Apr 5, 2012

မြန်မာအမေတွေ.. အမေရိကန်သားသမီးတွေနဲ့ ပျိုးပင်ပေါက် သပြေညို


တက္ကသိုလ်မှာ ဆရာမလုပ်တုန်းက ကိုယ့်ဘ၀တလျှောက်လုံး နှစ်ခြိုက်စိတ်သက်သက်နဲ့ ဖတ်လာတဲ့ စာတွေရယ်.. စာမေးပွဲအောင်ဖို့ဆိုတဲ့ စိတ်နဲ့ ကျက်မှတ်ခဲ့ရတဲ့ စာတွေရယ် ကြောင့် စာသင်ခန်းထဲကို ၀င်တော့မယ်ဆိုရင် ကိုယ့်မှာ အခက်အခဲရယ်လို့ မရှိခဲ့သလို ပါပဲ။

ခုတော့ ပရဟိတဆရာမအဖြစ် မြန်မာစာ မြန်မာစကားမသိတဲ့ မြန်မာကလေးတွေ ကို စာသင်ကာမှပဲ ကျမမှာ ဘာသာစကားသင်ကြားနည်းတွေ၊ စာသင်ခန်း ကွပ်ကဲ နည်းတွေ.. အရည်အချင်း စောင့်ကြည့် အကဲဖြတ်ပြီး အတန်းတင်ပေးတဲ့ စနစ်တွေကို ကျမ လေ့လာရပါတယ်။ ကျမ သမီးနဲ့သားကို အိမ်မှာ ကိုယ့်ဘာသာသင်နေတုန်းကတော့ အလွယ်တကူပါပဲ။ သမီးရဲ့ Level နဲ့ သားရဲ့ Level နှစ်ခုထဲကို ပုံမှန်သင်သွားရုံပဲလေ။ ခုကတော့ ကလေးတွေက အဆင့်အမျိုးမျိုး.. အခြေအနေအမျိုးမျိုး…။

သေချာ ခွဲပြရရင်.. ကလေး အများစုက မြန်မာစကားနားလည်ပြီး ပြန်မပြောတတ်တာ။ အဲဒီကလေးတွေက အများစုပါ။ ကလေးတချို့ကတော့ နည်းနည်း အဓိပ္ပါယ်ထွေပြားစေတဲ့.. နေ့စဉ်သုံး မဟုတ်တဲ့ စကားတွေဆို နားမလည်နိုင်ပါဘူး။ ဒါပေမဲ့ အားသာချက်တခုက သူတို့က မြန်မာကျောင်းလာရတာကို ပျော်တာပါပဲ။ ကျမငယ်ငယ်ကတည်းက နှစ်သက်ခဲ့တဲ့ ဆောင်ပုဒ်လေးဖြစ်တဲ့ ကျောင်းနေပျော်၍ စာတော်ရမည်ဆိုသလို.. ကလေးတွေ ကျောင်းနေပျော်ပြီး စာကို တကယ်သိနားလည်ဖို့ ဆိုတဲ့ ရည်ရွယ်ချက် ပြည့်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ကနဦးတုန်းက နွေရာသီ ၃လသင်တန်းပဲလို့ ရည်ရွယ်ခဲ့တဲ့ သပြေညိုက ပုံမှန် တနှစ် သင်တန်း ဖြစ်သွားခဲ့ရတာပါ။

+++++++

သပြေညိုကျောင်းလေးနဲ့ ပတ်သက်ရင် ကြုံရတဲ့အခက်အခဲလေးတွေက တခါတလေ ကိုယ့်အတွေ့အကြုံနဲ့ပဲ ယှဉ်စဉ်းစားပြီး ဖြေရှင်းသွားရပါတယ်။ ဥပမာ.. ကလေးတွေကို ကဗျာသင်တဲ့အခါ၊ က-ကလေးငယ် ချစ်စဖွယ် အစချီတဲ့ ဗျည်းကဗျာမှာတောင် ကလေးတွေအတွက် သ-သပြေညို အောင်ပွဲကြို.. နဲ့ အ-အမိမြေ တို့တိုင်းပြည် ငါတို့ ချစ်တဲ့ မြေ.. ဆိုတာတွေမှာ ကလေးတွေ အထစ်ထစ် အငေါ့ငေါ့  ဖြစ်ကြရပါတယ်။ သူတို့အတွက် ခက်ပါတယ်။ ဒါပေမဲ့ “မောင်တို့ မယ်တို့ ကျောင်းခန်းဝင် .. အပြုံးပန်းကို ဆင်.. မင်္ဂလာပါ ဆရာမ.. ညီညီညာညာ နှုတ်ဆက်ကြ” ကဗျာကျတော့ အမူအယာနဲ့ ဆိုရတဲ့အပြင် သူတို့အတွက် နားလည် လွယ်လို့ထင်ပါရဲ့.. အရလွယ်ပါတယ်။ အဲလိုနဲ့ မမ၀၀ ထထက..၊ ချိုးကလေး..၊ တို့ကျောင်း..၊ ဖိုးစလုံး ကဗျာတွေ သင်လာပြီး အဆင် ပြေခဲ့တဲ့ တလျှောက်၊ “မယ်ထွေး မယ်ထွေး .. ဘာကိုပျိုး” ဆိုတဲ့ “ဥယျာဉ်မှူး” ကဗျာ လည်း ကျရော၊ သူတို့ခမျာ လျှာတွေ ခလုတ်တိုက်၊ အဓိပ္ပါယ်လည်း သေချာ နားမလည်တော့ ကျမ တော်တော် ချွေးပြန်အောင် ရှင်းပြရပါတယ်။

ဒါပေမဲ့ သူတို့ အဲဒီကဗျာကို မပျော်ပါဘူး။ နောက်ပိုင်းမှာ သူတို့ မပျော်တဲ့ သူတို့အတွက် ခက်တဲ့ ကဗျာတွေ ထဲမှာ လူမိုက်ဆိုလျှင် ရှောင်သွေလွဲလို့.. မင်္ဂလာကဗျာလည်း ပါပါသေးတယ်။ အဲဒီကဗျာတွေက သူတို့ အတွက် တညီတညာတည်း ခက်ခဲနေခဲ့ပါတယ်။ ကျမ စိတ်ထင်တော့ သူတို့အတွက် ဘာသာစကား မရင်းနှီးမှုကြောင့်ပဲ ဖြစ်ပါလိမ့်မယ်။ ဒါနဲ့ပဲ အဲလို ကဗျာတွေကို မသိမသာ ကျော်သွားခဲ့ရပါတယ်။ အဲဒီလို ကျော်သွားရချိန်မှာ အဲဒီကဗျာတွေထဲက အကြောင်းအရာနဲ့ စကားလုံးတချို့ကိုတော့ သူတို့ ရင်းနှီးအောင် ကျမ တမင် ထည့်ပြောတာမျိုး လုပ်ယူရပါတယ်။

ဥပမာ… ပျိုးတယ်ဆိုတာ ဘာလဲ..။ ဥယျာဉ်ဆိုတာဘာလဲ…၊ မိုးသောက်နေ၀င်ဆိုတာ ဘာလဲ..၊ အများကောင်းကျိုး ကိုယ့်ကောင်းကျိုးဆိုတာဘာလဲဆိုတာမျိုးတွေကို စကားဆက်စပ်ပြောပြရပါတယ်။ အဲလိုနဲ့ အဓိပ္ပါယ်ကို သူတို့ သိလာပေမဲ့ ကဗျာကို အလွတ်ဆိုဖို့မှာတော့ သူတို့ခမျာ ခက်နေတုန်းပါပဲ။

++++++

ကျမတို့ငယ်ငယ်ကတော့ အဖေအမေက မအားရင်တောင် အဖိုးတွေအဖွားတွေဆီက အလျဉ်းသင့်သလို ကြားနေကျ ပုံပြင်တွေ ဆိုရိုးတွေနဲ့ ဘုရားဟောတရား တစွန်းတစ တွေကြောင့် ဒီလိုအကြောင်းအရာတွေ စကားသုံးတွေကို တကူးတကရှင်းပြစရာမလိုပဲ သိနေပြီးသားပါ။ ဒါက ဒီက ကလေးတွေနဲ့ အဓိက မတူတဲ့အချက်ပါပဲ။ သူတို့က မြန်မာ့လူနေမှုနဲ့ စိမ်းတာကြောင့် တချို့ရပ်သုံးရွာသုံးတွေကို မသိတာပါ။ ဒါကြောင့် ရပ်ဓလေ့ ရွာဓလေ့ မြန်မာ့ဓလေ့အခြေခံတွေနဲ့ ဖွဲ့တဲ့ ကဗျာတွေ စာတွေကိုတောင်မှပဲ မှတ်မိနိုင်ဖို့ တကူးတက ကြိုးစားယူနေရတာပါ။ အဲဒီထဲမှာမှ ကလေးတွေနဲ့ ကျမ ကြုံရတဲ့ အခက်အခဲတခုက စာမေးပွဲစနစ်ကိစ္စပါ။

+++++++

အနှစ် ၄၀လုံး မြန်မာပြည်ပညာရေးထဲ ကြီးပြင်းခဲ့ရတဲ့ကျမက စာသင်သားတွေကို အရည်အချင်းစစ်တဲ့အခါ စာမေးပွဲစနစ်ကိုပဲ ယဉ်ပါးနေခဲ့ပါတယ်။ အဲဒါဟာ မရည်ရွယ်ခဲ့တဲ့ ထင်မှတ်မထားခဲ့တဲ့ ကျမရဲ့ အမှားပါပဲ။

+++++++

သပြေကျောင်း နွေ ၃လအပြီးမှာ မျှော်လင့်ထားတာထက်ပိုပြီး အောင်မြင်တာကြောင့် ဆရာဆရာမတွေရော မိဘတွေပါ စိတ်ချမ်းသာကြရပါတယ်။ အမေတွေအားလုံးလိုလို ပြောကြတာက၊ သပြေညိုကျောင်းစကာစမှာ သူတို့ရဲ့ ကလေးတွေကို ကျောင်းတက်ဖို့ အရေး တော်တော် စည်းရုံး ရမယ်.. တောက်လျှောက် တွန်းတွန်း တိုက်တိုက် ကျောင်းပို့ကြရလိမ့်မယ်လို့ ထင်ထားခဲ့တာပါ..တဲ့။ ဒါပေမဲ့ ကလေးတွေဟာ မြန်မာစာ ကျောင်းလာဖို့ကို သူတို့ဘာသာကို စိတ်လိုလက်ရ ရှိလာကြတာမို့ စိတ်ချမ်းသာ ရကြောင်း.. ဆရာ ဆရာမတွေကို ကျေးဇူးတင်ကြောင်းတွေ ပြောကြပါတယ်။

ဒါနဲ့ပဲ ကျမကိုယ်တိုင်လည်း ပျော်ရွှင်ပြီး ၃လစာ သီတင်းပတ် ၁၂ပတ် သင်ထားသမျှ စာမေးပွဲစစ်ပြီး သူ့အသက် နဲ့ Level အလိုက် ပထမ ၊ ဒုတိယ ၊ တတိယ ဆိုပြီး ဆုပေးမိပါတော့တယ်။ ကလေးတိုင်းကိုတော့ လက်ဆောင်ဆုတွေ ပေးပေမဲ့ ပထမ ၊ ဒုတိယ ၊ တတိယဆု ခွဲထုတ်ပေးလိုက်တာဟာ၊ စာမေးပွဲစနစ်၊ အပြိုင်အဆိုင်စနစ်နဲ့ မယဉ်ပါးခဲ့တဲ့ ကလေးတွေရဲ့ စိတ်နှလုံးနုနုလေးကို မသိမသာ ထိခိုက်သွားစေခဲ့ ပါတယ်။ အဲလိုပဲ ဆုရသွားတဲ့ကလေးတွေကို ကျန်တဲ့ကလေးတွေက နည်းနည်းခွဲပြီး မြင်သွားခဲ့ ပါတယ်။ ဒါက အကျိုးမရှိတဲ့ ရလဒ်ပဲလို့ သိတော့ ကျမ နောက်ကျသွားခဲ့ပါပြီ။

ကျမကို ချစ်တဲ့စိတ်နဲ့ ဖွင့်မပြောကြပေမဲ့ အမေတွေလည်း သူတို့ရဲ့ သားသမီးတွေကို အားပေး နှစ်သိမ့်ရင်း စိတ်မကောင်းဖြစ်ခဲ့ကြတာကို ကျမ ရိပ်မိခဲ့ပါတယ်။ ပြီးတော့ ကျမ မေ့ထားခဲ့တာက အမေတွေဟာ ကျမလိုပဲ မြန်မာ့ပညာရေးစနစ်ထဲမှာ အပြိုင်အဆိုင် စနစ်ထဲ ကြီးပြင်းခဲ့ရပေမဲ့ သူတို့ရဲ့ အမေရိကန်မှာမွေး၊ အမေရိကန်ရဲ့ ကိုယ့်တာဝန် ကိုယ်ယူရတဲ့ ပညာယဉ်ကျေးမှုထဲ ပျော်ဝင်ယဉ်ပါးရတဲ့ သား သမီးတွေကြောင့် သူတို့က မြန်မာစိတ် တ၀က်၊ အမေရိကန်ယဉ်ကျေးမှုတ၀က် ရှိနေရသူတွေပါ။

အဲဒီအခါ တကယ်ပဲ မိဘဆရာ ပူးပေါင်းပြီး ကလေးပညာ ကောင်းရတဲ့ အမေရိကန်ပညာရေးစနစ်နဲ့ ရင်းနှီး ရသူတွေမို့လည်း သူတို့ကပါ ကလေးတွေနဲ့အတူ ကျမရဲ့ မြန်မာစာသင်ခန်းစာတွေထဲ ၀င် ဆင်နွှဲ ရ တာမို့ သူတို့လည်း ကလေးတွေရဲ့ အောင်မြင်မှု၊ ခက်ခဲမှု၊ ပျော်ရွှင်မှု၊ မပျော်ပိုက်မှုတွေကို အတူ ဖြေရှင်းကြရတာမို့ ကျမ လုပ်လိုက်တဲ့ စာမေးပွဲဆိုတာထဲ အမေတွေပါ ရင်တခုန်ခုန် ရှိကြရ ပါတော့တယ်။ ဒါနဲ့ပဲ ကျမ စနစ်ကို သေချာပြောင်းရပါတော့တယ်။

စာမေးပွဲဆိုတာ ကိုယ်စာ ဘယ်လောက် လိုက်နိုင်လဲဆိုတာကို သိချင်လို့ နေ့တိုင်း အတန်းထဲမှာ ပုံမှန် စစ်တဲ့ သတ်ပုံ ခေါ်တာမျိုးပဲနော်လို့ ပေါ့ပေါ့ပါးပါးဖြစ်အောင် ပြောရပါတယ်။ ပြီးတော့ ကျောင်းနဲ့ ပတ်သက်လို့.. သင်ခန်းစာတွေနဲ့ ပတ်သက်လို့.. ဆရာ ဆရာမတွေရဲ့ သင်ကြားရေးနဲ့ ပတ်သက်လို့ သူတို့စိတ်ထဲ ရှိတာလေးတွေ.. ပြောစေချင်တာနဲ့ Evaluation လုပ်ခိုင်းဖို့ ပြင်ဆင်ရပါ တယ်။ အဓိကကတော့ သူတို့ ပုံမှန်တက်နေကျ ကျောင်းလိုပဲ သပြေညိုကျောင်းဟာ လေ့လာ သုံးသပ်ခွင့်၊ ဝေဖန်ထောက်ပြခွင့် နဲ့ လွတ်လပ်စွာ ပြောဆိုခွင့် သင်ယူခွင့်တွေ ရှိတဲ့နေရာလေးဆိုတာကို ကလေးတွေ လက်ခံအောင် ပြရတာပါပဲ။

အဲဒီအတွက် ကျမလည်း ကြိုးစားရပါတယ်။ ဘာလို့လဲဆိုတော့ ကျမကလည်း မြန်မာ အမေ.. မြန်မာ ဆရာမ ဖြစ်နေသလို ကျမသားသမီးတွေကလည်း အမေရိကန် တပိုင်း ဖြစ်နေကြလို့ပါပဲ။ ပြီးတော့ သပြေညိုအောင်ပင်လေးကလည်း ခုမှ ပျိုးပင်ပေါက် အရွယ် သာ ရှိသေးတာကိုးလေ။

၂၁ မတ်လ ၂၀၁၂။

( ပြည်တွင်းထုတ် Venus News Weekly Journal ပါ အပတ်စဉ်ဆောင်းပါး-အမှတ် ၃) 

No comments: