အချစ်ဆိုတာ.. ပြောင်းလဲတတ်သလား… ဟောင်းသွားတတ်သလား.. အသစ်ဖြစ်ပေါ်တတ်သလား… ဆိုတာတွေ ကိုယ့်အသက်အရွယ်အလိုက် တွေးမိတာတွေကိုပဲ ရေးချင်လာပါတယ်။
အင်းး မနော် (မနော်ဟရီ)..ကတော့ ပြောတာပဲ..
“တစ်ခုပဲ…တစ်ခုပဲ…
ဒီနေ့ ထိ လူတွေ အယူလွဲနေတဲ့ “အချစ် အကြောင်း စစ်စစ်” ကို
ဘယ်လို လူကမှ သေချာမသိ လေတော့
လက်တမ်းပုံပြင် တွေ တလေတလွင့် ရေပန်းစားကျန်ခဲ့တာ… မဆန်းပါဘူး”။… တဲ့လေ။
++++++
မြှေးပင့်ကူမျှင် ပြေးသင့်ပြီ သူထင်လို့++++++
မခင်မကြင်တတ်သူက
အမျှင် တမင်ဖြတ်ရင်တော့
ဇွတ်လည်း မတွယ်သာဘု
ကွယ်ရာမှာ မျက်ရည်ဝဲတော့မယ်….
(ကြည်အေး-ခွင့်လွှတ်ပါဖုန်း))
စံပယ်ပွင့်ဖတ်လေးတွေကို အရွက်စိမ်းစိမ်းလေးတွေပါအပါ.. မညှိုးမနွမ်းအောင် စီမံထားတဲ့ ပန်းချီကားလေးက ခုတော့ အတိတ်တခုရဲ့ သက်သေလို ဖြူ့ကို ခြောက်လှန့်နေပါပြီ..။ ပန်းချီကားလေးရဲ့ နောက်ကျောကို ကြည့်လိုက်ရင် မောင့်ရဲ့ ပန်းချီဆန်တဲ့ လက်ရေးတွေနဲ့ မောင့် စံပယ်ဖြူ..သို့ ဆိုတဲ့ စာတန်းလေး တွေ့မှာ..။ မ, က သိပ်ဖြူစင်တယ်.. အသားလေးလည်း ဖြူတယ်.. နုလည်း နုနယ်တယ်.. ဒါကြောင့် မောင်က စံပယ်ဖြူလို့ပဲ ခေါ်ချင်တာ.. လို့ မောင်ပြောခဲ့ဖူးသမျှကို သတိတရနဲ့ အဲဒီစာတန်းလေးကို အချိန်တိုင်း ပြုံးပြီး ကြည်ကြည်နူးနူး ကြည့်မိနေကျ…။ ခုချိန်မှာတော့ ဖြူ မကြည့်ရဲတော့ဘူး မောင်ရေ..။ နားသယ်စပ်က ဆံစနားမှာ လေတိုးသလိုပဲ..။ အရင်ကဆိုရင်တော့ ဒါဟာ ဖြူ့ ဆံစပ်ကို နမ်းနေကျ မောင့်ရဲ့ အသက်ရှုငွေ့.. ဒါမှ မဟုတ်.. မ.. လို့ တိုးတိုးလေးခေါ်တဲ့ အသံဖြစ်မှာ…။
တိတ်ဆိတ်နေတဲ့ ဧည့်ခန်းက ဖြူတယောက်လုံး ရှိလျက်နဲ့ တစပြင်လိုပဲ ခြောက်ချားစရာ ကောင်းလိုက်တာ မောင်..။ အခါပေါင်းများစွာ.. မောင် ဖြူ့ကို ထားခဲ့ပြီး ခရီးရှည်တွေ ခရီးတိုတွေ ထွက်နေကျပေမဲ့ ဒီတခါမှာလိုတော့ ဖြူ ဘယ်တုန်းကမှ မခြောက်ချားခဲ့ဖူးပါဘူး မောင်ရယ်..။ ပြီးတော့ မောင် ဘယ်တော့ပြန်လာမှာလဲလို့ မေးမရတဲ့ ခရီးတွေ မောင် အကြိမ်ကြိမ် သွားခဲ့ပေမဲ့ .. ဒီတခါလို မောင့်ကို တဘ၀စာ ဆုံးရှုံးရတော့မှာလားလို့လည်း မတွေးမိခဲ့ဖူးပါဘူးကွယ်..။ မောင်..ဒါတွေကို သိရဲ့ မဟုတ်လားဟင်…။ မောင်… ဖြူ့အချစ်ကို မငဲ့ခဲ့ဘူးနော်…။
ဇနီးမယားတယောက်အတွက်တော့ ခင်ပွန်းသည်ကမှ မငဲ့ညှာမထောက်ထားရင် အရာအားလုံးဟာ အဆုံးရှုံးချည်းပါလေ…။+++++
ပြတင်းပေါက်က ခန်းစီးစကို မဖယ်ရဲတာတောင် ကြာပြီမောင်…။ အပြင်မှာ မောင်ချစ်တဲ့ နှင်းတွေ အတိဖုံးနေတာလည်း မမြင်ချင်ဘူး..။ မောင်က စာချစ်ကဗျာချစ်.. ကိုယ်တိုင်လည်း ကဗျာတွေ ရေးလေတော့ ပတ်ဝန်းကျင်ကို နူးနူးညံ့ညံ့ ချစ်တတ်လေတော့ ဖြူတောင် ကဗျာဆန် စာဆန် ဖြစ်လာရတာမဟုတ်လား..။ မောင်ကြောင့်ပဲ အထီးကျန်နိုင်လှတဲ့ သူစိမ်းတိုင်းပြည် အေးအေးခဲခဲကြီးမှာ ပျော်ဝင်ခဲ့ရတာ.. မောင့်ကြောင့်ပဲ နှင်းတွေကို ချစ်ကြည့်မိခဲ့တာ..။ မောင့်ကြောင့်ပဲ… သီချင်းတွေ ကဗျာတွေ.. ပန်းချီတွေကို ချစ်တတ်ခဲ့ရတာ…။ ဖြူဖြူဆိုတဲ့ ခပ်ရိုးရိုး ခပ်အေးအေး မိန်းမတယောက်ကို ကဗျာတွေ စာတွေနဲ့ မွေ့လျော်အောင် မောင်ပဲ တတ်နိုင်ခဲ့တာပါလေ…။ ခုတော့ မောင်ထားခဲ့တဲ့ ဘ၀ထဲမှာ အဲဒီ မောင်ထားခဲ့တဲ့ စာပင်လယ်ထဲမှာမို့ပဲ ဖြူ လွမ်းစရာရှိလည်း ပိုလွမ်းတတ်.. ကြေကွဲစရာရှိလည်း ကြေကွဲတတ်လာခဲ့ရတာ မဟုတ်လား မောင်။ ခုတော့ ဖြူက နှင်းတွေကိုတောင် မကြည့်ရဲတော့ပါဘူးမောင်ရယ်..။
++++++++
အေးအေးချမ်းချမ်းတည်တည်ငြိမ်ငြိမ်နေတတ်တဲ့ အသက် အစိတ်အရွယ် ကျောင်းဆရာမလေး တယောက်ကို အသက်၂၀အရွယ် ကောင်လေးတယောက်က ကဗျာတွေ ရေးရေးပေး.. စံပယ်ခိုင်တွေ လာလာပေး.. အိမ်ရှေ့နား မမ သီချင်းတွေ လာ လာ ဆို.. ဆရာမကိုပဲ အသည်းစွဲအောင် ချစ်မိပြီတွေ လာ လာ ဆို..။ နောက်တော့ မ, ကို ကျနော် မခွဲနိုင်တော့ဘူး..တဲ့။ ခုလိုက်ခဲ့တော့ မ, ရာ… လက်ကို လွှတ်မပေးတော့ဘူး… တဲ့။ ဒါနဲ့ပဲ အရှက်သည်းတဲ့ ဖြူက မောင့်ဆီမှာ အပြီးတိုင် ရှုံးနိမ့်ခဲ့ရတာ.. လွန်ခဲ့တဲ့ အနှစ် အစိတ် ကတည်းကနေ ဒီကနေ့ထိအောင်ပါပဲ။ ဖြူ့အတွက်တော့ မနေ့တနေ့ကလို လန်းဆတ်ဆဲပါ မောင်။ အဲဒီကတည်းကပဲ မောင်ယုံကြည်ရာလမ်းကို လျှောက်ဖို့ ဖြူပံ့ပိုးခဲ့ရ.. မောင် ထွက်ရသမျှ ကြမ်းတမ်းလှတဲ့ ခရီးရှည်တွေကိုလည်း ပါရမီကူဖြည့်လို့..။ မ, နဲ့ တူတဲ့ သမီးလေး မွေးကွာ…. မောင် နဲ့တူတဲ့ သားလေးတယောက် မွေးဦးတဲ့။ မောင်နဲ့ဖြူက ကံကောင်းတယ်.. မောင်လိုသမျှ.. ဖြူ ဖြည့်ပေးနိုင်ခဲ့တာ…။ ဖြူ ပင်ပန်းခဲ့ပေမဲ့ မညည်းခဲ့ပါဘူး မောင်…။ မောင်က ဒီလို ဖြူပင်ပန်းခဲ့သမျှအတွက် ကျေးဇူးစကားပြောတုန်းက ဖြူပြန်ပြောခဲ့သလိုပါပဲ…။ ဖြူက ကျေးဇူးတင်တာ မလိုချင်ပါဘူး..။ ဖြူ့ကို ချစ်မြတ်နိုးတာပဲ လိုချင်ပါတယ်… ဆိုတာ…။
++++++
အသက် ၅၀အရွယ် မိန်းမတယောက်ရဲ့ အချစ်ဟာ မနုပျိုနိုင်တော့ဘူးလို့ မောင် ခံစားရလေသလား..။ ဒါပေမဲ့ မောင်ရယ်.. ချစ်ခြင်းမေတ္တာဟာလည်း လင်နဲ့မယားရဲ့ သွေးသား ချစ်ခြင်းကို ပြည့်စုံအောင် ဖြည့်ဆီး ဖန်တီးပေးနိုင်တယ် မဟုတ်ဘူးလား ဟင်..။
ဒါပေမဲ့ ချစ်ခြင်းမေတ္တာမှ မရှိတော့ရင်တော့…..။
မောင့်အပြုံးတွေ မလှိုက်လှဲတော့တာ..
မောင့်နှုတ်ခမ်းတွေ မနွေးထွေးတော့တာ..
မောင့်မျက်လုံးတွေ အသက်မ၀င်တော့တာ..
မောင့်မိန်းမက အသိဆုံးပေါ့ကွယ်…။ ဒါပေမဲ့ မျှော်လင့်ခဲ့ပါသေးတယ်မောင်..။
ခုလို သားနဲ့ သမီး အရွယ်ရောက်လို့ အနားမှာ မရှိတော့တဲ့အချိန်…
အထီးကျန်လှတဲ့ ပတ်ဝန်းကျင်ကြီးထဲမှာ ဖြူတို့ နှစ်ယောက်တည်း တယောက်ကို တယောက် အဖော်ပြုလို့…
မောင်က ကဗျာတွေ စာတွေရေး.. ဖြူက မောင်ရေးသမျှ ဖတ်.. မောင် ဖတ်ခိုင်းသမျှ စာတွေ ဖတ်…။
မောင့်အနားမှာ ဟိုးအရင်ကလိုပဲ ရေပူရေချမ်းကမ်းလို့..။
ဒါပေမဲ့ မောင်က ဒီလို ဘ၀မှာ မပျော်ပိုက်တတ်တော့ပြီ။ မောင့်မျက်လုံး ဝေေ၀သီသီတွေက… ဖြူ့ကို မမြင်တော့ပြီ။
ပြီးတော့ ဖြူနဲ့ သားသမီးတွေ ရှေ့ရေးပူစရာမရှိတော့ဘူး.. ပြည့်စုံပြီ လို့လည်း မောင်ပြောတတ်ခဲ့ပြီ…။
ဖြူ ဒါတွေ မမက်မောတတ်တာလည်း မောင် သိလျက်နဲ့လေ..။ အဲဒီကတည်းက မောင့်ခြေလှမ်းတွေ ယိမ်းယိုင်ချင်တာကို ဖြူရိပ်မိခဲ့တာပါ။ ဒါပေမဲ့ မောင့်ဖြူက ရိပ်မိတာကိုတောင်မှ ပြောမထွက်ခဲ့သူပါ..။ အဲဒီအခါ မောင်ဖတ်ခိုင်းလို့ပဲ ဖတ်ရာက ကြိုက်လာရတဲ့ ကြည်အေးရဲ့ ကဗျာတပုဒ်ကိုပဲ မောင့်ကို ရွတ်ပြချင်လာပါသေးတယ်..။
လွှင့်ပစ်လိုက်စမ်း++++++
တိမ်တိုက်အပြာ သည်နီလာတွေ
ဝါရည်နို့ခဲ သည်ပုလဲတွေ
ခဲသားရင့်ရင့် သည်စိန်ပွင့်တွေ…။
လွှင့်ပစ်လိုက်လေ..
မြေပြင်ဟိုဘက် လှိုင်းပွက်ပွက်နှင့်
ရေနက်ထဲနှစ် ကြဲချပစ်လိုက်
မျက်ရည်စိုနှင့် ငိုတော့မေရယ်..
တွယ်တာစရာမေတ္တာကင်းမှ
သည်ဘ၀မှာ
ဘာကို မက်မောပျော်မလဲ…။။။
နှင်းထုတွေ တောင်လိုပုံနေတဲ့ ကြားက မောင်မရှိတဲ့ အိမ်လေးထဲမှာ ဖြူ.. ဘယ်လောက် ထိခိုက်အေးခဲ နေမလဲ.. မောင် မသိတော့ပြီ..။ အဖေကို အမေ့ထက် ပိုချစ်တဲ့ ပိုလေးစားတဲ့ သမီးနဲ့သား ကိုလည်း မောင်မေ့ပြီ..။ လင်ယောက်ျားးဆိုတာ ဖြူ့အတွက်ကတော့ မှီခို အားကိုးဖို့ ဆိုတာထက် ချစ်မြတ်နိုးဖို့ပါ မောင်ရယ်.. လို့ ဖြူပြောတော့ မောင်က ရီဝေေ၀ ငေးတယ်..။ ဇနီးမယားဆိုတာကရော.. မောင့်အတွက် ဘယ်လို သတ်မှတ်ချက်နဲ့လဲလို့ ဖြူမတွေးရက်တော့ပါ။ မောင်သိလားဟင်.. ဇနီးမယားဆိုတာ.. ဘယ်သူကမှ မပြောပြလည်း.. ဘာတခုမှ မကြားရလည်း.. ခင်ပွန်းရဲ့ သူ့အပေါ် အချစ် အမုန်း ဥပက္ခာ နဲ့ သံယောဇဉ် အတိုင်းအတာတွေကို အလိုလို သိတယ်ဆိုတာ…။ မောင် ယုံလား…။
ဒါကြောင့်.. ဖြူ မောင် ဖြေရခက်မယ့် မေးခွန်းတွေ မမေးပါဘူးမောင်..။
ဒါပေမဲ့ ဖြူသိပါတယ်မောင်..။ ဖြူ့ရဲ့ နှလုံးသားက သိနေတယ်..။
မောင့်ကို.. မောင့်ရဲ့ အချစ်ဆိုတာကို ဖြူ ဆုံးရှုံးရပြီဆိုတာ…။
မောင်က မောင် သွားရဦးမယ် မ, ရယ်တဲ့…။
ဒီတခါကတော့ အရင်ကလို မောင့်ယုံကြည်ချက်အတွက် သွားရမယ့် ကြမ်းတမ်းတဲ့ ခရီးရှည်တွေမျိုး မဟုတ်ဘူး..
ဖြူ့အတွက်သာ နှလုံးသားကို နာကျင်ပင်ပန်းစေမယ့် ခက်ထန်လှတဲ့ ခရီးရှည်ပါ…။
မောင်က ခွဲခွာသွားတဲ့ ခရီးရှည်…
ဖြူက ချန်ထားခံရတဲ့ ခရီးရှည်….။
ဒီတခါ မောင် ဖြူ့ကို တသက်စာနှုတ်ဆက်တယ်လို့ ဖြူ သိနေပါတယ်။
ဒီတကြိမ် ခရီးမှာတော့ ဖြူငိုပါရစေမောင်..
ဖြူ သိမ်းဖက်ထားမိတဲ့ မောင့်ခန္ဓာကိုယ်က ခက်မာတောင့်တင်းလို့..။
ကိုယ့်အပေါ် မပူနွေး မပျော့ပျောင်းနိုင်တော့တဲ့ ချစ်သူကို တခုခုနဲ့ ချည်နှောင်ထားရတာမျိုးကို ဖြူ မယုံကြည်ပါဘူးမောင်…။ ဖြူ မောင့်ကို လွှတ်ပေးလိုက်ပါ့မယ်..။ ဒါပေမဲ့ အချစ်တွေကို ဆုံးရှုံးလိုက်ရတဲ့အတွက်ကြောင့်တော့ဖြင့် ဖြူငိုပါရစေမောင်.. ဒါဟာ ဖြူ့အတွက်တော့ တသက်စာအလွမ်းလည်း ဖြစ်ပါတယ်..။
++++++
သူသွားတော့မည်++++++
ပွေ့ချော့ထွေးလည်၊ ၀မ်းနည်းရုံမျှ
မှုန်ဝါးမျက်နှာ ၊ မျက်ရည်ကာဆီး
ပြန်လာပါဦး၊ ခွဲချင်ဘူးကွယ်
မူးယစ်ဝေည၊ မွှေးထုံသဆဲ
ခဏတွေ့မော၊ ရင်ခုန်ရောယှက်
ပြောချင်စကား၊ မေးခွန်းများစွာ
မေ့ထားခဲ့ပြီး ပြန်ချိန်နီးမှ
ငိုညည်းတ၀က်၊ မမီလက်ကမ်း
နှုတ်ဆက်ဝိုးဝါး၊ ပြေးထွက်သွားမှ
တံခါးရပ်မှီ၊ ငေးခဲ့ပြီ။
(ကြည်အေး-ကျန်ရစ်သူအတွေး)
(၂)
ကိုယ်ပိုင်ကောင်းကင် ရှိနေချင်တယ်+++++
နေရောင်ခြည်နဲ့ လွတ်လပ်ဝန်းကျင်သစ် ရချင်တယ်
ရင်ဖွင့်ခြင်း ခွန်အားသစ်နဲ့
ကိုးကွယ်မှုမျဉ်းကြောင်း ဖြောင့်တန်းချင်တယ်
ကျိန်းသေတဲ့ ဘ၀ တည်ဆောက်ဖို့
ငါ့မှာ ဒဏ်ရာများစွာရှိတယ်။
(မိနှောင်း-ဒဏ်ရာ)
အချစ်နဲ့ ပတ်သက်ရင် သူ့နှလုံးသားကိုက ပူနွေးလှိုက်လှဲလွယ်လွန်းပါတယ်။ သူ ကောင်မလေးကို ချစ်မိတဲ့အတွက် သူ ဘယ်လောက် ခါးသီးတဲ့ ၀န်းကျင်ကို ရင်ဆိုင်ရမယ်ဆိုတာလည်း သူ အသိပါ..။ ပြီးတော့ သူရင်ဆိုင်ရမယ့် အခက်အခဲတွေ အမနာပတွေ..။ အို အဆိုးဆုံးကတော့ ချစ်သော မ….ကို ရက်စက်ရမယ့် ကိစ္စ နဲ့ သားနဲ့ သမီးရဲ့ ခံစားချက်။
ဒါပေမဲ့ သူ မိုက်မဲခဲ့ပြီ။
အရေပြားတထောက်စာ လို့တော့ ရက်ရက်စက်စက် မပြောကြပါနဲ့..။
ပြီးတော့ အသွေးအသားရဲ့ လိုအင်လို့လည်း ပစ်ပစ်ခါခါ မပြောကြပါနဲ့…။
သူ ကောင်မလေးကို ငြိတွယ်ခဲ့တာဟာ သွေးသားဆန္ဒဖြစ်ချင်ဖြစ်ပါလိမ့်မယ်..
ဒါပေမဲ့ အချစ်ဆိုတာကလည်း တခန်းတကဏ္ဍတော့ ပါပါတယ်..။ သူက ချစ်တတ်သူပါ..။
သူ့ရင်ထဲမှာ အချစ်တို့က ဘယ်အခါမှ မညှိုးနွမ်း..။ တခုပဲ.. မ..အပေါ်မှာ တပ်မက်ချစ်ခြင်းမရှိတော့တာကိုတော့ သူကိုယ်တိုင်လည်း မလွန်ဆန်နိုင်တော့တဲ့ အခြေအနေပါ..။ အသက်ကြီးသွားတဲ့ ဇနီးမယားမို့လို့လားဆိုတာလည်း
သူ မပြောပြတတ်ပါ။ ကောင်မလေးကကျတော့ ငယ်ငယ်ရွယ်ရွယ် သွေးဆူလှိုက်လှဲသူမို့လို့လား..။
သူ အဖြေမရှာချင်ပါ..။
ဒါပေမဲ့ အဖြေမထုတ်လို့ မရတော့တဲ့ အနေအထားက ရောက်လာပြီ…။
သူ ကောင်မလေးကို မခွဲခွာနိုင်တော့ပြီ။
ဇနီးမ, အနားမှာ နေရင်းကနေ.. ကောင်မလေးရဲ့ ရှိုက်ငင်တဲ့ မျက်ရည်တွေကိုပဲ သနား လွမ်းဆွတ်နေမိတာ.. သူ့ဘာသာလည်း လိပ်ပြာမလုံချင်..။
မ, ကိုလည်း အားနာမိတဲ့ကြားကပဲ ကောင်မလေးရဲ့ တမ်းတခေါ်ငင်သံတွေနောက်မှာ မျောပါ….
ကိုကို့ကို ချစ်တာမှာ.. မျှော်လင့်ချက် မပါခဲ့ပေမဲ့.. ခုတော့ အားကိုးတာတွေ မျှော်လင့်တာတွေ မခွဲနိုင်တာတွေ ပါလာပြီ..တဲ့။ အဓိကကတော့ ကောင်မလေးရဲ့ မျက်ရည်တွေကို မလွန်ဆန်နိုင်ရာက.. ပျိုရွယ်တဲ့ သွေးသားကိုပါ စွဲငြိလာရတာကို
သူ မညာချင်ပါ..။
သစ္စာတရားဆိုတဲ့ ပုဒ်မအရ..သူ့မှာ မမအပေါ် အပြစ်ရှိမယ်..။ ဖခင်ကောင်းဆိုတဲ့ စွဲချက်အရ သားသမီးဆီမှာ သူ အပြစ်ရှိမယ်..။ ဒါပေမဲ့ အချစ်ဆိုတဲ့ တရားမှာတော့ သူက အမှန်တကယ် နစ်မွန်းစွဲလန်းသူသာ ဖြစ်ပါတယ်..။
အချစ်ဆိုတာ အဖန်ဖန်အသစ်မွေးဖွားတယ်လို့ ယုံတဲ့ အချစ်ကဗျာရေးသူ သူဟာ..
အချစ်တွေကို ဇနီးထံမှာသာ အသစ်အသစ်မွေးဖွားစေချင်ခဲ့တာ တကယ်ပါ…။
ဒါပေမဲ့ သဘာဝတရား နဲ့ ကံတရားက သူ့အပေါ်မှာ သွေဖီလေတယ်…။
အချစ်ဟာ ကော်ဖီတခွက် မဟုတ်ပေမဲ့ ကော်ဖီအမျိုးအစားသစ်တွေကို အရသာတွေ့သလို အချစ်အမျိုးအစားတွေရော မသစ်နိုင်ဘူးလားလို့ .. ကောင်မလေးက သူ့ကို အကြည့်မှာ သူ တွေးမိရာကနေ…. ကံတရားက သူ့ကို ကျီစယ်တော့တယ်..။ ပြီးတော့ မကြာပါဘူး ကံတရားက သူ့ကို ရက်ရက်စက်စက် ရိုက်ပုတ်တော့တယ်…။ ကောင်မလေးက ငိုတယ်..
မင်းပြုံးရင် ပန်းတို့ပွင့်တယ်လို့.. သူဆိုခဲ့တဲ့ သီချင်းနေရာမှာ.. မျက်ရည်များနဲ့ မနမ်းပါနဲ့ အချစ်ရေ့က အစားထိုးဝင်လာတယ်..။ ကောင်မလေးက သူ့အတွက်တော့ လန်းစွင့်နေတဲ့ နှင်းဆီနီ.. စိုမြ.. လန်းဆန်း..ရဲပ…။ ရနံ့ကလည်း ယစ်မူးစရာ…။
စံပယ်ဖြူလေးကတော့ နှင်းဆီနဲ့ ယှဉ်ရင် ဖျော့တော့ခဲ့ပြီ။ ခုတော့ သူ့အရွယ်က နှင်းဆီနီနီရဲရဲကိုသာ တရှိုက်မက်မက် နမ်းရှိုက်ချင်ခဲ့ပြီ။ မောင်.. အခါခါ တောင်းပန်ပါတယ်.. မ..။ မ..ကို မောင် မမုန်းဘူး.. ပြီးတော့ မ ချစ် တော့ ပါဘူး…… သနားကရုဏာဆိုတာကို မ.. လည်း မနှစ်ခြိုက်ဘူး.. မောင်ကလည်း မပေးရက်ပါဘူး..။ အပြစ်တင်ပါ မ…။ အိမ်အိုဟောင်းကို စွန့်ရက်သူ…လို့။ ကျနော် အတ္တကြီးပါတယ်..။ ပြီးတော့ မ..ကို မပြောရက်တာတခု တိုးတိုးလေး ၀န်ခံပါဦးမယ်..။ ကျနော် ကောင်မလေးကို ချစ်တယ် မမ…။
အဲဒီအချစ်စိတ်ကို မထိန်းနိုင်လောက်အောင်.. ဘာကိုမှ မထောက်ထား.. မလေးစားနိုင်တော့လောက်အောင်ကို ကောင်မလေးကို ကျနော် စွဲလန်းပါတယ်။
သူနဲ့ ကျနော်.. ဘ၀တခု ဆိုတာကိုလည်း ကျနော် ရင်ခုန်ပါတယ်..။
သူက ကျနော်နဲ့သူ့ရဲ့ သွေးကလေး လိုချင်တယ်တဲ့…။
ဘာဆန်းသလဲ မမ.. ဒါပေမဲ့.. ကောင်မလေးရဲ့ အဲဒီအပြောမှာ ဒီအရွယ်ကြီးနဲ့ ကျနော်ရင်တွေ ခုန်ပြီး နှလုံးသားတွေ ပြန်နူးညံ့လာတာကတော့ ဆန်းပါတယ်…။
ဘ၀မှာ ဘာက အရေးကြီးလဲ မမ…
ကျနော်ကတော့ အချစ်တွေနဲ့ နေထိုင်ခွင့်ရဖို့သာ အရေးကြီးတယ်လို့ တသက်လုံးထင်ခဲ့တာ မဟုတ်လား မမ..။
ဒီတော့ ကိုယ်အရေးကြီးတယ်ထင်တာကို ယူခွင့်ရဖို့ .. ကျနော်ဟာ မိုက်မဲသူ ဆိုပါတော့..။
အဲဒီလောက်တော့ ကျနော် စွန့်ရပေလိမ့်မယ်…။
မနက် အိပ်ယာက အနိုးမှာ ပြုံးနေတဲ့ကောင်မလေးက ကျနော့ဘေးမှာ…
ခေါင်းရင်းမှာ မနက်ခင်းငှက်ကလေးတွေက ကျီကျီကျာကျာ အော်လို့.. ကျနော်တို့ အိမ်ကလေးက မမနဲ့ ကျနော်တို့ရဲ့ နှင်းတွေကြားက တိုက်လောက် မခမ်းနား.. မပြည့်စုံ..။ ဒါပေမဲ့ ကောင်မလေးရဲ့ ခိုဝင်တွယ်ကပ်မှုက ကျနော့အတွက် ပြည့်စုံတယ်လို့ ခံစားရတယ် မမ..။ ခုဆို ကျနော် နဲ့ ကောင်မလေးတို့ကို ချည်နှောင်တဲ့ ကြိုးကလေးတချောင်းကလည်း တအူဝဲ၀ဲ ငိုနေပြီ..။ ဒီဘ၀ ယိုင်နဲ့နဲ့လေးမှာ ကျနော်ပင်ပန်းနွမ်းနယ်ဦးမှာလည်း ကျနော် သိပါတယ်..။ ဒါပေမဲ့ ဒီဘ၀လေးကို ကျနော် ချစ်တယ်…။ ဒီ့အတွက် ခွင့်လွှတ်ပါ မမ…။
တကယ်လို့များ.. တချိန်မှာ ကျနော်.. ၀ဋ်လည်လို့ပဲဖြစ်ဖြစ်.. ကံဆိုးလို့ပဲဖြစ်ဖြစ်.. ဒီအချစ်က အဆိပ်သင့်ခဲ့ရင်တောင်မှပဲ… ခုအချိန် ခံစားခဲ့ရဖူးတဲ့ သာယာမှုနဲ့ ချေနိုင်မယ်ထင်ပါရဲ့…။
++++++
သံသရာကို+++++
ဖီလာလွန်ကျူး၊ သည်မှာမြူးချင်
အရူးစကြ်ာ၊ ရင်ခွင်မှာအပ်
ပျားပန်းခတ်နေ
ဘယ်သူတွေလဲ၊ ငါ့ကို ဆွဲခေါ်
မိုးပေါ်အရောက်၊ အောက်ကို ပစ်ချ
ဘ၀အသစ်၊ ဓာတုဖြစ်၏
မျက်စိဖွင့်လျက်၊ အိပ်မက်မက်ပြန်။
(မိနှောင်း-အိမ်သစ်)
(၃)
ဆွတ်မယ့်သူရယ်+++++
ညွှတ်လှည့် ဘယ်လိုမြှူတဲ့
မကြည်ဖြူ ရည်တူချစ်နိုင်ဘူး
ကြူလှစ်သည့်မေတ္တာဖော်လို့
သစ္စာတော် ချစ်ဖော်ညှိချင်နှင့်
ထိလာလျှင် မြရှင်ဆူးတွေပ
ထွေးနီနီသွေးရည်လူးတဲ့အောင်
ခူးလိုက်မယ်လေး.. တဲ့။ ၊
(ကြည်အေး-နှင်းဆီ)
ကောင်မလေးအတွက်ကတော့ အချစ်ဆိုတာက စိတ်ကူးယဉ်စရာမဟုတ်လှပါ။ ဘ၀မှာ ကိုယ့်ကို ဘယ်သူက ချစ်မက်ပြီး အရယူမှာလဲ…။ အဲလိုလူကသာ ကောင်မလေးအတွက် အချစ်ဆိုတာကို ပေးသူလို့ပဲ ယုံပါတယ်..။ ကောင်မလေးတို့ဘ၀က ကိုယ့်ကို စွဲစွဲလန်းလန်း ချစ်ပါတယ်လို့ ဆိုလာတဲ့.. ပြောရရင် အားကိုးယုံကြည်လောက်စရာ.. မက်မောမှီိုတွယ်စရာလည်းကောင်းတဲ့ ကိုကို့လို လူတယောက်ကို ရဖို့ဆိုတာ.. အိပ်မက်ဆိုရင်တောင်မှပဲ ဆောင်းတွင်းအိပ်မက် ကယောက်ကယက်လို့ ဆိုရမှာပါ…။
ပြောရရင် ကိုကိုက ချစ်တယ်လို့ ပြောတာကိုတောင် သူတို့လို အရွယ်လွန်ယောက်ျားတွေရဲ့ ပုံမှန်သွေးလေဖောက်ပြန်မှုပဲလို့ ထင်ခဲ့တာ…။
ဒါပေမဲ့…..
ကိုကိုက တကယ်ပဲ ကောင်မလေး စိတ်ကူးယဉ်ချင်စရာအချစ်တွေကို ပေးခဲ့တာပါ..။
နူးညံ့သိမ်မွေ့တဲ့… ဆန်းကြယ်ပုန်းခိုတဲ့ အချစ်မျိုးတွေ…။ ကောင်မလေးအတွက်တော့ တကယ်ပဲ ဆန်းကြယ်ခဲ့ပါတယ်..။ ပြီးတော့ ကိုကိုက ကောင်မလေးတို့လို ဘ၀တွေက မော်ကြည့်အထင်ကြီးရတဲ့ သူလည်း ဖြစ်သေးတာ…။ ကိုကိုက ကောင်မလေးကို ချစ်တယ်… ကောင်မလေးဟာ ကိုကို့အတွက်တော့ ပင်လယ်ထဲ မျောပါနေရတဲ့ ဘ၀မှာ နောက်ဆုံး ဆိုက်ကပ်ခိုနားစရာ ကျွန်းမြေပါပဲတဲ့။ ကိုကိုက သူ့ရဲ့ ခန္ဓာကိုယ် တစိတ်တပိုင်းလို ကောင်မလေးကို ချစ်တာတဲ့..။ ကောင်မလေးဟာ သူ့အတွက်တော့ နှင်းဆီတပွင့်လိုပဲ ထင်ရှားပေါ်လွင်တယ်… လှပရဲရင့်တယ်..တဲ့။ ကောင်မလေးကတော့ ကိုကိုပြောတာတွေကို သိပ်နားမလည်ပေမဲ့.. ကိုကို့ ရဲ့ လှိုက်လှဲတဲ့ စကားသံတွေနဲ့ နက်ရှိုင်းတဲ့ အကြည့်တွေကို ခံစားရပါတယ်..။ အဲဒီအခါ.. ကိုကို့အနားမှာ မခွဲမခွာနေချင်လာတယ်..။ အဲဒီအချိန်မှာမှပဲ ကိုကို့မှာ ကာမပိုင်နဲ့ မိသားစုနဲ့ဆိုတာကို သိလိုက်ရတာပါ။
အချစ်ဆိုတာကတော့ နောက်ဆုတ်လို့ မရဘူးလေ ကိုကို..။ စည်းတခုကြောင့် ကိုကို့ကို ကျောခိုင်းလို့ ရရင် ရလိမ့်မယ်..။ အချစ်ဆိုတာကိုတော့ ကျောခိုင်းလို့ မရပါဘူး…။ အဲဒီအခါ ကိုကို့ကို ကျောခိုင်းဖို့ပဲ စဉ်းစားရတော့တယ်…။ မေ့ပစ်ပါ… ဘ၀ရဲ့ နောက်ဆုံးသက်တမ်း အပိုင်းအခြားမှာ ကောင်မလေးနားနေပါရစေဆိုတာကို မေ့ပစ်… ။ ကလေးမယုံဘူးလားဟင်.. တို့နှစ်ယောက်ရဲ့အချစ်က အရာရာကို ဖြတ်ကျော်သွားမှာ…ဆိုတာတွေကို မေ့ပစ်..။ ရင်သွေးဆိုတာဟာ ကိုကို နဲ့ ကောင်မလေးတို့အတွက်တော့ ပေါင်းကူးတံတားဖြစ်မှာ.. တဲ့…။ ဒါကိုလည်း မေ့ပစ်တာပါပဲ..။
ဒါပေမဲ့ …
ကောင်မလေးရှေ့ကို ကိုကို ရောက်ရောက်လာတဲ့အခါ….
ကောင်မလေးကြားအောင် ရင်ပွင့်စကားတွေ ကိုကို လာ လာ ပြောတဲ့အခါ…
ကောင်မလေး ကောင်းကောင်းနားမလည်တာတောင် သဘောကျမိရတဲ့ ကဗျာတွေ ကိုကို ရွတ် ရွတ်ပြတဲ့အခါ….
အလုပ်ပင်ပန်းလို့ နွမ်းလျော်နေတဲ့ ကောင်မလေးကို ကိုကို ဟာသတွေပြောပြီး ရွှင်လန်းစေတဲ့အခါ…
ကောင်မလေးကို ခွဲထားခဲ့ပြီး ပြန်ရဦးမယ်လို့ သူ့ရင်ခွင်ထဲ ထွေးပွေ့ပြီး ကောင်မလေးဆံစ တွေကို မချိတင်ကဲ ကိုကို နမ်းတဲ့အခါ….
ကောင်မလေးက အူရိုင်းပါ ကိုကို….
ဒီလိုနဲ့ပဲ.. ခုတော့ ကိုကို နဲ့ ကောင်မလေးကြားမှာ ပေါင်းကူးတံတားထိုးမိခဲ့ပြီ..။
သမီးလေးက ချစ်စရာကောင်းလိုက်တာ ကိုကို.. ကိုကို့ မျက်လုံးမျိုးတွေနဲ့.. ကိုကို့ ဆံပင် ခွေခွေလေးတွေနဲ့.. ကိုကို့လို ဥာဏ်ကောင်းပြီး ကိုကို့လို အနုပညာဆန်မယ့် သမီးလေး….
ဘာပဲဖြစ်ဖြစ်… ကောင်မလေးဘ၀မှာ ဒါဟာ ဆုလာဘ်တပါးပါပဲ ကိုကို…။
+++++
ရင်ခွင်ပျက်မျှ
တပ်မက်သိုသိပ်၊ ဖြစ်တည်ရိပ်ရှည်
ချစ်ဆိပ်ပြင်းလာ တုန်ခါလည်ပတ်
လွတ်ထွက်တတ်လျှင်
မောင့်ရင်ခွင်မှ မျက်နှာလှကို
ကျနသွန်သင်၊ အချစ်ဝင်ပူး
မောင့်ကြည်နူးမှု၊ ဖြည့်မှုပြုချင်။
(မိနှောင်း-နှောင်း)
++++++
ပုံကို ဒီက ယူပါတယ်။
၂၂ မတ် ၂၀၁၁။
20 comments:
သူတို့ ကိုယ်စီပြောပြကြတဲ့ အချစ်အကြောင်းတွေမှာ နားလည်မှုတွေ၊ အနစ်နာခံမှုတွေ၊ သောကတွေ၊ ခါးသီးမှုတွေ၊ မိုက်မဲမှုတွေ၊ တမ်းမက်မှု၊ ပြီးတော့ ရယူပိုင်ဆိုင်လိုမှုတွေနဲ့အတူ ကြေကွဲ နာကျင်ခြင်းတွေ စွန်းထင်းလို့နေတယ်...
နောက်ပြီး အချစ်ဆိုတာ တခါတခါမှာ ရဲရင့်ခြင်းတွေလဲ ရောနှော ပါဝင်နေသေးတယ်...
အဲဒီ ခံစားချက် အစုံစုံကို အမရဲ့ ဝတ္ထုလေးက အပြည့်အဝ ပေးစွမ်းနိုင်တယ်...
အခုလို စိတ်ရှည်လက်ရှည် ရေးပေးတဲ့ အမကို ကျေးဇူးတင် ချစ်ခင်စွာဖြင့်...
သက်ဝေ
ချစ်တာလေး တစ်ခုတည်းကြောင့် ဘ၀ထဲကို အတင်းဆွဲသွင်းနိုင်ခဲ့သူ။ မချစ်တော့တာလေး တစ်ခုတည်းကြောင့်လည်း ထားရစ်နိုင်ခဲ့သူ။ ချစ်ခြင်းမေတ္တာဆိုတာ ကြိုးတစ်ချောင်းမဟုတ်ဘူးလို့ ဆိုသူ။ အချစ်ဆိုတာ အချိန်ကာလ တစ်ခုရောက်တဲ့အခါ အရောင်ပြောင်း ချုပ်ငြိမ်း သွားတတ်တာကို မငြင်းဆိုခဲ့ရုံပါ.. တဲ့။ ရက်လွန်အချစ်ကို ဟန်ဆောင်ထိန်းချုပ် စားသုံးနေသူတွေထဲမှာ မပါဘဲ ရိုးရိုးသားသား မိုက်မဲခဲ့သတဲ့။ သူ့အချစ်နဲ့ စိတ်ခံစားမှုအပေါ်မှာပဲ သူ့သစ္စာတရားကို ပကတိအတိုင်း ချခင်းထားခဲ့သတဲ့။ ပြတ်တောက်နာကျင်စေခြင်းဖြင့် လွတ်မြောက်ပျော်ရွှင်ခွင့်ရခဲ့တယ်။ အခြားတဖက်ခြမ်းမှာ လောင်ကျွမ်းစေလိုက်ခြင်းဖြင့် ဒီဘက်တစ်ခြမ်းက အလင်းရောင်ကို ထွန်းညှိလိုက်ခဲ့တယ်။ အဲဒီလို အချစ်အကြောင်းကိုတော့ များများ မပြောဖြစ်ကြတာပဲ ကောင်းမယ် ထင်ပါရဲ့လေ။
ဝတ္ထုလေး လာရောက် ခံစားပါတယ် ဆရာမမေငြိမ်းရှင့်။ ဇနီးမောင်နှံတွေကို ရာသက်ပန် ရိုးမြေကျ ပေါင်းဖက်တာပဲ မြင်တွေ့ချင်မိတယ်။ သစ္စာမစောင့်သိမှုတွေ၊ ငြီးငွေ့သွားလို့ စွန့်ပစ်သွားတာတွေ မရှိရင် သိပ်ကောင်းမှာပဲ။
Rose ညီမရေ..
ဒါတွေကို မြင်နေကြားနေရတာ လက်တကမ်းမှာ..
အဲလိုကံအကြောင်းတွေ ကိုယ့်ဆီရောက်မလာပါစေနဲ့လို့ ဆုတောင်းရင်းနဲ့ပဲ ဒီဝတ္ထုလေး ရေးဖြစ်သွားတာပါ...
ဟုတ်ပါတယ်..။
ရာသက်ပန် ရိုးမြေကျပဲ ဖြစ်စေချင်ပါတယ်.။
ဒါပေမဲ့လဲ..
ကံဆိုတာ မပြောနိုင်ဘူးနော်..။
(ဆရာမရေ..ဟိုတခါက ငပိချက်လုပ်မစားဖြစ်သေးဘူး
ပြန်မေ့သွားပြန်ပြီ..။ဟီးဟီး
အချစ်အကြောင်းပြောနေပါတယ်ဆိုမှ
ဘဝအကြောင်းက ကန့်လန့် ကန့်လန့်ပါလာသေးတယ်..။)
ဟွန့် မုန်းလိုက်တာ အဲဒီနှစ်ယောက်လုံးကို..နားမလည်နိုင်ဘူး...တီတီေ၇..ပြောချင်တာပြော ဒါပဲ...
သိနေတယ်...
တီတီသိလား...
မ'နေရာကခံစားမှုလေ...သူကအသက်ကြီးသွားလို့ အလွယ်တကူ လက်ခံပေးလိုက်နိုင်တာလား...
လက်လွတ်ပေးလိုက်နိုင်တာဟာ အရွယ်နဲ့ဆိုင်လား..
အချစ်ကိုအဓိပါယ်ဖွင့်ဆိုပုံနဲ့ဆိုင်သလား..
မာနနဲ့ဆိုင်သလား..
သေချာတာတခုကတော့ သမီးကြုံဘူးတဲ့ဘယ်မိန်းမမှ အဲလို လွတ်မပေးလိုက်နိုင်ဘူး...
အရွယ်ကွာနေလို့လား..ငယ်ငယ်ကကြုံခဲ့၇တဲ့ တစ်ယောက်က သုံးနှစ်လောက် ရူးလိုက်ကောင်းလိုက် သံသရာလည်နေခဲ့တယ်..
ဟိုးမကြာသေးခင်ကမှ င်္ကြုခဲ့၇တဲ့တစ်ယောက်ကတော့ သူ့ကိုကျောခိုင်းဆင်းသွားတဲ့ ယောကျာ်း လှေကားဆယ်ထစ်တောင်မပြည့်သေးခင် ရထပ်တိုက်ပေါ်က ခုန်ချလိုက်တယ်...မွေးကာစ လသမီးလေး ကျန်ခဲ့တယ်..မိန်းမတွေ အချစ်ကိုဆုံးရှံးတဲ့အခါ တုံ့ပြန်ပုံဟာ အသက်အရွယ်ကိုလိုက်ပြီးတော့ကွာသွားလား...
သေချာနားမလည်ပေမဲ့ ကျန်နှစ်ယောက်ရဲ့ အချစ်ဆိုတာကိုလဲ ဘယ်လိုမှနားလည်လို့မ၇တာခုထိ...
မသိစိတ်၇ဲ့ ကြောက်ရွံ့ခြင်းကပဲ မွေးဖွားပေးခဲ့တဲ့ မာနလေလား..ဘ၀ပျက်လောက်အောင်မချစ်ခဲ့ဘူးလို့လား မသိ...သမီးကတော့ "ကိုယ့်ထက်သာတယ်ထင်လို့သွား..သွား..သူနဲ့တန်ရာတန်ရာပေါ့.."
သမီး..
အသက်အရွယ်ကြောင့်ရော.. တယောက်ချင်းရဲ့ ခံယူချက်သဘောထားနဲ့ရော.. ဆိုင်လိမ့်မယ် ထင်တယ်..။ ဒါပေမဲ့ သမီးပြောသလိုပဲ တကယ်က သူ့ဘာသာ တန်ရာတန်ရာ သွားလို့ သဘောထားတာကတော့ အသက်သာဆုံးပေါ့...
ဒါမှမဟုတ်ရင်.. ကိုယ့်ဆီ မနေချင်လို့ သွားတဲ့သူကို လွမ်းနေရတာက ပိုပို ရှုံးမသွားဘူးလားး ပိုနာတာပေါ့..။
မိန်းမနှစ်ယောက်လုံးရဲ့ အဖြစ်မျိုးနဲ့ မကြုံချင်ဘူး အဲလိုကြုံမှာ သိပ်ကြောက်တာဘဲ..
ဒါကြောင့် အချစ်ဆိုတဲ့ အရာနဲ့ တဖြေးဖြေး ဝေးဝေးလာလိုက်တာ.. လိုက်မမှီအောင် ဝေးသွားပြီ။ ထီထိုးရတာနဲ့ တူတဲ့ အချစ်လို့ဘဲပြောရမယ်ထင်ပါတယ်..
ဆရာမရဲ့ စာတွေကို ဟိုးယခင်စာအုပ်တွေကတည်းက ကြိုက်ခဲ့ပါတယ်
အမရေ....အချစ်အကြောင်းပြောကြတဲ့အခါ အချစ်ရဲ့ ထောင့်ပေါင်းစုံကို မြင်လာအောင် ပြောရမှာပါပဲ....။ ချိုမြိန်တဲ့ အကြောင်းချည်းပဲ ပြောနေလို့က ပြီးပြည့်စုံတဲ့ အချစ်တခု ဖြစ်မလာနိုင်ပါဘူး...။
ခက်တာက အချစ်နဲ့ ယှက်သွယ်နေတဲ့ တကယ်ရှိနေတဲ့ တချို့တွေရဲ့ ဘဝထဲမှာ အချစ်ဆိုတာဟာ ဟော့ဒီလိုပါ လို့ ချပြလိုက်တဲ့အခါ....။ ခက်တာက အချစ်ဟာ သူ့ချည်းပဲနေရင် ပြဿနာ မဟုတ်ပေမဲ့ လူတွေ လက်ထဲ ရောက်သွားတဲ့အခါ အရာင်မျိုးစုံ ပြောင်းလဲ ဖြာထွက်သွားနိုင်တာမျိုး ဆိုတော့.....
ချောရေ.. ဟုတ်တယ်.. အဲဒီ ထီထိုးရသလိုပဲဆိုတာကို တို့လည်း တကယ် လက်ခံတယ်..။ ကိုယ်တိုင်လည်း အချစ်နဲ့ ပတ်သက်ရင် အကောင်းအတွက်ရော အဆိုးအတွက်ပါ ရင်ဆိုင်နိုင်အောင် ကြိုပြင်ထားပါတယ်..။
ညီမချစ်ရေ...
ပြောရရင် တကယ်ကို မနော်ဟရီပြောသလိုပါပဲ.. အချစ်..ကို ဘယ်လို သတ်မှတ်လို့မှ မရ..။ လူတွေရဲ့ လက်ထဲ အမျိုးမျိုးဖြစ်နေတဲ့ အချစ်တွေ.. အမမှာ ရေးစရာတွေ ရှိနေပါသေးတယ်...
ကောမန့်တွေပါ သေချာဖတ်သွားတယ် အစ်မ။
ဆရာမရဲ့ အရေးအသားမှာ မျောပါရင်း ရင်တွေ နာလာပါတယ်။ ညီမကတော့ ဒီအဖြစ်အပျက်မှာ မောင် တဖြစ်လဲ ကိုကိုဆိုတဲ့ သူကိုပဲ မကျေမနပ် ဖြစ်မိတာပါပဲ (ကိုယ်က မိန်းမတစ်ယောက် ဖြစ်နေလို့ ယောက်ျားတစ်ယောက်ရဲ့ ခံစားချက်ကို နားလည်မပေးနိုင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။)
ဒီလိုဇာတ်လမ်းမျိုးတွေ ဖတ်ရတိုင်း နာကျင်ရပါတယ်... ဒါတွေဟာ အပြင်မှာလည်း တကယ်ဖြစ်နေတာတွေဆိုတဲ့ သိစိတ်နဲ့ဖတ်မိလို့ပါ (Based on the true story ဆိုတဲ့ ရုပ်ရှင်တွေ ကြည့်ရတဲ့ ခံစားချက်မျိုး ထင်ပါရဲ့ ဆရာမရယ်)
အချစ်ဆိုတာ အချိန်နဲ့အမျှ vulnerability ပိုပိုမြင့်လာတတ်တဲ့ အရာတစ်ခုလို့ပဲ မြင်မိပါတယ်။
လေးစားလျက်
ရွှေပြည်သူ
အန်တီမေငြိမ်းရဲ့  ၀တ္ထုလေး ဖတ်ပြီးတော့ တစ်ခု စဉ်းစားမိတယ်.. ကိုယ့်အိမ်ထောင်ဖက် အမျိုးသမီးတွေ အသက်ကြီးလာတဲ့အခါ ယောက်ျားတွေဟာ ဒီလိုပဲ ဖောက်ပြန်တတ်ကြသလား.. ၀တ္ထုတွေထဲမှာတင်မက အပြင်မှာပါ အဲလိုဇာတ်လမ်းတွေ ခဏခဏ မြင်တွေ့ ကြားသိနေရတော့ ကိုယ်ဆိုရင်ကော ဘယ့်နှယ်လုပ်ရပါ့လို့ တွေးမိတယ်..
မမရေ..
စိတ်ဆိုတာကိုတော့ ဘာနဲ့တားမလဲ...
လူတစ်ယောက်ရဲ့တန်ဖိုးဆိုတာ မဖြစ်သင့် မဖြစ်ထိုက်တာကို မဖြစ်အောင် ထိမ်းချုပ်နိုင်စွမ်းတဲ့
စိတ်နောက် ကိုယ်ပါ....သွားတယ်ဆိုတာမျိုး....ကိုတော့ ဘ၀င်မကျနိုင်ဘူး မမရယ်...။
တကယ့်ကို အပြင်မှာလည်း တွေ့ခဲ့ဖူးပါတယ်..။
တကယ်တော့ လင်ရယ်မယားရယ်ဆိုတာ တစ်ယောက်အသုဘ တစ်ယောက်ချဖို့ တော်စပ်ထားကြတာ...။
မိန်းမကြီးက ကလေးမရနိုင်လို့ ကလေးလေးသံယောဇဉ် ကလေးရှေ့ရေးနဲ့ လက်ထပ်ယူလိုက်ရတယ်ဆိုရင်တောင်...
ဗမာလူမျိုးယဉ်ကျေးမှုနဲ့ အရိပ်က အဲဒီ့ကလေးလေးဆီအထိ လိုက်ဦးတော့မှာ...
အချစ်ဆိုတာ ဘယ်လောက်ခုတ်ခုတ် အကိုင်းအခက်အသစ်တွေ ထွက်တတ်တဲ့ အရာမျိုးလို့ အသစ်ထပ်ထည့်ရမလိုပဲ မမရေ..
( နောက်ထပ်တစ်ခေါက်ဖတ် နောက်ထပ် တစ်ခေါက်မန့်သွာသည်..။)
သုံးယောက်စလုံးကတော့ အချစ်အပေါ် ကိုယ့်ပြဌာန်း ချက်နဲ့ ကိုယ် ခံစား၊ လောင်ကျွမ်းခဲ့ကြတာပါပဲ၊ ပတ်ဝန်းကျင်မှာလည်း ဒီလိုအဖြစ်တွေက ဒုနဲ့ဒေးဆို တော့ ဒီ မီးတွေက ဆက်ပြီး တောက်လောင်နေဦး မှာပါပဲ၊ တခါတခါ အချစ်ဟာ အိုလံပစ် မီးရှူးတိုင်နဲ့ တူတယ်၊ အလျှံညီးညီး လောင်ကျွမ်းနေပေမယ့် လက်ဆင့်ကမ်းသယ်မယ့်သူတွေက အများကြီး...။း)
သိပ်ကြိုက်တယ် အစ်မ..
မမေငြိမ်း comment 'ဒါမှမဟုတ်ရင်.. ကိုယ့်ဆီ မနေချင်လို့ သွားတဲ့သူကို လွမ်းနေရတာက ပိုပို ရှုံးမသွားဘူးလားး ပိုနာတာပေါ့..။ ' ကို အပြည့်အဝ ထောက်ခံပါတယ်။း)
မ ရေ…. စာမရေးဖြစ်တာလဲကြာပေါ့… ဘလော့တွေနဲ့ ဝေးနေတာလဲကြာပေါ့… မနေ့ က အသိမောင်လေးတယောက်က သက်ဝေတက်ဂ်ထားတယ်ဆိုတော့ သက်ဝေဆီသွားရင်း ကိုယ်စိတ်ဝင်စားတဲ့ အချစ်အကြောင်းဆိုတော့ အင်ဂျင်တွေနဲနဲနိုးပြီး မ ဆီအရင်ရောက်လာတော့တာပဲ…
မ ရေ… ခုလောလောလတ်လတ်ကြီးကို အရမ်းနီးစပ်တဲ့ပတ်ဝန်းကျင်မှာ အဲဒီအထဲကအဖြစ်မျိုး အရှင်လတ်လတ်တွေ့ ပြီး ကာယကံရှင်ကိုယ်စား နာနာကျင်ကျင်ကြီးခံစားနေရတုန်း ပြုန်းကနဲ မ ရေးထားတာဖတ်လိုက်ရတော့ နှလုံးသားတွေ နွမ်းကျသွားတာပဲ မ ရယ်…
အမှန်ပြောရရင် မ ဇာတ်ကောင်တွေထဲက ပူးဝင်ခံစားမိတာက မမနေရာပါပဲ… တခြားနေရာတွေကို ဘယ်လိုမှ ပူးဝင်ခံစားလို့ မရတော့ … အင်းးးးး… သူတို့ ခံစားမှုကိုလဲ ဘယ်လိုမှ နားလည်ပေးလို့ မရဘူး မ ရယ်… ကိုယ်ကျင့်တရားဖောက်ပြန်မှုကို အချစ်ဆိုတဲ့ နာမည်လှလှလေးသုံးပြီး ထန်းလက်နဲ့ ကာနေသလိုပဲ… အချစ်ဆိုတာနဲ့  အယုံသွင်းပြီး မိန်းမတယောက်ကို ကိုယ့်ဘ၀ထဲ အတင်းဆွဲခေါ်လာ… ကိုယ့်သွေးသားအရင်းရင်း သားသမီးလေးတွေကို မျက်နှာလွဲခဲပစ်ပြီး…. အသစ်အဆန်းနောက် တကောက်ကောက်ပါသွားတဲ့ သစ္စာတရားဆိုတဲ့ စကားလုံးကို နဲနဲလေးမှ မလေးစားတဲ့ တာဝန်မယူတတ်သူ တယောက်ဆီမှာ အချစ်ဆိုတာ တကယ်ရောရှိပါသလားလို့  သံသယဖြစ်မိတာ အမှန်ပဲ မ ရယ်… သွေးသားဆန္ဒဆိုတာ အချစ်မှမဟုတ်တာလို့  အချစ်အကြောင်းမတောက်တခေါက်သိရုံလေးနဲ့  ငြင်းချင်မိတယ်…
အဲဒီဇာတ်ကောင်၃ယောက်ထဲက ကောင်မလေးလေးလို ကောင်မလေးတွေအတွက် ကျွန်မကဗျာလေးတပုဒ်ရေးခဲ့တယ်… ကောင်မလေးဖတ်ဖို့ ဆိုတဲ့ကဗျာလေးပါ… ဘ၀ကို အလွယ်လေးတွေးပြီး ကိုယ့်တန်ဖိုးကို ကိုယ်ကိုယ်တိုင်ရက်ရက်စက်စက်နင်းခြေပစ်လိုက်တဲ့ သူတို့ … ကြိုးတန်းပေါ်လမ်းလျှောက်ရဲလွန်းတဲ့သူတို့ … သူတို့ လိုတောင် အလွယ်လေးတွယ်ငြိသွားတဲ့ ယောင်္ကျားတယောက်… နောက်သူ့ လိုကောင်မလေးမျိုးတွေ့ ရင် မတွယ်ငြိပဲနေနိုင်မလားလို့ တောင် စဉ်းစားနိုင်တဲ့ဦးနှောက်မရှိတဲ့သူတို့ … ကိုယ့်သာယာမှုလေးအတွက် သူများမိသားစုကို ဖြိုခွဲရက်တဲ့သူတို့ … သူတို့ အနာဂတ်အတွက် ရင်လေးမိတယ် မ ရယ်….
မ ရေ… ဒီကော်မန့် မှာ emotionတွေ သိပ်များသွားတာ ခွင့်လွှတ်ပါ… ဒီထဲက မမလိုပဲ ကလေးလေး၂ယောက်နဲ့  ချန်ထားပစ်ခံရတဲ့ဘ၀မှာ ဒုက္ခရောက်နေတဲ့ ညီမလေးလို ခင်ရတဲ့ ဖြူဖြူစင်စင်စိတ်ထားကောင်းတဲ့ညီမလေးအတွက် မချိတင်ကဲဖြစ်နေတုန်း မ ပို့ စ်လေးနဲ့ တိုက်ဆိုင်သွားလို့ ပါ… တချိန်ကျရင်တော့ စေတနာမှန်တဲ့သူက ကိုယ့်စေတနာအကျိုးပေးပြီး စေတနာမွဲတဲ့သူကလည်း စေတနာမွဲတဲ့ အကျိုးပေးမှာပဲပေါ့…
မတန်ခူးရေ..
ဒီတလော အဲဒါမျိုးတွေ ကြားရလွန်းတဲ့အခါ ရိုးနေတဲ့ အဖြစ်တွေဆိုပေမဲ့ ရေးချင်လာတယ်..။ ခု ဒီစာမှာ ကာယကံရှင် ၃ယောက် ဘယ်လိုတွေးတယ်ဆိုတာကိုပဲ အမ ပြချင်ခဲ့တာပါ..။ ဒီအပေါ်မှာ ဘယ်လို ဆုံးဖြတ်ကြမလဲပေါ့..။ တခုတော့ ရှိတယ်... အမက ကိုယ်တိုင်လည်း ဇနီးသည်ကြီးနေရာမျိုးမှာ ရှိနေနိုင်တာမို့.. ဘယ်လို နှလုံးသွင်းမလဲဆိုတာကိုတော့ ဘက်လိုက်ပြီး တွေးထားတာပေါ့လေ..။ တကယ်တော့ မတန်ခူးရေ.. သူတို့ကမှ မငဲ့ညှာ မတွယ်တာရင်.. တို့တွေ ဘာများတတ်နိုင်မလဲပေါ့...ပြီးတော့ ဒါတွေက ဖြစ်တတ်တဲ့ ဖြစ်နေတဲ့ ကိစ္စတွေမဟုတ်လား...။ မောပါတယ်.. မတန်ခူးရယ်...
Post a Comment