Jan 31, 2010

ကဗျာမဟုတ်....

စိတ်ကျ… ဆိုတာ ဆိုလို့ ကောင်းတဲ့ သီချင်းတပုဒ်မဟုတ်။
ကဗျာရေးစရာ စကားလုံးတလုံး မဟုတ်..။
ပန်းချီရေးမယ်ဆိုရင်တောင် Surrealism နဲ့သာ ရေးလို့ကောင်းမယ့် အဖြစ်..။
ဒါပေမဲ့
စကားလုံးတွေနဲ့ ရေးတဲ့ ပန်းချီတကားတော့ ဖြစ်နိုင်မှာပါ…။

ခုနေခါ…
သစ်ပင်တွေ အရွက်မဲ့ ရိုးတံပြိုင်းရုံနဲ့..
နှင်းတွေ ထူထဲလွန်းရုံနဲ့..
ပေးဆပ်စရာတွေ အချိန်မှန်လွန်းနေရုံနဲ့….
ပေါက်မဲမပါ ဗလာတွေ များလွန်းနေရုံနဲ့...
အနားက ပကတိအပြုံးတွေ မှိန်ဖျော့နေကြရုံလောက်နဲ့…
ဒီလောက်နဲ့တော့
Sylvia Plath ကို သတိရဖို့ မသင့်…
Virginia Woolf ကို တမ်းတလို့ မဖြစ်..။
ညည်းက ဘယ်လောက်များ ပြီးမြောက်ခဲ့ပြီမို့လို့လဲ…
တကယ်ရော လွတ်မြောက်တယ်လား…
အားနာစရာ… နော် ။

ဒီတလောမှာ ..
ရာရာစစနဲ့…
Kurt and Courtney ကို ပြန်ကြည့်…
Frida Khalo ကို ပြန်ကြည့်…
Vincent & Theo ကို ပြန်ကြည့်…
ပြီးတော့
လျှောကွင်းချည်မရခဲ့ဖူးတဲ့ တရက်ဆီ… ပြန်ကြည့်..
ဘာပဲဖြစ်ဖြစ် အဓိပ္ပါယ်တခု ရှိခဲ့ရာ….။

ခုတော့ ဒီမှာလေ..
စိတ်လက်ခန္ဓာတွေ… အထပ်ထပ် တုပ်နှောင်ခံထားရ…
ရုန်းမရ… ဖယ်မရ…
တကယ်တမ်းက ပိုးသားမျှင်လေးတွေမျှ…။

ဒါနဲ့ပဲ နောက်ဆုံးတော့...
"ကျမချစ်မြဲ သံသာဝဲမှ
ခွဲထွက်ချင်ဘူး တပ်မက်ဦးမည်.. "ဆိုတဲ့
ကြည်အေးရဲ့ သစ္စာသစ်ကိုပဲ သီချင်းလုပ်ဆို...။


++++++

11 comments:

ကိုခိုင် said...

“ကဗျာမဟုတ်” ဆိုသော ကဗျာ လာဖတ်သွားပါသည်။
မအားလပ်သည့် ကြားမှ ကျွန်တော့် ထံသို့ လာရောက်
လည်ပတ်သော အန်တီ ဒေါ်မေငြိမ်း ကို ကျေးဇူးအထူး
တင်ပါသည်။ခုမှ စလုပ်သောကြောင့် လိုအပ်တာများရှိပါက
ပွင့်ပွင့် လင်းလင်းဝေဖန် ပေးပါရန်ဖိတ်ခေါ်ပါသည်။

http;//kokhine.blogspot.com

မယ့်ကိုး said...

ဆရာမရဲ့ ကဗျာမဟုတ်ဆိုတဲ့ စာလေး ကြိုက်လိုက်တာ။
ကိုယ့်အဖြစ်နဲ့တူလို့။

Sylvia Plath ကို သတိရဖို့ မသင့်…
Virginia Woolf ကို တမ်းတလို့ မဖြစ်..။

လို့ ဆရာမက ဆိုပေမယ့် မယ်တော့ သူတို့ တ,တပြီး စာထဲ ထည့်ရေးပေါင်းများပြီ =)
အခုတောင် ရေးထားသေးတယ် :P

Moe Cho Thinn said...

ပေါက်မဲ ထည့်မထားတဲ့ ခွက်ထဲက ဗလာချည်း ရဖူးတဲ့ သူတယောက် ခေါင်းတညိတ်ညိတ် ဖတ်သွားသည်။ :)

ဓမ္မဂင်္ဂါ said...

နိကန္တိပါးပါးလေးသာ သုတ်လိမ်းမထားဘူးဆိုပါတော့
နေ့တဓုဝ ဒုက္ခများ
ချိုမြိန်နိုင်ဖွယ် အကြောင်းမရှိ

အော် ခုတော့
ပျားရည်တစ်စက်က
အသက်ကယ်လှေလေးဖြစ်လို့

ပျော့ပျော့လေးနဲ့နံတဲ့ ဥပါဒါန်လေ
အမှန်တရားကိုလည်း နှာခေါင်းရှုံ့ခဲ့ပြီ

ရူးဦး
လွင့်ဦးပေါ့
ပုထုဇဉ်ချည်တိုင်မဆုံးသရွေ့

ချစ်ကြည်အေး said...

ညည်းက ဘယ်လောက်များ ပြီးမြောက်ခဲ့ပြီမို့လို့လဲ…
တကယ်ရော လွတ်မြောက်တယ်လား…
အားနာစရာ… နော် ။

တဲ့....မမကလည်း ...Dont be so humble နော်
အဲဒီ အဖွဲ့လေး ကြိုက်သွားတယ်...
ကိုယ့်ဘာသာ အထပ်ထပ် ပြန်မေးနေမိတော့မဲ့ မေးခွန်းပဲ မမ ရေ....

မေ့သမီး said...

အမရေ နားလည်သလိုနဲ့ နားမလည်တာတွေလည်းရှိတယ်။ ပန်းချီကျတော့ ပုံကိုကြည့်ပြီးပဲ ခံစားတတ်တာ။ -lism တွေကို နားမလည်ဘူး။ သိပ်ပြီး modern art ကျတဲ့ဟာမျိုး ဆိုရင်တော့ ခေါင်းတောင်မူးတယ်။ မသိလို့။

MANORHARY said...

ချိုသင်းလိုပဲ ပေါက်မဲမပါတဲ့ခွက်ထဲက
ဗလာမဲ တွေချည်းပေါက်ခဲ့ဖူးသူနောက်တစ်ယောက် ..
ထွက်ပြေးနေရတာကိုက ထွက်ပြေးမရတာ ဆိုတဲ့
ကဗျာတစ်ကြောင်းကို ဒီကဗျာမဟုတ် ဆိုတဲ့ ကဗျာကိုဖတ်ရင်း
ခပ်တည်တည်နဲ့ ပြန်ရွတ်သွားပါတယ်။

sansantin said...

စိတ်ကျတဲ. အခါ
ကဗျာကောင်းတွေ
ရေးဖွဲ. နိင်ပေမယ်.
ခံစားရတာနဲ. မမျှ

လူဖြစ်မှ သင်္စာသစ်ကို ချစ်
စိတ်မညစ်လေနဲ.

Nay Lin said...

"ကျမချစ်မြဲ သံသာဝဲမှ
ခွဲထွက်ချင်ဘူး တပ်မက်ဦးမည်.. "

လို့ဆိုကတည်းက ကိုရာကျော်ရေ..
ဆက်ခံရဖို့သာပြင်ထားပေတော့..:):-):P

ဓမ္မဂင်္ဂါ said...
This comment has been removed by the author.
tin min htet said...

"ကျမချစ်မြဲ သံသာဝဲမှ
ခွဲထွက်ချင်ဘူး တပ်မက်ဦးမည်" ... နဲ့
"ငါစွန့်ခွာလျှင် ပြန်မလာတတ်
ကင်းရှင်းပြတ်အံ့" ... က တပုဒ်ထဲကလား မသိ :P