Feb 1, 2011

ရွက်ကျပင်ပေါက်



အိပ်မက်ကနေ နိုးလာတော့ မောနေတုန်း…။
အိပ်မက်လို့ သိမှ တော်ပါသေးရဲ့လို့ စိတ်အေးတယ်။
ဒါပေမဲ့ အိပ်မက်ကို ပြန်တွေးတော့ မျက်ရည်တွေက အလိုလို စီးကျလာတယ်..။
သေရာပါမယ့် အိပ်မက်တွေ ထင်ပါရဲ့…။
အိပ်မက်ထဲမှာ ကျောင်းကားစောင့်နေတာ…။ ကိုယ် ကားနားရောက်ကာနီးမှ ကားက ထွက်သွားရော။ လက်ထဲက ဆွဲခြင်းတဘက်နဲ့ ပြေးလိုက်ပေမဲ့ အရင် အိပ်မက်တွေထဲကလိုပါပဲ..။ မီလုမီခင်နဲ့ မမီ…။ ကျောင်းမှာ စာမေးပွဲခန်းစောင့်ရမှာ.. ဒုက္ခပါပဲပေါ့..။ နာရီက အသွားမြန်.. ကားက မရ..။ ဒီလိုနဲ့ပဲ လန့်နိုးပြန်တာပါပဲ..။

အဲဒီ ဆရာမဘ၀ကို ကျမ ဘယ်တော့မှ မေ့မရနိုင်တော့ဘူးလား…။
ရွှေထီးဆောင်းခဲ့စဉ်ကာလလို့ ပြောရအောင်ကလည်း ဆင်းရဲပင်ပန်းလှတဲ့ အချိန်တွေပါ..။
ဒါပေမဲ့ .. ကျမ ဘယ်လို ဟန်လုပ် ဟန်လုပ်.. ဘယ်လိုပဲ မေ့ဖျောက် မေ့ဖျောက်..
ကျမရင်ထဲ ဟိုးနက်နက်တနေရာမှာတော့ အဲဒီဘ၀ကို စွဲစိတ်က စို့ရိုက်သွင်းထားသလို နစ်ဝင်နေခဲ့တာ ဖြစ်မှာ…။

++++++

(တစ်)

မှတ်မှတ်ရရ ပြန်တွေးတော့ ဟိုးးငယ်ငယ်လေးကတည်းက ကျမကြီးလာရင် ဘာလုပ်မလဲ မေးတဲ့အခါ ကျောင်းဆရာမလို့ လွယ်လွယ်ဖြေခဲ့တာပဲ။ တကယ် ဆရာမ ဖြစ်ချင်စိတ် ပြင်းပျတယ်လို့တော့ သတိမထားမိပါဘူး။ ဒါပေမဲ့ အမေက ကျောင်းဆရာမ။ ကျမက သူများလို ဆရာဝန်မဖြစ်ချင်.. အင်ဂျင်နီယာ မဖြစ်ချင်..။ ဒီတော့ လုပ်စရာ ဆရာမပဲ ရှိတယ်လို့ ထင်တာလေ…။

ငယ်ငယ်လေးကတည်းက သိသိသာသာ လုပ်ဖြစ်တာတော့ ပန်းချီဆွဲတာပဲ..။ နည်းနည်း ထူးချွန်တာက စာစီစာကုံး ရေးတာ…။ နောက် တကယ်တမ်း တက္ကသိုလ်ရောက်တော့လည်း တက္ကသိုလ်မှာ ဆရာမ ဖြစ်ချင်တာက နည်းနည်း.. တက္ကသိုလ်နယ်မြေထဲ အကြာကြီး နေချင်တာက များများနဲ့..။ ဆရာမဖြစ်ခွင့်ရတော့ ဘ၀မှာ ဘာမှမလိုတော့ဘူး ပြီးပြည့်စုံပြီလို့ကို တွေးမိပြီး ပျော်တော့တာ။ ပြောရရင် လွယ်လွယ်နဲ့ ရခဲ့တယ်လို့လည်း ထင်ပါတယ်။ ခုထိတော့ ဘ၀မှာ အကျေနပ်ဆုံးအချိန်တွေပါပဲ…။

+++++

ကိုယ့်စာမူလေး မဂ္ဂဇင်းထဲ စပါတော့ ပျော်သလားဆိုတာ ခု ပြန်စဉ်းစားကြည့်မိတယ်။ ကျေနပ်တာတော့ သေချာတယ်။ ကိုယ့်စာမူပါတဲ့ စာမျက်နှာကိုပဲ တစိမ့်စိမ့်ကြည့်လို့..။ ပေဖူးလွှာမှာ ကဗျာ စပါတော့ ခွဖောင်လို့ ခေါ်တဲ့ မဂ္ဂဇင်းအလယ်မှာ သပ်သပ်ရပ်ရပ်ပါရတာမို့ စိတ်ချမ်းသာခဲ့တာ..။ တခါ ၀တ္ထုတိုကျတော့လည်း သရုပ်ဖော်ပုံက ကိုယ့်သူငယ်ချင်း ၀င်းမော်ဟန် လက်ရာ..။ ကိုယ်ကြိုက်တဲ့ ပန်းချီဆရာဆိုတော့ ပိုသဘောကျတာပေါ့..။ နောက်တော့ အဲဒီ စာပေနယ်ပယ်လေးကို စွဲစွဲ လန်းလန်းနဲ့…..စာပေအပေါင်းအသင်းတွေနဲ့ လေထန်ကုန်း၊ ဒေါ်ရိတ်ကြီး၊ ဘားလမ်း ကိုထွန်းရီဆိုင်၊ ၁၉လမ်း၊ Mr.Guitar တွေမှာ တ၀ဲလည်လည် သွားလာခဲ့တဲ့ နှစ် ၂၀ အချိန်ကာလထဲ ပျော်ခဲ့တာပဲ။ ခုချိန်ထိလည်း.. လွမ်းဆွတ်ဆဲ...။

+++++++

ဆရာမဘ၀ နဲ့ စာရေးဆရာမ ဘ၀ ဘယ်ဟာကို ပိုကြိုက်လဲမေးရင်တော့ အတူတူပဲလို့ ဖြေရမှာထင်ပါတယ်။ ဒါပေမဲ့ ဘယ်ဘ၀ကို ပိုတန်ဖိုးထားလဲဆိုရင်တော့ မှန်တာပြောရရင် စာရေးဆရာမဘ၀ကိုပေါ့..။ တက္ကသိုလ်ဆရာမဖြစ်ခွင့်ကို တော်တော်များများ ရနိုင်ကြပေမဲ့ စာရေးဆရာမဘ၀ကတော့ ရနိုင်ခဲတယ်လို့ ထင်တာကိုးးး။ ဒါပေမဲ့ မြန်မာစာဆရာမ ဘ၀မှာ အောင်အောင်မြင်မြင် ရပ်တည်နိုင်ခဲ့တာအတွက် ဂုဏ်လုပ်မိတာကိုလည်း ၀န်ခံပါတယ်။ ဒါကြောင့်သာ အစိမ်းခွဲ ခွဲထားခဲ့ရတဲ့ အဲဒီဘ၀ကို စိတ်ကျ အိပ်မက်တွေထဲ စွဲစွဲမြဲမြဲ မက်နေခဲ့တာပဲ မဟုတ်လား…။

+++++

တက္ကသိုလ်ဆရာမဘ၀မှာ လှိုင်တက္ကသိုလ်မှာ ၉နှစ်… ဘားအံကောလိပ်မှာ.. ၃နှစ်.. ရန်ကုန်စီးပွားရေးတက္ကသိုလ်မှာ ၁နှစ်.. မော်လမြိုင်တက္ကသိုလ်မှာ ၅နှစ်.. ဒဂုံတက္ကသိုလ်မှာ ၂နှစ်…။ တာဝန်ကျရာ ရောက်လေရာမှာ ကျမ ပျော်ခဲ့တာပဲ နှစ်နှစ်ခြိုက်ခြိုက်…။ လုပ်ဖော်ကိုင်ဖက်တွေထဲမှာ စိတ်တူကိုယ်တူတွေ အမြဲတွေ့ရပြီး ချစ်ခဲ့ခင်ခဲ့ရတာလည်း နေရာတိုင်းမှာ…။ နေရာသစ်တခုရောက်ရင် အဆင်ပြေပါ့မလားလို့ ကျမ တွေးလေ့မရှိဘူး…။ အဆင်ပြေမှာပဲလို့သာ တွေးတတ်တဲ့အထိ ကျမရဲ့ ပျော်တတ်တဲ့ သဘာဝကို ကိုယ့်ဘာသာ စိတ်ချတယ်။ အဲဒီအခါ ဘ၀ထဲ ဒုက္ခရောက်ပေမဲ့ ၀န်းကျင်မှာ သာယာပျော်ရွှင်မှုနဲ့ ဖြေဖျောက်ခဲ့ တာပါပဲ…။
ဒီလိုနဲ့… … …

+++++

(နှစ်)

တက္ကသိုလ်စတက်တော့ ၁၉၈၀..။ ရန်ကုန်တက္ကသိုလ် ကြည့်မြင်တိုင်နယ်မြေ….။ တက္ကသိုလ် ကျောင်းသူဆိုတဲ့ ဘ၀ကို ရင်ခုန်လို့…။ ချစ်တဲ့ သူငယ်ချင်း ဆောင်းသီတာနဲ့ နောက်တယောက်က အယ်မာ…။ ဆံပင်တိုတို.. အသားညိုညို ပိန်ကပ်ကပ်နဲ့… ကျမက တော်တော် အကျည်းတန်တာ…။ ဒါပေမဲ့လည်း တက္ကသိုလ်ကျောင်းသူ ပူပူနွေးနွေး ဆိုတော့ လည်း လှချင် ပချင်တာပေါ့။ မှတ်မိသေးတယ်..။ အဲဒီတုန်းက ကျမက အဖေ ညွှန်ကြားရေးမှူးပေမဲ့ ဆင်းရဲတော့ အမေနဲ့ ကျမ တချို့ထမီတွေဆို သိပ်မခွဲဘဲ တူတူ ၀တ်ရပါတယ်။ ဒီတော့ အမေက ၀၀ကြီးမို့ ၄တောင်ကွင်းဝတ်ရတော့ ကျမက ပိန်ပိန်လေးနဲ့ ၄တောင်ကွင်းကို ရအောင် ၀တ်ရတာမို့ ခါးနေရာကြီးမှာ ဖုလို့..။ ရုပ်မြင်သံကြားစက်တောင် အဖြူအမည်းပဲ ၀ယ်နိုင်ခဲ့သေးတာ မှတ်မိပါတယ်။ ဒါပေမဲ့ ကျမထက် ချမ်းသာတဲ့ သူငယ်ချင်းတွေက ကျမကို ချစ်ကြတာမို့ အဲဒီတက္ကသိုလ်ကျောင်းသူဘ၀ဦးမှာလည်း ပျော်ခဲ့တာပါပဲ..။

+++++

ဆရာမဖြစ်စ….
ကျောင်းသွားတော့မယ်ဆိုရင် ပြဿနာက ဆံထုံးထုံးဖို့…။ ခါးလယ်ကျော်ကျော်ဆံပင်တွေက အုံထူတော့ သိပ်ထုံးရခက်တာ။ ကလစ်တွေ.. ဆံညှပ်တွေလည်း မနိုင်ချင်။ ဒီကြားထဲ ပန်းကလည်း ပန်ချင်သေးတာ။ ဆံထုံးတခါထုံးရင် ချွေးတွေပျံ.. လက်တွေ ညောင်းရော..။ ဆံထုံးနဲ့ ပန်းနဲ့ ဗမာဝတ်စုံနဲ့.. ကြိမ်ဆွဲခြင်းနဲ့…။ အဲဒီလို ကျောင်းသွားရတာကို ကျမ သိပ်ကြိုက်ခဲ့တာ..။ ကျောင်းသား ၂၀၀ ကျော်ရှေ့က စင်မြင့်လေးပေါ်မှာ စာသင်ပေးရမယ့်… အသက် ၂၂နှစ်တောင် မပြည့်သေးတဲ့ ဆရာမပေါက်စလေး ကျမဟာ အတန်းဝင်ရတော့မယ် ဆိုရင် အမြဲ တက်ကြွနေခဲ့တာ။ ကျမ ဆရာမဘ၀ ပထမဆုံးနေ့မှာ ၀င်ရတဲ့အတန်းက လှိုင်တက္ကသိုလ် ၁၉၈၆-၈၇ ပညာသင်နှစ်ရဲ့ ပထမနှစ် ရူပဗေဒ တန်းခွဲ (၁)..။ အဲဒီအတန်းမှာ ကျမသေချာမှတ်မိနေတဲ့ ထင်ထင်ရှားရှား ကျောင်းသူတွေက အဆိုတော် အိအိ.. နောက်ပိုင်း လေယာဉ်မယ်ဖြစ်သွားတဲ့ ၀င့်သရဖီ.. လက်ရေးသိပ်လှပြီး သတ်ပုံမှန်လို့ သတိထားမိရတဲ့ တိုးတင်ညို..။ (ကျန်တဲ့ကလေးတွေ သိပ်မမှတ်မိတော့တာ ခွင့်လွှတ်ပါ)။ ကျမအလုပ်ထွက်ကာနီး နောက်ဆုံးနေ့မှာ ၀င်ခဲ့တဲ့အတန်းကတော့ ဒဂုံတက္ကသိုလ်မှာ ၂၀၀၅-၂၀၀၆ ပညာသင်နှစ် မြန်မာစာ မဟာဝိဇ္ဇာ ပထမနှစ်အတန်းရဲ့ စာပေသဘောတရား စာပေအတတ်ပညာအတန်း နဲ့ အင်္ဂလိပ်စာအဓိက ဂုဏ်ထူးတန်းရဲ့ ၀တ္ထုသဘောတရား ဘာသာ အတန်း။

+++++

ထိုင်းကိုရောက်တော့… မျှော်လင့်ထားခဲ့တာက တောထဲတောင်ထဲက စာသင်ကျောင်းလေး တကျောင်းမှာ စာသင်ဖို့။ ဒါပေမဲ့ အသံလွှင့်ဆောင်းပါးတွေ ရေးရ… ထိုင်းမှာ ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေအတွက် မြန်မာစာနဲ့ ပတ်သက်တာတွေ ကူရ…။ ဘလော့လေးရေးလိုက်.. ခရီးတွေထွက်လိုက်..။ ကိုယ့်နိုင်ငံအတွက် ကိုယ်ကူချင်တာတွေကို နောက်ကြောင်းအေးအေး ကူနိုင်ခဲ့။ အဲဒီဘ၀မှာလည်း ပျော်ခဲ့တာ.. ကိုယ့်အိမ်ကိုယ့်ရာလို………။

ဒီလိုနဲ့ အမေရိကန်ပြည် ရောက်ပြန်တော့လည်း ကျမ သဘောကျတဲ့အလုပ်ခွင်ထဲ လုပ်ခွင့်ရတဲ့ ဘ၀ထဲမှာ ကျမ သိပ်ကို ကျေနပ် ပျော်ပိုက်တာ .. မင်္ဂလာပါ သောတရှင်များရှင်………ဆိုတာလေးကိုတောင် တကယ် လှိုက်လှိုက်လှဲလှဲ ခံစားပြောနေကျ။

+++++++
ပြောချင်တာက ကျမဟာ များများ မျှော်လင့်မထားတတ်သူ..။ ဒါပေမဲ့ ကံကောင်းထောက်မစွာ ကိုယ်မွေ့လျော်တာတွေကိုသာ ခံစားခွင့်ရခဲ့သူဆိုတာပါ။

+++++
(သုံး)

ဘ၀ထဲမှာ ကိုယ်နဲ့ လားလားမှမဆိုင်တဲ့ အနေအထားမျိုးမှာ ရှင်သန် ဖွံ့ဖြိုးနိုင်မှသာ တကယ့် ရဲရင့်မှုလို့ ကျမ ယုံပါတယ်။ အဲဒီယုံကြည်မှုနဲ့ပဲ ဘ၀ကို တလျှောက်လုံး ဖြတ်သန်းခဲ့တာပါ။

+++++
ခုဆို….
ဟိုတယ်ကြီးတခုရဲ့ သပ်ယပ်လှပတဲ့ အရောင်းဆိုင်ခန်းတခန်းမှာ အရောင်းဝန်ထမ်း လုပ်ဖို့ ကျမ အသင့်ပြင်နေပါပြီ။ အသက် ၄၆နှစ်နားနီး အမျိုးသမီးတယောက်အနေနဲ့ လာဝယ် ကြမယ့်သူတွေကို စိတ်လက်သာယာရှိအောင် ဘယ်လို ဆောင်ရွက်ရပါ့..။ သပ်သပ်ရပ်ရပ် တည်တည်ငြိမ်ငြိမ်လေး ၀တ်စား..။ မျက်နှာလေးကို ကြည်ကြည်လင်လင် ပြုံးထား။ ဈေးရောင်းတဲ့အခါ.. ကိုယ့်ဆီက ပစ္စည်း ၀ယ်သူဆီ များများပါသွားအောင် လုပ်ပါ.. စကားများများပြောပါ.. တဲ့။ ခက်ကပြီ.. ကိုယ်ကလည်း စာအကြောင်းပေအကြောင်းကလွဲရင် ဖွယ်ဖွယ်ရာရာ ပြောတတ်တာမဟုတ်…။ ဒီအလုပ်မှာ ညံ့ရင် ဒုက္ခ။ တခါတခါမှာ ညံ့တာတွေကပဲ အလုပ်ဖြစ်နေတာ အပုံ.. ဆိုတာကို မေ့ပစ်။ ကျမ……… တော်မှ ဖြစ်မယ်…။ ကျမ လုပ်နိုင်မှ ဖြစ်မယ်…။ ဒါမှ လှပတဲ့ အလုပ်တခု ဖြစ်မှာ…။ ကျမ အလုပ်လုပ်နေတာဟာ.. အဲဒီ အလုပ် လှလှပပ ပြီးမြောက် အောင်မြင်ဖို့သာ ဖြစ်တယ်..။ ဒါမှပဲ အဲဒီကရတဲ့ လုပ်အားခနဲ့ စားရတဲ့ ထမင်းက ကျမအတွက် အရသာ ပြည့်မှာပါ။ ကြီးကြီးကျယ်ကျယ်.. တွေးရရင်တော့ ကျမ ကိုယ့်ကိုယ်ကို အားပေးနေကျ Julius Caesar ရဲ့ Veni, Vidi, Vici"
ငါ လာတယ်..
ငါ မြင်တယ်..
ငါ အောင်ပွဲခံတယ်… ဆိုတာကိုပဲ ပြန်ပြန် သတိရ။

သေချာတာကတော့ ကျမ နောက်ထပ် စိန်ခေါ်ပွဲတခုကို ရင်ဆိုင်ဖို့ ပြင်ဆင်ရတာပဲ မဟုတ်ပါလား…။

++++++

ကျမ ပျော်မှာပါ….
ရောက်လေရာမှာ စိမ်းရွက်တွေတဝေေ၀နဲ့ လန်းဆန်းရှင်သန်နိုင်တဲ့ ရွက်ကျပင်ပေါက်တွေကို ကျမ ချစ်တယ်လေ။

8 comments:

JUSTICE999BURMA said...

သေသေချာချာထပ်ဖတ်မိတော့ ရင်ထဲမကောင်းလှဘူး... သိပ်လဲ မပြောတတ်လေတော့ ဘာပြောရမှန်းမသိဘူး... ကိုယ်ခံစားလိုက်ရတဲ့ ဖီလင်လေးတစ်ခုကို ဒီစာကိုရေးတဲ့ ဆရာမတစ်ယောက်တော့ နားလည်မယ်လို့ ထင်တယ်.. တကယ်စိတ်ထဲမကောင်းလှဘူး... ဘာလို့ မှန်းလဲ မသိဘူး...

မန့် နေကျလဲ မဟုတ်တော့ စိတ်ထဲရွံ့တွန့် တွန့် ဖြစ်တယ်.. ကိုယ်ရေးတဲ့ သတ်ပုံမှားရင် အဆူခံရမှာကြောက်တဲ့ ကျောင်းသားလို့  ဖြစ်သွားမိသေးတယ်.....

ဆရာမအားလုံးအဆင်ပြေပါစေလို့ ဆုတောင်းလျက်
(စာဖတ်သူတစ်ဦး)

pandora said...

လူတစ်ယောက်ရဲ့ identity ဆိုတာ ဘယ်အလုပ်ဘယ်နေရာ သတ်မှတ်ချက်တွေ မဟုတ်ဘူး လို့ ဆရာတစ်ယောက်က ပြောဘူးတယ်။ အစ်မရဲ့ ကိုယ်ပိုင် နှလုံးသားနဲ့ စေတနာတွေက ဘယ်နေရာရောက်ရောက် မေငြိမ်းဆိုတာ ဘာလဲ လို့ ပြောပြနေမှာပါ။

Nyi Linn Thit said...

အမ ရခဲ့ဖူးတဲ့၊ ရှိခဲ့ဖူးတဲ့ အနေအထားမျိုးကနေ လူ တော်တော်များများ မလုပ်ရဲ၊ မလုပ်နိုင်ကြတဲ့ အရာတွေ၊ ဖြတ်သန်းမှုတွေ အများကြီး အမလုပ်ခဲ့ ပြီးပါပြီ၊ ချစ်ခင် စွဲလန်းရတဲ့ဟာတွေကို စတေးပစ်ရလောက်တဲ့အထိ ကိုယ်နဲ့ လားလားမှ မဆိုင်တဲ့ ပတ်ဝန်းကျင်မှာ ဖွံ့ဖြိုးဖို့ အမဆီမှာ လိုအပ်တဲ့ ရဲရင့်မှုအားလုံး ရှိပါတယ်..၊

ဘယ်နေရာမှာ ဘာပဲလုပ်လုပ်ပါ၊ A rose by any other names would smell as sweet. မွှေးမြ သန့်ရှင်းတဲ့ လိပ်ပြာနဲ့အတူ အမ ဖြတ်ကျော်သွားပါလိမ့်မယ်...။

Nyi said...

ဒီစာက အတွေးတွေကို ပန်းလိုသီထားတဲ့ကြိုးတချောင်းနဲ့ ကုံးထားခဲ့တာပါလား
ဘာသာမေးခွန်းတွေ ပြန်မေးနေမိပြီ
စာရေးဖြစ်သွားရင် ဆရာမကြောင့်ပဲ :P

rose of sharon said...

အမဘဝ တစ်လျှောက်လုံး ဝါသနာပါတာတွေ လုပ်ခဲ့ပြီးမှ အသစ်စ, မဲ့ ဒီအလုပ်က အမအတွက် စိမ်းနေတယ်ထင်ရဲ့... ချစ်စရာကောင်းတဲ့ အမ အစစ အရာရာ အဆင်ပြေပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်...

Khet said...

အပြောင်းအလဲတခုခုလုပ်ဖို့ကြုံလာလို့ မ၀ံ့မရဲဖြစ်ပြီဆိုရင်...
ရောက်ရာနေရာမှာ အံဝင်ခွင်ကျနဲ့ပျော်အောင်နေတတ်တဲ့ အမအကြောင်းစဉ်းစားပြီး အမြဲအားမွေးရတာ။

အမပြင်ဆင်နေတာကိုက အောင်မြင်ဖို့လမ်းစပဲ။

dawn said...

သူငယ်ချင်း
မင်းအောင်မြင်အုံးမှာဘဲ မင်းက ရွက်ကျပင်ပေါက်လို ပတ်ဝန်းကျင်ကို စိမ်းလန်းစိုပြေစေအုံးမှာဘဲ။ လှပစေအုံးမှာပါ။ ဖြတ်သန်းခဲ့တဲ့ ဘ၀အတွေ့အကြုံတွေက အခုမင်းဖြတ်သန်းမဲ့ နေရာသစ်အတွက် တံတားလေးတွေ ဖြစ်နေမှာပါ။ ဆက်ရှောက်သူငယ်ချင်း။

ဇွန်မိုးစက် said...

ဆရာမ အလုပ်သစ်မှာ အစစအရာရာ အဆင်ပြေပါစေလို့ ဇွန်ဆုတောင်းပေးလိုက်ပါတယ်။

ကိုယ်နဲ့မရင်းနှီးတဲ့နယ်ပယ်မို့ အစပိုင်းအခက်အခဲတွေ တွေ့နိုင်ပေမယ့် အဆင်ပြေသွားမှာပါ ဆရာမ။း)