော့.. ခြံစည်းရိုးကျော်ရင် မြန်မာပိုင်နက်.. မြန်မာတပ်ရှိတယ်… တဲ့။ အဲဒီအချိန်မှာ မျက်နှာအပျက်ဆုံးက သားကြီးပါ..။ သားမျက်နှာက အနာဂတ်တွေ အားလုံး မီးပုံရှို့ခံလိုက်ရတဲ့ မျက်နှာမျိုး။ ကလေးတွေအဖေကတော့ အိတ်ထဲက ဖျောက်ဖျက်သင့် တာတွေကို ဖျောက်ဖျက်ဖို့ ကြိုးစားနေပါ တယ်။ ကျမကတော့ သားကြီးကိုပဲ အခြေနေ ကြည့်နေမိပါတယ်။ ဒီတခါတော့ သမီးနဲ့သားငယ်လေးက အန္တရာယ်အတိမ်အနက်ကို သိပုံ မပေါ်ပါဘူး။ အဲဒီအချိန် ကျမတို့ လျှောက်လာရတဲ့ တောလမ်းလေးက သာယာပေမဲ့ ကျမရင်ထဲမှာတော့ မီးလိုပူနေတာပေါ့။ အဲဒီအချိန်မှာပဲ လူငယ်လေး တယောက်က ရှေ့တူရှူကနေ ကျမတို့ဆီကို လျှောက်လာနေပါတယ်။ သူက ကျနော့်နောက်လိုက်ခဲ့.. ကျနော်က မြန်မာစစ်တပ်က လမ်းပြပါ.. တဲ့။ ပြီးပြီ။ ကျမတို့ ဘ၀ လမ်းဆုံးပြီပေါ့..။

စဉ်းစားကြည့်လေလေ.. ဘယ်လိုမှ လွတ်ဖို့ မရှိလေ…။ အဲဒီအချိန်မှာကို ကျမရဲ့ DVB ရုပ်သံက မြန်မာနိုင်ငံ ပညာရေး သုံးသပ်ချက်ဆွေးနွေးခန်း နေ့တိုင်း လွှင့်နေတဲ့အချိန်။ သားကြီးဆိုလည်း DVB, TV program မှာ Blogger ကဏ္ဍမှာ ရိုက်ဖူး။ အငယ်လေး ၂ယောက်နဲ့ သူ့အဖေကလည်း မလွတ်တမ်း ပါဖူးလေတော့ ဒီ ၅ယောက်တွဲမြင်ရုံနဲ့ လွတ်ဖို့ မရှိဘူးလို့ ကျမ တွက်ပြီးသားပါ။ ပြီးတော့ ကျမတို့နဲ့ အချုပ်ထဲမှာ အတူတူနေခဲ့ဖူးတဲ့သူတွေက ကျမတို့ဆီ လာတဲ့ ဧည့်သည်တွေကြောင့် ကျမကို သိပြီးသား။ ခေါ်တာတောင် ဆရာမ.. လို့ပဲ ခေါ်ကြတာလေ…။ ဒီတော့ ကျမတို့အခြေနေက ဘယ်လိုမှ မလုံခြုံ..။

လမ်းလျှောက်လာတဲ့ တမိုင်ခရီးအတွင်းမှာ ကျမဆီက ပြဿနာတက်နိုင်တဲ့ အစအနတွေကို ပြောင်းခင်းတွေထဲ လွှင့်ပစ်ဖျောက်ဖျက်ပစ်ရပါတယ်။ အဲဒီတုန်းမှာပဲ ရောက်ပြီ.. တဲ့။ ဘွားကနဲဆို မြေစိုက်တဲလေး နှစ်လုံး တွေ့လိုက်ရတယ်။ ကျမစိတ်ထဲ လမ်းခွတ်လပ်ထင်တာ..။ တပ်နဲ့မှ မတူတာကိုး။ လမ်းမှာ ဖြတ်လာတဲ့ ထိုင်းတပ်.. ၀တပ်တွေနဲ့ တူမှ မတူတာ..။ ဟိုတပ်တွေက အခိုင်အမာ.. အတောင့်အတင်း..။ ခု တဲလေးတွေကတော့ တကယ့်တဲအဖြစ်ထိုးထားတာ..။ လှမ်းကြည့်လိုက်တော့ ကြည့်တာနဲ့ စစ်သားလို့ သိသာတဲ့ ယောက်ျားကြီးတွေ လေးငါးယောက် ရပ်နေတာတွေ့တယ်။ တယောက်က ထိုင်း အင်မီဂရေးရှင်းက လွှဲလိုက်တဲ့ နာမည်စာရင်း တွေကို ကြည့်ပြီး နာမည်တွေ ခေါ်နေတယ်။ အင်းးး လမ်းဆုံးးးး။

ကျမတို့ မိသားစု သူတို့ရှေ့ ရောက်ပါပြီ။ ကဲ.. ခဗျားတို့ နာမည်တွေ ပြောတဲ့..။ တကယ်ဆို ကျမတို့ မိသားစုက သပ်သပ်စာရွက်နဲ့။ ဒါပေမဲ့ သူတို့က ဒါကို သီးခြားအမှုမှန်း သိပုံမပေါ်ဘူး။ ကျမတို့ နာမည်ပြောမယ်ပြင်တုန်း သူက မင်းစံက ဘသူလဲတဲ့။ မင်းစံကျော်….တဲ့။ ကျမသိလိုက်ပြီ.. ထိုင်းတွေ နားလည်သလို ရေးတဲ့အတိုင်း သူတို့ဖတ်ပြီ။ ကျန်တာ ဘာအထောက်အထားမှ ရှိပုံမပေါ်။ ရာကျော့်ကို ကျမ တွန်းလွှတ်လိုက်တယ်။ အဲဒီ ခေါ်နေတဲ့သူက (နောက်တော့သိတယ်.. သူက စစ် ထောက်လှမ်းရေး တပ်ကြပ်…) ခဗျား လား.. တဲ့။ ရာကျော်က ဟုတ်ကဲ့.. တဲ့။ အဲဒီလူက နာမည်ပေးမှာ အမှတ်ကလေး ခြစ်လိုက်တယ်။ နောက် မနန်း.. ဟုတ်လားတဲ့။ ကျမ ပေါ့..။ ဟုတ်ကဲ့..ပေါ့။ (ထိုင်းတွေက နာမည်တွေကို ရှေ့တလုံးပဲ ရေးတာကိုး.. ပြီးတော့ ကျမနာမည် ငြိမ်းကို ထိုင်းတွေက အသံမှန်မထွက်တတ်တော့ သူတို့သိသလိုရေးလိုက်ပုံရတယ်..။ အဲဒါကပဲ ကံကောင်းသလို ဖြစ်နေတာ)။ မောင်ထူး..တဲ့။ သားကြီး။ ကလေးနှစ်ယောက်ကိုတော့ နာမည်တောင် မခေါ်တော့။ ကျမ တွေးလိုက်မိတယ်။ အခြေနေ ဒီလောက် မဆိုးနိုင်သေးဘူး ထင်ပါရဲ့လို့။ သူတို့ပြောဆိုနေတာကလည်း စစ်လား ဆေးလားပုံတွေ မပေါက်..။ ဒါပေမဲ့ ထုံးစံအတိုင်း ပစ္စည်းတွေတော့ အိတ်သွန်ဖာမှောက် ရှာတာပေါ့။ ကျမရဲ့ ကင်မရာလေးကို သိမ်းတယ်.. (ပြန်မရတော့)။ ဒီအချိန်မှာ ရင်တုန်စရာကြုံရပြန်တာက စာရွက်စာတမ်းတွေ ဖျောက်ဖျက်ဖို့ အဓိကထားနေရတာနဲ့ ကျမက ကင်မရာထဲက Memory Stick ကို ထုတ် မထားလိုက်မိဘူး။ ကင်မရာကို သိမ်းတော့ ကျမ အလန့်ဆုံးက အဲဒါ.. ကင်မရာထဲမှာကလည်း လောလောလတ်လတ် ဘန်ကောက်မှာ လုပ်ခဲ့တဲ့ ၈လေးလုံး အရေးတော်ပုံ နှစ်၂၀ပြည့် အခမ်းအနားမှာ ရိုက်ခဲ့တဲ့ အမှတ်တရပုံတွေ မထုတ်ရသေး..။

ဒါပေမဲ့ ကျမ ကံကောင်းပြန်တာက အဲဒီ ပစ္စည်းတွေစစ်တဲ့ ရဲဘော်လေးက ကင်မရာကို ဟိုကြည့်ဒီကြည့်လုပ်ပြီး ခလုတ်တောင် မဖွင့်တတ်တာပါပဲ။ နောက် ထွက်လာပြန်ပါပြီ။ နှုတ်ခမ်းနီဗူးတွေ ဘောပင်တွေ နဲ့အတူ Thumb Drive ၃ခု..။ အဲဒီအထဲမှာ ကျမရဲ့ အရေးကြီးအချက်အလက်တွေအကုန်လုံး..။ မေငြိမ်းဆိုတဲ့ အထင်ရှားဆုံးသက်သေတွေ အဲဒီမှာ..။ ကျမမှာတော့ ဒီတခါတော့ သွားပါပြီပေါ့..။ အဲဒီ Thumb Drive တွေကိုလည်း အဲဒီ ရဲဘော်လေးက လှည့်ပတ်ကြည့်ပြီး ကျမအိတ်ထဲ ပြန်ထည့်ပေးလိုက်ပါတယ်။ အားလုံးစစ်ဆေးပြီးမှ ကျမတို့ကို နေရာချပါတယ်။ အမျိုးသမီးတွေ ဟိုဘက် တဲ.. တဲ့။ အမျိုးသမီးတွေ နေရမယ့်တဲက တပ်ကြပ်ကြီးရဲ့ တဲ.. တဲ့။ အဲဒီ တပ်ကြပ်ကြီးကောတ့ မျက်နှာတင်းတယ်။ ကျန်တဲ့ တဲတလုံးက မီးဖိုအဖြစ်သုံးတာ.. အမျိုးသားတွေ အိပ်တဲ့။ တကယ်ဆို အဲဒီ တပ်စခန်းနေရာလေးက တောင်တန်းတွေကြားမှာ တကယ့်ကို သာတောင့်သာယာ.. ဒါပေမဲ့ ကျမမှာတော့.. ပူလောင်ပြင်းပျ အတိ။ နောက်တော့ တယောက် က လာပြောတယ်။ ခဏကြာရင် ဒီကွင်းလယ်မှာ လာစု.. ခဗျားတို့ကို ဗိုလ်မှူး လာကြည့်မယ် တဲ့..။ ကျမကတော့ ခြေဖျား လက်ဖျားတွေ အေးစက်။ လူသိ အင်မတန်များတဲ့ ကျမအတွက် တော့ အဲဒီ ဗိုလ်မှူးဆိုသူက တပည့်ဟောင်း သိဟောင်း ကျွမ်းဟောင်းများဖြစ်နေခဲ့ရင်ဆိုတဲ့ အတွေးနဲ့ပေါ့။

ည ၇နာရီကျော် မှောင်တဲ့အချိန်မှပဲ ဗိုလ်မှူးဆိုသူ ရောက်လာပါတယ်။ မသိရင် သာမန် လူငယ်လေးလို အေးအေးသက်သာပုံရှိတဲ့ ဗိုလ်မှူးဆိုသူကလည်း တိုက်တိုက်ဆိုင်ဆိုင် ကျမကို တကူးတက လာစကားပြောပါတယ်။ ဘယ်မှာ ဖမ်းမိတာလဲ… ဘာလုပ်လဲ.. ဘယ်ဇာတိ လဲပေါ့..။ ချင်းမိုင်ကပါပေါ့.. ထမင်းဆိုင်မှာ လုပ်ပါတယ်ပေါ့။ ကျမက စားဖိုပေါ့.. ယောက်ျားက အထွေထွေပေါ့.. သားကြီးက စားပွဲထိုးပါပေါ့..။ ထိုင်းရောက်တာ ၅နှစ်ရှိပါပြီပေါ့။ မော်လမြိုင် ဇာတိပါပေါ့။ အဲဒီညမှာပဲ ဗိုလ်မှူးပြန်သွားပြီးတော့ ကျမတို့ အားလုံးကို တပ်ကြပ်ဆိုတဲ့လူက ခေါ်ပါတယ်။ အားလုံးစုံတော့မှ.. “ခဗျားတို့ ဘာလုပ်မှာလဲ..။ ခဗျားတို့မှာ ဘာအထောက်အထားမှလည်း မရှိဘူး။ ခု မြန်မာနိုင်ငံမှာ မှတ်ပုံတင်မရှိရင် တန်းဖမ်းပြီး ထောင်၅နှစ်ချတယ်.. အဲဒါ သိလား.. ခဗျားတို့ အားလုံး ပြန်ရင် တန်းထောင်ကျမှာ..” တဲ့။
ကျမက သူ ဘာပြောချင်တယ်ဆိုတာ မသိဘူး။ သူက ဆက်ပြောတယ်။ "အဲဒီတော့ ခဗျားတို့ ဘာလုပ်မလဲ..။ ခဗျားတို့ မြန်မာပြည်ပြန်မယ်ဆိုရင် ကျုပ်တို့ လမ်းပြမယ်.. တောလမ်းအတိုင်း လျှောက်ပေတော့.. ဟိုရောက်ရင် ထောင်ကျ..။ ဒါပဲ။ အဲ.. တကယ်လို့ ခဗျားတို့ ထိုင်းပဲ ပြန်မယ်.. ချင်းမိုင်ပြန်မယ်.. ဘန်ကောက်ထိ ပြန်မယ်ဆိုရင်တောင် ခဗျားတို့ကို ဘေးကင်းရန်ကင်းနဲ့ ကျုပ်တို့ ရောက်အောင် ပို့ပေးနိုင်တယ်။ ချင်းမိုင် အရောက် ဘတ် ရှစ်ထောင်.. ခဗျားတို့ကို သေချာ ရွေးမယ့်သူ ရှိရင် ပို့မယ်.. သေချာအောင်တော့ လုပ်.. မဟုတ်ရင်တော့ ထိုင်းထောင်ထဲ တန်းရောက်အောင် ထည့်ရုံပဲ" တဲ့။

ကျမတို့ မိသားစု ၅ယောက်ဆိုတော့ ဘတ်လေးသောင်း.. ဘုရား.. ဒေါ်လာ တထောင်ကျော်..။ ကျမ ငိုင်နေတော့ အဲဒီ တပ်ကြပ်က အမကြီးရဲ့ ကလေး ၂ယောက်က ပို တာဝန်ကြီးတယ်.. ကျနော်တို့ လုပ်ရတာက အန္တရာယ်များတယ်.. ဒါပေမဲ့ အမကြီးကိုလည်း သနားတယ်.. ဒီတော့ ကလေး၂ယောက်က လူကြီးတယောက်ခ တော့ ပေးရမယ်။ ကျနော်တို့ တယောက်စာ လျှော့ပေးမယ်.. တဲ့။ သဘောတူရင် ခဗျားတို့ကို ရွေးမယ့်သူတွေဆီ ဖုန်းခေါ်ပေးမယ်..တဲ့။ ကျမ သေချာစဉ်းစားရပါတယ်။ ကျမ သူငယ်ချင်းတွေဆိုရင် သူတို့သိနေတဲ့သူတွေ ဖြစ်နိုင် တယ်။ ဆိုတော့ နောက်ဆုံး ကျမတို့နောက်ကို နယ်စပ်ထိ လိုက်လာပေးတဲ့ မိတ်ဆွေစုံတွဲဆီပဲ ဆက်မယ်လို့ စဉ်းစားပါတယ်။ ဒီနေရာမှာ ကျမ စဉ်းစားတာက ကျမတို့ရဲ့ အခြေအနေက သိပ်ဆိုးနေတာမို့ ဒါဟာ တယောက်ယောက်က သေချာ ဆင်ဖမ်းတာလည်း ဖြစ်နိုင်ပါတယ်။ နောက်တခါ ပွင့်ပွင့်လင်းလင်းပြောရရင် ခုအချိန်က ပိုပြီး မလုံခြုံတာမို့ မိတ်ဆွေစုံတွဲသာ စိတ်မချရတဲ့သူတွေဆိုရင်.. ကျမတို့ကို စစ်အစိုးရက အချိန်မီ လာ ကောက်သွားရုံပါပဲ။ ဒါပေမဲ့ ကျမ အဲဒီ မိတ်ဆွေစုံတွဲကို ယုံတယ်..။ ဘ၀မှာ ဒါလောက်မှ ပို ကံဆိုး ဦးမယ်ဆိုလည်း ရှိစေတော့လို့ စိတ်ထားပြီး ကျမ သူတို့ဆီကိုပဲ ဖုန်းခေါ်ဖို့ ဆုံးဖြတ် လိုက်ပါတယ်။

ဖုန်းခေါ်တဲ့ အချိန်ကလည်း ကျမအတွက်တော့ တကယ့်ရင်တုန်စရာအချိန်ပါပဲ။ သူတို့က အရင်ခေါ်ပြီးမှ ကျမကို ဖုန်းပေးမှာပါ။ ပြီးတော့ speaker ဖွင့်ပြီး ပြောရမှာပါ..။ ဒီတော့ ဟိုဘက်ကလူကသာ မနပ်ရင်.. ကျမအခြေအနေက လက်ရှိအနေအထားထက် ချက်ချင်းကြီး ပိုဆိုးတော့မှာ..။ ဖုန်းခေါ်လိုက်တော့ ကျမမိတ်ဆွေ မိန်းကလေးက ချက်ချင်း ဖုန်းကိုင်ပါတယ်။ သူက ကျမကို တီချယ်လို့ အမြဲခေါ်တာပါ။ ခု.. ကျမက ဒီဒီလား..လို့လည်းမေးရော.. သူက အမယ်လေး တီချယ်.. သမီးတို့ စိတ်ပူနေတာ သေတော့မယ်..တဲ့။ ဒါပေမဲ့ သူက စကားပြောမြန်တော့ ကျမကို တီချယ်ခေါ်တာကို ဒီဘက်က စစ်သားတွေ ရိပ်မိပုံမရပါဘူး။ ကျမကလည်း အတင်းပဲ စကားလုပြောရပါတယ်။ ဒီဒီ .. ကျမတို့ အချိန်သိပ်မရဘူး။ ကျမတို့ ခု မြန်မာစစ်တပ်မှာ ရောက်နေတယ်.. စိတ်မပူနဲ့.. လို့ ပြောတုန်းရှိသေး.. ဒီဒီက ဟင်… ဘုရား.. တဲ့။ ကျမမှာ ကမန်းကတမ်း စကားလုဆက်ရပါတယ်။ အဲဒါ ဒီက ဗိုလ်ကြီးတွေက ပိုက်ဆံ ပေးရင် ပြန်ပို့ပေးမယ်လို့ ပြောတယ်… ပေါ့။ ဒီဒီကလည်း ဟန်တောင် မဆောင်နိုင်ဘူး..။ ပေးမယ်.. ပေးမယ်.. တဲ့။ အဲဒီအချိန်မှာ တပ်ကြပ်ဆိုသူက ကျမကို မေးတယ်။ ခုပြောတာ ဘသူလဲ.. တဲ့။ ကျမက ကျမတို့ ဆိုင်ရှင်သူဌေးရဲ့ မန်နေဂျာလို့ ပြောတော့.. သူ ဆက်ပြောမယ် ဆိုပြီး ကျမ လက်ထဲက ဖုန်းကို ယူလိုက်ပါတယ်။ ပြီးတော့ ကျမတို့ကို တယောက် ဘတ်၈ထောင်နဲ့ ရွေးရမှာ.. တကယ်ရွေးမှာလား.. သူဌေးကို သေချာမေး..။ ခဗျားပြောလို့ ပြီးးတာ မဟုတ်ဘူး.. မေးပြီးမှ ဖုန်း ပြန်ဆက်.. တဲ့။ ဟိုဘက်က ဒီဒီကလည်း ဟုတ်ကဲ့… ဟုတ်ကဲ့ပေါ့။

ဖုန်းချပြီးတော့ ကျမကို မေးတယ်။ ခဗျားတို့ သူဌေးက ရွေးမှာ သေချာလား.. ပိုက်ဆံက များတယ်နော်.. တဲ့။ ကျမက ရွေးမှာပါ..။ သူဌေးက ကျမတို့မိသားစုကို ချစ်တယ်။ ကျမ ကလေးတွေတောင် သူတို့ပဲ ကျောင်းထား ပေးထားတာ။ ပြီးတော့ ကျမတို့ အဲ့ဒီမှာ ကိုယ်ပိုင်ပိုက်ဆံ စုထားတာလည်း နည်းနည်း ရှိပါတယ်.. လို့ ပြောလိုက်တယ်။ ဒီလိုနဲ့ နောက် ၁၀မိနစ် လောက်ကြာတော့ ဒီဒီက ဖုန်းပြန်ဆက်ပါတယ်။ သူဌေးက ပေးမယ်တဲ့။ သူတို့ မိသားစုကို ချောချောမောမော ပြန်ရောက်အောင်သာ ပို့ပေးပါ.. တဲ့။ အဲဒီတပ်ကြပ်က ပြန်ဖြေပါတယ်..။ “စိတ်ချ.. သေချာပေါက် ကောင်းကောင်းရောက်မယ်.. ခဗျားတို့သာ ပိုက်ဆံ သေချာ အဆင်သင့်လုပ်ထား.. ပို့မယ့်နေ့ကျ ဖုန်းဆက်မယ်.. ဟိုလိုလို ဒီလိုလို လုပ်ရင်တော့ ထိုင်းထောင်ကြီးကို တန်းပို့မှာ..” တဲ့။ ကျမကတော့ စိတ်ထဲ ပြုံးထေ့ထေ့ ဖြစ်သွားပါတယ်။ ကျမတို့ကလည်း သေချာ ပြန်မရောက် မှာကိုပဲ စိုးတာပါ..ပေါ့၊ စိတ်ထဲမှာ..။

အဲဒီည… စက်တင်ဘာ ၂၉ရဲ့ ည…။ ရှမ်းတောင်တန်းတွေနားက မြန်မာပြည်နယ်စပ်လေးက အေးအေး စက်စက်..။ တဲလေးက သေးလို့မို့ ကျမ အိပ်စရာနေရာမရှိ။ သမီးနဲ့ သားငယ်ကို သိပ်ပြီး ကျမက ဘေးက ငုတ်တုပ်ထိုင်ငိုက်ရပါတယ်။ အိပ်လို့လည်း မပျော်နိုင်ပါဘူး။ ဟိုတွေး ဒီတွေးပေါ့။ ဒီအတိုင်းဆို ပြန်တော့ ပို့မှာပါ.. လို့တွေး။ ဘယ်တော့များဖြစ်မှာပါလိမ့်လို့ ပူပန်ရပြန်..။ သားကြီးနဲ့ အဖေကတော့ ဘာတွေ တွေးနေမယ်မသိ..။ ကျမကတော့ တကယ်တမ်းသာ ကျမတို့ကို တမင် မြန်မာစစ်တပ်ထဲ ရောက်အောင် တယောက်ယောက်က လုပ်ကြံတာဆိုရင် နက်ဖြန်ခါမှာ… ကျမတို့ အခြေအနေတမျိုး ပြောင်းနိုင်တယ်..။ ဒါမှမဟုတ်.. ခုကျကာမှ ကျမတို့ သတင်းကို အတွင်းဘက်က ရသွားပြီး အချိန်မီ လာဖမ်းခေါ်တာမျိုးလည်း ဖြစ်နိုင်တယ်.. ဆိုတာတွေ တွေးနေမိပါတယ်။ အဲဒီ ညတာကလည်း ရှည်လှပါတယ်..။

+++++

အရုဏ်ပျို့ပြီ။ ရှမ်းတောင်တန်းတွေကြားက မနက်ခင်းကတော့ အလှမပျက်ပါဘူး။ မြူခိုးတွေ ဝေလို့။ ကျမအစောကြီးပဲ အပြင်ဘက် ထွက်ငေးနေမိပါတယ်။ ကျမစိတ်တွေက ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမှာ နေခဲ့ဖူးတဲ့ ရက်တွေဆီ ရောက်သွားတယ်..။ နောက်.. နမ့်ဟူးတောင်း.. နောက် သီပေါ.. လားရှိုး… တောင်ကြီး…. ပင်းဒယ.. ဒီလို မနက်ခင်းတွေ.. ကျမ ကြည်ကြည်နူးနူး ဖြတ်သန်းခဲ့ဖူးတယ်။ ဖေဖေ့ကို သတိရလိုက်တာ..။ ဖေဖေနဲ့ သွားနေကျ ခရီးတွေ..။ ကျမအနားမှာရပ်နေတဲ့ ရှမ်းအမျိုးသမီး (အချုပ်ထဲမှာ အတူတူနေခဲ့တဲ့) အမကြီးကို ခုမြင်နေရတာ ဘာတောင်လဲဟင်အမ.. ဆိုတော့ လွယ်ခမ်းတောင်.. လို့ သူက ဖြေတယ်။ ဒီတော့လည်း လွယ်ဆမ်ဆစ်ကို သတိရမိပြန်ရော..။ အဲဒီအချိန်မှာပဲ တပ်ကြပ်ကြီး ဆိုသူက တဲရှေ့မှာ လာအော်ပါတယ်။ အိပ်ယာထပြီး ဟင်းထမင်း မြန်မြန်ချက်..။ ခုပဲ သတင်းပို့တယ်။ ကျနော်တို့တပ်ကို လူကြီး အရေးပေါ်လာစစ်မယ်.. ခများတို့ မြန်မြန် ချက်ပြုတ်ပြီး စားစရာရှိတာ စား။ သန့်ရှင်းရေး လုပ်ရမယ့်သူတွေက လုပ်.. ခပ်မြန်မြန် လုပ်နော်.. တဲ့။ ပြီးတော့ သူ့ရဲဘော်တွေကို လှည့်ပြောတယ်။ အဘလေးလာမှာကွ.. အရေးပေါ်တဲ့..။ ဘာမှန်းလဲ မသိဘူး။ သေချာလုပ်ထားကြ ဟေ့ကောင်တွေ.. တဲ့။

ကျမအတွက်တော့ အဲဒီစကားသံက ချိန်ကိုက်ဗုံးတလုံးလိုပဲ..။ ဘုရားရေ.. ငါတို့ သတင်းများ နောက်တန်းတပ်က ရသွားလို့ ဒီအထိ လိုက်လာလေသလားပေါ့..။ အဘလေးဆိုရင် တော်တော်လေးရာထူးရှိတဲ့သူမှန်းတော့ ကျမသိပါတယ်။ ကိုယ်က ဘာကြီးမှ မဟုတ်ပေမဲ့ လူတွေကို အမျိုးမျိုးဒုက္ခပေးနေတဲ့ သူတွေမို့ ကျမ စိတ်ပူမိတာပါ။ ကလေးတွေကို သေချာ မျက်နှာသစ်ပေး.. ပါလာတဲ့ မုန့်လေးတွေ ကျွေးပြီး ကျမ တုန်လှုပ်နေရပြန်ပါပြီ။ အဲဒီတုန်းမှာပဲ ဗိုလ်မှူးရောက်လာပြန်ပါတယ်။ သူက ဟိုဟိုဒီဒီနှုတ်ဆက်ပြီး ကျမဆီရောက်လာပါတယ်။ အမကြီး နေကောင်းရဲ့လားတဲ့။ ကျမကတော့ သူ့မျက်နှာလည်း စေ့စေ့ မကြည့်ရဲပါဘူး။ ဟုတ်ကဲ့.. သိပ်တော့ နေမကောင်းဘူး.. လို့ ဖြေလိုက်ပါတယ်။ သူက ကျမ ကလေးတွေအတွက် နို့ဗူးတွေနဲ့ ဘီစကစ်တွေ လာပေးတာပါ..။ ကလေးတွေကို သနားလို့တဲ့။ အမကြီးရယ်.. နောက်ဆို နေလို့ရတဲ့ လက်မှတ်တွေဘာတွေ သေချာ လုပ်ပါဦး..လို့တောင် ပြောပါသေးတယ်။ ပြီးတော့မှ.. ဒီနေ့ ကျနော်တို့ဆီကို လူကြီးတွေ ရှောင်တခင် လာစစ်မယ်တဲ့။ အဲဒါ အမကြီးတို့က ကလေးတွေပါ ပါတော့ လူကြီးမြင်ရင် စိတ်အနှောက်အယှက်ဖြစ်မှာစိုးလို့ အမကြီးတို့အားလုံး တနေရာမှာ သွားပုန်းနေရမယ်.. ညနေ လူကြီးတွေ ပြန်မှ စခန်းပြန်လာပေါ့.. တဲ့။ ဘုရားမ ပြန်ပါပြီ။ ကျမတို့ကံကိုက…။ ဘာပဲဖြစ်ဖြစ် ကျမ စိတ်ထဲ အေးကနဲဖြစ်သွားတာတော့ အမှန်ပါ။

နောက်တော့ မနက် ၈နာရီလောက်မှာပဲ ကျမတို့အားလုံး တပ်ရဲ့ ညာဘက်က ပြောင်းခင်းတွေဘက်ကို ထွက်လာ ရပါတယ်။ ပြီးတော့ အဲဒီ ပြောင်းခင်းတွေထဲမှာပဲ ကျမတို့ လူ ၃၅ယောက်လုံး အသံမထွက်ရဘူးဆိုပြီး နေရာယူရပါတယ်။ ကျမသမီးနဲ့ သားငယ်လေး ကတော့ ဖျာလေးခင်းပေးထားတဲ့ အပေါ်မှာ ၀မ်းလျားမှောက်လို့ ပန်းချီတွေ တောင် ဆွဲနေလိုက်သေး။ ကျမလည်း အဲဒီတော့မှ တရေးအိပ်ရပါတယ်။ ဒါတောင် စိတ်ထဲ တထင့်ထင့်..။ ငါတို့ကိုမှ ရွေးပြီး လာခေါ်တာမျိုးများ ရှိလေမလားပေါ့..။ ပြောင်းခင်းတွေကြားမှာ ဖျာပေါ် ပက်လက်လှဲရင်း ကြည်စင်နေတဲ့ ကောင်းကင်ကို ကြည့်ရတာတော့ အရသာရှိသားပါ..။ ပြီးတော့ အဲဒီအချိန်.. ကျမ ဗင်ဂိုးကို သတိရနေမိတယ်။ တကယ်လို့များ ကျမတို့ကို တကယ်ပဲ စစ်အစိုးရကသာ ဖမ်းဆီးပြီး ခေါ်သွားမယ်ဆိုရင်တော့ ရက်စက် ကြမ်းကြုတ်လှတဲ့ သူတို့လက်ထဲ ရောက်မယ့်အစား တမိသားစုလုံး သေပစ် လိုက်တာကောင်းဦးမယ်.. လို့ တွေးမိတာလည်း အမှန်ပါပဲ။ ပြောသာပြောတာပါ.. သတ်သေရတဲ့ ကိစ္စ ဆိုတာကလည်း ခက်လိုက်တဲ့ ဖြစ်ခြင်း..။

ဒီလိုနဲ့ နေပူတောက်တောက်အချိန်ကို ရောက်လာ.. အရိပ်ကို ရှာပြီး ခိုကြ..။ စကားစမြည် တိုးတိုးပြောကြ။ ဒီနေရာမှာ ကျမတို့နဲ့အတူ အချုပ်ထဲကပါလာတဲ့ သူတွေရဲ့ ချစ်စရာကောင်းတဲ့ နားလည်မှုလေးတခုကို ပြောပြရ ပါမယ်။ သူတို့တွေက အချုပ်ထဲမှာ ကျမကို ဆရာမလို့ တောက်လျှောက်ခေါ်လာကြတာ..။ ခု စစ်တပ်ထဲလည်း ရောက်ရော.. သူတို့ အသိစိတ်နဲ့ သူတို့ပြောင်းခေါ်ကြတာ.. အမ.. တဲ့။ ပြီးတော့ တစုံတရာ ရိပ်မိစေမယ့် အပြော မျိုးလည်း မပြောကြတာ..။ သိပ်ကို ကျေးဇူးတင်စရာကောင်းတဲ့ အသိစိတ်ဓာတ်ပါပဲ။ ဒါ့ထက်ပို ကျေးဇူးတင်စရာ တွေလည်း ပြောပြပါဦးမယ်..။ ကျမတသက် ဘယ်တော့မှ မမေ့နိုင်တော့မယ့် သူတွေပါ..။ ဒါပေမဲ့ သူတို့ကို နာမည်တောင် ကောင်းကောင်း မသိခဲ့ရ။ ဒီလိုနဲ့ ညနေ ၄နာရီထိုးသွားပါတယ်။ ဒီတော့မှ စခန်းက လူက လိုက်လာပြီး ခေါ်ပါတယ်။ လူကြီးတွေ ပြန်ပြီတဲ့။ ဒီတော့မှ ကျမ စိတ်ထဲ လုံးလုံး အေးသွားပါတယ်။ စခန်း ပြန်ရောက်တော့ ကျမစိတ်ထဲ ပေါ့ပါးနေတာမို့ တဲအပြင်မှာတောင် ထွက်ထိုင်နေလိုက်ပါသေးတယ်။ အဲဒီ အချိန် မှာပဲ ကျမတို့ကို ဒီည ပြန်ပို့မယ်.. ဆိုတဲ့ သတင်းကို စစ်ထောက်လှမ်းရေး တပ်ကြပ်က ပြောပါတယ်။

+++++

အကုန် အသင့်ပြင်ထား ည ၈နာရီ စထွက်မယ်.. တဲ့။
မိုးက ဖြိုးဖြိုးဖျောက်ဖျောက် ရွာနေတယ်။ လမ်းပြ ၈ယောက်လိုက်ပို့မယ်။ ပြန်မယ့်သူ အားလုံး ၂၄ယောက်။ ၃၅ယောက်မှာ ၁၁ယောက်က ပိုက်ဆံ မရှိ .. ရွေးမယ့်သူ မရှိလို့ နေကျန်ခဲ့ရမှာ.. သူတို့ ဘယ်တော့ ပြန်ရမလဲ.. မသိဘူးတဲ့။ တော်သေးတာက ကျန်ခဲ့တာ ယောက်ျား တွေချည်း..။ ကျမက စဉ်းစားထားတယ်.. တကယ်လို့ မိန်းကလေးထဲက ပြန်ချင်တယ် .. ရွေးမယ့်သူ မရှိဘူးဆိုရင် ကျမ ရွေးပေးမယ်လို့ စိတ်ကူးထားတာ..။ မိန်းကလေး ၁၂ယောက် အားလုံး ပြန်နိုင်ကြပါတယ်။ လမ်းပြခေါင်းဆောင်က ကျမတို့ကို သွားမယ့်ကိစ္စနဲ့ ပတ်သက်ပြီး ဆောင်ရန်ရှောင်ရန်တွေ ပြောတယ်..။ လမ်းမှာ ထိုင်းတပ်ကို ဖြတ်သွားရမယ်။ ထိုင်းတပ်က ခွေးတွေနဲ့ ကင်းလှည့်နေတယ်.. မိရင် သေနတ်နဲ့ ပစ်မှာ။ ဒါကို ရှောင်သွားရမှာ.. ဆိုတော့ အသံလုံးဝ မထွက်ရဘူး။ ချော်လဲရင်တောင် အသံမထွက်ရဘူး။ အထူးသဖြင့် အမတို့ ကလေး၂ယောက်ကို သေချာ တာဝန်ယူပါ.. ကလေးတွေကြောင့် ကျနော်တို့ ခရီးအဖင့် မခံနိုင်ဘူး။ တခုခုဖြစ်ရင် ထားခဲ့ရမှာပဲ.. တဲ့။ လမ်းမှာ ကျနော်တို့နောက်ကနေ ထပ်ချပ် လိုက်ရမယ်။ လမ်းချော်ရင် ရောက်တဲ့နေရာမှာ ချက်ချင်းရပ်နေလိုက်ပါ။ လမ်းပြတွေက ပြန်လှည့်ခေါ်မယ်။ လမ်းမှားပြီး ဆက်သွားနေရင် မြေမြှုပ်မိုင်းထိနိုင်တယ်.. ဒါကြောင့် သိပ်အရေးကြီးပါတယ်.. တဲ့။

ကျမက နေသိပ်မကောင်းတဲ့အပြင် ကလေးတွေနဲ့မို့ ဘယ်လောက်လျှောက်ရမှာလဲ..ဆိုတော့ ၄မိုင်လောက်တဲ့။ တောလမ်းဆိုတော့ ၂နာရီလောက်ကြာမယ်တဲ့။ ကျမ စိတ်ပူရပြန်ပါပြီ။ ကျမက သားငယ်ကို ချီမယ်။ သူ့အဖေက သမီးကို ချီရမယ်။ သားကြီးက အထုပ်ထမ်း။ ဘုရားရေ.. ကျမ ဖြစ်ပါ့မလား။ သားကြီးက ညီလေးကို ကူချီပါ့မယ်.. တဲ့။ လမ်းပြလေး တွေကလည်း ကျနော်တို့ ကူပါ့မယ် အန်တီ.. တဲ့။

တကယ်တမ်း စထွက်တော့ ည ၉နာရီကျော်ပြီ။ အဲဒီည.. လမိုက်ညဖြစ်တဲ့အပြင် စထွက်ကတည်းက မိုးကတော်တော် ရွာနေပြီ။ လမ်းပြတွေကပြောတယ်.. မိုးရွာရင် ပိုစိတ်ချရတယ်တဲ့။ ထိုင်းစစ်သားတွေ နှပ်နေ မှာ.. တဲ့။ စထွက်တာနဲ့ ဗြုန်းဆို တောကြီးထဲ ရောက်သွားတာပါပဲ။ မှောင်တာမှ တကယ့်အမှောင် ကိုယ်ချီထားတဲ့ သားလေးကိုတောင် ကိုယ်ပြန်မမြင်ရ..။ ရှေ့နောက် တန်းစီပြီး တယောက် ပုခုံး တယောက် ကိုင်တာ မပြတ်ဘဲ သွားရမယ်လို့ မှာထားတာမို့ ကိုင်ထားရပေမဲ့ ကိုယ်ကိုင်ထားတဲ့သူကိုတောင် ကိုယ်မမြင်ရလောက်အောင် မှောင်တာပါ။ ပိုဆိုးတာကတော့ တောလမ်း သစ်ပင်တွေကြားထဲက ခပ်မြန်မြန်သွားရပြီး လမ်းတွေက ရွှံ့စေး တွေနဲ့ ချောနေတာ။ စထွက်ပြီး နာရီဝက်တောင် မလျှောက်ရသေးခင်မှာပဲ ကျမ ဗိုင်းကနဲ လဲပါတော့တယ်..။ သားလေးနဲ့မို့ တော်တော်ကို နာတာပါ။ အဲဒီအချိန်.. ကျမနဲ့ ပခုံးကိုင်ဆက်လာတဲ့ သားကြီးပါ ဗိုင်းကနဲလဲ.. သူ့နောက်က လူလည်း လဲ..။ နောက်တော့ ကျမဆီက သားလေးကို တယောက်က လှမ်းခေါ်လိုက်ပါတယ်။ ကျမကို ဆွဲထူကြ..။ ခပ်သုတ်သုတ် ဆက်လျှောက်… ။ ထပ် လဲ..။ ရေအိုင်တွေထဲ ထိုးကျ..။ သူ့အဖေလို ရွှံ့မြေပေါ် ကျွမ်းကျွမ်းကျင်ကျင် လျှောက်တတ်တဲ့သူတောင် လဲတာ။ မကြာခဏ လဲကျကြပေမဲ့ အသံမထွက်ရဲကြပါဘူး။ တဗိုင်းဗိုင်းလဲနေကြသူတွေထဲ အလဲဆုံးကတော့ ကျမနဲ့ သားကြီးပါ။ ပိုဆိုးတာက ဘယ်တုန်းကမှ အလုပ် ကြမ်းကြမ်း မလုပ်ဖူးတာမို့ အပင်ပန်းမခံနိုင်လေတော့ အဲလို ခဏခဏ အလဲမှာ ကျမတို့ ဟောဟဲ ဆိုက်နေပါပြီ။

ပိုဆိုးတာက ကျမက ဒေါက်မြင့်ဘိနပ်မို့ စီးမရတာကြောင့် ခြေဗလာနဲ့ လျှောက်ရပါတယ်။ ဒီလိုပဲ သားကြီး ဘိနပ်ကလည်း အချုပ်မှာတုန်းက အခိုးခံရတာမို့ သားကြီးလည်း ခြေဗလာနဲ့ပါ။ ဒီတော့ မြေကြီးပေါ်က သစ်ငုတ် တွေ ဆူးတွေက ကျမတို့ ခြေဖ၀ါးထဲ စိတ်ကြိုက်ပေါ့။ မှောင်မှောင်မည်းမည်း မိုးရွာထဲမှာ မြန်မြန်ကလည်း လျှောက်ရ.. ဘေးဝန်းကျင်လည်း ကြောက်ရ.. မိုးတွေကလည်း စိုရွှဲနေလေတော့ ကျမတို့ အသားတွေက တဆတ်ဆတ် တုန်နေပါတယ်။ နောက် အတွေ့အကြုံတခုက တောထဲက ညအမှောင်မှာ ကိုယ်က မြန်မြန် လျှောက်နေရတော့ ကိုယ့်ဘေးနားမှာ လူရိပ်တွေဖြတ်နေသလို မကြာခဏဖြစ်တယ်။ ယောင်ပြီး လိုက်လိုက် သွားမိတော့မလို့။ တခေါက်ဆို လိုက်သွားမိသေးတာ။ နောက်လူက ဆွဲထားလို့။ (နောက်ပိုင်း ပြန်ပြော ဖြစ်ကြတော့ သားကြီးလည်း အဲလိုပဲ မြင်တာတဲ့.. မျက်စေ့ တွေပဲ ပြာလာလို့ ထင်ပါရဲ့)။ ပြီးတော့ တခါတလေ.. ရှေ့ကလူက အဆင်းတဲ့.. လို့ သတိပေးပြီး ရုတ်တရက် ကျမ ကိုင်ထားတဲ့ သူ့ပုခုံးက လွတ်သွား..။ ကျမ သတိထားပြီး ဆက်လျှောက်တုန်း လျှောကနဲဆို တရွတ်တိုက်ပြုတ်ကျသွားတာ တင်ပါးနဲ့ မြေကြီး အုံးကနဲ ဆောင့်တော့တာပဲ။ အဆင်း ဆိုတာက တကယ်မှ အဆင်းကြီးလေ။ အတက်ဆိုတော့လည်း ရွှံ့တွေချောနေတဲ့ ကုန်းအမြင့် ကို တကယ် ဖက်တက်ရတာ..။ ဒီနေရာမှာ ကျမတို့ရဲ့ ခရီးသွားဖော်တွေဟာ သိပ်ကို ချီးကျူးစရာကောင်းတာပါ။ ကျမကို တွဲ..။ ကလေးတွေကို ကူချီ..။ နောက်ဆုံး သားကြီး တဗိုင်းဗိုင်းလဲတာ သနားလို့ဆိုပြီး အထုပ်ပါ ကူသယ်ပေးကြ တာပါ။ ပြီးတော့ သူတို့က သက်လုံကောင်းကြတာမို့ သိပ်လည်း ခရီးတွင်ပါတယ်။ သူတို့ကူလို့သာ ကျမတို့ ဖြတ်သန်းနိုင်ခဲ့တာလို့တောင် ပြောလို့ရပါတယ်။

နောက်တော့ ကောင်းကင်အလင်းအောက်မှာ ပြောင်းခင်းတွေကြားကနေ လျှောက်ရပါတယ်။ တနေရာ ရောက်တော့ ခွေးဟောင်သံ သဲ့သဲ့ကြားပါတယ်။ လမ်းပြတွေက အဆင့်ဆင့်ပြောလို့ ကျမတို့ ထိုင်ချလိုက် ရပါတယ်။ အဲဒီအချိန် ခပ်လှမ်းလှမ်းမှာ လက်နှိပ်ဓာတ်မီးအလင်းတန်းတွေ တွေ့ပါတယ်။ ကျမတို့အားလုံး ငြိမ်နေရတဲ့အချိန်.. သမီးကို အဖေက ဖက်ပြီး မကြောက်နဲ့နော် လို့ တိုးတိုးလေး ပြောနေပါတယ်။ ကျမလည်း သားငယ်လေးကို ခေါ်ဖက်ထားလိုက်ပြီး သားလေး .. မကြောက်နဲ့နော်.. မေမေတို့ ချင်းမိုင်ပြန်နေတာ..။ တော်ကြာဆို ရောက်တော့မယ်..နော်လို့ စိတ်ကူးပေါက်သလို အားပေးနေရပါတယ်။ စိတ်ထိခိုက်စရာ ကောင်းတာက သားငယ်လေးက နှုတ်ခမ်းတွေကို တင်းတင်းကိုက်ထားပြီး သူ့ကိုယ်လုံးက တကယ့်ကို တဆတ်ဆတ် တုန်နေတာပါပဲ။ သားကြီးကတော့ ခေါင်းငိုက်စိုက် ချလို့။ ခွေးဟောင်သံဝေးသွားတော့ ဆက်လျှောက်..။ ၄မိုင်တဲ့..။ ခရီးက ပေါက်ပဲ မပေါက်နိုင်တော့ အဆိုးဆုံးက လယ်ကန်သင်းရိုးတွေလို အပေါ် ကနေ ဘိနပ်မပါဘဲ မြန်မြန် သွားရတာမို့ ခြေချောင်းတွေကို ကုပ်လျှောက်နေရတာပါ။ ဒီကြားထဲကပဲ ချော်လဲ တော့ လမ်းဘေးက အပင်တွေထဲ ထိုးကျသွားလိုက်.. ရေအိုင်ထဲ ပစ်ကျသွားလိုက်..။ ကျမတကိုယ်လုံး ထူပူ နေတာပါပဲ။ တဖြည်းဖြည်းနဲ့ ကျမကို ကူတွဲတဲ့သူတွေနောက် ဒရွတ်တိုက်လိုက်ရင်း ကျမက အလယ်မှာ သားကြီးက ဟိုးနောက်မှာ..သူ့အဖေက ရှေ့ဖျားမှာ..။ ရေနည်းနည်း သောက်လိုက်။ လျှောက်လိုက်.. လဲလိုက်..။ တနေရာရောက်တော့ ခဏနားမယ်..တဲ့။ အဲဒီနေရာက စိုက်ခင်းထဲက လယ်တဲတတဲ။ လက်ကနာရီကို ကြည့်တော့ ၂နာရီ..။ အိုး ကျမတို့ လျှောက်ခဲ့တာ ၅နာရီခရီးတောင် ရှိပြီ။

“ကျမတို့လျှောက်ရမှာ ၄မိုင်ဆို..။ ခု မကတော့ဘူးထင်တယ်”လို့ ကျမ လမ်းပြခေါင်းဆောင်ကို ပြောတော့ သူက ဟုတ်တယ်.. တဲ့။ ဒီည ထိုင်းစစ်တပ်က ကင်းချတာ ကျပ်လို့ ကျမတို့ကို လာကြိုမယ့်ကားက ချိန်းတဲ့ နေရာထိ ရောက်အောင် လာလို့ မရတာ.. တဲ့။ အင်းလေ.. ဖြစ်ရမှာပေါ့.. ကျမပဲလေ.. လို့ တွေးလိုက်မိသေး။ ဒါဖြင့် တော်တော် လျှောက်ရဦးမလား မေးတော့.. မပြောနိုင်သေးဘူး အမရေ.. တဲ့။ ဒီလိုနဲ့ ဆက်လျှောက်ရပြန်ပါတယ်။ တနေရာရောက်တော့ ကားလမ်းမကို ကန့်လန့် ဖြတ်ပြေးရတယ်။ ခါတိုင်းဆို ဒီနေရာမှာ ကားက လာစောင့်တာတဲ့။ ဒီနေ့ လာမရလို့တဲ့။ (ဟုတ် မဟုတ်တော့ သူတို့မှ သိမှာပဲ)။ အဲဒီနေရာမှာတော့ ဆိုင်းဘုတ်ကို ထိုင်းလိုရေးတာ တွေ့ပြီ။ ထိုင်းနယ်ထဲ ၀င်နေပြီထင်ပါရဲ့။ ဒီလိုနဲ့ ဆက်လျှောက် ဆက်လဲ.. လူတွေက ပိုမြန်မြန် လျှောက်နေရတယ်။ ကားက တ၀က်သာ လာမကြိုနိုင်ဘူးဆိုရင် မိုးမလင်းခင် သတ်မှတ်ထားတဲ့ နေရာကို ရောက်မှတဲ့။ မရောက်ရင် ပြဿနာတက်မှာတဲ့။ ပို မြန်မြန်လျှောက်ရပြန်ပါတယ်။ အဖော်တွေခမျာတော့ ကျမ ကလေး တွေကို ကူချီရ.. ကျမကိုကူတွဲရပေါ့။ ဒီလိုနဲ့ ကျမနားတွေ အူလာပါတယ်။ လူက မူးလာပြီ။ ရုတ်တရက် ဘယ်ဘက်ရင်ပတ်ထဲက အောင့်လာပြီး ကျမ ပစ်လဲသွားပါတော့တယ်။ နားထဲမှာ အသံတွေ တိုးတိုး တိုးတိုးနဲ့ ကြားနေရတယ်..။ အမ.. အမ.. သတိထားနော်.. အသက် ၀၀ ရှူ.. အမေကြီး သတိထားပါကွာ.. အားတင်းပါ.. ကလေးတွေ သနားပါတယ်နော်.. တဲ့။ ရာကျော့်အသံ..။ မေမေ.. မေမေ.. သတိထားပါ မေမေရာ.. တဲ့ .. ငိုသံကြီးနဲ့ သားကြီးအသံ..။ ကျမ အသက်ရှူကျပ်လာတယ်။ ငါ သေလို့ မရဘူး။ အကုန် ဒုက္ခရောက်ကုန်မှာ…။ ကိုယ့်ကိုကိုယ် သတိပေးနေတဲ့ ကြားကပဲ ကျမ မိုက်ကနဲ ဖြစ်သွားတယ်။ အဲဒီအချိန်လေးမှာပဲ... အိပ်ပျော်သွားသလို အနားရ သွားသလို..။ ကျမ ဘာမှ မသိတော့ပါ။

+++++

19 comments:

Thant said...

ဖတ်ရင်းနဲ့ ကလေးတွေကို သနားလွန်းလို့ မျက်ရည်ကျမိတယ် ။ အရွယ်နဲ့ မမျှ ။ မိဘဖြစ်တဲ့ဆရာမတို့ရဲ့အပူကို စဉ်းစားမကြည့်ရဲအောင်ပါဘဲ ။

ကြည် said...

ခါးသီးတဲ့ ဖြတ်သန်းမူ့တွေကိုဖတ်ရလို့ မျက်ရည်ကျမိတယ်....ဆရာမတို့ဟိုကိုရောက်ပြီဆိုတာ အရင်ပိုစ့်တွေတုန်းကဖတ်ထားရလို့သာ ဆက်ဖတ်နိုင်တာ။ နို့မို့ဆို ဆက်မဖတ်ရဲတော့ဘူး။ မိသားစုအားလုံးပျော်ရွင်ပါစေ..............

ဝင်းပေါ်မောင် said...

အချစ်ဝတ္ထုရေးတဲ့သူကို စွန့်စားခန်းရေးဖို့ ကံကြမ္မာက ပြက်ရယ်ပြုလိုက်လေသလား...?

:P said...

သနားလိုက်တာ ဆရာမရယ်....

Unknown said...

This is real life. More unbelieveable than story. I think your experiences in Part (40) is so terrible, but, oh my god, this post is the worst. Sayama yay, I am very very sad to read. My body is shaken and I can see you and your family in my eyes.
Sayarma yay, Being having good friends is one bless in our lives naw.
All the best wishes.

Nanda said...

ဘုရား ဘုရား...။ ကလေးတွေ တကယ်သနားစရာပဲ။ ကံတချက်ချော်တာနဲ့ ဘာမှလုပ်မရ ကိုင်မရအောင်ဖြစ်တော့တာပဲ။ စာရွက်စာတမ်းအထောက်အထားအပြည့်အစုံနဲ့ ဥပဒေဘောင်ဝင်အောင် လုပ်ပေမယ့်လဲ အခန့်မသင့်တော့ အဲလိုဖြစ်ကုန်တာပဲ။ ကံအကောင်းဆုံးကတော့ ထိုင်းအချုပ်က လူတွေ ပြီး စလွယ် နာမည်လေးတွေ ရေးပေးလိုက်လို့သာပေပဲ။ မဟုတ်ရင် ဗမာဖက်ခြမ်းမှာ ဘယ်လိုမှရှင်းရမှာမဟုတ်တော့ဘူး။ ဆရာမရေ ဒီစွန့်စားခန်းက အတော်နဲ့ပြိးအုံးမယ့်ပုံမပေါ်ဘူး။ ရေးမယ့်ရေး ပြည့်ပြည့်စုံစုံသာ အကုန်ရေးပါတော့။ မအားလပ်တဲ့ကြားက နှလုံးသားနဲ့ရင်းပြီးရေးရတဲ့ ခံစားချက်ကိုနားလည်ပေမယ့် . ဒါတွေဟာ လူအများသိသင့်သိထိုက်တဲ့ တန်ဖိုးရှိတဲ့ မှတ်တမ်းမှတ်ရာတွေမို့လို့ပါ။

မေ့သမီး said...

အမရေ ကံဆိုးလိုက်၊ ကောင်းလိုက်နဲ့နော်။ တရားရစရာကောင်းလိုက်တာ။ ဒီအခြေအနေကိုကျော်လွှားနိုင်လာတာပဲ တော်လှပြီ။

YuuWaThone said...

ဆရာမရယ် တကယ်ကိုစိတ်မကောင်းဖြစ်ရတယ်။
မျက်ရည်တွေနဲ့ ဖတ်ခဲ့ရတယ်။
ကျမ Documentary ကြည့်ဖူးတယ်။
အဲဒိကောင်မလေးက
တရုတ်ပြည်က သူ့ မှာလည်းသားလေး ၂
ယောက်ရှိတယ်။မြန်မာ လားအို ထိုင်း နယ်စပ်မှာ
ရိုက်ထားတာ မှောင်မဲနေတာဘဲ။
ဆက်ရေးပါအုန်းဆရာမရယ်။
ဗမာပြည်ရဲ့ သာမန်ပြည်သူတွေသာမဟုတ်
ပညာတတ်အသိုင်းအ၀ိုင်းကသူတွေတောင်
ဘ၀တွေကို ဘယ်လိုခက်ခဲ ဆင်းရဲပင်ပန်းစွာ
ဖြတ်သန်းနေရတာတွေကို
ဗမာပြည်သူတွေသာမက ကမ္ဘာပြည်သူတွေပါသိအောင်
တခုခုလုပ်ပါလို့ တိုက်တွန်းပါရစေ။

mg said...

ဖြစ်မှဖြစ်ရလေ...ဆရာမရယ်၊ မသေကောင်းမပျောက် ကောင်း။ ဇတ်သိမ်းပိုင်း သိနေလို့သာ၊ တခုခု ချွတ်ချော်
သွားလို့ကတော့ မတွေးဝံ့စရာပါလား ဆရာမရယ်။ ဆရာမ
ဇတ်လမ်း ဖတ်ရင်းနဲ့ ကျွန်တော်တို့ပြည်သူတွေရဲ့ လူမျိုးဘာ
သာမခွဲခြားဒုက္ခဖြစ်လာရင်ကူညီယိုင်းပင်းတတ်တဲ့ ချစ်စရာ
ဓလေ့ လေးကို သတိထားမိပါတယ်။ ဗိုလ်မှူး လေးရဲ့ ကြင်နာ
တတ်သောနှလုံးသားကို လဲဂရုပြုမိပါတယ်။ ထိပ်ပိုင်းက လက်တဆုပ်စာ အတ္တဘော ကြီးတွေကိုပဲ အမြန်ရှင်း
ပစ်ရမှာပါ။ ဒင်းတို့ကြောင့် ပြည်သူတွေ အားလုံး အတိဒုက္ခ
ရောက်နေကြရတာ။

kyawkyaw said...

What a real adventure!I feel sorry for your family. Thanks God, now all of you are safe and fine!

Unknown said...

ထပ်တူထပ်မျှ ခံစားရပါတယ် ဆရာမရေ...
မအားတဲ့ကြားက အချိန်ပေးပြီး ရေးပေးတာကိုလဲ ကျေးဇူးတင်ပါတယ်...
(၄၂)ကို မျှော်နေပါမယ်..

Anonymous said...

ဒီမြသီလာအလွမ်းပြေကိုအမြဲစောင့်ဖတ်တယ်..
ဒီနောက်ပိုင်းpost လေးတွေကစိတ်မကောင်းစရာကောင်း
ပေမဲ့မိသားတစ်စုလုံးရဲ့လေးစားစရာကောင်းတဲ့
စိတ်ဓါတ်ကြံကြံခံနိုင်မှူ အားလုံးဟာအရမ်းအထင်ကြီး
လေးစားဖို့တော်တော်ကောင်းပါတယ်..အထူးသဖြင့် ဆရာမ
ဒေါ်မေငြိမ်းရဲ့ ရဲရင့်မှန်ကန် ရိုသားဖြောင့်မှန်တဲ့စိတ်ထားတွေကို
ဒီမြသီလာ မှာတွေ့ရတယ်.. မြန်မာနိုင်ငံမှာ မှန်တစ်ချပ် အလား စာရေးဆရာကောင်းတွေရှိနေသေးဆိုတာ ဒီစာတွေကပြောပြနေတယ် ... ဆရာမကို အရမ်းအထင်ကြီးလေးစားမိပါတယ်...

Unknown said...

အမ ...
သိနေခဲ့ပြီးတဲ့ အကြောင်းအရာပေမဲ့ ဖတ်ရင်းနဲ့ ရင်ထဲ နင့်နေအောင် ခံစားမိပြီး မျက်ရည်ဝဲမိတယ်။
ခါးသီးကြမ်းတမ်းမှုတွေကို အန်တု ကျော်ဖြတ်ပြီးနောက်မှာ သာယာမှုတွေနဲ့သာ ကြုံတွေ့ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

တခါက ...
(အမမုန်းခဲ့သော)
.....

မေငြိမ်း said...

အားလုံးပဲ မေတ္တာထားပြီး အားပေးကြတာ ကျေးဇူးတင် ပီတိဖြစ်ရပါတယ်။ အဲဒီ ပီတိကြောင့်ပဲ မအားတဲ့ကြား စိတ်ထိခိုက်တဲ့ ကြားက ဆက်ရေးဖြစ်နေတာပါ..။ ၄၂ကိုလည်း မြန်မြန်တင်ဖြစ်မှာပါ..။
တခုပဲ ကျမက ပြောခဲ့သလို လူထုနဲ့ပတ်သက်ပြီး ဖောက်ပြန်တာ မဟုတ်ရင် မုန်းလေ့မရှိတာမို့ တခါက အမမုန်းခဲ့သော Achit ဆိုသူနဲ့ ပတ်သက်လို့ စိတ်မကောင်းပါ..။

Moe Cho Thinn said...

ဆရာမရေ
မျက်ရည်တွေ နှလုံးသွေးတွေနဲ့ ရေးတဲ့စာပါပဲ။ ဒီစာဖတ်တော့ ကိုယ်တိုင် အမှောင်ထဲမှာ တောလမ်းက သွားနေရသလို ကူကယ်ရာမဲ့ မိုးထဲလေထဲ..။

ဒီစနစ်ဆိုးကြီးကို ခါးခါးသီးသီး မုန်းလိုက်တာ...

P.Ti said...

ဆရာမ ဖတ်ပြီးသွားတာ တင်တဲ့နေ့ကတည်းကပါ။ မှတ်ချက်ကို မရေးမိပဲ တွေဝေပြီး ပိတ်လိုက်မိတယ်...

အခက်အခဲတွေကို ကြံ့ကြံ့ခိုင်ခိုင်နဲ့ ကျော်ဖြတ်နိုင်တဲ့ စိတ်ဓာတ်ကို အားကျမိပါတယ်။

အဲလိုပဲ မတရားခံနေရတဲ့လူတွေ အများကြီးပဲပေါ့နော်...

ဆက်ရေးပါဦး...

s0wha1 said...

အန်တီရေ... ဖတ်ရင်းနဲ့ မျက်ရည်ကျရတယ်။ သေသေချာချာ ဂဃနဏက ခု ဖတ်မှ သိရတာကိုး... သမီးပြောခဲ့သလိုပဲ... စာတစ်ပုဒ်ရတာပေါ့ အန်တီရယ်။

တန်ခူး said...

မ ရယ်… တကယ်ရင်ဆိုင်ရခဲ့တဲ့သူတွေတော့ ဘယ်လိုနေမယ်မသိဘူး… မ ရေးထားတာ ဖတ်ရတာနဲ့ တင် လူလဲမွန်းကြပ်ပြီး ရင်ထဲဆို့ နင့်နင့်ကြီး… မျှော်လင့်မထားဘူး မ ရယ်… အဲဒီလို နေ့ ရက်တွေ မြသီလာထဲမှာ ပါနေလိမ့်မယ်လို့  မျှော်လင့်မထားတော့ အတော်ထိခိုက်ကြေကွဲရပါတယ်… ထိုင်းကို ပြန်လို့ ရတယ် ဆိုတဲ့ နေရာရောက်တော့ တော်ပါသေးရဲ့လို့  ဟင်း ချနိုင်ပေမယ့် မ မူးလဲသွားတော့ ဒီကော်မန့် မြန်မြန်လေးရေး နောက်တပိုင်းကို အပြေးဖတ်ဖို့ ပြင်မိတယ်…

mm thinker said...

ပြန်ရောက်လာခဲ့ပြီဆိုတာ သိပြီးဖြစ်ပေမယ့် ဖတ်ရတာ ရင်တထိတ်ထိတ်ပဲ။