Feb 6, 2008

သီးလေးသီးးးး

သီးလေးသီး ဆေးရောင်စုံ အငြိမ့်အဖွဲ့ တောင်ကိုရီးယား သို့ အောင်မြင်စွာရောက်ရှိ
၂၀၀၈ ၊ဖေဖော်ဝါရီလ (၆)ရက် ၊ဗုဒ္ဓဟူးနေ့
အင်ချွန်း အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ကိုရီိးယား

တောင်ကိုရီးယားနိုင်ငံရှိ မြန်မာနိုင်ငံသားများကို ဖျော်ဖြေရန်အတွက် ဟာသ အနုပညာရှင် ဂေါ်ဇီလာ ဦးဆောင်သော သီးလေးသီး ဆေးရောင်စုံ အငြိမ့်အဖွဲ့သည် ထိုင်းနိုင်ငံ ရှိ ကိုရီးယားသံရုံးနှင့် တွေ့ဆုံရင်ဆိုင်ခဲ့ရသော ကိုရီးယားပြည်ဝင်ခွင့်ဗီဇာ ငြင်းဆန်ခံရမှု၊ ကိုရီးယားနိုင်ငံဘက်မှ အစိုးရအာဏာပိုင်များမှနေ၍ ထိုင်းနိုင်ငံရှိ ကိုရီးယားသံရုံးအား အထူးဖိအားပေး၍ နာရီပေါင်း(၈)နာရီအကြာတွင် ကိုရီးယားပြည်ဝင်ခွင့်ဗီဇာ ရပြန်သော်လည်း ကိုရီးယားနိုင်ငံအရောက် အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် နာရီပေါင်း (၄)နာရီမျှ ကြာအောင် လေဆိပ်အတွင်းမှပြင်ပသို့ ထွက်ခွာခွင့်မပေးဘဲ စောင့်ဆိုင်းနေရခြင်း အစရှိသည့် အဆင်မပြေမှုများနှင့် အနှောက်အယှက်အတားအဆီး အခက်အခဲများကို အောင်မြင်စွာ ကျော်ဖြတ်၍ ကိုရီးယားနိုင်ငံအတွင်းသို့ ယနေ့မနက် ဒေသစံတော်ချိန် (၁၁)နာရီ အချိန်တွင် ထိုင်းနိုင်ငံမှတဆင့်ရောက်ရှိလာခဲ့ပြီး မနက်ဖြန် ဖေဖော်ဝါရီလ (၇)ရက်နေ့ မွန်းလွဲ (၁)နာရီမှညနေ(၅)နာရီအထိ ကိုရီးယားနိုင်ငံ ဖူချွန်းမြို့ ၀မ်မီဂုချွန်း ခန်းမဆောင်တွင် ကျင်းပပြုလုပ်မည့် (၆၁)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အကြိုဖျော်ဖြေပွဲကို ဂျပန်နိုင်ငံမှရောက်ရှိလာသည့် မင်္ဂလာဒိုး အနုပညာအင်အားစုနှင့်အတူ ဖျော်ဖြေရန် အသင့် ရှိနေပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

နေဘုန်းလတ်သို့ ….


ဘလော့ဂ်ဂါမောင်နှမတွေအကြား ချစ်ခင်ရင်းနှီးစွာ စနောက်ကြရင်း "မြို့စားကြီးနေဘုန်းလတ်"လို့ နာမည်တွင် ခဲ့တဲ့သူ။ မနှစ်က ဒီလိုနေ့မှာပဲ "လွတ်ကျခဲ့တဲ့မြို့တော်" ဘလော့ဂ်လေးကို သူကိုယ်တိုင် အသက်သွင်းခဲ့တယ်။ ဒီနေ့တော့ တစ်နှစ်တင်းတင်း ပြည့်သွားပြီပေါ့။ မှတ်မှတ်ရရ သူ့ဘလော့ဂ်မှာ ပထမဆုံး တင်လိုက်တဲ့ ပို့စ်နာမည်ကလည်း "လွတ်ကျခဲ့တဲ့မြို့တော်" တဲ့။ လက်တွေ့ဘဝမှာ သူလွတ်ကျခဲ့တဲ့ စာရေးဆရာ၊ ဒါမှမဟုတ် အနုပညာသမားဆိုတဲ့ အမည်နာမတွေအတွက် သူ့ ဘလော့ဂ်ဟာ သစ္စာရှိတဲ့ လူယုံ၊ အစွမ်းထက်တဲ့ လက်နက်၊ အရိပ်ကောင်းတဲ့ ညောင်သစ်ပင်လို အသုံးတော်ခံခဲ့တယ်။ ရက်ပေါင်း ၃၆၅ ရက်အတွင်းမှာ သူ့ မြို့တော်က စာကောင်းစာသန့် ၁၂၂ ပုဒ် မွေးထုတ်ပေးခဲ့ပြီးပြီ။ ဒီစာတွေကြောင့် ဖတ်သူတွေအတွက် သုတပန်းတွေ လန်းလာခဲ့တယ်၊ ရသလမ်းတွေ ဆန်းလာခဲ့တယ်၊ ပညာမီးတွေ လင်းပ လာခဲ့တယ် ။ သူကတော့ သတိထားမိ ချင်မှ ထားမိလိမ့်မယ်။

ဘလော့ဂ်ဂါတွေ အတွက် ပထမဆုံးဆိုတဲ့ စကားလုံးတော်တော်များများမှာ သူနဲ့ လွတ်ကျခဲ့တဲ့မြို့တော်လည်း ရင်းနှီးကျွမ်းဝင်ခဲ့တယ်။ ဘလော့ဂ်ပို့စ်တွေကို ပထမဆုံး ပုံနှိပ်မယ့်စာအုပ်အတွက် တက်တက်ကြွကြွနဲ့ သူ အစွမ်းကုန်ကြိုးစားခဲ့တယ်။ စာအုပ်ကိစ္စ ဆွေးနွေးပွဲတိုင်းကို မပျက်မကွက်တက်ရောက်ခဲ့သူဟာလည်း သူ တစ်ဦးတည်း ရှိခဲ့တယ်။ နောက်ပြီး ရန်ကုန်မှာ ပထမဆုံးကျင်းပခဲ့တဲ့ Blog Day Seminar အတွက်လည်း သူ ပါဝင်ခဲ့တယ်။ MRTV4 နဲ့ အခြားသော မီဒီယာတွေအကြားမှာ ဘလော့ဂ်လောကအကြောင်းကို သူချပြရဲ ခဲ့တယ်။ ဝေဖန်မှုတွေကို လက်ခံခဲ့တယ်။ မေးခွန်းတွေကို အပြုံးနဲ့ ဖြေကြားပေးနိုင်ခဲ့တယ်။

မြန်မာဘလော့ဂ်ဂါရပ်ဝန်းမှာ ဓလေ့ထုံးတမ်းတစ်ခုရှိတာက ဘလော့ဂ်တစ်ခု ဒါမှမဟုတ် ဘလော့ဂ်ဂါ တစ်ယောက်ရဲ့ အထိမ်းအမှတ်နေ့တွေမှာ အထူးရေးသားတဲ့ ပို့စ်တွေ တင်တတ်ကြတယ်၊ သူငယ်ချင်းတွေက လာနှုတ်ဆက်ကြတယ်၊ Comment တွေ ချီးမြှင့်ကြတယ်။

ဒီနေ့ သူ့ရင်နဲ့ တည်ထားတဲ့ မြို့တော်ကြီး တစ်နှစ်ပြည့်တယ်။ ခုလိုအချိန်မှာ သူသာ လွတ်လွတ်လပ်လပ် ရေးသားခွင့်ရမယ်ဆိုရင် သူ့ဘလော့ဂ်အတွက် အထိမ်းအမှတ်ပို့စ်တင်မယ့် အစီအစဉ်ရှိမယ်ဆိုတာ အသေအချာပဲ။ ဒါပေမဲ့ သူ … ဘယ်မှာလဲ ။ သူရေးမယ့် ပို့စ်မှာ Comment ရေးဖို့ ဘလောဂါ့ရပ်ဝန်းက သူငယ်ချင်းတွေ သူ့ရဲ့ စာဖတ်ပရိသတ်တွေ မျှော်လင့်တကြီး စောင့်နေကြတယ်။ "မြို့စားကြီး" လို့ စနောက်ကြဖို့ စောင့်နေကြတယ် … ဇန်နဝါရီ ၂၉ ကတည်းက ခြောက်သွေ့နေခဲ့ရတဲ့ သူ့မြို့တော်မှာ အပြုံးတွေနဲ့ ဖုံးလွှမ်းနေ စေချင်တာ … ရယ်သံတွေနဲ့ စည်ညံနေစေချင်တာ … ဒါတွေအတွက် အားလုံးက စောင့်မျှော်နေဆဲပါ ..။

ဘလော့ဂ်ဂါတွေကို ချစ်ကြည်စေချင်တဲ့ သူ့အတွက်၊ လူငယ်တွေကို ကောင်းစေချင်တဲ့ သူ့အတွက်၊ တိုင်းပြည်ကို တကယ်ချစ်တဲ့ သူ့အတွက် ဘေးဒုက္ခဆိုတာ မြူတမှုန်စာတောင် ကျရောက်မလာစေဖို့ ဘလောဂါ့ရပ်ဝန်းမှ ညီအကိုမောင်နှမအားလုံးက ဒီအမှတ်တရ ပို့စ်လေးနဲ့ ဆုတောင်းလိုက်ပါတယ်။

Feb 5, 2008

နေခဲ့တော့ ဇန်န၀ါရီ

ဇန်န၀ါရီဟာ ကျမ သဘောကျတဲ့ လတစ်လပါ..။ သူဟာ နှစ်သစ်နှစ်ဦးကို ကြိုတဲ့ လတစ်လဖြစ်သလို သူ့ရာသီသဘာဝ အေးမြမြကို ကျမ ချစ်တာ။ ဇန်န၀ါရီဆို ကျမ မြန်မာပြည်မှာတုန်းက ကျိုက်ထီး၇ိုးဘုရားဖူး သွားရင်သွား.. ပုဂံက အာနန္ဒာဘုရားပွဲကို အရောက်သွားရင်သွား... မဟုတ်ရင်တော့ ပင်လယ်ကမ်းခြေ တခုခုဆီ သွား.. ။ အဲသလိုမှပဲ ဇန်န၀ါရီကို ထားခဲ့ရမှာကို ကျေနပ်စရာလို့ ထင်တာ။ ဇန်န၀ါရီရဲ့ နှင်းစစ မကျတကျ ဥတုကို ကျမက သိပ်သဘောကျတာပါ။ ကျောင်းသူဘ၀တုန်းကဆိုရင် ရန်ကုန်တက္ကသိုလ်ထဲမှာ ဇန်န၀ါရီရဲ့ မနက်ခင်းတွေမှာ နှင်းလိုလို မြူလိုလိုတွေ ဝေ့လို့… ကံကော်တွေလည်း ဝေပြီ။ ကလေးတွေ ဗန်းလေးတွေကိုယ်စီနဲ့ ကံကော်တွေ လိုက်ရောင်းနေပြီ။ အပင်အုပ်အုပ်တွေဆီကနေ တချက်တချက် လွင့်လာတဲ့ ဥသြသံကို ကြားရပြီ။

နောက်တော့ ကျမ တက္ကသိုလ်ကျောင်းသူဘ၀မှာပါပဲ.. အဲဒီဇန်န၀ါရီမှာ အတန်းကြီး အကိုကြီးတွေက “ငါ့ကို ဇန်န၀ါရီပြန်ပေး” ဆိုတဲ့ ကဗျာစာအုပ် ကျောင်းထဲမှာ ထုတ်တယ်။ ဇန်န၀ါရီကို လွမ်းတသသ ချစ်တဲ့သူတွေပဲလား..။ ဒါမှမဟုတ် တကယ်မရသေးတဲ့ လွတ်လပ်ရေးတည်ခဲ့ရာ ဇန်န၀ါရီကိုပဲ ပြန်တောင်း လေသလားး။ ကျမကတော့ တကယ် မလွတ်လပ်နိုင်သေးတဲ့ လွတ်လပ်ရေးနေ့ကိုပဲ သတိတရ..။

နောက်တော့ ဇန်န၀ါရီမှာ မွေးတဲ့သူနဲ့ ဖူးစာဆုံ.. ကျမရဲ့ အကိုလိုချစ်ရတဲ့ သူငယ်ချင်း ဇော်ဝင်းထွဋ် (ကိုညီထွဋ်)က ဇန်န၀ါရီ ၂၁ မှာမွေး.. ဇန်န၀ါရီဆို သူ့မွေးနေ့နဲ့ ကျမ ခင်ပွန်းသည်မွေးနေ့က နီးနီး။ (တိုက်တိုက်ဆိုင်ဆိုင် မေခိုင်(ညီထွဋ်ဇနီး)နဲ့ ကျမကလည်း ဇွန်လမှာ မွေးနေ့ ကပ်လျက်)။ ဒီတော့ မွေးနေ့ အထိမ်းအမှတ်တွေ ဆက်တိုက် လုပ်နေကျ.။ နောက်တော့ ရုတ်တရက်ကြီး ရင်ဆိုင်လိုက်ရတာက မနှစ်က ဇန်န၀ါရီ၂၃ မှာ အဖေလို ချစ်ရတဲ့ ကဗျာဆရာကြီးတင်မိုး ဆုံးပါး..။ ကျမခင်ပွန်းမွေးနေ့အစား ဆရာကြီးအတွက် ဆွမ်းကျွေးသာ လုပ်ဖြစ်တော့တယ်။ ဒီနှစ်လည်း သီးလေးသီးအငြိမ့်ပွဲ ကဖြစ်ဖို့ ကူညီစီစဉ်ရတာနဲ့  ကျမရဲ့ ပရဟိတ အလုပ်တွေ ရှုပ်..။ အရေးထဲ.. ကွန်ပျူတာက ပျက်..။ သူ့မွေးနေ့လေးမှာ ဆုလေးတောင်မှ မတောင်းဖြစ်..။ တကယ်တော့ သူ့မွေးနေ့အထိမ်းအမှတ်အဖြစ် ရေးခဲ့ဖူးတဲ့ “မွေးနေ့လက်ဆောင်”ဆိုတဲ့ ၀တ္ထုလေး ကျမ ဘလော့မှာ တင်မလို့ပါ..။ ဒါပေမဲ့……

ဒီတနှစ်တော့ ဇန်န၀ါရီကို နှုတ်ဆက်ရတာ တကယ်ပဲ ဆုံးဆုံးရှုံးရှုံးကြီး ခံစားရပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ ဇန်န၀ါရီနောက်ဆုံးရက်နဲ့ ဖေဖော်ဝါရီအစရက်မှာ မိုးတွေက အုံ့မှိုင်းနေအောင် ရွာလို့..။

အဲဒီလို လန်းနေခဲ့တဲ့ ပန်းလေးတွေတောင်

အခါမဟုတ် မိုးကြောင့် ဒီလို ညှိုးချုံးလို့

ဒီရက်တွေထဲမှာပဲ သူ့ဘာသာ စာရေးဝါသနာကြောင့် အေးအေးချမ်းချမ်း ဘလော့ရေးနေတဲ့ လူငယ်လေးကို စစ်အစိုးရက ခေါ်သွားပြန်သတဲ့..။ အန်တီစုကတော့ “ပြည်သူတွေ အကောင်းဆုံးကို မျှော်လင့်သလို အဆိုးဆုံးကိုရင်ဆိုင်ဖို့လည်း ပြင်ထားရတော့မယ်” တဲ့..။ အန်တီ့မျက်နှာလေး ကလည်း ပြိုတော့မယ့်မိုးလိုပဲလို့ ကျမ ခံစားရတယ်။ ကျမစိတ်တွေကလည်း ကျမနဘေးက ကောင်းကင်ဝန်းကျင်လိုပဲ အုံ့မှိုင်းနေတယ်..။

ဒီလို ဇန်န၀ါရီကြီး ဆိုရင်တော့လည်း သေသေချာချာကြီးကို ထားခဲ့ချင်ပါတယ်..။

မေငြိမ်း
(၅၊ဖေဖော်ဝါရီ၊၂၀၀၈)

Jan 30, 2008

ဖြန့်ဝေခြင်း(၆၂)

ဆေးရောင်စုံ ဇင်းမယ်ကောက်ကြောင်း
အေးချမ်းမြေ့ | ဇန်နဝါရီ ၂၉၊ ၂၀၀၈

"ဗမာ့လွတ်လပ်ရေးအတွက် တပ်မတော်ဖွဲ့ဖို့ ဂျပန်ပြည်မှာကွယ်၊ တကယ်ပဲ အသက်နဲ့လဲလို့ ဆင်းရဲဒုက္ခခံကာ ကြံစည်တယ်"။ အငြိမ့်မင်းသမီးချောလေး ချောစုမျိုး၏အသံက ပီပြင်ကြည်လင်စွာ ထွက်ပေါ်လာသည်။ မြန်မာ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မျက်နှာပုံပါ တီရှပ်အဖြူရောင်များဖြင့် သူတို့တဖွဲ့လုံး ကိုကြည့်ရသည်မှာ ရှင်းသန့်နေ၏။


[Photo: Moe Kyaw/The Irrawaddy]

သီးလေးသီး ဆေးရောင်စုံအငြိမ့် ထိုင်းနိုင်ငံဇင်းမယ်မြို့တွင် လာရောက်ကပြမည်ဆိုသော သတင်းကြားကတည်းက အားပါး တရ အားပေးလိုက်မည်ဟု ဇင်းမယ်မြို့ရောက် မြန်မာအများစုကြံစည်ထားပြီး ဖြစ်သည်။ ဇန်နဝါရီ ၂၆ ရက်နေ့ ညနေ ၅ နာရီ အချိန်တွင်တော့ ဇင်းမယ်တက္ကသိုလ်ဝင်းထဲတွင်ရှိသော ဗိသုကာအဆောက်အအုံ ခန်းမထဲမှာ စိတ်အားထက်သန်စွာ စောင့်ကြည့်အားပေးမည့် ပရိသတ်များနှင့် ပြည့်နေပြီ။

သီးလေးသီးက သူတို့၏ အငြိမ့်သဘင်ကို ဘုရားကန်တော့ခန်းဖြင့် ဖွင့်ပြီးနောက် တင်ဆက်မှုအစီအစဉ်ကို ဗမာ့သူရဲကောင်း သီချင်းဖြင့် စတင်လိုက်သည်။

"ရာဇဝင် အထုပ္ပတ္တိလည်းရှိရမယ် မော်ကွန်းလည်း ထိုးလောက်တဲ့ မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်" ဆိုသည့် သံပြိုင်အပိုဒ် တွင် ပရိသတ်များကပါ လက်ခုပ်များတီး၍ လိုက်လံသီဆိုကြသည်။

တခြားသူတွေတော့ မသိ၊ သူကတော့ သံပြိုင်အပိုဒ်ကို လိုက်လံသီဆိုရင်း ကြက်သီးဖြန်းဖြန်းထမိသည်။ အဲဒီ သီချင်းက မြန်မာပြည်တွင်းမှာ ပျောက်ကွယ်လုနီးပါးဖြစ်နေပြီ၊ တချို့ကလေးများဆိုလျင် ကြားပင်ကြားဖူးမည်မထင်။

"ဒီသီချင်းကိုကျမအစက မရဘူးလေ၊ နည်းနည်းတော့ကြားဖူးတယ်၊ ဒီဘက်ရောက်တော့မှ ဖျော်ဖြေပွဲမှာ ထည့်ဖို့မနည်း ရအောင် အလွတ်ကျက်ရတာ" ဟု သီးလေးသီး ဆေးရောင်စုံအငြိမ့်၏ ခေါင်းဆောင်မင်းသမီး ချောစုမျိုးက ပြောပြသည်။

ပြီးတော့လူရွှင်တော် ဂေါ်ဇီလာက နဂါးနီသီချင်းဖြင့်ဖျော်ဖြေသည်။ ထိုသီချင်းတွင်လည်း "ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ဘေးရန်ကာဆီးမည် လူမွဲတွေကမနှေးခေတ်မီ သူဌေးဖြစ်တော့မည်" ဆိုသည့် သံပြိုင်အပိုဒ်ကို ပရိသတ်က လိုက်လံသီဆို ကြသည်။ ကိုဂေါ်ဇီလာက ဆိုပြီးပါက သူစင်ပေါ်ကဆင်းပေးပါမည်ဟု သီချင်းမသီဆိုမီက ပြောခဲ့သည့်အတိုင်း သီချင်းဆိုပြီး နောက် "ကတိပေးထားတဲ့အတိုင်း ကျနော်ဆင်းပြီနော် သူများတွေလို ခဏဆိုပြီးအနှစ်၂၀ ကြာတဲ့ထိ မဆင်းပေးတဲ့သူ မဟုတ်ဘူး" ဟု အရွှန်းဖောက်ရာ ပရိသတ်များ ပွဲကျခဲ့ရသေးသည်။

လူရွှင်တော်ပန်းသီး၏ "မွေးမေ့ကျေးဇူး ဆပ်ဖူးချင်တယ်" သီချင်းတွင်တော့ ပရိသတ်များအားလုံး တုတ်တုတ်မျှ မလှုပ်နိုင် တော့။ အများစုက အကြောင်းအမျိုးမျိုးကြောင့် အမေနှင့်ခွဲခဲ့ရသူတွေ၊ တချို့ အမေ့ကျေးဇူးကို ဆပ်ချင်လျက် မဆပ်လိုက် ရဘဲ အမေ့ရဲ့နောက်ဆုံးအချိန်ကို နာကျင်စွာဖြင့် အဝေးက မှန်းဆကန်တော့ရသူတွေ၊ တိုက်ဆိုင်သူတိုင်း၏ ရင်ထဲက ကြေကွဲသံများကို သီချင်းသံနှင့် ထပ်တူကြားနေရသည်။ သူ့အနားက နိုင်ငံရေးသမားကြီး တဦးလည်း မျက်ရည်တွေဝဲ နေသည်။

လူရွှင်တော်စိန်သီးနှင့် ချောစုမျိုးတို့ နှစ်ယောက်တွဲသီဆိုသည့် "ငယ်ကျွမ်းဆွေ" သီချင်းကျတော့မှ အားလုံး ပြုံးပြုံးရွှင်ရွှင် ပြန်ဖြစ်နိုင်တော့သည်။ ပြီးတော့ ဇီးသီးနှင့် ပန်းသီးတို့၏ ကရင်ဒုံးယိမ်း၊ ကြယ်သီးနှင့် ချောစုမျိုးတို့၏ ဦးရွှေရိုးနှင့် ဒေါ်မိုးအက များကလည်း ပရိသတ်အားပေးမှုကို အပြည့်အဝရသည်။


[Photo: Moe Kyaw/The Irrawaddy]

နောက်အစီအစဉ်တခုကတော့ မြန်မာနိုင်ငံတွင် ကွယ်ပျောက်ခဲ့ပြီဖြစ်သော သံချပ်အစီအစဉ်ဖြစ်သည်။ ငယ်ငယ်ကစွဲမက်စွာ ကြည့်ဖူးခဲ့သော သင်္ကြန်သံချပ်ပြိုင်ပွဲများကို သတိရမိသည်။ အဖွဲ့လိုက်တူညီဝတ်စုံများဖြင့် ခေတ်ကိုထင်ဟပ်သော စကားလုံး များကိုသုံးကာ ပြောင်မြောက်စွာဖွဲ့နွဲ့သရော်သောလူငယ် သံချပ်များ ဖြစ်သည်။ ခုသီးလေးသီးနှင့် ကိုဂေါ်ဇီလာကလည်း သင်္ကြန်သံချပ်ပုံစံအတိုင်း တိုင်သွားဖောက်သွားသည်။

သူများပျော်လို့ မပျော်နိုင် ဒိုင်လူကြီးတွေ သနားစရာပါဟေး
အိမ်ကချစ်ချစ် ပျောက်လို့ရှာ တွေ့ပြီတွေ့ပြီသူပဲသူပဲ။
လှေခါးထစ်ကြီး ထွက်လို့လာ စီးပွားရေး စီးပွားရေး
သံချပ်တိုင်ပြီး ဟစ်လို့အော် တို့အရေး တို့အရေး
သင်္ကြန်ကျပြီ သင်္ကြန်ကျပြီ သင်္ကြန်ကျပြီ မောင်တို့။ သင်္ကြန်ကျပြီ သင်္ကြန်ကျပြီ သင်္ကြန်ကျပြီ မယ်တို့
ဆေးဆေးဆေး ရောင်စုံလား။ သီး သီး သီးလေးသီးဟေ့
မီးသွေးခဲမို့ မည်းသကိုး၊ သီးလေးသီးမို့ ရဲသကိုး
နံရံကြီးကို လက်သီးနဲ့ထိုးရင် ထိုးတဲ့လက်သီးနာမှာပေါ့
နာချင်နာပစေဆက်ထိုးမှာပဲ အဲဒါသီးလေးသီး

စသည်ဖြင့် မြူးမြူးကြွကြွ သရုပ်ဖော်တင်ဆက်သွားသည်။ "လူတွေကလည်း အခွင့်အခါလေးရတာနဲ့ ကြီးနိုင်ငယ်ညှဉ်း လုပ်ချင်တယ်၊ အန်ကယ်မမြင်နိုင်တဲ့ ရပ်ကွက်ထဲမှာလည်း ကြီးနိုင်ငယ်ညှဉ်းလုပ်ချင်တယ် နိုင်ငံပိုင်တဲ့ ရုံးဌာနထဲမှာလည်း ကြီးနိုင်ငယ်ညှဉ်းလုပ်နေတယ်။ အရာရှိကြီးကကွယ် ရုံးအုပ်ကြီးကိုဟောက်၊ ရုံးအုပ်ကြီးကကွယ် စာရေးကြီးကိုဟောက်။ စာရေးကြီးကကွယ် စာရေးလေးကိုဟောက်၊ စာရေးလေးကကွယ် ရုံးလုလင်ကိုဟောက် ရုံးလုလင်က မခံနိုင်တော့ ခွေးကိုပိတ်လို့ကန်"

လူအချင်းချင်း ကြီးနိုင်ငယ်ညှဉ်းလုပ်တတ်သည့် သဘာဝကို သရော်ထားသည့် သံချပ်ကြောင့် ပရိသတ်မှာ သဘောအကျ ကြီးကျလျက် လက်ခုပ်သြဘာသံမစဲ အားပေးကြသည်။ "ဖားကိုမြွေမြို၊ မြွေကိုစွန်သုပ်၊ အဖြေ ထုတ်ကြည့်စမ်း စဉ်းစားစရာ ဘာလိုလို့လဲ။ လူဟာလူပဲမူနဲ့မဆိုင်ဘူး၊ ရည်ရွယ်ချက်ကကောင်းပါတယ် မကောင်းတာကလူ"

သံချပ်ဖြင့်အားရပါးရဖျော်ဖြေပြီးချိန် ကြည့်ရှုသည့်ပရိသတ်လည်း အားရကျေနပ်မှုအပြည့်ရသွားပုံရသည်။ ကျေကျေနပ်နပ် ရယ်မောသံများ အတောမသတ်နိုင်သေးခင်မှာပင် အငြိမ့်ခွင်စတင်သည်။ လူရွှင်တော် ဝတ်စုံပြည့်ဖြင့် သီးလေးသီးနှင့် ဂေါ်ဇီလာစင်မြင့်ပေါ်တက်လာကတည်းက လက်ခုပ်သံ ညံမစဲဖြစ်သွားသည်။

"၂၀၀၈ ခုနှစ်မှာ မြန်မာတနိုင်ငံလုံး လျှပ်စစ်မီးတွေထိန်ထိန်လင်းနေတော့မှာကွ"
"ဟုတ်လား ဘာဖြစ်လို့လဲ"
"အိမ်တိုင်းအိမ်တိုင်း တအိမ်တလုံး မီးစက်တွေ ဝယ်တော့မှာမို့လို့"

သူတို့ပါးစပ်ဟလိုက်သည်နှင့် လူများကရယ်ဖို့ပြင်ပြီးသား ဖြစ်နေသည်။ အတိုင်အဖောက်ကလည်း ညီလှသည်။ ဒါတောင် ဇင်းမယ်မှာ သူတို့ကရတာ အဆင်မပြေမှုတွေနှင့်။ ဇာတ်စင်ကကျဉ်းသည်၊ ဆိုင်းဝိုင်းကမရှိ၊ ရတာလေးနှင့် ဆိုင်းဝိုင်းဖြစ် အောင် ဖန်တီးပြန်တော့ တီးမည့်သူကမရှိပြန်။ ပန်းသီးက ပတ္တလားပြေးခေါက်လိုက် ပြက်လုံးပြေးထုတ်လိုက်၊ ဆီးသီးက ဗုံပြေးတီးလိုက် ပြက်လုံးပြေးထုတ်လိုက် လုပ်နေရသည်။

သို့သော်လည်း သူတို့မျက်နှာများတွင် တချက်ကလေးမှ စိတ်ညစ် စိတ်ပျက်ဟန်မတွေ့ရ၊ မောသည့်ပန်းသည့်ဟန်လည်း မတွေ့ရ။ ပရိသတ်ကိုဆွဲခေါ်သွားသလို ပရိသတ်ကလည်း သူတို့ခေါ်ဆောင်ရာနောက် ပျော်ရွှင်စွာ အလိုက်သင့်လိုက်ပါ သွားသည်။


[Photo: Moe Kyaw/The Irrawaddy]

"ကမ္ဘာမြေ အတိတ်အခါလိုမညှိုးဖို့၊ ဗမာတွေအိပ်ရာကနိုးကြပါတော့
အဘိဇ္ဈာအဆိုးပြည်ဗဟိုရ်မပွေလီစေနဲ့တော့
ဒီမိုကရေစီအများသဘောတူ အုပ်ချုပ်၍ မယားချောချောယူကာ အလုပ်လုပ်ဖို့
ယနေ့ခေတ်ပြောင်းကြပါစို့
ရသေ့ရှစ်သောင်း မဏိရတနာစည်တီးသလို
ကဝိဆရာ အညီမိုး၍မှတ်ချက်သွင်းပါတော့
အမိမြန်မာပြည်ကြီး ဇာတ်ကွက်ရှင်းတဲ့အောင်
ပါးစပ်မဂ္ဂဇင်းဖွင့်" ဟူ၍ ကြယ်သီးက မင်းသမီးအခေါ်စာချိုးလေးကိုဆိုလိုက်သည်နှင့် ရှေ့ထွက်မင်းသမီးလေး မြစံပယ်ငုံကလည်း သူ၏တာဝန်ကိုကျေပွန်စွာထမ်းဆောင်သည်။

မင်းသမီးနှစ်လက်လုံးက တမျိုးတဘာသာစီ ကချိုးများဖြင့် စီစဉ်တင်ဆက်သွားသလို လူရွှင်တော်များကြောင့်လည်း ပရိသတ်တချက်ကလေးမှပါးစပ်မပိတ်ကြရ။ လက်ခုပ်သြဘာသံများဖြင့် ခန်းမတခုလုံး ဟိန်းဟိန်းညံ နေသည်။

သတင်းဌာနများဖြင့် ပြည့်နေသောဇင်းမယ်မြို့မှာ သူတို့ကပြက်လုံးအသစ်အဖြစ် သတင်းမျက်လုံးအစီအစဉ် ကိုတင်ဆက် သွားသည်။ တင်ဆက်သူများကတော့ ပန်းသီးနှင့်ဆီးသီးတို့ဖြစ်သည်။

"တရုတ်နိုင်ငံတွင် ရှစ်ထပ်တိုက်ပေါ်၌ ရေချိုးနေသော တရုတ်မကြီးအား ကားတိုက်သွားခြင်း။ ဖြစ်ပွားပုံမှာ ရေချိုးနေစဉ် ဆပ်ပြာကျ၍ ဆင်းကောက်ရာမှ ကားတိုက်သွားခြင်းဖြစ်ပါသည်။ ကားမှာဒဏ်ရာ ပြင်းထန်စွာ ရရှိသွားပါသဖြင့် ဆေးရုံသို့ တင်ပို့လိုက်ရပြီး တရုတ်မကြီးမှာ လေးကျိုးသွားပါသဖြင့် ဝပ်ရှော့မှ ဂဟေဆော်ပေးလိုက်ကြောင်း ကြားသိရပါသည်" ဒါက နိုင်ငံတကာသတင်း ဖြစ်သည်။

မြန်မာနိုင်ငံသတင်းကတော့ "မှော်ဘီအဝေးပြေး ကားလမ်းမကြီးပေါ်တွင် လမ်းဖြတ်ကူးနေသော ပုရစ်တကောင်အား ကားတိုက်သွားခြင်း။ ပုရစ်မှာပေါင်ကျိုးသွားပါသဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့လိုက်ရာ ဆေးရုံတွင် ပေါင်ကျိုးသွား သောပုရစ်အားစီးစရာ ပတ်တီးများ မလုံလောက်ပါသဖြင့် ဆရာဝန်ကြီးများတိုင် ပင်၍ ၎င်းပုရစ်အားကြော်စားလိုက်ကြောင်း သတင်းရရှိပါသည်" ဟူ၍ဖြစ်သည်။

သတင်းတပိုဒ်ဖတ်ပြီးတိုင်း ကိုဂေါ်ဇီလာက အနားတွင်ထိုင်၍ ပန်းသီးနှင့် ဆီးသီးအား လက်ညှိုးတလှည့်စီထိုးကာ "လိမ်နေသည်" "ညာနေသည်" " သတိထား" ဟူ၍အော်ပေးသည်။

"ရန်ကုန်မြို့မဂ္ဂင်ကျောင်းတိုက်တွင် သနပ်များတွေ့ရှိခြင်း ယင်းကိစ္စကြောင့် တာဝန်ရှိသူများက သွားရောက် စစ်ဆေးရာ သရက်သီးသနပ်များ ဖြစ်နေကြောင်း သတင်းရရှိပါတယ် ခင်ဗျာ" ဟူသော သတင်းကြေညာချက်ကိုတော့ ပရိသတ်များ သဘောအကျဆုံးဖြစ်သည်။

"ကျနော်တို့က သုညဘဝက လာခဲ့ရသူတွေပါ၊ လေးယောက်ပေါင်းမှ လမ်းစရိတ်ကျပ်ငါးဆယ်ပဲရှိတဲ့နေ့တွေမှာ ပညာသင် ပေးမယ့် ဆရာ့အိမ် လမ်းလျှောက်ပြီးသွားခဲ့ရဖူးပါတယ်၊ ကျနော်တို့အားလုံး နိုင်ငံတကာကို လှည့်ဖြေဖျော်ပြီးရင် အမိနိုင်ငံ ကိုပြန်ပါမယ်" ဟုဆီးသီးက ဧရာဝတီကိုပြောကြားသည်။

"ဇင်းမယ်က မြန်မာပြည်နဲ့လည်းနီးတယ်၊ မြန်မာပြည်ရဲ့ တချို့နေရာလေးတွေနဲ့လည်း တူတယ်ဆိုတော့ မြန်မာပြည်ကိုပြန် ရောက်ပြီး ဖျော်ဖြေနေရသလိုခံစားရတယ်" ဟုပန်းသီးက ပြောသည်။

စင်ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် ထိုင်းနိုင်ငံဘန်ကောက်မြို့တို့တွင် ဖျော်ဖြေခဲ့ပြီးဖြစ်သဖြင့် မြန်မာပြည်ကို မပြန်ချင်တော့ ဘူးဆိုသည့်စိတ်မဖြစ်မိဘူးလားဟု မေးကြည့်မိသည်။

"အဲဒီလိုတော့မဖြစ်မိပါဘူး၊ ကျနော်တို့ပြန်ရမယ်၊ အိမ်နီးချင်းနိုင်ငံတွေထက် အများကြီးနောက်ကျကျန်ခဲ့တဲ့ ကျနော်တို့နိုင်ငံ ရဲ့အနေအထားကို စဉ်းစားမိတော့ ဝမ်းနည်းမိတယ်ဗျာ" ဟု ပန်းသီးကဖြေသည်။ ဆက်လက် ပြီးသူက တိုင်းပြည်အနေနှင့် ဒီမိုကရေစီရပြီးသည့်တိုင်အောင် အများကြီးကျိုးစားရဦးမည်ဖြစ်ကြောင်း ပြောသည်။

"ကျနော်တို့အနုပညာသမားတွေကလည်း အနုပညာတာဝန်ကျေရမယ်၊ တခြားနယ်ပယ်က လူတွေအားလုံး ကိုယ့်တာဝန် ကိုယ်ကျေပြီး အလုပ်တွေအများကြီး လုပ်ရဦးမယ်"ဟု သူက ဆက်ပြောသည်။

ပရိသတ်နှင့် ဆေးရောင်စုံတို့ အတိုင်အဖောက်ညီညီ တင်ဆက်သူကတင်ဆက် အားပေးသူက အားပေးဖြင့် အချိန်ကုန်လို့ ကုန်မှန်းမသိရ။ သူကတော့ အငြိမ့်ခွင်ပြီးသွားမှာကို တိတ်တိတ်ကြိတ် ပူပန်နေမိသည်။ သည်လိုပွဲမျိုး သူတို့ငတ်ခဲ့သည်မှာ ကြာလှပြီ။

ကိုဂေါ်ဇီလာ၏ ပြက်လုံးတခုကိုလည်း ပရိသတ်ကတော်တော် သဘောကျကြသည်။ မေးကြည့်တော့ ဒီဇင်းမယ်ရောက်မှ ပြက်သည့် ပြက်လုံးအသစ်ဟုဆိုသည်။

"ငါ့ကိုနေပြည်တော်က လိုက်ခဲ့ပါခေါ်လို့ လိုက်သွားတယ်ကွာ၊ နိုင်ငံတော်အကြီးအကဲအိမ်ကို သွားရမှာတဲ့၊ အဲဒီရောက်တော့ ငါမဝင်ရဲဘူးကွ အိမ်ရှေ့မှာကျောက်စိမ်းတွေ အချပ်လိုက်ခင်းထားတာလေ။ ဒါပေမယ့်သူက ဝင်ခဲ့ပါဆိုတော့ငါဝင်သွားတယ်၊ အထဲရောက်တော့ ထိုင်ခုံမှာမထိုင်ရဲပြန်ဘူး"

"ထိုင်ခုံက နဝရတ်ကိုးသွယ်နဲ့ စီချယ်ထားတာကွ၊ ဒါနဲ့သူက ထိုင်ပါကွာဆိုလို့ ထိုင်လိုက်ရတယ်။ အဲကွန်းကလည်း အေးစိမ့် နေတာပဲကွာ။ လျှပ်စစ်မီးကို အပြည့်အဝပေးထားတာ။ အဲဒီမှာသူကပြောတယ် ဒီမှာဂေါ်ဇီ လာတဲ့ ငါ့တို့ကိုမြန်မာနိုင်ငံအုပ်ချုပ် ခွင့် နောက်ထပ် ၁၀ နှစ်ပဲထပ်ပေး၊ တိုင်းသူပြည်သားတွေအားလုံး ခုလိုပိုင်ဆိုင်စေရမယ်တဲ့ကွ၊ ဒါနဲ့ ငါကပြန်ပြောလိုက် ပါတယ်။ ခုကျနော်က ပြက်လုံးထုတ်ရမှာလား နိုင်ငံတော် အကြီးအကဲက ပြက်လုံးထုတ်မှာလား ခင်ဗျားလို့"

သီးလေးသီး ဆေးရောင်စုံအငြိမ့်ကို လာရောက်ကြည့်ရှုသည့် ပရိသတ်ကြီးကတော့ အတော်ကိုအားရကျေနပ်ကြသည်။ မပြည့်စုံသည့်ကြားမှ ပြည့်ပြည့်စုံစုံ တင်ဆက်သွားသော သူတို့ကို ချီးကျူးကြသည်။

ပရိသတ်ထဲမှ ကိုထွတ်ဆိုသူက ၎င်းတို့အဖွဲ့၏ သတ္တိရှိပုံကိုချီးကျူးကြောင်းနှင့် အမိမြေသို့ပြန်လျှင် အန္တရာယ် ကျရောက်မည် ကိုသိသော်လည်း နိုင်ငံရေးပြက်လုံးများကို ရဲရဲဝံ့ဝံ့ပြက်ရဲသည်ကို အံ့သြမိသည်ဟု ဆိုသည်။

"ဒီလိုအငြိမ့်မျိုးကို ၁၀ နှစ်အတွင်းတခါမှ မကြည့်ဖူးသေးဘူး" ဟု ၎င်းက ဆက်ပြောသည်။

ယခု ဇင်းမယ်ပွဲကတော့ ပြီးသွားပြီ သူတို့၏ခရီးစဉ်ကမပြီးသေး။ ဒါပြီးလျှင် ကိုရီးယား၊ အမေရိကား အပါအဝင် အခြား ဖိတ်ကြားသော နိုင်ငံများကို သွားရောက် ဖျော်ဖြေကြဦးမည်။ အားလုံးပြီးသွားလျှင်တော့ သူတို့၏ဘူမိနက်သံ မျှော်စင်ကျွန်း တွင် တကျော့ပြန် ဖျော်ဖြေမည်တဲ့။

သီးလေးသီးနဲ့ ဂေါ်ဇီလာဆိုသည်မှာ လူရွှင်တော်များပင် ဖြစ်သော်ငြားလည်း အမှန်များသာ ပြောသွားသည်ဟု ဇင်းမယ်နေ မြန်မာရွှေ့ပြောင်း လုပ်သားတဦးက သူတို့ကိုမှတ်ချက်ချသည်။

သူတို့မျက်နှာများက ပင်ပန်းသော်လည်း လန်းဆန်းနေသည်။ ပြက်လုံးအသစ်များ တင်ဆက်ပုံအသစ်များကို အစဉ်အမြဲ ကျိုးစား ရှာဖွေနေတာ တွေ့ရသည်။

သူတို့ပြောသော အမှန်တရားများကို ပြည်တွင်းက မြန်မာပြည်သူများ အားလုံးကလည်း ကြားချင်နေကြသည်။ ခုဆို စင်ကာပူတွင် ကခဲ့သောပွဲကိုကူးပြီး မြန်မာပြည်တွင်ဖြန့်နေပြီ။ ဗီစီဒီလေးချပ်ကို ကျပ်၂၅၀၀ ဖြင့် အားပေးနေကြသည်ဟု ကြားသိရ၏။

ဆေးရောင်စုံ အဖွဲ့၏ ဖျော်ဖြေတင်ဆက်ပွဲပြီးသွားချိန်တွင် သီဆိုသွားသော တေးသွားတပိုင်းတစက သူ့စိတ်ထဲရောက်လာ သည်။ ထိုတေးသွားက သူ့စိတ်ထဲတွင် စွဲထင်နေသည်။ ဖျောက်ဖျက်လို့မရတော့ ဖျောက်ဖျက်ဖို့လည်းမကြိုးစားတော့။

"ငါတို့ဗမာပြည် မိဘတိုင်းကကွယ် ဗိုလ်အောင်ဆန်းလို သူရဲကောင်းတွေ မွေးရမယ်" ဆိုသည့် တေးသွားလေး ဖြစ်ပါသည်။ ။

အေးချမ်းမြေ့
ဧရာဝတီ

ဖြန့်ဝေခြင်း(၆၁)

မီဒီယာဖော် မီဒီယာဆိတ်များသို့

ရေးသားသူ - နယ်ခြားမဲ့ မြန်မာဘလော့ဂါများ
Burmese Bloggers w/o Borders (BBWOB)

http://bbwob.blogspot.com


တကယ်တော့ ဒီအကြောင်းမျိုးကို ရေးချင်နေတာ ကြာပါပြီ။ မကောင်းတတ်လို့ စောင့်ကြည့်နေခဲ့တာပါ။ အခုတော့ ဘယ်လိုမှ မတတ်သာတော့လို့ ချရေးလိုက်ရပါတယ်။

အားလုံးသိကြတဲ့ အတိုင်းပါပဲ။ မြန်မာ့သတင်းတွေကိုသိချင်ရင် ပြည်တွင်းက အစိုးရထုတ်ဝေသော သတင်းတွေကို ဘယ်လိုမှ အားထားလို့မရတဲ့အတွက် ပြည်ပမီဒီယာတွေကိုပဲ အားကိုးရပါတယ်။ အဲဒီ ပြည်ပမီဒီယာတွေထဲမှာမှ BBC CNN တို့လို ပြည်ပမီဒီယာကြီးတွေရှိသလို ပြည်ပရောက် မြန်မာဒီမိုကရေစီ အင်အားစုများက တည်ထောင်ထားသော မီဒီယာများလည်းပါပါတယ်။ အဲဒီလို ဒီမိုကရေစီအင်အားစုများက မီဒီယာ တည်ထောင်ထားခြင်းဟာ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုများအတွက် တစ်ဖက်တစ်လမ်းက အထောက်အကူရစေဖို့ ရည်ရွယ်ချက် ဖြစ်မယ်လို့ ယူဆမိခဲ့ပါတယ်။ (ယူဆမိရုံပါ။)

ဒီမနက်က မြန်မာပြည်မှာ ဘလော့ဂါ တစ်ယောက် အဖမ်းခံရတယ် လို့ သတင်းထွက်ပါတယ်။ သူ့ကိုသိသူများက အချင်းချင်း အဆင်ပြေသော နည်းလမ်းများဖြင့် (လုံခြုံရေးကို ငဲ့ညှာပါက ဘယ်နည်းများလဲလို့ ကျေးဇူးပြု၍ မမေးပါနှင့်။) တနေ့လုံး ဆယ်သွယ် မေးမြန်းကြတဲ့ အခါ မသေချာပါဘူးလို့ ပြောပါတယ်။ အခုစာရေးနေချိန် မြန်မာစံတော်ချိန် ည ၉ နာရီအထိ သူ့ကို ရဲတွေက ဖမ်းဆီးခေါ်သွားတယ်လို့ တစ်ယောက်မှ မျက်မြင်မတွေ့သေးပါ။ အဲဒီအချိန်မှာ နေ့လည်လောက်ကတည်းက မီဒီယာ တချို့မှာ သတင်းက တက်သွားပါပြီ။ မသေချာလို့ မတင်ပါနဲ့ဦးလို့ လိုက်ပိတ်ချိန်မှာ တင်ပြီးသွားလို့ ဆောရီးပါပဲလို့ အွန်လိုင်း မက်ဆင်ဂျာကနေ ဆောရီးတာ တစ်ချက်ကလွဲလို့ သတင်းကို ပြန်ရုပ်သိမ်းမပေးပါ။ အခု စာဆက်ရေးနေတုန်း ကျန်ဘလော့ဂါတွေပါ တိမ်းရှောင်နေတယ်လို့ သတင်း ထပ်တက်ပြန်တယ်။ တကယ်တော့ သူ အဖမ်းခံရတာဟုတ်မဟုတ် အခုအထိ မိသားစုကရော ရင်းနှီးသော မိတ်ဆွေများကပါ အတည်မပြုနိုင်သေးပါ။

ဒီသတင်း မှားသွားခဲ့ရင် .. ဆိုတာကို သတင်းမတင်ခင် ထိုမီဒီယာများက တွေးမိပါသလား။
ကဲ ဒီသတင်း မှန်သွားခဲ့ရင်ရော ဘာအကျိုးရှိမှာလဲ။ လက်တွေ့ကျကျ စဉ်းစားရင် တစ်ယောက်ယောက် အဖမ်းခံရတယ် ဆိုရင် သူသူကိုယ်ကိုယ် ပြန်လွတ်စေချင်တာပါပဲ။ သူ့ဖာသာ ဖြေရှင်းပြီး ပြန်လွတ်ကောင်း လွတ်လာနိုင်ပါတယ်။ ခဏလောက် မစောင့်နိုင်ကြတော့ဘူးလား။ ဒီသတင်းကို ကိုယ်ကမှ မတင်လိုက်ရင် သူများက အရင်တင်သွားမှာကို အစိုးရိမ်ကြီးနေလေရော့သလား။ သူကတော့ ဘယ်သူဘယ်ဝါပါ ဘာသမိုင်းတွေနဲ့ပါ လို့ ကိုယ်ရေးရာဇ၀င်ကို ရိုက်မစစ်ရပဲ နအဖ အကြိုက် မီဒီယာကိုယ်တိုင်က အကုန်ဖော်ပြီး သူများထက်ဦးအောင် သူများထက် စုံအောင် သတင်းကို ရေးပြီး တင်ရခြင်း ရည်ရွယ်ချက်က လူများများလာဖတ်စေချင်ရုံ သက်သက်ပဲလား။ တစ်ယောက်ယောက် အဖမ်းခံရရင် သတင်းတင်တယ်ဆိုတာ အခြေအနေ အမျိုးမျိုးရှိမယ်လို့ထင်ပါတယ်။ low profile နေသူ သူတတ်စွမ်းသမျှ အနုပညာနဲ့ ရေးသားနေသူတစ်ယောက်ကို သတင်းမသေချာသေးတဲ့ အခုလိုအချိန်မှာ ပြူးတူးပြဲတဲ နိုင်ငံရေး တံဆိပ် အတင်းကပ်လိုက်တဲ့အခါ သူဟာ ပြန်လွတ်လာနိုင်ပါဦးမလား။ လွတ်လာခဲ့ရင်ရော နောက်ပိုင်း သူဘယ်လို နေထိုင်သွားရမှာလဲ။ အဖမ်းခံရသေးတာမဟုတ်ပဲ သူ့ဖာသာ တနေရာရှောင်နေတာ ဖြစ်ခဲ့ရင်ရော ဒီသတင်းတွေကြောင့် ကြောက်လန့်ပြီး တောထဲ ရောက်သွားစေချင်တာလား။

ညာသံဝိုင်းပေးတာလည်း ပေးပေါ့။ စဉ်းစဉ်းစားစားလည်း လုပ်ကြစေချင်ပါတယ်။ အပြင်ကလူတွေက အော်ရုံအော်နေတာ။ အတွင်းကို နားလည်မှုမရှိကြဘူး။ သူတို့ကြောင့် တို့တွေ အနေရပိုကျပ်တယ် လို့ ပြည်တွင်းက ပြောနေသော တချို့ အသံများလည်း ကျွန်တော်တို့ထဲက တချို့က နားနဲ့ ဆတ်ဆတ်ကြားခဲ့ရပါတယ်။

အင်တာဗျူးတွေမှာ မမေးသင့်တဲ့ မေးခွန်းတွေကို မမေးသင့်တဲ့ အချိန်မှာမေးလို့ တချို့ မြန်မာမီဒီယာတွေ ကဲ့ရဲ့ခံခဲ့ရပါတယ်။ သတင်းတွေရရင် အူယားဖားယား တင်လို့ အစိုးရ ဘက်က တဖက်လှည့်နဲ့ပို့တဲ့ မမှန်တဲ့ ဓာတ်ပုံတွေ သတင်းတွေ ထောင်ချောက်မိတာလည်း တစ်ကြိမ်မက ပါ။ အခုပြောနေတာ ပြည်ပ exile မြန်မာမီဒီယာတွေရော သတင်းအဓိက တင်သော ဘလော့ဂ်တွေကိုပါ ပါပါတယ်။ ဖြစ်ပြီးသူများကို နောက်မဖြစ်စေချင်သလို မဖြစ်သေးသူများလည်း စဉ်းစားနိုင်ရန် ဖြစ်ပါတယ်။

နောက်ဆုံး မေးချင်တာကတော့ သတင်းတစ်ခု တင်ခါနီးရင် ကိုယ့်ရည်ရွယ်ချက်က ဘာလဲ ။ အခု မြန်မာမီဒီယာတွေက မီဒီယာ သက်သက် မဟုတ်ပဲ တော်လှန်ရေး မီဒီယာ လုပ်နေပါတယ်ဆိုတာကို သတိထားမိစေချင်ပါတယ်။ မှန်ရင် ဘာမဆိုတင်မှာပဲလား။ မှန်တာရော သေချာရဲ့လား။ ဘယ်လောက် တိကျ သလဲ။ မှန်ရင်တောင် ကိုယ့်ထင်မြင်ချက်ကို မရေးပဲ စောင့်ထိန်း မရေးသားသင့်ပေဘူးလား။ ဒီမိုကရေစီလှုပ်ရှားမှု အောင်မြင်ရေးအတွက် တစ်တပ်တစ်အား ပါဝင်ဖို့မဟုတ်ပဲ Media for Media Sake သက်သက်ပဲ ဆိုရင်တော့လည်း ဒီစာကို လျစ်လျူရှုလိုက်ပါ။ ကျွန်တော်တို့လည်း အဲဒီ မီဒီယာမျိုးကို လျစ်လျူရှုလိုက်ပါမယ် ခင်ဗျား။
bbwob.gif

Jan 24, 2008

ပက်ချင်မပြည့်တဲ့ ဘ၀တွေ

ဒီတလော အလုပ်တွေ ဖိစီး…။ လူမှုရေး စိတ်ရှုပ်စရာတွေနဲ့ လေးလံ..။
လောကကြီးကလည်း စက်တင်ဘာနောက်ပိုင်း ပို ကျပ်သိပ်လာသလိုပဲ..။
ဖြစ်နိုင်ရင် အားလုံးကို မေ့ချင်ယောင်ဆောင်ပြီး အချစ်ဝတ္ထုတွေပဲ ဖတ်နေချင်တာ.။
တကယ်တမ်းကျတော့ အဲလိုလည်း တည်ဆောက်ယူလို့ မရ.။
ကျမတို့ ဗမာပြည်ခမျာတော့ အချစ်တွေထဲမှာတောင်မှ မွန်းကျပ်လို့။

ဒါနဲ့ပဲ… ကျမမောင်လေး သစ်ကောင်းအိမ် ၂၀၀၆တုန်းကရေးခဲ့တဲ့ ကဗျာတပုဒ်ကို တင်ဖို့ စိတ်ကူးပေါက်သွားခဲ့ပါတယ်…။

ပက်ချင်မပြည့်တဲ့လမ်း

အတောင်ပံတွေက
ပျံသန်းခြင်းမှာ အကျဉ်းကျနေတယ်

ကောင်းကင်က

မိုးကုတ်စက်ဝိုင်းထဲမှာ အကျဉ်းကျနေတယ်

မီးရထားဘီးတွေက သံလမ်းတွင်းမှာ အကျဉ်းကျနေတယ်

မလှဲဘူး
လွှင့်တုန်းပါပဲ

အလံလည်း အသံတွေဝင်လို့

စွဲစွဲမြဲမြဲ ၊ ချစ်စိတ်မပြယ်

ကျောင်းပြေးခဲ့တယ်
အိမ်ပြေးခဲ့တယ်

မိန်းမတယောက်ရင်ခွင်က ပြေးခဲ့တယ်

အ၀င်ဆိုးလိုက်တာ…
အ၀င်ဆိုးလိုက်တာ
…
အ၀င်ဆိုးလိုက်တာ
…

ငရဲမှာ ပြဒါးဖမ်းကြ
ငရဲမှာ အပ်ပျောက်ရှာကြ

တရားသဖြင့်

ပန်းတို့ပွင့်ရန်

အို…
အသင်
!
ဒေ၀ဒတ်

သံသရာအဆက်ဆက်

ခြစ်ရာများ

ခြစ်ခဲ့တယ် ။ ။

သစ်ကောင်းအိမ်
(၂၀၀၆)

(ပုံကို ဒီက ယူပါတယ်။)

နှစ်လည်လွမ်းခြင်း


မနှစ်က ဒီရက်မှာပေါ့..
ထိုင်းနိုင်ငံရဲ့ ဇန်န၀ါရီ ၂၃ရက်နေ့..မနက် ၉နာရီလောက်..
ကျမအတွက် တကယ်တုန်လှုပ်အံ့အားသင့်စရာ..
ကဗျာဆရာကြီး တင်မိုး ရုတ်တရက်ကြီးဆုံးပါးသွားပြီဆိုတဲ့ သတင်း ၀င်လာတာ.။
ဆရာနေတဲ့ အမေရိကမှာတော့ ၂၂ရက်နေ့ ညနေပေါ့။
ဆရာ ကျမတို့ဆီကပြန်သွားတာ သြဂုတ်လကမှလေ..။

မကြာသေးခင်ကမှ ကျမနဲ့တူတူ သီချင်းတွေအများကြီးဆိုခဲ့။ ကဗျာတွေ ရွတ်ခဲ့။ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောခဲ့။ ကော်ဖီဆိုင်ထိုင်ခဲ့တဲ့ ဆရာက အဲလောက်မြန်မြန်ကြီး ကျမတို့ဆီကနေ အပြီးထွက်သွားတယ်လား..။

ဆရာက သူ သဘောကျတဲ့ ထိုင်းကို.. ဇင်းမယ်ကို.. မဲဆောက်ကို.. မေလထဲမှာ ပြန်လာလည်ဦးမှာတဲ့။ သူချစ်တဲ့ မြန်မာပြည်နဲ့ နီးစပ်လှတဲ့ ထိုင်းကို တနှစ်တခေါက်တော့ အရောက်လာမှာတဲ့။

အဖေကို အင်မတန်ကိုးကွယ်ပြီး အဖေမရှိတော့တဲ့ ကျမမှာ ဆရာကြီးက အဖေလို စိတ်အားရှိစေတာပါ။ ပြီးတော့ ဂီတချစ်..ကဗျာချစ်.. အနုပညာချစ်.. ဘာသာစကားတူ မိသားစုဖြစ်တဲ့ ဆရာနဲ့ ကျမမှာ ပြောစရာတွေမကုန်သေး..။

+++++

ဆရာရေ..
ဒီနေ့တော့ မအားလွန်းတဲ့ကြားကပဲ ကျမ ဆရာချစ်တဲ့ ၀ါဝီ(Wawee)ကော်ဖီဆိုင်လေးမှာ သွားထိုင်ခဲ့တယ် ဆရာ..။ ဟုတ်တယ်.. ဆရာနဲ့ ထိုင်နေကျနေရာလေးမှာပဲပေါ့။

ဆရာနဲ့အတူထိုင်နေကျ ဆရာမောင်သာမညလည်း ပါတယ်။ ပြီးတော့ ဆရာ့ကို အင်မတန်ချစ်တဲ့.. သတင်းထောက်.. စာရေးဆရာတွေလည်း ပါတယ်။ ဆရာရှိရင် သိပ်တွေ့ချင်မှာဖြစ်တဲ့ မိတ်ဟောင်း ဆွေဟောင်း ဘာသာစကားတူ ပန်းချီကျော်တယောက်လည်း ရှိနေတယ် ဆရာရဲ့။ ဆရာကြိုက်တဲ့ Jasmine Tea လည်း ဆရာ့ကို လွမ်းတဲ့ အထိမ်းအမှတ်အနေနဲ့ ကျမတို့ မှာထားကြသေးတယ်။

ဝါ၀ီမှာ သစ်ပင်ပန်းပင်လေးတွေက ပိုအရွယ်ရောက်လာတော့ အရွက်တွေ အပွင့်တွေ ပိုဝေပြီး ပိုပြီး စိမ်းစိုလာတယ် ဆရာ။

ဆရာသဘောကျတဲ့... ဆိုင်ကို အုပ်မိုးပေးထားသလိုရှိတဲ့.. သစ်ပင်တွေကလည်း ပိုပြီး အုံ့ဆိုင်းလာတာပေါ့။

နေရောင်လင်းနေတဲ့ အ၀င်လမ်းကလေးကနေ လျှောက်လာချိန်မှာလည်း ဆရာ့ကို သတိရတာပဲ..။

ဆရာသာပါရင် စိတ်ချမ်းသာစရာပဲလို့ ခဏ ခဏ ပြောနေဦးမှာ။ ကျမတို့ကတော့ ဆရာ့အကြောင်းတွေ ပြောကြတာပေါ့။ ရယ်စရာတွေရော.. လွမ်းစရာတွေရောပေါ့။ အင်းစိန်မင်းကြီးလမ်းက ဘိုအိမ်လေးအကြောင်း ပြောတဲ့သူလည်းပါ..၊ အင်းစိန်တောရတုန်းကအကြောင်း ပြောသူလည်းရှိ..၊ တောင်ငူဆောင်နဲ့ ကံ့ကော်တော တုန်းက အကြောင်းတွေလည်း ပါတာပေါ့ဆရာ..။ ဆရာ့အကြောင်း မကြာခဏ ပြောနေကျသူတွေချည်းပဲ ဖြစ်ပေမဲ့ ဒီကနေ့တော့ ကျမတို့ တမင်ကြီးကိုပဲ မနက်ခင်း ရုံးမသွားခင် အချိန်လုဆုံကြပြီး ဆရာ့ကို လွမ်းကြတာ..။ တမင် ဆရာ့ကိုယ်စား ဆရာချစ်တဲ့နေရာလေးမှာ လာထိုင်ကြတာ..။ အဲဒါလေးကို ဆရာသိစေချင်တာပါ..။

+++++

ဒီကမ္ဘာမြေအတွက် မေတ္တာတရားတွေ ရိုးသားမှုတွေနဲ့ ထုံမွှမ်းတဲ့ အနုပညာဖလ်မီးအိမ်လေးတစ်လုံးကို ထွန်းညှိ လင်းလက်စေခဲ့သူ…။
အခု ဒီကမ္ဘာမြေပေါ်မှာ သူရှိမနေတော့ပေမဲ့.. သူလင်းစေချင်ခဲ့တဲ့ ကျမတို့ကမ္ဘာမှာတော့ သူထွန်းညှိခဲ့တဲ့ ဖလ်မီးအိမ်လေးက အေးအေးမြမြလင်းပ နေဆဲပါ..။

မေငြိမ်း
(၂၃ဇန်န၀ါရီ)
(ချစ်ခင်လေးစားရသော ကဗျာဆရာကြီး ‘တင်မိုး’ ကွယ်လွန်ခြင်း တနှစ်ပြည့်အတွက် အမှတ်တရ)