May 8, 2015

သေခြင်း နဲ့ နီးနီးလေး





လတ်လတ်ဆတ်ဆတ် နီနီရဲရဲ သွေးတွေကို မြင်ချိန်မှာ ပထမဆုံးတွေးမိတာက ခပ်ရိုးရိုးပါပဲ .. ငါ သေများသွားမလား ဆိုတာပဲပေါ့..။ ခုပြန်တွေးကြည့်တော့ အဲဒီအချိန်မှာ ကျမ ကြောက်သွားသလား .. ကြောက်နေခဲ့သလား..။ အင်း.. နည်းနည်းတော့ လန့်သွားတယ်.. နည်းနည်းလည်း ထူးဆန်းနေတယ် .. ခန္ဓာကိုယ်တွင်း ဘယ်နေရာကမှ မနာ မကျင်ဘဲ.. သွေးတွေအများကြီး ကိုယ့်ဝမ်းခေါင်းထဲက ထွက်လာတာ ဆိုတော့။ နောက်တော့ ဆရာဝန်နဲ့ တွေ့ဖို့သွားတဲ့ လမ်းတလျှောက်မှာ သေခြင်းတရား ဆိုတာ ကိုပဲ တွေးနေမိတယ်။ တကယ်တော့ ကျမက နေ့တိုင်းလိုလို သေခြင်းတရားကို တွေးမိနေကျပါ။

ပြီးခဲ့တဲ့အပတ်ထဲမှာပဲ ကျမတို့ ညာဘက်ခြမ်းအိမ်က ‘Dorothy’ ဆိုတဲ့ ဖွားဖွား ဆုံးပါတယ်။ သူ့အသက်က ၈၇ .. အဆုတ်ကင်ဆာ နဲ့ နေနေတာပါ ။ ဒါပေမဲ့ ဘယ်တုန်းက မှ ရောဂါဝေဒနာ ရှိနေသူနဲ့ မတူဘဲ အမြဲ ဖျတ်ဖျတ် လတ်လတ် လှလှပပ..။ မနှစ်တုန်းက နွေဦးပေါက်ပြီဆိုကတည်း က သူ ခြံထဲဆင်း အပင်တွေ ပျိုး.. ဒီဘက်ခြံမှာလည်း ရာကျော် က အားတိုင်း ခြံထဲဆင်းတဲ့သူဆိုတော့ သူတို့ နှစ်ယောက် ဟိုဘက်ခြံ ဒီဘက်ခြံ စကားတပြောပြော.. အပင်တွေ အကြောင်း.. ကလေးတွေအကြောင်း။

ကျမနဲ့ တခါတလေ စကားပြောရင်တော့ Dorothy က ကျမတို့နိုင်ငံအကြောင်း စိတ်ဝင်တစား မေးတတ် တယ်။ သူ့ အသံက တုန်နေတာမို့ တခါတလေ မနည်း နားထောင်ရပါတယ်။ ဒါပေမဲ့ သူ့ကို သဘောကျ တာက အမြဲ လှလှပပ သပ်သပ်ရပ်ရပ် နဲ့ ခြံထဲဆင်းတဲ့အခါ နေကာမျက်မှန်လှလှလေး နဲ့  ဦးထုပ် လှလှလေး ဆောင်းပြီး၊ အဲဒီအခါဆို ကျမက သူ့ကို သိပ်လှတာပဲ လို့ ပြောမိတယ်..။ သူက သူ့ခြံလေးကို အမြဲ လှနေအောင် ထားတယ်။ သူ့ရဲ့ Deck က အမြဲ သန့်ရှင်း လှပနေတတ်တယ်။ ပြီးခဲ့တဲ့ နှစ်မှာပဲ Deck ပေါ်မှာ ထားတဲ့ စားပွဲ နဲ့ ခုံတန်း လှလှလေးတွေ ထီးတွေ အသစ်ဝယ်တယ်။ အမြဲတမ်း ပန်းပင် အသစ်တွေ စိုက်တယ်။ ဒါဟာ သူ့ကိုသူ သေလူ လို့ သဘောမရှိကြောင်း ပြတာပဲလို့ ကျမ ခံစားရတယ်။

 သူနဲ့စကားပြောတိုင်း သတိထားမိတာက သူ့ရဲ့ အကောင်းမြင်ကဲတဲ့စိတ် ကိုပါ။ သူ့မှာ သား နှစ်ယောက် သမီး နှစ်ယောက် ရှိတယ်။ စနေတနင်္ဂနွေတွေမှာ သူ့ဆီ အလှည့်ကျ လို လာတတ်ကြတယ်။ သူ့ သား သမီးတွေကို ကြည့်ရတာလည်း သူ့လိုပဲ အေးချမ်းပုံရတယ်။ သူ့အိမ်က အမြဲ တိတ်ဆိတ်အေးချမ်းနေတယ်။ ကျမတို့ကို ကြည့်ုပြီး သူ တခါ ပြောဖူးတာက သူတို့မိသားစုဘဝကိုလည်း ဒီလိုပဲ စခဲ့တာ.. တဲ့၊ ကျမတို့ လိုတောင် မပြည့်စုံခဲ့ ဖူးတဲ့။ ပြီးတော့ သူကပဲ ပြန်ပြောသေးတယ်.. ကျမတို့ မိသားစုကြည့်ရတာ သိပ် ပျော်စရာ ကောင်းတယ်.. အေးချမ်း တယ်တဲ့။ သူစိုက်တဲ့ Morning Glory နွယ်ပန်းပင်တွေ ကျမတို့ ဘက်ခြမ်းဆီ ခြံစည်းရိုးကတဆင့် နွယ်ဆင်းလာတော့ သူက ရာကျော့် ကို ပြောတယ်.. ဆောရီးနော်.. မင်းမကြိုက်ရင် ငါ ခုတ်ပစ်လိုက်ပါ့မယ်.. တဲ့။ ရာကျော်က အိုး.. ကြိုက်ပါတယ်.. ဒီလောက်လှတာ.. မခုတ် ပါနဲ့.. ဆိုတော့လည်း သူက ကျေးဇူးနော်..လို့ ပြောတယ်။ အဲဒီလို သဘောထားမျိုး ရှိတဲ့ ဖွားဖွားပါ။

Dorothy ဟာ နောက်ဆုံး အိပ်ရာထဲ ဗုံးဗုံးမလဲခင်အထိ ကားကိုယ်တိုင်မောင်းပြီး ဈေးဝယ်တယ်..။ ကျမက သူခြံရှင်းလို့ သားငယ်ကို ဖွားဖွားကို သွားကူလို့ ပြောတဲ့အခါ သားငယ် နဲ့ သူ စကားတပြောပြောနဲ့ပေမဲ့ သူက သိပ် အကူအခံပါဘူး။ ပြီးတော့ ကျမကို မေးတယ်.. သူ့ကို ကျမ ဘယ်လို ရည်ညွှန်းပြောတာလဲတဲ့။ ကျမက အဲဒါ Grandma ကို ဗမာလို ခေါ်တာဆိုတော့ Oh.. I love it .. တဲ့။ သူ့ခြံရှေ့က နှင်းတွေကို ရာကျော်နဲ့ Dorothy ရဲ့ ညာဘက်ခြမ်းအိမ်က ရောဘတ်တို့က ကြုံသလို ရှင်းပေးကြပါတယ်။ သူဟာ ကျမတို့ရဲ့ အဖွား လိုပါပဲ။ ကျမတို့ တစ်နှစ်လောက် အိမ်နီးချင်းဖြစ်ခဲ့တာဟာ ဘယ်တော့မှ မမေ့စရာ ကောင်းလောက်အောင် သူဟာ သတိရစရာ ကောင်းလှသူပါ။

သူ ဆုံးပြီဆိုတော့ ကျမ တကယ်ပဲ စိတ်ထိခိုက်ပြီး မျက်ရည်ကျရပြန်ပါတယ်။ ဒါပေမဲ့ သူ့သမီး တစ်ယောက် ပြောတာလေးက ကျမရဲ့ မျက်ရည်တွေကို တိတ်သွားစေပါတယ်။ ဆုံးကာနီး ရက်တွေမှာ Dorothy ဟာ ဝေဒနာ အတော် ခံစား ရတယ် တဲ့။ ဒါကြောင့် ခု သူဆုံးသွားတာဟာ ဝေဒနာတွေ ပြီးဆုံး သွားတာမို့ Dorothy ကိုယ်တိုင်ရော သူတို့ အားလုံးရော ကျေနပ်တယ်တဲ့။ Dorothy က I am ready to go လို့ ပြောပြီး မိသားစု ကို နှုတ်ဆက်သွားခဲ့တယ်တဲ့။ Dorothy ဆုံးတဲ့ညမှာ ကျမ သူ့ခြံထဲကို မျှော်ကြည့် နေမိတယ်.. Dorothy ရဲ့ စိတ်ဝိဉာဉ် ဟာ ဒီ ပန်းပင်တွေကြားမှာ လျှောက်သွားနေ မှာလား.. Deck ပေါ်က ခုံတန်းပေါ်မှာ ထိုင်နေမှာလား .. လို့ သတိရ နေမိတယ်..။ ငြိမ်းချမ်းလိုက်တာ.. ဘဝဆိုတာ ခံယူတတ်ရင် ငြိမ်းချမ်းလိုက်တာလို့ အဲဒီညမှာ တွေး တယ်။

++++

 ဆေးရုံသွားနေတဲ့ လမ်းတလျှောက်မှာ ကျမ သေခြင်းအကြောင်း တွေးသွားတယ်။ လည်ချောင်းထဲက ယား ကျိကျိ ပျို့လာတာကို မေ့ပစ်ရင်း သေခြင်းအကြောင်းကို တွေးတယ်။ ခုနေ သေရင် တော်တော် မြတ် တာပဲ။ လုံးဝ အနာအကျင်မရှိ.. သွေးတွေအန်တာကလည်း ဘာမှ မခံစားရ… သားကြီးက ကျောင်းပြီး တော့မယ်..။ သမီးက ခုမှ အထက်တန်းကျောင်းသူ ဆိုပေမဲ့ သူ့မှာ ရှေ့ဘ၀ဆက်စရာ ပညာရေးထဲ ရင်းနှီးမြှုပ်နှံ ထား တာတွေက သိပ်မဆိုး။ သားငယ်လေးကတော့ ငယ်သေးတယ်။ ဒါပေမဲ့ တခါတလေမှာ တခုခု ချို့တဲ့ရတဲ့ ကလေးတွေက ဘဝကို ပိုရင်ဆိုင်တတ်ပြီး ပိုထူးချွန်တတ်တာမျိုးလည်း ရှိတာကိုး။ ပြီးတော့ ရာကျော့်ကို စိတ်ချတယ်..။ ကျမ မရှိတဲ့ နောက် အိမ်ထောင်သစ် ထူရင်တောင်မှပဲ ကလေး တွေကို အတောင်အလက် စုံအောင် သူ လုပ်နိုင် တယ်။ သားကြီးကိုလည်း စိတ်ချတယ်.. သူ့အဖေကို သူကူမယ်.. သူ့ ညီမ နဲ့ ညီလေး ကို စောင့်ရှောက်မယ်..။ ကျမ နဲ့ ရာကျော် အိမ်ထောင်သက် ၁၇နှစ်မှာ တခါမှ ခိုက်ရန်ဒေါသ မဖြစ်ခဲ့ဖူး.. မိသားစုဘဝ ပြဿနာတစုံတရာ မရှိခဲ့ဖူး.. ကျမ ကြိုက်တဲ့ အလုပ်.. ကျမ ကြိုက်တဲ့ ပတ်ဝန်းကျင်.. ကျမ ကြိုက်တဲ့ မိတ်ဆွေ သူငယ်ချင်းတွေ နဲ့ ကျမ နေချင်သလို နေလို့ရတဲ့ စိတ်လက် ချမ်းသာစရာ ဘဝတစ်ခု နဲ့.. နေနေရတဲ့အချိန်။ ဘဝတလျှောက် အကုသိုလ်နည်းနည်း ကုသိုလ်များများ၊ ချစ်သူများများ မုန်းသူ နည်းနည်းပဲ ရှိခဲ့တာလည်း သိပ်သေချာတယ်.. ။ ဒီလိုအချိန်မှာ မနာမကျင်ဘဲ ရုတ်တရက် သေလိုက်ရ မှာဆိုရင် ဘယ်လောက် မြတ်လိုက်သလဲ..။

+++++

နေ့တိုင်း အိမ်ကနေ ၁နာရီခွဲအချိန်ယူပြီး တခြားပြည်နယ်မှာ ရှိတဲ့ အလုပ်ကို သွားနေတဲ့ ကျမရော.. တနေ့ကို မိုင်ပေါင်းများစွာ ကားမောင်းရင်း အလုပ်လုပ်နေရတဲ့ ရာကျော် ရော.. နှစ်ယောက်စလုံးဟာ အချိန်တိုင်းမှာ သေခြင်း နဲ့ နီးနီးလေးလို နေနေကြရတာပဲ မဟုတ်လား။

ကျမတို့နှစ်ယောက်ဟာ သေခြင်းအကြောင်း နေ့တိုင်း လိုလို ပြောကြတယ်။ ပြောရရင် သေခြင်းကို အချိန်မရွေး ရဲရဲ ရင်ဆိုင်နိုင်ဖို့ ကျမတို့နှစ်ယောက် ပြင်ဆင်ထား ကြတယ်..။ ဒီတော့ တူတူ ရှိနေတဲ့ အချိန်လေးမှာ အတတ်နိုင်ဆုံး စိတ်လက်ချမ်းသာ နဲ့ ပျော်ပျော်ရွှင်ရွှင် နေကြဖို့ပဲ စဉ်းစားဖြစ်ကြတယ်..။ ကျမတို့နှစ်ယောက် ကြီးကြီးကျယ်ကျယ် ရန်မဖြစ်ကြတဲ့ အဓိကသော့ချက်က အဲဒါလို့ ထင်တာပါပဲ။

+++++

သေပြီးတဲ့နောက်ကို ကျမ မသိနိုင်ဘူး..။ ကျမကတော့ သေပြီးတဲ့အခါ ကျမ စိတ်ဝိဉာဉ်သာအစွမ်း ရှိရင်  ခြံထဲ က အပင်တွေနား လျှောက်သွားနေမှာပဲ။ အိမ်နောက်က ကျမ သိပ်သဘောကျတဲ့ Deck ကို ပုံမှန် သန့်ရှင်းရေး လုပ်မှာပဲ။ အိမ်ထဲမှာ ပန်းအိုးတွေ နေရာချ.. ဘုရားစင်မှာ ပန်းတွေ ဝေနေ လှနေအောင်ထိုး.. ပန်းချီကားတွေ စောင်းနေရင် လိုက်တည့်၊ ရေချိုးခန်း အိမ်သာကို သန့်ရှင်း လှပနေအောင် လုပ်နေဦးမှာပဲ၊ မီးဖိုခန်းထဲ ရာကျော် ဟင်းချက် နေတဲ့အခါ အနားမှာ ထိုင်ပြီး laptop နဲ့ facebook သုံးရင်း စကားများလိုက် .. ဆရာ လုပ် လိုက် နဲ့ နေဦးမှာပဲ..။ သားသမီးတွေ အခန်းသန့်ရှင်းရေး လုပ်ဖို့ အော်နေပြောနေ ဦး မှာပဲ..။ အဲဒီအခါ သေခြင်း ဟာ ကျမ နဲ့ မစိမ်းတော့ပါဘူး..။ သေခြင်း ရဲ့ နောက်မှာလည်း ပျော်စရာ ကောင်းသား ပါပဲ။ မဟုတ်ဘူးလား…

မှတ်ချက် - ဆရာဝန်တွေ အပြောအရတော့ ဒီရောဂါ နဲ့တော့ သေဖို့ ဝေးပါသေးတယ် တဲ့။

(၅၊၅၊၂၀၁၅ အမှတ်တရ)


1 comment:

Unknown said...

သေခြင်းတရားဆိုတာ အချိန်တိုင်းနီးကပ်နေတာမို့ စိတ်ထားတတ်ပုံလေးနဲ့... ဆရာမရဲ့ အတွေ့အကြုံတွေကို ဖတ်သွားပါတယ်...။

ချမ်းမြေ့ပါစေ...

Junemoe