Muang Police Station... ကျမတို့ ဆိုင်ကယ်နဲ့ မကြာခဏဖြတ်စီးသွားနေကျ ကျုံးထဲက ရဲစခန်းပေါ့။ အချုပ်ကား ရပ်လို့ ဆင်းကြရတော့ ကျမတို့ လူအုပ် ၁၅ယောက်လောက်ရှိမယ်.. ကျမတို့ မိသားစုကပဲ ၅ယောက်..။ အဲဒီအချိန် သမီးနဲ့ သားငယ်လေးက ငြိမ်လို့။ သမီးက ၉နှစ်ပြည့်ကာနီးဆိုတော့ နားလည်တတ်နေပြီမို့ မျက်ရည် ၀ဲနေပြီ။ သားငယ်လေးကတော့ ကြောက်နေတယ်ထင်တယ်။ ကျမအတွက် အဲဒီအချိန်မှာ အရေးကြီးဆုံးက သားသမီး ၃ယောက်ရဲ့ ခံစားချက်ပါပဲ..။ ကျန်တာ ဘာမှအရေးမကြီးဘူး။ အဖြစ်အပျက်ထဲမှာ သူတို့ သိပ် မခြောက်ချားအောင်.. ပြီးတော့ ဒဏ်ရာအနာတရမကျန်ခဲ့အောင် ကျမ ကြိုးစားရမယ်။ သားကြီး စိတ်ဓာတ် မကျဖို့လည်း လိုတယ်။ ရဲတွေ ခေါ်သွားတဲ့ နောက်ကလိုက်နေရင်း သားကြီးကို ကျမပြောလိုက်တယ်..။ သား.. မေမေတို့ ကောင်းမယ်ထင်တာ လုပ်ခဲ့ပေမဲ့ ခုလို ကြုံရတယ်.. ဒါကို သား စိတ်မညစ်နဲ့.. အမေတို့ ကြိုးစားပြီး ဖြေရှင်းရမှာပဲ.. တခုပဲ.. သား အဆိုးဆုံးဖြစ်လာနိုင်တာတွေသာ စဉ်းစားပြီး ရင်ဆိုင်ဖို့ အားမွေးထားတော့..။ သားကြီးက ဘာမှပြန်မပြောဘူး။ မျက်ရည် လည်နေတယ်။ ကလေးတွေအဖေကတော့ တော်တော် စိတ်ထိခိုက်နေပါတယ်။ သမီးလေးကို ဖက်ထားတယ်။
ရဲစခန်းထဲမှာ ကျမတို့ကို ဒူးထောက်ထိုင်ခိုင်းပြီး တယ်လီဖုံးတွေ သိမ်းတယ်..။ ပြီးပြီ.. ကျမရဲ့ အဆက်အသွယ် မှန်သမျှ.. ပြတ်ပြီ။ ဒါပေမဲ့ ကျမ သူငယ်ချင်းတွေကို ကျမ စိတ်ချတယ်..။ ကျမတို့ ဘယ်မှာ ရှိတယ်ဆိုတာကို သူတို့ စုံစမ်းနိုင်မှာပဲ…။ ဂျိမ်းကနဲဆို တံခါးတပေါက် ပွင့်သွားပြီး ကျမတို့အားလုံး ၀င်လိုက်ရတယ်။ ဘုရား… ဘေးဘယ်ညာမှာ သံတိုင်တပ် အချုပ်ခန်းကလေးတွေ ရှိနေတဲ့ လှောင်အိုက်အိုက် အခန်းရှည်ကြီး.. အချုပ်ပေမဲ့ အပြင်ကို မမြင်ရအောင် တံခါးတွေ ၃ထပ်ထားတာမို့ ထောင်နဲ့ တူနေပါတယ်။ ရုတ်တရက် ကျမ စိတ်ထဲ ပိတ်ရိုက်ခံလိုက်ရသလိုပါပဲ..။ မှောင်အိုက်နေတဲ့ ပိတ်လှောင်မှု..။ ခပ်အဲ့အဲ့ အနံ့.. ပြီးတော့ လူတွေအများကြီးးး.. ယောက်ျားတွေရော မိန်းမတွေရော.. ကလေးတွေရော..။ သမီးက ကျမလက်ကို တင်းကနဲဆုပ်တယ်။ သားငယ်လေးက ပေါင်ကို လှမ်းဖက်တယ်..။ ရဲက ပြောတယ်.. ယောက်ျား မိန်းမ ခွဲနေပါ..တဲ့။ ရာကျော်က သားငယ် လေးကို ခေါ်သွားမယ်တဲ့။ သမီးနဲ့ ကျမ နေ... တဲ့။ မဖြစ်ဘူးထင်တယ်… သားက အမေမရှိရင် ပို ၀မ်းနည်းမယ်.. ဆိုတော့ ရာကျော်က အမေ ပင်ပန်းမယ်တဲ့…။ သားကြီးကလည်း ညီလေးကို သားတို့ ခေါ် သွားမယ်တဲ့။ ရဲကလည်း မောင်းသွင်းနေပြီ။
ကျမ သားငယ်လေးကို သားက ဖေဖေတို့ ကိုကြီးတို့နဲ့ လိုက်သွားနော်.. မေမေက မမကြီးနဲ့ သွားရမယ်လို့ ငုံ့ပြောလိုက်တော့ သားက ငိုမဲ့မဲ့လေးနဲ့ ခေါင်းညိတ်တယ်။ သားအဖ ၃ယောက်က ယောက်ျားခန်းထဲ ၀င်သွား တယ်။ ကျမနဲ့ သမီးက မိန်းမခန်း..။ တော်သေးတာက အခန်း၂ခန်းက ခလယ်စကြံင်္လမ်းခြားထားတဲ့ မျက်နှားချင် ဆိုင် ဓားလွယ်ခုတ်မှာ ရှိနေတာပါ။ မိန်းမဆောင်တဲ့..။ ပေ၂၀ ပတ်လည် အခန်းကျယ်..။ သစ်သားကြမ်းခင်းနဲ့..။ အဲဒီထဲမှာ မိန်းမတွေအပြည့်.. ပြီးတော့ ကလေး ငယ်လေး ၃ယောက်လည်း ရှိသေးတယ်။ ညအိပ်တော့မှ ရေကြည့်တော့ ၃၃ယောက်။ အကုန် မြန်မာနိုင်ငံကချည်းပေါ့..။ ကျမတို့သားအမိ ၀င်သွားတော့ နံရံနားက မိန်းကလေး တစုက လှမ်းခေါ်တယ်…။ အန်တီ ဒီကိုလာတဲ့..။ ကလေးမလေးတွေက ရုပ်ရည်သန့်သန့် လေးတွေ..။ ကျမတို့ သားအမိကို နေရာလေး လုပ်ပေးတယ်။ တယောက်နဲ့ တယောက် ခေါင်းချင်းဆိုင် အိပ်ကြရမှာတဲ့..။
အဲဒီ နေရာလေးမှာ ထိုင်ချလိုက်တော့မှ သမီးလေးက ကျမပေါင်ပေါ် မှောက်ချလိုက်ပြီး ငိုပါတော့တယ်။ သမီးငိုမှပဲ ကျမလည်း မျက်ရည်ကျတယ်။ အဲဒီအချိန်လေးမှာပဲ ကျမတို့ကို နေရာခေါ်ပေးတဲ့ ကလေးတွေလည်း ငိုကြပါတယ်။ သမီးလေးကတော့ တကယ့်ကို ၀မ်းပမ်းတနည်း ရှိုက်ရှိုက်ပြီးငိုပါတယ်။ သမီးတို့ ဘာအပြစ်ရှိလို့ ဖမ်းတာလဲ..တဲ့။ မေမေတို့ကို စစ်ဆေးစရာရှိလို့ ခဏခေါ်တာပါ သမီးရယ်လို့ ဖြေတော့.. မေမေရယ်.. သူတို့ ပေးမလွှတ် လည်း အမေရိကား မသွားပါနဲ့တော့.. သမီး ထိုင်းမှာပဲ ပျော်တယ်.. မသွားလည်း ရတယ် လေ.. တဲ့။ ကျမကတော့ အေးပါ သမီးရယ်.. မေမေ သူတို့နဲ့ သေချာပြောပါဦးမယ်လို့ ပြောရတာပေါ့…။ အဲဒီညက ကြမ်းပြင်ပေါ်မှာ ကျမရဲ့ ပခုံးသိုင်းအိတ်ကို ခေါင်းအုံးလုပ်ပြီး သမီးကို သိပ် ရပါတယ်။ နောက်မှ ကျမတို့ကို နေရာပေးတဲ့ ကလေးတွေနဲ့ စကားပြောမှ.. သူတို့လေးတွေက ဘွဲ့ရပြီးသားလေးတွေ.. တချို့ အဝေးသင် တက်နေတုန်း.. အချိန်ရတဲ့ အခိုက်မှာ ထိုင်းမှာ အလုပ်လာလုပ်တာလို့ သိရပါတယ်။ နောက် ဘာသာစကား သင်တန်းတခု လာတက်ကြတာ..။ ဒါကြောင့်ပဲ အားလုံးက ရုပ်ရည်သန့်သန့်လေးတွေ..။ သူတို့အနားမှာ လည်း အင်္ဂလိပ်စာအုပ်တွေနဲ့။ မွန်ပြည်နယ်က.. ထားဝယ်က.. ဘားအံက.. မုဒုံက.. လွိုင်ကော်က… ပဲခူးက.. တောင်ကြီးက.. ကျိုင်းတုံ တာချီလိတ်က… အိုးး အစုံပါပဲ..။ ကျမမေးကာမှ ကလေးတွေခမျာ ၀မ်းနည်းပြီး ငိုကြပါတယ်။ သူတို့လည်း လက်မှတ်မရှိလို့ အဖမ်းခံရတာပဲပေါ့။ သူတို့ ရောက်နေတာ ၁ပတ်ရှိပြီတဲ့။ ဘယ်တော့ ထွက်ရမှာလဲဆိုတော့.. မသိဘူးတဲ့..။ သူတို့ကို မဲဆောက်မှာ သွားသွန်မှာတဲ့။
တချို့ကတော့ ထိုင်းမှာ နယ်မြေအလိုက် နေခွင့်ရှိတဲ့ တောင်ပေါ်သား အထောက်အထား လက်မှတ်ရှိလျက်နဲ့ သွားခွင့်ရှိတဲ့ ဧရိယာကျော်လို့ အဖမ်းခံရတာပါ။ ကျမမေးကြည့်တော့ ဒီအချုပ်ထဲ ရောက်ပြီဆိုရင်တော့ ပြန်လွတ်ဖို့ မရှိတော့ဘူး..တဲ့။ မြန်မာပြည်နဲ့ ထိုင်းနယ်စပ် တခုခုမှာ သွားပစ်မှာ..တဲ့။ တချို့ကတော့ ဘလိုမှမနေပါဘူး။ အမရယ်.. သူတို့ သွားပစ်လည်း ကျမတို့ ပြန်လာတာပဲ..ဒါနဲ့ပဲ နေလာတာ နှစ် ၂၀ရှိပြီ.. ၁၀နှစ်ရှိပြီ.. တဲ့။ ကလေးတွေကတော့ ဆော့လို့..။ သူတို့ရောက်နေတာ ၂ပတ်ကျော်ပြီတဲ့။ တချို့တော့ သူတို့ကို သွားပစ်မယ့် နေရာက ဝေးလို့ ကားမှာ လူမပြည့်လို့ စောင့်နေရတာ.. တလကျော်ပြီတဲ့..။ ကျမတို့ကို ဘယ်မှာ ပစ်မှာလဲ..တဲ့။ ကျမ မသိပါ..။ သူတို့က ပြောမှ ဒီကနေ ပိုက်ဆံပေးပြီး ဖုန်း ခေါ်လို့ရတယ်လို့ သိရတော့ စိတ်နည်းနည်း အေးသွားပါတယ်။ အချုပ်က လူများပေမဲ့ အိမ်သာရေချိုးခန်းကတော့ သန့်ပါတယ်။ သောက်ရေကိုတော့ ၀ယ်သောက်ရပါတယ်။ ပြီးတော့ စခန်းမှူးမိန်းမက အချုပ်ထဲမှာ စားစရာ လာရောင်းတယ်တဲ့။ အချုပ်က ထမင်း ဟင်း ပေးတယ်တဲ့။ အဲဒီညက ရာသီဥတုက ပူတော့ သစ်သားခင်းမှာ အိပ်ရတာတောင် ကျောနေရာက ပူနေပါတယ်။ တညလုံး မီးထိန်နေတဲ့ အောက်.. လူတွေအများကြီးနဲ့ ဒလိန်းထိုးအိပ်ဖူးတာ ပထမဆုံးပါပဲ..။ ကျမ အိပ်မပျော်ခဲ့ပါ…။
+++++
မနက်၈နာရီ အချုပ်ခန်းရဲ့ အလယ်တံခါး ဖွင့်မှ သားလေးကို တွေ့ရပါတယ်။ သားလေးက ကျမကို ပြေးဖက်ပြီး မေမေနဲ့ပဲ နေမယ်တဲ့..။ အဲဒီအချိန်က မနက်စာ ဝေချိန်ဖြစ်ပြီး စခန်းမှူး မိန်းမ ဈေးလာရောင်းတဲ့ အချိန်လည်း ဖြစ်ပါတယ်။ သူ့ဆီမှာ ကောက်ညင်းပေါင်း ကြက်ကြော်.. ငါးကြော်.. ကြက်ဥပြုတ်.. မုန့်တွေနဲ့ အအေးတွေ..နို့ဗူးတွေ ၀ယ်လို့ ရတာမို့ ကျမ ကလေးတွေအတွက် စိတ်ချမ်းသာရပါတယ်။ ပြီးတော့မှ ကျမရဲ့ အရင်းဆုံးသူငယ်ချင်း ၄ယောက်ဆီ ဖုန်းခေါ်ဖို့ ကြိုးစားရပါတော့တယ်။ ကံကောင်းချင်တော့ အားလုံးကို ခေါ်လို့ရတာမို့ ကျမတို့ ဘယ်မှာ ရှိနေတယ်.. ဘယ်လို လာတွေ့လို့ရတယ်ဆိုတာတွေ.. အကုန် ပြောလို့ ရသွားပါတယ်။ မနက် ၈နာရီခွဲမှာ ဧည့်သည်တွေ့ချိန် တချိန်ရှိပါတယ်။ နေ့လယ် ၁၂နာရီက ထမင်း ပို့ချိန်…။ မိဆူးပွင့်တို့ လာမယ်တဲ့..။ ညနေ ၄နာရီမှာလည်း ဧည့်တွေ့ချိန် တချိန်…။
နေ့လယ် ၁၂နာရီ ထမင်းပို့ချိန်မှာတော့ သူငယ်ချင်းတွေ ရောက်လာပါပြီ။ အ၀တ်အစားပိုတွေ.. မုန့်တွေ.. အအေးတွေ.. နွားနို့တွေ.. ဆေးတချို့.. ပြီးတော့ ဖျာ.. စောင်ပါးလေးတွေ..။ ထမင်းတွေ ဟင်းတွေ…။ နောက်.. ကျမတို့ ကိစ္စ သူတို့ ညှိနေကြပါတယ်.. ရမှာပါ..တဲ့။ ခုတော့ စနေတနင်္ဂနွေပိတ်ရက် ခံသွားလို့ နေလိုက်ပါဦး.. တနင်္လာနေ့တော့ ထွက်ရမှာ.. တဲ့။ လေယာဉ်လက်မှတ် ရက်ရွှေ့တာတွေ ဘာတွေ သူတို့ လုပ်ပြီးပြီတဲ့။ ကျမတို့နဲ့ ပါလာတဲ့ စာရွက်စာတမ်းတွေကို သူငယ်ချင်းတွေဆီ ပေးရပါတယ်။ နောက် ကျမတို့မိသားစုနဲ့ ခင်တဲ့ မြန်မာထမင်းဆိုင်ဖွင့်ထားတဲ့ စုံတွဲက ပုံမှန် ထမင်းပို့မှာ..တဲ့။ အဲဒီစုံတွဲကဆိုရင် ကလေးတွေ ပန်းချီရေးဖို့ ပစ္စည်းပစ္စယတွေရော.. ဖတ်စရာစာအုပ်တွေရော.. လာပေးတာပါ..။ ကျမကတော့ စိတ်ညစ်တဲ့ကြားကပဲ ကိုယ့်နိုင်ငံကလူတွေ တိုင်းတပါးက အချုပ်ထောင်ထဲမှာ တပုံတပင် တွေ့ရတာကို စိတ်မကောင်းတွေဖြစ်ပြီး သူတို့တွေနဲ့ စကားလိုက်ပြောနေမိပါတယ်။ တချို့ ကရင်လူမျိုးတွေ မြန်မာစကား ကောင်းကောင်း မတတ်။ တချို့ ရှမ်းလူမျိုးတွေ မြန်မာစကား လုံးလုံး မတတ်.. နားလည်း မလည်။
ကရင်မလေးတယောက်က နေ့စေ့လစေ့ ကိုယ်ဝန်ကြီးနဲ့..။ ဗိုက်က တော်တော် အောက်စိုက်နေပြီ။ ဒုတိယ ကိုယ်ဝန်..တဲ့။ ရဲတွေကို ပြန်ပါရစေပြောတာလည်း မရဘူးတဲ့။ သူကလည်း မြန်မာစကားမတတ်..။ ကျမမှာ သူမွေးသွားမှာ စိုးလို့ တထိတ်ထိတ်..။ နောက် ကလေး နှစ်နှစ်သား သုံးနှစ်သားလေးတွေနဲ့ မိသားတစု။ ရွေးဖို့ ပိုက်ဆံလည်း မရှိဘူးတဲ့.. ပို့ချင်တဲ့ နေရာသာ ပို့ပါစေတော့.. တောလမ်းကနေ လမ်းလျှောက်ပြီး ပြန်ဝင်လာမှာတဲ့။ နယ်စပ်နားက တောင်ယာတွေမှာ အလုပ်လုပ်နေတာ..တဲ့။ ချင်းမိုင်ခဏ တက်လာတုန်း အဖမ်းခံရတာတဲ့။ သူတို့ကို ကျမက သနားနေမိတဲ့အချိန်.. သူတို့က ကျမတို့ကို ပြန်သနားနေတာ..။ တယောက်က ပြောတယ်.. “ကျမတို့က တသက်လုံး ဒီလို နေစားလာတာ.. ခု အချုပ်ထဲ နားရတယ်တောင် မှတ်သေး.. အမတို့ပဲ သနားတာ.. ကြည့်ရတာ နုနုနယ်နယ်.. အလုပ်ကြမ်း လုပ်ဖူးမှာလည်း မဟုတ်ပါဘူး..ဒုက္ခ”.. တဲ့လေ။ ကျမမှာ သူပြောကာမှ ပိုဝမ်းနည်းသွားပြီး မျက်ရည်ခိုးကျမိသေးတယ်။ ဒီလိုနဲ့ အချုပ်ထဲမှာ သောကြာ စနေ တနင်္ဂနွေ ကုန်သွား…။ သူငယ်ချင်းတွေက ဧည့်ချိန်တွေမှာ တလှည့်စီလာတွေ့..။ တနင်္လာနေ့တော့ ပိုက်ဆံပေးပြီး ထုတ်မှာတဲ့..။ အဆင်သင့်သာပြင်ထား.. တဲ့။
တနင်္လာနေ့က စက်တင်ဘာ ၂၂ရက်နေ့ပါ။ အဲဒီနေ့မှာ ကျမ တိတ်တိတ်လေး စိတ် လှုပ်ရှားနေမိပါတယ်။ ဘယ်သူကိုမှ ထုတ်မပြောဘဲနဲ့ပေါ့..။ ဘာလို့ဆို အဲဒီနေ့က သမီးလေးအသက် ၉နှစ်ပြည့်တဲ့ မွေးနေ့လေ…။ ကျမက သားသမီးတွေကို မွေးကတည်းက မွေးနေ့တွေမှာ တခုခု လုပ်ပေးနေကျမို့ အဲဒီ သမီးလေးမွေးနေ့မှာ အပြင်ထွက်ရရင် ညနေတခုခု လုပ်ပေးမယ်လို့ စဉ်းစားနေမိပါတယ်။ ဒါပေမဲ့ သေချာပေါက်မသိတာမို့ ကြို မပြောရဲဘူးလေ..။ ဒီတော့ သမီး မသိအောင် မေ့ချင်ယောင်ဆောင်နေလိုက်တယ်။ အချုပ်ထဲမှာ အချိန်နာရီတွေ ရက်တွေ မေ့နေတာမို့ သမီးလည်း မေ့နေမှာလို့ ထားလိုက်ရတယ်။ ၂၂ရက်နေ့… နေ့လယ် ၁၁နာရီ။ မဲဆောက်ဘက်ပြန်မယ့် တအုပ်စုကို ပြန်ပို့မယ့်ကား ရောက်လာပါပြီ။ တယောက်စီ.. ခေါ်ထုတ်.. လူကုန်.. တံခါးတွေ ပြန်ပိတ်.. သော့ချိတ်.. ကျမတို့နဲ့ ရင်းနှီးသွားပြီဖြစ်တဲ့ ပညာတတ်ကလေးတွေအဖွဲ့ ပါသွားပြီ။ ကျမတို့ မပါသေးပါဘူး။ နေ့လယ် ၁၂နာရီ… ထမင်းပို့ချိန်..။ သားကြီးမျက်နှာမှာ မျှော်လင့်နေတာကို တွေ့တယ်။ ကျမ မသိချင်ယောင်ဆောင်ရတယ်။ သူငယ်ချင်းတွေ ရောက်လာတယ်။ သူတို့မျက်နှာတွေ့ကတည်းက ကျမ သိလိုက်ပြီ..။ အခြေအနေမဟန်…။ ဘယ်လိုမှ လိုက်မရပါ……… တဲ့။
၂၂ရက်ည..။ မိန်းမဆောင်ထဲ တော်တော်လေး လူရှင်းသွားတယ်။ နည်းနည်းတောင် တိတ်ဆိတ်သွားသလိုပဲ။ ဟိုကလေးတွေ ရှိတုန်းက ဘာပဲဖြစ်ဖြစ် လူငယ်တွေပီပီ စကားပြောသံတွေ.. သီချင်းညည်းသံတွေ.. တိတ်တိတ်ကျိတ်ငိုသံတွေ ကြားရသေးတယ်။ သမီးလေးက သိသိသာသာ ငြိမ်နေတယ်။ သမီးက အဲဒီ မမတွေနဲ့ အဖွဲ့ကျသွားတာဆိုတော့.. ခု မမတွေ မရှိတာ သိသာနေမှာပေါ့။ ညကျတော့ သားနဲ့ သမီးကို အိပ်ခိုင်းပြီး ပုံပြောပြဖို့ ကျမဟန်ပြင်နေတုန်းမှာပဲ သမီးက အိကနဲ ရှိုက်ငိုလိုက်တယ်။ ကျမက သမီး မငိုရဘူးလေ.. မေမေပုံပြောပြမယ်ဆိုတော့မှ.. ဒီနေ့ သမီးမွေးနေ့.. သမီးက ထောင်ထဲမှာ.. သမီး သူငယ်ချင်း တွေကတော့ သမီး အမေရိကားရောက်သွားပြီလို့ ထင်နေမှာ.. သမီးကတော့ ထောင်ထဲမှာ.. ထိုင်းတွေက ဘာလို့ ဗမာတွေကို ဖမ်းချင်တာလဲ မေမေရယ်.. တဲ့။ ကျမတောက်လျှောက် ဟန်လုပ်မာန်တင်းပြီးနေခဲ့သမျှ အဲဒီအချိန်လေးမှာတော့ မရတော့ပါဘူး။ ကျမလည်း ငိုမိပါတယ်။ သမီးရယ်.. အပြင်ရောက်ရင် မေမေ သမီးမွေးနေ့ လုပ်ပေးပါ့မယ်..ဆိုတော့ သမီးက ဘယ်တော့လဲ.. မေမေ သေချာသိလား..တဲ့။ အဲဒီအချိန်လေးမှာပဲ သားလေးကို လှည့်ကြည့်လိုက်တော့ ခံစားချက်ကို နားမလည်တတ်သေးဘူးလို့ ကျမထင်ထားတဲ့ သားကလေး ၅နှစ်သား ကလည်း ငိုလို့။ အဲဒီညမှာ ပထမဆုံးအကြိမ်အဖြစ်.. ကျမ မှားသွားပြီလားလို့ တွေးမိခဲ့တာပါပဲ…။
+++++
တကယ်တော့ စဉ်းစားကြည့်လိုက်ရင် ကျမတို့လို.. ပြီးတော့ ကျမတို့ထက် ကံဆိုးကြရတဲ့ မြန်မာနိုင်ငံသားတွေဟာ တပုံတပင်ပါ..။ မှတ်မှတ်ရရ.. ၂၀၀၈ရဲ့ မေလ၂ရက်နေ့မှာ မြန်မာနိုင်ငံကို ကံဆိုးမိုးမှောင်ကျသလို နာဂစ်မုန်တိုင်းဝင်ခဲ့တယ်။ ခုထိ တနှစ်ပြည့်ပီ.. ဘေးသင့်ခဲ့ကြရသူ တွေခမျာ… နေစရာ စားစရာ အိပ်စရာ စိတ် ပြေပျောက်စရာ ဘာတခုမှ လုံးဝ လုံးဝ မရကြ သေး..။ လူဖြစ်ရုံ မည်ကာမတ္တ..။ နောက် ခု ကျမနဲ့ အချုပ်ခန်းထဲ အတူတူ ရှိနေတဲ့ သူတွေရော..။ သူများတိုင်းပြည်မှာ ချွေးပေါက်ပေါက်ကျအောင်လည်း လုပ်ရသေး.. ခိုးကြောင် ခိုးဝှက်လည်း နေရသေး.. အဖမ်းလည်း ခံရသေး..။ ရိုးရိုးသားသား လုပ်ကိုင်စားလို့တောင် ကောင်းကောင်းမွန်မွန် နေမရတဲ့ ဘ၀တွေ။ ဒီလိုပဲ အချုပ်ထဲ မရောက်ပေမဲ့ ထိုင်းမှာ နေခွင့်ရဖို့နဲ့ ရပ်တည်နိုင်ဖို့အရေး အမြဲ ကြောင့်ကြနေရတဲ့ ဘ၀တွေ…။ သူ့အဆင့်နဲ့သူ သူ့အနေအထားနဲ့သူ.. ကံဆိုး နေကြရတာ..။ တကယ် တွေးကြည့်ရင် ကျမ ဘ၀တလျှောက် ကြုံခဲ့ရတယ်ဆိုတဲ့ ဒုက္ခတွေက သူတို့နဲ့ ယှဉ်လိုက်တော့ တကယ့်ကို ပမွှား။ သူတို့ခမျာကတော့ ဘ၀ဆိုတာကိုက ရုန်းကန်ပင်ပန်းဖို့ အလုပ်လုပ်ဖို့ မွေးလာ ရတာတဲ့ လေ..။
+++++
အဲလိုနဲ့ နောက်ထပ်တပတ်ကိုလည်း ကျမတို့ မိသားစု တုန်တုန်လှုပ်လှုပ် ခြောက်ခြောက် ခြားခြားနဲ့ ဖြတ်ခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့ သတင်းတွေ ကြားနေရတာက မသက်သာလို့ပါ..။ ရှေ့ကထွက်သွားတဲ့ အုပ်စုတွေကို မြန်မာပြည်ထဲက စစ်တပ်ထိ ရောက်အောင် ပို့တယ်ဆိုတာတွေ.. ကြားနေရတာလေ…။ သားကြီးနဲ့ သူ့အဖေကို ကျမ ပြောလိုက်ပါတယ်။ အဆိုးဆုံးကိုသာ တွေးထားကြတော့..။ ဘာမှမတတ်နိုင်တော့ဘူး.. လို့။ အဲဒီရက်တွေထဲမှာပဲ ကျမ မေ့မေ့ပျောက်ပျောက်ရှိနေတဲ့ ရင်ဘတ်ဘယ်ဘက်ခြမ်းက အောင့်တဲ့ ဝေဒနာ ပြန်ပေါ် လာပါတယ်။ ကျမ ဘယ်သူ့ကိုမှ မပြောတော့ဘဲ နေကောင်းအောင်ပဲ ကြိုးစားနေရပါတယ်။ ဒီလိုနဲ့ နောက်ထပ် တနင်္လာတနေ့ ရောက်လာပြန်ပါပြီ။ ကျမတို့ရဲ့ ၁၁ရက်မြောက်နေ့ပေါ့။ စက်တင်ဘာ ၂၉ရက်နေ့။
+++++
အချုပ်ထဲမှာ တနင်္လာနေ့ဆို နေ့လယ် ၁၁နာရီကို အားလုံးမျှော်ကြတယ်.. တဲ့။ မနက်ကတည်းက အားလုံးလိုလို လည်တွေ တဆန့်ဆန့်..။ ဒါပေမဲ့ နေ့လယ် ၁၂နာရီ ဧည့်ချိန်သာ ရောက်ရော..ဘာကားမှ မလာသေးပါဘူး။ တချို့ ဒီတပတ် ပြန်မပို့ပြန်ဘူး ထင်တယ်တဲ့..။ ကျမကို ထမင်းလာပို့တဲ့ မိတ်ဆွေစုံတွဲကတော့ ဒီနေ့ ပို့မယ်ပြောတယ်တဲ့။ ကျမကတော့ ခပ်ယဲ့ယဲ့ပဲ ပြုံးပြလိုက်ပါတယ်။ ဒါပေမဲ့ တကယ်ပဲ နေ့လယ် ၁၂နာရီခွဲမှာတော့ အချုပ်ခန်းတံခါးမကြီးဖွင့်သံ.. ထိုင်းသံ ဆူညံညံတွေ…။ ကျမတို့ အခန်းတံခါးတွေကိုလည်း လာဖွင့်ပါပြီ။ ကျမ ငုတ်တုတ်ထိုင်နေမိပါတယ်။ ကျမ ထပ်မမျှော်လင့်ချင်တော့ဘူး.. ပါကာမှပါရော..။ သမီးကတော့ ထိုင်းလို နားလည်တာမို့ အပေါက်ဝလေးပြေးသွားပြီး နားထောင်ရှာတယ်။ ခဏကြာတော့ ပြန်ပြေးလာပြီး မေမေ.. သမီးတို့ ပါပြီထင်တယ်.. မယ်ဆိုင်အုပ်စု..လို့ ပြောတယ်တဲ့။ ကျမက သမီးကို ပေါ့ပေါ့ပါးပါးပုံလုပ်ပြီး ပါရင်ခေါ်မှာပေါ့ သမီးရယ်.. လို့ ပြောရပါတယ်။
တကယ်ပဲ ခဏကြာတော့ ထိုင်းသံ မပီကလာနဲ့ ကျမတို့ကို ခေါ်ပါတယ်။ ခေါ်ပုံက ကြည့်ဦး.. အမေရိကန် ဟခွန်း .. အမေရိကန်ဟခွန်း.. တဲ့လေ။ အမေရိကန်၅ယောက်ပေါ့..။ ကျမမှာ မရယ်နိုင်ပါဘူး.. ကမန်းကတမ်းထ.. ထွက်ရပါတယ်။ လူစစ်.. လက်မှတ်ထိုး..။ အားလုံး ၃၅ယောက်။ ပြီးတော့ သူတို့ပဲ ဖမ်းလာပြီး ပြန်ပို့ခဆိုပြီး တယောက် ဘတ်၁၀၀လည်း ကောက်သေး။ ကျမတို့ မိသားစုက အထူးအမှုတွဲ.. Special Case..။ သးတယ်။ အားလုံးပြီးတော့ နေ့လယ် ၁နာရီခွဲလုလု..။ ဂျိုင်းကနဲ အချုပ်တံခါးမကြီး ဖွင့်။ နေရောင်က စူးလိုက်တာ…။ ဒါပေမဲ့ အဲဒီအလင်းကို မြင်ရတာ စိတ်ချမ်းသာစရာ ကောင်းလိုက်ပါဘိ။ ကျမတို့ ဖုန်းတွေ ပြန်ပေးတယ်..။ အ၀င်ထွက်ပေါက်မှာ ကျမတို့ကို စောင့်နေတဲ့ မိတ်ဆွေ စုံတွဲ..။ အမ စိတ်မပူနဲ့ .. ကျမတို့ ကားနဲ့ လိုက်ခဲ့မယ်။ အမတို့ကို ပို့တဲ့အချိန် ချက်ချင်း ပြန်ရွေးဖို့ စီစဉ်ပြီးပြီတဲ့..။
အချုပ်ကားက တအိအိ ထွက်ပြီ။ ကျမ ဖုန်းတွေ ခေါ်..။ သူငယ်ချင်းတွေက ပြောတယ်။ ကျမတို့နဲ့ ပတ်သက်ပြီး တကယ်တာဝန်ရှိတဲ့ တယောက် (အစစ သူ အာမခံပြီး လုပ်ရာကနေ.. ကျမတို့ ဒီအခြေအနေထိ ဖြစ်သွားရတာ)က အစစစီစဉ်ပြီးပြီ.. တဲ့။ ကျမတို့ကို မြောက်ပိုင်း နယ်စပ်မှာ သွန်မှာ..တဲ့။ အဲဒီမှာ သူစောင့်နေမှာ.. တဲ့။ အင်းးးး ကျမ ယုံပါတယ်။ ကျမချစ်တဲ့ ဇင်းမယ်ကတောင် ကျမကို စိမ်းစိမ်းကြည့်နေသလိုပါပဲ..။ ဇင်းမယ်မြို့ပြင်က ကျမငေးနေ ချစ်နေကျ တောအုပ်ဆန်ဆန် မြင်ကွင်းအေးအေးတွေကိုတော့ တ၀ကြည့်နေမိတာပါပဲ..။ ဇင်းမယ်က ထွက်လာတာ ၅နာရီစာ ခရီးရှိပြီ။ ညနေ ၆နာရီထိုးလု..။ နောက်မှာ သူငယ်ချင်းစုံတွဲရဲ့ ဆလွန်းကားလေးက မျက်ခြည်မပြတ်..။ ကျမစိတ်ထဲ အားရှိလိုက်တာ…။ ဟော.. ရောက်ပြီတဲ့..။ ထိုင်းနယ်ခြားတပ်…။ ဆင်းဆင်း.. အားလုံးငုတ်တုတ်ထိုင်…။ ဓာတ်ပုံတွေ တဖျတ်ဖျတ် ရိုက်..။ တရားခံတွေပေါ့..။ နောက်တခါ ပြန်ဝင်လာလို့ မိရင် ပြစ်မှုကြီးမှာတဲ့။ အင်းးး ကျမကတော့ ဟို အာမခံထားတဲ့လူကို ရှာနေမိတုန်း..။ ဖုန်းလည်း ခေါ်မရ..။ သူငယ်ချင်း စုံတွဲကလည်း မျက်နှာပျက်နေပြီ။ ဘုမသိဘမသိ သူတို့ ၀င်ပြောရင် အမျိုးသားက ပြင်သစ်လူမျိုးမို့ သူတို့မှာ လုကုန်ကူးမှုနဲ့ ငြိဦးမယ်။
ကဲကဲ.. ကားပေါ်ပြန်တက်..။ ကျမတို့ မိသားစုတွေ မျက်နှာ ဆီးရွက်လောက်ပဲ ရှိတော့..။ ဒီတခါတော့ ကလေးတွေ အဖေပါ မျက်နှာပျက်ပြီ။ ဟုတ်တယ်လေ.. တကယ်ဆို ကျမတို့ သိထားတာက နယ်ခြားမျဉ်းမှာ ကျမတို့ကို ထားခဲ့ရတော့မှာ…။ ကျမတို့ ကားပေါ်ပြန်ရောက်.. ကားက တကယ့်တောစစ်စစ်လမ်းထဲ တိုးဝင်.. သူငယ်ချင်း စုံတွဲလည်း ကျန်ခဲ့ပြီ..။ လူတရပ်လောက်မြင့်တဲ့ ဘေးဘယ်ညာ ပြောင်းခင်းတွေကြားက လမ်းထဲ အချုပ်ကားက ဒယိမ်းဒယိုင်။ တကယ်တော့ ကျမလည်း တကယ့်ကို ဒယိမ်းဒယိုင်ဖြစ်နေပါပြီ။ ကားပေါ်မှာ ပါလာတဲ့ သူတွေက ပြောတယ်.. ဒီပြောင်းခင်းက နယ်စပ်မျဉ်းပဲ..တဲ့။ ဟိုးဘက်မှာ.. မြန်မာစစ်တပ်ရှိတယ်တဲ့။ ကားရပ်လို့ ကားပေါ်က အဆင်းမှာတော့ ကျမတို့မိသားစု.. သားရဲတွင်းဆီ လာနေရပြီလို့ ကျမ သိနေခဲ့ ပါပြီ။
+++++
**ကျမစိတ်ထဲ အပိုင်း (၄၀)မှာတော့ ပြီးလောက်ပြီထင်တာ.. တကယ်လည်းရေးရော.. မပြီးနိုင်ပြန်..။ ပြီးပြီးရောလည်း မရေးချင်... တကယ်တော့ နောက်ထပ် နည်းနည်းလေးပဲ လိုတော့တာပါ.. :)

20 comments:
ဖတ်ရတာ.. စိတ်ဆင်းရဲလိုက်တာအစ်မရယ်။
ဆရာမ ဘာပဲဖြစ်ဖြစ် စိတ်ဓာတ်မကျတာ အကောင်းဆုံးပဲ။ စိတ်ကျလျင် လူပါ ကျတက်သည်။
စိတ်မောလိုက်တာ ဆရာမ ရယ်..။။
I can read this post until it finishes because I've already known you are now in US. If not, I can't read it. Very terrible experience in life! I am so sad for you and your family.
Sayar Ma, it shall pass too.
phewwww....
စောင့်ဖတ်ရတာ တကယ်စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ အမှန်ပြောရရင် ဆရာမရေးတဲ့ Fiction တွေကို သိပ်မဖတ်ခဲ့ဘူးပါ။ မဂ္ဂဇင်းဝတ္ထုတိုအနည်းငယ်ကလွဲရင်ပေါ့။ အဲဒီစိတ်ကူးယဉ် fiction တွေထက် အခုရေးနေတဲ့ အဖြစ်မှန်မှန်ဘ၀ဖြတ်သန်းမှု စာစုမျိုးကို ပိုဖတ်ချင်ပါတယ်။ အခုလိုပဲ ကိုယ့်ဘ၀ဖြတ်သန်းမှုအကြောင်း ကိုယ့်ဖာသာပဲပွင့်ပွင့်လင်းလင်းရေးချလိုက်တော့ မကောင်းပြောချင်သူ၊ တလွဲရေးချင်သူတွေလဲ ရေးစရာမရှိဖြစ်သွားမှာပေါ့။ အရမ်းကိုကောင်းပါတယ်။ မြန်မြန်ဆက်ရေးဖြစ်အောင် ရေးပါ ဆရာမ။
ထိုထိုသော အခက်အခဲတွေကို ဖြတ်ကျော်နိုင်ခဲ့တာ အတွက် လေးစားမိပါတယ်။ ဆက်လက်၍ အစစ အဆင်ပြေ ငြိမ်းချမ်းမှုများသာ ကြုံတွေ့ပါစေ။
ကြုံရဆုံရ ဘုံဘဝ ပေါ့ ဆရာမရယ်၊ ပီးသွားပီလို့ပဲ မှတ်လိုက်ပါ၊ ဒီထက်တော့ ဘယ်တော့မှ မဆိုးတော့ပါဘူး၊
ဖတ်ရင်းနဲ့ ဆရာမကြုံတွေ့လိုက်ရတဲ့ အမျိုးကောင်းသမီး လေးတွေ အုပ်စုအကြောင်းတွေးနေမိတယ်၊ ဆရာမ ဘဝ
ကတော့ဒီအခြေအနေမျိုး ထပ်မကြုံရနိုင်တော့ဘူးပေါ့နော်။
ဟိုခလေးမတွေဘဝကတော့ ထပ်ပီးရုန်းကန်နေရအုံးတော့
မှာ။ ဆရာမတို့လို စာရေးတတ်တဲ့လူတွေက ရေးပြတော့မှ
သာ ကျွန်တော်တို့က ဖတ်ရပီးတော့ ဪ...ဒို့နိုင်ငံသား
တွေဘဝက ကျွန်သာသာပဲ ရှိတော့ပါလားလို့....
ဆရာမရေ ဖတ်ပြီး စိတ်မောရတယ်။ ကလေးတွေ ကို သနားလိုက်တာ။ အဲ့ဒီလို ဒုက္ခတွေ များခဲ့လို့ တော်ရုံဆို ခံနိုင်ရည်ရှိသွားမှာပါ။ ဘ၀ဆိုတာြုကမ်းတမ်းတယ် လို့တောင် ပြောရင် ရမယ်နော်။ ၄၁ ကိုမျှော်နေပါတယ်။
အမရေ အဖြစ်အပျက်တွေက ရုပ်ရှင်ထက်တောင် ဇာတ်နာသေးတယ်။ ကလေးတွေတော့ဒီအဖြစ်ကို မေ့လို့ရမယ်မထင်ဘူးနော်။ ဘာပဲဖြစ်ဖြစ် အခက်အခဲတွေကိုဖြတ်ကျော်လာနိုင်တာပဲ တော်လှပြီ။
I proud about Myanmar families.
Bino
ဆရာမ.....သမီးသာဆိုရင် ဆရာမလို ခံနိုင်ရည်ရှိမယ်မထင်ဘူး.....လေးစားပါတယ်.......
ဆရာမရေ... စောင့်ဖတ်နေပါတယ် ။
အပိုင်း ၄၀ မှာ တိုက်ဆိုင်ခဲ့ဖူးတဲ့ အဖြစ်အပျက်တစ်ခုကြောင့် မျက်ရည်ကျမိတယ်။ ဒီအခက်အခဲတွေကို ကျော်လွားနိုင်တဲ့ ဆရာမတို့ မိသားစုအားလုံးကို ချီးကျူးပါတယ်။
အစ်မရေ..စိတ်မကောင်းလိုက်တာ..ကလေးတွေအတွက်ရောပေါ့..။
ဘာပဲဖြစ်ဖြစ် မိသားစုလေး အတူတကွရှိနေနိုင်တာကိုပဲ...။
ရင်မေိာလိုက်တာ
မျက်ရည်တွေတွေကျပြီး ဖတ်နေရတာပါ ဆရာမရယ်။
မ ရေ… ဒီအပိုင်းဖတ်ရင်း ကျွန်မရဲ့ ဘယ်ဘက်ရင်တွေလဲ အောင့်လာတယ်…
ပြီးတော့ငိုမိတယ် မ ရယ်… မ ရဲ့ မွန်းကြပ်မှု၊ မိခင်တယောက်ရဲ့ ယူကျုံးမရဖြစ်မှုတွေက ကျွန်မနှလုံးသားဆီပါ ကူးစက်ခံစားရတယ်… ရင်ထဲမှာ နာကျင်လိုက်တာ…
Post a Comment