May 2, 2012
အိမ်ဆီသွားတဲ့ လမ်း…
အဲဒီနေ့က ကျမ မော်လမြိုင်-သံဖြူဇရပ်လမ်းပေါ် ခဏ ပြန်ရောက်သွားတယ်။
ပြီး ခဏကြာတော့ ပင်းဒယ-တောင်ကြီးကားလမ်းပေါ် ရောက်သွားပြန်ရော…။
ဟော ဟိုးမှာ တောင်တန်းအလွှာတွေလား..၊ သစ်ပင်တောအုပ်အဆင့်ဆင့်တွေလား။
အစိမ်းရင့်.. အစိမ်းနု၊ အညိုရင့်.. အညိုနု၊ မီးခိုးရင့်- မီးခိုးနု။ တချို့နေရာတွေမှာ လိမ်မော်တွေ အနီတွေ ကျန်နေသေးတယ်။ Fall တုန်းက လက်ကျန်တွေလား… ဒါမှမဟုတ်.. သူ့ရဲ့ ရွက်သစ်လဲတဲ့ ရာသီကိုက Spring လား။ ဘာပဲဖြစ်ဖြစ်.. သဘာဝက ဖန်ဆင်းတဲ့ ရှုခင်းပန်းချီထဲ အရောင်စုံအောင် ထည့်ပေးထားသလို..။
ဒီနေ့ကျကာမှ နည်းနည်း အအေးပိုပေမဲ့ ကောင်းကင်ကတော့ ကြည်စင်လို့။ တိမ်တွေ ကလည်း အရုပ်တွေထင်လောက်အောင် အထူသားနဲ့။ ငယ်ငယ်က ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နားက နမ့်ဟူးတောင်းမှာ မော့ကြည့်ခဲ့ရတဲ့ တိမ်တွေလိုပါပဲ။ ဟော.. ကျမ နမ့်ဟူးတောင်းလည်း ရောက်သွားပြန်ပြီ။ တချက်တချက်မှာ ကားက တောင်မြင့်မြင့်တွေပေါ် တက်ရင် ဘေးမှာ ချောက်တွေ နဲ့ ချောက်တွေအောက် ခပ်လှမ်းလှမ်းမှာ ချောင်းတွေ မြစ်တွေ ပတ်စီးနေတာကို လှမ်းတွေ့ ပါတယ်။ ဟော.. အဲဒါ လားရှိုးသွားရင် ဖြတ်ရတဲ့ ဂုတ်တွင်းပေါ့..။ ဂုပ်ထိပ်တံတားကို တွေ့ချင်ရင်တော့ Shenandoah River ဘက်သွားရင်တော့ West Virginia ရဲ့ ပြည်နယ်သင်္ကေတ တံတားကြီးကို တွေ့မှာ။ ဂုတ်ထိပ်တံတားနဲ့ ခပ်ဆင်ဆင်ပေါ့။
ဟုတ်တာပေါ့.. တကယ်တော့ ကျမ သွားနေတာ West Virginia ကိုပါ။ ကျမနေတဲ့ Maryland ကနေ ၂နာရီကျော်လောက် ကားမောင်းသွားရင် ရောက်နိုင်တဲ့ အဲဒီ ဒေသ လေးက ကျမကို ချင်းတောင်တန်းတွေ.. ရှမ်းတောင်တန်းတွေနဲ့ မွန်ပြည်နယ် က သစ်ပင်အုပ်တွေကြား ဖြတ်သွားရတဲ့ အဝေးပြေးလမ်းတွေဆီကို ရောက်သွားစေတာပါ။ အဝေးကြီးက တောင်တန်းတွေကလည်း ဘယ်သူတွေ ဘာပဲပြောပြော ကျမ ခံစားရ တာကတော့ ရှမ်းတောင်တန်းတွေ.. ဒါမှမဟုတ်လည်း ချင်းတောင်တန်းတွေ ပါပဲ။ အလွှာလိုက် အထပ်လိုက်..၊ တချို့နေရာတွေမှာ လှေကားထစ်တွေလို ထစ်ပြီး စိုက်ဖို့ ပျိုးဖို့ မြေတွေ ပြင်ထားတာလည်း တွေ့တယ်။ စိုက်ရာသီကို စောင့်နေကြတာလေ..။
မြေကွင်းပြင် ကျယ်တွေ ဖြတ်ရင်တော့ နွားတွေ သိုးတွေ အုပ်လိုက်..၊ သန်မာ တောင့်တင်းတဲ့ ရွှေညိုရောင် မြင်းတွေနဲ့ သပ်ရပ် ကြီးမား ခိုင်ခံ့တဲ့ အိမ်ကြီးတွေ..။
စိုက်ခင်းတွေ.. ပျိုးခင်းတွေ.. ပန်းခင်း တချို့..။ စိတ်ထဲ မချင့်မရဲနဲ့ ကားတံခါး ဖွင့်လိုက်တော့ လေရဲ့ ရနံ့က မွှေးလိုက်တာ။ တိတ်ဆိတ်အေးချမ်းလှတဲ့ ၀န်းကျင်။ သာယာလှပတဲ့ သဘာဝ။ လမ်းတလျှောက် အကောက်အကွေ့တွေ ဂုံးတက် ဂုံးဆင်းတွေ.. သစ်ပင် တောအုပ်တွေက ကိုယ့်နံဘေးမှာ…။ နေခြည်တွေက သစ်ပင်တွေကြားထဲ ထိုးစိုက်ကျ..။ တိုက်ခတ်တဲ့ လေက အေးမြ..မွှေးမြ..။
အင်း ဒါကြောင့်လည်း John Denver က
♩ ♪ ♫ ♬
Almost heaven,
West Virginia Blue ridge mountains,
Shenandoah river
Life is old there, older than the trees
Younger than the mountains,
growing like a breeze ♩ ♪ ♫ ♬
လို့ ဆိုပေတာပဲ…။
+++++
လမ်းတလျှောက်မှာ တွေ့ခဲ့ရသမျှနဲ့ ပြောရင်တော့ ကျမတို့ ဖြတ်ခဲ့တာက ကျေးလက် ဒေသ ပါ။ အဲဒီမှာ နေသူတွေက စိုက်ပျိုးရေး မွေးမြူရေးတွေ လုပ်ကြမယ်။ ဒါမှမဟုတ်.. ပိုင်ရှင်တွေက မြို့ပြမှာ နေပြီး အပန်းဖြေဖို့ ဒါမှမဟုတ် ရင်းနှီးမြှုပ်နှံတဲ့အနေနဲ့ ဒီ မြေတွေ အိမ်ကြီးတွေကို ၀ယ်ထားကြပြီး အိမ်စောင့်တွေက စိုက်ပျိုးမွေးမြူတာလည်း ဖြစ်နိုင်ပါ တယ်။ တချို့အိမ်တွေက သူတို့ မြေတွေ ကျယ်လွန်းတော့ အိမ်ရှေ့မှာ ကန်ကြီးတွေ တူးထားတယ်။ ကန်ထဲမှာ ၀မ်းဘဲတွေ.. ငန်းတွေက ရေကူးလို့။ တချို့နေရာတွေမှာ တော့ သိုးအုပ်တွေ နဲ့ သိုးထိန်းခွေးတွေ ပြေးလွှား။ တကယ့် ကျေးလက်။ တကယ်တမ်းကျတော့ အဲဒီနေရာက မြို့တော် ၀ါရှင်တန်ဒီစီနဲ့ ဆိုရင် အလွန်ဆုံး ၂နာရီကျော် ၃ နာရီလောက်ပဲ ကားမောင်းရင် ရောက်တဲ့ နေရာ။ ပြီးတော့ ဈေးချိုချိုနဲ့လည်း မြေကျယ်ကျယ် အိမ်ကြီးကြီးတွေ ရနိုင်တဲ့ နေရာ။
ညဆို အဲဒီ အိမ်ကြီးတွေထဲ အေးအေးဆေးဆေး နွေးနွေးထွေးထွေး နေနိုင်ပါသေး။
သားသမီးတွေ မရှိတော့တဲ့ ပင်စင်စားအဖိုးကြီး အဖွားကြီး နှစ်ယောက်တည်းဆိုလည်း တူတူ ရုပ်မြင်သံကြားကြည့်ရင်း ၀ိုင်တခွက် စီ သောက်၊ ဒါမှမဟုတ် ခြံထွက် နွားနို့လေး သောက်၊ လျှပ်စစ်မီး အမြဲရတဲ့နိုင်ငံမို့ နွားနို့ ပူပူလေးကို မပင်မပန်းသောက်နိုင်လိမ့်မယ်။ သားသမီးတွေ ကိုယ့်ဆီ လာမနေလည်း မပူတော့ပါဘူး လေ.. အရွယ်ရောက် သားသမီးတွေက သူတို့ဘ၀ သူတို့ ထိန်းကျောင်းနိုင်မယ့် နိုင်ငံမှာ ရှိနေတာမို့ မိဘတွေမှာ ပူဖို့ တာဝန်မရှိ။ မိဘ မို့ သူတို့လေးတွေကို လွမ်းတာ တော့ ရှိမှာပေါ့။
ဒါပေမဲ့ ဒါကလည်း ဓမ္မတာမို့ အဆန်းတကြယ် ခံစားရမယ့်ကိစ္စမဟုတ်။ သားသမီးတွေ လက်လွတ်သွားတဲ့ အချိန်မျိုးကျရင်နေဖို့ တကယ်ရွေးသင့်တဲ့ နေရာလို့ ကျမ ခံစားနေမိတယ်။ ဘယ်လောက် စိတ်အေးချမ်းမြေ့ ရှိလိုက်မလဲ..။
+++++
ဆက်ပြောရင် ကျမ ဘယ်လောက် တကိုယ်ကောင်းဆန်တယ်ဆိုတာ ပေါ်လာတော့မယ်။ ကျမက ကိုယ့်ဇာတိမြေရဲ့ အဝေးကြီး တိုင်းတပါးနိုင်ငံမှာ ပျော်နေနိုင်.. စိတ်အေးချမ်း နိုင်တဲ့ တကိုယ်ကောင်း ဆန်သူပေါ့..။ ဟုတ်တယ်မို့လား။ ဒါပေမဲ့ မတတ်နိုင်ပါဘူး။ ဟုတ်ပါတယ်.. ကျမ တကယ်ပဲ ခု ကျမ နေရတဲ့ဘ၀မှာ ပျော်ပါတယ်။ စိတ်ချမ်းသာပါတယ်။ တချိန်မှာတော့ အဲလို စိုက်ခင်းမြေ အကျယ်ကြီး ပါတဲ့ နေရာဒေသ မျိုးလေးမှာ ကျမ ခင်ပွန်း အင်မတန်ဝါသနာပါတဲ့ စိုက်ပျိုး မွေးမြူရေး အလုပ်ကို လုပ်ရင်း .. ကျမက စာတွေရေး စာတွေဖတ်နဲ့ ဘ၀မှာ ဇောက်ချ နေသွားနိုင်ချင်တယ်လို့လည်း စိတ်ကူးနေသေး တာပါ။
John Denver ကတော့ ဆိုတယ်..
♩ ♪ ♫ ♬
Country roads, take me home
To the place I belong West Virginia,
mountain momma
Take me home, country roads… ♩ ♪ ♫ ♬
ကျမအတွက်လည်း လောလောဆည်မှာတော့ ခဏလေးသွားခဲ့ရတဲ့ West Virginia ခရီးတိုလေးက အိမ်ဆီရောက်အောင် ပြန်ခေါ်သွားသလိုပါပဲ။
ဟုတ်ပါတယ်.. အဲဒီလမ်းတွေက ကျမကို အိမ်ဆီ ရောက်အောင် ခေါ်သွားခဲ့ကြတယ်..။
ဘာလို့လဲဆိုတော့ ကျမအတွက်
အိမ်ဆိုတာက..
ရောင့်ရဲ တင်းတိမ်မှုတွေနဲ့
စိတ်ချမ်းသာ ကိုယ်ကျန်းမာ..
လွတ်လပ်ပေါ့ပါး…
နေခွင့်ရတဲ့ နေရာတခုသာ ဖြစ်လို့ပါပဲ။
♩ ♪ ♫ ♬
I hear her voice in the mornin' hour she calls me
The radio reminds me of my home far away
And drivin' down the road
I get a feelin' That I should have been home yesterday, yesterday
Country roads,
take me home To the place
I belong West Virginia,
mountain momma Take me home,
country roads ♩ ♪ ♫ ♬
++++++
မေလ ၁ ရက်၊ ၂၀၁၂။
Subscribe to:
Post Comments (Atom)
-
ကိုယ့်အလုပ်တွေနဲ့ ကိုယ်ရှုပ်… ပြီးတော့ တော်ရုံဆို ၀င်မပြောချင်.. လို့ ထားထားလိုက်တာ။ ခုတော့ နည်းနည်းလည်း အားပြီ။ ပြီးတော့ ပြောချင် စိတ် လည်...
-
ဘယ်သူဟာ သေခြင်းအတွက် အဆင်သင့်ဖြစ်လဲ စဉ်းစားရင် ပထမဆုံး သတိရတာ.. ခင်ဗျားပါပဲ ဂျွန်.. Elvis လို သေခြင်းကို ကိုယ့်ဘာသာ မရွေးချယ်ခဲ့ပေ...
-
ဆောင်းတွင်းကို ဖြတ်သန်းချိန်မှာ ရာသီဥတုက ချမ်း .. လေတွေများ တိုက်လိုက်လို့ တုန်ခိုက် သွားပြီဆိုရင် အမြဲတမ်း ပထမဆုံး သတိရတာက...
12 comments:
လှလိုက်တာ အမရေ..၊ Almost heaven တဲ့လား၊ ဂျွန်ဒင်းန်းဗားက လွမ်းမယ် ဆိုလည်း လွမ်းလောက်စရာပါပဲ၊ သစ်တောတွေ၊ တောင်တန်းတွေက ဘယ်နိုင်ငံက ဟာပဲဖြစ်ဖြစ်၊ ကြည့်ရတာ ဘယ်တော့မှ ရိုးသွားတယ်လို့ကို မရှိ ပါဘူးဗျာ..။
မော်လမြိုင် သံဖြူဇရပ်ကို ခဏပြန်ရောက်သွားတယ်ဆိုတာနဲ့ စထားတော့ မြန်မာပြည်မှာ အဲဒီဘက်က ဒီလောက်တောင် လမ်းကောင်းနေပြီလားဆိုပြီး အံ့သြသွားတယ်။ နောက်ဆက်ဖတ်ကြည့်မှပဲ သိတော့တယ်။ အဲလို ခရီးသွားရင်း ရှုခင်းလေးတွေ ဓာတ်ပုံ ရိုက်ရတာ ကျွန်မလည်း တော်တော် ၀ါသနာပါပြီး အဲလိုပြန်တင်ပြတာ သဘောကျတယ်။
လှလိုက်တဲ့ ရှု့ခင်းလေးတွေ
ကောင်းလိုက်တဲ့အရေးအသားလေး "လမ်းတွေက ကျမကို အိမ်ဆီ ရောက်အောင် ခေါ်သွားခဲ့ကြတယ်" တဲ့.
အနာဂတ်စိတ်ကူးနဲ့ တကယ်သွားနေတဲ့နေရာလေးကို ပေါင်းစပ်ထားတယ်နော်.
အိမ်ဆိုတာလေးကို အဓိပယ် ဖွင့်ထားလည်းကြိုက်သွားတယ်။
ဆက်ပြောရင် ကျမ ဘယ်လောက် တကိုယ်ကောင်းဆန်တယ်ဆိုတာ ပေါ်လာတော့မယ်။ ကျမက ကိုယ့်ဇာတိမြေရဲ့ အဝေးကြီး တိုင်းတပါးနိုင်ငံမှာ ပျော်နေနိုင်.. စိတ်အေးချမ်း နိုင်တဲ့ တကိုယ်ကောင်း ဆန်သူပေါ့..။ ဟုတ်တယ်မို့လား။ ဒါပေမဲ့ မတတ်နိုင်ပါဘူး။ ဟုတ်ပါတယ်.. ကျမ တကယ်ပဲ ခု ကျမ နေရတဲ့ဘ၀မှာ ပျော်ပါတယ်။ စိတ်ချမ်းသာပါတယ်။
နားလည်ပါတယ် အစ်မရယ်...
ဒီပိုစ်လေးဖတ်ရတာလည်း စိတ်ချမ်းသာမိပါတယ်။
ဆက်ပြောရင် ကျမ ဘယ်လောက် တကိုယ်ကောင်းဆန်တယ်ဆိုတာ ပေါ်လာတော့မယ်။ ကျမက ကိုယ့်ဇာတိမြေရဲ့ အဝေးကြီး တိုင်းတပါးနိုင်ငံမှာ ပျော်နေနိုင်.. စိတ်အေးချမ်း နိုင်တဲ့ တကိုယ်ကောင်း ဆန်သူပေါ့..။ ဟုတ်တယ်မို့လား။ ဒါပေမဲ့ မတတ်နိုင်ပါဘူး။ ဟုတ်ပါတယ်.. ကျမ တကယ်ပဲ ခု ကျမ နေရတဲ့ဘ၀မှာ ပျော်ပါတယ်။ စိတ်ချမ်းသာပါတယ်။
နားလည်ပါတယ် အစ်မရယ်...
ဒီပိုစ်လေးဖတ်ရတာလည်း စိတ်ချမ်းသာမိပါတယ်။
အပေါ်က me က မလေးပါ။ အစ်မ ဖျက်လိုက်လို့ရပါတယ်။
ဘလော့မှာ စာမရေးဖြစ်တာကြာလို့ အားပေးနေကျ ဘော်ဘော်တွေကို အားနာနေတာ.. ခု ပြန်တင်တော့လည်း တခုတ်တရ လာဖတ်ကြလို့မို့ ကျေးဇူးတင်ရပါတယ်။ :)
Nice!!
http://sphotos.xx.fbcdn.net/hphotos-snc6/180945_1646564248536_1369813493_31613248_3242256_n.jpg
ဆက်ပြောရင် ကျမ ဘယ်လောက် တကိုယ်ကောင်းဆန်တယ်ဆိုတာ ပေါ်လာတော့မယ်။ ကျမက ကိုယ့်ဇာတိမြေရဲ့ အဝေးကြီး တိုင်းတပါးနိုင်ငံမှာ ပျော်နေနိုင်.. စိတ်အေးချမ်း နိုင်တဲ့ တကိုယ်ကောင်း ဆန်သူပေါ့..။ ဟုတ်တယ်မို့လား။ ဒါပေမဲ့ မတတ်နိုင်ပါဘူး။ ဟုတ်ပါတယ်.. ကျမ တကယ်ပဲ ခု ကျမ နေရတဲ့ဘ၀မှာ ပျော်ပါတယ်။ စိတ်ချမ်းသာပါတယ်။
ထပ်တူ နားလည်တယ် အမ... ကိုယ့်လက်ရှိဘဝကို ကိုယ်တိုင် ကျေနပ် ပျော်ရွှင်နေရတာ ဘယ်လောက် ကောင်းသလဲ...း)
စာလေး တစ်ကြောင်းဖတ်ပြီး..
အပေါ်ဆုံးပုံက ကော့ကရိတ် မြဝတီလမ်းထင်နေတာ..
ချက်ချင်း ပြန်သတိရသွားတယ်..
ငါ့နှယ် မှားတတ်လိုက်တာလို့.. ဂ ငယ်ကွေ့ကြီးပါ သတိရသွားတယ်...။
သဘာဝ ရဲ့ ရှုခင်းတွေက စိတ်ကို ငြိမ်းချမ်းစေတာ အမှန်ပါပဲ ခင်ဗျာ ... ခရီးထွက်ရတဲ့အခါ ... စိတ်က သဘာဝ ကို ထိတွေ့ရတဲ့အခါတိုင်း အားတွေ ပြည့်လာသလို ၊ လန်းဆန်းသွားသလို ခံစားမိပါတယ် ...။
Post a Comment