ဒီရက်ပိုင်း ကရင်ပြည်နယ်ထဲက သမီးလေးတယောက်နဲ့ အဆက်အသွယ်ရပါတယ်..။ သူ့ဆီက ဓာတ်ပုံတွေထဲကနေ ကျမတို့ ရွာနားက (တကယ်တော့ ရာကျော့်ရွာပါ) မြင်ကွင်းတွေမြင်ရတော့ ရွာကို လွမ်းလိုက်တာ။ တုပ်ကွေးရာသီထဲ ကိုယ်လည်း ကွေးချင်ချင်နဲ့ ချောင်းတွေ မတရားဆိုးလို့ ရုံးကနေ ခွင့်ယူထားရတာမို့ အိမ်မှာ တယောက်တည်း ငြိမ်ငြိမ်လေးကွေးရင်း ရွာကိုလွမ်း.. အမေနဲ့အဘကို လွမ်းလိုက်တာ…။ အမေနဲ့အဘ လည်း ကျမတို့ကိုလွမ်းနေမှာ သေချာတယ်။ အဘကကျတော့ သူအားကိုးရတဲ့ တဦးတည်းသော သားကို အဖော်အဖက် အနေနဲ့ လွမ်းနေမှာ..။ အမေကတော့ သူ့နားကပ်ပြီး ပလီပလာ တွေပြော..ရယ်စရာတွေပြောတဲ့ ချွေးမ ကျမကို ပျင်းပျင်းနဲ့ လွမ်းနေမှာ…။ ဒီလိုပဲ တ၀ိုင်းတည်းနေကြတဲ့ အမျိုးတွေကလည်း နွေကျောင်းပိတ်ပြီဆို ရွာမှာ လာနေပြီး မိုးလင်းတာနဲ့ သနပ်ခါးအဖွေးသားနဲ့ အိမ်ရှေ့ ကွပ်ပျစ်လေးမှာ ထိုင်ပြီးတော့ မုန့်မျိုးစုံ စားရင်း စကားဝိုင်းဖွဲ့တဲ့ အမေနဲ့ကျမအနားမှာ ကျမတို့ ပြောသမျှ ၀ိုင်းနားထောင်ရတဲ့အချိန်တွေကို လွမ်းနေမှာ…ဆိုတာကို မျက်ရည်တွေနဲ့အတူ ကျမ သိနေပါတယ်။
+++++
ကျမ ရွာကို ပထမဆုံးသွားလည်တော့ ရန်ကုန်သူ.. အိမ်ထောင်ကွဲ… ကလေးတယောက်အမေ… အသက် ၃၀ ..။ တက္ကသိုလ်ဆရာမ… ကျမက ဆံပင်က ပိုနီတေး.. ထမီက ခပ်တိုတို..။ ရယ်ရင်လည်း တဟားဟားနဲ့… ဆိုတော့ အတူသွားကြတဲ့ အသက်ကြီးကြီး ဆရာမတွေထဲမှာ တော်တော် ကြည့်မရစရာ ဖြစ်နေနိုင်ပါတယ်။ ရွာ့မျက်စေ့ကိုး..။ ပြီးတော့ မွန်လူမျိုးတွေမို့ ခပ်ရိုးရိုး သတ်မှတ် ထားတဲ့ ပုံစံတခုက ရှိပြီးသားလေ..။ ဆရာမဆိုတာ.. ဆံထုံးနဲ့၊ ပါတိတ် ၀မ်းဆက်နဲ့ စလင်းဘက်ကြီး ခန့်ခန့်ညားညားနဲ့ပေါ့။ ခု သူတို့တွေ့နေရတာက တီရှပ်နဲ့၊ ထမီက တိုချင်ချင်။ ပခုံးသိုင်းအိတ်ကလည်း ပုံမကျ ပန်းမကျ..။ ရုပ်ကလည်း စွာတာတာ မာကျောကျော။ တပည့်တွေကသာ ချစ်စိတ်နဲ့ပေမဲ့ လူကြီးတွေကတော့ ဘယ် အမြင် ကြည် ပါ့မလဲ..။ ဒီကြားထဲ သူတို့ရဲ့ ရွှေမင်းသားလေးနဲ့ စိတ်ပူနေကြတာလည်း ရှိနေတာကိုး။ အဲဒီတုန်းက ရာကျော်ကလည်း လူကြီးဆန်ဆန် နေတတ်တယ်ဆိုပေမဲ့ အသက်က ၂၁ နှစ် စွန်းစွန်းသာ ရှိသေးတာ..။
ကျမကလည်း အဲဒီအချိန်တုန်းက တကယ့် ကျားနာမ။ ရန်သူလို့ထင်သမျှကို အနည်းဆုံး မာန်တော့ ဖီလိုက်ချင်သေးတာ..။ လောကကြီး တယ်မတရားဘူးးပေါ့လေ….။ ဒီလိုနဲ့ ရွာကလည်း ကျမကို အကဲခတ်.. ကျမကလည်း ရွာကို အကဲဖြတ်နဲ့….။ အဲဒီထဲမှာတော့ အမေက အဆိုးဆုံးပေါ့။
အမေကလည်း တဦးတည်းသောသမီး..။ အမေ့အသားအရည်ကိုပြောရရင် မုန်လာဥလို ဖွေးဥ နေတာ.. သံလွင်မြစ်ကမ်းဘေးက ရွာသူတယောက်လို့ ပြောရင် ဘုရားစူးပဲ..။ သူ့ ကိုယ်သူလည်း ဂရုစိုက်တော့ ကိုယ်လုံးကိုလည်း အ၀မခံ..။ ခုထိ ဆရာမကြီးက လှတုန်းပဲ ပြောရင်း ပြုံးသွားတာ..။ ဟုတ်တယ်.. အမေက လှတယ်..။ ကျောင်းသွားရင် နှုတ်ခမ်းနီနဲ့ ပန်းနဲ့ ..။ မွှေးကြိုင်လို့ အလှကလည်း မက်သေး။ ကျမများ တရက်လောက် ပစ္စလက္ခတ်နေရင်.. သမီး လာ.. ဒီမှာ သနပ်ခါးလေး လာပွတ်ထားစမ်း.. လို့ သူသွေးထားတဲ့ မန်ကျည်းခေါက်တွေ လိမ်းခိုင်းတော့တာ.. နေမလောင်အောင်တဲ့။ အမေက သူတို့ ခေတ်မှာတော့ သူကြီးဆက်.. လယ်ပိုင်ရှင်ဆက်ဆိုပါတော့။ စာတော်တော့ ခေတ်မီတဲ့ အမေ့မိဘတွေက ကျောင်းပြီးအောင် ထားလို့ အမေက ဘီအေ ဘီအီးဒီကို အင်္ဂလိပ်စာ ဘာသာတွဲနဲ့ ပြီးပြီး ရွာက အထက်တန်းကျောင်းမှာ အထက်တန်းပြ အင်္ဂလိပ်စာဆရာမ လုပ်တာ.. လုပ်သက် ၃၅နှစ်ပြည့် ပင်စင်ယူတဲ့အထိပဲ။ တခုတော့ ပြောစရာရှိတာပေါ့..။ အဲလိုဆိုတော့လည်း အမေက မာန ခေါင်ခိုက်ပေတာပေါ့။
အမေ့ညီမတွေ ဂုဏ်လုပ်ပြီး ပြောပြောပြတာကတော့ အမေ BED တက်နေတုန်း ကျောင်းနား ရုပ်ရှင် လာရိုက်တာ သွားကြည့်တော့ ဒါရိုက်တာ ဗိုလ်ဗကိုက တွေ့ပြီး ရုပ်ရှင်မင်းသမီး လုပ်မလား လို့ မေးတယ် ဆိုပဲ။ အမေက မိဘတွေ သဘောတူမှာ မဟုတ်ဘူး လို့ ပြောခဲ့တာ။ တခါကျတော့ ဗိုလ်ဗကိုက
ဘားအံမှာ ရုပ်ရှင်လာရိုက်ရင်း ကြုံတာနဲ့ ရွာအထိ ဆင်း လာပြီးတော့ အမေ့မိဘ တွေကို ရုပ်ရှင်ရိုက်ခွင့် တောင်းပေး တာတဲ့။ ဗိုလ်ဗကိုတို့လည်း ပြန်သွားရော အဖွားက အမေ့ကို လှိမ့်ရိုက်တာ..။ နင်ဆတ်ဆော့တာပေါ့.. ရှုပ်ရှုပ်ယှက်ယှက်တွေ လုပ်တယ်ပေါ့။ အဲဒီအချိန်မှာ အမျိုးတွေက သူ့အကြောင်း သူ့ရှေ့ပြောနေပေမဲ့ အမေကတော့ သူ့အကြောင်း မဟုတ်သလိုဘဲ နားထောင်နေတာပဲ..။
ဟား အမေသာ မင်းသမီးဖြစ်ရင် ချိုပြုံးလောက်တော့ အသာလေးပေါ့လို့ ကျမက ပြောတော့၊ တော်စမ်း.. အပိုတွေ.. အဲလောက်တော့ မဟုတ်သေးဘူးဟေ့လို့ ကျမကို မျက်စောင်းထိုးပြီး ပြန်ပြောတယ်။ အမေ့မျက်နှာမှာ ထူးခြားတာက နှုတ်ခမ်း..။ အမေ့နှုတ်ခမ်းက အစွန်းတွေ အပေါ်ဘက်ကို ကော့နေတော့ ပြုံးနေသလိုပဲ။ မာနကြီးလို့ မျက်လုံးတွေက မာပေမဲ့ နှုတ်ခမ်းတွေက ပြုံးနေတာ..။ ဒီတော့ အမေ စိတ်ပါလက်ပါ ရယ်ရင် သိပ်ချစ်ဖို့ ကောင်းတာ…။ အမေက စိတ်မာလွန်းတော့ အမေ မျက်ရည် ကျတာ ကျမ တခါမှ မမြင်ဖူးပါဘူး။ နောက်တခု အမေ သူများမကောင်းကြောင်းပြောတာ တခါမှ မတွေ့ဖူးသလို သူများက သူ့ရှေ့မှာ လာပြောရင်လည်း ပေးမပြောပါဘူး..။ အဲလို စည်းကမ်းရှိတဲ့ အမေပါ..။
++++++
ကျမ ရွာသွားလည်ပြီဆိုရင် အဲဒီတုန်းက ကျမတို့မှာ သားကြီးနဲ့ သမီးလေးပဲ ရှိပါသေးတယ်။ အမေက ကျမတို့ ရောက်တာနဲ့ ဟေး ငါတို့ရွာ သူပုန်ဝင်စီးပြီ လို့ အော်တတ်တယ်။ ပြီးတော့ အဘကို စက်ဘီး ပြင်ခိုင်းပြီး ဈေးသွားဝယ်တော့တာပဲ။ တခါတလေ ကျဲကျဲ ကို ခေါ်သွားတာပေါ့..။ ပြန်လာရင်တော့ မီးဖိုထဲဝင် တန်းချက်တော့တာ…။ အမေက ဟင်းချက်လည်း သိပ် ကောင်း တယ်။ ဧည့်ခန်းလို ပြောင်လက်နေတဲ့ မီးဖိုမှာ အမေက သူများဝင်ရင် စိတ်တိုင်းကျတာမဟုတ်။ (ကျမကလည်း ငပျင်းဆိုတော့ အတော်ပဲ)။ အမေ့နား စကားတွေသာ ပြောနေလိုက်.. ပြီးရော။
အဲဒီအချိန်ဆို အဘ နဲ့ ရာကျော်က အိမ်က စက်ပစ္စည်းတိုလီမိုလီတွေ ပြင်ဆင်တာ ပြန်တပ်တာတွေလုပ်.. ဆီစက်ကိစ္စ ဖြစ်ဖြစ်.. လယ်ကိစ္စ.. ကိုင်းကိစ္စဖြစ်ဖြစ် အလုပ်ရှုပ်နေတာ ပါပဲ။ အမေတို့အိမ်က သံလွင်မြစ်ကမ်းနံဘေးမှာမို့ အေးတယ်။ မွန်အိမ်တွေရဲ့ ထုံးစံအတိုင်း နှစ်ထပ်အိမ်မြင့် ပြင်ကျယ်ကြီး..။ သစ်သားသက်သက်အိမ်မို့ ပိုနေလို့ကောင်းတာပေါ့။ ၀ရံတာမှာ အမေ့လက်ရာ ပန်းစိုက်အိုးပေါင်းစုံနဲ့။ အမေ မလှချင်က သူများလို ရေတွင်းမှာ ရေမချိုးတာမို့ အိမ်အပေါ်ထပ် ရေချိုးခန်းမှာ သူ စိတ်ကြိုက် ရေချိုးဖို့ အဘခမျာ ရေတင်ရတာကပဲ အလုပ်တခု။ အဲဒီတုန်းက အမေနဲ့အဘ အိမ်ထောင်သက် နှစ်အစိတ်မှာ တခါမှ ရန်မဖြစ်ဖူးဘူးတဲ့။ ဘယ်ဖြစ်မလဲ.. အဘက အေးပြီး အမေ့ကို အလိုလိုက်တာကိုး။ (ရာကျော့်ခမျာ အဖေနဲ့ တူရှာတာ..)
အမေပြောပြတာတခု သတိရသေးတယ်။ အမေနဲ့အဘ ရည်းစားဘ၀။ အမေက ရန်ကုန်မှာ ဘီအီးဒီတက်နေတုန်း.. အဘက ရေဆင်းမှာ စိုက်ပျိုးရေး တက်နေတုန်း..။ အဘက အမေ့ကို လွမ်းလို့ ရေဆင်းတက္ကသိုလ်ကနေ ဆင်းလာတာ.. အမေက အဘကို စိတ်ကောက်နေတာ တခုရှိလို့ ဆင်းမတွေ့ဘူးတဲ့။ နောက်တော့ အဘခမျာ ပြန်သွားပြီး အမေ့ကို စာရေးတယ်တဲ့.. မင်းကို မတွေ့ခဲ့ရပေမဲ့ အဆောင်ပေါ်မှာ မင်း ထမီလေး လှန်းထားတာကို မြင်ခဲ့ရလို့ အမောပြေပါတယ်.. တဲ့။ ပြီးတော့ ကျမကို ရယ်ပြီး ပြောသေးတယ်.. ရာကျော် နဲ့ သူ့အဖေ ဘယ်သူပိုချစ်တတ်သလဲဟေ့..တဲ့။ အနားက အမျိုးတွေက ၀ိုင်းရယ်ရော..။
+++++
အမေက သိပ်ဗိုလ်ကျတာ..။ တဦးတည်းသောသမီး.. ပညာတော်.. ရုပ်ကလေးလှ.. ပြီးတော့ ၀မ်းကွဲတွေထဲ အကြီးဆုံးလို လည်းဖြစ်တော့ အမျိုးတွေထဲက အငယ်မှန်သမျှ အမေ သေဆိုသေ ရှင်ဆိုရှင်..။ (ဒါမဲ့ အဘလည်း သူ့ထက်ကြီးပေမဲ့ တူတူ ပါပဲ.. ဟီးး ကြားရင် ဆိတ်ခံထိမှာ)။ အဘကတော့ နဂိုတည်းက အေးလည်းအေး နူးလည်းနူးညံ့.. နောက်ပြီး စာဖတ်ရင်း ကွမ်းဝါးရင်း တခုခု လုပ်ရင်း ငြိမ်နေတတ်တော့ အမေပဲ ဗိုလ်ပေါ့..။ အမေ့ကို မကြောက်ဘဲ လုပ်ချင်ရာ လုပ်တာဆိုလို့ သူ့သား ရာကျော်ပဲ ရှိမှာ..။ ဒါပေမဲ့ ရာကျော်ကလည်း သိပ်လိမ်မာတာပါ။ အသက် ၁၃နှစ်သားထဲက အဖေနဲ့ ဒိုးတူပေါင်ဖက် အလုပ်လုပ်ကူတာ..။ မြေနဲ့အတူထဲက ဇာတ်လိုက်ပဲဟာ..
အမေ့ခမျာ.. သူ့ရဲ့ တယောက်တည်းသားလေးက ကျမကိုယူတော့မယ်ဆိုတော့ ဘယ်လောက်များ ရင်ကွဲရှာမလဲ..။ တကယ်တော့ ဒါတွေကို ကျမ နဂိုကတည်းက တွေးမိ ပါတယ်။ ကျမ တွေးမိတာတွေ တွေးခဲ့တာတွေအများကြီးပေါ့…။ ဒါပေမဲ့ တကယ့် တကယ်များ ဆိုးသွမ်းတဲ့ ကံကြမ္မာက ကျမကို အဲလို ရက်စက် မိုက်မဲအောင် တွန်းပို့ခဲ့ပါတယ်။ ကျမကိုယ်၌ကလည်း ခပ်ညံ့ညံ့ ရှိခဲ့ပါလိမ့်မယ်…။ ကျမနဲ့ရာကျော် လက်ထပ်ပြီး ၂နှစ်မှာ သမီးကိုမွေးပါတယ်။ အဘနဲ့တကွ အမျိုးတွေက အမေ့ကို ကြောက်ပေမဲ့ ကျမနဲ့ ရာကျော့်ကို ချစ်တာမို့ ကျမတို့ ရွာကိုသွားလည်ပါတယ်။ အမေက ခပ်တည်တည်ပဲ.. ကျမတို့ကို မခေါ်ပါဘူး။ ကျမတို့ကလည်း ဘယ်လောက်ဆိုးလဲဆို အမေ့တို့အိမ်ဝိုင်းထဲက အမျိုးအိမ်မှာပဲ အိပ်တာပါပဲ။ ဒါပေမဲ့ သမီး ၆လ.. ရွာကိုအသွားမှာ ကျမ ဖျားတဲ့အခါမှာတော့ အမေက ကျမကို သူ့အိမ်ရွှေ့ခိုင်းပြီး သူကိုယ်တိုင် ပြုစုပါတော့တယ်။ အဲဒီတုန်းက အမေ့မျက်လုံးတွေက စိုလက်လို့။ အဲဒီကတည်းက ကျမဟာ အမေ့သမီးဖြစ်သွားသလား မသေချာပေမဲ့ အမေ ကတော့ ကျမရဲ့ အမေ ဖြစ်သွားခဲ့ပါတယ်။
အမေက ကျမ သားကြီးမောင်ထူးမြတ်ကိုလည်း ချစ်ရရှာပါတယ်။ ရာကျော်က သား မပျင်းအောင် လယ်ထဲခေါ်သွားရင် အမေ စိတ်ပူမဆုံး.. မျှော်မဆုံး..။ တခုခုဖြစ်ရင် ဒုက္ခ သမီးရယ်.. ရွာက ကလေးတွေလိုမဟုတ်ဘူး..။ ဘာမှန်းမသိ ဒီရာကျော်တို့ သားအဖနဲ့တော့ ခက်တယ်လို့ အဘကိုပါ လှမ်းအပြစ်တင်သေးတာ။ မောင်ထူးမြတ်ကို မြစ်ထဲလည်း ပေးမဆင်းချင်.. သစ်ပင်လည်း ပေးမတက်ချင်။ တခုခုဖြစ်မှာစိုးလို့ တဲ့။
အဲဒီနောက်ပိုင်းလည်းကျရော.. ရာကျော်နဲ့အဘလည်း ပို တသားတည်း ကျရတော့တာပေါ့။ ဘာလို့ဆို အမေက ကျမဘက် ကလေ..။ ရာကျော် ညဘက် လဘက်ရည်ဆိုင်ကပြန်တာ နောက်ကျရင် ကျမ ဆူစရာမလိုတော့ဘူး.. အမေပဲ..။ ကျမကို ပြောလိုက်သေးတယ်.. သမီးကလည်း လွှတ် လွှတ် မထားနဲ့..တဲ့။ အဲလို အမေ…။ မော်လမြိုင်တက္ကသိုလ်ထဲက ကျမ အိမ်ခန်းလေးဆီ လာပြီဆိုရင်လည်း ရောက်တာနဲ့ ခဏမဆိုင်းဘဲ အိမ်သိမ်း အိမ်ရှင်း ဟင်းချက်လုပ်တော့တာ..။ ပြန်ရင်တောင် ချက်ပြုတ်ပြီး ကြာကြာခံအောင်တမျိုး.. ရေခဲသေတ္တာထဲထားစားဖို့ စီစဉ်ခဲ့တာတသွယ်.. လုပ်ပေးခဲ့တာ…။ သမီး အမေ့ကို လွမ်းတယ်.. အမေ..။
+++++
ရွာရဲ့ ညတွေကိုတော့ အလွမ်းဆုံးပေါ့။ မိသားစုတွေ အိမ်ဝရံတာမှာ ညနက်တဲ့အထိ ထိုင်.. ဂျင်းလဘက်သုပ် ရေနွေးကြမ်းနဲ့.. စကားတွေ ပြောရတာ မကုန်နိုင် မခမ်းနိုင်..။ အဘက ရေဒီယိုနားထောင်ထားသမျှ ကမ္ဘာ့သတင်းတွေ ဖောက်သည်ချ…။ အမေကတော့ သူကြည့်ထားတဲ့ ကိုရီးယားကား အကြောင်းပေါ့။ တခါတလေ ကျမ ရွာရောက်နေတုန်း ကျောင်းကိစ္စနဲ့ အမေ ဘားအံကို ၂ညအိပ်လောက် တက်သွားရင်တောင် ကျမ မနေတတ် မထိုင်တတ် ဖြစ်ရပါတယ်။
ကျမ အမေ စိတ်ဆင်းရဲအောင်လို့ မရည်ရွယ်ဘဲ စိတ်ဆင်းရဲအောင် လုပ်ခဲ့မိဖူးတယ်.. ။ နောက်ပိုင်း အမေ့သားရဲ့ အိမ်ထောင်ရေးအတွက် အမေ စိတ်ချမ်းသာတယ် ဆိုရင်တောင်မှပဲ.. ကျမ သေချာ ပြန်မပေးဆပ်ရသေးပါဘဲနဲ့.. အမေနဲ့အဘရဲ့ တယောက်တည်းသော သားလေးကို အမေတို့မျက်ကွယ်ရာ အဝေးကြီးကို ခွဲခေါ်ခဲ့ပြန်ပြီ။ ခုဆို အမေတောင် အသက် ၆၇နှစ် ပြည့်တော့မယ်။ ဖြစ်ချင်တော့ အမေနဲ့ကျမက မွေးလ အတူတူ။
+++++
တကယ်တော့ ဒီတလော ကျမ ဘာလို့ အမေ့ကို ပိုလွမ်းနေလဲဆိုတာ ကျမသိပါတယ်။ အမေ့ကို ပြောပြရင် အမေ ဘယ်လို ပြန်ပြောမလဲ သိချင်လိုက်တာ…။ သားကြီး အသက် ၂၀ ပြည့်တော့မယ်လေ အမေ…။ လွန်ခဲ့တဲ့ ၁၃နှစ်က အမေ့ခံစားချက် ဘယ်လိုရှိခဲ့မယ်ဆိုတာကို ခုချိန်မှာမှ ကျမ ပိုသိလာရတာကိုးးးး။ လွမ်းတယ်.. အမေ။
၁၆ ဖေဖော်ဝါရီ ၂၀၁၁။
Subscribe to:
Post Comments (Atom)
-
ကိုယ့်အလုပ်တွေနဲ့ ကိုယ်ရှုပ်… ပြီးတော့ တော်ရုံဆို ၀င်မပြောချင်.. လို့ ထားထားလိုက်တာ။ ခုတော့ နည်းနည်းလည်း အားပြီ။ ပြီးတော့ ပြောချင် စိတ် လည်...
-
ဘယ်သူဟာ သေခြင်းအတွက် အဆင်သင့်ဖြစ်လဲ စဉ်းစားရင် ပထမဆုံး သတိရတာ.. ခင်ဗျားပါပဲ ဂျွန်.. Elvis လို သေခြင်းကို ကိုယ့်ဘာသာ မရွေးချယ်ခဲ့ပေ...
-
ဆောင်းတွင်းကို ဖြတ်သန်းချိန်မှာ ရာသီဥတုက ချမ်း .. လေတွေများ တိုက်လိုက်လို့ တုန်ခိုက် သွားပြီဆိုရင် အမြဲတမ်း ပထမဆုံး သတိရတာက...
9 comments:
အမ စာရေးတာ မြန်လိုက်တာ...
ဖတ်ပြီး ဝမ်းနည်းပြီး ငိုင်သွားတာ အကြာကြီး...
(ဘာဖြစ်လို့လဲ ဆိုတာ အမ သိပါတယ်...)
အမရေ .. ကျမ အခုလိုေ၇းရင် ပိုတယ်ထင်မလား ဘဲ
ဖတ်ရင်းနဲ့မျက်ရည်တွေ တဖြည်းဖြည်း စို့လာပြီး ပို့စ်လည်းဆုံးရော တကယ်ကို ကျလာတယ် .. ကျမအမေနဲ့အဖေလည်း ကိုရာကျော့်မိဘတွေလိုဘဲ .. အဖေကအနေအေးသလောက်( အသောက်အစားမရှိ လောင်းကစားမလုပ် မိန်းမမရှုပ်တတ် တာ ခုချိန်ထိဘဲ )
အမေက သွက်လက်ထက်မြက်တယ် အဖေက အမေ့ကို တအားချစ်တတ်တာချင်းတူတယ် .. လွမ်းစရာတွေချည်း....................
အမမေငြိမ်းလည်း တုပ်ကွေးဖြစ်တာ သက်သာလာပါစေ။
mie nge
အမရေအမေအကြောင်းလေးဖတ်သွားပါတယ်။အမေတွေအားလုံးရဲ့မေတ္တာဟာအတူတူပါပဲနော်။
အမစာဖတ်ပြီးရင်ထဲမှာခံစားရတယ်။ကိုရာကျော်နဲ့အမတို့ရဲ့အမေအသက်ရှည်ကျန်းမာပါစေနော်။
အမရဲ့ အမေအကြောင်းလေးက ချစ်စရာ ကောင်းလွန်းလို့ mother-in-law ကနေ mother-in-love ဖြစ်သွားတယ်..၊ ပြီးတော့ တချိန်တည်းမှာ လွမ်းလည်း လွမ်းစရာ ကောင်းလှတယ်..၊
ူအမ..လူရော၊ စိတ်ပါ ကြံ့ခိုင်၊ လန်းဆန်းပါစေဗျာ..။
ယန္တရားညှစ်စက်တည်မယ်
ထုံးအိုင်နယ်တစ်ဝှမ်း
မေငြိမ်းရဲ့အကြံအောင်ရင်
ကိုရာကျော် ပြုံးလို့ရွှင်လန်း။
အဲသည်လိုလေးတွေးမိပြီး ဆရာဇော်ဂျီရဲ့ ကဗျာလေးကို ဖျက်ပြီး အားပေးလိုက်ပါတယ်။
မြ သီလာ က နေ စဖတ်လာတာမြသီလာရဲ့ အဝေးမှာကို လည်း ဆက်ဖတ်နတေုန်းပဲ ဆရာမရယ် အရင် က ကွန်မန့်  မရေးညဖစ်ပါဘူး။ ဆရာမရေးတဲ့ ခေါင်းစဉ်တခုကို ဖတ်ပြီးတိုင် ရင်ထဲမှာ ခံစားမှု တခုကျန်ခဲ့တယ် အတွေးတွေနဲ့ အတူ။
ခုလည်း........အဲလိုပဲ လက်တွေ့  ဘဝတွေကို ထက် လှတဲ့ ကလောင် သွားနဲ့ သွေးလိုက်တော့ တကယ် ကိုကောင်းတာပါ။တကယ် ပါ ၇မီ၇ှင်ပါပဲ။
တီချယ်ရေ
အမြဲလာဖတ်ပါတယ်။ဒါပေမယ့် ကွန်မန့်မရေးဖြစ်ပါဘူး။
အမေဆိုတဲ့ ပို့စ်မှာတော့ ကွန်မန့်ရေးချင်လာပါတယ်။
အဘွားက သူ့သားအသက် ၂၀ မှာ သူသဘောမတူတဲ့
သူ့ သားချစ်သူက မမကြီးတစ်ယောက်နဲ့ လက်ထပ်သွားတယ် အဘွားဆိုတာဆွေ့ ဆွေ့ ခုန်ပေါ့..
သူတို့ အိမ်ထောင်ရေးဟာ မမြဲခံဲံ့ဘူး သားတစ်ယောက်အရ မှာ ကွဲသွားတယ်ပေါ့ တီချယ်ရယ်...
တစ်လောက အဲ့ဒီ့ကလေး က အသက်၂၀မှာ အဆက်အသွယ်မရှိကြပေမယ့် ဦးငယ်ရဲ့ ဇနီးဟောင်းပေါ့လေ ခုသူကအိမ်ထောင်သပ်သပ်နဲ့ အိမ်ကိုပေါက်ချလာပြီး အဖွားကိုလာကန်တော့တယ်. သူ့ သားသူလုံးဝ သဘောမတူနိုင်တဲ့ကောင်မလေးတစ်ယောက်နဲ့ လိုက်ပြေးလို့ပါတဲ့... အမေကျွန်မနဲံ့ သဘောမတူပဲ ကျွန်မနဲ့အမေ့သားခိုးသွားတုန်းက အမေခံစားရတဲ့ ဝေဒနာကျွန်မ ခုနားလည်တယ်တဲ့...
ကျွန်မလည်းသားတစ်ယောက်၇ှိပါတယ်တီချယ်ရေ..
ကျွန်မရှေ့မှာရှိနေတဲ့ အဖြစ်အပျက်တွေကို တွေ့ ရတိုင်း မိခင်တစ်ယောက်ရဲ့ တင်းထားရမယ့်အားတွေ အဖြစ်အသွင်ပြောင်းယူနေရတယ်တီချယ်ရယ်...
လေးစားစွာဖြင့်
လာဖတ်ကြ..အားပေးကြ.. စာနာနားလည်ကြ.. မျှဝေခံစားကြသူတွေအားလုံးကို ကျေးဇူးတင်ပါတယ်..။ တယောက်ချင်း ပြန်မပြောဖြစ်တာကို ခွင့်လွှတ်ပါနော်...
နားလည်တယ်အမ... ပြီးတော့ ကျမမှာလဲ သားတစ်ယောက်ရှိနေတယ်...
Post a Comment