Oct 28, 2009

ကမ္ဘာပျက်မယ်လား.. (ဖွဟဲ့.. လွဲစေ.. ဖယ်စေ..)

ညီမလေး အိန္ဒြာက ပြောတယ်..။ တကယ်လို့ကမ္ဘာပျက်မယ်ဆိုရင်ပေါ့...ဆိုပါစို့…တဲ့။

တကယ်တော့ ကမ္ဘာပျက်တယ်လို့ ထင်ရလောက်တဲ့ ခံစားမှုတွေ ဘ၀မှာ အကြိမ်ကြိမ် ခံစားခဲ့ရဖူးပေမဲ့..။ တကယ့် ရုပ်လောကကြီးပျက်တာကို ကြုံရရင်.. လို့ တွေးလိုက်တော့လည်း စိတ်ထဲ ထိထိခိုက်ခိုက် ဖြစ်လာရပြန်တာပါပဲ။ အဲဒီအခါ ကျမဘ၀ထဲက ထူးခြားတာတွေနဲ့ တိုက်ဆိုင်တာတွေကို ပြန်ပြောပြချင်လာပါတယ်။ (အိန္ဒြာ့ post လိုပဲ အပိုင်းတစ်-နှစ် ခွဲဖတ်ကြပါကုန်…)

ကျမမှာ ထူးခြားတာ တခုရှိပါတယ်။ ငယ်ငယ်လေးကတည်းက မကြာခဏ(အကြိမ်ကြိမ်) မက်တတ်တဲ့ အိပ်မက် ၃ခုရှိပါတယ်။ ပထမဆုံးတခုက.. အိပ်မက်ထဲမှာ နေရောင်ထိန်လင်းနေတဲ့ ရွာလို နေရာလေးမှာ အိမ်ရှေ့ ကွက်လပ်လေးတခု။ အဲဒီနောက်က အိမ်လေးက ခြေတံရှည်။ လှေကားရင်းမှာ ကလေးစီး မိန်းမစီး ဖိနပ်ပါး အ၀ါလေးတရံနဲ့ ပန်းရောင်လေးတရံ ယှဉ်လျက်လေး ရှိနေတယ်။ အိမ်ဝင်းထောင့်က မြေပြန့်ုပြန့်မှာတော့ အဖွားအိုတယောက်က စကောနဲ့ ဆန်ပျာနေတယ်။ ဒါပဲ..။ အဲဒီမြင်ကွင်းလေးကို ကလေးဘ၀ သိတတ်စကတည်းက ကျမ မကြာခဏ မက်တယ်။
နောက်တော့ ကျမ အသက် အစိတ်ကျော်မှာ ၀တ္ထုရေးဖို့အတွက်လိုလို့ သွားကြည့်ဖို့ သန်လျင်ဘက်ကို အစ်မတယောက် လိုက်ပို့လို့ ရောက်တယ်။ အဲဒီတုန်းက သီတာသဘောင်္ကြီးနဲ့..။ သန်လျင်ဘက်ကမ်းရောက်တော့ ကျမတို့ လျှောက်သွားရင်းနဲ့ မွေ့နွန်းကုန်းကို ရောက်ပါရော။ အဲဒီမှာ ဇာတ်လမ်းစတာပါပဲ။ အဲဒီနေရာတွေကို ကျမ သိနေတာပါ။ (ကျမ ကြီးမှ သန်လျင်ကို တခါမှ မရောက်ဖူးပါဘူး။ ဒါပေမဲ့ ကျမအဖေနဲ့ အမေ အိမ်ထောင်ဦး .. ကျမကို ကိုယ်ဝန်ရှိစဉ်ကတော့ သန်လျင်မှာ နေခဲ့တာပါ)။ အစ်မရဲ့ ဦးဆောင်မှုနောက် လိုက်လာတဲ့ ကျမက အဲဒီနေရာတွေမှာတော့ ကျမက ရှေ့က သွားနေမိပါတယ်။ နောက်တော့ ကျမ စိတ်ထဲ သိပ်သွားချင်နေတဲ့ နေရာတွေကို ခြေဦးတည့်ရာနောက် လျှောက်လိုက်သလို သွားနေမိပါတယ်။ ကျမ လမ်းတလမ်းထဲ ချိုးဝင်လိုက်ပါတယ်။ အဲဒီ လမ်းနာမည်ဖတ်ကြည့်လိုက်တော့ မြို့ဟောင်း ၁ လမ်းတဲ့။
အဲဒီလမ်းထဲက နောက်ထပ်လမ်းသွယ်တခုထဲ ကျမ အလိုလို ချိုးဝင်မိပြန်ပါတယ်။ မြရာပင် ၁ လမ်းတဲ့။ အဲဒီလမ်းထဲ အိမ်စုတ်ကလေးတွေ အစီအရီ..။ လမ်းအဆုံးထိ ကျမလျှောက်ဝင်သွားမိပါတယ်။ လမ်းအဆုံးမှာတော့ တကယ်ပဲ မြရာတောကလေးလိုဖြစ်နေတဲ့ သစ်ပင်စုစုလေးတွေက ပိတ်သွားပါတယ်။ အဲဒီလမ်းကလေးအဆုံး ဘယ်ဘက်ခြမ်းက ယိုင်နဲ့နဲ့ အိမ်ကလေးတလုံးကို ကျမ ရပ်ကြည့်နေမိပါတယ်။ ဖတ်လာတဲ့သူတွေ ရိပ်မိမှာပါ။ ဟုတ်ပါတယ်။ အဲဒါ ကျမ အိပ်မက်ထဲက အိမ်လေးပါပဲ။ ဘိနပ်လေး နှစ်ရံနဲ့ အဖွားကြီးတော့ ရှိမနေပါဘူး။
အဲဒါကို နောက်မှ အမေ့ကို ပြောပြတော့ အမေက သိပ်ကို အံ့သြနေပါတယ်။ အမေတို့ အိမ်ထောင်ဦးတုန်းက အဲဒီအိမ်လေးမှာ ငှားနေခဲ့ကြတာဆိုတာကို ကျမကို အမေတို့ တခါမှပြောမပြခဲ့ဖူးပါဘူး..။

အဲဒီနောက်မှာတော့ ဘာလို့မှန်းမသိပါဘူး.. ကျမ အဲဒီအိပ်မက် ထပ်မမက်တော့ပါဘူး။

နောက်ထပ် အဲလိုပဲ မကြာခဏ မက်တတ်တဲ့ အိပ်မက်တခုကတော့ ကျမက ၀ါးရုံပင်တွေ ဘေးဘယ်ညာမှာ ကိုင်းကျပြီး အုပ်မိုးထားတဲ့ တောင်ကုန်းမို့လေးတွေကြားက တောလမ်းလေးတခုထဲမှာ အေးအေးလူလူ လျှောက်နေတာ။ ကျမကိုယ်မှာ ချွေးလေးတွေနဲ့ အေးလို့..။ ဒါပဲ အိပ်မက်က..။ ကျမ ၁၀တန်းနှစ်မှာ ပထမဆုံး ကျိုက်ထီးရိုးဘုရားဖူး သွားရပါတယ်။ အဲဒီတုန်းက တောလမ်းကနေ တက်ရတာမို့ သိပ်ပျော်တာပါပဲ..။ ဒီလိုနဲ့ ရွှေရင်ဆို့အကျော် တနေရာအရောက်မှာတော့ ကျမအိပ်မက်ထဲက မြင်ကွင်းနဲ့ တန်းကနဲ တိုးပါတော့တယ်။ အဲဒီနေရာလေးမှာ လမ်းလျှောက်နေတုန်းမှာလည်း တကယ်ပဲ ကျမကိုယ်မှာ ချွေးတွေအေးလို့။ အဲဒီလမ်းကလေး လျှောက်နေတုန်းမှာလည်း အိပ်မက်ကို တချိန်လုံး သတိရနေခဲ့ပါတယ်။ မှတ်မှတ်ရရ အဲဒီည တောင်ပေါ်ရောက်တော့ ကျမ အပြင်းဖျားပါတယ်။
အဲဒီနောက်ပိုင်းမှာလည်း အဲဒီအိပ်မက် တခါမှ ထပ်မမက်တော့ပါဘူး။ ပြီးတော့ အဲဒီနောက် နှစ်တိုင်းနီးပါး ကျမ ကျိုက်ထီးရိုးဘုရားဖူး နှစ်စဉ်ရောက်ဖြစ်ပါတယ်။

နောက်ဆုံး အိပ်မက်ကတော့ ခပ်ငယ်ငယ်ကတည်းက မက်တာပေမဲ့ နောက်ဆုံးမက်ခဲ့တာ ၂နှစ်လောက် ရှိပါပြီ။ ခုချိန်ထိဆိုရင် လေးငါးခါတော့ မက်ပြီးသားပါ။ အဲဒီအိပ်မက် စမက်စဉ်ကအတိုင်းပြောပြရရင် အိပ်မက်ထဲမှာ ညဘက်ကြီး။ ကျမက ရေထဲမှာ မှောက်ခုန်ကြီး မျောနေတာ..။ အဲဒီငယ်ငယ်လေးမှာ မက်ကတည်းက အိပ်မက်ထဲမှာ ကျမက အသက်ကြီးနေပြီ်။ ကျမ ခေါင်းထောင်ကြည့်တော့ ကျမနားမှာ ရုပ်တုတွေ.. အဆောက်ဦးတွေက ရေနစ်လက်စ တပိုင်းတစပေါ်လို့။ ဒါပါပဲ အိပ်မက်က..။ (အပြင်မှာဆိုရင်တော့ မဖြစ်နိုင်.. ကျမက ရေမကူးတတ်တော့ ချက်ချင်း ပလုံဆို သွားမှာ..) နောက် နည်းနည်းကြီးလာမှ အဲဒီရုပ်တုတွေထဲမှာ တခုက New York က Liberty ရုပ်ကြီးလို့ သိလာတယ်။ နောက်တော့ အဆောက်အဦးကလည်း ၀ါရှင်တန်က ပါလီမန်အဆောက်အဦးရဲ့ ခေါင်မိုးလုံးလုံးကြီးမှန်း သိလာတယ်။ (ကဲ.. ဇာတ်လမ်းကတော့ စလာပါပြီ..။ ခု ကျမနေတာ ၀ါရှင်တန် နား..။ ကျမရုံးကလည်း လွှတ်တော်ရှေ့မှာ..။ လစ်ဘာတီရုပ်ကြီးနဲ့တော့ ဝေးပါတယ်။ :P) ကဲ.. ကမ္ဘာကြီးကတော့ ၂၀၁၂ ဒီဇင်ဘာ ၂၁မှာ ပျက်မှာတဲ့။
ကျမမှာလည်း ကြုံကြိုက်စရာ အိပ်မက်ထဲက မြင်ကွင်း ဒါပဲ ကျန်တော့တာ။
ဆိုတော့ ပြောရရင် ကျမစိတ်ထဲ… ယုံသလိုလို..။(ကျောချမ်းစရာ မကောင်းလား.. :D)
++++++

အင်း…. "ကမ္ဘာပျက်ခါနီး တစ်လလောက်အလို" တဲ့။

(၁) ဘယ်သူတွေနဲ့ရှိနေချင်လဲ..
တကယ်တော့ ဘယ်သူတွေနဲ့ပဲဖြစ်ဖြစ် အရေးမကြီးတော့ပါဘူး။ တကယ်သာဆို အဲဒီအချိန်လေးမှာ ဘာကိုမှ တွေးထား ပြင်ထားလို့မှ မရတာပဲ..။
ဒါပေမဲ့ အိန္ဒြာနဲ့တူတာက…
အဖြစ်ချင်ဆုံးက ဘယ်သူတွေ ဘာမှမဖြစ်ချင် ကိုယ်အရင်ဆုံးသေသွားတာမျိုးပေါ့။
ဟုတ်တယ်..တကိုယ်ကောင်းဆန်တယ်ပဲ ပြောပြော.. ကိုယ်ပဲ အရင် သေချင်တယ်။

(၂) ဘာတွေခံစားနေရမလဲ..

ကျမတို့ မိဘတွေပဲ သေကုန်ပြီး ကလေးတွေချည်း ကျန်နေခဲ့မှာကို ပူတယ်။ မသေရခင်စပ်ကြား အပူအလောင်တွေ အနာတရတွေ ချောက်ချားစရာတွေ တွေ့ရမှာကို တွေးကြောက်နေမိမယ်..။ သေချာတာတော့ ဘုရားစာတွေ ပိုရွတ်နေဖြစ်မယ်။

(၃) ဘာတွေပြင်ဆင်ထားမလဲ

သားသမီးတွေကို တခုခုဖြစ်ရင် အတူတူပြေးမယ်.. မေမေတယောက် ဖေဖေတယောက် ကပ်ထား။ သားကြီးက ဗလကြီးတော့ ရှေ့က ဦးဆောင်ရမှာပဲဆိုတာတွေ ပြောထားမှာပေါ့။ အတတ်နိုင်ဆုံးတော့ မခွဲမခွာ ရင်ဆိုင်ကြဖို့…။

(၄) ၀မ်းနည်းမိမှာက

ဘ၀ထဲ ကြာကြာမနေလိုက်ရမှာကိုပေါ့။ ကျမ စာတွေ ရေးချင်သေးတယ်..။ ပန်းချီလည်း ပြန်ဆွဲချင်သေးတာ..။ ပြီးတော့ အမေ့ကို ပြေးတွေ့လိုက်ချင်သေးတာ။

(၅) ကြောက်လန့်မိတာက..

မသေခင် ခံစားရမယ့် ဝေဒနာနဲ့ သေကွဲ ရှင်ကွဲတွေ အများကြီး ကြုံဦးမှာကိုပေါ့။

(၆) ဆောင်ထားချင်တာ..

ခုချိန်ထိတော့ ကိုယ့်မိသားစုလေးကိုပဲ ကျစ်ကျစ်ပါအောင် ဖက်တွယ်ဆောင်ထားချင်ပါတယ်။

(၇) ဘာတွေရေးမိမလဲ..

အဲဒီအချိန်လောက်ဆိုရင် ရေးနိုင်ရင်တောင် ကျောက်ချပ်လို.. သတ္တုပြားလို.. ပေါ်မှာပဲ ထွင်းရေးဖို့ ကြိုးစားမယ်..။

(ဂ) တွေးမိတွေးရာ အတွေး

တကယ်လို့များ ကမ္ဘာပေါ်မှာ ငါတယောက်တည်း အသက်ရှင် ကျန်နေခဲ့ရင်.. ဘယ်လို လုပ်ရပါ့..။

(၉) ဂုဏ်ယူချင်တာက

အဲဒီအချိန်မှာတော့ ဘာကိုမှ ဂုဏ်မယူချင်တော့ဘူးထင်တယ်။ စိတ်သောကပဲ ဖိစီးနေတော့မှာလေ..။ ကြံဖန် ဂုဏ်ယူရရင်တော့ ခဏပဲ ရတဲ့ လူ့ဘ၀ထဲ တန်အောင် နေခဲ့ရတာ ဂုဏ်ယူပါတယ်။

(၁၀) ရှာကြံဖြေသိမ့်မိတာက

ဘာပဲဖြစ်ဖြစ် .. အနားမှာ အားရှိဖော် မိသားစု ၅ယောက်တောင် အတူရှိနေတာ..။


(၁၁) ကျူးရင့်ချင်တဲ့ ဥဒါန်း

အမှန်အတိုင်း ၀န်ခံရရင်..ဘာ ကျူးရင့်ရမှန်းကို မသိတော့ပါဘူး။
ငါလာတယ်…
ငါမြင်တယ်..
ငါအောင်ပွဲခံတယ်..
(ဟင်… ဟုတ်သေးပါဘူး.. ဒါလည်း )
ဒါမှမဟုတ်လည်း.. ဟေးးးး ငါ့အိပ်မက် မှန်တယ်…. လို့များလား…။ 

37 comments:

ကိုရင်နော်ခင်လေးငယ် said...

ဆရာမရေ..
သိပ်ကို စိတ်ဝင်စားနေတာမို့ ခပ်မြန်မြန် ဖတ်လိုက်ပါဦးမယ် ဖတ်ပြီးတော့ ထပ်မန့်မယ်ပေါ့ဗျာ...း)

ကိုရင်နော်ခင်လေးငယ် said...

ဆရာမရေ..
ဆရာမရဲ့ အိပ်မက်တွေက တကယ်များ ဖြစ်လာမှာလားဗျာ..!
ဆရာမကြုံခဲ့သလို အိပ်မက်ထဲက နေရာတွေ တကယ်ကြီး ပြန်မရောက်ဖူးပေမယ့်.. “သလိုလို” တွေတော့ ခံစားဖူးတယ်..။

ကမ္ဘာပျက်တာမျိုးကြီးကိုတော့ မမက်ရဲသေးဘူး.. တိုက်အမြင့်ကြီးပေါ်က လိမ့်ကျလို့ လေဟာနယ်ထဲ လွှင့်နေတာမျိုး မက်မိလို့ လန့်နိုးရင်တောင် ပြန်အိပ်ရမှာ ခပ်ကြောက်ကြောက်.. တကယ်များသာဆိုရင်..။

ဒေါ်အိန္ဒြာ ဒုက္ခပေးလို့ ထိုင်ရမလို ထရမလို ဘုန်းကြီးပဲ ဝတ်လိုက်ရင်ကောင်းမလိုလို ကို ဖြစ်လို့..။

ဆရာမရေ “တကယ်သာ ကမ္ဘာပျက်ရင် ကိုယ်တစ်ယောက်တည်း အသက်ရှင်ကျန် မနေဖို့ ဆုတောင်းရမှာပဲ”

ကျနော်ကတော့ “မပျက်ပါဘူး” ဆိုတဲ့ဘက်က မရဲတရဲ လောင်းကြေးထပ်ထားတယ်..း)

ခင်မင်လေးစားချစ်ခြင်းအားဖြင့်

ကိုရင်နော်

တောင်ပေါ်သား said...

မကြီးရေ ကျနော့်ကို ခြောက်ပါနဲ့နော့်။ အဲ့ဒီအိပ်မက်လေး အကောင်းအထည် မပေါ်ပါစေနဲ့
တကယ်တော့ လူဆိုတာ သေမျိုးကြီးပါပဲ တချိန်ချိန်တော့ သွားကြရမှာပဲနော့် ကြောက်တော့ပါဘူးး)

လေးစားလျက်
တောင်ပေါ်သား

Nge Naing said...

ဆရာမရဲ့ နောက်ဆုံးအိပ်မက်က တကယ်လားဆရာမ။ အိပ်မက်မှန်တဲ့သူတွေ တော်တော်များများ ရှိတယ်။ ဒါကိုကျွန်မ ယုံတယ်။ ကျွန်မက ကမ္ဘာတနေ့ပျက်မယ် ဆိုတာ ယုံပေမယ့် အခုလောက် အစောကြီး ပျက်လိမ့်မယ်လို့တော့ မယုံတဲ့ဘက်ကပါတယ်။ ဆရာမ အိပ်မက်သာ မှန်ရင် ၂၀၁၂ ခုမှာ တကယ်ပဲ ကမ္ဘာာပျက်တော့မယ်လို့ ယုံရတော့မယ် ထင်တယ်။

မေငြိမ်း said...

ဟွန့် ကိုရင်နော်တို့နော်...
သူတို့ကဖြင့် ကြောက်စရာကြီးတွေတင်ထားပြီးတော့..။
တောင်ပေါ်သားရေ..
အိပ်မက်ကတော့ တကယ်ပါ..။ ဖြစ်လာမလားဆိုတာတော့ တိဝူးလေ..။ ဒါမဲ့ အမှန်အတိုင်းပြောရရင် ဒီကိစ္စကြီးက အချိန်မရွေးဖြစ်သွားနိုင်တာပဲ..။
မငယ်ရေ..
အိပ်မက်က တကယ်ပါ (မနောက်ပါဘူး။ ဟိုတုန်းကတည်းက အမနဲ့ ခင်တဲ့သူတွေ တော်တော်များများ သိကြပါတယ်..။ အရင်က မကြောက်ဘူး။ ဟီးး ခုမှ ကြောက်စရာ ကောင်းလာတာ..။) ပြီးတော့ ဘုရားဟောအတိုင်း မမြဲတဲ့ တရားတွေအရရော.. ဘာမှ မခိုင်မာဘဲ လေဟာနယ်ထဲ ရှိနေရတဲ့ ကြယ်ကြီးတွေ အချိန်မရွေးကြွေကျသွားနိုင်တာကို တသက်လုံး မြင်ဖူးနေခဲ့ကြတာပဲနော်..။ တို့ကမ္ဘာလည်း အဲလို အချိန်မရွေး ကြွေကျ မသွားနိုင်ဘူးလား..။
အမကတော့ ယုံတာ မယုံတာထက် ဖြစ်မယ်ဆို ဖြစ်နိုင်တာပဲလို့တော့ တွေးမိတယ်။ (ပြီးတော့ နော်ဝေဘက်မှာ မြေအောက်မြို့တောင် တည်နေပြီဆိုပဲ):(

pandora said...

အောင်မယ်လေး... အစ်မရယ်. အိပ်မက်တွေနဲ့ အဖြစ်အပျက်တွေကလည်း ကြက်သီးထစရာ

ဘာပဲဖြစ်ဖြစ် အခုလို အင်တာနက်ကျေးဇူးနဲ့ ချစ်ခင်ရတဲ့ မောင်နှမတွေ မိတ်ဆွေ သူငယ်ချင်းတွေ ဆုံဆည်းခဲ့ရတာကိုက ဖြေသိမ့်စရာပါလေ။ (ဒါတောင် တချို့က မိုက်မိုက်မဲမဲနဲ့ ဂျီတော့ခ် မ၀င်တော့ဘူး ဘာညာနဲ့ အဆက်ဖြတ်ချင်သေးတယ်နော်။ ဆိုးလိုက်တာ။ :P )

ဘယ်ဘ၀ရောက်ရောက်ပါ။ နောင်ဘ၀ကို ရောက်သွားခဲ့ရင်လည်း “မြေကမ္ဘာ အလွမ်းပြေ” ဆိုပြီး စီးရီးစ်လိုက် စာတွေရေးပါဦးနော်။

Jeff said...

ဆရာမရယ်
မထိတ်သာမလန့်သာ! အိမ်ထောင်မကျသေးလို့မသေပါရစေနဲ့အုန်း ...
အဲ..အဲ. တကယ်ဖြစ်မယ်ဆိုလဲ တယောက်ထဲပဲ ကောင်းပါတယ်။
Jeff

ကိုပေါ said...

ဒေါ်မေငြိမ်း…. မကျီစားပါနဲ့ဗျာ။

ဒီမှာ ငယ်ငယ်နုနုလေးပဲ ရှိသေးတယ်။ ဒီအသက်အရွယ်မှ ဘ၀ စတယ်ဆိုတဲ့ အသက်အပိုင်းအခြားကိုတောင် မရောက်သေးဘူးခင်ဗျ။ ဖွဟဲ့… ဆရာမရဲ့ နောက်ဆုံးအိပ်မက်လည်း လွဲပါစေ။

ဒါထက် ကျနော့်မှာလည်း ထပ်ဖန်တလဲလဲ မက်တတ်တဲ့ အိပ်မက် သုံးခုရှိတယ်။ ကျနော့်အဖို့တော့ ဆရာမအိပ်မက်ထက်တောင် ပိုလို့ ခြောက်ချားစရာ ကောင်းသေးတယ်ခင်ဗျ။ အိပ်ယာက နိုးလာရင် ဇောချွေးတွေ ပြန်နေတတ်တယ်။ အဲဒီ အိပ်မက် သုံးခုစလုံးကို ဒီအရွယ်အထိ ထပ်ဖန်တလဲလဲ မက်လို့ကောင်းတုန်း။

(၁) စာမေးပွဲက မနက်ဖြန် ဖြေရတော့မှာဆိုရင် ဒီနေ့အထိ ကျောင်းစာ (လက်ချာနုတ်စ်တွေ) မစုံလင်လို့၊ စာတွေ လုံးလုံးမကြည့်ရသေးလို့ ယောက်ယက်ခတ်နေတဲ့ အိပ်မက်။

(၂) စာမေးပွဲမှာ ဖြေရမယ့်ဘာသာရပ်ကို မှားကြည့်လာပြီး စာမေးပွဲခန်းထဲရောက်မှ တခြားဘာသာရပ်အတွက် မေးခွန်းဖြစ်နေတာကို သိလိုက်ရတဲ့အခါ ဇောချွေးပြန်နေတဲ့ အိပ်မက်။

(၃) အလုပ်ပြုတ်ပြီးတော့ မြန်မာပြည် ပြန်သွားပြီး ကာလအတိုင်းအတာ တခုအထိ မေ့မေ့လျော့လျော့ အလုပ်မလုပ်ဘဲ ဇိမ်နဲ့ ထိုင်စားနေတယ်။ ကုန်သလောက်ရှိမှ ဟာ…. ငါစင်္ကာပူက စီပီအက်ဖ်(စုဆောင်းငွေတွေ) မထုတ်ခဲ့ရသေးပါလား…. ဆိုတာ သတိရပြီး စင်္ကာပူသွားပြီး ပိုက်ဆံထုတ်ဖို့ ကြိုးစားတဲ့ အိပ်မက်။

အိပ်မက်တွေက ဆရာမလို အနာဂတ်ကို မှန်းမျှော်ပြီး မက်တာ ဟုတ်ပုံမရဘူး။ ငယ်ငယ်က စာမကြိုးစားခဲ့လို့၊ အခုလောလောဆယ်မှာလည်း အလုပ်ကို မကြိုးစားလို့ မသိစိတ်က ဒဏ်တပ်တဲ့အနေနဲ့ မက်တာဖြစ်မယ်။း-)

Thant said...

အီးးးးကျောချမ်းလိုက်တာ....

Vista said...

အဲဒီတော့ ကြမ်းကြေသွားအောင်
ရေချိုးကန်ထဲစိမ်နေရင်းနဲ့ကမ္ဘာပျက်တဲ့ ၂၀၁၂ ရုပ်ရှင်ကို ကြည့်လိုက်မမ..
အိမ်မက်ထည်းကနဲ့ တူနေရင်နောက်မမက်တော့ဘူး ဟိဟိ...ဒါငါ့အိမ်မက်ထည်းကလိုပဲဆိုပီးတော့..
တကယ်ဖြစ်လာမယ်ဆိုလည်း
မမ အိမ်မက်ထည်းမှာအားလုံးမသေဘူးပေါ့ မမကျန်နေသေးတယ်လား..
ဒါဆိုရှင်ကျန်တဲ့လူတွေလည်းရှိမှာပဲပေါ့
အဲဒါအဆိုးဆုံးပဲ ..ရေမျှော ငတ်ပြတ်ပြီးမှသေကြရမှာလေ ....တစ်ခါတည်းသေလိုက်ခြင်တယ်အမြန်ဆုံး ...

မယ့်ကိုး said...

အရင်ကတော့ သိပ်မယုံတတ်တဲ့ဘက်ကပဲ ...ဒါပေမယ့် ဆရာမစာလေးဖတ်ပြီး သဘာဝဘေးကတော့ ဖြစ်လာနိုင်တယ် ထင်နေမိတယ် :P

ဆရာမကတော့ မြင်မက်တဲ့သူဆိုတော့ လွတ်လပ်ငြိမ်းချမ်းလိမ့်မယ်လို့ ယုံကြည်ပါတယ်။

ဒါပေမယ့် ကိုယ့်ကိုကိုယ်တော့ ကံနည်းသူ တစိတ်တဒေသထဲမှာ ပါလိမ့်မယ်လို့ ထင်နေမိတယ်။

မိုးခါး said...

အသည်း တယားယားပါလား ဆရာမရယ်
အိပ်မက်ကို ဘလော့ပေါ်တောင် ချရေးလိုက်ပီဆိုမှတော့ ကြိမ်းကျေသွားလောက်ပါပီ .. (ဒီလိုပဲ ကြံဖန် တွေးရတာ :P)

မေလေး said...

ဆရာမအိပ်မက်က တကယ်ကြီးမှန်နေမှာလားဟင်
တူညားကိုမခြိမ်းခြောက်နဲ့နော်။
တနေ့သေမယ်ဆိုတာ သိပေမဲ့
တကယ်တမ်းတွေးမိရင်တော့ လန့်နေမိတယ်။
ဘာဘဲဖြစ်ဖြစ်လေ ရခဲတဲ့လူဘဝမှာ
ကမ္ဘာပျက်တာ ကြုံရတာလဲ ကုသိုလ်တစ်မျိုးပေါ့
(ကိုယ်စိတ်ကိုယ်ဖြေတွေးနေတားP )

MANORHARY said...

အမ
အိပ်မက်တွေမကြာခဏပြန်ပြန်မက်တတ်ပြီး
အိပ်မက်ထဲကအတိုင်းဖြစ်တတ်တာချင်းတူနေတယ်
ကမ္ဘာပျက်တာထက်ဆိုးတဲ့အိပ်မက်တွေပဲမက်ဖူးတယ်
ကမ္ဘာတော့မပျက်ဖူးသေးဘူး အိပ်မက်ထဲမှာ ..း)

phyoaung said...
This comment has been removed by the author.
phyoaung said...
This comment has been removed by the author.
phyoaung said...

ဘုရား..ဘုရား ...
တက်ဂ်တဲ့ သူကလဲတက်ဂ်..
ရေးတဲ့သူကလဲရေးနဲ့..
ဒွတ်ခပဲ.. ခုမှသူများက အချစ်နဲ့စတွေ့ပြီး ဘ၀ကြီးတယ်နေပျော်ပါလား တွေးနေတုံးရှိသေးးးး ဆရာမရေ
vistaပြောသလိုယတြာ
မြန်မြန်ချေပါ။ ရေချိုးကန်ထဲ ရေနဲနဲထဲ့ပြီး မှောက်ခုန်၄၅မိနစ်လောက်နေရေထဲမှာလေဘာတီရုပ်ထုအ
သေးနဲ့ တခြားတိုလီမုတ်စ အရုပ်လေးတွေချိုးဖဲ့ထဲ့၊၊ ဘေးနံရံမှာအမိုးလုံးနဲ့ အဆောက်အဦးပုံတခုကပ်။
ပြီးပါးစပ်က ကယ်တော်မူပါ၊
ကမ္ဘာကြီးပျက်နေပြီဗျို့လို့ ခပ်ကျယ်ကျယ်လေး ၅မိနစ်တခါလောက်အော်ပေး။
ဒါဆို ယတြာကျေသွားမှာပဲနော်...
ဆရာမးး((( ခုပဲ ၂၀၀၉ကုန်တော့မယ်..ဘုရား..ဘုရား .......လုပ်ပါဗျ မြန်မြန်..

phyoaung said...

ဆရာမရေ မန့်ရတာ စာလုံးက
ပျောက်ပျောက်သွားတယ်။
ဘာဖြစ်တယ်မသိ..
ဆရာမကိုနောက်မိလို့များလား(
ရေထဲမှာထဲ့ဖို့ရာ လေဘာတီ
ရုပ်ထုသေးနော်ဆရာမ..ဟီး
တော်ကြာ ယတြာမအောင်မြင်ပဲ
ဖြစ်နေမယ်

ဂျူနို said...

ဘာလဲတော့ မသိဘူး ဆရာမရယ် ကျမလည်း အိမ်မက်တခုကို ခဏခဏ မက်တတ်ပြီး အပြင်မှာလည်း အဲ့အတိုင်း ဖြစ်ဖြစ်နေတတ်တယ်။

တခါတလေ တကယ်ဖြစ်ချင်တာများ မက်ပါတော့လားလို့တောင် ဆုတောင်းမိတယ်။

မအယ်

Eaindra said...

မမရေ...
လုပ်တုန်းက ဒီလိုပဲ..ဒီသတင်းအတွက်အမှတ်တရဆိုလုပ်လိုက်တာ..
ခုမှသူများခြေဖျားလက်ဖျားတွေတောင်အေးလာပြီ...

ဖွဟဲ့..လွဲပါစေ..ဖယ်ပါစေ...
ဒေါ်မေငြိမ်းရဲ့အိပ်မက် မမှန်ပါစေနဲ့..
တစ်နေ့အကြိမ်တစ်ထောင်ရွတ်ရမယ်...။

ကျေးဇူးတင်ပါတယ်..မမရေ..
ပေါက်ကရတွေမေးတာကို
သေသေချာချာလေးဖြေပေးတာ...အမှတ်တရပေါ့..

၂၀၁၂ မှာကမ္ဘာမပျက်ရင် ဒီဇင်ဘာ၂၂ရက်နေ့ အိမ်ဖြူတော်မှာ ဆုံကြမယ် မမ...းP

Rita said...

ကိုပေါ ကွန်မန့်ကို ဖတ်ပြီး ဟားလိုက်ရတာ။
ကိုပေါလိုပဲ အိပ်မက် ၁) နဲ့ ၂) ကို ခဏခဏ ပြန်မက်တယ်။ ၃) တော့ မမက်လာသေးဘူး။

အစ်မကို ယတြာချေခိုင်းနေကြတာလဲ ရီရတယ်။

(အဲလို ပြောလို့ သတ္တိကောင်းတယ် လို့တော့ မထင်ပါနဲ့)

အစ်မရဲ့ အိပ်မက်တွေအကြောင်းကိုတော့ စိတ်ဝင်စားမိတယ်။ အဲလိုမျိုး မဖြစ်ဖူးတော့လေ။ မက်ရင်လဲ ဟိုရောက် ဒီရောက် ခဏပဲ။ အစီအစဉ်တကျလဲ မက်လေ့မရှိဘူး။

သိပ် guilty ဖြစ်ခဲ့ဖူးတဲ့ တချိန်ကတော့ အဲဒါကိုပဲ version အမျိုးမျိုးနဲ့ ဆင်တူယိုးမှားတွေ ခဏခဏ မက်ခဲ့ဖူးတယ်။ ဒါလဲ ကိုပေါပြောသလို မသိစိတ်က ဒဏ်ခတ်တာနေမယ်။

:P said...

ဖတ်ပြီးမှ သိပ်မယုံရာကနေ.. ကြောက်သလိုလိုဖြစ်လာပြီ...။

မမေငြိမ်းကောမန့်ပြန်ထားတာဖတ်ပြီး ပိုဆိုးသွားတယ်
"တို့ကမ္ဘာလည်း အဲလို အချိန်မရွေး ကြွေကျ မသွားနိုင်ဘူးလား" တဲ့ ။ ကယ်ကြပါ။

မေငြိမ်း said...

ဒီတခါ post မှာ comment တွေ ဖတ်ရတာ သိပ်ပျော်စရာကောင်းတာပဲ..။ ခုမှ နည်းနည်း စိတ်အေးတယ်.. တကယ်ပြောတာ..။
အရီးပန်..
နောင်ဘ၀မှာ ရှင့်အမက အတိတ်ဘ၀ကို သတိရနိုင်မယ့် ပါရမီရှင်လို့ ထင်သပေါ့လေ..။ တကယ်လို့ သတိမရနိုင်ခဲ့ရင်တော့ သတိလာပေးလှဲ့ဦး :)
ဲJeff ရေ.. စိတ်မပူနဲ့သား တယောက်တည်းဆိုတော့ လှည့်ကြည့်စရာမလိုဘူး.. ခြေဦးတည့်ရာသာ ပြေး။ ပြေးရင်းလွှားရင်း ကောင်မလေးတောင် တွေ့နိုင်သေး :P
ကိုပေါ.. အဲဒီအိပ်မက်မျိုးတော့ ကျမလည်း မက်သဗျ.. ခုထိပဲ.. ဥပမာ အိပ်မက်ထဲမှာ အသံလွှင့်ခန်းထဲ ၀င်ရတော့မယ်.. ပြောစရာ အစီစဉ်စာရွက်တွေ ပျောက်နေတာ.. သတင်းစာရွက်တွေ ရှာမရတာ.. ဇောချွေးတွေပျံရော.. အဲလိုလေ..။ ဟိဟိ။
ဒါမဲ့ နိမိတ်ပြအိပ်မက်ကတော့ တပုံစံတည်း ထပ်ကာ ထပ်ကာ မက်တာ.. ကျမရဲ့ နောက်ဆုံး အိပ်မက်လိုပေါ့.. ခိခိခိ။
Thant,
ရေထဲ မှောက်ခုံကြီးဆိုတော့ အောက်ပိုင်းက ပိုချမ်းမှာထင်တယ်နော် :P
Vista..
အဲဒါကြောင့်ပြောတာပေါ့.. တခါတည်းပဲ သေလိုက်ချင်တယ်လို့။ အဲလိုကြီးထဲမှာတော့ ရှင်ကျန်မနေချင်ပါဘူးကွယ်..နော။
မယ်ကိုးရေ..
တယောက်တည်းတော့ မငြိမ်းချမ်းချင်ပါဘူး သမီးရယ်..။ တူတူပဲ သေချင်တယ်။
မိုးခါးရေ..
ကျိန်းပဲ ကျေမလား..။ နိမိတ်ပြသလိုပဲ ဖြစ်မလား.. ပြောတတ်တော့ပါဝူးး ဟူးဟူး
ကောင်မလေးရေ..
အမလေးတော် ဒါမျိုးကြီးတော့ ကြုံဖူးချင်ပါဘူး.. ကြောက်တတ်ရတဲ့အထဲ..။ :(
မနော်ရေ..
အဲလို အိပ်မက်အတိုင်း ပြန်ပြန်ဖြစ်တတ်တဲ့သူတွေ အမလည်း အများကြီးတွေ့ဖူးတယ် သိလား..။ အင်း အမခမျာတော့ အဲဒီအိပ်မက်ကို တကယ်လန့်နေတာ အမှန်ပါ..။ ခု သတိရရင်ကို ကြက်သီးထတယ်..။ အဲဒီည.. လကြီးကလည်း သာနေသေးတာတော့်.. သိလား။
PhyoAung ရေ..
ဟုတ်တယ်နော်.. အဲလို လုပ်မှထင်ပါရဲ့..။
လစ်ဘာတီရုပ်နဲ့ လွှတ်တော် ရုပ်တုတွေ ရှာဝယ်ဦးမှပါ..။ ဟီဟိ (သဘောကျတယ်.. အဲဒီအကြံ)ဒါမဲ့ ၄၅မိနစ်ကတော့ များလွန်းသအေ.. တော်ကြာ ကမ္ဘာပျက်လို့ မသေ.. အအေးပတ်လို့ သေပါ့မယ်.. ကတည်း.. :P
မအယ်ရေ..
ဟုတ်ပါ့.. တခါတည်း ကောင်းတဲ့ အိပ်မက်များတော့ တကယ်မဖြစ်..။ ပြောချင်ဝူး..။
ဒေါ်အိန္ဒြာ..
စတုန်းက စပြီး.. ဘာခုမှကြောက်ပါဘီလဲ.. ဒီက မပြောချင်လို့ ငြိမ်နေတာကို.. :P
မရီတာရေ..
ဟုတ်တယ်ဗျ.. ကိုပေါရဲ့ အိပ်မက် ၁ နဲ့ ၂ ကို လူတော်တော်များများ မက်ဖူးကြတယ်.. စိတ်ဆရာဝန်တွေပြောတာတော့ stress ရှိနေရင် အဲလို မက်တယ် ပြောတာပဲ..။ အမအိပ်မက်မျိုးကတော့ မက်လေ့ရှိတဲ့သူတွေ တွေ့ဖူးတယ်... ဒါပေမဲ့ နည်းတယ်...။ စိတ်ညစ်စရာကြီးပါ ညီမရယ်..

Nay Lin said...

ဆရာမ

လုပ်တော့မယ်..ဆရာမ က အိမ်မက်ထဲမှာ အသက်တော့ကြီးနေပြီ ဆိုတော့ သိပ်မပူပါဘူး..
ကိုယ်တို့က သိပ်ငယ်သေးတယ်လေ..
ဟီး ဟီး.
jeff ၇ယ်..မင်းကစွံမှာ သေချာရဲ့လား..ဆိုင်ကယ်ဖိုး
ပိုက်ဆံကုန်တာတောင် အမှတ်မ၇ှိ..:))

ဆရာမ ညီမ ကိုမေးကြည့်..သူက 2012 expert. လွန်ခဲ့တဲ့နှစ်တွေထဲက လေ့လာနေတာ..
အခုတောင် ဘယ်ကိုရွေ့ရင် လွတ်မယ်လို့ပြောနေတယ်.
:)))

Nay Lin said...

ချိုသင်းရေ..

LA က Basin ထဲမှာ နော်..:))

ကိုချစ်ဖေ said...

မမေငြိမ်းရေ
ကျနော်လည်း နေရာတနေရာရောက်ရင် ငါဒီနေရာရောက်ဖူးတယ် အခြေအနေတခုဆိုလည်းငါဖြစ်ဖူးသလို လို့ထင်မိတာနောက် အိမ်မက်မက်ဖူးတာဖြစ်ဖြစ်နေတယ်
သူများတွေလည်း မပြောဖြစ်တော့ဘူး.ဟိုတနေ့က နေလည်ဖက်ကြီး ကိုယ်စီးလာတဲ့ကားကိုနောက်က၀င်တိုက်တာ ကားထဲမှာညှပ်ပြီးသေတော့ သေတော့မယ်လှုပ်လို့ကလဲမရ ရဲတွေ သူနာပြုကားတွေကလည်းမလာနဲ့ မမေငြိမ်းရယ် လန့်နိုးလာတယ် နောက်နေမှသိရတာက အဲ့ဒီနေ့ကကျနော်တို့မြို့မှာ တနေ့လုံးကားတွေတိုက်လိုက်တာ စံချိန်အမြင့်ဆုံးပဲတဲ့
ဘာမှန်းလဲမသိဘူး စိတ်ထဲလည်းမစွဲပဲနဲ့ မမေငြိမ်လိုရေ
ပေါ်မျှောတာတော့ မမက်ဘူးသေးဘူးဗျာ.မက်လာဦးမလားမသိဘူး...ကျနော်တွေးကြည့်တာတော့ ကမ္ဘာကြီးပေါ်မှာရေတွေများလာရင် အဲ့ဒီရေတွေက ကမ္ဘာတောင်ဖက်ခြမ်းကနေ အစက်ဖြစ်ပြီး စင်္ကြာဝဠာထဲ ပြုတ်ကျသွားမလားလို့.ဟီး..အဲ့ဒါဆိုအကုန်တော့မသေဘူး.ထင်တယ်.တကယ်တော့လည်းကြောက်သာကြောက်နေရတာ သေမင်းက ကိုနောက်နားလေး ခုတောင်ရောက်ချင်ရောက်နေမှာဗျာ..သေခါနီးကိုယ်ကပြူးတူးပြဲတဲဖြစ်နေရတဲ့အချိန်မျာသူများတွေလည်း ကိုယ့်လိုဖြစ်နေမှာကို မကူနိုင်တာကလည်း ဖြစ်နေကျ ၀မ်းနည်းစရာလိုပဲ ဖြစ်ဦးမှာ။

မီယာ said...

အိပ်မက်တွေ အပြင်မှာ တကယ် ဖြစ်လာတာ ထူးဆန်းတယ်နော်... ဆရာမရဲ့ တတိယအိပ်မက်တော့???
ဝတ္ထု တပိုဒ်ရေးပါ ဆရာမ အဲ့ဒီ အိပ်မက်တွေကနေ အပြင်မှာ ဖြစ်လာတဲ့ အကြောင်းတွေပေါ့...

ထိုက်ဦး said...

လိုအင်ဆန္ဒတွေနဲ့မျှော်လင့်ချက်တွေနဲ့

ကိုယိုဘဝရဲ့ပန်တိုင်ကို..ယုံကြည်ချက်
တွေနဲ့ရှေ့ဆက်နေကြတဲ့သူတွေက
တော့ကမ္ဘာကြီးပျက်မှာတွေးကြောက်နေကြတာပါ
ကျနော်ကတော့ဘဝကိုယုံကြည်
ချက်နဲ့ရှေ့ဆက်နေတာမဟုတ်ဘူပေး
ဆပ်ရင်နဲ့လျှေက်နေတာလေးဒီတော့ဘာမှ့မကြောက်ဘူ

နေသစ် said...

ဆရာမရေ ကျွန်တော်ကတော့ နေကြတ်ချိန်လေး အားရအောင် ခံစားကြည့်ပြီးမှ..

သက်ဝေ said...

တို့ကမ္ဘာလည်း အဲလို အချိန်မရွေး ကြွေကျ မသွားနိုင်ဘူးလား...။
ဆရာမ စာရေးကောင်းလွန်းလို့ အခု နဲနဲတောင် ကြောက်ချင်လာပြီ... :D

အိပ်မက်တွေက နမိတ်ပုံတွေ ဖြစ်တယ်ဆိုတာ သူများတွေ ယုံ မယုံတော့ မသိ... ကိုယ်တိုင်ကတော့ တကယ်ယုံမိတယ်။ အိပ်မက်တွေဟာ ကိုယ့်အတွက်လဲ အလွန်မှန်ကန်တဲ့... ပြီးတော့ သိပ်သိမ်မွေ့တဲ့ နမိတ်ပုံတွေ မကြာခဏ ဖြစ်ခဲ့ဖူးတယ်...

ဆရာမရဲ့ အိပ်မက်တွေကို အခုလို ပြောပြတာ ကျေးဇူးပါ...။

ဒဏ္ဍာရီ said...

ဆရာမရဲ့ အိမ်မက်ထဲရောက်လာပြီး မဖြစ်နိုင်ဘူးလို့တော့ မပြောနိုင်တော့ဘူး။ ဖြစ်လည်းဖြစ်နေတာပဲလေ။ အခုလည်း ကမ္ဘာကြီးဟာ တခုပြီးတခု ပျက်စီးနေတာပဲ။ အားလုံးပျက်မသွားတာပဲ ရှိသေးတာ။ ဆရာမ ရေးသလို တကယ်သာပျက်ရင်တော့ သေတတ်အောင် လေ့ကျင့်ရမလိုပဲနော်။ နေတတ်ဖို့ထက် သေတတ်ဖို့က အရေးကြီးတာကိုး။ ဒီတဂ့်ပိုစ့်လေးကို ဒဏ္ဍာရီ လိုက်ဖတ်နေတာ စာရေးသူ တစ်ယောက်ချင်းစီက မှတ်သားစရာလေးတွေကို စုပြီး မှတ်သားသွားပါတယ်နော်။
ကြောက်တော့ ကြောက်သား ဆရာမရေ ...

ခင်မင်လေးစားလျှက်

rose of sharon said...

လာဖတ်သွားတယ်ဆရာမ... ကော်မန့်တော့မရေးတော့ဘူး...

Younggun said...

ဆရာမရေ မဟုတ်ပါဘူးလို့ ဆိုပါရစေ..လာလည်ဖို့ ဖိတ်ပါတယ် ပညာရှင်တစ်ဦးရေးထားတဲ့ အာဘော်ကို ဖတ်ကြည့်ပါဦး ဆရာမ ..

တန်ခူး said...

မ ရယ်… ဒီက ကြောက်တတ်ပါတယ်ဆို… သက်ဝေတက်ဂ်ထားတာ ကြောက်စရာမကောင်းတဲ့ဘက်က လှည့်ရေးမလို့ စဉ်းစားနေတာ… မ ရေးထားတာ ကြက်သီးတောင်ထတယ်… ဒါပေမယ့် မ က အိပ်မက်ထဲမှာ အသက်ရှင်နေသေးတယ်ဆိုတော့ ထင်သလောက်တော့ မဆိုးဘူးနော်… စကားမစပ် ကြည်နူးစရာလေးတခု တက်ဂ်ထားတယ် မ ရေ…

Moe Cho Thinn said...

ဆရာမရေ
အခုမှ ဒီပို့စ်ကို ဖတ်မိတယ်။ ဆရာမက ချိုသင်းတို့ကို သတ္တိခဲ အောက်မေ့လို့ ခြောက်နေတာလား။ ချိုသင်းက မကောင်းတာဆို မကြားချင်၊ မဖြစ်ချင် တဲ့ စိတ္တဇ ရှိသူမို့ ညီမ အိန္ဒြာ tag ထားတာတောင် မသိချင်ယောင် ဆောင်နေတာပါ ဆရာမရဲ့။ တရားကျစရာကောင်းပုံများ တွေးရမှာတောင် လန့်ပါတယ်။ မြီ..မြီ..မြီ.. လိပ်ပြာ ပြန်ခေါ်နေတာ.. :D

ဆရာမ အိပ်မက်တော့ အရမ်းစိတ်ဝင်စားသွားပြီ။ ချိုသင်းက အိပ်ပြီဆို တချိုးတည်းမို့ ဘာအိပ်မက်မှ မမှတ်မိဘူးတော့..။

ဒါနဲ့ ဘာမှ မဆီမဆိုင် ကိုနေလင်းက ချိုသင်းတို့နေတဲ့ LA ကို basin ကြီးလို့ ပြောသွားပါလား။ ငါ နင့်ကို တတ်မယ်၊ အသေတတ်မယ် သိရဲ့လား။

မန်ယူဖန် ကိုတုံ said...

နောက်ပြောင်ပြီးရေးထားတဲ. ပို.စ်လို.သာယူဆပါကြောင်း......အတည်ရေးတာဆိုရင်တော. ခင်ဗျားတစ်ခုခုဖြစ်နေပြီ...ဒေါ်မေငြိမ်းရေ.

မန်ယူဖန် ကိုတုံ said...

နောက်ပြောင်ပြီးရေးထားတဲ. ပို.စ်လို.သာယူဆပါကြောင်း......အတည်ရေးတာဆိုရင်တော. ခင်ဗျားတစ်ခုခုဖြစ်နေပြီ...ဒေါ်မေငြိမ်းရေ.